Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

Friday, 21 February 2014

“ ချင်းတွေ . . . ”


မနေ့က ဖေဖော်ဝါရီ ၂၀ ရက်နေ့ဆိုတော့ “ ချင်းအမျိုးသားနေ့ ”...


 

 ချင်းအမျိုးသားနေ့ဆိုတော့ မဒမ်ကြည်တို့နေ့ပေါ့လေ...ပြည်ထောင်စုဖွား တိုင်းရင်းသားစစ်စစ် မဒမ်ကြည်က ဗမာ တစ်မတ် ကရင် တစ်မတ် ချင်း ငါးမူး သွေးနှောထားတာဆိုတော့ ချင်းသွေးပိုများတယ်လို့ ဆိုရတော့မှာပဲ...ခက်တာက အမေကရင်နဲ့ အနေများသလို မြေပြန့်ပေါက်ဖြစ်ပြန်တော့လည်း ချင်းစကားကို ဟုတ္တိပတ္တိ မတတ်ဘူးကိုး...“ မဒမ်ရယ် မင့်ဟာက ဘယ်လိုချင်းပါလိမ့် ချင်းစကားလည်း မတတ်ပါကလား ” လို့များ စသလိုနောက်သလို ပြောမိရင် “ ချင်းပြည်ကို တစ်ခေါက်မှ မရောက်ဖူးတဲ့ စံပီးတောင် တောင်ဇလပ်မမြင်ဖူးဘဲ သီချင်းထဲမှာ ထည့်ရေးသေးတာပဲ ” လို့ ဆင်ခြေပေးလေ့ရှိပါသဗျား...ဆိုင်တာမဆိုင်တာ အပထား သူ့ဆင်ခြေနဲ့သူကတော့ ဟုတ်လို့...

ချင်းသွေးများတဲ့ မဒမ်ကြည်က သက်မွန်မြင့်ကိုလည်း ချင်းမလေးမို့ အားပေးသဗျား...အဆိုတော်ဆိုရင်လည်း စံပီးတို့ ဗွေမင်းလျန်တို့ ဆုန်သင်းပါရ်တို့မှ နားစွဲသတဲ့ဗျား...ဂစ်တာသမားတောင်မှ lazy club က ဂျင်ပိကမှ အတီးကောင်းတယ်ဆိုပဲ...သို့ပေမင့် ချင်းတွေထဲမှာ အောင်မြင်တဲ့ အနုပညာသမားကလည်း နည်းတာကိုး...တချင်းတည်းချင်းနေတဲ့ မဒမ်ကြည်ကို စချင်နောက်ချင်တဲ့ ဦးဟန်ကြည်က “ မင်းတို့ချင်းတွေကလည်းကွာ မိန်းကလေးတွေ ကြည့်လိုက်ရင် ဇမ်နူးတို့လို ရုပ်တွေချည်းပဲ...ယောက်ျားလေးတွေကို ကြည့်လိုက်ရင်လည်း ထွဏ်းခမ်တို့ ရုပ်မျိုးကြီးပဲ...ပုံကိုမလာပါဘူး ” လို့များပြောလိုက်ရင် ဒေါဖောင်းလိုက်တာမှ ဆွေ့ဆွေ့ကို ခုန်ရော...သူ့အဒေါ်က ဘယ်လောက်လှတာ သူ့ဦးလေးက ဘယ်လိုချောတာ စသည်စသည်ဖြင့် လူချောလူလှ ဋီကာချဲ့ပြီး ချင်းမလေးတွေလှတာ ရှင်မမြင်ဖူးလို့ပါဆိုတဲ့စကားနဲ့ ဦးဟန်ကြည်ကို နောက်ကောက်ချပစ်လိုက်တာချည်း...

ချင်းအချင်းချင်း ချစ်ပုံကတော့ ပြောမယုံကြုံဖူးမှ သိကြမယ်ထင်ပါရဲ့...မော်ဒယ် အိုင်းရစ်လေပြေဦးက သူ့အမျိုးသားနဲ့အတူ ဦးဟန်ကြည်တို့ဒေသမှာ လုပ်ငန်းလာလုပ်တော့ မဒမ်ကြည်နဲ့ ဘုရားကျောင်းတက်ရင်း ဆုံကြပါလေရော...အောင်မယ်လေး အခုမှတွေ့ဖူးတဲ့ ချင်းအချင်းချင်း စကားတွေ ပြောလိုက်ကြတာမှ ရွှန်းရွှန်းကိုဝေလို့...ဘေးကနေ ထိုင်ကြည့်နေရင် ငယ်ပေါင်းကြီးဖော်တွေ စကားပြောနေကြတဲ့အတိုင်း...မဒမ်ကြည့်အဖေ ဦးဟန်ကြည်ရဲ့ ယောက္ခမ တောင်ပေါ်ချင်းကြီးကတော့ သူ့သမီးကို “ သမီး ဒုက္ခတစ်ခုခုနဲ့ကြုံရင် စစ်တပ်တို့ ရဲစခန်းတို့ဝင်ပြီး ချင်းတစ်ယောက်ယောက်ကိုသာ တွေ့အောင်ရှာ...အဖေတို့ချင်းလူမျိုးတွေဆိုတာ အားလုံးအမျိုးတွေချည်းပဲ ” လို့ မှာထားပါသတဲ့...ဟုတ်တော့လည်း ဟုတ်ပါသဗျား...ချင်းတွေကြည့်လိုက်ရင် စစ်တပ်ထဲမှာချည်း...

ချင်းလူမျိုးသဘာဝကိုက ယောက်ျားမှန်ရင် စစ်သားလောင်းတွေ မုဆိုးတွေလို့ သတ်မှတ်ထားတာကိုး...တောတိုးတောင်တက် အကြမ်းပတမ်းသွားကြလာကြရတယ်ဆိုတာ သူရို့လူမျိုးအတွက် ထမင်းစားရေသောက်...ချင်းတွေ စစ်သားလုပ်တာ ဘယ်လောက်ဝါသနာသလဲတော့ မမေးလေနဲ့...ဦးဟန်ကြည်ရဲ့ ယောက်ဖလေးယောက်လုံး စစ်ထဲမှာချည်းရှိနေကြတာသာ ကြည့်ကြပေရော့...

မဒမ်ကြည်တို့အမျိုးက ရွာတည်တဲ့အမျိုးဆိုတော့ သူရို့ဒေသမှာတော့ လူကြီးတွေလို့ ခေါ်ရမယ်ထင်ပါရဲ့...သူရို့အဖေ့ရွာက အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်းရဲ့ဇာတိ လွီဗန်းရွာနဲ့ သိပ်မဝေးဘူးဆိုကိုး... “ မဒမ်ရယ် မင်းတို့ချင်းပြည်သွားပြီး လူကြီးလုပ်ရရင် အတော်နိပ်မယ် ” လို့များ စကားစလိုက်မိရင် မဒမ်ကြည်တို့ ၀မ်းသာချက်ကတော့ ဆွေ့ဆွေ့ကိုခုန်ရော...သို့ပေမင့် “ ချင်းတောင်မှာ ၀တ်စရာမရှိလို့ စောင်ပတ်နေရရင်တော့ ပြဿနာပဲ ” လို့ ဆက်ပြောလိုက်ရင် ချင်းတောင်က အိန္ဒိယနဲ့နီးတာမို့ စတီးပစ္စည်းကောင်းတွေ ဘယ်လောက်ပေါတဲ့အကြောင်း နွားနောက်တွေမွေးထားကြတော့ စားစရာပေါတဲ့အကြောင်းတွေ ထုံးစံမပျက် ထွက်လာပါလေရော...“ ကိုင်းဗျာ...ခင်ဗျားပြောတာကတော့ ဟုတ်ပါပြီ ခင်ဗျာ့ရွာရောက်အောင် တစ်ညနဲ့နှစ်ရက် ခြေလျင်ကြိတ်ရတာတော့ မနိပ်ပါကလား ” လို့ နိုင်ပေါက်ကိုဖိတွယ်မှပဲ ပါတောပိတ်တော့တာကလား...

ဟုတ်သလေဗျာ...ချင်းတောင်ဆိုတာ အင်မတန်မှ သွားရေးလာရေးခက်တာကိုး...ဟိုးအရင်ကဆိုရင် ချင်းပြည်တက်ဖို့ စစ်တပ်သုံး TE ကားကြီးတွေနဲ့ သွားကြရတာဆိုပဲ...အခုရောဘယ်လိုလည်းလို့မေးရင် ထူးမခြားနားလို့ပဲ ပြောရင်ကောင်းမယ်ထင်ပါရဲ့...မုံရွာကနေ ကျောက်ထုဘက်အထိ ကားလမ်းကြီးဖောက်ထားလိုက်တော့ အရင်ကထက်တော့ သွားလမ်းသာမှာပေါ့လေ...သို့ပေမင့် သူရို့ချင်းရွာဆိုတာက ဟိုတောင် သည်တောင်တွေပေါ်မှာ တည်ထားကြတာဆိုတော့ မြို့ပေါ်ကနေ ရွာအရောက်တော့ လျှောက်ပေဦးရော့ တညောင်းဆိုတာမျိုးချည်း...

တကယ်တွေးကြည့်ရင် ချင်းလူမျိုးတွေခမျာ သနားစရာ...သွားရေးလာရေး ခက်လိုက်ပုံများကတော့ တစ်နယ်နဲ့တစ်နယ် စကားမပေါက်တာကိုပဲကြည့်ပေရော့...မင်းတပ်ချင်းက စကားတစ်မျိုး မတူပီချင်းက တစ်ဘာသာ...ကျန်တာတွေကလည်း မူကွဲတွေဆိုတော့ ဘာသာစကားကို အမျိုးစုံနေရော...သွားရေးလာရေး ခက်ခဲတော့ ဆရာဝန်ဆိုတဲ့ သတ္တ၀ါကလည်း ချင်းတောင်ဟေ့ဆိုရင် သိပ်မသွားချင်...ကျောင်းဆရာဆိုတဲ့ ငတိကလည်း ချင်းတောင်တန်းလား နိုးနိုး ဆိုတာတွေချည်း...ကြာတော့လည်း တောင်ပေါ်သား ချင်းကလေးတွေခမျာ စာမတတ်ပေမတတ်ကလေးတွေချည်း ဖြစ်ကုန်ကြရော...အထိုက်အလျောက်ကလေး ကျောင်းနေဖူးတဲ့ ချင်းကလေးတွေလည်း အရွယ်ရောက်ရင် တပ်ထဲဝင်ကြ...ခက်တာက စစ်တပ်ဆိုတာကလည်း ပညာအရည်အချင်းက လိုပြန်တာမို့ ရာထူးရာခံကြီးကြီးရဖို့ဆိုတာကလည်း သိပ်မလွယ်...တိုက်ရည်ခိုက်ရည် ဘယ်လောက်ပဲ ပြည့်ဝပြည့်ဝ အတန်းပညာနည်းပြီဆိုမှဖြင့် တပ်ကြပ်ကြီးဘ၀လောက်နဲ့ အရိုးထုတ်ကြရတာတွေချည်း...ဦးဟန်ကြည်ရဲ့ ယောက်ဖကြီး မြေပြန့်ပေါက်ချင်းခမျာ စစ်သက် ၁၀နှစ်ကို အတော်ကြီးကျော်မှ ဒုအရာခံဗိုလ်ဆိုတာလေး ဖြစ်တာကိုပဲ ကြည့်ပေရော့...

ပြည်နယ်ပြည်မ ပြဿနာတွေ ဆွေးနွေးကြတော့ ချင်းတွေက တစ်ခုတောင်းသတဲ့...သူရို့တွေဟာ ပြည်မနဲ့ အတူနေပါ့မယ်...သူရို့ကို ကျောင်းတွေဆောက်ပေးပါ လမ်းတွေဖောက်ပေးပါလို့ တောင်းကြသတဲ့...လွတ်လပ်ရေးရပြီးတာ နှစ်ပေါင်းအတော်ကြာလာပြီဖြစ်တဲ့ သည်ဘက်ခေတ်အထိ သူရို့လိုအပ်တာတွေ ဘယ်သူကမှ ဂရုတစိုက် ဖြည့်ပေးတာ သတိမထားမိပေါင်ဗျာ...သည်တော့လည်း အခုအချိန်အထိ နတ်စားတဲ့ ချင်းတွေ ရှိနေသေးတာ အဆန်းမဟုတ်ပေဘူးပေါ့...တိုးတက်ချင်တဲ့ ချင်းလူငယ်တွေကျတော့လည်း သူရို့ဒေသမှာ တိုးတက်အောင် ကြိုးစားဖို့ မလွယ်လေတော့ ဟိုနိုင်ငံထွက် သည်နိုင်ငံထွက်နဲ့ အလုပ်လုပ်ကြရပါလေရော...တကယ်တမ်းတွက်ကြည့်မယ်ဆိုရင် မြန်မာပြည်တစ်ပြည်လုံးမှာ အငြိမ်းချမ်းဆုံးပြည်နယ်ဆိုတာ ချင်းပြည်နယ်တစ်ခုတည်း ရှိတာကလား...ခက်တာက ဘယ်လောက်ပဲငြိမ်းချမ်းတယ်ပြောပြော တိုးတက်မှုဆိုတာက သည်အတိုင်းဖြစ်လာတာမှ မဟုတ်ဘဲကိုး...တိုးတက်အောင် ကြိုးစားကြမှ ၀ိုင်းဝန်းပံ့ပိုးပေးကြမှ တိုးတက်တော့မပေါ့...

ပြည်နယ်မှ ကျန်ရစ်ခဲ့တဲ့ ချင်းတွေခမျာ နိုင်ငံခြားထွက်သွားတဲ့ ချင်းတွေပြန်လာကြရင် ပညာတွေသယ်လာနိုးနိုး ဆေးဝါးတွေ သယ်လာနိုးနိုးနဲ့ မျှော်မောကြီးတွေဖြစ်လို့...သို့ပေမင့် တောင်ပေါ်ကဆင်းပဟဲ့ဆိုတာနဲ့ တောင်ပေါ်ပြန်တက်ဖြစ်ဖို့ဆိုတာ သိပ်မလွယ်တော့ဘူးကိုး...ဟိုကြိုးနဲ့ငြိ သည်ကြိုးနဲ့တွယ်ဖြစ်ကုန်ကြပြီး ချင်းပြည်မပြန်နိုင်ကြတော့တာ ယောက္ခမကြီးက အစ...

ချင်းတိုင်းရင်းသားနေ့ကို သတိထားလိုက်မိလို့ ချင်းတွေအကြောင်း မီးခိုးကြွက်လျှောက်စဉ်းစားလိုက်ပြန်တော့လည်း အိမ်ထောင်သက် ဆယ်နှစ်ကျော်လာတဲ့အထိ မဒမ်ကြည့်ပါးစပ်ကပြောပြီး လက်တွေ့တစ်ခါမှ ချက်မကျွေးဖူးသေးတဲ့ “ ချာမူပသီး ” ဆိုတဲ့ ချင်းဟင်းတစ်မျိုးကို ကိုယ်စိတ်ထင်သလို တွေးပြီး အရသာခံနေရတာကလည်း ဖီလင်တစ်မျိုးပေါ့ဗျာ...

အင်း မဒမ်ကြည်ချက်ကျွေးမဲ့ ချာမူပသီးကလည်း ဆရာမင်းလူရဲ့ ဇာတ်လိုက်ကျော် ပတေး ချက်မယ့် “ အိလျာနိပလောင် ” ဆိုတဲ့ ဟင်းကြီးနဲ့ နင်လားငါလား ထင်ပါရဲ့...း)။ ။

Wednesday, 14 August 2013

ဦးဟန်ကြည်နှင့် မြန်မာမှု ( ၂ ) . . .

မဟာဂီတကို တစ်ကိုယ်တော်နားထောင်ရင်း ဦးဟန်ကြည် စဉ်းစားခန်းဖွင့်မိသည်။ မြန်မာလူမျိုးသည် မည်သို့သော လူမျိုးဖြစ်သနည်း။ ကမ္ဘာပေါ်တွင် ထိုလူမျိုးကဲ့သို့ ဇာတိပုည ဂုဏ်မာန ထက်သန်သော ခပ်ရိုင်းရိုင်းဆိုရလျှင် ဖင်ခေါင်းကျယ်သော အခြားလူမျိုး ရှိမည်မထင်။ ထစ်ခနဲရှိလျှင် မြန်မာကွ ဟုကြွေးကြော်တတ်သော ထိုလူမျိုးသည် အပေါ်ယံ ရွှေမှုန်ကြဲ၍ အထဲတွင် နွားချေးခံထားသော လူမျိုးဖြစ်တန်ရာ၏။ မြန်မာမှုကိုမသိ၊ မြန်မာ့ယဉ်ကျေးမှုကို နားမလည်၊ မြန်မာ့သမိုင်းကို မလေးစားဘဲ မြန်မာကွဟု ကုန်းအော်နေသည်မှာ ရယ်စရာပင် ကောင်းနေလေတော့သည်။ အများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိသော မြန်မာများကား အများသနားစရာ၊ ဟားစရာပင် ဖြစ်ပေလိမ့်မည်။ လွန်ခဲ့သောသုံးလေးလခန့်က တပည့်တစ်ယောက်၏ နိဗ္ဗာန်ကုန်ဆိုင်သို့ ထဘီဝတ်ထားသော နိုင်ငံခြားသူတစ်ယောက် ဈေးလာဝယ်ရင်း “ မြန်မာပြည်က မြန်မာမိန်းကလေးတွေ ဘာကြောင့် ထဘီမ၀တ်ကြတာလဲ ” ဟု အံ့သြတကြီး မေးလေသည်။ ထိုဆိုင်ရှင် မဖြေနိုင်လေ။ ဦးဟန်ကြည်ကို လာမေးလျှင်ကား “ မြန်မာမတွေက ထဘီဝတ်ရင် ဖင်ယားလို့တဲ့ ” ဟု ခပ်ရိုင်းရိုင်း ဖြေပေလိမ့်မည်။ ဦးဟန်ကြည်တို့ ပတ်ဝန်းကျင်တွင် ထဘီမ၀တ်တတ်သော မြန်မာမိန်းမ မည်မျှများနေပြီနည်း။ လေ့လာကြလေကုန်။ မြန်မာထဘီသည် ဂျပန်ကီမိုနိုကဲ့သို့ ၀တ်ရမခက်သေး။ ပတ်လိုက်ရုံ ခါးတွင်ထိုးလိုက်ရုံဖြင့် အလုပ်ဖြစ်လေသည်။ ခပ်တိုတိုဝတ်မည်လော ရသည်။ ခပ်ရှည်ရှည် ၀တ်လိုသလော အဆင်ပြေ၏။ မကျေနပ်သေးလျှင် ခါးတောင်းပင်ကြိုက်နိုင်သေးသည်။ လေ၀င်လေထွက်ကောင်း၍ ကျန်းမာရေးနှင့်ပင် ညီသေးသည် မဟုတ်ပါလော။ မမများကား ထိုသို့မဟုတ်။ လေ၀င်လေထွက်ကောင်းစေရန် စကတ်ကို ပေါင်လည်ရောက်ဝတ်နေကြလေသည်။ အတွင်းခံဘောင်းဘီ ကြော်ငြာခရသည် ထင်၏။ မြင်သမျှ တွေ့သမျှ လူတိုင်းကို လက်ရောက်မှု မြောက်စေရန် သွေးဆောင်နေရော့သလား မပြောတတ်။ ပုဒ်မ ၃၇၆ ဖြင့် ယောက်ျားတစ်ယောက် ထောင်ဆယ်နှစ်ကျလျှင် ထိုယောက်ျား မရိုးမရွဖြစ်စေရန် လော်လော်မာမာ ၀တ်ပြနေသော ထိုမိန်းမကိုပါ တရားခံနံပါတ်နှစ်နေရာမှ ထောင်ငါးနှစ်ချသင့်သည်ဟုပင် ဦးဟန်ကြည်တို့ ကျောင်းသားဘ၀က အကြေအလည်ဆွေးနွေးဖူးလေသည်။ နေရာတကာတွင် ရင်ဖုံးအင်္ကျီတကားကား၊ ထဘီကြီးတလွှားလွှားနှင့်နေရမည်ဟု ဦးဟန်ကြည် မဆိုလို။ သူ့နေရာနှင့်သူ ၀တ်ကြဆင်ကြရပေလိမ့်မည်။ နေရာဒေသနှင့် လိုက်လျောညီထွေဖြစ်အောင် ၀တ်တတ်ဆင်တတ်၊ နေတတ်ထိုင်တတ်ခြင်းသည် လူကြီးလူကောင်းတို့၏ ထင်ရှားသော ၀ိသေသ မဟုတ်ပါလား။
 
မြန်မာ့ဂီတသည်လည်း ချောင်ကြားတွင် ခေါင်းမပြူနိုင်။ ဆိုင်းသံဗုံသံ ပလုံပလုံကြားရလျှင် နှာခေါင်းရှုံ့ချင်ကြ၏။ ဒိတ်အောက်ကုန်ပါပြီဟု ပြောသူသာ များလေ၏။ နတ်ဝင်သည်များသည်ပင် မြန်မာဆိုင်းဖြင့် ကန္နားမစီးကြတော့။ ၀ါကာဝါကာ ဖြစ်ကုန်ကြလေပြီ။ ဇာတ်သဘင်သည်လည်း မည်သည့်သချူင်္ိင်းသို့ ဦးတည်နေသည်မသိ။ နောက်ပိုင်းဇာတ်တော်ကြီးသည် ၀ိုးတို့ဝါးတား။ ဘုရားကန်တော့ခန်း၊ နတ်ဝင်ခန်းသည်ပင် ကိုရီးယားဆန်နေပြန်သည်။ မင်းသားလေးများကလည်း အကနှင့် အခုန်ကို မခွဲခြားနိုင်။ ဇာတ်သဘင်တိုင်းလိုလို ဟောင်းလောင်းဖော် စတိတ်ရှိုးနှင့်ပင် သန်းခေါင်ချဉ်းသည်က ခပ်များများ။ လူရွှင်တော်များကလည်း သမားစဉ်ကို မလေးစားတော့။ ပြက်လုံးထုတ်လျှင် ခါးအောက်ပိုင်းမှ အပေါ်မတက်ရဟု သတ်မှတ်ထားကြပုံရသည်။ သင်းတို့၏ ပျက်လုံးများကို ဦးဟန်ကြည် မရယ်ဝံ့။ ရယ်လိုက်မိလျှင် တဏှာရူး ဖြစ်ပေလိမ့်မည်။ စိတ်ညစ်စရာ ကောင်းပေစွ။ မြန်မာကျေးလက်သီချင်းကို ဆိုနေကြသော အဆိုတော်များကလည်း အားမကိုးရ။ မိုးရာသီဟုဆိုလျှင် တ၀ါဆိုတည်း ၀ါဆိုကြလေသည်။ ကျေးလက်တေးတွင် ၀ါဆိုပါရမည်ဟု အဘယ်မဟာပညာကျော်က သမုတ်လေသည် မသိ။ ကြားရသည်မှာ နားကလောလှသည်။ မြင်ရသည်မှာ မျက်စိကလောလှသည်။ ဂစ်တာသံတညံညံဖြင့် တဂွမ်ဂွမ်တီးနေသော ဂီတကို အဘယ်သကောင့်သားက မြန်မာ့ဂီတဟု ခေါင်းစဉ်တပ်လေသည်မသိ။ သင်္ကြန်ကာလတွင်ပင် တူးပို့သံတို့ ဆိတ်သုဉ်းနေလေပြီ။ မြန်မာ့ဂီတကား ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ငင်နေ၏။ မြန်မာစာပေသည်လည်း ကျန်းမာရေးမကောင်း။ မြန်မာ့သမိုင်းသည် ကိုရီးယားသမိုင်းလောက် ရှေ့တန်းတင်မခံရ။ မြန်မာသူရဲကောင်းများကား သမိုင်းထဲတွင် သဂြိုလ်ခြင်း ခံကြရလေပြီ။ မြန်မာလူမျိုးသည် အဘယ်သို့ ဦးတည်နေသည်ကို မသိတတ်တော့။ မြန်မာဖြစ်ရသည်ကို ဂုဏ်ငယ်သည်ဟုများ ထင်နေရော့သလား ဦးဟန်ကြည် မတွေးတတ်တော့။ ခက်လှချေရဲ့ ရွှေတိုင်းပြည်။

ဦးဟန်ကြည်တို့ မြန်မာမှု၊ မြန်မာ့အနုစာပေများသည် ခေတ်ဟောင်းကုန်လေသည်မှာ မှန်၏။ သို့သော် ရှေးဟောင်းပစ္စည်းများသည် ဟောင်းလေ၊ ရှေးကျလေ တန်ဖိုးတက်လေဟူသည်ကို ညံ့ချက်ကမ်းကုန်နေသော မြန်မာသကောင့်သားတို့ နားလည်ကြဟန်မတူ။ ဖွတ်ကြားကျလှပေစွ။ အသစ်သည် ချက်ချင်းလုပ်ယူ၍ ရသော်လည်း၊ အဟောင်းဖြစ်ရန်မှာ ချက်ချင်းမရနိုင်။ အချိန်ကာလကို စောင့်ရလေသည်။ နှစ်ပေါင်း သုံးလေးရာ ကြာမှ ခေတ်ဟောင်းဖြစ်လာရသော ထိုထိုယဉ်ကျေးမှု၊ အနုပညာတို့ကို ဟောင်းလေသည်၊ ဒိတ်အောက်လေပြီဟု စောဒကတက်လိုလျှင် ကိုးကွယ်နေကြသော ဘာသာတရားများကိုလည်း စွန့်ပစ်ပြီး ဘာသာသစ်တစ်ခု တည်ထောင်ကာ ကိုးကွယ်ရန်သာ ရှိပေတော့မည်။ ဘာသာတရားများ၊ ဘုရားများ၏ ဆုံးမသြ၀ါဒများသည် နှစ်ပေါင်း နှစ်ထောင်ကျော် သုံးထောင်ရှိနေပြီဖြစ်သောကြောင့် ဒိတ်အောက်နေပြီ မဟုတ်ပါလား။ ဟောင်းတိုင်း ဒိတ်အောက်သည်၊ ပစ်ရမည်ဟုဆိုလျှင် ထိုဘာသာတရားများကိုလည်း လွှင့်ပစ်ရန် သင့်လှပေ၏။ မြန်မာမှုကို မြတ်နိုးလေသော ဦးဟန်ကြည်တို့ကို ခေတ်မမီဟု သမုတ်လိုသူကလည်း မရှား။ မီခြင်းမမီခြင်းဟူသည်မှာ အဘယ်နည်း။ အရင်ရောက်သူ အရင်ရွေးသူက မီစတမ်းမဟုတ်ပါလော။ ဦးဟန်ကြည်တို့ အရင်ရောက်၊ အရင်မီခဲ့သောခေတ်ကို နောက်ပေါက်များ မီပင်မမီလိုက်။ သူခိုးကလူဟစ်၊ ငပြူးက သူတပါးကို ပြဲသည်ဟုဆိုနေပါရောလား။ ခက်ခက်ရချေရဲ့။ လိုရာဆွဲတွေးသော နေရာတွင် မြန်မာလူမျိုးသည် ရှေ့တန်းမှလိုက်လေသည်။ ဂုဏ်ယူကြလေကုန်။

သမိုင်းကြောင်းနဲ့ တို့မြန်မာ . . .

လူမျိုးတစ်မျိုးဖြစ်ရန်မှာ ရွေးချယ်ယူနိုင်သော အရာမဟုတ်။ ကံကြမ္မာက ပစ်ချသည့်အတိုင်း လူမျိုးတစ်မျိုးအဖြစ်ကို ရကြပေလိမ့်မည်။ ရလာသော လူမျိုးအဖြစ်ကို မလိုချင်၍ ညည်းညူနေ၍လည်း မပြောင်းလဲနိုင်။ မည်သည့်လူမျိုးဘ၀ကို ရသည်ဖြစ်စေ မိမိဖြစ်လေရာ လူမျိုး၏ တာဝန်ကိုကျေပွန်ရမည်မှာ လူမျိုးတိုင်း၏ တာဝန်ဖြစ်သည်။ မိမိလူမျိုး၏ ယဉ်ကျေးမှုနှင့် အမျိုးသားအမွေကို ထိန်းသိမ်းရမည်မှာ ရှောင်လွှဲ၍ရသော ၀တ္တရားမျိုးမဟုတ်။ ကြိုက်ခြင်း မကြိုက်ခြင်းသည် အမျိုးသားရေးကိစ္စတွင် ထည့်သွင်းစဉ်းစားရန်မလို။ အမျိုးသား စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရန်မှာ ထိုစာပေနှင့် ယဉ်ကျေးမှုကို ကြိုက်ခိုင်းခြင်း၊ နှစ်သက်ခိုင်းခြင်း မမည်။ လူတစ်ယောက်ကို ပစ္စည်းတစ်ခု ထိန်းသိမ်းရန် တာဝန်ပေးအပ်လိုက်သည်ဆိုပါစို့။ ထိုလူသည် ထိုပစ္စည်းကို ကြိုက်သည် မကြိုက်သည် ငြင်းချက်ထုတ်စရာ အကြောင်းမရှိ။ သူ၏ တာဝန်မှာ ထိန်းသိမ်းရန်တာဝန်ရှိသည့် ပစ္စည်းကို မပျောက်ပျက်၊ မပျက်စီးစေရန် ကာကွယ်ဖို့သာလျှင် ဖြစ်သည်။ ထိုပစ္စည်းကို ကြိုက်လျှင်သုံး၊ မကြိုက်လျှင်လည်း ကာကွယ်ရပေလိမ့်မည်။ မြန်မာလူမျိုးများအတွက် မြန်မာမှုနှင့် မြန်မာ့စာပေ၊ မြန်မာ့အနုပညာကို ထိန်းသိမ်းရန်မှာ တာဝန်တစ်ရပ်သာဖြစ်သည်။ ထို့ကြောင့် မြန်မာဖြစ်လျှင် ထိုတာဝန်ကို ဦးလည်မသုန် ထမ်းကြရပေလိမ့်မည်။ ထိုသို့မထမ်းလိုလျှင် မြန်မာမလုပ်ဘဲ နေကြရုံ။ မြန်မာလူမျိုးက မြန်မာမလုပ်လိုလျှင် မည်သည့်လူမျိုး လုပ်ကြပါမည်နည်း။ မရနိုင်။ အရှင်းဆုံးမှာ မြန်မာဖြစ်ပြီး မြန်မာမှုကို မထိန်းသိမ်းလို၊ မစောင့်ရှောက်လိုလျှင် ကိုယ့်ကျင်းကိုယ်တူးပြီး သေရန်ပင်ရှိတော့သည်။ ထိုသို့သေကြလျှင်လည်း သတ္တိပြောင်သော ထိုလူများအတွက် ဦးဟန်ကြည် ဂုဏ်ယူမိပေလိမ့်မည်။ ယခုမူကား မြန်မာဂယောင်များကြားတွင် ဦးဟန်ကြည်တို့ အနေအထိုင် ကျပ်လှပေ၏။

အနောက်တိုင်း ဂီတ၊ အနောက်တိုင်း အကတစ်ခုကို သင်ယူရန် လေ့လာရန်မှာ သူ့လမ်းစဉ်၊ သူ့နည်းလမ်းအတိုင်း လေ့လာပါက တစ်နှစ်ခန့်ရှိလျှင် အထိုက်အလျောက် ကျွမ်းကျင်နိုင်ပေသည်။ မြန်မာ့ဂီတနှင့် အနုပညာကား ထိုသို့မဟုတ်။ ကျွမ်းကျင်တတ်မြောက်ရန်အတွက် အချိန်များစွာ ပေးရသည်၊ တစ်ဘ၀လုံး ရင်းနှီးကြရသည်။ အပျိုတော်အက ကတတ်ရန်ပင် အတော်ကျင့်ယူရလေသည်။ မြန်မာအကကို သုံးနှစ်တိတိ သင်ယူထားသည့် “ ယုလျာ ” ဟူသော အနောက်တိုင်းသူတစ်ယောက် ကပြဖျော်ဖြေသည့် အငြိမ့်ခွေတစ်ခုကို လွန်ခဲ့သော ခြောက်နှစ်ခန့်က ဦးဟန်ကြည် ကြည့်ဖူးသည်။ သုံးနှစ်သင်ယူထားသော ထိုယုလျာသည် စည်းဝါးနိုင်သော်လည်း လက်ကျိုးအောင်ပင် မချိုးနိုင်ရှာသေး။ ဘိုအကကို စနစ်တကျမဟုတ်ဘဲ ထင်သလို လေ့ကျင့်ခဲ့သော မြန်မာမ “ ခေမီကို ” ကား အနောက်တိုင်းသူထက်ပင်ပိုကဲ၍ ဖော်တတ်၊ ကော့ပြတတ်နေလေပြီ။ မြန်မာအက မည်မျှခက်သည်ကို နှိုင်းယှဉ်ကြည့်နိုင်ပါ၏။ ဂစ်တာတဒေါင်ဒေါင် တီးတတ်ခတ်တတ်စေရန် တစ်လနီးပါး လေ့ကျင့်ရုံဖြင့် အထိုက်အလျောက် ရနိုင်သော်လည်း စောင်းတီးတတ်ရန်မှာ ထိုမျှနှင့်မရ။ တစ်လဆိုသော အချိန်ကာလသည် စောင်းကြိုးညှိတတ်လျှင်ပင် တော်လှပေပြီ။ ထို့အတူ ဆိုင်းသမားတစ်ယောက်ဖြစ်ရန်လည်း နှစ်ပေါင်းများစွာ ကျင့်ရပေသည်။ ပါးစပ်က လေမှုတ်တတ်လျှင် အသံမည်သော နှဲမှုတ်သည့်ပညာကိုပင် လွယ်လွယ်နှင့်မရ။ မယုံလျှင် နှဲတစ်လက်ကောက်ယူပြီး စမ်းမှုတ်ကြည့်စေချင်လှသည်။ ဆက်ဇိုဖုန်းကဲ့သို့ လေ၀င်တိုင်း အသံထွက်သည့်တူရိယာစာရင်းတွင် နှဲမပါ။ အနောက်တိုင်း Drum set တစ်စုံကို မည်သူတီးတီး တူညီသော အသံမြည်နိုင်သော်လည်း မြန်မာဆိုင်းကား ထိုသို့မရ။ တီးခတ်သူမတူလျှင် အသံကွဲပေလိမ့်မည်။ ပတ်စာကပ်သည့်အတတ်ပင် အတော်လေး သင်ယူရလေ၏။ မိုးအုံ့လျှင် တစ်မျိုး၊ နေသာလျှင်တစ်ဖုံ လိုတိုးပိုလျှော့ပတ်စာကပ်ရသော မြန်မာ့ဆိုင်းကို ရွာစားကျော် စိန်ဗေဒါကြီး ရတနာဂီရိသို့သွား၍ သီပေါဘုရင်ကို ဖျော်ဖြေစဉ်ကတည်းကပင် အင်္ဂလိပ်လူမျိုးတို့ လက်ဖျားခါခဲ့ရလေပြီ။ ထိုကဲ့သို့ နှစ်ပေါင်းများစွာ ၀ါသနာအရင်းခံပြီး လေ့ကျင့်မှ ကျွမ်းကျင်နိုင်သော မြန်မာ့အနုပညာ တေးဂီတတို့ကို ခေတ်ဆွေးလှပြီဟု ငြူစူအထင်သေးသော မြန်မာတို့ကား အောက်တန်းစားလူမျိုးများသာလျှင် ဖြစ်ပေလိမ့်မည်။ မြန်မာ့ဂီတ၏ လေးနက်ခက်ခဲပုံကို ဦးဟန်ကြည် ရှင်းပြ၍မျှ အားမရလျှင် melody world ၊ အိမ်ကြက်ဖော်ရာ ( အိပ်မက်ဆုံရာ ) တို့မှ မော်ဒယ်၊ ဖော်မယ်များကို အောင်ခြင်းရှစ်ပါး တစ်ပုဒ်လောက် အစမ်းဆိုခိုင်းကြည့်ကြရုံသာ ရှိတော့သည်။  မယ်မင်းတို့ စည်းဝါးညီညီ၊ ဌာန်ကရိုဏ်းကျကျ ဆိုနိုင်လျှင် ဦးဟန်ကြည် ထိုင်ကန်တော့လိုက်ချင်ပါ၏။

မြန်မာ့စောင်း . . .

မြန်မာ့ဂီတသည် ခက်လှသည်ဟူ၍ ဦးဟန်ကြည် ဂုဏ်တင်နေသော်လည်း ဂုဏ်မယူ။ ထိုကဲ့သို့ သင်ယူရန်ခက်ခြင်းကို ဂုဏ်ယူခဲ့ကြသော မြန်မာ့ဂီတပညာရှင်များ၏ တလွဲဆံပင်ကောင်းမှုကြောင့် မြန်မာ့ဂီတ တိမ်ကောရခြင်းပင် မဟုတ်ပါလော။ အချိန်ပေးရသော မြန်မာ့ဂီတကို မည်သူက စနစ်တကျသင်ယူလိုပါမည်နည်း။ စားဝတ်နေမှုအတွက် အလုပ်တစ်ဖက်လုပ်နေရသော ဦးဟန်ကြည်သည်ပင် ပတ္တလားအတီး သင်လိုလှသော်လည်း အချိန်မပေးနိုင်။ အနောက်တိုင်း ဂီတကဲ့သို့ Notes ဖြင့် အလွယ်တကူ တီးခတ်နိုင်စေရန် ကြိုးစားကြမည့် ပညာရှင်များလည်း မရှိကြတော့။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အလင်္ကာကျော်စွာ “ စောင်းဦးဘသန်း ” တစ်ယောက်ကတော့ ထိုသို့ကြိုးစားဖူးသည်ဟု မှတ်တမ်းများက ဆိုသည်။ ယခုကဲ့သို့ တိုးတက်သောခေတ်တွင် မည်သူမျှ စကားဦးမသန်း။ မြန်မာ့ဂီတဘက်တွင် ခေတ်ပညာတတ်များ မရှိရော့လေသလား မပြောတတ်။ “ ဖိုးသင်္ကြန် ” ကဲ့သို့သော ခေတ်ပညာတတ်လူငယ်များ ဆိုင်းဝိုင်းအတွင်းထိုင်နေသည်ကိုမြင်ရလျှင် ဦးဟန်ကြည် ၀မ်းမြောက်၍မဆုံးပြီ။ မြန်မာ့ဂီတသည် တောတွင်းသားတို့၏ ဂီတမဟုတ်၊ လူပြိန်းတို့၏ ဂီတမဟုတ်၊ အဆင့်အတန်းမြင့်သော ဂီတဖြစ်လေသည်။ ထိုဂီတကို လူတစ်စုလက်တွင်းမှ လူထုလက်တွင်းသို့ မည်သို့ပို့ဆောင်ရမည်ကို နည်းလမ်းရှာကြရပေလိမ့်မည်။ ယခုမူကား မြန်မာ့ဂီတသည် သဘင်သည်တို့၏ ကြားတွင်သာ “ ထမင်းစားပညာ ” အဖြစ် တွင်ကျယ်နေရှာလေသည်။ မည်သည့်အခါတွင် မြန်မာတို့၏ ဧည့်ခန်းဆောင်သို့ ပြန်ရောက်လေမည်မသိ။ ဆရာကြီး ဦးသုခ၏ စကားတစ်ခွန်းကို ဦးဟန်ကြည် သတိရသည်။ ဆရာကြီးက “ ဒီခေတ်လူတွေ မြန်မာ့ဂီတကို မကောင်းဘူးလို့ ပြောနေတာ လူငယ်တွေ အပြစ်မဟုတ်ဘူး…တို့လူကြီးတွေကလည်း မြန်မာ့ဂီတ ဘယ်လောက်ကောင်းတယ်ဆိုတာကို လူငယ်တွေသိအောင်မှ လုပ်မပြဘဲကိုး … ” ဟု ဆိုလေသည်။ မှတ်သားဖွယ်ပင်။ မြန်မာ့ဂီတ၏ ကောင်းကွက်များကို မြန်မာများသိစေရန် ဦးဟန်ကြည်ကဲ့သို့သော စိတ်သက်ရင့်သည့် အဘိုးကြီးပေါက်စများ စုပေါင်းကြိုးစားကြရပေလိမ့်မည်။ ဤခရီးသည် နီးမည်မဟုတ်၊ သို့သော် သွားနေသမျှ တစ်နေ့ရောက်ရမည်သာ။

ပုဂံယိမ်း . . .

ယခုရက်ပိုင်းအတွင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ပတ်သက်သည့်အသံများ စီစီညံညံကြားနေရသည်။ အဖွင့်သီချင်း၊ အထိန်းအမှတ်သီချင်းပြိုင်ပွဲသံများလည်း ကြားရပါ၏။ ထိုပွဲသို့ အနောက်နိုင်ငံ၊ အရှေ့နိုင်ငံများမှ လေ့လာသူများ လာကြမည်မှာမလွဲ။ ထိုပုဂ္ဂိုလ်များကို မည်သည့်အနုပညာများ ချပြကြမည်နည်း။ “ ၀ါကာဝါကာ ” ဆိုပြလျှင် မြန်မာတို့ မဟာအရှက်တော် ကွဲကိန်းပင် ဖြစ်သည်။ ခြောက်ကြိုးကဝေဟု မိမိဘာသာ အမည်ပေးထားသော ချစ်စမ်းမောင်ကို ခေါ်၍ ဂစ်တာတီးပြခိုင်းကြမည်လား။ ချစ်စမ်းမောင်က ဂစ်တာကို လျှာဖြင့်တီးပြသည်ဟု ဦးဟန်ကြည်ကြားဖူးသည်။ ထိုသို့ဆိုလျှင် အနောက်နိုင်ငံသားက ထိုဂစ်တာကို ဟိုဒင်းဖြင့်ပင် တီးပြလိုက်ပေလိမ့်မည်။ သူရို့၏ တူရိယာကို သူရို့က အခြားလူထက်ပို၍ ကျွမ်းကျင်လေမည်မှာမလွဲ။ “ ခေမီကို ” ကိုခေါ်ပြီး အကော့ခိုင်းမည်လော။ အနောက်နိုင်ငံသူက ဖြဲပင်ဖြဲပြသွားပေလိမ့်မည်။ သူရို့လောက်ဖြဲနိုင်လျှင် ဖြဲပြပေရော့။ ထိုသို့ဆိုလျှင် သင်းတို့ကို ဖျော်ဖြေရန်အတွက် မြန်မာမှု မြန်မာ့ဂီတကို သတိရကြရပေဦးတော့မည်။ မြန်မာတို့က ခေတ်ဟောင်း၍ ပျင်းစရာကောင်းသည်ဟု သမုတ်ထားကြသော မဟာဂီတသည် ထိုအနောက်နိုင်ငံသားတို့ကြားတွင် ကောင်းသတင်းမွှေးမည်မှာ မုချ။ Beethoven, Mozart, Tchaikovsky တို့၏ Concerto များကို အရသာခံတတ်လေသော သင်းတို့နိုင်ငံသားများကို မြန်မာဖွတ်ကြားတို့က ဒိုးဒိုးဒန့်ဒန့်ကောင်များဟု အထင်သေးလျှင် မှားပေလိမ့်မည်။ ထိုလူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားရခြင်းမှာ ယဉ်ကျေးမှုက ထူးထွေ၍ကောင်းခြင်းကြောင့်မဟုတ်။ စဉ်ဆက်မပြတ်ထိန်းသိမ်းခြင်းကြောင့်ပင် ဖြစ်ပေသည်။ အနောက်နိုင်ငံများတွင် ဒစ္စကိုကပွဲများ၊ ညကလပ်များ အားကောင်းသလို Broadway တွင် ပြဇာတ်များကလည်း တခဲနက်၊ Ballet Opra များကလည်း အင်တိုက်အားတိုက်။ Michael Learn, Bon Jovi, Bono, Taylor Swift တို့ထင်ရှားသလို Luciano Pavarotti နှင့် Celtic Thunder သည်လည်း ဂုဏ်မငယ်။ အသစ်ကို မပစ်သလို အဟောင်းကိုလည်း ထိန်းသိမ်းတတ်သော သင်းတို့လူမျိုးကို ဦးဟန်ကြည်တို့ အဘယ်ကြောင့် အတုမယူကြလေသနည်း။

မည်သို့ပင်ဆိုစေ ချေးယိုချင်မှ အိမ်သာတွင်းတူးတတ်လေသော ဦးဟန်ကြည်တို့ မြန်မာလူမျိုးတို့သည် အရှေ့တောင်အာရှ အားကစားပွဲအတွက် မြန်မာမှုများကို ဖုန်သုတ်ပြီး စင်ပေါ်တင်ကြပေဦးမည်။ မြန်မာအကများကို ပြန်၍ဖော်ထုတ်ကြပေဦးမည်။ မြန်မာဆိုင်းသံများကိုလည်း မကြားချင့်အဆုံး ကြားရပေဦးတော့မည်။ မြန်မာမှုကို မြတ်နိုးသော ပညာရှင်များအနေဖြင့် ကောက်ရိုးမီးတမျှ ဟုန်းခနဲထပြီး ဖွတ်ခနဲငြိမ်းတတ်သည့် ကိုယ့်လူမျိုး၏ သောက်ကျင့်ကို ထောက်ချင့်ဆင်ခြင်ပြီး အရှိန်ပေါ်တွင် အဟုန်ဆင့်ကာ မြန်မာ့အနုပညာ၊ စာပေတို့ကို စင်မြင့်တွင် အသွင်တင့်စေရန် ကြိုးစားသင့်လှပေသည်။ ဦးဟန်ကြည်သည်လည်း မဟာဂီတကို နားဝင်ပီယံရှိရှိ ကြားလိုလှပါ၏။ မြန်မာပြည်၊ မြန်မာပြည်သားတို့ကြားဝယ် မြန်မာ့ဂီတ၊ မြန်မာ့အနုပညာ၊ မြန်မာစာပေတို့သည် ပြောင်လျှက်ဝင်းလျှက် ထင်းပါစေသတည်း။  

( တလွဲဆံပင်ကောင်းနေကြတဲ့ ကိုယ့်လူမျိုးကို သောက်မြင်ကတ်ကတ်နဲ့ ခပ်စပ်စပ်ကလေးရေးရင်း ခပ်ကြမ်းကြမ်းစကားလုံးတွေ သုံးထားလို့ တစ်ချို့နေရာတွေမှာ ဂမ္မဒေါသသင့်နေတာတွေကို သဘောကြီးကြီးထားပေးကြဖို့ ဆောရီးစကား ဆိုပါရစေဦး။ သို့ပေမင့် ကျေးဇူးရှင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ထင်ရှားတဲ့ မိန့်ခွန်းပေါင်းများစွာထဲက “ ဖာသည်တိုင်းပြည်ဖြစ်မှာပဲ ” ဆိုတဲ့ မိန့်ခွန်းတစ်ခုကိုပဲ နားဝင်ပီယံရှိလွန်းကြတဲ့ ဦးဟန်ကြည်တို့ ရွှေမြန်မာတွေအတွက် အနှီစကားလုံးလေးတွေလောက်တော့ ပျင်းတောင်ပျင်းသေးတယ် ဖြစ်နေမယ်လို့ ခန့်မှန်းမိပါသဗျား…း)

Wednesday, 27 March 2013

ဘုရားများကို အားနာခြင်း . . .


   
ဦးဟန်ကြည်တို့တစ်တွေ ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင်တော့ ထင်တစ်လုံးနဲ့ ဘ၀င်နှလုံးမှာ ရွှင်ပြုံးနေကြတဲ့ လူတွေချည်းပေါ့။ ငါမှငါ၊ ငါဟာ အတော်ဆုံး၊ ငါဟာ အတတ်ဆုံး၊ ငါပဲ စိတ်ကောင်းရှိတယ်၊ ငါပဲ ဘာသာရေးသမား၊ ငါလိုလူ ဇမ္ဗူရှား၊ အောင်မယ်မင်း ကိုယ့်ကောင်းကွက်တွေသာ ချရေးပြီး စာရင်းလုပ်ကြည့်ရင် ဘုရားစင်ပေါ်က ရုပ်ပွားတော်ဘေးမှာ ကိုယ့်ပုံကိုတောင် ရုပ်တုထုပြီး ကိုးကွယ်ချင်စရာတောင် မကောင်းပေဘူးလား။

ဝေးပါသေးရဲ့…

ကိုယ့်လုပ်ရပ်၊ ကိုယ့်စိတ်ဓာတ်တွေကို နတ်မျက်စိ ပုလင်းကွဲနဲ့ အတင်းဖြဲမကြည့်ဘဲ သာမန် မံသစက္ခုနဲ့ တစ်ချက်လောက်ရှုလိုက်ရုံနဲ့တင် တလွဲဆံပင်ကောင်းနေတာတွေမှ တပုံတခေါင်း။ ကာတွန်းဦးဘဂျမ်းရဲ့ဇာတ်ကောင် ရသေ့ကြီးဦးဖျောက်ဆိတ်ရဲ့ စကားလုံးကို အငှားသုံးပြီး ပြောရရင်တော့ ဦးဟန်ကြည်တို့ရွှေပြည်သားတွေက “ ကိုယ့်ပေါင်ကိုလှန်ထောင်းတဲ့ ၀ါဒီ ” တွေကိုး။ ကိုယ့်ပေါင်ကိုတော့ ခပ်ဖွဖွလေးထောင်းပြီး သူများပေါင်ကိုတော့ မညှာမတာ စွတ်စွက်ထောင်းချင်တာကိုက သမိုင်းပေးအမွေ။ သူများကိုတရားချဖို့များဆိုရင်တော့ ရွှန်းရွှန်းကိုဝေလို့။ ကိုယ့်ကိုယ်ကိုများကျတော့ အသေးအဖွဲကလေးတောင်မှ ခွင့်မလွှတ်နိုင်၊ မဖြေနိုင်ကြတာတွေမှ ဒုနဲ့ဒေး။ ဖတ်ဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို ဥဒါဟရုဏ်ဆောင်ရရင် တစ်ခါသားမှာ ဒကာမတစ်ယောက်ရဲ့ သမီးဆုံးတော့ ရွာဦးဘုန်းကြီးက တရားနဲ့ဖြေဖို့ ဖျောင်းဖျနားချတော်မူသတဲ့။ ဆရာတော်တရားပြကောင်းတော်မူတော့ ဒကာမလည်း စိတ်ပြေရှာတာပေါ့လေ။ တစ်ရက်သားတော့ ရွာဦးဘုန်းကြီးရဲ့ မယ်တော်ကြီး ပျံတော်မူပါလေရောလား။ အနှီမှာတင် ဆရာတော်ကြီးခမျာ ယူကြုံးမရ အပူလုံးကြွပြီး မဖြေနိုင်အောင် ဖြစ်တော်မူရှာပါလေရော။ သမီးဆုံးသွားတဲ့ ဒကာမကြီးက မနေနိုင်တော့တာကြောင့် ဆရာတော်ဆီလာပြီး “ ဘုန်းဘုန်းရယ် တပည့်တော် သမီးဆုံးတော့ ဘုန်းဘုန်းတရားပြသေးတာပဲ အခု ဘုန်းဘုန်းရဲ့ မယ်တော်ကြီး ပျံတော်မူတာလည်း တရားနဲ့ ဖြေမှပေါ့ဘုရား ” လို့ စေတနာကောင်းနဲ့ လာလျှောက်တော့ ၀မ်းနည်းစိတ်နဲ့ မျက်ရည်လည်ရွှဲဖြစ်နေတဲ့ ရွာဦးဘုန်းကြီးက “ ဟဲ့ ဒကာမကြီးရဲ့ နင်က သမီးပဲ ဆုံးတာ…ငါဆုံးတာက ငါ့အမေအရင်းကြီးဟဲ့ ” လို့ ၀မ်းနည်းပက်လက် ပြန်ပြောပါရောလား။ အင်း ဦးဟန်ကြည်တို့တတွေလည်း ထစ်ခနဲရှိရင် “ ငါ့အမေအရင်းကြီးဟဲ့ ” ဆိုတဲ့ ၀ါဒကြီးပဲ လက်ကိုင်ထားကြတာ မဟုတ်ပါလား အရပ်ကတို့ရေ။

ကမ်းလင့်သောလက် တွဲဆက်စေ . . .



ဒါတင်ဘယ်ကဦးမလဲ ဘာသာရေးမျက်စိနဲ့ကြည့်လိုက်ရင် ကိုယ်မှ ဘာသာရေးသမား ကျန်တဲ့လူတွေကတော့ ငရဲသွားရမယ့် သတ္တ၀ါတွေလို့ လိုရာဆွဲပြီး သတ်မှတ်ပစ်လိုက်ချင်တဲ့ သောက်ကျင့်ကလေးကလည်း သင်းပါဘိသနဲ့။ ဘုရားမသွား၊ ကျောင်းမတတ်၊ ဘုရားကျောင်းမရောက်တဲ့လူတစ်ယောက်ကိုများတွေ့လို့ကတော့ ငရဲသွားမယ့် ငရဲသားကလေးဟဲ့…ဘုရားသခင်ရဲ့ ဒဏ်ခတ်တာ ခံရမယ့် ငမိုက်သားကလေးဟဲ့လို့ နာမည်က တပ်လိုက်ချင်ကြသေးတာကလား။ ဘုရားသွားကျောင်းတက်လုပ်ရုံနဲ့သာ နိဗ္ဗာန်ရောက်၊ ကောင်းကင်နိုင်ငံတံခါးခေါက်နိုင်တယ်ဆိုရင်တော့ ဦးဟန်ကြည်ကတော့ ဘုန်းကြီးကျောင်းဝန်းထဲမှာ တဲထိုးနေပြီး ရုပ်ပွားတော်ကို ဖက်တောင်အိပ်လိုက်ချင်သေးရဲ့။ ဦးဟန်ကြည် သဘောကျတဲ့ ဓမ္မတေးတစ်ပုဒ်ထဲမှာ “ ဟိုမှာကြည့်ပါ လူတစ်ယောက်ဟာ အရက်မူးပြီးလဲတယ်…မမူးသူတစ်ယောက်ဟာ သူ့စိတ်ထဲမှာ အရက်ထက်ဆိုးတာတွေ ” ဆိုတဲ့ စာသားကို စဉ်းစားသာကြည့်ပေရော့။ ဦးဟန်ကြည်တို့လူမျိုးက အပြင်ပန်းအမြင်နဲ့ အရေပြားတစ်ထောက်စာကို အင်မတန်ရှေ့တန်းတင်တဲ့လူစား။ အနှီ အာရှယဉ်ကျေးမှုကြီးကို ဦးဟန်ကြည် မြင်ပြင်းကတ်လိုက်သမှ ဟိုဘက်တောင်လွန်ပါလေရော။ Antonio Bandres ပါတဲ့ ဇာတ်ကားတစ်ကားမှာ “ ဘာသာရေးဆိုတာ တိုင်းတာရမယ့် ပေတံမဟုတ်ဘူး…လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ် ” လို့ ပြောလိုက်တာများ ဘ၀င်ခိုက်လွန်းလို့ ဦးဟန်ကြည်နားထဲက အခုထိမထွက်ပေါင်ဗျာ။

ကိုင်း ဟုတ်ပါပြီဗျာ။ “ တရားဖက်တော့ အမျက်ပြေ၊ ဘုရားဖက်တော့ အသက်ရှည် ” ပါသတဲ့။ တွေ့ကရာရှစ်သောင်း ဂါထာပေါင်းတွေကို ထောင်းလမောင်းကျေအောင် ရွတ်ဖတ်သရစ္ဇျာယ်နေတဲ့ အဘယ်သို့သော သူတော်ကောင်း သူမြတ်လောင်းမှာများ ဒေါသနည်းတော်မူပါလိမ့်။ “ သြကာသ…သြကာသ…ဟဲ့ မသာမ အခုထိအိပ်ရာမထသေးဘူးလား ” မလုပ်ရုံတမည်။ အနှီကြားထဲမှာ ရလိုမှုအတွက်နဲ့ ဘာသာတရားကို ချည်းကပ်ပူဇော်တာကို ဦးဟန်ကြည် မုန်းလိုက်ပါဘိတော့။ ဈေးသည်များ မနက်ဖက် ဆိုင်ဖွင့်ရင် ဂါထာပေါင်း သောင်းခြောက်ထောင်ကို ပါးစပ်က အမြှုပ်ထွက်မတတ်ရွတ်၊ ဟိုရေမန်း သည်ရေမန်းတွေ ရွှဲရွှဲစိုအောင်ဖြန်း၊ အမွေးတိုင်ပေါင်းများစွာကို ပန်းနာသည် အသက်ရှူကြပ်ပြီး သေလုနီးပါးထွန်းနေတာကို ဘာသာရေး လုပ်တယ်လို့များထင်နေကြရင်တော့ ပါစင်အောင် လွဲပေလိမ့်။ အနှီလိုလူမျိုးက သူကမှ ရှင်တော်ဘုရားကို တကယ်ကြည်ညိုတာလို့များ ဦးဟန်ကြည်ရှေ့မှာ ပါးစပ်က တစ်ခွန်းထွက်ကြည့်။ စိတ်ပေါက်ပေါက်နဲ့ ဖင်ပိတ်ကန်မိမှာ သေချာသပါ့။ တကယ်ဆိုရင် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ရလိုမှုတစ်ခုတောင် မပါရေးချမပါ။ တကယ်ဆိုရင် ဘုရားရှင်ရဲ့ မွန်မြတ်တဲ့ စိတ်ထားကို လေးစားလို့ ချစ်မြတ်နိုးတာပဲ ဖြစ်သင့်တာကလား။ အနှီတော့လည်း လိုချင်လို့ ချည်းကပ်တာနဲ့ လေးစားမြတ်နိုးလို့ ကိုးကွယ်တာကြားမှာ အ၀ီစိတစ်ခုစာတောင် ခြားပါသဗျား။

ဦးဟန်ကြည်တို့က ပုထုဇဉ်တွေဆိုတော့ ဥမ္မတ္တကော ဖြစ်တာမဖြစ်တာ အသာဘေးချိတ်ပြီး ဘုရားတွေး မတွေးဘဲနဲ့ လူတွေးပဲ တွေးကြည့်ကြပါစို့ရဲ့။
 ဦးဟန်ကြည်က တွေ့တိုင်း လက်ဖက်ရည်တိုက်လို့ ခင်ပါတယ်ဆိုမှတော့ ဦးဟန်ကြည်ကို ခင်တာမှ မဟုတ်ပဲ။ လက်ဖက်ရည်ကို ခင်တာပဲ မဟုတ်လား။ အနှီလိုပဲ ဘုရားဆီက တစ်ခုခု ရချင်လို့၊ တစ်ခုခုရလို့ ဘုရားကို ချည်းကပ်တယ်ဆိုမှတော့ အနှီသကောင့်သားက ဘုရားကို ကြည်ညိုတာ ဘယ်ဟုတ်လိမ့်တုန်း။ ဘုရားဆီက ရမယ့် အကျိုးအမြတ်ကို ဈေးတွက်တွက်ပြီး ရှင်တော်ဘုရားကို စီးပွားရေးပေါင်းပေါင်းတဲ့ လူပေပဲ။ ဦးဟန်ကြည်ရဲ့ ဖေဖေ့စကားကို အလျဉ်းသင့်လို့ အငှားသုံးပြီး ပြောရရင်တော့ “ အားကိုးရလို့ ကပ်ပါ၏ ” ပေါ့လေ ဟုတ်ဘူးလား။ လူလိုပဲ ဆက်တွေးကြဦးစို့ရဲ့။ ဦးဟန်ကြည်ဆီက လက်ဖက်ရည်သောက်ရလို့ ခင်ပါတယ်ဆိုတဲ့ လူစားမျိုးကို ဦးဟန်ကြည်က ခင်ပါ့မလား။ ကိုယ့်ကိုခင်တာမဟုတ်ဘဲ၊ လက်ဖက်ရည်ကို မင်တဲ့သကောင့်သားကို ဖနောင့်နဲ့ ပေါက်မထုတ်တာ ကံကောင်း။ သို့ပေမင့် ဘာသာတိုင်းရဲ့ ဦးစီးအထွဋ်အထိပ် ဘုရားများကတော့ သဘောကောင်းတော်မူကြတာကိုး။ ခန္တီပါရမီများလည်း ပြည့်တော်မူကြပါရဲ့။ လိုချင်လို့လာတောင်းလည်း ဘေးမယ့်ပေးတော်မူလိုက်ကြတာချည်း။ အနှီအချက်တစ်ခုနဲ့တောင် ရှင်တော်ဘုရားတိုင်းကို ဦးဟန်ကြည် လေးစားလိုက်ပါဘိတော့။

ဒါတင်ဘယ်ကလိမ့်တုန်းဗျာ။ ကိုယ်မလုပ်ချင်တဲ့အလုပ်များရှိရင် ဘုရားကို ဆုတောင်းပြီး အလုပ်အပ်လိုက်ချင်ကြသေးတာရယ်။ အောင်မယ် သင်းတို့က ဘုရားကို အလုပ်သမားများ မှတ်နေရော့သလား မသိပေါင်ဗျာ။ ကိုယ်တောင်မှ မလုပ်ချင်တဲ့ အလုပ်ကို ဘုရားကို အငှားခိုင်းတဲ့လုပ်ရပ်ကတော့ ရက်စက်ရာ ကျလွန်းလှချေရဲ့။ ကိုယ်သွားမယ့်လမ်းမှာ ကျောက်တုံးတစ်တုံး ခံနေတာမြင်လို့ “ မြတ်စွာဘုရား ဘုရားတံခိုးတော်နဲ့ အနှီကျောက်တုံးကို ရွှေ့ပေးတော်မူပါဘုရား ” လို့ဆုတောင်းတာ တစ်နည်းအားဖြင့်တော့ “ ဘုရား ” လို့ခေါ်ပြီး ညာခိုင်းတာ မဟုတ်လို့ ကျန်တာဘာရှိသေးလို့တုန်း။ အောင်မယ် ဦးဟန်ကြည်က အနှီလိုပြောတော့ လာဦးမယ် “ အနှာက အားကိုးတာပါဆရာရယ် ” လို့။ အနှီလိုအားကိုးလို့ ရစတမ်းဆိုရင် ဦးဟန်ကြည်လည်း အစ်ကိုတော်၊ အစ်မတော်တို့ကို အားကိုးလိုက်ပါဦးမဗျား။ Land Cruiser ငါးစီးနဲ့ Marcedes တံခါးခြောက်ပေါက် သုံးစီးလောက်ရအောင် ကူညီတော်မူပါး) သေချာပြန်စဉ်းစားကြည်ရင် ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတော်မူတဲ့ ဘုရားရှင်က အမောင်တို့၊ အမယ်တို့ကို ခြေနှစ်ချောင်း၊ လက်နှစ်ဖက်နဲ့ မတ်တတ်သွားနိုင်အောင်၊ သတ္တ၀ါတွေထဲမှာ ဦးဏှောက်အကောင်းဆုံးဖြစ်အောင် ဖန်ဆင်းတော်မူပေးထားတာတောင်မှ မတင်းတိမ်နိုင်၊ ပေးသနားတော်မူထားတဲ့ စွမ်းအားတွေကိုလည်း အသုံးမချဘူးဆိုရင်ဖြင့် ဖန်ဆင်းတော်မူထားတဲ့ ဘုရားကို စော်ကားရာ ကျပေရော့မပေါ့။ ကိုင်း သည်ကန်ထဲကငါးတွေ စိတ်ကြိုက်သာ ဖမ်းယူပေရော့လို့ ခွင့်ပြုတာတင် အားမရသေးဘဲ တစ်ခါတည်း ဖမ်းပေးလိုက်ပါလားလို့ တောင်းတာနဲ့ မတူပေဘူးလားဗျာ။ အပါယ်မလားချင်ရင် အနှီဟာတွေရှောင်၊ နိဗ္ဗာန်ရောက်ချင်ရင် အနှီလိုကျင့်ရယ်လို့ နည်းလမ်းပေါင်းများစွာကို လေးဆယ့်ငါးဝါလုံးလုံး ညဥ့်သုံးယံမှာ တစ်ယံတည်းကျိန်းစက်တော်မူပြီး ဗုဒ္ဓမြတ်စွာ လမ်းညွှန်ပြတော်မူခဲ့တာကို မလိုက်နာ မကျင့်ကြံဘဲ ဘုရားဆီကပ်ပြီး နားပူနားဆာတိုက်နေရုံနဲ့သာ လိုတိုင်းတလို့ ရရိုးဆိုရင်ဖြင့် လူတိုင်း နိဗ္ဗာန်ချည်း ရောက်ကုန်ကြပေမပေါ့။ သြော…ဦးဟန်ကြည်တို့ လူများ ကျလည်း ကျလောက်ပါပေရဲ့။ ဘုရားက အနှီလို ထပ်မတောင်းရအောင် လိုသမျှ ဖန်ဆင်းဖြည့်ဆည်းပေးတော်မူလိုက်တာကိုတောင်မှ မသိသားဆိုးဝါး၊ အသိခေါက်ခက် အ၀င်နက်လှချေရဲ့။

ကိုယ်တိုင်က ဘာမှ ကြိုးစားအားထုတ်မှုမရှိ၊ လိုက်နာကျင့်သုံးမှုမရှိ၊ လိုက်လျှောက်မှုမရှိဘဲ အလကားရတဲ့ လေတစ်ခုကို အရင်းပြုပြီး ထိုင်တောင်းတိုင်းသာ ပေးနေရရင်ဖြင့် ရှင်တော်ဘုရားများလည်း လူပျင်းအားပေးတွေ ဖြစ်တော်မမူကြပေဘူးလား။ အနှီလိုဆိုရင်တော့ နိဗ္ဗာန်တို့၊ ကောင်းကင်နိုင်ငံတို့၊ ဂျနတ် တို့မှာ လူပျင်းတွေချည်း စုနေမှာ သေချာပါ့။ ဦးဟန်ကြည်ကတော့ အနှီလို လူပြိန်းကြိုက် သုခဘုံမျိုးကို ယောင်လို့တောင် မသွားရေးချမသွား။ ပြောရရင်တော့ ဘယ်ဘာသာဝင်မှ ဘာသာဝင်ဖြစ်ရုံသက်သက်နဲ့ သုခဘုံလက်မှတ် ထုတ်ပေးတာ မရှိပေါင်ဗျာ။ ဘာသာတိုင်းမှာ သူ့လုပ်ရပ်နဲ့ သူ့လားရာဂတိဆိုတာ သတ်မှတ်ထားပြီးသား။ ကိုယ့်ဘာသာ အပျင်းထူပြီး ချမှတ်ထားတဲ့ လမ်းစဉ်ကို မလိုက်လျှောက်နိုင်ကြရင်တော့ ကိုယ့်ဘုရားကို လူမိုက်အားပေး မဖြစ်ရအောင် ချစ်ခြင်းအားဖြင့် ကိုယ့်လုပ်ရပ်က ချမှတ်မယ့် ကိုယ့်လားရာအတိုင်း ဖြောင့်ဖြောင့်သားသားသွားလိုက်ကြတာပဲ ကိုယ့်ဘုရားကို ပူဇော်ရာရောက်မယ် ထင်ပါရဲ့။

လာပါဦးမယ်။ အလှူအတန်းကိစ္စ။ ဘာသာတိုင်းမှာ အလှူအတန်းဆိုတာ ရှိသပါ့ဗျာ။ လှူသော်ရ၏လို့လည်း ဘာသာဝင်တိုင်းက အသိအမှတ်ပြုပြီး လှူကြပါသဗျား။ လှူတာက ဖရောင်းတိုင် ငါးဆယ်ဖိုး သကောင့်သားများ ပြန်တောင်းတာက သိန်းကိုထောင်နဲ့ချီရော။ အောင်မယ် ရှိသေးတယ်။ ဘာတဲ့။ “ ဘယ်ဘက်က တစ်ဆုပ်ကြဲတိုင်း ညာဘက်က တစ်လှည်းဝင်ပါရစေဘုရား ”တဲ့။ ကောင်းပါလေ့။ ဦးဟန်ကြည် ဥာဏ်မီသလောက်ကတော့ လှူတယ်ဆိုတာ ကိုယ့်ရဲ့အလိုလောဘကို ပယ်သတ်နိုင်ဖို့ လေ့ကျင့်ခိုင်းတာကိုး။ ကိုယ် တပင်တပန်း ချွေးနဲ့ရင်းပြီး ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာကို နှမြောတွန့်တိုမှုမရှိဘဲ လှူရဲတယ် လှူဝံ့တယ်ဆိုကတည်းက အနှီပုဂ္ဂိုလ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုလည်း မြှင့်တင်ပေးရာ ရောက်တယ်မဟုတ်လား။ ရှိသမျှကိုတောင် အနှမြောမရှိဘဲ လှူတတ်တဲ့လူတစ်ယောက်အဖို့ စီးပွားပျက်သွားလည်း ဘယ်တုန်လှုပ်လိမ့်တုန်း။ ဦးဟန်ကြည် ဘုန်းကြီးကျောင်းသားဘ၀က နှုတ်တိုက်ကျက်ခဲ့တဲ့ သဂြိုဟ်ထဲကလို၊ ဆရာနန္ဒာသိန်းဇံရေးတဲ့ “ စိတ်အဆင့်ဆင့် မြင့်တက်ခြင်းသဘာဝ ”ဆိုတဲ့ စာတမ်းထဲကလို တဖြည်းဖြည်းချင်း မြင့်တက်လာတဲ့ စိတ်သဘာဝဟာ ကောင်းရာသုဂတိကို လမ်းပြမှာ ဧကန်။ ပြောရရင်တော့ ဘာသာရေးတိုင်းဟာ လူတွေရဲ့ စိတ်ရိုင်းတွေကို ချွန်းအုပ်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ လမ်းပြကြတာတွေချည်း။ ကိုင်း အနှီတော့ အထက်ကပုဂ္ဂိုလ်များလုပ်ကြတဲ့ အလှူမျိုးကတော့ ဘာသာရေးတိုင်းရဲ့ အခြေခံမူနဲ့ တက်တက်စင်အောင် လွဲနေပါရောလား။ လောဘကင်းအောင်၊ စိတ်ရိုင်းကို ချွန်းတင်နိုင်အောင် လှူခိုင်းပါတယ်ဆိုမှ အလှူပေးပြီး လောဘမီးအိုးကို လောင်စာထိုးနေမှဖြင့် လမ်းညွှန်တော်မူထားကြတဲ့ ဆိုင်ရာဆိုင်ရာ ဘုရားပေါင်းများစွာကို ထိုင်ပြီး ဆဲတာကမှ အပြစ်နည်းဦးမယ် ထင်ပါရဲ့

ဦးဟန်ကြည်လေးစားတဲ့ “ ဓမ္မပီယဆရာတော် ” ရဲ့ ဆောင်းပါးထဲက စာသားကို ကိုးကားရရင်တော့ “ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်လူမျိုး၊ ကိုယ့်တိုင်းပြည်အတွက်တော့ တစ်ပြားတစ်ချပ်မှ အကုန်မခံဘဲ ကိုယ့်နောင်ဘ၀ ကောင်းစားရေးအတွက်ပဲ လှူတန်းနေတယ်ဆိုတာ အတ္တကြီးတာပဲ ” တဲ့။ သမ္မာကျမ်းချက်ထဲက စာသားကို ကိုးကားရရင်တော့ “ မြင်နေရတဲ့ ညီအစ်ကို မောင်နှမအပေါ်မှာတောင် ချစ်ခြင်းမေတ္တာမထားနိုင်တဲ့လူဟာ မမြင်ရတဲ့ ဘုရားသခင်ကို ချစ်တယ်ဆိုတာ မဖြစ်နိုင်ဘူး ” ပါတဲ့ဗျား။ ကိုင်း စဉ်းစားသာကြည့်ကြပေရော့။ ဘာသာရေးအတွက်တော့ သိန်းပေါင်းထောင်ချီလှူပြီး လူနဲ့လူချင်းတော့ ကိုယ်ချင်းမစာနာ၊ ကိုယ့်အိမ်က အလုပ်သမားကိုတော့ လူနဲ့တန်းတူမထားတဲ့ ရွှေပြည်က ဘာသာရေးသမားများ ကြားတော်မူကြပါစ။ ဖတ်ဖူးတဲ့ သိုးဆောင်းအဆိုအမိန့်တစ်ခုထဲမှာတော့ စစ်မှန်တဲ့ စေတနာဆိုတာ ကိုယ့်ကိုဘာတစ်ခုမှ ပြန်ပြီးအကျိုးမပြုနိုင်တဲ့ လူတွေအပေါ်မှာ ထားတဲ့ စေတနာကို ခေါ်ပါသတဲ့။ ဘာသာတရားတွေကို အသာဘေးချိတ်။ စေတနာတောင် မှန်အောင်မထားနိုင်သေးဘဲများ တစ်ဘုရားတည်း ဘုရားနေတာ နားကို ကလောပါရော။ အနှီလို စိတ်မျိုးကြီး နှလုံးသားထဲမှာ သံမှိုစွဲပြီး ၀ိပဿနာတွေ၊ ပဋိစ္စသမုပ္ပတွေ ထိုင်လုပ်နေလို့ကတော့ဖြင့် နိဗ္ဗာန်နံ့ထွက်ဖို့ အသာထားဦး ငရဲနံ့တောင် မစင်ပေဘူး။ အနှာကြောင့်ပဲ ကျေးဇူးတော်ရှင် အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသက “ စိတ်ကောင်းရှိဖို့သည် ပထမ ” လို့ စည်းကမ်းချက် သတ်မှတ်တော်မူခဲ့တာကိုး။

ပြောလက်စနဲ့ ဆက်ပြောလိုက်ပါရစေဦးတော့။ ဦးဟန်ကြည် ခွတိုက်တယ်လို့ ဆဲချင်လည်း ဆဲကြပေရော့။ မျက်စိ စပါးမွေးစူး၊ နားကြားပြင်း ကတ်နေတဲ့ စကားလုံး။ ဘာတဲ့ “ သာသနာပြုတယ် ” တဲ့။ သူရို့ပြောတဲ့ သာသနာပြုတယ်ဆိုတာ ဘုရားတည်တာ ကျောင်းဆောက်တာကို ဆိုသကိုး။ သိဖူးဖတ်ဖူးသမျှတော့ ပဋိယတ်၊ ပဋိပတ်၊ ပဋိဝေဒ ဆိုတဲ့ သာသနာသုံးရပ်ရှိပါရဲ့။ အနှီ ဘုရားတည် ကျောင်းဆောက်ကြီးတော့ ဦးဟန်ကြည်ပဲ စာဖတ်နည်းလေရော့သလား၊ ဥာဏ်ပဲ နုံနဲ့လေရော့သလားတော့ မပြောတတ်ပေါင်။ ဘာသာသနာရယ်လို့ ဘယ်ဒင်းမှာမှကို ရှာလို့ မတွေ့တာကလား။ စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ပြီး အနှီအလုပ်ကို အင်တိုက်အားတိုက် လုပ်ခဲ့တဲ့ သီရိဓမ္မာသောက မင်းကြီးကိုတောင် သာသနာပြုမင်းလို့ မခေါ်ဘဲ “ သာသနာ့ဒါယကာ ” လို့ ခေါ်တာ စဉ်းစားကြည့်ပေရော့။ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတစ်ပါးကတော့ “ အနှီအလုပ်တွေဟာ သာသနာပမှာပဲ သာသနာပြုတယ်လို့ ခေါ်သကွဲ့။ သာသနာတွင်းမှာတော့ သာသနာ သုံးရပ်ပဲ ရှိတာကလား ” လို့ မိန့်တော်မူပါရဲ့။ ဦးဟန်ကြည်တို့ကလည်း ခက်ခက်ရချေသေးရဲ့။ လူတွေရဲ့ နှလုံးသားမှာ မေတ္တာတရားတွေ ပွားစည်းစည်ပင်လာအောင် လုပ်ဖို့၊ ပြောရရင် နှလုံးသားမှာ ကိုယ့်ဘုရားတွေ တည်ဖို့တော့ ခေါင်းထဲမထည့်ဘဲ ဟိုဘုရားတည်၊ သည်ဘုရားကျောင်းဆောက်ဖို့လောက်ပဲ အားသန်နေတာ များပါရဲ့။ နှလုံးသားမဖြူစင်၊ မေတ္တာတရားမရှိဘဲ ဘုရားချည်း ဖင်ထောင်ကန်တော့နေကြရင်တော့ ရေမချိုးဘဲ ရေမွှေးချည်း ထိုင်ဆွတ်နေတာနဲ့ မတူပေဘူးလား။ အောင်မယ် သည်ကြားထဲမှာ ဘုရားဖူးလို့ ခေါင်းစဉ်တပ်ပြီး တစ်နှစ်တစ်ခေါက်ကတော့ တစ်ချီတစ်မောင်း ထွက်ကြသေးတာရယ်။ ကိုယ့်ဘာသာ တစ်နှစ်ပတ်လုံး အိမ်တွင်းအောင်းနေရတာ ကြိုးညောင်းလာလို့ အပန်းဖြေခရီးထွက်ရင်လည်း ထွက်တယ်ပေါ့။ ရှက်စရာမှ မဟုတ်ဘဲ။ ဘယ်ဒင်းကြောင့် ဘုရားနာမည် ဆွဲဆွဲထည့်နေကြတယ် မပြောတတ်ပေါင်။ ဘုရားဆိုတဲ့ ခေါင်းစဉ်လေးတပ်လိုက်ရင် လုပ်သမျှ တင့်တယ်တယ်၊ ကုသိုလ်ရတယ်များ ထင်နေကြရော့သလားမသိ။ လွန်ခဲ့တဲ့ သုံးနှစ်ကျော် နွေရာသီတုန်းက ဦးဟန်ကြည် ပုဂံမှာ တစ်လနီးပါး သွားနေတာကို ဘုရားဖူးတယ်လို့ ခေါင်းစဉ်မတပ်ပေါင်။ ပုဂံဘုရားပေါင်းများစွာကို တစ်ဆူမှ မကျန်အောင် နေ့စဉ်နဲ့အမျှ သွားလေ့လာတာ ဘုရားကို ကြည်ညိုတာထက် ပုဂံခေတ် ဗိသုကာပညာတွေကို လေးစားစိတ်နဲ့ သွားလေ့လာတာကလား။ ဘုရားဆိုတာ ကိုယ့်နှလုံးသားထဲမှာ ရှိပြီးသား။ တကူးတက သွားဖူးစရာ လိုမှမလိုဘဲ။

ဦးဟန်ကြည်တို့ ရွှေပြည်သားများ ခက်ပုံက လိုက်နာရမယ့် ကျင့်ဝတ်ကို ပါးစပ်က တတွတ်တွတ်ရွတ်ရုံနဲ့တင် နိဗ္ဗာန်တံခါးကြီး ကောင်းကင်နိုင်ငံတံခါးကြီး ဂျိန်းခနဲပွင့်ရော ထင်နေကြတာကလား။ ကျန်တာ အပထား။ ရှင်တော်ဘုရား ဟောတော်မူတဲ့ မင်္ဂလသုတ်ကိုပဲ နမူနာကြည့်ကြစို့။ အများစုက အနှီမင်္ဂလသုတ်ကြီးကို ရွတ်ရုံ၊ မင်္ဂလသုတ် ပရိတ်တော်ကို ဒီဗီဒီတစ်ချပ်ထိုးထည့်ပြီး ဖွင့်လိုက်ရုံနဲ့တင် ကိုယ့်အိမ်ကိုယ့်ယာ ကိုယ်ပါမကျန် မင်္ဂလာရှိရော ထင်ကြတာများ အံ့သြပါရဲ့။ ကိုင်း…ဦးစိုးဝင်း ( စေတီယင်္ဂ ဓမ္မာစရိယ ) အနက်ပြန်ထားတဲ့ မင်္ဂလသုတ် ပရိတ်တော်ထဲက တစ်ပိုဒ်လောက်ကို နမူနာ နာကြည့်ကြစို့လား..
အာရတီ ၀ိရတီ ပါပါ
မဇ္ဇပါနာ စ သံယမော
အပ္ပမာဒေါ စ ဓမ္မေသု
ဧတံ မင်္ဂလ မုတ္တမံ။
( မကောင်းမှုမှ စိတ်ဖြင့် ဝေးစွာ ရှောင်ကြဉ်ခြင်း၊ မကောင်းမှုမှ ကိုယ်နှုတ်တို့ဖြင့် အထူးရှောင်ကြဉ်ခြင်း၊ သေရည်သေရက်သောက်ခြင်းမှ ကောင်းစွာရှောင်ကြဉ်ခြင်း၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊ ဤတရားလေးပါးသည် မြတ်သောမင်္ဂလာမည်၏ဟူ၍ မှတ်လေလော့ )
အနှာနဲ့မှ အားမရသေးရင်လည်း ဒဂုန်ဦးထွန်းမြင့်ရဲ့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော် ကဗျာလေးတွေကို နွေရာသီဗုဒ္ဓဘာသာ အခြေခံသင်တန်းတက်ကြမယ့် ကလေးတစ်ယောက်ဆီက အသာဆွဲယူပြီး ဖတ်ကြည့်ပေရော့။ ရှင်တော်ဘုရားက အနှာတွေကို လိုက်နာရင် မင်္ဂလာရှိမယ်လို့ ဟောထားတာကို လိုက်နာဖို့မကြံဘဲ ထိုင်ရွတ်နေရုံနဲ့ ရှိလိုက်ဦးမယ့် မင်္ဂလာတွေ။ ထားစရာတောင် နေရာမရှိပေဘူး။ ဥပမာပေးရရင် ကြက်ဥကြော်နည်းကို စာနဲ့ရေးပေးထားတာကို လိုက်မလုပ်ဘဲ ရေးပေးထားတဲ့ စာသားကို ထိုင်ရွတ်နေတာနဲ့တောင် တူသေးရဲ့။ ကြက်ဥကြော်တော့ ဝေလာဝေး ပါးစပ်ညောင်းတာတောင် အဖတ်တင်ဦးမှာကလား။ သမ္မာကျမ်းစာလည်း ထိုနည်းနှင်နှင်ပ။ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်တွေကို စာနဲ့ရေးပြထားတယ်ဆိုကာမှ ရွတ်ပြီးဆုတောင်းနေတာကတော့ လိုရင်းကို ရောက်မယ်မထင်။

စာတွေရ၊ စာတွေရွတ်နေတိုင်းသာ နိဗ္ဗာန်ရောက်ရင်ဖြင့် နိဗ္ဗာန်ကို ကျန်တဲ့ရဟန်းတွေထက် အရင်ရောက်သင့်တဲ့ ပုဂ္ဂိုလ်ဟာ ညီတော်အာနန္ဒာထေရ်ထက် ဘယ်သူရှိလိမ့်တုန်း။ အာနန္ဒာမထေရ်ဟာ ဥာဏ်အရာမှာ ဧတဒဂ်ရတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အပြင် ဗုဒ္ဓဘုရားရဲ့ အပါးတော်မြဲလည်း ဖြစ်ပြန်တော့ ဘုရားရှင်ရဲ့ နှုတ်ထွက်တရားတော်ဟူသမျှ သူအကုန်ရတာချည်း။ ညီတော်အာနန္ဒာရဲ့ ဘုရားကို ချစ်ပုံကလည်း ပြိုင်စံရှား။ ရှင်တော်ဘုရားကို အရိပ်လို ထပ်ချပ်မကွာ စောင့်ရှောက်တော်မူတာကလား။ သို့ပေမင့် ဘုရားရှင် မရှိတော့တဲ့နောက်မှာ တရားတော်တွေကို ပထမသင်္ဂါယနာတင်ဖို့ အချိန်ကျလာတဲ့အချိန်မှာ သက်တော်ကြီးရင့်နေပြီဖြစ်တဲ့ အာနန္ဒာမထေရ်ကြီးခမျာ သောတ္တာပတ္တိဖိုလ်ကနေတောင် မတက်ရှာသေးဘူးကိုး။ ကိုယ်တိုင် ကျင့်ကြံအားထုတ်တော်မူမှပဲ သင်္ဂါယနာတင်ပွဲအမီ အရဟတ္တဖိုလ်ကို ဆိုက်ရောက်တော်မူရှာပါရဲ့။ အနှီတော့ ဦးဟန်ကြည်တို့ ရွှေပြည်သားတွေ ကိုယ်တိုင် လိုက်လျှောက်မှုမရှိဘဲ ရွတ်ရုံဖတ်ရုံနဲ့တင် တင်းတိမ်နေကြတာ ဦးဟန်ကြည် အံ့သြလွန်းလို့ ပင့်သက်တောင် ရှူမိပါရဲ့။ ပြောရရင်တော့ ဦးဟန်ကြည်တို့တတွေဟာ နိဗ္ဗာန်ရောက်ဖို့ထက် ကြားကာလလေးမှာ ကောင်းကောင်းမွန်မွန်နေရရေးကိုပဲ ရှေ့တန်းတင်ကြတာကလား။ ရှင်တော်ဘုရားရဲ့ နှုတ်ထွက်ပါဠိတွေကို တတွတ်တွတ်ရွတ်သလို ရှင်တော်ဘုရားရဲ့ စရိယသုံးပါး၊ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဖြည့်ကျင့်တော်မူခဲ့တဲ့ ပါရမီသုံးဆယ်၊ စွန့်ခြင်းငါးရပ်၊ သတ္တ၀ါအများအပေါ် ထားတော်မူတဲ့ မေတ္တာတွေကို အောက်မေ့ဆင်ခြင်ခြင်းဟာလည်း ဗုဒ္ဓာနုဿတိ ကမဋ္ဌာန်းကို စီးဖြန်းရာရောက်တာမို့ လောကီသားများ ငမ်းငမ်းတက် လိုချင်နေတဲ့ ကုသိုလ်ရပါကြောင်းလေးလည်း ဦးဟန်ကြည်က ခပ်ရွတ်ရွတ်ကလေး ပြောလိုက်ချင်တော့တာပါပဲ။

သည်ကြားထဲမှာ ဦးဟန်ကြည်တို့လူမျိုးက ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား လုပ်တဲ့လူတွေက တစ်ရာမှာ ကိုးဆယ့်ကိုးယောက်။ အနှာတောင် ကျန်တဲ့ကိုးယောက်က လက်ပြတ်နေလို့ မကားယားနိုင်တာကလား။ လက်မကားယားနိုင်ရင်တောင် ခြေကတော့ ကားယားဦးမှာ သေချာသပါ့။ ပြောတော့သာ ထေရ၀ါဒ ဗုဒ္ဓဘာသာ အိမ်ခန်းထောင့်ကြည့်လိုက်ရင် နတ်အုန်းသီးလေးတွဲလောင်း၊ ရှံနီစလေး တန်းလန်းနဲ့။ တစ်ခါတစ်ခါ သိန်းလေးငါးဆယ် အကုန်ခံပြီး ဟိုမရောက်၊ သည်မရောက် အီကြာကွေးနတ်ကတော်တွေကို ပူဇော်ပသတဲ့ပွဲကြီးတွေ ၀ှဲချီးကျင်းပလိုက်ချေသေး။ ပါးစပ်ကရွတ်လိုက်ရင် “ သုရာမေရာယ မစ္ဆပမာဒဌာနာ ဝေရမဏိ ” စာနဲ့ရေးလိုက်ရင် “ သေရည် ” လို့ ပက်ပက်စက်စက် နာမည်ဆိုးတပ်ပေမယ့် အမောင်နတ်များကိုတော့ ဘီအီးတို့ တောအရက်တို့ မဟုတ်ဘဲ ဂျော်နီလမ်းလျှောက်တောင်မှ red label နဲ့ အားမရဘဲ တတ်နိုင်ရင် blue label, gold label လိုက်ကြသေးတာကလား။ အနှီနတ်တွေအကြောင်း စိတ်ဝင်တစားရှိလွန်းလို့ မင်းတုန်းမင်းလက်ထက်ကတည်းက မြန်မာပြည်ကိုလာပြီး သုံးဆယ့်ခုနစ်မင်းအကြောင်း စုံစမ်းသုတေသနလုပ်သွားတဲ့ အနောက်တိုင်းသုတေသီတစ်ယောက်ရဲ့ စာတမ်းကို ကျကျနနဖတ်တော့မှပဲ သူရို့နတ်တွေက တစ်နတ်မှကို မကောင်းပဲကိုး။ အရက်သမား၊ ကြက်သမား၊ ကြာကူလီ၊ ဥပစ္ဆေဒကကံနဲ့ သေခဲ့တဲ့လူတွေက ခပ်များများ၊ သည်ကြားထဲမှာ ကုဋ္ဌနူနာနဲ့ သေတဲ့လူတောင် ပါလိုက်ချေသေး။ သြော…ဦးဟန်ကြည်တို့ ရွှေပြည်သားများ တစ်ခုကိုးကွယ်ရတာ အားမရရှာကြပဲကိုး။ အလောင်းစည်သူမင်းကြီးက အနှီနတ်တွေကို မြင်ပြင်းကတ်လွန်းလို့ နတ်ရုပ်တွေအကုန် ရွှေစည်းခုံဘုရားထဲမှာ ပစ်ထားလိုက်တာတောင် ဘုရားသွားသယောင်နဲ့ နတ်ကိုးပြီး ပြန်လာကြသေးတာကလား။ တစ်ချို့စေတီတော်များ ခြေရင်းမှာ၊ တစ်ချို့နေရာမှာ ဘုရားနဲ့ တစ်တန်းတည်းမှာ ဘိုးတော်တွေရော၊ ဘာပိုင် ညာပိုင်ကြီးတွေရော ရုပ်တုတွေမှ အခန့်သား။ အောင်မယ်မင်း သကောင့်သားများက ဘုရားထက်တောင် ပါဝါကြီးတော်မူချက်။

ဦးဟန်ကြည်တို့ပြောလေ့ရှိပါရဲ့။ သရဏဂုံပျက်တယ်ဆိုတဲ့ စကား။ ကျန်တဲ့ဘာသာမှာလည်း ဘာသာပျက်တယ်ဆိုတဲ့ အသုံးအနှုန်း။ ဘာလုပ်ရင် သရဏဂုံပျက်တယ် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာမှ မကြားချင့်အဆုံး။ ဦးဟန်ကြည် သိသလောက်ကတော့ ဗုဒ္ဓံ ( မြတ်စွာဘုရားကို ) သရဏံ ( ကိုးကွယ်ရာဟု ) ဂစ္ဆာမိ ( ဆည်းကပ်ပါ၏ ) လို့ အနက်ပြန်တာကလား။ ခပ်ငယ်ငယ်ကတော့ သရဏံဆိုတဲ့ စကားလုံးကို ပါးစပ်ပိတ်ပြီး ပီပီသသမရွတ်နိုင်ရင် သရဏဂုံမတည်ဘူးလို့လည်း မှတ်ဖူးပါရဲ့။ သို့ပေမင့် တစ်ချို့တိုင်းပြည်တွေမှာ “ ဂချာမိ ” လို့ သူရို့လူမျိုး လေယူလေသိမ်းနဲ့ ရွတ်နေကြတာကြားတော့ ဟယ် ငါ့ဟာက သောက်တလွဲချည်း ထင်ပါရဲ့လို့တော့ တွေးမိသား။ သူ့ဆိုလိုရင်းက ဘုရားမှတစ်ပါး ကျန်တဲ့အရာကို အားကိုးရင်၊ ကိုးကွယ်ပူဇော်ရင် ဗုဒ္ဓဘာသာဝင်အဖြစ်က လျှောကျတယ်လို့ ဆိုလိုတာကိုး။ အနှီလို ဆိုတော့ နတ်မှနတ် တစ်နတ်တည်းနတ်နေတဲ့ ဦးဟန်ကြည်တို့ ရွှေပြည်သားများကို ဗုဒ္ဓဘာသာဝင်ရယ်လို့ ခေါ်ရမှာတောင် ခပ်ရွံ့ရွံ့။ သည်ကြားထဲမှာ ထစ်ခနဲရှိရင် ဗေဒင်ကလေးက မေးလိုက်ချင်သေးတာ။ ယတြာလေးက ချေလိုက်ချင်သေးတာ။ Sky net ကလွှင့်နေတဲ့ အစီအစဉ်တစ်ခုမှာတောင်မှ ဗေဒင်ပါသေး။ အနှီိလိုသာ မကောင်းတာလုပ်ပြီး မကောင်းတာဖြစ်မယ့်အရေးကို ယတြာနဲ့ ပျောက်စတမ်းဆိုရင် ရှင်တော်ဘုရားက ကံကံ၏အကျိုးတို့ ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီတို့ကို လေကုန်ခံပြီး ဘယ်ဟောတော်မူမလဲ။ ကိုင်း လုပ်ချင်ရာလုပ် ယကြာသာ ချေလိုက်ကြလို့ ဟောတော်မူပေမပေါ့။ အနှီလိုသာဆို မြေမြိုသွားတဲ့ ဘုရားရဲ့ ယောက္ခမ သုပ္ပဗုဒ္ဓမင်းကြီးတို့ ယောက်ဖတော် ဒေ၀ဒတ်တို့ကိုလည်း အင်တိုက်အားတိုက် ယတြာမချေကြပေဘူးလား။ ရှင်တော်ဘုရားရဲ့ လမ်းစဉ်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ ယတြာမှ ယတြာလုပ်နေတဲ့ ရွှေပြည်သားများကိုလည်း ဗုဒ္ဓဘာသာစာရင်းသွင်းရမှာ ဦးဟန်ကြည် ကြောက်ပါရဲ့။

အနှာတင်ဘယ်ကလိမ့်တုန်းဗျာ။ အခုတလောမှာ “ အစွန်းရောက် ဗုဒ္ဓဘာသာဝင် ” ဆိုတဲ့ စကားလုံးကလည်း မမြင်ချင့်အဆုံး။ ဘယ့်နှာ ရှင်တော်ဘုရားရဲ့ တရားတော်က မဇ္ဇျိမပဋိပဒ္ဓါ “ အလယ်အလတ်လမ်းစဉ် ” မဟုတ်လား။ အလယ်မှာနေပါလို့ ရှင်တော်ဘုရားက မိန့်ကြားတော်မူတဲ့စကားကိုမှ နားမထောင်ဘဲ အစွန်းမှာ သွားနေလို့ကတော့ ဗုဒ္ဓဘာသာဝင် ဘယ်ဟုတ်လိမ့်တုန်း။ သူရို့အသုံးအနှုန်းကြီး ကြားရုံနဲ့တင် ဦးဟန်ကြည် ကြောစိမ့်ပါ့။

ဦးဟန်ကြည်တို့တတွေရဲ့ ဗုဒ္ဓဘာသာဝင်တိုင်း လိုက်နာရမယ့် အခြေခံမူငါးချက်ဖြစ်တဲ့ ငါးပါးသီလမှာ အဒိန္နာဒါနာ “ သူတပါးရဲ့ ပစ္စည်းဥစ္စာကို ခိုးယူခြင်း ” ကို ရှောင်ကြဉ်ရမယ်ဆိုတဲ့ သိက္ခာပုဒ်တစ်ခု ပါပါ့ဗျာ။ ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံခြင်းသည် ဗုဒ္ဓဘာသာဝင်ကောင်းတို့ရဲ့ အမူအကျင့်လို့လည်း အမြတ်တနိုး သတ်မှတ်ကြပါရဲ့။ ကိုင်း ကျန်တဲ့အပါးလေးတွေ ဘေးချိတ်။ အဒိန္နာဒါနာကိုပဲ ဆန်းစစ်ကြည့်ကြဦးစို့ရဲ့။ ဦးဟန်ကြည်တို့ရဲ့ လူမျိုးက လမ်းကြိုလမ်းကြားဝင်ပြီး သူများထဘီရုပ်တဲ့လူတန်းစားကိုပဲ သူခိုးလို့ သတ်မှတ်ချင်ကြတယ် ထင်ပါရဲ့။ ပန်ကာအောက်ထိုင်ပြီး တိုင်းပြည်ဘဏ္ဍာကို သိန်းထောင်ချီဘုန်းတဲ့ သကောင့်သားများကျတော့ ဘယ်သူခိုးဟုတ်လိမ့်တုန်း။ အောင်မယ် “ အလွဲသုံးစားမှု ” တဲ့။ လုပ်ပုံက။ ဦးဟန်ကြည် ဥာဏ်မီသလောက်ကတော့ …
“ ယူသင့်တာထက် ပိုယူလိုက်တာဟာ ခိုးတာ . . .
ပေးသင့်တာထက် လျှော့ပေးတာဟာ ဓားပြတိုက်တာ ”
စဉ်းစားကြစို့။ ဈေးသည်တစ်ယောက်ဟာ ယူသင့်တဲ့အမြတ်အစွန်းထက် ၁၀၀ ပိုပြီး ယူလိုက်ရင် ဒါဟာ ၁၀၀ ခိုးတာမဟုတ်လို့ ဘာလို့ခေါ်ရပါလိမ့်။ ပိုက်ဆံ ၁၀၀ ယူပြီး ၁၀၀ ဖိုးအပြည့် ၀န်ဆောင်မှုမပေးဘဲ ၅၀ ဖိုးပဲ ၀န်ဆောင်မှုပေးတာကရော ၅၀ ခိုးလိုက်တာ မဟုတ်လို့ ဘာပါလိမ့်။ တရားဝင် ကုန်စည်ခွန်မဆောင်ဘဲ ဆိုင်ရာပိုင်ရာနဲ့ အပီကပ်ပြီး အခွန်မပေးရအောင်လုပ်တာဟာ တိုင်းပြည်ဘဏ္ဍာကို ခိုးတာလို့ မခေါ်ရဘူးလား။ ၁၀၀ တန်ပစ္စည်းလာရောင်းတာကို “ ဟာ သည်ကောင်တော့ ဗိုက်နာနေပြီ…ငါပေးသလောက် ယူရမှာပဲ ” ဆိုတဲ့ လူယုတ်မာစိတ်မွေးပြီး ၅၀ ပဲပေးလိုက်တာဟာ တစ်ဖက်သားရဲ့ပိုက်ဆံ ၅၀ ကို ဓားပြတိုက်လိုက်တာပဲ မဟုတ်လား။ အောင်မယ်မင်း လုံလိုက်တဲ့ ငါးပါးသီလ။ စိတ်လိုက်ပါတဲ့ သီလရေစစ်။ ဆင်တောင်အပေါက်ကျွံကျမယ့်ကိန်း။

သည်ကြားထဲမှာ ကာမေသုကလေးက စွက်လိုက်ချင်းသေးတာကလား။ အနှီလိုပြောတော့ “ ဆရာရယ် အနှီတစ်ခုတော့ သားတို့က လုံပါ့ ” လို့များ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာမယ် မကြံလေနဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ၀န်းကျင်က ဓမ္မဗျူဟာ စာစောင်မှာ ထီးချိုင့်မြို့တည်တောဆရာတော်ဘုရားကြီးကို မေးလျှောက်ထားတဲ့ ကာမေသု မေးခွန်းတစ်ခုကို မှတ်မိသလောက် ကိုးကားရရင် လူနှစ်ယောက် လက်မထပ်ဘဲ အတူနေရင် အနှီမိန်းကလေးရဲ့ ကာမကို သူ့မိဘက ပိုင်တာဖြစ်လို့ အမောင်သကောင့်သား ကာမေသုကံ ထိုက်ပါသတဲ့ဗျား။ I love you တစ်လုံး လက်စွဲသုံးပြီး ခြင်ထောင်ဇာတ်ချည်း စွတ်ခင်းနေတဲ့ ကိုကိုတို့ သတိသာထားကြပေရော့။ မမများကလည်း များတို့နဲ့ အနှီဟာနဲ့ မဆိုင်လို့များ ညာတာပါတေးနဲ့ ရှောင်မပြေးလေနဲ့။ အိမ်ထောင်သည် ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြားမိရင် မယ်မင်းကြီးမတို့ရော ဘယ်ပြေးလို့ လွတ်လိမ့်တုန်း။

ဦးဟန်ကြည် သည်ရက်ပတ်အတွင်း မကြာမကြာစဉ်းစားမိပါရဲ့။ ငါရို့တွေ ရေလိုက်လွဲနေတယ်ထင်ပါရဲ့လို့။ ဘာဖြစ်လို့လဲဆိုတော့ ဦးဟန်ကြည်တို့ ဗုဒ္ဓဘာသာဝင်တိုင်းက ဘုရားရှေ့ရောက်တိုင်း သြကာသ ကန်တော့ချိုးနဲ့ ကန်တော့လေ့ရှိကြတာကိုး။ တကယ်တော့ အနှီသြကာသဆိုတာက ဆုတောင်းစာပေါ့လေ။ အနှီဆုတောင်းထဲမှာ “ ကပ်ကြီးသုံးပါး ” ကင်းပါရစေဆိုတဲ့ ဆုတောင်းလဲ ပြူးပြဲနေအောင် ပါပါရဲ့။ ကပ်ကြီးသုံးပါးဆိုတာကို အလျဉ်းသင့်တုန်း အနက်ဖွင့်ပြရရင်တော့
“ ရောဂန္ဓရကပ် - ရောဂါဆိုးတွေကျရောက်ပြီး လူအများ သေကျေခြင်း
ဒုဗ္ဘိခန္ဓရကပ် - အစာရေစာ ငတ်မွတ်ခေါင်းပါးပြီး လူအများ သေကျေခြင်း
သတ္ထန္ဓရကပ် - လူအချင်းချင်း လက်နက်ဖြင့် သတ်ဖြတ်ခြင်းကြောင့် လူအများ သေဆုံးခြင်း ”
-       လို့ဆိုသကိုး။
 ဦးဟန်ကြည်တို့တတွေ ကပ်ကြီးသုံးပါး ကင်းလွတ်ဖို့ ကိုယ့်ဘုရားဆီမှာ တဖွဖွတောင်းဆိုပြီး ကိုယ်တိုင်ကတော့
 ကပ်ကြီးတွေ မဆိုက်ဆိုက်အောင် နည်းမျိုးစုံနဲ့ လုပ်နေကြတာဟာ တပည့်တော်တို့ အရှင်ဘုရားဆီမှာ တောင်းနေပေမယ့် တကယ်လိုချင်လို့တောင်းတာ မဟုတ်ပါဘူးလို့များ သက်သေပြရာ ရောက်မလားလို့ တွေးမိတာကိုး။ အင်း အားမနာတမ်း ပြောရရင်တော့ ဦးဟန်ကြည်တို့ ရွှေပြည်သားတွေဟာ လူမျိုးတို့ ဘာသာတို့ကို သာမန်အချိန်တွေမှာ စောင့်ရှောက်ဖို့ စည်ပင်ပွားများအောင် ကြိုးစားပံ့ပိုးကြဖို့ ယောင်လို့တောင် စိတ်မကူးဘဲ ရန်ဖြစ်တဲ့အခါမှပဲ လူစုရတာလွယ်အောင် ပါးစပ်ကနေ တဖွဖွ ပြောကြတယ်ထင်ပါရဲ့။ ဦးဟန်ကြည်ကတော့ ကမ္ဘာ့လူသားတွေ ငြိမ်းချမ်းကြစေဖို့ စေတနာကောင်းနဲ့ ဘာသာတရားတွေကို ပြုစုပျိုးထောင်တော်မူခဲ့ကြတဲ့ ဘာသာတိုင်းရဲ့ အထွဋ်အမြတ် ပုဂ္ဂိုလ်တိုင်းကို ကြားထဲကနေ အားနာမိတာလည်း အကြိမ်ကြိမ် အခါခါ။ သူရို့တွေ ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ လမ်းစဉ်တွေကို ဆိုင်ရာဆိုင်ရာ လိုက်နာကြသူချင်း မငြိမ်းနိုင် မချမ်းနိုင် သတ်ဖြတ်နေကြတာတွေကို ကမ္ဘာ့သတင်း မြန်မာ့သတင်းတွေမှာ မြင်ရကြားရတိုင်း သက်ဆိုင်ရာ ဘုရားတွေကို ဘယ်လိုတောင်းပန်ရပါ့လို့လည်း အကြိမ်ကြိမ်အခါခါ စဉ်းစားမိပါရဲ့။ 


ကိုင်း…အထက်ကနေ ဖတ်လာလိုက်တာ သည်အထိရောက်လာပြီဆိုရင်ဖြင့် ငါဟာ ငါ့ဘာသာဝင် စစ်စစ် ဖြစ်ပြီလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြစို့ရဲ့။ ငါဟာ ဘုရားကိုစော်ကားတဲ့ blasphemy များဖြစ်ပြီလားလို့လဲ အားမနာတမ်း မေးကြဦးစို့။ ဦးဟန်ကြည်ကတော့ ကိုယ့်ကိုယ်ကို အန္ဓဗုဒ္ဓဘာသာ ( ဗုဒ္ဓဘာသာဝင်လူညံ့ ) များဖြစ်နေပြီလားလို့ မကြာမကြာ မေးစမ်းကြည့်မိပါရဲ့။ မရှက်တန်းဝန်ခံရရင်တော့ သမ္ပဖလာပ၀ါစာ ဆိုတဲ့ သေးနုပ်သိမ်ဖျင်းတဲ့ အတင်းစကားတွေ ပြောမိပြောထမရှိပေမယ့် တစ်ခါတစ်လေ ဒေါသအလျှောက် ခပ်မာမာခပ်ကြမ်းကြမ်း ဖရုဿဝါစာတွေ သုံးမိတတ်တဲ့၊ ရှောင်ကြဉ်ခြင်းဆိုတဲ့ စာရိတ္တသီလကိုပဲ ဖြည့်ကျင့်ဖို့ အားသန်ပြီး ဖြည့်ဆည်းခြင်း ၀ါရိတ္တသီလကို အချိန်တော်တော်များမေ့လျော့နေတတ်တဲ့၊ အခါအားလျော်စွာ ဘီယာလေး၊ ၀ီစကီကလေး နှိပ်လေ့ရှိတဲ့၊ ကိုယ့်ကူညီမှုကို တစ်ဖက်သားက အသိအမှတ်မပြုရင် ဒေါကန်တတ်တာမို့ စေတနာကိုတောင် ဖြူစင်အောင် မထားနိုင်သေးတဲ့၊ သူတော်ကောင်းဥစ္စာ ခုနစ်ပါးမှာ အပါးတော်တော်များများ ကွက်လပ်ဖြစ်နေတဲ့ ဦးဟန်ကြည်ခမျာ ကိုယ့်ကိုယ်ကို လူကောင်း၊ သူကောင်းစာရင်းထဲတောင် ထည့်ဖို့ မရဲပေါင်ဗျာ။ သို့ပေမင့် ဘာသာတရားတိုင်းရဲ့ အခြေခံမူဖြစ်တဲ့ ကိုယ်ချင်းစာတရားကိုတော့ ဦးဟန်ကြည် ရှင်သန်ဖြတ်သန်းခဲ့တဲ့ ဘ၀တလျှောက်လုံး ဖြည့်ကျင့်ခဲ့တာမို့ သတ္တ၀ါအများကို မစာနာ မသနားတဲ့ လူယုတ်မာ စာရင်းမ၀င်သေးတာကိုပဲ ဂုဏ်ယူနေရပါသေးရဲ့။

ပြောခဲ့သမျှကို အနှစ်ချုပ်လိုက်ရင်တော့ ဘာသာဝင်စစ်စစ်ဖြစ်ခြင်း မဖြစ်ခြင်းဟာ ဆိုင်ရာဆိုင်ရာ ဘာသာတရားတွေရဲ့ အဆုံးအမတွေကို အပြည့်အ၀ လေးစားလိုက်နာမှု ရှိခြင်းမရှိခြင်းအပေါ်မှာမူတည်ပြီး သတ္တ၀ါအများ ငြိမ်းချမ်းရေးကို ရှေးရှုကြတဲ့ ကမ္ဘာပေါ်က ဘာသာတရားတိုင်းရဲ့ အခြေခံမူဖြစ်တဲ့ “ ကိုယ်ချင်းစာတရား ” ကိုသာ ဘာသာဝင်တိုင်း လက်ကိုင်ထားကြရင်ပဲ ကိုယ့်ဘာသာအသီးသီးရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ထာဝရအေးငြိမ်းချမ်းသာခြင်းကို မရမီစပ်ကြားမှာ မတူကွဲပြားမှုတွေများစွာကြားမှာ ရှင်သန်နေရတဲ့ အသက်တာအတွင်း လုံခြုံချမ်းမြေ့ခြင်းနှင့် စိတ်အေးချမ်းသာခြင်းတွေကို ရကြမှာ မြေကြီးလက်ခတ်မလွဲတဲ့အကြောင်းကို ဒီနေ့လူသားတွေ ယုံကြည်ကိုးကွယ်နေကြတဲ့ ဘာသာရေးတိုင်းရဲ့ အထွဋ်အမြတ် မဟာကရုဏာတော်ရှင်တွေကို ကြည်ညိုလေးစားစွာနဲ့ ဦးဟန်ကြည် ရဲရဲကြီး အာမခံလိုက်ပါကြောင်းဗျား။

စာကြွင်း။            
အနှီပို့စ်ကို တစ်လမ်းကျော်က နတ်ကန္နားပွဲမှာ ၀ါကာ ၀ါကာ သီချင်းကို မိုင်ကုန်တင်ဖွင့်ထားတာကို မကြားချင်ယောင်ဆောင်၊ အမဲခြောက်ဖုတ်အက တွန့်လိန်ကောက်ကွေးနေအောင်ကနေတဲ့ မာမီခြောက်ကို စိတ်ကူးထဲမှာ ပုံဖော်ပြီး ဖင်ပိတ်မကန်မိအောင် ဒေါသစိတ်ကို ချွန်းအလီလီအုပ်ပြီး ခန္တီပါရမီကို မနိုင့်တနိုင် ဖြည့်ကျင့်ရင်း အင်တိုက်အားလိုက် ရေးထုတ်လိုက်ရပါကြောင်း . . .


ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger