Showing posts with label ကဗျာဖွဲ့ထုံး. Show all posts
Showing posts with label ကဗျာဖွဲ့ထုံး. Show all posts

Thursday, 16 February 2012

ကောက်သင်းကောက် . . .

ဒီရက်ပတ်ထဲမှာ 
အလုပ်များရတဲ့ကြားမှာမှ ဦးဟန်ကြည်ရဲ့ ကဗျာအာရုံတွေ ထူးထူးဆန်းဆန်းပဲ နိုးကြားနေပြန်ပါတယ်။ ကဗျာရေးဖို့ အကြည်ဓာတ်ခမ်းနေခဲ့တာ လေးငါးခြောက်လလောက်ကြာခဲ့ပြီးမှ အလည်ပြန်လာတဲ့ ကဗျာဝိညာဉ်က နိုးမယ့်နိုးထတော့လည်း ကွန်မန့်ပေးတာတောင် ကဗျာတွေထွက်နေတဲ့ အထိပါ။ ဘယ်အချိန်အထိ ကဗျာအကြည်ဓာတ်တွေ စိမ့်ထွက်နေမယ်ဆိုတာ မခန့်မှန်းနိုင်တာကြောင့် အာရုံဝင်စားတုန်းမှာ ကဗျာတွေတော်တော်များများ ကောက်သင်းကောက်ထားမိပါတယ်။

ဒီကဗျာကို လေးချိုး ပုံစံနဲ့ ရေးထားတာပါ။

 လေးချိုးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို “ တက်သံခေါ် ပကတိသံဖြင့် ချရသော အချိုးနှစ်ခုနှင့် အောက်မြစ်သံ ၀ိသဇ္ဖနီသံတို့ဖြင့် ချရသော အချိုးနှစ်ခု ပေါင်းအချိုးလေးခုပါဝင်သော ကဗျာအမျိုးအစား ” လို့ ဖွင့်ထားပါတယ်။

လေးချိုးကဗျာ တစ်ပုဒ်ရဲ့ စာတစ်ကြောင်း၊ ပါဒတစ်ခုနဲ့ နောက်ပါဒ တစ်ခုကြားမှာ ကာရန်နဲ့ ချိတ်ရပါတယ်။ အဲဒီကာရန်ကိုတော့ ပိုဒ်တွင်းကာရန်လို့ခေါ်ပါတယ်။ အခုရေးထားတဲ့ကဗျာမှာ ပထမပါဒ အဆုံးဖြစ်တဲ့ “ က ” နဲ့ ဒုတိယပါဒမှာ သုံးထားတဲ့ “ ပြ ” ကို ပိုဒ်တွင်းကာရန် ယူထားပါတယ်။ စာလုံးတိုင်း နဘေထပ်ပြန်ယူတဲ့ မန်ကျည်းရွက်သတ် နဘေကိုလည်း သုံးလို့ရပါသေးတယ်။ မန်ကျည်းရွက်သတ်နဘေကိုတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးတဲ့ မဟာလေးချိုးကြီးတွေမှာ အများဆုံးတွေ့နိုင်ပါတယ်။ ဆရာကြီးရဲ့ “ အညာမင်္ဂလာဆောင် ” လေးချိုးကြီးမှာ
“ ကျုပ်တို့အညာမှာ မင်္ဂလာတစ်မျိုးပေပ
အဟုတ်ဗျို့ဓမ္မတာ အစဉ်အလာမညှိုးခဲ့ပါဘု ”
-ဆိုတာ မန်ကျည်းရွက်သတ်ပါ။

အချိုးလေးချိုးမှာ ပထမအချိုး(စာပိုဒ်)နဲ့ ဒုတိယအချိုး၊ တတိယအချိုးနဲ့ နောက်ဆုံးအချိုးမှာ နှစ်တွဲစီ အဆုံးသတ်အချိုးကာရန် ညီအောင် ယူရပါတယ်။ ပထမအချိုးကာရန် “ လွယ် ” ဒုတိယ အချိုးကာရန် “ တယ် ”၊ တတိယအချိုးကာရန် “ ရဲ့ ” နောက်ဆုံးအချိုးကာရန် “ ခဲ့ ” ဆိုတာတွေ အတွဲလိုက် ညီအောင်ယူထားတာ တွေ့နိုင်ပါတယ်။

ဒုတိယအချိုးနဲ့ တတိယအချိုးကို ခွာထောက်ကာရန်ယူရပါတယ်။ အဲဒီလိုမယူမိရင် နောက်ဆုံးအချိုးနှစ်ချိုးက သီးသန့်ဖြစ်သွားပြီး ကဗျာပုံစံ ပျက်သွားပါတယ်။ လေးချိုးမဟုတ်တော့ဘဲ ဒွေးချိုးနှစ်ပုဒ်ဆင့် ဖြစ်သွားပါလိမ့်မယ်။ ဦးဟန်ကြည်ရေးထားတဲ့ ကဗျာမှာ ပထမ အချိုးကာရန်က “ လွယ် ” ဖြစ်ပြီး ဒုတိယ အချိုးကာရန်က “ တယ် ” ဖြစ်ပါတယ်။ အဲဒီ “ အယ် ” ကာရန်ကို တတိယအချိုးရဲ့ ပထမပါဒ(စာကြောင်း)မှာ ပြန်ထည့်ပြီး “ ဖယ် ”ဆိုတဲ့ စာလုံးကို သုံးထားတာ ခွာထောက်ကာရန်လို့ ခေါ်ပါတယ်။

ကဗျာဆိုတာ ဘာသာစကားရဲ့ အညွန့်အဖူးဖြစ်တာမို့ စာပေကို မြတ်နိုးသူတစ်ယောက်အနေနဲ့ ကဗျာတွေကိုလည်း အထိုက်အလျောက် လေ့လာသင့်လှပါတယ်။ ကဗျာချစ်သူတစ်ယောက်အနေနဲ့လည်း ခေတ်ပေါ်ကဗျာတွေကို ခံစားသလို ရှေးရိုးဖွဲ့ထုံးတွေကိုလည်း အထိုက်အလျောက် နားလည်ထားရင် ကဗျာရဲ့ နုညံ့သိမ်မွေ့တဲ့ ရသနဲ့ အလှအပကို ပြည့်ပြည့်၀၀ ခံစားနိုင်ပြီး ကိုယ်တိုင်ဖန်တီးတဲ့အခါမှာ အရည်အသွေးပိုပြည့်လာပါလိမ့်မယ်။

ဒါကြောင့် ကဗျာတစ်ပုဒ်ရေးဖြစ်တိုင်းမှာ ရေးထားတဲ့ကဗျာဖွဲ့ထုံးကို အထိုက်အလျောက်ရှင်းပြဖို့ စိတ်ကူးမိပါတယ်။ ငါသိ၊ ငါတတ်ဆိုတဲ့ စိတ်မျိုးမွေးပြီး ဆရာလုပ်ချင်စိတ်နဲ့မဟုတ်ဘဲ မြန်မာကဗျာဖွဲ့ထုံးကို စိတ်ဝင်စားရင် လေ့လာနိုင်အောင်ဆိုတဲ့ ဆန္ဒနဲ့ပါ။ ကဗျာရဲ့ ဆိုလိုရင်းကိုတော့ ခံစားမှု အနုအရင့်အလျောက် ကိုယ်တိုင်ခံစားကြဖို့ ဒီအတိုင်းပဲ ထားလိုက်ပါတယ်…

“ နွယ် ”

လောက
ပြောပြတော့ တယ်မလွယ်…။

သံယောဇဉ် သည်တရားရယ်ကြောင့်
ခါးချိလှတယ်…။

တိမ်းရှောင်ဖယ်
အဆွေးနယ် တစ်ကိုယ်ချဉ်းပါလို့
ငိုရင်းသာ ဖာသာနေချင်ရဲ့…။

ငြိတွယ်လာ သည်နှောင်ကြိုးတွေကြောင့်
သည်ကိုယ်မှာ ဒဏ်ရာဆိုးပါရဲ့
သံသရာ ဖန်ခါခါနစ်ချင်ဘု
မြန်မကြာလွတ်နိုင်ကြောင်းကိုကွယ်
တောင်းဆုပန်ခဲ့…။     ။

ဟန်ကြည်
၇.၂.၂၀၁၂ ( အင်္ဂါနေ့ )

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger