Showing posts with label မြန်မာစာ၊ မြန်မာမှု. Show all posts
Showing posts with label မြန်မာစာ၊ မြန်မာမှု. Show all posts

Saturday, 15 March 2014

“ လက်ဖက်ရည်ဋီကာ . . . ”


 

ဦးဟန်ကြည်က လက်ဖက်ရည်မကြိုက်တတ်တာကြောင့် လက်ဖက်ရည်သိပ်မသောက်ဖြစ်ဘူးပေါ့ဗျာ...အဲ စိတ်ကူးပေါက်ရင်တော့လည်း ပေါင်းခံရေလေးဘာလေး မှီဝဲပေသပေါ့...ထားပါတော့...း)

မြန်မာနိုင်ငံမှာ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုက ဘယ်ခေတ်လောက်က စထွန်းကားခဲ့တယ်တော့ မပြောတတ်ဘူး…ဦးဟန်ကြည်တို့ လူလားမြောက်တဲ့အချိန်ရောက်တော့ လက်ဖက်ရည်ယဉ်ကျေးမှုက အတော်ထွန်းကားနေပြီ…ရပ်ကွက်တစ်ခုမှာ လက်ဖက်ရည်ဆိုင် လေးငါးဆိုင်ကတော့ အနည်းဆုံး…အနှီခေတ်တုန်းကတော့ လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုတာ ၀န်ထမ်းတွေရဲ့ ဖက်ရှင်…အနှီခေတ်က ၀န်ထမ်းဆိုတာကလည်း ပြောလောက်အောင် အလုပ်သိပ်များသလို သည်ဘက်ခေတ်တွေလို ဘီယာယဉ်ကျေးမှုကလည်း ခေတ်စားသေးတာမှ မဟုတ်ဘဲကိုး…ဘာကိစ္စ ညာကိစ္စကလေးတွေ အောင်မြင်ချင်ရင် လက်ဖက်ရည်ဖိုးပေးရင် အိုခေပြီဆိုတဲ့ခေတ်…

သည်ဘက်ခေတ်ရောက်လာတော့ လက်ဖက်ရည်ဆိုင်တွေ ဆိုင်တွေဆိုတာကလည်း လမ်းတစ်လမ်းမှာ လေးငါးခြောက်ဆိုင် အပြိုင်ရှိလာကြတော့တာမို့ သူ့ထက်ငါ လူဝင်များအောင် အသည်းအသန် ကြိုးစားကြရတော့တာကိုး...အပြင်အဆင် အရသာတွေ ကောင်းသည်ထက်ကောင်းအောင် ကြိုးစားရုံတင်အားမရဘဲ အခေါ်အဝေါ်ပါ ဆန်းအောင် ကြိုးစားကြပြန်လေတော့ လာသောက်တဲ့ ပရိသတ်ခမျာ တစ်ခါတစ်ခါ မျက်စိတောင် လည်ချင်စရာ...

ချစ်ကောင်းတစ်ခွက် ” ဆိုတာက ကော်ဖီခါးခါးတစ်ခွက် ( ကော်ဖီခါးခါးဆိုတာ ဦးချစ်ကောင်းရဲ့ နာမည်ကြီးသီချင်းကိုး )

ပန်းတောင်းတစ်ခွက် ” ဆိုတာက လက်ဖက်ရည်ချိုချိုတစ်ခွက် ( ကျောက်ပန်းတောင်းနယ်က ထန်းလျက်တို့ ကြံသကာတို့ နာမည်ကြီးလေတော့ အနှီအချက်ကို အစွဲပြုပြီး ခေါ်ဟန်တူပါရဲ့ )

ကျဆိမ့် ဂိတ်ဆုံးတစ်ခွက် ” ကျဆိမ့်ကို ကျနိုင်သမျှကျအောင် ဖျော်ခိုင်းတာကိုးဗျ ( ဂိတ်ဆုံးဆိုတာကတော့ အဆုံးစွန်ထိလို့ ဆိုလိုဟန်တူပါရဲ့ ) ခပ်နောက်နောက် လူတစ်ယောက်ကတော့ “ ကျဆိမ့် ဂိတ်ဆုံး ပတ်စီး တစ်ခွက် ” လို့မှာထည့်လိုက်တာ အဖျော်ဆရာခင်မျာ မျက်စိတောင် လည်ရှာပါလေရော...

လက်ဖက်ရည်တစ်ဂေါက် ” ဒါကတော့ အညာစတိုင်ဗျို့...လက်ဖက်ရည်မှာ ပါသင့်ပါထိုက်တဲ့ ပါဝင်ပစ္စည်းအကုန်ထည့်ပေမင့် ခွက်အပြည့်မဖျော်ဘဲ လက်ဖက်ရည်ပန်းကန်လုံးရဲ့ အပေါ်ကိုင်းအထိရောက်အောင်ပဲ ထည့်ထားတာကို ခေါ်ပါသတဲ့...နည်းနည်းဘိုဆန်တဲ့ ငတိတွေကတော့ “ ဟပ်ဖ်တီး ” လို့ ခေါ်ပါသဗျား…ဆိုလိုရင်းကတော့ အတူတူပဲပေါ့…အပြည့်မဖျော်ဘဲ တစ်ဝက်ကျော်လောက်ပဲ ဖျော်ခိုင်းတာဆိုပဲ…အတ္တနောမတိနဲ့ ပြောကြည့်ရရင်တော့ နည်းနည်း ဂန်ကျယ်တဲ့ ငတိတွေပေါ့လေ…

ပုံမှန် ဖန်ကဲ ဟပ်ဖ်တီး ” ဆိုတာကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ လက်ဖက်ရည်သောက်နည်း...ပုံမှန်အချိုးကျဖျော်ထားတဲ့အထဲမှာ အကျရည်နည်းနည်း ပိုထည့်ပြီး ကိုင်းအထိပဲ ဖျော်ခိုင်းတာဆိုပဲ...

ချိုပေါ့ကျ တိုင်ကီ ၀မ်း” ဆိုတာကတော့ လက်ဖက်ရည် အချိုခပ်ပေါ့ပေါ့မှာ အကျရည်လေး ကဲထားတာကို ရိုးရိုးလက်ဖက်ရည်ခွက်နဲ့ မထည့်ဘဲ Mug ခွက်လို ခွက်ကြီးကြီးနဲ့ ထည့်ထားတာကို သညာပေးထားတာဆိုပဲ...ကြားခါစတုန်းကတော့ အလို သည်လူတွေ လက်ဖက်ရည်ကြိုက်ချက်ကတော့ တိုင်ကီနဲ့တစ်လုံးတောင် ကုန်အောင်သောက်မယ့်သဘောထင်ပါရဲ့လို့တောင် တွေးမိသေးတာရယ်...

သည်ကြားထဲမှာ “ ချိုကျ ” “ ချိုပျစ် ” ဆိုတာတွေက ရှိသေးပြန်ရော...ဒါတင်ဘယ်ကလိမ့်တုန်း...“ ချိုပက်လန် ” ဆိုတာတောင် ရှိချေသေး...ချိုလွန်းလို့ ပက်လက်တောင် လန်သွားရမယ်လို့ ဆိုလိုပါသတဲ့...

တစ်ခါသားမှာတော့ “ ချိုပက်လန် တောသားကြီး ပစ်လဲ ” လို့မှာလိုက်တာလည်း ကြားဖူးပါသဗျား...ချိုလွန်းမကျချိုလိုက်တော့ အချိုကြိုက်လှပါတယ်ဆိုတဲ့ အညာတောသားကြီးတောင် ပစ်လဲသွားနိုင်တဲ့ လက်ဖက်ရည်လို့ တင်စားတယ်ဆိုလား...

အညာက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကတော့ လက်ဖက်ရည်ကို ဒန်အိုးကြီးထဲမှာ တစ်ခါတည်းဖျော်ထားပြီး ဘာပဲမှာမှာ သည်အထဲကပဲ ခပ်ပြီးရောင်းပါသတဲ့...သောက်တဲ့လူက နို့ဆီနည်းနည်းလို့ အထွန့်တက်ရင် နို့ဆီထည့်ပေး...အဖန်ရည်လေးကဲပါဦးဆိုမှ အဖန်ရည်ထည့်ပေးလိုက်တော့ အိုခေဆိုပဲ...အကြောင်းသိတဲ့လူတွေကတော့ သူ့ဆိုင်မှာ ၀င်သောက်ရင် “ အိုးဖျော် တစ်ခွက် ” လို့ မှာကြပါလေရော...

ရွှေမန်းမြို့က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာတော့ ကြက်ဥအစိမ်းကို ဖောက်ထည့်ပြီး သံပုရာရည်ညှစ် သကြားထည့်ထားတဲ့ သောက်စရာ “ ကြက်သံ ” ကို “ ရှင်သန်ခြင်း ” လို့ နာမည်ပြောင်ပြောင်မြောက်မြောက် ပေးထားတာကိုလည်း ကြုံဖူးပါရဲ့...

အညာဆိုင်တစ်ဆိုင်မှာတော့ ပလာတာပေါ်မှာ ကြက်ဥတင်ပြီး ကြော်ထားတဲ့ စားစရာကို “ ခိုင်သင်းကြည် ” လို့ နာမည်ပေးထားပါလေရော...ထူးဆန်းလွန်းလို့ စုံစမ်းကြည့်တော့ အနှီစားစရာကို “ တင်ကြော် ” လို့ နာမည်ပေးထားပေမင့် ခိုင်သင်းကြည်က ဇွန်စီ ကြော်ငြာမှာ သူတင်ပါးကို အပြကောင်းလွန်းတာကနေ အစပြုပြီး တင်ကြော်မှသည် ခိုင်သင်းကြည်လို့ နာမည်ပြောင်းပါလေရောတဲ့...

သည်ကြားထဲမှာ အီကြာကွေ့ကို “ ဂျုံရှည်ကြော် ” နံပြားကို “ ဂျုံပြားကင် ” လို့ နာမည်ပေးတာလည်း ရှိပါသေးရဲ့...

လက်ဖက်ရည်မှာတဲ့နေရာမှာတော့ ဦးဟန်ကြည်ရဲ့ အဘိုး ဦးမြကြီးကို မီတဲ့လူ ရှိမယ်မထင်ဘူး…အဘိုးက ကပ်စေးနှဲတာမှ နှပ်ချေးကိုတောင် ငပိလုပ်ခတ်တယ်ဆိုတဲ့ လူစား…မောင်ဟန်ကြည် ခပ်ငယ်ငယ်က အဘိုးဆီအလည်သွားတဲ့အခါ ငါ့မြေးကြီးကို လက်ဖက်ရည်တိုက်ရမယ်ဆိုပြီး လက်ဖက်ရည်ဆိုင်ခေါ်သွားတော့ ကလေးပီပီ ၀မ်းသာပေသပေါ့လေ…သောက်ရချေသေးပေါ့…လက်ဖက်ရည်ဆိုင်ရောက်လို့ ထိုင်လည်းထိုင်ပြီးရော မဟာကော်တရာအဘိုးက ကောင်တာကိုလှမ်းပြီး “ လက်ဖက်ရည် တစ်ခွက်ခွဲ…နှစ်ခွက်မျှထည့်လိုက်… ” လို့ ခပ်တည်တည် အော်ပြီးမှာလိုက်တာ တစ်ဆိုင်လုံးရှိတဲ့လူတွေခမျာ မကြားဖူးတာကြားရပြီး အံ့သြလွန်းလို့ အသံတွေကို တစ်ချက်တည်းတိတ်…အဖျော်ဆရာလည်း အူကြောင်ကြောင်ကို ဖြစ်လို့…အဘိုးကတော့ ခပ်တည်တည်…မောင်ဟန်ကြည်ခမျာ မချိသွားဖြဲ…
မဟာကော်တရာ ဂန္ထ၀င်ဦးကပ်စေးအဘိုးက လက်ဖက်ရည်တစ်ခွက် ၅၀ ကို နှမြောတော်မူတာကြောင့် နှစ်ခွက်စာ ငွေ ၁၀၀ အကုန်မခံဘဲ တစ်ခွက်ခွဲစာ ၇၅ ကျပ်ပဲ အကုန်ခံတော်မူတာကိုးဗျ…အဘိုးရဲ့ လက်တွေ့ချွေတာရေးဖော်မြူလာကို လက်တွေ့သုံးချင်ရင်တော့ မှတ်သာထားကြပေရော့…း)

လက်ဖက်ရည်သောက်ရင် ရင်တုန်တတ်လွန်းလို့ ဝေါင်ဝေါင်ရှေးထားပေမင့် မြန်မာ့ယဉ်ကျေးမှုအရ မိတ်ဆွေအပေါင်းအသင်းနဲ့ဆုံရင် လက်ဖက်ရည်ဆိုင်ပဲ ခေါ်သွားရလေတဲ့ ဦးဟန်ကြည်ခမျာ တစ်ဆိုင်ရောက်ရင် အခေါ်အဝေါ်တစ်မျိုး ဗဟုသုတရ နောက်တစ်ဆိုင် နောက်တစ်မျိုးနဲ့ မြန်မာစကားအသစ်တွေ အတော်များများတောင် စုဆောင်းမိနေပါရောလား...။ ။


photo credit to Google.

Saturday, 12 October 2013

လူမှုဘ၀ထဲက သင်္ကေတဗေဒ . . .




မြန်မာစာပါမောက္ခ ဦးခင်အေး ကလောင်နာမည် ဆရာမောင်ခင်မင် ( ဓနုဖြူ )က သင်္ကေတဗေဒ နိဒါန်းဆိုတဲ့ ခေါင်းစဉ်နဲ့ စာတစ်အုပ်ရေးခဲ့ဖူးလို့ ဦးဟန်ကြည် ကျကျနန ဖတ်ကြည့်ခဲ့ဖူးပါတယ်။ symbolism လို့ခေါ်တဲ့ သင်္ကေတဗေဒနဲ့ ပတ်သက်လို့ မင်းသား Tom Hank ရဲ့ Da Vinci code ဆိုတဲ့ ဇာတ်ကားမှာလည်း အကျဉ်းသဘော ကြည့်ဖူးပါရဲ့။ သို့ပေမင့် အနှီသင်္ကေတဗေဒဟာ လူမှုဘ၀မှာ အကျုံးဝင် ပတ်သက်ပြီး အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ ဦးဟန်ကြည် မမျှော်လင့်ခဲ့မိရိုးအမှန်။

လွန်ခဲ့တဲ့ သုံးလေးရက်ကျော်က ထုံးစံအတိုင်း ညပိုင်းမှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး မိတ်ဆွေလ၀ကဦးစီးမှူးဟောင်းတစ်ယောက် စည်ပင်ဦးစီးတစ်ယောက်နဲ့ စကားဝိုင်းဖွဲ့ကြတော့မှ သင်္ကေတဗေဒဟာ လူမှုဘ၀မှာ အကျိုးသက်ရောက်မှု ဘယ်လောက်ကြီးမားတယ်ဆိုတာ ဦးဟန်ကြည် သဘောပေါက်မိပါသဗျား။ အနှီစကားဝိုင်းမှာ စာအကြောင်း၊ ပေအကြောင်း တိုင်းပြည်အကြောင်းတွေ ရောက်ရာပေါက်ရာ ပြောကြရင်း ဒေသန္တရ မြို့ပြအုပ်ချုပ်ရေးအဖွဲ့လို့ခေါ်တဲ့ စည်ပင်ကူအဖွဲ့အကြောင်း စကားစပ်မိကြတာကိုး။ အနှီစည်ပင်ကူအဖွဲ့ရဲ့ ဦးစီးပုဂ္ဂိုလ်ကို အရပ်ခေါ်အရ မြို့တော်ဝန်လို့ ခေါ်မယ်ထင်ပါရဲ့။ အနှီမြို့တော်ဝန်က စာမတတ်၊ ပေမတတ်ရတဲ့ကြားမှာ လုပ်ပိုင်ခွင့်က အတော့်ကိုကြီးကြီးမားမား ရထားတာကြောင့် တရားဝင်လုပ်ထုံးလုပ်နည်းတွေ ဘေးချိတ်ပြီး သူ့အောက်မှာ ပြားပြားမှောက်နေတဲ့ စည်ပင်ဌာနအကြောင်း မိတ်ဆွေက ရင်ဖွင့်ပါလေရော။

သူရင်ဖွင့်မယ်ဆိုလည်း ဖွင့်ချင်စရာ။ အနှီပုဂ္ဂိုလ်က စည်ပင်မှာရှိတဲ့ ဦးစီးက အစထားလို့ AE, SAE စတဲ့ ပညာရှင်ဝန်ထမ်းတွေကိုပါ ခပ်ချဉ်ချဉ်ဖြစ်ပြီး ခွင်ထဲဝင်တိုင်း ညက်ညက်ကျေအောင် ဖွပ်တာကိုး။ ဦးစီးလစာလေးနဲ့ မလောက်ငှလို့ အိမ်ကမိန်းမကိုပါ အကြော် ကြော်ရောင်းခိုင်းပြီး အရိုးသားဆုံးရပ်တည်နေတဲ့ ဘာသာရေးသမား စည်ပင်ဦးစီးခမျာ သူရို့ဌာနကို ဘာကြောင့်များ အနှီလောက် လူထုကချဉ်နေတယ်ဆိုတာ သဘောမပေါက်နိုင် ဖြစ်နေပါလေရော။ သူက အနှီလို သဘောမပေါက်နိုင် ဖြစ်နေပေမယ့် ထိုင်နားထောင်နေတဲ့ ဦးဟန်ကြည်ကတော့ ဆရာမောင်ခင်မင်ရဲ့ စာအုပ်ကျေးဇူးနဲ့ ဟိုဘက်ကမ်းလွန်အောင် သဘောပေါက်လှပါရဲ့။  ဒါနဲ့ပဲ မိတ်ဆွေကြီးရေ စိတ်တော့မရှိနဲ့ဗျာ...မြန်မာပြည်သူလူထုရဲ့ မျက်စိထဲမှာ စည်ပင်ဆိုတာ သူခိုးဌာနလို့ သတ်မှတ်ထားပြီး စည်ပင်ဝန်ထမ်းဟူသမျှကို သူခိုးတွေလို့ ယူဆထားကြသဗျား...လို့ အားနာနာနဲ့ ပြောလိုက်မိပါရော။ အနှာကို သင်္ကေတ ဗေဒလို့ ခေါ်တာကိုး။ လူတွေရဲ့ စိတ်ထဲမှာ စွဲနေတဲ့ နိမိတ်ပုံတွေကို ဖျောက်ဖျက်ဖို့ဆိုတာ ရိုးသားတဲ့ စည်ပင်ဦးစီး တစ်ယောက်တည်းလုပ်လို့လည်း မဖြစ်နိုင်တာမို့ ၀န်ထမ်းဘ၀က မထွက်နိုင်သေးသမျှတော့ ပေပြီးတော့သာ ခံပေရော့လို့ အားပေးလိုက်မိပါရဲ့။ ခမျာမှာလည်း နှစ်ပေါင်းများစွာ လုပ်ခဲ့ကိုင်ခဲ့ရတဲ့ လုပ်သက်တွေ ရင်းနှီးခဲ့ရတဲ့ အချိန်တွေကို နှမြောတာနဲ့ပဲ အနှီဝန်ထမ်းဘ၀ကို မစွန့်နိုင်ရှာသေးတော့ မျက်နှာခပ်အိုအိုနဲ့ ခေါင်းတညိတ်ညိတ် လုပ်ရှာရတာပေါ့လေ။ သူ့ကိုကြည့်ရင်း စိတ်မရွှင်တော့တဲ့ ဦးဟန်ကြည်လည်း သင်္ကေတဗေဒရဲ့ လွှမ်းမိုးနိုင်စွမ်းတွေအကြောင်းကို ဆက်စဉ်းစားမိပါသဗျား။

ဦးဟန်ကြည်တို့ရဲ့ ဒွန္တယာကြီးမှာ သင်္ကေတတွေရဲ့ လွှမ်းမိုးမှုကလည်း ရှိသင့်တာထက်ကို ပိုနေတာကိုး။ အထူးသဖြင့် မြန်မာရုပ်ရှင်တွေထဲမှာ ပိုလို့တောင် တွေ့နိုင်ပါရဲ့။ လူကြမ်းက မင်းသမီးကို ခပ်ကြမ်းကြမ်းပွေ့ပိုက်ပြီး အခန်းထဲခေါ်သွင်းသွားပြီးရင် နှင်းဆီပန်းကလေး ကြွေကျသွားတာ ရိုက်ပြလိုက်ရုံနဲ့ ဘာဖြစ်သွားပြီဆိုတာ ပရိသတ် သိပြီ။ အမေအိုကြီးကို သားလုပ်တဲ့လူက ဖက်ငိုနေပြီးတော့ ရေအိုးတစ်လုံးကို ပေါက်ခွဲလိုက်တဲ့ အကွက်ကို ပြလိုက်ရင် အနှီအမေအိုကြီး အနိစ္စရောက်ပြီဆိုတာ ပရိသတ် သဘောပေါက်ပြီးသား။ ဒီတစ်ခန်းပြီးလို့ နောက်တစ်ခန်းမှာ အဘွားကြီးက ကျန်းကျန်းမာမာနဲ့ လမ်းလျှောက်သွားလာနေတာကို ပြလိုက်ရင် ပရိသတ်က ဘ၀င်မကျတော့ဘူးကိုး။ တကယ်တန်း စဉ်းစားကြည့်ရင် ဒါရိုက်တာက ရေအိုးတစ်လုံး ပေါက်ခွဲလိုက်တဲ့အခန်းကို သူ့စိတ်ကူးနဲ့သူ ပြချင် ပြမှာပေါ့။ ဒီရေအိုးကွဲတာနဲ့ အဘွားကြီးသေတာဟာ ဘာပတ်သက်မှုမှ မရှိဘဲ။ ဒါပေမယ့် ဒီအခန်းပြလိုက်ရင် ဘာဖြစ်ရမယ်လို့ ကြိုတင်သတ်မှတ်ထားတဲ့ ပရိသတ်ကသာ ဖြစ်ရိုးဖြစ်စဉ်သဘောကို သင်္ကေတနဲ့ တွဲပြီး မှတ်ထားလိုက်ကြလို့ ဒီလိုပြရင် တစ်ယောက်သေပြီလို့ ဇွတ်အတင်း သတ်မှတ်ပစ်ကြတာကလား။ ကိုင်း...အနှီတော့ လူတွေရဲ့စိတ်ထဲမှာ စွဲနေတဲ့ သင်္ကေတတွေဟာ ဘယ်လောက်အထိ ပြဿနာ ပေးတယ်ဆိုတာ စဉ်းစားသာ ကြည့်ပေရော့။

သင်္ကေတ တစ်ခုချင်းစီအပေါ်မှာ လူတွေရဲ့ စိတ်ခံစားမှုနဲ့ တုံ့ပြန်မှုကလည်း လူမျိုး၊ သမိုင်းကြောင်း၊ ယဉ်ကျေးမှုတွေနဲ့ တိုက်ရိုက် ပတ်သက်နေသေးတာကလား။ ဟစ်တလာ သုံးခဲ့တဲ့ စကြာပုံ “ ဆွာစတိက ” တံဆိပ်ဟာ ဂျူးလူမျိုးတွေအတွက် စိတ်ထိခိုက် နာကျည်းစရာ နိမိတ်ပုံဖြစ်မှာ သေချာတာပေါ့။ သို့ပေမင့် ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ အနှီတံဆိပ်ဟာ ဘာသာတရားရဲ့ ကြည်ညိုဖွယ်ရာ ကောင်းခြင်းကို သက်သေထူထားတဲ့ သင်္ကေတဖြစ်နေပြန်ပါရော။ ဗုဒ္ဓရုပ်ပွားတော်တစ်ချို့ရဲ့ နဖူးသင်းကျစ်တော်နဲ့ ဖြန့်ထားတဲ့ လက်ဖ၀ါးတော်ထဲက ဆွာစတိကတံဆိပ်က ဗုဒ္ဓဘာသာဝင်တွေအတွက် ကြည်ညိုလေးမြတ်စိတ်ကိုပဲ ဖြစ်စေတာ မထူးဆန်းပေဘူးလား။ အနှီတော့ သင်္ကေတဗေဒကို လေ့လာမယ်ဆိုရင် လူမျိုးအလိုက် ယဉ်ကျေးမှုအလိုက် ခွဲခြားလေ့လာဖို့ လိုပြန်ပါရော။ ကိုင်း...ဦးဟန်ကြည်က ရွှေပြည်ကြီးသား ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်ဖြစ်ပြန်တော့ ကိုယ်လက်လှမ်းမီတဲ့ နယ်ပယ်ကနေပဲ ချဉ်းကပ်ကြဦးစို့။

ဦးဟန်ကြည်တို့ မြန်မာလူမျိုးတွေရဲ့ စိတ်အာရုံထဲမှာ Made in China ဆိုတဲ့ စာတမ်းကို အရည်အသွေးညံ့ဖျင်းမှုရဲ့ သင်္ကေတလို့ တစ်ကြောင်းစွဲ သတ်မှတ်ကြတာကိုး။ တကယ်တော့ ပစ္စည်းရဲ့ အရည်အသွေးကို ဖော်ဆောင်တဲ့ သင်္ကေတက အနှီစာတမ်းမှ မဟုတ်ဘဲ။ ဦးဟန်ကြည် အညာပြန်လို့ ယိုးဒယားပစ္စည်းတွေ လက်ဆောင်ဝယ်သွားရင် Made in China လို့ရေးထားတဲ့ ယိုးဒယား-တရုတ် ဖက်စပ်ပစ္စည်းတွေကို ယူမသွားမိဖို့ သတိကြီးကြီး ထားရပါရဲ့။ ယိုးဒယားဘက်ကို ၀င်လာတဲ့ တရုတ်ပစ္စည်းတွေဟာ အရည်အသွေးစစ်ဆေးမှု ခံယူပြီးသား QC passed ပစ္စည်းတွေဖြစ်ကြောင်း ရွှေပြည်သားတွေမှ မသိဘဲကိုး။ ရွှေပြည်သားအတွက်ကတော့ “ တရုတ်စက်...တစ်ရက်စုတ် ” လို့ သတ်မှတ်ထားပြီးသား။ ယိုးဒယားပစ္စည်းကိုတော့ made in Thailand ဆိုတဲ့ စာတမ်းမြင်ရုံနဲ့ ပစ္စည်းကောင်းလို့ တစ်ကြောင်းစွဲ သတ်မှတ်လိုက်ကြပြီးသား။ ယိုးဒယားကလာနေတဲ့ ပစ္စည်းခပ်ညံ့ညံ့တွေရှိတယ်ဆိုတာ လူတွေ မသိကြပြန်ဘူး။ အားဆေးဆိုရင် ကိုရီးယား ဂျင်ဆင်းမှ ကောင်းတယ်လို့ ယူဆနေကြတာကလည်း ရှိသေး။ ဒါတင် ဘယ်ကလိမ့်တုန်း။ ကျောင်းသားတွေ စာမေးပွဲနီးလာရင် မိဘတိုင်းက Brand's Bird's Nest ဘရင်းငှက်သိုက်ရည်တို့ ကြက်ပေါင်းရည်တို့ ၀ယ်တိုက်ကြပြန်ပါရော။ ဘာကြောင့်လဲဆိုရင် အနှီကြက်ပေါင်းရည်ကိုသောက်ရင် သူရို့သားသမီးတွေ ဥာဏ်ရည်တိုးတက်ပြီး စာမေးပွဲကောင်းကောင်းဖြေနိုင်ကြလိမ့်မယ်လို့ ယူဆထားကြတာကိုး။ ဘရင်းကြက်ပေါင်းကလည်း အနှီသင်္ကေတကို လူထုကြားရောက်စေဖို့ ထူးချွန်ကျောင်းသားတွေကို သုံးပြီး ကြော်ငြာတွေ အင်တိုက်အားတိုက် ရိုက်ထားတာကိုး။ အနှီတော့ ထမင်းရည်သောက်ပြီး စာကျက်လို့ ဂုဏ်ထူးတွေ တသီကြီး ထွက်လာတဲ့ ကျောင်းသားကိုလည်း ဘရင်းကျေးဇူးနဲ့ ဂုဏ်ထူးထွက်တာလို့ ထင်ကုန်ကြတာ ဘယ်ဆန်းလိမ့်တုန်း။

ကျန်တဲ့လူမျိုးတွေ နိုင်ငံသားတွေကတော့ သင်္ကေတတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကနေ အတတ်နိုင်ဆုံး ကင်းလွတ်အောင် နေနိုင်ကြတယ်ဆိုတာ သူရို့က လူကို လူလို့ပဲ မြင်ကြတာကိုး။ ဦးဟန်ကြည်တို့ ရွှေပြည်သားတွေကတော့ လူကို ရုပ်ဝထ္ထု ပစ္စည်းရဲ့ လွှမ်းမိုးမှုအောက်မှာ အပြည့်အ၀ ထားကြတဲ့ လူမျိုးတွေ ဖြစ်နေတာကလည်း သင်္ကေတတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ပြားပြားမှောက်ရခြင်း အကြောင်းတစ်ရပ် ဖြစ်မယ်ထင်ပါရဲ့။ ဒါကြောင့်လဲ မကြာခဏဆိုသလို စားနေကျ ကြောင်ဖားတွေရဲ့ အနိုင်ကျင့်တဲ့ဒဏ်ကို ခံရတာ ဖြစ်ပေလိမ့်မယ်။ ဘတ်စ်ကားတွေပေါ်မှာ ကိုယ့်အနားကို အ၀တ်အစား ခပ်စုပ်စုပ် လူတစ်ယောက် ကပ်လာရင် သူသူကိုယ်ကိုယ် သတိထားကြပြီ။ အနှီလူကို ခါးပိုက်နှိုက်လို့ ထင်ကြတာကိုးဗျ။ တကယ်တော့  Attache case ကိုင်ထားပြီး ကိုယ့်ဘေးနားမှာ မိန့်မိန့်ကြီး ရပ်နေတဲ့ မောင်မင်းကြီးသားကမှ ခါးပိုက်နှိုက်အစစ်။ ဘယ်ခါးပိုက်နှိုက်မှ ခါးပိုက်နှိုက်နဲ့တူအောင် ခပ်စုပ်စုပ်ဝတ်မထားတာကို လူတွေမှ မသိကြပဲကိုး။ မိန်းမတစ်ယောက် ယောဂီရောင် ၀တ်ထားရင် သူတော်ကောင်းလို့ သတ်မှတ်လိုက်ပြန်ပြီ။ တိုက်ပုံကြီးဝတ်ပြီး မောင့်ကျက်သရေခေါင်းပေါင်းကြီး ပေါင်းထားရင် လူကြီးလူကောင်းလို့ သတ်မှတ်လိုက်ပြန်ပြီ။ အနှီယောဂီဝတ်မိန်းမတွေပဲ ပစ္စည်းအလစ်သုတ်ပြီး ခေါင်းပေါင်းသမားတွေပဲ အနှိပ်ခန်း သွားတတ်ကြတာ လူတွေ မသိကြပြန်ဘူး။ ကိုင်း...မခက်လားဗျာ။

သင်္ကေတတွေရဲ့ နှိပ်စက်တဲ့ဒဏ်ကို ခံရတဲ့လူတွေထဲမှာ ဦးဟန်ကြည်ရဲ့ သူငယ်ချင်း ဗိုလ်ကြီးဆရာဝန် မေ့ဆေးပါရဂူတစ်ယောက်လည်း ပါပါသဗျား။ သူ့ခမျာ တပ်ထဲမှာ မစားလောက်လို့ တပ်ပြင်ထွက်ပြီး အထူးကုဆေးခန်းမှာ လာထိုင်ရရှာတာကိုး။ စကားအပြောအဆိုကလည်း ဦးဟန်ကြည်ထက် နူးညံ့၊ စိတ်ထားကလည်း ဦးဟန်ကြည်ထက် အဆထောင်ပေါင်းများစွာ ပိုဖြူစင်တဲ့ အနှီသူငယ်ချင်းခမျာ တပ်ပြင်ထွက်ရင် ဘယ်တော့မှကို ယူနီဖောင်း မ၀တ်ရှာဘူး။ ဘာကြောင့်လဲဆိုတော့ အနှီယူနီဖောင်းဝတ်ရင် လူအများစုက သူ့ကို ခပ်ရှိန်ရှိန်ဖြစ်သွားကြတာ စိတ်ကုန်လို့တဲ့။ ကိုင်းစဉ်းစားကြည့်။ တကယ်ဆိုရင် ကိုယ်နဲ့ပတ်သက်နေတာ လူမဟုတ်ဘူးလား။ ယူနီဖောင်းကြီးက စကားပြောတတ်တာမှ မဟုတ်ဘဲ။ ဦးဟန်ကြည်က ဆံပင်ရှည်ကြီး ကျောလည်မှာစည်း၊ လက်မှာဆေးမင်ကြောင်တွေ မည်းနေအောင်ထိုးပြီး ဂျင်းဝမ်းဆက်ဝတ်ထားရင် ပါးစပ်က ဘယ်လောက်ပဲ သိမ်သိမ်မွေ့မွေ့ပြောနေပေမယ့် တစ်ဖက်သားကတော့ ခပ်လန့်လန့် ဖြစ်နေမှာ သေချာတာပေါ့။ ဘာကြောင့်လဲဆိုတော့ အနှီလိုဝတ်ထားတတ်တာက လမ်းသရဲလို့ အများက ယူဆထားကြတာကိုး။

သင်္ကေတနဲ့ ပတ်သက်တဲ့ လူတွေရဲ့ စိတ်ခံစားချက်တွေဟာ အခြေအနေ၊ အချိန်အခါတစ်ခု ပြောင်းလဲလာတာနဲ့ အမျှ ပြောင်းလဲလာလေ့ရှိပါသဗျား။ ဒါကလည်း ဖြတ်ကျော်လာတဲ့ သမိုင်းကြောင်းနဲ့ သက်ဆိုင်မယ် ထင်ပါရဲ့။ တစ်ခေတ်တစ်ခါတုံးကဆိုရင် တပ်မတော်သားဆိုတာ သစ္စာရှိခြင်း ကူညီတတ်ခြင်းရဲ့ နိမိတ်ပုံမဟုတ်လား။ “ ဗမာ့သွေးကို နှမပေးလိက်ချင်ပါတယ် ” တို့ “ ရဲဘော်အပေါင်းကို ကိုယ့်အသွေးအသားမို့ အစဉ်မမေ့အပ်ပေသည် ” ဆိုတဲ့ သီချင်းတွေက လူထုရဲ့ နှလုံးသားထဲက လာခဲ့တဲ့ သီချင်းတွေမဟုတ်လား။ ဆံသဆိုင်တွေမှာ ရေးထားတဲ့ “ ရဲဘော်တစ်ဝက်ခ ” ဆိုတဲ့ စာတန်းတွေက အလကားသက်သက် ရေးထားခဲ့ကြတာမှ မဟုတ်ဘဲ။ ၈၀ ပြည့်လွန်နှစ်တွေရောက်မှသာ တိုင်းပြည်ရဲ့ သမိုင်းကြောင်းကို အခြေခံပြီး ရဲဘော်တွေအပေါ် လူအများစုရဲ့ ထင်မြင်ချက်တွေ ပြောင်းပြန်ဖြစ်ကုန်တာကိုး။ ဒီဘက်နောက်ပိုင်း ခေတ်တွေမှာတော့ တပ်မတော်ရော၊ ကျန်တဲ့ဌာနဆိုင်ရာတွေကပါ လူထုနဲ့ ကင်းကွာကုန်ကြတာမို့ သူရို့အကြောင်းကိုလည်း တိတိကျကျ သိနိုင်ဖို့ ခဲယဉ်းလာပြီး သူရို့အပေါ်မှာ လူထုရဲ့ သင်္ကေတ သတ်မှတ်ချက်တွေကို မပြင်နိုင်ဘဲ ဖြစ်ကုန်ကြတာကလား။ အနှီမှာတင် သင်္ကေတတစ်ခုတည်း ကြည့်ပြီး သုံးသပ်တဲ့ အပြင်လူနဲ့ အထဲကို ထဲထဲဝင်ဝင်မြင်ထားတဲ့ အတွင်းလူရဲ့ကြားမှာ ပြဿနာတွေ တက်ကြပါလေရော။

တကယ်တော့ သင်္ကေတတွေဆိုတာဟာ လူတွေရဲ့ ရင်ထဲက ထင်မြင်ချက် သက်သက်ပါ။ ထင်ယောင်ထင်မှားဖြစ်ခြင်း Hallucination တစ်ခုပါ။ သင်္ကေတတစ်ခုက လမ်းညွှန်ထားတဲ့ စိတ်ခံစားချက်ဆိုတာ မသေချာ မရေရာပါ။ ယေဘုယျသဘော တင်စားချက်ပဲ ဖြစ်ပါသဗျား။ အနှီတော့ သင်္ကေတတွေက ပေးနေတဲ့ သတင်းအချက်အလက် message တွေနောက်ကိုပဲ လိုက်မနေဘဲ ဖြစ်စဉ်အရပ်ရပ်ကို ယထာဘူတကျကျ သုံးသပ်နိုင်ကြရင်တော့ ပြဿနာတွေ နည်းလာသလို သင်္ကေတကို ခုတုံးလုပ်ပြီး အလိမ်အညာခံရတာတွေလည်း အတော်နည်းသွားပါလိမ့်မယ်။ ကျန်တဲ့တိုင်းပြည်တွေမှာ သင်္ကေတတစ်ခုဟာ အထိုက်အလျောက် တိကျတဲ့ နိမိတ်ပုံကို ဖော်ဆောင်ပေမယ့် ဦးဟန်ကြည်တို့ တိုင်းပြည်မှာတော့ ဘယ်သင်္ကေတကမှ တိကျမှုကို မပေးနိုင်ပါ။ ကောင်းမြတ်ခြင်းကို သရုပ်ဖော်တဲ့ သင်္ကေတအောက်မှာ ယုတ်မာနေကြတာတွေ တွေ့နိုင်သလို၊ ဆိုးသွမ်းမှုလို့ အများယူဆထားတဲ့ သင်္ကေတ တစ်ခုအောက်မှာ မွန်မြတ်ဖြူစင်ခြင်းတွေလည်း တွေ့ကောင်းတွေ့နိုင်ပါရဲ့။

သင်္ကေတဗေဒနဲ့ ပတ်သက်လို့ကတော့ ဦးဟန်ကြည်တို့ ထပ်ပြီးဆွေးနွေးစရာတွေ  တစ်ပုံတစ်ခေါင်းကြီး ရှိပါသေးသဗျား။ သို့ပေမင့် ဘာသာဗေဒဆိုတာကလည်း လိုအပ်တာထက် ပိုရှင်းရင် လိုက်လေဝေးလေ ဖြစ်တတ်တာကြောင့် “ သင်္ကေတဆိုတာ ယေဘုယျသဘော သတ်မှတ်ချက် တစ်ခုသာ ဖြစ်တာမို့ သင်္ကေတတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်မှာ ကိုယ့်ရဲ့အသိဥာဏ် ဆင်ခြင်တုံတရားနဲ့ အမှန်တရားကို မစတေးကြပါနဲ့ ” လို့ပဲ အကျဉ်းချုပ် ပြောလိုက်ချင်ပါရဲ့။     ။


( photo credit to Google )

Wednesday, 14 August 2013

ဦးဟန်ကြည်နှင့် မြန်မာမှု ( ၂ ) . . .

မဟာဂီတကို တစ်ကိုယ်တော်နားထောင်ရင်း ဦးဟန်ကြည် စဉ်းစားခန်းဖွင့်မိသည်။ မြန်မာလူမျိုးသည် မည်သို့သော လူမျိုးဖြစ်သနည်း။ ကမ္ဘာပေါ်တွင် ထိုလူမျိုးကဲ့သို့ ဇာတိပုည ဂုဏ်မာန ထက်သန်သော ခပ်ရိုင်းရိုင်းဆိုရလျှင် ဖင်ခေါင်းကျယ်သော အခြားလူမျိုး ရှိမည်မထင်။ ထစ်ခနဲရှိလျှင် မြန်မာကွ ဟုကြွေးကြော်တတ်သော ထိုလူမျိုးသည် အပေါ်ယံ ရွှေမှုန်ကြဲ၍ အထဲတွင် နွားချေးခံထားသော လူမျိုးဖြစ်တန်ရာ၏။ မြန်မာမှုကိုမသိ၊ မြန်မာ့ယဉ်ကျေးမှုကို နားမလည်၊ မြန်မာ့သမိုင်းကို မလေးစားဘဲ မြန်မာကွဟု ကုန်းအော်နေသည်မှာ ရယ်စရာပင် ကောင်းနေလေတော့သည်။ အများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိသော မြန်မာများကား အများသနားစရာ၊ ဟားစရာပင် ဖြစ်ပေလိမ့်မည်။ လွန်ခဲ့သောသုံးလေးလခန့်က တပည့်တစ်ယောက်၏ နိဗ္ဗာန်ကုန်ဆိုင်သို့ ထဘီဝတ်ထားသော နိုင်ငံခြားသူတစ်ယောက် ဈေးလာဝယ်ရင်း “ မြန်မာပြည်က မြန်မာမိန်းကလေးတွေ ဘာကြောင့် ထဘီမ၀တ်ကြတာလဲ ” ဟု အံ့သြတကြီး မေးလေသည်။ ထိုဆိုင်ရှင် မဖြေနိုင်လေ။ ဦးဟန်ကြည်ကို လာမေးလျှင်ကား “ မြန်မာမတွေက ထဘီဝတ်ရင် ဖင်ယားလို့တဲ့ ” ဟု ခပ်ရိုင်းရိုင်း ဖြေပေလိမ့်မည်။ ဦးဟန်ကြည်တို့ ပတ်ဝန်းကျင်တွင် ထဘီမ၀တ်တတ်သော မြန်မာမိန်းမ မည်မျှများနေပြီနည်း။ လေ့လာကြလေကုန်။ မြန်မာထဘီသည် ဂျပန်ကီမိုနိုကဲ့သို့ ၀တ်ရမခက်သေး။ ပတ်လိုက်ရုံ ခါးတွင်ထိုးလိုက်ရုံဖြင့် အလုပ်ဖြစ်လေသည်။ ခပ်တိုတိုဝတ်မည်လော ရသည်။ ခပ်ရှည်ရှည် ၀တ်လိုသလော အဆင်ပြေ၏။ မကျေနပ်သေးလျှင် ခါးတောင်းပင်ကြိုက်နိုင်သေးသည်။ လေ၀င်လေထွက်ကောင်း၍ ကျန်းမာရေးနှင့်ပင် ညီသေးသည် မဟုတ်ပါလော။ မမများကား ထိုသို့မဟုတ်။ လေ၀င်လေထွက်ကောင်းစေရန် စကတ်ကို ပေါင်လည်ရောက်ဝတ်နေကြလေသည်။ အတွင်းခံဘောင်းဘီ ကြော်ငြာခရသည် ထင်၏။ မြင်သမျှ တွေ့သမျှ လူတိုင်းကို လက်ရောက်မှု မြောက်စေရန် သွေးဆောင်နေရော့သလား မပြောတတ်။ ပုဒ်မ ၃၇၆ ဖြင့် ယောက်ျားတစ်ယောက် ထောင်ဆယ်နှစ်ကျလျှင် ထိုယောက်ျား မရိုးမရွဖြစ်စေရန် လော်လော်မာမာ ၀တ်ပြနေသော ထိုမိန်းမကိုပါ တရားခံနံပါတ်နှစ်နေရာမှ ထောင်ငါးနှစ်ချသင့်သည်ဟုပင် ဦးဟန်ကြည်တို့ ကျောင်းသားဘ၀က အကြေအလည်ဆွေးနွေးဖူးလေသည်။ နေရာတကာတွင် ရင်ဖုံးအင်္ကျီတကားကား၊ ထဘီကြီးတလွှားလွှားနှင့်နေရမည်ဟု ဦးဟန်ကြည် မဆိုလို။ သူ့နေရာနှင့်သူ ၀တ်ကြဆင်ကြရပေလိမ့်မည်။ နေရာဒေသနှင့် လိုက်လျောညီထွေဖြစ်အောင် ၀တ်တတ်ဆင်တတ်၊ နေတတ်ထိုင်တတ်ခြင်းသည် လူကြီးလူကောင်းတို့၏ ထင်ရှားသော ၀ိသေသ မဟုတ်ပါလား။
 
မြန်မာ့ဂီတသည်လည်း ချောင်ကြားတွင် ခေါင်းမပြူနိုင်။ ဆိုင်းသံဗုံသံ ပလုံပလုံကြားရလျှင် နှာခေါင်းရှုံ့ချင်ကြ၏။ ဒိတ်အောက်ကုန်ပါပြီဟု ပြောသူသာ များလေ၏။ နတ်ဝင်သည်များသည်ပင် မြန်မာဆိုင်းဖြင့် ကန္နားမစီးကြတော့။ ၀ါကာဝါကာ ဖြစ်ကုန်ကြလေပြီ။ ဇာတ်သဘင်သည်လည်း မည်သည့်သချူင်္ိင်းသို့ ဦးတည်နေသည်မသိ။ နောက်ပိုင်းဇာတ်တော်ကြီးသည် ၀ိုးတို့ဝါးတား။ ဘုရားကန်တော့ခန်း၊ နတ်ဝင်ခန်းသည်ပင် ကိုရီးယားဆန်နေပြန်သည်။ မင်းသားလေးများကလည်း အကနှင့် အခုန်ကို မခွဲခြားနိုင်။ ဇာတ်သဘင်တိုင်းလိုလို ဟောင်းလောင်းဖော် စတိတ်ရှိုးနှင့်ပင် သန်းခေါင်ချဉ်းသည်က ခပ်များများ။ လူရွှင်တော်များကလည်း သမားစဉ်ကို မလေးစားတော့။ ပြက်လုံးထုတ်လျှင် ခါးအောက်ပိုင်းမှ အပေါ်မတက်ရဟု သတ်မှတ်ထားကြပုံရသည်။ သင်းတို့၏ ပျက်လုံးများကို ဦးဟန်ကြည် မရယ်ဝံ့။ ရယ်လိုက်မိလျှင် တဏှာရူး ဖြစ်ပေလိမ့်မည်။ စိတ်ညစ်စရာ ကောင်းပေစွ။ မြန်မာကျေးလက်သီချင်းကို ဆိုနေကြသော အဆိုတော်များကလည်း အားမကိုးရ။ မိုးရာသီဟုဆိုလျှင် တ၀ါဆိုတည်း ၀ါဆိုကြလေသည်။ ကျေးလက်တေးတွင် ၀ါဆိုပါရမည်ဟု အဘယ်မဟာပညာကျော်က သမုတ်လေသည် မသိ။ ကြားရသည်မှာ နားကလောလှသည်။ မြင်ရသည်မှာ မျက်စိကလောလှသည်။ ဂစ်တာသံတညံညံဖြင့် တဂွမ်ဂွမ်တီးနေသော ဂီတကို အဘယ်သကောင့်သားက မြန်မာ့ဂီတဟု ခေါင်းစဉ်တပ်လေသည်မသိ။ သင်္ကြန်ကာလတွင်ပင် တူးပို့သံတို့ ဆိတ်သုဉ်းနေလေပြီ။ မြန်မာ့ဂီတကား ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ငင်နေ၏။ မြန်မာစာပေသည်လည်း ကျန်းမာရေးမကောင်း။ မြန်မာ့သမိုင်းသည် ကိုရီးယားသမိုင်းလောက် ရှေ့တန်းတင်မခံရ။ မြန်မာသူရဲကောင်းများကား သမိုင်းထဲတွင် သဂြိုလ်ခြင်း ခံကြရလေပြီ။ မြန်မာလူမျိုးသည် အဘယ်သို့ ဦးတည်နေသည်ကို မသိတတ်တော့။ မြန်မာဖြစ်ရသည်ကို ဂုဏ်ငယ်သည်ဟုများ ထင်နေရော့သလား ဦးဟန်ကြည် မတွေးတတ်တော့။ ခက်လှချေရဲ့ ရွှေတိုင်းပြည်။

ဦးဟန်ကြည်တို့ မြန်မာမှု၊ မြန်မာ့အနုစာပေများသည် ခေတ်ဟောင်းကုန်လေသည်မှာ မှန်၏။ သို့သော် ရှေးဟောင်းပစ္စည်းများသည် ဟောင်းလေ၊ ရှေးကျလေ တန်ဖိုးတက်လေဟူသည်ကို ညံ့ချက်ကမ်းကုန်နေသော မြန်မာသကောင့်သားတို့ နားလည်ကြဟန်မတူ။ ဖွတ်ကြားကျလှပေစွ။ အသစ်သည် ချက်ချင်းလုပ်ယူ၍ ရသော်လည်း၊ အဟောင်းဖြစ်ရန်မှာ ချက်ချင်းမရနိုင်။ အချိန်ကာလကို စောင့်ရလေသည်။ နှစ်ပေါင်း သုံးလေးရာ ကြာမှ ခေတ်ဟောင်းဖြစ်လာရသော ထိုထိုယဉ်ကျေးမှု၊ အနုပညာတို့ကို ဟောင်းလေသည်၊ ဒိတ်အောက်လေပြီဟု စောဒကတက်လိုလျှင် ကိုးကွယ်နေကြသော ဘာသာတရားများကိုလည်း စွန့်ပစ်ပြီး ဘာသာသစ်တစ်ခု တည်ထောင်ကာ ကိုးကွယ်ရန်သာ ရှိပေတော့မည်။ ဘာသာတရားများ၊ ဘုရားများ၏ ဆုံးမသြ၀ါဒများသည် နှစ်ပေါင်း နှစ်ထောင်ကျော် သုံးထောင်ရှိနေပြီဖြစ်သောကြောင့် ဒိတ်အောက်နေပြီ မဟုတ်ပါလား။ ဟောင်းတိုင်း ဒိတ်အောက်သည်၊ ပစ်ရမည်ဟုဆိုလျှင် ထိုဘာသာတရားများကိုလည်း လွှင့်ပစ်ရန် သင့်လှပေ၏။ မြန်မာမှုကို မြတ်နိုးလေသော ဦးဟန်ကြည်တို့ကို ခေတ်မမီဟု သမုတ်လိုသူကလည်း မရှား။ မီခြင်းမမီခြင်းဟူသည်မှာ အဘယ်နည်း။ အရင်ရောက်သူ အရင်ရွေးသူက မီစတမ်းမဟုတ်ပါလော။ ဦးဟန်ကြည်တို့ အရင်ရောက်၊ အရင်မီခဲ့သောခေတ်ကို နောက်ပေါက်များ မီပင်မမီလိုက်။ သူခိုးကလူဟစ်၊ ငပြူးက သူတပါးကို ပြဲသည်ဟုဆိုနေပါရောလား။ ခက်ခက်ရချေရဲ့။ လိုရာဆွဲတွေးသော နေရာတွင် မြန်မာလူမျိုးသည် ရှေ့တန်းမှလိုက်လေသည်။ ဂုဏ်ယူကြလေကုန်။

သမိုင်းကြောင်းနဲ့ တို့မြန်မာ . . .

လူမျိုးတစ်မျိုးဖြစ်ရန်မှာ ရွေးချယ်ယူနိုင်သော အရာမဟုတ်။ ကံကြမ္မာက ပစ်ချသည့်အတိုင်း လူမျိုးတစ်မျိုးအဖြစ်ကို ရကြပေလိမ့်မည်။ ရလာသော လူမျိုးအဖြစ်ကို မလိုချင်၍ ညည်းညူနေ၍လည်း မပြောင်းလဲနိုင်။ မည်သည့်လူမျိုးဘ၀ကို ရသည်ဖြစ်စေ မိမိဖြစ်လေရာ လူမျိုး၏ တာဝန်ကိုကျေပွန်ရမည်မှာ လူမျိုးတိုင်း၏ တာဝန်ဖြစ်သည်။ မိမိလူမျိုး၏ ယဉ်ကျေးမှုနှင့် အမျိုးသားအမွေကို ထိန်းသိမ်းရမည်မှာ ရှောင်လွှဲ၍ရသော ၀တ္တရားမျိုးမဟုတ်။ ကြိုက်ခြင်း မကြိုက်ခြင်းသည် အမျိုးသားရေးကိစ္စတွင် ထည့်သွင်းစဉ်းစားရန်မလို။ အမျိုးသား စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရန်မှာ ထိုစာပေနှင့် ယဉ်ကျေးမှုကို ကြိုက်ခိုင်းခြင်း၊ နှစ်သက်ခိုင်းခြင်း မမည်။ လူတစ်ယောက်ကို ပစ္စည်းတစ်ခု ထိန်းသိမ်းရန် တာဝန်ပေးအပ်လိုက်သည်ဆိုပါစို့။ ထိုလူသည် ထိုပစ္စည်းကို ကြိုက်သည် မကြိုက်သည် ငြင်းချက်ထုတ်စရာ အကြောင်းမရှိ။ သူ၏ တာဝန်မှာ ထိန်းသိမ်းရန်တာဝန်ရှိသည့် ပစ္စည်းကို မပျောက်ပျက်၊ မပျက်စီးစေရန် ကာကွယ်ဖို့သာလျှင် ဖြစ်သည်။ ထိုပစ္စည်းကို ကြိုက်လျှင်သုံး၊ မကြိုက်လျှင်လည်း ကာကွယ်ရပေလိမ့်မည်။ မြန်မာလူမျိုးများအတွက် မြန်မာမှုနှင့် မြန်မာ့စာပေ၊ မြန်မာ့အနုပညာကို ထိန်းသိမ်းရန်မှာ တာဝန်တစ်ရပ်သာဖြစ်သည်။ ထို့ကြောင့် မြန်မာဖြစ်လျှင် ထိုတာဝန်ကို ဦးလည်မသုန် ထမ်းကြရပေလိမ့်မည်။ ထိုသို့မထမ်းလိုလျှင် မြန်မာမလုပ်ဘဲ နေကြရုံ။ မြန်မာလူမျိုးက မြန်မာမလုပ်လိုလျှင် မည်သည့်လူမျိုး လုပ်ကြပါမည်နည်း။ မရနိုင်။ အရှင်းဆုံးမှာ မြန်မာဖြစ်ပြီး မြန်မာမှုကို မထိန်းသိမ်းလို၊ မစောင့်ရှောက်လိုလျှင် ကိုယ့်ကျင်းကိုယ်တူးပြီး သေရန်ပင်ရှိတော့သည်။ ထိုသို့သေကြလျှင်လည်း သတ္တိပြောင်သော ထိုလူများအတွက် ဦးဟန်ကြည် ဂုဏ်ယူမိပေလိမ့်မည်။ ယခုမူကား မြန်မာဂယောင်များကြားတွင် ဦးဟန်ကြည်တို့ အနေအထိုင် ကျပ်လှပေ၏။

အနောက်တိုင်း ဂီတ၊ အနောက်တိုင်း အကတစ်ခုကို သင်ယူရန် လေ့လာရန်မှာ သူ့လမ်းစဉ်၊ သူ့နည်းလမ်းအတိုင်း လေ့လာပါက တစ်နှစ်ခန့်ရှိလျှင် အထိုက်အလျောက် ကျွမ်းကျင်နိုင်ပေသည်။ မြန်မာ့ဂီတနှင့် အနုပညာကား ထိုသို့မဟုတ်။ ကျွမ်းကျင်တတ်မြောက်ရန်အတွက် အချိန်များစွာ ပေးရသည်၊ တစ်ဘ၀လုံး ရင်းနှီးကြရသည်။ အပျိုတော်အက ကတတ်ရန်ပင် အတော်ကျင့်ယူရလေသည်။ မြန်မာအကကို သုံးနှစ်တိတိ သင်ယူထားသည့် “ ယုလျာ ” ဟူသော အနောက်တိုင်းသူတစ်ယောက် ကပြဖျော်ဖြေသည့် အငြိမ့်ခွေတစ်ခုကို လွန်ခဲ့သော ခြောက်နှစ်ခန့်က ဦးဟန်ကြည် ကြည့်ဖူးသည်။ သုံးနှစ်သင်ယူထားသော ထိုယုလျာသည် စည်းဝါးနိုင်သော်လည်း လက်ကျိုးအောင်ပင် မချိုးနိုင်ရှာသေး။ ဘိုအကကို စနစ်တကျမဟုတ်ဘဲ ထင်သလို လေ့ကျင့်ခဲ့သော မြန်မာမ “ ခေမီကို ” ကား အနောက်တိုင်းသူထက်ပင်ပိုကဲ၍ ဖော်တတ်၊ ကော့ပြတတ်နေလေပြီ။ မြန်မာအက မည်မျှခက်သည်ကို နှိုင်းယှဉ်ကြည့်နိုင်ပါ၏။ ဂစ်တာတဒေါင်ဒေါင် တီးတတ်ခတ်တတ်စေရန် တစ်လနီးပါး လေ့ကျင့်ရုံဖြင့် အထိုက်အလျောက် ရနိုင်သော်လည်း စောင်းတီးတတ်ရန်မှာ ထိုမျှနှင့်မရ။ တစ်လဆိုသော အချိန်ကာလသည် စောင်းကြိုးညှိတတ်လျှင်ပင် တော်လှပေပြီ။ ထို့အတူ ဆိုင်းသမားတစ်ယောက်ဖြစ်ရန်လည်း နှစ်ပေါင်းများစွာ ကျင့်ရပေသည်။ ပါးစပ်က လေမှုတ်တတ်လျှင် အသံမည်သော နှဲမှုတ်သည့်ပညာကိုပင် လွယ်လွယ်နှင့်မရ။ မယုံလျှင် နှဲတစ်လက်ကောက်ယူပြီး စမ်းမှုတ်ကြည့်စေချင်လှသည်။ ဆက်ဇိုဖုန်းကဲ့သို့ လေ၀င်တိုင်း အသံထွက်သည့်တူရိယာစာရင်းတွင် နှဲမပါ။ အနောက်တိုင်း Drum set တစ်စုံကို မည်သူတီးတီး တူညီသော အသံမြည်နိုင်သော်လည်း မြန်မာဆိုင်းကား ထိုသို့မရ။ တီးခတ်သူမတူလျှင် အသံကွဲပေလိမ့်မည်။ ပတ်စာကပ်သည့်အတတ်ပင် အတော်လေး သင်ယူရလေ၏။ မိုးအုံ့လျှင် တစ်မျိုး၊ နေသာလျှင်တစ်ဖုံ လိုတိုးပိုလျှော့ပတ်စာကပ်ရသော မြန်မာ့ဆိုင်းကို ရွာစားကျော် စိန်ဗေဒါကြီး ရတနာဂီရိသို့သွား၍ သီပေါဘုရင်ကို ဖျော်ဖြေစဉ်ကတည်းကပင် အင်္ဂလိပ်လူမျိုးတို့ လက်ဖျားခါခဲ့ရလေပြီ။ ထိုကဲ့သို့ နှစ်ပေါင်းများစွာ ၀ါသနာအရင်းခံပြီး လေ့ကျင့်မှ ကျွမ်းကျင်နိုင်သော မြန်မာ့အနုပညာ တေးဂီတတို့ကို ခေတ်ဆွေးလှပြီဟု ငြူစူအထင်သေးသော မြန်မာတို့ကား အောက်တန်းစားလူမျိုးများသာလျှင် ဖြစ်ပေလိမ့်မည်။ မြန်မာ့ဂီတ၏ လေးနက်ခက်ခဲပုံကို ဦးဟန်ကြည် ရှင်းပြ၍မျှ အားမရလျှင် melody world ၊ အိမ်ကြက်ဖော်ရာ ( အိပ်မက်ဆုံရာ ) တို့မှ မော်ဒယ်၊ ဖော်မယ်များကို အောင်ခြင်းရှစ်ပါး တစ်ပုဒ်လောက် အစမ်းဆိုခိုင်းကြည့်ကြရုံသာ ရှိတော့သည်။  မယ်မင်းတို့ စည်းဝါးညီညီ၊ ဌာန်ကရိုဏ်းကျကျ ဆိုနိုင်လျှင် ဦးဟန်ကြည် ထိုင်ကန်တော့လိုက်ချင်ပါ၏။

မြန်မာ့စောင်း . . .

မြန်မာ့ဂီတသည် ခက်လှသည်ဟူ၍ ဦးဟန်ကြည် ဂုဏ်တင်နေသော်လည်း ဂုဏ်မယူ။ ထိုကဲ့သို့ သင်ယူရန်ခက်ခြင်းကို ဂုဏ်ယူခဲ့ကြသော မြန်မာ့ဂီတပညာရှင်များ၏ တလွဲဆံပင်ကောင်းမှုကြောင့် မြန်မာ့ဂီတ တိမ်ကောရခြင်းပင် မဟုတ်ပါလော။ အချိန်ပေးရသော မြန်မာ့ဂီတကို မည်သူက စနစ်တကျသင်ယူလိုပါမည်နည်း။ စားဝတ်နေမှုအတွက် အလုပ်တစ်ဖက်လုပ်နေရသော ဦးဟန်ကြည်သည်ပင် ပတ္တလားအတီး သင်လိုလှသော်လည်း အချိန်မပေးနိုင်။ အနောက်တိုင်း ဂီတကဲ့သို့ Notes ဖြင့် အလွယ်တကူ တီးခတ်နိုင်စေရန် ကြိုးစားကြမည့် ပညာရှင်များလည်း မရှိကြတော့။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အလင်္ကာကျော်စွာ “ စောင်းဦးဘသန်း ” တစ်ယောက်ကတော့ ထိုသို့ကြိုးစားဖူးသည်ဟု မှတ်တမ်းများက ဆိုသည်။ ယခုကဲ့သို့ တိုးတက်သောခေတ်တွင် မည်သူမျှ စကားဦးမသန်း။ မြန်မာ့ဂီတဘက်တွင် ခေတ်ပညာတတ်များ မရှိရော့လေသလား မပြောတတ်။ “ ဖိုးသင်္ကြန် ” ကဲ့သို့သော ခေတ်ပညာတတ်လူငယ်များ ဆိုင်းဝိုင်းအတွင်းထိုင်နေသည်ကိုမြင်ရလျှင် ဦးဟန်ကြည် ၀မ်းမြောက်၍မဆုံးပြီ။ မြန်မာ့ဂီတသည် တောတွင်းသားတို့၏ ဂီတမဟုတ်၊ လူပြိန်းတို့၏ ဂီတမဟုတ်၊ အဆင့်အတန်းမြင့်သော ဂီတဖြစ်လေသည်။ ထိုဂီတကို လူတစ်စုလက်တွင်းမှ လူထုလက်တွင်းသို့ မည်သို့ပို့ဆောင်ရမည်ကို နည်းလမ်းရှာကြရပေလိမ့်မည်။ ယခုမူကား မြန်မာ့ဂီတသည် သဘင်သည်တို့၏ ကြားတွင်သာ “ ထမင်းစားပညာ ” အဖြစ် တွင်ကျယ်နေရှာလေသည်။ မည်သည့်အခါတွင် မြန်မာတို့၏ ဧည့်ခန်းဆောင်သို့ ပြန်ရောက်လေမည်မသိ။ ဆရာကြီး ဦးသုခ၏ စကားတစ်ခွန်းကို ဦးဟန်ကြည် သတိရသည်။ ဆရာကြီးက “ ဒီခေတ်လူတွေ မြန်မာ့ဂီတကို မကောင်းဘူးလို့ ပြောနေတာ လူငယ်တွေ အပြစ်မဟုတ်ဘူး…တို့လူကြီးတွေကလည်း မြန်မာ့ဂီတ ဘယ်လောက်ကောင်းတယ်ဆိုတာကို လူငယ်တွေသိအောင်မှ လုပ်မပြဘဲကိုး … ” ဟု ဆိုလေသည်။ မှတ်သားဖွယ်ပင်။ မြန်မာ့ဂီတ၏ ကောင်းကွက်များကို မြန်မာများသိစေရန် ဦးဟန်ကြည်ကဲ့သို့သော စိတ်သက်ရင့်သည့် အဘိုးကြီးပေါက်စများ စုပေါင်းကြိုးစားကြရပေလိမ့်မည်။ ဤခရီးသည် နီးမည်မဟုတ်၊ သို့သော် သွားနေသမျှ တစ်နေ့ရောက်ရမည်သာ။

ပုဂံယိမ်း . . .

ယခုရက်ပိုင်းအတွင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ပတ်သက်သည့်အသံများ စီစီညံညံကြားနေရသည်။ အဖွင့်သီချင်း၊ အထိန်းအမှတ်သီချင်းပြိုင်ပွဲသံများလည်း ကြားရပါ၏။ ထိုပွဲသို့ အနောက်နိုင်ငံ၊ အရှေ့နိုင်ငံများမှ လေ့လာသူများ လာကြမည်မှာမလွဲ။ ထိုပုဂ္ဂိုလ်များကို မည်သည့်အနုပညာများ ချပြကြမည်နည်း။ “ ၀ါကာဝါကာ ” ဆိုပြလျှင် မြန်မာတို့ မဟာအရှက်တော် ကွဲကိန်းပင် ဖြစ်သည်။ ခြောက်ကြိုးကဝေဟု မိမိဘာသာ အမည်ပေးထားသော ချစ်စမ်းမောင်ကို ခေါ်၍ ဂစ်တာတီးပြခိုင်းကြမည်လား။ ချစ်စမ်းမောင်က ဂစ်တာကို လျှာဖြင့်တီးပြသည်ဟု ဦးဟန်ကြည်ကြားဖူးသည်။ ထိုသို့ဆိုလျှင် အနောက်နိုင်ငံသားက ထိုဂစ်တာကို ဟိုဒင်းဖြင့်ပင် တီးပြလိုက်ပေလိမ့်မည်။ သူရို့၏ တူရိယာကို သူရို့က အခြားလူထက်ပို၍ ကျွမ်းကျင်လေမည်မှာမလွဲ။ “ ခေမီကို ” ကိုခေါ်ပြီး အကော့ခိုင်းမည်လော။ အနောက်နိုင်ငံသူက ဖြဲပင်ဖြဲပြသွားပေလိမ့်မည်။ သူရို့လောက်ဖြဲနိုင်လျှင် ဖြဲပြပေရော့။ ထိုသို့ဆိုလျှင် သင်းတို့ကို ဖျော်ဖြေရန်အတွက် မြန်မာမှု မြန်မာ့ဂီတကို သတိရကြရပေဦးတော့မည်။ မြန်မာတို့က ခေတ်ဟောင်း၍ ပျင်းစရာကောင်းသည်ဟု သမုတ်ထားကြသော မဟာဂီတသည် ထိုအနောက်နိုင်ငံသားတို့ကြားတွင် ကောင်းသတင်းမွှေးမည်မှာ မုချ။ Beethoven, Mozart, Tchaikovsky တို့၏ Concerto များကို အရသာခံတတ်လေသော သင်းတို့နိုင်ငံသားများကို မြန်မာဖွတ်ကြားတို့က ဒိုးဒိုးဒန့်ဒန့်ကောင်များဟု အထင်သေးလျှင် မှားပေလိမ့်မည်။ ထိုလူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားရခြင်းမှာ ယဉ်ကျေးမှုက ထူးထွေ၍ကောင်းခြင်းကြောင့်မဟုတ်။ စဉ်ဆက်မပြတ်ထိန်းသိမ်းခြင်းကြောင့်ပင် ဖြစ်ပေသည်။ အနောက်နိုင်ငံများတွင် ဒစ္စကိုကပွဲများ၊ ညကလပ်များ အားကောင်းသလို Broadway တွင် ပြဇာတ်များကလည်း တခဲနက်၊ Ballet Opra များကလည်း အင်တိုက်အားတိုက်။ Michael Learn, Bon Jovi, Bono, Taylor Swift တို့ထင်ရှားသလို Luciano Pavarotti နှင့် Celtic Thunder သည်လည်း ဂုဏ်မငယ်။ အသစ်ကို မပစ်သလို အဟောင်းကိုလည်း ထိန်းသိမ်းတတ်သော သင်းတို့လူမျိုးကို ဦးဟန်ကြည်တို့ အဘယ်ကြောင့် အတုမယူကြလေသနည်း။

မည်သို့ပင်ဆိုစေ ချေးယိုချင်မှ အိမ်သာတွင်းတူးတတ်လေသော ဦးဟန်ကြည်တို့ မြန်မာလူမျိုးတို့သည် အရှေ့တောင်အာရှ အားကစားပွဲအတွက် မြန်မာမှုများကို ဖုန်သုတ်ပြီး စင်ပေါ်တင်ကြပေဦးမည်။ မြန်မာအကများကို ပြန်၍ဖော်ထုတ်ကြပေဦးမည်။ မြန်မာဆိုင်းသံများကိုလည်း မကြားချင့်အဆုံး ကြားရပေဦးတော့မည်။ မြန်မာမှုကို မြတ်နိုးသော ပညာရှင်များအနေဖြင့် ကောက်ရိုးမီးတမျှ ဟုန်းခနဲထပြီး ဖွတ်ခနဲငြိမ်းတတ်သည့် ကိုယ့်လူမျိုး၏ သောက်ကျင့်ကို ထောက်ချင့်ဆင်ခြင်ပြီး အရှိန်ပေါ်တွင် အဟုန်ဆင့်ကာ မြန်မာ့အနုပညာ၊ စာပေတို့ကို စင်မြင့်တွင် အသွင်တင့်စေရန် ကြိုးစားသင့်လှပေသည်။ ဦးဟန်ကြည်သည်လည်း မဟာဂီတကို နားဝင်ပီယံရှိရှိ ကြားလိုလှပါ၏။ မြန်မာပြည်၊ မြန်မာပြည်သားတို့ကြားဝယ် မြန်မာ့ဂီတ၊ မြန်မာ့အနုပညာ၊ မြန်မာစာပေတို့သည် ပြောင်လျှက်ဝင်းလျှက် ထင်းပါစေသတည်း။  

( တလွဲဆံပင်ကောင်းနေကြတဲ့ ကိုယ့်လူမျိုးကို သောက်မြင်ကတ်ကတ်နဲ့ ခပ်စပ်စပ်ကလေးရေးရင်း ခပ်ကြမ်းကြမ်းစကားလုံးတွေ သုံးထားလို့ တစ်ချို့နေရာတွေမှာ ဂမ္မဒေါသသင့်နေတာတွေကို သဘောကြီးကြီးထားပေးကြဖို့ ဆောရီးစကား ဆိုပါရစေဦး။ သို့ပေမင့် ကျေးဇူးရှင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ထင်ရှားတဲ့ မိန့်ခွန်းပေါင်းများစွာထဲက “ ဖာသည်တိုင်းပြည်ဖြစ်မှာပဲ ” ဆိုတဲ့ မိန့်ခွန်းတစ်ခုကိုပဲ နားဝင်ပီယံရှိလွန်းကြတဲ့ ဦးဟန်ကြည်တို့ ရွှေမြန်မာတွေအတွက် အနှီစကားလုံးလေးတွေလောက်တော့ ပျင်းတောင်ပျင်းသေးတယ် ဖြစ်နေမယ်လို့ ခန့်မှန်းမိပါသဗျား…း)

Tuesday, 23 July 2013

ဦးဟန်ကြည်နှင့် မြန်မာမှု . . .








ရုပ်သက်မကြီးရင့်သေးသော ဦးဟန်ကြည်သည် မိမိ၏ စိတ်သက်ကို အသက် ခြောက်ဆယ်မျှ ရှိနေပြီဟု မကြာမကြာ တွေးမိသည်။ နေပုံထိုင်ပုံကလည်း ၀ါတော်ရှစ်ဆယ်ရ မထေရ်ကြီးကဲ့သို့ တည်တည်ခံ့ခံ့ကြီး နေတတ်ပြန်လေရာ မဒမ်ဟန်ကြည်က မကြာမကြာ ထောပဏာပြုခြင်းကို ခံရလေ၏။ နွေရာသီကျောင်းပိတ်ရက်က မိဘရင်ငွေ့ကို ပြန်လည်ခုံလှုံရန် အညာမြေသို့ တစ်ခေါက်တစ်ကျင်း ခိုဝင်စဉ်ကလည်း ချစ်လှစွာသော မာတာမိခင်က သားတော်မောင်၏ ဘော်ငွေရောင် ကေသာလွလွကို မျက်စိစပါးမွေးစူးပြန်လေသည်။ သားတော်မောင်သည်ကား ဘိုလိုဝတ်လျှင်လည်း ကြောင်လျှာသီးကအစ အပြည့်တပ်သလောက် မြန်မာလိုဝတ်ပြန်လျှင်လည်း ၀တ်စုံပြည့်ဆင်လိုသော ဦးဟန်ကြည်ပင် မဟုတ်ပါလား။ အိမ်တွင်နေလျှင်လည်း လည်ကတုံးအဖြူ၊ အပြင်ထွက်လျှင်လည်း လည်ကတုံးအဖြူနှင့် ပုဆိုးအရောင်ခပ်ရင့်ရင့်ကိုသာ ဒုံးခံဝတ်လေသော ဦးဟန်ကြည်ကို “ ငါ့သားရဲ့ အသက်ခပ်ငယ်ငယ်ပဲ ရှိသေးတာ အပွင့်လေး အကွက်လေး ၀တ်စမ်းပါ ” ဟု မာတာမိခင်က မကြာမကြာ သြ၀ါဒ ခြွေလေ၏။ သို့သော် ဦးဟန်ကြည်ကား ခေါင်းမာလှသည်။ မ၀တ်။ မိတ်ဆွေသင်္ဂဟများကလည်း ဦးဟန်ကြည်နှင့် သူ့ဖေဖေတို့ အပြင်သွားတိုင်း ညီအစ်ကိုလားဟု မေးကြပြန်လေသည်။ ဦးဟန်ကြည်ကား မဖြုံရေးချ မဖြုံ။ ဘော်ငွေရောင်ကေသာလွလွကို လူမြင်အောင် တသသ လုပ်တတ်ပြန်လေ၏။ ပြောသူက ပြောလိုရာပြော ကိုယ်ထင်ရာကိုယ်လုပ်လေ့ရှိသည်က ဦးဟန်ကြည်။ ခက်လှချေရဲ့။

အ၀တ်အစားနှင့် နေပုံထိုင်ပုံတင်မဟုတ်သေး။ စာပေနှင့် ဂီတတွင်လည်း ထို့နည်းနှင်နှင်။ ကဗျာသည် ကာရန်ပါမှ နရီလှသည်ဟု တစ်ကြောင်းစွဲ ခံယူထားလေသည်။ ထိုအစွဲနှင့်ပင် ဆရာဇော်ဂျီ၏ ကဗျာများကို အာဂုံဆောင်လေသည်။ တင်မိုး၏ ဖန်မီးအိမ်ကဗျာစာအုပ်ကို ခေါင်းရင်းတွင် ထား၍ အိပ်လေသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မဟာလေးချိုးကြီးများကို ရွတ်ရသည်ကိုမှ ခံတွင်းလိုက်လေသည်။ ရှင်မဟာ ရဋ္ဌသာရ၊ ရှင်မဟာ သီလ၀ံသ၊ ၀န်ကြီးပဒေသရာဇာ၊ ရှင်သူရဲ၊ နတ်ရှင်နောင်၊ မင်းကြီးကတော်ခင်ဆုံ၊ ဓာတုကလျာ၊ မင်းဇေယျရန္တမိတ်၊ သတိုးပီယ၊ ရာဇသင်္ကြန်၊ လက်ဝဲသုန္ဒရအမတ်ကြီး၊ မောင်းထောင်ဦးကျော်လှ၊ ဦးကြီး၊ ဦးတိုးတို့သည် ဦးဟန်ကြည်၏ နှလုံးသားတွင်းမှ ကဗျာ့ဝိဓူများ။ စလေဦးပုည၏ တေးထပ်ပေါင်းချုပ်တစ်အုပ်ကို ၀ယ်ထားပြီး အချိန်အားရတိုင်း အလွတ်ကျက်နေပြန်လေသည်။ ခေတ်ပေါ်ကဗျာများကို ဖတ်ပြန်လျှင်လည်း ကာရန်လေးမြင်မှ၊ နဘေလေးရွှင်မှ ဘ၀င်ကျပြန်လေရာ ကိုလေး ( အင်းဝဂုဏ်ရည် ) ၏ ကဗျာများကို နှစ်နှစ်ခြိုက်ခြိုက်ခံစားသည်။ မောင်စိန်ဝင်း ( ပုတီးကုန်း ) ၏ အချစ်ကဗျာများကို အာဂုံဆောင်ထားသည်မှာလည်း အပုဒ်ပေါင်း မရေနိုင်။ ကြည်အေး၏ ကာရန်ပါသောကဗျာများကို မကြာမကြာ ဖတ်ပြန်လေသည်။ ဆရာမောင်ပုတ်စည်၏ “ လာရောက်ခိုနား၊ ပျံထွက်သွားတော့၊ ကိုင်းဖျားဆတ်ဆတ်ခါရစ်သည် ” ဟူသည့် သံပေါက်တိုကလေးတစ်ပုဒ်ကို နှစ်စဉ်နှစ်တိုင်း တပည့်များကို ရွတ်ပြပြီး နွားကို ပလာတာကျွေးသလို မမောနိုင်မပမ်းနိုင် အနက်ပြန်ပြဖြစ်လေသည်။ သည်ဘက်ခေတ် ကဗျာဆရာများထဲမှ ကောင်းကင်ကို၏ ကဗျာများကိုမူ ဘ၀င်ကျပြန်လေ၏။ “ ညခင်းတို ခဏလေးမှာ၊ လမင်းလို ညီမလေးက၊ အဒိန္နာဒါနာကို အခါခါချိုး၊ ငါ့အချိန်များကို လာလာခိုးတယ် ” ဟူသည့် စာသားကို ဦးဟန်ကြည် အကြိုက်ဆုံးပင်။

စကားပြေဖတ်ရာတွင်လည်း ထူးမခြားနား။ မြန်မာစကားပြေကို ကုန်းဘောင်ခေတ်မှ စ၍ဖတ်လေသည်။ ကင်းဝန်မင်းကြီး၏မှတ်တမ်း၊ သံအမတ်ကြီးဦးခြိမ့်၏ ပူတကေသွားမှတ်တမ်းများကို မြိန်ရည်ရှက်ရည် ဖတ်ပြန်၏။ မွန်ဝန်ကြီးဗညားဒလ၏ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို ဖတ်လိုက်သည်မှာလည်း အခေါက်ပေါင်း မရေနိုင်။ သည်မှာဘက် ခေတ်စမ်းခေတ်တွင် သိပ္ပံမောင်ဝကိုသာ ဆရာဟု မှတ်ထင်လေသည်။ ဆရာဇော်ဂျီ၏ “ ပုဂံဈေး ” လို အစမ်းစာမျိုးကိုပင် ခံတွင်းသိပ်မလိုက်ချင်။ မောင်ထင်၏ “ ငဘ ” ကို အကြိုက်တွေ့ပြန်သည်။ နန္ဒ၏ “ သံနှင့်သွေး ” ကိုလည်း မကြာမကြာ ဖတ်ပြန်လေ၏။ ဆင်ဖြူကျွန်းအောင်သိန်း၏ “ ကိုဆေးရိုးဝထ္ထုတိုများ ပေါင်းချုပ် ” ဧရာမ အထူကြီးကို တစ်ပတ်တစ်ပုဒ်ဖတ်သည်။ ဆုံးသွားလျှင် တစ်ခါပြန်ဖတ်ပြန်၏။ ယခု သုံးခေါက်မြောက်ဖတ်နေပြီ။ ဒဂုန်တာရာ၏ “ မေ ” နှင့် “ တို့ခေတ်ကို ရောက်ရမည်မှာမလွဲပါ ” ကို ဖတ်သာဖတ်သော်လည်း သိပ္ပံမောင်ဝလောက် မစွဲ။ သိန်းဖေမြင့်၏ “ သပိတ်မှောက်ကျောင်းသား ” “ အရှေ့ကနေ၀န်းထွက်သည့်ပမာ ” “ တက်ဘုန်းကြီး ” “ တစ်ခုသော ရွှေရတုသဘင် ” “ သီတာပြုံး ” တစ်အုပ်မကျန်ဖတ်သည်။ မစွဲ။ ဇ၀န၏ “ ကောလိပ်ကျောင်းသား ” ကိုမူ စာပေတန်ဖိုး နိမ့်သော်လည်း အစွဲကြီးစွဲပြန်လေ၏။ ဦးဟန်ကြည်ကိုယ်တိုင် တက္ကသိုလ်ရောက်သောအခါတွင်မှ ဆရာဇ၀နကို မေတ္တာပို့လေတော့သည်။ ဦးဟန်ကြည်တက်သော တက္ကသိုလ်က ဆရာဇ၀နတို့ တက္ကသိုလ်လောက် ပျော်ဖို့မကောင်းပေပဲကိုး။ တက္ကသိုလ်ကျောင်းသားဘ၀တွင်မူ ဆရာငြိမ်းကျော်၏ ၀ထ္ထုဟူသမျှကို သုံးရက်တစ်ခါ အဟောင်းဆိုင်တန်းဘက်သို့သွား၍ မွှေနှောက်ဝယ်ယူ စုဆောင်းဖြစ်လေသည်။ ဆရာငြိမ်းကျော်၏ စကားပြေအရေးအသားကိုမူ ဦးဟန်ကြည် အထင်ကြီးသည် မဟုတ်ပါလား။ ဆရာငြိမ်းကျော်ထွက်သမျှ စာအုပ်များအနက် နှစ်အုပ်မှလွဲ၍ ကျန်စာအုပ်များကို လက်ဝယ်ပိုင်ခဲ့ဖူးလေသည်။ ဦးဟန်ကြည် ကိုယ့်ဝန်ကိုယ်ထမ်း၍ ကိုယ့်လမ်းကို လျှောက်ရသောအခါတွင် ထိုစာအုပ်များကို အမေ့အိမ်တွင် ချန်ထားရစ်ခဲ့ရလေ၏။ သည်တစ်နွေ အိမ်ပြန်ရောက်၍ စာအုပ်များကို ပြန်စုလေလျှင် ဆရာငြိမ်းကျော် သုံးပုံနှစ်ပုံမှာ ခြစား၍ တက်တက်ပြောင်လေပြီ။ ဦးဟန်ကြည် နှမျောတသ၍ မဆုံးတော့။ ဆရာငြိမ်းကျော်၏ ၀ထ္ထုတစ်စုံလုံးသည် ယနေ့ခေတ်တွင် သိန်းသုံးဆယ်မကတန်သည်ဟု ဦးဟန်ကြည် ကြွေးကြော်လေလျှင် ဖေဖေခေါင်းကြီးလေတော့သည်။ ဆရာငြိမ်းကျော်ကိုသာမက တက္ကသိုလ်ဘုန်းနိုင်၏ စာများကိုလည်း ဦးဟန်ကြည် နှစ်ခြိုက်ပါ၏။ “ နွေကန္တာဦး ”၊ “ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ”၊ “ နှင်းငွေ့တစ်ထောင့် မိုးတမှောင့်”၊ “ စိမ်းနေဦးမည့် ကျွန်တော့မြေ” ထို့နောက် မရေတွက်နိုင်။ ထွက်သမျှ ဖတ်ဖူးသည်ချည်း။ သို့သော် ဦးဟန်ကြည် အာဂုံမဆောင်ဝံ့။ ဆရာဘုန်းနိုင်၏ “ လှပါသည်၊ အဟုတ်လှပါသည်၊ တကယ်ကိုပဲ လှပါသည် ” ဟူသော နုလွန်းနွဲ့လွန်းသည့် စာများကို အာရုံဆောင်မိလျှင် ဦးဟန်ကြည်ဘ၀မှ ဦးဟန်နုကြည်ဘ၀ပြောင်းမည်ကို စိုးပါ၏။


ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ် . . .


ဦးဟန်ကြည်၏ စိတ်ကြိုက်စာရေးဆရာများမှာ မောင်ထင်၊ မန်းတင်၊ သိန်းဖေမြင့်၊ မောင်သာရ၊ မဟာဆွေ၊ ခင်ဆွေဦး၊ ဒဂုန်ခင်ခင်လေး၊ ဒဂုန်ရွှေမျှား၊ ရွှေဥဒေါင်း၊ ကုသ၊ သော်တာဆွေ..မရေတွက်နိုင်တော့။ ကျောင်းသားဘ၀က ရသမျှ မုန့်ဖိုးငွေသည် စာအုပ်ဝယ်သည်နှင့် ကုန်ခဲ့သလို၊ ကိုယ်ပိုင်လုပ်ငန်းဖြင့် ကိုယ်ပိုင်ဝင်ငွေရှိလာသော ယခုအချိန်တွင်လည်း ဦးဟန်ကြည် စာအုပ်ဆိုင်သို့ ၀င်လျှင် မဒမ်ဟန်ကြည်မျက်လုံးပြူးလေသည်။ စာအုပ်ဗီရိုထဲတွင်လည်း စာအုပ်များအပြည့်၊ ကွန်ပျူတာထဲတွင်လည်း စာအုပ်များ တပုံတခေါင်း။ မတတ်နိုင်။ လူဟူသည်ကား စွဲမိစွဲရာ မဟုတ်ပါလား။ ဦးဟန်ကြည်ဖတ်သမျှ စာရေးဆရာများကို စစ်တမ်းကောက်လျှင် ဆရာနေ၀င်းမြင့်မှလွဲ၍ သည်ဘက်ခေတ် စာရေးဆရာ တစ်ကောင်တမြီးမျှ မပါပြန်လေ။ နေ၀င်းမြင့်၏ စာများကိုမူ ဦးဟန်ကြည် စွဲပြန်လေသည်။ “ ပါရီနွေဦး သရုပ်လွန်အလင်းနှင့် ရာစုသစ်ပင်၏ ရုပ်ကြွင်းများ ” ဟူသည့် ပါရီသွားခရီးသွားမှတ်တမ်းမှ အစပြုပြီး
“ အေးအေးလူလူအတွေးများ ” ကဲ့သို့သော ဆောင်းပါးများကိုပင် အလွတ်မပေးဘဲ ၀ယ်ဖတ်လေတော့သည်။ တာရာမင်းဝေနှင့် မင်းခိုက်စိုးစံကိုမူ တစ်ခါတစ်ရံ ခံတွင်းတွေ့သည်။ တစ်ခါတစ်ရံတွင် သမားဂုဏ်ပြလွန်းသောကြောင့် မြင်ပြင်းကတ်၏။ လွန်းထားထားကိုမူ စာရေးဆရာဟုပင် မသတ်မှတ်ချင်၊ မင်းသိင်္ခ၊ မင်းမြတ်သူရ၊ ကြိစက္က၊ သတိုးတေဇ၊ သူရဿဝါ၊ အကြည်တော်၊ နတ်ရွာမိုး ထိုပုဂ္ဂိုလ်များကို ငပေါများဟု ထင်လေသည်။ ထိုပုဂ္ဂိုလ်များ၏ စာများကို ယောင်မှား၍ပင် လှန်မကြည့်။ လွန်ခဲ့သော တစ်နေ့က စာအုပ်ဆိုင်သို့ ရောက်လေရာ ၀ထ္ထုစာအုပ် အငှားတန်းကို မျက်စိကစားရင်း မီကိုဇူးဇင်၊ နိုကိုဇူးဇင်၊ မေမိုး၊ မီမိုး၊ ရှင်မိုး၊ ရှင်မ စသည့်စသည့် ထူးထွေတည့်အံ့ရာသော်သော ကလောင်အမည်များကို မြင်ရလေရာ ရင်သပ်ရှုမောဖြစ်ရလေတော့သည်။ ဦးဟန်ကြည်ကဲ့သို့သော စာဖတ်ပရိသတ်များသာ ရှိမည်ဆိုလျှင် ထိုထိုသော စာရေးဆရာများ ထမင်းအိုးကွဲမည်မှာ မုချ။ တစ်ကြောင်းစွဲဆန်သော ဦးဟန်ကြည်ကို လူ့ခွစာဟု သမုတ်လျှင်လည်း ခံရုံပင်။ စာသမားသည် မိမိအာရုံကျရာကို ဖတ်မည်သာတည်း။


ကိုငှက် . . .


စာပေသာမက ဂီတတွင်လည်း ထူးမခြားနား။ နန်းတော်ရှေ့ဆရာတင်ကို လေးစား၊ မြို့မငြိမ်းကို ကြည်ညို၊ စိုင်းခမ်းလိတ်ကို အားကျပြီး ထူးအိမ်သင်ကို မြတ်နိုးသော ဦးဟန်ကြည်ကား သည်ဘက်ခေတ် အုအုအအများကို သီချင်းဟုပင် မမှတ်လေ။ သင်းတို့၏ အုအုအားအား အသံများကိုကြားလျှင် ခွေးနာလောက်ကိုက်၍ အော်သည်ဟု ထင်မိ၏။ ယောက်ျားအဆိုတော်များ ညောင်နာနာ နှာသံဖြင့် သီချင်းဆိုသည်ကို ကြားရလျှင် ကေသီပန်သွေးပုပ်ချဆေးကို ပြေးမြင်ပြန်လေသည်။ ဆံပင်နီလေးတသသ၊ မိတ်ကပ်ကလေးတဖွဖွ၊ လက်သည်းကလေး တရွရွနှင့် သည်ဘက်ခေတ် အဆိုတော်ထီးများကိုမြင်ရလျှင် ဘော်လီဝတ်ပေးချင်သော စိတ်သည် တဖွားဖွား။ ကိုအံ့ကြီး၊ ကိုမြကြီး၊ ကိုထွန်းရွှေတို့၏ သီချင်းများကို ဘ၀င်ခိုက်လေသော ဦးဟန်ကြည်သည် ကြက်ဖ၊ ဆင်ပေါက်၊ ယုန်လေး၊ ကျားပေါက် စသည်စသည့် အဆိုတော်နာမည်များကို ကြားရလျှင် တိရစ္ဆာန်ရုံကိုသာလျှင် မျက်စိထဲတွင် မြင်လေတော့သည်။ သည်ဘက်ခေတ် မိန်းမအဆိုတော်များကိုမူ ဦးဟန်ကြည် လန့်ပင်လန့်ရှာလေ၏။ စင်ပေါ်တက်ပြီး ပေါ်ချင်ရာပေါ် ဖော်ချင်ရာဖော် အ၀တ်အစားများဝတ်ကာ ကော့ပြကားပြနှင့် ပစ္စည်းကြော်ငြာနေသော ထိုမိန်းမများကို အနုပညာရှင်ဟု အမည်တပ်ရမည်ကိုပင် ဦးဟန်ကြည် မသတီ။ ပရိသတ်ကို စော်ကားသည့်မျက်နှာပေးမျိုးနှင့် ဆိုချင်ရာဆိုသော ထိုသကောင့်သား၊ သကောင့်သမီးများကို ဦးဟန်ကြည် ဖင်ပိတ်ကန်ချင်စိတ်သည် ထိန်းမနိုင်သိမ်းမရ။


အလင်္ကာကျော်စွာ ဆရာငြိမ်း . . .

ဦးဟန်ကြည်က ထိုမျှရှေးရိုးဆန်နေသော်လည်း မဒမ်ဟန်ကြည်ကား ထိုသို့မဟုတ်ချေ။ ဦးဟန်ကြည် တစ်လုံးတစ်ပါဒမျှ နားမလည်သော ချမ်ချမ်း၊ နေနေ စသည့်စသည့် ခေတ်ပေါ်အဆိုတော်များကို အထိုက်အလျောက် ခံစားနိုင်လေသည်။ သို့သော် မဒမ်သည်လည်း ဦးဟန်ကြည်ကဲ့သို့ ရှေးရိုးမဆန်စေကာမူ သူ့ခေတ်က အဆိုတော်များကိုသာ အစွဲကြီးစွဲပြန်၏။ ဟေမာနေ၀င်းသည် မဒမ်၏ အသည်းစွဲ။ ထွန်းအိန္ဒြာဗို၏ သီချင်းများကို မဒမ်ခံစားသည်။ တင့်တင့်ထွန်း၏ ဆိုဟန်နှင့်အသံသည် မဒမ်နှင့် ကွက်တိဖြစ်လေ၏။ ခေတ်ပေါ် pop, rock သီချင်းများနှင့် ယဉ်ပါးခဲ့လေသော မဒမ်ခမျာ မဒမ်ဟန်ကြည်ဘ၀သို့ရောက်ခါမှ ချောက်ကျလေတော့သည်။ ဦးဟန်ကြည် နားထောင်လေ့ရှိသော ဆိုင်းသံဗုံသံများကို မဒမ်နားညည်းလေတော့သည်။ ရွာစားကျော်စိန်မွတ္တား၏ လက်စွမ်းပြတီးကွက်များကို ဦးဟန်ကြည် ၀မ်းသာအားရဖြင့် ဖွင့်လေလျှင် မဒမ်ပြေးလေတော့သည်။ အခါတိုင်းကဲ့သို့ မျက်စောင်းလက်နက်ပင် မထိုးနိုင်ရှာလေ။ မြန်မာ့ဂီတသည် ထိုမျှပင် အစွမ်းထက်လှပေ၏။ ဒေါ်မာမာအေး၏ မြို့မဧည့်ခံတေးများကိုမူ သည်းညည်းခံ၍ နားထောင်ရှာလေသည်။ တံငါနားနီးတံငါ၊ ဟန်ကြည်နားနီး ဟန်ကြည်ဖြစ်သွားသည် ထင်၏။ လွန်ခဲ့သော သုံးလေးနှစ်မှစ၍ မဒမ်ဟန်ကြည်သည် ရာဇာဝင်းတင့်၏ အသံကို ခံတွင်းလိုက်လေတော့သည်။ ချိုပြုံးကို အသံချိုသောကြောင့် သဘောကျသည်ဟု ဆိုလာလေသည်။ တင်တင်မြကိုမူ အသံသြသောကြောင့် မကြိုက်ဟု အဆိုတင်သွင်းလေ၏။ ဦးဟန်ကြည် စောဒကမတက်။ ဟန်ကြည်သည် ဟန်ကြည်၊ မဒမ်သည် မဒမ်ပင် မဟုတ်ပါလော။ ကိုသန်းလှိုင်၊ ကိုတင်လှိုင်၊ ဂီတနက်သံ ကိုစောငြိမ်းတို့၏ အလွမ်းသီချင်းများကို စိတ်လိုလက်ရရှိလျှင် ထိုင်၍ နားထောင်ပြီး ထိုသီချင်းများနှင့် ပတ်သက်သမျှ ဦးဟန်ကြည် လက်ချာရိုက်သည်ကို မညည်းညူခြင်းကိုပင် ဦးဟန်ကြည် ကျေးဇူးတင်လှပြီ။


ဆရာလိတ် . . .

အများနှင့်မတူသော ဦးဟန်ကြည်တစ်ယောက် လွန်ခဲ့သော တစ်ပတ်ကျော်က ခွေးဘုရားပွဲတွေ့လေသည်။ အွန်လိုင်းတွင် တောင်မွှေမြောက်မွှေလုပ်ရင်း မြန်မာ့မဟာဂီတ သီချင်းကြီးများကို တစ်ထုပ်တစ်ပိုက်ကြီး ဒေါင်းလုဒ်ရခဲ့သည် မဟုတ်ပါလား။ လေဘာတီမမြရင်၊ ခင်မောင်ရင်၊ ကိုမြကြီးစသော ခေတ်ဟောင်းအဆိုတော်ကြီးများ၏ သီချင်းများကို ၀မ်းသာအားရဖြင့် ဒေါင်းယူနေသော ဦးဟန်ကြည်သည် မဒမ်ကို ဖားရန်လည်း မမေ့စေရ။ ဟေမာနေ၀င်း သီချင်းဟူသမျှကို တစ်ပုဒ်မကျန် ဒေါင်းပြန်လေသည်။ ဒေါ်မာမာအေး၏ သီချင်းအားလုံးကို ဒေါင်းယူခဲ့သည်က ဦးဟန်ကြည်၏ ဓာတ်စာ။ ထိုသီချင်းများကို MP3 player ဖြင့်နားထောင်နေသော ဦးဟန်ကြည်ကား ထိုမျှနှင့် မကျေနပ်နိုင်။ သီချင်းများကို memory stick တွင်းသွင်းကာ စပီကာတပ်ပြီး ခပ်ကျယ်ကျယ်ပင် ဖွင့်လေတော့သည်။ ဟေမာနေ၀င်း၏ သီချင်းများကို ဖွင့်လျှင် မဒမ်ကျေနပ်လေသည်။ လေဘာတီ၏ သီချင်းများအရောက်တွင် မဒမ်မျက်နှာပျက်လေတော့သည်။ ရီရီသန့်ဆိုထားသော မဟာဂီတသီချင်းများအရောက်တွင်ကား မျက်နှာမည်းလာလေပြီ။ “ ဘုန်းမိုးသွန်းလောင်း ” တစ်ပုဒ်သာ ဦးဟန်ကြည် အရသာခံလိုက်ရသည်။ “ ရွှန်းရွှန်းမြ ” အရောက်တွင် ဘေးသို့လှည့်ကြည့်လိုက်လျှင် မဒမ်မရှိတော့။ အိပ်ခန်းတွင်းသို့ ၀င်သွားလေပြီ။ ရှေးရိုးစွဲ အဘိုးကြီးဦးဟန်ကြည် အလိုက်သိရလေသည်။ မဒမ့်စိတ်ကြိုက်သီချင်းများကို ပြောင်းဖွင့်ရလေ၏။ မဟာဂီတကား MP3 player ဖြင့်သာ နားထောင်ရသော သီချင်းဘ၀သို့ အရှင်လတ်လတ် ပြောင်းရှာလေပြီတည်း။


 မြန်မာပြည်ကား မဟာဂီတ ဆိတ်သုဉ်းတော့မည်ထင်၏။           

( ပုံတွေကို Google ကနေ ရှာယူထားပါတယ်...သက်ဆိုင်ရာ ပိုင်ရှင်များကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်း credit ပေးလိုက်ပါရစေ. . . )

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger