Monday, 13 December 2010

လွမ်းတတ်သလိုလွမ်းမိသည် . . .

အတူနေတာ ရှစ်နှစ်ကြာတော့
မေတ္တာသစ္စာ ရင်မှာတွယ်ရစ်
ချစ်ခြင်းတာရှည် ခိုင်မြဲသည်မို့
တစ်မြို့တစ်ရွာ ဝေးကြရာဝယ်
ရင်ဝယ်နွမ်းလျ လွမ်းရသည်...


ခရစ်စမတ်ပွဲတော်အတွက် ၁၅ရက်နေ့ကပဲ
ကိုယ့်ဇနီးသည် သူ့ဒေသကို ပြန်သွားပါတယ်။
အိမ်မပြန်တာ ၈နှစ်ကျော်လာပြီဖြစ်တော့ ပြန်ချင်ရှာမယ်လေ။
ပြီးတော့ တစ်ပြည်လုံးမှာ ပြန့်ကြဲနေကြတဲ့ သူ့မောင်နှမတွေနဲ့လဲ လွတ်လွတ်လပ်လပ်တွေ့ချင်မှာမို့ ကိုယ်လိုက်မသွားဖြစ်တော့ပါ။ နှစ်ပတ်ကျော်၊ သုံးပတ်လောက်ကြာမယ့်ခရီးဖြစ်တာမို့ ကိုယ့်ကျောင်းသားတွေကို ပစ်ထားလို့မရတာကြောင့်လည်း ပါပါတယ်။ ပစ်ထားလို့ရဦးတောင် ကိုယ့်အနေနဲ့ ဘယ်လိုမှ ပစ်မထားနိုင်ပါ။ စာမေးပွဲကြီးဖြေဖို့ သုံးလတောင် မလိုတော့တဲ့ အခုလို အချိန်မျိုးမှာ ကိုယ်တို့ပညာရေးသမားတွေအတွက် တစ်ရက်၊ တစ်မနက်ဟာလည်း ရွှေထက်တောင် အဖိုးတန်တာမို့ အင်မတန်တန်ဖိုးထားပြီး နှမြောရပါတယ်။

ခပ်ငယ်ငယ်က စာစီစာကုံးရေးကြတုန်းက ကိုယ်တို့ရေးခဲ့ကြပါတယ်။ ကျန်းမာရေးနဲ့ လွတ်လပ်ရေးဟာ လေနဲ့တူတယ်လို့။ ဘာကြောင့်လဲဆိုရင် ရှိနေတုန်းမှာ တန်ဖိုးထားရကောင်းမှန်းမသိကြဘဲ ဆုံးရှုံးတော့မှ နှမြောရတဲ့ အရာတွေဖြစ်နေလို့ပါ။ အခုလည်း အဲဒီစာသားကို ပြန်ကိုးကားရမလိုပါ။ အိမ်ရှင်မတစ်ယောက်ရဲ့ တန်ဖိုးကို သူအဝေးရောက်နေမှ ပိုသိရပါတော့တယ်။ အိမ်ရှင်မသွားလို့ နှစ်ရက်တောင်မကြာသေးပါ ကိုယ့်အိမ်တစ်ခုလုံး ပစ္စည်းတွေ နေသားတကျမရှိတော့ပါ။ ကိုယ်ကလည်း နေ့ခင်းတစ်နာရီကျော်၊ နှစ်နာရီလောက်ပဲ အိမ်ကပ်ခွင့်ရတာမို့ သန့်ရှင်းရေးတွေဘာတွေလည်း အာရုံမထားနိုင်ပါ။ နေ့ခင်းပိုင်း နားချိန်မှာ ကျန်တဲ့အရာတွေထက် ကိုယ့်လုပ်ငန်းအတွက် ပြင်ဆင်စရာတွေပြင်ဆင်ချင်ပြင်ဆင်၊ မပြင်ဆင်ချင်ရင်လည်း ညနေပိုင်း အလုပ်ချိန်မှာ အားပြည့်အင်ပြည့်ရှိအောင် တရေးတမောအိပ်ချင်အိပ်ဆိုတော့ အိမ်ရှင်မရှိတုန်းက လုပ်တဲ့အလုပ်တွေဟာ လစ်ဟာကုန်တော့တာပါ။

တကယ်ဆိုရင် ကိုယ်တို့ဆရာဝန်လူမျိုးဆိုတာ တော်တော်လေးကို အကြင်နာ၊ သံယောဇဉ် နည်းကြတဲ့လူမျိုးပါ။ ရောဂါတွေ၊ ဝေဒနာခံစားရတာတွေနဲ့ ယဉ်ပါးနေကြသူတွေမို့ တော်ရုံအရာလောက်ကို မသနားတတ်တော့သလို ဘာကိုမှလည်း တွယ်တွယ်တာတာ သိပ်မရှိတော့ပါ။ ဒီကြားထဲမှာ ကိုယ်ကလည်း ငယ်ငယ်လေးကတည်းက ဘယ်သူ့ကိုမှ တွယ်တာတာတွေဘာတွေ သိပ်မရှိခဲ့တာကြောင့် လွမ်းတယ်ဆိုတာ စိတ်ကူးယဉ်ပြီးခံစားရုံသာ ခံစားခဲ့ဖူးတာကြောင့် ဘာကိုခေါ်မှန်း လက်တွေ့မသိခဲ့ရိုးအမှန်ပါ။ အခုလို အိမ်ရှင်မ ခရီးထွက်သွားလို့ ရင်ထဲမှာ ဟာတာတာဖြစ်ကျန်ရစ်တော့မှ လွမ်းတယ်ဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကို သတိထားမိပါတော့တယ်။ အခါတိုင်း အိမ်ပြန်ရောက်ရင် မြင်နေကျနေရာမှာ မြင်နေကျသူ့ကို မမြင်ရတာလည်း တကယ့်ကို ဟာတာတာကြီး ဖြစ်လို့နေပါရဲ့။

