Sunday, 10 October 2010

မော်ကွန်းမ၀င် ၁၀ သုံးလုံး . . .

10.10.10
( Sunday )

စကြ၀ဠာသမိုင်းမှာ တစ်ရက်ပဲရှိမယ့်ရက်စွဲ။
ကိုယ်တို့တစ်သက်မှာ တစ်ခါပဲတွေ့နိုင်မယ့်နေ့။
ဒီလိုဂဏန်းသုံးလုံးပါတဲ့ရက်စွဲမျိုးတပ်ဖို့ နောက်ထပ် ၁နှစ်ကျော်ထပ်စောင့်ရဦးမယ်။
ဒါပေမယ့်...
ဒီရက်စွဲကိုတော့ နောက်ဘယ်တော့မှ ထပ်တပ်ခွင့်ရတော့မှာ မဟုတ်။

နေ့စွဲတွေဆိုတာ သမိုင်းနဲ့ယှဉ်မှ တန်ဖိုးရှိတာပါ။
၁၀.၁၀.၁၀ ကတော့ ဘာထူးခြားဖြစ်စဉ်မှ မရှိလိုက်တာကြောင့် မသိလိုက်မသိဖာသာပဲ ကုန်လွန်ဖြတ်သန်းသွားပါတယ်။ ဘာတန်ဖိုးမှ မရှိလိုက်တဲ့နေ့တစ်နေ့ အဖြစ်နဲ့ မကြာခင်မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာ ခံရမှာ သေချာပေါ့။

ဒီနေ့စွဲဟာ
နိုင်ငံ့သမိုင်းမှာ မတွင်ပေမယ့်
ကိုယ့်သမိုင်းမှာတော့ ဖြစ်စဉ်ငယ်လေးတွေနဲ့ ဝေေ၀ဆာဆာရှိခဲ့ပါတယ်။ မနေ့က သင်တန်းချိန်ပြီးလို့ ကျောင်းသားတွေကို လက်မှတ်ထိုးပေးတော့ ကလေးတစ်ယောက်က ဒီနေ့စွဲကိုကြည့်ပြီး “ဘူသုံးလုံး”လို့ ထအော်ပါတယ်။ ကျန်တဲ့ကလေးတစ်ယောက်ကတော့ “ဒီနေ့တစ်သုညထွက်မယ်”လို့ ကြွေးကြော်ပါတယ်။ ကောင်းရော။ ဖဲသမားနဲ့ ချဲသမားတွေ့နေပါရောလားဆိုပြီး ရယ်မိရတယ်။

ညပိုင်းလည်းရောက်ရော တစ်သက်မှာတစ်ခါ မော်တော်ပီကယ်ကောင်နဲ့ စိတ်ကတောက်ကဆဖြစ်ရပါတယ်။ အကြီးအကျယ်တော့မဟုတ်ပေမယ့် ကိုယ့်အတွက်တော့ ပထမဆုံးအဖြစ် မှတ်တမ်းဝင်သွားရပါရော။ ဒါပေမယ့် ကိုယ်က သမိုင်းလည်းမ၀င်၊ မော်ကွန်းလဲမတင်နိုင်သေးတဲ့ သာမန်လူဖြစ်နေတာကြောင့် ဒီနေ့စွဲဟာ ကိုယ့်အတွက်ကလွဲလို့ ဘယ်သူ့အတွက်မှ ထူးခြားအောင်မလုပ်နိုင်ခဲ့ပါ။

နေ့စွဲတွေကို မော်ကွန်းတင်နိုင်လောက်တဲ့ အဖြစ်မျိုး ကိုယ်ရောက်ချင်လိုက်တာလေ...

အသက်နှစ်ထောင် ဂုရုကျောက် . . .

အားကျတယ် . . .

ဒီပုံက ကိုယ်လေးစားတဲ့ ဘလော့ဂါကြီး အသက်နှစ်ထောင် ဂုရုကျောက်ပုံပါ

ကိုယ့်ဘ၀မှာ အားကျခဲ့တဲ့သူ တော်တော်များများတော့ ရှိခဲ့ပါတယ်။ ကျောင်းသားဘ၀တုန်းက ကိုယ့်ထက်ထူးချွန်ကြတဲ့ ကျောင်းသားကြီးတွေကို လေးစားအားကျပြီး ကြိုးစားခဲ့ပါတယ်။ လူမှုရေးလောကထဲရောက်ပြန်တော့ ကိုယ့်ထက်လူမှုဆက်ဆံရေး ပါးနပ်ကောင်းမွန်တဲ့သူတွေကို အားကျခဲ့ပါတယ်။ ဘယ်နေရာမှာမဆို၊ ကိုယ့်ထက်တစ်ခုခု ထူးချွန်တဲ့သူတွေ့ရင် ဘယ်သူ့ကိုမဆို အားကျစိတ်နဲ့ အတုယူပြီး ကြိုးစားခဲ့တာ ဒီနေ့အထိပါ။

လူဆိုတာ အားလုံးကောင်းနေမယ်လို့ မျှော်လင့်ထားလို့မရတဲ့ သတ္တ၀ါတစ်မျိုးပါ။ ဒါ့အပြင် အားလုံးဆိုးတယ်လို့လဲ ကောက်ချက်ချလို့လဲ မရပြန်ပါ။ တစ်နေရာမှာကောင်းပေမယ့် တစ်နေရာမှာဆိုးနေနိုင်ပါတယ်။ အားလုံးဆိုးတယ်လို့ထင်ရပေမယ့် ကောင်းကွက်တစ်ကွက်လေးတော့လည်း ရှိနေနိုင်ပြန်ပါတယ်။ ကိုယ်ကတော့ ဘယ်သူ့ကိုမဆို ကောင်းကွက်လေးတွေမြင်အောင်ကြည့်လို့ လေးစားအတုယူစမြဲပါ။ ကိုယ်လေးစားအားကျသူတွေထဲမှာ နိုင်ငံကျော်ပုဂ္ဂိုလ်ကြီးတွေပါသလို ဆိုက်ကားသမား၊ ကားစပယ်ယာ၊ ခေါင်းရွက်ဈေးသည်တွေအထိ ပါပါတယ်။

ဒီဘလော့လောကထဲကို ယောင်လည်လည်ရောက်လာပြန်တော့လည်း လေးစားရမယ့်သူတွေ၊ အားကျရမယ့်သူတွေ အများကြီးထပ်ရပြန်ပါတယ်။ ဂုဏ်ယူစွာနဲ့ပဲ ၀မ်းသာအားရ အတုယူဖြစ်ပါတယ်။ အလုပ်များတဲ့သူမို့ ဘလော့တိုင်းကိုတော့လည်း မဖတ်ဖြစ်ပါ။ ဖတ်မိသလောက်ဘလော့တွေမှာတော့ ဘလော့ဂါတိုင်းလိုလိုမှာ တစ်ခုကောင်းလေးတွေရှိနေတာတွေ့ရတော့
ဒီလောကကို ရောက်လာရတာ ပျော်မိပါရဲ့။

မနေ့က စာရေးဖို့ ကိုယ့်ဘလော့ကိုရောက်တော့ ကိုယ်အားကျတဲ့ ကိုကြီးကျောက်ရဲ့ “ရွှေရတုမှတ်တမ်း”ဘလော့မှာ ပို့စ်အသစ်တက်နေတာတွေ့လို့ ၀မ်းသာအားရသွားဖတ်မိပါတယ်။ ကိုကြီးကျောက်က သရော်စာအရေးကောင်းတဲ့၊ ပွင့်ပွင့်လင်းလင်းလင်းရှိလွန်းတဲ့ ဘလော့ဂါကြီးဖြစ်တာမို့ သရော်စာသစ်တစ်ပုဒ်တော့ ဖတ်ရပြီအထင်နဲ့ သွားတာပါ။ ခေါင်းစဉ်ပေးထားတာလည်း
“ယမမင်းထံသို့ ခြေလှမ်း၁၈၀”ဆိုတော့ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ ကျော်သူပါတဲ့ဇာတ်ကား “နေမင်းသို့ခြေလှမ်းကိုးဆယ်” ကိုသွားသတိရမိတာကြောင့်လည်းပါပါတယ်။

“ရွှေရတုမှတ်တမ်း”ကိုရောက်တော့ အထင်နဲ့အမြင် ပါစင်အောင်လွဲနေပါရော။ ကိုကြီးကျောက်က အသည်းကင်ဆာဖြစ်နေလို့ နောက်ဆုံးရက်ရောက်ဖို့ ခြောက်လပဲ လိုတော့တဲ့အကြောင်းကို ဟာသလေးနှောလို့ ရေးထားတာပါ။ ဖတ်ရင်းနဲ့ စိတ်မကောင်းဖြစ်မိသလို လေးလည်းလေးစား၊ အားလည်းကျမိပါရဲ့။ ဆရာဝန်ကိုယ်တိုင်က ဒီလိုသတ်မှတ်လိုက်တာတောင် ဟာသဖောက်မပျက်တဲ့လူမျိုး ဘယ်နှစ်ယောက်များရှိနိုင်လို့လဲလေ။ လူဆိုတာ ဘယ်လောက်ပဲသတ္တိကောင်းပါတယ်ပြောပြော နောက်ဆုံးအချိန်နဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာသိရင်တော့ ကြောက်တတ်ကြတာ များပါတယ်။ ဒါပေမယ့် ကိုယ်တို့ဘလော့ဂါကြီးကတော့ ယမမင်းဆီမှာမေးမဲ့မေးခွန်းတွေ ဖြေနိုင်အောင် ကျူရှင်ပါယူချင်သေးတဲ့ပုံပါပဲ။

အသက်ဇီဝကို ဆွဲဆန့်တဲ့နေရာမှာ စိတ်ပိုင်းဆိုင်ရာက ပိုလို့အရေးပါပါတယ်။
“စိတ်ထောင်းတော့ ကိုယ်ကြေ” “စိတ်ပျိုတော့ ကိုယ်နု” စတဲ့ မြန်မာစကားပုံတွေလိုပါပဲ အသက်ရှင်သန်မှုဟာ စိတ်နဲ့တော်တော်ဆိုင်ပါတယ်။ ကိုယ်တို့ရဲ့ ကိုကြီးကျောက်ကတော့ နဂိုကတည်းက ခပ်ပျော်ပျော်၊ ခပ်ရွတ်ရွတ်ဆိုတော့ ဆရာဝန်ပြောတာထက်တော့ ပိုလို့အသက်ရှည်ဖို့များပါတယ်။ ပိုလို့လည်း ရှည်စေချင်ပါတယ်။ ဇာတာထဲမှာရေးထားတဲ့ အသက်၁၂၀ရှည်စေသော်ဝ်ဆိုတဲ့ ဆုတောင်းပြည့်တဲ့အထိ ရှည်ရင်ပိုလို့တောင် ကောင်းပါလိမ့်ဦးမယ်။
ဒါမှ ကိုယ်တို့ဘလော့တိုင်းပြည်ကြီး သာယာစည်ကားပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်ကြံ့ခိုင်လှတဲ့ ကိုယ်တို့ရဲ့နောင်တော်ကြီးကို ကြည့်ရင်းအားကျမိပါတယ်။ ဘယ်လိုအနေအထား၊ အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အပြုံးမပျက်တဲ့ စိတ်ဓာတ်ကို လေးစားလို့လည်း မဆုံးနိုင်ပါ။ ဘ၀မှာ တစ်ခုခုကြောင့်စိတ်ညစ်ရင် ကိုကြီးကျောက်လို စိတ်ဓာတ်ကြံ့ခိုင်ဖို့ ကိုယ်ကြိုးစားပါဦးမယ်။ ရလာတဲ့ဘ၀မှာ ဖြစ်ချင်တာဖြစ် စိတ်မညစ်ကြေးဆိုတဲ့ အာဇာနည်စိတ်ဓာတ်တွေ မွေးနိုင်အောင်လည်း ကျင့်ရပါဦးမယ်။ ဒီလိုအသိတွေဝင်အောင်လုပ်ပေးတဲ့ ကိုယ်တို့ရဲ့အသက်နှစ်ထောင်ဂုရုကျောက်ကိုလည်း ကျေးဇူးတွေတင်လို့မဆုံးပါ။

ဂုရုကျောက်တစ်ယောက် ကျန်းမာအသက်ရှည်ပါစေဗျာ...

Thursday, 7 October 2010

ခွေးမြီးပညာရှိ . . .

တိုင်းပြည်တစ်ခုမှာ ရှိသမျှနိုင်ငံသားအားလုံးဟာ တန်ဖိုးတူညီပါတယ်။
ဘယ်သူကမှ ဘယ်သူ့ထက် ပိုအရေးမကြီးပါ။

ကျောင်းသားဘ၀တုန်းကတော့ အဲဒီလိုအသိမျိုး မ၀င်ခဲ့ဖူးပါ။
ပွင့်ပွင့်လင်းလင်းပြောရရင် ဆေးကျောင်းသားပီပီ မာနကြီးပြီး စိတ်ကြီးတော်တော်ဝင်ခဲ့ပါတယ်။ ၀ိဇ္ဖာ၊ သိပ္ပံက ကျောင်းသားတွေကို ပညာတတ်စာရင်းတောင် သိပ်မသွင်းချင်ခဲ့ပါ။ ကိုယ့်ကိုယ်ကို ဆရာဝန်လောင်း၊ တိုင်းပြည်ရဲ့အမြင့်ဆုံးပညာကို သင်ယူနေတဲ့သူ၊ ဆယ်တန်းမှာ ဂုဏ်ထူးတွေတသီကြီးရခဲ့တဲ့သူ ဆိုတဲ့အသိတွေနဲ့ အောက်ခြေလည်းတော်တော်လေး လွတ်ခဲ့ဖူးပါတယ်။ ဂျူတီကုတ်ဖြူဖြူလေးတကြွကြွ၊ နားကြပ်ကလေးတကားကားနဲ့ သွေးကြီးခဲ့ဖူးပါတယ်။

အခုလို လူလတ်ပိုင်းအရွယ်ရောက်လာလို့ အမှန်ကိုအမှန်အတိုင်းမြင်နိုင်တဲ့ အချိန်ရောက်တော့မှပဲ အထက်ကအတွေးမျိုးဝင်လာပါတော့တယ်။ ဘာပဲဖြစ်ဖြစ် သိပ်တော့နောက်မကျသေးဘူးလို့လဲ ထင်မိပါတယ်။

သေချာပြန်စဉ်းစားရင် ပြည်သူအားလုံးအတူတူပါပဲ။ တစ်ယောက်မှ မရှိလို့မဖြစ်ပါ။ ဆရာဝန်တွေချည်းပဲ နေလို့မရသလို၊ ဆိုက်ကားသမားတွေချည်းပဲလဲ နေလို့မဖြစ်နိုင်ပါ။ အားလုံးဟာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီပါပဲ။ ဥပမာလှလှပေးရရင် နာရီတစ်လုံးထဲက ခွေးသွားစိတ်တွေအတိုင်း ခွေးသွားစိတ်အသေးမရှိရင် အကြီးမလည်နိုင်သလို၊ ခွေးသွားစိတ် အကြီးမရှိရင်လည်း အသေးမလည်နိုင်ပါ။ ဒါကြောင့်ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ စိတ်ကြီးဝင်စရာအကွက် တစ်ကွက်မှမမြင်ပါ။

ဒါ့အပြင် ရာထူးကြီးခြင်း၊ ပညာပိုတတ်ခြင်းရဲ့ အဓိပ္ပာယ်ဟာ တာဝန်ပိုရှိခြင်းပဲ ဖြစ်ပါတယ်။ တာဝန်ယူရမှု၊ တာဝန်သိရမှုပိုများတဲ့အတွက် ပိုလို့တောင် သိမ်သိမ်မွေ့မွေ့ရှိရမှာ့ပါ။ ဒါတင်မက ပညာပိုတတ်သူ၊ ရာထူးကြီးသူတွေဟာ ပညာမတတ်သူ၊ ရာထူးငယ်သူတွေကို ဖေးမကူညီရမယ့် တာဝန်ရှိပါသေးတယ်။ ဒါကြောင့် နိမ့်ပါးသူတွေအပေါ် မောက်မောက်မာမာ မပြုသင့်ပါ။ တစ်နေရာမှာ ကိုယ်ကတာဝန်ရှိသူဖြစ်နေသလို အခြားတစ်နေရာမှာ သူကလည်းတာဝန်ရှိသူပါပဲ။ ကိုယ့်နယ်ရောက်တုန်း ကိုယ်ကနွှာလိုက်မယ်ဆိုရင် သူ့နယ်ပြန်ရောက်ရင်တော့ သူကလည်း ပြန်နွှာတော့မှာ မလွဲပါ။ ဒီလိုသာ အပြန်အလှန်ဖြစ်နေရင် ကိုယ်တို့တိုင်းပြည် တိုးတက်တော့မှာ မဟုတ်ပါ။

သူကတော့ မြေကြီးတူးတဲ့သူ၊ အိမ်သာကျင်းတူးတဲ့သူမို့ မထီမဲ့မြင်ပြုရမယ်လို့ ယောင်လို့တောင်မထင်စေချင်ပါ။ သူသည်လည်း အိမ်သာတွင်းတူးတဲ့ ပညာရှင်ဖြစ်ပါတယ်။ သူသာတူးမပေးရင် အိမ်သာတောင်တက်ရမှာမဟုတ်ပါ။ ဒါကြောင့် သူ့ကိုလည်းလေးစားမှုပေးရပါလိမ့်မယ်။ လက်တွေ့စမ်းသပ်ကြည့်ချင်ရင် ကိုယ်တို့တိုင်းပြည်မှာ ထိပ်တန်းအဆင့်ပညာရှင်တွေ၊ ဆယ်တန်းမှာ ပညာအထူးချွန်ဆုံးတွေဖြစ်ခဲ့ကြတဲ့ ဆရာဝန်တွေချည်းပဲစုပြီး မြို့တစ်မြို့တည်လို့ သီးသန့်နေခိုင်းကြည့်ပါ။ သုံးလလောက်အတွင်း ဆရာဝန်တွေ ဒုက္ခတွေ့ပါလိမ့်မယ်။ ဒါကြောင့် တိုင်းပြည်မှာ လမ်းဘေးပလတ်စတစ်ကောက်တဲ့ ကလေးကအစ သူ့နေရာနဲ့သူ အရေးပါပါတယ်။ သူမရှိရင်လည်း အမှိုက်ထဲကနေ ရွှေထွက်လာတော့မှာ မဟုတ်ပါ။ ဒါကြောင့် နိုင်ငံသားအချင်းချင်း တစ်ဦးနဲ့တစ်ဦး သာတူညီမျှစိတ်ထားကြရင် ကိုယ်တို့တိုင်းပြည်ကြီး အခုထက်ပိုတိုးတက်မှာ သေချာပါတယ်။

ဒီဆောင်းပါးကို ဘာကြောင့်ရေးဖြစ်သလဲဆိုတော့ လွန်ခဲ့တဲ့တစ်ပတ်က ကိုယ့်အမျိုးသမီးကျန်းမာရေး အခြေအနေကို အားမရတာနဲ့ မြို့ထဲက မီးယပ်သားဖွားအထူးကုဆီမှာ သွားပြရင်းရခဲ့တဲ့ အတွေ့အကြုံကို အခြေခံမိလို့ပါ။ ကိုယ်ကလည်း ကိုယ့်အလုပ်နဲ့ကိုယ် ဂျင်ခြေလည်နေတဲ့အပြင် အထူးကုဆိုတော့ ကိုယ့်ထက်ပိုတတ်မယ်ဆိုတာ သေချာနေတာမို့ သွားပြခိုင်းလိုက်တာပါ။ အဲဒီမှာ တစ်သက်တာအမှတ်တရ ဖြစ်ရတော့တာပါပဲ။

ချစ်စရာကောင်းလှစွာသော အိုဂျီမမက အမျိုးသမီးပြောသမျှရောဂါလက္ခဏာတွေကို အာရုံစိုက်ပြီးနားမထောင်တဲ့အပြင် လူကိုလည်း မတူသလိုဆက်ဆံပါသတဲ့။ ကိုယ့်အမျိုးသမီးကလည်း ကြာတော့ မခံနိုင်တော့တာနဲ့ ကျွန်မအမျိုးသားလည်း ဆရာဝန်ပါပဲလို့ ပြောယူရပါတော့တယ်။ အဲဒီမှာတင် ဆရာဝန်ကတော်ဖြစ်ပြီး ဒီလောက်တောင် ကျန်းမာရေးအသိမရှိရကောင်းလားဆိုပြီး ငေါက်ပါသတဲ့။ ဘယ်လောက်များ ချစ်ဖို့ကောင်းလိုက်ပါသလဲ။ အမျိုးသမီးက
“ညဘက်ရောက်ရင် တစ်ကိုယ်လုံးပူတယ်”လို့ ပြောတော့ ဘယ်လောက်ကြာပြီလဲလို့ မေးပါတယ်။ သုံးလလောက်ရှိပြီိလို့ဖြေတော့

“ခံလက်စနဲ့ ဆက်ပြီးခံလိုက်ပေါ့”တဲ့။

ဆရာဝန်ပါးစပ်က ထွက်တဲ့စကားဆိုတာ ယုံတောင်မယုံချင်ပါ။ ပိုဆိုးတာက အထူးကုဆရာဝန်ရဲ့စကား ဖြစ်နေပါသေးတယ်။ သှူု့ကို သင်ပေးလိုက်ရတဲ့ တိုင်းပြည်မှာ ဘယ်လောက်များနစ်နာလိုက်ပါသလဲ။ ကိုယ်တို့ ဆေးလောကကြီးရော ဘယ်လောက်များ ကျက်သရေရှိလိုက်ပါလိမ့်။ ကျိန်ခဲ့ရတဲ့ “ဟစ်ပိုကရေးတီးကျမ်းကျိန်စာ” ဘယ်ကြားမှာများ သွားထားခဲ့တယ် မသိတော့ပါ။ ဆရာဝန်ရဲ့အလုပ်ဆိုတာ ဆေးပညာဗဟုသုတ မရှိတဲ့သူတွေကို ဗဟုသုတတွေ ဖြန့်ဖြူးပေးဖို့ပါ။ မရှိရကောင်းလားလို့ ဆူဖို့ငေါက်ဖို့ မဟုတ်ပါ။ ပြီးတော့ သူ့ကိုအားကိုးတကြီး အသက်ပါပေးပြီး ယုံလို့လာတဲ့ လူနာရဲ့စကားကို အလေးအနက်ထားပြီးနားထောင်ပေးရမှာပါ။ လိုအပ်ရင် လူနာရဲ့ ပုဂ္ဂိုလ်ရေးရင်ဖွင့်စကားတွေကိုပါ နားထောင်ကောင်းနားထောင်ရပါလိမ့်မယ်။ ကိုယ့်အယူအဆကတော့ ရှင်းပါတယ်။ အဲဒီလိုမလုပ်နိုင်ရင် ကိုင်ထားတဲ့ ဆေးထိုးအပ်ကို လွှင့်ပစ်လိုက်ရုံပါပဲ။

ကိုယ့်ညီမ ဆေးကျောင်းတက်ချင်တယ်ဆိုတော့ ကိုယ်မေးပါတယ်။ “ညီမလေး...အစ်ကိုဖြစ်တဲ့သူ ဂျူတီကုတ်ကလေးနဲ့ လှလှလေးမြင်လို့ ဆရာဝန်ဖြစ်ချင်တာလား”လို့“လှချင်ရုံ၊ လူတွင်ကျယ်လုပ်ချင်ရုံနဲ့ဆိုရင်တော့ ဆေးကျောင်းမတတ်နဲ့။ အပင်ပန်းခံနိုင်မယ်၊ စေတနာ အပြည့်ထားနိုင်မယ်၊ တစ်ဘ၀လုံးကို အများအတွက်နှစ်နိုင်မယ်ဆိုရင်တော့ ဆေးကျောင်းတက်”လို့ပါ တစ်ဆက်တည်း ပြောလွှတ်လိုက်ပါတယ်။ အခုဆိုရင် ညီမလေးလည်း ဆရာဝန်ဖြစ်လို့ ကိုယ့်စကားအတိုင်း လူနာတိုင်းကို တလေးတစားနဲ့ ကုပေးနေပါတယ်။ ပါရဂူဖြစ်ခြင်း မဖြစ်ခြင်းထက် တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုခြင်းကပဲ ပိုအရေးပါတယ်လို့ ကိုယ်တော့ယူဆပါတယ်။ စောစောက အထူးကုမျိုးထက်စာရင် ခရီးသည်အပေါ်မှာ စေတနာအပြည့်နဲ့ ၀န်ဆောင်မှုပေးတဲ့ ဆိုက်ကားဆရာကတောင် တိုင်းပြည်အတွက် ပိုလို့အကျိုးပြုပါတယ်။ ပိုပြီးလိုအပ်ပါတယ်။

စကားစပ်မိလို့ အမတ်ကြီးဦးပေါ်ဦးပြောဖူးတဲ့ ပညာရှိခွေးမြီးပုံပြင်လေး ပြောချင်ပါသေးရဲ့။ ဥပမာပေးလေးလှလွန်းလို့ပါ။ ပညာတတ်ပြီး ဘ၀င်မြင့်၊ အောက်ခြေလွတ်တဲ့သူများဟာ ပညာရှိခွေးမြီးတဲ့။ ဘာကြောင့်လဲဆိုရင် ပညာဆိုတာ အမြီးနဲ့တူပါသတဲ့။ ပညာရှိသူတော်ကောင်းများရဲ့ ပညာကျတော့ နွားမြီးနဲ့တူပါတယ်တဲ့။ ဘာကြောင့်လဲဆိုရင် ကိုယ့်အရှက်ကိုလုံအောင်ဖုံးနိုင်တဲ့အပြင် မှက်တွေခြင်တွေလည်း ခြောက်လို့မောင်းလို့ရပါသတဲ့။ ပညာရှိလူယုတ်မာတွေကျတော့ ပညာရှိခွေးမြီးပါတဲ့။ ဘာကြောင့်လဲဆိုရင် ခြင်တွေမှက်တွေ မခြောက်နိုင်ရုံသာမက ကိုယ့်အရှက်တောင်မလုံပါဘူးတဲ့။

ဒါကြောင့်
ပြောခဲ့သမျှတွေကို နိဂုံးချုပ်ရရင်တော့ ပညာတတ်ဖြစ်တယ်၊ ရာထူးကြီးတယ်ဆိုတာနဲ့ ကျန်တဲ့သူတွေအပေါ်မှာ မထီမဲ့မြင်ပြုနေကြရင်ဖြင့် ပညာတတ်ခွေးမြီးတွေများသထက်များပြီး ကိုယ်တို့တိုင်းပြည် တိုးတက်မှုတွေ နှေးရပါလိမ့်မယ်။ တိုင်းသူပြည်သားတွေရဲ့ အခွန်ငွေတွေနဲ့ သင်ထားကြရတဲ့ပညာကို တိုင်းသူပြည်သားတွေရဲ့ အကျိုးရှိသထက်ရှိအောင် ကြိုးစားပေးကြရင်ဖြင့် . . .


ရှိတာလေးနဲ့ လှအောင်ပြင် . . .

ကျောင်းသားတွေ ကို အားမရသေးပါ...

ဒီတစ်ပတ်စာမေးပွဲစစ်လိုက်တာ ကလေးတွေ တော်တော်ကျကုန်တာ တွေ့ရပါတယ်။ မေးရိုးမေးစဉ်ကနေ ပုံစံပြောင်းပြီး ကလေးတွေရဲ့ နားလည်မှုစွမ်းရည်နဲ့ ပင်ကိုယ်အသိဖွံ့ဖြိုးမှုကို စစ်ကြည့်လိုက်မိလို့ပါ။ ကိုယ်တို့ကလေးတွေဟာ ဒါမြင်ရင်ဒါလုပ်ဆိုတဲ့ ကြက်တူရွေးစာသင် နည်းစံနစ်နဲ့ ခေါက်ရိုးကျိုးနေကြတာဖြစ်လို့ ဆက်စပ်တွေးခေါ်တတ်တဲ့ Consequential thinking ဥာဏ်ရည်ပိုင်းဆိုင်ရာမှာ တော်တော်ကြီးကို ဆိုးဆိုးဝါးဝါး အားနည်းနေတာတွေ့ရပါတယ်။ ကိုယ်လည်း နည်းပေါင်းစုံသုံးလို့ ပြုစုပျိုးထောင်ပေးနေပေမယ့် အခုထိတော့ လိုချင်တဲ့ပုံစံကို မရောက်လာသေးပါ။

ခက်တာက
ဒီဘက်ခေတ် ကျောင်းသားတွေရော၊ မိဘတွေကပါ အောင်ရင်ပြီးရောဆိုတဲ့ အတွေးမျိုးတွေ ခေါင်းထဲမှာ ၀င်နေကြတာပါပဲ။ တတ်မတတ်က လူမသိဘူး၊ အောင်မအောင်ဘဲ လူသိတယ်ဆိုတဲ့ ခပ်ညံ့ညံ့အတွေးတွေရှိနေကြတဲ့ ကလေး၊ လူကြီးတွေနဲ့ ရင်ဆိုင်နေရတာဆိုတော့ ကိုယ့်မှာသူ့အကြိုက်၊ ကိုယ့်အကြိုက်ညှိလို့ အောင်လည်းအောင်၊ တတ်လည်းတတ်ဖြစ်အောင် ကြိုးစားပေးနေရပါတယ်။ မတတ်ရင်လည်း ကိုယ့်တာဝန်မကျေသလို၊ တိုင်းပြည်ကို ဒုက္ခပေးဖို့
တတ်ယောင်ကား ဘွဲ့ရလူပိုတစ်ယောက်မွေးထုတ်ပေးမိပါလိမ့်မယ်။ တတ်ပြီးမအောင်ပြန်ရင်လည်း ကိုယ့်ထမင်းအိုး မှောက်ပါလိမ့်မယ်။
ဒီအနေအထားနှစ်ရပ်လုံးက
ကင်းအောင်လုပ်ရတဲ့အသက်မွေးဝမ်းကြောင်းဟာ အမြင်သက်သာမယ်ထင်ရသလောက်
လက်တွေ့သိပ်မသက်သာလှပါ။

ကိုယ့်ဆီကိုရောက်လာကြတဲ့ ကျောင်းသူ၊ ကျောင်းသားအများစုကတော့ ဘုရားစူးတက္ကသိုလ်ဝင်တန်း ကျောင်းသားတွေများပါတယ်။ ဒီတစ်ပတ်စာမေးပွဲမှာ သင်္ချာကို ဘဲဥမကွဲအောင် ဖြေပြသွားတဲ့ကျောင်းသူက ရှိပါသေးတယ်။ အသက်၁၆နှစ်အရွယ် တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသူတစ်ယောက်ဟာ
၁၀၀၀၀ထဲက ၃၄၈ကို မနုတ်တတ်တာ ပြောမယုံကြုံဖူးမှပဲ သိပါလိမ့်မယ်။ ဂဏန်းတွက်နေရင် လက်ချိုးပြီးပေါင်းနေကြတုန်းပါပဲ။ ၁၅၀ကို ၁၃နဲ့ မစားတတ်ပါ။ အနုတ်ကိန်းအချင်းချင်းတွေ့ရင် ပေါင်းပေးရမယ်ဆိုတာ မသိပါ။ အင်္ဂလိပ်စာမှာ Subject, verb, object ဆိုတာ ဘာတွေကိုခေါ်သလဲ မသိပါ။ ခပ်ရှင်းရှင်းပြောရရင်တော့ မြန်မာအက္ခရာစုစုပေါင်းဘယ်နှစ်လုံးရှိသလဲဆိုတာလည်း မသိပါ။ ဋသံလျင်းချိတ်ကို မရေးတတ်ပါ။ ဒီကလေးတွေကို တတ်လည်းတတ်၊ အောင်လည်းအောင်ရအောင် ကြိုးစားနေရတဲ့ အနေအထားဆိုတော့ ဘယ်လောက်ခက်မလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။

ရောက်လာတဲ့ကျောင်းသား ၈၀ရာခိုင်နှုန်းက အောက်သက်မကျေပါ။ အခြေခံပညာ တစ်စက်ကလေးတောင် မပါလာပါ။ ဒီလိုပြောလို့ ကိုယ်ကတော့ ကျောင်းသားတွေကို သင်နေရတာ တော်တော်စိတ်ပျက်နေတယ်လို့လည်း ယောင်လို့တောင် မတွေးစေချင်ပါ။ အောက်ခြေမပါတဲ့ကလေးကို တတ်အောင်သင်ရတာဟာ ကိုယ့်ရဲ့အရည်အသွေးကို အစွမ်းကုန်ထုတ်ပြီး ကြိုးစားပေးရတာမို့ ကိုယ့်ရည်ကိုယ်သွေး ပိုတိုးတက်စေတာမို့ ပျော်ပါတယ်။ ဒါပေမယ့် ကလေးတွေအကျိုးအတွက် တွေးလိုက်မိတိုင်း ရင်ထဲမှာ ဘယ်လိုမှမကောင်းပါ။ သူ့အဆင့်၊ သူ့အတန်းနဲ့ ထိုက်သင့်တဲ့ အသိဥာဏ်မျိုးသာ အောက်ခြေအတန်းတွေတုန်းက ထည့်ပေးလိုက်ရင် တက္ကသိုလ်ဝင်တန်းအဆင့်မှာ အခုလို တပင်တပန်းလုပ်စရာမလိုသလို အောင်မြင်မှုလည်း ပိုရမှာသေချာပါတယ်။ တစ်ခါတစ်ခါ ခပ်လွယ်လွယ်ပုစ္ဆ္တာလေးကိုတောင် ခက်ခက်ခဲခဲဖြေရှင်းနေရတဲ့၊ အင်္ဂလိပ်စာ တစ်လုံးဖတ်ဖို့ ရေးဖို့ အကြိတ်အနယ်ကြိုးစားနေရတဲ့ ကျောင်းသားလေးတွေကို ကြည့်ရင်း ရင်ထဲမှာ တော်တော်ခံစားရပါတယ်။ တကယ်ဆို ကလေးတွေဒီလောက် မပင်ပန်းသင့်ပါ။
ကလေးတွေပင်ပန်းတာ လူကြီးတွေအသုံးမကျလို့ပါ။
ကျောင်းသားတွေ မသက်သာတာ ဆရာတွေညံ့လို့ပါ။

အခုတော့
အခြေခံကို ကျေညက်အောင်ထည့်မပေးနိုင်ဘဲ အထက်ဆင့်ကိုတင်လွှတ်တာကြောင့် ကလေးတွေမှာ ၀န်ပိကုန်ပြီးတော့ သင်ခန်းစာတွေကိုရော၊ ပညာရေးကိုပါ အာရုံစိုက်မှုကျကုန်တော့တာပါပဲ။ မရရင်ရအောင်ကြိုးစားမယ်၊ မလွယ်ရင်လွယ်အောင်နည်းလမ်းရှာမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ကျောင်းသားဆိုတာ တစ်ရာမှာသုံးယောက်တောင် မရှိပါ။ ဒါလည်း သဘာဝကျပါတယ်။ ကလေးဆိုတာ နိုင်တဲ့ဝန်ပဲထမ်းချင်ကြတာချည်းပါပဲ။ အခုတော့ ကိုယ်ခံပညာမတတ်ဘဲနဲ့ သတ်ကွင်းထဲကိုလွှတ်ခံရသလို ဖြစ်နေကြတဲ့ ကျောင်းသားလေးတွေမှာ တစ်ဘက်ရန်သူက တိုက်ခိုက်တာကို လည်စင်းအသေခံဖို့ စောင့်နေကြသလိုပါပဲ။ စာမေးပွဲကျဖို့ အချိန်ကုန်၊ ငွေကုန်ခံနေကြရတာကြီးကိုက နည်းနည်းမှ သဘာဝမကျလှပါ။

ကိုယ်တို့ တက္ကသိုလ်ဝင်တန်းအဆင့်ဆရာတွေမှာ ဘာမှရွေးစရာမရှိပါ။
အောက်တန်းတွေက မတတ်တစ်တတ်နဲ့ အတန်းတင်လွှတ်လိုက်တဲ့ကလေးတွေကို မတတ်လည်းတတ်အောင်၊ အတင်းကြိတ်မှိတ်ပြီး ရုန်းကန်ပေးကြရတော့တာပါပဲ။ တကယ်လို့ အောက်တန်းအဆင့်ဆရာများကသာ သူတို့တင်ပေးတဲ့ကျောင်းသားအပေါ်မှာ တာဝန်ကျေရင်၊ အောင်စာရင်းအပေါ်မှာ တန်ဖိုးထားရင်၊ ကိုယ့်အလုပ်ကိုလေးစားရင် ဘယ်လောက်လှပလိမ့်မလဲလို့ မကြာမကြာတွေးမိပါတယ်။ အခုတော့ ကိုယ်တို့အဆင့်က ဆရာတွေမှာ ငါးတကာယိုထားတဲ့ချေးတွေ ပုဇွန်ခေါင်းမှာလာစုနေသလို အတန်းစဉ်ဖျက်ဆီးခံထားရသလိုဖြစ်နေတဲ့ ကလေးတွေကို သနားစိတ်တွေနဲ့ သိက္ခာတွေရင်းပြီး တွန်းတင်ပေးနေကြရပါပေါ့လား . . .

အတွေးတွေ အသိတွေထက် အလုပ်က ပိုများရမှာ နိယာမဖြစ်ပါတယ်။
ရွေးစရာမရှိသလို၊ ရွေးလည်းမရွေးသင့်တဲ့ အနေအထားမှာ ကိုယ့်အလုပ်ကတော့ ရောက်လာသမျှကလေးတွေအတွက် အကောင်းဆုံးဖြစ်အောင် နည်းပေါင်းစုံသုံးပြီး သူတို့အောင်မြင်မှုအတွက် ကြိုးစားပေးရမှာပါ။ သူတို့အောင်မြင်မှုဆိုတာ တကယ်တမ်းဆိုရင် ကိုယ်အောင်မြင်မှုပဲမို့ ကလေးတွေမျက်နှာကို မှန်လိုကြည့်ရင်း ဒီထက်တိုးတက်လာအောင် ကြိုးစားပေးရုံကလွဲလို့ ဘာမှလုပ်စရာမရှိပါ။ ဘယ်သူ့ကိုမှလည်း အပြစ်မပြောချင်တော့ပါ။ အပြစ်တင်နေရင် အချိန်ကုန်ရုံသာရှိမှာမို့ လုပ်စရာရှိတာကိုပဲ ဆက်လုပ်ရပါလိမ့်မယ်။ ဒါမှကိုယ့်ကို သင်ပေးထားတဲ့ပညာ၊ ကိုယ်ရပ်တည်နေတဲ့ တိုင်းပြည်၊ ကိုယ်ပြောနေတဲ့စကား၊ ကိုယ်စားနေတဲ့ထမင်းအပေါ် တာဝန်ကျေနိုင်မယ် မဟုတ်ပါလား။ ။

Monday, 4 October 2010

ပုဆိုးသွားဝယ်တယ် . . .

ပုဆိုးဝတ်စရာမရှိတော့တာနဲ့
ဝယ်နေကျဆိုင်မှာ
နေ့လည်က ပုဆိုးသွားဝယ်ပါတယ်။ ကိုယ့်မှာလည်း ပုဆိုးဆိုလို့ တပည့်လေးတွေကန်တော့ထားတဲ့ ပုဆိုးနှစ်ထည် ရေလဲပုဆိုးနှစ်ထည်ပဲ ရှိတာကြောင့် ဘုရားပွဲ၊ ကျောင်းပွဲကို မလွှဲမရှောင်သာ သွားရတဲ့အခါ တော်တော်ဒုက္ခရောက်ပါတယ်။ တစ်ခါလာလည်း ဒီပုဆိုး၊ နောက်တစ်ခါလည်း ဒီပုဆိုးနဲ့ ဆရာဒါဝတ်ဖြစ်နေတာ နှစ်ချီနေပါပြီ။

အဲဒီလိုပြောတော့
ကိုယ့်ကို အနောက်တိုင်းဝတ်စုံတကားကားနဲ့ ဘိုစော်နံတဲ့ပုဂ္ဂိုလ်ကြီးလို့ ထင်သွားရင် မှားပါလိမ့်မယ်။ ကိုယ့်အရွယ်တန်းတွေထဲမှာ ကိုယ်လောက်မြန်မာစာ၊ မြန်မာမှုကို မြတ်နိုးတဲ့သူ တော်တော်လေးရှားမယ်ထင်ပါတယ်။ ရတု၊ ရကန်၊ အဲချင်း၊ လူးတားအစ ဇာတ်သဘင်အလည် ရိုးရာအားကစားအဆုံး အားလုံးမြတ်နိုးတာပါ။

ဒီလောက်မြန်မာမှုကို မြတ်နိုးပါလျက်က
ဘာကြောင့်ပုဆိုးဝတ်ဖို့ ၀န်လေးရသလဲဆိုတော့ မတန်လို့ပါ။
ခုခေတ်ပုဆိုးဈေးကွက်မှာ ထိပ်တန်းကနေရာရထားတဲ့ ဦးဂျမ်းတံဆိပ်ပိုးတွဲတစ်ထည်ကို ၁၀၀၀၀ကျော်ပါတယ်။ အသင့်အတင့်ဆိုရင် ၅၀၀၀နီးပါးပေးရပါတယ်။ ကျန်တဲ့တံဆိပ်တွေကိုတော့ ကိုယ်လည်းသိပ်မသိပါ။ ဒါပေမယ့် ကျန်တဲ့ပုဆိုးတွေကတော့ တစ်ရေ၊ နှစ်ရေများလျှော်ပြီးသွားရင် ခြင်ထောင်လောက်နီးနီး ပါးလာပြီး နေပူထဲတောင် မထွက်ရဲလောက်အောင် ကောင်းတာတော့  သိပါတယ်။

အဲဒီကောင်းလှပါတယ်ဆိုတဲ့ ဦးဂျမ်းပုဆိုးကလည်း သုံးလေးလ၀တ်ပြီးရင် လက်နှီးစုတ်ရောင်ပေါက်ချင်ချင်ဖြစ်လာပြီး ဘယ်ပွဲမှာမှ ၀တ်လို့အဆင်မပြေတော့တာကြောင့် အိမ်နေရင်းဝတ်ရတဲ့ပုဆိုးဘ၀ ရောက်လေ့ရှိပါတယ်။ သုံးထည်လောက်ဝယ်ပြီး အလဲအလှယ်နဲ့ဝတ်ပါမှ သုံးလေးလလောက် ပွဲလည်တင့်သာရုံရှိပါတယ်။ ဘောင်းဘီရှည်တစ်ထည်ကို ၂၀၀၀၀ကျော်ကျော်ပေးပြီးဝတ်ရင် အနည်းဆုံးတော့ ၂နှစ်ကျော်ကျော် လှလှဝတ်နိုင်ပါတယ်။ ဒါတောင်အရောင်ကျခဲပါတယ်။ ကိုယ့်ဘောင်းဘီတွေကတော့ အရောင်ကျတာထက် လူကပေါင်ချိန်တက်တက်လာတာကြောင့် မတော်တော့လို့ သိမ်းထားလိုက်တာကလွဲပြီး ဘာမှတောင် ပုံမပျက်၊ အရောင်မလွင့်ပါ။ ဒါကြောင့် ဈေးတွက်တွက်လို့ ပုဆိုးကို မလွှဲသာမှဘဲ ၀တ်ပါတော့တယ်။ မြန်မာမှုကို မြတ်နိုးတာကတခြား၊ တန်ဖိုးနဲ့ထိုက်ထိုက်တန်တန်ရတာကို အားပေးတာက တခြားစီပါပဲ။

တကယ်တော့ ပုဆိုးဆိုတာ
မြန်မာအမျိုးသား အားလုံးအတွက် မရှိမဖြစ်တဲ့ အခြေခံပစ္စည်းပါ။ ထမင်းမစားဘဲနေလို့ရချင်ရပါလိမ့်မယ် ပုဆိုးမပါဘဲတော့ ဘယ်သူမှနေလို့ရမှာမဟုတ်တာ သေချာပါတယ်။ အဲဒီလောက် အခြေခံကျတဲ့ ပုဆိုးတွေဟာ အဆင်တွေ၊ အပြင်တွေလှရုံပဲ ဦးစားပေးထားပြီး
ခိုင်ခန့်မှုကို နည်းနည်းလေးမှ ဂရုမစိုက်ကြတာ စိတ်ပျက်စရာကောင်းလွန်းပါတယ်။ ပြည်တွင်းဖြစ်အရည်အသွေးကို အားမရတာများလာပြန်တော့ ကိုယ်တို့မှာ ပြည်ပအားကိုး၊ ပုဆိန်ရိုး ဖြစ်မှန်းမသိဖြစ်လာပါရော။ ပုဆိန်ရိုးဖြစ်ကာမှ ဖြစ်ရော၊ ကိုယ့်ငွေကိုတော့ အလဟဿအဖြစ်မခံနိုင်ကြတာ လူတိုင်းရဲ့ဆန္ဒပါ။ ကိုယ့်မှာလည်း အားလုံးကိုလိုက်ပြီးဆော်သြနိုင်လောက်အောင် စွမ်းတဲ့အဆင့်မဟုတ်လေတော့ ယောနိသောစိတ်လေးမွေးရင်း အဆင်ပြေတဲ့ဘောင်းဘီပဲစွတ်လို့ ချီတက်နေခဲ့ရတာ ဆယ်စုနှစ်မကတော့ပါ။

လွန်ခဲ့တဲ့လက စိတ်ကူးပေါက်တာကြောင့်
လည်ကတုံးအင်္ကျံအဖြူ သုံးလေးထည်ဝယ်ထားမိပြန်တော့ တွဲဝတ်စရာပုဆိုးက လိုလာပြန်တာမို့ ဒါဝတ်ဘ၀က ကျွတ်အောင် အထက်မှာပြောခဲ့သလို ဆိုင်သွားလို့ ပုဆိုးအ၀ယ်တော်ဖွင့်ရပါတော့တယ်။ မြင်ရင်လိုချင်တတ်တဲ့ လူ့သဘာဝအရ မြင်တာလေးတွေဝယ်လို့ ငွေရှင်းတော့ ထင်ထားတာထက်သက်သာနေတာ သတိထားမိပါတယ်။ စိတ်ထဲကတော့ ကုန်ဈေးနှုန်းတွေ တော်တော်ကျကုန်တာပဲ၊ ကောင်းလိုက်တာလို့ မုဒိတာလေးတောင် ပွားလိုက်မိပါသေးတယ်။

အိမ်ပြန်ရောက်လို့ ၀ယ်လာတာလေးတွေ စစ်ကြည့်၊ ၀တ်ကြည့်ရင်း မသင်္ကာသလိုဖြစ်လာတာကြောင့် ပစ္စည်းတွေအားလုံး စာရင်းလုပ်ပြီး သင့်ငွေကိုပေါင်းကြည့်တော့ ဆိုင်ရှင်က အတွက်မှားပြီး အမှန်တကယ်ကျသင့်ငွေအောက် တစ်သောင်းကျော်လျှော့တွက်ထားတာ သွားတွေ့ပါတော့တယ်။ မညာတမ်းဝန်ခံရရင်တော့ အလကားရရင်ပျော်တတ်တဲ့ လူ့သဘာဝအတိုင်း စိတ်ထဲမှာတော့ ပျော်သလိုလိုဖြစ်သွားပါသေးတယ်။
တစ်သောင်းကျော်ကျော်ဆိုတော့ အင်္ကျံတစ်ထည်အလကားရတာပေါ့လို့တွေးလိုက်မိသေးတာလည်း အဆစ်ပါလိုက်သေးရဲ့။

ပစ္စည်းတွေပြန်စီရင်း
ဆိုင်ရှင်ခမျာ အတွက်မှားလို့ အမြတ်အပြင်၊ အရင်းပါရှုံးနေပေမယ့် ကိုယ်ပြန်မပေးလည်း သူကတော့သိမှာမဟုတ်သလို၊ ဒီလောက်ငွေဆိုတာ သူ့အတွက် လက်ဖက်ရည်ဖိုးသာသာပဲ ရှိမှန်းလည်း ကိုယ်နားလည်ပါတယ်။ ဒါပေမယ့် ရိုးသားခြင်းဆိုတာ အသေးအဖွဲလေးတွေမှာပဲတောင် လူမသိလည်းရိုးသားမှ စစ်မှန်သောဖြူစင်ရိုးသားခြင်းဖြစ်တယ်ဆိုတာ သွားတွေးမိလိုက်တော့ စောစောကအမှတ်မထင်ပေါ်လာတဲ့ လူ့သဘာဝအခြေခံစိတ် ပျောက်သွားပြီး ချက်ချင်းပြန်ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ခိုင်မာသွားပါတော့တယ်။

နေပူကျဲကျဲကြီးမှာပဲ အိမ်ကထွက်ပြီး ဆိုင်ကိုပြန်သွားပြီး ၀ယ်တဲ့ပစ္စည်းစာရင်းနဲ့ သင့်ငွေကိုပြပြီး လိုနေတဲ့ငွေကို ပြန်ပေးလိုက်ပါတယ်။ ဆိုင်ရှင်ကတော့ အံ့သြချင်အံ့သြပါလိမ့်မယ်။ ကိုယ့်ကိုလည်း လူထူးဆန်းလို့ ထင်ကောင်းထင်နိုင်ပါတယ်။ သူ့ဖာသာ ဘယ်လိုထင်ထင် ကိုယ်ကတော့ ဘာမှမစဉ်းစားပါ။ အခုလိုပြန်ပေးတာကိုက သူ့ကိုစာနာစိတ်ကတစ်ပိုင်းပါသလို၊ ကိုယ့်အတ္တကို အရောင်တင်ချင်စိတ်ကလည်း မပါဘူးလို့လည်း မပြောနိုင်ပါ။

ဘာပဲဖြစ်ဖြစ်
ကိုယ်ကတော့ ကိုယ့်သိက္ခာနဲ့၊ လိပ်ပြာကို ပြန်သန့်စင်အောင်လုပ်နိုင်လို့
ရင်ထဲမှာတော်တော် ကျေနပ်သွားတာ သေချာပါရဲ့။
သိန်းထောင်ချီရင်းထားတဲ့ စတိုးဆိုင်ကြီးကနေထွက်လို့ အိမ်ပြန်လာတဲ့ အပြန်ခရီးမှာတော့ ခြစ်ခြစ်တောက်နေတဲ့နေရောင်အောက်မှာတောင်
ရင်ထဲမှာကြည်နူးအေးမြနေပါသေးရဲ့။ ။

Sunday, 3 October 2010

ပင်ပန်းလိုက်တာ . . .

ပင်ပန်းလိုက်တာ...

ညည်းချင်ပေမယ့်လည်း ညည်းလို့လုံးဝမဖြစ်တဲ့ဘ၀ပါ။
ကလေးတွေအားလုံးက ကိုယ့်မျက်နှာ၊ ကိုယ့်အရိပ်အခြေကို ကြည့်နေကြတာဖြစ်လို့ ဘယ်လောက်ပဲပင်ပန်းပင်ပန်း ဟန်ဆောင်နေရတာပါပဲ။ ကိုယ့်ကိုသနားဖို့ထက် ကိုယ်ပင်ပန်းလို့ အလုပ်ထဲမှာ အာရုံစိုက်တာကျသွားတာနဲ့ ကြိုးစားအားကျပြီး လေသွားဖို့က ပိုများပါတယ်။ ဒါကလည်း ကလေးသဘာဝပါ။ ကိုယ်လည်း နားလည်ခွင့်လွှတ်ပေးပါတယ်။

ဒါပေမယ့် ကလေးတွေရဲ့ ဒီသဘာဝကို သိထားတဲ့အတွက် ဘယ်လောက်ပဲပင်ပန်းနွမ်းနယ်နေပါစေ။ ကလေးတွေရှေ့မှာတော့ တစ်ချက်ကလေးတောင် ဟန်မပျက်စေရပါ။ တစ်ခါတစ်ခါများ ညဘက် အိပ်ရေးမပြည့်တဲ့ အခါမျိုးမှာ သင်ပုန်းရှေ့မှာမတ်တပ်ရပ်ပြီး lecture ပေးနေရင်းကနေ မိုက်ခနဲ၊ မူးခနဲ ဖြစ်တတ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကဆရာဖြစ်နေတာကြောင့် ဘာမှမဖြစ်သလို ပြုံးပြုံးလေးနေပြရတာပါပဲ။ ဆရာကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေထဲမှာ ဟန်ဆောင်ကောင်းခြင်းဟာ ထိပ်တန်းကနေပါမယ်ထင်ပါရဲ့။

တစ်ခါတစ်ခါ အသားတစ်ဆတ်ဆတ်တုန်အောင် ဒေါသထွက်နေပေမယ့် မျက်နှာကို ချိုနိုင်သမျှချိုအောင်ထားပြရပါတယ်။ တစ်ခါတစ်ခါ စိတ်ထဲကရယ်ချင်နေပေမယ့် ဒေါသထွက်ချင်ယောင်ဆောင်ပြီး ဆူရ၊ ငေါက်ရပြန်ပါတယ်။ အဲဒီအခါမျိုးမှာများ “ရယ်ချင်ရက်နဲ့ ဇာတ်ကွက်ကိုဆ . . . ငိုလိုက်ရတယ်။ လွမ်းတသက်သက်ငိုချက်လျက်နဲ့ကွယ် . . . ခိုင်းစေချက်ညီမျှရန်ကွယ် . . . ရယ်ရပြန်တယ်” ဆိုတဲ့ ကချေသည်သီချင်းထဲက စာသားကို သွားသွားသတိရမိပါတော့တယ်။ ကလေးတွေရှေ့မှာ ဟန်ဆောင်ရတာများလွန်းလို့ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုတောင် ဒေါသထွက်နေသလား၊ မထွက်ဘူးလားဆိုတာတောင် မခွဲခြားတတ်တော့ပါ။

တစ်နေ့တစ်နေ့ မိုးလင်းကနေမိုးချုပ် ကလေးတွေနဲ့ပဲ နပမ်းလုံးနေရတာများတော့
လောကကြီးကိုတောင် မေ့ချင်ချင်ဖြစ်လာပါပြီ။ ဥပုသ်မစောင့်ဖြစ်တာ တော်တော်ကြာနေပါပြီ။ လူမှုရေးပွဲတွေလည်း ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ကိစ္စတွေလည်း ကိုယ်နဲ့လားလားမှမဆိုင်တော့တာ ဒီနှစ်ဆိုရင် ခုနစ်နှစ်ထဲတောင် ၀င်လို့လာပါပြီ။ အသက်ကလည်း မငယ်တော့သလို ကြီးတော့လည်း မကြီးသေးဘူးတော့ ထင်မိပါတယ်။ Brittny Spears ရဲ့ သီချင်းထဲက Not a girl, not yet a woman ဆိုတဲ့စာသားကို ကိုးကားပြီးပြောရရင်တော့
Not a boy, not yet a man လို့ ပြောလို့ရတဲ့ အရွယ်ရောက်လာပါပြီ။ တစ်ခါတစ်ခါ သူငယ်ချင်းကျောင်းနေဖက်အချင်းချင်းပြန်တွေ့ကြရင် “တို့တွေ ကလေးလား လူကြီးလား”လို့ မေးကြရပါတယ်။

လူကြီးအလုပ်တွေ တာဝန်တွေထမ်းနေကြရပေမယ့်
အတွင်းစိတ်က ထိုက်သင့်သလောက်ရင့်ကျက်ဖို့ အချိန်နည်းနည်းလိုနေတဲ့ အရွယ်ဆိုတော့ တစ်ခါတစ်ခါလည်း စိတ်ထဲမှာတော့ ကလေးဆန်ချင်ဆန်တတ်ပါဦးမယ်။ ဒါပေမယ့် လုပ်ငန်း၊ တာဝန်တွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ကိုယ်တို့အရွယ်တွေဟာ ကလေးစိတ်ကလေးတွေကို ဖုံးထားကြရတာပါပဲ။ အခုလည်းကြည့်လေ ပင်ပန်းလွန်းလို့ ညည်းချင်ပေမယ့် လုပ်ငန်းသဘာဝ၊ ပညာမာန၊ သိက္ခာမာနတွေက အဲဒီလိုညည်းဖို့ ခွင့်မပြုလေတော့ သိသာသိစေ၊ မမြင်စေနဲ့အချိုးမျိုးချိုးထားရပါရောလား။

ဒီလပတ်စာမေးပွဲပြီးရင်တော့ ၇ရက်နေ့တိုင်း ကျောင်းသားတွေကို နားပေးနေကျ ကိုယ့်ထုံးစံအတိုင်း တစ်ရက်လုံးလုံးအနားရပါလိမ့်မယ်။ အဲဒီနေ့မှာ ကျန်တာတွေလုပ်ဖို့ထက် တစ်နေကုန်အားရပါးရအိပ်ပစ်ဖို့ပဲ စိတ်သန်နေပါတော့တယ်။ အိပ်နေတဲ့ အချိန်ဆိုတာ လောကရော၊ သောကရော၊ တာဝန်ကိုပါ မေ့ထားနိုင်တဲ့ အချိန်တွေဖြစ်လို့ အင်မတန်မက်မောစရာကောင်းတဲ့ အချိန်ပိုင်းတွေပါပဲ။ ကိုယ်တိုင်က ညကိုမြတ်နိုးလွန်းတာကြောင့် ညတိုင်းညဥ့်နက်မှ အိပ်ဖြစ်နေတာပါ။ နေ့ဆိုရင် လူတွေကြည့်ရတာ မျက်စိနောက်စရာကောင်းလွန်းတာမို့ နားရက်မှာတော့ လူတွေနဲ့ဝေးအောင် တစ်နေ့ခင်းလုံး အားပါးတရ အိပ်ပစ်လိုက်ပါဦးမယ်။

အခုလောလောဆယ် စာမေးပွဲကာလအတွင်းမှာတော့

ပင်ပန်းလိုက်တာ
လို့

ဘယ်သူမှမသိအောင် ရင်ထဲကနေ အားပါးတရညည်းရင်း အပြင်မှာတော့ လန်းဆန်းတက်ကြွလို့ . . .

ချောကလက်နဲ့လုပ်တဲ့လှေ . . .

ချောကလက်ဆိုတာ
စားစရာကို ခေါ်မှန်းတော့ ငယ်ငယ်ကတည်းက သိခဲ့တာပါ။ အရသာက အီလည်လည်ကြီးဆိုတော့ ခံတွင်းမလိုက်တာနဲ့ တစ်ခါမှမက်မက်စက်စက် မစားခဲ့ဖူးပါ။ အရွယ်လေးရောက်လာလို့ စိတ်ကစားတဲ့အချိန်ရောက်လာတော့ သူများနိုင်ငံကသတ်မှတ်ထားတဲ့
St. Valentine's Day ကို အချောင်မွေးစားထာပြီး အတင်းကာရောမြန်မာမှုပြုလို့ “ချစ်သူများနေ့” ဖြစ်လာတဲ့ ဖေဖော်ဝါရီ ၁၄မှာတော့ ချောကလက်တစ်ဗူးလောက်ဝယ်ပြီး ပေးစရာလိုက်ရှာခဲ့ဖူးပါတယ်။ အူကြောင်ကြား၊ သစ်ငုတ်တိုမို့ ပေးစရာလည်းမရှိ၊ ယူမယ့်သူလည်း မရှိတာကြောင့် နှမြောတာနဲ့ ကိုယ့်ချောကလက်ကို ကိုယ့်ဖာသာ ကြိတ်မှိတ်ပြီးတော့ နှစ်တိုင်းလိုလို စားခဲ့ဖူးပါတယ်။

အခုတော့ ထူးထူးဆန်းဆန်း
ပြင်သစ်ပြည်က ချောကလက်လုပ်သမားတစ်ယောက်က ချောကလက်သက်သက်နဲ့ လုပ်ထားတဲ့လှေကိုအောင်အောင်မြင်မြင် ရေချနိုင်တဲ့သတင်းကို တအံ့တသြ ဖတ်လိုက်ရပါတယ်။
၂၀၁၀ စက်တင်ဘာ ၁၆ရက်နေ့ကပါ။

ပြင်သစ်လူမျိုး
Georges Larnicol ဟာ ပြင်သစ်နိုင်ငံအနောက်ပိုင်းမှာ ချောကလက်ဆိုင်ပေါင်း တစ်ဒါဇင်ပိုင်ဆိုင်တဲ့သူ ဖြစ်ပါတယ်။ သူဟာ ချောကလက်နဲ့ သကြားရောပြီးလုပ်ထားတဲ့ ၃.၅မီတာအရှည် လှေတစ်စီးကို ပရိတ်သတ်ရာပေါင်းများစွာရဲ့ရှေ့မှာပဲ ပြင်သစ်ပြည် Concarneau ဆိပ်ကမ်းမှာအောင်အောင်မြင်မြင် ရေချပြခဲ့တာပါ။

အဲဒီပုဂ္ဂိုလ်ကြီးက သူ့မိတ်ဆွေတွေနဲ့ အလောင်းအစားလုပ်ပြီး ရေချလို့ရတဲ့ ချောကလက်လှေကို လုပ်ပြခဲ့တာပါ။ ဘာပဲပြောပြော သူနိုင်သွားပြီပေါ့။ ဒါပေမယ့် ချောကလက်တွေတော့ အလဟဿဖြစ်ကုန်မယ် ထင်ပါရဲ့။ သူတို့လူမျိုးကလည်း သမိုင်းတွင်မဲ့ကိစ္စမျိုးသာဖြစ်ပါစေ ဘာပဲရင်းရရင်းရလုပ်လေ့ရှိတာမို့ ဒီလောက်ကတော့ အသေးအဖွဲလို့များ တွေးနေမလားပဲ။

ကိုယ်ကတော့ အဲဒီဥာဏ်ကြီးရှင်နဲ့များတွေ့ရင် ပင်လယ်ထဲကိုရွက်လွှင့်လို့ရတဲ့ ချောကလက်လှေတစ်စင်းလောက် ဆောက်ခိုင်းရင် ကောင်းမလားစဉ်းစားတယ်။ ဒါဆို လမ်းမှာဘာရိက္ခာမှ သယ်သွားစရာမလိုတော့ဘူးပေါ့။ စီးလည်းစီး၊ စားလည်းစား။ အဆင်တော်တော်ပြေမယ်။

A French chocolatier launched a 3.5m chocolate and sugar boat in front of a crowd of hundreds of onlookers in the port of Concarneau.

Chocolate creator Georges Larnicol, who owns a dozen shops across western France, won a bet by successfully building a seaworthy boat from chocolate.


ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger