Thursday, 26 August 2010

အခြေအနေတိုင်းတွင် အကောင်းမြင် . . .

မနေ့က ကိုယ့်ကျောင်းသားတစ်ယောက်အတွက် ခေါင်းခြောက်ရပါတယ်...

ကျောင်းသားက လိမ္မာရေးခြားရှိတဲ့ပုံလေးပါ။ ဒါပေမယ့် ဒီဘက်ခေတ်ကျောင်းသားတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးနဲ့ ဆိုတော့ ပိန်ပိန်ညောင်ညောင်လေးပေါ့။ လူပျော့သလောက်လည်း စိတ်မမာတဲ့ကျောင်းသားဆိုရင် မမှားပါဘူး။
ကိုယ်သူတို့ကို စာသင်ပေးနေတာ သုံးလကျော်လာပါပြီ။ဒါပေမယ့် ဘာပြဿနာမှ ကြီးကြီးမားမားမတွေ့ဖူးပါ။ ကိုယ်လိုချင်သလောက် ကြိုးစားအားထုတ်မှု မပေးနိုင်သေးတာကြောင့် အားမလိုအားမရ ဖြစ်ရတာလောက်ပဲရှိခဲ့တာပါ။ လိုချင်တဲ့ပုံစံဝင်အောင်ဆိုတာကလည်း တစ်ရက်တစ်မနက်ထဲနဲ့ လုပ်ယူလို့မရနိုင်တာကြောင့် ပြဿနာလို့လဲ မထင်ပါ။

မနေ့ကနေ့လည်ပိုင်းကတော့ ကျောင်းသားမိဘဆီက ဖုန်းဝင်လာပါတယ်။ သားဖြစ်သူက ကျောင်းကဆရာမနဲ့ အဆင်မပြေတာကြောင့် ကျောင်းထွက်မယ်ပြောနေလို့ ဆရာပြောပေးပါဦးတဲ့။ ကိုယ်လည်းခေါင်းတော်တော်ကြီး သွားပါရော။ စဉ်းစားကြည့်လေ ရိုးရိုးသားသားနဲ့ ဟော့ဟော့ရမ်းရမ်းမရှိတဲ့ ကျောင်းသားတစ်ယောက်ရဲ့ပါးစပ်က ကျောင်းထွက်တော့မယ်ပြောတာ ကိုယ့်တစ်သက်မှာ ဒီတစ်ခါပဲ ကြားဖူးသေးတာကိုး။ ဆရာမနဲ့ သူနဲ့သိပ်အစေးမကပ်တာတော့ အရင်တစ်ခါကတည်းက ကိုယ်သိထားပါတယ်။

ကိုယ့်မှာကလည်း တစ်နေကုန်တစ်နေခမ်း အလုပ်ချိန်တွေပြည့်နေတာကြောင့် ကျောင်းသားမိဘကို ညနေစာသင်ချိန်မှာ ကျောင်းသားကိုလွှတ်လိုက်ဖို့ပြောလိုက်ပါတယ်။ ညနေပိုင်းသင်တန်းချိန်မှာ ကျောင်းသားရောက်လာတော့လည်း သိပ်တော့ပုံမပျက်ပါ။ ဒါနဲ့ အဲဒီကျောင်းသားကို ဗဟိုပြုလို့ ကျန်တဲ့ကျောင်းသားတွေကိုပါ စိတ်ဓာတ်အင်အားတိုးတက်စေမယ့် ဆုံးမစကားတွေကို တစ်နာရီနီးပါးပြောရပါတော့တယ်။ ဒါကတော့ ကိုယ့်ထုံးစံပါ။ ဘာကြောင့်လဲဆိုရင် ကျောင်းသားတစ်ယောက်မှာ အခက်အခဲတစ်ခုခု ကြုံနေရင် အဲဒီပြဿနာကို အခြေပြုပြီး ကျန်တဲ့ကျောင်းသားတွေကိုပါ သုံးသပ်တတ်အောင် လေ့ကျင့်ပေးရင် ကျောင်းသားတွေရဲ့ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်လာတာကြောင့်ပါ။

စာသင်ချိန်အပြီးမှာတော့ ကျောင်းထွက်ချင်တဲ့ ကျောင်းသားရဲ့အိမ်ကိုသွားပြီး ကျောင်းသားမိဘတွေနဲ့ ဆွေးနွေးရပါတော့တယ်။ မဆွေးနွေးလို့လည်း မဖြစ်ဘူးလေ။ ကျောင်းသားတစ်ယောက်ရဲ့ အရေးအကြီးဆုံးအချိန်၊ အရေးအကြီးဆုံးနှစ်အပိုင်းအခြားမှာ ပေါ့ပေါ့ဆဆသဘောထားလို့မှ မဖြစ်တာဘဲ။

ဖြစ်စဉ်က ဒီလိုပါ...

ကျောင်းသားက ကိုးတန်းတုန်းက အဲဒီဆရာမဆီမှာ ကျူရှင်ယူပါတယ်။ ကျောင်းသားက ညာဏ်ရည်လေးလဲ မဆိုးတော့ ဆရာမစိတ်ကြိုက်ကျောင်းသားတွေထဲမှာလည်း ပါခဲ့ပါတယ်။ ဆယ်တန်းရောက်တော့ သူ့ဆရာမက သူ့ဆီမှာ ကျူရှင်ဆက်ယူဖို့လာခေါ်ပါသတဲ့။ ကျောင်းသားမိဘက သူ့ဆီမှာမထားဘဲ ကိုယ့်ဆီမှာအပ်တော့ ဆရာမလည်း နဲနဲတော့စိတ်ခုသွားပါရောတဲ့။

ဒါကတော့ ဖြစ်တတ်တဲ့သဘာဝပါ။
ဘယ်သူမဆို စိတ်ထဲမှာတော့ တစ်မျိုးတစ်ဖုံခံစားရမှာပဲလေ။ ကိုယ်ကတော့ ဘယ်သူ့ကိုမှ လိုက်ခေါ်ဖို့အိပ်မက်တောင်မမက်ဖူးတာမို့ ဒါမျိုးတွေမကြုံဖူးပါ။ တကယ်လို့ ကြုံရင်တောင် ဘယ်သူသင်သင် အောင်ဖို့၊ တတ်ဖို့ အရေးကြီးတာမို့ ကောင်းကောင်းမွန်မွန်သင်ပေးတဲ့သူဆီရောက်ရင် မုဒိတာတောင်ပွားမိပါဦးမယ်။ အရေးကြီးတာက ရှက်သွားတဲ့ ကိုယ့်စိတ်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာပါ။

ကျောင်းသားရဲ့ပြောစကားအရဆိုရင် အဲဒီဆရာမက သူ့ကိုပဲပစ်မှတ်ထားပြီး အမြဲစာမေးမေးပြီး ရိုက်ပါသတဲ့။ အရိုက်လွတ်တဲ့ရက် တစ်ရက်မှမရှိဘူးလို့ဆိုပါတယ်။ ဒါကတော့ ကိုယ်တို့ငယ်စဉ်ကတည်းက ကြုံနေကျအဖြစ်မျိုးပါ။ ကိုယ်ကတော့ အရိုက်လွတ်အောင် စာကိုမရမကကျက်တာကြောင့် ပိုပြီးတော့ အရည်အသွေးပြည့်လာခဲ့ပါတယ်။ ခုပြန်တွေးတော့ အပြစ်ရှာတတ်တဲ့ဆရာမကိုတောင် ကျေးဇူးတင်နေမိပါရော။

ဒါပေမယ့် ကျောင်းသားထဲမှာလည်း ကိုယ်ငယ်ငယ်ကလိုစိတ်ထားမျိုးထားနိုင်တဲ့ကျောင်းသားမျိုးက ဒီဘက်ခေတ်မှာ တော်တော်ရှားသွားပါပြီ။ အများစုကတော့ စိတ်ဓာတ်ကျသွားကြတာများပါတယ်။ ကျောင်းတက်ရတာကို မပျော်မရွှင်ဖြစ်သွားပြီး ကျောင်းနေမပျော်တော့တာကြောင့် စာပါညံ့သွားလေ့ရှိပါတယ်။
အခုပဲကြည့်ပါ...
ကောင်းကောင်းမွန်မွန်နေတဲ့ ကျောင်းသားတစ်ယောက် ကျောင်းမှာမပျော်တော့တာကြောင့် ကျောင်းထွက်ဖို့တာစူတဲ့အဆင့် ရောက်သွားပါပြီ။ အဲဒါကို ဆရာမကိုပြောပြန်ရင်လည်း “ငါကကောင်းစေချင်လို့စာမေးတာ၊ ရိုက်တာ”လို့ပဲ ပြန်ဖြေမှာပါပဲ။ သူဖြေတာမှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် “ကျောင်းသားတစ်ယောက်စာကြည့်လာအောင်လုပ်တဲ့နည်းလမ်းထဲမှာ တုတ်နဲ့ရိုက်တဲ့နည်းလမ်းဟာ အောက်တန်းအကျဆုံးပါပဲ။ ပညာသင်ကြားမှုနည်းစနစ်ထဲမှာ အယုတ်ညံ့ဆုံးနည်းလမ်းပါ။
ရိုက်တိုင်းသာ စာတော်မယ်ဆိုရင် စင်္ကာပူကကြိမ်ရိုက်သမားတွေကို ပညာရေးဌာနမှာ တွဲပြီးခန့်ထားရုံပဲ ရှိတော့တာပေါ့။

အထက်ကဖြစ်စဉ်ကို ပြန်သုံးသပ်ရင် ဆရာမရော၊ ကျောင်းသားပါ နှစ်ဘက်လုံးအားနည်းချက်တွေရှိတာကို တွေ့ရပါတယ်။ ဆရာမဆိုတာကတော့ ကိုယ်နဲ့သိပ်မဆိုင်သလို သိပ်လည်းမပြောချင်တာကြောင့် ထဲထဲဝင်ဝင် မဆွေးနွေးတော့ပါ။ ကိုယ်နဲ့ဆိုင်တဲ့ ကျောင်းသားအပိုင်းကိုပဲ ပြောချင်တာပါ။

မြန်မာပြည်ပညာရေးလောကမှာ ဆရာဆရာမတွေရဲ့လုပ်ပိုင်ခွင့်တွေဟာ တချို့နေရာတွေမှာ များလွန်းနေပါတယ်။ ဥပမာပြောရရင် အပြစ်သေသေချာချာမသိရဘဲ ရိုက်နှက်ဆုံးမတာမျိုး၊ ကျောင်းသားအရှက်ကွဲအောင် လူရှေ့မှာ အပြစ်ပေးတာမျိုးတွေကို ဖောဖာသီသီလုပ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ ကျောင်းသားမိဘကို ခေါ်ပြီးဆူတာပြောတာမျိုး၊ ကျောင်းသားကို ကျောင်းအုပ်ကြီးရုံးခန်းပို့ပြီး ဆုံးမတာမျိုးတွေလည်း လုပ်လို့ရပါတယ်။ ဒီကိစ္စမျိုးတွေ လုပ်လာတာကြာပြီ်ဖြစ်တဲ့ ဒီမြို့ကလေးမှာ ဒါတွေဟာ ဆရာတွေရဲ့ တရားဝင်လုပ်ပိုင်ခွင့်လိုမျိုး ဖြစ်လာပါတော့တယ်။ သူတို့ကိုယ်တိုင်လည်း ဒါဟာတရားနည်းလမ်းမကျမှန်း သတိထားမိပုံမရတော့ပါ။ အမှားကြာရင် အမှန်ဖြစ်လာတတ်တဲ့ သဘာဝပဲဆိုပါတော့။

ဒါကို ကိုယ့်ကျောင်းသားက ကောင်းကောင်းသဘောမပေါက်တာ ပထမအချက်ပါ။ နောက်တစ်ချက်က
သူ့မှာ တိကျသေချာတဲ့ ပန်းတိုင်ပျောက်နေတာပါပဲ။ ခိုင်မာတဲ့ပန်းတိုင်ရှိတဲ့ ကျောင်းသားသာဆိုရင် ဒီလိုပြဿနာမျိုးကို ခေါင်းထဲတောင် ထည့်စဉ်းစားမှာ မဟုတ်ပါ။ သူ့ဘ၀အတွက် အရေးပါတဲ့ ပညာရေးကိုပဲ အာရုံစိုက်မှာ ဖြစ်တဲ့အတွက်ကြောင့် သဘောထားမပြည့်ဝတဲ့ ဆရာမနဲ့ပတ်သက်တဲ့ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်နေမှာတောင်မဟုတ်ပါ။ အခုတော့ ကိုယ့်ကျောင်းသားမှာ ပန်းတိုင်ကြီးကြီးမားမား၊ ရည်မှန်းချက်ခိုင်ခိုင်မာမာ မရှိတာကြောင့် ဒီပြဿနာဟာ သူ့အတွက် ရေးကြီးခွင့်ကျယ် ဖြစ်နေပါတော့တယ်။
ဆရာမက သူ့ကိုမဲပြီးစာမေးတယ်ဆိုပေမယ့် စာမေးတော့စာရတယ်လို့သာ သဘောထားလိုက်ရင် အားလုံးပြေလည်သွားမှာပါ။

အဲဒီမှာ ဘာသွားတွေ့လဲဆိုရင် ကျောင်းမှာ သင်ခန်းစာတွေက ကိုယ်သင်တာထက်ကို နှစ်ခန်းလောက်ကျော်တက်သွားပြီဆိုတာပါပဲ။ ဆယ်တန်းသင်္ချာမှာ အခန်း၅ဆိုတာ တော်တော်လေးအချိန်ယူပြီးသင်ရပါတယ်။ သင်္ချာအခြေခံနည်းတဲ့ ကျောင်းသားတွေဆိုရင် တစ်လခွဲလောက် အပြင်းအထန်လေ့ကျင့်ပေးမှ ကျွမ်းကျင်တဲ့အဆင့်ကိုရောက်ပါတယ်။ အဲဒီသင်ခန်းစာကို စာသင်ချိန်လေးငါးချိန်လောက်နဲ့ အပြီးသင်လိုက်တဲ့နောက်တော့ ကောင်းကောင်းမတတ်တာ ကျောင်းသားရဲ့ အပြစ်လို့မပြောသင့်ပါ။ သတ်မှတ်ထားတဲ့ကာလမှာ သတ်မှတ်သင်ရိုးကို ကုန်အောင်သင်ရမယ်ဆိုတာ ကိုယ်သိပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်လည်း ဆယ်တန်းအောင်ပြီးကာစက လုပ်အားပေးကျောင်းဆရာ နှစ်နှစ်လုပ်ဖူးတာကြောင့်ပါ။ တိုတောင်းတဲ့အချိန်အတွင်းမှာ ကျောင်းသားတွေကို တတ်အောင်မသင်နိုင်တာ ဆရာမရဲ့အပြစ်မဟုတ်တာကြောင့် အပြစ်မတင်ပါ။ အပြစ်တင်စရာရှိတာက မတတ်ရကောင်းလားဆိုပြီး ရိုက်တာနှက်တာကိုပါပဲ။ ဒါကျတော့ တရားလက်လွတ်လွန်းတာကြောင့် ကိုယ်သဘောမတွေ့ပါ။

ပြီးတော့ ကျောင်းသားအရှက်ရအောင် ဆူတာဆဲတာတွေလဲလုပ်ပါသတဲ့။ အဲဒီမှာ တစ်ခုပြောစရာရှိတာက သူ့ကျူရှင်က ကျောင်းသူကျောင်းသားတွေကိုကျတော့ ကျောင်းမှာသိပ်ပြီး မဆူတာ၊ မဆဲတာကိုပါပဲ။ ကျောင်းသားဆိုတာကလည်း နားလည်တတ်တဲ့ အရွယ်ရောက်ပြီဖြစ်တာကြောင့် တွေးတွေးပြီး စိတ်နာတာမျိုးဖြစ်လာတတ်တာမျိုးပါ။

ကိုယ့်အနေနဲ့ကတော့ ဘာပြဿနာမှ မလိုချင်တာမို့ ကျောင်းသားမိဘကိုလည်း ဖျောင်းဖျရင်း ကျောင်းသားကိုပါ အားပေးရပါတော့တယ်။ ဆရာမကိုတော့လည်း ကိုယ်ဘာမှမပြောလိုပါ။ သူလုပ်တာကလည်း သူ့လုပ်ပိုင်ခွင့်ထဲကနေ လုပ်နေတာဆိုတော့ ပြောလို့လည်းရမှာမဟုတ်ပါ။ ပြောလို့ရလည်း မပြောချင်ပါ။ အဲဒီအရွယ်တွေဆိုတာ သူ့စရိတ်နဲ့သူလွှတ်ထားတာပဲ ကောင်းတယ်လို့ပဲ ဖြေတွေးလေးတွေးပြီး ဖြစ်လာတဲ့ အနေအထားအပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ပေးရုံပဲ ရှိတော့တာပါ။

ဘာပဲဖြစ်ဖြစ် ကိုယ့်ကျောင်းသားကို အခက်အခဲတွေကနေ ရင်ဆိုင်ကျော်လွှားနည်း၊ ညစ်ပတ်တတ်တဲ့ အထက်လူကြီးနဲ့တွေ့ရင် အဆင်ပြေအောင် ဖြေရှင်းနည်းတွေကို လေ့ကျင့်ပေးခွင့်ရတော့မှာ ဖြစ်တာကြောင့် ကိုယ်ကတော့ စိတ်ထဲမှာ ကျိတ်ပျော်နေမိတယ်ဆိုတာ သေချာပါတယ်။

ကျောင်းသားတိုင်းကျောင်းနေပျော်လို့ စာတော်ကြပါစေ....


Wednesday, 25 August 2010

မမေ့နိုင်သော . . .

ကျောင်းသားဘ၀ကို သတိရလိုက်တာ...

အသက်ရှင်သန်နေသမျှ ရင်ထဲမှာ အမြဲတမ်းသတိတရနဲ့ လွမ်းနေဖြစ်မှာ တက္ကသိုယ်ကျောင်းသားဘ၀ပဲဖြစ်မယ် ထင်ပါရဲ့။ အပူအပင် တစ်စက်ကလေးမှမရှိတဲ့ ပီဘိလူငယ်ဘ၀၊ ဘာရောင်တွေမှ မစွန်းထင်သေးတဲ့ အရွယ်၊ ဘ၀ရဲ့ အတောက်ပဆုံးနေ့ရက်တွေကို ဘယ်လိုမှမမေ့နိုင်တာကို အပြစ်တစ်ခုလို့ထင်ရင်လည်း ကျေကျေနပ်နပ်ကြီးခံဖို့ အသင့်ပါပဲလေ။

အပေါင်းအသင်းနည်းခဲ့တဲ့ ကိုယ်တောင်မှ သူငယ်ချင်းတွေကို သတိတရရှိနေသေးရင် အပေါင်းအသင်းနဲ့ သိုင်းသိုင်းဝိုင်းဝိုင်းနေခဲ့တဲ့ ကျန်တဲ့သူငယ်ချင်းတွေဆိုရင် ကျောင်းသားဘ၀ကို ဘယ်လောက်များ သတိရနေကြမလဲ။ အင်း မြစ်တစ်ခုမှာ ရေနှစ်ခါမချိုးနိုင်တာ သိပေမယ့် ဖြစ်နိုင်ရင်တော့ တစ်ရက်လောက်တော့ ကျောင်းသားဘ၀ကို ပြန်ရချင်ပါသေးတယ်။

တကယ်ဆိုရင် ကိုယ်တို့တက္ကသိုလ်ကျောင်းသားဘ၀က စာမေးပွဲတွေနဲ့ နပန်းလုံးနေရတာများပါတယ်။ အမြဲတမ်းလိုလို စာမေးခံရ၊ အဆဲအဆိုခံရနဲ့ဆိုတော့ သူများတွေအတွက်ကတော့ နည်းနည်းမှပျော်စရာကောင်း မယ်ထင်မှာမဟုတ်ပါ။ ဒါပေမယ့် လူဆိုတာမျိုးကလည်း ဖြစ်သမျှဘ၀အခြေအနေမှာ ပျော်အောင်နေတတ်ကြတာချည်းပဲမို့ ဘာပဲဖြစ်ဖြစ် ပျော်တာပါပဲ။

ဆေးကျောင်းသားတို့ထုံးစံ လူနာတွေရှေ့မှာ အိနြေ္ဒကြီးတစ်ခွဲသားနဲ့နေရတာလည်း တကယ်ဆိုရင် မလွယ်တဲ့ကိစ္စပါ။ ဘယ်လောက်ပဲ အားရပါးရရယ်ချင်ပေမယ့် မျက်နှာပိုးသတ်ပြီး ပြုံးရုံလောက်ပဲ ပြုံးဖြစ်အောင် ကျင့်ရတာလည်း သိပ်တော့မစားသာတဲ့ ကိစ္စဖြစ်ပါတယ်။ ကြာတော့လည်း ကိုယ်တို့မှာ စက်ရုပ်သာသာဖြစ်လာပါရော။ ဒါပေမယ့်..
ကိုယ်တို့ကတော့ အဲဒီလိုအဖြစ်မခံပါ။ ဒါကြောင့် တရားဝင်ပေါခွင့်ရအောင် အမြဲလိုလို ကြံလေ့ရှိပါတယ်။
ဒါကတော့ မကြာမကြာ ပျော်ပွဲစားထွက်တာပါပဲ။

ဆေးရုံတစ်ရုံကနေ နောက်တစ်ရုံပြောင်းရရင်လည်း ၀ဒ်ပြောင်းပါတီလုပ်ပါတယ်။ ပွဲတော်ရက်တွေမှာလည်း ခေါင်းစဉ်မျိုးစုံတပ်ပြီး ပျော်ပွဲစားထွက်ပါတယ်။ အဲဒီအချိန်မျိုးမှာ ကိုယ်တို့ကို မြင်ရတဲ့သူတွေကတော့ ဘုရားစူးဆေးကျောင်းသားတွေလို့ခေါ်ကြမှာ မလွဲပါ။ ဘာကြောင့်လဲဆိုရင် ပေါခွင့်ရသလောက်တော့ အားရပါးရပေါကြတာကိုး။

အင်း...အခုတော့လည်း
ကျောင်းသားဘ၀ဆိုတာ မနီးမဝေးမှာ မှုန်ဝါးဝါးနဲ့ မပီဝိုးတ၀ါးပဲ ကျန်ပါတော့တယ်။ သူငယ်ချင်းတွေနဲ့လည်း အွန်လိုင်းပေါ်မှာ ဆုံဖြစ်တာကလွဲလို့ အပြင်မှာ မတွေ့နိုင်ကြတော့ပါ။ တကယ်လို့ ပြန်တွေ့ဖြစ်ကြရင်တောင် အရင်တုန်းက ကျောင်းသားဘ၀လိုတော့ ပျော်စရာကောင်းတော့မှာ မဟုတ်တာ ကြိုသိနေပါတယ်။

ပျော်ရွှင်မှုနဲ့ အသက်အရွယ်ဆိုတာ ပြောင်းပြန်အချိုးကျတယ်ဆိုတဲ့အကြောင်းကို
ကြာလေသိလေ
ကျောင်းသားဘ၀ကို ပိုလွမ်းလေပါပဲနော်...

Monday, 23 August 2010

နောက်ကွယ်ကနေ ပံ့ပိုးစေချင် . . .

ဆရာတစ်ယောက်အတွက် သင်ကြားမှုမှာ အောင်မြင်ဖို့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေအများကြီးလိုအပ်ပါတယ်။ သူများကိုပံ့ပိုးပေးကြမယ့်သူတွေဖြစ်ပေမယ့်လည်း သူတို့ကိုယ်တိုင်မှာလည်း သင့်တင့်လျှောက်ပတ်တဲ့ ပံ့ပိုးမှုတွေရဖို့လည်း လိုအပ်နေပါသေးတယ်။ ကိုယ်တိုင်မှာ လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေ ရှိနေရင် သူများကို ဖြည့်ဆည်းပေးနိုင်ဖို့ လုံးဝမဖြစ်နိုင်ပါ။

ဆရာတစ်ယောက်အတွက် ရုပ်ဝထ္ထုပိုင်းဆိုင်ရာ လိုအပ်ချက်တွေဆိုတာကတော့ လူအများမြင်သာတဲ့ အချက်တွေဖြစ်ပါတယ်။ သူများတကာနဲ့တန်းတူ ၀တ်ဆင်လိုမှု၊ နေထိုင်လိုမှု၊ လူနေမှု အဆင့်အတန်း စတာတွေပါ။ ဒါပေမယ့် လူမမြင်ပေမယ့် အရာရောက်တဲ့ ပံ့ပိုးမှုတစ်ခုကတော့ ဆရာ၊ ဆရာမတွေရဲ့ ပါရမီဖြည့်ဘက်တွေဆီက နားလည်ပေးမှုပါပဲ။

ဆရာတစ်ယောက်ရဲ့ဘ၀ဆိုတာ အချိန်ပေးရင်ပေးသလောက် အနားယူချိန်ရှားပါးလှပါတယ်။ စာသင်ချိန်သာမက စာသင်ချိန်ပြင်ပမှာပါ ကျောင်းသူကျောင်းသားတွေအတွက် ဖြည့်ဆည်းပေးနေရသူတွေဖြစ်လို့ ကိုယ်ပိုင်အချိန်နည်းလှပါတယ်။ ဒါတွေအပြင် သင်ကြားမှုနည်းစနစ်တွေ၊ ကျောင်းသားစိတ်ပညာတွေ၊ သင်ရိုးညွှန်းတန်းတွေပြင်ဆင်နေရတာတွေကြောင့် အိမ်ထောင်ဖက်တွေအပေါ်မှာ တာဝန်မကျေတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ပြီးတော့ သင်ကြားရေးဆိုတာ ကျောင်းသားတွေရော၊ ကျောင်းသူတွေပါ တရင်းတနှီးရှိအောင် ကြိုးစားမှ ပိုထိရောက်နိုင်တာမျိုးပါ။ ဆရာ၊ ဆရာမတွေရဲ့ စိတ်ထားနဲ့ရည်ရွယ်ချက်ကို အချင်းချင်းကတော့ နားလည်နိုင်ပါတယ်။ ဒါပေမယ့် အပြင်လောကသားတွေဖြစ်တဲ့ အိမ်ထောင်ဖက်တွေဘက်က နားလည်မှုလွဲမှားတာတွေလည်း ရှိနိုင်ပါသေးတယ်။

အဲဒီလို အနေအထားမျိုးတွေကြုံလာတဲ့အခါမျိုးမှာ ဆရာ၊ ဆရာမတွေခမျာ သူတို့ရဲ့လုပ်ငန်းကတစ်ဖက်၊ အိမ်ထောင်ဖက်ကတစ်မျိုးနဲ့ ဗျာများရပါတော့တယ်။ တစ်ဖက်ကိုမှ အနိုင်ပေးလို့မရနိုင်တဲ့ အရာတွေဖြစ်တာကြောင့် သူတို့ပဲ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်ကြပါတယ်။
ဒီဒုက္ခမျိုးကို ပညာရေးလောကထဲကို ၀င်ကာစနဲ့၊ အိမ်ထောင်ကျကာစ ပညာရေးဝန်ထမ်းတွေ ခံစားရလေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဘက်စလုံးအတွက် အကျိုးလုံးဝမရှိနိုင်တဲ့ အရာဖြစ်လို့ ပညာရေးဝန်ထမ်းတွေရဲ့ အိမ်ထောင်ဖက်တွေ အနေနဲ့ သတိထားသင့်လှပါတယ်။ ဆရာဆိုတာမျိုးဟာ သင်ကြားမှုအတွင်းမှာ သင်ကြားရေးကလွဲလို့ ကျန်တာဘာမှ ခေါင်းထဲမှာ မထည့်အားပါ။ ထည့်ထားရင်လည်း သင်ကြားမှု မအောင်မြင်နိုင်ပါ။
ဒါကြောင့်...
ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးအတွက် ပညာရေးဝန်ထမ်းတွေရဲ့ ပါရမီဖြည့်ဘက်တွေကလည်း ထိုက်သင့်သလောက် ၀ိုင်းဝန်းကူညီဖို့လိုအပ်ပါတယ်။

မြန်မာ့ပညာရေး တိုးတက်မြင့်မားရေးအတွက် နောက်ကွယ်ကနေ စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုတွေ ပေးကြမယ့် ပညာရေးဝန်ထမ်းတွေရဲ့ ပါရမီဖြည့်ဘက်တွေကိုလည်း အလေးတယူရှိသင့်ပါရဲ့နော်...

Wednesday, 18 August 2010

ဘာလာပေးပေး မရချင်ဘူး . . . ဘယ်သူနဲ့မှ မလဲနိုင်ဘူး . . .

အလုပ်ထဲမှာ ဘယ်အလုပ်အမွန်မြတ်ဆုံးလဲ...

လူနှင့်လူ့ပတ်ဝန်းကျင်ကို အကျိုးပြုမယ့် အလုပ်သာဆိုရင် အလုပ်အားလုံးကတော့ မွန်မြတ်တာချည်းပါပဲ။

ဘယ်အလုပ်ကရော တိုင်းပြည်အတွက် အထောက်အပံ့အပြုနိုင်ဆုံးလဲ...

သမ္မာအာဇီဝကျတဲ့ လုပ်ငန်းအားလုံးပါပဲ။ လမ်းဘေးမှာ ပလတ်စတစ်တို့ ရေသန့်ဗူးတို့လိုက်ကောက်တဲ့ ချာတိတ်လေးတွေလည်း တိုင်းပြည်အတွက်အရေးကြီးပါတယ်။ စာလုံးကြီးကြီးနဲ့ တင်စားချင်ရင် ဒုတိယသန့်ရှင်းရေး ဌာနက တာဝန်ခံလေးတွေပေါ့။

ဘယ်အလုပ်က တိုင်းပြည်ကို အကျိုးအပြုဆုံးလဲ...

ဒီမေးခွန်းကတော့ ဖြေရတာနည်းနည်းကြပ်ပါတယ်။ မေးခွန်းချင်းတူပေမယ့် အဖြေချင်းမတူနိုင်တဲ့ မေးခွန်းမျိုးပါ။ ပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေတွေ၊ သဘာဝပတ်ဝန်းကျင်တွေ၊ ခေတ်ကာလ အပိုင်းအခြားအလိုက် အဖြေတွေကွဲပြားနိုင်ပါသေးတယ်။

တိုင်းပြည်မငြိမ်သက်သေးတဲ့ အခြေအနေမျိုး၊ သူတပါးကျူးကျော်စော်ကားတာကို ခံနေရတဲ့ အခြေအနေမျိုးမှာ တပ်မတော်ဟာ အရေးအကြီးဆုံးနဲ့ တိုင်းပြည်ကို အကျိုးအပြုဆုံးပါ။ ငြိမ်းချမ်းကာစ အနေအထားမျိုး၊ ပြန်လည်ထူထောင်နေဆဲကာလမျိုးမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေက တိုင်းပြည်ကို အကျိုးအပြုဆုံးပါ။
ဖွံ့ဖြိုးပြီးတိုးတက်မှုရှိလာတဲ့အခြေအနေမျိုးမှာ နိုင်ငံရေးပညာရှင်၊ ဥပဒေပညာရှင်၊ သမိုင်းပညာရှင်တွေက အရေးပါပါတယ်။

လောလောဆယ် ကိုယ်တို့တိုင်းပြည်အနေအထားက ဖွံ့ဖြိုးစပြုလာတဲ့ အနေအထားမျိုးဆိုတော့ ဘယ်သူတွေများ တိုင်းပြည်အတွက်အရေးအပါဆုံးဖြစ်နေပါလိမ့်..

ဒါကို ကိုယ်မကြာမကြာစဉ်းစားပြီးဖြေကြည့်ပါတယ်။
သူများတွေ သဘောတူမတူတော့ ကိုယ်မသိပါ။ သိလည်းမသိချင်ပါ။ သိအောင်လည်း မကြိုးစားချင်ပါ။
ဒီနေ့ခေတ်က ပညာခေတ်ကြီးပါ။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စတဲ့ခေတ်ပေါင်းများစွာမှာပေါ့
“အင်အားကြီးသူက အောင်နိုင်စမြဲ”ပါ။
ဒီဘက်ခေတ်မှာတော့
“ညာဏ်ကြီးသူကသာ အောင်နိုင်တဲ့ခေတ်”ရောက်နေပါပြီ။

ဒီတော့ ညာဏ်ကြီးအောင်လုပ်ပေးနိုင်သူတွေဟာ တိုင်းပြည်တိုင်းမှာ အရေးပါလာပါတယ်။ သူတို့တွေဟာ တိုင်းပြည်ရဲ့ အင်အားတွေပါ။ နိုင်ငံတကာ အင်အားချိန်ခွင်လျှာကို ထိန်းညှိကြသူတွေပါ။ သူတို့တွေဟာ ဘယ်သူတွေပါလိမ့်။

ဟုတ်ကဲ့...
ကိုယ်တို့တိုင်းပြည်မှာ ဘယ်သူမှအထင်မကြီးတဲ့ ဆရာတွေ၊ ဆရာမတွေပါ။ သူတို့တွေကောင်းရင်ကောင်းသလောက် တိုင်းပြည်တိုးတက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကတိုင်းပြည်တိုင်းရဲ့ ရေသောက်မြစ်တွေလည်း ဖြစ်နေလို့ပါ။ ရေသောက်မြစ်အားကောင်းရင် ကောင်းသလို အပင်ရှင်သန်ကြီးထွားတဲ့ သာဓကလိုပဲ သူတို့တွေ စွမ်းရည်ပြည့်ဝရင် ပြည့်ဝသလို တိုင်းပြည်အင်အားပြည့်ဝမှာ မြေကြီးလက်ခတ်မလွဲပါ။

အရင်ဆောင်းပါးတွေမှာ ကိုယ်ရေးခဲ့သလို အဲဒီင်္ဆရာဆရာမတွေကို ဘယ်သူမှအလေးထားတန်ဖိုးထားကြခြင်း မရှိကြပါ။ အများစုက အိမ်သာလိုသဘောထားကြပါသေးရဲ့။ ဆိုလိုတာက လိုမှသတိရပြီး ကျန်တဲ့အချိန်တွေမှာ မေ့ထားကြတာကို ပြောချင်တာပါ။

မညာတမ်းဝန်ခံရရင် ကိုယ်ကိုယ်တိုင်လည်း အစောပိုင်းကာလတွေက အဲဒီလိုခပ်ညံ့ညံ့လူစားထဲကတစ်ယောက်ပါ။ ပညာရေးဝန်ထမ်းတွေ အရေးပါမှန်းသိပေမယ့် ထူးထွေပြီး လေးစားရကောင်းမှန်းမသိခဲ့ရိုး အမှန်ပါ။ ကိုယ်တိုင်က အသက်မွေးဝမ်းကျောင်းတက္ကသိုလ် တက်ခဲ့တာကြောင့် ရိုးရိုးဝိဇ္ဖာဘွဲ့ဖြစ်တဲ့ ပညာရေးဘွဲ့ကို အထင်မကြီင်္းတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဆရာ၊ ဆရာမတွေကိုလည်း ဆယ်တန်းတုန်းက အမှတ်နည်းနည်းရခဲ့လို့ လုပ်စားစရာမရှိတာကြောင့် ပညာရေးဘက်ဝင်တဲ့သူတွေလို့ ခပ်တိမ်တိမ်တွေးခဲ့ဖူးပါတယ်။

ပညာရေးလောကထဲကို စ၀င်တော့တောင် ဒီအလုပ်ရဲ့မွန်မြတ်မှုကို အရသာမခံတတ်ခဲ့သေးပါ.။ တဖြည်းဖြည်းနဲ့ ငါးနှစ်ကျော်ခြောက်နှစ်နီးပါးလောက် ဒီလောကထဲမှာ ကျင်လည်ပြီးတဲ့ အခုအချိန်မျိုးမှာတော့ လောကမှာ အမွန်မြတ်ဆုံးနဲ့ အရေးအပါဆုံးအလုပ်ဆိုတာ ပညာရေးပါလားဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်လာပါတော့တယ်။

တကယ်ဆို ဆရာတွေ၊ ဆရာမတွေဆိုတာ အားလုံးရဲ့ ဘ၀သခင်တွေပါ။
သူတို့ချပေးခဲ့တဲ့ ဘ၀တွေနဲ့ ကိုယ်တို့တွေ ရှင်သန်လူလားမြောက်ကြရတာပါ။

အခုနေအချိန်မျိုးမှာ တန်ခိုးရှင်တစ်ဦးဦးက ကိုယ့်ကို တိုင်းပြည်မှာမင်းကြိုက်တဲ့ရာထူးပေးမယ်လို့လာပြောရင်တောင် ကိုယ်ကတော့ ကျောင်းဆရာပဲဆက်လုပ်မယ်ဗျာလို့ ခပ်ပြုံးပြုံးလေးပြောဖြစ်မှာ အသေချာကြီးသေချာနေပါရဲ့...

Tuesday, 17 August 2010

လေးစား ဂုဏ်ယူ ...

လူတွေဟာ ကျောင်းဆရာ၊ ဆရာမတွေကို ဘာကြောင့်များအထင်မကြီးကြတာလဲ...

ဘာကြောင့်လဲဆိုရင် ဆရာ၊ဆရာမတွေကိုယ်တိုင်က ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှုအားနည်းလို့ပါ

မြန်မာလူမျိုးတွေမှာ
ဆရာ၊ ဆရာမတွေကို လေးစားတဲ့သူတော့များပါတယ်။ ဒီလိုပဲ အထင်မကြီးတဲ့သူတွေလည်း များပါတယ်။ ပိုဆိုးတာက လေးစားတဲ့သူတွေကိုယ်တိုင်က အထင်မကြီးခြင်းပါပဲ။ ကြာတော့ဆရာ၊ ဆရာမတွေလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုပိုင်းမှာ အားနည်းလာပါတော့တယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းနဲ့ အလုပ်အပေါ်မှာ ဂုဏ်ယူခြင်းတို့ဟာ တိုက်ရိုက်အချိုးကျနေတာဖြစ်လို့ လုပ်ငန်းခွင်ဆိုင်ရာ မပျော်ရွှင်မှုတွေ ဖြစ်လာပါတော့တယ်။

မပျော်ရင်ထွက်ပြီး တခြားအလုပ်လုပ်စားပေါ့လို့ ပြောမယ်ဆိုရင်လည်း ပြောသင့်ပါတယ်။ ဒါပေမယ့် ၀န်ထမ်းတစ်ယောက်ရဲ့ခံစားချက်ကို ၀န်ထမ်းချင်းပဲနားလည်ပါတယ်။ ၀န်ထမ်းတစ်ယောက်အနေနဲ့ အကြောက်ဆုံးက အလုပ်ကနေထွက်ရမှာကိုပါပဲ။ ၀န်ထမ်းလောကမှာ အသိုင်းအ၀ိုင်းနဲ့ သိုက်သိုက်ဝန်းဝန်း ကူညီဖြေရှင်းကြတဲ့ သဘာဝကြောင့် အပြင်လောကမှာ မစွန့်စားရဲတော့တာလဲပါပါတယ်။ ပြီးတော့ အလုပ်အပေါ်မှာ သံယောဇဉ်ဖြစ်နေတာလဲပါပါတယ်။ ဘယ်လောက် အပေါက်ဆိုးပြီး စေတနာမပါတဲ့ ဆရာ၊ ဆရာမပဲဖြစ်ဖြစ် သူ့အလုပ်ကိုတော့ သူသံယောဇဉ်ရှိကြတာချည်းပါပဲ။ အပြင်လောကကို ကြောက်တာနဲ့ လက်ရှိလောကကို သံယောဇဉ်တွယ်တာ နှစ်ချက်နဲ့ပဲ ဆရာ၊ ဆရာမတွေဟာ အပြင်ထွက်ဖို့ အခွင့်အရေးနည်းလာပါတော့တယ်။

ဒါပေမယ့်...
ဆရာ၊ ဆရာမတွေရတဲ့လစာက အောက်တန်းစာရေးလစာနဲ့ ထူးမခြားနားဖြစ်နေပါတယ်။ တာဝန်ကြတော့ သူတို့ခမျာ မနိုင်ရင်ကာကြီးထမ်းကြရတာပါ။ အိမ်မှာစားဝတ်နေရေး မပြေလည်တာနဲ့အမျှ အလုပ်အပေါ်မှာ စိတ်နာသလိုလိုဖြစ်လာလေ့ရှိပါတယ်။ င်္ဒီကြားထဲမှာ လူအများစုက တန်ဖိုးဆိုတာကို ၀င်ငွေနဲ့တိုင်းတာလေ့ရှိတတ်တာကြောင့် ဆရာ၊ ဆရာမတွေခမျာ ထိုက်တန်တဲ့အတင်ကြီး အားကျမှုကို မခံကြရတဲ သောကကိုလည်း ရင်စည်းခံကြရပြန်ပါတယ်။ ကြာလာတော့ သူ့စိတ်နဲ့သူ ပဍိပက္ခဖြစ်ပြီး သင်ကြားရေးမှာ ထိခိုက်ပါတော့တယ်။

ဆရာဖြစ်သူက သူ့အလုပ်ကို တန်ဖိုးထားမှုကျဆင်းလာတာနဲ့အမျှ သူ့ကျောင်းသားတွေလည်း ပညာရေးကို လေးစားမှုနည်းလာပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ပေးသူကိုယ်တိုင်က တန်ဖိုးထားပြီး အမြတ်တနိုးရှိတဲ့အရာကို ပေးမှ ယူသူကလည်း မြတ်မြတ်နိုးနိုးရှိမှာမို့ပါ။

ဒါကြောင့် ပညာရေးတိုးတက်လာအောင် ပညာရေးပဲ့ကိုင်ရှင် ဆရာ၊ ဆရာမတွေကို သူတို့ဘ၀အတွက် အာမခံချက်အပြည့်ရှိနိုင်လောက်တဲ့ ၀င်ငွေမျိုးရှိသင့်ကြောင်း တွေးမိပါတယ်။ ထိုက်တန်တဲ့ ၀င်ငွေမျိုးဖန်တီးပေးတာတောင်မှ ဆရာ၊ဆရာမတွေဘက်က ကြိုးစားအားထုတ်မှုပိုင်းတက်မလာရင်တော့လည်း
ကျောင်းသားလေးတွေပဲ ကံဆိုးကြတယ်လို့ပဲ မှတ်ရမယ်ထင်ရဲ့...

Saturday, 14 August 2010

ကိုငှက် အလွမ်းမပြေ . . .

ကိုငှက်ရေ...
မျက်ရည်ဆိုတာ
သာမန်အခြေ
ဝေလို့မရ
သမုဒယရဲ့
အနုသယနွယ်
ခင်တွယ်သူများ
ခွဲခွာသွားမှ
အများအားဖြင့်

ပွင့်ဝေတတ်တဲ့ လွမ်းပန်းပွင့်...

ယောက်ျားမျက်ရည်...

တော်ရုံဝေခဲ
ရင်အသည်းမှာ
ဒဏ်ရာထိခတ်
သေမတတ်လွမ်း
သည်းခြေနွမ်းမှ
ကြွေကျတတ်သော
ရင်ဖွင့်လွှာ...

ကိုငှက်ရေ...

ပုဂ္ဂိုလ်မစွဲ ခင်လည်းမခင်

သံယောဇဉ်လဲ မတွယ်ဘဲနှင့်

ရင်ထဲနွမ်းလျ
တမ်းတခါခါ
လွမ်းမိပါသည်
ဂီတာမြင်တိုင်းကြေကွဲနေ...


ဂျပ်ဆင်ထိပ်က လရိပ်ပြာပြာ

ရှာမတွေ့နိုင် အလင်းဆိုင်မှာ

ဒဏ်ရာဝတ်စုံ မလုံခြုံသေး

တွေဝေလေးကန် အထီးကျန်စွာ

မဟာဝီရ အိုဗုဒ္ဓကို

စိတ်ကတိုင်တည် မျက်ရည်လည်မိ

ကိုငှက်သိမှသိပါစ...။ ။


ဟန်ကြည်င်္
၁၅.၈.၂၀၁၀ ( တနင်္ဂနွေနေ့ )


ထူးအိမ်သင်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကဗျာကို ရေးဖြစ်ပါတယ်။
မြန်မာတေးရေးဆရာတွေထဲမှာ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း ပြီးရင် ဆရာစိုင်းခမ်းလိတ် နောက်မှာတော့ ထူးအိမ်သင်ကို အလေးစားဆုံးဖြစ်ပါတယ်။ ဂီတတစ်ခုအတွက် ဘ၀ပါရင်းပြီး ချစ်မြတ်နိုးကြတဲ့ ဂီတအနုပညာ
ရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်ကုန်ကြတဲ့နောက် နောက်ထပ်မဆုံးရှုံးချင်တော့ပါ။ မြန်မာ့အနုပညာစစ်စစ်တွေနဲ့ ကိုယ်ပိုင်သံစဉ် ဂီတတွေ ရှင်သန်တိုးတက်ပါစေ...

သူငယ်ချင်းရေ . . .

သူငယ်ချင်းရေ...
ဘ၀ဆိုတာ တိုက်ပွဲပဲတဲ့
ပြောတဲ့သူတွေတွေ ပြောကြတယ်
မဖြစ်သင့်ဘူးထင်တယ်နော်
အရာရာကိုသာတိုက်နေရရင် တစ်ချိန်ချိန်မှာတော့ တိုက်ပွဲကျတော့မှာပဲ
ဘာကြောင့်လဲဆိုရင် အမြဲရှင်သန်နေတဲ့ သူရဲကောင်းဆိုတာ ကြားမှမကြားဖူးခဲ့တာပဲ...

သူငယ်ချင်းရေ...
ဘ၀ဆိုတာ အိပ်မက်ရှည်တဲ့
ပြောတဲ့သူတွေ ပြောကြပြန်တယ်
မဖြစ်သင့်ဘူးထင်တယ်နော်
အိပ်မက်ဆိုတာ ကိုယ်တိုင်စီမံခွင့်မှ မရှိတာပဲ
ဘ၀ကိုတော့ ကိုယ်စိတ်ကြိုက်စီမံခွင့်ရအောင် ကြိုးစားလို့ရနိုင်သေးတယ်လေ...

သူငယ်ချင်းရေ...
ဘ၀ဆိုတာ ကဗျာတဲ့
ပြောတဲ့သူတွေ ပြောကြသေးတယ်
မဖြစ်သင့်ဘူးထင်တယ်နော်
ကဗျာလောက်လှတာ ဘယ်အရာမှမရှိတာပဲ
ဘ၀ကတော့ ကဗျာလောက်အမြဲ မလှနိုင်ပြန်ဘူးလေ...

သူငယ်ချင်းရေ...
ဘ၀ဆိုတာ ခရီးပါတဲ့
ပြောတဲ့သူတွေ ပြောကြပြန်ရော
မဖြစ်သင့်ဘူးထင်တယ်နော်
ခရီးမှန်ရင် လာရာ၊ လားရာ ရှိရမှာပေါ့
အခုတော့ ဘ၀ဆိုတာ ဘယ်မှာစလို့ ဘယ်မှာဆုံးမယ် သိမှမသိနိုင်ပဲကိုး...

သူငယ်ချင်းရေ...
ဘ၀ဆိုတာ ဘ၀သာမို့
ဘာသာမပြန်
အဘိဓာန်မထုတ်
ခပ်ကုပ်ကုပ်ပဲ
သရုပ်သကန် ဝေဖန်ခွဲခြား
ရန်မများကြေး...

ဖြစ်ချင်ရာဖြစ် စိတ်မညစ်ပဲ
နှစ်၊ လ၊ ရာသီ
မတည်ရွေ့လျား
နေ့ရထားနဲ့၊ ညရဲ့လမင်း
ခံစားရင်းလေ
လဲနေသူတွေ ထူပါစို့ . . .။ ။

ဟန်ကြည်
၁၄.၈.၂၀၁၀ ( စနေနေ့ )



ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger