Friday, 13 August 2010

ငါ . . .

ငါပိုင်ဆိုင်တာ



ငါပိုင်ဆိုင်တာ
ဘာမှမရှိ
ငါသိငါတတ် ငါမှတ်သမျှ
သာမညသာ...

ငါနေထိုင်ရာ
မောဟရွာမှာ
ဖွေရှာသောက အတ္တစည်းစိမ်
မျက်ရည်အိမ်မှာ
ဒဏ်ရာတို့နဲ့ပျော်မွေ့သူ...

ငါဖြတ်သန်းရာ
သံသရာမှာ ပြန်တစ်ရာနစ်
ချစ်ခြင်းမုန်းခြင်း ကြေကွဲခြင်းနှင့်
အသစ်သစ်သော ဘ၀တောမှာ
မမောနိုင်စွာ နေရာရှာရင်း
သောကရွာစဉ်ရှည်ဦးမည်။ ။

ဟန်ကြည်
၁၃.၈.၂၀၁၀ ( သောကြာနေ့ )




အလွယ်တကူ တတ်ကြစေ . . .

မနက်ပိုင်းက စာသင်ချိန်မှာ ကျောင်းသူတစ်ယောက်ကို subject ဆိုတာ ဘာကိုခေါ်သလဲလို့မေးမိတယ်။ အဖြေကရှင်းပါတယ်။
မသိဘူးဆရာ”တဲ့...

ရင်ထဲမှာ တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ ဒါနဲ့ ကျန်တဲ့ကျောင်းသားလေးတွေကိုပါ မေးကြည့်တယ်။
အဖြေက ထူးမခြားနားပါပဲ။ “မပြောတတ်ဘူး” “သဘောမပေါက်ဘူး
စကားလုံးကွာပေမယ့် အဓိပ္ပာယ်ကတော့ အတူတူပါ။ သူတို့လေးတွေ Grammar အခြေခံ ဘာတစ်ခုမှမရှိတာ သနားစရာပါ။ အခြေခံဘာမှမရှိဘဲ အဆင့်မြင့်အင်္ဂလိပ်စာတွေသင်ယူနေကြတာ ဘယ်လိုမှမဖြစ်သင့်ပါ။
ဥပမာပေးရရင် လေးတိုင်စင်ထောင်ပြီး နှစ်ထပ်တိုက်ဆောက်ဖို့ ကြိုးစားနေသလိုပါပဲ။

ဒါနဲ့ ကလေးတွေကများ အင်မတန်ကို ညံ့ဖျင်းလွန်းနေတာလားဆိုတာ သတိထားကြည့်တော့လည်း သူ့အတန်းနဲ့သူ ထိုက်သင့်တဲ့ဉာဏ်ရည်တွေ ရှိကြပါတယ်။ သင်ပေးရင်လည်း တတ်လွယ်ကြပါတယ်။ ဒါနဲ့တောင် ဘာကြောင့်များ အင်္ဂလိပ်စာအခြေခံ ညံ့ကြတာလဲဆိုတာ တီးခေါက်ကြည့်တော့ သူတို့ခမျာ အခြေခံအင်္ဂလိပ်သဒ္ဒါကို တစ်ခါမှ ကောင်းကောင်းမွန်မွန် မသင်ခဲ့ရတာ သွားတွေ့ရပါတယ်။ ဒါဆိုရင်တော့ ကိုယ်တို့ ဆရာတွေဘက်က လိုအပ်ချက်တွေရှိခဲ့ကြလို့ပါ။ ကိုယ့်အယူအဆကတော့ ကျောင်းသားတစ်ယောက် ထူးချွန်မှုရှိုခြင်း၊ မရှိခြင်းဆိုတာ ဆရာအပေါ်မှာ ၇၅ရာခိုင်နှုန်းမူတည်ပါတယ်။
လောကမှာ ခွေးကလေးတွေကိုတောင် လက်ပေးသင်လို့ရနိုင်တာဖြစ်လို့ လူသားစင်စစ်ဖြစ်တဲ့ ကျောင်းသားတွေကို သင်လို့မရဘူးဆိုတာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိပါ။

ဒါနဲ့...
ကျောင်းသားတွေကို subject ဆိုတာ ကတ္တားကိုခေါ်တဲ့အကြောင်းပြောပြီး ကတ္တားဆိုတာ ဘာကိုခေါ်သလဲလို့ ထပ်မေးမိပါတယ်။ အဲဒီမှာ အရင်ကလိုပဲ ထူးမခြားနားအဖြေ ထပ်ရပြန်ပါရော။ ကိုယ့်မှာ စိတ်တိုဖို့တောင် သတိမရအောင် သနားမိပါတော့တယ်။ ကျောင်းသားလေးတွေဟာ မြန်မာသဒ္ဒါကိုပါ ကျေကျေလည်လည် မရှိတာ ထပ်တွေ့ရပြန်တာပါပဲ။ ဒီဘက်ခေတ်က မြန်မာစာ၊ မြန်မာသဒ္ဒါကို အလေးတယူမရှိတာ တကယ်ကိုဆိုးပါတယ်။ adjective ဆိုတာကို နာမ၀ိသေသန လို့အဓိပ္ပာယ်ဖွင့်ရမှာ ဖြစ်ပေမယ့် နာမ၀ိသေသနဆိုတာ ဘာမှန်းမသိတဲ့ကျောင်းသားကို “နာမ၀ိသေသနဆိုတာ နာမ်ကို အထူးပြုကြောင်း” ထပ်ရှင်းရပါတယ်။ နာမ်ဆိုတာတောင် ဘာမှန်းမသိတဲ့ကျောင်းသားလေးတွေအတွက် “နာမ်ဆိုတာ သက်ရှိသက်မဲ့၊ ဒြပ်ရှိဒြပ်မဲ့တို့ရဲ့ အမည်ဟူသမျှကို ခေါ်ကြောင်း” မီးခိုးကြွက်လျှောက် ရှင်းရပါတော့တယ်။

တကယ်လို့သာ ကျောင်းသားလေးတွေကို သူ့အဆင့် သူ့အတန်းနဲ့ညီတဲ့ အသိပညာ၊ အတတ်ပညာမျိုးတွေ ထည့်ပေးနိုင်ခဲ့ရင် ကလေးတွေအတွက် ပညာရေးဆိုတာ ပျော်စရာကြီးဖြစ်လာမှာ သေချာပါတယ်။ အခုတော့ အခြေခံပညာ အထက်တန်းရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေကြပေမယ့် အလယ်တန်းအဆင့်သာသာ အခြေခံလေးတွေနဲ့ဆိုတော့ အရာရာအခက်အခဲတွေချည်းပဲ ဖြစ်နေတဲ့နောက်တော့ သူတို့လေးတွေ ပညာသင်ရတာ ဘယ်မှာပျော်ရှာကြတော့မလဲ။

ကိုယ်ကတော့ ကျောင်းသူကျောင်းသားလေးတွေကို ပျော်စေချင်ပါတယ်။ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ ပညာသင်ယူနေကြတာကို မြင်ရတဲ့မြင်ကွင်းလောက် ကျက်သရေရှိတဲ့ မြင်ကွင်းမျိုးမရှိတော့ပါ။ တိုင်းပြည်အတွက် အလားအလာကောင်းတွေကို မြင်ရတာမို့ ကြည်နူးဖို့ အင်မတန်ကောင်းပါတယ်။

ဒါကြောင့် လောလောဆယ်မှာ ကျောင်းသားလေးတွေ ကြုံနေရတဲ့ အင်္ဂလိပ်စာ အခြေခံအားနည်းတဲ့ ပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းကတော့ မြန်မာသဒ္ဒါကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် လေ့ကျင့်ပေးဖို့ပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် မိခင်ဘာသာစကားရော အင်္ဂလိပ်စာပါ တစ်ပြေးညီတိုးတက်လာမှာဖြစ်လို့ အနောက်တိုင်းကို အထင်ကြီးလွန်းပြီး (လုံးဝအထင်ကြီးစရာမလိုဘူးလို့ မဆိုလိုပါ) ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှုကို လေးစားမှုမရှိတဲ့ ပညာတတ်တွေ နည်းလာပါလိမ့်မယ်။

နောက်တစ်ချက်က ဒီဘက်ခေတ်ကျောင်းသားလေးတွေဟာ ရူပဗေဒဘာသာရပ်မှာလည်း အားနည်းကြတာ တွေ့ရပါတယ်။ မေးခွန်းသဘာဝကိုက သင်ခန်းစာအားလုံးကို စုံစုံလင်လင်မေးလေ့ရှိတဲ့ ဘာသာဖြစ်တာကလည်း ကျောင်းသားငပျင်းလေးတွေကို ဒုက္ခလှလှကြီးတွေ့အောင် လုပ်သလိုပါပဲ။ ဒါပေမယ့် မေးခွန်းမေးတဲ့ပုံစံက သဘာဝကျပါတယ်။ သဘာဝမကျတာက တစ်ပွဲတိုးလုပ်ချင်တဲ့ ကျောင်းသားတွေတနဲ့ ပညာပွဲစားဆရာတစ်ချို့ပါ။ ဒီဘာသာရပ်ကို အောင်စေချင်ရင်တော့ တတ်အောင်သင်ပေးမှဖြစ်ပါလိမ့်မယ်။ နောက်...ဒီဘာသာရပ်ရဲ့ မေးခွန်းထုတ်ပုံက တွက်နည်းရဲ့လှည့်ကွက်တွေသာမက မေးခွန်းရဲ့လှည့်ကွက်တွေ အစုံအလင်ထည့်တတ်တာပါပဲ။ ဆရာအများစုက ရူပဗေဒ အားနည်းတဲ့ကျောင်းသားတွေကို ဒီတစ်ဘာသာထဲကို ဖိပြီးလုပ်ခိုင်းတတ်ပါတယ်။ ဒါဟာလုံးဝ မှားပါတယ်။ မေးခွန်းလှည့်ကွက်တွေကို နားလည်နိုင်ဖို့ များများတွက်ခိုင်းတဲ့နည်းထက် အင်္ဂလိပ်စာကို နည်းနည်းအားစိုက်ပေးလိုက်ရင် ပိုလွယ်ပြီး ကျောင်းသားတွေ ပိုသက်သာသွားမှာပါ။

ခရီးတစ်ခုကို သွားဖို့လမ်းပေါင်းများစွာရှိပါတယ်။ ရောက်တာချင်းတူပေမယ့် လမ်းတိုတိုကနေ သက်သက်သာသာရောက်နိုင်မယ်ဆိုရင် စွမ်းအင်နဲ့ အချိန်ကို မလိုအပ်ဘဲဖြုန်းတီးရာ မရောက်တော့ဘဲ ကျောင်းသားလူငယ်လေးတွေအတွက် ပညာရေးပန်းတိုင်ကို လွယ်လွယ်ကူကူ ရောက်နိုင်ကြပါလိမ့်မယ်။

ကလေးတွေအတွက် အောင်မြင်ပျော်ရွှင်တဲ့ ပညာရေးနည်းစံနစ်တွေကိုသုံးပြီး တိုးတက်တဲ့ပညာရေးလူ့ဘောင်သစ်ကို ထူထောင်နိုင်ကြပါစေ...

Thursday, 12 August 2010

အမှီ . . .

ပျော်ရွှင်ချမ်းမြေ့
ရင်ငွေ့နွေးနွေး
အတွေးထဲမှာ
ပျော်လိုက်တာ . . .

လောကအမော
သောကတောက
ခေတ္တဝေးကွာ
အမေ့ရွာကို
ကြည်သာချမ်းမြ
ပြန်ရောက်ရကြောင်း
ညကအိပ်မက်မက်ခဲ့ခြင်း...။ ။


ဟန်ကြည်
၁၂.၈.၁၀ ( ကြာသပတေးနေ့ )

Wednesday, 11 August 2010

မဆုံဖြစ်ခဲ့သော . . .

စောစောက အလုပ်ကိုလာရင်း လမ်းမှာဆေး/မန်းတုန်းက သူငယ်ချင်းဟောင်းတစ်ယောက်နဲ့လမ်းမှာဆုံတယ်။ ကျောင်းသားဘ၀က အတူတူကဗျာတွေရေးခဲ့ကြတဲ့ သူငယ်ချင်းပါ။ ဘယ်လိုမှ မျှော်လင့်မထားဘဲ ဆုံသွားတော့ ကိုယ်လည်းသူ့ကို ရုတ်တရက် လှမ်းမခေါ်ဖြစ်ဘူးလေ။ ကိုယ်က ဆိုင်ကယ်ပေါ်ကဖြစ်နေပြီး သူကသူ့မိတ်ဆွေတစ်ယောက်နဲ့ လမ်းလျှောက်လာတာဆိုတော့ သူလည်းသတိမထားမိလိုက်ဘူးထင်ပါရဲ့။ သတိထားမိဦးတော့ ကျောင်းသားဘ၀ကနဲ့ ဘယ်လိုမှ ပုံမတူတော့တဲ့ ကိုယ့်ကိုသူမမှတ်မိဖို့များပါတယ်။ တကယ်ဆိုကိုယ်ကအရင်မှတ်မိတာဆိုတော့ ကိုယ်ကပဲစခေါ်သင့်မှန်းသိပါတယ်။ ဒါပေမယ့် သူမှန်းသေသေချာချာသိပါရဲ့နဲ့ လှမ်းမခေါ်ဖြစ်လိုက်ဘူး။
ရုတ်တရက်ဆိုတော့ ကိုယ်လည်းအံ့အားသင့်တာလည်း ပါကောင်းပါမယ်ထင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကိုယ်တို့ကျောင်းကကျောင်းပြီးတဲ့ ဆရာဝန်တွေကို မြန်မာပြည်အထက်ပိုင်းမှာ တာဝန်ချပေးတာများလို့ပါ။ ဒါကြောင့် ဘယ်သူငယ်ချင်းကိုမှ ပြန်တွေ့ရဖို့ မျှော်လင့်မထားခဲ့မိရိုး အမှန်ပါ။ ကိုယ့်သူငယ်ချင်းကတော့ တာဝန်နဲ့လား၊ အလည်အပတ်လားတော့ မသိပါ။ ဘာပဲပြောပြော ကိုယ်ကတော့ သူ့ကို လှမ်းခေါ်ဖို့ နှုတ်ဆွံ့နေတာတော့ အမှန်ပါ။

ပြီးမှ စိတ်ပြောင်းသွားပြီး ပြန်လှည့်ရှာတော့ မတွေ့တော့ပါ။ ဘယ်ကြားကိုများ ၀င်သွားပါလိမ့်ဆိုပြီး လိုက်ရှာသေးပေမယ့် လုံးဝကိုရှာလို့မတွေ့တော့တာပါ။ အဲဒီတော့မှ စိတ်ထဲမှာ စိတ်မကောင်းဖြစ်လိုက်တာ လွန်ပါရော။ ကိုယ်တို့ဘ၀တွေဆိုတာ ကျောင်းနေဘက်တွေ ပြန်ဆုံကြဖို့အရေး တော်တော်ဝေးပါတယ်။ တာဝန်ကိုယ်စီနဲ့ တစ်ယောက်တစ်နေရာစီ ပြန့်ကြဲနေကြရတဲ့ ဘ၀တွေမဟုတ်လား။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းမျက်နှာ ပြန်မြင်ရတော့ အရင်ကလွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်ခဲ့ကြဖူးတဲ့ ကျောင်းသားဘ၀ကို လွမ်းလိုက်တာလေ...


Tuesday, 10 August 2010

အမေ...


အမေဆိုတာ
နှလုံးသားရဲ့ကဗျာသံသရာရဲ့ အားအင်
ဝိညာဉ်ရဲ့ အလင်း
ချစ်ခြင်းတို့ရဲ့ သခင်
ရှင်သန်ခြင်းရဲ့ အနှစ်
သက္ကရာဇ်တို့ရဲ့ ပိုင်ရှင်
ကျွန်တော်တို့ရင်ထဲက ထာဝရသစ္စာရှင်
နွေလွင်ပြင်က လတစ်စင်း
အမေ့ကိုလွမ်းရင်း ရှင်သန်မယ် . . .

Mother Logo

အမေနဲ့ခွဲနေခဲ့ရတာ အခုဆိုရင် ခြောက်နှစ်ကျော်လို့ ခုနစ်နှစ်ထဲကို ၀င်လာပါပြီ။
အမေနေလို့မှကောင်းပါရဲ့လား။

အဝေးရောက်သားဘ၀ဆိုတော့လည်း အဝေးကလွမ်းရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူးအမေ။
ခပ်ငယ်ငယ် ကလေးဘ၀ကတည်းက သားအပေါ်ယုံကြည်မှုအပြည့်နဲ အားကိုးရှာတဲ့အမေ့ကို လွမ်းလိုက်တာအမေရယ်။ အမေသင်ပေးတဲ့ပညာနဲ့ ထမင်းစား၊ အမေပေးတဲ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်နေပေမယ့် အခုအချိန်အထိ အမေ့အတွက်ဘာတစ်ခုမှ ထိထိရောက်ရောက်လုပ်မပေးနိုင်သေးတာ ပြန်တွေးမိရင် ၀မ်းနည်းတယ်ဗျာ။

ဒါပေမယ့်အမေရယ်...
မတတ်နိုင်သေးတာတစ်ခုကို ထိုင်ပြီးစိတ်ညစ်မခံနဲ့ဆိုတဲ့ အမေ့စကားကို သားအမြဲသတိရပါတယ်။ အမေ့ဆီပြန်လာဖို့ မလွယ်သေးတဲ့အခြေအနေမှာ ထိုင်လွမ်းနေလို့လဲ ဘာမှမထူးတာ သားသိပါတယ်။ ဒါကြောင့် အမေ့ကိုလွမ်းတဲ့ အလွမ်းတွေကို အလုပ်နဲ့ဖြေတယ်။ အမေ့ကို သတိရတဲ့ရက်တွေမှာ ခါတိုင်းထက်အလုပ်ကို နှစ်ဆတိုးလုပ်တယ်။ အမေသင်ပေးတဲ့ပညာနဲ့ လူတွေအကျိုးကို ခါတိုင်းထက်နှစ်ဆတိုးပြီး ဆောင်ရွက်တယ်။ အမေဖြစ်စေချင်တဲ့ဘ၀မျိုးဖြစ်အောင် သားကြိုးစားတယ်။ အမေမကြိုက်တာ ဘာတစ်ခုမှ မလုပ်ဖြစ်အောင်လည်း ထိန်းသိမ်းပါတယ် အမေ။


ဒါကြောင့် သားအလုပ်ကြိုးစားနေတာ အမေ့ကိုချစ်လို့၊ လွမ်းလို့ပါအမေ။ အမေနဲ့ပြန်တွေ့ခွင့်ရတဲ့တစ်နေ့နေ့မှာ အမေဖြစ်စေချင်တဲ့ပုံစံမျိုးသားဖြစ်နေရပါစေမယ်။ အမေအနီးမှာ မရှိပေမယ့် အမေ့စကားတွေကို မြေ၀ယ်မကျနားထောင်ရင်း အမေ့ဆန္ဒတွေကို ဖြည့်ပါ့မယ်။

အဝေးရောက်သားရဲ့ အမေ့ကို တမ်းချင်းပါအမေ...

Monday, 9 August 2010

ဘ၀ရထားပေါ်မှာ . . .

လူ့ဘ၀ဆိုတာ တကယ်တော့ ခဏတာလေးပါ။ နေ့မြင်၊ညပျောက်ဆိုသလိုပဲ
သေတဲ့လူတွေသေ ကျန်တဲ့သူတွေကမမောနိုင်မပန်းနိုင် ခရီးတွေဆက်လို့ပေါ့။ ရင်ဂိုရဲ့သီချင်းခေါင်းစဉ်ကို ငှားပြီးပြောရရင်တော့ ဘ၀ရထားကြီးပေါ်က သံသရာခရီးသည်တွေပါပဲ။

ခရီးစဉ်အတိအကျမသိရတဲ့ ဘ၀လမ်းကြောင်းမှာ ဘယ်ဘူတာမှာ ဘယ်သူတွေဆင်းလို့ ဘယ်သူတွေတက်လာကြမယ်ဆိုတာလည်း မခန့်မှန်းနိုင်ပါဘူး။ ဘ၀ခရီးစဉ်တစ်လျှောက်မှာ ထိုင်ခုံပေါ်ကနေ ခန့်ခန့်ကြီးထိုင်လိုက်ခွင့်ရသူတွေ ရကြသလိုကြုံရာနေရာကနေ ဖြစ်သလိုတွယ်ကပ်လိုက်ပါကြရသူတွေလည်း ဒုနဲ့ဒေးပါ။ နေရာထိုင်ခင်းတွေကွဲကြပေမယ့် ဘယ်နေရာမှ မမြဲတာတော့ အတူတူပါပဲ။ ထိုင်ခုံရသူရော၊ ခုံမဲ့လိုက်ရသူပါ တစ်ချိန်ချိန်ရောက်ရင်တော့ ဆင်းသွားရမှာပါ..

ဘ၀ခရီးစဉ်တစ်လျှောက်လုံးမှာ အတူစီးကြသူချင်း ရင်းနှီးသူကရင်းနှီး၊ ချစ်ခင်သူတွေကချစ်ခင်၊ ရန်စောင်သူတွေရန်စောင်ကြ၊ ကကြိုးတွေစုံအောင် ကကြပေါ့။ အချင်းချင်းရိုင်းပင်းကူညီသူတွေ ရှိသလို၊ တစ်ယောက်အပေါ်တစ်ယောက် နိုင်ထက်စီးနင်းလုပ်သူတွေလည်း ပါလေရဲ့။ နေရာထိုင်ခင်းပေါ်မူတည်လို့ မာနတက်သူတွေတက်၊ ဒေါသထွက်သူတွေထွက်၊ မောဟတက်သူတွေတက်၊ သောကပွက်သူတွေပွက်လို့ မဆုံးသေးတဲ့ခရီးစဉ်တစ်ခုအပေါ်မှာ မသေချာတဲ့ အနာဂတ်ကို မေ့ထားလို့ မရေရာတဲ့လက်ရှိအနေအထားအပေါ်မှာ ခံစားချက်စုံ၊ အယူအဆအဖုံဖုံနဲ့ မယုံနိုင်လောက်အောင် ရှုပ်ထွေးပွေလီနေပါရဲ့...

တကယ်တော့ အယူအဆတွေဘယ်လောက်ကွဲကွဲ၊ နေရာထိုင်ခင်းတွေ ဘယ်လောက်လွဲလွဲ တစ်ခရီးတည်းအတူသွားနေကြရသူချင်းအတူတူမို့ မကြည်ဖြူနိုင်ရင်တောင် ညီတူညီမျှ စိတ်ထားကြရင်ဖြင့် လောကဘယ်လောက်လှလိုက်မလဲ။




Wednesday, 4 August 2010

ခွက်သန့်လေးနဲ့မှ . . .

ဘာသာရေးဆိုတာ လူသားတွေအတွက် အားအင်တစ်ခု ဒါမှမဟုတ် မှီခိုအားထားရာ အကောင်းဆုံးတွေထဲက တစ်ခုပါ။ ဘယ်ဘာသာရေးမဆို ဆုံးမချက်တွေ၊ ကျင့်ဝတ်တွေနဲ့ ဖွဲ့စည်းထားတာမို့ လူနဲ့လူ့ပတ်ဝန်းကျင်အတွက် အင်မတန်အကျိုးဖြစ်ထွန်းစေပါတယ်။ ဘာသာရေးအဆုံးအမအောက်မှာ ရှင်သန်နေထိုင်သူတစ်ယောက်ဟာ လောကဓံကိုခံနိုင်ရည်ရှိပြီး စိတ်ဓာတ်နဲ့ ကိုယ်ရည်ကိုယ်သွေးပါ မြင့်မားခိုင်မာပါတယ်။ ခပ်ရှင်းရှင်းပြောရရင် ဘာသာရေးတိုင်းဟာ လူသားတွေအတွက် နောက်ဆုံးအားကိုးအားထားပြုရာပါပဲ။

လူ့သဘာဝအရ မမြင်ရတဲ့အရာ၊ မခန့်မှန်းနိုင်တဲ့အရာတွေကို ကြောက်စမြဲမို့ ဘယ်သူမှအတိအကျမပြောနိုင်တဲ့ တမလွန်ဘ၀ဆိုတာကြီးကိုတော့ ကြောက်ကြစမြဲပါ။ ဒါကြောင့် တမလွန်ဘ၀နဲ့ပတ်သက်ပြီး အားကိုးအားထားပြုစရာ တစ်ခုတည်းသောအရာဖြစ်တဲ့ ဘာသာရေးကို အလေးထားကြရတာ သဘာဝပါ။
ဘယ်ဘာသာမဆို တမလွန်ဘ၀ကိုတော့ အလေးတယူရှိလှတာ တွေ့ရပါတယ်။ အယူအဆချင်းကွဲကြပေမယ့် တမလွန်ကို အလေးအနက်ထားကြတာချင်းတော့ အတူတူပါ။

ကိုယ့်အယူအဆကတော့ ဘာသာရေးတိုင်းဟာ မွန်မြတ်ပါတယ်။ လေ့လာမိသလောက်တော့ လူတွေကို မကောင်းတာတွေလုပ်ဖို့ လမ်းပြတဲ့ ဘာသာဆိုတာ တော်တော်ရှားပါတယ်။ တချို့သော အစွန်းရောက်ဘာသာတွေကလွဲရင်ပေါ့။

ဒီလိုမွန်မြတ်အရေးပါလှတဲ့ ဘာသာရေးတွေကို တာဝန်ယူထိန်းသိမ်းနေရတာဖြစ်လို့ ဘာသာရေးခေါင်းဆောင်တွေမှာလည်း အင်မတန်မှ တာဝန်ကြီးပါတယ်။ တကယ်ဆိုရင် ဘာသာတရားတွေရဲ့ဂုဏ်သိက္ခာဟာ စောင့်ရှောက်ထိန်းသိမ်းသူတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ လောကဓမ္မတာအရ လူအများစုဟာ အရာရာတိုင်းနီးပါးကို အမြင်အပေါ်မူတည်ပြီး ပထမဆုံးဖြတ်လေ့ရှိပါတယ်။ ကိုယ့်အထင်မှန်မမှန်ကို နောက်ပိုင်းမှာ သုံးသပ်သူကသုံးသပ်ပြီး အများစုကသုံးသပ်လေ့မရှိတာများပါတယ်။ သုံးသပ်လေ့ရှိသူထဲက တချို့တ၀က်ကလည်း သုံးသပ်ဖို့အခွင့်မသာတာမျိုးဖြစ်တတ်ပါသေးတယ်။
ဒါကြောင့် ဘယ်အရာမဆို အရည်အသွေးနဲ့အနှစ်သာရတင်မက အမြင်တင့်တယ်ဖို့လည်း အရေးကြီးပါတယ်။
ဘာသာရေးဟာ ဈေးကွက်တင်ရောင်းစရာ ပစ္စည်းမဟုတ်တာကြောင့် အမြင်တင့်တယ်စရာမလိုတာမှန်ပေမယ့်
အတွင်းမှာ အနှစ်ပြည့်ကြောင်း အပြင်ကနေသိနိုင်ရင် ပိုကောင်းမှာသေချာပါတယ်။

လက်ဖက်ရည်တစ်ခွက် ကောင်းမကောင်းဆိုတာကို သောက်ကြည့်မှသိမှာပါ။ မသောက်ရင်တောင် မြည်းကြည့်ဖို့တော့လိုမှာ သေချာပါတယ်။ အမြင်နဲ့တင်ဆုံးဖြတ်လို့မရတာကို ပြောချင်တာပါ။ ဒါပေမယ့် လက်ဖက်ရည်ထည့်တဲ့ခွက်က ညစ်ပေပြီး သောက်ချင်စရာတစ်ကွက်မှ မရှိရင်တော့ ကောင်းလှပါတယ်ဆိုတဲ့ လက်ဖက်ရည်ကို ဘယ်သူမှ သောက်ကြမှာ မဟုတ်ပါ။

အထက်ကဥပမာလိုပဲ ဘာသာတရားဆိုတာ လက်ဖက်ရည်နဲ့တူပြီး ဘာသာရေးခေါင်းဆောင်တွေက လက်ဖက်ရည်ခွက်တွေနဲ့ တူပါတယ်။ ခွက်နဲ့တူတဲ့ ဘာသာရေးခေါင်းဆောင်တွေ ပုံစံမကျရင် ဘယ်လောက်ကောင်းပါတယ်၊ မွန်မြတ်ပါတယ်ဆိုတဲ့ ဘာသာတရားကိုမှ လူတွေအလေးထားမှာ မဟုတ်တော့ပါ။ ဒါကြောင့် လက်ဖက်ရည်သိက္ခာမကျအောင်၊ တန်ဖိုးမလျော့ရလေအောင်
ခွက်ကလေးတွေ သန့်ဖို့တော့လိုပါတယ်

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger