Sunday, 16 January 2011

ရာသီဖျား . . .

ရန်ကုန်ကအပြန်မှာ
ခရီးသွားလို့ ကျောင်းပိတ်ထားရတဲ့ ရက်တွေကို ကာမိအောင် အင်တိုက်အားတိုက် စာသင်မယ်လို့ မောင်းတင်ထားတဲ့ ဦးဟန်ကြည်တစ်ယောက် တုပ်ကွေးအပြင်းအထန်မိသွားတာကြောင့် ကျောင်းမပိတ်ချင်ပါဘဲနဲ့ လေးရက်လောက်ကျောင်းပိတ်လိုက်ရပါတယ်။

ကိုယ်တွေလက်တွေကိုက်ခဲပြီး ဖျားတော့မယ်ဆိုတာ သိတဲ့ညနေက
ဆေးတစ်ခွက်ကြိုတင်သောက်ထားပြီး ညဘက်အိမ်ပြန်ရောက်တာနဲ့ ဆေးအမြန်သောက်ပေမယ့် နောက်ရက်မနက်လင်းတော့ တစ်ကိုယ်လုံး တောင့်တင်းကိုက်ခဲပြီး မထနိုင်တော့ပါ။
တုပ်ကွေးဆိုတာ အမြင်သိပ်မဆိုးပေမယ့် အခံရခက်လွန်းတာမို့ ဘယ်လိုမှ စာသွားသင်လို့မဖြစ်နိုင်တော့တာကြောင့် မနက်ပိုင်းစာသင်ချိန်ကစလို့ နားရပါတော့တယ်။ အပူချိန်လည်း ၁၀၁ထိတက်လာပါတယ်။ ခေါင်းမူးနေပြီး နေလို့လုံးဝ မကောင်းတော့ပါ။ နေ့လည်ပိုင်းမှာ ကိုယ့်ကျောင်းသားတစ်အုပ် လူနာလာမေးကြပါတယ်။ ကျောင်းသားတွေကို စကားပြန်မပြောနိုင်အောင်ပဲ အားနည်းသွားပါတယ်။ ညနေပိုင်းမှာတော့ ချွေးနည်းနည်းပြန်စို့လာပြီး လူလည်းပေါ့သွားပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဖျားကျပြီလို့ သတ်မှတ်လိုက်ပြီး ည၁၀နာရီလောက်မှာ အိမ်ရှင်မနဲ့ အပြင်ထွက်ပြီး တစ်ခုခု ထွက်စားဖြစ်လိုက်ပါသေးတယ်။ အဲဒီမှာ အအေးမိသွားပါတော့တယ်။

ညဘက်မှာတော့ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူတက်လာပြီး တုန်နေအောင် အတွင်းကလှိုက်ချမ်းပါတော့တယ်။ ငှက်ဖျားမိသလို တဟင်းဟင်းနေအောင် ညည်းယူရတဲ့အထိ ချမ်းချက်က ကမ်းကုန်လွန်းပါတယ်။ တစ်ညလုံး အဖျားတက်ပြီး နောက်မနက်လင်းတော့ မနေ့ကထက် ပိုဖျားပါတော့တယ်။ ခက်တာက ကိုယ့်အကျင့်က ဖျားရင်ဘာမှမစားချင်၊ မသောက်ချင်၊ ဘယ်သူ့မှ မမြင်ချင်တာပါ။ အိမ်ရှင်မခမျာ ဘေးကနေပြုစုရတာက တစ်မျိုး ကိုယ်စိတ်တိုမှာစိုးရိမ်ရတာ တစ်မှုကြောင့် တော်တော်လေး သည်းခံရရှာပါတယ်။

အဲဒီပုံစံအတိုင်း သုံးရက်လောက်ဖျားပြီးတဲ့ညနေမှာတော့ ကိုယ့်ကိုယ်ကို ဆုံးမပြီး ဆေးခန်းသွားရပါတော့တယ်။ ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ ကုတတ်ပါတယ်ဆိုပေမယ့် ကိုယ့်တင်ပါးကို ဆေးထိုးဖို့တော့လည်း မဖြစ်နိုင်တာမို့ လက်လျှော့လိုက်ရခြင်းလည်း ဖြစ်ပါတယ်။ အထူးကုဆရာဝန်ကြီးက လေသံချိုချိုနဲ့မို့ အဆင်ပြေသွားပါတယ်။ တကယ်လို့သာ ပြောပေါက်ဆိုပေါက် ခပ်ဆိုးဆိုး ဆရာဝန်သာဆိုရင် ကိုယ့်ဒေါသနဲ့ တွေ့ဦးမှာ မလွဲပါ။ ဆေးတစ်လုံးထိုးခဲ့ပြီးနောက် စိတ်ထဲမှာတော့ တော်တော်လေးပေါ့သွားသလိုခံစားရတာကြောင့် ဒီညတော့အဖျားသက်သာပြီထင်ထားတဲ့အတိုင်း ညဘက်မှာ ကောင်းကောင်းအိပ်လိုက်ရပါတယ်။

နောက်ရက်မနက်လင်းတဲ့အခါ လည်ချောင်းတွေ ကွဲပြီး တစ်ကိုယ်လုံးနီရဲနေအောင် အပူတွေတက်ပါတော့တယ်။ မနှစ်ကလည်း ဒီလိုအဖျားမျိုးဖျားဖူးတာမို့ နာလန်ထရင် လည်ချောင်းကွဲပြီး တစ်ကိုယ်လုံး အနီစက်လေးတွေထတာ ကြုံဖူးထားတာမို့ သိပ်မစိုးရိမ်ပေမယ့် လူကတော့ ကော့နေအောင်ခံရပါတယ်။ မခံနိုင်တဲ့အဆုံး ရေချိုးပစ်မိတဲ့အထိပါ။ လည်ချောင်းကွဲတာကလည်း တံတွေးတောင် မျက်ရည်ထွက်အောင် မျိုယူရတဲ့အထိမို့ ဒုက္ခအင်မတန်ကြီးလှပါတယ်။ ဘာမှလည်း မစားနိုင်၊ မသောက်နိုင်တာကြောင့် ကိုယ့်ခြေထောက်ကိုယ်တောင် မသယ်နိုင်အောင် အားနည်းသွားပါတော့တယ်။ ညနေဆေးခန်းကိုသွားတော့ လည်ချောင်းနာတဲ့အကြောင်းပါ အားမနာနိုင်ဘဲ ထုတ်ပြောရပါတော့တယ်။ အဖျားမရှိတော့ပေမယ့် လည်ချောင်းနာတဲ့ နောက်ဆက်တွဲရောဂါကြီးကြောင့် ညတစ်ညလုံး ခံစားရပါတယ်။ ခံတွင်းနာသက်သာတဲ့ ငုံဆေးလည်း တစ်ကဒ်လုံးကုန်အောင် ငုံယူတာတောင် မသက်သာပါ။

နောက်ရက်မှာတော့ လည်ချောင်းနာတာကလွဲလို့ တုပ်ကွေးမရှိတော့တာမို့ ညနေပိုင်းစာသင်ချိန်ကစပြီး ကျောင်းပြန်ဖွင့်ပေးပါတယ်။ လည်ချောင်းက အက်ပြီးနာနေတာမို့ စာတစ်ပုဒ်ကို မျက်ရည်ကျမတတ် ရှင်းယူရပါတယ်။ ကိုယ့်ကျောင်းသားတွေက အလိုက်တသိနဲ့ တိတ်တိတ်ဆိတ်ဆိတ် အာရုံစိုက်ပေးကြလို့သာ ခံသာပါတော့တယ်။ ဒါတောင် အခါတိုင်းလို အချိန်ပြည့်မသင်နိုင်ဘဲ ည၈နာရီခွဲလောက်မှာ သင်တန်းဖြုတ်ပေးလိုက်ရပါတယ်။

ဖျားနေတဲ့ အတောအတွင်းမှာ ကိုယ့်ကျောင်းသားတွေအတွက် စိတ်အင်မတန်ပူပါတယ်။ ကိုယ်မရှိရင် စာမကြည့်ဖြစ်ကြတဲ့ ကျောင်းသားတွေအတွက် ပိုလို့ပူပါတယ်။ စာမေးပွဲရက်ကိုတွက်ကြည့်မိရင် ပိုလို့နေကောင်းချင်ပါသေးရဲ့။

အခုတော့ နှုတ်ခမ်းနည်းနည်းခြောက်တာကလွဲလို့ ကျန်းမာရေးအရင်ပုံစံနီးပါးပြန်ပြည့်လာပြီမို့ သင်တန်းချိန်တွေကို အာရုံစိုက်မှုအပြည့်နဲ့ အင်တိုက်အားတိုက် ပြန်စနေပါပြီ။ စာမေးပွဲကြီးစစ်ဖို့လည်း ၄၇ရက်ပဲ ကျန်ပါတော့တယ်။

ခါးတောင်းကြိုက်မဖြုတ်စတမ်း ဦးဟန်ကြည်လို့ပဲ ကိုယ့်ကိုယ်ကို အားတင်းရင်း . . .

Saturday, 8 January 2011

ဖွဲမီး . . .

စိတ်ညစ်တယ်...
ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကြံ့ခိုင်တယ်လို့ ထင်ထားပေမယ့် တကယ်တော့ ကိုယ်လည်းသာမန်လူသားပါ။ စိတ်ညစ်စရာ အနည်းအကျဉ်းကို ခံနိုင်ရည်ရှိတာမှန်ပေမယ့် တကယ့် စိတ်ညစ်စရာကြီးတွေလို့ ခံစားရတဲ့အရာမျိုးကိုတော့ ဘယ်လိုမှခံနိုင်ရည်မရှိပါ။ အထူးသဖြင့် ကိုယ်ကစေတနာအပြည့်နဲ့ လူရောငွေပါ အကုန်အကျခံလို့ လုပ်ကိုင်ပေးနေတဲ့ ကိစ္စကို တစ်ဖက်သားက အကောင်းမမြင်ဘူးဆိုရင် တော်တော်ကြီးကို စိတ်ညစ်၊ စိတ်ပျက်၊ စိတ်ဓာတ်ကျပါတယ်။ ကိုယ့်စေတနာကပဲ မမှန်လို့လားလို့ ပြန်တွေးမိပြီး ၀မ်းလည်းနည်းပါတယ်။ ဘာဖြစ်လို့ ကိုယ့်အပေါ်အမြင်မကြည်လင်ပါလိမ့်လို့ တွေးမိတိုင်းလည်း စိတ်ဆင်းရဲပါတယ်။

ကိုယ့်အပေါ် မယုံကြည်တဲ့သူဟာ အပြင်လူဖြစ်နေရင်တော့ ကိုယ့်အနေနဲ့ဘာမှ ခံစားစရာမလိုပါ။ ခံလည်းမခံစားသလို စိတ်မကောင်းလည်း ဖြစ်နေမှာမဟုတ်ပါ။ ခပ်ရှင်းရှင်းပြောရရင် မေးထူးခေါ်ပြောရသက်သာတာကြောင့် မင်္ဂလာရှိတယ်လို့တောင် ယူဆမိပါဦးမယ်။ ဒါပေမယ့် ကိုယ်နဲ့အနီးစပ်ဆုံး ကိုယ့်အတွင်းလူက ကိုယ့်အပေါ် အမြင်မကြည်တာကိုတော့ ခံနိုင်ရည်မရှိပါ။ စိတ်ပျက်သလို၊ စိတ်လည်းကုန်ပါတယ်။ ကြာလာတဲ့အခါ လောကကြီးကိုပါ စိတ်ကုန်လာပါတယ်။ ရှင်တော်ဘုရားဟောတော်မူခဲ့တဲ့ “ဇနိတံ ပါကံ၊ ဇနေတိ” တူသောအကျိုးပေး၏ ဆိုတဲ့တရားတော်ကိုပါ သံသယ၀င်ချင်လာပါတော့တယ်။ စိတ်ညစ်၊ စိတ်ပျက်ရာကနေ ငရဲပါအဆစ်ရတဲ့ သဘောပါ။

ကိုယ်ဆိုတဲ့ လူက တစ်နေကုန်တစ်နေခမ်း ဘယ်လောက်ပဲပင်ပန်းပါစေ စိတ်သာကြည်လင်နေရင် နည်းနည်းမှမမှုပါ။ ပင်ပန်းတယ်လို့လည်း မထင်ပါ။ စိတ်လက်မကြည်မလင်ဖြစ်ပြီဆိုရင်တော့ ပင်ပန်းထားတာတွေ နှစ်ဆတိုးပြီး ဘာကိုမှမမြင်ချင်၊ မတွေ့ချင်၊ မကြားချင်တော့ဘဲ လူသူတစ်ယောက်မှမရှိတဲ့ တောထဲတောင်ထဲမှာ တစ်ယောက်ထဲ သွားနေချင်စိတ်ပဲ ပေါ်ပါတော့တယ်။ သင်ထားတဲ့ပညာတွေကြောင့် လုပ်ရမယ့် တာဝန်တွေကို ပြန်ပြန်တွေးမိနေတာကြောင့်ပဲ အခုထက်ထိ ကြံ့ကြံ့ခံနေမိတာပါ။ ကိုယ်တို့အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားတွေမှာလည်း ၀မ်းနည်းတာ၊ စိတ်ညစ်တာကို လူမြင်အောင် ပြခွင့်မရှိတဲ့ လောကီကျင့်ဝတ်ကြီးတွေရဲ့ ဖိစီးမှုတွေကြောင့် စိတ်ပျက်၊ စိတ်ညစ်၊ ၀မ်းနည်းသမျှတွေဟာ ဖွဲမီးလိုပဲ ရင်ထဲမှာ တငွေ့ငွေ့လောင်တာ ခံရပါတော့တယ်။

တကယ်လို့များ သက်တန်းစေ့နေရလို့ မသေသေးဘူးဆိုရင်တော့ အသက်၅၀မှာ လူသူမရှိတဲ့ တောတောင်ထဲမှာ တစ်ယောက်တည်း နားအေးပါးအေးသွားနေပြီး ဘ၀ရဲ့ နောက်ဆုံးအချိန်တွေကို တစ်ယောက်တည်း တိတ်တိတ်လေး ကုန်ဆုံးချင်ပါရဲ့။

Let me live unseen, unknown
Unlamented let me die
Steal from the world and not a stone
Tell where I lie.

A. Pope

Monday, 3 January 2011

ရန်ကုန်သွား တောလား(၂) . . .

ရန်ကုန် ဒုတိယနေ့
ပထမနေ့က ခရီးပန်းသွားတာကြောင့် မနက်၇နာရီခွဲလောက်မှပဲ အိပ်ရာထဖြစ်ပါတော့တယ်။ မျက်နှာသစ်၊ မုန့်စားပြီး(ရောက်တုန်းရောက်ခိုက် လမ်းဘေးကမုန့်တီဆိုင်မှာ နန်းကြီးသုတ်စားလိုက်တာပါ) ရွှေတိဂုံစေတီတော်ဖူးဖို့ ထွက်ခဲ့ဖြစ်ပါတယ်။ ကိုယ့်အမျိုးသမီးနဲ့ သူ့မောင်တစ်ယောက်၊ အစ်ကိုတစ်ယောက်ပါအတူလိုက်ခဲ့ပေမယ့် ခရစ်ယာန်တွေမို့ ကိုယ်တစ်ယောက်ပဲ ဘုရားဖူးရမှာပါ။ သူတို့ကတော့ ရှုခင်းကြည့်ရုံပဲ လိုက်ခဲ့ကြတာပါ။ ဘာပဲဖြစ်ဖြစ် လိုက်ပေးဖော်ရတာပဲ ကျေးဇူးတင်ရမှာမို့ မနီးမဝေးမှာပဲရှိတဲ့ ရွှေတိဂုံစေတီတော်ဆီကို လေးယောက်သား လမ်းလျှောက်ပြီးတော့ သွားဖြစ်ပါတယ်။

http://hsarlawla.files.wordpress.com/2009/10/shwedagon-2.jpg?w=600&h=400

စေတီတော်ပေါ်တက်တဲ့ စောင်းတန်းလှေခါးအရောက်မှာ လုံခြုံရေးလားဘာလားမသိတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်ကိုခြေအိတ်ချွတ်ဖို့ပြောတာကြောင့် ဘုမသိ၊ ဘမသိ၊ ဘာအကြောင်းပြချက်မှန်းမသိဘဲနဲ့ ခြေအိတ်ပါချွတ်ရပါတော့တယ်။
(ဖိနပ်တင်မကဘဲ ခြေအိတ်ပါချွတ်ရတာဟာ ဘုရားဝတ္တကမြေမို့လားတော့ မသိပါ)

ဘ၀တစ်လျှောက်လုံးမှာ ရွှေတိဂုံကို နှစ်ခါပဲ ရောက်ဖူးခဲ့တာပါ။
ရင်ပြင်တော်ပေါ်မှာ လမ်းလျှောက်ရင်း လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်က ရွှေတိဂုံခရီးကို ပြန်သတိရမိပါသေးတယ်။ အဲဒီအချိန်ကတော့ မိဘအိမ်ကနေ ထွက်လာခါစ ဘ၀ဆိုတာ ဘာမှန်းမသိသေးတဲ့အချိန်၊ ငွေကြေးဆိုတာလည်း မပြည့်စုံသေးချိန်မို့ ရွှေတိဂုံစေတီတော်ကို ဖူးသာဖူးခဲ့ရပေမယ့် ရင်ထဲက အားငယ်စိတ်၊ စိုးရိမ်စိတ်တွေနဲ့မို့ ကြည်နူးမှု သန္တရသကို နည်းနည်းမှ မခံစားခဲ့ရပါ။ အခုတစ်ခေါက်မှာတော့ ကိုယ့်မှာလည်း ထိုက်သင့်တဲ့အနေအထားလေး ရှိနေပြီမို့ ကိုယ်ပိုင်ယုံကြည်မှု၊ ရဲဝံ့မှုတွေကြောင့် ဘုရားကို တကယ့်ကို ကြည်ကြည်နူးနူး ဖူးနိုင်ခဲ့ပါတယ်။
နေရာဒေသချင်းတူပေမယ့် အချိန်ကာလ၊ အနေအထားပေါ်မူတည်လို့ ခံစားချက်တွေ ပြောင်းလဲလေ့ရှိတာကိုလည်း စိတ်ထဲမှာ အမှတ်ထင်ထင်ဖြစ်ခဲ့ရတဲ့ နေ့ပါ။

ရွှေတိဂုံက အဆင်းမှာ အနားက မဟာဝိဇယစေတီတော်ကိုပါ ဖူးဖြစ်ပါတယ်။ ထူးခြားတဲ့ပုံတော်နဲ့ ကျယ်ပြန့်တဲ့ရင်ပြင်တော် တောင်ကုန်းရဲ့ အနေအထားကြောင့် ရွှေတံဂုံစေတီတော်နည်းတူ ကြည်နူးမှုရခဲ့ပါတယ်။

ဘုရားဖူးအပြီးမှာတော့ နာမည်ပဲကြားဖူးခဲ့တဲ့ ဗိုလ်ချုပ်ဈေးကို ထုံးစံအတိုင်း တက်စီတစ်စီးငှားပြီး သွားဖြစ်ပါတယ်။ ဈေးရောက်တော့ ရောင်းတဲ့သူတွေသာများပြီး ၀ယ်မဲ့သူနည်းနေတဲ့ ဈေးကိုပဲ မြင်ရတော့တာပါ။ ၀ယ်စရာတွေ တော်တော်များများတွေ့ရပေမယ့် သယ်ရပြုရမယ့် အရေးကို တွေးကြောက်တာကြောင့် ကိုယ့်ဆီမှာ မရှိတာတွေပဲ ရွေးဝယ်ဖြစ်ပါတယ်။ ၀ယ်သူပါးနေတာမြင်လို့ ကိုယ်တို့က ကရုဏာသက်မိပေမယ့် ကိုယ်တို့မြို့နံမည်လည်းကြားရော သူဌေးမြို့က လာတဲ့သူတွေလို့ အထင်တွေကြီးပြီး ပစ္စည်းဈေးတွေကို ချက်ချင်းတင်ပစ်ပြီး ရောင်းတာတွေ့တော့ သနားချင်တဲ့စိတ်ကလေးကို ဘရိတ်အုပ်လိုက်မိပါတော့တယ်။
ဘယ်ကလာတယ်ဆိုတာ မပြောဘဲဝယ်မှ ဈေးမှန်နီးနီးရမှာလို့လည်း အသိတစ်ခုရခဲ့တာ အမြတ်ပါ။


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgANtQDR1u5CIuY61esjrZ4Kz6Kqts05_pt-VycH3VoWmBbWKKUDzY-IuE937p_eQGx_K5qsYS7EQEBapc24CgUnFcQOcvtFCNIpB8hZo2Cvip7L4c6bxPzmW415HMCRfLQCUAgVDw4-rnX/s400/bogyoke+aung+saung+market+yangon.jpg

ဒီခရီးကို စလာကတည်းက
စိတ်ချမ်းသာဖို့ပဲ ဦးစားပေးမယ် ငွေကြေးကို ထည့်မစဉ်းစားဘူး၊ စာရင်းတောင်မတွက်ဘူးလို့ ဆုံးဖြတ်ထားတဲ့အတိုင်းပဲ(ချမ်းသာလွန်းလို့တော့ မဟုတ်ပါ၊ ရှစ်နှစ်ကျော်စုထားရတဲ့ ငွေယားလေးတွေ ပါလာလို့ပါ) ဗိုလ်ချုပ်ဈေးတခွင် စိတ်တိုင်းကျမွှေပြီး မျက်စိကျတာတော်တော်များများကို မစဉ်းစားဘဲ ၀ယ်လိုက်ပါတယ်။ ကြီးကျယ်တယ်ထင်ချင်လည်း ထင်ခံရနိုင်ပေမယ့် ရှစ်နှစ်တာကာလတစ်လျှောက်လုံး ခရီးရှည်တစ်ခုမှ မသွားဖြစ်သလို မြို့ထဲက စတိုးဆိုင်တွေ မှာပဲ ကြုံသလို စခန်းသွားနေခဲ့ရာက ပစ္စည်းစုံစုံလင်လင်ရှိတဲ့ ဈေးကြီးထဲကို ရောက်သွားရင် ကိုယ်ပြောတာကို သဘောပေါက်နိုင်မှာပါ။

ကိုယ်တို့ဆီမှာ ဈေးကြီးပေးဝယ်ရတဲ့ ပုဆိုး၊ တိုက်ပုံ၊ သိုးမွေးအကျိံစတာတွေ ၀ယ်ဖြစ်ခဲ့ပါတယ်။ တစ်ခုရယ်စရာကောင်းတာက ဒီမှာက ယိုးဒယားကပစ္စည်းကို အကောင်းစားလုပ်ရောင်းကြတာဖြစ်လို့ အဲဒီပစ္စည်းတွေကို မြင်ရပါများနေတဲ့ ကိုယ်တို့က တရုတ်ပစ္စည်းပဲပြပါလို့ပြောပြီး ၀ယ်ရတာကိုပါ။ ပထမတော့ ဈေးသည်တွေက အံ့သြကြပေမယ့် ကိုယ်တို့လာတဲ့ ဒေသကိုလည်းသိရော သဘောပေါက်သွားကြပါတယ်။ လူဆိုတာ ကောင်းမှန်းသိပေမယ့် ကြာရင်ရိုးတတ်တာ သဘာဝပဲ မဟုတ်ပါလား။

ဗိုလ်ချုပ်ဈေးထဲမှာ တစ်နေ့ခင်းလုံးကုန်အောင် မွှေနှောက်ပြီးတော့ ၀မ်းဟာလာတာမို့ ဈေးအောက်ထပ်က စားသောက်ဆိုင်မှာ စားစရာဝင်စားဖြစ်ပါတယ်။ ရန်ကုန်က စားသောက်ဆိုင်တွေ သန့်သန့်ပြန့်ပြန့်ဖြစ်လာတာ တွေ့ရတော့ တော်တော်လေးကျေနပ်မိပါတယ်။ (ဆိုင်နောက်ဖေးကိုတော့လည်း ၀င်မကြည့်မိလို့ မပြောတတ်ပါ) ဒါ့အပြင် အစားအသောက်တစ်ခုစီကိုလည်း ဈေးနှုန်းတွေ ကပ်ပြီး ရောင်းတာလည်း သဘောကျပါတယ်။ ဒါမှလည်း ကိုယ့်မှာပါတဲ့ ငွေပမာဏနဲ့ ချင့်ချိန်နိုင်ပြီး စားပြီးမှ စိတ်ညစ်ရတဲ့ အဖြစ်တွေ မကြုံရမှာပါ။ ကိုယ်တို့ဒေသမှာလည်း ဒါမျိုးဆိုင်တွေရှိလာရင် ကောင်းမယ်လို့လည်း မတွေးရဲတွေးရဲ တွေးမိပါသေးတယ်။

စားသောက်ပြီးတော့ တက်စီတစ်စီးပေါ်တက်ပြီး တည်းတဲ့ နေရာကို ပြန်ခဲ့ကြပါတယ်။ ဒါပေမယ့် ကြာကြာမနေဖြစ်ပါ။ ရေမိုးချိုး၊ ခဏနားရုံနားပြီးတော့ ရောက်တုန်းရောက်ခိုက် ရုပ်ရှင်ကြည့်ကြဖို့ မြို့ထဲကို ထွက်ခဲ့ဖြစ်ကြပြန်ပါတယ်။ တက်စီပေါ်ကဆင်းပြီး ရုပ်ရှင်ရုံတွေရှိရာကို ရောက်တော့ ရုံတော်တော်များများမှာ မြန်မာကား ခပ်ချာချာ၊ ခပ်ပေါပေါတွေပဲ တင်ထားတာတွေ့ရပါတယ်။ ကိုယ်တို့မင်းသားမင်းသမီးတွေလည်း ထုတ်လုပ်သူစိတ်ကြိုက်လိုက်ကြရင်း ငပေါ၊ ငကြောင်တွေဖြစ်နေကြတာ စိတ်မကောင်းခြင်းကြီးစွာ တွေ့ခဲ့ရပါသေးရဲ့။ သူတို့ဖာသာ ပေါချင်ပေါ၊ ပေါက်ချင်ပေါက် မြန်မာကားဆိုရင် တစ်ကားမှမကြည့်ဖို့ ၁၅နှစ်လောက် ဝေရာမဏိလုပ်ထားတဲ့ ကိုယ်တို့ကတော့ စိတ်မ၀င်စားပါ။ ရုပ်ရှင်ရုံတစ်ရုံ(ဘာရုံလဲမမှတ်မိပါ) မှာတော့ Denzal Washington ရဲ့ Unstoppable တင်နေတာတွေ့တော့ ကိုယ်အကြိုက်ဆုံးမင်းသားဖြစ်တာမို့ ရေငတ်တုန်းရေတွင်းထဲကျသလို ၀မ်းသာအားရပဲ လက်မှတ်ပြေးဝယ်ဖြစ်ပါတယ်။ ရုပ်ရှင်က ၆နာရီခွဲမှစမှာမို့ ၁နာရီကျော်ကျော်အားနေတဲ့ အချိန်ကို sight seeing လုပ်ဖြစ်ကြပါသေးတယ်။ လမ်းဘေးမှာ အကြော်ဆိုင်တွေ့လို့ မစားရတာကြာပြီဖြစ်တဲ့ ဗယာကြော်ကွင်းလေးတွေ ၀မ်းသာအားရ၀ယ်စားဖြစ်ပါသေးတယ်။ အကြော် ၅၀၀ဖိုးကို တစ်ပုံတစ်ခေါင်းကြီးရတာတွေ့တော့ တန်လိုက်တာလို့ တွေးလိုက်မိပါသေးတယ်။ ကိုယ်တို့ဆီမှာက အကြော်တစ်ခုကို ၁၀၀တောင် ပေးရတယ်လေ။ ကိုယ့်ကို ဘယ်သူမှမသိတဲ့ ဒေသရောက်နေတာမို့ လမ်းဘေးက အမဲအူသုတ်ရောင်းတဲ့ဆိုင်မှာ နှစ်ယောက်သား ထိုင်စားဖြစ်ပါသေးတယ်။ တစ်ပွဲမှ ၃၀၀ပါ။ မစားရတာကြာလို့ ထင်ပါရဲ့ စားလို့တော်တော်ကောင်းပါတယ်။

စားပြီးလို့ လမ်းဆက်လျှောက်ကြရင်း ဆိုင်တစ်ဆိုင်မှာ အားကစားအကျိံတွေ(ဘေထုပ်တွေထင်ပါရဲ့၊ ဒါပေမယ့် အသစ်တွေချည်းပါ) တစ်ထည်ကို ၁၀၀၀ဆိုတာကြောင့် ငါးထည်ရွေးဝယ်ဖြစ်ပါသေးတယ်။ ဒီကြားထဲမှာ အိမ်ရှင်မက လေ့ကျင့်ခန်းလုပ်ဖို့ အလေးဝယ်ချင်တယ်ဆိုတာကြောင့် ၀ယ်ရပါသေးတယ်။ ငါးပေါင်အလေးတစ်ခုဝယ်ပြီး အထုပ်အပိုးတွေ တနင့်တပိုးကြီးနဲ့ ၆နာရီကျော်ကျော်ရောက်မှ ရုပ်ရှင်ရုံဆီ ပြန်ရောက်ပါတော့တယ်။ ရုပ်ရှင်ကြည့်ရင် တစ်ခုခုတော့ ၀ါးနေရမှ ကျေနပ်ကြတာမို့ ရုံအောက်ထပ်မှာ စားစရာတွေထပ်ဝယ်ပြီးချိန်မှာတော့ အထုပ်တွေများသထက်များလို့ လာခဲ့ပါရောလား။

တစ်ခါမှမကြည့်ဖူးတဲ့ ရုပ်ရှင်ရုံ(အမှန်က ရန်ကုန်မှာ တစ်ခါမှကို ရုပ်ရှင်မကြည့်ဖူးတာပါ) ဖြစ်တာကြောင့် ယောင်တောင်တောင်နဲ့ပဲ တစ်ထပ်ပြီးတစ်ထပ်တက်ရင်း ကိုယ်တို့ကြည့်ရမယ့် အထပ်ကို သွားရပါတယ်။ ရုံထဲရောက်တော့ ပရိသတ်က ၁၀ယောက်တောင်မပြည့်ပါ။ နိုင်ငံခြားကားမို့ ကြည့်မယ့်သူနည်းတာဖြစ်ပါလိမ့်မယ်။ ကားက တင်ထားတာကြာနေပြီဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူပြည့်မယ်ထင်လို့ လက်မှတ်ကို ဈေးကြီးကြီးပေးဝယ်မိတာတောင် မှားတယ်လို့ ထင်မိပါတော့တယ်။ (ရုံထဲရောက်တော့ ခုံနံပါတ်ကအရေးမကြီးတော့ဘဲ ထိုင်ချင်ရာ ထိုင်လို့ရနေတာ တွေ့ရလို့ပါ) ရုပ်ရှင်က ဇာတ်လမ်းအကောင်းကြီး မဟုတ်ပေမယ့် ရိုက်ချက်တွေကောင်းတာကြောင့် ကြည့်ပျော်ရှုပျော်တော့ ရှိပါတယ်။ ကိုယ်ကလည်း ရုပ်ရှင်နဲ့ဝေးတာ ရှစ်နှစ်ကျော်နေတာကြောင့်လားမသိပါ တော်တော်လေးတော့ ကြည့်ရတာ အရသာရှိပါတယ်။ ရုပ်ရှင်ပြီးတော့ ညရှစ်နာရီကျော်ကျော်ပဲ ရှိသေးတာမို့ တည်းခိုဆောင်ကို ခဏပြန်ကြပါတယ်။

ပစ္စည်းထုပ်တွေထားပြီးတော့ အိမ်ရှင်မရဲ့မောင်ကိုပါခေါ်ပြီး
မနီးမဝေးက shopping mall တစ်ခုဆီကို တက်စီခ ၁၀၀၀အကုန်ခံလို့ သွားဖြစ်ပါသေးတယ်။
ကုတ်အကျိံတစ်ထည်ဝယ်ဖို့ ကြည့်လိုက်မိတာ တစ်ထည်ကို တစ်သိန်းခွဲဖြစ်နေတာမို့ အသာလက်ပြန်ရုပ်လိုက်ရပါတယ်။ (ဘယ်သူတွေများ ၀တ်ကြသလဲဆိုတာတော့ သိချင်လိုက်တာ) သိပ်လည်း ပုံမလှတာကြောင့် ရှိစုမယ့်စုလေး မပြောင်တာပါ။ ဘောပင်တစ်ချောင်းဝယ်ဖို့ ကြည့်ပြန်တော့လည်း ဈေးအပေါဆုံးက သုံးသောင်းပါ။
တစ်သိန်းခွဲတန်ပါ ရှိပါသေးတယ်။ တစ်သောင်းခွဲလောက်ဆိုရင်တော့ ဇွတ်မှိတ်ပြီး ၀ယ်ဖြစ်မှာဖြစ်ပေမယ့် အဲဒီလောက်ထိတော့လည်း မစွန့်ချင်ပါ။ နာရီကိုကြည့်ပြန်တော့လည်း ဈေးအပေါဆုံးက ရှစ်သိန်းပါ။ တန်းမှာချိတ်ထားတဲ့ အကျိံ်တွေကို ကြည့်မိပြန်တော့လည်း ဈေးအပေါဆုံးက ခြောက်သောင်းပါတဲ့။ အဲဒီရောက်မှပဲ ကိုယ်တော်တော်ဆင်းရဲသေးတာ သိလိုက်ရသလိုပါ။
တော်တော်ကြိုးစားဖို့လည်း လိုသေးတယ်လို့ ကိုယ့်ကိုယ်ကို သတိပေးမိပါသေးတယ်။

တန်းမှာချိတ်ထားတဲ့ Daniel Lewis ဘောင်းဘီတစ်ထည်ကို သဘောကျတာကြောင့် ကပ်ထားတဲ့ဈေးကို သာမန်ကာလျှံကာကြည့်ပြီး ကောင်တာမှာ ငွေသွားရှင်းတော့ သုံးသောင်းကျော်နေပါတယ်။ ဒီလောက်ဈေးရှိတဲ့ ဘောင်းဘီကိုတောင် ဖြစ်သလို ချိတ်ပြီးရောင်းနေတာ တော်တော်လေး ဖျားသွားပါသေးရဲ့။ Neck tie တစ်ချောင်း ၀ယ်ဖို့ ဈေးမေးလိုက်တော့ လေးသောင်းနှစ်ထောင်ပါတဲ့။ ဒါပေမယ့် မူရင်းဈေးကို ယိုးဒယားငွေနဲ့ ရေးထားတာက ဘတ်၈၀၀ပါ။ မြန်မာငွေနဲ့ဆိုရင် နှစ်သောင်းကျော်ကျော်ပဲ ရှိသင့်တာကို နှစ်ဆကျော်ဈေးတင်ထားတာတွေ့ရတော့ ငါတို့လူမျိုး သူခိုးရှိသည်ဆိုတာ သတိရခဲ့မိပါသေးတယ်။ ကိုယ့်ယောက်ဖအတွက် အ၀တ်အစားလေးတွေ ၀ယ်ပေးပြီး ပိုက်ဆံအိတ်မပြားခင်ဘဲ အမြန်ပြန်ခဲ့ရပါတယ်။ ဒီလိုဆိုင်မျိုးမှာ မြင်သမျှအကုန်သာ မျက်စိကျရရင်တော့ သိန်းရာချီပြီး ပြောင်ရလိမ့်မယ်ထင်ပါတယ်။

တက်စီတစ်စီငှားပြီး တည်းခိုရိပ်သာပြန်ရောက်တော့ ည၁၀နာရီခွဲနေပါပြီ။ လူလည်း ပင်ပန်းနေပြီမို့ ဘယ်မှထပ်မသွားဖြစ်ကြတော့ဘဲ မဟာရန်ကုန်ဒုတိယညကို အိပ်ပစ်လိုက်ပြီး ဖြတ်သန်းခဲ့ပါကြောင်း။ ။

Sunday, 2 January 2011

ရန်ကုန်သွား တောလား . . .

၁၇ရက်နေ့ကစပြီး
အိမ်ရှင်မကို ကြိုဖို့ ရန်ကုန်ခရီးရှည်ကြီးကို သွားခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် နှစ်သစ်ကူး၁ရက်နေ့ကပဲ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ရောက်ခဲ့ပါပြီ။

ကားပေါ်မှာတင် အသွားနှစ်ရက်၊ အပြန်နှစ်ရက် ကုန်ခဲ့တာမို့ ခရီးစဉ်ရဲ့ တစ်ဝက်လောက်က ကားပေါ်မှာကုန်ခဲ့တယ်လို့ဆိုရင်လည်း မမှားနိုင်ပါ။ အသွားခရီးမှာ ၁၇ရက်နေ့ မနက်ဂနာရီခွဲကနေ စပြီးကားပေါ်မှာထိုင်လိုက်ရတာ လမ်းမှာမှတ်ပုံတင်စစ်ဆေးတာခံဖို့ ကားပေါ်ကဆင်းရတဲ့ ငါးခါကလွဲရင် ကျန်တဲ့အချိန်ဟူသမျှ ကိုယ့်ခုံပေါ်မှာပဲ ခွေခေါက်ထိုင်နေရတာမို့ ပျင်းစရာကောင်းသလို ကားစီးရင်းမအိပ်တတ်တဲ့ အကျင့်ကြောင့်လည်း သူများတွေထက် ပိုပင်ပန်းသလို ခံစားရပါတယ်။

ရန်ကုန်ကို မနက်၂နာရီခွဲလောက်မှာရောက်သွားတာဖြစ်လို့ ရန်ကုန်ကိုဖြတ်သွားဖြတ်လာနှစ်ခါပဲ ရောက်ဖူးတဲ့ ကိုယ်တစ်ယောက် ညကြီးမင်းကြီးမှာ ဘယ်မှာနားလို့နားရမှန်းမသိဘဲ ပြဿနာတက်ပါတော့တယ်။ ကံကောင်းချင်တော့ ကားပေါ်မှာပါလာတဲ့ ချင်းခရစ်ယာန်သားအမိက ကိုယ့်ကိုသူတို့အိမ်မှာ လိုက်နားဖို့ဖိတ်တာကြောင့် အဆင်သင့်သွားပါတော့တယ်။ အမှန်အတိုင်းပြောရရင် ရန်ကုန်သူ၊ ရန်ကုန်သားဆိုရင် သိပ်မယုံရဘူးလို့ မွေးကတည်းကစွဲနေတဲ့ အညာသားစိတ်ကြောင့် သူတို့သားအမိခေါ်တဲ့နောက်ကို လိုက်သာလိုက်ရတယ် စိတ်ထဲမှာတော့ စိုးရိမ်နေတာပါ။ ဒါပေမယ့် ရန်ကင်းမှာနေတဲ့သူတို့အိမ်ရောက်လို့ ကောင်းကောင်းမွန်မွန်ဖော်ဖော်ရွေရွေရှိတာတွေ့တော့မှာ ရင်ထဲက အလုံးကြီး ကျသွားပါတော့တယ်။ သူများအိမ်၊ သူများယာဖြစ်တာကြောင့် ဘယ်လောက်အိပ်ယာနေရာကောင်းကောင်းနဲ့ အိပ်ရပေမယ့် ကောင်းကောင်းအိပ်လို့ မပျော်ခဲ့ပါ။ မနက်၇နာရီထိုးမှာတော့ အိပ်ရာထ၊ မျက်နှာသစ်ပြီး အိမ်ရှင်ဆရာမကို နှုတ်ဆက်ပြီး ကိုယ်အသွားချင်ဆုံးနေရာဖြစ်တဲ့ ပန်းဆိုးတန်းစာအုပ်တန်းကို ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ရန်ကုန်ပန်းဆိုးတန်းလမ်းဆိုတာကို ကြားသာကြားဖူးပြီး တစ်ခါမှမရောက်ဖူးခဲ့တဲ့ ကိုယ့်အတွက်ချင်းဆရာမက ၃၅၀၀နဲ့ဈေးဆစ်ပြီး တက်စီတစ်စီးငှားပေးလို့သာ ချောချောမောမောရောက်တာကိုလည်း ပြောရပါလိမ့်မယ်။

ပန်းဆိုးတန်းစာအုပ်တန်းရောက်တော့ စာအုပ်ဟောင်းတန်းမမြင်ရတာဆယ်စုနှစ်နီးပါးကြာခဲ့ပြီဖြစ်တဲ့ ကိုယ့်အတွက်တော့ ပိုင်ရှင်မရှိတဲ့ ရတနာသိုက်ကြီးတွေ့သလို ၀မ်းမြောက်ဝမ်းသာဖြစ်သွားပါတယ်။ ဗဟိုတရားရုံးရှေ့ကနေ လမ်းဘေးစာအုပ်ဆိုင်တွေကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်မွှေလိုက်နှောက်လိုက် ၀ယ်လိုက်တာ မနိုင်မနင်းဖြစ်တဲ့အထိပါပဲ။ သူတို့မြို့က ဒီမနက်မှထွက်လာမယ့် အိမ်ရှင်မကိုလည်း ဖုန်းခေါ်လို့မရတာကြောင့် ရန်ကုန်မြို့လယ်မှာ တစ်ယောက်တည်း ယောင်ချာချာဖြစ်ရင်း နေ့လည်၁၁ထိုးသွားပါတော့တယ်။ ပန်းဆိုးတန်းတစ်လျှောက်တွေ့သမျှ စာအုပ်ဟောင်းဆိုင်၊ စာပေတိုက်မှန်သမျှ အငမ်းမရ ၀င်ဝယ်ဖြစ်တာမို့ စာအုပ်တပုံတပင်နဲ့လူလည်း မနိုင်မနင်းဖြစ်လို့နေပြီမို့ ပန်းခြံတစ်ခုခုမှာ သွားပြီးနားဖို့ စိတ်ကူးမိပါတယ်။ ခက်တာက ရန်ကုန်မှာဘာပန်းခြံတွေရှိသလဲမသိတာကြောင့် တက်စီတစ်စီးခေါ်ပြီး ကားသမားကိုမေးရပါတော့တယ်။ ကားသမားက ကော်ဖီဆိုင်တစ်ဆိုင်ဆိုင်မှာနားဖို့ အကြံပေးတာကြောင့် မနီးမဝေးက J Doughnuts ကိုသွားဖို့ စိတ်ကူးရပါတယ်။ ဆိုင်ရှေ့ရောက်တော့ လူများလွန်းတာတွေ့ရလို့ ကားသမားက ခပ်လှမ်းလှမ်းက Ruby Mart ကိုပဲ မောင်းပို့တာကြောင့် တောသားမြို့ရောက် ဦးဟန်ကြည်တစ်ယောက် Shopping Mall ဆီကို မျက်စိသူငယ်နားသူငယ်နဲ့ အရှင်လတ်လတ်ရောက်ရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကိုယ့်ဖို့ဆိုတဲ့စကားလုံးကို စိတ်ထဲကရွတ်ရင်း ခပ်တည်တည်ပဲ ၀င်ချသွားလိုက်ပါတယ်။ ဆိုင်ထဲရောက်တော့ မသယ်နိုင်အောင် လေးလာပြီဖြစ်တဲ့ စာအုပ်ထုပ်ကြီးကို ကောင်တာမှာတင် အပ်ပစ်ခဲ့ပြီး အပေါ်ထပ်တက်လို့ Window Shopping လုပ်ငန်းစပါတော့တယ်။ ၀ယ်တာမ၀ယ်တာအပထား အထင်တော့အသေးမခံရစေဘူးဆိုတဲ့ ရည်မှန်းချက်နဲ့ ကောင်းပေ့၊ ဈေးကြီးပေ့ဆိုတဲ့ ပစ္စည်းတွေကိုပဲ အားပါးတရကြည့်ခဲ့ပါတယ်။

http://perfectmagazineonline.com/journal/perfect_news/images/upload/dec2010/ygn/1.jpg

၁နာရီလောက်ကြာအောင် လှည့်ပတ်ကြည့်ပြီးချိန်မှာတော့ ဆိုင်ဝန်ထမ်းတွေလည်း ကိုယ့်ကိုမျက်စိစပါးမွေးစူးလောက်ပြီမို့ မြေညီထပ်ကိုဆင်းပြီး ကော်ဖီဆိုင်မှာနားဖြစ်ပါတယ်။ ကိုယ်တိုင်မှာရတ
ဲ့ ရန်ကုန်စံနစ်ကို အထာမကျသေးတာမို့ နာရီဝက်လောက်ကြာအောင် တငုတ်တုတ်တုတ်နဲ့ထိုင်ခဲ့ရပြီး သူများတွေကိုကြည့်မှ သဘောပေါက်တာကြောင့် ခပ်တည်တည်နဲ့ ကောင်တာကိုသွားပြီး espresso တစ်ခွက်မှာသောက်ဖြစ်ပါတယ်။ ရေနွေးကြမ်းခွက်သာသာခွက်လေးနဲ့ ထည့်ပေးတဲ့ အဲဒီ espresso ခါးခါးတူးတူးကြီးကို ကြိတ်မှိတ်မြိုချရင်း ဘုမသိဘမသိနဲ့ တွေ့ကရာမှာမိတဲ့ ကိုယ့်ကိုယ်ကိုပဲ မေတ္တာပို့မိပါတော့တယ်။ ခဏကြာတော့ ကော်ဖီဆိုင်ဘေးက စီဒီဆိုင်မှာ သီချင်းခွေဝယ်ဖြစ်ခဲ့ပါတယ်။ ကိုယ်တို့ဆီမှာ ဘယ်လိုမှရှာလို့မရတဲ့ Black More's Night, Presley, Beetles ခွေတွေ အားရပါးရ၀ယ်ဖြစ်ခဲ့ပါတယ်။ ဒါတွေအပြင် online ပေါ်ကနေ မ၀ရေစာ download ချယူနေရလို့ စိတ်တိုင်းမကျခဲ့တဲ့ Beethoven, Mozart တို့ရဲ့ တီးလုံးခွေတွေလည်း ၀ယ်ဖြစ်ခဲ့ပါသေးတယ်။ ၀ယ်ထားတဲ့ခွေတွေအတွက်ငွေရှင်းမယ်လုပ်နေတုန်းမှာ မရှောင်လွဲနိုင်တဲ့ သဘာဝရဲ့ခေါ်သံကြောင့် ခွေဆိုင်ကို တောင်းပန်ပြီး အိမ်သာဆီကိုပြေးရပါသေးတယ်။ ဖြစ်ချင်တော့ မြေညီထပ်မှာ အမျိုးသားအိမ်သာက တစ်လုံးပဲရှိတာကြောင့် ကိုယ်ရောက်သွားချိန်မှာ မအားတာနဲ့ကြုံနေတာမို့ အန္တရာယ်ကို အသာလွယ်ရင်း ဒုတိယထပ်ထိရောက်အောင် စက်လှေခါးစီးလို့ ဗိုက်ပြဿနာကို ဖြေရှင်းခဲ့ရပါသေးတယ်။ တိုးတက်လှတဲ့ ကိုယ်တို့တိုင်းပြည်ဖြစ်တာနဲ့အညီ ကိစ္စ၀ိစ္စတွေပြီးလို့ ရေဆွဲချလိုက်တဲ့အခါ ဝေါခနဲမမြည်ဘဲ ပလုံခနဲမြည်သံသာကြားရတာမို့ မသင်္ကာတာကြောင့် အဖုံးဖွင့်ကြည့်တော့ အိမ်သာခွက်တစ်ခုလုံး ရေတွေပြည့်နေတာတွေ့ရပါတော့တယ်။ ကိုယ်လည်း ဘာမှမလုပ်တတ်တော့တာမို့ ခပ်တည်တည်နဲ့ အဖုံးအသာပြန်ဖုံးပြီး ခပ်မြန်မြန်ဘဲလစ်ခဲ့ရပါတော့တယ်။

ပြဿနာရှင်းပြီးတော့ ခွေဆိုင်ပြန်ဆင်းပြီး ငွေရှင်းပြီးတဲ့အခါ နေ့လည်၃နာရီလည်း ကျော်နေပြီမို့ အပြင်ထွက်ခဲ့ရပါတယ်။ တွေ့တဲ့ဆိုက်ကားတစ်စီးကိုငှားပြီး ပန်းဆိုးတန်းဘက်ပြန်သွားမယ်အလုပ်မှာ အိမ်ရှင်မဆီက ဖုန်းဝင်လာပြီး သူတို့ရန်ကုန်ကိုရောက်ပြီဆိုတာ အကြောင်းကြားတော့တာမို့ ပန်းဆိုးတန်းဘက်သွားမယ့်အစား တက်စီတစ်စီးပေါ်တက်ပြီး ကိုယ်တို့တည်းဖို့ စီစဉ်ထားတဲ့ သတ္တမနေ့ ဥပုသ်သင်းရှိရာ ဦးဝိစာရလမ်းဘက်ကို မြန်မာကျပ်ငွေ ၃၅၀၀အကုန်ခံပြီး အိမ်ရှင်မတို့မောင်နှမတွေကို သွားပြီး အကြိုထောက်ရပါတော့တယ်။

ဝယ်လာခဲ့တဲ့ စာအုပ်ထုပ်ကို ဖင်ခုထိုင်၊ စာအုပ်တစ်အုပ်ကိုထုတ်ဖတ်ရင်း အသင်းတော်ရှေ့က လမ်းမီးတိုင်အောက်မှာ အိမ်ရှင်မတို့တစ်အုပ်ကို ၁နာရီကျော်ကျော်စောင့်ပြီှးမှ တက်စီတစ်စီးနဲ့ မောင်နှမတွေ တစ်အုပ်တစ်မကြီးရောက်လာကြပြီး မွေးကတည်းက တစ်ခါမှမမြင်ဖူးတဲ့ ယောက်ဖတွေ၊ ခယ်မတွေကို အိမ်ရှင်မနဲ့အတူ တွေ့ရပါတော့တယ်။

ပစ္စည်းတွေနေရာချပြီးတော့ ခဏတောင်မနားရတော့ဘဲ နေပြည်တော်ကို ချက်ချင်းပြန်ရမယ့် ခယ်မဖြစ်သူအတွက် ကားလက်မှတ်ဝယ်ဖို့၊ မန္တလေးကို ပြန်ကြမယ့် ယောက်ဖရဲ့ မိန်းမကို ဘူတာကြီးလိုက်ပို့ဖို့ ပြန်ထွက်ရပါတော့တယ်။ အဲဒီတစ်ညနေလေးတင်ပဲ အောင်မင်္ဂလာကားကွင်းကို အသွားအပြန်နှစ်ခေါက်သွားရတာမို့ တက်စီခ ၁၆၀၀၀ကျသွားပြီး ဦးဟန်ကြည်ခမျာ
နှမြောစိတ်လေးအသာဖယ်လို့ မချိပြုံးလေးသာပြုံးရင်း ရန်ကုန်မှာ ပထမနေ့ ကုန်ခဲ့ရပါကြောင်း။ ။

Sunday, 26 December 2010

သွားရကံကြုံ . . .

ခရစ်စမတ်ပြန်သွားတဲ့
အိမ်ရှင်မကို သွားကြိုဖို့ မနက်ဖြန် ရန်ကုန်ဆင်းရပါမယ်။
ကိုယ့်ကျောင်းသားတွေကတော့ ကျောင်းသုံးရက်ကျော်ပိတ်ရမှာမို့ ပျော်နေကြပါရဲ့။ ဒါပေမယ့် ရန်ကုန်မှာကြာကြာမနေဘဲ အမြန်ပြန်ပြီး စာသင်ချိန်အပျက်နည်းအောင် ကြိုးစားပေးရပါလိမ့်မယ်။ စာမေးပွဲဖြေဖို့လည်း နှစ်လကျော်ပဲကျန်တော့တာမို့ပါ။

ခရီးသွားပျင်းလှတဲ့ ဦးဟန်ကြည်တစ်ယောက် ဒီတစ်ခါတော့ အိမ်ရှင်မကောင်းမှုနဲ့ ခရီးအဝေးကြီး သွားဖို့ကံကြုံရပြီ ဖြစ်ပါကြောင်း။ ။

Friday, 24 December 2010

ခရစ်တော်နှင့် ပိုက်ဆံအိတ် . . .

နောက်နာရီဝက်ဆိုရင်
ခရစ်ယာန်ဘာသာဝင်တို့ရဲ့ သခင်ခရစ်တော် မွေးဖွားသန့်စင်တဲ့ အချိန်အခါသမယကို ရောက်ပါတော့မယ်။ တစ်နည်းပြောရရင်တော့ ထူးမြတ်တဲ့ ခရစ်စမတ်အခါတော် ရောက်ပါတော့မယ်။

အခါတိုင်းနှစ်တွေဆိုရင် ဒီညမျိုးမှာ အိမ်ရှင်မနဲ့အတူ ခရစ်စမတ်ကူစောင့်ရင်း ဘုရားသီချင်းဆိုဖို့ ဂစ်တာတီးပေးနေကျပါ။ သူများတွေကတော့ သက်ဆိုင်ရာ ဘုရားကျောင်းမှာ ခရစ်စမတ်ကြိုကြရင်း ပျော်ကြပါးကြပေမယ့် ကိုယ်နဲ့အနေများလို့ ကိုယ့်စိတ်ဓာတ်ပါကူးကုန်တဲ့ အိမ်ရှင်မကတော့ ဘုရားကျောင်းသွားပြီး ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဖြစ်မှာကို စိတ်မပါတော့တာကြောင့် အခါတော်ကျမှပဲ ဘုရားကျောင်းသွားတာ များပါတယ်။ ဒါကလည်း ကလိယုဂ်ဆုတ်ကပ်ဆိုတဲ့ သဘာဝအရ ဘာသာတရားတွေက မွန်မြတ်ကြပေမယ့် ဘာသာဝင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေက အားနည်းလာတာကို ပြနေသလိုပါ။ ဘယ်သူတွေတရားပျက်ကြပေမယ့် ကိုယ်တိုင်တရားမပျက်ဖို့လည်း အမျိုးသမီးကို မကြာမကြာ အားပေးရတာ ပြန်သတိရဖြစ်ပါတယ်။

ညနေက အိမ်ရှင်မနဲ့ ဖုန်းဆက်ဖြစ်တော့ နောက်နှစ်ဆန်းပိုင်းမှပဲ ပြန်လာမယ်လို့ ဆိုပါတယ်။ မောင်နှမတွေ စုံစုံလင်လင် တွေ့ကြတဲ့ပွဲဖြစ်တာမို့ ပျော်နေကြပုံရလို့ မုဒိတာပွားရပါတယ်။ ကိုယ့်မှာလည်း အခုထိမမြင်သေးတဲ့ ယောက်ဖတွေ၊ ခယ်မတွေကို အဝေးကလှမ်းပြီး ဖော်လံဖားနေရတာလည်း တစ်နေ့တစ်နေ့ အမောပါ။ ပါသွားတဲ့ လက်ဆောင်တွေ မျက်နှာကြောင့်လား၊ တကယ့်အရှိကိုများပြောသလား မတွေးတတ်ပေမယ့် ညနေက ဖုန်းဆက်တော့ ခယ်မတော်က “တို့အစ်ကိုကြီးက ချောတယ်”လို့ လှမ်းပြီး ထောပနာပြုလိုက်တာကြောင့် ငချိတ်ရောင်ကဲပြီး သပိတ်လိုမဲနေတဲ့ ဦးဟန်ကြည်တစ်ယောက်တော့ ဖရဏာပီတိမှာ ဂွမ်းဆီထိပြီး
“လိုတာရှိလဲ လှမ်းမှာနော်”လို့ အဆစ်ကလေးပါ ထည့်ပြောလိုက်မိပါကြောင်း...။ ။

စကားချပ်။ ။
ပါသွားတဲ့ ပိုက်ဆံတွေ ကုန်သွားတာကြောင့် ဘဏ်ဖွင့်ရင် ပိုက်ဆံလွှဲပေးဖို့ အိမ်ရှင်မက ရာဇသံပေးတဲ့အတွက် ဦးဟန်ကြည်တစ်ယောက် ပိုက်ဆံအိတ်ကို ပွတ်နေမိပါကြောင်း...

Sunday, 19 December 2010

ခြင်္သေ့လည်ပြန် . . .

အိမ်ရှင်မ ခရီးသွားနေတာ ဒီနေ့နဲ့ဆိုရင် ၅ရက်ရှိပါပြီ။

အရင်က ကိုယ်ရေးတဲ့ပို့စ်တွေမှာ အိမ်ရှင်မအကြောင်း တစ်ခါမှထည့်မရေးဖြစ်ပါ။
ကိုယ်တိုင်က ကိုယ့်အိမ်ရှင်မ တော်ကြောင်းကို သူများတွေသိအောင် ပြောရမှာ ရှက်တတ်တာကြောင့်လည်းပါသင့်သလောက်ပါသလို အရင်ကတည်းက ချစ်တယ်၊ ကြိုက်တယ်ဆိုတာတွေကို သိပ်ပြီးအလေးတယူ မရှိတတ်တာကြောင့်လဲ ပါပါတယ်။ တစ်ယောက်တည်း တွေးချင်ရာတွေး၊ ဖတ်ချင်ရာဖတ်၊ သွားချင်ရာသွားနေရတဲ့ အရသာကို မြတ်နိုးလွန်းတာကြောင့် ကျောင်းသားဘ၀တစ်လျှောက်လုံးလည်း ဘာရည်းစားမှမထားခဲ့ဘဲ ခပ်ရှင်းရှင်းပဲ နေခဲ့တာပါ။

ဒါတင်ပဲလားဆိုရင် အနားမှာလာပြီး တွတ်တီးတွတ်တာ စကားပြောတာ၊ စိတ်ကောက်တာ၊ သ၀န်တိုတာတွေကိုလည်း အင်မတန်မှ ကလေးဆန်တဲ့အလုပ်တွေလို့ ယူဆခဲ့တာပါ။ သမီးရည်းတို့ဘာသာဘာဝ လျှောက်လည်ကြတာ၊ စိတ်ထဲကမပါလည်း ကိုယ့်ရည်းစား စိတ်ချမ်းသာအောင် လိမ်ပြော၊ ညာပြောရတာ၊ မအားတဲ့ကြားက ရည်းစားစိတ်ကြိုက် လိုက်ပို့ရပြုရတာတွေကို သူငယ်ချင်းသမီးရည်းစားအတွဲတွေကို ကြည့်ရင်းကပဲ စိတ်ကုန်လွန်းတာကြောင့် ဘယ်မိန်းကလေးကိုမှ မပတ်ခဲ့သလို ပတ်သက်လာမယ်ထင်ရင်လည်း ခပ်ဝေးဝေးကပဲ ကြိုရှောင်ခဲ့ပါရဲ့။ ကိုယ်ကနည်းနည်းရှောင်လိုက်ရုံနဲ့ မိန်းကလေးတို့သဘာဝကိုက သူတို့ကို စိတ်ဝင်စားဟန်မပြရင် ပထမပိုင်းတော့ မခံချိမခံသာ ဖြစ်တတ်ကြပေမယ့် ကြာလာရင် “အတော်ကြီးကြယ်တဲ့ကောင်”လို့ သမုတ်ပြီး ကိုယ့်ကိုမြင်ရင် ခပ်ဝေးဝေးက ရှောင်ကြတော့တာများပါတယ်။ ကိုယ်လိုချင်တာကလည်း ဒီအခြေအနေမျိုးပဲမို့ ကျောင်းသားဘ၀ကို ကိုယ့်စိတ်နဲ့ကိုယ် မင်္ဂလာရှိရှိနဲ့ ပျော်ပျော်ကြီးဖြတ်သန်းခွင့်ရခဲ့ပါရဲ့။ ကြာလာတော့ ပွင့်ပွင့်လင်းလင်းရှိလှတဲ့ ကိုယ့်မေမေကပါ “သားကိုကြိုက်မယ့်လူများမရှိလို့လား”လို့ပါ မေးယူရလောက်အောင် ချစ်တာတွေ၊ မေတ္တာတွေကို စိတ်ဝင်စားမှု နည်းခဲ့တာပါ။ အဲဒီလို နေခဲ့ပေမယ့် စာရေးခြင်းအနုပညာကို ၀ါသနာထုံလွန်းတာကြောင့် ကဗျာတွေ၊ ၀ထ္ထုတိုတွေရေးရင်တော့ အငှားစိတ်ကူးယဉ်ပြီး သဘာဝမကျကျအောင်ရေးပြီး စာဖတ်သူကို လှည့်စားခဲ့နိုင်ပါတယ်။ ဒါကြောင့်လဲ ကျောင်းသားဘ၀တုန်းက ကိုယ်ရေးခဲ့တဲ့ ကဗျာတွေကိုဖတ်တဲ့ သူငယ်ချင်းတွေက မိန်းကလေးတွေကို ကိုယ်သိပ်စိတ်မ၀င်စားလှတာနဲ့ ပတ်သက်ရင် အမြဲလို သံသယရှိတာကို ကျောင်းသားဘ၀တစ်လျှောက်လုံး ခံခဲ့ရပါရဲ့။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အသိဆုံးမို့ သူငယ်ချင်းတွေ ပြောသမျှ၊ သံသယတွေကို ရယ်ရယ်မောမောနဲ့ပဲ ရင်ဆိုင်ခဲ့နိုင်ပါတယ်။

ဒါပေမယ့် အချိန်တန်တော့ နွားပိန်ကန်စမြဲဖြစ်တဲ့ လူ့သဘာဝအရ
အခုကိုယ့်အိမ်ရှင်မ ဖြစ်လာမယ့်သူနဲ့ တွေ့ပြီး ရည်းစားထားတာ အိမ်ထောင်ပြုဖို့ ဆိုတဲ့ ကိုယ့်မူနဲ့ကိုယ်ပဲ တစ်အိုးတစ်အိမ် ထူထောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်တို့ရည်းစားသက်တန်းတလျှောက်မှာတော့ ကိုယ့်ဇနီးလောင်းကို မိုးလောက်ကြီးချစ်ပါတယ်၊ တစ်လောကလုံးမှာ ခင်သာအလှဆုံး၊ အာကာကိုလွှာပုံပြုလို့ မေယုကိုလည်း စုတ်တံမချီခဲ့သလို သမုဒ်ကိုလည်း မင်ရည်ဖျော်ပြီး ချစ်တယ်ကြိုက်တယ်ဆိုတဲ့ စကားတွေကို ကိုယ့်ဝထ္ထုတွေထဲက ဇာတ်ကောင်တွေလောက် ဖောချင်းသောချင်း မသုံးခဲ့ရိုးအမှန်ပါ။ ကိုယ်ကတော့ သူ့ကို ကိုယ်တို့ရှေ့ဆက်ရမယ့် ဘ၀စီမံချက်တွေကိုပဲ ပြောဖြစ်ခဲ့တာ များပါတယ်။ ခပ်ငယ်ငယ်ကလေးကတည်းက မိဘနဲ့တောင် နွေးနွေးထွေးထွေး မနေတတ်ခဲ့တဲ့ ကိုယ့်အတွက် အခုလိုနေတာထိုင်တာဟာ မထူးဆန်းပေမယ့် မိန်းကလေးဖြစ်တဲ့ သူ့ခမျာမှာတော့ ကိုယ့်ကိုတော်တော်သည်းခံခဲ့ရရှာမှာ အခုလိုဝေးနေမှပဲ သနားမိပါတော့တယ်။

အခုတော့လည်း အိမ်မှာတစ်ယောက်တည်းယောင်ချာချာဘ၀နဲ့ ခရီးသွားနေတဲ့ အိမ်ရှင်မကို သတိတရရှိရင်းက ဆရာစိုင်းခမ်းလိတ်ရေးခဲ့တဲ့ “ခြင်္သေ့လည်ပြန်”သီချင်းကိုပဲ မကြာမကြာ နားထောင်ဖြစ်နေပါရဲ့လေ။ ။




ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger