Monday, 30 May 2011

လွမ်းရွက်မကြွေ . . .

“ လွမ်းရွက်မကြွေ”

ပန်းခရေ
စမ်းရေမှာမျော။

အလွမ်းနွေ
နွမ်းခွေရင်မော။

ခရေပန်း
ကြွေနွမ်းသော်လည်း မွှေးပျံ့ဆဲ။

နွေအလွမ်း
ခြောက်ခမ်းသော်လည်း ဆွတ်ပျံ့ဆဲ။

နွေစခန်းတွင်  ခရေပန်းကြွေ
လွမ်းပွင့်ဝေသော်  မြေပေါ်ကြွေသက်
ရော်သစ်ရွက်အား  နှုတ်ဖျားတိုင်တည်
ရင်ဝယ်တမ်းတ  မျှော်ကိုးရသည့်
မာနထိပ်တင်  မောင့်သခင်ကို
နွေရင်ခွင်နှင့်လွမ်းရကြောင်း…။   ။

ဟန်ကြည်
၂၈.၄.၂၀၁၁(စနေနေ့)

Sunday, 29 May 2011

ဆားပုလင်းဟန်ကြည်ရဲ့ တစ်ညနေ . . .

ဆရာတစ်ယောက်ရဲ့ ဘ၀ဟာ မလွယ်ပါလို့ ပြောမိရင်
ညည်းတော့မယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ညည်းချင်းတော့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သနားသောအားဖြင့် ရင်ဖွင့်လွှာလို့ ခပ်ဖေါ့ဖေါ့လေးတွေးပေးဖို့ အရင်မေတ္တာရပ်ခံရင် ကောင်းမလားစဉ်းစားမိပါရဲ့။ ဘာပဲဖြစ်ဖြစ် ရေးတဲ့လူက ရေးချင်သလိုရေးပြီး တွေးတဲ့လူက တွေးချင်သလိုတွေးကြမှာမို့ ဘာနိဒါန်းမှ မချီချင်တော့ပါ။
 
ဦးဟန်ကြည်တစ်ယောက် ဆေးထိုးအပ်တွေပစ်ချပြီး Whiteboard Marker ကောက်ကိုင်လို့ စာသင်တဲ့အလုပ်ကိုလုပ်နေတာ ဘယ်လိုအခြေအနေများရှိသလဲလို့ မေးချင်မြန်းချင်သူတွေရှိကောင်းရှိမယ်ထင်ပါရဲ့။ မရှိလည်း ရေးဖို့စိတ်ကူးပြီးသားမို့ ရေးဖြစ်အောင်ကို ရေးမှာပါပဲ။ ကိုယ့်ဖာသာမေးပြီး ကိုယ့်ဖာသာဖြေရရင် တစ်ခုမှမလွယ်ပါလို့ပဲ ဖြေရပါလိမ့်မယ်။ ပို့စ်တစ်ခုမှာ ရေးခဲ့ဖူးသလို ဆရာဝန်ဆိုတာ လူတွေရဲ့ အသက်နဲ့ အလုပ်လုပ်ရတဲ့ လူတန်းစားဖြစ်ပြီး ကျောင်းဆရာဆိုတာ လူတွေရဲ့ ဘ၀နဲ့အလုပ်လုပ်ရသူတွေဖြစ်တာမို့ ပေါ့ပေါ့ဆဆလုပ်လို့ရတဲ့ အလုပ်တစ်ခုမှမရှိပါ။ လက်ရှိအလုပ်ကို ဂုဏ်တင်ပြီးပြောရရင် ဆရာဝန်တစ်ယောက်ဟာ လူနာတစ်ယောက်ကို အများဆုံးတာဝန်ယူရရင် တစ်ပတ်ဆယ်ရက်လောက်ပဲ ရှိပြီး ကိုယ်တို့အလုပ်ကတော့ အနည်းဆုံးဆယ်လကတော့ တာဝန်ယူုရပါတယ်။ ဒါပေမယ့် ဘာပဲလုပ်လုပ် ကောင်းကောင်းလေးလုပ်ချင်တဲ့ ကိုယ့်အတွက်ကတော့ ကိုယ့်ကျောင်းသားတွေ ဘ၀တစ်ခုအောင်အောင်မြင်မြင် မဖြစ်သမျှတာဝန်ယူုနေမိတာမို့ အချိန်ကန့်သတ်ချက်တောင် မရှိတော့ပါ။
 
ဒီကြားထဲမှာ
ဆရာ့ဝတ်ထဲမှာပါတဲ့ ကျင့်ဝတ်တွေထဲမှာ သင့်ရာအပ်ပို့ဆိုတဲ့ ကျင့်ဝတ်ကလည်း ဦးဟန်ကြည်တို့ကို မလှုပ်နိုင်အောင် ချည်ထားပါသေးရဲ့။ သင့်ရာအပ်ပို့ဆိုတဲ့ အဓိပ္ပာယ်က ဆိုးတဲ့ကလေး ဆိုးသလိုလွှတ်ထားလိုက်ဆိုတဲ့ အဓိပ္ပာယ်ပါနေသေးပေမယ့် ဆရာတစ်ယောက်အတွက် တပည့်ဆိုးဆိုတာ ရှိတာမှမဟုတ်တာပဲလေ။
 
ဒီညနေခင်းကိုပဲ ဥပမာပေးချင်ပါရဲ့...
 
ဒီနေ့နေ့လည်ပိုင်းက စာသင်ဖို့ ၀ိုင်းတစ်ဝိုင်းကိုရောက်တော့ ကိုယ့်ကျောင်းသားက အိမ်မှာမရှိပါ။ ကျောင်းသားသုံးယောက်ချပေးထားတဲ့ဝိုင်းမှာ ကျောင်းသူတစ်ယောက်ပဲ ရှိနေပါတယ်။ ဒီကျောင်းသားနှစ်ယောက်မှာ အဓိကကျောင်းသားကိုအဖော်ရအောင် နောက်တစ်ယောက်ကို တွဲထည့်ပေးထားရတာမို့ ခေါင်းဆောင်လုပ်တဲ့ အဲဒီကျောင်းသားအကြောင်းကိုပဲ ပြောရပါလိမ့်မယ်။ ဒီဝိုင်းကို စဖွင့်ပေးထားတာ တစ်ပတ်ကျော်ပဲရှိသေးပေမယ့် အဲဒီမောင်ကျောင်းသား ကျောင်းပျက်တာ ၄ရက်ရှိပါပြီ။ လာအပ်ကတည်းက သူတို့ကျောင်းသားက ထိန်းလို့မရတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောထားပြီးသားပါ။ ဘာပဲဖြစ်ဖြစ် ဆရာဟူသည်မှာ ကျောင်းသားဆိုးတွေကို လမ်းမှန်ရောက်အောင်ပြုပြင်ပေးဖို့ တာဝန်အရှိဆုံးလူသားလို့ ခံယူထားတာမို့ လက်ခံထားလိုက်ပါတယ်။ ဒီကျောင်းသားမှာ အဖေမရှိတော့ပါ။ အမေကလည်း အဖေပေးထားခဲ့တဲ့ ရောဂါကြောင့် ကျန်းမာရေးက သိပ်မကောင်းပြန်ပါ။ ပိုဆိုးတာက အမေဖြစ်သူကလည်း သူ့သားကို ထိန်းသိမ်းနိုင်စွမ်းမရှိတာမို့ ဦးလေးဖြစ်သူက အစစလိုက်ပြီး ထိန်းပေးနေရပါတယ်။

ဒါက ကိုယ့်ရဲ့ချစ်စွာသော ကျောင်းသားတစ်ယောက်ရဲ့ အခြေခံအချက်အလက်တွေပဲ ဖြစ်ပါတယ်။ မောင်ကျောင်းသားကို ကျောင်းနေဖို့အရေးမှာ ဦးလေးဖြစ်သူက ဆိုင်ကယ်အသစ်တစ်စီး ၁၈သိန်းတန်ကို ၀ယ်ပေးရတဲ့ အပြင် ကွန်ပြူတာသစ်တစ်စုံ ၆သိန်းတန်လောက်ကိုလည်း ၀ယ်ပေးရပြန်ပါတယ်။ အဲဒီမှာတင် မြင်းကိုချိုတပ်ပေးလိုက်တဲ့ကိန်းဆိုက်တော့တာမို့ ဆိုင်ကယ်တစ်စီးနဲ့ ပြဲပြဲစင်အောင် လည်ပါပတ်ပါတော့တယ်။ မုန့်ဖိုးကိုလည်း ဖောဖောသီသီပေးကြတာမို့ ငွေရွှင်နေပြန်တော့ အပေါင်းအသင်းကလည်း များလာပြန်ပါတယ်။ ဒီကလေးက အရင်ကတည်းက ရာဇ၀င်လေးတွေနဲ့ ကလေးဖြစ်ပြန်တော့ ပိုလို့သာဆိုးပါတော့တယ်။ ခက်နေတာက စာသင်ချိန်ကို ရောက်ပြန်ရင်လည်း အာရုံစိုက်ပြီးသင်နေပြန်တာမို့ ကိုယ့်မှာပစ်ရမှာလည်း အဆီဝင်းဝင်း စားရမှာလည်း သဲနဲ့ရှပ်ရှပ်ဆိုတဲ့ကိန်း ဆိုက်နေပါတော့တယ်။

ဆရာကိုယ်တိုင် အိမ်တိုင်ယာရောက်လာသင်နေပါလျှက်နဲ့ နှစ်ရက်ဆက်တိုက် ကျောင်းလစ်နေတော့ ကိုယ်လည်း တော်တော်လေးတော့ ဒေါကန်လာပါတော့တယ်။ ကိုယ့်အယူအဆကလည်း ငွေပေးချင်သလောက်ပေး ပညာကိုတန်ဖိုးမထားရင် နည်းနည်းမှ သင်ချင်စိတ်မရှိပါ။ ကြိုးစားတဲ့ကျောင်းသား၊ စိတ်ဓာတ်ကောင်းတဲ့ ကျောင်းသားကို ထမင်းပါကျွေးပြီး အလကားသင်ပေးချင်တဲ့ဆရာဖြစ်နေတာမို့ စိတ်ထဲမှာ တော်တော်လေးကို မကျေမနပ်ဖြစ်တယ်လို့ မညာတမ်းဝန်ခံပါရစေ။ ဒါနဲ့ သူ့ဦးလေးကို လှမ်းခေါ်ပြီးမေးရပါတော့တယ်။ သူတို့အိမ်ကလည်း ဈေးသမားတွေဖြစ်တာမို့ နေ့လည်ပိုင်းဆိုရင် အိမ်မှာ လူကြီးဆိုလို့ တစ်ယောက်မှ မရှိကြပါ။

ဦးလေးဖြစ်သူရောက်မှ တပည့်ကျော်ရဲ့ ဂုဏ်ပုပ်(ဂုဏ်ပုဒ်မဟုတ်ပါ)တွေကို နားနဲ့မဆံ့အောင် ကြားရပါတော့တယ်။ မနေ့က စာသင်ချိန်မှာ အပြင်လည်နေတာကို ဦးလေးဖြစ်သူက ဆုံးမတော့ ဦးလေးကို ရိုင်းရိုင်းစိုင်းစိုင်း ခံပက်ပါသတဲ့။ အပြင်မသွားအောင်ဆိုင်ကယ်သိမ်းမယ်ဆိုပြန်တော့ ဆိုင်ကယ်သော့ကို ပစ်ပေါက်ပြီးပေးပါလေရောတဲ့။ ဒါတင်မကသေးဘဲ ဦးလေးဖြစ်သူကို ဒါးတရမ်းရမ်းနဲ့ ရန်ရှာဖို့ လုပ်ပါသတဲ့။ ဘယ်လောက်များ ချစ်ဖို့ကောင်းပါလိမ့်။ ကျောင်းမနေတော့ဘူးလို့လည်း ပြောပါသတဲ့။ ဘယ်သူ့အတွက် ကျောင်းနေခိုင်းတယ်ဆိုတာတောင် မသိတဲ့ကလေးပါ။ ဒါတင်မကသေးပဲ အမေဖြစ်သူက ဆူတဲ့အခါလည်း အမေကို ခွန်းကြီးခွန်းငယ်ပြန်အော်ပါသတဲ့။ အမေနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောတာမှာ ခြေထောက်ကို စားပွဲပေါ်တင်ပြီး အမေ့မျက်နှာဘက်ကို သူ့ခြေထောက်ထိုးထားပါသေးသတဲ့။ ဒီလိုသားမျိုးလေးများ စိတ်ကူးနဲ့သာ မွေးကြည့်ပေတော့။ ဒီကြားထဲမှာ အမေက ဘာမိဘတာဝန်တွေကျေလို့လဲ ဆိုတဲ့ စကားနဲ့ပါ စော်ကားလိုက်ပါသေးတယ်။

ခပ်ရှင်းရှင်းပြောရရင် ကိုယ့်ပုဒ်မထဲမှာ မိဘကို စော်ကားတဲ့ပုဒ်မဟာ အမုန်းဆုံးပုဒ်မဖြစ်နေတာမို့ ဒီကျောင်းသားကို ပညာသင်ပေးချင်စိတ် နည်းနည်းမှ မကျန်တော့ပါ။ ကိုယ့်ပညာနဲ့ မတန်ဘူးလို့လည်း ဆုံးဖြတ်ပြီး ဖြစ်နေပါပြီ။ ဒါပေမယ့် ကိုယ်ကသာ မျက်နှာလွှဲလိုက်ရင် ဘယ်သူကမှ သူ့ကို ပညာသင်ပေးတော့မှာ မဟုတ်မှန်းသိနေပြန်တာမို့ ဦးလေးဖြစ်သူကို ဖြောင်းဖျရပြန်ပါတော့တယ်။ ကျောင်းသားဆိုးတွေကို ကိုင်တွယ်ခဲ့တဲ့ ကိုယ့်အတွေ့အကြုံတွေကို ဖောက်သည်ချရင်း နည်းဗျူဟာပါ ချပေးရပြန်ပါတယ်။ ကိုယ့်ခမျာလည်း ကျောင်းသားဆိုးတွေကို ပြုပြင်ပေးနိုင်တယ်ဆိုတဲ့ နံမည်ထွက်နေပြန်တော့ ကိုယ့်ဆီကိုလာအပ်ကြရင် ဆရာမနိုင် နှစ်ဆောင်ပြိုင်တွေက များနေပါတယ်။ အင်း...Surveillance (ဆားပုလင်း)ဆိုတာ လူဆိုးထိန်းကို ခေါ်တာမို့ ကိုယ်ကလည်း ဆားပုလင်းနှင်းမောင်ထက်သာတဲ့ ဆားပုလင်းဟန်ကြည်များ ဖြစ်နေရော့သလားမသိ။  ကိုယ့်စိတ်ရင်းအတိုင်းသာဆိုရင် (ဆရာလုပ်နေတာလည်း မဟုတ်ခဲ့ရင်) ပေါင်၁၀၀တောင်မပြည့်တတ်တဲ့ ဒီမောင်ကျောင်းသားလူရိုင်းကို နာရင်းပဲ ပိတ်အုပ်ချင်စိတ်ပေါက်နေတာ ၀န်ခံပါတယ်။ ဒါပေမယ့် သင့်ရာကိုပို့ရမယ့် ဆရာ၊ မသင့်သင့်အောင်လုပ်ပေးရမယ့် ဆရာဟူသည်...ဆိုပြန်တော့လည်း...

ဒီတစ်ယောက်အရေးပြီးပြန်တော့ နောက်တစ်ရေးက ပေါ်ပြန်ပါတယ်။ ရန်ကုန်မှာ စီးပွားရေးတက္ကသိုလ်တက်နေတဲ့ ကိုယ့်ကျောင်းသူတစ်ယောက်က တစ်စခန်းထထားတာပါ။ ဒီကျောင်းသူတွေက ညီအစ်မနှစ်ယောက်လုံး ကိုယ့်ဆီမှာ တပြိုင်တည်း ဆယ်တန်းတက်ကြတာပါ။ ၀ိဇ္ဇာတွဲတွေဖြစ်ပြီး အပေါင်းအနုတ်တောင် မတတ်တာကြောင့် တခြားဆရာတွေက လက်မခံတာကို ဒေါပွလွန်းတာကြောင့် ကိုယ်ပဲသင်ပေးခဲ့တာပါ။ ဒါပေမယ့် ဒီကလေးနှစ်ယောက်လုံးက ကြိုးစားအားရှိပေမယ့် ဥာဏ်ရည်နိမ့်လွန်းတာကြောင့် ပထမတစ်နှစ်မှာ နှစ်ယောက်လုံးကျပါတယ်။ အဲဒီမှာတင် လူကြီးတွေက ကျောင်းမထားတော့ဘူးလို့ လုပ်နေတာကြောင့် ကိုယ့်ကျောင်းသားတွေ ကြိုးစားတာကိုသိနေတဲ့ ကိုယ်ကိုယ်တိုင်ပဲ လူမိုက်လုပ်ပြီး ပထမနှစ်က သင်တန်းကြေးရဲ့တ၀က်ပဲယူတဲ့အပြင် ဒီကလေးနှစ်ယောက်ကျရင် နောက်နှစ်စာသင်မစားဘူးဆိုတဲ့ ကတိပါပေးပြီး မိုက်မိုက်ကန်းကန်းသင်ခဲ့ရတာပါ။ သူတို့လူကြီးတွေကလည်း ထားချင်လွန်းလို့မဟုတ်ဘဲ ကိုယ့်ကိုယ်အားနာတာကြောင့် ထားတာလို့ နောက်ပိုင်းမှာ ကိုယ့်ကိုပြောကြပါတယ်။ ဇာတ်လမ်းကို ခပ်တိုတိုချုပ်ရရင် နောက်တစ်နှစ်မှာညီအစ်မနှစ်ယောက်လုံး အောင်ကြပါတယ်။ သူတို့သာ မအောင်ရင် ကိုယ်လည်း ဒီလောကထဲမှာ အခုချိန်အထိ ရှိနေမှာမဟုတ်တော့ပါ။ ကလေးတွေဘ၀အတွက် စားနေတဲ့ ထမင်းလုပ်ပါ အရင်းလုပ်ပြီး သင်ခဲ့ရဖူးပါရဲ့။

ညီမဖြစ်သူက အမှတ်တော်တော်ကောင်းပါတယ်။ ဘောက ၇၄၊ သမိုင်း ၇၂ ရတာကြောင့် ဂုဏ်ထူးနဲ့ သီသီလေးပဲ လွဲခဲ့တာမို့ ကိုယ်လည်း တော်တော်လေး အားရခဲ့ပါတယ်။ ဒီကလေးတွေ ကျောင်းဆက်ထားမယ်အလုပ်မှာ မပါမပြီးတဲ့ ကိုယ်ပဲတာဝန်ယူပြီး တက္ကသိုလ်ဝင်ခွင့် လျှောက်ပေးရပြန်ပါတယ်။ ညီမဖြစ်သူက သူတို့အမြင့်ဆုံးတက်ခွင့်ရတဲ့ စီးပွားရေးတက္ကသိုလ်ကို မီနေတာကြောင့် သူကလည်း တက်ချင်ပေမယ့် သူတို့လူကြီးတွေက အိမ်နဲ့ဝေးလွန်းတဲ့ဒေသဖြစ်တာကြောင့် မတက်စေချင်ပါ။ နီးနီးနားနားမြို့မှာ ရိုးရိုးဘွဲ့ပဲ ယူစေချင်ကြပါတယ်။ ကြိုးစားတဲ့ကလေးကို ဆုလာဘ်ရစေချင်တဲ့ ကိုယ်ကပဲ လူကြီးတွေကိုဖြောင်းဖျ၊ ကိုယ့်ကျောင်းသူကို အာမခံပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်ကို တက်ခိုင်းလိုက်ပါတော့တယ်။ ကိုယ့်ရည်ရွယ်ချက်က ရိုးရိုးလေးပါ။ ဒီကျောင်းသူအတွက် ဘ၀အာမခံချက်ရစေချင်တဲ့အပြင် ငွေကြေးတတ်နိုင်ကြပြီး ပညာမတတ်ကြတဲ့ သူတို့အိမ်အတွက်လည်း လုပ်ငန်းကြီးကြီးလုပ်ရာမှာ အထောက်အကူဖြစ်စေချင်တာပါ။

ဒါပေမယ့် ထင်သလိုမဖြစ်တဲ့ လောကနိယာမအတိုင်း ကိုယ့်ကျောင်းသူက ကျောင်းတက်လို့ တစ်လမပြည့်ခင်မှာပဲ ရည်းစားထားပြီး ကျောင်းပြေး၊ ပန်းခြံထဲသွားထိုင်၊ ခရီးတွေထွက်ပြီး ဆရာ့မျက်နှာကို အိုးမည်းတင်မက ကတ္တရာပါ အားပါးတရ သုတ်ပါတော့တယ်။ သူ့ကို စိတ်မချရဲတော့တာကြောင့် သူ့အိမ်က လူတစ်ယောက်ပါ ရန်ကုန်သွားနေပေးရပါတော့တယ်။ ကိုယ့်တပည့်တွေကို အင်မတန်မှယုံလွန်းတဲ့ (ယုံရလောက်အောင်လည်း ဆယ်တန်းတစ်နှစ်လုံးမှာ ကျောင်းစာတင်မကပဲ ဘ၀နဲ့ပတ်သက်တဲ့ ခံယူချက်အပြင် အတွေးအခေါ်ဗဟုသုတအစ၊ ဘာသာရေးအဆုံးအမအထိ ဖြည့်ပေးလိုက်ပြီးသားပါ) ဆရာဖြစ်သူကတော့ ဒါတွေကို တစ်ခုမှမသိဘဲ ထင်တစ်လုံးနဲ့ ကျေနပ်နေခဲ့ပါတယ်။ ဒီကျောင်းသူ ပထမနှစ်ဝက်အပြီးရောက်မှ သူတို့အိမ်က ကိုယ့်ကိုဖွင့်ပြောပြီး အကူအညီတောင်းတော့တာကြောင့် သိရပါတော့တယ်။

ဒီညီအစ်မနှစ်ယောက်စလုံးမှာ မိဘတွေတကွဲတပြားနဲ့မို့ ဘွားအေ၀မ်းကွဲက ကလေးအရွယ်ကတည်းက အစစပြုစုစောင့်ရှောက်ပြီးကျောင်းထားပေးခဲ့တာပါ။ ဒါကြောင့်မို့လည်း ကိုယ်က သူတို့ဘ၀ကို အမြင့်ဆုံးမရောက်တောင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်တဲ့ အဆင့်ထိရောက်စေချင်မိပါရဲ့။ ပထမနှစ်ဝက်မှာ စောစောက ပြောခဲ့သလို ဇာတ်လမ်းတွေဖြစ်လာတာမို့ သူတို့အိမ်က သူ့ကို ရန်ကုန်မှာ မတက်စေချင်တော့ဘဲ အနီးအနားဒေသမှာတင် ရိုးရိုးဘွဲ့တစ်ခုကို ယူခိုင်းဖို့ စိတ်ကူးဖြစ်လာပါတော့တယ်။ တစ်မျိုးလုံး တစ်ဆွေလုံးကလည်း အဲဒီအတိုင်း တစ်သံတည်းထွက်လာပါတော့တယ်။ ခက်တာက သူတို့ကလေးက လက်မခံဘဲ ခါးခါးသီးသီးငြင်းနေတာမို့ နောက်ဆုံးကယ်တင်ရှင် ဦးဟန်ကြည်ကို အကူအညီတောင်းကြပြန်ပါတော့တယ်။ အင်း ... သင့်ရာအပ်ပို့ ဆရာတို့ မဟုတ်ပါလား။

အကြောင်းစုံသိလိုက်ရတဲ့အခါ ကိုယ်စိုက်ခဲ့တဲ့အပင်တစ်ပင် အပွင့်ပွင့်ပြီး အသီးသီးကာနီးမှ ပိုးထိုးသွားတာ မြင်လိုက်ရတဲ့ ဥယျာဉ်မှူးတစ်ယောက်လိုပဲ တော်တော်လေးကို ယူကြုံးမရဖြစ်ရပါတော့တယ်။ တက္ကသိုလ်ကျောင်းသား ရည်းစားထားတာ မဆန်းပါ။ ဒါပေမယ့် ကျောင်းတက်ပြီး တစ်လမပြည့်ခင်ရည်းစားထားလိုက်တာကတော့ ရည်မှန်းချက်ပျောက်သွားမှန်း သိသာလွန်းနေပါရဲ့။ ဘ၀မေ့သွားတာလည်း ငြင်းစရာမလိုအောင် ရှင်းရှင်းကြီးပေါ်နေပြန်ပါတယ်။ အနာဂတ်အတွက် အားကိုးအားထားပြုဖို့ဆိုတဲ့ စိတ်ကူးလည်း ခပ်ဝါးဝါးပဲ ကျန်ပါတော့တယ်။ ဒါပေမယ့် ကလေးတစ်ယောက်ရဲ့ ဘ၀ နိမ့်ကျတာမမြင်ချင်တဲ့ ဆရာဖြစ်သူဦးဟန်ကြည်ခမျာ သူ့အစား သူ့လူကြီးတွေကို ဖြောင်းဖျပြီး နောက်တစ်ခါ အခွင့်အရေးထပ်ပေးဖို့ ချစ်စွာသော တပည့်မကိုယ်စား တောင်းပန်ရပါတော့တယ်။ ဒါကိုတော့ ကိုယ့်တပည့်မ သိမှာမဟုတ်ပါ။ သူတို့လူကြီးတွေကို သုံးနာရီလောက်ကြာအောင် ရှင်းပြပြီးတော့ သဘောပေါက်သွားကြပေမယ့် ဆရာ့တပည့်ကို ဆရာပဲဆုံးမပေးပါဆိုပြီး အပ်ကြပြန်ပါတယ်။ ကိုယ့်မှာလည်း အားတဲ့တစ်ရက်ကျရင် အိမ်ခေါ်ပြီးဆုံးမပေးပါဦးမယ်လို့ ကတိပေးလိုက်ရပါတော့တယ်။ ဒါပေမယ့် ကိုယ့်အလုပ်နဲ့ကိုယ် ဂျင်ချေလည်နေတာမို့ လေးငါးရက်ကြာတဲ့ အထိအကောင်အထည်မဖော်ဖြစ်သေးတာမို့ သူတို့လူကြီးတွေက ကိုယ့်ကိုယ်တွေ့တိုင်း ဆုံးမပေးဖို့ အားကိုးတကြီးပြောပါတော့တယ်။

ဒီညနေကပဲ စောစောက မောင်ကျောင်းသားအရေးကို ဖြေရှင်းပေးပြီး နောက်တစ်ဝိုင်းမဆက်ခင်မှာ ချစ်စွာသော တပည့်မအိမ်ဝင်ပြီး သူတို့ရဲ့ဆရာက သူတို့အတွက် သိက္ခာကိုထပ်ပြီး ရင်းဦးမယ့်အကြောင်း တပည့်မကို နားဝင်အောင် ရှင်းပြရပါတယ်။ နောက်ရက်မှာ အိမ်ကိုလာဖို့လည်း ပြောရပါသေးတယ်။ မပြီးသေးသောပန်းချီကားကို ထပ်ဆွဲသလို အသိဥာဏ်မပြည့်သေးတဲ့ ကိုယ့်တပည့်မကို လိုအပ်တာတွေ ထပ်ဖြည့်ဆုံးမပေးဖို့ပါ။ အင်း...သင့်ရာအပ်ပို့ဆိုတာ ဘယ်အထိများပို့ခိုင်းပါလိမ့်လို့ ကိုယ့်ကိုယ်ကိုပဲ မေးရမလား၊ ရှေးသူဟောင်းတွေကိုပဲ ပြန်မေးရမလား မသိတော့ပါ...

တိုင်းပြည်မှာ အရေးအကြီးဆုံး အလုပ်က ဦးဟန်ကြည်တို့ရဲ့ ပညာရေးအလုပ်ပါ။ တိုင်းပြည်တစ်ခုကို တည်ထောင်လို့ရသလို ဖျက်ဆီးနိုင်တာလည်း ဦးဟန်ကြည်တို့ပါ။ စာသင်ရတာ အင်မတန်လွယ်ပေမယ့် ဆရာကောင်းတစ်ယောက်ဖြစ်အောင် လုပ်ရတာ တစ်ဘ၀လုံးပုံအောလိုက်ရတာမို့ အင်မတန်ခက်လှပါတယ်။ ဒါပေမယ့် ဘာကြောင့်များ ကျူရှင်ဆရာလို့ပြောလိုက်ရင် အများစုက အထင်အမြင်သေးကြပါလိမ့်နော်...။

သင့်ရာအပ်ပို့တစ်ခုတည်းနဲ့တင် တစ်ဘ၀စာပေးလိုက်ရတဲ့ ဆရာတစ်ယောက်ဟာ ကျန်တဲ့ အတတ်လည်းသင်၊
ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊
ဘေးရန်ဆီးကာ ဆိုတဲ့
ဆရာ့ကျင့်ဝတ်တွေအတွက် ဘယ်လောက်အထိ အချိန်ပေးလိုက်ရမယ်၊ ဘ၀တွေရင်းလိုက်ရမယ်ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ဒါတင်မကသေးဘဲ ဦးစီးဦးဆောင် နာယကတွေဖြစ်နေပြန်တဲ့ ဆရာ့မှာ
ထကြွနိုးကြား၊
သနားသည်းခံ၊
ဝေဖန်ထောက်ရှု၊
ဤခြောက်ခု ကြီးသူ့ကျင့်ဝတ်တာလို့
ဆိုပြန်တဲ့ ကျင့်ဝတ်တွေကိုလည်း ပြည့်အောင်ဖြည့်ရပြန်တဲ့အခါ...

ဦးဟန်ကြည်တစ်ယောက် အခုထိကို ဆရာကောင်းတစ်ယောက် ပြည့်ပြည့်၀၀ မဖြစ်နိုင်သေးပါ။

ကိုင်း...လွယ်တယ်ထင်ရင်လည်း စမ်းလိုက်ကြပါစို့လား။


Friday, 27 May 2011

အမှိုက်ခြင်း . . .

“ အမှိုက်ခြင်း ”

ကဗျာတစ်ပုဒ်  စာတစ်ဆုပ်ကို
ရေးထုတ်ဖို့ကြံ  စိတ်ရည်သန်လည်း
ရင်ထဲဗလာ  အကာအတိ
စိတ်ကသိသော်
မချိအပြုံး  တွင်တွင်သုံးရင်း 
ချက်ချင်းနောက်ဆုတ်နေမိသည်...

ရသစာပေ  အမြုတေသည်
ဖွေရှာဖတ်သူ  တစ်ဖက်လူတွင်
ချစ်ရွှင်သနား  တည်ကြားကြမ်းကြုတ်
စက်ဆုတ်ကြောက်ရွံ့  ရဲဝံ့အံ့သြ
နောအရသာ  ကျန်းဂန်လာကို
ရင်မှာတွယ်ငြိ  ဂွမ်းဆီထိသို့
ထောက်ပို့နိုင်မှ  ရေးသင့်လှဟု
စိတ်ကခံယူမိပြန်သည်...

သုတစာပေ  ရေးပြန်လေလည်း
ဖွေဖွေရှာရှာ  သေချာစေ့စပ်
သီကုံးတတ်မှ  ဖတ်ရကျိုးနပ်
ရေးကျိုးနပ်မည်  သိနေသည်ကြောင့်
ဖြောင့်ဖြောင့်မရေးနိုင်မိပြန်... 

စာတိုပေစ  မရေးရလျှင်
စိတ်ကမရွှင်  မကြည်လင်ငြား
 ကိုယ့်စာသားသည်   တပါးသောသူ
စိတ်ကြည်ဖြူအောင်  မဆောင်နိုင်သေး
တွေးမိပြန်လျှင်
သံယောဇဉ်ဖြတ်  တစ်ခန်းရပ်ရင်း  
အမှိုက်ခြင်းသို့ပို့မိသည်...။    ။

ဟန်ကြည်
၂၈.၅.၂၀၁၁ ( စနေနေ့ )
၁း၀၀နာရီ


Wednesday, 25 May 2011

ဦးဟန်ကြည်ရဲ့ နိုင်ငံရေး . . .

တစ်ရက်တစ်ရက်လည်း ကျောင်းသားသစ်တွေနဲ့ နပမ်းလုံးရင်း ကုန်မှန်းမသိ ကုန်လို့နေပါတော့တယ်။ သင်ကြားရေးမှာ ကျောင်းသားတွေကို ဦးတည်တဲ့ သင်ကြားမှုနည်းစနစ်ကို အလေးထားတာကြောင့် ကျောင်းသားသစ်တွေကို သင်ကြားမှု နည်းစနစ်သစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် တပင်တပမ်း လုပ်ယူနေရတာလည်း ဧရာမအလုပ်ကြီးတစ်ခုပါ။ ဟင်းစားပေးရင် သက်သာမှန်းသိပေမယ့် ရေရှည်မှာ မသက်သာတာကို အတွေ့အကြုံအရသိနေတာကြောင့် ကွန်ချက်ပြဖို့ပဲ ခဲခဲယဉ်းယဉ်း ကြိုးစားရပါတော့တယ်။ ပိုဆိုးတာက spoon feeding education အောက်မှာ parrot learning နဲ့ ဆယ်တန်းရောက်လာကြတာမို့ အစစအရာရာကို ပြန်သင်ပေးနေရတာပါပဲ။ ဒါပေမယ့် သမိုင်းစတင်တဲ့ ပုဂံခေတ်ကတည်းက ဒီစနစ်နဲ့ အသားကျပြီးသား ကိုယ်တို့တိုင်းသူပြည်သားတွေကို နားလည်ပေးရပါလိမ့်မယ်။ ကိုယ်တို့ကလေးတွေရဲ့ အနေအထားကိုလည်း သဘောပေါက်ဖို့လိုပါသေးတယ်။ ဘယ်အရာမှ ချက်ချင်းမရနိုင်တာကိုလည်း ယုံယုံကြည်ကြည်နဲ့ လက်ခံပေးရဦးမှာပါ။

ကိုယ့်တပည့်ကျော် အခြေခံပညာအထက်တန်းကျောင်းသားရင့်မကြီးတွေဟာ သင်္ချာမှာ အခြေခံအပေါင်း၊ အနုတ်ကို မကျွမ်းကျင်ပါလို့ပြောရင် လွန်တယ်ထင်ပါလိမ့်မယ်။ မယုံမရှိပါနဲ့ တကယ့်လက်ရှိအခြေအနေပါ။ အင်္ဂလိပ်စာမှာလည်း subject, verb, object ကို အမြီးအမောက်တည့်အောင် မသိကြပါ။ အားမနာတမ်းပြောရရင် ဒီဘက်ဒေသက ဆယ်တန်းကျောင်းသားလေးတွေရဲ့ ပညာအဆင့်အတန်းဟာ ရန်ကုန်လိုမြို့ကြီးပြကြီးက ငါးတန်းခြောက်တန်းအဆင့်သာသာပဲ ရှိတာပါ။ မြို့ကြီးနဲ့ မြို့ငယ် ပညာရေးအဆင့်ကွာတတ်တာ သဘာဝလို့ ပြောနိုင်ပေမယ့် အခုလောက်ထိတော့ မကွာသင့်ပါ။ တကယ်ဆို ဘယ်ဒေသသားပဲဖြစ်ဖြစ် ပခုံးနှစ်ဘက်ကြားက လူတွေချည်းပဲမို့ ဇွဲကောင်းကောင်း၊ စိတ်ဓာတ်ရှိရှိနဲ့ မဆုတ်မနစ်ကြိုးစားကြရင် အရည်အသွေးတူရမှာပါ။ ခက်နေတာက ကြိုးစားချင်စိတ် မရှိတာပါပဲ။ ထူးချွန်ကျောင်းသားတွေမှာ ကြိုးစားချင်စိတ်၊ သိလိုစိတ်ဆိုတာမျိုးက သူ့ဗီဇမှာ ပါပြီးသားဖြစ်ပေမယ့် ပုံမှန်နဲ့ ပုံမှန်အောက်ကျောင်းသားတွေမှာတော့ ဆရာ၊ မိဘတွေရဲ့ ပံ့ပိုးမှုမပါဘဲ ဒီစိတ်ဓာတ်တွေ ဘယ်လိုမှ ၀င်မလာနိုင်ပါ။ ဒီဘက်ဒေသမှာတော့ မိဘအများစုက ပညာမတတ်ကြတဲ့အပြင် စီးပွားရေးနဲ့ပဲ နပမ်းလုံးနေကြတာ များတာကြောင့် ကျောင်းသားကိစ္စအတွက် သူတို့ကို နည်းနည်းမှ အားကိုးလို့မရနိုင်ပါ။ ဒါကြောင့် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ စိတ်ဓာတ်နဲ့ ပညာရည်မြင့်မားရေးဟာ ကိုယ်တို့ဆရာတွေရဲ့ ခေါင်းပေါ်မှာ အထုပ်လိုက် အပိုးလိုက် ကျလာပါတော့တယ်။ ဒါကိုပဲ ပညာတတ်တစ်ယောက် ထမ်းရမယ့် တာဝန်လို့ ဦးဟန်ကြည်တစ်ယောက် ကျေကျေနပ်နပ်ခံယူပါတယ်။ ဘာကိုမှလည်း မကျေမနပ်လည်း မဖြစ်မိပါ။ ဘယ်သူ့ကိုမှလည်း  အပြစ်မတင်မိပါ။ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ကို ကျေကျေပွန်ပွန်ထမ်းဖို့ပဲ အားသန်ပါတယ်။

နိုင်ငံတကာက ကျောင်းဆရာတွေဟာ ကိုယ်တို့လောက်မပင်ပန်းတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကျောင်းသူကျောင်းသားအများစုမှာ တိုးတက်ချင်စိတ်၊ ကြိုးစားချင်စိတ်ဆိုတာ မွေးရာပါဗီဇအတိုင်း အလိုလိုပါပြီးသားမို့ပါ။ ဒါ့အပြင် သူတို့ကလေးတွေမှာ ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ်ဓာတ်ဆိုတာက ငယ်ငယ်လေးကတည်းက သန္ဓေတည်ခဲ့ပြီးသားမို့ အစစအရာရာ ဆရာ့လုပ်သူရဲ့ နို့သက်ကို ခံမနေကြပါ။ ဒါကြောင့် ဆရာလုပ်သူဟာ သင်ကြားရေးကိုပဲ အာရုံစိုက်ဖို့လိုပါတော့တယ်။ ကိုယ်တို့တွေလို သင်ကြားရေးရော၊ ထိန်းသိမ်းရေးပါ ပါလေရာငပိချက်လုပ်စရာမလိုတာကြောင့် သင်ကြားမှုဟာ ပိုပြီးထိရောက်သလို ဆရာလည်း သက်သာပါတယ်။ ဒါကြောင့်ပဲ ကိုယ်တို့ပညာရေးဟာ သူများနိုင်ငံတွေလောက် အဆင့်အတန်းမမြင့်သေးတာပါ။ ပညာရေးစနစ်သစ်နဲ့ နိုင်ငံတကာ စံချိန်မီအောင်လုပ်တာ အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် ကိုယ်တို့တစ်တွေနဲ့ ကိုယ်တို့ကျောင်းသားတွေရဲ့ အခြေခံစိတ်ဓာတ်ကရော နိုင်ငံတကာ စံချိန်မီပါရဲ့လား။ မေးစရာမလိုတဲ့ အဖြေဖြစ်မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ထိုင်ပြီးညည်းနေရင် ကိုယ့်ပေါင်ကို လှန်ထောင်းရာကျရုံကလွဲပြီး အကျိုးမရှိရုံသာမက စိတ်ဓာတ်ကျတာပဲ အဖတ်တင်မှာမို့ သူများကိုကြည့်ရင်း သွားရည်ကျရုံနဲ့ ကျေနပ်နေတတ်တဲ့ မွေးရာပါ လူမျိုးရဲ့ဗီဇကို ဇွတ်အတင်းဖျောက်ပြီး လုပ်သင့်လုပ်ထိုက်တာကိုပဲ အင်တိုက်အားတိုက်လုပ်နေဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်းနဲ့ ခပ်ရှင်းရှင်းပြောရရင် စာသင်တဲ့အလုပ်ဟာ ဦးဟန်ကြည်ရဲ့ အသက်မွေးဝမ်းကြောင်းပါ။ ဒီထက်ပိုရှင်းအောင် ခပ်ပြောင်ပြောင်နှက်ရရင် စာသင်မှထမင်းစားရတာပါ။ ဒါပေမယ့် ထမင်းစားရရင်ပြီးရောဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ စာသင်မစားပါ။ မရှက်မကြောက်နဲ့ ရိုးရိုးသားသားလုပ်စားရင် ထမင်းငတ်သေတဲ့ မသာမရှိခဲ့ဖူးတဲ့ ဒီတိုင်းပြည်မှာ ထမင်းတစ်လုပ်ကတော့ ထင်းခုတ်စားရင်လည်း ရပါတယ်။ ကိုယ်ခေါင်းထဲမှာ ရှိထားတဲ့ပညာတွေကို သေရာယူသွားရမှာ နှမြောတဲ့စိတ်၊ ကိုယ်သင်ထားတဲ့ပညာနဲ့ ကိုယ်တတ်နိုင်သမျှ  ကောင်းကျိုးပြုချင်တဲ့စိတ်ကြောင့် အသက်မွေးဝမ်းကြောင်းတွေ တပုံတခေါင်းထဲကမှ ဒီပညာရေးလမ်းကြောင်းကို ကိုယ့်သဘောနဲ့ကိုယ် ရွေးခဲ့တာပါ။ အခုအထိလည်း ကိုယ့်ရဲ့အကောင်းဆုံးတွေကိုပဲ ကိုယ့်ကျောင်းသားတွေကို ကိုယ်တတ်နိုင်သလောက် ပေးခဲ့ပါတယ်။ ဒီလောကထဲမှာ ရှိနေသမျှလည်း ဆက်ပြီးကြိုးစားပေးနေမှာပါ။ ဒီကျောင်းသားတွေဟာ ဦးဟန်ကြည်ရဲ့ တိုင်းပြည်ပါ။ ဒီအသက်မွေးဝမ်းကြောင်းဟာ ဦးဟန်ကြည်သိတဲ့ နိုင်ငံရေးပါ။

တကယ်ဆို ဦးဟန်ကြည်တတ်နိုင်သမျှဟာ ကိုယ့်ကျောင်းသား လက်တစ်ဆုပ်စာလေးပဲ ရှိပါတယ်။ ဦးဟန်ကြည်ကိုယ်တိုင်လည်း သူများတကာလို တိုင်းသိပြည်သိမဟုတ်သလို နှာခေါင်းပေါက်လောက်သာရှိတဲ့ မြို့ကလေးမှာတောင် ကိုယ့်နံမည်ကို မကြားဖူးသေးတဲ့လူတွေ ဒုနဲ့ဒေးပါ။ ဒါပေမယ့် ကိုယ်တတ်နိုင်သမျှကို အကောင်းဆုံး ဖြစ်အောင်ကြိုးစားပေးနေရင်း ကိုယ့်ကိုယ်ကို ကျေနပ်ပါတယ်။ ကိုယ့်ကျောင်းသူကျောင်းသားတွေ စိတ်ဓာတ်ကောင်းကောင်း၊ ဇွဲရှိရှိနဲ့ ဘ၀ခရီးကို ဖြတ်သန်းဖို့ လိုအပ်တဲ့ ကိုယ်ခံအားတွေ ရှိလာတာကို စောင့်ကြည့်ရင်း၊ ပံ့ပိုးရင်းနဲ့ ဘ၀ကိုနှစ်နှစ်ခြိုက်ခြိုက်ကြီး ဖြတ်သန်းပါတယ်။ အခုအချိန်အထိ အရာရာကို အလိုမကျတာတွေ ရှိခဲ့ပေမယ့် ကိုယ်မလုပ်နိုင်တဲ့ အရာကို လုပ်နေတဲ့လူတွေကို ဘယ်တော့မှ ဘေးထိုင်ဘုပြော မလုပ်ပါ။ လုပ်နိုင်သမျှကို တတ်နိုင်သမျှ ကောင်းအောင်လုပ်ပါတယ်။ အခုလို လုပ်နေရုံနဲ့ ကိုယ့်တိုင်းပြည် မတိုးတက်နိုင်ဘူးလို့ ပြောချင်ပြောပါ။ ဒါပေမယ့် သေချာတာကတော့ ကိုယ့်ကျောင်းသားတစ်ယောက်ချင်းစီကတော့ အကောင်းဆုံးတိုးတက်သွားကြတာတွေချည်းပါပဲ။ သူတို့တွေကရော ကိုယ်တို့တိုင်းသူပြည်သားတွေပဲ မဟုတ်ပါလား။ သူတို့တွေ ထူးချွန်သွားတော့ ဘယ်နိုင်ငံ အကျိုးရှိပါသလဲ၊ ဘယ်လူမျိုး အကျိုးရှိပါသလဲ။ ဒါကိုမှ တိုင်းပြုပြည်ပြုလို့မပြောချင်ရင်တော့လည်း တိုင်းပြည်ကိုဖျက်တဲ့ အလုပ်လားလို့ အော်မေးရင်း ထိုင်ဆဲရုံပဲကျန်ပါတော့တယ်။

ကိုယ်လုပ်နိုင်သမျှကို အကောင်းဆုံးလုပ်နေတဲ့ ဦးဟန်ကြည်ကတော့ တတိယနိုင်ငံတွေမှာသွားနေပြီး တိုင်းပြည်အတွက်ဆိုတဲ့ ခေါင်းစဉ်လှလှတပ်ပြီး လေနဲ့လုပ်စားနေကြတဲ့ တိုင်းသိပြည်သိ ပုဂ္ဂိုလ်ကြီးတွေထက် ပိုပြီးမြင့်မြတ်တယ်လို့ ကိုယ့်ကိုယ်ကို ခပ်ပြောင်ပြောင်ပဲ တွေးပါတယ်။ ထမင်းတစ်လုပ်အတွက် အတင်းလည်းတုပ်စရာမလိုတဲ့ ကိုယ့်ဘ၀က သူတို့ထက်ပိုပြီး ကျေနပ်စရာကောင်းတယ်လို့ ခံယူပါတယ်။ ကိုယ့်တိုင်းသူပြည်သားတွေ ကောင်းကျိုးဆိုတဲ့ စကားလုံးလှလှသုံးပြီး တိုင်းရင်းသားအချင်းချင်း၊ နိုင်ငံသားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် အထင်အမြင်မလွဲလွဲအောင်လုပ်၊ ပြည်တွင်းစစ်ဖြစ်ပြီး အပြစ်မဲ့တဲ့ တိုင်းသူပြည်သားတွေမသေသေအောင် သွေးထိုးပေးနေတဲ့ အဲဒီပုဂ္ဂိုလ်ကြီးတွေကို တစ်ခုလောက် မေးချင်ပါရဲ့။

သူများမျက်ရည်စက်တွေ၊ ဘ၀တွေကိုနင်းပြီး တက်ရတဲ့လမ်းကို ဘာကြောင့်များ မြတ်မြတ်နိုးနိုးလုပ်နေကြပါသလဲလို့။ တကယ်လို့များ အဲဒီပုဂ္ဂိုလ်ကြီးတွေများ သေနတ်သံ၊ မိုင်းသံတွေကြားမှာ ကိုယ်တို့လို ရောက်နေရင် ဘာတွေများပြောကြမလဲလို့။ 
 
အရာရာကို ဂဃနဏ တိတိကျကျ မသိဘဲ တစ်ဖက်စောင်းနင်းအမြင်နဲ့ သတင်းသမားလုပ်နေတဲ့ အဲဒီပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ကြီးတွေဟာ သတင်းသမားလို့များ နံမည်ခံထိုက်ပါသလား ဆိုတာတော့ ဦးဟန်ကြည်လဲ မတွေးတတ်ပါ။ ဦးဟန်ကြည်ကတော့ ကိုယ့်အလုပ်ကိုပဲ ကောင်းကောင်းလုပ်ပါတယ်။ ဘယ်သူ့မကောင်းကြောင်းမှလဲ စိတ်မ၀င်စားပါ။ မကောင်းတာကို တတ်နိုင်သလောက် ကောင်းအောင် ဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲဆိုတာပဲ တွေးပြီး တတ်နိုင်သလောက် ကွက်လပ်ဖြည့်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မျိုးချစ်သူရဲကောင်းကြီးလို့လည်း တစ်ခါမှ မတွေးပါ။ သူရဲကောင်းဖြစ်အောင်လည်း မကြိုးစားပါ။ ဒီဘက်ခေတ်မှာ သူရဲကောင်းလဲ မလိုပါ။ တာဝန်ကျေတဲ့ နိုင်ငံသားတွေပဲ လိုပါတယ်။ ဦးဟန်ကြည် လုပ်နေသမျှဟာ သင်ထားတဲ့ပညာနဲ့တန်အောင် ပြန်ပေးဆပ်ရုံသက်သက်ပဲ လုပ်နေတာဖြစ်ပါတယ်။

ဒီလောက် သဘာဝဘေးဆိုး၊ ကပ်ဆိုးကြီးတွေဝိုင်းနေပြီး တိုတောင်းလှတဲ့ လူ့သက်တန်းမှာ လူ့လောကရဲ့အလှကို တတ်နိုင်သလောက်ဆင်ဖို့ မကြိုးစားပဲ တစ်ဖက်သားရဲ့ အပြစ်တွေချည်း မှန်ဘီလူးတစ်လက်နဲ့ တစ်ဖက်နဲ့တစ်ဖက် အားအားယားယား ရှာနေကြတဲ့ ချစ်စွာသော မိတ်ဆွေကြီးများ အနေနဲ့ အရာရာကို အ၀ိဇ္ဇာမျက်လုံးတွေနဲ့ တစ်ဖက်စောင်းနင်းကြည့်နေကြမယ့်အစား ကိုယ်တတ်နိုင်သမျှကို စေတနာသန့်သန့်နဲ့ လုပ်ကြရင်ဖြင့် ဦးဟန်ကြည်တို့ တိုင်းပြည်လည်း တဖြည်းဖြည်းနဲ့ တိုးတက်လာရမှာ မလွဲပါ။ ဒါပေမယ့် ကိုယ်တို့တိုင်းပြည် ဆင်းရဲတာ၊ လူတန်းမစေ့တာ မငြင်းပါ။ ဒါပေမယ့် သူစိမ်းအိမ်မှာ ကောင်းကောင်းနေရရုံနဲ့ ဆင်းရဲတဲ့ အမေ့အိမ်ကိုတော့ ဖျက်လိုဖျက်ဆီးမလုပ်သင့်ဘူးလို့ ရိုးရိုးလေးပဲ တွေးပါတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား တိုးတက်ဖွံ့ဖြိုးပြီးဖြစ်တဲ့ နိုင်ငံကြီးတွေကိုတော့ နှစ်ပေါင်း၅၀အတွင်း ဘယ်လိုမှ မယှဉ်နိုင်သေးတာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ဆင်လည်းဆင့်အထွာ၊ ဆိတ်လည်း ဆိတ်အထွာမို့ ကိုယ့်အတိုင်းအတာလေးနဲ့ကိုယ် တိုးတက်အောင် ကြိုးစားပေးဖို့ပဲ လိုပါတယ်။ ဘာကြောင့်များ အဲဒီိလို စိတ်ကောင်းလေးတွေ မ၀င်ကြပါလိမ့်?

ဘလော့သက်တန်းတစ်နှစ်ကျော်အတွင်း အလုပ်အကြောင်း၊ အတွေ့အကြုံလေးတွေအကြောင်းပဲ ရေးနေခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် အခုလို လေသံတစ်မျိုးထွက်လာတာကြောင့် နိုင်ငံရေးသမားလို့ အမည်တပ်ချင်တပ်နိုင်ပါတယ်။ ဟုတ်ပါတယ်။ ဦးဟန်ကြည် နိုင်ငံရေးလုပ်ပါတယ်။ ဒါပေမယ့် ပါတီနိုင်ငံရေး မဟုတ်ပါ။ ပါတီနိုင်ငံရေးဟာ လူညစ်ပတ်တွေရဲ့ အလုပ်လို့ပဲ ခပ်ရှင်းရှင်းမြင်ပါတယ်။ ဦးဟန်ကြည်က ကိုယ့်တိုင်းပြည်အတွက် ကိုယ်နိုင်သလောက် အလုပ်အကြွေးပြုမယ့် အမျိုးသားနိုင်ငံရေးသမားပါ။ စားစရာမရှိတဲ့သူကို စားစရာပေးပါတယ်။ ပညာချို့တဲ့သူတွေကို ပညာသင်ပေးပါတယ်။ ကိုယ်လုပ်သမျှကို တန်ဖိုးထားပြီး လေးလေးစားစား လုပ်ပါတယ်။ ဒါပေမယ့် ထမင်းစားဖို့လည်း လုပ်ရသေးတာမို့ ပရဟိတချည်းသက်သက်လည်း မလုပ်နိုင်သေးပါ။ သီလစောင့်ဖို့အရေးအတွက် အူမတောင့်ဖို့ကို အရင်ဦးစားပေးနေရတဲ့ ဘ၀မို့ ကိုယ့်ကျောင်းသားတွေဆီက ထိုက်သင့်တဲ့ ၀န်ဆောင်စရိတ်ယူနေပါတယ်။ ဒါပေမယ့် ကိုယ်ရသမျှဝင်ငွေကို ကိုယ်တစ်ယောက်တည်း မသုံးဘဲ အများနဲ့အတူ ဝေမျှသုံးဖို့ ဦးစားပေးတာမို့ နိုင်ငံကျော်၊ ကမ္ဘာကျော် ပါတီနိုင်ငံရေးသမားကြီးတွေထက်တော့ မျက်နှာမွဲ အမျိုးသားနိုင်ငံရေးသမား ဦးဟန်ကြည် ဂုဏ်မငယ်ပါလို့ပဲ ကိုယ့်တရားကိုယ်စီရင်ရင်း ကိုယ်ယုံကြည်တဲ့ လမ်းစဉ်အတိုင်း မျက်စိကိုမှိတ်၊ နားကိုပိတ်ရင်း ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အလုပ်ကို အကောင်းဆုံးပံ့ပိုးဖို့ ကြိုးစားနေဆဲပါ။     ။




 

Sunday, 15 May 2011

ထုံးအိုးထမ်းမယ့် ဦးဟန်ကြည် . . .

အင်တာနက်နာရီ 
လက်ကျန်နည်းနေသဟာကြောင့် အွန်လိုင်းပေါ် တက်သင့်မတက်သင့် ချိန်ဆနေလင့်သော်ငြားလည်း ဘလော့ဂါမည်သည် အဘယ်အကြောင်းကြောင့်မှ ဘလော့ဂင်းခြင်းကို မစွန့်ရာဟု ကိုယ့်ဖာသာကိုယ် အလုပ်မပို့ပိုအောင် ချမှတ်ထားမိပေထသော မဟာ့မဟာ သံဓိဋ္ဌာန်တော်ကြောင့် မဖြစ်ဖြစ်သည့်နည်းဖြစ့် ပို့စ်သစ်တင်အံ့ဟု စိတ်ရည်သန်လျှက် ဘလော့ဂါတို့ ဘိုင်ကျသောအခါ လုပ်လေ့လုပ်ထရှိသော လုပ်ထုံးလုပ်နည်းကို အပြည့်အ၀ လိုက်နာပြီးသကာလ  နုတ်ပက်ဟု သညာပေးအပ်သော စာရေးကဒ်ကို ဖွင့်ပြီးလျှင် ဇော်ဂျီဖောင့်ဟု အမည်သညာတွင်ပေထသော လွန်စွာမှ ရှေးကျလှသည့် အင်တာနက်သုံး  မြန်မာစာစနစ်ဖြင့် ပို့အသစ်တစ်ခုကို မဖြစ်ဖြစ်အောင် ဖြစ်ညှစ်ရေးထုတ်ပြီး ကော်ပီအင်ကတ် စနစ်ကို ကျင့်သုံး၍ အင်တာနက်ပေါ်တွင် ငါးမိနစ်ခန့်သာ အချိန်ကြာအောင် ဥာဏ်နီဥာဏ်နက်မျိုးစုံထုတ်ပြီး ဤပို့စ်အသစ်ကိုဖတ်သူစိတ်ညစ်အောင် တင်လိုက်ပြန်ပါချေသည် စာရှုသူ။

သင်ရိုးညွှန်းတန်းစာအုပ်ပေါင်းစုံကို စီစဉ်ရေးထုတ်နေမင့်ကြောင့် အားလပ်ချိန်ဟူ၍ စိုးစဉ်းမျှပင် မရှိရာ ဘီယာစုတ်ချိန်ပင် စဉ်းငယ်မျှ မရလင့်ကစား ဘ၀ဘ၀က ပါရမီဟု အမည်ကောင်းတပ်အံ့သော မရေးရမနေနိုင်သည့် ၀ဋ်ကြွေးကြောင့် အချိန်ရှိသမျှ ဘလော့ဂင်းရန်အတွက်သာ အားသန်နေပြန်သည်ကလည်း မံမံပန်းကန် မှောက်အောင် ကလူကျီစယ်သကဲ့သို့ ရှိပြန်ချေသည် တမုံ့။ ပသို့ပင်ဆိုစေ ဆိုရေးရှိက ဆိုအပ်စွဟူသော ရှေးသူဟောင်းတို့ ထုံးဟောင်းကို အင်တာနက်ခေတ်နှင့် လိုက်လျောညီထွေအောင် ရေးရေးရှိက ရေးအပ်စွဟု ကိုယ့်တရားကိုယ်စီရင် အသစ်ပြင်ပြီးလျှင် ရင်ထဲစိတ်ထဲတွင် အခဲမကျေအောင်ဖြစ်နေပါသော အနှီအကျိတ်၊ အဖု၊ အစိုင်၊ အခဲကို နည်းနည်းပင်ပြေသော်လည်း ခံသာရာ၏ဟု ယူဆပြီးလျှင် ကြားဖူးနားဝ ပုံဟောင်းတစ်ပုဒ်ကို ထုတ်နုတ်တင်ဆက်မိပြန်ပါပေ၏။

အတီတေ ရှေးအခါက စာရေးသားရာတွင် ကွန်ပြူတာဟု အမည်တွင်ပေထသော သိုးဆောင်းဘုတ်အုတ်ကလည်း မပေါ်သေးရုံသာမက၊ ပေါက်ဖော်ကြီးတို့ စီစဉ်ဖန်တီးအပ်သော စက္ကူမည်သည့် အရွက်ပါးပါးကလည်း မြင်ကာမျှပင် မမြင်ဖူးသေးသည်ဖြစ်ရာ ဖွတ်ကလိဒင်္ဂါး ပြားပြားမှမကုန်ပဲ အလကားမတ်တင်းဖြင့် ပေပင်ပေါ်တက်ခူးလျှင် ရစကောင်းသော ပေရွက်ပေါ်တွင် ကညစ်ဟု အနွတ္တသညာတွင်ပေထသော သံချွန်ဖြင့် စာပေတို့ကို သက်တောင့်သက်သာ မရှိလှစွာ ရေးသားရသည် ဟူသတတ်။ အနှီကာလတွင် အညာကျေးလက် ဘဂ၀ါဟိုက်စကူးခေါ် ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ပဉ္စင်းငယ်တစ်ပါးသည် စာချဆရာတော်ထံ ချဉ်းကပ်ပြီးလျှင် မိမိသီကုံးစပ်ဆိုထားသော ပါဠိဂါဌာတစ်ပုဒ်ကို သဒ္ဒါနည်းကျမကျ၊ ဖွဲ့ထုံးမှန်မမှန် စစ်ဆေးပေးပါရန် တောင်းပန်လေသတတ်။ အကယ်တည့် အနှီဂါဌာတွင် အမှားတစ်လုံးတစ်လေ ပါရှိငြားလျှင် အနီးရှိ ထုံးအိုးထဲမှ ထုံးဖြင့် အသာအယာတို့၍မှတ်သားပေးပါကြောင်း ထပ်လောင်း၍ မေတ္တာရပ်ခံပြီးလျှင် ထိုပဉ္စင်းပျိုလည်း သင့်ရာနေရာသို့ဖယ်ခွာသွားလေ၏။ အချိန်အတန်လင့်လတ်သော် ထိုပဉ္စင်းပျိုလည်း စာချဆရာတော်ထံသို့ ပြန်လည်ချဉ်းကပ်ပြီးလျှင် မိမိ၏ပေမူအကြောင်းကို မေးမြန်းသည်ဟူ၏။ ထိုရောအခါ ဆရာတော်ပြန်ဖြေသည်မှာကား “အို... ပါဠိပါဋ္ဌ်သားအရာတွင် သူမတူအောင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပေထသော မောင်ပဉ္စင်း...။ မောင်ပဉ္စင်း၏ ပေမူကို ငါဆရာစစ်ရာတွင် အမှားတစ်လုံးတွေ့သကာလ ထုံးဖြင့်တို့ရင်း စစ်လေရာ ထုံးတို့၍ပင် မနိုင်အောင် ဖြစ်ရလေသောကြောင့် မောင်ပဉ္စင်း၏ ပေမူကို ပသို့ပြုရမည်ပင် မဆုံးဖြတ်တတ်လေတော့ရာ အနှီထုံးအိုးထဲတွင်သာ နှစ်ထားလိုက်ရချေသည် တမုံ့” ဟု မျက်နှာတော်နီနီဖြင့် မိန့်လေသောကြောင့် ပဉ္စင်းပျိုလည်း ထုံးအိုးထဲကို လက်အသာနှိုက်ပြီးလျှင် မိမိ၏ပေမူကို အသာအယာယူ၍ ဝေးရာသို့ ပြေးရှာရလေသတတ်။

အနှီပုံပြင်ကို ပုလုကွေးအရွယ် ငယ်ကတည်းက ကြားဖူးပင်ကြားဖူးငြားသော်လည်း ကျောင်းစာမှတပါး အပြင်စာများကို ဉာဏ်မကစားအားလောက်အောင် ဖိစီးပေထသော ရွှေပြည်ကြီး၏ မဟာပညာရေးစနစ်ကြောင့် လောက်လောက်လားလား နားလည်ခံစားမိခြင်းမရှိဘဲ တဟဲဟဲနှင့် သွားဖြဲနားဖြဲ ရယ်ရုံသာ တတ်နိုင်ခဲ့ချေသည်တမုံ့။ ပသို့ဆိုစေ နေ့ကိုလစား၊ လကိုနှစ်စား၊ ရွှေပြည်၏စီးပွားကို လူနပ်တို့စား၊ မော်ဒယ်ဂဲလ်ကို အန်ကယ်တို့စား၊ တကျွတ်ကျွတ်ညံသော စုတ်သပ်သံကို ဖွတ်ကြောပြာစုတို့ စားရင်းဖြင့် အရွယ်တော် တစ်ဆိတ်ဟိုင်း၍ နှစ်ဆယ်ကျော် အစိတ်ပိုင်းကို နှစ်ခါပင်ဝင်လုလေမှ အနှီပုံပြင်ကို ဉာဏ်ဖြင့်ဆင်ခြင်မိရတော့ချေရာ ကိုယ့်ကိုယ်ကိုပင် လွန်စွာမှ နှစ်ထောင်းအားရဖြစ်မိပြီးလျှင် ကျည်ပွေ့ဖြင့်ငယ်ထိပ်ကိုနှက်ချင်လောက်အောင် ကြည်ညိုမိရချေတော့သည်။

လူသားဟူသမျှ အမှားနှင့်မကင်းနိုင်လေရာ တစ်ရက်တစ်ရက်မှားသမျှ ထုံးတို့၍သာ မှတ်သားထားရလျှင် လူတစ်ကိုယ်လုံး ထုံးပဒေသာဖြစ်ပြီး အ၀တ်အစားဝတ်ရန်ပင် လိုအံ့မထင်သောကြောင့် ဖွတ်ကလိဒင်္ဂါးအကုန်အကျ အတန်ပင်သက်သာချေမည်ဟု မဟာ့မဟာ အကြံကြီး ဖြစ်ပေါ်လာရပြန်ချေတော့သည်။ သို့ပင်သော်ငြား အသူက အသူ့ကို စစ်ဆေးပေးအံ့နည်းဟူသည့် မဟာပြဿနာတော်ကြီး တစ်ရပ်လည်း ပေါ်လာရပြန်ချေတော့သည်။ အဘယ်သကောင့်သားတွင် သူတပါးကို စစ်ဆေးပေးအံ့သော အရည်အချင်းသည် ပြည့်စုံအံ့နည်းဟူသည်ကိုလည်း ဖြူပြီးဖြစ်သော ခေါင်းထက်ကဆံပင် သုံးလေးပင်အကျွတ်ခံ၍ စဉ်းစားပါငြားကပဲ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှပင် မမြင်ပြန်လေ။

ကလိယုဂ်ဆုတ်ကပ်ဟု ရှေးသူဟောင်းတို့ ဆိုအပ်သော ဤခေတ်အခါကြီးတွင် ဘုန်းကြီးက ချဲဂဏန်းပေး၊ ဆရာလေးက ချဲရောင်း၊ ကျောင်းသားက ဘီယာစုတ်၊ ဘုတ်အုတ်ထက် ချက်တင်က အရေးပါ၊ ပညာထက် အသပြာကအင်အားကြီး၊ သစ္စာသမာဓိသည်လည်း ခွေးချီးလောက်ပင် အနံ့မသင်း၊ သိမ်ဖျင်းလှသည်ဖြစ်ရာ အမှားတစ်ရံသည် အမှန်တရားဟု ကိုယ့်တရားကိုယ် စီရင်ကြသူတွေချည်း ပြည့်နှက်နေပြန်သောကြောင့် ထုံးတို့မည့်စိတ်ကူးသည်လည်း လေထဲပင်မရောက်နိုင်ပြန်ချေ။ အကယ်တည့် သူတပါးကို ထုံးတို့ရပြန်လျှင်လည်း ကိုယ့်ပေါင်ကိုအရင်ထောင်း၍ ကိုယ့်ကိုယ်ကိုပင် အရင်ထုံးတို့သင့်သည်ဖြစ်ပြန်ရာ အသာယို့နေခြင်းက ပိုကောင်းအံ့ဟုပင် တွေးမိရပြန်ချေသည်။ သို့ပင်သော်ငြား မိမိပင် အမုန်းခံ၍ ထုံးမတို့ပြန်လျှင်လည်း လူစွမ်းကောင်းဟု အမည်လှလှပေးခံရမည့် လာလတ္တံ့သော လူမိုက်မရှိသည်ကို ဆင်ခြင်မိပြန်ချေရာ အသို့ပြုရချေအံ့ဟုလည်း စိတ်ရှုပ်ထွေးခြင်းကြီးစွာ ဖြစ်ရပြန်တော့သည်။
ပသို့ပင်ဆိုစေ ဘလော့ရွာဝယ်၊ ကျင်လည်ပါရင်း၊ လာသွားပြန်ကြည့်၊ သတိရှိစွာ၊ လေ့လာကျိုးကုတ်၊ ထုံးသုတ်ကြရင်း၊ အမှားကင်းအောင်၊ ကြံဆောင်လေက၊ ကောင်းလေစွဟု မဟာအကြံဖြစ်ပေါ်ပြန်လေသည်။ တစ်ယောက်အမှား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ ရှေ့ဆောင်ထောက်ပြ၊ ကူညီရလျှင်၊ အလှထက်တွင်၊ အယဉ်ကိုဆင့်၊ ဘလော့မြင့်မည်ဟုလည်း စွဲစွဲမှတ်မှတ်၊ ယုံကြည်အပ်ပြန်ပါချေသည်တမုံ့။

အနှီမဟာဧရာမအကြံကြီးဖြင့် ဘလော့လည်ရင်း တွေ့တွေ့သမျှ ပို့စ်များကို ကြောင်ပုစွန်စား၊ ကြွတ်ကြွတ်ဝါးရင်း တစ်ပြားနှစ်ပြား၊ စုပါများ၊ ကုလားသူဌေးဖြစ်ဟူသော စေတနာဖြင့် တတ်သမျှ မှတ်သမျှ ပုရွက်ဆိတ်ဦးဏှောက်ဖြင့် မြင်သမျှ စာလုံးပေါင်းသတ်ပုံအမှားဟူသမျှကို ဘလော့ဂါကြိုက်ခြင်းမကြိုက်ခြင်းကို အသာဘေးဖယ်၍ ကိုယ့်ထမင်းကိုယ်စားကာ ဘကြီးနွားကို အလကားကျောင်းရင်း စာလုံးပေါင်းပြင်ခြင်းအလုပ်ကို စေတနာဗလပွနှင့် တတ်သလောက်လုပ်မိပြန်ချေတော့သည်။

စေတနာထုံးအိုးဖြင့် မည်းမည်းမြင်သမျှ တို့လတ္တံ့သော အနှီဦးဟန်ကြည်ကို မြင်သမျှဘလော့ဂါ၊ ဘလော့ဂီတို့သည် ဘလော့ခြင်း၊ မန့်သမျှကို ရီဂျက်ခြင်း မပြုသမျှ မိမိကိုအားပေးသည်ဟု တစ်ကြောင်းစွဲယူဆအပ်သည် ဖြစ်သောကြောင့် နောက်နောင်ကိုလည်း လူချင်းဆုံရန် အင်မတိအင်မတန် ခက်ခဲပေထသော ဤဘလော့နိုင်ငံကြီးတွင် ထုံးတစ်အိုးဖြင့် စေတနာစာတည်းအလုပ်ကို အဆဲခံနိုင်သမျှကာလပတ်လုံး အမုန်းခံလုပ်ရန် အားသန်မိပြန်ပါသတတ်။ အဆဲအဆိုခံနိုင်၊ တံတွေးထွေးခံနိုင်ခြင်းအရာ၌ ဘလော့နိုင်ငံမှ အကျင့်ရ၊ အရေထူလာပါက အပြင်လောကတွင်ပါ ထုံးအိုးတစ်လုံးဖြင့် လမ်းသလားရန်လည်း မဟာ့မဟာရည်ရွယ်ချက်ကြီးကို ဦးထိပ်တွင်ရွက်ထားမိပြန်ချေသည်။

သို့ပါသောကြောင့် သူတကာကို ထုံးမတို့ခင် မိမိကိုယ်ကို ဦးစွာထုံးတို့ထားခြင်းက လာလတ္တံ့သော ဘေးဘယာတို့ကို ကာကွယ်နိုင်အံ့ဟု အယူရှိပြန်လေရာ ၀ါးအံ့ဟုရည်ရွယ်ချက်ဖြင့် လက်ထဲတွင်ကိုင်ထားသော ကွမ်းတစ်ယာကို အသာဖွင့်ပြီးလျှင် မိမိနဖူးကို ထုံးဖြင့် ပယ်ပယ်နယ်နယ် သုတ်လိုက်မိပြန်ချေသည်။ “အတွေးစလေးတွေ”ဟု အမည်သညာ ပေးအပ်သော မိမိ၏ မဖြစ်ညစ်ကျယ်ဘလော့မှာမူ ပထမပို့စ်ကို စမ်းတ၀ါးဝါးတင်အပ်သည့် အချိန်မှစ၍ ထုံးအိုးထဲတွင် နှစ်ထားလိုက်ပါသေကြောင့် ဖွေးဖွေးဖြူနေသည်ဖြစ်ရာ ချစ်စွာသော ဘလော့ဂါ၊ ဘလော့ဂီတို့သည် ထုံးတို့မည့်အကြံရှိပါချေက အသာနောက်ယို့ပြီးလျှင် မြင်သာထင်သာရှိစိမ့်သောငှာ ကတ္တရာစေးဖြင့်သာ တို့သင့်ပါကြောင့် မေတ္တာတော် ဗလပွဖြင့် အကြံကောင်းပေးအပ်ပါသတည်း။     ။

Friday, 13 May 2011

အခွင့်ပန် . . .

အွန်လိုင်းပေါ် မတက်ဖြစ်တာ တစ်ပတ်ကျော် နှစ်ပတ်နီးပါ ကြာနေမင့်ကိုး။
 
အခါတိုင်းဆိုရင် ချစ်စွာသော ယိုးဒယားက တစ်လကို ဘတ်၂၀၀သွင်းရင် နာရီ ၁၀၀ သုံးခွင့်ပေးသော်ငြားကပဲ အခုတော့ နာရီ ၇၀ပဲ သုံးခွင့်ပေးတော့သဟာကြာင့် တစ်ရက်ကို ၅နာရီနီးပါး အွန်လိုင်းသုံးမိတဲ့ ကိုယ့်မှာ တွက်ခြေမကိုက်ဘဲ ဖြစ်သွားချေပြီမို့ အွန်လိုင်းနာရီကုန်ပြီး နာရီအသစ်ထပ်ဝယ်ဖို့ ၀န်လေးနေရင်းကြောင့် လိုင်းပေါ်မတက်ဖြစ်တော့ပဲ ရှိပြန်သည်တမုံ့။ စာသင်နှစ်အစဖြစ်တာကြောင့် သင်ရိုးညွှန်းတန်းတွေ ပြန်ပြီး အသစ်ထုတ်ဖို့ စီစဉ်နေရင်း အလုပ်များနေခြင်းကလည်း အကြောင်းပြရန်  တဖန်ပါပြန်သည်တမုံ့။ သို့ပေတည့် ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းပြောရလျှင် တစ်လကို ၂၀၀၀၀ လောက် မစားရက်မသောက်ရက် ဖွတ်ကလိဒင်္ဂါး ကုန်မှာကို နှမြောနေရင်းကလည်း အဓိက အကြောင်းရင်း ဖြစ်နေပြန်ချေသည် မဟုတ်တုံလော။ စာသင်နှစ်စကာစ ဖြစ်ပေထသောကြောင့် ကျောင်းသားလည်း သိပ်မများသေးတာမို့ ၀င်ငွေကလည်း ပြောလောက်အောင် မဖြူးသေးတဲ့အပြင် တစ်လကျော်ကျော်ခရီးရှည်သွားထားတာကြောင့် သောက်သောက်လဲ ကုန်ထားတဲ့ ပိုက်ဆံတွေကို ပြန်ဖာဖို့ ထေးဖို့လည်း စိတ်စောနေမိတာကြောင့် အွန်လိုင်းနာရီထပ်ဝယ်ဖို့ ချစ်တီးတွက်တွက်ရင်း ကပ်စေးနှဲမိတာကြောင့် လိုင်းပေါ် မတက်ဖြစ်တာ တော်တော်ကြာသွားပါရော့လာား ချစ်စွာသော စာရှုသူ။
 
သို့လေသော်ငြား ကုရခက်တဲ့ရောဂါလို့ အမည်တပ်ရင် ရနိုင်ကောင်းတဲ့ ဘလော့ဂါရောဂါဆိုးကြောင့် တစ်ရက်တစ်ရက် လိုင်းပေါ်မတက်ရရင်ပဲ စားမ၀င်၊ အိပ်မပျော် တစ်ခုခုလိုနေသလိုလို ဖြစ်မိသဟာကြောင့် ဖွတ်ကလိဒင်္ဂါးရှိသမျှကို ပွတ်ရင်းသတ်ရင်း ဖုန်းထဲမှာ ကျန်ကျန်သမျှ ဘတ်ငွေ၆၀ကို အရင်းပြုပြီးသကာလ အွန်လိုင်းနာရီ ၅နာရီ ၀ယ်ပြီးတဲ့လျှင် ဘယ်သူမပြု မိမိမှုဆိုသည့်အတိုင်း ပို့စ်အသစ်တစ်ခုကို ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ဖာသာရေးပြီးသကာလ ဖတ်သူစိတ်ချမ်းသာခြင်းမသာခြင်းကို အသာဘေးချိတ်ရင်း မရေးရ မနေနိုင်သဟာကြောင့် ရေးမိပြန်ပါချေသည်။ အသို့ ရေးရပြန်ချေသော်လည်း အဘယ်အကြောင်းအရာကိုအဘယ်သို့ ရေးစကောင်းသည်ကို မသိခြင်းကြောင့် ပို့စ်ဖြစ်ရောရည်ရွယ်ချင်းရာ တစ်ခုတည်း ဦးတည်လျက် ဖြစ်ချင်ရာဖြစ် မောင်ဘချစ်ထုံး နှလုံးမူပြီးသကာလ ရေးချလိုက်ခြင်းကြောင့် ကိုယ့်ဘလော့ကိုလာလည်ခြင်းကြောင့် ပြန်လာလည်ခြင်းဟူသော ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ရောက်လာပေထကုန်သော ချစ်စွာသော ဘလော့ဂါ၊ ဘလော့ဂီအပေါင်းတို့သည် အနှီပို့မမည်သော ပို့စ်ကို ရေးပေထသော သကောင့်သားဦးဟန်ကြည်ကို မေတ္တာမမြင် စိတ်မရွှင်ခြင်းကြောင့် ငြိုငြင်နွမ်းညစ် အပြစ်တင်လည်းတင်စေသောဟု ကိုယ့်တရားကိုယ်စီင်္ရင် ကိုယ့်ပုလ္လင်ကိုချ၍ ပို့မမည်သော ဤသည့်ပို့စ်ကို ဖျစ်ညှစ်သီကုံး အများမုန်းအောင် စီကုံးဖွဲ့ဆိုမိပါသတတ်။

ဖွတ်ကလိဒင်္ဂါး အလွန်ပင်ရှားပါးလှစွာသော အကျွန်တို့ပြည်ဝယ် မံမံတစ်လုပ် မှန်မှန်တုပ်ရေးအတွက် နှဖူးကချွေး ခြေမကျရုံမက အ၀ီစိအထိတွင်းထူးပြီးရောက်အောင် တပင်တပန်းကြိုးစားရကုန်သည်ဖြစ်ရာ ဦးဟန်ကြည်မည်ပေထသော သာမညောင်ည ဆရာဝန်ဘ၀မှ စုတေစိတ်ကိုယ့်ဖာသာကျပြီး ဖြစ်လာသော ကျောင်းဆရာ၊ ကျူရင်ဆရာသည်လည်း မံမံသရဏံဂစ္ဆာမိရချေသောကြောင့် ကွန်ပြူတာဟုဆိုအပ်လှသော သိုးဆောင်းတို့၏ ဘုတ်အုတ်ကို ဖွင့်မိသည်နှင့် တပြိုင်နက် မံမံတစ်လုပ် မှန်မှန်အုပ်ရေးအတွက် သင်ရိုးညွှန်းတန်းပေါင်းများစွာ မာတိကာပါမကျန် မှန်မှန်ကြိုးကုတ် မံမံအတွက် အားထုတ်ရပါလေသောကြောင့် ပို့စ်အသစ်တင်ဖို့အရေး နှောင့်နှေးနေရပြန်ချေသည်တမုံ့။

ပသို့ပင်ရှိစေ ပို့စ်အသစ်တင်ရန် စီမံကြိုးကုတ် အားထုတ်ထားမိပေသော ပုဂံပြည်ခရီးသွားမှတ်တမ်းကြီးကား ငွားငွားစွင့်စွင့် ရှိနှင့်ပေထသောကြောင့် အခွင့်သင့်အခါသင့် ရှိလင့်သော အချိန်အခါ သမယကောင်းတွင် ပို့စ်များတင်ရန်ရည်ရွယ်ထားရင်းကိုလည်း ရှေးမဆွကပင် ကြိုတင်ကြံစဉ်ရင်းရှိသည့်အလျောက် မကွယ်မထောက်ပဲ ကြိုတင်ကာ ဖွင့်ဟအပ်သည်ကြောင့် စောင့်လို့သာ ဖတ်လင့်ပါကြောင့် မေတ္တာတော် အခါခါလောင်းရင်း စိတ်ရင်းကောင်းနှင့် အကြံကောင်းပေးအပ်ပါသတည်း။     ။

Monday, 2 May 2011

ကိုကျောက်တမ်းခြင်း...

မနေ့က 
အွန်လိုင်းပေါ်တက်တော့ မယုံနိုင်စရာ၊ စိတ်မကောင်းစရာ သတင်းဆိုးကြီးနဲ့ ကြုံပါတယ်။ ကိုယ်အင်မတန်လေးစား အားကျတဲ့ ဘလော့ဂါကြီး ကိုကျောက်(ရွှေရတုမှတ်တမ်း) ဆုံးသွားတဲ့ သတင်းပါ။ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ ခရီးတွေသွား၊ ကျောက်တောင်တွေတက်ပြီး “ခြေထောက်ဆွဲသရဲ”အကြောင်းတွေ ရေးပြီး ကိုယ်တို့မျက်စိလည်အောင် လုပ်ခဲ့သေးတာမို့ ကျန်းကျန်းမာမာရှိနေပြီထင်ပြီး ၀မ်းပန်းတသာ ဖြစ်နေခဲ့ရပါသေးတယ်။ ဒါပေမယ့် အခုလို အမှတ်မထင် သတင်းဆိုးကြီး ထွက်လာတော့ ယုံတောင်မယုံနိုင်အောင် ဖြစ်ရပါတယ်။ ကျီစယ်တတ်တဲ့ သေမင်းကိုပဲ ဒေါပွရမလို၊ သေမင်းကို မမှုလွန်းတဲ့ ကိုကျောက်ကိုပဲ ကရုဏာဒေါသဖြစ်ရမလိုလို မဝေခွဲနိုင်အောင် ဖြစ်ရပါတော့တယ်။
တကယ်တော့ ကိုကျောက်ဆိုတာ ဘလော့ဂါတွေအပေါ် အင်မတန်မှ သံယောဇဉ်ကြီးတဲ့သူပါ။ ကိုယ်ဘလော့စရေးကတည်းက အခုအချိန်အထိ တစ်နှစ်ကျော်ကျော်ကာလအတွင်း ပို့စ်အသစ်တင်တိုင်း မပျက်မကွက်နဲ့ ကွန်မန့်ပေးလေ့ရှိတာမို့ မှတ်မှတ်ရရ ရှိနေပါတော့တယ်။ ဘယ်ဘလော့ပဲဖြစ်ဖြစ် ကျကျနနဖတ်ပြီး တခုတ်တရကွန်မန့်ပေးလေ့ရှိတဲ့သူမို့ ဘလော့ဂါတော်တော်များများက ကိုကျောက်ကို လေးလေးစားစားနဲ့ ချစ်ကြခင်ကြပါတယ်။ သူရေးတဲ့ပို့စ်တိုင်းမှာလည်း စိတ်ညစ်စရာသိပ်မပါဘဲ သူ့ဘ၀အတွေ့အကြုံတွေကို ဟာသစွက်ပြီး ဖတ်ပျော်အောင် ရေးတဲ့သူမို့ သူ့ပို့စ်တွေကို မြတ်မြတ်နိုးနိုး ဖတ်ရလေ့ရှိပါတယ်။ ကိုယ်မရေးနိုင်တဲ့ သရော်စာတွေကို ပြောင်ပြောင်မြောက်မြောက်ရေးနိုင်လွန်းတဲ့ ဘလော့ဂါကြီးမို့လည်း အခုလိုဆုံးပါးသွားတာ ဘလော့လောကအတွက် ဆုံးရှုံးမှုလို့ ယူဆမိပါတော့တယ်။
 
စိတ်ဓာတ်ကြံ့ခိုင်လွန်းတဲ့
သရော်စာအရေးကောင်းလွန်းတဲ့
လောကဓံကို ကြံ့ကြံ့ခံနိုင်လွန်းတဲ့
ဘလော့ဂါတွေအပေါ် သံယောဇဉ်ကြီးလွန်းတဲ့
သေမင်းကိုတောင် သရော်ရဲတဲ့
ချစ်လှစွာသော ကိုကျောက်တစ်ယောက် ဖြစ်လေရာဘ၀တိုင်းမှာ သူရေးခဲ့တဲ့ဟာသဓာတ်တွေ ခပ်သောသောပါလွန်းတဲ့ သရော်စာတွေထဲကလို အမြဲပြုံးရွှင်ကြည်နူးပြီး ကျန်းမာကြံ့ခိုင်တဲ့ စိတ်ဓာတ်၊ ကိုယ်ခန္ဓာကိုပိုင်ဆိုင်လို့ စာတွေဆက်ရေးနိုင်တဲ့ကိုယ် ဖြစ်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ဒီပို့စ်ရေးပြီးတင်ပြီးသွားပြီဆိုပေမယ့် အခါတိုင်းလို ကွန်မန့်လာပေးမယ့် ကိုကျောက်ရောက်မလာနိုင်တော့တာ တွေးမိတော့ ၀မ်းနည်းပြန်ရော အစ်ကိုကြီးရေ...


ကြိုက်ရင်ပေါ့လေ . . .