“ ပညာရှာစဉ်
အသည်းနန်းပလ္လင်မှာ
အချစ်ဘုရင်ကို နန်းမတင်နှင့် ”
ဦးဟန်ကြည်တို့ ကျောင်းသားဘ၀တုန်းက စာသင်နှစ်ကုန်ခါနီးလို့ Autograph တွေ အပြန်အလှန်ရေးကြတဲ့အခါတိုင်းမှာ မကြာခဏဆိုသလို မြင်ရ၊ တွေ့ရတဲ့ ကဗျာစာသားလေး တစ်ပိုင်းတစ်စပါ။ ဦးဟန်ကြည်တို့တစ်တွေလည်း အနှီ အချစ်ဘုရင်လက်ထဲမှာ ဘ၀ထီးနန်းကို စောစောစီးစီးမအပ်ရဖို့ နည်းပေါင်းစုံနဲ့ ကာကွယ်ခဲ့ရပါရဲ့။ ဒါကြောင့်လည်း ဒုက္ခသုက္ခကင်းကင်းနဲ့ လူငယ်ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ခေတ်လူငယ်တွေမှာတော့ မွေးကတည်းက အချစ်ကို အိမ်ရှေ့စံရာထူးပေးထားသလားထင်မှတ်ရလောက်အောင် လူမှန်းသူမှန်းသိတာနဲ့တပြိုင်နက် အသည်းပလ္လင်ထက်မှာ မောင်မင်းကြီးသားက အခန့်သာစံမြန်းပါတော့တယ်။
လူငယ်ဘ၀ဆိုတာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်၊ ခင်ခင်မင်မင် သွားကြလာကြ၊ စကြနောက်ကြရမှ ပီပြင်တဲ့အရသာကို ခံစားနိုင်မှာပါ။ ဦးဟန်ကြည်တို့ လူငယ်ဘ၀ကလည်း စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ သွားလိုက်လာလိုက်၊ လည်လိုက်ပတ်နဲ့ ကျကျနနကို ကုန်ဆုံးစေခဲ့တာမို့ ထိုက်တန်တဲ့လူငယ်ဘ၀ကို တင်းပြည့်ကြပ်ပြည့်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်လူငယ်တွေခမျာ ဖြူစင်ပွင့်လင်းပြီး အင်မတန်မှပျော်စရာကောင်းတဲ့ လူငယ်ဘ၀ကို စောစောစီးစီး ဆုံးရှုံးနေကြရတာမြင်ရတဲ့အခါ စိတ်မကောင်းဖြစ်မိပါရဲ့။ ကျောင်းနေတဲ့ကျောင်းသားအရွယ်မှာ မလိုအပ်ဘဲ စာသင်ချိန်တွေယူလွန်းတဲ့ ကျောင်းတွေကြောင့် မိုးလင်းမိုးချုပ် ကျောင်းစာနဲ့ အချိန်ကုန်လွန်ရလို့ ကစားချိန်၊ လည်ချိန်ပတ်ချိန်နည်းရတဲ့ကြားမှာ ကိုကို၊ မောင်မောင်၊ ချစ်မမ၊ ချစ်ညီမ တွေနဲ့ ချစ်ရည်လူးဖို့ အင်တိုက်အားတိုက် ကြိုးပမ်းနေကြရပြန်တာကြောင့် ပြန်မရတဲ့ လူငယ်ဘ၀တွေဟာ ဗုံမဟုတ်၊ ပတ်မဟုတ်နဲ့ အလဟဿဖြစ်ကုန်ကြပါတော့တယ်။
လူအပါအ၀င် သတ္တ၀ါတိုင်းမှာ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားစိတ်ဟာ သန္ဓေအရ၊ ဗီဇထဲမှာ မွေးကတည်းက ရှိနေခဲ့ပြီးသားပါ။ ဥာဏ်ရည်နိမ့်ပါးတဲ့ တိရစ္ဆာန်တွေက ဖိုမစပ်ယှက်ရာမှာ သူတို့ရဲ့ ဗီဇကို အသုံးချကြပေမယ့် ဦးဏှောက်အဖွံ့ဖြိုးဆုံး လူသားတွေကတော့ အချစ်၊ မေတ္တာဆိုတဲ့ အကွယ်အကာတစ်ခုအောက်မှာ ဗီဇစိတ်ကို ဖောက်ခွဲကြလေ့ရှိပါတယ်။ ဒါကြောင့်လဲ Love is disguised in sex လို့ အနောက်တိုင်းသားတွေက ဆိုကြတာ ဖြစ်ပါလိမ့်မယ်။ ဒီကိစ္စဟာ ဗီဇကိုအရင်းခံကြတာမို့ စွဲလမ်းစေတဲ့ အရာတစ်ခုလည်း ဖြစ်ပါရဲ့။ ဒါကြောင့်လဲ အသိဥာဏ်က ဗီဇစိတ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်တဲ့ အရွယ်မရောက်သေးခင်မှာ ဗီဇစိတ်ကို လွှတ်ပေးလိုက်မိရင်တော့ သောက်လေသောက်လေငတ်မပြေတဲ့ ဒီတဏှာတောမှာ ပက်လက်မြောမှာသေချာပါတော့တယ်။
ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သူတွေအတွက် အချစ်ဆိုတာ တွန်းအားတစ်ခုဖြစ်ပါတယ်။ ဘ၀ကို အကောင်းဆုံးပဲ့ကိုင်ထိန်းကျောင်းဖို့ လိုအပ်တဲ့ စိတ်ဓာတ်ခွန်အားတွေကို အဲဒီအချစ်ဆီက ရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်သူတွေအတွက် အချစ်ဟာ အဖျက်သမား ရန်သူစစ်စစ်ဖြစ်ပါတယ်။ စိတ်ဓာတ်ပျော့ညံ့မှု၊ ယုံကြည်ချက်ကျဆင်းမှုတွေကို အချစ်လို့ ခေါင်းစဉ်မှားတပ်ပြီး တွေဝေရှုံးနိမ့်မှုတွေနဲ့ ဘ၀ရဲ့တန်ဖိုးတွေ ပျက်သုဉ်းရပါလိမ့်မယ်။ အချစ်အတွက် အသက်ကိုစွန့်မယ်ဆိုတဲ့ “ ရင်ငြိမ်းပွင့် ” နောက်ကိုလိုက်ရဖို့လည်း များပါတယ်။ ဥပမာပေးရရင် အချစ်ဟာ မီးနဲ့တူလှပါရဲ့။ အသုံးချတတ်သူတွေရဲ့လက်ထဲမှာ အကောင်းဆုံးအသုံးဝင်ပြီး ဘ၀တန်ဖိုးကို ဖြည့်စွက်ပေးမှာဖြစ်ပေမယ့် အသုံးမချတတ်သူတွေရဲ့လက်ထဲမှာတော့ ဘ၀ပျက်၊ စီးပွားပျက်အောင် လောင်ကျွမ်းလိမ့်မယ် မဟုတ်ပါလား။
အချစ်ဟာ သိပ်သည်းလျှို့ဝှက်မှုများစွာနဲ့ ဖွဲ့စည်းထားတာမို့ လူ့ဘ၀ရဲ့ ထူးဆန်းအံ့သြဖွယ်ရာတွေထဲမှာ ထိပ်ဆုံးမှာနေရာယူထားတဲ့ စိတ်ခံစားချက်လည်း ဖြစ်ပါသေးတယ်။ ကုသိုလ်ရစေမယ့် မေတ္တာစိတ်ကအစထားလို့ ညစ်နွမ်းစေတဲ့ တဏှာလောဘစိတ်အထိ အမျိုးအစားပေါင်းများစွာ သရုပ်ခွဲနိုင်တဲ့ ဒီအချစ်စိတ်ကို ဘ၀အတွက် အထောက်အပံ့ဖြစ်အောင် သုံးဖို့အရေးဟာ အပြောမလွယ်သလို အလုပ်လည်းခက်လှပါရဲ့။ အချစ်ဆီကရမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးဟာလည်း အလွှာပါးပါးလေးပဲ ကွာခြားတာကလား။ ခေါင်းနဲ့ပန်းလို ကျောချင်းကပ်နေတဲ့ ချစ်ခြင်းမေတ္တာရဲ့ မျက်နှာစာနှစ်ဖက်ကို ဥာဏ်မမီဘဲ ကံအားကိုးနဲ့ ဗလာချီပြီး ဇွတ်တိုးလိုက်မိရင် အကျိုးနည်းဖို့က ရာနှုန်းတော်တော်များလှပါတယ်။
“ ဥာဏ်မခိုင်၊ ကံကိုင်လို့တိုးရင်ဖြင့်
ဆိုးကျိုးတွေ တောင်လိုပုံပါလို့
ချစ်မှော်ရုံတဏှာကြောမှာ
နစ်မြောကာ ခွေယိုင်နွမ်းကြွေလျော့
နည်းပေါ့ကိုယ်ကျိုး ”
( ဟန်ကြည် )
ဒါကြောင့် ဆန္ဒကို အသိဥာဏ်ချွန်းမအုပ်နိုင်သေးခင်မှာ အချစ်ဆိုတဲ့ မာယာတောနဲ့ ခပ်ကင်းကင်းနေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
“ အချစ်ဆိုတာ မဆလာနဲ့တူတယ် ” လို့ ဦးဟန်ကြည်က ဥပမာပေးချင်ပါတယ်။
ဘ၀နဲ့တူတဲ့ ကြက်သားဟင်းတစ်ခွက်မှာ အချစ်နဲ့တူတဲ့ မဆလာဖြူးလိုက်ရင် အင်မတန်မှ အရသာရှိပြီး ထူးခြားကောင်းမွန်သွားမှာ မလွဲပါ။ ကြက်သားနဲ့ မဆလာဟာ လိုက်ဖက်ညီလှသလို အချစ်နဲ့ဘ၀ဟာလည်း အညီညွတ်အသင့်တော်ဆုံး အတွဲအဖက်မဟုတ်ပါလား။ မဆလာမပါတဲ့ ကြက်သားဟင်းဟာ ပေါ့ပျက်ပျက်နိုင်သလို အချစ်မပါတဲ့ဘ၀ဟာလည်း ခြောက်ခြောက်သွေ့သွေ့နိုင်မှာ သေချာပါရဲ့။
အရသာရှိလှတဲ့ ကြက်မဆလာဟင်း ... |
ဒါပေမယ့် မဆလာမပါတဲ့ ကြက်သားဟင်းဟာ အနံ့အရသာ အားနည်းတာကလွဲလို့ သူ့ချည်းပဲ စားလို့ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ကြက်သားမပါတဲ့ မဆလာကိုတော့ သူ့ချည်းပဲစားလို့ မဖြစ်နိုင်ပါ။ မဆလာချည်းစားလိုက်မိရင် ရင်ပူပါလိမ့်မယ်။ အဲဒီလိုပဲ အချစ်မပါတဲ့ ဘ၀ဟာ ပေါ့ပျက်ပျက်နိုင်ကောင်းနိုင်မှာဖြစ်ပေမယ့် ရပ်တည်လို့တော့ ရနိုင်ပါသေးရဲ့။ ဘ၀မပါတဲ့ အချစ်ကတော့ အရသာမတွေ့ဘဲ ရင်ပူရုံပဲ ရှိပါလိမ့်မယ်။ ကိုယ့်ရှေ့ကလူတွေ၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုကြည့်ပါ ဘ၀မပါတဲ့ အချစ်၊ ကြက်သားမပါတဲ့ မဆလာကြောင့် ပူလောင်ခံစားနေကြရတာတွေ တစ်အုပ်တစ်မကြီးတွေ့ရပါလိမ့်မယ်။ ဒါဟာ concept, hypothesis မဟုတ်ပါ။ ထာဝရမှန်ကန်ချက် Theory ပဲ ဖြစ်ပါတယ်။
မဆလာရဲ့ ပါဝင်ပစ္စည်းတွေ ... |
အဲဒီ Theory ကို ကောင်းကောင်းသဘောမပေါက်ဘဲ ယုန်မရခင် သံပုရာရှာသလို ဘ၀ကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးဘဲ အချစ်ကို စမ်းသပ်မိရင်တော့ -
“ အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ်တစ်ခု …
ဘယ်သူမပြု မိမိမှု … စဉ်းစားကြည့်ပါအခု … ”
ဆိုတဲ့ လျှံထွန်း(မြန်မာစာ)ရဲ့ သီချင်းကို တစ်ယောက်တည်းအော်ဆိုရင်း အချစ်ရဲ့ ကျကျနန ပြစ်ဒဏ်ပေးမှုကို လှလှပပကြီး ခံစားရုံပဲ ရှိပါတော့တယ်။ အချစ်ကြောင့် ပူဆွေးဝမ်းနည်းတယ် ဆိုတဲ့နေရာမှာလည်း ဗိုက်ထဲမှာ အစာရှိဦးမှဖြစ်တာမို့ ဘ၀က ခိုင်ခိုင်မာမာမရှိတဲ့အခါမှာ ၀မ်းရေးအတွက် ရုန်းရင်းကန်ရင်းနဲ့တင် အချစ်ရဲ့ခြေရာ အလွမ်းလည်း သက်ဆိုးရှည်ရှာတော့မယ် မဟုတ်ပါ။
တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ လူသားတွေသာ ရယူပိုင်ဆိုင်ခွင့်ရှိတဲ့ လောကရဲ့ အမွန်မြတ်ဆုံးလက်ဆောင်တစ်ခုပါ။ ဒါပေမယ့် အဲဒီလက်ဆောင်ကို တန်ဖိုးထားတတ်ဖို့ကလည်း အင်မတန်မှ အရေးကြီးလှပါတယ်။ ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်နဲ့မှပဲ ထိုက်တန်တာပါ။ ထို့နည်းတူ ချစ်ခြင်းမေတ္တာဟာလည်း ထိုက်တန်တဲ့ တည်ဆောက်မှု၊ ကြိုးစားအားထုတ်မှုတွေနဲ့ ထုံမွှမ်းထားတဲ့ ဘ၀အိမ်မှာပဲ တည်တံ့ခိုင်မြဲပါလိမ့်မယ်။ ဆင်းရဲခြင်းက အိမ်ရှေ့တံခါးက ၀င်ရောက်လာရင်တော့ ချစ်ခြင်းမေတ္တာခမျာ အိမ်နောက်ဖေးပေါက်ကနေ ခုန်ချထွက်ပြေးရမှာ သေချာပါရဲ့။ ဒါကြောင့် အချစ်ကိုမှ ဘ၀ထင်ပြီး၊ အချစ်ကိုပဲ ကိုးကွယ်ချင်တဲ့ ဦးဟန်ကြည်တို့ရဲ့ မျိုးဆက်သစ်တွေအတွက် ချစ်ခြင်းမေတ္တာရဲ့ မှန်ကူကွက်အောက်မှာ သိမ်မွေ့ကြည်သာတဲ့ သိင်္ဂါရ ရသကို ညံ့ညံ့သက်သက် ခံစားရနိုင်စေဖို့ ဘ၀ကို အရင်တည်ဆောက်ပါလို့ ပြောလိုက်ချင်ပါတယ်။
တကယ်လို့များ ဘ၀ကို မတည်ဆောက်နိုင်သေးခင်၊ ဘ၀ပန်းတိုင်ကို မမြင်နိုင်သေးခင်မှာ အချစ်ဘုရင်ကို နန်းတင်ချင်စိတ်ဝင်လာခဲ့ရင်တော့ မီးဖိုဆောင်ထဲက မဆလာတစ်ထုပ်ကို ရေဖျော်ပြီး သောက်ကြည့်လိုက်ဖို့ပဲ အကြံပေးလိုက်ချင်ပါရဲ့။ ။
21 comments:
ဟုတ်တာပေါ့ဆရာရေ
ဘ၀ကိုခိုင်ခိုင်မာမာ မတည်ဆောက်နိုင်ပဲ
အချစ်ဆိုတာ မရှိသင့်ပါဘူး
ငယ်သေးတဲ့အရွယ်တွေ ပိုပြီးသိသင့်တယ်
မတ်မတ်ရပ်နိုင်တဲ့အရွယ်တွေကတော့စဉ်းစား
တဲ့သူတွေများပါတယ်....
ခင်ခင်မင်မင် jasmine
အမယ်...
အချစ်အကြောင်း အကျယ်ချဲ့ နေပါလား..၊
ကျွန်တော်က အချစ်ကိုတော့  ရိုးရိုးလေး
“ ဆား ” နဲ့ ပဲ နှိုင်းချင်တယ်၊ ဆားက အနေ
တော်နဲ့  အတော်လေးနေနိုင်ရင် ဟင်းကောင်း
တစ်ခွက် ဖြစ်လာနိုင်ပေမဲ့  ထောမသတ်
အဆုံးမရှိ အလွန်အကျွံ ချစ်လာရင်တော့ 
တစ်နေ့ မှာ ဟတ်ကြီး“ထိ” ပြီး အနေမတော်
တော့ တဲ့  ဘဝကြီးဖြစ်လာနိုင်မှာမို့ ပါပဲ။
အမှန်က အစ်ကို ပြောသလို အချစ်ကို
ကိုယ်က ကွန်ထရိုးလုပ်နိုင်ဘို့ လိုတယ်၊
အချစ်က ကိုယ့် ကို ကွန်ထရိုးလုပ်ခွင့် 
မရှိစေချင်ဘူး၊ လိုသလောက်ပဲ ချစ်ဖို့ ..၊
ထပ်ချစ်ဖို့  ကျန်သေးရင်လည်း အကုန်ထုတ်
ပြီးချစ်မပြဘို့  ပါပဲ။ ထင်တာပြောကြည့် တာ
ပါနော်..။
အဲ့သည် အချစ်။ မပြောချင်တဲ့ အချစ်။ စိတ်မ၀င်စားချင်ယောင် ဆောင်ထားတဲ့ အချစ်။ ရူးချင်ယောင် ဆောင်ထားလိုက်တော့တဲ့ အချစ်။ ချစ်တတ်ပေမယ့် မချစ်ချင်တော့တဲ့ အချစ်။ ဆရာရေ မှီးကောင်ပေါက်တွေကို ထိန်းရ ချုပ်ရ ခက်သလိုပဲ ကျနော်တို့  လို မအို၊ မ ပျိုတွေ အတွက်လည်း အင်း..... အသိဥာဏ်နဲ့  ယဉ်နေရသေးပါ ကြောင်းဗျာ။
ဆြာရေးထားတာကို ၏ သည် မလွဲ
ထောက်ခံပါသည်...
အချစ်သည်မဆလာနှင့်တူသောကြောင့်
ရင်မပူရအောင်..
ကြက်သားနှင့်သာတွဲဖက်စားသုံးသင့်ပါသည်..
ဆရာရေ...
ဥပမာလေးရော စာအရေးအသားကော ကောင်းပေမဲ့ သူကြီးက ကုလားအစားအစာဖြစ်တဲ့ မဆလာကို နဲနဲလေးမှ မကြိုက်တဲ့အတွက် မဆလာမပါတဲ့ ကြက်သားဟင်းကို ပိုကြိုက်မိတယ်။
ဒီမှာနေရတာ အင်္ဂလန်ဆိုပေမဲ့ အစားအစားတွေက ကုလားပြည်ဖြစ်နေသလိုပါဘဲ။ နေရာတိုင်းမှာ ကုလားဆိုင်တွေရှိတယ်လေ။ အင်းးး သူတို့ရှိလို့လဲ အစားအသောက်တွေ ဟင်းသီးဟင်းရွက်တွေ ဈေးပေါပေါနဲ့ စားနေရတာကလား။
ဥပမာဖြစ်တဲ့ မဆလာနဲ့ ချက်ထားတဲ့ ကြက်သားကို မကြိုက်ပေမဲ့ ဥပမေယျဖြစ်တဲ့ ဘ၀နှင့်အချစ် ညီတူကျမှုကိုတော့ လုံးဝ ထောက်ခံပါတယ်။
အချစ်နာကျနေတဲ့သူတွေ များများဖတ်သင့်တဲ့ ပို့စ်လေးဘဲ ဆရာရေ့။။
ခင်မင်လျှက်
တဂျင်းမီး
ဟုတ်လိုက်လေဆရာရယ်..ကလေးတွေအတွက်တော့
အင်မတန်မှ မှန်လှတဲ့ သီဝရီပါပဲ....၊အဲ.....ကျွန်တော်
တို့အတွက်ကတော့ ဖျော်သောက်ချင်ပါတယ်ဆိုတာ
တောင်မှ မဆလာကရှိတော့ဘူးရယ်ဗျ...၊အဲ့လိုကျဘယ်
လိုလုပ်ရမတုန်းဟင်....:)))))
ဦးဟန်ကြည်ရဲ့ စာကောင်းပေကောင်းတွေကို ခုခေတ်အတောင်မစုံသေးတဲ့ လူငယ်တွေ ဖတ်စေချင်လိုက်တာ။
ပေးထားတဲ့ ဥပမာလေးတွေကလည်း မှတ်လောက်စရာပဲ။ ခေတ်တိုးတက်လာတာရဲ့ ဆိုးမွေကောင်းမွေတွေကို ခွဲခြမ်းစိတ်ဖြာမှုအားနည်းတော့ ကိုယ်လုပ်တာမှန်သမျှ အမှန်လို့ထင်နေကြတယ်လေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ်ပ ဟုတ်ပ ထောက်ခံပါသည် ဆရာဦးဟန်ကြည့်... ငယ်တုန်း ကစားပေါ့နော့်... သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး၊ ချစ်သူ ရည်းစားဆိုတာက တယ်အချိန်ကုန်တဲ့ ကိစ္စကိုး... ကျွန်တော်ငယ်ငယ်တုန်းကဆို ရွာရိုးကိုးပေါက် သူငယ်ချင်းတစ်သိုက်နဲ့ မျောက်ရှုံးအောင် ဆော့တာကို ပဲ သဘောကျတယ်။ အင်း အသက်၊ ပညာ၊ ဥစ္စာ၊ အသက်မွေးဝမ်းကျောင်းခိုင်မာမှု့ စတဲ့ အချက်ကလေးတွေ နဲ့ ချဉ်းချိန်ပြီးတော့ ချစ်သူရည်းစား ထားရင်တော့ အကောင်းဆုံးပေါ့လေ...
ခင်မင်စွာဖြင့်
AH
အမှန်ပဲ ဦးဟန်ကြည်...
မှန်လိုက်လေ ဆရာရယ် .အမှန်တွေပေါ့
ဆရာကြားလိုက်သလားတော့မသိဘူး
ပါကစ္စတန်က အမျိုးသမီးကတော့ မဆလာကိုဖျော်မသောက်ပဲ ယောကျာ်းကိုသတ် ပေါင်သားနဲ့မဆလာနှပ် ချက်စားလိုက်သတဲ့..
ဆရာမဆလာဖျော်သောက်လို့ ပြောတာကိုသူရင်ပူမှဆိုးလို့ အသားရောလိုက်တယ်ထင်ပါ့ ဆြာရယ်း)
ခင်တဲ့
မဒိုးကန်
မှတ်သားသွားပါတယ် ဆရာ။
သတိုးတို့လည်း ခုထိ မဆလာမပါတဲ့ ကြက်သားချည်း ကြိတ်ဝါးနေပါကြောင်း (ဤကား ကြော်ငြာ)း)
သြော်... အချစ်ဋီကာ ... ဒဿနဆရာကြီးရယ်... မဆလာတစ်ထုပ်လောက် နေ၀သန့်ကို ရှာဝယ်ပေးပါလားကွယ်... :P
ခင်မင်လျက်
နေ၀သန်
ကျန်တာတော့မသိဘူး ဆရာ...။ ကြက်သားဟင်းမဆလာကိုတော့ စိတ်ဝင်စားတယ်..။
ဟုတ်ပါ့ဆရာရယ် ဒီခေတ်လူငယ်လေးတွေကို ကြည့်ပြီး တကယ်ကိုရင်လေးတယ်။ အားလုံးက အတုမြင် အတတ်သင်တွေ ဖြစ်နေကြတာ။ မူလတန်းကလေးကအစ ရည်းစားထားတဲ့ခေတ် ဖြစ်နေတော့ ဘယ့်နှယ်လုပ်ကြရပါ့မလဲဘဲ စဉ်းစားနေမိတော့တယ်။
ဦးဟန်ကြည်ရေ..
ပိုစ့်လေးက သိပ်ကိုကောင်းတာဘဲ.. ခုခေတ်ကလေးတွေ များများဖတ်စေ့ချင်တယ်..
ဥပမာပေးလေးကလည်း ကောင်းလိုက်တာ
ကျောင်းဆရာရယ်လို့ မပြောရဘူး။။
ဆရာပြောသလို ကြက်သားချည်းစားရင်လည်း စားလို့မကောင်း ပျင်းဖို့ကောင်းသလို၊ မဆလာချည်းစားရင်လည်း အရသာရှိမှာမဟုတ်တော့ ကောင်းကောင်းလေး တွဲဖက်စားသင့်လှပါတယ်.
ဒီပိုစ့်လေးအတွက် ကျေးဇူးဆရာဟန်ရေ..
ဗိုက်နာနေလို့ပါဆရာရယ် မဆလာတော့ရေဖျော်မသောက်ပါရစေနဲ့း)
သိပ်ကို သိပ်ပံနည်းကျတဲ့ တွေးတောမှုပဲဆရာရေ့ ကြိုက်တယ် ပြီးတော့ ကျနော်တို့လို လူပျိုမသိုး တသိုးလေးတွေအတွက်လည်း ဒီမဆလာက လုံးဝ သိုးသွားဖို့ ဖြစ်စေတာလည်း အမှန်ပဲ ။
ဘယ်သူမပြုမိမိမှု စဉ်းစားကြည့်ပါအခု :P
ကောင်းလိုက်တဲ့ ဥပမာ လေးဗျာ.....
ဒီနေ့ည စာတွေလျှောက်ဖတ်လာ လိုက်တာ ဆရာ့ အနားမှာ နောက်ဆုံးပါဘဲ မျက်လုံးတွေကျိန်းစပ်နေပေမယ့်လို့ ကျိန်းလိုက်ရကျိုးလည်းနပ်ပါပေတယ်ဗျာ။
ကောင်းလိုက်တဲ့ ဥပမာ ပေးလေ
လေးစားပါတယ်ဆရာ...
....
မစလာတော့ ဖြော်မသောက် ဖူးသေးဘူးဆရာ
ငရုပ်ကောင်းတော့.. နေမကောင်းဖြစ်တုန်း
ကသောက်ဖူး.. တော်တော်ပူတာ ဆရာရေ..း )p
ခင်မင်လေးစားလျှက်
(ဒုတိယ)
ဆြာ့မာဆလာဟင်းခွက်ကို ပုံနှိပ်စာအုပ်တွေပေါ်ရောက်စေချင်တယ်ဆြာ
ကလေးတွေဒီလိုစာမျိုးများများဖတ်ဖို့လိုတယ်
အနော်တို့ဆို ၂၃ ၂၄လောက်ထိ အချစ်ဆိုတာ ဗလာ အထုမှ ဟိဟိး)း)
မောင်ဘကြိုင်
ကိုဟန်ကြည်ရဲ့စေတနာကို လေးစားပါတယ်ဗျာ။ စာတွေအရ တပည့်တွေနဲ့အနေနီးနေတော့ဒီနေ့ခေတ်လူငယ်တွေကို ပိုပြီးအနီးကပ်မြင်နေရလို့ထင်ပါတယ်။ ကျွန်တော်တို့တားနိုင်သလောက်၊ ပြောနိုင်သလောက် တားကြည့်၊ ပြောကြည့်ကြတာပေါ့ဗျာ။ လျှံထွန်းကတော့ သျှံထွန်းလို့ စာလုံးပေါင်းတယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လေးစားပါတယ်။ ကိုဟန်ကြည်မှာ စာရေးဟန်တစ်ခုရှိနေလို့ အဲဒီအရေးလေးကို ထပ်ပြီးထိန်းထားပါလို့ အကြံပြုပါရစေ။
ပညာပေးပို့စ်မှာ ကဗျာတွေ... ဥပမာတွေ ထိထိမိမိနဲ့ 
လူငယ်တွေကိုယ်စား ကျေးဇူးတင်မိပါရဲ့ 
ခင်မင်လျှက်...
Post a Comment