Wednesday, 27 April 2011

နေပြည်တော်သွား တောလား(၄)

၂.၄.၂၀၁၁
(စနေနေ့)
 ဒီနေ့တော့ မနက်စောစော အိပ်ရာထပြီး ထုံးစံအတိုင်း ထမင်းသွားစားကြပါတယ်။ စားသောက်ပြီးတော့ ဖူးချင်နေတဲ့(တကယ်တော့ သွားစရာနေရာမရှိတော့တာကြောင့်လည်း ပါပါတယ်) နေပြည်တော်က ရွှေတိဂုံ(ဥပါတသန္တိစေတီတော်)ကို သွားကြပါတယ်။ ထုံးစံအတိုင်း ဝေးလွန်းလှတဲ့ တကွေ့တပတ်ခရီးကို နေပူကြဲကြဲမှာ ဆိုင်ကယ်နဲ့ တပင်တပန်းကြီး သွားရပြန်ပါတယ်။ ဘယ်လောက်ပဲပူပါစေ ရောက်မှတော့လည်း သွားသင့်တယ်ထင်တဲ့ နေရာတွေကို သွားကိုသွားရမယ့်တာဝန် ရှိတယ်မဟုတ်ပါလား။ မသွားဖြစ်ခဲ့ပြန်ရင်လည်း လာရ၊ ပင်ပန်းရကျိုး နပ်တော့ မှာမဟုတ်ပါ။

ဆိုင်ကယ်နဲ့ နာရီဝက်ကျော်ကျော်သွားပြီးမှ ရွှေတိဂုံကိုရောက်ပါတယ်။ လမ်းမကနေကြည့်ရင် မြင်နေရတာကြောင့် နီးတယ်ထင်ခဲ့မိပေမယ့် တကယ်သွားတော့ ကွေ့ပတ်သွားနေရတာကြောင့် လိုတာထက်ပိုကြာသွားတာပါ။ စေတီတော်က ရန်ကုန်ရွှေတိဂုံနဲ့ တူနိုင်သမျှတော့ တူအောင်တည်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲတူအောင် လုပ်ထားပါစေ အတုအယောင်လို့ စိတ်ထဲမှာ ထင်နေတာက ဆိုးပါတယ်။
 
 
 
 
ကိုယ်တို့ရောက်သွားချိန်မှာ အလှူပေးနေတာနဲ့ ကြုံတာကြောင့် မမြင်ရတာကြာပြီဖြစ်တဲ့ အညာအလှူကိုပါ ဓာတ်ပုံရိုက်ထားမိပါတယ်။ တကယ်တော့ အပေါ်ပူ အောက်ပူ ဒေသကြီးမှာ အပူချိန်အမြင့်ဆုံးဖြစ်တဲ့ ဧပြီလကြီးဖြစ်ပြန်တော့ အလှူပရိသတ်တွေ လိမ်းထားခြယ်ထားလိုက်ကြတဲ့ မိတ်ကပ်တွေထူထူပိန်းပိန်းနဲ့ ဘယ်လောက်များ ၀ဋ်ခံလိုက်ကြမလဲလို့ စဉ်းစားမိပါသေးရဲ့။ ဒါပေမယ့် သူ့အရပ်နဲ့ သူ့ဇာတ်ကတော့လည်း ဟုတ်လို့နေပါသေးတယ်။ ကားတွေဆယ်စီး၊ ဆယ့်ငါးစီးလောက်ပေါ်မှာ ပရိသတ်တွေအပြည့်အသိပ်တင်လို့ ကတဲ့ခုန်တဲ့လူကလည်း အလှူနဲ့လားလားမှ မဆိုင်တဲ့ သီချင်းတွေဖွင့်ပြီး ကနေခုန်နေကြတာ အားရစရာ ကောင်းနေပါတော့တယ်။
 
ဆိုင်ဆိုင်မဆိုင်ဆိုင် တို့ကတော့ ကရရင်ပြီးရော...

ထမ်းစင်မစီး ထီးရိပ်ကယ်ခို...

သူ့အရပ်နဲ့ သူ့ဇာတ်...
 စေတီတော်ခြေရင်းမှာ ဆင်ဖြူတော်ရုံတွေ့ရတာကြောင့် ထူးထူးဆန်းဆန်း ၀င်ကြည့်ဖြစ်ပါသေးတယ်။ ဒီဆင်တွေကတော့ ကိုယ်တို့ဆီမှာ မကြာမကြာ အလေးအမြတ်ပြုပြီး ပြပြနေတဲ့ ဆင်ဖြူတော်တွေပါ။ ဆင်ဖြူနှစ်ကောင်နဲ့ ဆင်မည်းပေါက်စ တစ်ကောင်တွေ့ပါတယ်။ အလှူလှည့်လာကြတဲ့ ပရိသတ်က ဆင်ဖြူတော်ရုံပေါ်တက်ကြတော့ ဖိနပ် တွေချွတ်ကြတာတွေ့တာကြောင့် ကိုယ်တို့လည်း ယောင်ဝါးဝါးနဲ့ ဖိနပ်တွေ ချွတ်ကြပါတယ်။ ဒါပေမယ့် ဖြူရုံမကဘဲ ရွှေရောင်ပေါက်ချင်ပေါက်နေပါစေ တိရစ္ဆာန်ဟာ တိရစ္ဆာန်ပဲမို့ ကိုယ်ကတော့ ခပ်တည်တည်ပဲ ဖိနပ်စီးထားလိုက်ပါတယ်။ ဒါပေမယ့် အကျင့်ပါနေတဲ့ မျက်စိတွေကတော့ သူများတွေကို အကဲခတ်နေမိသေးပါရဲ့။ နောက်ဆုံးမှာ ဆင်ဖြူတော်ဘေး မှာ ထိုင်နေကြတဲ့ ၀န်ထမ်းတွေက ဖိနပ်တွေစီးထားတာမြင်မှ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ပြန်ရှိလာတာတော့ ၀န်ခံရပါလိမ့်မယ်။ ဘာလေးပဲမြင်မြင် ဖိနပ်လေးချွတ်ပြီး အရိုအသေပေးချင်တဲ့ ကိုယ့်လူမျိုးနဲ့တော့ မည်းမည်းမြင်သမျှအားလုံးဟာ အရိုအသေပြုခံတွေချည်း ဖြစ်နေပါ တော့တယ်။
 
ဆင်ဖြူတော်မီပြီး ကြံစုပ်မယ်ထင်ပါ့...
 

 
ဆင်ကြည့်ပြီင်္းပြန်တော့ ဘုရားပေါ်တက်ဖူးဖြစ်ပါတယ်။ ရင်ပြင်တော်ကြီးက တော်တော်ကိုကျယ်ကျယ်ဝန်းဝန်း ရှိလှပါရဲ့။ ဒါပေမယ့် ရန်ကုန်ရွှေတိဂုံလို စောင်းတန်းတွေ၊ တန်ဆောင်းတွေ မဆောက်ရသေးတာကြောင့် ပူပူလောင်လောင်ကြီးထဲမှာ နေကာမျက်မှန်တပ်လို့ ကိုယ့်ကိုယ်ကိုညာရင်း ခပ်တည်တည်နဲ့ ကျောက်ပြားပူပူတွေကို နင်းလို့သွားခဲ့ရပါတယ်။ အလှူလာ ပေးကြတဲ့ပရိသတ်ကတော့ ပူလို့ပူမှန်းသိပုံမရဘဲ တပျော်တပါးကြီး ဘုရားကိုပတ်နေကြလေရဲ့။ 
 
ဘုရားပေါ်က လှမ်းမြင်ရတဲ့ ဆင်ဖြူတော်ရုံ...

 
 ဘုရားထဲ ၀င်ဖူုးတော့ တော်တော်လေးခမ်းခမ်းနားနားဖြစ်အောင် တည်ထားတာ သတိထားမိပါတယ်။ မျက်နှာကျက်တွေကအစ ဆေးရေးကနုတ်တွေနဲ့ ကျကျနနလုပ်ထားပါတယ်။ အတွင်းနံရံပတ်လည်မှာ ဘုရားရှင်ရဲ့ဖြစ်တော်စဉ်တွေ သင်္ဃာယနာ တင်တဲ့သမိုင်းကြောင်းတွေကို ရုပ်ကြွကျောက်ဆစ်ကြီးတွေနဲ့ ပူဇော်ထားတာလည်း တွေ့ရပါတယ်။ ဘုရားထဲဝင်လှည့်ပတ် လေ့လာပြီးတာနဲ့ အပြင်ထွက်ပြီး ပူပူလောင်လောင်ကျောက်ပြားတွေပေါ်နင်းလို့ ဓာတ်ပုံလေးဘာလေး ရိုက်ပြီး နေမ၀င်ခင် ရေပန်းဥယျာဉ်ဘက်သွားဖို့ တက်သုတ်ရိုက်ရပြန် ပါတော့တယ်။
 

စေတီတော် အတွင်းပရ၀ုဏ်...

တခမ်းတနား မျက်နှာကြက်တော်...


ရင်ပြင်တော် အကျယ်ကြီး...

 
နေပြည်တော် ရေပန်းဥယျာဉ်ကတော့ နေပြည်တော် ပျဉ်းမနားကားလမ်းမကြီးပေါ်မှာ ရှိပြီး မြို့မဈေးနဲ့လည်း မနီးမဝေးရှိ တာမို့ အပန်းဖြေတဲ့လူများပါတယ်။ ၀င်ကြေးက လူကြီး၃၀၀ ကလေး၂၀၀ဆိုတော့ သိပ်မများပါ။ ကင်မရာခွန်ကလည်း ၁၀၀၀ပဲကျပါတယ်။ ရေပန်းဥယျာဉ်လို့နံမည်တပ်ထားပေမယ့် ရိုးရိုးပန်းဥယျာဉ်နဲ့သိပ်မကွာပါ။ သီချင်းတီးလုံးအလိုက် လှုပ်ရမ်းနေတဲ့ ဂီတရေပန်းတစ်ခုရှိတာကြောင့် ဒီနံမည်တပ်ထားတာ ဖြစ်မယ်ထင်ပါတယ်။ မြေအနေအထားက တောင်ကုန်း၊ ဆင်ခြေလျှောတွေ စသည်ဖြင့် အမျိုးမျိုးရှိနေတာကြောင့် မြက်ခင်းပြင်တွေ ပန်းပင်တွေနဲ့ ပြင်လိုက်ဆင်လိုက်တဲ့အခါ ကြည့်ပျော်ရှုပျော်ရှိတဲ့ ပန်းခြံဖြစ်လာပါတယ်။ ပန်းခြံထဲမှာ ရေတံခွန်ငယ်တစ်ခုတွေ့ရသေးတယ်။ ရေတံခွန်နဲ့ မနီးမဝေးမှာ တော့ ရေကူးကန်ရှိပါတယ်။
ရေပန်းဥယျဉ်ထဲက ကြိုးတံတား...

လူုလုပ်ရေတံခွန်ငယ်...

ဥယျာဉ်ထဲက ရေကူးကန်...

ညပိုင်းရောက်ရင်...
ရေကူးကန်ဆိုပေမယ့် လူကြီးခါးလောက်ပဲနက်တဲ့ အင်္ဂတေကန်ပါ။ ရေဆင်းကူးမယ်ဆိုရင် တစ်ယောက်ကို ၃၀၀ ပေးရပါတယ်။ ဘောကွင်းငှားချင်ရင်တော့ တစ်နာရီကို ၅၀၀ ပါတဲ့။ တူတော်မောင်နှစ်တန်းကျောင်းသားက ရေကူးချင်ပါတယ်ဆိုတာကြောင့် ရေထဲဆင်းဖြစ်ပါတယ်။ ကန်ကြမ်းပြင်က ရေညှိတွေကြောင့် မတ်တပ်ကောင်းကောင်းရပ်လို့မရပါ။ ရေလွှာလျှောစီးချင်ရင် ၅ခါစီး ၁၀၀၀ပေးရပါတယ်။ ကလေးက စီးချင်တယ်ဆိုတာကြောင့် ကိုယ်ပါတက်စီးကြည့်ပါတယ်။ ပေါင် ၁၆၀ ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုမှမလျှောဘဲ ဖြစ်နေတာကြောင့် စိတ်ပျက်လက် ပျက်နဲ့ပဲ လျှောစင်ဘေးနခမ်းကို လက်နဲ့တွန်းပြီး ကိုယ့်ဖာသာလျှောချယူရပါတော့တယ်။ သူ့ရေလွှာလျှောက အဲဒီလို အရည်အချင်းကောင်းတွေ ရှိလို့ဖြစ်ပါလိမ့်မယ်။ ဘယ်သူမှလဲ စီးတာမတွေ့ပါ။

ရေကူးကန်ဘေးမှာ သန့်စင်ခန်းတစ်ခုရှိပါတယ်။ ရေကူးကန်က ရေညစ်ပတ်တွေကို မသတီတာကြောင့် သန့်စင်ခန်းမှာ ရေချိုးဖို့ ၃၀၀ ပေးပြီး ၀င်သွားမိပါတယ်။ အထဲမှာ မြင်မြင်သမျှကတော့ မအန်မိအောင် တော်တော်ထိန်းထားရတဲ့ မြင်ကွင်းပါ။ အိမ်သာတွေကလည်း ထုံးစံမပျက် ညစ်ပတ်မြဲညစ်ပတ်လျှက်ပါပဲ။ ရေချိုးဖို့ လုပ်ထားတဲ့ရေပန်းတွေကလည်း ကျိုးတဲ့ဟာကျိုး၊ ပျက်တဲ့ဟာပျက်နေပါပြီ။ သန့်စင်ခန်းကြမ်းပြင်တွေလည်း ပေရေညစ်ပတ်လို့ နေပါသေးရဲ့။ ဒါပေမယ့် ဘာမဆို ဖြစ်သလိုနေ၊ ကြုံသလိုပျော်တတ်တဲ့ ကိုယ့်လူမျိုးတွေကတော့ ပေပေရေရေ ကြမ်းခင်းပေါ်မှာပဲ ဖင်ချထိုင်ရင်း ရေချိုးနေကြလေရဲ့။ သူတို့လိုမချိုးရဲတဲ့ ကိုယ့်မှာတော့ ဘေစင်မှာ မျက်နှာလေးသစ်ရင်း အ၀တ်လဲပြီး ပြန်ထွက်လာရပါတော့တယ်။
 
ဒီလိုကျတော့လည်း အလှသား...

မီးရောင်စုံနဲ့ ရေပန်းတစ်ခု...

ညပိုင်းမှာတော့ လူအများသား...
 ရေပန်းဥယျာဉ်က ညပိုင်းမှာတော့ အပန်းဖြေဖို့ လာကြတဲ့လူတွေနဲ့ စည်ကားလို့နေပါတယ်။ ကျန်တဲ့နေရာတွေက မြို့နဲ့ဝေးလွန်းတာကြောင်းလည်း ဖြစ်မယ်ထင်ပါတယ်။ ညပိုင်း ၁၀ နာရီမှပဲ ပိတ်ပါသတဲ့။

ရေပန်းဥယျာဉ်က ထွက်ခဲ့ပြီးတော့ မြို့မဈေးနားက ကုန်းပေါ်မှာရှိတဲ့ ဆိုင်တန်းတွေဘက်မှာ ညစာစားဖို့ သွားဖြစ်ပါတယ်။ ဆိုင်တွေဆိုင်တွေများပုံက တစ်ဆိုင်နဲ့တစ်ဆိုင် အမိုးချင်းထိမတတ်ပါ။ နံမည်ကြီးလှပါတယ်ဆိုတဲ့ YKKO ကြေးအိုးဆိုင်မှာ စားဖြစ်ပါတယ်။ ဒါပေမယ့် ပြောလောက်အောင် စားမကောင်းပါ။ ကိုယ့်အကြိုက်နဲ့မတူလို့လဲ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သူ့ဆိုင်က ဆိတ်သားကင်စားကြည့်တာ ချိုရဲနေတော့ ခံတွင်းမစွဲပါ။ ပင်ကိုအရသာပျောက်နေတာတွေ့ရပါတယ်။ လင်မယားနှစ်တွဲ စားကြတာ စာရင်းချုပ်တော့ ၃သောင်းနီးပါးကျပါတယ်။ အင်း ဒါကျတော့လည်း စံချိန်မီပါရဲ့။
စိတ်ကူးမလွဲနဲ့ စားလို့တစက်မှမကောင်း...


ဟုတ်တာမဟုတ်တာ အပထား...
စားသောက်ပြီးတော့ ည၉နာရီခွဲပြီမို့ ကိုယ်တို့တည်းတဲ့ စည်ပင်ရိပ်သာပြန်ပြီး နားလိုက်ပါတယ်။ နေပြည်တော်မှာနေတာ လည်း ၃ရက်ကြာလာပါပြီ။

ခရီးစဉ်တလျှောက်လုံး ရိုက်သမျှဓာတ်ပုံတွေမှာ ကင်မရာက ရက်စွဲမှားနေတာကို သတိမထားမိခဲ့တာကြောင့် ၂၀၁၁ ဖြစ်ရမယ့်အစား ၂၀၁၀ တွေချည်း ဖြစ်နေပါတယ်...

Monday, 25 April 2011

နေပြည်တော်သွား တောလား(၃)

 ၁.၄.၂၀၁၁
(သောကြာနေ့)
ဒီမနက်တော့ ၉ နာရီထိုးမှပဲ အိပ်ရာက ထဖြစ်ပါတယ်။ ရေမိုးချိုးပြီးတော့ ထုံးစံအတိုင်း ခရီးအဝေးကြီးကိုသွားပြီး ထမင်းစားရပြန်ပါတယ်။ ညပိုင်းက ကိုယ်တို့နဲ့အတူလာအိပ်တဲ့ တူတော်မောင်က အရုပ်ဝယ်ပေးဖို့ ပူဆာတာကြောင့် လမ်းတ၀က်မှာ နေပြည်တော် မြို့မဈေးကို ၀င်ပြီး အရုပ်ရှာပုံတော်ဖွင့်ရပါသေးတယ်။ ဈေးကလည်း နံမည်ခံသာသာပါ။ သိပ်လည်းစည်စည်ကားကားမရှိသေးပါ။ ဈေးကြီးတာကတော့ စူပါမားကတ်စံချိန်မီပါတယ်။ အရုပ်ရှာရင်း ဗိုက်ဆာလာတာကြောင့် ရှမ်းစကားပြောတဲ့ ရှမ်းအစစ်ရောင်းတဲ့ဆိုင်မှာ ရှမ်းခေါက်ဆွဲဝင်စားမိပါတယ်။ စားမိတဲ့ ပါးစပ်ကိုပဲ ရိုက်ချင်စိတ်ပေါက်သွားမိပါတော့တယ်။ သူ့ရှမ်းခေါက်ဆွဲက အရောင်အဆင်းရော၊ အနံ့အရသာပါ တစ်စက်ကလေးမှ ကျက်သရေမရှိ၊ အရသာ နတ္တိပါ။ စိတ်ပေါက်ပေါက်နဲ့ အညံ့ဆုံးရှမ်းခေါက်ဆွဲကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားလိုက်ပါတယ်။

အရသာရှိမရှိ ပုံကိုသာကြည့်ပေတော့...


ဈေးကထွက်ခဲ့ပြီး ထမင်းစားဖို့ ခယ်မအိမ်ကို ဆက်သွားရပြန်ပါတယ်။
သွားရတာပျင်းပေမယ့် မစားလို့လည်း မရတော့ စားနေရတာပါပဲ။ စားသောက်ပြီးတော့ ခယ်မအိမ်မှာပဲ ထိုင်နားနေရပြီး ညနေစောင်းမှပဲ အပြင်ထွက်ဖြစ်ပါတော့တယ်။ ကိုယ့်အကျင့်က ဒေသတစ်ခုကိုရောက်ရင် အချိန်ဖြုန်းလေ့သိပ်မရှိဘဲ သွားစရာ၊ လာစရာ၊ လည်စရာ၊ ပတ်စရာတွေကို မနားတမ်းသွားလေ့ရှိပါတယ်။ ဒါပေမယ့် နေပြည်တော်မှာတော့ ကိုယ်တို့သွားရင် လိုက်ပို့နေကျ ခယ်မကို စောင့်နေရတာကြောင့် စိတ်သွားတိုင်း ကိုယ်သိပ်မပါတော့ပါ။ တကယ်လို့ ကိုယ့်စိတ်နဲ့ကိုယ် လျှောက်သွားပြန်ရင်လည်း လိုက်ပို့ဖို့တာဝန်ခံထားတဲ့ခယ်မဖြစ်သူ စိတ်မကောင်းဖြစ်မှာ စိုးရိမ်ရပါသေးတယ်။ ဒါကြောင့်လဲ ကိုယ်တို့မှာ တစ်နေရာကိုသွားမယ်စိတ်ကူးရင် ခယ်မကိုစောင့်ရတာနဲ့ အချိန်တော်တော်ကုန်ရပါတော့တယ်။


ညနေလေးနာရီခွဲလောက်မှာ ဆိုင်ကယ်သုံးစီးနဲ့ တိုင်းရင်းသားရွာကို သွားကြပါတယ်။ ကိုယ်တို့နှစ်ယောက်အတွက် ခယ်မက ဆိုင်ကယ်တစ်စီးပေးထားလို့ အဆင်ပြေပေမယ့် ဆိုင်ကယ်မစီးတတ်တဲ့သူ့အတွက်က အပြင်ထွက်ရင် ဆိုင်ကယ်တက်စီ(ဒီမှာတော့ ကယ်ရီလို့ခေါ်ပါတယ်) နဲ့သွားရတာမို့ အချိန်ရော ငွေပါ ကုန်ပါတယ်။ ဒီက တက်စီသမားတွေကလည်း ပိုက်ဆံတောင်းတာ ရက်စက်ပါတယ်။ ဒီတစ်ညနေစာ ခရီးလေးအတွက် တက်စီခ ၁၀၀၀၀ ၀န်းကျင်ကုန်ပါတယ်။ ဒါတောင် ကိုယ်က ဆီဝယ်ထည့်ပေးရပါသေးတယ်။ ဒီဒေသမှာ ဆီဈေးကလည်း ခေါင်ခိုက်နေအောင်ကြီးတာမို့ ဓာတ်ဆီရေသန့်ဗူးတစ်ဗူးစာကို ၁၅၀၀ ပေးရပါတယ်။ ဆိုင်ကယ်တွေကလည်း မိတ်အင်ဒီတင်နဲ့ ပေါက်ဖော်တို့ထုတ်တဲ့ဆိုင်ကယ်တွေပဲ ရှိတာပါ။ ဂျပန်ကထုတ်တဲ့ ဆိုင်ကယ် တစ်စီးတစ်လေလောက်ပဲ တွေ့ခဲ့ပါတယ်။ တရုတ်ဆိုင်ကယ်တွေက တရုတ်စက်၊ တစ်ရက်စုတ်တွေမို့ မောင်းရတာ နည်းနည်းမှ အရသာမရှိပါ။ အလေးချိန်ပေါ့လွန်းတာကြောင့် အရှိန်ပြင်းပြင်းမောင်းရင် လေထဲမှာ လွင့်နေသလိုဖြစ်နေပြီး မှောက်ဖို့ လမ်းစပိုများပါတယ်။ ဒီကြားထဲမှာ ဆိုင်ကယ်ရပ်ပြီး စက်သတ်လိုက်ရင် “အီးရွှတ်” ဆိုတဲ့ အသံဆိုးကြီး မြည်ပြီးမှ ရပ်ပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ရောမရောက်တော့လဲ ရောမလို ကျင့်ရမယ် မဟုတ်ပါလား။

ဧရာမလမ်းကျယ်ကြီးတွေ...

လမ်းတွေဆက်ဖောက်နေတုန်းပါ...

တိုင်းရင်းသားရွာကိုသွားတဲ့လမ်းမှာ ခေါ်လာတဲ့ ဆိုင်ကယ်တက်စီတစ်စီးက ဘီးနှစ်ခါပေါက်ပါတယ်။
ဒီလမ်းကြောမှာ ဘီးပေါက်ရင်တော့ ကိုယ့်ဖာသာ ဖာရုံပဲရှိတာပါ။ လမ်းတလျှောက်လုံးမှာ အိမ်ဆက်အင်မတန်ပြတ်သလို အသွားအလာလည်း နည်းလွန်းပါတယ်။ လမ်းတွေကတော့ ထုံးစံအတိုင်း ဧရာမလမ်းကျယ်ကြီးတွေချည်းပါပဲ။

ဘီးဖာနေကြတုန်း အအေးဝင်သောက်တဲ့ဆိုင်ကလေး...
 
ခရီးတ၀က်လောက်မှာ ဟိုတယ်ဇုံဆိုပြီး ဟိုတယ်ကြီးတွေ အပြိုင်အဆိုင်ဆောက်နေကြတာတွေ့ရပါတယ်။ ဆောက်လုပ်ရေးဆိုဒ်တွေ ဆယ်ခုထက်တော့ နည်းမှာမဟုတ်ပါ။ ဒါတွေဆောက်ဖို့ တောင်တွေဖြို၊ မရှိမယ့်ရှိမယ့် သစ်ပင်တွေခုတ်နေတာတွေ့တော့ နှမြောသလိုလို ခံစားမိပါတယ်။ ဆောက်မယ့်ဟိုတယ်ကြီးတွေရဲ့ ပုံတွေကို ဆိုင်းဘုတ်ကြီးတွေမှာ ထောင်ထားတာ တကယ့်ဧရာမကြီးတွေချည်းပါ။ ဒါတွေပြီးသွားရင် ဘယ်သူတွေများ လာပြီးတည်းကြခိုကြမလဲတော့ မသိတော့ပါ။ ဘာပဲဖြစ်ဖြစ် ငွေပေါတဲ့စီးပွားရေးသမားကတော့ အမြတ်အစွန်းဆိုတာထက် သူများလုပ်လို့မှ ကိုယ်လိုက်မလုပ်ရရင် ခေတ်နောက်ကျမှာစိုးတာကြောင့် အပြိုင်အဆိုင် ကြဲနေကြတာပဲ ဖြစ်ပါလိမ့်မယ်။

ရထားလမ်းနဲ့ ကားလမ်းအဆုံ...

 
ဘာတွေလဲတော့မသိပါ...

ပူပူလောင်လောင် လွင်တီးခေါင်ကြီးကို ဖြတ်ပြီးဖောက်ထားတဲ့ လမ်းအတိုင်း ဆိုင်ကယ်ကို မိုင်ကုန်မောင်းပြီး တစ်နာရီခွဲကျော်ကျော်ကြာမှ တိုင်းရင်းသားရွာကို ရောက်ပါတယ်။ တိုင်းရင်းသားရွာနဲ့ မလှမ်းမကမ်းမှာ Max Myanmar Company က နိုင်ငံတကာ အဆင့်မီ ဘောလုံးကွင်းကြီးဆောက်နေတာ တွေ့ခဲ့ပါတယ်။ တကယ့် ဧရာမကွင်းဝိုင်းကြီးပါ။ ဒီကွင်းကြီးမှာကန်မယ့် ကိုယ့်မြန်မာဘောသမားတွေရဲ့ ခြေစွမ်းခြေစနဲ့သာဆိုရင်တော့ ဘုန်းကြီးနဲ့ဘီးလို လိုက်ဖက်ညီနေမှာ မြင်ယောင်ပါသေးရဲ့။ လူကိုအဆင့်မြင့်အောင် အရင်မလုပ်ဘဲ အသုံးအဆောင်ပဲ အဆင့်မြှင့်ဖို့ဦးလျားဖားလျား ကြိုးစားတတ်တာ ကိုယ်တို့လူမျိုးရဲ့ ထုံးတမ်းစဉ်လာပဲ မဟုတ်ပါလားလေ။

နိုင်ငံတကာ အဆင့်မီ ဘောလုံးကွင်း...

တိုင်းရင်းသားရွာကိုရောက်တော့ ညနေ ၅နာရီခွဲကျော်နေပါပြီ။ ၆နာရီခွဲဆိုရင် ၀င်ခွင့်ပိတ်မှာမို့ လည်ချိန်ပတ်ချိန်တောင် သိပ်မရတော့ပါ။ ၀င်ကြေးက ကလေး ၅၀၀၊ လူကြီး ၁၀၀၀ ပါ။ ကင်မရာအတွက် တစ်လုံးကို အခွန် ၂၀၀၀ ထပ်ဆောင်ရပါသေးတယ်။ အထဲရောက်တော့ ဘတ်ဘီလို့ သူတို့ခေါ်တဲ့ ဥယျာဉ်တွင်းသွားကားကလေးတွေ ငှားစီးကြပါတယ်။ စီးလုံးငှားရင် တစ်နာရီကို ၅၀၀၀ ပေးရပါတယ်။ အဲဒီလို မစီးချင်ရင်လည်း ၁၅ မိနစ်တစ်ခါ ထွက်ပေးနေတဲ့ ဥယျာဉ်တွင်းသွား လိုင်းကားလေးတွေကိုစီးလို့ရပါတယ်။ ဒါလေးတွေက အသွားအပြန် တစ်ယောက်ကို ၁၀၀၀ ယူပါတယ်။

တိုင်းရင်းသားရွာ အ၀င်မုခ်ဦး...


ရွာအ၀င်လမ်းမကြီး...

လက်မှတ်ဝယ်တဲ့ဝင်ပေါက်...

တိုင်းရင်းသားရွာကို နေရာအကျယ်ကြီးထဲမှာ တည်ထားပါတယ်။ ပြည်နယ်နဲ့တိုင်း ၁၄ ခုအတွက် နေရာ ၁၄ နေရာခွဲထားတာပါ။ မရောက်ဖူးပေမယ့် စဉ်းစားကြည့်တာ ရန်ကုန်က တိုင်းရင်းသားကျေးရွာနဲ့ ပုံစံတူတည်ထားတာပဲ ဖြစ်မယ်ထင်ပါတယ်။ တိုင်းတစ်ခု၊ ပြည်နယ်တစ်ခုစီမှာ ထင်ရှားတဲ့အဆောက်အဦ၊ စေတီပုထိုးစတာတွေကို ပုံစံငယ်လေးတွေ လုပ်ထားပါတယ်။ ပုံစံငယ်ဆိုပေမယ့် ၀င်ကြည့်၊ တက်ကြည့်လို့ရပါတယ်။ တိုင်းရင်းသား တစ်မျိုးချင်းစီရဲ့ အိမ်တွေပါ ဆောက်ပြထားပါတယ်။ တစ်ချို့အိမ်တွေကတော့ ထိန်းသိမ်းမှုအားနည်းတာကြောင့် ပျက်ချင်ချင်ဖြစ်နေပါပြီ။ စားသောက်ဆိုင်တွေကို မြို့နံမည်တွေပေးထားပါတယ်။ မြစ်ကြီးနားမှာဆို ကချင်အစားအစာ စသည်ဖြင့် ဒေသထွက်ပစ္စည်းနဲ့ စားစရာတွေ ရောင်းပါတယ်။ သရဲအိမ်၊ တိုက်ကားစသည်ဖြင့် ကစားစရာနေရာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တည်ဆောက်နေကြဆဲမို့ သိပ်အဆင့်မြင့်မြင့်တော့လည်း မဟုတ်ပါ။






ကိုယ့်ဘတ်ဂီနဲ့ကိုယ် သွားရင်တော့ ကြိုက်တဲ့နေရာမှာ ရပ်ခိုင်းပြီး ဓာတ်ပုံရိုက်လို့ရပါတယ်။ တက်စီနဲ့သွားရင်လည်း ဓာတ်ပုံရိုက်ချင်ရင် ရပ်ပေးပါတယ်။ တိုင်းရင်းသားရွာထဲမှာ လမ်းလျှောက်သွားရင်း မလျှောက်နိုင်တော့လို့ တက်စီစီးချင်ရင်တော့ လက်မှတ်ရောင်းတဲ့ နေရာလေးတွေမှာ လက်မှတ်ဝယ်ပြီး စီးလို့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ပိုက်ဆံ ၅၀၀ ပေးပြီးစီးလို့ရပါတယ်။ ကိုယ်တို့ငှားလာတဲ့ ဘတ်ဂီက လမ်းတ၀က်မှာပဲ တစ်နာရီပြည့်သွားတာကြောင့် နောက်ထပ်နာရီဝက်စာ ၂၅၀၀ ထပ်ပေးပြီးငှားရပါတော့တယ်။ တကယ်တော့ ဒီလောက်ကျယ်တဲ့ နေရာကို နှံ့အောင်သွားဖို့ တစ်နာရီဆိုတာ လုံးဝမလောက်ပါ။ ကိုယ်တို့လို ရောက်ရာအရပ်မှာ ရှုခင်းရှာပြီး ဓာတ်ပုံရိုက်ချင်တဲ့သူဆို ပိုလို့တောင် ဆိုးပါသေးတယ်။


 

တိုင်းရင်းသား ရိုးရာအိမ်...

မျောက်ညီနောင်...





တိုင်းရင်းသားရွာက ညနေ ၆ နာရီိဆိုရင် အ၀င်လက်မခံတော့ပါ။ ဒါပေမယ့် အထဲရောက်နေတဲ့သူတွေကတော့ ကြိုက်တဲ့အချိန်မှာ ထွက်လို့ရပါတယ်။ ကိုယ်တို့အုပ်စုလည်း ညနေ ၆ နာရီခွဲလောက်မှ တိုင်းရင်းသားရွာက ပြန်ခဲ့ကြပါတယ်။ တိုင်းရင်းသားရွာကနေ တိရစ္ဆာန်ဥယျာဉ်ဘက်ကို ဆက်သွားလို့ရပေမယ့် အချိန်လင့်နေပြီမို့ မသွားဖြစ်တော့ပါ။ နောက်ရက်တွေကျမှ ကိုယ်တို့နှစ်ယောက်ပဲ သီးသန့်လာဦးမယ်လို့ တေးထားလိုက်ပါတော့တယ်။

အပြန်လမ်းမှာ လမ်းမမှားနိုင်ဘူး အထင်နဲ့ ရှေ့ကနေ အရှိန်ပြင်းပြင်းမောင်းမိတာကြောင့် ကွေ့ရမယ့်နေရာမှာ မကွေ့မိဘဲ လမ်းသိတဲ့တက်စီသမားတွေနဲ့ ကွဲသွားပါတော့တယ်။ စမ်းတ၀ါးဝါးနဲ့ လမ်းရှာပြီး ပြန်ရပါတယ်။ ဘယ်နေရာကြည့်ကြည့် လမ်းကျယ်ကြီးတွေဖြစ်နေတဲ့အပြင် လမ်းလေးခွဆုံနေရာမှာထားတဲ့ ကြာပန်းကြီးတွေနဲ့ အ၀ိုင်းတွေကလည်း ပုံစံတူတွေမို့ ကိုယ်တို့မှာ မျက်စိလည်ချင်တိုင်း လည်နေပါတော့တယ်။ ဒီထက်ဆိုးတာက လမ်းကွေ့တွေမှာ လမ်းပြဆိုင်းဘုတ်တပ်မထားတာကြောင့် ဘယ်သွားတဲ့လမ်းမှန်းမသိတာပါ။ အရေးထဲမှာ ခယ်မဖြစ်သူရဲ့ ဖုန်းက ဘက်ထရီကုန်နေတာမို့ ဘယ်လိုမှခေါ်လို့မရတော့ဘဲ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ထုံးကို နှလုံးမူရပါတော့တယ်။ လူသွားလူလာကလည်း အင်မတန်ကိုနည်းတာပါ။ လူတစ်ယောက်လောက်တွေ့လိုက် လမ်းမေးလိုက်၊ မှားသွားလိုက် ပြန်ကွေ့လိုက်လုပ်ရင်း ည ၉ နာရီကျော်မှပဲ ပြန်ရောက်ပါတော့တယ်။ လမ်းတိုင်းမှာ မီးတွေ ထိန်ထိန်လင်းနေတာကိုပဲ ကျေးဇူးတင်ရပါလိမ့်မယ်။

ပျောက်သောလမ်းမှာ စမ်းတ၀ါး...

ပြန်ရောက်တော့ ပင်ပန်းလွန်းနေတာမို့ ခယ်မမိသားစုကို နှုတ်ဆက်ပြီး ကိုယ်တို့တည်းတဲ့ စည်ပင်ရိပ်သာကို တန်းပြန်ခဲ့ပါတော့တယ်။ အစိုးရရိပ်သာမို့ တည်းခိုခန်းခကတော့ သက်သာပါတယ်။ တစ်ညကိုမှ ၄၂၀၀ပါ။ တစ်ချို့လူတွေကိုတော့ ၄၅၀၀ ယူပါတယ်။ ကုတင်သုံးလုံးပါပြီး ရေချိုးခန်း၊ အိမ်သာပါတွဲထားတာမို့ အဆင်ပြေပါတယ်။ ဒီရိပ်သာထဲမှာဖွင့်ထားတဲ့ စားသောက်ဆိုင်တွေကလည်း တော်တော်လေးစားလို့ကောင်းပါတယ်။ အထူးသဖြင့် ခေါက်ဆွဲကြော်ပါ။ စည်ဘီယာပါ ရပါသေးတယ်။ ညစာကို ရိပ်သာထဲကဆိုင်မှာပဲ စားလိုက်ပြီး ခြေကုန်လက်ပမ်းကျကျနဲ့ပဲ အိပ်ရာဝင်ခဲ့ပါတော့တယ်။     ။

 

Sunday, 24 April 2011

နေပြည်တော်သွား တောလား(၂)

 ခရီးစဉ်အကြောင်းရေးမယ့် ပို့စ်တွေကို 
ခရီးသွားမှတ်တမ်းလို့ အုပ်စုခွဲထားလိုက်တာကြောင့် မှတ်တမ်းနဲ့တူအောင် နေ့စွဲတွေပါတပ်ပြီးတင်ဖို့ ဆုံးဖြတ်ထားပါတယ်။ နေ့စဉ်မှတ်တမ်းအဖြစ် ရေးခဲ့တဲ့ စာတွေကို ပြန်တည်းဖြတ်ပြီး ခရီးသွားလမ်းညွှန်သဘောမျိုးဖြစ်အောင် ရေးသွားဖို့လည်း အားသန်ထားပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်တို့မြန်မာစာပေမှာ ခရီးသွားမှတ်တမ်းစာပေရှိသလို မြန်မာဘုရင်တွေခေတ်ကတည်းကလည်း ပညာရှိတွေ၊ စာဆိုတော်တွေက ရေးခဲ့ကြပါတယ်။ ဒါပေမယ့် ဒီမှတ်တမ်းတွေဟာ မှတ်တမ်းသက်သက်သာဖြစ်ပြီး ခရီးသွားချင်သူတွေအတွက် ခရီးသွားလမ်းညွှန်တော့ မဖြစ်ခဲ့ပါ။ ဒါကြောင့် ကိုယ်သွားခဲ့တဲ့ခရီးစဉ်အကြောင်း ရေးရာမှာ မှတ်တမ်းသဘောမျိုးပါသလို အဲဒီဒေသတွေကို သွားမယ့်ခရီးသည်တွေအတွက် လမ်းညွှန်သဘောမျိုးလည်းဖြစ်အောင် ရေးသွားပါမယ်။

ကဲ...နေပြည်တော်ခရီးစဉ် ပထမရက်ကို ဆက်လိုက်ကြပါစို့လား...

၃၁.၃.၂၀၁၁
(ကြာသပတေးနေ့)
ခရီးစဉ်တစ်လျှောက် နှစ်ညနဲ့နှစ်ရက်လုံးလုံး အနားအရခဲ့ပဲ ပင်ပန်းလွန်းတာကြောင့် ဒီမနက်ပိုင်းမှာ ၁၁ နာရီထိုးမှပဲ အိပ်ရာက ထဖြစ်ပါတော့တယ်။ ရာသီဥတုကလည်း ပူပြင်းလွန်းပါရဲ့။ ကိုယ်တို့တည်းတဲ့ ဧည့်ရိပ်သာက ကျယ်ကျယ်ဝန်းဝန်းရှိလို့သာ ခံသာပါတော့တယ်။ ရေဖောဖောသီသီရလို့လည်း အဆင်ပြေပါတယ်။ ပူလောင်တဲ့ရာသီကို အံတုဖို့ ရေမကြာမကြာ ချိုးပေးရမယ်ထင်ပါရဲ့။

ရေချိုးပြီးတော့ ခယ်မဖြစ်သူရဲ့အိမ်ကိုသွားပြီး မနက်စာစားကြရပါတယ်။ ကိုယ်က ဒေသတစ်ခုရောက်ရင် ကြုံတဲ့ဆိုင်မှာ စားချင်ပေမယ့် သူကချက်ပြုတ်ထားတာကြောင့် သွားစားရပါတော့တယ်။ ခရီးကလည်း အင်မတန်ဝေးလွန်းပါရဲ့။ ဆိုင်ကယ်အပြင်းမောင်းတာတောင် ၄၅ မိနစ်သာသာ မောင်းရပါတယ်။ လမ်းတလျှောက်လုံးမှာ အပင်မရှိတဲ့အပြင် လမ်းကြီးတွေက ကျယ်တာကြောင့် ပိုပင်ပန်းသလိုပါ။ လမ်းကျယ်ပေမယ့် ကားအရေအတွက် များများစားစားမတွေ့ရပါ။ ဆိုင်ကယ်ကလည်း ပြောလောက်အောင် များများစားစားရှိတာမဟုတ်ပါ။ ဒါတောင်မှ ဘယ်ကိုပဲကြည့်ကြည့် ရှစ်လမ်းသွားလမ်းကျယ်ကြီးတွေ ဖောက်ထားတော့ တောသာသာဒီဒေသနဲ့ မအပ်စပ်ဘူးလို့ ထင်မိပါတယ်။ တကယ်တော့ နေပြည်တော်ဆိုတာ မြို့ယောင်ဆောင်ထားတဲ့ တောပါပဲ။

ခယ်မအိမ်မှာ ထမင်းစားပြီး ခဏနားပါတယ်။ ညနေ ၂ နာရီလောက်မှာ နေပြည်တော် Junction Center ကို သွားကြပါတယ်။ လမ်းရိုးကသွားရင် ဝေးနေမှာစိုးတာကြောင့် ခေါ်လာတဲ့ဆိုင်ကယ် တက်စီသမားက တောလမ်း(ဖြတ်လမ်း)ကနေ ဦးဆောင်ပြီးသွားပါတယ်။ ဒါပေမယ့် မိနစ်နှစ်ဆယ်သာသာလောက်တော့ သွားရပါသေးတယ်။ လမ်းတစ်လျှောက်က မြေကွက်ကျယ်ကြီးတွေမှာ အဆောက်အဦဧရာမကြီးတွေ ဆောက်နေတာမြင်ရပါတယ်။ ဘာတွေဆောက်နေမှန်းမသိတာကြောင့် ဓာတ်ပုံမရိုက်ခဲ့ဖြစ်ပါ။


နေပြည်တော် Junction က သုံးထပ်အဆောက်အဦကြီးပါ။ ထုနဲ့ထည်နဲ့ဆောက်ထားတဲ့ အဆောက်အဦကြီး ဖြစ်ပါတယ်။ ဖွင့်တာလည်း သိပ်မကြာသေးပါ။ ခရီးမထွက်ခင်လေးတင် မြ၀တီရုပ်သံမှာ အင်တာဗျူးသဘောမျိုးရိုက်ပြတာ ကြည့်ခဲ့ရပါသေးတယ်။ အောက်ထပ်ဝင်ဝင်ချင်းတွေ့ရတဲ့ အခန်းကျယ်ကြီးမှာ လူသုံးကုန်နဲ့ အစားအသောက်တွေ ရောင်းပါတယ်။ ပစ္စည်းအများစု(အားလုံးနီးပါးပါ)ကတော့ တရုတ်ပစ္စည်းတွေပါ။ ဈေးလာဝယ်တဲ့သူအများစုကလည်း ဒီဘက်နယ်က တောသူတောင်သားတွေပါပဲ။ အရည်အသွေးထက် ဈေးပေါတာကို ကြိုက်တတ်တဲ့ မြန်မာ့စိတ်ရင်းနဲ့ ကိုက်အောင် ဈေးပေါတဲ့ တရုတ်ပစ္စည်းတွေပဲ ရောင်းတာဖြစ်ပါလိမ့်မယ်။ တရုတ်ဆိုင်ကယ်တွေ လိုင်စင်နဲ့အပြီးအစီး ၇သိန်းကျော်ကျော်ဈေးကပ်ပြီး ရောင်းနေတာလည်း တွေ့ခဲ့ပါတယ်။ ဓာတ်ပုံရိုက်ချင်ပေမယ့် ရိုက်ခွင့်မရှိတာကြောင့် မရိုက်ဖြစ်တော့ပါ။

ကောင်တာတစ်ခုမှာ နက်ခ်တိုင်တွေရောင်းနေလို့ လေးငါးချောင်း ၀ယ်ဖြစ်ပါတယ်။ တစ်ချောင်းကို ၄၀၀၀ ၀န်းကျင်ဈေးနှုန်းကပ်ထားတာမို့ ဈေးသက်သာလွန်းနေတာကြောင့် အရောင်းစာရေးကို မြန်မာငွေနဲ့လားလို့ မေးယူရပါသေးတယ်။ အရောင်းစာရေးကတော့ ကိုယ့်ကို လူထူးလူဆန်းလို့ ထင်ချင်ထင်သွားနိုင်ပါရဲ့။ အမျိုးသမီးကိုင်လက်ကိုင်အိတ်လေးတွေက တစ်အိတ်မှ မြန်မာငွေ ၁၀၀၀ ပါ။ ကောင်းမကောင်း မသေချာပေမယ့် ဒီဈေးနဲ့ပစ္စည်းတစ်ခုရတာ အံ့သြတာကြောင့် တစ်ခုဝယ်ခဲ့ပါသေးတယ်။

ဒီအခန်းကျယ်ကြီးရဲ့ဘယ်ဘက်မှာ အပေါ်ထပ်ကိုတက်တဲ့ စက်လှေကားရှိပါတယ်။ စက်လှေကားဘေးမှာ ဆိုင်ခန်းလေးတွေ ရှိပါသေးတယ်။ အများစုကတော့ အထည်ဆိုင်တွေပါ။ စက်လှေကားကနေ အပေါ်တက်သွားတော့ ရုပ်ရှင်ရုံအသေးစားလေး တစ်ရုံနဲ့ Game Center တစ်ခုကိုတွေ့ရပါတယ်။ Game Center က ရန်ကုန်ကလို ငွေကို အကြွေစေ့ Coin လဲပြီး ကစားရပါတယ်။ တစ်စေ့ကို ၁၀၀ ပါ။ ၂၀၀၀ ဖိုးလဲပြီး ခယ်မရဲ့သားတော်မောင်ကို ကစားချင်ရာ ကစားခိုင်းလိုက်ပါတယ်။ ကိုယ့်အိမ်ရှင်မနဲ့ ခယ်မကတော့ ခေါင်းသွားလျှော်ဖို့ ကိုယ်တို့ကိုထားပြီး သွားကြပါတော့တယ်။ ဒီဂိမ်းစက်တွေက ကစားလို့ရှုံးတာနဲ့ ကိုယ့်အကြွေကုန်ပါတော့တယ်။ ထပ်ကစားချင်ရင် နောက်ထပ်ထပ်ထည့်ရပါတယ်။ နှစ်တန်းတက်မယ့် တူတော်မောင်က ကလေးသာသာမို့ ကစားတိုင်းရှုံးနေတာကြောင့် အကြွေစေ့က ခဏတင် ကုန်ပါလေရော။ အိမ်ရှင်မတို့ ပြန်မလာမချင်း အကြွေဝယ်ပေးနေရတာကြောင့် ပိုက်ဆံလဲ တော်တော်ချောပါတော့တယ်။ အရုပ်ကောက်တဲ့စက်ထဲကို အကြွေလေးစေ့ထည့်ပြီး ကောက်ကြည့်ပါသေးတယ်။ သူ့အရုပ်တွေက ကြပ်ညပ်နေအောင် ထည့်ထားတာမို့ တစ်ခါတည်းနဲ့ စိတ်ပျက်ပြီး ထပ်မကစားဖြစ်တော့ပါ။
ခဏကြာတော့ အပြင်ထွက်ပြီး ရုပ်ရှင်ရုံနဲ့တွဲဖွင့်ထားတဲ့ အအေးဆိုင်မှာ အအေးနဲ့ ဟမ်ဘာဂါဝယ်စားကြည့်ပါတယ်။ သူ့ဟမ်ဘာဂါက မာဆတ်ဆတ်နဲ့ နဲနဲမှ စားလို့မကောင်းပါ။ ဘာပဲဖြစ်ဖြစ် ၀ယ်ပြီးသားကို နှမြောတာကြောင့် ကြိတ်မှိတ်ပြီးစားလိုက်ရပါတော့တယ်။ အပေါ်ထပ်ကို လျှောက်ကြည့်တော့ ကလေးကစားစရာဆိုင်တွေနဲ့ အထည်ဆိုင်တွေ ထပ်တွေ့ပါတယ်။ နက်ခ်တိုင်တွေထပ်တွေ့တာကြောင့် ထပ်ဝယ်ဖြစ်ပါသေးတယ်။ ကိုယ်တို့ဆီက ယိုးဒယားနက်ခ်တိုင်တွေက အရည်အသွေးကောင်းသလို ဈေးကလည်းကောင်းတာကြောင့် ထသွားထလာတပ်ဖို့ ဈေးပေါပေါပစ္စည်းလေးတွေ တွေ့တုန်းတွေ့ခိုက် ၀မ်းသာအားရ ၀ယ်မိတာလည်း ပါပါတယ်။

အောက်ထပ်ပြန်ဆင်းပြီး စက်လှေကားရင်းက ယမကာတွေရောင်းတဲ့ဆိုင်မှာ ၀င်ကြည့်ဖြစ်ပါသေးတယ်။ အမျိုးအစားတော်တော်စုံပေမယ့် တန်ဖိုးကြီးကြီးယမကာတွေတော့ သိပ်မတွေ့ရပါ။ ပြည်တွင်းဖြစ် Old Brandy တစ်လုံးဝယ်ဖြစ်ပါတယ်။ ဘာရယ်တော့မဟုတ်ပါ။ ဆိုင်ထဲဝင်ပြီး တစ်ခုခု မ၀ယ်ဘဲပြန်ထွက်ရမှာ အားနာတာကြောင့်ရယ် မြန်မာ Brandy ကိုစိတ်ဝင်စားသလိုလို ရှိတာရယ်ကြောင့် ၀ယ်မိတာပါ။ တစ်ပုလင်းကို မြန်မာကျပ်ငွေ ၉၇၀ ပါတဲ့။ ၁၀၀၀ တန်ပေးလိုက်တော့၂၀ တန် အသစ်ကလေး ပြန်အမ်းပါတယ်။ မမြင်ရတာကြာပြီဖြစ်တဲ့ ငွေစက္ကူသစ်လေးဖြစ်တာမို့ အမှတ်တရ သိမ်းထားလိုက်ပါတယ်။

ညနေ ၆ နာရီလောက်မှာ ခယ်မအိမ်ပြန်ပြီး ထမင်းစားပါတယ်။ ခဏနားပြီး တည်းခိုရိပ်သာပြန်ပြီး အနားယူလိုက်ပါတော့တယ်။ နေပြည်တော် ပထမနေ့ကတော့ ဘယ်မှထွေထွေထူးထူး မသွားဖြစ်တော့ဘဲ အူလည်လည်နဲ့ ကုန်ဆုံးသွားပါရဲ့။     ။

Saturday, 23 April 2011

နေပြည်တော်သွား တောလား(၁)

တစ်နှစ်တာပတ်လုံး 
အလုပ်ပြီးရင်း အလုပ်လုပ်နေခဲ့ရတာကြောင့် နွေရာသီကျောင်းပိတ်ရက်မှာ အပန်းဖြေခရီးထွက်ဖို့ စိတ်ကူးထားခဲ့တာ နှစ်သစ်ကူးချိန်လောက်ကတည်းကပါ။ ဆယ်တန်းစာမေးပွဲပြီးပြီးချင်း ခရီးထွက်ဖို့ စိတ်ကူးခဲ့သေးပေမယ့် သင်္ကြန်ရက်ပါပါအောင် ခရီးသွားချင်တာကြောင့် မတ်လကုန် ဧပြီလဆန်းလောက်မှပဲ ခရီးစထွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါကြောင့်ပဲ
မတ်လ ၂၈ ရက်နေ့ မနက် ၈ နာရီခွဲမှာ အိမ်ကနေထွက်ပြီး ရန်ကုန်သွားမယ့် အဝေးပြေးကားပေါ် ရောက်ပါတယ်။ တစ်နေ့နဲ့ တစ်ညလုံးလုံး ကားစီးပြီး ရန်ကုန်ကို မနက် ၂ နာရီကျော်ကျော်မှာ ရောက်သွားပါတယ်။ ရောက်တဲ့အချိန်က စောနေတာကြောင့် တောင်ဥက္ကလာ အဝေးပြေးကားကွင်းက မဖွင့်သေးပါ။ ဒါကြောင့် ကားဝင်းနဲ့ မနီးမဝေးက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး ကားဝင်းအဖွင့်ကို ထိုင်စောင့်ရပါတော့တယ်။ တစ်ညလုံးမအိပ်ရတာကြောင့် အိပ်ငိုက်နေပေမယ့် လက်ဖက်ရည်ဆိုင်က ထိုင်ခုံပုလေးပေါ်မှာပဲ ထိုင်ပြီးငိုက်ရတဲ့ ဒုက္ခက မသေးပါ။ ဒီကြားထဲမှာ ရာသီဥတုက ဖောက်ပြန်ပြီး ခိုက်ခိုက်တုန်အောင် အေးနေပါသေးတယ်။ ရန်ကုန်မြို့ကြီးကလည်း မီးရောင်လေးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့မို့ မျက်စိပသာဒ သိပ်မဖြစ်လှပါ။

 


မနက် ၄ နာရီထိုးမှာတော့ ကားဝင်းဖွင့်ပြီမို့ တက်စီတစ်စီးကိုခေါ်ပြီး ကားဝင်းထဲမှာ နေပြည်တော်လက်မှတ် အ၀ယ်တော်ထွက်ရပါတော့တယ်။ နေပြည်တော် - ရန်ကုန် ကားတွေထဲမှာ အကောင်းဆုံးကားတွေက E-Lite နဲ့ JJ ကားလိုင်းက ကားတွေပါ။ ကားတွေက နောက်ဆုံးပေါ်ကားတွေ ဖြစ်သလို E-Lite ကားတွေမှာ အင်တာနက်ပါ သုံးလို့ရအောင် စီစဉ်ပေးထားတယ်လို့ ဂျာနယ်တစ်စောင်မှာတော့ ဖတ်ဖူးပါတယ်။ ဒါပေမယ့် ကိုယ်လက်မှတ်သွားဝယ်တော့ ဒီကားတွေမှာ ဒီနေ့အတွက် လက်မှတ်မကျန်တော့ပါ။ နောက်ရက်မှသွားရင်တော့ လက်မှတ်ရှိသေးပေမယ့် ခရီးတစ်ခုသွားရင် လမ်းမှာတစ်ထောက်မနားဘဲ တစ်ခါတည်း တန်းသွားချင်တဲ့ ကိုယ်ကတော့ ဒီနေ့ထွက်မယ့်ကားနဲ့ လိုက်ဖို့ပဲ အားသန်ပါတယ်။ ဒါကြောင့် ကားဝင်းတစ်ခုလုံး ပြဲပြဲစင်အောင် တက်စီတစ်စီးနဲ့ လက်မှတ်ရှာပုံတော် ဖွင့်ရပါတော့တယ်။

နေပြည်တော်ကားတွေက တစ်နေ့ကို နှစ်ချိန်ထွက်ပါတယ်။ မနက် ၆ နာရီဝန်းကျင်မှာ တစ်စီးထွက်ပြီး ညနေပိုင်းမှာ တစ်စီးထွက်ကြတာပါ။ ကားခကသိပ်မများပါ။ ၆၅၀၀ ၀န်းကျင်ပဲ ရှိပါတယ်။ နာရီဝက်လောက် လှည့်ပတ်ရှာအပြီးမှာ မနက်၆နာရီထွက်မယ့် ကားတစ်စီးမှာ လက်မှတ်ဝယ်လို့ရတာကြောင့် အဆင်သင့်ဖြစ်သွားပါတယ်။ တက်စီခလည်း ၃၀၀၀ ပြောင်သွားပါတယ်။ အခုကားက အမြန်လမ်းက မဟုတ်ဘဲ ပတ်သွားမယ့်ကားလို့ ပြောပါတယ်။ ဒါပေမယ့် နေပြည်တော်ကို တစ်ခါမှမရောက်ဖူးတာမို့ အမြန်လမ်းရော၊ ပတ်လမ်းရော တစ်ခုမှမသိတဲ့ ကိုယ်ကတော့ နေပြည်တော်ကားပေါ်ရောက်ရင် ကိစ္စပြီးပြီလို့ ယူဆပြီး လက်မှတ်ဝယ်လိုက်ပါတယ်။ အမြန်လမ်းဆိုတာ ရန်ကုန် - နေပြည်တော် အဝေးပြေးလမ်းမကြီးကိုခေါ်ပြီး ၆ နာရီသာသာလောက်မောင်းရင် နေပြည်တော်ကိုရောက်မှန်း၊ ပတ်လမ်းဆိုတာ ရထားလမ်းအတိုင်း ပဲခူး၊ ညောင်လေးပင်၊ မဒေါက်၊ တောင်ငူ၊ ရေတာရှည်စတဲ့ မြို့တွေအတိုင်းမောင်းပြီး တစ်နေကုန်တစ်နေခမ်း မောင်းရမှန်းသိရင် ဒီကားလက်မှတ်ကို ၀ယ်မှာမဟုတ်ပါ။
 
ဘုမသိ၊ ဘမသိပဲ အမြန်သွားချင်ဇောနဲ့ ကားလက်မှတ်ဝယ်မိတာကြောင့် မနက် ၆ နာရီကနေ ညနေ ၅ နာရီခွဲအထိ တပင်တပန်းကားစီးရပါတော့တယ်။ ကားကလည်း အရင်ခေတ်က စာပို့ရထားများလို တစ်မြို့ဝင်လိုက် ခရီးသည်တင်လိုက်၊ ကုန်တင်လိုက် လုပ်နေတာမို့ စိတ်ညစ်စရာကောင်းလောက်အောင် ကြာပါတယ်။ ဒီကြားထဲမှာ မနက် ၁၁ နာရီထိုးမှ ထမင်းစားနားပေးတာကြောင့် တစ်လမ်းလုံး အူတွေလိမ်နေအောင် ဗိုက်ဆာပါတော့တယ်။ ခရီးသည်တွေ ဆင်းလိုက်တက်လိုက် လုပ်နေတာကြောင့် လမ်းတစ်လျှောက်လုံးလည်း ကောင်းကောင်းမအိပ်ရတော့ပါ။ ပထမညကလည်း မအိပ်ရသလို ဒီညလည်း မအိပ်ရရုံသာမက ရေလည်းမချိုးရ အ၀တ်လည်းမလဲရတာကြောင့် လူတစ်ကိုယ်လုံး ညစ်ပတ်နံစော်ပြီး လူရုပ်လည်း မပီချင်တော့ပါ။ ဘာပဲဖြစ်ဖြစ် အပန်းဖြေခရီးထွက်တာမို့ ဖြစ်သမျှအကြောင်း အကောင်းလို့ယူဆပြီး အားလုံးကို ပေယျာလကံပြုရပါတော့တယ်။ ဒီကြားထဲမှာ ဆက်ဆံရေးညံ့သလို လမ်းစီးခရီးသည်တွေပေါ်မှာ မတန်တဆကားခ တောင်းတဲ့ကားစပယ်ယာကိုလည်း သည်းခံရပါသေးရဲ့။




တစ်လမ်းလုံး ကျဉ်းခဲ့တဲ့ကားလမ်းက နေပြည်တော်လမ်းခွဲကစလို့ ဧရာမလမ်းကျယ်ကြီးတွေ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ သစ်ပင်ကြီးကြီးမားမား တစ်ပင်မှ မမြင်ရပါ။ ကားပေါ်က မြင်ရတဲ့ မြင်ကွင်းကတော့ တကယ့်အပူပိုင်းဒေသရဲ့ မြင်ကွင်းစစ်စစ်တွေပဲ ဖြစ်နေပါတော့တယ်။ ညနေ ၅ နာရီခွဲမှာ နေပြည်တော် မြို့မဈေးကိုရောက်ပြီး ကိုယ်တို့ကိုလာကြိုတဲ့ အိမ်ရှင်မရဲ့ ညီမဖြစ်သူနဲ့ဆုံပြီး သူ့အိမ်ကို လိုက်သွားရပါတယ်။ သူတို့တိုက်ခန်းက နေပြည်တော် ညွှန်မှူးရပ်ကွက်မှာပါ။ မီးအမြဲရတဲ့ဒေသမို့ အဲကွန်းတွေဘာတွေနဲ့ ကောင်းကောင်းမွန်မွန်လုပ်ပေးထားတဲ့ ၀န်ထမ်းအိမ်ယာတွေဖြစ်ပါတယ်။

 

ခယ်မဖြစ်သူက ကိုယ်တို့အတွက် ပျဉ်းမနားက တည်းခိုခန်းမှာ အခန်းမှာပေးထားတာကြောင့် ည ၇ နာရီလောက်မှာ နေပြည်တော်ကနေ ပျဉ်းမနားကို ၁နာရီခွဲလောက်ကြာအောင် ဆိုင်ကယ်နဲ့သွားရပါတယ်။ တည်းခိုခန်းကိုရောက်တဲ့အခါမှာတော့ ခရီးသွားရင် မှတ်ပုံတင်ဆောင်သွားလေ့မရှဘဲ တွေ့ကရာ ကဒ်ပဲထည့်သွားလေ့ရှိတဲ့ ဦးဟန်ကြည်တစ်ယောက် ဒုက္ခရောက်ပါတော့တယ်။ မြန်မာတစ်ပြည်လုံးက တည်းခိုခန်းတွေမှာ လင်မယားနှစ်ယောက်တည်းရင် မှတ်ပုံတင်တစ်ခုပါရုံနဲ့ လုံလောက်ပေမယ့် ဒီဒေသမှာတော့ လူတိုင်းရဲ့မှတ်ပုံတင် ပါမှပဲ တည်းလို့ရပါသတဲ့။ ၀န်ထမ်းကဒ်တောင် လက်သင့်မခံပါ။ ဒီရက်ပတ်မှာ အထူးစီမံချက်အနေနဲ့ တည်းခိုခန်းတွေ၊ ဟိုတယ်တွေမှာ မကြာမကြာဝင်စစ်နေတာကြောင့်ပါတဲ့။ နတ်သမီးပပျောက်ရေးစီမံချက်လုပ်နေတယ်လို့တော့ ခရီးမသွားခင်က အွန်လိုင်းပေါ်က သတင်းတစ်ခုမှာ ဖတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိုယ်ကလည်း ခပ်ပေါ့ပေါ့ပဲ သဘောထားလိုက်မိတာပါ။ တပင်တပန်းသင်ထားရတဲ့ ပညာတွေဟာ ဒီကဒ်ကလေးတစ်ခုလောက်တောင် အသုံးမ၀င်၊ တန်ဖိုးထားမခံရမှန်း သိလိုက်ရတော့ တော်တော်လေးဝမ်းနည်းမိသလို၊ တော်တော်ကြီးလည်း စိတ်တိုမိပါတော့တယ်။


နောက်ဆုံးတော့ ကိုယ့်စိတ်ကိုယ်ဖြေရင်း နေပြည်တော်က စည်ပင်သာယာဧည့်ရိပ်သာမှာပဲ အခန်းတစ်ခန်းငှားပြီး အဲကွန်းမပါဘာမပါတဲ့ အစိုးရရိပ်သာမှာ ရှေးဟောင်းပန်ကာရဲ့ မြည်သံတ၀ီဝီကို နားထောင်ရင်း နေပြည်တော် ပထမညကို စိတ်ရောကိုယ်ပါ တပင်တပန်းနဲ့ စတင်လိုက်ရပါတော့တယ်။     ။

Friday, 22 April 2011

ပြန်ရောက်ပြီ . . .

 မတ်လ ၂၈ ရက်နေ့ကတည်းက အပန်းဖြေခရီးထွက်ခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက်
မနေ့ညနေကမှ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ရောက်ပါတော့တယ်။ နေပြည်တော်မှာ တစ်ပတ်၊ ပုဂံမှာ ၁၂ ရက် နေခဲ့တဲ့အပြင် နေ့တိုင်းလိုလို အပြင်ထွက်ပြီး လေ့လာရေးဆင်းဖြစ်တာမို့ ဓာတ်ပုံတွေ တစ်ပုံတစ်ပင်၊ ပြောစရာ ရေးစရာတွေကလည်း တစ်ပုံတစ်ပင် ပါခဲ့ပါတယ်။

တစ်နေ့တာသွားသမျှ ခရီးစဉ်ကို ညရောက်တိုင်း နေ့စဉ်မှတ်တမ်းရေးဖြစ်တာမို့ တစ်လနီးပါးစာ မှတ်တမ်းကြီးလည်း ပါလာခဲ့ပါတော့တယ်။ ဒီမှတ်တမ်းကိုပဲ ဖြုတ်သင့်တာဖြုတ် ဖြည့်သင့်တာဖြည့်ပြီး နေပြည်တော်နဲ့ ပုဂံခရီးသွားလမ်းညွှန်ဖြစ်အောင် ရေးဖို့စိတ်ကူးထားပါတယ်။

ခရီးကပြန်ရောက်ရောက်ချင်းပဲ စာသင်နှစ်သစ်အတွက် ကျောင်းသားတွေ လာအပ်နေကြပြီမို့ အားလပ်ရက်တွေ ကုန်သွားပြီလို့ သတ်မှတ်ရပါတော့မယ်။ ဘာပဲဖြစ်ဖြစ် စာသင်နှစ်အစပိုင်းကတော့ ပြောလောက်အောင် အလုပ်မပိသေးတာမို့ ခရီးသွားမှတ်တမ်းကို ကျကျနနဖြစ်အောင် ပြင်ဆင်ပြီး စာဖတ်သူမငြီးငွေ့မချင်း (ငြီးငွေ့လည်း တင်မှာပါပဲ) မှတ်တမ်းဓာတ်ပုံတွေနဲ့ နေ့တိုင်းတင်ပါတော့မယ်လို့ ကြော်ငြာမောင်းခတ်လိုက်ရပါကြောင်း။     ။ 

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger