Showing posts with label Tag post. Show all posts
Showing posts with label Tag post. Show all posts

Monday, 10 March 2014

“ ကြောက် . . . ”


“ ကြောက် . . . ”



အကြောက်တရားနဲ့
ခြောက်ခြားတဲ့လူ့ပြည် ( ပြေ )
အမှုပွေသည်တစ်ခေတ်မှာလ
လူညစ်တွေဘယ်ညာဝိုင်းပြန်တော့
ရိုင်းတဲ့ဖြစ်ထွေ။

ကြောက်စရာ
တစ်ယောက်မှာတစ်ထွေဆန်းပြန်တော့
ပြည်နွမ်းအောင်ကျွမ်းလောင်မြှိုက်ပါလို့
အမှောင်တိုက် ပူပင်လယ်
လူတွင်ကျယ်ရှိဘူး။

ရှောင်တခင်
ကြိုမမြင် အကြောက်မျိုးနဲ့
ကြိုတင်မြင် အကြောက်မျိုးပါတဲ့
ဘယ်ဒင်းဟာ အလေးသာပါလိမ့်
အတွေးမှာ တိုင်းထွာကြည့်မိတော့
ရိုင်းပါဘိ ခက်ဖွယ်
ကွက်မလည် သည်အရေး။

အကြောက်နယ်
ပတ်လည်မှာ မှိုလိုပေါက်ပါလို့
စိတ်နောက်လို့ ရုပ်ကြေ
ရှုပ်ပွေသည့် ပြည်တွင်းမှာလ
လက်ငင်းမှာ ကြောက်တာဝပြီကွဲ့
နောင်ခါလာ နောင်ခါဈေးသာမို့
ကြိုကြောက်တာ လာမမေးလေနဲ့
တွေးကြောက်ဖို့ဝေး။    

( ဟန်ကြည် )
၁၀.၃.၂၀၁၄ ( တနင်္လာနေ့ )

The most fearful thing in this world is the fear itself.
“ ကြောက်စရာအကောင်းဆုံးအရာဟာ အကြောက်တရားပါပဲ ”

ဘယ်ဆိုရိုးက ဘယ်လိုပဲဆိုဆို ဘယ်ပညာရှိက ဘယ်ပုံပဲ ဆုံးမ ဆုံးမ၊ ဘယ်ဘာသာတရားက ဘယ်လိုနည်းနဲ့ပဲ သွန်သင် သွန်သင် ကြောက်တတ်တာကိုက ဦးဟန်ကြည်တို့ လူသားသဘာဝ။ အနှီတော့ လူပီသစွာပဲ ကြောက်စရာရှိရင် ကြောက်ကြရပေမပေါ့။ လန့်စရာရှိရင် လန့်ရပေမပေါ့ဗျာ။ ဟုတ်ဘူးလား။ တကယ်တမ်းပြောရရင် သူရဲကောင်းဆိုတာတွေလည်း အရေးအကြောင်းဆိုရင် ကြောက်တာချည်းပဲကိုး။ ဗိုလ်မှူးကြီး(ဟောင်း) တင်မောင် ( စာရေးဆရာ မြတ်ထန် ) ရေးထားတဲ့ “ တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန် ” ဆိုတဲ့ စာအုပ်ထဲမှာ ကတုတ်ကျင်းနှုတ်ခမ်းမှာတက်ရပ်ပြီး ရဲဘော်တွေကို အမိန့်ပေးရတဲ့ အချိန်တွေမှာ သူဘယ်လောက်ကြောက်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ရေးထားပါရဲ့။ ရဲဘော်တွေ မကြောက်လေအောင် ခေါင်းဆောင်ပီပီ ဟန်ဆောင်နေရပေမင့် သူလည်းလေ လောကီသားပဲကိုး။ ဘယ်ကောင်ပစ်မှန်းမသိတဲ့ ကျည်ဆံထိပြီး တိုက်ပွဲကျမှာတော့ မကြောက်ဘဲနေရိုးလား။

တကယ်တော့ သူရဲကောင်းလို့ သတ်မှတ်ခံထားရတဲ့လူတွေဆိုတာ ကြောက်စိတ်မရှိတဲ့လူတွေ ဘယ်ဟုတ်လိမ့်တုန်း။ ကိုယ်ကြောက်တာကို သူများမသိအောင် ဖုံးဖိထားနိုင်တဲ့လူတွေချည်းပေါ့။ “ ဟေ့…အာဇာနည်ကွ…ဘာမှကို မကြောက်ဘူး ” လို့ စွတ်ပြီးကြွေးကြော်နေရင်တော့ လူတွင်ကျယ်လုပ်ချင်လို့ဖြစ်ရင်ဖြစ်၊ ကိုယ့်နောက်ကလူတွေ မကြောက်စေချင်လို့ ဟန်လုပ်တာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင်တော့ စိတ်ပိုင်းဆိုင်ရာ စံလွဲနေလို့ပဲ ဖြစ်မှာသေချာပါသဗျား။ အောင်မယ် ဘာမှမကြောက်ဘူးလို့ အော်နေတဲ့ ပုဂ္ဂိုလ်ကြီး အနှီလို စွတ်အော်နေတာလည်း ကြောက်တတ်လို့ အော်နေတာဗျို့။ သူ့ကို သူများက ငကြောက်လို့ထင်မှာ ကြောက်ရှာလွန်းလို့ အနှီလို အသံကောင်းဟစ်နေရတာကိုး။ ကိုင်းဗျာ ဦးဟန်ကြည် မပြောလား။ လူဆိုတာ ကြောက်တတ်ပါတယ်လို့။ အနှီလိုကြောက်တတ်လို့ပဲ ဟိုဟာကိုးကွယ်၊ သည်ဟာကိုးကွယ်၊ ဟိုဘုရားတ သည်ဘုရားတ လုပ်နေကြရတာ မဟုတ်လား။ အောင်မယ် ဘာသာရေးမှာတောင် ကြောက်စရာ ပိုများသေး။ ဘယ်ဘာသာကြည့်ကြည့် ငရဲဆိုတာ ကြက်သီးထစရာတွေချည်း။ ဟိုဟာလေး မလုပ်လေနဲ့ ဒယ်အိုး၊ သည်ဟာလေး မကလိလေနဲ့ ဒယ်အိုးနဲ့ ညှော်နံ့လေးတွေရနေလေတော့ လူတွေခမျာလည်း ကြောက်ကြောက်နဲ့ပဲ လိမ္မာချင်ယောင် ဆောင်ကြရပါလေရော။

အကြောက်တရားဆိုတာ ကောင်းသလားဆိုတော့ သဘောသဘာဝအရတော့ ဘယ်ကောင်းမလဲဗျာ။ ကြောက်နေရမှတော့ ဘယ်နေပျော်လိမ့်တုန်း။ သို့ပေမင့် လောကကိုစောင့်ရှောက်တဲ့ လောကပါလတရား နှစ်ပါးက ဟီရီ နဲ့ သြတ္တပ္ပ ဆိုတဲ့ ရှက်ခြင်းနဲ့ ကြောက်ခြင်းလို့ ဆိုကြသကိုး။ အနှီတော့ ကြောက်တာ ရှက်စရာ မဟုတ်ပေါင်ဗျာ။ ကြောက်သင့်တာကို ကြောက်ရပေမပေါ့၊ ရှက်သင့်တာကို ရှက်ရပေမပေါ့။ ဘာကိုကြောက်တယ် ဘာကိုရှက်တယ်ဆိုတာကို မူတည်ပြီး လူတစ်ယောက်ရဲ့ စာရိတ္တတို့ တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်တို့ကို ပုံဖော်ကြရတာ မဟုတ်လား။ ကြောက်တယ်…ကြောက်တယ်…မခိုးရ မ၀ှက်ရလို့ သူများထက်ဆင်းရဲမှာကြောက်တယ်ဆိုရင် သည်ငတိ သူခိုးပေါ့။ ကြောက်တယ်…ကြောက်တယ်…သူများပစ္စည်းကို ခိုးလို့ သူများစိတ်ဆင်းရဲမှာကြောက်တယ်ဆိုရင် သည်ငတိ သူတော်ကောင်းပေါ့။ ဟုတ်ဘူးလား။

တစ်ခုတော့ ရှိပေသပေါ့။ ကြောက်တိုင်းလည်း မကောင်းသလို၊ မကြောက်တိုင်းလည်း အဆင်မပြေဘူးကိုးဗျ။ ဟိုဒင်းလည်းကြောက် သည်ဒင်းလည်းကြောက်ဆိုရင်တော့ သည်ပုဂ္ဂိုလ်ဟာ မသေခင်ကတည်းက တစ်ပိုင်းပုပ်နှင့်နေပြီကိုး။ အနှီတော့ အကြောက်တရားဆိုတာကလည်း ဘိန်းပါတဲ့ဆေးများလို တန်ဆေး၊ လွန်ဘေးပေါ့လေ။ မန်လည်ဆရာတော်ရဲ့ “ မဃဒေ၀ ” ထဲက စာသားကို စာမြှောင်ကပ်ပြီး ကဗျောင်လုပ်ရရင်တော့ -
“ အကြောက်ဟူဘိ ထိုငတိကား
မရှိမကောင်း၊ ရှိမကောင်း
မပေါင်းလည်းခက်၊ ပေါင်းလည်းခက်
လို့ ဆိုရမယ်ထင်ပါရဲ့…း)။

ပူမှုရယ်တဲ့ ဆယ်ကုဋေမကတဲ့ ဒွန္တယာကြီးမှာ နေကြရတဲ့လူတွေဆိုတော့လည်း ကြောက်စရာတွေက များပါဘိ။ ရန်သူမျိုးငါးပါးကြောက်ရ၊ ၀ိပ္ပတ္တိတရားလေးပါးကြောက်ရ၊ ဗျဿနတရားငါးပါးကြောက်ရ၊ ကပ်ကြီးသုံးပါးလည်းကြောက်ရနဲ့ ကြောက်စရာတွေမှ ပတ်လည်ကိုဝိုင်းလို့။ သာမန်လူတစ်ယောက် ကြောက်သင့်ကြောက်ထိုက်တာလေးတွေကို ကြောက်တယ်ဆိုရင်တော့ ဘာအရေးလဲ။ သည်ငတိလူကောင်းပေါ့။ အနှီလိုမဟုတ်ဘဲ သူများထက်ထူးပြီး ပိုကြောက်နေရင်တော့ Phobia ဆိုတဲ့ အကြောက်လွန်ရောဂါဖြစ်ပြီး ရွာသာကြီးနဲ့ ညားဖို့သာပြင်။ ဖိုးဘီးယားလို့ခေါ်တဲ့ အကြောက်လွန်ရောဂါ ဘယ်လောက်များသလဲ စပ်စုချင်ကြရင်တော့ http://phobialist.com/ မှာသာ သွားကြည့်တော်မူကြပေရော့။ သူ့ဟာတွေသာ အကုန်ရေးထည့်ရရင် စာတစ်အုပ်တောင် ဖြစ်ရချေရဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ကြောက်စရာတွေ သည်လောက်များနေမင့်ဟာကို အားမရသေးဘဲ မမြင်ရတာကြီးကို တွေးကြောက်တဲ့လူက ရှိသေးတာကလား။ အမှန်က မမြင်ရတာကြီးကို တွေးကြောက်တယ်ဆိုကတည်းက ငတိတော့ လွဲနေပြီကိုး။ စဉ်းစားကြစို့။

သေချာပေမင့် မမြင်ရတဲ့အကြောက်တရားထဲမှာ “ သေခြင်း ” ထက်သေချာတာ ဘာရှိလို့တုန်း။ ကြိုတင်ပြီးတော့ မမြင်ရပေမင့် တစ်နေ့ မာလကဈာန်ကြွမှာ မြေကြီးလက်ခတ်မလွဲ။ သို့ပေမင့် ငါတော့ တစ်နေ့သေရမှာပဲလို့ တွေးတွေးပြီး ငိုနေတဲ့လူကောင်း တစ်ယောက်မှ မမြင်ပေါင်ဗျာ။ စားမြဲတိုင်းစား သွားမြဲတိုင်းသွား၊ လုပ်မြဲတိုင်းလုပ်ပြီး ဟန်မပျက်နေကြတဲ့လူတွေချည်း။ အနှီလောက် သေချာနေတာကြီးကိုတောင် မေ့မေ့လျော့လျော့နေနိုင်သေးတဲ့ လူသားသတ္တ၀ါကြီးက မနက်ဖြန် စာမေးပွဲဖြေရမှာကြောက်လိုကြောက်၊ လူကြီးလာရင် အဆဲခံရမှာ ကြောက်လိုကြောက်၊ ဘီယာမူးပြီး ပြန်လာရင် အိမ်ကမိန်းမက ကလော်တုတ်မှာ ကြောက်လိုကြောက်နဲ့ သောက်ညင်ကတ်ဖို့တောင် ကောင်းသေး။ တကယ်တော့ ကြိုမမြင်နိုင်တာကြီးကို ကြောက်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရာကနေ စလာတဲ့ ပြဿနာကိုးဗျ။ ကိုယ့်အလုပ်ကို ကျကျနန မလုပ်ခဲ့ခြင်းရဲ့ အကျိုးဆက်ကိုး။ လုပ်သင့်လုပ်ထိုက်တာကို ပိုင်ပိုင်နိုင်နိုင်လုပ်ထားရင် မနက်ဖြန်ဆိုတာ အေးဆေးပေါ့။ ဟုတ်ဘူးလား။ မနက်ဖြန်ရောက်လာလို့ ပြဿနာတက်တော့လည်း ကြောက်စရာရှိရင် ကြောက်လိုက်ရုံပေါ့ဗျာ။ ဘာအရေးလဲ။ လူဆိုတာ ကြောက်တတ်ပါတယ်ဆိုမှ။ မကြောက်တတ်လို့ ရွာသာကြီးသွားနေရရင် မနိပ်ဘူးကိုး။

ဦးဟန်ကြည်က အနှီလို ကြီးကြီးကျယ်ကျယ်ပြောနေလို့ သည်ပုဂ္ဂိုလ်ကြီးက တယ်ဟန်ပါလားလို့လည်း တွေးတော်မမူလေနဲ့။ ပြောခဲ့ပြီးပါပကော။ လူပါဆိုမှ။ မနက်ဖြန်ကိုလည်း နည်းနည်းတော့ တွေးလန့်ပေသပေါ့။ အလန့်ကနေ အကြောက်မဖြစ်အောင် ထိန်းရတာကိုက ဘ၀နေနည်း အနုပညာကိုးဗျ။ ကြောက်စရာရှိရင် ကြောက်ပြီး အမြန်အကြောက်ပြေအောင် ကြိုးစားခြင်းကပဲ တကယ့်ဘ၀။ တစ်ခါကြောက်လိုက်တာ တစ်သက်လုံး သေရာကိုပါရောဆိုတာမျိုး မဖြစ်အောင်တော့ သတိထားရပေသပေါ့။ အင်း ပြောမယ့်သာပြောရတယ်။ ဦးဟန်ကြည်နေတဲ့ ဒေသဆိုတာကလည်း ထစ်ခနဲရှိရင် တဖောင်းဖောင်း တဂျိန်းဂျိန်းနဲ့ လုပ်တတ်တဲ့ သူရဲကောင်းတွေချည်း စုနေတဲ့ဒေသဖြစ်လေတော့လည်း ဟိုဒင်းကြောက်ရ သည်ဒင်းကြောက်ရနဲ့ အကြောက်များပြီး ထုံပေပေဖြစ်သွားတယ်ထင်ပါရဲ့။ အခုများတော့ ကိုယ့်ကိုယ်ကိုကလွဲရင် ကျန်တာကို သိပ်မကြောက်တတ်တော့တာတောင် ကြာပေါ့။ ကိုယ့်ရှေ့မှာဝဲနေတဲ့ သေနတ်ကြီးကြည့်နေရမှတော့ မနက်ဖြန် ထမင်းစားဖို့မရှိမှာ တွေးမကြောက်တော့ဘူးပေါ့ဗျာ။ ဟုတ်ဘူးလား။    

Image credit to - Google
   

Sunday, 1 September 2013

အသော့ရေးလိုက်ပါတဲ့ ဘလော့ဒေးတဂ်ပို့စ် . . .




ဒွန္တယာကြီးမှာ ထမင်းတစ်လုပ် အတင်းအုပ်ဖို့ဆိုတာလည်း တစ်နေ၀င်တစ်နေထွက် အသက်ထွက်လုခမန်း ရုန်းရကန်ရတာကလား အရပ်ကတို့ရယ်။
 ဒီကြားထဲမှာ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ သာမန်လူတွေနဲ့ လားလားမှမတူတဲ့ ဦးဟန်ကြည်ခမျာ ပါးစပ်လှုပ်မှ ပါးစပ်လှုပ်ရတဲ့လူဖြစ်နေပြန်တော့ တစ်နေကုန်လို့ ညခင်း ကိုးနာရီလောက်မှာ အိမ်ပြန်ရောက်ရင် ချစ်လှစွာသော မဒမ်ဟန်ကြည်ကိုတောင် ပြုံးမပြနိုင်လောက်အောင် ချာဂျင်ခမ်းပြီးသား ဖြစ်နေပါလေရော။ အိမ်ပြန်ရောက်တော့လဲ သူတကာလို ဇိမ်နဲ့ နှပ်ခွင့်မရှိတဲ့ ပညာရေးလောကသားဖြစ်နေပြန်တော့ သင်ထောက်ကူတွေရေးရ၊ သင်ရိုးတွေပြင်ရ၊ လေ့ကျင့်ခန်းတွေစစ်ရနဲ့ တစ်ရက်တစ်ရက်များ လျှောခနဲ ဖြုတ်ခနဲ ကုန်သွားလိုက်တာ ကိုယ့်အသက်အရွယ်အတော်ထောက်လာမှန်းတောင် ခေါင်းပေါ်က ဆံပင်ဖြူတွေ အတော်များလာတာကို မှန်ကြည့်ရင်းမြင်မှ သတိထားမိတော့တာကလား။ နိုင်ငံ့ဝန်ထမ်းများဆိုရင်တော့ နားရက်တို့ ခွင့်တို့ ရှိချင်ရှိပေလိမ့်မယ်။ ဦးဟန်ကြည်တို့လို ကိုယ့်ဝန်ကိုယ်ထမ်းကျတော့ ဘယ်မှာနားရက် ရှိလိမ့်တုန်း။ ခွင့်ဆိုတာကလည်း အိပ်ယာထဲက မထနိုင်အောင် ဖလက်ပြသွားမှ ယူကောင်းတဲ့အရာဆိုတော့ ကိုယ့်အလုပ်နဲ့ကို ဂျင်ဂျင်ကိုလည်နေပါရော။