အလုပ်ချိန်တွေမှာတော့ ကိုယ့်ကျောင်းသားတွေနဲ့ လက်မလည်အောင် အလုပ်များနေတာမို့ လွမ်းတာတွေ၊ သတိရတာတွေ သိပ်မခံစားရပါ။ ဒါကြောင့် ဒီရက်တွေမှာ အလုပ်ချိန်ကို အခါတိုင်းထက် နည်းနည်းပိုယူလိုက်ပါတယ်။ အခါတိုင်း အိမ်ကို ည၈နာရီလောက် ပြန်ဖြစ်ပေမယ့် ဒီရက်တွေမှာတော့ ၉နာရီလောက်မှပဲ သင်တန်းကို ဖြုတ်ပေးဖြစ်ပါတော့တယ်။ ကိုယ်လည်းအလွမ်းပြေ ကိုယ့်ကလေးတွေလည်း အကျိုးရှိပါတယ်။

ဆရာဆိုတော့လည်း သာမန်လူလိုမလွမ်းဘဲ ဆရာလိုပဲ လွမ်းရပေမယ့် တစ်ရက်တစ်ခါတော့ ဖုန်းမှန်မှန်ဆက်ရပါသေးရဲ့...

Saturday, 11 December 2010

အလှူ . . .

အလှူမြောက်ခဲ့ပါပြီ...
မနေ့ညနေကပဲ ဘကစာသင်ကျောင်းအတွက် စာသင်ခုံ၁၈စုံ လုပ်ထားတာကို သွားပြီးလှူဖြစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းကို ရောက်သွားမှ ကျောင်းသားအင်အားက ကိုယ်ထင်ထားသလို ၄၊၅ရာ မဟုတ်ဘဲ မူလတန်းအဆင့်ကျောင်းသား ၁၅၀၀ကျော်နေတာတွေ့ရတော့ အံသြမိသလို ဆရာတော်ရဲ့ စေတနာကိုလည်း လေးစားမိရပါတော့တယ်။ ဘုန်းတော်ကြီးကျောင်းဝန်းတစ်ခုလုံးလည်း ကျောင်းသားလေးတွေနဲ့ ပြည့်နေပါတယ်။ ရှိသမျှ ကျောင်းဆောင်အားလုံးလည်း သံဃာဆောင်မဟုတ်တော့ဘဲ စာသင်ဆောင်တွေဖြစ်နေကြပါတယ်။ ကလေးသုံးလေးယောက်နဲ့ နာရီဝက်လောက်ကြာအောင်နေရရင်တောင် နားတွေပူ၊ မျက်စိတွေနောက်ပြီး ဦးဏှောက်တွေပါ ပွက်ကုန်တဲ့ ကိုယ်တော့ ဒီကလေးပုစုခရုလေးတွေနဲ့ ကျောင်းတိုက်ထဲမှာ ပျော်နေတဲ့ ဆရာတော်ကို မလေးစားဘဲ မနေနိုင်ပါ။

ပိုလေးစားတဲ့ အချက်က
ဒီဘကကျောင်းမှာ ကျောင်းသားတွေကို ဘာသာမခွဲ၊ လူမျိုးမခြားဘဲ သင်ယူခွင့်ပေးတာကိုပါ။ များသောအားဖြင့် ဘာသာဝင်အများစုက ဘာသာရေးနဲ့ ပတ်သက်ရင် တစ်ကြောင်းစွဲဆန်ကြသူတွေများတာမို့ အခုလိုဘာသာရေးခေါင်းဆောင် ဆရာတော်က ဘာသာစွဲ၊ ဂိုဏ်းဂဏစွဲမထားဘဲ လူကိုသာရှေ့တန်းတင်ပြီး ပညာရေးအတွက် ၀န်ဆောင်မှုတွေကို စွမ်းစွမ်းတမန်လုပ်ပေးနေတာ ကြည်ညိုလွန်းမက ကြည်ညိုမိပါတယ်။ ဘာမှအစီအစဉ် အထွေအထူးမရှိဘဲ ရှောင်တခင်လို သွားလှူတာကြောင့် ကျောင်းတိုက်မှာ ကျောင်းသားလေးတွေအတွက် ဘာတွေလိုအပ်နေတယ်ဆိုတာ သေသေချာချာမလေ့လာမိခဲ့တာကြောင့် နောက်တစ်ခါထပ်ပြီး လှူဖို့ ဆုံးဖြတ်ထားပါသေးတယ်။

ဘာပဲဖြစ်ဖြစ်
စာသင်ခုံတွေဆိုတာ ကျောင်းသားတွေအတွက် မရှိမဖြစ်အရာတွေဖြစ်တာမို့ ကိုယ်တို့လှူတဲ့ စာသင်ခုံသစ်လေးတွေနဲ့ ကျောင်းသားလေးတွေ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ပညာသင်ယူနေကြတဲ့ ပုံကို မျက်စိထဲမှာ မြင်ယောင်ရင်း ဒီနေ့အထိ ကျေနပ်ပီတိဖြစ်နေမိပါသေးရဲ့။ ။

Friday, 10 December 2010

ဒီဇင်ဘာမိုး . . .

ကြံကြီးရယ်တဲ့ စည်ရာ
ဆောင်းတွင်းမှာ မိုးရွာလို့
ဘယ်ရာသီ ဘယ်ပုံပြောင်းတယ်
တွေးခက်ပါကြောင်း

မနေ့က ထူးထူးဆန်းဆန်းပဲ ဒီဇင်ဘာဆောင်းတွင်းကြီးမှာ မိုးတွေရွာပါတယ်။ ဒီနေ့လည်း တစ်နေ့ခင်းလုံး မိုးတွေတဖွဲဖွဲကျနေလေရဲ့။ သြကာသလောကကြီးလည်း ဘာတွေဖြစ်ကုန်ပြီလဲ မပြောတတ်တော့ပါ။ လောလောဆယ်တော့ ဆောင်းတွင်းကြီးမှာ မိုးကာအင်္ကျီထုတ်ဝတ်ပြီး ရာသီတော်ဦးကို ခပ်ကြောင်ကြောင်ပဲ ရင်ဆိုင်လိုက်ရပါတော့တယ်။

ရာသီဖောက်ပြန်တာကြောင့် ဒီဘက်နှစ်တွေမှာ မုန်တိုင်းတွေကလည်း နံမည်အမျိုးမျိုးနဲ့ လောကသားတွေဆီကို မကြာမကြာ အလည်လာကုန်ကြပါတယ်။ နာဂစ်၊ ဆူနာမီ၊ ဘစ်ဂ်ျလီ ကုလားလိုတစ်မျိုး စပိန်လိုတစ်ဖုံ အမျိုးတွေစုံစုံနဲ့ ကိုယ်တို့ကို နှုတ်ခွန်းတော်တွေ ဆက်သလို့ မရိုးနိုင်အောင် ကြည်စယ်တော်မူရက်ကြပါပေတယ်။ ရာသီတွေဖောက်ဆို သစ်တောတွေလည်း ပျောက်သလောက်ရှိကုန်ကြပြီ မဟုတ်ပါလား။
ကမ္ဘာ့မြေလွှာက ရသမျှ မြေပေါ်၊ မြေအောက် သယံဇာတတွေကို တိုးတက်တဲ့နည်းပညာအကူအညီနဲ့ နှစ်ပေါင်းများစွာထုတ်လိုက်ကြ သုံးလိုက်ကြတာ အခုဆိုရင် ခန်းမယ့်အရေးကိုတောင် တွေးပြီးပူနေရပါပကောလား။ ကိုယ်တို့တစ်သက်တောင် ဒါတွေကုန်မှာစိုးနေရရင် နောင်လာနောက်သားတွေအတွက်ဆိုရင်တော့ မလွယ်ရေးချမလွယ်တာ သေချာနေပေါ့။ ခက်တာက ဖောက်ပြန်လွန်းတဲ့ ဒီရာသီသဘာဝကို ပြုပြင်ကြဖို့ဆိုတာကလည်း ကိုယ်တစ်ယောက်တည်း သစ်ပင်တွေစိုက်၊ လေထုသန့်ရှင်းရေးလုပ်နေလို့ ရတာမဟုတ်တဲ့ ကိစ္စဖြစ်နေတာပါပဲ။

ကိုယ်ကတော့ ပညာရေးသမားဖြစ်တာကြောင့် ဒါတွေကို ဖြေရှင်းဖို့ လူတွေအားလုံး ပညာတတ်ရမယ်လို့ပဲ ကောက်ချက်ချမိပါတယ်။ ဒါပေမယ့် ပညာတတ်ခွေးမြီးတွေ ဖြစ်ကုန်ကြရင်လည်း တတ်တဲ့ပညာအားကိုးနဲ့ ကမ္ဘာကိုဖျက်မယ့် ပညာရှင်ကြီးတွေ ဖြစ်ကုန်ကြရင်လည်း ဆေးအတွက်လေးကုန်ပါဦးမယ်။ ဒါကြောင့် လူတွေကို ပညာရော၊ အသိပါ တွဲပြီးပေးနိုင်ရင် လှပတဲ့လောကသစ်(အားလုံးရဲ့ အိပ်မက်ထဲက ကမ္ဘာ) ကို တည်ဆောက်နိုင်မှာ မလွဲတော့ပါ။
အင်း...မနက်ဖြန်သို့မဟုတ် ဘယ်သောခါများ ဖြစ်နေမလားတော့ မပြောတတ်တော့...

Thursday, 9 December 2010

ရင်လေးတယ် . . .

ကျောင်းသားတွေကို
နားနေချိန်လုံလောက်အောင်ပေးသင့်သလား။
ဒါမှမဟုတ်...
ရသမျှအချိန်တိုင်း စာသင်သင့်သလား။

ကိုယ်လည်းစာသင်နေတဲ့ဆရာဖြစ်နေပြီမို့ ဆရာတွေရဲ့ခံစားချက်ကို နားလည်ပါတယ်။ ဆရာဆိုတာကတော့ ဖြစ်နိုင်ရင် ရသမျှအချိန်တိုင်း စာသင်နေချင်တာပါ။ တစ်ရေးနိုးထပြီးစာသင်ရရင်လည်း ကိုယ်တို့ဆရာတွေကတော့ ပျော်တာပါပဲ။ လင်မယားရန်ဖြစ်နေရင်းက ကျောင်းသားတွေရောက်လာရင်လည်း ရန်ဖြစ်နေတာကို ခဏနားပြီး စာသင်လိုက်တာပါပဲ။ စာသင်ပြီးမှ ပြန်ရန်ဖြစ်တာပေါ့လေ။

နေမကောင်းလို့ ဖျားချင်သလိုဖြစ်နေရင်လည်း စာသင်ချိန်တစ်ချိန်လောက် အင်တိုက်အားတိုက်သင်လိုက်ရင် ချွေးညီသွားပြီး အဖျားကျသွားလေ့ရှိတာပါ။ ဆောင်းရာသီချမ်းနေရင်လည်း စာသင်ရင်း လှုပ်ရှားလိုက်ရင် အပူထွက်ပြီး အချမ်းသက်သာသွားပါရဲ့။ နွေရာသီပူပူလောင်လောင်ကြီးမှာလဲ စာသင်လိုက်ရင် ချွေးထွက်လာပြီး ချွေးလေးတစ်စိုစိုနဲ့ အပူသက်သာသွားပါရော။ အိမ်ထောင်ရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ လူမှုရေးပြဿနာတွေကြောင့် စိတ်ညစ်နေ၊ စိတ်ဆင်းရဲနေရင်လည်း စာတစ်ချိန်လောက်သင်လိုက်ရင် ကျောင်းသားတွေကြားထဲမှာ ရယ်လိုက်မောလိုက် ဆူလိုက်ငေါက်လိုက်နဲ့ မကြာခင်ပဲ စိတ်ညစ်ပြေသွားလေ့ရှိပါတယ်။

ဒါကြောင့် ဆရာဆိုတဲ့ လူမျိုးတစ်မျိုးအတွက် စာသင်ခြင်းဟာ သူ့အတွက် ရာသီဒဏ်၊ လောကဓံ၊ ပတ်ဝန်းကျင်ဒဏ်၊ အရာရာ သက်သာစေတဲ့ တကယ့်မဟာသြသဓဆေးကြီးတစ်ပါးဖြစ်ပါတယ်။

ဒါပေမယ့် စာသင်ယူခြင်းကတော့ ကျောင်းသားတွေအတွက် ဆေးခါးကြီးပါ။
ရောဂါပျောက်မှန်းသိပေမယ့် အ၀င်ဆိုးလှတဲ့ ဆေးခါးကြီးလိုပဲ ဘ၀အတွက် လိုအပ်မှန်းသိပေမယ့် ကလေးတို့ဘာဝ ပျော်ချင်ပါးချင်၊ လည်ချင်ပတ်ချင်စိတ်တွေကို ချိုးနှိမ်ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကိုပါ စတေးကြရတာဖြစ်လို့ ကလေး၁၀၀မှာ ၁၀၀လုံးပဲ စာသင်ချိန်တွေကို ပျင်းကြလေ့ရှိပါတယ်။ ဒါကိုလည်း အပြစ်လို့မြင်လို့ မဖြစ်ပါ။ လူ့သဘာဝကို အပြစ်မြင်နေလို့ကတော့ ကိုယ်ပဲဒုက္ခရောက်ရပါလိမ့်မယ်။ ကိုယ်လည်း ငယ်ငယ်က ပျင်းခဲ့တာပါပဲ။ ဘယ်သူမဆို ကျောင်းသားဘ၀ကတော့ စာသင်ရမှာ၊ စာကြည့်ရမှာ ပျင်းခဲ့တဲ့လူတွေချည်းပါပဲ။ အရွယ်ရလာ၊ ရာထူးဌာနန္တရတွေရလာ၊ ဂုဏ်ပုဒ်တွေရှိလာမှပဲ ငယ်ငယ်က ၀ီရိယရှိခဲ့သယောင်ယောင်၊ စာကြိုးစားရမှာ စာမေးပွဲဖြေရမှာ ပျော်ခဲ့သယောင်ယောင်၊ ဆရာတွေဆိုဆုံးမတာတွေကို ကျေနပ်ခဲ့သယောင်ယောင် လုပ်ကြသူတွေချည်းပါပဲ။

ဒီတော့ ကိုယ်တို့လြူကီးတွေအနေနဲ့ ကလေးတွေရှေ့မှာ ဟိတ်ဟန်တစ်ခွဲသားနဲ့ ငယ်ငယ်ကဒီခေတ်ကလေးတွေလိုမဟုတ်ဘဲ ၀ီရိယအရာ၊ စိတ်ဓာတ်အရာမှာ ဧတဒဂ်ရခဲ့သလို ပုံဖမ်းမနေဘဲ ရိုးရိုးသားသားနဲ့ ကိုယ်တို့တွေလည်း ငယ်ငယ်က ပျင်းခဲ့ကြောင်း ရဲရဲကြီးဝန်ခံလိုက်စေချင်ပါတယ်။ ကိုယ့်တုန်းက ပျင်းခဲ့ပြီး သူများပျင်းတော့မှ နင်ပဲငဆ ဆူနေ၊ ငေါက်နေတာတွေကို ကြားရလွန်းလို့ နားကြားပြင်းကတ်ကတ်ရှိလှတာကြောင့် ဒီိပို့စ်ကိုရေးဖြစ်တာပါ။ ကလေးတွေရဲ့ သဘာဝကိုလည်း နားမလည်၊ ခေတ်ကိုလည်း မြင်အောင်မကြည့်၊ ငါနှင့်ငါသာနှိုင်းစရာဆိုတဲ့ သုံးမရတဲ့အတ္တတွေ တစ်ပုံတစ်ခေါင်းနဲ့ ပညာရေးလုပ်သားတစ်ချို့နှိပ်စက်တာကို မချိမဆန့်ခံနေရရှာတဲ့ ကိုယ်တို့ကျောင်းသားလေးတွေကို သနားလာတာကြောင့်လဲ ပါပါတယ်။

ဆရာတစ်ချို့ကပြောပါသေးတယ်။ “ပေးတဲ့ငါတို့ကတောင် ပေးနိုင်သေးတာ၊ ယူတဲ့နင်တို့က ဘာကြောင့်မယူနိုင်ရတာလဲ” တဲ့။ တော်တော်လေး မိုက်ရိုင်းတဲ့ သြ၀ါဒကထာပါပဲ။ ဒါဆိုရင် ကိုယ်တစ်ခုပြောကြည့်ချင်တယ်။ အဲဒီပုဂ္ဂိုလ်ထူးတွေကို ကိုယ့်အိမ်က အ၀တ်အစားထည့်တဲ့ ဗီရိုတစ်လုံးလက်ဆောင်ပေးမယ်။ ဒီအတိုင်းသယ်သွားရမယ်လို့။ မသယ်နိုင်ရင် ကိုယ်ပြောမယ်လေ။ “ပေးတဲ့လူကတောင်ပေးနိုင်သေးတာ၊ ယူတဲ့သူက နိုင်အောင်သယ်သွားပေါ့”လို့။

ဆရာတစ်ယောက်က ပေးတယ်ဆိုတာ ကိုယ့်ဦးဏှောက်ထဲမှာ ရှိတာကို ထုတ်ပေးတာဖြစ်လို့ သိပ်အပန်းကြီးတာမဟုတ်ပါ။ ကလေးတစ်ယောက်က ယူရတယ်ဆိုတာ တစ်ခါမှမမြင်ဖူး၊ မတွေ့ဖူးတဲ့ စာတွေကို သူ့ဦးဏှောက်ထဲကို အတင်းသွင်းယူရတာဖြစ်လို့ အင်မတန်မှ ပင်ပန်းပါတယ်။ ဒါလေးလောက်တောင် နားမလည်ဘဲ ပညာရေးလောကမှာ မင်းမူနေကြတဲ့
ချစ်လှစွာသော ၀ါရင့်(၀ါပြီးရင့်နေလို့ ကြွေရုံပဲ ကျန်တော့တဲ့) ပညာရေးဝန်ထမ်းတွေ နားမလည်နိုင်ကြရင်ဖြင့် နောင်လာနောက်သားတွေရဲ့ အနာဂတ်အရေးကို ဦးဟန်ကြည် တွေးရင်းတွေးရင်း ရင်လေးမိပါကြောင်း။ ။

Friday, 3 December 2010

ဥယျဉ်မှူး၏ သောကများ . . .

စာမေးပွဲတစ်ပတ်ပြီးသွားပြန်ပါပြီ။ ကျောင်းသားတော်တော်များများကျကုန်ကြပါတယ်။
ကျတယ်ဆိုတဲ့ ကျောင်းသားတွေကို သုံးစုခွဲကြည့်လိုက်ပါတယ်။ အဲဒီမှာ -
(၁) ကြိုးစားပါလျက်နဲ့ ထိုက်သင့်တဲ့အဆင့်မမီသေးလို့ ကျတဲ့ကျောင်းသားတွေ
(၂) ဥာဏ်ရည်ရှိပါလျက်နဲ့ မကြိုးစားလို့ ကျတဲ့ကျောင်းသားတွေ
(၃) ဥာဏ်ရည်လည်းမမီ ကြိုးလည်းမကြိုစားတဲ့ ကျောင်းသားတွေ
ဆိုပြီးတွေ့ရပါတယ်။

ဒီအုပ်စုသုံးစုထဲမှာ နောက်ဆုံးအုပ်စုအင်အားများသွားရင် ပြဿနာလှလှကြီးတက်ပါပြီ။ လောလောဆယ်တော့ ကိုယ့်မှာအဲဒီအုပ်စုဝင်ကျောင်းသား လေးယောက်တွေ့နေပါတယ်။ ဒုတိယအုပ်စုဝင်ကျောင်းသား များနေပြီးတော့ ပထမအုပ်စုဝင်ကျောင်းသား နှစ်ယောက်လောက်ရှိနေပါတယ်။ ပထမအုပ်စုနဲ့ ဒုတိယအုပ်စုက ကျောင်းသားတွေကို ပြုပြင်ထိန်းသိမ်းပေးရမှာ သိပ်ဝန်မလေးပါ။ နည်းနည်းလေး ၀ီရိယစိုက်ထုတ်ပြီး တွန်းအားပေးလိုက်ရင် လိုချင်တဲ့အတိုင်းအတာမဟုတ်သေးရင်တောင် အထိုက်အလျောက်တော့ ဖြစ်မြောက်လာပါလိမ့်မယ်။ မညာတမ်းပြောရရင်တော့ တတိယအုပ်စုဝင်ကျောင်းသားတွေကိုတော့ စိတ်ပျက်ချင်ချင်ပါ။ အားနည်းတဲ့ဥာဏ်ရည်ကို သူများထက်သာတဲ့ ကြိုးစားအားထုတ်မှုနဲ့ ဖြည့်ရမှာဖြစ်ပေမယ့် လေလာရာဖင်ပေး၊ အေးအေးနေကြတာ ဘယ်လိုမှခံစားလို့မရပါ။

ဒါကြောင့် တတိယအုပ်စုဝင်ကျောင်းသားတွေကို ဒီလနောက်ဆုံးအကြိမ်သတိပေးထားပါတယ်။ နောက်လစာမေးပွဲမှာ စိတ်ကျေနပ်လောက်တဲ့ ကြိုးစားအားထုတ်မှုမျိုးမတွေ့ရရင်တော့ သင်တန်းကနေ ပယ်ရပါလိမ့်မယ်။ ဒီလထဲမှာပဲ သင်ခန်းစာတွေကို ပြန်လှန်သင်ကြားခြင်းတွေစတော့မှာမို့ အရင်လကထက်တော့ ရလဒ်တွေပိုကောင်းရမှာပါ။ တကယ်လို့ ကောင်းမလာရင်တော့လည်း ရှင်တော်ဘုရားဟောတော်မူတဲ့ ဗြဟ္မစိုရ်တရားလေးပါးထဲက နောက်ဆုံးတစ်ပါးဖြစ်တဲ့ ဥပေက္ခာတရားကို ပီပီပြင်ပြင်ကျင့်သုံးပြီး ရေလောင်းထားတဲ့ အပင်တွေရှင်သန်ကြီးထွားဖို့ ပေါင်းနှုတ်ရပါတော့မယ်။

အင်း...ဥယျာဉ်မှူး၏ သောကများပါပဲလေ...

Tuesday, 30 November 2010

အိပ်မက်သူဌေးကြီး . . .

တက္ကသိုလ်ဝင်တန်း
စာမေးပွဲဖြေဖို့ အချိန်စာရင်း ထွက်လာပါပြီ။
မတ်လ ၇ရက်နေ့မှာ မြန်မာစာ စဖြေရပါလိမ့်မယ်။
မနှစ်ကလည်း ဒီလိုအချိန်မှာ ဖြေခဲ့တာမို့ စောလည်းမစော၊ နောက်လည်း မကျတဲ့ အချိန်ပါ။ ကိုယ်တို့တွေ ဆယ်တန်းကျောင်းသားဘ၀ကလည်း ဒီရက်ပတ်မှာပဲ ဖြေခဲ့တာမို့ နှစ်ကူးခါနီးလေလေ ရင်ပြန်ခုန်လာလေလေပါ။ အရင်တုန်းကတော့ ကိုယ့်အတွေ့အကြုံတွေကို ပြန်တွေးပြီး ရင်ပြန်ခုန်ခဲ့ပေမယ့် ပညာရေးနယ်ပယ်ထဲရောက်မှာ ကိုယ့်ကျောင်းသားတွေအတွက် တွေးပြီးရင်ခုန်ရပါရောလား။

မနှစ်က ကျောင်းသား ၁၁ယောက်တောင် တော်တော်လေးရင်ခုန်ခဲ့ရတာဆိုတော့
ဒီနှစ်ကျောင်းသား အင်အား ၃၀နီးပါးမှာ မတ်လမပြောနဲ့ ဒီဇင်ဘာမှာကတည်းက ရင်ကြိုခုန်နေပါပြီ။ မခုန်နေပါရိုးလား။
ကျောင်းသား သုံးပုံတစ်ပုံက အပျင်းစံချိန်တင်နေကြတဲ့ ကလေးတွေမို့ အပျင်းရောဂါကို ဆေးကုပေးနေရတာ အခုထိ အမြစ်မပြတ်ချင်သေးတာကြောင့် ဦးဟန်ကြည်ခမျာ ခေါင်းကိုဆင်နင်းခံရတယ်လို့ ညတိုင်းညတိုင်း အိပ်မက်မက်နေပါရဲ့။

“ပျင်းတယ်ဆိုတာ နံမည်သာဆိုးတာ လူတော့တော်တော်သက်သာတယ် ငါ့တူရဲ့”လို့
မကြာမကြာ လက်ချာပေးလေ့ရှိတဲ့ အညာက ကိုယ့်ဘကြီးသာ ကိုယ့်ကျောင်းသားငပျင်းတွေကို တွေ့ရင် သူ့ထက်ပျင်းတဲ့လူတွေ့ပြီဆိုပြီး တစ်ခါတည်း တောထွက်သွားလောက်ပါတယ်။
တစ်ခါတစ်ခါများ စိတ်ပေါက်ပေါက်နဲ့
“ငါများ အပျင်းကုမ္ပဏီထောင်ပြီး ရောင်းစားရင် ငါ့တပည့်တွေအားပေးတာနဲ့တင် စီးပွားဖြစ်မယ်”လို့
ထောပနာပြုယူရအောင် ပျင်းရက်ကြပါတယ်။ ပျင်းဖို့တာဝန်က မောင်မင်းကြီးသား၊ မယ်မင်းကြီးမလေးတွေရဲ့တာဝန်။ တော်အောင်တတ်အောင်လုပ်ပေးဖို့က ကိုယ့်တာဝန်မို့ ကလေးတွေကို ထိုးမယ့်လက်ညှိုးကို ကိုယ့်ကိုယ်ကို ပြန်ပြန်ထိုးရင်း နေ့တိုင်းအားသစ်မွေးပြီး နည်းစံနစ်သစ်တွေထွင်လို့ ကြိုးစားပေးနေဆဲပါ။

တစ်ခါတစ်ခါ စဉ်းစားပါတယ်။
ကျောင်းသားတွေ အိမ်မှာစာတစ်လုံးမှ မကြည့်ဘဲ ခေါင်းထဲကိုစာတွေ တစ်ခါတည်း ရိုက်သွင်း၊ အယူအဆတွေ တစ်ခါတည်း ထည့်ပေးနိုင်တဲ့ နည်းစံနစ်များ ရှာတွေ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲလို့ပါ။ ဒီလိုသာဆိုရင် ကလေးတွေလည်း စိတ်တိုင်းကျ ပျင်းလို့ရ၊ ပညာလည်းတတ်၊ ဘ၀တွေလည်း လှကုန်ကြမှာသေချာပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်ပေးနိုင်ဖို့ သင်ထောက်ကူပစ္စည်းတွေ၊ ပညာရေးပတ်ဝန်းကျင်ကောင်းတွေ အများကြီးလိုမှာဖြစ်လို့ လောလောဆယ်တော့ ကိုယ်လည်း အဲဒီလောက် မစွမ်းနိုင်သေးပါ။ သင်ထောက်ကူပစ္စည်းဆိုတဲ့ နေရာမှာလည်း အရင်ကလို စက္ကူကထ္ထူပြားပေါ်မှာ ပုံဆွဲပြီးပြရမယ့် ခေတ်မဟုတ်တော့ဘဲ နည်းပညာပစ္စည်းအကူအညီတွေ ဖြစ်နေတာကြောင့် သွားရည်ကျရုံကလွဲပြီး အိပ်မက်နဲ့ပဲ ကျိန်းကျေနေတုန်းပါ။

ဘာပဲဖြစ်ဖြစ် လူသားတစ်ယောက်အနေနဲ့ ဘာမှမပိုင်ရင်တောင် အိပ်မက်တော့ ပိုင်သေးတာမို့ ဒီနေ့အထိတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ၊ ပေးချင်တဲ့ ၀န်ဆောင်မှုတွေကို အိပ်မက်ထဲမှာ ညစဉ်ထည့်မက်ရင်း အိပ်မက်သူဌေးကြီးဘ၀နဲ့ ပျော်ပျော်ကြီးလုပ်ငန်းခွင်ဝင်နေဆဲပါလေ။ ။

Monday, 29 November 2010

အမျိုးသားနေ့ . . .

ဒီနေ့
တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက် အမျိုးသားနေ့ ဖြစ်ပါတယ်။

ခေတ်တွေပြောင်း၊ စနစ်တွေပြောင်း၊ သင်ခန်းစာတွေ ပြောင်းကုန်တာကြောင့်
ဒီဘက်ခေတ်ကလေးတွေခမျာ အမျိုးသားနေ့ဆိုတာ ဘာမှန်းမသိကြတော့ပါ။ သိပ္ပံတွဲယူကြတဲ့ ကျောင်းသားတွေက ပိုဆိုးပါတယ်။ ဒါတောင် စကားပြေမှာ အမျိုးသားပညာဝန်ဦးဖိုးကျားရေးတဲ့ အမျိုးသားနေ့စကားပြေပါနေလို့ တော်ပါသေးတယ်။ ခက်တာက ကျောင်းသားတွေက စာဆိုတာကို စာမေးပွဲအောင်ဖို့ ရည်ရွယ်ချက်နဲ့ပဲ ကြည့်ကြတာဖြစ်လို့ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်စဉ်းစားဖို့ စိတ်မကူးတာပါ။ သမိုင်းနောက်ခံကိုလည်း ရှာဖို့ဖွေဖို့ ၀ါသနာမပါ၊ ယောင်လို့လည်း အိပ်မက်မမက်ပါ။ သူတို့မမက်လည်း ကိုယ်တို့ကတော့ အိပ်မက်တွေ အငှားထည့်ပေးနေပါတယ်။

မနေ့ကပဲ ကလေးတစ်ယောက်ကမေးပါတယ်။ အမျိုးသားနေ့ကျတော့ရှိပြီး အမျိုးသမီးနေ့ကျတော့ ဘာကြောင့် မရှိတာလဲတဲ့။ တော်တော် ရွှေဥာဏ်တော်စူးရောက်တော်မူတဲ့ သကောင့်သားကို ကျည်ပွေ့နဲ့ ဂုဏ်ပြုချင်စိတ်ပါ ပေါက်သွားပါရဲ့။ ဘာပဲဖြစ်ဖြစ် ကလေးတွေကို သမိုင်းသင်ပေးဖို့ လိုနေပြီဆိုတာတော့ သဘောပေါက်သွားမိပါတယ်။ ကြာရင် ကိုယ်တို့တွေလည်း သမိုင်းမရှိတဲ့လူမျိုးတွေ ဖြစ်ကုန်ကြပါတော့မယ်။ နောက်လှည့်ကြည့်လည်း ဗလာ၊ ရှေ့မျှော်ကြည့်လည်း ဟာလာဟင်းလင်းအဖြစ်မျိုးကတော့ စဉ်းတောင်မစဉ်းစားသင့်တဲ့ အခြေအနေပါ။ ဒါကြောင့် ကိုယ်တို့မှာ ကလေးတွေကို နောက်ကိုလည်းကြည့်တတ်၊ ရှေ့ကိုလည်း မြင်နိုင်အောင် နတ်မျက်စိပုလင်းကွဲတွေကို အတင်းဖြဲပေးနေရပါတယ်။ ဒီကြားထဲ ပုံမှန်တက္ကသိုလ်ဝင်တန်းကိုလည်း အောင်မြင်အောင် ကြိုးစားပေးနေရပါသေးတယ်။

တစ်ခါတစ်ခါ စဉ်းစားမိပါတယ်။ နိုင်ငံတကာက ကျောင်းဆရာတွေဟာ ကိုယ်တို့ထက် ပိုတော်ချင်တော်မယ်။ ကိုယ်တို့လောက်တော့ တာဝန်မကြီးဘူးလို့ပါ။ ဘာကြောင့်လဲဆိုရင် သိရသလောက်ကတော့ သူတို့ဆီမှာ ဘာမဆို ကိုယ့်တာဝန်ကိုယ်ယူကြတာများပါတယ်။ ကိုယ်တို့ဆီမှာကျတော့ အရာရာ ဆရာကိုပုံအပ်ကြလွန်းလို့ ဆရာတွေမှာ တာဝန်တွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ ခေါင်းမဖော်နိုင်အောင် အလုပ်ရှုပ်ရလွန်းပါတယ်။ ဒီလို အပြင်တာဝန်တွေများလွန်းနေတာကြောင့် အဓိကတာဝန်ဖြစ်တဲ့ သင်ကြားမှုပိုင်းမှာ အားနည်းကုန်ကြတာဖြစ်မယ်လို့လည်း တွေးကြည့်မိပါတယ်။ ဒါကတော့ ကိုယ့်အတွေးပါ။ ဟုတ်ချင်ဟုတ်မယ်၊ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ဒါပေမယ့် ကိုယ့်အဓိကတာဝန်ကိုသာ ဖိဖိစီးစီး တာဝန်ယူကြရရင် ပိုတော်လာမှာတော့ မြေကြီးလက်ခတ်မလွဲ သေချာပါတယ်။ ဒါဆို ကိုယ်တို့ကျောင်းသားတွေကို ဘယ်သူတွေက ကူညီလမ်းညွှန်ပေးကြမလဲ။ အဖြေရှာလို့ အခုထိမရသေးတဲ့ ပုစ္ဆာပါ...

ဒီလိုပါပဲ။
ရက်ကြီး နေ့ကြီးတွေရောက်ရင် တွေးစရာလေးတွေက ပေါ်လာတော့တာပါ။ တွေးတွေးပြီး အကောင်အထည်ဖော်ကြည့်လိုက်၊ မအောင်မြင်လိုက်၊ ပြန်တွေးလိုက်နဲ့ပဲ ခေါင်းကဆံပင်တောင် အနက်အရေအတွက် နည်းလာပေါ့။ ။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger