လူရယ်လို့ ဖြစ်လာကြရင် ဘယ်လူမျိုးမှာမဆို တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်နာမည်တွေ ရှိကြစမြဲပါ။ တစ်ခုခုကို အစွဲပြုပြီးမှည့်ထားတာပဲဖြစ်ဖြစ်၊ အတိတ်နိမိတ်ကိုဆောင်ပြီးမှည့်ထားတာပဲဖြစ်ဖြစ် တစ်ယောက်စီရဲ့နာမည်တွေမှာ သူ့အဓိပ္ပာယ်နဲ့သူ ရှိလို့နေပါရဲ့။
တစ်ယောက်ချင်းစီရဲ့ နာမည်တွေကိုလေ့လာကြည့်ရင် မိဘတွေက သူတို့သားသမီးအပေါ်မှာထားကြတဲ့ ချစ်ခြင်းမေတ္တာတွေကိုလည်း တစ်စွန်းတစ်စ တွေ့နိုင်ကြပါတယ်။ ငယ်ငယ်က ကျန်းမာရေးမကောင်းလို့ ချူချာတဲ့ကလေးကို ကျန်းမာရေးကောင်းစေဖို့ “ မောင်သံချောင်း” လို့မှည့်တာမျိုး၊ အမျိုးအဆွေတွေကြားထဲမှာ ထင်ပေါ်ကျော်ကြားစေချင်တဲ့ ဆန္ဒနဲ့ “ မျိုးအောင် ” “ မျိုးကျော် ” “ မျိုးမင်း ” “ မျိုးဇော် ” “ မျိုးညွန့် ” လို့မှည့်တာမျိုးတွေကို သတိထားမိနိုင်သလို ကိုယ်လေးစားတဲ့၊ ကိုယ်သဘောကျတဲ့ ပုဂ္ဂိုလ်တွေလို ထင်ရှားအောင်မြင်စေချင်တဲ့ ဆန္ဒနဲ့ သားသမီးတွေရဲ့နာမည်မှာ အဲဒီပုဂ္ဂိုလ်တွေရဲ့နာမည်တွေထည့်ပြီး မှည့်ပေးတာမျိုးလည်း တွေ့ရနိုင်ပါတယ်။ တစ်ခေတ်တစ်ခါက တစ်ခိုင်လုံးရွှေအငြိမ့်အဖွဲ့ကြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ချိန်မှာ အဲဒီခေတ်က ပွဲချစ်သူ မိဘအများစုက သူတို့သမီးတွေကို အဲဒီအငြိမ့်အဖွဲ့ရဲ့ ခေါင်းဆောင်မင်းသမီးနာမည် “ အေးအေးမြင့် ” လို့ မှည့်ခဲ့ကြတာ ထင်ရှားတဲ့ သာဓကပါ။
တစ်ချို့မိဘတွေကလည်း ကလေးကိုမွေးဖွားချိန်က အမှတ်တရ တစ်ခုခုကို အစွဲပြုပြီး မှည့်ကြပြန်ပါတယ်။ မိုးတွေသည်းသည်းမည်းမည်းရွာနေချိန်မှာ မွေးခဲ့တဲ့ကလေးကို “ မောင်မိုးသီး ”
“ မမိုးညို ” စသည်ဖြင့် အမည်ပေးသလို၊ နှင်းတွေဝေနေတဲ့ မနက်ခင်းမှာမွေးခဲ့တဲ့ ဆရာကြီးပီမိုးနင်းကို သူ့မိဘတွေက “ မောင်မိုးနှင်း ” လို့ ချစ်စနိုးအမည်ပေးခဲ့ပါတယ်။ တစ်ခါတစ်လေမှာတော့ ကလေးရဲ့ထင်ရှားတဲ့ဝိသေသလက္ခဏာတွေကို အစွဲပြုပြီး ဖြူဖြူဖွေးဖွေး၊ ၀၀တုတ်တုတ်ကလေးကို “ ဖြူလုံး ” မည်းမည်း၀၀ကလေးကို “ မည်းလုံး ” “ ညိုတုတ် ”စသည်ဖြင့် အမည်ပေးသလို ထင်ရှားတဲ့ အမှတ်ပါတဲ့ကလေးကို “ မှတ်ကြီး ” “ ချက်ကြီး ” “ ဒူးညို ” စသည်ဖြင့်လည်း ချစ်စနိုးအမည်ပေးကြပြန်ပါတယ်။ ထင်ရှားတဲ့အမှတ်အသားကို အစွဲပြုပြီးပေးတဲ့ အဲဒီလိုနံမည်မျိုးတွေကို ပါဠိဘာသာနဲ့ “ အနွတ္တသညာ ”လို့ ခေါ်ပါသတဲ့။ ကျန်တဲ့နံမည်ပေးနည်းတွေကို ပါဠိလိုဘယ်လိုခေါ်မယ်ဆိုတာကိုတော့ သူကြီးမင်း ကိုကိုမောင်၊ မေဓာဝီနဲ့၊ ဘုန်းဘုန်းတောက်တို့က ပိုပြီးနှံ့နှံ့စပ်စပ် သိပါလိမ့်မယ်။
အညာကျေးလက်ဒေသတွေမှာတော့ ကလေးတွေကို သူတို့ချစ်တဲ့ တိရစ္ဆာန်တွေရဲ့နာမည်ကို အလွယ်တကူ မှည့်တတ်ကြတာမို့ ကလေးတွေရဲ့နာမည်ဟာ “ခွေးမ” ”ဆိတ်သိုး” “နွားမောင်” စသည်ဖြင့် ထူးထူးဆန်းဆန်းဖြစ်နေတတ်ပါတယ်။ အမှတ်မထင်စဉ်းစားမိရင် ကလေးကို နာမည်ဆိုးကြီးမှည့်ပေးထားတယ် ထင်စရာကောင်းပေမယ့် မိဘဖြစ်သူက သူ့သားသမီးတွေရဲ့ နာမည်ရင်းကို မခေါ်ဘဲ တွေ့ကရာ နာမည်တွေကို ချစ်စနိုးခေါ်ရင်း တကယ်တွင်သွားတဲ့ နာမည်တွေဖြစ်တာကို သတိထားမိနိုင်ပါလိမ့်မယ်။
တစ်ခါတစ်ခါမှာ နာမည်နဲ့လူနဲ့မလိုက်ဖက်တာမျိုးတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ တစ်ချိန်လုံး တရှောင်ရှောင်ချူချာလွန်းတဲ့လူရဲ့ နာမည်က “ မောင်ဖိုးမာ ” ဖြစ်နေတတ်ပြီး အရိုးပေါ် အရေကပ်လို့ ပိန်ပိန်ညောင်ညောင်လူရဲ့နာမည်က “ မောင်ဝ ” ဖြစ်နေတတ်ပါတယ်။ အသက် ၁၈ နှစ်နဲ့ ဆုံးသွားတဲ့ မိန်းကလေးနာမည်က “ မသက်ရှည် ” ဖြစ်နေတာမျိုးလည်း မကြာမကြာတွေ့နိုင်သလို စားရမဲ့ သောက်ရမဲ့ ဖြစ်နေတဲ့ လူနာမည်ကတော့ “ ဦးချမ်းသာ ” ဖြစ်နေတတ်ပါသေးတယ်။ တကယ်တော့ ဒီနာမည်တွေဟာ မိဘက သူတို့သားသမီးအပေါ်မှာ ထားတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြနေတဲ့ နာမည်မျိုးတွေဖြစ်ပါတယ်။ ကျန်းမာရေးချို့တဲ့လွန်းတဲ့ သူတို့သားသမီးကို ကျန်းမာစေချင်တဲ့ ဆန္ဒနဲ့ နိမိတ်ကောင်းအောင် “ မောင်ဖိုးမာ ”လို့ မှည့်ပေးထားတာ ဖြစ်သလို ပိန်လွန်းတဲ့ သားကလေးကို ၀လာနိုးနိုးရည်ရွယ်ချက်နဲ့ “ မောင်ဝ ”လို့ နာမည်ပေးကြဖြင်း ဖြစ်ပါတယ်။ တကယ်လို့ သူတို့ကလေးတွေက ပညတ်သွားရာ ဓာတ်သက်မပါဘဲ ချူချာမြဲချူချာ၊ ပိန်မြဲတိုင်းပိန်ကြတဲ့ အခါမှာတော့ အများအမြင်မှာ ရယ်စရာ၊ စဉ်းစားစရာတွေ ဖြစ်ရပါတော့တယ်။
မျိုးရိုးနံမည်ကို ထိန်းသိမ်းရတဲ့ ဥရောပသားတွေနဲ့ တရုတ်တွေမှာ နာမည်ပေးတဲ့ကိစ္စအတွက် မထည့်မဖြစ်ထည့်ရမယ့် မျိုးရိုးနာမည်၊ မိဘနာမည်တွေရှိနေတာကြောင့် နာမည်တစ်လုံးစဉ်းစားရတာ သက်သာပြီး ကိုယ်ပိုင်နာမည်တစ်လုံးအတွက်သာ စဉ်းစားဖို့လိုပေမယ့် နာမည်ပေးချင်သလိုပေးလေ့ရှိကြတဲ့ မြန်မာလူမျိုးတွေမှာတော့ နာမည်တစ်ခါပေးဖို့ တပင်တပမ်းစဉ်းစားကြရပါတယ်။ သားသမီးဆိုတာ မိဘပေးတဲ့ နာမည်ကိုပဲ ကိုယ်ပိုင်ရွေးချယ်ခွင့်မရှိဘဲ မယူမဖြစ်တဲ့ အမွေအနေနဲ့ လက်ခံကြရတာမို့ နာမည်တွေဟာ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ ပြယုဂ်တစ်ခုဖြစ်သလို၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အတ္တကို မီးမောင်းထိုးပြတဲ့ ပြကွက်တစ်ခုလည်း ဖြစ်နေပါတော့တယ်။
တစ်ခါက သားဖြစ်သူကို “ နေကမ္ဘာစန်း ” လို့နာမည်ပေးထားတဲ့ မိတ်ဆွေတစ်ယောက်ကို သတိထားပြီး လေ့လာဖြစ်ပါတယ်။ ဒီမိတ်ဆွေဟာ အရာရာ အသာစီးရချင်၊ အနိုင်ယူချင်တဲ့ အတ္တစိတ် ကြီးလွန်းနေတာ အမှတ်မထင်သွားတွေ့ရပါတယ်။ သမီးဖြစ်သူကို “ ခင်အေးချမ်း ” လို့ နာမည်ပေးထားကြတဲ့ မိတ်ဆွေမိသားစုကတော့ ဘ၀မှာ ရိုးသားအေးချမ်းမှုကို အမြတ်တနိုးတန်ဖိုးထားကြတဲ့သူတွေ ဖြစ်နေကြတာကို သတိထားမိပါတယ်။ သားသမီးနံမည်မှာ မိဘတွေရဲ့နာမည်ကို အပြည့်အစုံထည့်ပေးလေ့ရှိတဲ့ မိဘတွေမှာတော့ မျိုးရိုးကို စောင့်ရှောက်ချင်တဲ့ ဆန္ဒကြီးမားသလို၊ ကိုယ့်နာမည်ကို ဆက်လည်တည်တံ့စေချင်တဲ့ အာသီသနဲ့ အတ္တလည်း ရှိနေကြတာ ခံစားလို့ရနိုင်ပါတယ်။ သမီးဖြစ်သူကို
“ ခင်ချောချောချောခက်ခက်ခိုင် ” “ နန်းနှင်းနုနုနွယ်နီနွေး ” စတဲ့ နာမည်တွေပေးထားတဲ့ မိဘတွေကတော့ အနုပညာလည်းဆန်ချင်သလို၊ အများထက်လည်း ထူးချင်ဆန်းချင်တဲ့ စိတ်ပိုင်းဆိုင်ရာမျိုး ရှိနေမယ်လို့ ယေဘုယျသဘော ကောက်ချက်ဆွဲလို့ ရနိုင်ပါတယ်။
တစ်ချို့ကလေးများမှာတော့ နာမည်တွေ တစ်မျိုးမက ရှိနေတတ်ပါသေးတယ်။ နာမည်များရခြင်းအကြောင်းရင်းက မိဘဖြစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာ မပြတ်သားမှုကြောင့် ဖြစ်နိုင်သလို၊ လူကြီးတွေကြားမှာ အာဏာခွဲဝေပုံမညီမျှမှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မိဘဖြစ်သူတွေက ကောင်းနိုးရာရာ နာမည်တွေ တစ်ခုပြီးတစ်ခု စမ်းပေးကြည့်ရင်းက နာမည်တွေများသွားတာမျိုးပဲ ဖြစ်ဖြစ်၊ မိဘကပေးတဲ့နာမည် အဘိုးအဘွားကပေးတဲ့နံမည်၊ အဒေါ်တွေ ဦးလေးတွေက ပေးတဲ့နာမည်တွေ များကုန်တာကြောင့်လည်း ကလေးတစ်ယောက်မှာ ငယ်နာမည်၊ အိမ်နာမည်၊ ကျောင်းနာမည် စသည်ဖြင့် သူ့ဖာသာတောင် မမှတ်မိလောက်အောင် နာမည်များသော လူသားဖြစ်ရပါတော့တယ်။
အညာတောကျောင်းတစ်ခုမှာ လုပ်အားပေးကျောင်းဆရာလုပ်နေချိန်တုန်းက သုံးတန်းတပည့်မတစ်ယောက်ရဲ့နာမည်က တကယ့်အပျံစားပါ။ “ ဒါဇင်ကျော် ” လို့ ထူးထူးဆန်းဆန်းမှည့်ထားတဲ့ ကလေးမလေးရဲ့ နာမည်ကို စိတ်ဝင်စားမိတာကြောင့် မေးကြည့်တော့မှ ၁၃ ယောက်မြောက်ကလေး၊ တစ်ဒါဇင်ကျော်သွားတဲ့ မွေးချင်းအရေအတွက်ကို အစွဲပြုပြီး မှည့်ပေးထားတဲ့ နာမည်ဖြစ်တာကို သိရပါတော့တယ်။ ၁၁ ယောက်မြောက် မွေးချင်းဖြစ်တဲ့ သူ့အထက်က အစ်ကိုဖြစ်သူရဲ့နာမည်ကတော့ “ ဆယ်ပို ” ပါတဲ့။ ဘယ်လောက်တောင် ရိုးရိုးလေးနဲ့ လှနေတဲ့ အညာနာမည်ပါလိမ့်လို့ အခါခါတွေးမိပါတော့တယ်။
နာမည်တွေမှာ လိင်ခွဲခြားမှု ရှိရမှာဖြစ်ပေမယ့် တစ်ချို့နာမည်တွေမှာတော့ ဣတ္ထိလိင်၊ ပုလိင်မကွဲတာမျိုးလည်း ရှိပါသေးတယ်။ ဥပမာအားဖြင့် “ ခင်ညွှန့် ” “ သန်းစိန်”ဆိုတဲ့ နာမည်တွေကို ယောက်ျားလေးရော၊ မိန်းကလေးပါ မှည့်လို့ရပါတယ်။ အထူးသဖြင့် တစ်လုံးတည်းရှိတဲ့ နာမည်မျိုးတွေမှာ ပိုပြီးမကွဲပြားတာကိုလည်း သတိထားမိနိုင်ပါတယ်။ မိတ်ဆွေလင်မယားနှစ်ယောက်စလုံးရဲ့ နာမည်တွေက “ ဦးညို” နဲ့ “ ဒေါ်ညို ” ဖြစ်ပြီး သူတို့ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်နာမည်ကိုတော့ “ ညိုကြီး ” ကဖေးလို့ ဗျူဟာမြောက်မြောက် မှည့်ထားလေရဲ့။
ဆေးကျောင်းသားဘ၀တုန်းက သူငယ်ချင်းတွေရဲ့နာမည်တွေကလည်း ထူးဆန်းပါတယ်။ “ မြကုဋေ ” ဆိုတဲ့ ရှားရှားပါးပါးနာမည်ပိုင်ရှင်သူငယ်ချင်းကတော့ ကျောင်းရောက်ရောက်ချင်းပဲ လူသိအများဆုံးကျောင်းသားစာရင်းထဲမှာ ၀င်သွားပါတော့တယ်။ ဒါ့အပြင် ဂျူနီယာတန်းထဲက “ ရွှေမိုးမိုး ”ဆိုတဲ့ ကျောင်းသားလည်း ထိုနည်းလည်းကောင်းပါပဲ။ မိန်းကလေးသူငယ်ချင်းတစ်ယောက်ရဲ့နာမည်ကတော့ ထူးထူးဆန်းဆန်း “ ဇာနည်စိုး ” ဆိုတဲ့ ယောက်ျားလေးနာမည်ဖြစ်နေပြန်ပါတယ်။
တချို့တရုတ်နာမည်တွေ၊ တိုင်းရင်းသားနာမည်တွေကျပြန်တော့လည်း မြန်မာဘာသာနဲ့ အနက်ကောက်ရတဲ့ အဓိပ္ပာယ်က တစ်မျိုးဖြစ်နေတာမို့ ကိုယ့်အတွေးနဲ့ကိုယ် ရယ်စရာကောင်းနေပြန်ပါသေးတယ်။ မန္တလေးတက္ကသိုလ်မှာ တက်ခဲ့တဲ့ သူငယ်ချင်းတရုတ်မတစ်ယောက်ရဲ့ တရုတ်နာမည်ကို မေးမိတော့ သူက သူ့တရုတ်နာမည်ကို လူရှေ့မှာ မခေါ်ဖို့ အတန်တန် ကတိတောင်းပြီးမှ ပြောပြပါတယ်။ သူ့တရုတ်နာမည်က ကြံကြံဖန်ဖန် “ ရှူပေါက်ကြမ်း ” ပါတဲ့။ တရုတ်လိုတော့ ဘယ်လိုအဓိပ္ပာယ်ထွက်မှန်းမသိပေမယ့် မြန်မာလိုတွေးမိတော့ ကြက်သီးရော၊ ဘဲသီးပါ ထချင်စရာကြီးမို့ လူရှေ့မှာရော၊ လူကွယ်ရာမှာပါ မခေါ်ရဲလောက်အောင် ဖြစ်ရပါရဲ့။ ဆေးကျောင်းက တိုင်းရင်းသူ သူငယ်ချင်းမတစ်ယောက်ရဲ့ နာမည်ကျပြန်တော့ “ ဂျီမိုးမိုးခိုင် ” ဖြစ်နေပြန်ပါတယ်။ သူ့အဓိပ္ပာယ်နဲ့သူတော့ လှချင်လှမှာဖြစ်ပေမယ့် ခပ်ငယ်ငယ်က ဂျီကျလွန်းလို့များ ဒီနာမည်ပေးထားသလားလို့ တွေးမိချင်စရာ ဖြစ်ရပါတော့တယ်။
နာမည်တွေကို စိတ်ဝင်တစားရှိလှတဲ့ ဦးဟန်ကြည်တစ်ယောက် ပညာရေးလောကသားဖြစ်လာပြီး ကိုယ့်ကျောင်းသားတွေကို ကိုယ်ကြိုက်ရာနာမည်နဲ့ခေါ်ခွင့် ရလာတဲ့အချိန်မှာတော့ ကလေးတစ်ယောက်ချင်းစီအတွက် ကိုယ်ပိုင်နာမက္ခရနည်းဗျူဟာကိုသုံးပြီး ပြောင်မြောက်တဲ့ နာမည်တွေပေးပါတော့တယ်။ ကျောင်းသားတွေကို သူတို့မိဘတွေကပေးထားတဲ့ နာမည်တွေက ကျောင်းခေါ်ချိန်စာအုပ်ထဲမှာပဲ ကျန်နေရစ်ပြီး စာသင်နှစ်တစ်နှစ်လုံးမှာ ဦးဟန်ကြည်ပေးတဲ့ နာမည်နဲ့ပဲ စခန်းသွားကြရရှာပါတယ်။ အဲဒီလိုနာမည်သစ်ပေးလိုက်ခြင်းအားဖြင့် ဆရာနဲ့တပည့်ပိုပြီး ရင်းနှီးသွားတယ်လို့ ခံစားရသလို ကလေးအချင်းချင်းလဲ ပိုပြီးနွေးနွေးထွေးထွေးဆက်ဆံသွားကြတယ်လို့လည်း ယူဆမိသလို၊ ကျောင်းသူကျောင်းသားတွေကလည်း သူတို့ကိုယ်သူတို့ ကလေးလို့ပဲ ယူဆသွားကြတယ်ဆိုတာလည်း သတိထားမိပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့ နာမည်သစ်တွေကိုပဲ စွဲစွဲမြဲမြဲခေါ်လေ့ရှိတဲ့ ဦးဟန်ကြည်မှာ အရေးအကြောင်းကြုံရင် သူ့ကျောင်းသားတွေရဲ့ နာမည်ရင်းတွေကို မမှတ်မိနိုင်အောင် ဖြစ်ရတာကိုတော့ ခြွင်းချက်အဖြစ်ထားရစ်ရပါလိမ့်မယ်။
ကလေးတွေကို အမှတ်တရဖြစ်အောင် မှည့်ပေးခဲ့တဲ့ နာမည်တွေထဲက တစ်ချို့တစ်ဝက်ကိုတော့ အခုထက်ထိ မှတ်မှတ်သားသား ရှိနေပါသေးတယ်။
ကျောင်းမကြာမကြာပျက်လေ့ရှိတဲ့ ကျောင်းသားကို ပေါ်လိုက်ပျောက်လိုက် ကိုယ်ထင်ပြတတ်တဲ့ ဂုဏ်ရည်တူချင်းထပ်တူပြုပြီး ပေးထားဖြစ်တဲ့ နာမည်က “ သရဲ ” ပါတဲ့
အရိုးပေါ် အရေကပ်နေအောင် ပိန်လွန်းတဲ့ ကလေးတစ်ယောက်ကိုတော့ တေးရေးဆရာတစ်ယောက်ရဲ့နာမည်ကို အစွဲပြုပြီး “ အရိုး ”
သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်အမြဲအူမြူးနေလေ့ရှိတဲ့ တပည့်တစ်ယောက်ကတော့ “ စပ်ဖြဲ ”
လမ်းလျှောက်တဲ့အခါမှာ အားမရှိသလိုဟန်နဲ့ လျှောက်လေ့ရှိတဲ့ကျောင်းသားကိုတော့ မုန်တိုင်းမိပြီးလွင့်လာတဲ့ မြင်ကွင်းကို သတိရသွားစေတာမို့ - “ ဆူနာမီ ”
မျက်မှန်အမြဲတပ်ထားရတဲ့ ကျောင်းသူလေးတစ်ယောက်ရဲ့နာမည်က - “ လေးလုံး ”
အသားညိုညိုနဲ့ ခပ်၀၀ကျောင်းသူလေးတစ်ယောက်ရဲ့နာမည်က - “ ဘဲဥ ”
ပိန်ပိန်သေးသေးပုပု ကျောင်းသားလေးတစ်ယောက်ရဲ့နာမည်က - “ မှင်စာ ”
ဆရာ့ကို မေးခွန်းပေါင်းများစွာ မီးခိုးမဆုံး မိုးမဆုံးမေးတတ်တဲ့ ကျောင်းသူလေးတစ်ယောက်ရဲ့ နာမည်က - “ ငရစ် ”
အဲဒီလိုရစ်တတ်တဲ့ လုံးလုံးကျစ်ကျစ် ကျောင်းသူရဲ့ နာမည်က - “ ရစ်လုံး ”
ရှေ့သွားလေးနှစ်ချောင်း လူကျွံဘောဖြစ်နေတဲ့ ကျောင်းသူလေးရဲ့နာမည်က - “ ပေါက်ဖော် ”
အဲဒီလို သွားပေါ်ပေါ် နောက်တစ်ယောက်ကိုတော့ - “ ၀က်ကတိုး ”
ဆံပင်မွှေးလေးတွေ ခပ်ကြဲကြဲကို တိုတိုတောင်းတောင်း ညှပ်ထားလေ့ရှိတဲ့ ပိန်ပိန်ကျောင်းသားလေးတစ်ယောက်ရဲ့နာမည်က - “ စာကလေး ”
တဖြည်းဖြည်းနဲ့ ပိန်ပိန်လာတဲ့ တပည့်မတစ်ယောက်ရဲ့နာမည်ကိုတော့ - “ ကြာရိုး ”
( ဒီနာမည်ပေးလိုက်တော့ ကလေးမက ပျော်ရှာပါတယ်။ နာမည်လေးကလည်း လှပေသကိုး။ ဒါပေမယ့် ကြာရင် အရိုးပဲ ကျန်မှာမို့ ဒီနာမည်ပေးလိုက်မှန်းလည်းသိရော ကလေးခမျာ အီလည်လည်လေး ဖြစ်နေရှာပါရော )
အမြဲတမ်း ပြာယာခတ်ပြီး လက်တွေရော ၊ ခြေတွေပါ အနားမနေတဲ့ ကျောင်းသူတစ်ယောက်ကိုတော့ မော်တော်ပီကယ်ကို အစွဲပြုပြီး - “ မော်တော်ပြာလောင် ”
စာသင်ချိန်မှာ အမြဲငိုက်တတ်တဲ့ နော်ဖောကပေါ် ဆိုတဲ့ ကရင်တပည့်မလေးကိုတော့ - “ ခလောကပေါ် ”
ပိန်ပိန်ညောင်ညောင် ကျောင်းသားလေးတစ်ယောက်ကို - “ ပဲတောင့် ”
အသားမည်းမည်းနဲ့ မျက်လုံးပြူးပြူး ကျောင်းသားလေးတစ်ယောက်ရဲ့နာမည်က - “ ပုရစ် ”
မြန်မာစာမေးခွန်းတိုတွေမေးတဲ့အခါ အဖြေမှန်နဲ့ ဘာမှမဆိုင်တဲ့ ကမ္ဘာကျော်အီစွပ်ပုံပြင်များဆိုတာကို အားပါးတရ အော်ပြီး ဖြေခဲ့တဲ့ ကျောင်းသားကိုတော့ - “ အီစွပ် ”
ဓာတုဗေဒမှာ Organic Chemistry တွေ စာမေးပွဲလုပ်ပေးချိန်က Ethane ကို Ethyan လို့ ပြောင်မြောက်အောင် မှားနိုင်တဲ့ တပည့်ကျော်ရဲ့နာမည်ကို သူရေးထားတဲ့ နာမည်အတိုင်း - “ အီသရမ်း ”
မည်းမည်းပိန်ပိန် မွန်တပည့်မတစ်ယောက်ကိုတော့ - “ ခရမ်းသီး ”
၀၀ဖြူဖြူ ထောင်ထောင်မောင်းမောင်း တပည့်မတစ်ယောက်ရဲ့နာမည်က - “ ဘူးသီး ”
ပိန်ပိန်ရှည်ရှည်နဲ့ အမြဲတမ်းပူပူလောင်လောင်ဖြစ်၊ ပြာယာခတ်နေတတ်တဲ့ တပည့်မကို - “ ငရုတ်သီး ”
မျက်လုံးပြူးပြူး အသားမည်းမည်း တပည့်မလေးကိုတော့ - “ ဇီးကွက် ”
ခပ်ပေါက်ပေါက်၊ ခပ်ပေါပေါ နေတတ်တဲ့ ကျောင်းသားကိုတော့ ပြားတစ်ရာမပြည့်တာကြောင့် - “ 50 cent ”( ပြားငါးဆယ် )
ညဘက်ဆိုရင် ကိုးနာရီထိုးတာနဲ့ အိပ်ယာဝင်တတ်တဲ့ ၀ီရိယကောင်းကောင်း တပည့်မတစ်ယောက်ကို “ မေနိုင်း ”
ဒီနှစ်မှရောက်လာတဲ့ ၀၀တုတ်တုတ် ကျောင်းသူလေးကိုတော့ - “ ပစ်ပစ် ”
( ဘလော့ဂီဂျယ်ရီပစ်ပစ်က သူ့နာမည်ကို မှတ်ပုံတင်မထားတာကြောင့် ဦးဟန်ကြည်က ခပ်တည်တည် ယူသုံးလိုက်ခြင်းပါ )
စာသင်ချိန်မှာရော အပြင်မှာပါ လေပေါနိုင်လွန်းတဲ့ တပည့်ကျော်ကိုတော့ - “ အာလူး ”
အရပ်အမောင်းကောင်းကောင်းနဲ့ ထောင်ထောင်မောင်းမောင်း တပည့်မတစ်ယောက်ရဲ့နာမည်က “ ဧရာမ ”
ခပ်ပေါက်ပေါက် ခပ်ပေါပေါ ကျောင်းသားတစ်ယောက်ကိုတော့ သူ့နံမည်ရင်းလေးပါပါသွားရအောင် “ ဓာတ်ထူး ”
လွန်ခဲ့တဲ့ နှစ်ကတော့ နာမည်ပေးသန်လှတဲ့ ဦးဟန်ကြည်ခမျာ ခေါင်းအတော်ခြောက်ရရှာပါတယ်။ ပိန်ပိန်သေးသေး ကျောင်းသူလေးတစ်ယောက်လာအပ်တဲ့အခါမှာ ခပ်လွယ်လွယ် “ ညှပ်စိ ” လို့ နာမည်ပေးထားလိုက်မိပါတယ်။ နောက်ထပ် သူ့ထက်သေးတဲ့ တစ်ယောက်ရောက်လာပြန်တော့ “ အသေးလေး ” လို့ နာမည်ပေးပြီး အဆင်ပြေနေပေမယ့် နောက်ဆုံးရောက်လာတဲ့ အသေးဆုံးကျောင်းသူကိုတော့ နာမည်ပေးဖို့ ခက်ရပါတော့တယ်။ နောက်ဆုံးမှာတော့ ခေါင်းပူအောင်စဉ်းစားမနေတော့ဘဲ “ ပိစိကွေး ” လို့ ခပ်လွယ်လွယ် မှည့်ပေးလိုက်ရပါရောလား။
………………………………
သူပိုင်တဲ့ ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာ သူချစ်တဲ့ တပည့်ပေါင်းများစွာ ပတ်ခြာဝိုင်းလို့ သူမြတ်နိုးတဲ့ ပညာရေးလောကကို ဖက်တွယ်ထားရင်း ဦးဟန်ကြည်တစ်ယောက် မမောနိုင်မပမ်းနိုင် ပျော်ပျော်ကြီးကူးခတ်ကျင်လည်နေဆဲပါ။ သူချစ်တဲ့တပည့်လေးတွေကိုလည်း သူ့စိတ်ကြိုက်နာမည်တွေနဲ့ ဂုဏ်ပြုစမြဲ ရှိနေလျှက်ပါ။ ဒါပေမယ့် သူ့ရဲ့တပည့်ချစ်တွေက ဦးဟန်ကြည်ကို ကွယ်ရာမှာ ဘယ်လိုနာမည်တွေပေးထားကြတယ်ဆိုတာတော့ မသိရှာပါ။ ဒါပေမယ့် တပည့်တွေအပေါ် သံယောဇဉ်ကြီးလွန်းတဲ့ သူတို့ရဲ့ ချစ်စွာသောဆရာကို အကြားခက်တဲ့ နာမည်ဆိုးမျိုးတော့ မပေးတာသေချာနေတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျေနပ်လျှက်လည်း ရှိနေပါကြောင်း။ ။
( “ နာမည် ” ကို “ နံမည် ” လို့ ဆိုးဆိုးဝါးဝါး စာလုံးပေါင်းသတ်ပုံမှားသွားမိတာကြောင့် သတ်ပုံတွေအားလုံးကို ပြန်ပြင်လိုက်ပါတယ်။ သတ်ပုံမှန်ဖို့ အမြဲလိုလို သတိထားတဲ့ကြားက အခုလို မှားသွားခဲ့ရတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်သွားရတဲ့ စာဖတ်မိတ်ဆွေအားလုံးကို လေးစားစွာနဲ့ အနူးအညွတ်တောင်းပန်လိုက်ပါရစေ… )



