Saturday, 16 October 2010

အနုပညာ . . .

ဒီရက်ပတ်အတွင်း စာကတော့ နေ့တိုင်းရေးဖြစ်နေပါတယ်။
ဒါပေမယ့် ကဗျာတစ်လုံး၊ တစ်ပါဒမှ ခေါင်းထဲကထွက်မလာပါ။ ရင်ထဲက ကဗျာအဆီ ယာယီခမ်းသွားတယ်လို့များ ဆိုရမယ်ထင်ပါရဲ့။ တစ်ခါတစ်ခါလည်း ဖြစ်တတ်ပါတယ်။ တစ်တစ်ခါမှာလည်း သိပ်အားစိုက်စရာမလိုဘဲ ကဗျာတွေလျှံကျလာတာမျိုးကို ခံယူလို့ရခဲ့ဖူးပါတယ်။ ဒါပေမယ့် တစ်သက်မှာ နှစ်ခါ၊ သုံးခါပဲ ရဖူးပါသေးတယ်။ အများအားဖြင့်တော့ ကဗျာတစ်ပိုင်းတစ်စလောက်ပဲ ထွက်ကျလာတာများပါတယ်။

လိုချင်တိုင်းမရတဲ့ သဘောမှာရှိတာကြောင့်
အနုပညာဟာ ကျန်တာတွေထက် ပိုပြီးတန်ဖိုးရှိတာ ဖြစ်ပါလိမ့်မယ်။ ရင်ထဲကနေ ကဗျာတစ်စထွက်လာဖို့ ဘယ်အရာကမှ မစွမ်းပါ။ ဘယ်သူမှလည်း ဖိအားပေးလို့မရနိုင်ပါ။ အနုပညာသည် အနှောင်အဖွဲ့အကင်းဆုံး သုခဘုံဖြစ်ပါတယ်။ ဘယ်သူမှ ဦးစီးချုပ်ကိုင်လို့လည်း မရနိုင်ပါ။ ဘယ်သူမှလည်း မသိမ်းပိုက်နိုင်သလို အတင်းအကြပ်လည်း ဖန်တီးခိုင်းလို့ မရနိုင်ပါ။

ဒါကြောင့် အနုပညာကို ကိုယ်မြတ်နိုးပါတယ်။ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ရေးနေတဲ့အချိန်ဟာ လောကမှာအငြိမ်းချမ်းဆုံး အချိန်တွေဖြစ်ပါတယ်။ လောကကြီးတစ်ခုလုံးမှာ ကိုယ်ရယ်ကဗျာရယ်၊ စာလုံးတွေရယ်ပဲ ရှိနေတဲ့အချိန်တွေလည်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အနုပညာသွေး ရင်ထဲမှာရှိနေတာ ကျေနပ်ပါတယ်။

ဝိညာဉ်နေတဲ့ အရုပ်ကျွန်း . . .

ညနေက
ရှာရှာဖွေဖွေကဏ္ဍမှာရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် တင်လိုက်တာ ဘယ်လိုမှတင်လို့မရဘဲ ပျောက်သွားတယ်။ နှမြောလိုက်တာ။ တကယ့်ဆောင်းပါးရှည်ကြီးကို ပုံတွေဝေေ၀ဆာဆာနဲ့ လုပ်ထားမှ ပျောက်သွားတာဆိုတော့။ အဲဒီဆောင်းပါးဟောင်းကို ပြန်ရေးဖို့တော့ လောလောဆယ် စိတ်ကုန်သွားတယ်။ ဒါကြောင့် စိတ်ဝင်စားစရာကောင်းမယ်ထင်တဲ့ နောက်ထပ်ဆောင်းပါးအသစ်တစ်ခုပဲ ထပ်တင်လိုက်ပါတယ်။

ဒီတစ်ခါတော့ မက္ကဆီကိုနိုင်ငံရဲ့ ထူးဆန်းတဲ့ အရုပ်ကျွန်းအကြောင်း ဖြစ်ပါတယ်။

La Isla De La Muñecas, Mexico.

One of Julian's companions.
မက္ကဆီကိုနိုင်ငံရဲ့ ရှေးကျလှတဲ့
Xochimilco ခရိုင်မှာရှိတဲ့ labyrinthine တောင်ကြားဒေသတစ်ခုလုံးမှာ အထက်ကပုံလို ထူးဆန်းပြီး သဘာဝလွန်တဲ့ အရုပ်တွေနဲ့ ပြည့်လို့နေပါတယ်။ မြို့တော်ကနေ ၁၈မိုင်သာဝေးတဲ့ ဒီအေးချမ်းလှတဲ့ စိုစိုစွတ်စွတ် ကျွန်းတွေကြားမှာ တစ်ကျွန်းလုံး ထောင်ပေါင်းများစွာသော ထူးထူးဆန်းဆန်း အရုပ်တွေပြည့်နေတဲ့ Teshuilo Lake ကျွန်းရှိနေပါတယ်။ များပြားလှတဲ့ အရုပ်တွေဟာ သစ်ပင်တွေထက်မှာ တွဲလျားကျနေကျပြီး အမျိုးမျိုး၊ အဖုံဖုံပျက်စီးနေကြပါပြီ။
A tree-dwelling denizen
ဒီသက်မဲ့အရုပ်တွေရဲ့ ခြေတွေလက်တွေဟာ ညင်ညင်သာသာ တိုက်ခတ်နေတဲ့ လေညင်းနဲ့အတူ ညပိုင်းကို မရောက်မချင်း တိတ်တိတ်ဆိတ်ဆိတ် လှုပ်ရမ်းနေကြလေ့ရှိပါတယ်။ ဒေသခံတွေရဲ့ အဆိုကတော့ ဒီအရုပ်တွေဟာ ညပိုင်းကိုရောက်တဲ့အခါ သေဆုံးသွားကြတဲ့ဝိညာဉ်တွေပူးကပ်ပြီး အနီးအနားကဖြတ်သန်းသွားကြတဲ့သူတွေကို ရေအောက်သင်္ချိုင်းဆီကို ဆွဲဆောင်ခေါ်ယူလေ့ရှိတယ်လို့ ဆိုကြပါတယ်။
Dolls loom from arboreal perches
၁၉၅၀နှောင်းပိုင်းကာလတွေမှာ
Don Julian Santana Barrera ဟာTeshuilo ရေကန်ပေါ်က အမည်မရှိသေးတဲ့ ဒီကျွန်းမှာနေထိုင်ဖို့ လာရောက်ခဲ့ပါတယ်။ အထီးကျန်ဆန်လှတဲ့ ဒီကျွန်းဟာ အများနဲ့ဝေးရာမှာ အထီးကျန်ဆန်ဆန်နေချင်တဲ့ သူ့အတွက်တော့ အသင့်တော်ဆုံးနေရာလို ဖြစ်နေခဲ့ပါတယ်။
A gaudily painted clown
ဒါပေမယ့် မသိခဲ့တာက ဒီကျွန်းမှာ ထိတ်လန့်စရာကောင်းလှတဲ့ နောက်ကြောင်းရာဇ၀င်တွေ ရှိခဲ့တယ်ဆိုတာကိုပါပဲ။ ၁၉၂၀လောက်က မိန်းကလေးသုံးယောက်ဟာ ကျွန်းပေါ်မှာ ကစားနေကြရင်း တစ်ယောက်ဟာ ကျွန်းပေါ်က ကမ်းပါးစောက်တွေနဲ့ ၀န်းရံနေပြီး ညစ်ပတ်လှတဲ့ ရေတွေပြည့်နေတဲ့ တူးမြောင်းထဲကို မတော်တဆချော်ကျပြီး သေဆုံးခဲ့ပါတယ်။ ဒီမိန်းကလေးရဲ့ ၀ိညာဉ်ဟာ အဝေးကို ထွက်မသွားဘဲ ကျွန်းပေါ်မှာပဲ လှည့်လည်သွားလာနေခဲ့ပါတယ်။ ဒီဒေသဟာ မကြာခင်မှာပဲ သတင်းဆိုးတွေနဲ့ ကျော်ကြားလာခဲ့ပြီး သရဲခြောက်တဲ့ ဒီကျွန်းပေါ်ကို ညဘက်မှာ သွားရဲတဲ့သူလည်း တော်တော်ရှားပါးလာပါတယ်။
A disturbingly life-like doll hangs tethered to a tree
Julian တစ်ယောက် ကျွန်းပေါ်ကို ရောက်လာတဲ့ နောက်မှာတော့ မိန်းကလေးရဲ့ဝိညာဉ်အတွက် စကားပြောဖော်တစ်ယောက်ရလာပါတော့တယ်။ သူမကJulian ကို သူမသေဆုံးခဲ့ရတဲ့အကြောင်းကို ပြောပြပြီး သူမကစားဖို့ အရုပ်တွေရှာပေးဖို့ ပူဆာပါတော့တယ်။ ဒါ့အပြင် သမိုင်းမတင်ခင်ကာလတွေတုန်းကတည်းက ဒီဒေသပတ်ဝန်းကျင်မှာ ရှိနေခဲ့ကြတဲ့ ၀ိညာဉ်တွေကို ဒီအရုပ်တွေက စောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်လည်း ပါခဲ့ပါတယ်။ Julian ကလည်း မိန်းကလေးရဲ့ သွေးဆောင်မှုကို အလွယ်တကူပဲ လက်ခံခဲ့ပြီး ကျွန်းတစ်လျှောက်လိုက်လံလို့ ညစ်ပတ်ပေရေနေတဲ့ ကျွန်းပေါ်မြေနိမ့်ပိုင်းဒေသတစ်ဝိုက်က ရေစပ်စပ်မှာတွေ့ရှိရတဲ့ အရုပ်တွေကို လိုက်လံရှာဖွေပါတော့တယ်။
A bedraggled Barbie points the way
နှစ်ပေါင်းများစွာကြာတဲ့အထိTeshuilo Lake ရေကန်ဟာ အမေ့ခံအဖြစ်ရှိနေခဲ့ပြီး Julian တစ်ယောက်လည်း နေသားထိုင်သားကျလာခဲ့ပြီး သူ့အိမ်သူ့ယာအဖြစ်သဘောထားလို့ ကျွန်းပေါ်က အရုပ်တွေကို လိုက်လံစုဆောင်းရင်း နေထိုင်ခဲ့ပါတယ်။ ၁၉၉၀ကို ရောက်တဲ့အခါမှာတော့ Xochimilco ဒေသကို အမျိုးသားအမွေအနှစ်အဖြစ် ကြေငြာခဲ့ပါတယ်။ ဒီတူးမြောင်းကို ရှင်းလင်းဖို့ ပေါင်သန်းပေါင်းများစွာကုန်ကျမယ့် စီမံကိန်းတစ်ခုရေးဆွဲပြီးတဲ့နောက်မှာတော့ ကျွန်းပေါ်ကို တူးမြောင်းရေတွေတစ်ခါပြန်ပြီး ဖြတ်သန်းစီးဆင်းလာနိုင်ခဲ့ပါတယ်။
Another of Julian's companions
ပထမတော့ လူတွေက
Julian ကိုလူထူးဆန်း၊ အရှုပ်ထုပ်ကြီးလို့ သတ်မှတ်ခဲ့ကြပါပြီး အသက်ပြန်သွင်းလို့ရမယ်အထင်နဲ့ အရုပ်အပျက်အစီးတွေကို လိုက်ကောက်နေတဲ့ ခပ်ကြောင်ကြောင်လူကြီးလို့လည်း ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူဟာ အတွေးအခေါ်တွေ ခေတ်ဟောင်းမှာကျန်ခဲ့ပြီး အန္တရာယ်မပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်မှန်း အများက သိလာခဲ့ကြပါတယ်။ ဒီအချိန်မှာတောJulian နေတဲ့ကျွန်းကလေးကို La Isla de las Muñecas လို့အများက ခေါ်ဝေါ်နေကြပါပြီ။ အဓိပ္ပာယ်ကတော့ အရုပ်ကျွန်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဝိညာဉ်မိတ်ဆွေတွေကတော့ ပလတ်စတစ်ရုပ်မိတ်ဆွေကို ကျေနပ်တင်းတိမ်ဟန်မရှိဘဲ ကျွန်းတစ်ခုလုံးမှာလည်း နေရာလပ်တောင် မကျန်တော့လောက်အောင် အရုပ်တွေပြည့်နှက်နေခဲ့ပါတော့တယ်။ Julian ဟာ မိန်းကလေးရဲ့ ၀ိညာဉ်အတွက် သူ့ရဲ့အကောင်းဆုံးလက်ဆောင် အရုပ်တွေကို ချိတ်ဆွဲပေးထားဖို့ တဲတစ်ခုတောင် ထိုးတားခဲ့ပါတယ်။
Inside the shack
၂၀၀၁ခုနှစ်ရဲ့ ဧပြီလ ၂၁ရက်နေ့မှာတော့ Julian နဲ့ သူ့ရဲ့တူဖြစ်သူ Anastasio တို့ဟာ ငါးမျှားနေရင်းကနေ Julian ကတူဖြစ်သူကို တူးမြောင်းထဲက ရေထဲကနေ ထူးဆန်းတဲ့အသံတစ်ခုက သူ့ကိုသူတို့နဲ့ အတူလာနေဖို့ ခေါ်နေကြောင်း ပြောပြပါတော့တယ်။ ဒီအသံတွေကို သူမကြာခဏဆိုသလို ကြားနေရပြီး သူတို့ရဲ့ခေါ်သံတွေနောက်ကို မလိုက်မိဖို့ သူအမြဲခုခံနိုင်ခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။ တူဝရီးနှစ်ယောက်သားဟာ ငါးဆက်မျှားနေခဲ့ကြပြီး Anastasio က လိုအပ်တဲ့ပစ္စည်းတွေယူဖို့ ထစ်ခြားနေရာကို ခဏထွက်သွားခဲ့ပါတယ်။ သူ့ဦးလေးငါးမျှားနေတဲ့ နေရာကို ပြန်လာတဲ့ အချိန်မှာတော့ ဦးလေးဖြစ်သူဟာ ၁၉၂၀က မိန်းကလေး အသက်ဆုံးခဲ့တဲ့ တူးမြောင်းထဲက အနီးမှာ မျက်နှာအပ်လို့ ရေထဲမှာပေါလောမြောနေတာကို တွေ့ခဲ့ရပါတော့တယ်။ အသက်၈၀အရွယ်ရောက်လာပြီဖြစ်တဲ့ အဖိုးအို ဟာ သူ့ကိုခေါ်တဲ့အသံတွေကို တွန်းလှန်နိုင်စွမ်းမရှိတော့တာကြောင့်ပဲလား ကိုယ်တိုင်ကပဲ သူ့မိတ်ဆွေမိန်းကလေးဆီကို အရောက်သွားချင်ခဲ့တာလားဆိုတာကိုတော့ ဘယ်သူမှမသိနိုင်တော့ပါ။
The flora and fauna embrace the new additions to the island
Julian သေဆုံးသွားခဲ့ပေမယ့် ကျွန်းပေါ်က အရုပ်တွေကတော့ လာလည်ကြတဲ့ ခရီးသည်တွေကို အသက်မဲ့တဲ့ မျက်ဝန်းတွေနဲ့ ငေးမောကြည့်နေကြဆဲပါ။ အရုပ်တွေမှာ မျက်စိတွေစုံစုံလင်လင် ပါခဲ့ရင်တောင်မှ ခြေလက်တွေကျိုးနေတာ ပတ်ဝန်းကျင် သဘာဝရာသီဥတုဒဏ်ချက်တွေကြောင့် အရောင်တွေလွင့်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီအရုပ်တွေကို မြင်ရတာနဲ့ သဘာဝမကျမှုကို ခံစားရနိုင်ပြီး သစ်ပင်သစ်ကိုင်းတွေကနေ အထီးကျန်ဆန်ဆန်နဲ့ ဥပေက္ခာပြုခံရတာတွေကို ကြေကွဲရင်း ငေးစိုက်ကြည့်နေသလို ခံစားရမှာမလွဲပါ။ ဘယ်နေရာကိုသွားသွား တစ်ယောက်ယောက်က ကိုယ့်နောက်ကျောကနေ စိုက်ကြည့်နေသလိုခံစားရပြီး နောက်ကျောလည်းလုံနိုင်မှာတော့ မဟုတ်ပါ။
Julian's shack
တောရိုင်းသစ်ပင်တွေ နွယ်ပင်တွေကလည်း ပလတ်စတစ်ရုပ်တွေရှိနေတဲ့ နေရာတွေကို ရစ်ပတ်ဝိုင်းဖွဲ့ပေါက်ရောက်နေကြပြီး တောပင့်ကူတွေကလည်း ဟောက်ပက်ဖြစ်နေတဲ့ အရုပ်တွေရဲ့ မျက်လုံးအိမ်တွေ၊ ပါးစပ်တွေထဲမှာ အိမ်တွေဖွဲ့နေကြပါတယ်။
A cross dedicated to the girl who drowned keeps company with a placard for Don Julian
အရုပ်တွေအားလုံးဟာ ဆိုးဆိုးဝါးဝါး ပျက်စီးနေကြပေမယ့် ညပိုင်းအချိန်တွေရောက်ရင် လှုပ်လှုပ်ရှားရှားရှိလာပြီး သူတို့ရဲ့စကားသံတွေဟာလည်း တိုက်ခတ်နေထဲလေညင်းနဲ့အတူပါလာတတ်တယ်လို့ ဆိုကြပါတယ်။
Anastasio ကတော့ အရုပ်တွေဟာ သူ့အလိုလို ခေါင်းတွေလည်၊ လက်တွေ ခြေထောက်တွေဟာလည်း သဘာဝမကျဘဲ ကွေးကောက်ပြီး လှုပ်ရှားနေကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီပုံပြင်ဇာတ်လမ်းတွေဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဒီအရုပ်တွေရှိတဲ့ La Isla de las Muñecas ဒေသကတော့ ခရီးသည်တွေ၊ ရှုခင်းကောင်းမြတ်နိုးသူတွေရဲ့ လေးနာရီကြာလှည့်လည်ကြည့်ရှုနိုင်တဲ့ ခရီးစဉ်နေရာကောင်းတစ်ခုတော့ ဖြစ်ပါတယ်။ Julian သေဆုံးပြီးချိန်ကစလို့ ဒေသဟာ မက္ကဆီကိုနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ အထူးဆန်းဆုံးနေရာတွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်လို့နေပါတော့တယ်။

ဒီဇာတ်လမ်းထဲက အရုပ်လေးတွေကြည့်လိုက်မိတော့မှပဲ အရုပ်ချစ်တတ်တဲ့ စိတ်ကလေးပါ ပျောက်ချင်ချင်ဖြစ်ရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ဒီကျွန်းကလေးကတော့ တကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့နေရာ ဖြစ်မှာသေချာပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီကျွန်းပေါ်ကို တစ်ခါလောက်တော့ သွားကြည့်ချင်ပါသေးတယ်။ ညပိုင်းတော့လည်း မသွားဘူပေါ့လေ။

Friday, 15 October 2010

စိတ်ပျက်စရာအကောင်းဆုံး ပန်းငါးမျိုး . . .

“ပန်း”လို့ပြောလိုက်ရင်
ရနံ့သင်းပျံ့ပျံ့နဲ့ မျက်စိပသာဒရှိရှိ အရာဝထ္ထုကိုပဲ မျက်စိထဲမှာ သွားမြင်နေကျပါ။ ဒါပေမယ့် ရှာရှာဖွေဖွေလုပ်နိုင်လွန်းတဲ့ ပုဂ္ဂိုလ်များကြောင့် မြင်ဖူးနေကျပန်းနဲ့ အသွင်ရော၊ အနံ့ပါလားလားမှမတူအောင် ခြားနားလွန်းတဲ့ ကမ္ဘာ့စိတ်ပျက်စရာအကောင်းဆုံးပန်းတွေကို အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။


Carrion flowers (မသာပန်းများ)
Rafflesia arnoldii
Carrion ပန်း(မသာပန်း)တွေကတော့ ပန်းလို့အများက သတ်မှတ်လက်ခံထားတဲ့အရာတွေနဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ နှာဝမှာ ချစ်မြတ်နိုးစရာကောင်းတဲ့ သင်းသင်းပျံ့ပျံ့ရနံ့တွေ ထုတ်ပေးမယ့်အစား အန်ချင်စရာကောင်းလောက်အောင် ဆိုးဝါးလွန်းတဲ့ အသားပုပ်နံ့ပုပ်အဲ့အဲ့ကိုသာ ပေးပါတယ်။ ဒီစိတ်ပျက်စရာပန်းပွင့်ဟာ ရနံ့မွှေးတဲ့အခြားပန်းတွေလိုပဲ ၀တ်မှုန်တွေဘာတွေကူးဖို့လည်း လိုပါတယ်။ ဒါပေမယ့် ပန်းရဲ့ဦးခေါင်းပိုင်းမှာ ဇီဝပြောင်းလဲမှုတွေဖြစ်ပြီး အသားစားတဲ့ ယင်ကောင်တွေနဲ့ ပျားတွေကို ဆွဲဆောင်ဖို့ ပုပ်အဲ့အဲ့အနံ့ကိုသာ ထုတ်ပေးပါတယ်။ ဒီအနံ့ဟာ ပန်းပွင့်မှာပါတဲ့ putrecine နဲ့ cadaverine အဆီတွေပြိုကွဲရာကနေ ထွက်လာတာပါ။

အထက်ပါ စိတ်ပျက်စရာကောင်းလှတဲ့ မသာပန်းအုပ်စုဝင် ပန်းငါးမျိုးကို နောက်ပြန်ရေတွက်ထားပါတယ်။ ခံစားကြည့်ပါဦး။


5. Dead Horse Arum Lily
Helicodiceros muscivorus
အထက်မှာပြထားတဲ့ပန်းကတော့ အနံ့ဆိုးလွန်းလှတဲ့ Helicodiceros muscivorus
ပန်းမျိုးဖြစ်ပါတယ်။
carrion ပန်းမျိုးတွေလိုပဲ အခံရဆိုးလွန်းလှတဲ့ အသားပုပ်နံ့ထုတ်ပေးပါတယ်။ ဒါ့အပြင် အခြားဂုဏ်သတ္တိတစ်မျိုးကိုလည်း ပိုင်ဆိုင်ပါသေးတယ်။ ယင်ကောင်တွေ သူ့ရဲ့ဝတ်မှုန်ကိုစိတ်ဝင်စားလာအောင် ဆွဲဆောင်မှုအဖြစ် thermogenesis တွေကိုသုံးပြီး အပူချိန်တိုးမြင့်အောင်လုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

4. Arum dioscoridis

Arum dioscoridis

ဒီ Arum dioscoridis ပန်းကလည်း အခြားပန်းတွေလိုပဲ အသားပုပ်နံ့ထုတ်ပေးပါတယ်။ ပိုဆိုးတာက ပန်းရဲ့အတွင်းသားမှာပါတဲ့ အရောင်ရင့်ရင့်အစက်အပြောက်တွေက ပျက်စီးနေတဲ့ အသားပုပ်နဲ့တူနေခြင်းပါပဲ။ နီနီရဲရဲအရောင်ရှိတဲ့ ဒီအစက်တွေဟာ အသားပုပ်နဲ့တူပြီး ပုပ်သိုးတဲ့အနံ့နဲ့တွဲလို့ သားကောင်တွေကို ဆွဲဆောင်ပါတယ်။


3. The Corpse Flower

Amorphophallus titanum

အထက်မှာပြထားတဲ့ပုံကတော့ မှော်တိုင်းပြည်က လာတယ်လို့တောင် ထင်စရာရှိပါတယ်။ ဒါပေမယ့် ဒီပန်းကတော့ တကယ့်ပန်းအစစ်ပါ။ Titan Arum လို့လည်းခေါ်နိုင်တဲ့ ဒီအလောင်းကောင်ပန်း Amorphophallus titanum ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံးပန်းပွင့်တွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ အထက်ပါပန်းဟာ အမှန်တကယ်ပဲ ပွင့်လည်းပွင့်ပြီး အချိန်တန်ရင် ညှိုးနွမ်းပျက်စီးသလို ရွက်သစ်တွေလည်း ဝေနိုင်ပါတယ်။ မျက်လှည့်ဆန်လှတဲ့ဒီပန်းဟာ ပွင့်ဖို့အတွက် အချိန်၆နှစ်တိတိယူရပြီး ပွင့်တာနဲ့တပြိုင်တည်း ကမ္ဘာကြီးကို အနံ့နဲ့ ဒုက္ခပေးတော့တာပါပဲ။ ဒီပွင့်တဲ့အဆင့်မှာ ပန်းပွင့်ရဲ့ရိုးတံအပူချိန်ဟာ လူ့ခန္ဓာကိုယ်အပူချိန်နဲ့ ထပ်တူနီးပါးရှိပါတယ်။ ဒီပန်းပွင့်တဲ့အချိန်မှာ အနားကိုရောက်သွားတဲ့လူကတော့ အသက်အောင့်ထားရလောက်အောင် အနံ့ဆိုးလှတဲ့ တကယ့်စိတ်ပျက်စရာပန်းဖြစ်ပါတယ်။


2. Dracunculus vulgaris
Dracunculus Vulgaris

The Dragon Arum, the Black Arum နဲ့ Voodoo Lily လို့လူသိများတဲ့ ဒီပန်းဟာ စိတ်ပျက်စရာ အနံ့ကလွဲရင်တော့ အတော့်ကိုလှတဲ့ပန်း ဖြစ်ပါတယ်။ ခမ်းနားလှတဲ့ ပန်းရင့်ရောင်ဒီပန်းဟာ ပန်းရဲ့ဗဟိုကနေထွက်တဲ့ မရမ်းရောင်ဝတ်ဆံတိုင်ရှိပြီး Halloween ပွဲတော်မှာဝတ်တဲ့ ၀တ်စုံနဲ့ ပုံသဏ္ဌာန်ချင်းတော်တော်ဆင်ပါတယ်။ ၀တ်ဆံတိုင်မှာ မရမ်းရောင်နဲ့ အနီရောင်တွေစွန်းထင်နေတာက သွေးစက်တွေပျံ့ကြဲနေတာနဲ့တောင် တူနေပါသေးတယ်။ ပန်းပွင့်ရဲ့ဗဟိုကတော့ ၀တ်မှုန်ကူးဖို့ကူညီပေးမယ့် ယင်ကောင်တွေကို ဆွဲဆောင်ဖို့ အပုပ်နံ့ထုတ်ပေးတဲ့ နေရာဖြစ်ပါတယ်။ ဒီအနံ့ကတော့ လူသေကောင်ပုပ်အနံ့နဲ့တကယ့်ကိုတူပြီး တသက်မေ့လို့ရမှာတောင် မဟုတ်ပါ။


1. Rafflesia
Rafflesia Kerrii
Rafflesia ပန်းကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပန်းဖြစ်ပြီး မျိုးစိတ်ပေါင်း ၂၇ခုရှိတဲ့ ကပ်ပါးပန်းတစ်မျိုးဖြစ်ပါတယ်။ ဒီပန်းဟာ တွားသွားနွယ်ပင်တွေပေါ်မှာ ပေါက်ရောက်လေ့ရှိပြီး အဲဒီအပင်တွေထဲမှာ ရှင်သန်ကြီးထွားပါတယ်။ ဒါကြောင့် ဒီပန်းပင်တစ်ပင်လုံးဟာ ပန်းပွင့်ဖြစ်နေပြီး အမြစ်မရှိတာကိုလည်း တွေ့နိုင်ပါတယ်။ အလောင်းကောင်ပန်းလို့လည်း ခေါ်ကြတဲ့ ဒီပန်းဟာ Titan Arum နဲ့စိတ်ပျက်စရာကောင်းတဲ့ ဂုဏ်သတ္တိချင်းဆင်ပေမယ့် လုံးလုံးလျားလျားတော့လည်း မတူပါ။ ဒါပေမယ့် စားနေတဲ့ထမင်းပွဲကို ပစ်ချပြီးထွက်ပြေးချင်စိတ်ပေါက်လောက်တဲ့ အနံ့ကတော့ စံတင်လောက်ပါတယ်။

မသာပန်းလို့ပဲခေါ်ခေါ်၊ လူသေပုပ်ပန်းလို့ပဲခေါ်ခေါ်၊ အလောင်းကောင်ပန်းလို့ပဲခေါ်ခေါ်
ဒီပန်းတွေဟာ သဘာဝအားဖြင့် အပုပ်အဆွေးတွေကို ကြိုက်တတ်တဲ့ ယင်တွေကိုဆွဲဆောင်ပြီး သူတို့ကိုဝတ်မှုန်ကူးပေးအောင်တော့ ကောင်းကောင်းလှည့်ဖျားနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ညဘက်တွေမှာ အလောင်းကောင်ကထွက်တဲ့ ပုပ်အဲ့အဲ့ အနံ့ဆိုးကြီးတွေနဲ့ အိပ်ရာကနေလန့်မနိုးချင်ရင်တော့ အထက်ကပန်းမျိုးတွေကို ကိုယ့်ပန်းခြံထဲမှာ မစိုက်မိဖို့တော့ အကြံပေးချင်ပါရဲ့။

Tuesday, 12 October 2010

ကမ္ဘာ့သရဲအခြောက်ဆုံး ၁၀နေရာ . . .

ဒီရက်ပတ်အတွင်း
သရဲတွေအကြောင်းနဲ့ သဘာဝလွန်ဖြစ်စဉ်တွေအကြောင်းကို တော်တော်လေး အာရုံကျနေတာကြောင့် လိုင်းပေါ်တက်ပြီး မွှေနှောက်ရှာဖွေမိပါတယ်။ အဲဒီမှာပဲ ကမ္ဘာပေါ်မှာ သရဲအခြောက်ဆုံးနေရာ ၁၀နေရာအကြောင်းစုစည်းတင်ပြထားတာကို တွေ့ရလို့ ဘာသာပြန်ဖြစ်ပါတယ်။

ဖတ်ရတဲ့အခါ သူ့အာဘော်အတိုင်း မူရင်းအရသာမပျက်ရလေအောင် ပြန်ပေးလိုက်ပါတယ်။

အကြောင်းပြချက်မရှိဘဲ ကြက်သီးတွေတဖြန်းဖြန်းထအောင် ဖြစ်စေတဲ့နေရာတစ်ခုကို သင်ရောက်ဖူးပါသလား။ အဲဒီလို အတွင်းစိတ်ကနေ စိမ့်ပြီးကြောက်တာမျိုးကို
Déjà Vu လို့ခေါ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့နေရာတွေကိုသွားရင်တော့ အဲဒီခံစားချက်မျိုးသေချာပေါက်ရမယ်လို့ ဆိုထားပါတယ်။


1. Borley Rectory, England

borley rectory
အပေါ်မှာပြထားတဲ့ အိမ်ကတော့ ခပ်ပေါ့ပေါ့သဘောထားပြီး ၀င်သွားလို့ရမယ့်နေရာမျိုးမဟုတ်ပါ။
Sudbury, UK အနီးမှာရှိတဲ့ Borley ရွာကလေးဟာ ၀ိညာဉ်တွေနဲ့ ပတ်သက်နိုင်တဲ့နေရာဖြစ်ရုံသာမက ထိတ်လန့်ကြောက်ရွံ့စရာကောင်းလှတဲ့ ဒေသတစ်ခုအဖြစ်လည်း ကျော်ကြားပါတယ်။ ဘာကြောင့်လဲဆိုရင် “အင်္ဂလန်နိုင်ငံရဲ့ သရဲအခြောက်ဆုံးနေရာ”အဖြစ် ယူဆလို့ရတဲ့နိုင်တဲ့
Borley Rectory ဘုရားကျောင်း ရှိနေလို့ဖြစ်ပါတယ်။

၁၈၆၃မှာ
Reverend Henry Bull ကတည်ဆောက်ပြီးစီးကဲ့တဲ့ ဒီဘုရားကျောင်းဟာ ရှေးကျတဲ့ ဘုန်းတော်ကြီးကျောင်းဝန်းထဲမှာ တည်ရှိပါတယ်။ 'Nun's Walk' လို့ခေါ်တဲ့ ၀မ်းနည်းပူဆွေးပြီး သနားစရာကောင်းလှတဲ့ သီလရှင်တစ်ပါး သွားလာနေတာကိုလည်း ဒီဘုရားကျောင်းမှာ မကြာခဏ တွေ့ရနိုင်ပါတယ်။ ပုံပြင်ဟောင်းတစ်ပုဒ်အရ ဒီဆရာလေးဟာ Borley Monastery က ဘုန်းတော်ကြီးတစ်ပါးနဲ့ မဖြစ်နိုင်မှန်းသိပါလျက်က ချစ်ကြိုးတွေသွယ်မိခဲ့ကြပါသတဲ့။ သူတို့နှစ်ယောက်ဟာ တိတ်တဆိတ် ခိုးရာလိုက်ကြဖို့ စီစဉ်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ဘဲ အဖမ်းခံခဲ့ကြရပါတယ်။ ဘုန်းတော်ကြီးကတော့ သေဒဏ်ပေးခံခဲ့ရသလို သနားစရာဆရာလေးကတော့ ဘုရားကျောင်းရဲ့ မြေအောက်ခန်းထဲမှာ အရှင်လတ်လတ်လှောင်ပိတ်ပြီး သေတဲ့အထိအပစ်ဒဏ်ပေးခံခဲ့ရပါတယ်။


2. The Stanley Hotel, Colorado
stanley hotel
ကမ္ဘာပေါ်မှာ သရဲပုံပြင်တွေကတော့ မရေမတွက်နိုင်အောင်များလှပါတယ်။ အဲဒီထဲက တစ်ချို့ဇာတ်လမ်းတွေကတော့ ကြောစိမ့်ဖို့အကောင်းဆုံးဖြစ်ပါတယ်။ လျှို့ဝှက်သည်းဖို စာရေးဆရာကြီး Stephen King ရဲ့ဝထ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ The Shining ဇာတ်ကားကို အများစုကတော့ မှတ်မိနိုင်ပါလိမ့်မယ်။ ဒီဇာတ်လမ်းကို အထက်ကဟိုတယ်မှာပဲ ဇာတ်အိမ်တည်ပြီး ရေးခဲ့ခြင်းဖြစ်ပါတယ်။ အခန်းနံပါတ် ၂၁၇မှာ တည်းနေချိန်မှာ ဟိုတယ်လမ်းမတစ်လျှောက် ၀ိညာဉ်ကလေးတွေ ကစားနေတဲ့အသံတွေကြားရတယ်လို့ စာရေးဆရာက ဆိုပါတယ်။ လာတည်းကြတဲ့ ဧည့်သည်အများစုလည်း ထူးခြားဆန်းကြယ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ကြုံခဲ့ကြရပါတယ်။ ဒါပေမယ့် ဒီဟိုတယ်မှာ ရှင်သန်နေကြဆဲဖြစ်တဲ့ ၀ိညာဉ်တွေကတော့ အန္တရာယ်ပေးခြင်းမရှိပါ။ ၀ိညာဉ်ပေါင်းများစွာဟာ ဒီဟိုတယ်မှာ ခိုအောင်းနေကြပြီး ခရီးသည်တွေနဲ့ အလုပ်သမားတွေက အကခန်းမကနေ စန္ဒယားသံတွေကို ကြားကြရသလို တီးသူမရှိဘဲနဲ့ စန္ဒယားခလုတ်တွေလှုပ်ရှားနေတာကိုလည်း တွေ့ကြရပါတယ်။


3. The Tower of London
tower
အောက်မှာပြထားတဲ့ပုံကတော့ လန်ဒန်မျှော်စင်မှာ ခြောက်လှန့်လေ့ရှိတဲ့ အထင်ရှားဆုံး ၀ိညာဉ်
Henry VIII ရဲ့ကြင်ယာတော်တစ်ပါးဖြစ်တဲ့ Lady Jane Grey ရဲ့ပုံ ဖြစ်ပါတယ်။ ဒီမိဖုရားဟာ ၁၅၃၆ခုနှစ်မှာ ဒီမျှော်စင်မှာ ခေါင်းဖြတ်ပြီး ကွပ်မျက်ခံခဲ့ရပါတယ်။ အစိမ်းရောင်မျှော်စင် Tower Green နဲ့တော်ဝင်ဘုရားကျောင်းမျှော်စင် Tower Chapel Royal တို့အတွင်းမှာ ခေါင်းပြတ်ကိုကိုင်ထားတဲ့ သူမရဲ့ဝိညာဉ်ကို မကြာခဏဆိုသလို တွေ့မြင်ရနိုင်ပါတယ်။

lady jane grey

Photo:Portrait of Lady Jane Grey

မျှော်စင်မှာ ခြောက်လှန့်လေ့ရှိကြတဲ့ ထင်ရှားတဲ့ ၀ိညာဉ်တွေကတော့ Henry VI Thomas Becket နဲ့ Sir Walter Raleigh တို့ပဲဖြစ်ပါတယ်။ ကြောက်စရာအကောင်းဆုံး ၀ိညာဉ်ပုံပြင်တစ်ပုဒ်ကတော့ Salisbury မြို့စားကတော် သေဆုံးတဲ့ဖြစ်ရပ် ဖြစ်ပါတယ်။ တစ်ဆင့်ပြောစကားတွေအရ မြို့စားကတော်ဟာ ၁၅၄၁မှာ ရာဇ၀တ်မှုခင်းတစ်ခုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်အပြစ်ပေးခြင်းခံခဲ့ရပါတယ်။ (နောက်ပိုင်းကာလတွေမှာတော့ သူမမှာ အပြစ်မရှိကြောင်းကို လူအများက ယုံကြည်နေကြပါပြီ) ကြိုးစင်ဆီကို ခေါ်အသွားမှာ ရုန်းရင်းကန်ရင်းနဲ့ အတားအဆီးအစောင့်တွေဆီကနေ လွတ်ထွက်သွားခဲ့ပေမယ့် သူမနောက်ကနေထပ်ချပ်မကွာလိုက်တာခံရပြီး သူမရဲ့ခေါင်းကို လက်မရွံ့အာဏာသားရဲ့ ပုဆိန်နဲ့ ပေါက်ခွဲခံလိုက်ရပြီး သေပွဲဝင်ခဲ့ရရှာပါတယ်။ သူမကိုသေဒဏ်ပေးတဲ့ဖြစ်ရပ်ကို အစိမ်းရောင်မျှော်စင်က ၀ိညာဉ်တွေက နောက်ပိုင်းမှာ ပြန်ပြီးသရုပ်ဖော်ပြကြတာကို မြင်ကြရပါတယ်။

4. Woodchester Mansion, England
woodchester
England နိုင်ငံက Gloucestershire မှာရှိတဲ့ Woodchester Mansion ကတော့ ၀ိညာဉ်တွေရဲ့ လှုပ်ရှားမှုတွေတွေ့ရနိုင်တဲ့ နောက်ထပ်နေရာတစ်ခု ဖြစ်ပါတယ်။ ဒီအဆောက်အဦကို အပြီးသတ်အောင်တောင် ဆောက်ထားခြင်းမရှိခဲ့ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀ကျော်က ဒီအဆောက်အဦကိုဆောက်ကြတဲ့ အလုပ်သမားတွေဟာ ဆောက်လက်စအဆောက်အဦကနေ မကြာမကြာထွက်ပြေးခဲ့ကြပါတယ်။ ကောလဟလတွေကတော့ အလုပ်သမား ခုနစ်ယောက်ဟာ အဆောက်အဦထဲမှာပဲ ရှင်းမပြနိုင်တဲ့ ဖြစ်ရပ်တွေကြောင့် သေဆုံးခဲ့ကြတယ်လို့ဆိုပါတယ်။

လက်သမားအိမ်ပြိုကျတဲ့အသံတွေ၊ ဟစ်အော်တဲ့အသံတွေကို မကြာခဏကြားကြရသလို ရောမခေတ်ကစစ်သားတွေနဲ့ အမျိုးသမီးတွေရဲ့ ပုံရိပ်တွေကိုလည်း မကြာခဏဆိုသလို မြင်ရတယ်လို့ သတင်းပို့ကြပါတယ်။ ဒီစံအိမ်မှာ သရဲလိုက်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးလေ့ရှိပါတယ်။


5. The Paris Catacombs
catacombs
ပဲရစ်မြေအောက်ဂူသင်္ချိုင်းဟာ မြေအောက်ဝင်္ကပါဂူလမ်းကြောင်းဖြစ်ရုံသာမက မြို့လမ်းမတွေအောက်က မြေအောက်သိုလှောင်ခန်းတစ်ခန်းလည်းဖြစ်ပါတယ်။ ပါးရှန်းလူမျိုး တွေဟာ သေသူတွေရဲ့ အရိုးတွေကို ဒီဂူသင်္ချိုင်းမှာ နှစ်ပေါင်းသုံးဆယ်လောက်ကြာအောင် မြှုပ်နှံခဲ့ကြပါတယ်။ ဒီဂူသင်္ချိုင်းကို မဖန်တီးခင် ၁၇၀၀အလယ်ပိုင်းနှစ်တွေမှာ မြို့နေလူထုဟာ သူတို့ရဲ့ရုပ်အလောင်းတွေကို ရိုးရိုးသုဿာန်မှာပဲ သင်္ဂြိုလ်ခဲ့ကြပါတယ်။ ဒါပေမယ့် မြို့အရွယ်ကြီးမားဖွံ့ဖြိုးလာတာကြောင့် သုဿာန်အတွက် နေရာမရှိလောက်အောင် ဖြစ်လာခဲ့ပါတော့တယ်။

ဒါကြောင့် ပဲရစ်ကျောက်မိုင်းအောက်နေရာကို သုဿာန်အဖြစ်သုံးကြဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်အရ ၁၇၈၆ကနေ ၁၇၈၈အတွင်းမှာပဲ ပဲရစ်မြို့ပြသုဿာန်က အရိုးတွေကို မြေအောက်ကို ရွှေ့ပြောင်းခဲ့ကြပါတယ်။ ဒီလုပ်ရပ်ဟာ သေသူတွေကို ဂုဏ်ပြုဖို့အမြော်အမြင်ကြီးကြီးနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ အရိုးတွေမရွှေ့ပြောင်းခင်မှာ ဒီမြေအောက်ဥမင်ကို ကောင်းချီးမင်္ဂလာပေးခြင်း အရင်လုပ်ခဲ့တာပါ။ အရိုးတွေကို ဘုန်းတော်ကြီးတွေခြံရံထားတဲ့ လှည်းတန်းတွေနဲ့ တိတ်တိတ်ဆိတ်ဆိတ် စီတန်းလှည့်လည်ပြီးမှ ညပိုင်းအချိန်တွေမှာ ရွှေ့ပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ၁၈၁၄ခုနှစ်ကစလို့ ဒီဥမင်ကို ပဲရစ်သုဿာန်က အရိုးတွေကို စုဆောင်းထိန်းသိမ်းတဲ့နေရာအဖြစ် အသုံးပြုခဲ့တာ အခုအချိန်မှာတော့ အကြမ်းဖျင်းအားဖြင့် ပါးရှန်းလူမျိုးအရိုးပေါင်း ၆သန်း၊ ၇သန်းလောက်ရှိနေခဲ့ပါပြီ။



6. The Skirrid Mountain Inn, Wales
skirrid
အင်္ဂလန်နိုင်ငံရဲ့ လူသိများတဲ့ သရဲအခြောက်ဆုံးနေရာတွေထဲမှာ
Wales ပြည်နယ် Llanfihangel Crucorney မှာရှိတဲ့ Skirrid Mountain Inn လည်း အပါအ၀င်ဖြစ်ပါတယ်။ ရှေးဟောင်းလက်ဆင့်ကမ်းဇာတ်လမ်းတွေအရ ဒီတည်းခိုရိပ်သာသက်တမ်း နှစ်ပေါင်း၉၀၀အတွင်းမှာ လူပေါင်း၁၈၀ကျော်လောက်ဟာ လှေကားပေါ်က မီးပန်းဆိုင်းမှာ ကြိုးဆွဲချပြီးအသတ်ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ အဲဒီလှေကားပေါ်က ကြိုးရာတွေကို ဒီနေ့အထိမြင်ကောင်းမြင်နိုင်ပါသေးတယ်။ ဧည့်ရိပ်သာရဲ့ ပထမထပ်ဟာ အတိတ်ကာလတုန်းက တရားခွင်ရုံးခန်းဖြစ်မယ်လို့ ယူဆရပါတယ်။

ဒီဧည့်ရိပ်သာမှာ ဖန်ခွက်တွေဟာ မကြာခဏဆိုသလို အခန်းကိုဖြတ်ပြီး သူ့အလိုလိုပျံလာလေ့ရှိပါတယ်။ ပြတင်းပေါက်တွေမှာ လူတွေရဲ့မျက်နှာတွေကို မြင်ကြရပြီး ဧည့်သည်တွေဟာ သူတို့လည်ပင်းမှာ ကြိုးကွင်းစွပ်ခံရသလို ခံစားချက်တွေလည်း ရလေ့ရှိပါတယ်။ ဧည့်ရိပ်သာမှာလာတည်းကြတဲ့ ဧည့်သည်တွေဟာ မကြာခဏဆိုသလို ပူလောင်တဲ့ရာသီဖြစ်ပေမယ့် အခန်းထဲမှာ ရေခဲမတတ် အဆမတန်အေးနေတာရယ် တစ်ယောက်ယောက်က ထိုင်ကြည့်နေသလိုခံစားရတာရယ်ကြောင့် ညဘက်မှာလန့်နိုးရကြောင်း ပြောကြပါတယ်။ ဧည့်ရိပ်သာမှာရှိတဲ့ ၀ိညာဉ်တွေအနက်က ၁၇ရာစုက ဘားကောင်တာထိုင်အမျိုးသမီးဖြစ်ခဲ့တဲ့
Fanny Price ဟာ အလှုပ်ရှားဆုံး ၀ိညာဉ်ဖြစ်နေပါတယ်။ တည်းဖူးကြတဲ့ လူတွေကတော့ ဒီဧည့်ရိပ်သာဟာ ကြောက်စရာအကောင်းဆုံးရိပ်သာထဲမှာ ပါတယ်လိုဆိုကြပါတယ်။



7. Rose Hall, Jamaica
rosehall ဂျမေကာနိုင်ငံဟာ ၀ိညာဉ်ဆိုင်ရာအဆောက်အဦတွေနဲ့ ပတ်သက်ပြီး ကျော်ကြားမှုမရှိတဲ့နိုင်ငံလို့ထင်ရင်တော့ မှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် Montego မှာရှိတဲ့ Rose Hall ဟာ သရဲခြောက်တယ်လို့ ထင်ရှားတဲ့နေရာတစ်ခု ဖြစ်နေလို့ပါပဲ။ ဒီအိမ်ဟာ ဗူးဒူးမှော်ဆရာမတစ်ဦးရဲ့ သမီးဖြစ်တဲ့ Annie Palmer ရဲ့ဝိညာဉ်ပျော်စံရာ နေရာတစ်ခုဖြစ်ပါတယ်။ သူမရဲ့သွေးစက်တွေဟာ မကြာခဏဆိုသလို ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေတာကို တွေ့ရနိုင်ပါတယ်။ သူမဟာ လိင်စိတ်လွန်ကဲမှုနဲ့ နှိပ်စက်မှု၊ လူသတ်မှုတွေကို ၁၁နှစ်ကြာအောင်ကျူးလွန်ပြီးချိန်မှာတော့ သူမရဲ့အိပ်ရာထဲမှာပဲ အကြမ်းဖက်ခံရပြီးသေဆုံးခဲ့ပါတယ်။

သူမဟာ ခင်ပွန်းသုံးယောက်ကို သေကြောင်းကြံစဉ်ခဲ့ပြီး သူမရဲ့အပျော်ယောက်ျားကျွန်တွေကိုလည်း အဆိပ်ခတ်၊ လည်ပင်းညှစ်၊ ပညာနဲ့ပြုစားပြီး သတ်ခဲ့ပါတယ်။ အလောင်းတွေကိုတော့ ကျန်တဲ့ကျွန်တွေက ဥမင်လိုဏ်ခေါင်းကနေသယ်သွားပြီး ကမ်းခြေမှာမြှုပ်နှံပေးကြရပါတယ်။ ဒဏ္ဏာရီပုံပြင်တွေကတော့ အိမ်ကြီးအတွင်းမှာ
Annie Palmer ရဲ့ဝိညာဉ်လှည့်ပတ်သွားလာနေတာတွေ့ရတာဟာ အသည်းငယ်ဖို့ကောင်းသလို သူမရဲ့ယာဇ်ပူဇော်ဖို့ နှိပ်စက်ခံ၊ အသတ်ခံကြရတဲ့ ကလေးကျွန်တွေရဲ့ ၀ိညာဉ်တွေကို မြင်ရတာကလည်း ခြောက်ခြားစရာကောင်းလွန်းတယ်လို့ ဆိုပါတယ်။ သတင်းတွေရဲ့အဆိုကတော့ သူမရဲ့ပုရိသသားကောင်ဝိညာဉ်တွေကို အသံကြားရရုံသာမက ရုပ်သံကင်မရာတွေမှာပါ ဖမ်းမိတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ညဘက်မှာ သွားပြီးတည်းဖို့၊ ခိုဖို့ကောင်းမယ့် နေရာတစ်ခုမဟုတ်တာတော့ သေချာပါတယ်။



8. The Bell Farmhouse, Tennessee
bell farm
Bell လယ်တောက ခြောက်တဲ့သရဲကတော့ သဘာဝလွန်ဖြစ်ရပ် လေ့လာလိုက်စားကြတဲ့ အသိုင်းအ၀ိုင်းမှာ သက်ရှိလူသားကိုပါ သေစေတဲ့သရဲအဖြစ်နဲ့ ထင်ရှားလှပါတယ်။ ၁၈၁၇ကနေ ၁၈၂၁အတွင်းမှာ အမျိုးသမီးတစ်ဦးဟာ Bell မိသားစုကို အကြမ်းဖက်နှိပ်စက်ခဲ့ပါတယ်။ သူမကတော့ ဒီဘက်ခေတ်မှာ Bell Witch လို့အမည်ပေးခံရတဲ့ 'Kate' ဖြစ်ပါတယ်။ သူမဟာ လယ်တောပိုင်ရှင် John Bell ကို ဆိုးဆိုးဝါးဝါးနှိပ်စက်ပြီး အသက်ပါသေစေခဲ့ပါတယ်။ သူဟာ အာရုံကြောမူမမှန်တဲ့ ရောဂါကိုခံစားနေရသူဖြစ်ပြီး Kate ရဲ့လှောင်ပြောင်သရော်မှုတွေက ရောဂါပိုတိုးစေခဲ့ပါတယ်။ ဒါ့အပြင် John Bell ရဲ့အလောင်းထားတဲ့နေရာအနီးမှာ အနက်ရောင်ထိုးဆေးပုလင်းတစ်လုံးကိုလည်း တွေ့ခဲ့ကြရပါတယ်။ သဘာဝလွန်သုတေသီတွေက Kate ရဲ့ဝိညာဉ်ကို ခေါ်ယူမေးမြန်းကြတဲ့အခါ သူမက အဲဒီဆေးပုလင်းဟာ John Bell ကိုသူမထိုးပေးတဲ့ဆေးဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီဆေးပုလင်းကပဲ John Bell ကိုအသက်ဆုံးစေခဲ့တယ်လို့ သုတေသီတွေက ယူဆခဲ့ကြပါတယ်။ ဆေးရည်ရဲ့ အာနိသင်တွေကို စမ်းသပ်ကြည့်ဖို့အတွက် ဆေးရည်တစ်စက်ကို အိမ်မွေးကြောင်တစ်ကောင်ရဲ့ လျှာပေါ်ကိုတင်ပေးလိုက်တဲ့အခါ ကြောင်ကလေးဟာ ချက်ချင်းသေသွားတာကို တွေ့ကြရပါတယ်။ ဒီလယ်တောအိမ်ဘေးမှာ လက်ရှိနေကြတဲ့ မိသားစုဝင်တွေကတော့ Kate ဟာ အခုလို ၀ိညာဉ်ဘ၀မှာလည်း စိတ်သဘောကောင်းဦးမှာ မဟုတ်ဘူးလို့ ယူဆကြပါတယ်။



9. Edinburgh Castle
edinburghA
Edinburgh Castle ဟာ Scotland နိုင်ငံမှာ သရဲအခြောက်ဆုံး နေရာထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ Edinburgh ရဲတိုက်ဟာ ဥရောပမှာ သရဲအခြောက်ဆုံးနေရာလို့်လည်း ယူဆကြပါတယ်။ ဧည့်သည်တွေကတော့ ရဲတိုက်မှာ မကောင်းဆိုးဝါးပုလွေသမားတွေ၊ ခေါင်းပြတ် ဗုံတီးသမားတွေ၊ ခုနစ်နှစ်စစ်ပွဲက ပြင်သစ်အကျဉ်းသားတွေရဲ့ ၀ိညာဉ်တွေ၊ အမေရိကန်ပြည်တွင်းစစ်က ကိုလိုနီအကျဉ်းသားတွေတင်သာမက ခွေးသင်္ချိုင်းက ခွေးသရဲတွေပါ လှည့်လည်သွားလာနေတာကျု တွေ့ကြရတယ်လို့ ပြောကြပါတယ်။

edinburghB
အထက်ကပုံကတော့ သက်တမ်း၉၀၀ကျော်ရှိတဲ့ သမိုင်းဝင်ခံတပ်ပုံဖြစ်ပါတယ်။ ခံတပ်ရဲ့ ရှေးဟောင်းမျှော်စင်က အခန်းငယ်တွေထဲမှာ မရေမတွက်နိုင်တဲ့ အလောင်းတွေရှိနေပြီး လှုပ်လှုပ်ရှားရှားရှိလှတဲ့ ၀ိညာဉ်တွေရဲ့ ထာဝရနေရာအဖြစ် ကျော်ကြားပါတယ်။



10. Bhangarh Town and Fort, India
bhangarh
အိန္ဒိယနိုင်ငံသားတွေဟာ သရဲတွေ၊ ၀ိညာဉ်တွေအကြောင်းကို တော်တော်လေးသိကြနားလည်ကြပါတယ်။ ဒေသခံတွေက
Bhangarh ခံတပ်၊ ခံတပ်ပတ်ဝန်းကျင်နေရာတွေ၊ ကျယ်ပြန့်တဲ့ သူရဲခိုနေရာတွေဟာ ထူးဆန်းအံ့သြစရာကောင်းတဲ့ ဇာတ်လမ်းတွေနဲ့ အတူမြို့နဲ့ ခံတပ်ရဲ့ စိတ်ဝင်စားစရာကောင်းမှုကို အားဖြည့်ပေးနေတယ်လို့ ယုံကြည်ကြပါတယ်။ တာဝန်ရှိသူတွေကတော့ ခရီးသည်တွေကို မြို့ပျက်နဲ့ ခံတပ်နေရာတွေကို နေ၀င်ပြီးရင် မသွားကြဖို့ သတိပေးထားပါတယ်။ မင်းသမီးတစ်ပါးရဲ့ နှင်ထုတ်ခြင်းကို ခံခဲ့ရတဲ့ ပညာသည်ဆိုးတစ်ယောက်က မြို့ကို ကျိန်စာတိုက်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီ၁၇ရာစု မြို့တော်ဟောင်းဟာ မကြာခင်မှာပဲ စစ်တပ်တစ်ခုရဲ့ ချီတက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ဘုရားကျောင်းတစ်ခုသာ အဖျက်ဆီးမခံရပဲ ကျန်ခဲ့တဲ့နောက်မှာတော့ မြို့ကိုလူတွေစွန့်သွားကြပါတော့တယ်။ ခရီးသည်တွေပြောစကားအရ ငှက်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေဟာ ညအချိန်မှာ ပညာသည်ကျိန်စာတိုက်ခဲ့သလို မြို့ထဲကို တိတ်တဆိတ်နဲ့ ရောက်လာလေ့ရှိပါသတဲ့။ ဘယ်သူမှလည်း ဒီနေရာမှာ ညမအိပ်ရဲကြပါဘူးတဲ့။

သရဲရှိတယ်ဆိုတဲ့ အတွေးအခေါ်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ
အထက်မှာဖော်ပြခဲ့တဲ့ နေရာတွေကတော့
ရောက်တာနဲ့ ချက်ချင်း လှည့်ပြန်ချင်စိတ်ပေါ်လာစေတယ်ဆိုတာတော့ ငြင်းဖို့ခက်ခဲပါလိမ့်မယ်။
အတွေးတွေလွန်ကဲလို့ပဲလား ကယောင်ကတန်းပြောကြတဲ့ သတိပေးချက်တွေပဲလား ဆိုတာတော့ ကိုယ်တိုင်ပဲသွားကြည့်ပြီး ဆုံးဖြတ်စေချင်ပါရဲ့။ ။


Monday, 11 October 2010

သရဲအခြောက်ဆုံး ဟိုတယ် . . .

The Stanley Hotel
The Stanley Hotel, Estes Park, Colorado

အထက်မှာပြထားတဲ့ ပုံကတော့
ကမ္ဘာ့သရဲအခြောက်ဆုံး
Stanleyဟိုတယ်ဖြစ်ပါတယ်။ အဲဒီဟိုတယ်ကို ၁၉၀၉မှာ စတန်လေရေနွေးငွေ့သုံးမော်တော်ကားကို တီထွင်ခဲ့တဲ့ Freelan Oscar Stanley ကတည်ဆောက်ခဲ့တာပါ။ တည်းခိုစရာအခန်းပေါင်း ၁၃၉ခန်းပါပြီး Colorado Rockies မှာတည်ရှိတဲ့ ဒီဟိုတယ်ဟာ ထိတ်လန့်သည်းဖိုစာရေးဆရာကြီး Stephen King ကိုယ်တိုင် အခန်းနံပါတ် ၂၁၇မှာတည်းပြီး ဇာတ်အိမ်တည်သွားခဲ့တဲ့ The Shining ၀ထ္ထုကို အာရုံဝင်စားနိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒါပေမယ့် Stephen King ဟာ ဒီဝထ္ထုကို ဟိုတယ်မှာတည်းရင်း ရေးသွားခဲ့တာတော့ မဟုတ်ပါ။ သူလည်း ကြာကြာမနေရဲဘူးထင်ပါရဲ့။ ဒါ့အပြင် ဒါရိုက်တာကြီး Stanley Kubrick ကလည်း ၁၉၈၀မှာThe Shining ဇာတ်ကားကို ဒီဟိုတယ်မှာပဲ ရိုက်သွားခဲ့ပါတယ်။

ခန့်ညားလှတဲ့ ဒီဟိုတယ်ဟာ
ဒီနေ့မှာတော့ သရဲမုဆိုးတွေ သဘောတွေ့ကြတဲ့ အပန်းဖြေရိပ်သာတစ်ခု ဖြစ်လို့နေပါပြီ။ ဒါ့အပြင် ဧည့်သည်တွေအတွက် သရဲလေ့လာရေးခရီးစဉ် ghost tour တွေကိုလည်း စီစဉ်ပေးထားပါသေးတယ်။

The Stanley Hotel မှာ ဖြစ်ပွားခဲ့တဲ့ ၀ိညာဉ်ဆိုင်ရာ ထူးခြားဖြစ်စဉ်တွေကတော့

အနောက်တိုင်း ၀တ်စုံပြည့်ဝတ်ထားကြတဲ့
Freelan Stanley နဲ့ဇနီးဖြစ်သူ Flora တို့ရဲ့ဝိညာဉ်တွေကို ပင်မလှေကားကြီးနဲ့ အ၀တ်လဲခန်း၊ ဘိလိယက်ခန်းစတဲ့ အများနဲ့ဆိုင်တဲ့ နေရာတွေမှာ မကြာခဏတွေ့ရလေ့ရှိပါတယ်။

http://0.tqn.com/d/paranormal/1/0/8/m/1/stanley-hotel-spirit.jpg

ဟိုတယ်က စာအုပ်တွေကို လေ့လာစောုင့်ကြည့်နေပုံရတဲ့ Freelan Stanley ရဲ့ဝိညာဉ်ကို
စီမံဌာနရုံးခန်းမှာ တွေ့ခဲ့ရပါတယ်။
ဇနီးသည်ဖြစ်သူ
Flora ရဲ့စန္ဒယားတီးသံတွေကိုတော့ အကခန်းမဘက်ကနေ ပဲ့တင်ထပ်လာတာကို ရံဖန်ရံခါဆိုသလို ကြားရလေ့ရှိပါတယ်။

ဝိုးတ၀ါးညည်းညူသံတွေနဲ့ မကောင်းဆိုးဝါးတွေရဲ့ ခြေရာတွေကို ဧည့်ဆောင်လမ်းမတစ်လျှောက်နဲ့ တချို့အခန်းတွေမှာ မြင်ရကြားရပါတယ်။

ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေဟာ သူတို့ရဲ့ဝတ်စုံတွေကို မမြင်ရတဲ့လက်တွေက တို့ထိတာကို ခံရတယ်လို့ သတင်းပို့ကြလေ့ရှိပါတယ်။

တစ်ယောက်မကတဲ့ဧည့်သည်တွေက ညဘက်တွေမှာ သူတို့ရဲ့စောင်ဟာ ကိုယ်ပေါ်မှာမရှိတော့တာကြောင့် လန့်နိုးကြရပြီး အဲဒီစောင်ကို အခြားနေရာမှာ သပ်သပ်ရပ်ရပ်ခေါက်ပြီးသားဖြစ်နေတာကို တွေ့ရကြောင်း တိုင်ကြားခဲ့ကြပါတယ်။

ဟိုတယ်နဲ့ကပ်နေတဲ့ ခြံဝန်းကိုပိုင်ဆိုင်တဲ့
The Earl of Dunraven က အခန်းနံပါတ် ၄၀၇မှာ လာတဲ့လူတိုင်းကို ခြောက်လှန့်လေ့ရှိပြီး သူသောက်လေ့ရှိတဲ့ ချယ်ရီသားဆေးတံကထွက်တဲ့ ဆေးနံ့တွေ ရလေ့ရှိပါတယ်။ အခန်းမှာလူမရှိပေမယ့် ၀ိညာဉ်မျက်နှာတစ်ခုဟာ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်နေတာကိုလည်း မကြာမကြာတွေ့ရနိုင်ပါသေးတယ်။

Stephen King နေသွားခဲ့တဲ့ အခန်းနံပါတ် ၂၁၇မှာ ၁၉၁၁ခုနှစ်က ထူးဆန်းတဲ့မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အခန်းအကူ Elizabeth Wilson ဟာ အဲဒီအခန်းမှာ ဓာတ်ငွေ့စိမ့်ယိုပေါက်ကွဲမှုတစ်ခုနဲ့ ကြုံခဲ့ရပြီး ကံကောင်းလို့ သေကံမရောက်၊ သက်မပျောက်ခဲ့တာပါ။ ၁၉၅၀ တ၀ိုက်မှာ သူမသေဆုံးချိန်မှာတော့ အဲဒီအခန်းက တံခါးတွေဟာ သူ့အလိုလို ပိတ်လိုက်ဖွင့်လိုက်လုပ်နေတာ၊ အခန်းမီးတွေ အလိုလို ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေတာစတဲ့ ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပါတယ်။

အခန်းနံပါတ် ၄၁၈ကတော့ သရဲအခြောက်ဆုံးအခန်း ဖြစ်ပါတယ်။ ဟိုတယ်ဝန်ထမ်းတွေရဲ့ အဆိုအရတော့ ကလေးဝိညာဉ်တွေလို့ သိရပါတယ်။ အဲဒီအခန်းမှာ တည်းသွားကြတဲ့ ဧည့်သည်တွေကတော့ ၀ိညာဉ်ကလေးတွေဟာ အခန်းရှေ့လမ်းတစ်လျှောက် တစ်ညလုံး ကစားနေကြတာ ကြားရတယ်လို့ ဆိုကြပါတယ်။ စုံတွဲတစ်တွဲကတော့ အဲဒီအချိန်က ဟိုတယ်မှာကလေးတစ်ယောက်မှ မရှိပေမယ့် ဆူညံနေတဲ့ ကလေးသံတွေကြောင့် ညတိုင်းမှာ ညလုံးပေါက်အိပ်လို့မရခဲ့ကြောင်းပြောခဲ့ပါတယ်။ အခန်းမှာတည်းတဲ့လူ မရှိတာတောင် အိပ်ရာတွေပေါ်မှာ လူအိပ်ထားတဲ့ခြေရာလက်ရာ၊ ဖိနှိပ်ရာတွေ တွေ့ရလေ့ရှိပါတယ်။

Stanley Hotel child ghost

Stanley Hotel child ghost

Photo: George Cassella

ဒုတိယထပ်မှာတော့
ကလေးထိမ်းနာနီကို အော်ခေါ်နေတဲ့ ကလေးငယ်ဝိညာဉ်တစ်ယောက်ရဲ့ အသံကို မကြာမကြာ ကြားနိုင်ပါတယ်။ အဲဒီအသံကို ကြားသွားရသူထဲမှာ စာရေးဆရာကြီး
Stephen King ကိုယ်တိုင်ပါပါတယ်။

ကိုယ်ကတော့ ဘယ်လောက်ပဲ သတ္တိကောင်းတယ်လို့ ကိုယ့်ကိုယ်ကိုထင်ထင် အဲဒီဟိုတယ်မှာတော့ မတည်းရေးချမတည်းပါ။ တကယ်လို့များ စကောလောက်ရှိတဲ့ မျက်နှာကြီးနဲ့ ကိုယ့်မျက်နှာနားကပ်ပြီး ပြုံးပြလိုက်ရင်တော့ နှာနှပ်ယူရမယ် ထင်ပါရဲ့။


Brief history: Completed in 1909 by Freelan Oscar Stanley (inventor of the Stanley Steamer automobile), this 138-guest room hotel in the Colorado Rockies is probably best known as the inspiration for Stephen King's book The Shining, which he wrote after staying at The Stanley, in room 217. King did not write the novel there, nor was the 1980 Stanley Kubrick movie filmed there, but the TV movie version of The Shining was used as the location. Today, the elegant hotel is a popular resort and destination for ghost hunters; a ghost tour is even offered to visitors.

Ghosts: Several apparitions and other phenomena have been reported throughout the hotel:

  • The ghosts of Freelan Stanley and his wife Flora have been seen dressed in formal attire on the main staircase and in other public areas, such as the lobby and the billiard room.
  • Mr. Stanley has also been spotted in the administration offices, perhaps to keep an eye on the hotel's books. The Flora's piano playing occasionally echos in the ballroom.
  • Disembodied voices and phantom footsteps have been heard in the hallways and rooms.
  • Staff and visitors have reported unseen hands yanking at their clothing.
  • More than one guest has said they have awakened to find their blankets taken from their beds and neatly folded.
  • The Earl of Dunraven, who owned the land prior to the Stanleys, is said to haunt room 407, where the aroma of his cherry pipe tobacco still can be smelled. A ghostly face has also been reported peering out of the room's window when it was not occupied.
  • Room 217, where Stephen King stayed, was the site of a tragic accident in 1911: housekeeper Elizabeth Wilson was nearly killed by a gas leak explosion. Since her death in the 1950s, strange, unexplained activity is said to take place in that room, including doors opening and closing, and lights switching on and off by themselves.
  • Room 418 is the most haunted room, according to hotel staff, apparently by the ghosts of children. Guests who stay there say phantom children can be heard playing in the hallways at night. One couple complained that the noisy children kept them up all night, although there were no children staying at the hotel at the time. Impressions of bodies have been found on the bed when the room as been unoccupied.
  • The ghost of a small child who calls out to his nanny has been spotted on several occasions on the second floor -- including by Stephen King.

ဝီရိယပြည့် မနက်ဖြန် . . .

ဝီရိယနည်းလိုက်တာ...

ကိုယ့်ကိုယ်ကို မညှာမတာပြောလိုက်မိပါတယ်။
တကယ်ပါ။ ကိုယ့်မှာရှိတဲ့ အဆိုးဆုံးအားနည်းချက်က ၀ီရိယ နည်းခြင်းပါပဲ။ လူတစ်ယောက်အောင်မြင်ဖို့ ကံ၊ ဥာဏ်၊ ၀ီရိယ သုံးပါးလိုအပ်မှန်း ခပ်ငယ်ငယ်ကတည်းက သိပြီးသားဖြစ်ပေမယ့် အဲဒီအားနည်းလွန်းတဲ့ ၀ီရိယကို ဒီအရွယ်ရောက်တဲ့အထိ လုံလောက်အောင် မဖြည့်နိုင်တာက ကိုယ့်အပြစ်ပါ။

ပိုဆိုးတာက ကိုယ့်အကျင့်က ညကိုမြတ်နိုးလွန်းခြင်းပါ။ တိတ်ဆိတ်၊ ငြိမ်သက်လို့ မျက်စိရောနားပါ အေးချမ်းလှတဲ့ ညပိုင်းအချိန်တွေကို အိပ်ပစ်ရမှာ အတော်ကြီးကို နှမြောပါရဲ့။ ညဘက်တွေမှာ အစောဆုံးအိပ်ဖြစ်တဲ့ရက်ဆိုရင် ၁၂နာရီပါ။ များသောအားဖြင့်တော့ ၁နာရီနောက်ပိုင်းမှပဲ အိပ်ဖြစ်ပါတယ်။ တစ်ချို့ရက်တွေမှာဆိုရင် မနက်လင်းအားကြီး ၃နာရီလောက်မှပဲ အိပ်ဖြစ်တတ်ပါသေးတယ်။ အဲဒီလောက်ညဥ့်နက်အောင်နေတဲ့ အကျိုးကတော့ မနက်ဘက်မှာ အိပ်ရာထနောက်ကျလေ့ရှိခြင်းပါ။

မနက်ဆိုရင် ၆နာရီအမီ မနည်းကုန်းရုန်းထယူရလေ့ရှိပါတယ်။
အခြေခံပညာကျောင်းသားဘ၀ကရော၊ တက္ကသိုလ်ကျောင်းသားဘ၀တုန်းကပါ မနက် ၅နာရီမှာ အိပ်ရာထတဲ့ရက် မရှိသလောက်ရှားပါတယ်။ ခရီးသွားစရာရှိလို့ စောစောထရမယ်ဆိုရင်တော့ တစ်ညလုံးမအိပ်ဘဲနေလိုက်တာက ပိုသေချာပါတယ်။ မနက်လင်းအားကြီးပိုင်းမှာကန်တဲ့ ဘောလုံးပွဲတွေကြည့်ချင်ရင်လည်း နှိုးစက်ချပြီးအိပ်ရာကထတာထက် မအိပ်ဘဲထိုင်စောင့်မှ အဆင်ပြေပါတယ်။ မအိပ်ဘဲနေလို့ရပေမယ့် အိပ်လိုက်မိရင်တော့ အထခက်လွန်းတာကြောင့်ပါ။ ကျောင်းသားဘ၀က ကိုယ်က family အတွင်းရေးမှူးဖြစ်တာကြောင့် ပျော်ပွဲစားခရီးတွေ စီစဉ်ရလေ့ရှိပါတယ်။ အဲဒီလိုအခါမျိုးဆိုရင်တော့ ညလုံးပေါက်မအိပ်ဘဲနေရတဲ့အပြင် နောက်ရက်တစ်ရက်လုံးလည်း တစ်မှေးမှမှေးခွင့်မရဘဲ ခရီးစဉ်စီစဉ်ရပေမယ့် အိပ်ငိုက်ခြင်းပြုခြင်းတော့ တစ်ခါမှမရှိခဲ့ဖူးပါ။ ဒါပေမယ့် အိပ်ရာထဲဝင်လိုက်မိရင်တော့ နှစ်ရက်လောက်တောင်ဆက်တိုက်အိပ်ယူရလေ့ရှိပါတယ်။

တကယ်ဆို မနက်အိပ်ရာထပျင်းရခြင်းဟာ ကိုယ့်ငယ်ငယ်က ဘ၀နေမှုပုံစံနဲ့ အများကြီးဆိုင်မယ်ထင်ပါရဲ့။ ကိုယ့်မိဘနှစ်ယောက်လုံးက ၀န်ထမ်းတွေဖြစ်တာကြောင့် မနက်ဆိုရင် ၇နာရီကျော်မှ အိပ်ရာတလေ့ရှိတာပါ။ ဈေးသူ၊ ဈေးသားတွေကတော့ မနက်၎နာရီထိုးရင် အိပ်ရာထကြရတာကြောင့် သားသမီးတွေပါ စောစာထရင်း အကျင့်ရကုန်တယ်ထင်ပါရဲ့။ ကိုယ့်မှာတော့ ငယ်ဘ၀တစ်လျှောက်လုံး ကျင့်ခဲ့တဲ့ ဒီအကျင့်ဆိုးကြောင့် တော်တော်လေးကို ပြဿနာဖြစ်ရပါရဲ့။ ကိုယ်ပိုင်လုပ်ငန်းခွင်ထဲရောက်တော့ မနက်စောစောထရပါရောလား။ အဲဒီမှာတင် မကြာခဏဆိုသလို အိပ်ရာထနောက်ကျတဲ့ ဆိုးကျိုးကြီးကို ခံရပါရဲ့။ ညဘက်အအိပ်အနေနဲတဲ့အပြင် မနက်စောစောထတဲ့ အကျင့်ကလည်း ကောင်းကောင်းမရှိတာကြောင့် ကိုယ့်ကိုယ်ကို စိတ်ညစ်ရပေါင်းလည်း မနည်းတော့ပါ။

နှိုးစက်ချပြီးအိပ်ပြန်တော့လည်း နှိုးစက်ကိုပိတ်ပြီး ပြန်အိပ်မိတတ်ပါသေးတယ်။
တစ်ခါတစ်ခါ မနက်မိုးလင်းရင် ကိုယ်ပိတ်ခဲ့တဲ့ နှိုးစက်ကိုပြန်ကြည့်ရင်း ဘယ်သူများပိတ်သွားပါသလဲဆိုတာတောင် ပြန်စဉ်းစားယူရပါသေးရဲ့။ နှိုးစက်မြည်ရင် ထပိတ်ရမယ်ဆိုတာကို စိတ်ရောခန္ဓာကိုယ်ကပါ အလိုအလျောက်လုပ်တဲ့အထိ ၀ီရိယကောင်းလွန်းပါတယ်။ ပြီးရင်တော့ ခပ်တည်တည်နဲ့ ပြန်အိပ်ပါလေရော။ အဆိုးတကာ့ အဆိုးဆုံးကတော့ ကိုယ်အိပ်တာကို သူများလာနှိုးရင် စိတ်တိုတတ်ခြင်းပါ။ ပြောမပြတတ်အောင် စိတ်တိုလေ့ရှိတာကြောင့် ကိုယ်အိပ်နေရင် မနှိုးရဲကြတာ များပါတယ်။ တော်တော့်ကို အားကျစရာကောင်းတဲ့ ဂုဏ်အပုတ်တွေပဲလို့ ကိုယ့်ကိုယ်ကို အမွှမ်းတင်လိုက်ချင်ပါသေးရဲ့။

ဒီမနက်လည်း ၇နာရီထိုးကာနီးမှ အိပ်ရာကနိုးလာတာကြောင့် သင်တန်းချိန်တစ်ချိန်လွတ်ရပါတော့တယ်။ စိတ်တိုလိုက်တာ မပြောပါနဲ့တော့။ ခက်တာက စိတ်တိုရမှာက ကိုယ့်ကိုယ်ကိုဖြစ်နေတာကြောင့် ဆူလို့၊ ငေါက်လို့ မရတဲ့သူဖြစ်နေလေရဲ့။ စိတ်ပျက်လက်ပျက်နဲ့ ဆိုင်တစ်ဆိုင်ဝင်လို့ မနက်စာစားရင်း ဒီpostကို ရေးမိပါတယ်။ ကိုယ့်ဝီရိယကို ဂုဏ်ယူလို့ မရှက်တမ်းကြွားခြင်းလို့လည်း ယူဆချင်ယူဆလို့ ရနိုင်ကောင်းပါတယ်။

ဒါပေမယ့် နောက်တစ်ခါ ဒီpostမျိုးထပ်တင်စရာမလိုအောင် ကိုယ်ကျိုးစားပါတော့မယ်။ ညဘက်သန်းခေါင်ကျော်ထိမနေတော့ဘဲ မနက်ပိုင်းကို ၅နာရီကျော်ကျော်လောက်မှာ ထနိုင်အောင် ပြင်းပြင်းထန်ထန်(ကိုယ့်အတွက်တော့ တော်တော်ကြီးကို ပြင်းထန်ပါတယ်) လေ့ကျင့်ရပါလိမ့်မယ်။
လူဆိုတာ ကိုယ့်အားနည်းချက်ကိုသိရင် ပြင်မှပဲတိုးတက်မယ် မဟုတ်ပါလား။
သိလျက်နဲ့ ပေတေပြီး လူမိုက်လုပ်နေခဲ့တာတွေကို ဒီနေ့နောက်ဆုံး ပြည်ဖုံးကားချလို့
ဝီရိယအပြည့်နဲ့နိုးထလာမယ့် နေ့သစ်မနက်ဖြန်ကို စောင့်ရင်း...

ရှောင်တခင် ခရီးစဉ် . . .

ကိုယ်က ခရီးသွားပျင်းသူဖြစ်တာမို့ တစ်နှစ်လုံးနေမှ တစ်ခါတောင် ခရီးထွက်ခဲပါတယ်။
သဘာဝအလှတွေကို မြတ်နိုးပေမယ့် ရလာမယ့် အာဝေနိကဒုက္ခတွေနဲ့ မကာမိတာကြောင့်လည်း ပါပါတယ်။ ဒီနှစ်တော့ ကြားဖြတ်ခရီးတိုလေးတစ်ခု အမှတ်မထင် သွားဖြစ်ခဲ့ပါတယ်။











အလင်းရောင်လေးမပြူ့တပြူ...
 
လွန်ခဲ့တဲ့ လထဲက သွားခဲ့တဲ့ အဲဒီခရီးစဉ်က ဓာတ်ပုံလေးတွေ ပြန်တင်ဖြစ်တယ်။
ကင်မရာပါမသွားတာကြောင့် ပုံကောင်းကောင်းတော့ တစ်ပုံမှမရခဲ့ပါ။ ရှိစုမဲ့စုလေးနဲ့ ကင်မရာလေးတစ်လုံးဝယ်ထားပေမယ့် Memory card ကြောင်နေလို့ ပုံဖြစ်ရင်ပြီးရောရိုက်ထားတဲ့ ပုံလေးတွေပဲ ရခဲ့ပါတယ်။ လမ်းကြောတစ်လျှောက်မှာ မြူခိုးတွေဆိုင်းနေတာကို သဘောကျတာကြောင့် ရိုက်ဖြစ်တဲ့ပုံတွေပါ။ ကိုယ်က ရေငန်သောက်၊ မြက်ခြောက်စားပြီးကြီးခဲ့တဲ့ အညာသားပီပီ မြူခိုးတွေဝေနေတာကို တစ်ခါမှ ကောင်းကောင်းမမြင်ဖူးတာကြောင့် ၀မ်းသာအားရ ရိုက်ယူဖြစ်တာလည်းပါပါတယ်။











မြူခိုးတွေမစင့်တစင်အချိန်ရောက်ပြီ...


ငယ်ငယ်ကဖတ်ဖူးတဲ့ “မြူနှင်းတို့ထာဝရဝေ”ဆိုတဲ့ ၀တ္ထုခေါင်းစဉ်လေးတောင် သွားသတိရလိုက်မိပါသေးတယ်။ ခရီးတစ်ခါတစ်ခါသွားဖို့ တော်တော်လေးအားယူရတဲ့သူမို့ သွားမိသမျှခရီးလေးကို အမှတ်တရဖြစ်အောင် ရိုက်ဖြစ်တာလည်းပါပါတယ်။ ကိုယ့်ရုပ်ကတော့ ရွက်ကြမ်းရေကြိုအဆင့်ဝင်ရုံသာသာမို့ ကိုယ့်ပုံကြီးပါပါအောင်တော့ မရိုက်ဖြစ်တော့ပါ။ တော်ကြာလှနေတဲ့ သဘာဝတရားလေးပါ အလှပျက်သွားမှာ စိုးရိမ်မိတာကြောင့်လည်း တစ်ပိုင်းပါပါရဲ့။

ပုံတွေမလှပေမယ့် အဲဒီမလှတာလေးတွေကိုက ကဗျာဆန်တယ်လို့ ကဗျာဆရာပီပီတွေးလိုက်မိလို့ အမှတ်တရဖြစ်အောင် တင်လိုက်မိပါတယ်။ ဒါကြောင့်လည်း မလှလည်းလှတယ်လို့ နွားပိန်အသားဖြည့်တွေးနည်းနဲ့တွေးပြီး ခံစားပေးဖို့ မေတ္တာရပ်ခံချင်ပါသေးရဲ့။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger