Showing posts with label ကလေးကဗျာ. Show all posts
Showing posts with label ကလေးကဗျာ. Show all posts

Sunday, 9 May 2010

ကလေးကဗျာ . . .


ဖိုးလမင်း


ဖိုးလသော်တာ ကြယ်အများနဲ့

အရှေ့ဖျားက ထွက်လို့လာ ။

ရွေ့ကာရွေ့ကာ သူလျှောက်သွားတော့

ဝါးရုံပင်နား ရောက်လို့လာ ။

ဝါးရွက်ညိုညို ကြိုအကြားက

မျက်နှာထားကြီး ပြုံးလို့သာ ။

ထမင်းဖြူဖြူ ဆီကိုဆမ်းလို့

ရွှေလင်ပန်းနဲ့ ပေးခဲ့ပါ ။

ပေးပါ ပေးပါ ။ ။


နုယဉ်



ဝိုင်းကြီးပတ်ပတ်


ရွှေလသာသာ ဖော်တွေစပ်လို့

ဝိုင်းကြီးပတ်ပတ် ပျော်စို့ကွယ် ။

မယ်ထွေးတို့အိမ် အရှေ့ဝင်းမှာ

မြေတလင်းကြီး သာလှတယ် ။

တစ်ယောက်လက်ကို တစ်ယောက်တွဲလို့

မောင်လေးလဲပဲ ပါပါ့မယ် ။

ဝိုင်းကြီးဆိုရင် မြန်မြန်လှည့်ပါ

မလွှတ်နဲ့ကွဲ့ မောင်လေးရယ် ။

လှည့်မယ် လှည့်မယ် ။ ။


နုယဉ်



တောက်တဲ့


နေမင်းပူပူ ခေါင်တိုင်ခေါင်းက

မိုးရေတောင်းတဲ့ ကိုဟ၀ှာ ။

ပိန်းလှရွက်လို သူ့အသားက

ပြောက်တောက်ကျားတား ၀ါတာတာ ။

တောက်တဲ့ဆိုတာ သူမို့လားကွဲ့

တို့အိမ်နားလည်း တစ်ကောင်ပါ ။

မိုးလေခေါ်တာ တစ်နေ့လုံးပါ့

မိုးတွေချုန်းလို့ လေတွေလာ ။

မိုးပါ လေပါ ။ ။


မင်းသုဝဏ်


ဆရာဦးဝဏ်၊ ဆရာဂုဏ်ဝင်း၊ ဆရာမကြီးဒေါ်နုယဉ်တို့ဟာ ကလေးကဗျာ အရေးအသားမှာ ထင်ရှားပါတယ်။ အသံချိုချိုလေးတွေနဲ့ ဖတ်လို့၊ ရွတ်လို့ အင်မတန်ကောင်းတာမို့ ချစ်စွာသောကလေးများအတွက် လက်ဆောင်ပါ

Friday, 7 May 2010

စစ်သူရဲ . . .

သူငယ်ချင်းရေ ဖော်အများနဲ့
တို့ကစားလို့ပျော်ကြမယ် ။

အရုပ်ကြီးတွေ ၀ယ်လို့ထားတယ်
မောင်ငယ်သွားလို့ယူပါ့မယ် ။

မြင်းရုပ်ကြီးကို မောင်ငယ်စီးလို့
စစ်သူရဲကြီးလုပ်ပါ့မယ် ။

စစ်ပွဲဆိုတာ ဘယ်မှာလဲကွဲ့
ငါတို့လည်းပဲ လိုက်ကြမယ်
လိုက်မယ် လိုက်မယ် ။ ။

နုယဉ်


ကလေးကဗျာလေးတွေရှားပါးလာတဲ့ခေတ်မို့ ကလေးတွေအတွက် ကဗျာလေးတွေရှာပြီး တင်ပေးဖြစ်ပါတယ်။ ကိုယ်တိုင်ကတော့ ကလေးကဗျာရေးဖို့အားမသန်ပေမယ့် ကလေးကဗျာလှလှလေးတွေကို မြတ်နိုးတာကြောင့် နောင်တစ်ခေတ်ရဲ့မျိုးဆက်သစ်လေးတွေအတွက် လက်ဆင့်ကမ်းအမွေပေးတာပါ။

ကလေးများအားလုံး ချမ်းမြေ့နိုင်ကြပါစေ ...

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger