Monday, 23 April 2012
ချီလေတဲ့ချီလေ ( ၂ ) . . .
ဦးဟန်ကြည်တို့ လင်ကိုယ်မယား စကားတပြောပြောနဲ့
 တောင်ငေးမြောက်ငေး ခပ်ဖြည်းဖြည်း မောင်းလာကြရင်း အရိပ်တွေ့ရင် ခဏထိုင်၊ စားသောက်ဆိုင်မြင်ရင် ခဏနား၊ လမ်းဘေးရှုခင်းကောင်းရင် ဓာတ်ပုံရိုက်ကြပြီး ရောက်ချင်တဲ့အချိန်ရောက်ဆိုတဲ့စိတ်ကူးနဲ့ စိတ်လွတ်ကိုယ်လွတ်သွားလိုက်ကြတာ ကရင်ပြည်နယ်ရဲ့ပြည်နယ်မြို့တော်ဘားအံကို ညနေ ၄ နာရီခွဲလောက်မှာ ဒုတ်ဒုတ်ထိရောက်လာကြပါလေရော။
ကွင်းပြင်ကျယ်ကြီးထဲက လက်ဝှေ့ရုံ . . .
 ဘားအံမြို့ကြီးက လမ်းတွေကတော့ စံချိန်မီအောင် ကျယ်ပါပေ့။ ဒါပေမယ့် လမ်းလယ်ပလက်ဖောင်းမရှိတာကြောင့် ဦးဟန်ကြည်ခမျာ လမ်းကူးရင် သံဗုဒ္ဓေရွတ်ရပါရောလား။ မြို့ထဲလမ်းဘေးမှာ ရေပက်နေကြတဲ့ အုပ်စုတွေတော့ ဟိုတစ်စု သည်တစ်စု တွေ့ပါရဲ့။ ဒါပေမယ့် သူရို့က အပက်ခံချင်တဲ့လူလောက်ပဲ ရွေးပက်တာမို့ ဦးဟန်ကြည်တို့နှစ်ယောက်ကိုတော့ ဘေးမယ့်ပေးကြတာ များသကိုး။ ကောင်းလှောင့်တေး။ မြို့ထဲရောက်တော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က တည်းခဲ့ဖူးတဲ့ ခရစ်ယာန်ဘုရားကျောင်းနားက ကန်သာဦး တည်းခိုခန်းကို အရင်သွားပြီး အခန်းယူပြီး ရေမိုးချိုး၊ လူယောင်ဖန်ဆင်းမယ် စိတ်ကူးထားပေမယ့် အခန်းပြည့်နေတာမို့ မှန်းချက်နဲ့ နှမ်းထွက်က လွဲပါလေရော။ ဒါနဲ့ပဲ မိတ်ဆွေစိုက်ပျိုးရေး ခရိုင်မန်နေဂျာကို ဖုန်းဆက်ပြီး သူ့အိမ်ကို အရင်သွားကြဖို့ ဆုံးဖြတ်ချက်ချလိုက်ရပါရဲ့။
မြို့ကွက်မကျဘဲ သပွတ်အူလို လိမ်နေတဲ့ ဘားအံလမ်းတွေကြားမှာ ဦးဟန်ကြည်တို့ မောင်နှံ တလည်လည်နဲ့ ဟိုဝင်လိုက်၊ သည်ထွက်လိုက်၊ ဖုန်းဆက်ပြီး မေးလိုက်နဲ့ သွားလိုက်ကြတာ ၅ နာရီ ကျော်မှပဲ မိတ်ဆွေအိမ်ကို ရောက်ကြပါရော။ တစ်လမ်းလုံး ရေမရွှဲခဲ့သမျှ ဟိုဝင်သည်ထွက်နဲ့ အိမ်လိုက်ရှာမှဘဲ နှစ်ယောက်လုံး ကြွက်စုတ်ဖြစ်ရော ဆိုပါစို့။ မဖြစ်ဘဲ နေရိုးလား တစ်လမ်းကို နှစ်ခေါက်သုံးခေါက်လောက် ၀င်ရထွက်ရတော့တာမို့ ရေပက်နေတဲ့ သကောင့်သားကလေးများ စိတ်ကြိုက်ပက်ကြစေသတည်း ဖြစ်ပြီကိုး။ မိတ်ဆွေခရိုင်ဂျာဆီရောက်တော့ သယ်လာတဲ့ လက်ဆောင်လေးတွေ ထုတ်ပေးပြီး တည်းခိုခန်းကိစ္စစုံစမ်းရပါတော့တယ်။ ခရိုင်ဂျာကလည်း တည်းခိုခန်းသန့်သန့်ကို သူလည်းမသိရှာပါဘူးတဲ့။ ကောင်းပါလေရော။ သူ့အိမ်မှာတင်တည်းဖို့ အတင်းတိုက်တွန်းနေပေမယ့် သွားချင်ရာသွား၊ စားချင်ရာစားပြီး ပြန်ချင်တဲ့အချိန်ပြန်တတ်တဲ့ ကိုယ့်အကျင့်ကို သိနေတဲ့ ဦးဟန်ကြည်တို့ မောင်နှံလည်း ဇွတ်အတင်းငြင်းပြီး နေမကွယ်ခင် တည်းခိုခန်းရှာဖို့ စိုင်းပြင်းရပါတော့တယ်။
နေစောင်းပေမယ့် ရေလောင်းကြတုန်း . . .
ဘယ်သွားသွား တလည်လည်မဖြစ်ရရင် မကျေနပ်တဲ့ မွေးရာပါအကျင့်အတိုင်း 
တည်းခိုခန်းလိုက်ရှာလိုက်ကြတာ တွေ့မည့်တွေ့တော့ အညံ့တကာ့အညံ့ဆုံး တည်းခိုခန်းနဲ့မှ တည့်တည့်ကို တိုးပါလေရော။ တည်းခိုခန်းက ကားလမ်းမကြီးဘေးဖြစ်ပြန်တော့ အထင်တကြီးပေါ့လေ။ အအေးခန်းဧည့်ရိပ်သာလို့လည်း ရေးထားပေသကိုး။ နှစ်ယောက်ခန်းဆိုရင် ဖင်မလှည့်သာ၊ ခေါင်းမလှည့်သာအောင် ကျဉ်းတတ်တဲ့ မြန်မာပြည်တည်းခိုခန်းတွေအကြောင်းကို နောကျေနေတဲ့ ဦးဟန်ကြည်တို့နှစ်ယောက် အဲကွန်းပါတဲ့ သုံးယောက်ခန်းတစ်ခန်းယူပြီး အပေါ်ထပ်တက်သွားမှပဲ မှားခြင်းကြီးမှားမှန်းသိပါလေရော။ ဘယ့်နှာ သူ့ဟာက အခန်းထဲမှာ စားပွဲတစ်လုံး၊ အ၀တ်တန်းတစ်ခု၊ နှစ်ယောက်အိပ်ကုတင်တစ်လုံး၊ တစ်ယောက်အိပ်တစ်လုံး၊ အဲကွန်းဖွတ်ချက်တစ်လုံးကလွဲလို့ ကျန်တာနတ္တိ။ ရေချိုးချင်ရင်လည်း အပြင်ထွက်ချိုး၊ အိမ်သာသွားချင်ရင်လည်း အပြင်ထွက်၊ ကောင်းရော။ ပြောရရင်တော့ သူရို့ရေချိုးခန်းထဲမှာ ဆပ်ပြာခဲတောင် မရှိရှာဘူး။ အခန်းထဲက ကြမ်းပြင်မှာလည်း သဲတွေတရှပ်ရှပ်ဆိုတော့ ဘယ်လောက်အဆင့်မြင့်လေမလဲ စဉ်းစားသာကြည့်ပေရော့။ ကျန်တာသာ စံချိန်မမီရှိရမယ် တည်းခိုခန်းခကတော့ စံချိန်မီပါ့ဗျား။
ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် . . .
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရွာမှာကြက်ဖ၊ သူများရွာရောက်ရင် ကြက်မ လို့ ရှေးလူကြီးတွေက ဆိုထားပြန်တော့ ထိုင်ရင်းနေရင်း ကြက်မဖြစ်သွားရှာတဲ့ ဦးဟန်ကြည်တို့လည်း သူ့အရပ်နဲ့ သူ့ဇာတ် လိုက်လျောညီထွေရှိအောင် ကျင့်ရတော့တာကိုး။ ဒါကြောင့် အများသုံးရေချိုးခန်းမှာပဲ ရေချိုး၊ အ၀တ်အစားလဲကြရုံပေါ့။ လမ်းမပေါ်မှာ ရေမပက်တော့တဲ့ ည ၇ နာရီလောက်မှာ အပြင်ထွက်ပြီး ဗိုက်ဖြည့်မယ်ကြံပြန်တော့လည်း စားသောက်ဆိုင်က ရှာရပြန်ရော။ အရေးထဲ ပြည်နယ်မြို့တော်ကြီးကလည်း သောက်ကျိုးနည်း မီးမှောင်လိုက်တာ လွန်ပါရော။ မီးတိုင်တွေမှာ ပိုးစုန်းကြူးလား၊ ခရမ်းချဉ်သီးလားမသိတဲ့ ရဲရဲလေးတွေမှ တန်းကိုစီလို့။ ဒါပေမယ့် သူ့ဒေသသားတွေကတော့ သွားနေလာနေလိုက်ကျတာ ချောလို့ဗျား။ ဦးဟန်ကြည်မှာသာ စမ်းတ၀ါးဝါးနဲ့ သူများကိုဝင်တိုက်မိမှာကြောက်ရ၊ ကိုယ့်ကိုဝင်တိုက်မှာလန့်ရနဲ့ တုန်ချိတုန်ချိမောင်းရင်း မဖြစ်ချေဘူးဆိုပြီး လမ်းဘေးမှာတွေ့တဲ့ စည်ဘီယာဆိုင်တစ်ဆိုင်ထဲကို ထိုးဝင်လိုက်ရပါရောလား။ ဒါပေမယ့် သူ့ဆိုင်မှာ အရည်ရော၊ အဖတ်ပါ စိတ်ကြိုက်စားတာမှ တစ်သောင်းကျော်ကျော်ပဲ ကျတာကြောင့် ဘ၀င်ကျသွားရပါရဲ့။
အသားစိမ်းကောဆိုပဲ . . .
ညဦးပိုင်းမှာ ရောက်တုန်းရောက်ခိုက် ပြည်နယ်မြို့တော်ကြီးကို လှည့်ပတ်ကြည့်မှပဲ စိတ်နဲ့ကိုယ်နဲ့က ညစ်ခြင်းမလှ ညစ်ရပြန်ပါရော။ ဘယ့်နှာ။ သူရို့မြို့ကြီးကလည်း မှောင်ချက်က ကမ်းကိုကုန်ရော။ လမ်းပေါ်မှာ ကားတွေ၊ ဆိုင်ကယ်တွေက ထိုးထားတဲ့ မီးရောင်ပဲရှိတာကိုး။ နေပြည်တော်နဲ့များကွာပါ့း(။ နေပြည်တော်မှာဆို လူမနေတဲ့ တောကြိုအုံကြားက လမ်းမပါမကျန် မာကြူရီမီးတွေမှ ထိန်ထိန်ကိုလင်းလို့။ ကမ်းနားဘက်ကို ယောင်နနနဲ့ မောင်းသွားတော့ ဗဟိုမဏ္ဍပ်မှာ ယိမ်းကနေတာတွေ့ရပါရဲ့။ ဒါပေမယ့် လူတွေပြုံနေတာမို့ ခပ်လှမ်းလှမ်းကပဲ ဓာတ်ပုံရိုက်ပြီး ဆိုင်ကယ်ဘီးတည့်ရာ ဆက်ထွက်ခဲ့ပါရော။ လမ်းမပေါ်မှာ မှောင်လှအောက်မေ့နေတဲ့ ဦးဟန်ကြည်တစ်ယောက် ကမ်းနားရောက်မှ ကောက်ချက်ချတာ စောသွားမှန်းသိရတော့တာပ။ လမ်းမပေါ်မှာမှ ပိုးစုန်းကြူးရှိသေးရဲ့၊ ကမ်းနားမှာ ဘာစုန်းကြူးမှကို မရှိတဲ့ ပကတိပလိန်း ပိန်းပိတ်အောင်ကို မှောင်နေတာကိုး။ အိမ်တွေမှာ မီးရောင်လေးတွေမြင်နေရသေးတာကိုပဲ ကောင်းချီးမင်္ဂလာတစ်ပါးလို့ ယူဆရသေး။
ကမယ့်လူမရှိလည်း မဏ္ဍပ်မြင်တာနဲ့တင် စိတ်ချမ်းသာပ . . .
လမ်းဘေးတွေမှာ ဆောက်ထားတဲ့ ရိုးရာရေသဘင်မဏ္ဍပ်တွေသာ မရှိခဲ့ရင်တော့ ဦးဟန်ကြည်တစ်ယောက် လာခဲ့မိမှားလေခြင်းရယ်လို့ ခြုံးပွဲချငိုမိမယ်တင်ပါရဲ့။ ကရင်လူမျိုးတွေ အများစုနေတဲ့ ဒီဒေသမှာ မြန်မာ့ရိုးရာကို အထိုက်အလျောက် ထိန်းသိမ်းထားတာကတော့ အမှတ်ကြီးကြီး တစ်မှတ်ပေးရဦးမှာပါပဲ။ ကမ်းနားတစ်နေရာက မဏ္ဍပ်တစ်ခုမှာ ကလေးမလေးတစ်အုပ် ယိမ်းကနေတာမြင်တော့ ဦးဟန်ကြည်တို့နှစ်ယောက် ၀မ်းသာအားရနဲ့ ရပ်ကြည့်ဖြစ်ကြပါသေးတယ်။ ဒီလိုအကလေးတွေ မမြင်ရတာကလည်း နှစ်အတော်ကြာပြီကိုး။ ဒါပေမယ့် ကတဲ့ကလေးတွေက အင်တိုက်အားတိုက် ကနေကြရှာပေမယ့် ထိုင်ကြည့်နေတဲ့ ပရိသတ်ကဖြင့် လက်တစ်ဖက်စာတောင် မရှိ။ ဘာပဲဖြစ်ဖြစ် ကလေးတွေ ကနေတာပဲ ကျေးဇူးတင်ရသေးတော့။ မဏ္ဍပ်ရှေ့အသာရပ်ပြီး ကင်မရာထုတ်ရိုက်တော့ ကလေးတွေခမျာ အတော်ပျော်သွားကြဟန်တူရဲ့။ တီးနေတဲ့ ဒိုးဆရာလည်း ခပ်မြူးမြူးလေး တီးလာသလို၊ အကကလည်း သွက်လာပါလေရော။ မဒမ်ဟန်ကြည်က ကလေးတွေရှေ့သွားရပ်ပြီး အသေအချာ ဓာတ်ပုံသွားရိုက်ပြန်တော့ အတိုင်းထက်အလွန်ပေါ့။
ကလည်းက လှလည်းလှ . . .
 မဏ္ဍပ်က တာဝန်ရှိတဲ့လူတစ်ယောက်က ဦးဟန်ကြည်တို့ကို လာပြီး သူ့မဏ္ဍပ်နဲ့ သူ့ကလေးတွေအကြောင်း ရှင်းပြပါသေးတယ်။ သူရို့ရပ်ကွက်က ဆင်းရဲတော့ သူများရပ်ကွက်တွေလို ကားတွေဘာတွေနဲ့ မလှည့်နိုင်ဘူး ဆိုကိုး။ ကနေကြတဲ့ ကလေးတွေကလည်း ငယ်ကြပြန်တော့ လာကြည့်ကြတဲ့လူတွေက ယိမ်းသမလေးတွေ နို့ဘူးယူမလားလို့ စကြတယ်ဆိုပဲ။ အသက် ၁၀ နှစ်ကျော်ရင်ပဲ ထွန့်ထွန့်လူးပြီး နန့်နန့်တက်နေတဲ့ ဒီခေတ်ကြီးမှာ ဒီကလေးတွေ စိတ်ပါလက်ပါ ကနေကြတာကိုက အားရဖို့ကောင်းနေပါပြီလို့ ဦးဟန်ကြည်ကတောင် ပြန်ပြောမိပါရဲ့။ သင်္ကြန်တွင်းမှာ မလည်ရ၊ မကဲရတဲ့ ဒီယိမ်းသမလေးတွေ စိတ်ကျေနပ်သွားအောင် သင်္ကြန်ပြီးရင် ရပ်ကွက်ရန်ပုံငွေနဲ့ ချောင်းသာကို အလည်ပို့ပေးပါသတဲ့။ သူရို့စနစ်ကလည်း ခပ်ကောင်းကောင်း။
မြို့တော်ဗဟိုမဏ္ဍပ် . . .
ယိမ်းမဏ္ဍပ်က ထွက်လာပြီး ကမ်းနားတမ်းတလျှောက် မောင်းလာလိုက်မိတော့ သူ့လမ်းကြောက တစ်ကြောတည်းဖြစ်နေပါရောလား။ ညကပဲ မှောင်လေသလား၊ ဦးဟန်ကြည်ပဲ မွဲလေရော့သလားတော့မသိ၊ လမ်းမပေါ်ကို ပြန်တက်မယ့်လမ်းကို မရှိ။ တွေ့သမျှ လမ်းသွယ်တွေကလည်း မြစ်ဆိပ်ဘက်ကိုချည်း ဦးတည်နေတာမို့ စွတ်ရွတ်သွားလိုက်မိရင် သံလွင်မြစ်ထဲမှာ ရေဆင်းကူးနေရမယ့်ကိန်းဆိုက်နေတာမို့ လာလမ်းအတိုင်း တပ်ပြန်ခေါက်ပြီး တည်းခိုခန်းကို ညရှစ်နာရီခွဲမှာ ပြန်ရောက်ပါတော့တယ်။ ဘုရားစူးတည်းခိုခန်းမှာလည်း အိပ်ရုံကလွဲပြီး ဘာတစ်ခုမှ အပန်းဖြေစရာမရှိပြန်တော့ အောက်ထပ်ကောင်တာကယူလာတဲ့ ဂျာနယ်နှစ်စောင်ကို တစ်ယောက်တစ်လှည့်ဖတ်ပြီး စိတ်ပေါက်ပေါက်နဲ့ မိုင်ကုန်တင်ဖွင့်ထားတဲ့ ဖြစ်ကတတ်ဆန်း အဲကွန်းခန်းထဲမှာ အိပ်မပျော်မချင်း အောင်းကြရပါရောလား။ အရေးထဲမှာ ယူလာမိတဲ့ သတင်းဂျာနယ်ကလည်း မြန်မာစာကို အထိုက်အလျောက် ကျွမ်းကျင်တဲ့ ဦးဟန်ကြည်တောင် နားမလည်နိုင်တဲ့ မြန်မာဝေါဟာရတွေ၊ ၀ါကျဖွဲ့စည်းပုံတွေနဲ့ ကျကျနနတန်ဆာဆင်ထားပြန်လေတော့ ဖတ်ရင်း၊ ဒေါကန်ရင်းနဲ့ သင်္ကြန်အကျနေ့ကတော့ ကသောင်းကနင်းနဲ့ ကုန်သွားရှာပါရဲ့။  ။
ဆက်ပါဦးမယ် . . .
Sunday, 22 April 2012
ချီလေတဲ့ချီလေ ( ၁ ) . . .
ဦးဟန်ကြည်တစ်ယောက်တည်းရဲ့ 
ပုဂ္ဂလဓိဌာန်စိတ်ကူးအရဆိုရင် လူအုပ်အုပ်၊ လူရှုပ်ရှုပ်ရှိတဲ့ နေရာများကို အင်မတန်မှ စိတ်ကုန်သပေါ့။ ဒါပေမယ့်လည်း ချစ်လှစွာသော မဒမ်ဟန်ကြည်ခမျာ ဦးဟန်ကြည်အပြင်ထွက်မှ နောက်တော်ပါးက တဖ၀ါးမခွာလိုက်ရရှာသူ ဖြစ်ပြန်တာကြောင့် “ မိန်းမရိုသေ၊ အသက်ရှည် ” “ မိန်းမရှိခိုး၊ သွားမကျိုး ” မူကို အပြည့်အ၀လိုက်နာပြီး သင်္ကြန်တွင်းမှာ ခရီးတိုထွက်ဖို့ မချိသွားဖြဲနဲ့ ဆုံးဖြတ်ချက်ချလိုက်ရပါရောလား။ ဆုံးဖြတ်ချက်ချတယ်လို့ ပြောမယ့်သာပြောရတယ် တကယ်တန်းက မဒမ်ဟန်ကြည် တင်သွင်းလာတဲ့အဆိုကို “ ဟုတ်ကဲ့…အေးပါ ” လို့ အယာခေါင်းညိတ်ပြလိုက်ရတာကလား။ အို…ဘာပဲဖြစ်ဖြစ် ဘယ်သူသိတာမှတ်လို့၊ ဦးဟန်ကြည်ကတော့ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ချက်ချမှတ်သူနေရာကနေ တစ်ပြားသားမှမလျှော့၊ အနှီရာထူးကနေ တစ်ဖ၀ါးသားမှကို နောက်မဆုတ်။ တေဇာ ( လရောင်လမ်း )ရဲ့ စာသားအတိုင်း ပြောရရင်တော့
 “ နံရံမှာကျောမှီရင်း တစ်လက်မမှ နောက်မဆုတ်နိုင်ခြင်းအကြောင်း အထပ်ထပ်ငြင်းမယ် ” ပေါ့။ ကိုင်း ဒီတော့လည်း မဒမ်ဟန်ကြည်တင်သွင်းသမျှ အဆိုဟူသမျှကို ဟုတ်ကဲ့…အေးပါ လုပ်တဲ့ ဧရာမရာထူးပိုင်ရှင်ကြီး ဦးဟန်ကြည်ပါတဲ့။
အခါတိုင်း ည ၂ နာရီ ၀န်းကျင်လောက်မှ အိပ်ယာဝင်တတ်တဲ့ ဦးဟန်ကြည်ခမျာလည်း မဒမ်ဟန်ကြည်က အိပ်ခန်းထဲကထွက်ထွက်ပြီး  ခရီးသွားမယ့် မနက်ခင်းမှာ စောစောမထနိုင်မှာကို စိုးရိမ်တယ်ဆိုပြီး မျက်စောင်းလက်နက်နဲ့ ချောင်းချောင်းနှက်တာနဲ့ပဲ သင်္ကြန်အကြိုနေ့ညမှာတော့ ၁၂ နာရီဝန်းကျင်လောက်မှာပဲ အိပ်တန်းတက်ခဲ့ရပါသတဲ့။ အနှီလိုနဲ့ သင်္ကြန်အကျနေ့မှာပဲ စီးတော်ဆိုင်ကယ်ကို ဇက်ခွံ့၊ အစာကျွေး ( အင်ဂျင်ဝိုင်လဲ၊ တာယာတွေစစ်၊ ဆီထည့် ) ပြီး လင်မယားနှစ်ယောက် မိုင်တစ်ရာနီးပါးခရီးကို ကိုယ့်မြင်းကိုယ်စိုင်း ( ဟုတ်ပေါင် ) ကိုယ့်ဆိုင်ကယ်ကိုယ်စီးပြီး ခရီးပြင်းနှင်ကြပါလေရော။ ရေတစ်ဖလားနဲ့ မနေမနားသောင်းကျန်းမယ့် သကောင့်သား၊ သကောင့်သမီးတွေရန်ကို ကြောက်တာကြောင့် မနက် ၆ နာရီလောက်မှာ ထွက်လာခဲ့ကြတာမို့ ခရီးအစမှာ ရေပက်ခံရတဲ့ ပြဿနာတော့ ကင်းပေသပေါ့။ သွားရတဲ့ခရီးက တောင်ဆင်းလမ်းကြမ်းကြီးဖြစ်တာကြောင့် ရေပက်မယ့်သူမရှိတာကလည်း တစ်ကြောင်းပေါ့လေ။
 တောင်ပေါ်လမ်းကလည်း ကြမ်းချက်ကတော့ ကျောက်ခဲမြိုသွားရင်တောင် အစာကျေကောင်းရဲ့။ ဟန်းနီးမွန်းထွက်သလို တယ်ပြီးရင်ခုန်ရသကိုး။ မခုန်ဘဲနေပါရိုးလား အနှီလောက်လမ်းကြမ်းကြမ်းမှာ ချိုင့်တွေခွက်တွေ တင်းကြမ်းရှိနေပြန်တော့ ဆိုင်ကယ်နဲ့လူတောင် သိပ်ထိချင်တာမဟုတ်ဘူးရယ်။ ဂျုံးခနဲ၊ ဂျိုင်းခနဲဆိုရင် လူတွေကို မြောက်တတ်သွားတဲ့အထိ။ ဒီကြားထဲမှာ တောင်ပေါ်လမ်းကျဉ်းရဲ့ ဘေးတစ်ဘက်က အောက်ခြေကိုမမြင်ရတဲ့ ချောက်ကမ်းပါးကြီးတွေကိုကြည့်နေရတာကလည်း သည်းထိပ်ရင်ဖိုစရာကောင်းသေး။ လမ်းတစ်လျှောက်လုံး တောင်အောက်ကတက်လာနေတဲ့ ဆယ်ဘီးကားကြီးတွေ၊ ခရီးသည်တင်ကားကြီးတွေနဲ့ ထိပ်တိုက်ဆုံရင် ချောက်ဘေးကို ကပ်နိုင်ကမျှကပ်ပြီး ရှောင်ပေးရတာမို့ ခြေတစ်ချက်ချော်တာနဲ့ ဝေဟင်ခရီး လေယာဉ်စီးပြီး ချောက်ထဲကို ဖရီးဖောကျပြီသာမှတ်။ ကိုင်း ဘလော့ဂါစုံတွဲများ တင်းပြည့်ကျပ်ပြည့် ရင်ခုန်ချင်ကြရင်ဖြင့် ဦးဟန်ကြည်တို့ လမ်းစဉ်သာလိုက်ပေရော့။
လမ်းနဲ့ ခပ်ဆင်ဆင်တူတဲ့နေရာ...
လမ်းကြမ်းကြမ်းမှာ တပင်တပန်းမောင်းရတဲ့ကြားမှာ တောင်အဆင်းလမ်းတစ်ဝက်က စစ်ဆေးရေးဂိတ်ရောက်တော့ ပြဿနာက တက်လိုက်ချေသေးရဲ့။ စစ်ဆေးရေးဂိတ်မှာ ထိုင်နေတဲ့ ရဲမေဖက်တီးမတစ်ယောက်က မဒမ်ဟန်ကြည်ကို မှတ်ပုံတင်စစ်ပါလေရော။ သင်္ကြန်တွင်း ဟိုနားသည်နား ခရီးသွားရတာတောင် မပုတင်ကို ဖင်ကြားညှပ်သွားရတဲ့ အဖြစ်ကို စဉ်းစားသာကြည့်ကြပေရော့။ သူတောင်းတဲ့ မပုတင် ထုတ်ပေးပြန်တော့ အနှီဂန်းမက မဒမ်ဟန်ကြည်ကို ဘယ်မှာနေသလဲလို့ ရစ်ပြန်ပါရော။ မဒမ်ဟန်ကြည်မှာက ပြည်မမပုတင်နဲ့မဟုတ်လား။ ဒီမြို့မှာပဲ နေပါတယ်လို့ မဒမ်ကဖြေပြန်တော့ ပုံစံ ၁၀ ပါသလား လုပ်ပြန်ရော။ ကြားကြားသမျှ အရပ်ကတို့ရေ ပုံစံ ၁၀ ကြီးပါထည့်ပြီး ခရီးသွားရမယ့်ကိန်းပါလား။ အနှီလောက်ရဲကျင့်ရဲကြံနဲ့ရစ်လာတော့ မဒမ်ဟန်ကြည် ဒေါကန်ပြီပေါ့။ ခရီးသွားရင် ဘယ်သူက ပုံစံ ၁၀ ကြီး အိတ်ထဲထည့်သွားလို့လဲလို့ ပြန်အော်ပါလေရော။ ခပ်လှမ်းလှမ်းမှာ ဆိုင်ကယ်ရပ်ပြီး စောင့်နေတဲ့ ဦးဟန်ကြည်က မဒမ်ဟန်ကြည်မျက်နှာကို ကြည့်လိုက်တော့ အခြေအနေကို သဘောပေါက်ပြီ။ ဒါနဲ့ သူရို့နားအမြန်သွားပြီး “ ကျွန်တော်ဆရာဝန်ပါ…ဒါက ကျွန်တော့်အမျိုးသမီး ” လုပ်လိုက်မှ ဖက်တီးမလည်း ပါတောပိတ်ပါလေရော။
အမှန်တော့ မဒမ်ဟန်ကြည်က ဘောင်းဘီရှည်လည်းဝတ်လာ၊ ဒီဇိုင်းကလည်း လွင့်နေပြန်တော့ ယိုးဒယားဘက်ကမ်းက စက်ရုံမှာ အလုပ်လုပ်ပြီး သင်္ကြန်တွင်းမှာ ပြည်တော်ပြန်လာတဲ့လူလို့ ဖက်တီးမက ထင်နေသကိုး။ ဒါကြောင့်လည်း မပုတင် ပါရင် ၅၀၀ မပါရင် ၁၀၀၀၊ တစ်ဖက်သားအူရင်အူသလောက်ဖျောင်မယ့် သူတောင်းစားပေါ်လစီကို အသုံးချဖို့ စိတ်ကူးနဲ့ ရစ်တာပေါ့လေ။ ရှုတင်းတင်း မျက်နှာပေးနဲ့ ဦးဟန်ကြည်ကိုလည်း မြင်ရော သူတောင်းစားခွက်ပျောက်မယ့်ကိန်းဆိုက်ပြီမို့ စကားရောဖောရောနဲ့ လွှတ်ပေးလိုက်ရရော ဆိုကြပါစို့။ မဒမ်ဟန်ကြည်ကတော့ တဖျစ်တောက်တောက်နဲ့ ဒေါကန်လို့ မဆုံးဘူးပေါ့။ ကိုယ့်ရှေ့က ကရင်အဘိုးကြီး၊ အဘွားကြီးစုံတွဲကိုတော့ မှတ်ပုံတင်ကြည့်ပြီး တစ်ယောက်ငါးရာစီတောင်းလို့ မောင်းထုတ်လိုက်ပါရော။ အနှီ စုံတွဲဆိုရင် ကရင်ပြည်နယ်သားတွေ စစ်သမှ ရေတောင်မရောပေါင်ဗျာ။ ကိုယ့်ပြည်နယ်တွင်းမှာ ဟိုနားသည်နား ခရီးသွားတာတောင် သူတောင်းစားကြေးပေးနေရတာ ဘယ်လောက်များ စိတ်နာစရာကောင်းလိုက်သလဲ စဉ်းစားသာကြည့်ကြပေရော့။ နောက်တစ်ခါဆိုရင်တော့ စနစ်တွေပြောင်းပြီဆိုပေမယ့် သောက်ကျင့်တွေမပြောင်းသေးတဲ့ အနှီသူတောင်းစားတွေကို ကင်မရာဝှက်နဲ့ဗီဒီယိုရိုက်ပြီး You Tube ပေါ်တင်ရုံနဲ့ အားမရဘဲ နေပြည်တော်ကိုလှမ်းပြီးတိုင်ဖို့ ဦးဟန်ကြည် မောင်းတင်ထားလိုက်ပါရဲ့။ အနှီလောက် ယုတ်ညံ့တဲ့ ကိုယ်ကျင့်တရားနဲ့ သူများပိုက်ဆံကို အလွယ်တကူရချင်တဲ့ ဖွတ်ကြားတွေ အလုပ်ပြုတ်ကုန်မှပဲ ရွှေပြည်ကြီးမှာ ထမင်းတစ်လုပ်စားဖို့ ဘယ်လောက်တပင်တပန်း အလုပ်လုပ်ရတယ်ဆိုတာ လက်တွေ့သိကြပေရော့။
ကောက်သောလမ်းမှာ အသည်းတယားယား...
သူများတကာ  ၁နာရီခွဲသာသာလောက်မောင်းရတဲ့ တောင်အဆင်းခရီးကို ၃ နာရီခွဲလောက်ကြာအောင် တုန်ချိတုန်ချိနဲ့ အင်တိုက်အားတိုက်မောင်းပြီး တောင်ခြေက မြို့ကလေးကို ၁၀ နာရီလောက်မှာ ရောက်ပါလေရော။ အချိန်က ရေပက်သန်တဲ့အချိန်ဖြစ်ပေမယ့် မျက်နှာထားကြီးနဲ့ လက်တယမ်းယမ်းလုပ်လာတဲ့ ဦးဟန်ကြည်ကြောင့် ဆိုးဆိုးဝါးဝါးတော့ ရေအပက်မခံရဘူးပေါ့။ အနှီမျက်နှာမျိုးမထားရင်လည်း ဒီကလေးတွေ လက်ချက်နဲ့ လင်မယားနှစ်ယောက်လုံး လိုရာခရီးရောက်ရင် ကျောတွေတောင် ပါကြတော့မယ်မထင်ဘူး။ သူရို့ဟာက တစ်ဖက်သားကို ရေရွှဲအောင် ပက်တာမျိုးမဟုတ်ဘဲ နို့ဆီခွက်၊ ရေသန့်ဘူးခေါင်းပြတ်တို့ထဲမှာ ရေထည့်ပြီး “ ကိုင်းဟာ ” လို့ ခွက်စောင်းခုတ်ပြီး တစ်ဖက်သား အသားနာရေးကို ရှေ့တန်းတင်ကြသကိုး။ ကောင်းလိုက်တဲ့ ရိုးရာသင်္ကြန်စိတ်ဓာတ်။ အသားနာလို့ ဒေါကန်ပြီး ကလေးတွေကို အော်ပြန်ရင်လည်း ထိုင်ကြည့်နေကြတဲ့ မိဘတွေက “ သင်္ကြန်ကျလို့ ရေပက်တာ ဘာဖြစ်လဲ…ဘာလဲ…ညာလဲ ” နဲ့ ရန်ထောင်ဖို့က အသင့်။ အင်း…ချင်းစကားပုံထဲကလို  နွားနောက်ကျားက နွားကျားပဲ မွေးတာပေါ့လေ။
တောင်ခြေမြို့က မိတ်ဆွေအိမ်မှာ တစ်ထောက်နားရင်း သူရို့ကျွေးတဲ့ မနက်စာတစ်နပ်ကို အားနာပါးနာနဲ့ သွားဖြဲနားဖြဲ အားပေးရသေးရဲ့။ ညာတကာနဉ္စသင်္ဂဟော လို့ ရှင်တော်ဘုရားက ဟောတော်မူရဲ့ မဟုတ်လား။ ဒါနလေးမြောက်သွားအောင် ဘုဉ်းပေးပြီးပြန်တော့ နာရီဝက်သာသာလောက် တောင်ရောက်မြောက်ရောက် စကားရောဖောရော လုပ်ကြပြီး ၁၂ နာရီထိုး နေပူကြဲကြဲကြီးမှာ ပြည်နယ်မြို့တော် ဘားအံရှိရာကို ခရီးဆက်ကြရပါတော့တယ်။ နားရွက်ပါလုံတဲ့ ဆိုင်ကယ်ဦးထုပ်ကိုယ်စီကို ရှေ့မှန်ပါချပြီးဆောင်း၊ မိုးကာအင်္ကျီကိုယ်စီဝတ်၊ နေကာမျက်မှန် ကိုယ်စီတပ်ပြီး ပူပြင်းတဲ့နေရောင်ကို မျက်စိလည်အောင်လုပ်၊ ဆိုင်ကယ်မောင်းတဲ့ ဦးဟန်ကြည်က အာရုံခြောက်ပါးလုံး မနားရအောင် သတိအပြည့်ထည့်ပြီး လိပ်စပိနဲ့ တစ်လိမ့်ချင်းမောင်းလို့ သင်္ကြန်ခရီးပြင်းကို မပြီးမချင်းသွားကြရော ဆိုကြပါစို့။
ရုပ်တည်ကြီးနဲ့ မောင်းလာတဲ့ ဦးဟန်ကြည်ကိုမြင်တဲ့ သင်္ကြန်ပျော်ငမူး ကာလသားများကတော့ ရေမပက်ဘဲ လက်ရှောင်ကြပါသတဲ့။ ( မယုံရင် ပုံပြင်လို့ မှတ်ကြပေရော့ ) ဒါပေမယ့် ကလေးတွေကတော့ ဘာကောင်၊ ညာကောင်ဆိုတာ စိတ်မ၀င်စားဘဲ ရှေ့ကဖြတ်သွားရင် ဗွမ်းလိုက်တာပဲမို့ ဦးဟန်ကြည်လည်း အရှုံးပေးထားလိုက်ပြီးတော့ သူရို့တွေ အမုန်းကျွေးသမျှ နှလုံးအေးရပါလေရော။ ဒါပေမယ့် လေးခါမှာ တစ်ခါလောက်ပဲ ရေပက်ခံရတာမို့ နည်းနည်းတော့ ခံသာပါရဲ့။ ဒီဘက်ဒေသမှာ ရေပက်ရုံတင်မကဘဲ သနပ်ခါးရေနဲ့ မျက်နှာကို သုတ်တာကတော့ အင်မတန် စိတ်ပျက်စရာ ကောင်းသကိုး။ အနှီလောက် ရေပေါတဲ့ ဒေသမှာ သနပ်ခါးသုတ်နေတာကတော့ သနပ်ခါးကိုဗန်းပြပြီး မိန်းကလေးတွေမျက်နှာကို ကိုင်ချင်တဲ့ ဏှာကျင့်၊ ဏှာကြံမို့ သနပ်ခါးမြင်တာနဲ့ ဦးဟန်ကြည် မိုင်ကုန်တင်ပြီး မောင်းပြေးပါလေရော။ အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် ကိုယ့်ပါးကိုလာကိုင်တာကိုတော့ ဦးဟန်ကြည် ဘယ်သဘောကျလိမ့်တုန်း။     ။
ဆက်ပါဦးမယ်...
( တောင်ပေါ်အဆင်းတုန်းက ကားရှုပ်ရှုပ်မှာ အသက်ကိုဖက်နဲ့ထုပ်ပြီး မောင်းဆင်းခဲ့ရတာမို့ ဓာတ်ပုံမရိုက်နိုင်ခဲ့ပါ။ ဒါကြောင့် လူရှင်းရှင်းနဲ့ မောင်းတက်ခဲ့ရတဲ့ အပြန်ခရီးမှာ ရိုက်လာတဲ့ ဓာတ်ပုံတွေကိုပဲ ပို့စ်အတွက် အဆင်ပြေအောင် ထည့်သုံးလိုက်ပါတယ်...)
Tuesday, 10 April 2012
အစိမ်းရင့်ရောင် အလွမ်း ( ၅ ) ( ဇာတ်သိမ်း ) . . .
အပိုင်း ( ၄ ) မှ အဆက် . . .
            အိမ်ပြန်ရောက်လျှင်ရောက်ချင်း အ၀တ်အစားပင် မလဲနိုင်။ မီတို့အိမ်သို့ သုတ်ခြေတင်သည်။ မြက်ခင်းလွင်ပြင် အရောက်တွင် သူရပ်သည်။ မီရှိမည်လားအတွေးဖြင့် ထင်းရှူးပင်ကို လှမ်းကြည့်သည်။ မရှိကြောင်းသေချာမှ ခြေလှမ်းသွက်သွက်ဖြင့် ဆက်လျှောက်သည်။ ကြည်နူးမှုတို့ဖြင့် ညနေခင်းသည် ကျက်သရေ ရှိနေ၏။
            မီတို့ခြံဝအရောက်တွင် လူခေါ်ခေါင်းလောင်းကို တုန်ယင်စွာဖြင့် သူနှိပ်သည်။ သူ့ကို မထင်မှတ်ဘဲ တွေ့ရလျှင် အံ့သြသွားရှာမည့် ကလေးမ၏ ပုံရိပ်ကို သူစိတ်ကူးကြည့်သည်။ ပျော်ရွှင်မှုဖြင့် သူ့ရင်သည် တုန်လှုပ်နေ၏။ အတန်ကြာလျှင် အိမ်တံခါး ပွင့်လာသည်။
            မီအံ့သြသွားမည်ဟူသော အတွေးဖြင့် တံခါးဝကို သူလှမ်းမျှော်ကြည့်သည်။ သို့သော် အိမ်ထဲမှ ထွက်လာသူသည် မီမဟုတ်။ မီ၏အဒေါ်။
            သူ့ကိုမြင်လျှင် “ သြော် . . . ဒေါက်တာ . . . ” ဟု အာမေဋိတ်ပြုရင်း ခြံတံခါးကို ခပ်သွက်သွက် လာဖွင့်ပေးသည်။ “ မီရှိလား အန်တီ ” ဟု သူမေးမိသည်။ အမျိုးသမီးကြီးက တံခါးပိတ်နေသည်။ သူ့အမေးကို မကြားလိုက်ဟု ထင်မိသည်။ စိတ်လှုပ်ရှား တက်ကြွလွန်းနေသော သူ့အဖြစ်ကို ရှက်ရွံ့စွာဖြင့် သူနောက်တစ်ခွန်း ထပ်မမေးတော့ဘဲ ဆိတ်ဆိတ်နေလိုက်မိသည်။
            ပန်းခင်းထဲတွင် ကလေးမ၏ အချစ်တော် ဘော်ဘီ နေစာလှုံနေသည်။ မီရှိမည်လားဟု သူကြည့်သည်။ မတွေ့။
            အိမ်ထဲသို့ရောက်လျှင် သူ မီ့အရိပ်အယောင်ကို ရှာသည်။ သူလာသည်ကိုမြင်၍ တမင်ပုန်းနေသည်ဟူသော အတွေးဝင်လာသဖြင့် အမျိုးသမီးကြီးကို သူကြည့်မိသည်။ မီ့အဒေါ်က တည်ငြိမ်စွာဖြင့် -
            “ ထိုင်ပါဦး ဒေါက်တာ ” ဟု ဆိုသည်။ အသင့်ရှိသော ဆက်တီတစ်လုံးတွင် သူဝင်ထိုင်လိုက်ရင်း
            “ မီရှိလား အန်တီ ” ဟု ထပ်မေးသည်။
            အမျိုးသမီးကြီး၏ မျက်နှာသည် ရုတ်တရက် မှိုင်းညို့သွားသည်။ သူကြောင်နေစဉ် အမျိုးသမီးကြီး ရှိုက်ကြီးတငင် ငိုလေသည်။ အံ့အားတသင့်ဖြင့် သူ့စိတ်ထဲတွင် ထင့်သွားသည်။ “ အန်တီ ” ဟု သူစကားအစလိုက်တွင် အမျိုးသမီးကြီးက မျက်ရည်များဖြင့် သူ့ကိုကြည့်သည်။
            “ မီလေး ဆုံးသွားပြီ ဒေါက်တာ ”
            ထင်မှတ်မထားသော စကားစုတို့က သူ့နားစည်ကို ပြင်းထန်စွာ ရိုက်ခတ်သည်။
            “ မဖြစ်နိုင်ဘူး . . . မဖြစ်နိုင်ဘူး . . . ”
            သူ ကယောင်ကတမ်း ထရပ်မိသည်။
            “ မီဆုံးသွားတာ ခြောက်လလောက်ရှိပြီ ဒေါက်တာ ” ဟု အမျိုးသမီးကြီးက စကားဆက်သည်။
            သူ ထိုစကားစုတို့ကို မည်သို့မျှ မယုံကြည်နိုင်။ သို့သော် မီ့အဒေါ်သည် ထိုစကားများကို လိမ်ညာပြောဆိုမည်မဟုတ်မှန် သူသိနေသည်။ ထိတ်လန့်အံ့သြခြင်းသည် သူ့တစ်ကိုယ်လုံး၌ ပျံ့နှံ့၏။ အရာအားလုံးသည် သူ့မြင်ကွင်းထဲတွင် ၀ိုးတ၀ါး . . .
            “ မီ ဘာဖြစ်လို့ ဆုံးသွားတာလဲ  . . . ” သူ တုန်ယင်စွာ မေးမိသည်။
            “ သွေး . . . ကင် . . . ဆာ . . .ကြောင့် . . . ” ရှိုက်သံများကြားမှ သူမ ဖြေသည်။
            “ သွေးကင်ဆာ၊ လူကီးမီးယား ” သူ နာကျင်စွာ ခေါင်းခါမိသည်။ ထိုစကားလုံးများသည် နားစည်ကို ရိုက်ခတ်ပြီး နှလုံးသည်းပွတ်ကို ထိုးဖောက်သွားကြသည်။ ရောဂါဝေဒနာများကို အရေထူပြီးဖြစ်သော သမားတော်တစ်ဦး၏ ဘ၀ကို သူမေ့လျော့သွားသည်။ ရက်စက်လွန်းသော ကံကြမ္မာကို သူ နာကြည်းလာသည်။ သူ့လည်ချောင်းတို့ ဖျစ်ညှစ်ခံထားရသလို ဆွံ့အ နာကျင်နေသည်။
            “ ကလေးရယ် ” ဟူသော ကြေကွဲစွာ မြည်တမ်းသံသည် သူ့ရင်ထဲတွင် လှိုဏ်သံပါအောင် မြည်ဟည်းနေသည်။
            စီးကျလာသော မျက်ရည်ပူတို့ကို သူ မသုတ်မိ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            မီလဲလျောင်းရာ အုတ်ဂူဖွေးဖွေးသည် ခြံထောင့်ရှိ ထင်းရှူးပင်အောက်တွင် ရှိသည်။
            “ မယွန်းသက်မီ
            အသက် ( ၁၇ ) နှစ် ” ဟူသော အုတ်ဂူပေါ်ရှိ စာကြောင်းကို မြင်ရလျှင် သူမျက်ရည်စို့လာပြန်သည်။
            “ ဒေါက်တာကို အကြောင်းကြားပေးမယ်ပြောတော့ ဦးစိတ်ဆင်းရဲလိမ့်မယ်ဆိုပြီး မသိပါစေနဲ့လို့ ပြောရှာတယ် . . . ဒေါက်တာပေးခဲ့တဲ့ နားကြပ်နဲ့ စာအုပ်တွေကို ကိုင်ရင်း မျက်ရည်တွေ နေ့တိုင်းကျနေရှာတာပါပဲရှင် . . . ”
            “ မဆုံးခင် တစ်ပတ်လောက်က ဒေါက်တာတို့ထိုင်နေကျ ထင်းရှူးပင်ကြီးအောက်ကို လိုက်ပို့ခိုင်းတယ် . . . ထင်းရှူးပင်အောက်ရောက်တော့ မီ ဦးကို စောင့်နေမယ်နော်လို့ မျက်ရည်တွေ တတွေတွေနဲ့ တဖွဖွပြောရှာတယ် . . . ”
            “ မီလေးဟာ နောက်ဆုံးအချိန်အထိ ဒေါက်တာ့ကို တမ်းတနေရှာပါတယ် ဒေါက်တာရယ် . . .  ”
            ငိုရှိုက်သံတို့ စွန်းထင်နေသော အမျိုးသမီးကြီး၏ စကားစုတို့သည် သူ့နားထဲတွင် မကြားတစ်ချက် ကြားတစ်ချက်။ မီ နောက်ဆုံးအချိန်မတိုင်ခင်အထိ ရေးသွားခဲ့သည်ဆိုသော ဒိုင်ယာရီ စာအုပ်ကလေးက သူ့လက်တွင်းမှာ။
            မျှော်လင့်ချက်တို့ဖြင့် တက်ကြွနေတတ်သူကိုမှ ရောဂါဆိုးက တိုက်ခိုက်ဖျက်ဆီးရက်လေခြင်း။ သောကသည် သူ့ရင်ကို အလုံးအရင်းနှင့် ၀င်ရောက်တိုက်ခိုက်ပြန်၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            မီတို့အိမ်မှ ပြန်ထွက်လာချိန်တွင် နေခြည်ဖျော့ဖျော့သည် လောကကို လွှမ်းခြုံထားသည်။ ညနေခင်း၏ အလှသည် သူ့ရင်တွင် မချိုမြိန်တော့။
            ထိုင်နေကျ ထင်းရှူးပင်ကို မြင်လျှင် ကလေးဆန်သော မီ့မျက်နှာကို သူမြင်ယောင်သည်။ “ လူနာတိုင်း အားကိုးရတဲ့ ဆရာဝန်ဖြစ်အောင် ကြိုးစားမယ် ” ဟူသော မီ့စကားသံကို ပြန်လည် ကြားယောင်၏။ အရာအားလုံးသည် မနေ့ကအတိုင်း သူ့အာရုံတွင် ထင်လာသည်။
            မြင်လွင်ပြင်ကိုဖြတ်လျှောက်ပြီး ထင်းရှူးပင်ဆီသို့ သူသွားသည်။ ထင်းရှူးပင်ခြေရင်းရှိ မြက်ခင်းပြင်ပေါ်တွင် ထိုင်သည်။ လက်တွင်းမှ စာအုပ်ကို ဖွင့်ကြည့်မိသည်။
            “ ဦးကို မီချစ်တယ် ”
            စာမျက်နှာပြည့်အောင် ရေးထားသော စာကြောင်းများ။ သူ့ရင်တွင် ကျဉ်ခနဲခံစားလိုက်ရသည်။ သူ့ရင်ထဲမှ နှလုံးသားသည် မြက်ခင်းပြင်ပေါ်သို့ ခုန်ထွက် လူးလွန့်နေ၏။ မပြောဖြစ်ခဲ့သော သူ့ကိုယ်သူ ဒေါသဖြစ်မိသည်။ လူကြီးတစ်ယောက်၏ လုပ်ပိုင်ခွင့်ဖြင့် ဟန်ဆောင်ကောင်းခဲ့သော သူ့ကြောင့် မီခံစားခဲ့ရပေလိမ့်မည်။ ရင်တွင်းမှ ခံစားချက်တို့သည် မျက်ရည်အဖြစ် အသွင်ပြောင်းပြီး အပြင်သို့ စိမ့်ထွက်လာကြလေ၏။
            မီနောက်ဆုံးရေးထားခဲ့သော စာမျက်နှာကို သူတွေ့သည်။
                        “ မီ မနေရတော့ပါဘူး ဦးရယ်။ ဒါပေမယ့် မီ မကြောက်ပါဘူး။ ဦးနဲ့ခွဲရမှာကိုပဲ မီဝမ်းနည်းတယ်။ မီအရမ်းဖြစ်ချင်တဲ့ ဆရာဝန်လည်း ဖြစ်ခွင့်မရတော့ဘူး ဦးရယ် . . .
            ဒါပေမယ့် မီကျေနပ်ပါတယ်။ မီချစ်တဲ့ ဦးက မီ့ကိုယ်စား ရိုးသားတဲ့ တိုင်းရင်းသားတွေကို  ဆေးကုပေးနေမှာ မီသိတယ်  . . .
            မီ့အနားမှာ ဦးရှိစေချင်လိုက်တာ . . . ။ ဒါပေမယ့် ဆရာဝန်တစ်ယောက်ဘ၀နဲ့ တခြားလူနာတွေအနားမှာ ဦးရှိသင့်ပါတယ်လေ . . .
                                                            မီ .  ကျေနပ်တယ် . . . ”
            ဝေဒနာကို အံကြိတ်ရင်ဆိုင်ရင်း တုန်ယင်စွာရေးထားသော စာလုံးရွဲ့ရွဲ့စောင်းစောင်းလေးများကိုဖတ်ပြီး သူ ခေါင်းငိုက်စိုက်ကျသွားသည်။
                        “ ကလေးရယ် . . . ”
            “ ဦး ကလေးကိုယ်စား ရိုးသားတဲ့တိုင်းရင်းသားတွေကို စောင့်ရှောက်ပေးဖို့ ကတိပေးပါတယ်ကွယ် . . . ”
                                    နာကျင်ကြေကွဲစွာ သူရေရွတ်မိသည်။
                                    တမလွန်ရောက် ကလေး ကြားနိုင်ပါစေတော့ . . .
            လေပွေတစ်ခုက ဝှေ့ရမ်းတိုက်ခတ်သည်။ ညနေခင်းသည် အရောင်ရင့်လာသည်။ လောကသည် ပူဆွေးခြင်းဖြင့် တိတ်ဆိတ်နေလေ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            အားလုံး၏ အမြင်တွင် မီသေဆုံးခဲ့ပါသည်။ သို့သော် သူ့နှလုံးသားထဲတွင် မီ ထာဝရ ရှင်သန်နေသည်။
            “ ဦးသွားနှင့် . . . မီနောက်က လိုက်ခဲ့မယ် . . . ” ဟူသော မီ့စကားသံသည် သူ့နားစည်ကို ထာဝရ ရိုက်ခတ်၏။ ရိုးသားနွမ်းပါးသော ပြည်နယ်သားများကို ကြင်နာစွာ ပြုစုကုသပေးနေသော သူ့အနီးတွင် မီရှိနေပါသည်။ မြက်ခင်းစိမ်းစိမ်းလေး အလယ်ရှိ ထင်းရှူးပင်အောက်တွင်လည်း မီရှိသည်။
            သူ့အဖို့ နေရာတိုင်းတွင် မီရှိပါသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            သူနေထိုင်ရာခြံ၏ အနောက်ဘက် ခပ်လှမ်းလှမ်းတွင် မြက်ခင်းစိမ်းစိမ်းနှင့် ကျယ်ပြန့်သောလွင်ပြင်တစ်ခု ရှိပါသည်။ ထိုလွင်ပြင်၏ အလယ်တွင် သစ်ပင်တစ်ပင်ရှိသည်။ မြင့်မား၍ စိမ်းစိုအုပ် ဆိုင်းလှသော ထိုသစ်ပင်သည် ရာသီဥတုဒဏ်ကိုမမှု၊ လေပြင်းကို အံတုပြီး ထီးထီးမားမားရှိလှသည်။ လွင်ပြင်ကျယ်တွင် အဖော်မဲ့စွာ တည်ရှိသော ထိုသစ်ပင်သည် အထီးကျန်ဆန်သည်ဟု ထင်ရ သော်လည်း . . .
            ထိုအရာသည် ထင်းရှူးပင် တစ်ပင်ဖြစ်ပါသည်။
            ထိုနေရာတွင် . . .
                        ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့သည်
                        သူနှင့် သူမတို့ စတင်ဆုံဆည်းခဲ့သည်
                        သူ၏ နှလုံးသားကို တွေ့ရှိခဲ့သည်
                        နှုတ်မဆက်ဘဲ သူမ ထွက်ခွာသွားခဲ့သည်
                        အလွမ်းများနှင့် သူကျန်ရစ်ခဲ့သည်။
            ထိုနေရာတွင် . . .
                        သူမ ထာဝရ ရှိနေပါသည်။
                                    ထိုသစ်ပင်သည် . . . ။        ။
                                                                                                                                                      ချမ်းမြေ့နိုင်ကြပါစေ . . .
                                                                                                                                                                                    ဟန်ကြည် 
   မနက်ဖြန် ဧပြီ ၁၁ ရက်နေ့ဆိုရင် ဦးဟန်ကြည်ရဲ့ မွေးနေ့ရောက်ပြန်ပါပြီ။ ဦးဟန်ကြည်ထက် မွေးနေ့တစ်ရက်စောတဲ့ စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ ချာတိတ်ခမျာမှာတော့ သူ့မွေးနေ့မှာ ဘတ်ဒေးရှိုးလို့ ခေါင်းစဉ်တပ်ပြီး ဘော်ချက်ပိုက်ဆံရှာတာ နှစ်တိုင်းပေါ့။ ဒါပေမယ့် အင်မတန်မှ ရိုးသားရှာတဲ့ ဘလော့ဂါဦးဟန်ကြည်ကတော့ သူငယ်ငယ်က ရေးဖူးတဲ့ ၀ထ္ထုတစ်ပုဒ်ကို ဖုန်သုတ်ပြီး ဘလော့ပေါ် ကောက်တင်လိုက်တာနဲ့တင် မွေးနေ့အထိမ်းအမှတ်ဖြစ်သွားပါလေရောဗျား။
    အစိမ်းရင့်ရောင်အလွမ်းကို အပိုင်း ၁ ကနေ ဇာတ်သိမ်းပိုင်း အပိုင်း ၅ ရောက်တဲ့အထိ မညည်းမညူ အားပေးကြတဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးဥပကာယ အထူးတင်ကြောင်း ပြောရင်းနဲ့ ဦးဟန်ကြည်ရဲ့မွေးနေ့မှာ ဘလော့လာလည်ကြတဲ့ လူပျိုသိုး၊ အပျိုသိုးများအားလုံး စွံခြင်းကြီးစွံကြပြီး၊ စွံပြီးတဲ့ မိတ်ဆွေများလည်း ဘာရေးညာရေးတွေအားလုံး အစစအရာရာ အဆင်ပြေကြစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါရစေဦးလား . . . 
Monday, 9 April 2012
အစိမ်းရင့်ရောင် အလွမ်း ( ၄ ) . . .
 အပိုင်း ( ၃ ) မှ အဆက် . . .
             မီတို့ အောင်စာရင်းထွက်မည်ဟူသော အသိဖြင့် သူ တစ်ညလုံး အိပ်မပျော်။ စိုးရိမ်စိတ်ဖြင့် တုန်နေရှာမည့် ကလေးမ မျက်နှာကို သူမြင်ယောင်နေမိသည်။ အိပ်မရတော့သည့်အဆုံး စာကြည့် စားပွဲတွင် သူထိုင်သည်။ စာအုပ်တစ်အုပ်ကို ဆွဲယူပြီး ဖတ်သည်။ စာထဲတွင် အာရုံဝင်စား၍မရ။ သူမ၏ ရည်မှန်းချက်တို့ အောင်မြင်မည်ဖြစ်ကြောင်း ကြိုတွေးထားမိသော်လည်း မတော်တဆရှိခဲ့သော် ဟူသောအတွေးက သူ့ကို ခြောက်လှန့်သည်။ မီ့အပေါ်တွင်ထားမိသော သူ့မေတ္တာ၏ အတိမ်အနက်ကိုလည်း သူသဘောပေါက်မိသည်။
            မနက် ငါးနာရီသည် အလင်းရောင်ပင် ကောင်းစွာမရသေးသော အချိန်။ အလင်းရောင်ကို သူမစောင့်နိုင်တော့။ နှေးကွေးလွန်းလှသော နာရီလက်တံကို ဆွဲလှည့်၍ မရကြောင်း သဘော ပေါက်သည့်အဆုံးတွင် မျက်နှာသစ်၊ အ၀တ်လဲပြီး ထင်းရှူးပင်အောက်သို့ လာခဲ့သည်။ သစ်ပင်အောက်တွင် ထိုင်နေရင်းမှ သူ့အဖြစ်ကို ပြန်စဉ်းစားမိပြီး အံ့သြမိသည်။ ရည်မှန်းချက်ကြီးသူ အဖြစ်မှ မမျှော်လင့်ဘဲ လေလွင့်ခဲ့သည်။ ထို့နောက်တွင်မှ အများအတွက် အသုံးဝင်သော ဆရာဝန်ဘ၀ကို ပြန်ရခဲ့သည်။ မီဆိုသော ကလေးမကို သူစာသင်ပေးခဲ့ပါသည်။ သို့သော် မီက ဘ၀နေနည်းကို သူ့အား ပြန်လည်သင်ကြားပေးခဲ့လေသည်။
            ရောက်တတ်ရာရာ စဉ်းစားနေစဉ်တွင် အဝေးဆီမှ ခေါ်သံသဲ့သဲ့ ကြားရသည်။ ဆံနွယ်များ ဝေ့၀ဲ၍ ပြေးလာသော ကလေးမကို သူမြင်ရသည်။ မီ့ထံသို့ သူ အမြန်လျှောက်သွားသည်။ ဖျော့တော့သော အလင်းရောက်တွင် ပြုံးရွှင်နေသော သူမ၏မျက်နှာသည် ထင်းနေ၏။
            “ ဦး . . . မီ ဘာသာစုံ ဂုဏ်ထူးပါတယ်၊ မီ ဆရာဝန်လုပ်လို့ ရတော့မယ် . . . ”
            ပြေးလာနေရင်းမှ မောသံဖြင့် သူမ အော်ပြောသည်။ သူ့ရင်ထဲတွင် ဆို့နေသော သောကအစိုင်အခဲသည် အငွေ့ပျံသွားသည်။ ချမ်းမြေ့သောအရသာကို သူခံစားရသည်။ အောင်မြင်ပျော်ရွှင် မှုများဖြင့် ဆွေ့ဆွေ့ခုန်နေသော သူမ၏ ကလေးငယ်ပမာ ဖြူစင်အပြစ်ကင်းနေခြင်းကို သူကြည်နူးသည်။ တိုင်းဆမဲ့သော ၀မ်းသာမှုဖြင့် သူ့ခြေအစုံတို့ ယိုင်နဲ့ချင်လာသည်။ ဥယျာဉ်မှူး၏ ပီတိသည် ရင်ကို လွှမ်းခြုံ၏။
            “ မီ့ကို ဆုချရဦးမယ် ” ဟု သူ အလျင်ဦးအောင် ပြောသည်။ သူမထက် အပြောဦးသွားသော သူ့ကိုကြည့်ရင်း မီ ရွှင်မြူးစွာ ရယ်လေသည်။
            မနက်ဖြန်အကြောင်း သူ မစဉ်းစားချင်။
            ကလေး ထာဝရ ပျော်နိုင်ပါစေကွယ် . . .
@@@@@@@@@@@@@@@@@@@@@@@@@@@
            ထိုညတွင် ကလေးမအတွက် သူ စာတစ်စောင်ရေးသည်။
            ကလေးရေ . . .
            ကလေးကို ဦးက ကျေးဇူးတင်နေတယ်ဆိုရင် ကလေး အရမ်းအံ့သြသွားမှာပေါ့။ မအံ့သြပါနဲ့ကွယ်။ တစ်ခါက ကလေးမေးခဲ့ဖူးတဲ့ ဘာဖြစ်လို့ ဆေးမကုတာလဲဆိုတဲ့ မေးခွန်းကို ဖြေရင်းနဲ့ ဦး ရှင်းပြပါ့မယ်။
            ဦးလည်း ကလေးလိုပဲ ငယ်ငယ်ကတည်းက ဆရာဝန်လုပ်ဖို့ ရည်မှန်းချက်ကြီးခဲ့တာပါပဲ။ ဒါပေမယ့် ဦးဘွဲ့ရပြီး မကြာခင်မှာ ဦးမေမေရဲ့ကျန်းမာရေး အတော်ဖောက်လာတယ်။ အမေတစ်ခု သားတစ်ခုဘ၀မို့ ဦးမေမေကို ဦးသိပ်ချစ်တာပေါ့။ ဒါကြောင့်လည်း ဦးမေမေကို ဂရုတစိုက်နဲ့ ပြုစုပြီး ကုပေးတာပေါ့လေ။
            မေမေ့ရောဂါက နှလုံးရောဂါဆိုတော့လည်း အခြေအနေက တစ်နေ့ရွှေ၊ တစ်နေ့ငွေပေါ့ ကလေးရယ်။ ပြန်ကောင်းလာဖို့ အခွင့်အလမ်းမရှိပေမယ့်လည်း တတ်နိုင်သမျှ အသက်သာဆုံးဖြစ်ဖို့ ကြိုးစားပေးရတာပေါ့။ တစ်ညမှာ တောဘက်က လူတစ်စု ဦးကို လာပင့်တယ်။ သူတို့လူနာ အသည်းအသန်ဖြစ်နေလို့တဲ့။ ကျန်းမာရေးအခြေမအနေအရ မေမေ့ကို မျက်စိအောက်က အပျေုာက်မခံရဲတဲ့ ဦးက လာပင့်တဲ့နောက်ကို မလိုက်ချင်ဘူးပေါ့။ ဒါပေမယ့် မေမေက သူသက်သာနေပြီတဲ့ အသက်တစ်ချောင်းကို ကယ်ကောင်းပါတယ် သားရယ်တဲ့ အားကိုးတကြီး လာပင့်တဲ့ လူနာရှင်တွေနောက်ကို လိုက်သွားပေးလိုက်ပါဆိုတော့လည်း ဦးလိုက်သွားရတာပေါ့လေ။ မေမေ့အခြေအနေကလည်း သက်သာသလိုရှိနေတာကိုး။
            လူနာရှင်တွေနောက်ကိုလိုက်သွားပြီး လူနာကိုလည်းတွေ့ရော အခြေအနေက သိပ်မျှော်လင့်ချက်မရှိမှန်း ဦးရိပ်မိတာပေါ့။ ဒါပေမယ့် လူနာရှင်တွေကတော့ သူတို့လူနာအခြေအနေကို အမှန်အတိုင်း ဘယ်သိကြပါ့မလဲ။ သူတို့စိတ်ထဲမှာ ဆရာဝန်ပြလိုက်ရင် ချက်ချင်းကောင်းသွားမယ်လို့ ယူဆထားကြပုံရတယ်။ ဦးလည်း တတ်နိုင်သလောက် နားလည်အောင်ရှင်းပြပြီး အကောင်းဆုံး ကုပေးပေမယ့် ညသန်းခေါင်ကျော်လောက်မှာပဲ လူနာဆုံးသွားပါလေရော။ လူနာရှင်တွေလည်း မျက်နှာဘယ်ကောင်းမလဲ။ ဦးလည်း စိတ်မဖြေနိုင်ဘူးပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်လူနာတစ်ယောက် တစ်ခုခုဖြစ်သွားရင် ဘယ်ဆရာဝန်က စိတ်ကောင်းနိုင်ပါ့မလဲ။
            အဲဒီညက ဦးအိမ်ပြန်ရောက်တော့ လင်းအားကြီးဖြစ်နေပြီ။ ဦးမေမေ ထွက်မကြိုနိုင်ဘူးလေ။ မေမေ အိပ်ပျော်နေတယ်ထင်ပြီး မေမေ့အခန်းထဲဝင်ကြည့်မှ ဦးရင်ကျိုးရတော့တာပဲ။ ဦးမေမေ အသက်မရှိတော့ဘူး ကလေးရယ်။ ဦးအတွက်တော့ အဲဒီညက ကမ္ဘာပျက်တဲ့ညပါပဲ။ ဆရာဝန်တစ်ယောက်အနေနဲ့ ဘာတစ်ခုမှ မစွမ်းဆောင်နိုင်ခဲ့ဘူး။ လူနာရဲ့ အသက်ကို မကယ်နိုင်ခဲ့တဲ့အပြင် ကိုယ့်မေမေရဲ့ နောက်ဆုံးအချိန်မှာလည်း ပြုစုမပေးနိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကို အပြစ်တင်လို့လည်း မဆုံးတော့ဘူးပေါ့။
            ဦးမေမေရဲ့ အသုဘကိစ္စပြီးလို့ နောက်ရက်မှာပဲ ဦးအတွက် နောက်ထပ်ပြဿနာတစ်ခုက စောင့်နေပြန်ရော။ မေမေဆုံးတဲ့ညက ဦးမကယ်နိုင်ခဲ့တဲ့ လူနာရှင်ရဲ့ အမျိုးတစ်ယောက်က သူတို့လူနာဆုံးရတာ ဦးအမှားကြောင့်ဆိုပြီး ကျန်းမာရေးဦးစီးဌာနကို တိုင်တယ်လေ။ လူနာရှင်မိသားစုက ရိုးရိုးအအတွေ ဆိုပေမယ့် ရွာထဲမှာ နည်းနည်းပါးပါး ပညာတတ်တဲ့လူတစ်ယောက်က အကြံပေးပြီး တိုင်ခိုင်းတာပါပဲ။ လူနာကို အရေးတကြီး ဂရုစိုက်လိုက်ရတာမို့ လူနာရှင်တွေ နားလည်အောင် အချိန်ယူပြီး ကျကျနနရှင်းမပြမိခဲ့တဲ့ ဦးရဲ့ အားနည်းချက်တွေကြောင့်ပေါ့ ကလေးရေ။ အဲဒီမှာတင် ဦးလည်း ခုံဖွဲ့ပြီး အစစ်ခံရတယ်။ ဦးဘက်က အကောင်းဆုံး လျှောက်လဲချက်ပေးနိုင်လို့သာ ဦးရဲ့ ဆ-မ အသိမ်းမခံခဲ့ရတာ။ သူတို့လူနာအတွက် ယူကြုံးမရဖြစ်နေကြတဲ့ လူနာရှင်တွေကို အပြစ်မတင်ချင်ပေမယ့် မေမေဆုံးသွားလို့ ၀မ်းနည်းနေတဲ့ ဦးကတော့ လူတွေကို တော်တော်ကြီးစိတ်ကုန်သွားတယ်။ ဝေဒနာဖြစ်ရမယ့် စေတနာတွေလည်း ထပ်ပြီးမထားချင်တော့ဘူးလေ။ အဲဒီအချိန်ကစပြီး ဦးရဲ့ဆရာဝန်ဘ၀ကို ပြည်ဖုံးကားချပစ်လိုက်မိတယ်။ လူတွေနဲ့လည်း ခပ်ကင်းကင်း နေခဲ့မိတယ်။ ပြောရရင်တော့ လောကကို အရှုံးပေးလိုက်တာပေါ့ ကလေးရေ။
            တစ်နေ့မှာ အမှတ်မထင်ဘဲ ကလေးနဲ့ဆုံတယ်လေ။ ဦးထက် အများကြီးငယ်တဲ့ကလေးရဲ့ စိတ်အားထက်သန်မှုတွေ၊ ဖြူစင်မှုတွေကို ကြည့်ရင်း ဦး အများကြီးပြောင်းလဲသွားတယ်။ တစ်ခါလဲသွားရုံနဲ့ အပြီးထိုင်ဖို့ ဆုံးဖြတ်မိတဲ့ ဦးရဲ့အမှားကိုလည်း ပြန်မြင်လာတယ်။ ဖြစ်ပြီးခဲ့တာတွေကို အတိတ်မှာထားခဲ့ပြီး ကိုယ့်ပညာနဲ့ အလုပ်အကြွေးပြုဖို့ တာဝန်တွေရှိနေသေးတာကို ပြန်ဆင်ခြင်မိလာတယ်။ အဲဒီအတွက် ကလေးကို ဦး ကျေးဇူးတင်မိတာပါ။
            နောက်တစ်ခုကတော့ ကလေးကို ဦးတောင်းပန်ချင်တာပါပဲ ကလေးရေ။ ဘာကြောင့်လဲဆိုတော့ ကလေး ဒီစာကို ဖတ်နေချိန်မှာ ဦးက ကရင်ပြည်နယ်ကိုသွားတဲ့ လမ်းပေါ်မှာ ရောက်နေမှာမို့ပါ။ ကလေးကို ကြိုမပြောခဲ့တဲ့ ဦးကို ခွင့်လွှတ်ပါ။ ကလေးမျက်ရည်ကျတာကို ဦးမမြင်ရက်လို့ပါကွယ်။ ဦးပေးထားတဲ့ နားကြပ်၊ စာအုပ်တွေနဲ့ ထူးချွန်တဲ့ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။
            “ လူနာတိုင်း အားကိုးရတဲ့ ဆရာဝန် ” အဖြစ်နဲ့ ပြည်နယ်တွေ ကလေးကို ဦးစောင့်နေမယ်။       
                                                                                                                                                                                                                        ကလေးရဲ့ . . .
                                                                                                                                                                                                                            ဦး
            စာကို တစ်ခေါက်ပြန်ဖတ်သည်။ စာအိပ်ထဲထည့်၍ သေချာစွာ ပိတ်သည်။ မီနှင့် ဝေးရတော့မည်ဟူသော အသိက ရင်ကို ပူလောင်စေသည်။
            ခေါင်မိုးပေါ်သို့ မိုးပေါက်ကျသံ တဖြောက်ဖြောက် ကြားလာရသည်။ မိုးကျသံများအဆုံးတွင် ညသည် တိတ်ဆိတ်နေ၏။
                        “ ပြောတော့ပြောမည်
                        စိတ်ကရည်လျှက်
                        နှုတ်ကခက်တော့
                        အိပ်မက်တွေပဲ ကျန်တယ်မေ . . . ”
@@@@@@@@@@@@@@@@@@@@@@@@@@
            နောက်နေ့မနက်တွင် ကလေးမကို ထင်းရှူးပင်အောက်မှ သူစောင့်သည်။ သူမ ရောက်လာလျှင် သူ့လက်ဆောင်ပစ္စည်းထုပ်ကို ကြည့်ပြီးရယ်သည်။ “ နည်းနည်း လေးတယ်နော် ” ဟုဆိုပြီး သူမလက်ထဲသို့ လက်ဆောင်ထုပ်ကို သူထည့်ပေးသည်။ “ ဘာတွေလဲ ” ဟု စူးစမ်းသလိုမေးရင်း အထုပ်ကို ဖောက်ရန် သူမ ဟန်ုပြင်သည်။
            “ ဒီတစ်ခါတော့ အိမ်ရောက်မှ ဖွင့်နော် ” ဟု သူပြောသည်။
            “ သိချင်လှပြီ ” သူမ စောဒက တက်သည်။ “ ဒါဆို အိမ်ကို အမြန်ပြန်ပြေးပေါ့ ” ဟု သူဆိုသည်။
            “ ပြီးရင် ပြန်လာမှာနော် . . . ဦး စောင့်နေ ”
            သူမ လှည့်ပြီး ပြေးရန် ဟန်ပြင်သည်။ “ ကလေး ” ဟု သူလှမ်းခေါ်သည်။ “ ဘာလဲ ဦး ” ဟူသော ထူးသံအဆုံးတွင်
            “ ဦး ပြည်နယ်တွေက စောင့်နေမယ် ” ဟု သူပြောသည်။ “ ဟုတ်ကဲ့ပါ ” ဟု ဖြေရင်း သူမ လှည့်ပြေးသည်။ ထွက်ပြေးသူ၏ ကျောပြင်ကို သူမျက်စိတစ်ဆုံး ကြည့်မိသည်။ သူ့ရင်သည် နာကျင်၏။ သူ့လုပ်ရပ်သည် တရားသည်၊ မတရားသည်ကို သူ မစဉ်းစားချင်တော့။
            ထင်းရှူးပင်အောက်မှ သူလှည့်ထွက်ခဲ့သည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            နေရာဒေသသစ်သည် သူ့အတွက် အသားမကျသေးသော်လည်း စိမ်းမနေ။ ရိုးသားသော တိုင်းရင်းသားတို့၏ ဖော်ရွေပျူငှာမှုတွင် သူ နေပျော်လာသည်။
            သူ တာဝန်ကျသော တိုက်နယ်ဆေးရုံတွင် သူရောက်လာမှ ဆရာဝန်စုစုပေါင်း နှစ်ယောက်သာ ရှိသည်။ သပ်ရပ်သော တစ်ထပ်ဆေးရုံကလေးတွင် လူနာအင်အားက မနည်း။ သူ နားချိန်ပင် သိပ်မရလိုက်။ ရောက်ပြီး နောက်တစ်နေ့တွင်ပင် အလုပ်စ၀င်ရသည်။ လုပ်ဖော်ကိုင်ဖက် ဆရာဝန်၊ ဆရာမများ၏ တွဲခေါ်မှုဖြင့် အလုပ်တွင် သူပျော်မွေ့လာသည်။
            အလုပ်တာဝန်များ မအားလပ်သည့်ကြားမှ မီ့ထံသို့ တစ်လလျှင် စာတစ်စောင် သူရေးဖြစ်သည်။ လက်ရေးဝိုင်းဝိုင်းဖြင့် ကလေးဆန်ဆန် ရေးထားသော သူမ၏ ပြန်စာများသည် သူ့ဘ၀၏ အားအင်များ ဖြစ်သည်။ လူကြီးဆန်သောအတွေး၊ ကလေးဆန်သော အရေးတို့ဖြင့် မီသည် သူ့ကို တွန်းအားပေးသည်။ “ ဆရာဝန်ဖြစ်ရင် မီလိုက်ခဲ့မယ်နော် ” ဟူသောစာကြောင်းသည် စာတိုင်းတွင် ပါစမြဲ။
            ခြောက်လမျှအကြာတွင် မီ့ထံမှ စာအဆက်အသွယ်ပြတ်သွားသည်။ စာမလာ၊ သတင်းမကြားနှင့် သူ မနေတတ်အောင် ဖြစ်ရသည်။ ဆေးတက္ကသိုလ်တက်ရန်အတွက် ပြင်ဆင်နေရသဖြင့် မအားလပ်နိုင်သောကြောင့် စာမရေးနိုင်ခြင်းဖြစ်မည်ဟု သူမ၀ံ့မရဲ တွေးသည်။ မီ သူ့ကို မေ့သွားပြီလားဟု သူမတွေးချင်။ အချိန်ကာလ၏ တိုက်စားမှုအောက်တွင် ပြောင်းလဲတတ်သောလူများထဲတွင် သူ၏မီ မပါနိုင်။ မီ့ကို သတိရသော အလွမ်းက သူ့ရင်တွင် သိပ်သည်းစွာ ဖွဲ့တည်သည်။ ညနေစောင်းချိန်ရောက်တိုင်း ထင်းရှူးပင်အောင်တွင် သူ့ကို မျှော်နေမည်ထင်သော ကလေးမကို သူ သတိရတတ်မြဲ ဖြစ်လေသည်။
            လူနာများအကြားတွင် နားချိန်မရှိနိုင်အောင် လုံးချာလိုက်နေသော သူ့အချိန်ဇယား၏ ၀ါးမြိုမှုအောက်တွင် တစ်နှစ်ဆိုသော အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွား၏။
            သူတို့ဆေးရုံကလေးသို့ လထဆရာဝန်သစ်တစ်ယောက် ထပ်ရောက်လာချိန်တွင် ခွင့်တင်၍ မီရှိရာသို့ သူပြန်လာခဲ့သည်။ ယခုတစ်ခါတွင်တော့ နှလုံးသားကို သူ အနိုင်ပေးမိလေပြီ။
            သယ်ယူပို့ဆောင်ရေးတွင် အမြန်ဆုံးဖြစ်သော လေယာဉ်ပျံပင်လျှင် သူ့စိတ်ထဲတွင် လိပ်တစ်ကောင်ပမာ နှေးကွေးလွန်းနေလေ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၅ ) မှာ နိဂုံးချုပ်ပါတော့မယ် . . .
Sunday, 8 April 2012
အစိမ်းရင့်ရောင် အလွမ်း ( ၃ ) . . .
 အပိုင်း( ၂ ) မှ အဆက် . . .
            နာရီလက်တံတို့က ပုံမှန်လည်ပတ်နေကြသည်။ ပြက္ခဒိန်တစ်ရွက်နှင့်တစ်ရွက် အပြောင်းတွင် ရာသီဥတုသည် ပုံမှန်ပြောင်းလဲ၏။ ထင်းရှူးပင်အောက်ရှိ သူတို့၏ စာကြည့်ဝိုင်းလေးကား မပြောင်းမလဲရှိသည်။
            မီသည် တွေ့စကထက် အနည်းငယ် တည်ငြိမ်လာသည်။ မကြာမကြာ စိတ်ကောက်တတ်သော အကျင့်သည် ပျောက်လုလု။ တစ်ခါတစ်ရံမှသာ ထုံးစံမပျက် စိတ်ကောက်တတ်သည်။ ကလေးမကဲ့သို့ပင် ပြောင်းလဲလာသော သူ့အဖြစ်ကိုလည်း သတိထားမိသည်။ တွေ့စက သူမ စိတ်ကောက်လျှင် သူစိတ်ညစ်လေ့ရှိသော်လည်း ယခုမူ မီစိတ်ကောက်ပြေအောင် ချော့ရသည့်ကို သူ ပျော်နေတတ်ပြီ။
            အထူးဆန်းဆုံးမှာ ပစ်ပယ်ထားခဲ့သော ဆေးစာအုပ်များကို တစ်ခါတစ်ခါ ကောက်ဖတ်မိလာခြင်း ဖြစ်သည်။
            စာကျက်ရင်း ငြီးငွေ့လာသောအခါမျိုးတွင် မီက ဆရာဝန်များအကြောင်းကို စိတ်ဝင်တစား မေးတတ်သည်။ ထိုအခါ သူ့အတွေ့အကြုံများ၊ သူငယ်ချင်းများ၏ အတွေ့အကြုံများအကြောင်း ကို ပြောပြရလေသည်။ သူ့ကို လေးစားအားကျစွာ ငေးကြည့်ရင်း နားထောင်နေတတ်သော မီမျက်ဝန်းများ၏ စိုးမိုးမှုအောက်တွင် သူ၏ဆရာဝန်ဘ၀တွင် ပြန်လည်ပျော်ဝင်စ ပြုလာသည်။
            သူနှင့်မီတို့၏ သံယောဇဉ်သည်လည်း အချိန်နှင့်အမျှ ကြီးမားလာသည်။ သူနောက်ကျသော နေ့များတွင် မီသည် ထင်းရှူးပင်အောက်မှနေ၍ သူအလာကို လည်တဆန့်ဆန့်ဖြင့် မျှော်နေတတ် သလို၊ မီနောက်ကျလျှင်လည်း စိတ်ပင်ပန်းစွာဖြင့် သူမျှော်ရလေ့ရှိသည်။ များသောအားဖြင့် သူကသာ စောစီးစွာ သွားလေ့ရှိသည်။ သူနောက်ကျလျှင် မီတစ်ယောက် စိတ်ပင်ပန်းစွာဖြင့် မျှော်နေရမည်ကို   သူမမြင်ရက်သောကြောင့် ဖြစ်သည်။ ကျောင်းဆင်းလျှင်ဆင်းချင်း အ၀တ်လဲပြီး ကသုတ်ကရက် ပြေးတက်လာသော သူမကိုမြင်သော အချိန်လေးတွင် သူ့ရင်သည် ချမ်းမြေ့အေးချမ်းသွား ကြောင်း ၀န်ခံမိသည်။
            သူ့ဘ၀သည် တဖြည်းဖြည်းနှင့် အဓိပ္ပာယ်ရှိလာလေ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            အတန်းတင်စာမေးပွဲမဖြေမီ တစ်လအလိုတွင် မီသည် သူမ၏ မပြောင်းလဲသော ဘ၀ပန်းတိုင်အကြောင်း သူ့ကို တိုင်တည်ပြန်သည်။ အရွယ်နှင့်မမျှသော သူမ၏ ဖြူစင်သည့် စိတ်ထားကို သူအံ့သြလေးစားရသည်။
            “ ဦးရယ် . . .  မီတော့ ရောဂါဝေဒနာ ခံစားနေရတဲ့လူတွေကိုမြင်ရင် သိပ်သနားတယ်။ အချိန်လွန်မှ ဆေးရုံရောက်လာပြီး မဆုံးသင့်ဘဲ ဆုံးသွားရတဲ့ လူနာတွေအကြောင်းကြားရင် မီ အရမ်း ၀မ်းနည်းတယ်။ ဆရာဝန်မရောက် ဆေးမရှိတဲ့ ပြည်နယ်တွေက တိုင်းရင်းသားတွေဆို ဘယ်လိုများနေကြမလဲ မသိဘူးနော်။ မီသာ ဆရာဝန်ဖြစ်ရင် အဲဒီဒေသတွေကို သွားမယ်။ ဦး လိုက်ခဲ့နော် ”
            သူ့ကို အားကိုးတကြီး မော့ကြည့်ရင်း တတွတ်တွတ်ပြောနေသော သူမကိုကြည့်ရင်း သူ့ရင်ထဲတွင် ဝေဒနာတစ်ရပ်ကို ခံစားလာရသည်။ ဆရာဝန်တစ်ယောက်က ဘ၀ကို တန်ဖိုးမဲ့စွာ ဖြတ်သန်းကုန်ဆုံးနေချိန်တွင် ရည်မှန်းချက်ကြီးမားသော ကလေးမတစ်ယောက်က အများအတွက် စဉ်းစားနေသည်။ ဆရာဝန်အဖြစ်ကို ရရှိပြီးသူက မိမိအလုပ်နှင့်တာဝန်ကို တန်ဖိုးမထားဘဲနေစဉ် ဆေးကျောင်းတက်ရန်ပင် မသေချာသေးသော ဆယ်တန်းကျောင်းသူတစ်ယောက်က ဆရာဝန်ဘ၀ကို မြတ်နိုးတောင့်တစွာဖြင့် အများအကျိုးဆောင်ရန် ဆုံးဖြတ်ချက်ချနေသည်။ မီ တစ်ခါက ပြောခဲ့ ဖူးသော “ လူနာတိုင်းက အားကိုးရတဲ့ ဆရာဝန် ” ဟူသည့် စကားလုံးများသည် သူ့ရင်ကို အရှိန်ပြင်းစွာဖြင့် ၀င်ဆောင့်သည်။ ရှက်ခြင်းသည် သူ့တစ်ကိုယ်လုံးကို သိပ်သည်းစွာ ပျံ့နှံ့လာ၏။
            “ ဦး လိုက်ခဲ့မယ် မီ ”
            “ တကယ် ! ” အံ့သြ၀မ်းသာမှုသည် ကလေးမ၏ မျက်နှာပေါ်တွင် အထင်းသားပေါ်သည်။ “ မီ အရမ်းဝမ်းသာတာပဲ ဦးရယ် ” ဟု တုန်ယင်စွာ ပြောလေသည်။
            “ မီက ဦးကို လူနာတိုင်းက အားကိုးရတဲ့ ဆရာဝန် ဖြစ်စေချင်တာ ” မျက်ရည်များကျလျှက် မီက ဆိုသည်။
            မီ့လက်အစုံကို သူဆုပ်ကိုင် အားပေးရင်း “ ဦး ကတိပေးပါတယ် ကလေးရယ် ” ဟု ခိုင်မာစွာ ဆိုမိသည်။
            ထင်းရှူးပင်ပေါ်မှ ဥသြတွန်သံကို ကြားရ၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            အချိန်သည် မေ့လျော့ထားခြင်းခံရလျှင် လျင်မြန်စွာ ကုန်ဆုံးသည်။ အ.ပ.ထ စာမေးပွဲသည် တဖြည်းဖြည်းနှင့် အနားရောက်လာ၏။ ဘာသာရပ်တိုင်းကို ကျေညက်စွာ လေ့လာထားပြီးဖြစ်၍ ကလေးမတွင် ယုံကြည်ချက်အပြည့်နှင့် ဖြစ်နေသည်။
            တစ်နှစ်တာလုံး ပုံမှန်စာကြည့်ခဲ့သော အကျိုးကြောင့် စာမေးပွဲကို မီကောင်းစွာ ဖြေဆိုနိုင်ခဲ့သည်။ တစ်ဘာသာဖြေပြီးသွားတိုင်း ရွှင်မြူးနေသော ကလေးမ၏ မျက်နှာကို မြင်ရတိုင်း သူ့ရင်တွင် ကျေနပ်ပျော်ရွှင်ရလေသည်။
            မီက စာမေးပွဲကို တည်ငြိမ်စွာဖြေနေသလောက် သူက ပျာနေအောင် စိုးရိမ်နေမိပြန်သည်။ ခေတ်ပညာတတ်တစ်ယောက်အနေဖြင့် မယုံကြည်ခဲ့သော်လည်း သူမ စာမေးပွဲကို ထူးချွန်စွာ ဖြေဆိုနိုင်ရန် ယတြာမျိုးစုံ သူချေဖြစ်သည်။ ထိုအကြောင်းကို ရှက်ရှက်ဖြင့် မီ့ကို ပြောပြမိလျှင် သူမက အားနာစွာပြုံးရင်း “ ဦးက ကလေးကျနေတာပဲ ” ဟု ဆိုလေသည်။
            မီစာမေးပွဲဖြေနေစဉ်အတွင်း ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနသို့ သူလျှောက်လွှာတင်သည်။ ထိုအကြောင်းကို မီ့အား မပြောသေး။ တရားဝင်ခန့်စာ ရမှ သူမ အံ့သြသွားရန် ဖွင့်ပြောမည် စိတ်ကူးသည်။
            သူ ဂဏာမငြိမ်စွာ၊ ပူပန်စွာဖြင့်ပင် သူမ၏ စာမေးပွဲ ပြီးသွားခဲ့သည်။ အောင်မြင်သူ၏ အပျော်သည် သူ့ထံသို့ပါ ကူးစက်လာ၏။ “ ဦးကို မီကျေးဇူးတင်တယ် ” ဟု အထပ်ထပ်ပြောလေသည်။ “ ဦးကို ကန်တော့ပါရစေ ” ဆိုပြီး နောက်ဆုံးဘာသာ ဖြေပြီးသောနေ့က သူ့ကို ကျုံ့ကျုံ့ထိုင်ကာ ကန်တော့သည်။ သူ့ရင်တွင် ပြောမပြနိုင်အောင်ပင် ကြည်နူးရသည်။
            စာမေးပွဲပြီးသော နောက်တစ်ရက်တွင် မီတို့အိမ်သို့ ပထမဆုံးအကြိမ်အဖြစ် သူသွားသည်။ အတန်ငယ်ကျယ်ဝန်းသော ခြံထဲတွင် ပန်းမျိုးစုံတို့ စိုက်ထားသည်။ မီတို့အိမ်သည် ပန်းခင်းတို့အလယ်ရှိ တစ်ထပ်တိုက်ပြား လှလှလေး ဖြစ်သည်။ သူရောက်သွားချိန်တွင် မီသည် အချစ်တော် ဘော်ဘီနှင့် ပန်းခင်းထဲတွင် ပြေးကစားနေသည်။ သူ့ကိုမြင်လျှင် ၀မ်းသာအားရ တံခါး လာဖွင့်ပေးသည်။ “ ဦးက ဘာဖြစ်လို့ လာမယ်ဆိုတာ ကြိုမပြောတာလဲ ” ဟု အပြစ်တင်သည်။ “ ကလေး အံ့သြသွားစေချင်လို့ ” ဟု သူဖြေသည်။
            “ အန်တီနဲ့ မိတ်ဆက်ပေးမယ် ” ပြောရင်း သူ့ကို အိမ်ဆီသို့ မီခေါ်သွားသည်။
            မီတို့အိမ်၏ အလင်းအမှောင်အယူအဆ၊ ပရိဘေဂထားသိုပုံ၊ ဧည့်ခန်းအပြင်အဆင်တို့က ပညာတတ်အသိုင်းအ၀ိုင်းမှဖြစ်ကြောင်း ဖော်ပြနေသည်။
            မီ့အဒေါ်သည် တည်ငြိမ်အေးချမ်းသော မျက်နှာနှင့် တည်ငြိမ်ရင့်ကျက်သော အမျိုးသမီးကြီးဖြစ်သည်။ သိမ်မွေ့သော အပြုံးကို သူတုံ့ပြန်ရင်း အသက်ငါးဆယ်နီးပါးလောက်ရှိပြီဟု မ၀ံ့မရဲ ခန့်မှန်းမိသည်။ သူ့ကို မြင်မြင်ချင်း အမျိုးသမီးကြီးက
            “ မီလေး ပြောပြောနေတဲ့ ဒေါက်တာထင်တယ် ” ဟု ဖော်ရွေစွာ နှုတ်ဆက်သည်။ “ ဟုတ်ကဲ့ ” ဟု သူဖြေသည်။ ရင်းနှီးပွင့်လင်းသော ဆက်ဆံရေးကြောင့် သူအနေမကြုံ့။
            မီ့ကို သူမမေးဖြစ်ခဲ့သော သူမ၏ မိဘများအကြောင်းကို မီ့အဒေါ်က ပြောပြသည်။ သူမခြောက်လသမီးအရွယ်တွင်ပင် ကားမတော်တဆဖြစ်မှုတစ်ခုကြောင့် မိဘနှစ်ပါးလုံး ကွယ်လွန်ကြ ကြောင်း သူသိရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မိဘမဲ့ဖြစ်ရသော မီ့ကို သူသနားမိသည်။
            အပြန်တွင် သူ့ကို ခြံဝအထိ လိုက်ပို့ရင်း “ မနက်ဖြန် မီ့ကို ဘုရားအစုံလိုက်ပို့ ” ဟု မီပူဆာလေသည်။ “ စိတ်ချ ” ဟု သူဖြေရင်း လှည့်ထွက်ခဲ့သည်။
            လေအဝေ့တွင် ရွက်ဝါအချို့ ကြွေကျလာကြလေသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
            စာမေးပွဲပြီးသွားသော်လည်း ထင်းရှူးပင်ကြီးအောက်တွင် သူတို့ ပုံမှန်ပင် ဆုံဖြစ်ကြသည်။ မီသည် သူ့ကို ထင်သည်ထင်ပင်ပို၍ သံယောဇဉ်တွယ်နေကြောင်း သူရိပ်စားမိသည်။ သူမ၏ မရှိတော့သော မိဘတို့နေရာတွင် သူ့ကို အစားထိုးပြီး တွယ်တာနေသည်လား။ သို့မဟုတ် . . .
            သူကိုယ်တိုင်ကရော။ ကလေးမကို သံယောဇဉ်ဖြစ်နေကြောင်း သူဝန်ခံသည်။ ထို့ထက်ပို၍ . . .
            သူ ဆက်မစဉ်းစားချင်။ မစဉ်းစားသင့်ဟု သူယူဆသည်။
            နွေညနေခင်းတို့သည် နေ၀င်ချိန်ရှုခင်းကို စုတ်တံဖြင့် ဖမ်းယူရင်း ၀ါဖျော့ဖျော့ မြက်ခင်းပြင်ပေါ်တွင် လမ်းလျှောက်ကြရင်းဖြင့် မသိမသာ ကုန်ဆုံးသွားကြသည်။
            ထိုရက်များအတွင်း ဆေးပညာကို သူပြန်လေ့လာဖြစ်သည်။ နှစ်နှစ်ကျော် သုံးနှစ်နီးပါးမျှ ထိတွေ့မှုကင်းခဲ့သော ပညာရပ်တို့ကို အများအတွက်ဟူသော အသိဖြင့် ပြန်လေ့လာခြင်းကြောင့် မူလထက်ပင် များစွာတိုးတက်လာကြောင်း သတိထားမိသည်။ သူ၏ ဆရာဝန်ဘ၀သည် အားသစ်အင်သစ်တို့ဖြင့် အသင့်ဖြစ်နေပေပြီ။
            ရည်မှန်းချက်ကြီးသောမီအတွက် ကောင်းနိုးရာရာ ဆေးပညာစာအုပ်များကိုလည်း သူစုဆောင်းဖြစ်သည်။
            မီတို့အောင်စာရင်းထွက်ရန် တစ်ပတ်အလိုတွင် သူ့ထံသို့ ကျန်းမာရေးဝန်ကြီးဌာနမှ အကြောင်းကြားစာ ရောက်လာသည်။ ဘာအံမြို့နယ်တွင်းရှိ တိုက်နယ်ဆေးရုံတစ်ရုံတွင် လထဆရာဝန် အဖြစ် ခန့်ထားကြောင်း အကြောင်းကြားစာ ဖြစ်သည်။ ထိုအကြောင်းကို ထိုညနေတွင် မီ့ကို သူပြောပြသည်။
            “ ဒီနေ့ ကလေးကို ၀မ်းသာစရာအကောင်းဆုံး အကြောင်းအရာတစ်ခု ပြောစရာရှိတယ် ”
            “ ဘာကိစ္စလည်း ဦး ” သူ့ကို ခေါင်းထောင်ကြည့်ရင်း မေးသည်။
            အကြောင်းကြားစာကို သူမလက်ထဲ သူထည့်သည်။ သူ့မျက်နှာကို နားမလည်သလိုကြည့်ရင်း စာရွက်ကို သူမ ဖတ်သည်။ ဖတ်နေရင်းမှပင် စာရွက်ကိုင်ထားသော လက်အစုံတို့ တုန်ယင် လာကြ၏။
            “ တကယ်နော် . . . ဒါ . တကယ်နော် . ဦး . . .၊ မီ ၀မ်းသာလိုက်တာ ဦးရယ် . . . ”
            အံ့သြ၀မ်းသာမှုဖြင့် သူမ၏ အသံသည် တုန်ခါနေ၏။ “ ကလေး စာမေးပွဲဖြေနေတုန်း ဦးလျှောက်လိုက်တာ ” ဟု သူပြောသည်။
            “ ဦးက အရင်သွားနှင့်ပေါ့၊ မီ နောက်ကလိုက်ခဲ့မယ်လေ ” ရွှင်မြူးသောလေသံ။
            တစ်စုံတစ်ခုကို သတိရသွားသလို ရုတ်တရက် သူမတွေသွားသည်။ မျက်နှာ တစ်ချက်ညှိုးသွားသည်ကို သူသတိထားမိသည်။
            “ မီတို့နှစ်ယောက် ခွဲရတော့မှာပေါ့နော် ” ဟု ငေးရင်းမှ ပြောသည်။
            “ ဦး စာရေးမှာပေါ့ ကလေးရဲ့၊ ခွင့်ရတိုင်း ပြန်လာမယ်လေ ” ဟု သူနှစ်သိမ့်သည်။
            “ မီ ဦးနဲ့မခွဲချင်ပါဘူး ဦးရယ်၊ ဒါပေမယ့် ဆရာဝန်တစ်ယောက်အဖြစ်နဲ့ လူနာတွေအနားမှာ ဦးရှိနေတာကို မီ ပိုမြင်ချင်တယ် ”
            သူမရင်ထဲမှလာသော စကားဖြစ်ကြောင်း သူခံစားမိသည်။ တကယ်ဆိုလျှင် သူမနှင့် ခွဲခွာရမည့်အဖြစ်ကို သူလည်း မလိုလားပါ။ သို့သော် သူသည် ဆရာဝန်တစ်ယောက် ဖြစ်နေလေပြီ။ လူနာတိုင်းအတွက် ၂၄ နာရီပတ်လုံး တာဝန်ရှိသူလည်း ဖြစ်သည်။ ပုဂ္ဂလိကဝေဒနာသည် ပရဟိတကိစ္စတွင် ဘေးဖယ်ထားရမည့်အရာဟု သူနားလည်သည်။ သို့သော် သူလည်း လွမ်းတတ်ပါသည်။
            “ ဦး ဘာတွေ တွေးနေတာလဲ။ ဘယ်လူနာကို ဘယ်လိုကုလိုက်မယ် သ-လိုက်မယ်နဲ့ တွေးကြည့်နေတာ မဟုတ်လား။ မီရောက်လာလို့ကတော့ ဦးလူနာတွေအကုန် မီ့ဆီရောက်အောင်ကို ကုပစ်မှာနော် ”
            ရယ်စရာဖြင့် သူတပါး၏စိတ်ကို ဖော့ပေးတတ်သော အတတ်ကို မီလည်းတတ်မြောက်နေကြောင်း သူသတိထားမိသည်။
            မည်သို့ပင်ဆိုစေ မီအောင်စာရင်းထွက်ပြီးနောက်နေ့တွင် တာဝန်ကျရာသို့ သူသွားရတော့မည်ဖြစ်ကြောင်း သူမကို မပြောဖြစ်ခဲ့ပါ။ မကြာခင် ခွဲရတော့မည်ဆိုသော အသိကြောင့် သူတုန်လှုပ်မိသော်လည်း သူမ မရိပ်မိအောင် ပိရိစွာ ဟန်ဆောင်နိုင်ခဲ့သည်။
            အဝေးဆီမှ ဥသြတွန်သံ ကြားရပြန်၏။
@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၄ ) ကိုလည်း အားပေးကြပါဦး . . .
ကြိုက်ရင်ပေါ့လေ . . .