Showing posts with label သင်ထောက်ကူ. Show all posts
Showing posts with label သင်ထောက်ကူ. Show all posts

Wednesday, 30 October 2013

မေတ္တာသွန်းဖြိုး . . . ပန်းပျိုးစေ . . .

ရက်ကိုလစား၊ လကိုနှစ်စားပြီး
 ပြက္ခဒိန်တွေတစ်ခုပြီးတစ်ခု ပြောင်းချိတ်ရင်းနဲ့ပဲ ဦးဟန်ကြည်ရဲ့ ပညာရေးလုပ်သားလုပ်သက်ကလေး ဆယ်စုနှစ်တစ်ခုတောင် အတော်စွန်းလာပါပကောလား။
 
 သည်လောက၊ သည်ကလေး၊ သည်မိဘတွေနဲ့ လုံးလည်ချာလည်လိုက်ပြီး နိစ္စဓူဝ ဖြတ်သန်းကုန်လွန်နေရင်း လူမှုရေးမေ့၊ နိုင်ငံရေးမေ့၊ လူမျိုးရေးမေ့နဲ့ အမေ့ကောင်းကြီးမေ့နေလိုက်တာ ကိုယ့်ခေါင်းပေါ်မှာ ဆံပင်အနက်တွေ မရှိသလောက်ရှားနေတာကိုတောင် မနေ့တစ်နေ့ကမှ နောက်စေ့ရှေ့မှာမှန်တစ်ချပ်ထောင်ပြီး မျက်နှာမူထားတဲ့မှန်တစ်ချပ်ထဲကနေ စစ်စစ်ပေါက်ပေါက်ကြည့်မိတော့မှပဲ သတိထားမိတော့တဲ့အထိ။ ဖတ်သမျှစာဆိုတာကလည်း ပညာရေးနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်း၊ လေ့လာသမျှပညာကလည်း ပညာရေးနဲ့ပတ်သက်တဲ့ပညာ၊ ခေါင်းထဲမှာထည့်ထားတဲ့အတွေးကလည်း ပညာရေးဆိုင်ရာအတွေးအခေါ်တွေ၊ မက်လိုက်တဲ့အိပ်မက်ကလည်း ပညာရေးအိပ်မက်တွေချည်းပဲဆိုတော့ ဦးဟန်ကြည်ခမျာ ပညာရေးကလွဲလို့ ကျန်တဲ့နေရာတွေမှာ နလပိန်းတုံး ဖြစ်မှန်းမသိကို ဖြစ်ပါလေရော။ တတ်နိုင်ဘူး ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်လို့ ဆိုရိုးကလည်း အရှိသားမဟုတ်လား။ သဲတိုင်အောင်ငုပ်ဆိုလို့ ဦးဟန်ကြည်တို့ ငုပ်ချက်ကတော့ ပညာရေးဘ၀အစမှာ စားစရာမရှိလို့ ထမင်းနှစ်ရက်ငတ်ပြီး လင်မယားနှစ်ယောက် ရေသောက်ဗိုက်မှောက်နေရတဲ့အထိ။ သို့ပေမင့် အခုအချိန်အထိ အဖျားမရောက်သေးတာကတော့ ဦးဟန်ကြည် မတက်နိုင်လို့လို့ပဲ ပြောရမှာပါ့လေ။

သိုပေမင့် ဦးဟန်ကြည် ဂဏန်းမျိုးကလည်း အဖျားရောက်ခြင်း၊ မရောက်ခြင်းကို ခေါင်းထဲထည့်တဲ့လူမှ မဟုတ်ဘဲ။ ကိုယ်စွမ်းသလောက်၊ ကိုယ်တတ်သလောက်ကိုယ်လုပ်နေရရင် ကျေနပ်တဲ့လူစား။
 ကိုယ်မှန်တယ်ထင်တာကိုယ်လုပ် ပတ်ဝန်းကျင်ကို အရေးမလုပ်တဲ့လူစား။ အနှီတော့လည်း ကိုယ့်တရားကိုယ် စီရင်ပြီး ကိုယ့်ကလေးတွေနဲ့ကိုယ် ပျော်ရွှင်နေရတာကိုက လောကစည်းစိမ်ဖြစ်ပြီးသား။ အနှီ ဦးဟန်ကြည်ရဲ့ ကလေးတွေဆိုတာကလည်း အများအမြင်မှာ လူဆိုး၊ လူသွမ်း၊ လူသရမ်းကလေးတွေက ခပ်များများ။ မိဘများကလည်း လူဆိုးထိန်းဦးဟန်ကြည်ကို အတော်အထင်ကြီးကြဟန်တူပါရဲ့။ ကျောင်းသားတစ်ယောက် လာအပ်ပြီဆိုတာနဲ့ မိဘလုပ်တဲ့လူက “ ဆရာ…ကျွန်မသားသမီးကို ရိုက်သာရိုက်ဆရာ…မကျိုးမကန်းရင်ပြီးတာပဲ…ဒီကောင်တွေက အနှီလို ရိုက်ပေးမှ မှတ်တာ… ” လို့ကို အင်တိုက်အားတိုက် ပြောတော့တာကိုး။ ဘယ့်နှာ သည်လူတွေ ခက်လည်းခက်ပါရဲ့။ သူရို့က ဆရာဆိုတဲ့ ပုဂ္ဂိုလ်ကို ကြေးစားလူမိုက်များ ထင်နေရော့သလား မသိပေါင်ဗျာ။ ဦးဟန်ကြည် စိတ်ကောင်းဝင်နေတဲ့အချိန်မှာတော့ ပြုံးနေလိုက်ပေမယ့် နှာတင်းနေတဲ့အချိန်မျိုးနဲ့ ဆုံလို့ကတော့ “ ဟ…ခင်ဗျားတို့က ကျုပ်ကို လူမိုက်ငှားတာလား…မပူနဲ့ လိုအပ်ရင် ဆုံးမမယ်…အလကားသက်သက် ရိုက်နေရအောင်ကတော့ ဦးဟန်ကြည် လူမိုက်မဟုတ်လို့ သည်းခံပေရော့… ” လို့ ဘုနှိပ်မိပါလေရော။ 

ဘာပဲဖြစ်ဖြစ် ဆိုးလှ ရမ်းလှပါတယ်ဆိုတဲ့ သူရို့သားသမီးတွေဟာ ဦးဟန်ကြည်ဆီမှာတော့ လိမ္မာလိုက်၊ ယဉ်ကျေးလိုက်ကြတာများ သူရို့မိဘကို ပြန်ပြောရင် ခမျာများမှာ သူရို့သားသမီးအကြောင်းကြားရတာတောင် သူရို့နားကို သူရို့မယုံတဲ့အထိ။ ပြောမယ်ဆိုလည်း ပြောစရာ။ ကိုယ့်ကလေးတွေကလည်း အိမ်မှာလည်းဆိုး၊ လမ်းမှာလည်း တစ်စက်ကလေးမှ မကောင်းကြတာလေးတွေချည်း။ အနှီတော့ တစ်ချို့မိဘတွေက ဦးဟန်ကြည်ကိုမေးပါသဗျား။ သူရို့ကလေးတွေက သူရို့ဆီမှာ ဘာကြောင့်ဆိုးပြီး ဆရာ့ဆီမှာ ဘာကြောင့်လိမ္မာကြသလဲပေါ့။ ဦးဟန်ကြည်ကတော့ “ ဟ…ခင်ဗျားတို့က သူရို့ကို လူဆိုးလို့ သတ်မှတ်ထားတာကိုး…အနှီတော့ ဆိုးပြမှာပေါ့…ကျုပ်ဆီမှာ သူရို့ကို လူလိမ္မာလို့ သတ်မှတ်ထားတော့ လိမ္မာကြတာ မဆန်းပေါင်ဗျာ ” လို့ ခပ်ပြုံးပြုံးဖြေတာပါပဲ။ သို့ပေမင့် သည်ဘက်နယ် သည်ဘက်ဒေသက မိဘဆိုတာကလည်း ငွေကလွဲပြီး ကျန်တဲ့အကြောင်း ခေါင်းထဲမသွင်းတာများလေတော့ ကလေးစိတ်ပညာတွေ၊ လူမှုရေးသိပ္ပံတွေ ဘယ်သိလိမ့်တုန်း။ အနှီတော့လည်း ဦးဟန်ကြည်ပြောသမျှကို နားလည်ချင်ယောင်ဆောင်ပြီး ခေါင်းလေးတညိတ်ညိတ်နဲ့ အသာပြန်လစ်သွားကြတာတွေချည်း။

စဉ်းစားကြည့်လေ။ ဦးဟန်ကြည်တွေးသလို လူပြိန်းတွေးပဲတွေး။ လူဆိုတာ ကိုယ့်ကို ကောင်းတယ်လို့သတ်မှတ်တဲ့လူရှေ့မှာပဲ ကောင်းပြချင်မှာပေါ့။ ကိုယ်ဘာလုပ်လုပ် အဆိုးချည်းမြင်နေတဲ့လူရှေ့မှာ ဘယ်လိုလုပ်ကောင်းပြချင်မှာလဲ။ ဟာကွာ…သည်လူကြီးရှေ့မှာ ဘာပဲလုပ်လုပ် တစ်ကွက်မှအကောင်းမမြင်ဘဲ ငါလုပ်ချင်ရာလုပ်တာပဲအေးပါတယ်လို့ သောက်ညင်ကတ်ကတ်နဲ့ ရှိရင်းစွဲထက်တောင် ပိုပြီးဆိုးပြချင်ကြသေးတာ သဘာဝ။ “ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနဲ့ယှဉ်၊ ရှေးရှုနှင်လော့ ” ဆိုတဲ့ မဃဒေ၀လာ အမှာစကားဆိုတာ အပြောလွယ်သလောက် အင်မတန်မှ အလုပ်ခက်တာကလား။ ဦးဟန်ကြည်တို့လို အထိုက်အလျောက် စာလေးပေလေး မတောက်တခေါက် ဖတ်ထားတဲ့လူတောင် ကိုယ့်ကိုယ်မဲ့ပြရင် ပြန်ပြုံးပြဖို့ထက် ပြန်မဲ့မပြဖြစ်အောင် အကြိတ်အနယ် ကြိုးစားနေရတာ ကိုယ်တိုင်သိ။ အနှီတော့ မနေ့တစ်နေ့ကမှ လူဖြစ်လာကြတဲ့ စာသင်သားအရွယ် လူမမယ်လေးတွေကို ဘယ်သို့ဘယ်ပုံ ဆက်ဆံပေးရမယ်ဆိုတာ အသိသာချည်း။ ဦးဟန်ကြည်ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ပတ်ဝန်းကျင်စကားကို နားအယားခံပြီး ခေါင်းထဲအ၀င်မခံတဲ့လူစားဖြစ်နေတော့ အဆင်ကိုချောလို့။ 

ကလေးတစ်ယောက် လာအပ်လို့ သူရို့မိဘက သူရို့ကလေး ဘယ်လောက်ဆိုးကြောင်း၊ တေကြောင်း၊ လေကြောင်း ပြောရင်လည်း ခေါင်းထဲမထည့်။ ပတ်ဝန်းကျင်မှာ အနှီကလေး ဘယ်ရွေ့ဘယ်မျှ သောင်းကျန်းကြောင်း သတင်းတွေကိုလည်း စိတ်မ၀င်စား။ ဘယ်လောက်တော်ကြောင်း၊ လိမ္မာကြောင်း ပြောနေရင်လည်း ရင်မခုန်။ ဘယ်ကလေးကိုမဆို မြင်ကတည်းက သဘာဝအခြေအနေ ( Natural state ) မှာ ထားလိုက်ပြီးသား။ တစ်နည်းအားဖြင့် သည်ကလေးကို အရည်အသွေးပြဂရပ်မှာ “ သုညမှတ် ” ပေါ်တင်ထားလိုက်တဲ့သဘော။ သူရို့လေးတွေကို ကောင်းကောင်းမွန်မွန်၊ ချိုချိုသာသာ ပြောဆိုဆက်ဆံ၊ နွေးနွေးထွေးထွေး ကြိုဆိုဖို့ဆိုတာ ဦးဟန်ကြည်ရဲ့အလုပ်။ သည်အလုပ်ကလည်း ထူးဆန်းတာမှမဟုတ်ဘဲ။ အထိုက်အလျောက် အသိပညာလေးရှိရင်တောင် လူတစ်ဖက်သားကို ကြီးငယ်မဟူ တန်ဖိုးထားပြီး ယဉ်ယဉ်ကျေးကျေး ချေချေငံငံဆက်ဆံရမယ်ဆိုတာ သိပြီးသားချည်း။ အနှီတော့ ကိုယ့်ရှိရင်းစွဲအကျင့်အတိုင်းပဲ သည်ကလေးကို ဆက်ဆံလိုက်ရုံ။ ကိုယ့်ဘက်က ကောင်းနိုင်သမျှကောင်း၊ အနှီအပေါ်မှာ ကလေးရဲ့တုံ့ပြန်မှုကို အကဲဖြတ်ပြီး သူ့ရဲ့အရည်အသွေးပြဂရပ်မှာ အပေါင်းပြချင်ပြ၊ အနုတ်တပ်ချင်တပ်။ အပေါင်းပြတယ်ဆိုရင် မူလလမ်းစဉ်အတိုင်းဆက်သွား။ အနုတ်တက်လာရင် ဆရာ့ဘက်က လိုအပ်တာပြင်။ လုပ်ထုံးလုပ်နည်းက ငှက်ပျောသီးအခွံနွှာတာထက်တောင် လွယ်သေး။

ဦးဟန်ကြည်ရဲ့အတွေ့အကြုံအရပြောရရင် သည်ဘက်ခေတ်ကလေးတွေဆိုတာ မိဘတို့၊ ဆရာတို့က ကောင်းကောင်းမွန်မွန် တန်ဖိုးထားပြီး ဆက်ဆံပေးလိုက်ရုံနဲ့တင် ခမျာများ ပျော်လွန်း၊ ၀မ်းသာလွန်းလို့ လိမ္မာနိုင်သမျှ အစွမ်းကုန် လိမ္မာလိုက်ကြတာမှ အားနာစရာတောင် ကောင်းနေပါရော။ ပုစ္ဆာကလေးတစ်ပုဒ်လောက် မှန်အောင်တွက်နိုင်လို့ “ ဟ…ငါ့တပည့် အတော်ဟုတ်လာပြီပဲ ” လို့ တစ်ခွန်းသာ ပြောလိုက်။ ဘယ်လောက်ခက်တဲ့ပုစ္ဆာမဆို မရမချင်း ဇွဲခတ်ပြီး တွက်တော့တာကလား။ ကျောင်းကိုအမြဲတမ်းနောက်ကျမှလာတတ်တဲ့ကလေးတစ်ယောက် တစ်ရက်လောက် ကျောင်းချိန်မီအောင်ရောက်လာရင် လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်။ သည်ကလေး နောက်ရက်တွေမှာ တတ်နိုင်သလောက်တော့ ကျောင်းချိန်မီအောင် ကြိုးစားတော့တာချည်း။ လူပဲ၊ ကိုယ့်ကိုယ် အကောင်းမြင်တဲ့လူရှေ့မှာ ဘယ်သူက အဆိုးဖြစ်ချင်မှာလဲ ဟုတ်ဘူးလား။ တကယ်ဆို ဦးဟန်ကြည်တို့ လုပ်ရမယ့်အလုပ်က သူ့လုပ်ရပ်ကောင်းကလေးတွေကို တွေ့အောင်ရှာပြီး ချီးမွမ်းပေးရုံ။ စဉ်းစားကြည့် အလကားမတ်တင်းရတဲ့ လေကလေးစိုက်ထုတ်လိုက်ရုံ၊ အပြုံးကလေးတစ်ပွင့် ပေးလိုက်ရုံကလေးနဲ့တင် ကလေးတစ်ယောက်ရဲ့ဘ၀ ဘယ်လောက်အထိ ပြောင်းလဲသွားနိုင်တယ်ဆိုတာ။ အလကားမတ်တင်းရတဲ့ အပြုံးကလေးတစ်ပွင့် ချီကျူးစကားလေးတစ်လုံးတောင် မသဒ္ဓါဘဲ မပေးချင်၊ မပေးနိုင်ရင်တော့လည်း မိဘမလုပ်၊ ဆရာမလုပ်ဘဲ နေကြတာ တိုင်းပြည်အတွက် အကျိုးရှိမယ်ထင်ပါရဲ့။

ဦးဟန်ကြည်တို့တစ်တွေ သည်အသက်သည်အရွယ်ရောက်လာကြပေမယ့် ပြန်စဉ်းစားကြည့်ရင် ကျောင်းသားအရွယ်၊ ကျောင်းသားဘ၀ကို ဖြတ်သန်းဖူးကြတဲ့လူတွေချည်း။ ကိုယ်ကျောင်းသားဘ၀တုန်းက ကိုယ်လေးစားတဲ့ဆရာတွေရဲ့ မျက်နှာတွေပြန်မြင်ယောင်ကြည့်၊ သူရို့လုပ်ရပ်တွေပြန်စဉ်းစားကြည့်။ သေချာတာတစ်ခုကတော့ ကိုယ်လေးစားတဲ့ ဆရာတွေအားလုံးဟာ ကိုယ့်ကိုအရေးတယူပြု၊ အလေးဂရုထားပြီး လူရာသွင်းတဲ့ဆရာတွေချည်း ဖြစ်နေတာ သတိထားမိကြပါလိမ့်မဗျား။ လူရာသွင်း၊ အရာပေး၊ အရေးတယူပြုခံရတယ်ဆိုတာ ကလေးဘ၀မှာ အလိုချင်ဆုံး ဆုလာဘ်ကြီး။ ဒါတင်ဘယ်ကလိမ့်တုန်း အိုကြီးအိုမ သေမင်းပြည် ခြေတစ်ချောင်းလှမ်းနေတဲ့အရွယ်တွေတောင် သူရို့ကို အရာပေး၊ အရေးတယူလုပ်တာ ကြိုက်တတ်ကြသေးတာကလား။ အနှီတော့ ကိုယ့်သားသမီးက ကိုယ့်ကိုမြတ်နိုးလေးစားတာ လိုချင်ရင်၊ ကိုယ့်တပည့်က ကိုယ့်ကိုချစ်ခင်ကြည်ညိုတာ ခံချင်ရင် ကိုယ့်ကလေးတွေကို အရာပေး၊ အလေးထားပြီး ဆက်ဆံရုံပေါ့။ ကိုင်း…အနှီလောက်လွယ်တဲ့ နည်းဗျူဟာ ဘယ်မှာရှိလိမ့်တုန်း။ သူရို့ပြောတဲ့စကားလေးတွေကို အလေးတယူနားထောင်၊ သူရို့ရင်ဖွင့်တာတွေကို ခံစားပေး၊ သူရို့အတွေးတွေကို မျှဝေ၊ သူရို့ခံစားချက်တွေကို နားလည်ပေးလိုက်ရင် ကလေးတစ်ယောက် ဘယ်လောက်ပျော်သွားတယ်ဆိုတာ ကိုယ်တွေ့ကြုံဖူးမှ သိကြမှာပ။

 သေချာစဉ်းစားကြည့်ရင် သည်ဘက်ခေတ် ကလေးတွေခမျာ သနားစရာ။ “ အိမ်နေ အဖေရိုက်၊ ကျောင်းလေ ဆရာရိုက်၊ လမ်းနေ ပုရွက်ဆိတ်ကိုက် ” ဆိုတဲ့ ဘ၀မျိုးတွေ ခပ်များများ။ သည်ကြားထဲမှာ ကျောင်းကတစ်မျိုး၊ ကျူရှင်ကတစ်သွယ်၊ မိဘကတစ်ဖုံ အချင်းချင်း Cooperate မလုပ်ဘဲနဲ့ ကိုယ်ထင်ရာကိုယ်စိုင်းပြီး သင်ချင်ရာသင်၊ ပေးချင်တဲ့စည်းကမ်းပေးလွှတ်ကြပြန်တော့ ကလေးခမျာ “ ကမ္ဘာကြီးသည် ကျောင်းတွင်လုံး၍ အိမ်တွင်ပြားပါသည် ” လုပ်နေကြရတာ ဦးဟန်ကြည် ရင်နာလို့မဆုံး။ သြော်…ရွှေပြည်ကြီးများ တရားကျဖို့လည်းကောင်းပါရဲ့။ ကလေးတွေကို ပြုစုပျိုးထောင်ပေးရမယ့် တာဝန်တူ၊ ရည်ရွယ်ချက်ချင်းတူကြတဲ့ ပညာရေးဝန်ထမ်းအချင်းချင်းတောင် ပူးပေါင်းဆောင်ရွက်ချင်စိတ်မရှိကြဘဲနဲ့များ လူတန်းစားအားလုံး ပူးပေါင်းကြိုးစားမှုကို ရှေ့တန်းတင်ထားတဲ့ Democracy ဆိုတာကြီးကို သွားဖြဲနားဖြဲအော်တောင်းနေကြတာ သနားဖို့တောင် ကောင်းသေးတော့။ ဒီမိုကရေစီဆိုတာ သူများပေးတိုင်းရတယ်လို့များ ထင်နေကြရော့သလားမသိ။ ရှိစေတော့…ရှိစေတော့ ဆန်စဉ်ရာ ကျည်ပွေ့လိုက်နေရရင်လည်း ကိုယ့်ကိုယ်ကိုကအစထားပြီး ဆဲခန်းဖွင့်ရတာနဲ့တင် ဆုံးခန်းတိုင်မယ်မထင်တာကြောင့် ကလေးတွေဘက်ပဲ ပြန်လှည့်ကြဦးစို့။

ကလေးတွေကို အရာပေးပြီး အရေးတယူပြုရမယ်ဆိုတော့ အနှီအကလေးတွေကို ခေါင်းပေါ်ရွက်ထားပြီး ဖူးဖူးမှုတ်ရမယ်လို့လည်း မထင်လေနဲ့ဦး။ လူရာသွင်းတယ်ဆိုတာ ဖားတာနဲ့ မဆိုင်ရေးချမဆိုင်။ ပိုက်ဆံရှိတဲ့ကလေး၊ စာတော်တဲ့ကလေးကို ဦးစားပေးပြီး ဆက်ဆံတာမျိုး၊ ရွှေပေါ်မြတင်ထားတာမျိုးကတော့ သောက်ညင်ကတ်စရာ အကျင့်ဆိုး၊ လူနဲ့လူချင်း ခွဲခြားဆက်ဆံတဲ့ အကျင့်ဆိုးကြီးဖြစ်တာကြောင့် အဖားခံရတဲ့ကလေးကလည်း စိတ်ကြီးဝင် ဘ၀င်လေဟပ်၊ အနှိမ်ခံရတဲ့ကလေးကလည်း စိတ်ဓာတ်ကျ စိတ်ဒဏ်ရာဖြစ်ရုံကလွဲပြီး အကျိုးတစ်ပြားသားမှကို မရှိတာကလား။ သည်ကြားထဲမှာ ကျောင်းသားချင်း စည်းလုံးမှု၊ ရိုင်းပင်းမှုပါ ပြိုကွဲသွားတာကြောင့် သည်ဘက်ပညာရေးခေတ်သစ်ကြီးမှာ ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကြတဲ့ ဒီမိုကရေစီအခြေခံ Co-operative learning system နဲ့ ဝေးပါလေရော။ အလေးတယူလုပ်တယ်ဆိုတာ ကလေးတစ်ယောက်ချင်းစီရဲ့ ခံစားချက်ကို အသိအမှတ်ပြုတာ၊ တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်ကို စွမ်းနိုင်သလောက်ဖြည့်ပေးဖို့ ကြိုးစားပေးတာကို ဆိုပါသဗျား။ သူရို့လေးတွေ ဘာတွေလိုအပ်နေတယ်ဆိုတာကို မပြောဘဲနဲ့ မိဘတို့ ဆရာတို့က သိနိုင်ကြရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပေါ့လေ။ ဈေးကွက်စီးပွားရေးနည်းဗျူဟာမှာ “ သူလိုတာသိမှ ကိုယ်လိုတာ ရမယ် ” လို့ ဆိုသကိုး။ အနှီတော့ ကလေးတွေရဲ့ လိုအပ်ချက်ကို ကိုယ်ကသိအောင်ကြိုးစားနိုင်ရင် ကိုယ်လိုချင်တဲ့အရာလည်း ကလေးတွေဆီက ပြန်ရလာရောပေါ့။ အရေးတယူပြုတယ်ဆိုတာ ကလေးတစ်ယောက် အပြစ်ဒဏ်ကျူးလွန်ရင် နားလည်အောင် ပြောဆိုဆုံးမတာလည်း လုပ်ဖို့ လိုသေးတာကလား။ တကယ်တော့ ကျောင်းသားသူငယ်ဆိုတာ အသက်အရွယ်ပိုင်းနဲ့ နှိုင်းစာကြည့်ရင် ကိုယ်ကမွေးတဲ့ ကိုယ့်သားသမီးအရွယ်လောက်သာသာရယ်။ အနှီတော့ မပြည့်ဝသေးတဲ့ အသိဥာဏ်၊ မဖွံ့ဖြိုးသေးတဲ့ စိတ်ဓာတ်၊ မရင့်ကျက်သေးတဲ့ နှလုံးသားတွေ ပိုင်ဆိုင်ထားကြတဲ့ ကလေးတွေကို ကိုယ်နဲ့နှိုင်းပြီး အပြစ်ပေးလို့တော့ ဘယ်တရားပါ့မလဲ။ အပြစ်တစ်ခုကျူးလွန်ရင် အနှီအပြစ်ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ကလေးနားလည်အောင် ရှင်းပြပြီးမှ ထိုက်သင့်တဲ့အပြစ်ဒဏ်ပေးဖို့ ပြင်ဆင်သင့်တာကလား။ မိဘ၊ ဆရာတွေရဲ့ ဆိုဆုံးမမှုဟာ သူရို့အတွက်ပဲလို့ နားလည်သဘောပေါက်လာပြီဆိုရင် ကလေးတစ်ယောက် တိုးတက်ဖွံ့ဖြိုးဖို့ လမ်းစပေါ်လာပြီမဟုတ်လား။

သည်နေရာမှာ အပြစ်ပေးတာကိုလည်း သရုပ်ခွဲဖို့ လိုသေးတာကြောင့် လေကြောရှည်ပါရစေဦး။ ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ မိဘပဲဖြစ်ဖြစ် ဆရာပဲဖြစ်ဖြစ် ကလေးတစ်ယောက် အမှားတစ်ခုခု ကျူးလွန်လိုက်ပြီဆိုရင် လက်အစ၊ တုတ်အဆုံး မိရာသုံးပြီး ရိုက်နှက်ဆုံးမပစ်လိုက်ကြတာတွေက အားလုံးနီးပါး။ စဉ်းစားကြည့်ကြစို့ရဲ့။ ကြိမ်တို့ ၀ါးခြမ်းစိတ်တို့ဆိုတာ ခွေး၊ နွား တိရစ္ဆာန်တွေကို မောင်းတဲ့နှင်တဲ့နေရာမှာသုံးတဲ့ လက်နက်ကိရိယာတွေမဟုတ်လား။ ကိုယ်ကမွေးထားတဲ့ ကိုယ့်သားသမီး၊ ကိုယ့်ကိုအားကိုးနေတဲ့ တပည့်တွေကို တိရိစ္ဆာန်အဆင့် တွန်းချပြီး မညှာမတာ ရိုက်နှက်ဆုံးမတယ်ဆိုတာ ဘယ်လောက်များ ရက်စက်လိုက်တဲ့ လုပ်ထုံးလုပ်နည်းကြီးပါလိမ့်။ အနှီလို ရိုက်နှက်ပစ်လိုက်တော့ရော သည်ကလေးတစ်ယောက် လိမ္မာလာရောလား။ ဦးဟန်ကြည်မထင်။ ကလေးတစ်ယောက် ဆေးလိပ်ခိုးသောက်လို့ ရိုက်နှက်ဆုံးမတယ်ဆိုပါစို့။ ကြိမ်ဒဏ်ကိုကြောက်လို့ သည်ကလေး ဆေးလိပ်ပြတ်ကောင်းပြတ်သွားပေမပေါ့။ သို့ပေမင့် ဘယ်မိဘ၊ ဘယ်ဆရာကရော သည်ကလေးဘ၀တစ်လျှောက်လုံး အရိပ်ကြည့်ပြီး ကြိမ်နဲ့လိုက်ရိုက်နေနိုင်ပါ့မလဲ။ သူကြောက်ရမယ့် ကြိမ်မမြင်ရတဲ့ တစ်နေ့မှာ သည်ကလေး ဆေးလိပ်ပြန်သောက်ဖို့ ရာခိုင်နှုန်းအတော်များများ သေချာပါသဗျား။

 စိတ်ပညာသီဝရီတွေ ဘေးချိတ်ပြီး မျက်မြင်ကို သုံးသပ်ကြည့်ရရင် ရိုက်နှက်ဆုံးမခံရတဲ့ ကလေးတစ်ယောက်ဟာ သည်အပြစ်ကို နောက်တစ်ခါ မလုပ်ဖို့ စွဲစွဲမြဲမြဲမှတ်မိသွားကောင်း မှတ်မိနိုင်ပေမယ့် အရှက်တရား၊ အမုန်းတရားနဲ့ ယှဉ်တဲ့ မှတ်မိခြင်းမျိုးဖြစ်နေပါရောလား။ ကြိမ်ကိုင်ထားတဲ့ မိဘ၊ ဆရာရဲ့ရှေ့မှာ လက်ပိုက်ပြီး ရပ်နေရတဲ့ ကလေးတစ်ယောက်ရဲ့ ရင်တွင်းက အကြောက်တရား ဘယ်လောက်ကြီးမားမယ်ဆိုတာ ကိုယ်ချင်းစာကြည့်စေချင်ပါရဲ့။ ကလေးရဲ့ ရင်ထဲမှာ သူ့အကျိုးအတွက် ရိုက်တယ်ဆိုတာ ဘယ်လိုလုပ်သိနိုင်မှာပါလိမ့်။ သူ့အကျိုးအတွက် သူ့အသားကို နာအောင်ရိုက်တယ်ဆိုတာ ဘယ်လိုလုပ် တွေးယူနိုင်မှာပါလိမ့်။ သူ့ဥာဏ်မီသလောက်ကလေးနဲ့ သူ့လုပ်ရပ်ကို မိဘနဲ့ ဆရာက မကြိုက်ဘူးလို့ပဲ တွေးနေမယ့်ကလေးတစ်ယောက် ကြီးပြင်းလာရင် အမှား၊ အမှန်ဆိုတာထက် အထက်လူကြီးမကြိုက်တာကို မလုပ်ရဲတဲ့ ကျွန်ကောင်းလေးတွေ ဖြစ်လာရုံကလွဲရင် ဘာတွေများ ဖြစ်ထွန်းလာနိုင်ပါ့မလဲ။ ရိုက်တဲ့လူလည်း လက်နာ၊ ခံရတဲ့ကလေးလည်း အသားနာ၊ အသည်းနာ၊ အကျိုးကျေးဇူးလည်း တစ်ကွက်မှမမြင်တဲ့ အနှီရိုက်နှက်ဆုံးမတဲ့ စနစ်ကြီးကို ရွှေပြည်ကြီးမှာ ဘာဖြစ်လို့များ မက်မက်စက်စက် လက်ကိုင်ထားနေကြပါလိမ့်ဆိုတာ ဦးဟန်ကြည် စဉ်းစားလို့ မရနိုင်ပေါင်ဗျာ။ ဦးဟန်ကြည် ဘ၀တစ်သက်မှာ တစ်တန်းကျောင်းသားဘ၀က တစ်ချက်၊ လေးတန်းကျောင်းသားဘ၀က တစ်ချက်၊ ခုနစ်တန်းကျောင်းသားဘ၀က တစ်ချက် အရိုက်ခံခဲ့ရတာ အခုထိ မမေ့နိုင်သေးတာ။ ဦးဟန်ကြည်ရဲ့ ဖေဖေရိုက်ခဲ့တဲ့ သုံးချက်ကို မှတ်မိနေတာကိုပဲ စဉ်းစားကြည့်ပေရော့။ သေရာပါသွားမယ့် အနာတရတွေချည်း မဟုတ်ပါလား။ အနှီတော့ ကိုယ့်ကလေး၊ ကိုယ့်တပည့်ကို ချစ်ရိုးမှန်ရင် ပြင်းပြင်းထန်ထန် ရိုက်နှက်မဆုံးမကြဖို့ မေတ္တာရပ်ခံချင်ပါရဲ့။

နောက်ဆုံးစကားအနေနဲ့ ရွှေပြည်သား ဆရာများနဲ့ မိဘများကို
“ ကြောက်လို့ မလုပ်တာကို လိမ္မာတယ်လို့ သတ်မှတ်တဲ့ အကျင့်ဆိုးကြီး အမြစ်တွယ်နေသမျှ ကာလပတ်လုံး ဘယ်မျိုးဆက်သစ်မှ တိုးတက်လာမှာမဟုတ်ဘူး… ”
ဆိုတဲ့ စကားတစ်ခွန်းကို သည်ဘ၀အတွက်သာမကဘဲ သေပြီးနောက်ဘ၀အထိ စွဲစွဲမြဲမြဲ မှတ်သားတော်မူကြဖို့ မေတ္တာလက်ဆောင် ပါးလိုက်ပါရစေဗျား…..။   ။

Saturday, 1 June 2013

အဓိက စည်းကမ်းချက် ၅၅ ချက် . . .


 
 အဓိက စည်းကမ်းချက် ၅၅ ချက် Essential 55 ကို မဖတ်ခင်မှာ စာရေးသူ Ron Clark နဲ့ အရင် မိတ်ဆက်ပေးရပါလိမ့်မယ်။ Ron Clark ဆိုတာ ဘယ်သူများပါလိမ့်။ ဟုတ်ကဲ့ . . .Ron L. Clark, Jr ကို ၁၉၇၂ မှာ မွေးပါတယ်။ East Carolina University မှာ ပညာသင်ကြားခဲ့ပြီး ၁၉၉၄ မှာ ဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီး လေးနှစ်အကြာမှာ Harlem တောပိုင်းဒေသက ပညာရေး၊ လူမှုရေးနောက်ခံအားနည်းတဲ့ ကျောင်းသားတွေကို သင်ကြားပေးနေတဲ့ မူလတန်းကျောင်းကိုသွားပြီး တာဝန်ထမ်းခဲ့ပါတယ်။ အဲဒီဒေသက ထိန်းသိမ်းကိုင်တွယ်ရခက်တဲ့ ကျောင်းသားတွေကို အပင်ပန်းခံပြီး အခက်အခဲပေါင်းများစွာနဲ့ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆွဲတင်ပေးနိုင်ခဲ့တာကြောင့် 2000 ခုနှစ်မှာ Disney Teacher of the Year ဆုကို ရခဲ့ပါတယ်။


ဆရာ Ron Clark နဲ့ ချစ်စွာသော တပည့်များ . . .


 
Ron Clark ရဲ့ Harlem ကျောင်း ပထမနှစ်အတွေ့အကြုံတွေကို အခြေပြုပြီး The Ron Clark Story ဇာတ်ကားကို မင်းသား Matthew Perry က Ron Clark အဖြစ် သရုပ်ဆောင်ပြီး ၂၀၀၆ ခုနှစ်မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်အတွက် Emmy ဆုပေးပွဲမှာ ဆန်ကာတင် နာမည်စာရင်းအတင်ခံခဲ့ရတဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ ( ဦးဟန်ကြည်လည်း အနှီရုပ်ရှင်ကို ကြည့်ရင်းကနေ သူ့အကြောင်းကို မီးခိုးကြွက်လျှောက် လေ့လာဖြစ်သွားတာပါ။ သူ့ရုပ်ရှင်ကို ကြည့်နေရင်းကနေ ကိုယ့်ကိုယ်ကို ဆရာလို့ နာမည်တပ်ရမှာတောင် မ၀ံ့မရဲဖြစ်သွားတာလည်း ၀န်ခံရဦးမှာပါပဲ… )


ရုပ်ရှင်ကြော်ငြာ. . .


Ron Clark ဟာ ဆန်းသစ်တီထွင်နိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်းတွေကို သူ့ရဲ့ အဓိကစည်းကမ်းချက် ၅၅ ချက်နဲ့ ပေါင်းစပ်ထားတဲ့ ပြိုင်ဘက်ကင်း နည်းစနစ်တွေကိုသုံးပြီး ကျောင်းသားတွေရဲ့ စာမေးပွဲရမှတ်တွေကို မြင့်မားအောင် ဆွဲတင်ပေးနိုင်တဲ့ စွမ်းရည်ကြောင့် ထင်ရှားကျော်ကြားပါတယ်။ သူဟာ ရုပ်သံအစီအစဉ်ပေါင်းများစွာမှာ တင်ဆက်ခံခဲ့ရပြီး Oprah Winfrey ရဲ့ The Oprah Winfrey Show မှာ နှစ်ကြိမ်တိတိ ပါဝင်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ Ms. Wingrey က Ron Clark ကို သူမရဲ့ ပထမဆုံးသော “ အံ့ဖွယ်လူသား ” လို့ နာမည်ပေးခံရသူလည်း ဖြစ်ပါတယ်။

Ron Clark ဟာ The Essential 55 နဲ့ The Excellent 11 စာအုပ်တွေကို ရေးခဲ့ပါတယ်။ စက်တင်ဘာလ ၄ ရက် ၂၀၀၇ မှာ The Ron Clark Academy ကို စပြီးဖွင့်လှစ်ခဲ့ပါတယ်။ ဒီအကယ်ဒမီမှာ နှစ်စဉ်စာသင်နှစ်တစ်နှစ်စီအတွက် လျှောက်လွှာပေါင်း ၃၅၀ လောက်ထဲက ကျောင်းသား ၅၀ ကိုပဲ လက်ခံသင်ကြားပေးပါသတဲ့။ တက်ခွင့်ရတဲ့ ကျောင်းသားမိဘတိုင်းဟာ သဘောတူညီချက်စာချုပ်တစ်ခုကိ လက်မှတ်ထိုးကြရပြီး မိဘတိုင်းဟာ သင်တန်းကာလ တစ်ခုစီမှာ ၁၀ နာရီ လုပ်အားပေးဖို့ သဘောတူကြရပါတယ်။ ဒါတင်မကသေးဘဲ သူတို့ရဲ့ သားသမီးတွေကို သင်ရိုးညွှန်းတန်း လိုအပ်ချက်အရ လေ့လာရေးခရီးတွေ ထွက်ကြရတာကို သဘောတူညီကြောင်းလည်း လက်မှတ်ထိုးရပါသေးတယ်။ ဒီဇင်ဘာ ၂၀၀၈ မှာ Oprah Winfrey က Ron Clark ရဲ့ ပညာသင်ကြားမှုအပေါ်မှာ သက်ဝင်ယုံကြည် အားထုတ်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့အကယ်ဒမီအတွက် ဒေါ်လာ 365,000 လှူခဲ့ပါကြောင်း။     ။

( Ron Clark ရဲ့ စည်းကမ်းချက်တွေမှာ တချို့အချက်တွေဟာ ဦးဟန်ကြည်တို့ မြန်မာကျောင်းသားတွေ တပင်တပန်းလိုက်နာစရာမလိုတဲ့ ဆရာသမားနဲ့ လူကြီးသူမကို လေးစားမှုပေါ်မှာ အခြေတည်တဲ့ စည်းကမ်းချက်တွေလည်း ပါပါတယ်။ တစ်ချို့စည်းကမ်းချက်တွေကတော့ ကျောင်းသားတွေတင်မကဘဲ ဆရာတွေကိုယ်၌ပါ လိုက်နာရမယ့် စည်းကမ်းချက်တွေလို့ မြင်ပါတယ်။ ထမင်းစားခန်းစည်းကမ်းချက်တွေကတော့ မြန်မာနားနဲ့ စိမ်းကောင်းစိမ်းနေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သိထားတာ မမှားဘူးလို့ ယူဆရမှာပါပဲ။ တချို့စည်းကမ်းချက်တွေဟာ ကျောင်းသားတွေကို လက်ဖျားနဲ့တောင် တို့ခွင့်မရှိတဲ့ အနောက်နိုင်ငံပညာရေးစနစ်အရ ခပ်ကြမ်းကြမ်း စည်းကမ်းချက်တွေလို့ အနောက်ရှုထောင့်နဲ့ ကြည့်နိုင်ပေမယ့် မြန်မာပြည်မှာ ဆရာတချို့ရဲ့ ကျောင်းသားတွေကို ကိုင်တွယ်ပုံနဲ့ယှဉ်ကြည့်လိုက်ရင် အတော်လေးကို ပျော့ပျောင်းသလို ဖြစ်နေဦးမှာ သေချာနေပါရဲ့။ Ron Clark ရဲ့ စည်းကမ်းချက်တွေကို လေ့လာကြည့်ရင် Academic aspect တင်မကဘဲ လူမှုပတ်ဝန်းကျင်မှာ လူရည်မွန်တွေဖြစ်ရေးအတွက်ပါ ရည်ရွယ်ထားတာကို သဘောကျစရာကောင်းအောင် တွေ့ရပါလိမ့်ဦးမယ်။ လေ့လာရေးခရီးမှာ လိုက်နာရမယ့်စည်းကမ်းချက်တွေကို ဖတ်မိပြန်တော့ ကိုယ်ကိုယ်တိုင် အနှီလို အခွင့်အရေးမျိုး စတိတ်ကျောင်းသားဘ၀က တစ်ခါမှ မရခဲ့တာကို ပြန်စဉ်းစားရင်း နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ဘာတွေ လုပ်ပေးသင့်တယ်ဆိုတာ ခပ်ရေးရေးကလေး မြင်လာရင်တော့ Ron Clark ကြီး အင်မတန် ၀မ်းသာရှာမယ် ထင်ပါတယ်။ ဖြစ်နိုင်ရင်တော့ The Ron Clark Story ကို တစ်ခါလောက် ကြည့်ကြဖို့ ပညာရေးစိတ်ဝင်စားတဲ့လူတွေကို တိုက်တွန်းပါရစေ။ Julia Robert ရဲ့ Monalisa Smile နဲ့ Hilary Swank ရဲ့ Freedom Writers ကိုလည်း ကြည့်သင့်ပါကြောင်း ထပ်လောင်းအကြံပြုလိုက်ပါရစေဦး . . . )


“ The Essential 55 ”
By – Ron Clark





၁ - ကိုယ့်ထက်အသက်ကြီးတဲ့လူတစ်ယောက်ကို စကားပြန်ပြောတဲ့အခါ “ ဟုတ်ကဲ့ မဒမ် ” ဒါမှမဟုတ် “ မဟုတ်ပါဘူး ဆရာ ” လို့ ပြောပါ။ ဟုတ်တယ်၊ မဟုတ်ဘူး ပြောဖို့အတွက် ခေါင်းရမ်းပြတာ၊ ခေါင်းညိတ်ပြတာတွေဟာ လက်ခံနိုင်စရာကောင်းတဲ့ အပြုအမူ မဟုတ်ဘူး။

၂ - အကြည့်ချင်းဆုံပါ။ တစ်ယောက်ယောက်က မင်းကိုစကားပြောနေတဲ့အချိန်မှာ မင်းမျက်လုံးဟာ စကားပြောနေတဲ့လူကို တစ်ချိန်လုံး အာရုံစိုက်ကြည့်ပါ။ တခြားတစ်ယောက်က စကားဖြတ်ပြောလိုက်ရင် ပြောလိုက်တဲ့လူဘက်ကို မျက်နာမူလိုက်ပါ။

၃ - တစ်ယောက်ယောက်က စာသင်ခန်းထဲမှာ ကစားပွဲတစ်ခု အနိုင်ရလိုက်တာပဲဖြစ်ဖြစ်၊ တစ်ခုခုကို ပြောင်ပြောင်မြောက်မြောက် လုပ်ပြလိုက်နိုင်တာပဲဖြစ်ဖြစ် ငါတို့အားလုံးက အဲဒီတစ်ယောက်ကို ချီးကျူးဂုဏ်ပြူဖို့ လိုအပ်တယ်။ လက်နှစ်ဖက်လုံးနဲ့ သုံးစက္ကန့်လောက်ကြာအောင် သင့်တော်တဲ့အသံအကျယ်နဲ့ လက်ခုပ်တီးပြီး ဂုဏ်ပြုသင့်တယ်။

၎ - အချင်းချင်း ဆွေးနွေးပြောဆိုချိန်မှာ တခြားကျောင်းသားရဲ့ မှတ်ချက်တွေ၊ ထင်မြင်ချက်တွေ၊ စိတ်ကူးစိတ်သန်းတွေကို လေးစားရလိမ့်မယ်။ ဖြစ်နိုင်မယ်ဆိုရင် “ ဂျွန်ပြောတာကို ကျွန်တော်သဘောတူပါတယ်…ကျွန်တော်လည်း သူပြောသလို…လုပ်ဖို့ စိတ်ကူးရပါတယ် ” ဒါမှမဟုတ် “ ကျွန်တော်ကတော့ ဆာရာပြောတာကို သဘောမတူပါဘူးခင်ဗျာ…သူပြောသွားတာ ကောင်းပါတယ်…ဒါပေမယ့် ” ဒါမှမဟုတ် “ ကျွန်တော်ကတော့ ဗစ်တာပြောသွားတာ အင်မတန်ကောင်းတဲ့ သုံးသပ်ချက်လို့ ထင်ပါတယ်…အဲဒီအချက်ဟာ ဖြစ်နိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ” လို့ ပြောသင့်တယ်။

၅ - တကယ်လို့ မင်းက တစ်ခုခုကို အနိုင်ရလိုက်ရင် ဒါမှမဟုတ် တစ်ခုခုကို ကောင်းကောင်းမွန်မွန် လုပ်ပြလိုက်နိုင်ရင် လူမြင်ကပ်စရာကောင်းလောက်အောင် ၀င့်ကြွားမပြပါနဲ့။ တကယ်လို့ မင်းရှုံးခဲ့ရင်လည်း ဒေါသထွက်မပြပါနဲ့။ အဲဒီလို ဒေါသထွက်မယ့်အစား “ အခုလိုယှဉ်ပြိုင်ရတာကို ကျွန်တော် အလွန်သဘောကျပါတယ်…ခင်ဗျားနဲ့ နောက်တစ်ခါ ယှဉ်ပြိုင်ခွင့်ရဖို့လည်း မျှော်လင့်ပါတယ် ” ဒါမှမဟုတ် “ တကယ့်ပွဲကောင်းပဲ ” လို့ ထုတ်ဖော်ချီးကျူးပါ။ ဒါမှမဟုတ်ရင် ဘာတစ်ခုမှ မပြောပါနဲ့။ ကိုယ့်ဒေါသကို ထုတ်ပြဖို့ ဒါမှမဟုတ် သူများကို ထေ့ငေါ့ဖို့အတွက် “ ငါ ဒီနေ့ ကောင်းကောင်းမကစားနိုင်ဘူးကွာ ” ဒါမှမဟုတ် ” တကယ်တော့ မင်းက ပြောလောက်အောင် ကောင်းတာမဟုတ်ပါဘူးကွာ ” လို့ပြောခြင်းဟာ ကိုယ့်အားနည်းချက်ကို ထုတ်ပြတာနဲ့ တူတယ်။

၆ - တစ်ယောက်နဲ့တစ်ယောက် စကားပြောကြရင်းနဲ့ မင်းကို မေးခွန်းတစ်ခု အမေးခံရရင် အပြန်အလှန်အနေနဲ့ မင်းကလည်း မေးခွန်းတစ်ခု ပြန်မေးသင့်တယ်။
ကျွန်တော် - မင်း အားလပ်ရက်မှာ ပျော်ခဲ့ရဲ့လားဟေ့
သင် - ပျော်တာပေါ့။ တကယ့်အချိန်ကောင်းတွေပဲ။ ငါ့မိသားစုနဲ့ငါနဲ့ ဈေးဝယ်ထွက်ကြတယ်လေ။ မင်းရော။ ပျော်စရာကောင်းတဲ့ အားလပ်ရက် ရခဲ့ရဲ့လား
တစ်စုံတစ်ယောက်က မင်းကို စိတ်ဝင်စားသလို မင်းကလည်း သူ့အပေါ်မှာ ထပ်တူထပ်မျှ စိတ်ဝင်စားမှုရှိကြောင်း ပြတာဟာ ယဉ်ကျေးမှုကို ဖော်ပြတဲ့ တစ်ခုတည်းသော နည်းလမ်းကောင်းဖြစ်တယ်။

၇ - တကယ်လို့ မင်းချောင်းဆိုးတာတို့၊ နှာချေတာတို့၊ လေချဉ်တက်တာတို့ လုပ်ချင်းရင် မင်းခေါင်းကို လူမရှိတဲ့ဘက်ကို လှည့်ပြီး ပါးစပ်တစ်ခုလုံးလုံအောင် လက်နဲ့ပိတ်ပြီးမှ လုပ်ပါ။ လက်သီးဆုပ်နဲ့ ပါးစပ်ကိုပိတ်တာဟာ မယဉ်ကျေးရာရောက်တယ်။ မင်းကိစ္စပြီးသွားရင် “ ခွင့်ပြုပါခင်ဗျာ ” လို့ ပြောသင့်တယ်။

၈ - ပါးစပ်ကို လက်နဲ့ရိုက်ပြီး အသံထွက်အောင်မလုပ်ပါနဲ့၊ စုတ်မသတ်ပါနဲ့၊ ဒါမှမဟုတ် သူများကိုစော်ကားဖို့အတွက် အမူအရာလုပ်မပြပါနဲ့။

၉ - ဆရာက မင်းကို တစ်ခုခုပေးတဲ့အခါတိုင်းမှာ ကျေးဇူးတင်ပါတယ်လို့ ပြောပါ။ ပေးလိုက်တဲ့ပစ္စည်းကို လက်ခံပြီး သုံးစက္ကန့်အတွင်းမှာ ကျေးဇူးတင်ပါတယ်လို့ မပြောရင် အဲဒီပစ္စည်းကို ဆရာပြန်ယူသွားရလိမ့်မယ်။ ကျေးဇူးတင်ကြောင်းပြသဖို့ ပျက်ကွက်တဲ့အတွက် ဘယ်ဆင်ခြေမှ ပေးလို့မရဘူးဆိုတာ သိထားပါ။

၁၀ - တစ်ယောက်ယောက်က မင်းကို တစ်ခုခုပေးရင် လက်ဆောင်အကြောင်း မကောင်းပြောပြီး ပေးတဲ့လူကို မစော်ကားပါနဲ့။ ပေးလိုက်တဲ့လက်ဆောင်ကို မကြိုက်တဲ့အကြောင်းပြောပြီး တစ်ဖက်သားကို မစော်ကားပါနဲ့။

၁၁ - အခြားလူတစ်ယောက်ကို ကြင်နာသနားမှု အမှတ်မထင်ပြပြီး တအံ့တသြဖြစ်ပါစေ။ တစ်စုံတစ်ယောက်ကို ရက်ရောမှုနဲ့ အံ့သြစရာကောင်းတဲ့ ကြင်နာမှုတစ်ခုခုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တစ်လတစ်ကြိမ်လောက်တော့ လုပ်ပါ။

၁၂ - တစ်ခါတစ်လေမှာ ငါတို့ဟာ တခြားကျောင်းသားတွေရဲ့ အဖြေလွှာတွေကို အုပ်စုလိုက် တစ်လှည့်စီ စစ်ဆေးကြရလိမ့်မယ်။ တခြားကျောင်းသားရဲ့ အဖြေလွှာကို အဆင့်သတ်မှတ်ပေးတဲ့အခါမှာ ထိုက်တန်တာထက် ပိုပေးတာပဲဖြစ်ဖြစ် လျှော့ပေးတာပဲဖြစ်ဖြစ် ပေးလိုက်ရင် မင်းပေးလိုက်တဲ့အမှတ်နဲ့ ရသင့်ရထိုက်တဲ့ အမှတ်ရဲ့ ခြားနားခြင်းနုတ်လဒ်ကို မင်းရဲ့ကိုယ်ပိုင်အဖြေလွှာထဲကနေ ပြန်နုတ်ခံရမယ်။

၁၃ -  အတန်းထဲမှာ အတူတူ စာဖတ်နေတဲ့အခါမှာ မင်းလည်းအာရုံစိုက်ပြီး မှတ်သားရမယ်။ တကယ်လို့ ဆရာက မင်းကို စာပိုဒ်ဖတ်ခိုင်းရင် အရင်လူဖတ်နေတဲ့နေရာကို တိတိကျကျသိပြီး အဲဒီနေရာကနေ ချက်ချင်း ဆက်ဖတ်နိုင်ရမယ်။

၁၄ - မေးခွန်းတွေကို ဖြေတဲ့အခါမှာ ပြည့်ပြည့်စုံစုံ ပြန်ဖြေပါ။ ဥပမာပေးရရင် မေးခွန်းက “ ရုရှနိုင်ငံရဲ့ မြို့တော်ဟာ ဘာလဲ ” လို့မေးထားရင် “ ရုရှနိုင်ငံရဲ့ မြို့တော်သည် မော်စကိုဖြစ်သည် ” လို့ ပြည့်ပြည့်စုံစုံ ရေးပြီး ဖြေရမယ်။ တကယ်လို့ တခြားတစ်ယောက်နဲ့ စကားပြောတဲ့အခါမှာလည်း အဲဒီလူမေးတဲ့မေးခွန်းကို ရိုသေသောအားဖြင့် ပြည့်ပြည့်စုံစုံ ပြန်ဖြေဖို့ အရေးကြီးတယ်။ ဥပမာအားဖြင့် တစ်ယောက်ယောက်က မင်းကို “ နေကောင်းရဲ့လား ” လို့ မေးရင် “ ကောင်းပါတယ် ” လို့ တစ်ခွန်းတည်း ဖြေမယ့်အစား “ ကျွန်တော် နေကောင်းပါတယ်။ ကျေးဇူးပါ။ ခင်ဗျားရော နေကောင်းရဲ့လား ” လို့ ပြည့်ပြည့်စုံစုံ ဖြေပါ။

၁၅ - စာသင်နှစ်တစ်လျှောက်လုံးမှာ ဆရာက မင်းတို့ရဲ့ အမူအကျင့်ကောင်းတွေ၊ ပညာရေးဆောင်ရွက်ချက်တွေ၊ ချီးကျူးဖို့ကောင်းတဲ့ လုပ်ရပ်တွေအတွက် ဆုပေးလိမ့်မယ်။ မင်းတို့က ဆုလိုချင်လို့ ဆရာ့ကို လာတောင်းရင်တော့ ပေးမှာမဟုတ်ဘူး။ ဆုရဖို့အတွက် ကြိုးစားတာမျိုးမဟုတ်ဘဲ မင်းဘ၀အတွက် မင်းစိတ်နဲ့မင်းကိုယ် ကောင်းကောင်းမွန်မွန်နေပြီး အကောင်းဆုံးကြိုးစားသင့်တယ်။ များသောအားဖြင့် သင်ခန်းစာဆုံး စာမေးပွဲတွေမှာ အမှတ် ၁၀၀ ပြည့်ရင် ဆရာက ဆုပေးလေ့ရှိတယ်။ ဒါပေမယ့် မင်းက ရမှတ် ၁၀၀ ရလို့ ဆရာ့ဆီကနေ ဆုလာတောင်းတယ်ဆိုရင် အဲဒီအချိန်ကစပြီး အမှတ် ၁၀၀ ပြည့်တဲ့ ဘယ်ကျောင်းသားကိုမှ ဘာဆုမှ မပေးတော့ဘူး။

၁၆ - ဘာသာရပ်တိုင်းအတွက် ကျောင်းသားတိုင်းကို နေ့စဉ်နေ့တိုင်း အိမ်စာတွေပေးလိမ့်မယ်။ ဘာအကြောင်းပြချက်ပေးလို့မှ ရှောင်လွဲလို့ရမှာ မဟုတ်။

၁၇ - တကယ်လို့ ဘာသာတစ်ခုကနေ တခြားတစ်ခုကို ပြောင်းလဲသင်ကြားတဲ့အခါမှာ မြန်မြန်ဆန်ဆန်၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ စနစ်တကျ လုပ်ကြရမယ်။ စာအုပ်တစ်အုပ်ကနေ နောက်တစ်အုပ်ကို မြန်မြန်ဆန်ဆန် ပြောင်းပြီး ဖွင့်ထားနိုင်ရမယ်။ နောက်ဘာသာသစ်အတွက် လိုအပ်တဲ့ အိမ်စာတွေ၊ ကိရိယာတန်ဆာပလာတွေကို မြန်မြန်သမျှ မြန်အောင် အဆင်သင့်လုပ်ကြရလိမ့်မယ်။ သင်ခန်းစာပြောင်းဖို့လိုအပ်တဲ့ ကြာချိန်ဟာ ဆယ်စက္ကန့်အောက် နည်းသင့်တယ်။ နောက်ပိုင်းမှာ ခုနစ်စက္ကန့်လောက်နဲ့ ပြောင်းလဲနိုင်အောင် ရည်မှန်းချက်ထားပြီး ပြင်ဆင်ကြရလိမ့်မယ်။

၁၈ - စနစ်တကျ လုပ်တတ်ကိုင်တတ်ဖို့အတွက် အစွမ်းရှိသလောက် ကြိုးစားကြရမယ်။

၁၉ - ဆရာက မင်းတို့ကို အိမ်စာပေးတဲ့အခါမှာ ညည်းသံထွက်တာတို့၊ ဆင်ခြေပေးတာတို့ မရှိစေချင်ဘူး။ တကယ်လို့ ညည်းသံတို့ ဆင်ခြေပေးသံတို့ထွက်လာရင် အိမ်စာကို နှစ်ဆပေးခံရမယ်။

၂၀ - တကယ်လို့ အစားထိုးဆရာတစ်ယောက် စာသင်နေရင် ဆရာမင်းတို့နဲ့အတူရှိနေတဲ့အတိုင်းပဲ အရင်ရှိတဲ့စည်းကမ်းတွေကို ကျကျနန လိုက်နာကြရမယ်။ ( ဒီကိစ္စက ခက်ခဲမယ်လို့ ဆရာထင်တယ်။ ဒါပေမယ့် အရေးအကြီးဆုံးလည်း ဖြစ်တယ်။ )

၂၁ - ငါတို့ဟာ စာသင်ခန်းလုပ်ထုံးလုပ်နည်းတွေကို လေးစားလိုက်နာကြရလိမ့်မယ်။ ငါတို့ဟာ စနစ်တကျရှိရမယ်၊ သက်တောင့်သက်သာ ဖြစ်ရမယ်၊ အလုပ်တွင်ကျယ်ရမယ်။ အဲဒီလိုလုပ်နိုင်ဖို့အတွက် အောက်က စည်းကမ်းတွေကို ငါတို့လိုက်နာကြရလိမ့်မယ်။
          ၁။ ခွင့်ပြုချက်မရဘဲ စာသင်ခုံကနေ မထပါနဲ့။ ခြွင်းချက်အနေနဲ့ တကယ်လို့ မင်းနေမကောင်းဖြစ်ခဲ့ရင်တော့ ချက်ချင်းခွင့်ယူပြီး ထွက်သွားပါ။
          ၂။ လက်မထောင်ဘဲ၊ ဒါမှမဟုတ် ဆရာက မမေးဘဲ စကားလုံးဝ မပြောပါနဲ့။ တကယ်လို့ ဆရာက မင်းကို မေးခွန်းတစ်ခုမေးရင် ဖြေဖြစ်အောင်ဖြေပါ။

၂၂ - မင်းဟာ ရေတစ်ပုလင်းယူလာပြီး မင်းရဲ့စာသင်ခုံမှာ ထားနိုင်တယ်။ ဆရာစာသင်နေတဲ့အချိန်မှာ ရေသောက်နိုင်မလားလို့ လာမမေးပါနဲ့။ တခြားကျောင်းသားတစ်ယောက်က မမြင်မချင်း၊ မင်းစားတဲ့အသံကို ဆရာမကြားမချင်း စားစရာကို မင်းခုံစောင်းထဲမှာ ထည့်ထားနိုင်သေးတယ်။

၂၃ - မင်းကျောင်းမှာ ရှိတဲ့ ဆရာတွေရဲ့ နာမည်တွေကို အမြန်ဆုံး မှတ်သားပါ။ သူတို့ကိုနှုတ်ဆက်တဲ့အခါမှာ နာမည်ပါထည့်ပြီး “ ကောင်းသောနံနက်ခင်းပါ မစ္စတာ ဂရေဟမ် ” “ ကောင်းသောညနေခင်းပါ မစ္စ အိုးတစ်စ်။ ဆရာမ ၀တ်ထားတဲ့ အင်္ကျီလေး အရမ်းလှတာပဲ ” လို့ နှုတ်ဆက်ပါ။ ( မှတ်ချက် - တကယ်လို့ မင်းဟာ ကျောင်းသားအားလုံးနဲ့အတူတူ တန်းစီနေတယ်ဆိုရင် ဆရာ့ကို စကားပြောခွင့်မရှိဘူး။ ဘာကြောင့်လဲဆိုရင် လူအများတန်းစီချိန်မှာ စကားမပြောရဆိုတဲ့ ဥပဒေရှိနေလို့ ဖြစ်တယ်။ မင်းအနေနဲ့ တခြားဆရာတစ်ယောက်ကို စာသင်ခန်းထဲကို မင်းဝင်လာတဲ့အချိန်ပဲဖြစ်ဖြစ်၊ ကျောင်းကနေ ပြန်ထွက်သွားတဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ နားနေချိန်၊ ကျောင်းဖွံ့ဖြိုးရေးချိန် ( errand )၊ စာသင်ခန်းပြောင်းတဲ့အချိန်တို့မှာ စကားပြောနိုင်တယ် )

၂၄ - သန့်စင်ခန်းသုံးပြီးတဲ့အခါတိုင်းမှာ အိမ်သာကို ရေဆွဲချပါ။ လက်ဆေးပါ။ အများသုံး သန့်စင်ခန်းဖြစ်ရင် လက်မဆေးခင်မှာ စက္ကူလက်သုတ်ကို လုံလုံလောက်လောက် ကြိုယူထားပါ။ လက်ဆေးပြီးရင် ရေပိုက်ခေါင်းကိုပိတ်ဖို့၊ အခြောက်ခံစက် ခလုတ်ကိုနှိပ်ဖို့၊ လက်ကိုအခြောက်ခံဖို့အတွက် နောက်ထပ်စက္ကူထပ်ယူပါ။ ဒါမှမဟုတ်ရင် အခြောက်ခံစက် ခလုပ်ကို နှိပ်ဖို့အတွက် လက်သုတ်ပုဝါကို သုံးပါ။ မင်းမလုပ်ချင်ဆုံးအလုပ်က တခြားလူတွေ လက်ညစ်ပတ်တွေနဲ့ ကိုင်ထား၊ ထိထားတဲ့နေရာကို မင်းရဲ့လက်သန့်သန့်နဲ့ မထိချင်တာပဲ ဖြစ်ပါလိမ့်မယ်။

၂၅ - တစ်ခါတစ်ရံမှာ ဆရာတို့ကျောင်းကို ဧည့်သည်တွေ လာကြလိမ့်မယ်။ တကယ်လို့ ကျောင်းကို ဧည့်သည်တစ်ယောက်လာခဲ့ရင် အဲဒီဧည့်သည်ကိုကြိုဖို့ ကျောင်းတံခါးဝဆီကို ဆရာက ကျောင်းသားနှစ်ယောက် လွှတ်ပေးလိမ့်မယ်။ အဲဒီနှစ်ယောက်က ဧည့်သည်ကို ကြိုဆိုဖို့ ဖော်ရွေတဲ့ ပုံစံမျိုး ပြဖို့လိုအပ်တယ်။ ဧည့်သည်တွေ ရောက်လာရင် မင်းတို့က လက်ဆွဲနှုတ်ဆက်ပြီး မင်းဘယ်သူဖြစ်တယ်ဆိုတာကို ပြောရမယ်၊ ကျောင်းကိုလာလည်တာကို ကြိုဆိုကြောင်း ပြောကြရမယ်။ အဲဒီဧည့်သည်တွေကို စာသင်ခန်းထဲခေါ်မလာခင်မှာ ကျောင်းအဆောက်အဦတွေကို ခဏလောက် လှည့်ပတ်ပြီး ပြပေးဖို့လည်း လိုအပ်တယ်။

၂၆ - နေ့လည်စာစားခန်းထဲမှာ ကိုယ့်သူငယ်ချင်းအတွက် ခုံကို ကြိုပြီးဦးမထားပါနဲ့။ တကယ်လို့ တစ်ယောက်ယောက်က ထိုင်ချင်တယ်ဆိုရင် ထိုင်ခိုင်းလိုက်ပါ။ ဘယ်သူ့ကိုမှ ဖယ်ထုတ်ပစ်ဖို့ မကြိုးစားပါနဲ့။ ဆရာတို့အားလုံးဟာ မိသားစုဝင်တွေဖြစ်တယ်။ ဒါကြောင့် တခြားလူတိုင်းကို လေးစားမှုနဲ့ ကြင်နာခြင်းအပြည့်နဲ့ ဆက်ဆံဖို့ လိုအပ်တယ်။

၂၇ - တကယ်လို့ ဆရာကပဲဖြစ်ဖြစ် တခြားဆရာတစ်ယောက်ယောက်ကပဲဖြစ်ဖြစ် ကျောင်းသားတစ်ယောက်ကို စကားပြောနေရင် ဒါမှမဟုတ် ဆုံးမနေရင် အဲဒီကျောင်းသားကို မကြည့်ပါနဲ့။ တကယ်လို့ မင်းသာ ဒုက္ခရောက်နေရင် ဒါမှမဟုတ် အပြစ်ပေးဆုံးမခံနေရရင် တခြားလူတွေ မင်းကိုဝိုင်းကြည့်တာကို ကြိုက်မှာမဟုတ်တာ သေချာတယ်။ ဒါကြောင့် အဲဒီလို အခြေအနေမျိုးရောက်နေတဲ့ တခြားတစ်ယောက်ကို ၀ိုင်းမကြည့်ပါနဲ့။ တကယ်လို့ ဆုံးမခံနေရတဲ့ ကျောင်းသားက မင်းဖြစ်နေတယ်ဆိုရင်လည်း ၀ိုင်းကြည့်နေတဲ့ ကျောင်းသားတွေကို ဒေါသမထွက်ပါနဲ့။ ရေးကြီးခွင်ကျယ်လုပ်ပြီး စိတ်ရှုပ်မနေပါနဲ့။ ဆရာ့ကိုပြောပါ။ ဒီပြဿနာကို ဆရာဖြေရှင်းပေးမယ်။

၂၈ - တကယ်လို့ အိမ်စာနဲ့ပတ်သက်ပြီး အခက်အခဲရှိလို့ တစ်ခုခု မေးချင်ရင် ဆရာ့ဆီကို ဖုန်းခေါ်ပါ။ တကယ်လို့ ဆရာအိမ်မှာ မရှိရင် “ ဟိုင်း..မစ္စတာ ကလာ့ခ်…ကျွန်တော် . . . . . ပါ။ . . . . . အိမ်စာနဲ့ ပတ်သက်ပြီး အကူအညီတောင်းချင်လို့ပါ။ ကျွန်တော့်ကို . . . . .  နာရီမထိုးခင် ဖုန်းပြန်ခေါ်ပေးပါ။ ကျေးဇူးတင်ပါတယ် ” လို့ ဖုန်းလက်ခံစက်ထဲမှာ ပြောထားခဲ့ပါ။ အဲဒီအကြောင်းအရာကို ဆယ့်လေးငါးခါလောက် ထပ်ခါထပ်ခါ ပြောဖို့မလိုဘူးဆိုတာ သိထားရလိမ့်မယ်။

၂၉ - အစာစားတဲ့အချိန်မှာ မင်းတို့လိုက်နာကြရမယ့် အမူအကျင့်ကောင်းတွေ အများကြီးရှိတယ်။ အဲဒါတွေကို ဆရာကတော့ ကျင့်ဝတ် ABC လို့ နာမည်ပေးထားတယ်။

          က။ အစာစားဖို့အတွက် ထိုင်လိုက်တာနဲ့ မင်းရဲ့လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ ချက်ချင်း ဖြန့်ခင်းပါ။ တကယ်လို့ မင်းရဲ့ဇွန်း၊ ခက်ရင်းတွေကို လက်သုတ်ပုဝါနဲ့ ထုပ်ထားရင် မင်းထိုင်ပြီးပြီးချင်း ဖြေပြီး လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ အမြန်ဆုံးတင်ပါ။

          ခ။ မင်း စားသောက်ပြီးသွားရင် မင်းရဲ့လက်သုတ်ပုဝါကို မင်းစားထားတဲ့ ပန်းကန်ပြားရဲ့ဘယ်ဘက်မှာထားပြီး စားပွဲပေါ် တင်ထားပါ။ ပန်းကန်ပြားဘေးမှာ ခပ်ဖွဖွကလေး တင်ထားပါ။ ခြေမွမပစ်ပါနဲ့။ ဘာကြောင့်လဲဆိုရင် မသပ်မရပ်ဖြစ်နေတာကို မင်းမြင်ချင်မှာ မဟုတ်လို့ပဲ။ အလွန့်အလွန် သေသေသပ်သပ် ကျကျနနကြီးလည်း ခေါက်မထားပါနဲ့။ ဘာကြောင့်လဲဆိုရင် ဒီလက်သုတ်ပုဝါကို နောက်တစ်ခါထပ်သုံးလို့ရတယ်လို့ စားသောက်ခန်းတာဝန်ခံက ယူဆလိုက်တာကို မင်းကြိုက်မှာ မဟုတ်လို့ပဲ။ မင်းရဲ့လက်သုတ်ပုဝါကို မင်းထိုင်တဲ့ ကုလားထိုင်ပေါ်မှာလည်း ချန်မထားခဲ့ပါနဲ့။ အဲဒီလိုလုပ်ခြင်းဟာ ဒီလက်သုတ်ပုဝါဟာ စားပွဲပေါ်မှာ တင်ထားလို့မရအောင် အလွန့်အလွန် ညစ်ပေနေတယ်လို့ ဖော်ပြရာရောက်တယ်။ တချို့ယဉ်ကျေးမှုတွေမှာဆိုရင် လက်သုတ်ပုဝါကို ကုလားထိုင်ပေါ်မှာ ထားခဲ့တာဟာ ဒီစားသောက်ဆိုင်၊ စားသောက်ခန်းကို နောက်တစ်ခါ ထပ်မလာတော့ဘူးလို့ ဆိုလိုရာရောက်တယ်။

          ဂ။ စားပွဲပေါ်ကို လက်မထောက်ပါနဲ့။

          ဃ။ အစားအစာကို ဖြတ်နေချိန်နဲ့ ထောပတ်သုတ်နေချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ လက်တစ်ဖက်နဲ့ပဲ စားပါ။ လက်တစ်ဖက်က ခက်ရင်းကို ကိုင်ပြီး ကျန်တဲ့တစ်ဖက်က ဖန်ခွက်ကို ကိုင်ထားတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။

          င။ လက်မစုပ်ပါနဲ့။ လက်ကို လျှာနဲ့မလျက်ပါနဲ့။ မင်းရဲ့လက်တွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် လက်သုတ်ပုဝါတွေ ပေးထားတယ်။ မင်းကိုမင်း သန့်ရှင်းရေးလုပ်ဖို့အတွက် လျှာနဲ့လျက်ဖို့ မလိုဘူးဆိုတာ သိထားပါ။

          စ။ နှုတ်ခမ်းတွေကို တပျတ်ပျတ်မြည်အောင် မစုပ်ပါနဲ့။ ဆူဆူညံညံ အသံထွက်အောင် ၀ါးမစားပါနဲ့။

          ဆ။ ပါးစပ်ကြီးဟပြီး အစာကို ၀ါးမစားပါနဲ့။

          ဇ။ ပါးစပ်ထဲမှာ စားစရာ ပလုပ်ပလောင်းနဲ့ စကားမပြောပါနဲ့။ တစ်ခါတစ်ရံမှာ တစ်ချို့လူတွေဟာ သူတို့ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောတာမျိုး တွေ့ဖူးကြလိမ့်မယ်။ အဲဒီလိုမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ စကားပြောဖို့အတွက် မင်းပါးစပ်ထဲက အစားအစာတွေကို မျိုချပြီးတဲ့အချိန်အထိတော့ စောင့်ပါ။

          စ်။ သွားကြားထဲမှာ တစ်ခုခု ညပ်နေရင် ညပ်ညပ်ချင်း ကလော်မထုတ်ပါနဲ့။ သန့်စင်ခန်းထဲရောက်အောင်သွားပြီးမှ ဖယ်ပစ်ပါ။

          ည။ ဖျော်ရည်၊ ဟင်းရည်တွေကို အသံမြည်အောင် စုပ်မသောက်ပါနဲ့။

          ဋ။ စားစရာတွေနဲ့ မကစားပါနဲ့။

          ဌ။ တကယ်လို့ မင်းရဲ့ ဇွန်း၊ လက်သုတ်ပုဝါ၊ ဒါမှမဟုတ် တစ်ခုခု ကြမ်းပြင်ပေါ် ပြုတ်ကျသွားရင် စားပွဲပေါ် ပြန်ကောက်မတင်ပါနဲ့။ ကြမ်းပေါ်ကျထားတဲ့ ပစ္စည်းတစ်ခုခုကို စားပွဲပေါ် ပြန်တင်တာဟာ အလွန့်အလွန် ရိုင်းစိုင်းပြီး သန့်ရှင်းမှုမရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ တကယ်လို့ ပြုတ်ကျသွားတဲ့ တစ်ခုခုကို ပြန်ကောက်ပြီးရင် စားပွဲထိုး တစ်ယောက်ယောက်ဆီကို လက်ဆင့်ကမ်းလိုက်ပါ။ ပြီးရင် အစာဆက်မစားခင်မှာ လက်ကို သန့်ရှင်းအောင် သွားဆေးဖို့ လိုလိမ့်မယ်။ အဲဒီလိုအခြေအနေမျိုးမှာ ပြုတ်ကျသွားတဲ့ ပစ္စည်းကို သည်အတိုင်း ပစ်ထားလိုက်ပြီး စားပွဲထိုးဆီကနေ နောက်တစ်ခု ထပ်တောင်းလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်။

          ဍ။ အစားအစာ အားလုံးနီးပါးကို စားဖို့အတွက် မင်းရဲ့ စားသောက်ခန်း ကိရိယာတန်ဆာပလာတွေကို သုံးရမယ်။ လက်နဲ့ကိုင်ပြီး စားနိုင်တဲ့ အစားအစာ ဆယ်မျိုးကို အောက်မှာ ပြထားတယ်။
          ၁။ ပီဇာ Pizza
          ၂။ ၀က်ပေါင်ခြောက် Bacon
          ၃။ ကွတ်ကီး
          ၄။ ပေါင်မုန့် ( ပေါင်မုန့်ကို မင်းစားနိုင်သလောက်အရွယ် ဖဲ့ပြီးစားပါ။ ပေါင်မုန့်ကို ထောပတ်သုတ်မယ်ဆိုရင် တစ်လုံးလုံး မသုတ်ပါနဲ့။ မင်းဖဲ့ထားတဲ့ အပိုင်းကိုပဲ သုတ်ပါ။ နောက်တစ်ပိုင်း မဖဲ့ခင်မှာ လက်ထဲမှာ ရှိနေတဲ့ အပိုင်းကို အရင်ဆုံး ကုန်အောင်စားပါ )
          ၅။ ပြောင်းဖူးတင်ပေါင်မုန့်လုံး ( ပတ်ပတ်လည် ၀ိုင်းပတ်ကိုက်စားတာထက် ကန့်လန့်ဖြတ် ကိုက်စားတာဟာ ပိုပြီး ယဉ်ကျေးတယ် )
          ၆။ အသားညှပ်ပေါင်မုန့်၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ဘီစကစ်
          ၇။ အာလူးချောင်းကြော်နဲ့ အာလူးပြားကြော်
          ၈။ ကြက်ကြော်
          ၉။ ကညွတ် Asparagus
          ၁၀။ အခိုင်လိုက်ပါတဲ့ စပျစ်သီးလို သေးငယ်တဲ့ အသီးတွေ၊ ပန်းသီး၊ လိမ္မော်သီး၊ မုန်လာဥနီစတာတွေ

          ဎ။ သူများပန်းကန်ကို ကျော်ပြီး ဘယ်အရာကိုမှ လှမ်းမယူပါနဲ့။ တစ်ခုခုလိုချင်ရင် “ ကျေးဇူးပြုပြီး ဆားပုလင်းကလေး လှမ်းလိုက်စမ်းပါ ” လို့ တောင်းယူပါ။

          ဏ။ ခုံမှာ မထိုင်ရသေးခင် ပန်းကန်ထဲက အစားအစာတွေကို နှိုက်မစားပါနဲ့။

          တ။ စားသောက်ခန်းမှာ စားနေကြရင် ကိုယ့်စားပွဲမှာထိုင်နေတဲ့ လူတိုင်းမှာ အစားအစာရောက်မလာသေးရင် တစ်ယောက်တည်း စမစားပါနဲ့။

          ထ။ အစားအစာအတွက် တန်းစီရတဲ့ လူတန်းက ရှည်လွန်းတာတို့၊ စောင့်နေရတာတို့၊ စားစရာက သိပ်မကောင်းတာတို့အတွက် ဘယ်တော့မှ ညည်းညူပြီး ဆင်ခြေမပေးသင့်ဘူး။ တခြားလူတွေရဲ့ ပျော်ရွှင်သာယာတဲ့ အခြေအနေကို ဖျက်ဆီးပစ်လေ့ရှိတဲ့ အဖျက်သမားတစ်ယောက်အဖြစ်ကို  မင်းရချင်လိမ့်မယ်တော့ မထင်ဘူး။

          ဒ။ ဘယ်အသုံးအဆောင်နဲ့ စပြီးစားရမယ်ဆိုတာ မသေချာရင် မင်းနဲ့အဝေးဆုံးမှာ ရှိနေတဲ့ ခက်ရင်း၊ ဒါး ဒါမှမဟုတ် ဇွန်းနဲ့ စစားပါ။ မင်းရဲ့ဘယ်ဘက် အနီးဆုံးမှာ အသုတ်စား ခက်ရင်းရှိလိမ့်မယ်။ သူနဲ့ကပ်လျှက်မှာ ညစာစား ခက်ရင်းထားတယ်။ မင်းရဲ့ညာဘက်အစွန်းဆုံးမှာ ဟင်းရည်သောက်ဇွန်းရှိမယ်။ ဒါ့အပြင် ကော်ဖီတို့ လက်ဖက်ရည်တို့ ဖျော်ရင် မွှေဖို့အတွက် ဇွန်းတစ်ချောင်းလည်းရှိမယ်။ အသုတ်လှီးဖို့ ဓားရှိမယ်။ ညစာစား ဓားရှိလိမ့်မယ်။ မင်းပန်းကန်ပြားရဲ့ ထိပ်ဘက်မှာ ရှိတဲ့ အသုံးအဆောင်တွေက အချိုပွဲစားတဲ့အခါမှာ သုံးဖို့ ဖြစ်တယ်။

          န။ စားသောက်ပြီးသွားရင် မင်းရဲ့ပန်းကန်ပြားကို ကိုယ်နဲ့အဝေးကို တွန်းမပို့လိုက်ပါနဲ့။ သူ့နေရာအတိုင်း ရှိပါစေ။ မင်း စားပြီးသွားတဲ့အကြောင်းကို ပြချင်ရင် မင်းရဲ့ခက်ရင်းနဲ့ ဓားကို ပန်းကန်ပြားပေါ်မှာ ကန့်လန့်ဖြတ်ပြီး အတူတူ တင်ထားလိုက်ပါ။ ခက်ရင်းထားတဲ့အခါမှာ ကော့နေတဲ့အဖျားကို အောက်စိုက်ပြီးထားပါ။ ဓားရဲ့ အသွားကိုလည်း အောက်ဘက်လှည့်ပြီး တင်ပါ။ အဲဒီနှစ်ခုထဲမှာ ခက်ရင်းဟာ မင်းနဲ့အနီးဆုံးမှာ ရှိသင့်တယ်။

          ပ။ ကိုယ်သုံးပြီးသွားတဲ့ ဇွန်း၊ ခက်ရင်း၊ ဓား စတာတွေကို စားပွဲပေါ်မှာ ဘယ်တော့မှ ပြန်မတင်ပါနဲ့။ ပန်းကန်ပြားတစ်ချပ်ပေါ်မှာ တင်ထားပါ။

          ဖ။ အစားအသောက် မှာတာပဲဖြစ်ဖြစ်၊ မေးခွန်းထုတ်တာပဲဖြစ်ဖြစ်၊ ကျေးဇူးတင်စကားဆိုတာပဲဖြစ်ဖြစ် လုပ်နေချိန်မှာ စားပွဲထိုးနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ပါ။

          ဗ။ စားပွဲထိုးက သူ့နာမည်ထုတ်ပြောပြီး မိတ်ဆက်တဲ့အခါမှာ နာမည်ကို မှတ်မိအောင် လုပ်ပါ။ အစားအစာပွဲတွေ တစ်ပွဲပြီးတစ်ပွဲ အကူးအပြောင်းမှာ စားပွဲထိုးရဲ့ နာမည်ကို ဖြစ်နိုင်သမျှ မကြာမကြာ ထည့်ပြီး ခေါ်ပြောပါ။

          မ။ စားသောက်နေရင်းနဲ့ သန့်စင်ခန်းသွားချင်တယ်ဆိုရင် မတ်တပ်ရပ်ပြီး “ ခွင့်ပြုပါဦးနော် ” လို့ တစ်ဝိုင်းတည်း စားဖော်စားဖက်တွေကို ပြောပြီးမှ သွားပါ။

          ယ။ အချိုပွဲစားဖို့ အချိန်မှာပဲဖြစ်ဖြစ် “ ဘယ်အရံဟင်းမျိုးကို သဘောကျပါသလဲခင်ဗျာ ” တို့ “ အသုတ်ပေါ်မှာ ဘယ်အနှစ်ဆမ်းစေချင်ပါသလဲခင်ဗျာ ” ဆိုတဲ့ မေးခွန်းတွေ မေးလာရင်ပဲဖြစ်ဖြစ် “ မင်းရော ဘယ်လိုသဘောရသလဲ ” လို့ ပြန်မေးလိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ဒီနည်းအားဖြင့် စားသောက်ဆိုင်မှာ မရှိနိုင်တဲ့ အစားအသောက်တွေကို မှာမိတဲ့ ဖြစ်ရပ်မျိုးက ရှောင်ရှားနိုင်လိမ့်မယ်။

          ရ။ စားပွဲထိုးနဲ့ စားပွဲထိုးမယ်တွေကို အစေခံတွေလို ဆက်ဆံပြောဆိုတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ သူတို့ကို လေးစားမှုအပြည့် ကြင်နာမှုအပြည့်နဲ့ ပြောဆိုဆက်ဆံပါ။ သူတို့ဟာ မင်းအတွက် အစားအစာတွေကို ပြင်ဆင်ပြီး ယူလာပေးနေကြတယ်ဆိုတာ သတိရပါ။ စားပွဲထိုးနဲ့ ရန်သူဖြစ်သွားတာမျိုး မင်းလိုချင်မှာ မဟုတ်တာတော့သေချာတယ်။

၃၀ - စားသောက်ပြီးတဲ့အခါမှာ ကိုယ့်ဘာသာကိုယ် သန့်ရှင်းရေး လုပ်ရလိမ့်မယ်။ အဲဒီလိုသန့်ရှင်းရေးလုပ်တဲ့အခါမှာ စားပွဲတွေကိုလည်း သန့်ရှင်းရမယ်၊ စားတဲ့သောက်တဲ့ နေရာတ၀ိုက်နဲ့ ကြမ်းပြင်ပေါ်မှာ အစားအစာ အစအနတွေ မကျန်ခဲ့အောင်လည်း ဂရုစိုက်ဖို့ လိုအပ်တယ်။ မင်းဘယ်နေရာမှာပဲရောက်နေနေ ကိုယ့်ရဲ့အကြွင်းအကျန် အမှိုက်သရိုက်အတွက် ကိုယ်တာဝန်ယူဖို့နဲ့ အမှိုက်မဖွမိဖို့ အရေးအကြီးဆုံး ဖြစ်တယ်။

၃၁ - ဟိုတယ်မှာ တည်းတဲ့အခါမှာ ငါတို့ထွက်သွားရင် အခန်းသန့်ရှင်းဖို့ တာဝန်ယူထားရတဲ့ ဟိုတယ်အလုပ်သမားတွေအတွက် ခေါင်းအုံးပေါ်မှာ မုန့်ဖိုးချန်ထားပေးခဲ့တာဟာ သင့်လျော်တဲ့ လုပ်ရပ်ဖြစ်တယ်။ ကိုယ်တည်းတဲ့အခန်းရဲ့ ကျသင့်တဲ့အခန်းခပေါ်မူတည်ပြီး တစ်ညတာအတွက် နှစ်ဒေါ်လာ သို့မဟုတ် သုံးဒေါ်လာဟာ ဆီလျော်ညီညွှတ်တဲ့ ပမာဏဖြစ်တယ်။

၃၂ - ဘတ်စ်ကားစီးတဲ့အခါမှာ ငါတို့ဟာ ရှေ့တည့်တည့်ကိုပဲ မျက်နှာမူပြီး စီးလေ့ရှိကြတယ်။ တခြားကျောင်းသားတွေနဲ့ စကားပြောဖို့အတွက် နောက်ကိုလှည့်ထိုင်တာတို့၊ ပြတင်းပေါက်တွေ အပြင်ဘက်မှာ တစ်ခုခု ကပ်တာတို့၊ ထိုင်ခုံကနေ ထသွားတာတို့ ဘယ်တော့မှ မလုပ်ရဘူး။ ဘတ်စ်ကားပေါ်ကနေ ဆင်းရင် ကားဆရာကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ကောင်းသောနေ့ဖြစ်ပါစေဆိုတဲ့ ဆုတောင်းစကားကို အမြဲတမ်း ပြောကြရမယ်။

၃၃ - ငါတို့တွေ လေ့လာရေးခရီးထွက်တဲ့အခါမျိုးမှာ ခြားနားတဲ့ လူပေါင်းစုံနဲ့ တွေ့ကြ ဆုံကြရလိမ့်မယ်။ မင်းတို့ကို လူတွေနဲ့ ဆရာက မိတ်ဆက်ပေးရင် သူတို့နာမည်တွေကို မင်းတို့ ဂရုတစိုက်နဲ့ မှတ်သားထားဖို့ လိုလိမ့်မယ်။ တို့တွေ ခရီးစဉ်ပြီးလို့ ပြန်ကြတဲ့အခါမှာ သူတို့ကို လက်ဆွဲနှုတ်ဆက်ပြီး သူတို့နာမည်တပ်ပြီး ကျေးဇူးတင်စကားပြောဖြစ်အောင် ပြောပါ။

၃၄ - မင်းတို့ကို စားစရာ တစ်ခုခု ကျွေးတဲ့အခါမျိုးမှာ ကိုယ်တိုင်ယူစနစ် Buffet ကျွေးတာပဲဖြစ်ဖြစ် စာသင်ခန်းထဲမှာ ချကျွေးတာပဲဖြစ်ဖြစ် ကိုယ်စားနိုင်တာ၊ စားသင့်တာထက် ပိုမယူပါနဲ့။ ကိုယ်ရသင့်တာထက် ပိုယူတတ်တဲ့ လောဘသမားဖြစ်တာမျိုး မင်းကြိုက်မှာ မဟုတ်တာ သေချာတယ်။ အဲဒီလို လုပ်ခြင်းဟာ ဖြုန်းတီးရာရောက်သလို ကိုယ်က ပိုယူလိုက်တဲ့အတွက် လုံလောက်အောင် မရတော့တဲ့ ကျန်တဲ့လူတွေကို မရိုမသေပြုရာ ရောက်တယ်။

၃၅ - စာသင်ခန်းထဲမှာပဲဖြစ်ဖြစ် လေ့လာရေးခရီးထွက်တဲ့အခါမှာပဲဖြစ်ဖြစ် တစ်ယောက်ယောက်က တစ်ခုခု ကျကျန်ခဲ့တာတွေ့ရင် ကောက်ပြီး လက်ဆင့်ကမ်း ပြန်ပေးပါ။ တကယ်လို့ ပစ္စည်းကျသွားတဲ့လူဟာ ကျသွားတဲ့ ပစ္စည်းနဲ့ နီးနေရင် ပစ္စည်းပြန်ကောက်ဖို့ လက်ဟန်ခြေဟန်နဲ့ ပြတာဟာ ယဉ်ကျေးတဲ့ လုပ်ရပ်ဖြစ်တယ်။

၃၆ - ကိုယ်က တံခါးဆီကို သွားနေတဲ့အချိန်မှာ ကိုယ့်နောက်မှာ တစ်ယောက်ယောက် ပါလာရင် တံခါးကို သူဖြတ်သွားပြီးတဲ့အချိန်အထိ ကိုင်ထားပါ။ တံခါးက ဆွဲတံခါးဖြစ်နေရင် ဆွဲဖွင့်ပါ။ ပြီးရင် ဘေးကပ်ရပ်ပြီး တခြားလူတွေကို ကိုယ့်အရင် ဖြတ်သွားခိုင်းလိုက်ပါ။ ပြီးမှ မင်းသွားပါ။ တံခါးက တွန်းတံခါးဖြစ်နေရင် တံခါးကို ပြန်တွန်းမပိတ်သေးဘဲ နောက်လူ သွားပြီးမှ ပြန်တွန်းပိတ်ပါ။

၃၇ - တစ်ယောက်ယောက်နဲ့ မတော်တဆ ထိခိုက်မိတဲ့အခါမျိုးမှာ “ ဆောရီးပါ…တောင်းပန်ပါတယ် ” လို့ ပြောဖို့ ၀န်မလေးပါနဲ့။ တကယ်လို့ မင်းရဲ့အမှား မဟုတ်ရင်တောင် ကိုယ်ကဦးအောင် တောင်းပန်လိုက်ပါ။

၃၈ - လေ့လာရေးခရီးထွက်တဲ့ အချိန်မျိုးမှာ အများပြည်သူနဲ့ဆိုင်တဲ့ စက်ရုံ၊ အလုပ်ရုံ၊ ဆေးရုံစတာတွေကို ၀င်ကြည့်ရင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ စည်းကမ်းရှိရှိ သွားပါ။

၃၉ - လေ့လာရေးခရီးထွက်နေတဲ့ အချိန်မျိုးမှာ ကိုယ်အလည်ရောက်နေတဲ့ နေရာဒေသအကြောင်း ချီးကျူးပြောဆိုတာဟာ ကောင်းတဲ့လုပ်ရပ်ဖြစ်တယ်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်ရဲ့အိမ်ကို ငါတို့အလည်သွားကြရင် သူတို့အိမ်က ခန်းဆီးလိုက်ကာတွေ ဘယ်လောက်လှကြောင်း အိမ်ရှင်ကို ပြောခြင်းဟာ ကောင်းတဲ့အမူအကျင့်ဖြစ်တယ်။ လူတွေဟာ သူတို့အိမ်ကို ဧည့်သည်တွေရောက်လာကြရင် ကိုယ့်ကိုယ်ကို စိတ်မလုံမခြုံဖြစ်လေ့ရှိတတ်ကြတယ်။ ဒါကြောင့် မင်းတို့က သူတို့ကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးဖို့ လိုအပ်တယ်။ တကယ်လို့ ပြခန်းတို့ ဇာတ်ရုံတို့ကို လေ့လာရေးသွားကြရင်လည်း ဗိသုကာလက်ရာတွေ ဘယ်လောက်လှကြောင်း၊ ၀န်ဆောင်မှုက ဘယ်လောက်ကောင်းကြောင်း ဧည့်လမ်းညွှန်ကို ပြောခြင်းဟာလည်း ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်တယ်။

၄၀ - ကျောင်းသားစုံညီ စုဝေးသဘင် assembly မှာ စကားမပြောပါနဲ့ ဟိုဟိုသည်သည် လျှောက်မကြည့်ပါနဲ့။ တခြားအခန်းက မင်းသူငယ်ချင်းတွေရဲ့ အာရုံစူးစိုက် စိတ်ဝင်စားမှုရအောင် ကြိုးစားပါ။ ငါတို့ဟာ အတူတကွ လှုပ်ရှားဆောင်ရွက်ကြတယ်ဆိုတဲ့ ပုံရိပ်ကို အများသိအောင် ပြကြရလိမ့်မယ်။

၄၁ - အိမ်မှာ ဖုန်းပြောတဲ့အခါမှာ အများနားဝင်ချိုတဲ့ အသံနဲ့ ပြောပါ။

၄၂ - လေ့လာရေးခရီးက ပြန်လာတဲ့အခါမှာ ဆရာ့ကိုလည်း လက်ဆွဲနှုတ်ဆက်ပါ။ မင်းတို့ ခရီးထွက်ဖို့အတွက် အချိန်ပေးတဲ့ ဆရာတို့ကို ကျေးဇူးတင်သင့်ပါတယ်။ ဒါတင်မကသေးဘဲ ဒီလိုအခွင့်အရေးမျိုး ရတဲ့အတွက် မင်းတို့ ဘယ်လောက်ကျေနပ်ပျော်ရွှင်တယ်ဆိုတာကို ဆရာတို့ကို အသိပေးသင့်ပါတယ်။ ဒီလိုပြောတာဟာ မင်းတို့ရဲ့ ကျေးဇူးတင်ခံရတာကို ဆရာက အလွန်အမင်း ခံယူချင်လွန်းလို့ ပြောနေခြင်း မဟုတ်ပါ။ တစ်ယောက်ယောက်က မင်းတို့ကို ကူညီတဲ့အခါမှာ ဘယ်လိုကျေးဇူးတင်ရမယ်ဆိုတာကို မင်းတို့သိအောင် သင်ပေးနေခြင်းပဲ ဖြစ်တယ်။

၄၃ - လေ့လာရေးခရီးထွက်တဲ့အခါမှာ ငါတို့ဟာ စက်လှေကား စီးရကောင်း စီးရလိမ့်မယ်။ အဲဒီလိုစီးတဲ့အခါမှာ ညာဘက်ခြမ်းမှာ ကပ်ပြီးရပ်ပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် စက်လှေကားပေါ်မှာ လမ်းလျှောက်ပြီးတက်ကြမယ့် အရေးကြီးနေတဲ့လူတွေအတွက် ဘယ်ဘက်ခြမ်းမှာ လမ်းပေးထားပြီးသား ဖြစ်သွားလိမ့်မယ်။ တကယ်လို့ ဓာတ်လှေကားတို့၊ မြေအောက်လမ်းတို့၊ စင်္ကြန်လမ်းတို့ကို ၀င်တော့မယ်ဆိုရင် ငါတို့မ၀င်ခင်မှာ အတွင်းကလူတွေ အကုန် အပြင်ထွက်ပြီးတဲ့အချိန်အထိ စောင့်ပါ။

၄၄ - စီတန်းလမ်းလျှောက်တဲ့အခါမျိုးမှာ တစ်ယောက်တန်း တန်းပါ။ ကိုယ့်ရှေ့ကလူနဲ့ ကိုယ့်ကြားမှာ နှစ်ပေ၊ သုံးပေလောက် ကွာပါစေ။ ရှေ့ဘက်ကို အမြဲတမ်း မျက်နှာမူထားပါ။ စီတန်းချိန်မှာ စကားလုံးဝ ပြောခွင့်မရှိ။

၄၅ - စီတန်းထားတဲ့ လိုင်းမှာ ဘယ်တော့မှာ ကြားဖြတ်ပြီး တန်းမစီပါနဲ့။ တကယ်လို့ တစ်ယောက်ယောက်က မင်းရှေ့မှာ ကြားဖြတ်ဝင်ပြီး တန်းစီရင် မင်းဘာမှ မပြောပါနဲ့၊ ဘာမှ မလုပ်ပါနဲ့။ လွှတ်ထားလိုက်ပါ။ ဒါပေမယ့် ဆရာ့ကိုတော့ အသိပေးပါ။ ဒီပြဿနာကို ဆရာရှင်းပေးမယ်။ ကြားဖြတ်ဝင်တဲ့တစ်ယောက်နဲ့ မင်းနဲ့  ပူညံပူညံလုပ်နေရင် မင်းလည်း ပြဿနာဖြစ်သွားလိမ့်မယ်။ မင်းနဲ့ အဲဒီပြဿနာနဲ့ မထိုက်တန်ဘူး။ ဒါကြောင့် ဘာဖြစ်သလဲဆိုတာ ဆရာ့ကိုသာ ပြောပါ။ ကျန်တဲ့အတန်းသူ အတန်းသားတွေနဲ့ ဖြစ်တဲ့ ပဋိပက္ခတွေမှာလည်း အဲဒီနည်းအတိုင်းပဲ ကိုင်တွယ်ဖြေရှင်းပါ။ ပြဿနာကို မင်းကိုယ်တိုင် မဖြေရှင်းခင် ဆရာ့ဆီကို လာပြီး အကြောင်းကြားပါ။

၄၆ - ရုပ်ရှင်ရုံကို ငါတို့သွားကြတဲ့အခါ ရုံထဲမှာတစ်ယောက်နဲ့ တစ်ယောက် ဆူဆူညံညံ စကားမပြောပါနဲ့။ ဆရာနေမကောင်းလို့ ဗီဒီယိုခွေနဲ့ စာသင်တဲ့အဝေးသင် စာသင်ချိန်မျိုးမှာ စကားမပြောပါနဲ့။ ( Ron Clark က ကျန်းမာရေးမကောင်းလို့ ဆရာဝန်က အိမ်မှာ အနားယူခိုင်းတဲ့အခါမှာ သူ့ကျောင်းသားတွေ သင်ခန်းစာနောက်မကျစေဖို့အတွက် တစ်ရက်စာသင်ခန်းစာတွေ သူရှင်းပြနေတာကို အိမ်မှာ ဗီဒီယိုရိုက်ပြီး ကျောင်းသားတွေကို စာသင်ခန်းထဲမှာ ဖွင့်ပြပြီး သင်တဲ့စနစ်ကို သုံးခဲ့ပါတယ် )

၄၇ - ကျောင်းအဆောက်အဦထဲကို Doritos ( ကြက်ဥ၊ ပြောင်းဖူးမှုန့်တွေနဲ့ လုပ်ထားတဲ့ အမေရိကန် အာလူးကြော်တစ်မျိုး ) တွေ ယူမလာပါနဲ့။

၄၈ - ကျောင်းမှာရှိတဲ့ကလေးတစ်ယောက်က မင်းကို စရင်၊ နောက်ရင်၊ အနှောင့်အယှက်ပေးရင် ဆရာ့ကို အသိပေးပါ။ ဆရာဟာ မင်းရဲ့ဆရာဖြစ်တယ်။ ဒီနေရာမှာ ဆရာရှိနေခြင်းဟာ မင်းတို့ကို စောင့်ရှောက်ဖို့နဲ့ ကာကွယ်ပေးဖို့ဖြစ်တယ်။ ဒီကျောင်းမှာရှိတဲ့ ဘယ်သူကမှ မင်းကို အနိုင်ကျင့်စော်ကားတာ၊ စိတ်မသက်မသာဖြစ်အောင်လုပ်တာမျိုး ဆရာခွင့်မပြုနိုင်ဘူး။ အပြန်အလှန်အားဖြင့် ပြဿနာကို မင်းကိုယ်တိုင် ကိုယ်ထိလက်ရောက် ဖြေရှင်းတာမျိုးကိုလည်း ဆရာခွင့်မပြုနိုင်ဘူး။ အဲဒီကျောင်းသားကို ဆရာကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းပါရစေ။

၄၉ - မင်းယုံကြည်တဲ့ အရာအတွက် ခိုင်ခိုင်မာမာ ရပ်တည်ပါ။ မင်းရဲ့နှလုံးသားနဲ့ စိတ်အာရုံက ဦးဆောင်ညွှန်ပြပြီး မင်းကိုယ်တိုင် စွဲစွဲမြဲမြဲလက်ခံယုံကြည်တဲ့ အရာအတွက် ဘာအဖြေမှ ပေးစရာ မလိုဘူး။

၅၀ - အကောင်းမြင်ဝါဒထားပြီး ဘ၀ကို ပျော်ရွှင်ခံစားပါ။ တချို့အကြောင်းအရာတွေဟာ စိတ်အနှောင့်အယှက်ဖြစ်ဖို့ မထိုက်တန်တဲ့အရာတွေ ဖြစ်တယ်။ အရာရာတိုင်းကို ရှုထောင့်စုံကကြည့်ပြီး မင်းရဲ့ဘ၀မှာ ကောင်းကျိုးရဖို့အတွက်ပဲ အာရုံစိုက်ပါ။

၅၁ - ဘ၀မှာ ဘယ်တော့မှ နောင်တမရအောင် ရှင်သန်နေထိုင်ပါ။ မင်းလုပ်ချင်တာ တစ်ခုခုရှိရင် လုပ်သာလုပ်ပစ်လိုက်ပါ။ မင်းလုပ်မယ့်အလုပ်၊ မင်းလျှောက်မယ့်လမ်းမှာ ဘယ်အကြောက်တရား၊ ဘယ်သံသယ၊ ဘယ်အတားအဆီးမှ အ၀င်မခံပါနဲ့။ မင်းလိုချင်တာ တစ်ခုခုရှိခဲ့ရင် မင်းရဲ့ စိတ်ရော နှလုံးသားပါနှစ်ပြီး မရရအောင် ကြိုးစားပြီး ယူပါ။ မင်းလုပ်ချင်တာ တစ်ခုခုရှိခဲ့ရင် မင်းလုပ်ချင်တာ မလုပ်ရသရွေ့ မရပ်မနား ရအောင်ကြိုးစားပါ။ မင်း ဖြစ်ချင်တာ တစ်ခုခုရှိခဲ့ရင် အဲဒီအိပ်မက် ရှင်သန် အထမြောက်ဖို့ အဲဒီအိပ်မက်ထဲမှာ ရှင်သန်နေထိုင်ဖို့ လိုအပ်တာဟူသမျှ ကြိုးစားလုပ်ပါ။

၅၂ - မင်းဟာ မှားတတ်တဲ့လူ၊ မှားနိုင်တဲ့လူဆိုတာ လက်ခံလိုက်ပါ။ အဲဒီအမှားတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်ပါ။

၅၃ - ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အစဉ်သဖြင့် ရိုးသားဖြောင့်မတ်ပါ။ တစ်ခုခု အမှားအယွင်း လုပ်ခဲ့မိရင် ဆရာ့ကို ဖွင့်ပြောပြီး ၀န်ခံလိုက်တာ အကောင်းဆုံး နည်းလမ်းဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလုပ်ရပ်ကို ဆရာက လေးစားလို့ပဲ ဖြစ်တယ်။ မကြာခဏဆိုသလို မင်းရဲ့ ရိုးသားပွင့်လင်းမှုအတွက် မင်းတို့ရဲ့ စည်းကမ်းဖောက်တဲ့ ပြစ်ဒဏ်တွေကို ဆရာမေ့သွားလေ့ရှိတယ်။

၅၄ - “ Carpe Diem ” အကြောက်တရားတွေ၊ စိုးရိမ်သောကတွေကို ဘေးဖယ်ပြီး “ ဒီနေ့ကို အပိုင်သိမ်းလိုက် ” ( လက်တင်စကားမှ ဆင်းသက်သည်။ စာရေးဆရာကြီး Horace မကြာခဏ လက်စွဲသုံးသော စကားစုဖြစ်သည် ) မင်းဟာ ဒီနေ့ကို တစ်ကြိမ်တစ်ခါပဲ ကြုံတွေ့ဖြတ်သန်းခွင့်ရှိတယ်။ ဒါကြောင့် ဒီနေ့ကို မဖြုန်းတီးလိုက်နဲ့။ ဘ၀ဆိုတာ စိုးရိမ်သောကတွေကို လေထဲမှာ လွှင့်ပစ်လိုက်ပြီတော့ လုပ်စရာရှိတဲ့ အလုပ်တွေကို ပျော်ပျော်ရွှင်ရွှင်လုပ်လိုက်နိုင်တဲ့ အထူးအချိန်ကာလ အပိုင်းအခြားလေးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်တယ်။ ဒါကြောင့် “ ဒီနေ့ကို အပိုင်သိမ်းလိုက် ”။

၅၅ - မင်းကိုယ်ကို ဖြစ်နိုင်သမျှအထိ အကောင်းဆုံး ဖြစ်ပါစေ။
     
( စည်းကမ်းချက် ၃၇၊ ၃၈ နဲ့ ၄၆ က မူရင်း ဖိုင်ထဲမှာ မပါဘဲ ပျောက်နေပါတယ်။ နောက်တစ်ဖိုင်တွေ့ပေမယ့် စည်းကမ်းချက် ၅၅ ချက်ကို အကျဉ်းချုပ်၊ အနှစ်တိုက်ပြီး ရေးထားတာတွေ ဖြစ်နေတာကြောင့် အကျဉ်းကို အကျယ်ချဲ့ပြီး ဆီလျော်အောင် ပြန်ရေးထားခြင်းပါ။ )

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger