Wednesday, 25 May 2011

ဦးဟန်ကြည်ရဲ့ နိုင်ငံရေး . . .

တစ်ရက်တစ်ရက်လည်း ကျောင်းသားသစ်တွေနဲ့ နပမ်းလုံးရင်း ကုန်မှန်းမသိ ကုန်လို့နေပါတော့တယ်။ သင်ကြားရေးမှာ ကျောင်းသားတွေကို ဦးတည်တဲ့ သင်ကြားမှုနည်းစနစ်ကို အလေးထားတာကြောင့် ကျောင်းသားသစ်တွေကို သင်ကြားမှု နည်းစနစ်သစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် တပင်တပမ်း လုပ်ယူနေရတာလည်း ဧရာမအလုပ်ကြီးတစ်ခုပါ။ ဟင်းစားပေးရင် သက်သာမှန်းသိပေမယ့် ရေရှည်မှာ မသက်သာတာကို အတွေ့အကြုံအရသိနေတာကြောင့် ကွန်ချက်ပြဖို့ပဲ ခဲခဲယဉ်းယဉ်း ကြိုးစားရပါတော့တယ်။ ပိုဆိုးတာက spoon feeding education အောက်မှာ parrot learning နဲ့ ဆယ်တန်းရောက်လာကြတာမို့ အစစအရာရာကို ပြန်သင်ပေးနေရတာပါပဲ။ ဒါပေမယ့် သမိုင်းစတင်တဲ့ ပုဂံခေတ်ကတည်းက ဒီစနစ်နဲ့ အသားကျပြီးသား ကိုယ်တို့တိုင်းသူပြည်သားတွေကို နားလည်ပေးရပါလိမ့်မယ်။ ကိုယ်တို့ကလေးတွေရဲ့ အနေအထားကိုလည်း သဘောပေါက်ဖို့လိုပါသေးတယ်။ ဘယ်အရာမှ ချက်ချင်းမရနိုင်တာကိုလည်း ယုံယုံကြည်ကြည်နဲ့ လက်ခံပေးရဦးမှာပါ။

ကိုယ့်တပည့်ကျော် အခြေခံပညာအထက်တန်းကျောင်းသားရင့်မကြီးတွေဟာ သင်္ချာမှာ အခြေခံအပေါင်း၊ အနုတ်ကို မကျွမ်းကျင်ပါလို့ပြောရင် လွန်တယ်ထင်ပါလိမ့်မယ်။ မယုံမရှိပါနဲ့ တကယ့်လက်ရှိအခြေအနေပါ။ အင်္ဂလိပ်စာမှာလည်း subject, verb, object ကို အမြီးအမောက်တည့်အောင် မသိကြပါ။ အားမနာတမ်းပြောရရင် ဒီဘက်ဒေသက ဆယ်တန်းကျောင်းသားလေးတွေရဲ့ ပညာအဆင့်အတန်းဟာ ရန်ကုန်လိုမြို့ကြီးပြကြီးက ငါးတန်းခြောက်တန်းအဆင့်သာသာပဲ ရှိတာပါ။ မြို့ကြီးနဲ့ မြို့ငယ် ပညာရေးအဆင့်ကွာတတ်တာ သဘာဝလို့ ပြောနိုင်ပေမယ့် အခုလောက်ထိတော့ မကွာသင့်ပါ။ တကယ်ဆို ဘယ်ဒေသသားပဲဖြစ်ဖြစ် ပခုံးနှစ်ဘက်ကြားက လူတွေချည်းပဲမို့ ဇွဲကောင်းကောင်း၊ စိတ်ဓာတ်ရှိရှိနဲ့ မဆုတ်မနစ်ကြိုးစားကြရင် အရည်အသွေးတူရမှာပါ။ ခက်နေတာက ကြိုးစားချင်စိတ် မရှိတာပါပဲ။ ထူးချွန်ကျောင်းသားတွေမှာ ကြိုးစားချင်စိတ်၊ သိလိုစိတ်ဆိုတာမျိုးက သူ့ဗီဇမှာ ပါပြီးသားဖြစ်ပေမယ့် ပုံမှန်နဲ့ ပုံမှန်အောက်ကျောင်းသားတွေမှာတော့ ဆရာ၊ မိဘတွေရဲ့ ပံ့ပိုးမှုမပါဘဲ ဒီစိတ်ဓာတ်တွေ ဘယ်လိုမှ ၀င်မလာနိုင်ပါ။ ဒီဘက်ဒေသမှာတော့ မိဘအများစုက ပညာမတတ်ကြတဲ့အပြင် စီးပွားရေးနဲ့ပဲ နပမ်းလုံးနေကြတာ များတာကြောင့် ကျောင်းသားကိစ္စအတွက် သူတို့ကို နည်းနည်းမှ အားကိုးလို့မရနိုင်ပါ။ ဒါကြောင့် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်နဲ့ ပညာရည်မြင့်မားရေးဟာ ကိုယ်တို့ဆရာတွေရဲ့ ခေါင်းပေါ်မှာ အထုပ်လိုက် အပိုးလိုက် ကျလာပါတော့တယ်။ ဒါကိုပဲ ပညာတတ်တစ်ယောက် ထမ်းရမယ့် တာဝန်လို့ ဦးဟန်ကြည်တစ်ယောက် ကျေကျေနပ်နပ်ခံယူပါတယ်။ ဘာကိုမှလည်း မကျေမနပ်လည်း မဖြစ်မိပါ။ ဘယ်သူ့ကိုမှလည်း  အပြစ်မတင်မိပါ။ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဖို့ပဲ အားသန်ပါတယ်။

နိုင်ငံတကာက ကျောင်းဆရာတွေဟာ ကိုယ်တို့လောက်မပင်ပန်းတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကျောင်းသူကျောင်းသားအများစုမှာ တိုးတက်ချင်စိတ်၊ ကြိုးစားချင်စိတ်ဆိုတာ မွေးရာပါဗီဇအတိုင်း အလိုလိုပါပြီးသားမို့ပါ။ ဒါ့အပြင် သူတို့ကလေးတွေမှာ ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ်ဓာတ်ဆိုတာက ငယ်ငယ်လေးကတည်းက သန္ဓေတည်ခဲ့ပြီးသားမို့ အစစအရာရာ ဆရာ့လုပ်သူရဲ့ နို့သက်ကို ခံမနေကြပါ။ ဒါကြောင့် ဆရာလုပ်သူဟာ သင်ကြားရေးကိုပဲ အာရုံစိုက်ဖို့လိုပါတော့တယ်။ ကိုယ်တို့တွေလို သင်ကြားရေးရော၊ ထိန်းသိမ်းရေးပါ ပါလေရာငပိချက်လုပ်စရာမလိုတာကြောင့် သင်ကြားမှုဟာ ပိုပြီးထိရောက်သလို ဆရာလည်း သက်သာပါတယ်။ ဒါကြောင့်ပဲ ကိုယ်တို့ပညာရေးဟာ သူများနိုင်ငံတွေလောက် အဆင့်အတန်းမမြင့်သေးတာပါ။ ပညာရေးစနစ်သစ်နဲ့ နိုင်ငံတကာ စံချိန်မီအောင်လုပ်တာ အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် ကိုယ်တို့တစ်တွေနဲ့ ကိုယ်တို့ကျောင်းသားတွေရဲ့ အခြေခံစိတ်ဓာတ်ကရော နိုင်ငံတကာ စံချိန်မီပါရဲ့လား။ မေးစရာမလိုတဲ့ အဖြေဖြစ်မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ထိုင်ပြီးညည်းနေရင် ကိုယ့်ပေါင်ကို လှန်ထောင်းရာကျရုံကလွဲပြီး အကျိုးမရှိရုံသာမက စိတ်ဓာတ်ကျတာပဲ အဖတ်တင်မှာမို့ သူများကိုကြည့်ရင်း သွားရည်ကျရုံနဲ့ ကျေနပ်နေတတ်တဲ့ မွေးရာပါ လူမျိုးရဲ့ဗီဇကို ဇွတ်အတင်းဖျောက်ပြီး လုပ်သင့်လုပ်ထိုက်တာကိုပဲ အင်တိုက်အားတိုက်လုပ်နေဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်းနဲ့ ခပ်ရှင်းရှင်းပြောရရင် စာသင်တဲ့အလုပ်ဟာ ဦးဟန်ကြည်ရဲ့ အသက်မွေးဝမ်းကြောင်းပါ။ ဒီထက်ပိုရှင်းအောင် ခပ်ပြောင်ပြောင်နှက်ရရင် စာသင်မှထမင်းစားရတာပါ။ ဒါပေမယ့် ထမင်းစားရရင်ပြီးရောဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ စာသင်မစားပါ။ မရှက်မကြောက်နဲ့ ရိုးရိုးသားသားလုပ်စားရင် ထမင်းငတ်သေတဲ့ မသာမရှိခဲ့ဖူးတဲ့ ဒီတိုင်းပြည်မှာ ထမင်းတစ်လုပ်ကတော့ ထင်းခုတ်စားရင်လည်း ရပါတယ်။ ကိုယ်ခေါင်းထဲမှာ ရှိထားတဲ့ပညာတွေကို သေရာယူသွားရမှာ နှမြောတဲ့စိတ်၊ ကိုယ်သင်ထားတဲ့ပညာနဲ့ ကိုယ်တတ်နိုင်သမျှ  ကောင်းကျိုးပြုချင်တဲ့စိတ်ကြောင့် အသက်မွေးဝမ်းကြောင်းတွေ တပုံတခေါင်းထဲကမှ ဒီပညာရေးလမ်းကြောင်းကို ကိုယ့်သဘောနဲ့ကိုယ် ရွေးခဲ့တာပါ။ အခုအထိလည်း ကိုယ့်ရဲ့အကောင်းဆုံးတွေကိုပဲ ကိုယ့်ကျောင်းသားတွေကို ကိုယ်တတ်နိုင်သလောက် ပေးခဲ့ပါတယ်။ ဒီလောကထဲမှာ ရှိနေသမျှလည်း ဆက်ပြီးကြိုးစားပေးနေမှာပါ။ ဒီကျောင်းသားတွေဟာ ဦးဟန်ကြည်ရဲ့ တိုင်းပြည်ပါ။ ဒီအသက်မွေးဝမ်းကြောင်းဟာ ဦးဟန်ကြည်သိတဲ့ နိုင်ငံရေးပါ။

တကယ်ဆို ဦးဟန်ကြည်တတ်နိုင်သမျှဟာ ကိုယ့်ကျောင်းသား လက်တစ်ဆုပ်စာလေးပဲ ရှိပါတယ်။ ဦးဟန်ကြည်ကိုယ်တိုင်လည်း သူများတကာလို တိုင်းသိပြည်သိမဟုတ်သလို နှာခေါင်းပေါက်လောက်သာရှိတဲ့ မြို့ကလေးမှာတောင် ကိုယ့်နံမည်ကို မကြားဖူးသေးတဲ့လူတွေ ဒုနဲ့ဒေးပါ။ ဒါပေမယ့် ကိုယ်တတ်နိုင်သမျှကို အကောင်းဆုံး ဖြစ်အောင်ကြိုးစားပေးနေရင်း ကိုယ့်ကိုယ်ကို ကျေနပ်ပါတယ်။ ကိုယ့်ကျောင်းသူကျောင်းသားတွေ စိတ်ဓာတ်ကောင်းကောင်း၊ ဇွဲရှိရှိနဲ့ ဘ၀ခရီးကို ဖြတ်သန်းဖို့ လိုအပ်တဲ့ ကိုယ်ခံအားတွေ ရှိလာတာကို စောင့်ကြည့်ရင်း၊ ပံ့ပိုးရင်းနဲ့ ဘ၀ကိုနှစ်နှစ်ခြိုက်ခြိုက်ကြီး ဖြတ်သန်းပါတယ်။ အခုအချိန်အထိ အရာရာကို အလိုမကျတာတွေ ရှိခဲ့ပေမယ့် ကိုယ်မလုပ်နိုင်တဲ့ အရာကို လုပ်နေတဲ့လူတွေကို ဘယ်တော့မှ ဘေးထိုင်ဘုပြော မလုပ်ပါ။ လုပ်နိုင်သမျှကို တတ်နိုင်သမျှ ကောင်းအောင်လုပ်ပါတယ်။ အခုလို လုပ်နေရုံနဲ့ ကိုယ့်တိုင်းပြည် မတိုးတက်နိုင်ဘူးလို့ ပြောချင်ပြောပါ။ ဒါပေမယ့် သေချာတာကတော့ ကိုယ့်ကျောင်းသားတစ်ယောက်ချင်းစီကတော့ အကောင်းဆုံးတိုးတက်သွားကြတာတွေချည်းပါပဲ။ သူတို့တွေကရော ကိုယ်တို့တိုင်းသူပြည်သားတွေပဲ မဟုတ်ပါလား။ သူတို့တွေ ထူးချွန်သွားတော့ ဘယ်နိုင်ငံ အကျိုးရှိပါသလဲ၊ ဘယ်လူမျိုး အကျိုးရှိပါသလဲ။ ဒါကိုမှ တိုင်းပြုပြည်ပြုလို့မပြောချင်ရင်တော့လည်း တိုင်းပြည်ကိုဖျက်တဲ့ အလုပ်လားလို့ အော်မေးရင်း ထိုင်ဆဲရုံပဲကျန်ပါတော့တယ်။

ကိုယ်လုပ်နိုင်သမျှကို အကောင်းဆုံးလုပ်နေတဲ့ ဦးဟန်ကြည်ကတော့ တတိယနိုင်ငံတွေမှာသွားနေပြီး တိုင်းပြည်အတွက်ဆိုတဲ့ ခေါင်းစဉ်လှလှတပ်ပြီး လေနဲ့လုပ်စားနေကြတဲ့ တိုင်းသိပြည်သိ ပုဂ္ဂိုလ်ကြီးတွေထက် ပိုပြီးမြင့်မြတ်တယ်လို့ ကိုယ့်ကိုယ်ကို ခပ်ပြောင်ပြောင်ပဲ တွေးပါတယ်။ ထမင်းတစ်လုပ်အတွက် အတင်းလည်းတုပ်စရာမလိုတဲ့ ကိုယ့်ဘ၀က သူတို့ထက်ပိုပြီး ကျေနပ်စရာကောင်းတယ်လို့ ခံယူပါတယ်။ ကိုယ့်တိုင်းသူပြည်သားတွေ ကောင်းကျိုးဆိုတဲ့ စကားလုံးလှလှသုံးပြီး တိုင်းရင်းသားအချင်းချင်း၊ နိုင်ငံသားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် အထင်အမြင်မလွဲလွဲအောင်လုပ်၊ ပြည်တွင်းစစ်ဖြစ်ပြီး အပြစ်မဲ့တဲ့ တိုင်းသူပြည်သားတွေမသေသေအောင် သွေးထိုးပေးနေတဲ့ အဲဒီပုဂ္ဂိုလ်ကြီးတွေကို တစ်ခုလောက် မေးချင်ပါရဲ့။

သူများမျက်ရည်စက်တွေ၊ ဘ၀တွေကိုနင်းပြီး တက်ရတဲ့လမ်းကို ဘာကြောင့်များ မြတ်မြတ်နိုးနိုးလုပ်နေကြပါသလဲလို့။ တကယ်လို့များ အဲဒီပုဂ္ဂိုလ်ကြီးတွေများ သေနတ်သံ၊ မိုင်းသံတွေကြားမှာ ကိုယ်တို့လို ရောက်နေရင် ဘာတွေများပြောကြမလဲလို့။ 
 
အရာရာကို ဂဃနဏ တိတိကျကျ မသိဘဲ တစ်ဖက်စောင်းနင်းအမြင်နဲ့ သတင်းသမားလုပ်နေတဲ့ အဲဒီပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ကြီးတွေဟာ သတင်းသမားလို့များ နံမည်ခံထိုက်ပါသလား ဆိုတာတော့ ဦးဟန်ကြည်လဲ မတွေးတတ်ပါ။ ဦးဟန်ကြည်ကတော့ ကိုယ့်အလုပ်ကိုပဲ ကောင်းကောင်းလုပ်ပါတယ်။ ဘယ်သူ့မကောင်းကြောင်းမှလဲ စိတ်မ၀င်စားပါ။ မကောင်းတာကို တတ်နိုင်သလောက် ကောင်းအောင် ဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲဆိုတာပဲ တွေးပြီး တတ်နိုင်သလောက် ကွက်လပ်ဖြည့်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မျိုးချစ်သူရဲကောင်းကြီးလို့လည်း တစ်ခါမှ မတွေးပါ။ သူရဲကောင်းဖြစ်အောင်လည်း မကြိုးစားပါ။ ဒီဘက်ခေတ်မှာ သူရဲကောင်းလဲ မလိုပါ။ တာဝန်ကျေတဲ့ နိုင်ငံသားတွေပဲ လိုပါတယ်။ ဦးဟန်ကြည် လုပ်နေသမျှဟာ သင်ထားတဲ့ပညာနဲ့တန်အောင် ပြန်ပေးဆပ်ရုံသက်သက်ပဲ လုပ်နေတာဖြစ်ပါတယ်။

ဒီလောက် သဘာဝဘေးဆိုး၊ ကပ်ဆိုးကြီးတွေဝိုင်းနေပြီး တိုတောင်းလှတဲ့ လူ့သက်တန်းမှာ လူ့လောကရဲ့အလှကို တတ်နိုင်သလောက်ဆင်ဖို့ မကြိုးစားပဲ တစ်ဖက်သားရဲ့ အပြစ်တွေချည်း မှန်ဘီလူးတစ်လက်နဲ့ တစ်ဖက်နဲ့တစ်ဖက် အားအားယားယား ရှာနေကြတဲ့ ချစ်စွာသော မိတ်ဆွေကြီးများ အနေနဲ့ အရာရာကို အ၀ိဇ္ဇာမျက်လုံးတွေနဲ့ တစ်ဖက်စောင်းနင်းကြည့်နေကြမယ့်အစား ကိုယ်တတ်နိုင်သမျှကို စေတနာသန့်သန့်နဲ့ လုပ်ကြရင်ဖြင့် ဦးဟန်ကြည်တို့ တိုင်းပြည်လည်း တဖြည်းဖြည်းနဲ့ တိုးတက်လာရမှာ မလွဲပါ။ ဒါပေမယ့် ကိုယ်တို့တိုင်းပြည် ဆင်းရဲတာ၊ လူတန်းမစေ့တာ မငြင်းပါ။ ဒါပေမယ့် သူစိမ်းအိမ်မှာ ကောင်းကောင်းနေရရုံနဲ့ ဆင်းရဲတဲ့ အမေ့အိမ်ကိုတော့ ဖျက်လိုဖျက်ဆီးမလုပ်သင့်ဘူးလို့ ရိုးရိုးလေးပဲ တွေးပါတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား တိုးတက်ဖွံ့ဖြိုးပြီးဖြစ်တဲ့ နိုင်ငံကြီးတွေကိုတော့ နှစ်ပေါင်း၅၀အတွင်း ဘယ်လိုမှ မယှဉ်နိုင်သေးတာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ဆင်လည်းဆင့်အထွာ၊ ဆိတ်လည်း ဆိတ်အထွာမို့ ကိုယ့်အတိုင်းအတာလေးနဲ့ကိုယ် တိုးတက်အောင် ကြိုးစားပေးဖို့ပဲ လိုပါတယ်။ ဘာကြောင့်များ အဲဒီိလို စိတ်ကောင်းလေးတွေ မ၀င်ကြပါလိမ့်?

ဘလော့သက်တန်းတစ်နှစ်ကျော်အတွင်း အလုပ်အကြောင်း၊ အတွေ့အကြုံလေးတွေအကြောင်းပဲ ရေးနေခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် အခုလို လေသံတစ်မျိုးထွက်လာတာကြောင့် နိုင်ငံရေးသမားလို့ အမည်တပ်ချင်တပ်နိုင်ပါတယ်။ ဟုတ်ပါတယ်။ ဦးဟန်ကြည် နိုင်ငံရေးလုပ်ပါတယ်။ ဒါပေမယ့် ပါတီနိုင်ငံရေး မဟုတ်ပါ။ ပါတီနိုင်ငံရေးဟာ လူညစ်ပတ်တွေရဲ့ အလုပ်လို့ပဲ ခပ်ရှင်းရှင်းမြင်ပါတယ်။ ဦးဟန်ကြည်က ကိုယ့်တိုင်းပြည်အတွက် ကိုယ်နိုင်သလောက် အလုပ်အကြွေးပြုမယ့် အမျိုးသားနိုင်ငံရေးသမားပါ။ စားစရာမရှိတဲ့သူကို စားစရာပေးပါတယ်။ ပညာချို့တဲ့သူတွေကို ပညာသင်ပေးပါတယ်။ ကိုယ်လုပ်သမျှကို တန်ဖိုးထားပြီး လေးလေးစားစား လုပ်ပါတယ်။ ဒါပေမယ့် ထမင်းစားဖို့လည်း လုပ်ရသေးတာမို့ ပရဟိတချည်းသက်သက်လည်း မလုပ်နိုင်သေးပါ။ သီလစောင့်ဖို့အရေးအတွက် အူမတောင့်ဖို့ကို အရင်ဦးစားပေးနေရတဲ့ ဘ၀မို့ ကိုယ့်ကျောင်းသားတွေဆီက ထိုက်သင့်တဲ့ ၀န်ဆောင်စရိတ်ယူနေပါတယ်။ ဒါပေမယ့် ကိုယ်ရသမျှဝင်ငွေကို ကိုယ်တစ်ယောက်တည်း မသုံးဘဲ အများနဲ့အတူ ဝေမျှသုံးဖို့ ဦးစားပေးတာမို့ နိုင်ငံကျော်၊ ကမ္ဘာကျော် ပါတီနိုင်ငံရေးသမားကြီးတွေထက်တော့ မျက်နှာမွဲ အမျိုးသားနိုင်ငံရေးသမား ဦးဟန်ကြည် ဂုဏ်မငယ်ပါလို့ပဲ ကိုယ့်တရားကိုယ်စီရင်ရင်း ကိုယ်ယုံကြည်တဲ့ လမ်းစဉ်အတိုင်း မျက်စိကိုမှိတ်၊ နားကိုပိတ်ရင်း ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အလုပ်ကို အကောင်းဆုံးပံ့ပိုးဖို့ ကြိုးစားနေဆဲပါ။     ။




 

6 comments:

ကိုဇော် said...

မရဘူး ဆိုပြီး ပစ်ထားရင် ဒီ့ထက် ပိုဆိုးမှာပေါ့ ဆရာရယ်။ ဘယ်လောက်ပဲ ဖြစ်ဖြစ် ရသလောက်လေးတော့ တွဲခေါ် ဆွဲခေါ်သွားမှ ဖြစ်မှာပေါ့။ ကျနော်ကတော့ မလုပ်နိုင်သေးပေမဲ့ လုပ်နိုင်နေတဲ့ ဆရာတို့ကို အမြဲတမ်း လေးစား အားကျလျက်ပါပဲ။

နေ၀ဿန် said...

သိပ်ကြိုက်တယ်... စာကြောင်းတိုင်းလိုလိုကို ကြိုက်တယ်...

spoon feeding education နဲ့ parrot learning ဆိုတာကို ဖတ်မိတော့ ပြုံးမိတယ်...

အပေါင်းအနှုတ်အမြှောက်အစားကို အထက်တန်းကျောင်းသားတွေ မပိုင်တာလည်း သိပါ့... တစ်ခါက ဆယ်တန်းဖြေခါနီးကျောင်းသားတစ်ယောက် သုံး၊သုံးလီ ခြောက်တဲ့လေ....

အားလုံးကို သဘောကျတယ်ဗျာ...


ခင်မင်လျက်
နေ၀ဿန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ပညာရေးလောကအကြောင်းရေးရင် ပြောမကုန်ပါဘဲလား နော်
မြန်မာ့ပညာရေး ကမ္ဘာနဲ့ ယှဉ်ပေါင်တန်းနိုင်တဲ့ တစ်နေ့ ..
ဘယ်နေ့များ ဖြစ်လေမလဲဆရာရေ....

sosegado said...

နိုင်ငံရေးသမားတွေကို နိုင်ငံရေးသမားလို့ မြင်တာအကောင်းဆုံးပါပဲ၊

မင်းဧရာ said...

ဆရာ ဒီလို စိတ်ဓာတ်ရှိသူတိုင်းကို အစဉ်လေးစားနေသူတစ်ယောက်ပါ
ကိုကိုယ် တိုင်ကတော့ ငါတို့ တိုင်းပြည်ကြီး တိုးတက်အောင်ဆိုပြီး ဘာမှလုပ်ပေးနိုင်စွမ်း မရှိပါဘူး
ကိုယ့်မှာရှိတဲ့ အတိုင်းအတာနဲ့ ကိုယ့် ဘ၀လေး ကိုကောင်းအောင်ကြိုးစားရင်း ကိုယ့်မိသားစုလေးနဲ့အတူ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင် ထို့နောက်မှာတော့..........။

jasmine(တောင်ကြီး) said...

အကို(ဆရာ)ပြောသလိုပါပဲ
သူစိမ်းအိမ်မှာကောင်းကောင်းနေရလဲ
ဆင်းရဲတဲ့အမေ့အိမ်ကိုဘယ်မေ့သင့်ပါမလဲ....

ကြိုက်ရင်ပေါ့လေ . . .