အနှီလောက် မနားမနေ ထမင်းရှာစားနေရတဲ့ကြားမှာ ဘယ်ဘဝေဘ၀က ၀ဋ်ကြွေးပါတော်မူခဲ့တယ် မပြောတတ်ပေါင်ဗျာ။ စာကလေးတစ်ရက်လောက် မဖတ်ရရင်၊ ကဗျာတစ်တို စာတစ်ညိုလောက်မှ အာသာပြေမရေးလိုက်ရရင် အိပ်လို့က သိပ်မပျော်ချင်၊ စားလို့က သိပ်မ၀င်ချင်ဖြစ်နေပြန်တော့ ကိုယ့်ကိုယ်ကို အော်တိုငုတ်တုပ် နှိပ်စက်ပြီးသား “ အတ္တကိလမထ နုရောဂေါ ”ကို ဖြစ်နေပြန်ပါရော။ မဖြစ်နေရိုးလား။ စာဖတ်တတ်စ ပုလုကွေးအရွယ်ကတည်းက ကျောင်းစာလည်းကျက် အပြင်စာလည်းဖက်နေပြန်တော့ ညပိုင်းဆိုရင် သူတကာလို ဘယ်မှာအိပ်ရေး၀၀ အိပ်ရလိမ့်တုန်း။ အခုလို အလုပ်ပိတဲ့ အသက်အပိုင်းအခြားရောက်တော့ ပိုဆိုးပါလေရော။ ထမင်းစားချိန်နဲ့ အင်အင်းသွားတဲ့အချိန်တောင် စာအုပ်ကလေးတစ်အုပ်လောက် လက်ထဲကိုင်ဖတ်နေရမှ ကိစ္စ၀ိစ္စတွေ ရှောရှောရှူရှူပြီးတဲ့အထိ သောက်ကျင့်ကြီးများတောင် ပါလို့။ တစ်ခါတစ်ခါများ စာထဲမှာ ဈာန်ဝင်သွားရင် စားတဲ့ထမင်း ဘယ်ဟင်းနဲ့၊ ပါတဲ့အင်အင်း ဘယ်စမြင်းနဲ့ဆိုတာတောင် သတိမထားမိချင်ဘူး။ ပါရမီများကလည်း ထူးချင်ပြန်တော့ ဘတ်သီးလေးနှစ်လုံးကလည်း ပါဝါပြည့်ပါ့ဗျား။ ဒီအသက်ဒီအရွယ်ရောက်တဲ့အထိ စာတွေဘယ်လောက်ဖတ်ဖတ် မျက်ရိုးကလေးတစ်ချက်တောင် မကိုက်ရှာလေတော့ အလုပ်တွေပြီးတဲ့ ညခင်းဘက်ရောက်ရင် အွန်လိုင်းပေါ်တက် တောင်စာဖတ်၊ မြောက်စာဖတ်နဲ့ စောစောအိပ်တဲ့အချိန်ဆိုတာ လင်းအားကြီး မနက်နှစ်နာရီ။ မဒမ်ဟန်ကြည်ကတော့ စာကြမ်းပိုးဦးဟန်ကြည်ကို မျက်စောင်းခဲရင်း “ တော့်အနှီလိုသာ အိပ်ချိန်စားချိန် မမှန်ရင် ဂိန်းဘောမြန်မြန် ဆိုက်ပါလိမ့်မတော်… ” လို့ ထောပနာပြုပါလေရော။ တတ်နိုင်ဘူး။ လှေသမား ရေနဲ့သေ၊ အလမ္မာယ်ဆရာ မြွေနဲ့သေဆိုသလို ဘလော့ဂါလည်း စာနဲ့သေရင် ဂုဏ်တောင်ရှိသေး။ ဖွဟဲ့..လွဲပါစေ…ဖယ်ပါစေ…း)

လူဆိုတဲ့သတ္တ၀ါမျိုးကလည်း အခက်သားကလား။ စာကလေးပေကလေး တောင်တစ်တို့ မြောက်တစ်တို့ ဖတ်သက်ရင့်လာရင် စာတိုပေစလေးက ရေးချင်ချွတ်ချင်လာပြန်ရော။ သိတာတွေများလာတော့ လျှံကျလာတဲ့ သဘောဖြစ်မယ်ထင်ပါ့။ အနှီတော့ စာဖတ်တတ်ကတည်းက စာအုပ်ပုံကြားမှာ လူလားမြောက်လာတဲ့ ဦးဟန်ကြည်လို စာကြမ်းပိုးတို့အဘ စာလိပ်ခမျာ တွေ့ကရာရှစ်သောင်းတွေကို သပ္ပဏပေါင်းစုံအောင် ရေးထားတာမှ စာရေးဆရာ မြင့်သန်းရဲ့ စကားလုံးကို ကိုယ်ကြိုက်သလို ဟန်ကြည်မှုပြုပြီးပြောရရင်တော့ “ သူရေး၍ သူဖတ်သော စာများ ” ချည်းရေးထုတ်လာတာ မှတ်မှတ်သားသား သိမ်းထားဖြစ်ခဲ့မယ်ဆိုရင် ဘယ်နည်းလိမ့်တုန်း။ သို့ပေမင့် မိဘများကလည်း သားတော်မောင် တောက်မဲ့မီးခဲ ( ငရဲမီးလေးလား ဘာမီးလေးလားတော့ မသိပေါင်ဗျာ…မီးခဲဆိုတော့လည်း မီးခဲလိုက်ပေါ့…း) ပါရမီ့ရှင်ကလေးကို နမူမစိုက်ကြဘူးကိုး။ အနှီတော့ ရေးခဲ့သမျှစာ ဖွဲ့ခဲ့သမျှ ကဗျာတွေခမျာ ဘော်တယ်ကုလားဆီချည်း ရောက်ကုန်ပါလေရော။ ( ဟစ်တလာကြီးကတော့ သူအာဏာရှင်ဖြစ်တဲ့အခါ နုစဉ်ဘ၀တုန်းက တောင်ခြစ်မြောက်ခြစ် ခြစ်ထားတဲ့ ပန်းချီကားတွေအကုန် ရှာပြီး သိမ်းပစ်တယ်ဆိုပဲ။ ဦးဟန်ကြည်လည်း ဟစ်တလာကြီးအားကျလို့ ရွေးကောက်ပွဲများ ၀င်ရင်ကောင်းမလားတောင် စဉ်းစားမိပါရဲ့။ ရွှေပြည်ကြီး ကံဆိုးမိုးမှောင်ကျလို့ ဦးဟန်ကြည် သမ္မတများဖြစ်ခွင့်ကြုံရင်တော့ နုစဉ်ဘ၀က ရေးထားတဲ့ စာတွေ ကဗျာတွေ ဈေးကောင်းရလိုက်မယ့် ဖြစ်ခြင်း…း) ဦးဟန်ကြည်တို့ အနှီလို စာပိုးကိုက်ခံရတုန်းက ဘုတ်အုတ်ခေတ်ကိုး။ ဒီဘက်ခေတ်ရောက်လို့ အီးစံကွားကောင်းမှုနဲ့ ကွန်ပျူတာတွေ ဈေးသင့်ပြီး အွန်လိုင်းတွေဘာတွေပေါ်လာတော့ အောင်မယ်မင်း ဦးဟန်ကြည်တို့ ခွေးဘုရားပွဲတွေ့ပါလေရောလား။ တစ်နေ့တစ်နေ့ အွန်လိုင်းပေါ်တက်ပြီး တွေ့ကရာရှစ်သောင်းတွေကို ထောင်းလမောင်းကျေအောင် ဖတ်လိုက်သမှ ဘေးမှာထိုင်နေတဲ့ မဒမ်ဟန်ကြည်ကိုတောင် ခပ်မေ့မေ့။

အစပိုင်းတုန်းကတော့ သူများစာတွေလိုက်ဖတ်ရင်း ကိုယ်လည်းရေးလို့ရတယ်ဆိုတာ ဘယ်သိလိမ့်တုန်း။ မသိဆို ဦးဟန်ကြည်ဆိုတာကလည်း အင်တာနက်ဆိုတဲ့ သတ္တ၀ါကြီးကို ၂၀၁၀ လောက်ရောက်မှ အရှင်လတ်လတ်ကြုံဖူးတဲ့ နည်းပညာတောသားစစ်စစ်။ မရှိရှိရာ ရှာကြံကြွားရမယ်ဆိုရင် အရင့်အရင် ၂၀၀၀ခုနှစ်ဝန်းကျင်နှစ်တွေတုန်းကတော့ ကွန်ပျူတာ ကိုင်ခဲ့ဖူးပါရဲ့။ သို့ပေမင့် ဦးဟန်ကြည်တို့ ကိုင်ခဲ့ဖူးတာက ဈေးနှုန်းခေါင်ခိုက်နေတဲ့ Pentium 1 ကွန်ပျူတာမည်ကာမတ္တ။ အနှီဖွတ်ချီးဖွတ်ချက် ကွန်ပျူတာကလည်း သူ့ခေတ်တုန်းက Super cub ဆိုင်ကယ်ထက်တောင် ဈေးကြီးသေးတာကလား။ အနှီတော့ ကွန်ပျူတာကို လက်အုပ်မချီရုံတမည် တရိုတသေ ကိုင်ခဲ့ရပြန်တာမို့ ဂိန်းချရုံကလွဲပြီး ဘာနည်းပညာမှ ဖြစ်ဖြစ်မြောက်မြောက်ကို မတတ်ခဲ့ပြန်ဘူးကိုး။ ကြားထဲမှာ နည်းပညာနဲ့ အဆက်ပြန်သွားလိုက်တာ ဦးဟန်ကြည် ကွန်ပျူတာနဲ့ ပြန်ညားတော့ Core i3 တွေ i5 တွေ ဖြစ်နေပါပေါ့လား။ အနှီတော့လည်း တောသားထုံးစံအတိုင်း တောင်ကလိမြောက်ကလိ။ အွန်လိုင်းပေါ်က ပြဿနာကောင်တွေလက်ချက်နဲ့ ကွန်ပျူတာကို ဗိုင်းရပ်စ်ကိုက် ၀င်းဒိုးကျလို့ ၀င်းဒိုးတစ်ခါတင် ခြောက်ထောင်ခုနစ်ထောင် သွားသွားလှူရတာများ တကတည်း ကွန်ပျူတာဆိုင်က မောင်ရင်များဆိုရင် ဦးဟန်ကြည်သူရို့ဆိုင်ထဲဝင်လာတိုင်း အလှူ့ရှင်ပေါ်ပဟဲ့ဆိုတဲ့ အတွေးနဲ့ နွားပြာကြီးအောက်သွားမရှိကို ဖြစ်ပါလေရော။ အခုအချိန်ပြန်တွေးကြီးတော့ အနှီဘာမှမခဲယဉ်းတဲ့ ၀င်းဒိုးကလေးတင်တာကို တနင့်တပိုးတောင်းခဲ့တဲ့ သကောင့်သားတွေကို သောက်ညင်ကတ်လိုက်လေခြင်းဗျာ။

 ဟိုဆိုဒ်ဝင်ဖတ် သည်ဆိုဒ်ဝင်ဖတ် မန်ဘာဝင်ရမယ်ဆိုရင်လည်း အလကားမတ်တင်းရထားတဲ့ ဂျီမေးလ်အကောင့်အားကိုးနဲ့ ပစ်ဝင်လိုက်တာချည်း။ အောင်မယ်…ဒါတင်ဘယ်ကလိမ့်တုန်း။ ဂူးဂဲမှာ ဘာပဲရှာရှာ ရှေ့ကနေ ဖရီးတစ်လုံး အရင်ရိုက်ထည့်တာများ အခုတောင် လက်ကျင့်ပါလို့မဆုံးဘူးဗျား။ ဟိုဒင်းဒီဒင်းတွေ ဖရီးပေးမယ်ဆိုလို့ကတော့ အလကားရရင် ၀မ်းနှုတ်ဆေးတောင် နှစ်ခါပြန်သောက်တဲ့ ရွှေပြည်သားထုံး နှလုံးမူပြီး ကိုယ့်အီးမေးလ်ကို ပေးထားလိုက်သေးတာရယ်။ အလကားပေးတဲ့ ကိုဟိုဒင်းတို့ကလည်း ပါးလိုက်သမှ ဆီစိမ်စက္ကူလို ဟိုဘက်ဒီဘက်တောင် ဖောက်မြင်ရလောက်တယ်ထင်ရဲ့။ တကတည်း ပေးထားလိုက်မိတဲ့ မေးလ်လိပ်စာအတိုင်း ပို့တော်မူလိုက်တဲ့ ကြော်ငြာတွေ စပမ်းမေးလ်တွေမှ တစ်ရက်တစ်ရက် ဘယ်နည်းလိမ့်တုန်း။ ဦးဟန်ကြည် တောသားကတော့ အံမယ် ငါ့မှာ နိုင်ဂျံဂါးမိတ်ဆွေတွေ အတော်များသကိုးလို့ လက်မထောင်ချင်စိတ်တောင် ခပ်ပေါက်ပေါက်။ အနှီတုန်းက အူပုံထူပုံများ ကြုံတုန်း ကြွားရရင် မေးလ်စစ်တဲ့အခါ စပမ်းမေးလ်ပါမကျန် တစ်ခုမကျန်ဖတ်ပြီး စစ်တာကလား..း) အနှီိလို မန်ဘာဝင်ဖြစ်ပေမယ့် သူတကာတွေ စာစုရေးတဲ့ ဆိုဒ်တွေမှာတော့ မ၀င်ဖြစ်ပေါင်ဗျာ။ စာရေးကြတဲ့ ကလေးတွေကြားထဲမှာ ကြီးကောင်ကြီးမနဲ့ လူမြင်မတော်မှာ ရှက်စရာကြီးကိုး။ သို့ပေမင့် အိပ်မက်ဒေါ့ကွန်းမှာတော့ ကဗျာလေးတွေရေးဖြစ်ချွတ်ဖြစ်ခဲ့ပါရဲ့။ နောက်ပိုင်းကျတော့လည်း အိပ်မက်ကို အိပ်မက်ထဲမှာတောင် သိပ်မရောက်ဖြစ်ပြန်တော့ဘူး။ အိပ်မက်မရောက်တော့ဆို ဦးဟန်ကြည်လည်း သူတကာတွေနည်းတူ ကိုယ်ပိုင်ဘလော့လေးတစ်ခုကို ၂၀၁၀ ဧပြီမှာ ဆောက်နိုင်ခဲ့ပြီကိုး။

credit to google


အနှီလို ကိုယ်ပိုင်ဘလော့လေး ဆောက်ဖြစ်တော့ ပီတိဖြစ်ချက်များကတော့ ဆယ်တန်းတုန်းက အောင်စာရင်းသွားကြည့်တာထက်တောင် ပိုဦးမယ်ထင်ရဲ့။ စမ်းတ၀ါးဝါးနဲ့ တောင်စာရေး မြောက်စာရေး။ သို့ပေမင့် တောသားပီပီ သူများဘလော့တွေမှာ ကွန်မန့်တွေဘာတွေ ဘယ်ပေးတတ်လိမ့်တုန်း။ ချောင်းကြည့်ပြုံးပြန်ချည်း လုပ်နေလိုက်တာ တစ်နှစ်လောက်ကြာတဲ့အထိ ဦးဟန်ကြည်ရဲ့ “ အတွေးစလေးတွေ ” ဘလော့မှာ သူရေး၍ သူဖတ်သော ပို့စ်တွေမှ ထောင်းလမောင်းကိုထလို့။ အောင်မယ်…စာဝဋ်ကြီးတဲ့လူများ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ကိုယ်ရေးတာ ကိုယ်ပြန်ဖတ်နေရတာကိုက အရသာ အင်မတန်ရှိတာကလား။ ပြောရရင်တော့ အတွေးစလေးတွေရဲ့ အမာခံပရိသတ်ကြီးက ဦးဟန်ကြည်ကိုယ်တိုင်ကိုး…း) သူများဘလော့တွေ တောင်ချောင်းမြောက်ချောင်းလုပ်ရင်း ကွန်မန့်လေးဘာလေးပေးတတ်တော့ ( အထင်မကြီးလေနဲ့ Kp3 ကျေးဇူး… ) ကိုယ့်ဘလော့လေးမှာလည်း ကွန်မန့်လေးတွေ ဟိုတစ်ခု သည်တစ်ခုမြင်လာရပါလေရော။ အောင်မယ်…ကွန်မန့်လေးတစ်ခု စမြင်ရတုန်းကများ ရည်းစားစာ ပထမဆုံးအကြိမ်ရတဲ့ အပျိုမဒမ်းများလို့ နေမထိ ထိုင်မသာကို ဖြစ်လို့။ အနှီကွန်မန့်ပိစိညှောက်တောက်ကလေး ရလာတာတောင် မဟာအောင်မြင်မှုကြီးရယ်လို့ ကိုယ့်ကိုယ်ကို အထင်တော်တွေ စွတ်ကြီးပစ်လိုက်သေးတာရယ်…း)

ဘလော့ကလေး တစ်နှစ်သားကျော်လို့ ဘလော့ပါးလည်း ၀-လာရော သူများဘလော့ကိုယ်လည် ကိုယ့်စာသူဖတ်နဲ့ ပျော်စရာအင်မတန် ကောင်းတာကလား။ ဘလော့ဂါချင်းလဲ ဘာချစ်ကြသလဲ မမေးနဲ့။ မချစ်ဘဲ နေရိုးလား။ ကိုယ့်ထမင်းကို ရှာစားပြီး အာဝေနိကဒုက္ခတွေ ကိုယ်စီခံစားနေရတဲ့ကြားမှာ ကိုယ့်ဖွတ်ကလိဒင်္ဂါးကိုယ် အကုန်ခံပြီး တောင်ရေးမြောက်ရေး ရေးနေရတဲ့ ၀ဋ်သမားတွေချည်းကိုး။ အနှီတော့လည်း ပုလင်းတူ ဘူးဆို့ချင်း ချစ်ကြ ခင်ကြတာ ဘယ်ဆန်းလိမ့်တုန်း။ တစ်ခါတစ်ခါများ သူများစီပုံးမှာ ပေါက်ကရတွေ သွားသွားရေးရတာများ လူကြီးကစားနည်းကို ဖြစ်လို့။ အနှီကြားထဲမှာ ဘိလပ်သား သူကြီးမင်း ကိုကိုမောင်တို့ ဂျာရစ်ကတော် ကိုရင်တို့လို ကလေးကြီးတွေက စီပုံးမှာ အရုပ်တွေဆော့လို့ရအောင် ကလိထားပြန်တော့ သူရို့လုပ်ထားတဲ့ အရုပ်တွေကို CIA ပစ်ပစ်တို့လို ကလေးပေါက်စတွေက သွားကလိ။ ကလေးကြီးတွေ စိတ်ဆိုးပြီး အော်ထုတ်ရင် ပြန်ပြေးနဲ့ တကဲ့ပျော်စရာကြီးတွေကိုး။ ဒီကြားထဲမှာ တဂ်ပို့စ်လေးတွေကလည်း ကြိုကြားကြိုကြား ပေါ်လာကြသေးတာ။ အနှီတော့ ရေးစရာကလည်း ပေါပါဘိ။ ဘလော့ရွာကြီးမှာ ကိုကြီးကျောက်လို လူငယ်တွေနဲ့ ပျော်ပျော်ပါးပါး နေတတ်တဲ့ စီနီယာဘလော့ဂါကြီးတွေကလည်း ရှိသလို ဦးဟန်ကြည်တို့လို ဗုံမဟုတ် ပတ်မဟုတ် မကြီးမငယ်ဘလော့ဂါတွေရော ချာတိတ်ဘလော့ဂါလေးတွေရော တပျော်တပါးကြီးဆိုတော့ ပြန်တွေးတိုင်း လွမ်းစရာ။ ဘလော့ဂါသံယောဇဉ်ဆိုတာကလည်း အဆန်းသား။ အများသိတော်မူကြတဲ့အတိုင်း ဘလော့ဂါဆိုတာကလည်း လူတန်းစားတစ်မျိုး။ အပြင်လောကမှာ ဘ၀အထွေထွေ၊ လုပ်ငန်းအသီးသီးနဲ့ ကိုယ်စီကိုယ်ငှ ရုန်းကန်နေကြရသူတွေဖြစ်ပြန်တော့ ဘ၀ချင်းက ထပ်တူမကျနိုင်တာတွေချည်း။ သို့ပေမင့် အွန်လိုင်းပေါ်တက် ဘလော့ပေါ်ရောက်ကြရင် အားလုံး တပြေးညီ။ စီနီယာမရှိ၊ ဂျူနီယာမသိ။ သူဌေးမရှိ ဆင်းရဲသားနတ္ထိ။ ပညာအဆင့်မခွဲ။လူကြီး လူငယ် လူလတ်မရွေး အားလုံးတပြေးထဲ။ ကိုယ်တတ်သမျှ ကိုယ်သိသမျှ ကိုယ်ခံစားရသမျှ စေတနာဗလပွနဲ့ ဝေကာငှလိုက်ကြတာမှ လိုလေသေးမရှိ။ ဟင်းချက်နည်းအစ၊ ရသစာပေအလည်၊ နည်းပညာအဆုံး တကယ့်ရတနာတုံးကြီးတွေ အလကားဝေနေတဲ့အလား။ စကားလုံးကြီးကြီးပြောရရင် ဟိုးအရင် မ.ဆ.လ ခေတ်တုန်းက စိတ်ကူးယဉ်ခဲ့ကြဖူးတဲ့ လူတန်းစားညီမျှရေး ဆိုရှယ်လစ်လူ့ဘောင်သစ်ဆိုတာကြီးနဲ့တောင် အလားသဏ္ဌာန် တူမယ်ထင်ရဲ့။ သို့ပေမင့် ဘလော့ရွာကြီးက အနှီစိတ်ကူးယဉ်လူ့ဘောင်ထက်တောင် ပိုချစ်စရာကောင်းတယ်လို့ ဦးဟန်ကြည်ကတော့ ပုဂ္ဂလဓိဋ္ဌာန်နဲ့ ကောက်ချက်ချလိုက်ချင်ပါသဗျား။

အနှီလောက် ပျော်ဖို့ကောင်းလှတဲ့ ဘလော့ရွာကြီးထဲမှာ ဦးဟန်ကြည်တို့ ဘလော့ဂါ ဘလော့ဂီတစ်သိုက် ပျော်ပျော်ကြီး ကျင်လည်လိုက်ကြတာ ဒီဘက်နှစ်ပိုင်းတွေရောက်တော့ ဘလော့ဂါလူဟောင်းကြီးတွေလည်း တဖြည်းဖြည်း ပင်စင်သွားတဲ့လူကသွား ဖွဘုတ်ပေါ်တက်အောင်းတဲ့လူကအောင်းနဲ့ ဖြစ်လာပါလေရော။ တစ်ချို့လည်း အိမ်ထောင်တွေကျကုန်လို့ ဘလော့ဘက်ကနေ အသည်းလေး ပူတူတူးလေးဘက်လှည့်တည့်လူကလှည့် ( ဥပမာ ချဉ်ပေါင်ခြံ ကိုဘကြိုင်ကြီးလိုပေါ့...း)။ တစ်ချို့ကလည်း ရွှေပြည်ကြီးပြန်ရောက်လို့ ဘလော့ဂါစိတ်ပျောက်တဲ့လူကပျောက် ( ဥပမာ ကငြိမ်းနိုင်…း)။ တစ်ချို့ကလည်း အလုပ်များလို့ ရည်းစားပူမိလို့ အကြောင်းပြပြီး စာရေးကျဲတဲ့လူကကျဲ ( ဥပမာ သူကြီးမင်း ကိုကိုမောင်၊ ဒေါ်ချော…း) ဆိုတော့ ဦးဟန်ကြည်တို့ ဘလော့ရွာမှာ ခြောက်ခြောက်ကပ်ကပ်ကြီး ဖြစ်လာပါလေရော။ သို့ပေမင့် ဖိုးရေးချင် ဦးဟန်ကြည်ကတော့ ရေးဆဲ ရေးမြဲပါဗျား။ အင်း…ပြောမယ့်သာပြောရတယ် ဦးဟန်ကြည်လည်း ဒီဘက်လပိုင်းမှာ ဖွဘုတ်ဓာတ်ကျပြီး ပို့စ်တွေကို ဖွဘုတ်မှာပဲ တင်ဖြစ်နေတာ ဘလော့ရွာကို သစ္စာဖောက်ရာကျတာမို့ သိပ်တော့မနိပ်လှဘူး။ ၀ဋံသကာ ဦးရွှေအောင်ရေးတဲ့ ရသစာပေ၏ရသဆိုတဲ့ ကျမ်းထဲမှာ သိင်္ဂါရရသ၏ အန္တရာယ်မှာ ဟဿရသဖြစ်၏လို့ ဆိုထားလေတော့ ဦးဟန်ကြည်ကလည်း ဘလော့ရွာ၏ အန္တရာယ်မှာ ဖွဘုတ်ပင်ဖြစ်လေ၏လို့များ ထွင်လိုက်ရမလားလို့ စဉ်းစားမိပါသေးရဲ့။ သို့ပေမင့် အခုတဂ်ပို့စ်ကိုတောင် ဖွဘုတ်ပေါ်က မိတ်ဆွေဘလော့ဂါတွေ အချင်းချင်း တဂ်ကြပြုကြလို့ ဦးဟန်ကြည်သိရတာဆိုပြန်တော့လည်း အနှီလို သမုတ်ဖို့ မသင့်ပြန်ဘူး။ အနှီတော့ ဘလော့နဲ့ ဖွဘုတ် မျှတညီညွတ်အောင် ကြိုးစားကြရင်း ဦးဟန်ကြည်တို့ ဘလော့ဂါအများစုလည်း ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့ coorperative policy ကို အကောင်အထည်ဖော်ပြီးသား ဖြစ်ပြီမဟုတ်လား။

ကိုင်း…မိတ်ဆွေ ဘလော့ဂါ ဘလော့ဂီအပေါင်းတို့ရေ။ စိတ်ကူးယဉ်ဆိုရှယ်လစ်လူ့ဘောင်ထက် ပိုပီပြင်ပြီး ဒီမိုကရေစီအခြေခံကိုပါ လေ့ကျင့်ခန်းဆင်းပေးနေတဲ့ ဦးဟန်ကြည်တို့ ဘလော့ရွာကြီး ချစ်စရာ မကောင်းပေဘူးလားဗျာ။ ဒီကြားထဲမှာ လူအများနဲ့ ပေါင်းသင်းဆက်ဆံနေရလို့ social skill မိတ္တဗလဋီကာပါ ကျေပြီးသားဖြစ်ရုံသာမက ကိုယ့်ပို့စ်မှာ လာဆဲတဲ့လူတွေကိုလည်း သည်းခံရင်းနဲ့ ခန္တီပါရမီလည်း ဖြည့်ကျင့်ရာ ရောက်ပြန်တာမို့ ဒီဘလော့ဒေးကနေ နောင်နှစ်ပေါင်းများစွာကြာအောင် အွန်လိုင်းအဆင်ပြေသမျှ ကာလပတ်လုံး ဘလော့ဂင်းကြပါစို့လား… ( ရွှေပြည်ကြီးမှာ အင်တာနက်လိုင်းများ ဂျောင်းဂျောင်းပြေး မြန်နှုန်းမြင့်ပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းကြဦးစို့ရဲ့…း)။  

( လွန်ခဲ့တဲ့နှစ်တွေတုန်းက ရေးဖြစ်ခဲ့တဲ့ ဘလော့ဒေးတဂ်ပို့စ်မှာတော့ ရောက်ဖူးတဲ့ ဘလော့တွေအကြောင်း ဘလော့ဂါတွေအကြောင်း စီကာပတ်ကုံးရေးဖြစ်ခဲ့ပေမယ့် ဒီတစ်နှစ်တော့ စာမေးပွဲကာလကြီးဖြစ်နေတာမို့ ကလေးတွေစာမေးပွဲဖြေနေကြတာကို စောင့်ပေးရင်း ခပ်သောသော့ရေးလိုက်တာကြောင့် ဘလော့ညွှန်းမထည့်နိုင်တာ ခွင့်လွှတ်တော်မူကြပါဦး…း)

Monday, 4 March 2013

ချဉ်ပေါင်ခြံကို ကြိုဆိုခြင်း . . .

အချစ်နဲ့ ဟင်းချိုဟာ ပူနေတုန်းပဲ အရသာရှိသတဲ့ . . .

အဘယ်သို့သော ပညာရှိသူတော်ကောင်းက မြွက်ကြားထားခဲ့တဲ့ အဆိုအမိန့်မှန်းတော့ မသိပေါင်ဗျာ။ သို့ပေမင့် စာတစ်တန်ပေတစ်ဖွဲ့နဲ့ မှတ်တမ်းတင်ကျန်ရစ်နေတယ်ဆိုကတည်းက ဦးဟန်ကြည် သာမညောင်ညထက်တော့ ပိုပြီးစွမ်းမှန်း သေချာပြီးသားမို့ ဆရာတင်ပြီး မှတ်ထားလိုက်တာ ခေါင်းထဲမှာလည်း အဆိုအမိန့်ပေါင်း သောင်းခြောက်ထောင်နဲ့ ဗလပွတ်လည်ပြီး ဗလချာကို ရမ်းနေပါရောလား။ ဘာပဲဖြစ်ဖြစ် မရှိတာထက် ရှိတာပိုကောင်းတာမို့ အခုလို အလျဉ်းသင့်တဲ့အချိန်မျိုးကျတော့ အလိုက်သင့် ထုတ်သုံးလိုက်ရုံပ။ အနှီအဆိုအမိန့် မှန်မမှန်ကိုတော့ သည်နေ့ပဲ ပူပူနွေးနွေး အိမ်ထောင်ပြုလိုက်တဲ့ ချဉ်ပေါင်သူဌေး ကိုဘကြိုင်ကို မေးကြည့်ရင် ပိုပြီးအဆင်ပြေမယ်ထင်ရဲ့။ မေးရင်လည်း လူမသိသူမသိ တိုးတိုးတိတ်တိတ် ကြိတ်မေးမှ။ သည်လူကြီးက ကြီးကောင်ကြီးမှ ၀က်သက်ပေါက်ထားတာဆိုပြန်တော့ အနှာမျိုးဆို ဇွတ်ရောအတင်းပါ မဏ္ဍပ်တိုင်တက်ပြနေမှာ သေချာသကိုး။ ရိုးရိုးတန်းတန်းမဖြေဘဲ ကြော်ငြာမင်းသားစတိုင်ဖမ်းပြီး “ ပူပူလေးနဲ့ ကောင်းသဗျ . . . ပူပူလေးနဲ့ ကောင်းသဗျ ” လို့ချည်း စွတ်အော်နေမှ ခက်ခက်ရချေသေး။ ( ယိုသူမရှက် မြင်သူရှက်ဗျနော ကိုချဉ်ပေါင်ခြံကြီး ဟဲ ဟဲ . . .း)

ဦးဟန်ကြည်တို့ ကိုဘကြိုင်ကြီးက ဘလော့ပေါ်မှာတော့ လူချစ်လူခင် အတော်များတာကလား။
 မများနေရိုးလား။ လူပြိုကြီး…လူပြိုကြီးနဲ့ လိုင်စင်ရပုဂ္ဂိုလ်ကြီးကိုး။ သည်ကြားထဲမှာ ခရီးကလည်း ဘာသွားသလဲမမေးနဲ့။ အခုသည်နားမှာ ရှိပေမယ့် ခဏကြာရင် ဟိုနားရောက်ချင် ရောက်နေတတ်တဲ့ ပုဂ္ဂိုလ်ကြီး။ ခပ်ငယ်ငယ်က ကျောင်းစာမှာ သင်ခဲ့ရတဲ့ ဆိုရိုးအတိုင်း “ တစ်ရွာတစ်ကျီဆောက် ” ရရင်တော့ တစ်ပြည်လုံး ချဉ်ပေါင်ခင်းတွေတောင် ဖုံးရချေရဲ့။ မှတ်မှတ်ရရ ချဉ်ပေါင်ခြံကြီး ရွှေမန်းမြို့ရောက်တုန်းရောက်ခိုက် သံယောဇဉ်လွန်းတင်တဲ့ကြိုးတွေဘာတွေ ဖွဲ့မယ်ကြံဟန်တူပါရဲ့။ ပို့စ်တစ်ပုဒ်တောင် မစားရညှော်ခံတင်လိုက်ချေသေးတာကလား။ ဦးဟန်ကြည်တို့ကလည်း အိုဂိုဏ်းဝင်တစ်ယောက် အူလည်လည်နဲ့ တိုးကာမှတိုးရောဆိုတဲ့သဘောနဲ့ အဆင်းမှာ ဘီးဝိုင်းတပ်ပြီး ချောဆီဝိုင်းထိုးပေးလိုက်တာတောင် အနှီပုဂ္ဂိုလ်ကြီးက တုတ်တုတ်မှ ရွေ့တော်မမူတော့ စိတ်ပေါက်ပေါက်နဲ့ နေဟဲ့ဆိုပြီး အချွန်နဲ့မမဘဲ ပစ်ထားလိုက်တာ ကြာပါပေါ့လား။


ချဉ်ပေါင်ခြံကြီးနဲ့ မဒမ်ချဉ်ပေါင်ခြံ အသစ်စက်စက် . . .



အောင်မယ်…လူမစွမ်း နတ်မဆိုတာ တယ်မှန်တာကလား။ ချဉ်ပေါင်ခြံကြီး စွံမယ့်စွံတော့လည်း ဗြုန်းစားဗြင်းစားကြီးဗျား။ ချဉ်ပေါင်ခြံကြီးကို မ-လိုက်တဲ့ နတ်ကတော့ အတော့်ကို စွမ်းဟန်တူရဲ့။ သတင်းသဲ့သဲ့ကြားရတာတော့ ဘိလပ်က သူကြီးမင်း ကိုကိုမောင်နဲ့ မလေးက မင်းဧရာတို့ အနှီနတ်ကြီးဆီသွားပြီး အပူကပ်ဖို့ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ တိုင်ပင်နေကြတယ်ဆိုကိုး။ ဘုန်းဘုန်းတောက် မလေးရောက်နေတုန်းမှာ မင်းဧရာတစ်ယောက် ဘုန်းဘုန်းတောက်ကိုပဲ သွားဖူးသယောင်ယောင်နဲ့ နတ်ကြီးသတင်းကို အချိန်ရတိုင်း ဇွတ်အတင်းစုံစမ်းလွန်းလို့ ဘုန်းဘုန်းတောက်ခမျာ ဗီဇာမကုန်ခင် ကုလားပြည် ပြန်ကြွပြေးပါရောလား။ အနှီမှာပဲ သူကြီးမင်းကိုကိုမောင်လည်း အံမယ် ငှက်ပျောတုံးချင်းအတူတူ သင်းက တစ်ခိုင်ပိုထွက်ချင်ရမလားဆိုတဲ့ ဒေါသတွေ အတုံးလိုက်အတစ်လိုက်ထွက်ပြီး ဘုန်းဘုန်းတောက်ဆီကို သူ့အစ်ကိုတော်ကို အရောက်ကြွခိုင်းပြီး သတင်းနှိုက်ခိုင်းပါလေရော။ လူ့လောကီကို ငြီးငွေ့တော်မူလို့ ဘုရားရိပ်၊ တရားရိပ်မှာ အေးအေးလူလူ သီတင်းသုံးနေတဲ့ အစ်ကိုတော်ဦးပဉ္ဇင်းခမျာ ညီတော်မောင် လူပြိုကြီး နားပူနားဆာတိုက်တာကို ကြားပြင်းကတ်ရှာလို့ ရွှေပြည်ပြန်ကြွမယ် တကဲကဲ လုပ်ပါလေရောတဲ့ အရပ်ကတို့ရေ။ သူရို့က လိုရင်းကို ဒါရိုက်မသွားရဲဘဲ သိုင်းဝိုင်းချဲ့ထွင်ပြီး အပီကြံချင်တဲ့ ထုံးစံကို ဗုန်းမှန်လို့ မပျက်ရအောင် ဖြေးဖြေးလေးလေးကြံစည်နေတုန်းမှာ ရှင်ကြားပူကျွန်းက ကငြိမ်းနိုင်ကတော့ ရွှေပြည်ကြီးမှာ ကျန်ခဲ့တဲ့ ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတွေကို ဖုန်းတဂွမ်ဂွမ်ဆက်ပြီး ချဉ်ပေါင်ခြံကြီးရဲ့ ကျေးဇူးရှင်နတ်ကြီးဆီမှာ အပူကပ်ခိုင်းလိုက်တာ ဘာပြောကောင်းမလဲ စွံချက်ကတော့ ၀က်ဝက်ကိုကွဲရောဆိုပဲ။ သူ့ခမျာ စွံမယ့်စွံပြန်တော့လည်း သူများလို ချောင်းကြည့်ပြုံးပြန်၊ လျှောက်ပြန်သံပေး၊ ခြေအေးဝမ်းရောင် လုပ်စရာမလိုဘဲ အလိမ်မာအိမ်ပါကလေးတစ်ယောက်ကို သူ့အလုပ်ထဲတင်မကဘဲ၊ သူ့အခန်းထဲအထိ အရောက်ပို့ပေးလိုက်တာ ခမျာမှာ ချီးကလူရ သေးကလူရနဲ့ ကံကောင်းလွန်းလို့ ဗိုက်တစ်လုံးနဲ့ ဖိုးကျန်ရစ်မဖြစ်ရှာတာကလား။ မဲ့ဆောက်က ဘလော့ဂါ မောင်မျိုးတစ်ယောက်ကတော့ မဲ့ဆောက်မှာ ဂေါ်ရေးမလွယ်လို့ ဘန်ကောက်ပြောင်းပြီး ဂေါ်ရေးထွင်မယ်ဆိုပဲ။ ဗယ်လင်တိုင်းပြီးကတည်းက လူပြိုကြီးတစ်သိုက် ယောက်ယက်ခတ် လှုပ်ရှားလိုက်ကြတာ ခြေသွက်လက်သွက် ချဉ်ပေါင်ခြံကြီးပဲ စွံခြင်းကြီးဆိုက်သွားတော့ ခမျာများမှာ နေမထိ ထိုင်မသာ ဖြစ်ကြရှာပေမပေါ့လေး)။

သည်တစ်ပတ်အတွင်းမှာတင် ဘလော့ဂါ ချဉ်ပေါင်ခြံကြီးနဲ့ ဘလော့ဂါညီရဲသစ်တို့ တစ်ပတ်အတွင်း ဆက်တိုက်ဆိုသလို အိုဂိုဏ်းဝင်ဖြစ်သွားပြန်တော့ အသက်အစိတ်မှာ ပုခက်မချိတ်ရသေးတာကို တစ်သက်မနိပ်ဘူးရယ်လို့ အကျယ့်အကျယ် မငြိမ်းဖွယ်သောကတွေနဲ့ ဘလော့ဂါအပြိုကြီးတစ်အုပ်ဖြစ်တဲ့ ဒေါ်ချော ( အစိမ်းရောင်လွင်ပြင် )တို့ မိုးငွေတို့ အိုဘားမားတို့တိုင်းပြည်က စန်းထွန်းတို့တစ်သိုက်ခမျာ နေမထိ ထိုင်မသာ ဖြစ်ပြန်ပါလေရော။ အနှီသုံးယောက်ထဲမှာ အပြိုကြီးမိုးငွေ့တစ်ယောက်ကတော့ အိမ်ဂျယ်ခေါင်းစဉ်တပ် ပို့စ်ပေါင်းများစွာနဲ့ ရသေ့စိတ်ဖြေလုပ်နေရာက အနှီလိုပို့စ်တွေရေးနေလို့ပဲ ကျိန်းကျေဟန်တူရဲ့ဆိုတဲ့ စိတ်ကူးနဲ့ အိန်တောင်ဆက်မဂျယ်တော့ဖို့ အကြံဖြစ်သွားတယ်ဆိုလား။ စန်းထွန်းတစ်ယောက်ကတော့ လွန်ခဲ့တဲ့လထဲမှာပဲ ချစ်သူရဲ့မြို့တွေဘာတွေနဲ့ ကဗျာဆန်ဆန်ပို့စ်တွေရေးပြီး ကျွတ်တန်းဝင်ဖို့ စိတ်ကူးဟန်တူရဲ့။ သို့ပေမင့် ဂျိုးဂျိုးဂျိမ်းဂျိမ်း ခြိမ်းချင်တိုင်း ခြိမ်းပေမင့် တစ်ပေါက်နှစ်ပေါက် စိတ်ကူးပေါက်မှ ရွာတတ်တဲ့ မိုးသဘာဝကို နောကျေပြီးသား ဦးဟန်ကြည်ကတော့ အနှီပို့စ်ကိုဖတ်ပြီး ချဉ်ပေါင်ခြံကြီးတုန်းကလို ဘီးတပ်ပေးဖို့တောင် ယောင်လို့ စိတ်မကူးခဲ့ပေါင်ဗျာ။ သည်အပြိုကြီးနှစ်ယောက်ကမှ စိတ်ကူးဖဲရိုက်စရာ ရှိသေးရဲ့။ တစ်ပို့စ်မှာမှ အိုနံ့မရတဲ့ အစိမ်းရောင်လွင်ပြင်ကြီးကျမှ ခက်ပါလေရော။ ဦးဟန်ကြည်တို့ရဲ့ အိုဂိုဏ်းတော်မြတ်ကြီးထဲကို ၀င်ခွင့်ရဖို့ဆိုတာ တော်ရုံသတ္တိနဲ့ ဘယ်ရလိမ့်တုန်းး)။ ဖဘပေါ်က မခိုင်လုံ အတင်းရပ်ကွက်ကရလာတဲ့ အတည်မပြုရသေးတဲ့ အတင်းတစ်ပုဒ်မှာတော့ အနှီအပြိုကြီးတွေကလည်း ချဉ်ပေါင်ခြံကြီးရဲ့ မင်္ဂလာဆောင်မှာ မင်္ဂလာဆုတောင်းရေးသယောင်ယောင်နဲ့ ချဉ်ပေါင်ခြံကြီးကို မ-လွှတ်လိုက်တဲ့ နတ်ကြီးအကြောင်း စုံစမ်းကြရှာတယ် ဆိုပဲ။

ဘိလပ်မှာ ဦးရီးတော်ဆီက ပြိုတရားချည်းလှိမ့်နာနေရတဲ့ မေဓာဝီကတော့ တရားပေါက် တစ်ယောက်ပါးပြီး ချဉ်ပေါင်ခြံကြီး စွံတဲ့သတင်းလည်းရရော တစ်ယောက်မှ ဈေးဦးမပေါက်သေးတဲ့ ပြိုဂိုဏ်းဝင်ဖြစ်ရတာ စိတ်နာလွန်းရှာလို့ ယောဂီဝတ်မယ်ချည်း တကဲကဲလုပ်နေပါရောလား။ ရှိစုမယ့်စု တူမလေးတစ်ယောက်ကို အားကိုးရအောင် ပြိုတရားစွတ်ဟောမိတဲ့ ဦးရီးတော်ခမျာ တူမဖြစ်သူကို အိုတရားပြောင်းဟောဖို့ စိုင်းပြင်းနေတယ်ဆိုလား။ ဆိုက်ပရပ်စ်က အဖြူရောင်နတ်သမီးကတော့ သည်လကုန်ရင် ရွှေပြည်ကြီးပြန်ရမယ်ဆိုတော့ ချဉ်ပေါင်ခြံကြီးဆီမှာ ဆေးနည်းသွားတောင်းဖို့ အဆင်သင့်လိုက်လေဆိုတဲ့ စိတ်ကူးနဲ့ ဖရဏာပီတိ ဂွမ်းဆီထိပြီး အချစ်တော် ဘေဘီကြောင်ကို လွှင့်ပစ်မယ် တကဲကဲလုပ်နေလို့ ဘေဘီမခမျာ အတင်းဖက်ထားရရှာတယ်ဆိုလား အရပ်ကတို့ရေ။

ချဉ်ပေါင်ခြံကြီးကမှ ပူတုန်းလေး ရှလူးစရာ လက်ငင်းရှိသွားပေမင့် မူးလို့တောင် ရှူစရာမရှိရှာတဲ့ ဘလော့ဂါ၊ ဘလော့ဂီ အပြိုကြီး၊ လူပြိုကြီးတွေကို သနားကရုဏာသက်ပြီး စွံဆေးကြီးဖော်ပေးချင်ပေမယ့်လည်း ခမျာများမှာ တစ်သက်လုံး ထိန်းလာတဲ့ ဣနြေ္ဒသိက္ခာကြီးတွေ တစ်ပိဿာခွဲလောက်နဲ့ အိုက်တင်ခံလွန်းနေပြန်တော့လည်း အခက်သားကလား။ အနှီအုပ်စုထဲမှာ ဟိုဆေးလုံး သည်ဆေးလုံးတွေ အဖော်အစပ်ကျွမ်းတဲ့ သူကြီးမင်းကတော့ သူစုထားတဲ့ ဆေးကျမ်းတွေထဲမှာ အိုဆေးမပါလို့ အတော်ဒေါဖောင်းနေတယ်ဆိုပဲ။ ခက်တာက ဆေးဘယ်လောက်စွမ်းစွမ်း လူကလည်း ရဲရဲဝံ့ဝံ့ ရှိဦးမှ။ ဘာကြောင့်လဲဆိုတော့ ကုန်းဘောင်ခေတ်လောက်မှာ ရည်းစားကို “ ရဲဇား ” လို့ ခေါ်ကြသကိုး။ ရဲတဲ့လူမှပဲ အဆင်ပြေမယ်လို့ ဆိုလိုတာကြောင့် ဘလော့ဂါ လူပြိုကြီးများကတော့ ရွှေပြည်ကြီးကို အားချင်းပြန်လာပြီး ရဲထဲဝင်ကြမယ်ဆိုလား။ ဘလော့ဂီ အပြိုကြီးတစ်သိုက်ကတော့ စတိုင်ထွား၊ စတားဖြစ်ပြီး မလိုင်ပွား၊ သကြားဖြစ်စေဖို့ ဂျာရစ်ဒိုးကန်ဆီမှာ မော်ဒယ်လျှောက်နည်း သင်တန်းတက်ဖို့ စာရင်းပေးကြတယ်ဆိုလား အရပ်ကတို့ရေ။ သို့ပေမင့် စိန်ဂျာရစ်က အခုတလော ရွှေပြည်ကြီးရဲ့ ပထမဆုံးသော မော်ဒယ်လျှောက်ပွဲကြီးကို ကြည့်မိပြီး မော်ဒယ်လောကကို စိတ်ကုန်နေတာကြောင့် သင်တန်းပေးဖို့ ကိစ္စကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတယ်လို့ ကြားရတာပါပဲ။

ပြိုဂိုဏ်းဝင်တစ်အုပ် အနှီလို အုံးအုံးကျွက်ကျွက်နဲ့ ခြေပုန်းရော၊ လေပုန်းပါခုတ်နေကြတုန်းမှာ ချဉ်ပေါင်ခြံကြီးက သွားပါများ ခရီးရောက်ဆိုတဲ့ ပို့စ်ကြီးတစ်ပုဒ်ကို ပြိုဂိုဏ်းဝင်တွေကို နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့ တင်လိုက်ပြန်တော့ ရောဂါက ပိုသည်းပြန်ပါလေရော။ ချဉ်ပေါင်ခြံကြီး လုပ်ပုံကလည်းကြည့် “ သွားပါများ ခရီးရောက် ” ဆိုတဲ့ သူ့ခေါင်းစဉ်ကြီးကို အနက်ဖွင့်ရင် သူသွားလိုက်တာ ယောက္ခမအိမ်တန်းရောက်တယ်ဆိုတဲ့ အထာကြီးနဲ့ကိုး။ အနှီမှာတင် ပြိုဂိုဏ်းဝင်တစ်အုပ် ပေါက်ကွဲပြီး “ ဘာသွားပါများ ခရီးရောက်လဲ … ချဉ်ပေါင်ခြံကြီးပဲ ခရီးရောက်ပြီိး တို့များကျတော့ သွားပါများ ခြေထောက်ညောင်း ဖြစ်ကျန်ရစ်တာ ဘာသဘောလဲ … ညာသဘောလဲ ” နဲ့ ၀ိုင်းပြီးကောလိုက်ကြတာ မဒမ်ချဉ်ပေါင်ခြံ အသစ်စက်စက်ကလေးက တောင်းပန်ယူရတယ် ဆိုသကိုး။ မဒမ်ချဉ်ပေါင်ခြံက တောင်းပန်ပေးလို့ ကြေအေးမယ်မကြံသေးဘူး ချဉ်ပေါင်ခြံကြီးက “ တွေ့လား တို့များက အနှီလို ပိုင်တာ ” ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ခပ်ဖိန့်ဖိန့်ကြီး လုပ်နေလိုက်တာမှာ အိုဂိုဏ်းဝင်လက်သစ်ဖြစ်ကာရှိသေး ပြိုဂိုဏ်းကို ခြေစုံကန်ရသလားဆိုတဲ့ ပုဒ်မတပ်ပြီး ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ်လို့ ၀ိုင်းလာလိုက်ကြတာ မင်္ဂလာဆောင် အားပေးရအောင် အသင့်ရောက်နေတဲ့ အန်တီတင့်က တရားချမှပဲ ပြိုဂိုဏ်းဝင်တစ်အုပ် ခပ်ကုပ်ကုပ် တပ်ဆုပ်ခဲ့ရပါလေရောတဲ့။

အနှီလို တပ်ဆုပ်လာတဲ့ ပြိုဂိုဏ်းဝင်တစ်သိုက်ထဲမှာ ဘိလပ်က သူကြီးမင်း ကိုကိုမောင်က ချဉ်ပေါင်ခြံကြီး သူရို့ပြိုဂိုဏ်းကို အခုလို ခြေစုံကန်တာ အိုဂိုဏ်းသား ဦးဟန်ကြည် ချွန်တွန်းလုပ်တာပဲ ဖြစ်ရမယ်လို့ အစထောင်လိုက်တော့ နဂိုကတည်းကမှ ငှက်ပျောတုန်းကို မျက်စောင်းထိုးနေရတဲ့ သူရို့ဘ၀ကို စိတ်အနာကြီးနာပြီး မည်းမည်းမြင်ရာကို တရားခံလုပ်ချင်နေတဲ့ ဂိုဏ်းသားတစ်အုပ် ဦးဟန်ကြည် မည်းမည်းကြုတ်ကြုတ်ကို အလဲအကွဲအုပ်ဖို့ ချီတက်လာကြပါလေရောလား။ ( အမှန်ကတော့ သူကြီးမင်းက လူလည်ကျလွှတ်လိုက်တာကလား…တောသားချင်းအတူတူ ရိုင်းရိုင်းပင်းပင်းမရှိဘဲ သူ့ကိုတော့ ဘေးဖယ်ပြီး ချဉ်ပေါင်ခြံကြီးကိုပဲ အိုဂိုဏ်းထဲဆွဲသွင်းရပါ့မလားလို့ မကျေမချမ်းဖြစ်နေတာနဲ့ ရောပြီးနှိပ်ထည့်တာရယ်း)


ဟော…ပြောရင်းဆိုရင်း ပြိုဂိုဏ်းဝင်တစ်အုပ် ဦးဟန်ကြည်တောခိုနေတဲ့ ဖုန်ပဒေသာမြို့ကို အရောက်လာဖို့ ဗီဇာလျှောက်နေကြပြီမို့ အန်တီတင့်ရေ…တစ်ပြည်တစ်ရွာရောက်နေပေမယ့် ညီလာရင်ကြောက်စရာကောင်းတဲ့ အနှီပြိုဂိုဏ်းသားတွေကို အပီသာဟောက်လွှတ်ပေးတော်မူပါဦးဗျားး)။     ။


ရည်ညွှန်းလွှာ . . .

၂ . .၃. ၂၀၁၃ ( စနေနေ့ ) မှာ မဒမ်ချဉ်ပေါင်ခြံအသစ်စက်စက် မသန်းထွဋ်စိုးကို လက်ချင်းတွဲပြီး ဦးဟန်ကြည်တို့ရဲ့ အိုဂိုဏ်းတော်ကြီးထဲကို ဆိုင်းမဆင့်ဗုံမပါ ဇွတ်အတင်းဝင်လာပါတဲ့ ကိုဘကြိုင် ( ချဉ်ပေါင်ခြံ ) ရဲ့ မင်္ဂလာဆောင်အတွက် ဘလော့ဂါ၊ ဘလော့ဂီ ပြိုဂိုဏ်းဝင်များကို ပိန္နဲပင်ခလုတ်တိုက်ထားတဲ့ တောင်မလွတ်မြောက်မလွတ်ပို့စ်နဲ့ လက်ဖွဲ့လိုက်ပါသဗျား…ကလောင်သွားမှာ အချောင်ကားသွားတဲ့ ဘလော့ဂါ၊ ဘလော့ဂီအပေါင်းတို့ကလည်း ဆန်စဉ်ရာ ကျည်ပွေ့လိုက်သွားတဲ့ ဦးဟန်ကြည်ကို ခွင့်လွှတ်တော်မူကြပါဦး…
 သည်လင်သည်မယား
 စိတ်ထားညီတူ၊ ဖေးကူလက်တွဲ
ချစ်ခြင်းမြဲမြံ၊ သစ္စာရံပြီး
သမီးအစိတ်၊ မြေးတစ်ကျိတ်ကျော် ရစေသော်ဝ်း)



ပို့စ်ခေါင်းစဉ်ကို “ ချဉ်ပေါင်ခြံထဲ သန်းဝင်ခြင်း ” လို့ တပ်ရင်ကောင်းမလား စဉ်းစားလိုက်မိပါသေးရဲ့…အနှီလိုသာ တပ်လိုက်မိရင် ချဉ်ပေါင်ခြံကြီးရဲ့ ချစ်စွာသော သန်း ( မသန်းထွဋ်စိုး ) က ဦးဟန်ကြည်ကို ဒေါသတွေ အချောင်းလိုက်ထွက်ပြီး ကလေးကင်ပွန်းတပ်ကျရင် လာအားပေးမယ့် ဦးဟန်ကြည်ကို ကျည်ပွေ့နဲ့ဆော်လွှတ်လိုက်မှာ တွေးကြောက်မိတာကြောင့် “ ချဉ်ပေါင်ခြံကို ကြိုဆိုခြင်း ” လို့ စားကောင်း၊ သောက်ကောင်းတဲ့ ခေါင်းစဉ်တပ်ပေးလိုက်ပါကြောင်း…း)

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger