Tuesday, 15 November 2011

မဝေခင်က ကြွေနှင့်သည် . . .

ဦးဟန်ကြည်ရဲ့ ကျောင်းသူတစ်ယောက်
ကျောင်းပျက်နေတာ နှစ်ရက်ရှိနေပြီမို့ ညနေက အဲဒီကျောင်းသူရဲ့ မိဘတွေအိမ်ဘက်ကို လမ်းကြုံတာနဲ့ပဲ ၀င်စုံစမ်းမိပါတယ်။ ကျောင်းသူဘယ်ပျောက်နေသလဲလို့ မေးမိတဲ့အခါ ကျောင်းသူရဲ့ အမေဖြစ်သူက မျက်ရည်လည်ရွှဲနဲ့ “ ကျွန်မတို့လည်း အဲဒါကိုပဲ လိုက်စုံစမ်းနေတာပါပဲ ဆရာရယ် ” လို့ ဆိုပါတော့တယ်။ သေချာပါပြီ။ ထုံးစံကို ဗုန်းမှန်လို့တောင် အပျက်မခံတဲ့ ဦးဟန်ကြည်တို့ရဲ့ တစ်နှစ်မှာ ကျောင်းသူတစ်ယောက် ယောက်ျားရလေ့ရှိတဲ့ ဓလေ့ထုံးတမ်းစဉ်လာနဲ့အညီ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် ကျောင်းသူတစ်ယောက် အတောင်ပေါက်သွားပါပြီ။

http://jollyenglish.edublogs.org/files/2010/04/YoungStudentInClass.jpg

သင်ကြားမှုသက်တန်းတစ်လျှောက်လုံး သတိထားမိသလောက် ဦးဟန်ကြည်တို့ရဲ့ ဒီဘက်ဒေသမှာ ဦးဟန်ကြည်ရဲ့ ကျောင်းသားတွေ အိမ်ထောင်စောစောကျတာ၊ မိန်းမခိုးပြေးကြတာ တစ်ခါမှ မကြုံဖူးပါ။ ဒါပေမယ့် ကျောင်းသူတွေကတော့ အထက်ကပြောခဲ့သလို တစ်နှစ်ကို တစ်ယောက်နှုန်းနဲ့ မှန်မှန်ကြီး ခိုးရာလိုက်ကြပါတယ်။ ခေတ်ကြီးကိုပဲ အပြစ်တင်ရမလို၊ ကိုယ့်ကိုယ်ကိုပဲ မေတ္တာပို့ရမလိုလိုပါ။ ပညာရေး၊ ကျန်းမာရေး၊ ဗဟုသုတ၊ စိတ်ဓာတ်ရေးရာ၊ ဘာသာရေးပါမကျန် အမြဲသွန်သင်ဆုံးမပေးနေတဲ့ကြားက ဗွေဖောက်ဖောက်နေကြတာတွေကို တွေ့နေရတာမို့ ဥပေက္ခာပါရမီကိုပဲ ပြောင်းပြီးဖြည့်ရကောင်းနိုးနိုး စဉ်းစားနေရပါပြီ။ လောကကို အလှဆင်ဖို့ စိတ်ကူးတွေ တသီတတန်းနဲ့ စိုက်ထား၊ ပျိုးထားတဲ့ ပန်းပင်လေးတွေ ဝေကာနီး၊ ပွင့်ကာနီးအချိန်ရောက်မှ ပိုးကိုက်ကုန်တာကို မြင်ရတဲ့ ဥယျာဉ်မှူးခမျာ အတော့်ကို ခံစားရပါတယ်။ ဆရာတပည့်ဆက်ဆံရေးဆိုတာကလည်း မြန်မာ့လူ့ဘောင်က သတ်မှတ်ထားလို့သာ နှီးနွယ်ပတ်သက်နေကြပေမယ့် တကယ်တန်းကျပြန်တော့ ဆိုင်သာဆိုင်၊ မပိုင်ကြသူတွေက ဆရာတွေပဲ မဟုတ်ပါလား။ နောက်ဆုံးမှာတော့ သူများသားသမီးလေးတွေကို မပိုင်ဝက်မွေးဘ၀နဲ့ သံယောဇဉ်တွယ်ပြီး အောင်မြင်စေချင်လွန်းတဲ့ ဆရာတွေပဲ စိတ်မကောင်းဖြစ်ပြီး ကျန်ရစ်ရုံပါပဲ။

တဖွဖွသွန်သင်ဆုံးမနေတဲ့ကြားက လမ်းကြောင်းမှားချင်တိုင်း မှားနေကြတဲ့ တပည့်မတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့ ဦးဟန်ကြည်ကို အိမ်ရှင်မကတော့ အားပေးရှာပါတယ်။
“ ရှင့်ကလေးတွေက ရှင်မဆုံးမခင်ကတည်းက ရည်းစားတွေရှိပြီးသားဆိုတော့ ဆုံးမစကားက ဘယ်တိုးတော့မလဲ ” လို့ ပြောတော့မှ ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံးဖြစ်နေတဲ့ ဦးဟန်ကြည်လည်း စိတ်ဖြေရာ ရပါလေရော။ ဟုတ်လည်းဟုတ်ပါရဲ့။ ရောဂါတွေကျွမ်းနေမှဖြင့် ဘယ်ဆေးက တိုးပါလိမ့်မလဲ။

ဒီဘက်ခေတ် ကာလသားသမီးများက ကျန်တဲ့နေရာမှာ ခေတ်မီမမီမပြောတတ်ပေမယ့် ရည်စားထားတဲ့နေရာမှာတော့ ခေတ်ကို လွန်ပါလေရော။ တစ်ခါတစ်ခါများ ဒီဘက်ကာလမှာ ကလေးဆိုတာ မရှိတော့ဘူးလို့တောင် တွေးမိပါရဲ့။ အရှင်မွေး နေ့ချင်းကြီးဆိုသလို ကိုယ့်အမြင်မှာ ကလေးလို့ သတ်မှတ်ထားတဲ့ တပည့်လေးတွေ မကြာမကြာဆိုသလို ကလေးတွေ တိုးလို့တွဲလောင်းနဲ့ ချီတက်နေကြတာကို မြင်နေရတာလည်း စိတ်မချမ်းမြေ့ပါ။ အသက်အရွယ်အရ တည်ငြိမ်မှုရှိပြီး ဘ၀ကို အကောင်းဆုံး ထိန်းကျောင်းနိုင်တဲ့ အနေအထားမှာတောင် အိမ်ထောင်တစ်ခု သာယာဖို့ အင်မတန်ဝါယမစိုက်ထုတ်ရတာကို ကိုယ်တွေ့ကြုံနေတဲ့ ဦးဟန်ကြည်တစ်ယောက် အနှီကလေးတွေ ဒန့်ကျွဲပင်ကို ပုခက်ဘယ်လိုဆင်ကြသလဲဆိုတာ သိချင်စမ်းပါဘိတော့တယ်။ အမေ့နို့နံ့တောင် မစင်သေးတဲ့ ဒီကလေးတွေကတော့ ဒီကိစ္စကို အိမ်ထောင်ပြုတမ်းကစားနေကြတယ်လို့များ ထင်နေကြရော့သလားမသိ။

ထုံးစံအရ မိန်းကလေးများက ယောက်ျားလေးများထက် ဖွံ့ဖြိုးမှုစောတာကို ဦးဟန်ကြည်သတိထားမိပြီးသား။ ယောက်ျားလေးတွေ ဂေါ်လီရိုက်လို့ကောင်းနေတုန်း ခုနစ်တန်း၊ ရှစ်တန်းအရွယ်မှာ တချို့မိန်းကလေးတွေ ရည်စားထားကုန်ကြတာလည်း ဦးဟန်ကြည်အသိ။ ဒါပေမယ့် အိမ်ထောင်တွေပြုကုန်ကြအောင်တော့လည်း မိုက်မဲကြလိမ့်မယ်လို့ မတွေးမိတာအမှန်။ မီးကိုတိုးကြတယ်လို့ သမုတ်ရအောင်လည်း အနှီသကောင့်သားမလေးတွေက ပိုးဖလံမဟုတ်ကြပြန်။ ဘာကိုမဆို မီးခိုးကြွက်လျှောက် တွေးရမှ ကျေနပ်တဲ့ ဦးဟန်ကြည်တစ်ယောက် ကလေးတွေ အိမ်ထောင်ပြုစောရခြင်းအကြောင်းကို တွေးဖြစ်ရပြန်ပါပြီ။

ဦးဟန်ကြည်တို့ ကလေးဘ၀တုန်းက ကျောင်းသားတွေကို အဖြူ၊ အစိမ်း ကျောင်းဝတ်စုံသတ်မှတ်ပေးထားပေမယ့် ဘောင်းဘီတို၊ ဘောင်းဘီရှည်၊ စကတ် စသည်ဖြင့် ကိုယ်ကြိုက်သလို ၀တ်ခွင့်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဦးဟန်ကြည်တို့ ခုနစ်တန်း၊ ရှစ်တန်းအရွယ်အထိ ကလေးစိတ်မကုန်သေးဘဲ ယောက်ျားမိန်းမ နပမ်းသတ်လို့ကောင်းတုန်း၊ ကျောစီးပြီး ထွေခင်းလို့ကောင်းတုန်း၊ တစ်ယောက်လက် တစ်ယောက်ဆွဲပြီး ဒီတိုးတန်း ကစားလို့ကောင်းကြတုန်းပါ။ ဒီဘက်ခေတ်မှာတော့ မယောင်ရာကို ဆီလူးရမှ စားဝင်အိပ်ပျော်ပြီး အပေါ်ယံအလုပ်တွေကို ၀ါယမစိုက်ထုတ်လွန်းတဲ့ ဦးဟန်ကြည်တို့ တိုင်းပြည်ရဲ့မူအတိုင်း လူကြီးတွေ မျက်စိပသာဒဖြစ်ဖို့ ရည်ရွယ်ချက်ကလေးတစ်ခုနဲ့ ငါးတန်းအရွယ်ကစပြီး ကျောင်းသားတွေက ပုဆိုးဝတ်ကြရပြီး၊ ကျောင်းသူတွေက လုံချည်နဲ့ ရင်ဖုံးဝတ်ကြရပါသတဲ့။ ကိုယ့်ကိုယ်ကို လူကြီးအ၀တ်အစားနဲ့ ပြန်မြင်နေကြရတဲ့ ဒီခေတ်ကျောင်းသားလေးတွေ အချိန်မတိုင်ခင် အရွယ်မရောက်ပဲ နေပါရိုးလား။ ဒီကြားထဲမှာ ခပ်ကဲကဲ မိဘများက သားသမီး ငချွတ်ကလေးတွေကို အလှပြင်ပစ္စည်းတွေ၊ အ၀တ်အစားတွေနဲ့ ၀ိုင်းဝန်းပံ့ပိုးတဲ့နောက်တော့ ကလေးတွေ အလုပ်က အလှပြင်ပြီး ရည်စားထားဖို့ပဲ ရှိတော့တယ် မဟုတ်ပါလား။

ဒါတွေတင်အားမရသေးဘဲ မြ၀တီ၊ MRTV စတဲ့ နိုင်ငံပိုင် ရုပ်သံလွှင့်ဌာနတွေကလည်း ကလေးတွေ လင်ယူစောစေဖို့ ကိုရီးယားဇာတ်လမ်းတွဲတွေကို နေ့မအား၊ ညမနား အင်တိုက်အားတိုက် ထုတ်လွှင့်ပေးပြီး ပါရမီဖြည့်ကြပြန်ပါသေးရဲ့။ ဦးဟန်ကြည် သတိထားမိသလောက် ရွှေပြည်ကြီးမှာ ပြသမျှ၊ ခွေဆိုင်မှာ ရောင်းသမျှ ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ ထမင်းစားတာ၊ ဆေးရုံတတ်တာ၊ ရည်းစားထားတာကလွဲလို့ ဘာတစ်ကွက်မှ အတုယူစရာ၊ လေးစားအားကျစရာ မကောင်းပါ။ ဒီကြားထဲမှာ အနှီကိုရီးယားဇာတ်ကားတွေထဲက သရုပ်ဆောင်မတွေဟာ အားရင်အားသလို “ ဆိုဂျု ” လို့ခေါ်တဲ့ အရက်ကို သောက်ပြကြပါသေးတယ်။ ယောက်ျားလေးတွေကို မိန်းမတွေက ၀ိုင်းလိုက်၊ ၀ိုင်းကြိုက်ကြတာကိုလည်း မြိန်ရည်ရှက်ရည် ပြကြပါသေးတယ်။ မကောင်းတာဟူသမျှ အတုယူရမှ ခေတ်မီတယ်ထင်ကြလေတဲ့ ဦးဟန်ကြည်တို့ရဲ့ ရွှေပြည်သူများလည်း ကိုရီးယားစတိုင်ဝတ်၊ ကိုရီးယားလို ဆိုဂျုသောက်ပြီး ကိုရီးယားလို ရည်းစားထားကြပါတော့တယ်။ ခုနစ်အိုရှစ်ဆွေး အဘွားကြီး အမယ်ကြီးတွေတောင် သုံးဆစ်ချိုးဗိုက်ခေါက်ကို လူမြင်အောင် Body fit ၀တ်၊ အမာရွတ်တင်းကြမ်းနဲ့ တင်းပုတ်ခြေသလုံးကို မြင်သူမက်စေဖို့ Mini-skirt တို့ one-quarter short pant  တို့ကိုစစ်ကူတောင်း၊ ဆံပင်ကို နီကြောင်ကြားဆေးဆိုးလို့ ကိုရီးယားစတိုင်ဖမ်းပြီး ဘီယာဗူးကို လက်ကမချဘဲ Boy friend ရှာဖို့ လုံးပမ်းနေကြတာမို့ အမှားအမှန်မဆင်ခြင်နိုင်သေးတဲ့ ဦးဟန်ကြည်တို့ရဲ့ သမီးလေးတွေ ခပ်စောစော လင်ယူကြတာ ဆန်းတော့ဆန်းအံ့မထင်။

ဒီလောက် အတုယူမှားစရာတွေ တင်းကြမ်းပြည့်နေတဲ့ကြားထဲမှာ ခေတ်မီချင်လွန်းတဲ့ မိဘများက သားသမီးတွေကို လွတ်လပ်ရေးအပြည့်ပေးထားပြန်တဲ့အပြင် ဆရာ၊ ဆရာမတွေရဲ့ သွန်သင်မှုက အားနည်း၊ ဘာသာရေးအဆုံးအမက မရှိ၊ ကျန်းမာရေးအသိက နတ္တိဖြစ်ကြပြန်တဲ့ မျိုးဆက်သစ်ကလေးတွေမှာ ဖြစ်ချင်သလိုဖြစ်ပြီး၊ ပျက်ချင်သလို ပျက်ကုန်ကြပါတော့တယ်။ တိုးတက်နေတဲ့ခေတ်ကြီးမှာ လိင်ကိစ္စကိုလည်း အင်တာနက်ပေါ်မှာ၊ MP 4 player တွေထဲမှာ၊ မိုဘိုင်းဖုန်းတွေထဲမှာ၊ လမ်းဘေးဆိုင်တွေမှာအလွယ်တကူရနိုင်တဲ့ DVD ခွေတွေထဲမှာ ဖောချင်းသောချင်းတွေ့နေ၊ မြင်နေနိုင်တာကလည်း လူငယ်တွေကို အဆင်းဘီးတပ်ပေးသလို ဖြစ်နေပြန်ပါရဲ့။ လိင်ကိစ္စကို ပွင့်ပွင့်လင်းလင်းရှိကြတဲ့ အနောက်နိုင်ငံတွေမှာ ဖိုနဲ့မ သံဝါသ အမှုကိစ္စဟာ မထူးခြားတဲ့ဖြစ်ရိုးဖြစ်စဉ်အနေနဲ့ ခေါက်ရိုးကျိုးပြီးသား ဖြစ်နေပေမယ့် ဗုဒ္ဓဘာသာယဉ်ကျေးမှုရဲ့ အဆုံးအမအောက်မှာ ဟီရိ၊ သြတ္တပ္ပတရားနဲ့ နေခဲ့ရတဲ့အပြင် လိင်ကိစ္စမှာလည်း သိုသိုဝှက်ဝှက်ရှိခဲ့ရာက အခုလို ဖောဖောသီသီမြင်နိုင်တွေ့နိုင်တဲ့ အနေအထားကို နေ့ချင်းညချင်းရောက်လာပြန်တော့ မျိုးဆက်သစ် ကျောင်းသားလူငယ်လေးတွေမှာ နွားငတ်ရေကျ ဖြစ်ရတာ ဆန်းတော့ မဆန်းလှပါ။ လူတိုင်းမှာရှိစမြဲဖြစ်တဲ့ တဏှာ၊ ရာဂစိတ်ရိုင်းတွေကို ထိန်းသိမ်းနိုင်ဖို့ အသက်အရွယ်၊ အသိအမြင်၊ ကိုယ်ကျင့်တရားစတာတွေ လိုပြန်တာမို့ အဲဒီအချက်တွေ မပြည့်စုံနိုင်သေးတဲ့ ကျောင်းသားအရွယ်ကလေးငယ်တွေဟာ သမီးရည်းစားဘ၀ကို အိမ်ထောင်သည်အကြိုလေ့ကျင့်ခန်းကာလလို့ သဘောထားကြပါတော့တယ်။

ယောက်ျား၊ မိန်းမ နှစ်ဦးလုံး လိင်ကိစ္စပွင့်လင်းတဲ့ အနောက်နိုင်ငံတွေမှာတော့ သွေးသားဆန္ဒကို ဖြေဖျောက်ရုံအတွက်ပဲ အရေးထားပြီး ဖြစ်လာမယ့် နောက်ဆက်တွဲ ကိစ္စတွေကို မိန်းကလေးကိုယ်တိုင်က သွေးအေးအေးနဲ့ ဖြေရှင်းလေ့ရှိတာမို့ ပြဿနာသိပ်မရှိလှပါ။ သူရို့လူမျိုးက ဒီကိစ္စကို ဖြစ်ရိုးဖြစ်စဉ်ကိုစ္စလို့ပဲ သဘောထားကြတာ မဟုတ်ပါလား။ ဒါပေမယ့်
အရှက်နဲ့ လူလုပ်ကြတဲ့ ဦးဟန်ကြည်တို့ရဲ့ သမီးငယ်လေးတွေခမျာမှာတော့ မလိမ္မာတစ်ခါမိုက်မိရုံနဲ့ ကိုယ့်ကိုယ်ကို ပန်းကောင်းအညွန့်ကျိုးသွားပြီလို့ ယူဆပြီး ပေါက်တဲ့နဖူးကို မထူးဇာတ်ခင်းကြရရှာပါတော့တယ်။ ဒီကြားထဲမှာ ယောက်ျားလေးဖြစ်သူက သန့်စင်မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာကို ခုတုံးလုပ်ပြီး တဏှာရာဂ သွေးသားဆန္ဒဖြေဖျောက်ဖို့ကို ရှေ့တန်းတင်တဲ့လူစားမျိုးဖြစ်ခဲ့ရင်တော့ မိန်းကလေးဘ၀ဟာ နစ်သည်ထက် နစ်ရုံပဲ ရှိပါတော့တယ်။ နောက်ဆုံးမှာ မဖုံးနိုင် မဖိနိုင်ဘ၀နဲ့ အရှက်တကွဲ အကျိုးနည်းဖြစ်ရတဲ့ မိန်းကလေးတွေလည်း မနည်းလှပါ။ မိဘမောင်ဘွားတွေကို ရင်မဆိုင်ရဲတော့ဘဲ လေလွင့်ပျက်စီးပြီး ဘ၀ဇာတ်သိမ်းမလှကြတော့တဲ့ သမီးလေးတွေလည်း ဘယ်လောက်များ ရှိနေကြပြီလဲ မသိနိုင်တော့ပါ။ ဘ၀ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို မျက်ရည်စက်လက်နဲ့ စွန့်လွှတ်ပြီး လတ်တလောရင်ဆိုင်နေရတဲ့ ပြဿနာပြေလည်ဖို့ မျက်စိစုံမှိတ်ပြီး အိမ်ထောင်ပြုလိုက်ကြရတဲ့ ကျောင်းသူအရွယ် သမီးလေးတွေရော ဘယ်လောက်များနေပါပြီလဲ။ ဦးဟန်ကြည်တစ်ယောက် ဆက်မတွေးရဲတော့ပါ။ မတွေးချင်တော့ပါ။

ကလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်အညွန့်အဖူးတွေပဲ ဖြစ်ပါတယ်။ ဦးဟန်ကြည်တို့တစ်တွေ အသက်အရွယ်ကြီးရင့်လာတဲ့တစ်နေ့မှာ သူတို့ကျွေးတာကို စားကြရမှာပါ။ သူတို့စီမံတဲ့အတိုင်း နာခံကြရမှာပါ။ သူတို့ဖန်တီးတဲ့ ပတ်ဝန်းကျင်မှာပဲ နေကြရမှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဒုက္ခမရောက်စေချင်တဲ့၊ ကိုယ့်ကိုယ်ကိုချစ်တဲ့ ဦးဟန်ကြည်တို့ ယနေ့လူကြီးတွေဟာ အနာဂတ်လူကြီးတွေဖြစ်တဲ့ ကလေးသူငယ်၊ ကျောင်းသားလူငယ်တွေကို ချစ်ကိုချစ်ရပါလိမ့်မယ်။ ဒီကလေးတွေကို စောင့်ရှောက်ခြင်းဟာ ကိုယ့်အနာဂတ်ကို တည်ဆောက်ခြင်းလို့ ခေါ်နိုင်တာမို့ ကျောင်းနေအရွယ်ကလေးတွေ အချိန်မတိုင်ခင် အိမ်ထောင်ကျပြီး လူမှုဒုက္ခတွေနဲ့ နဖူးတွေ့ဒူးတွေ့ကြုံကြရတာမျိုး မဖြစ်ရလေအောင် ၀ိုင်းဝန်းပံ့ပိုးကြပါစို့လား။                  ။

Saturday, 5 November 2011

ဝင်ခဲ့လေကွယ် . . .

လူရယ်လို့ဖြစ်လာကြရင် အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ကြရမှာ မလွဲပါ။
 တကယ်တမ်းပြန်စဉ်းစားရင် လူ့ဘ၀အစမှာကတည်းက အငိုနဲ့ စတင်ခဲ့ကြရတာ မဟုတ်ပါလား။

“ အူဝဲ ” ရယ်လို့ ငိုသံပေးပြီး လူ့လောကထဲကို ရောက်လာတဲ့ အချိန်မှာ ပိုင်ဆိုင်မှုရယ်လို့ ဘာတစ်ခုမှ ရှိခဲ့ကြတာ မဟုတ်ပဲ အနှီးစကလေးတစ်ခုတောင် သူများခြုံပေးမှ ပိုင်ဆိုင်ခွင့်ရကြတာပါ။ အသိဥာဏ်ဆိုတာလည်း ဗလာနတ္တိ၊ ဘာသာစကားရယ်လို့လည်း လုံးဝမရှိခဲ့ဘဲ စိတ်အလိုမကျတာ၊ အများသိစေချင်တာတွေကို တပင်တပန်း အော်ဟစ်ငိုကြွေးပြခဲ့ကြရတဲ့ အခြေအနေက အစပြုခဲ့ကြရတာ လူတိုင်းပဲဖြစ်ပါတယ်။ ဒီအခြေအနေ၊ ဒီအနေအထားကနေ တစ်ဆင့်ချင်း သင်ယူ၊ လေ့လာကြရင်း တဖြည်းဖြည်းနဲ့ အသက်တွေ ကြီးရင့်လာကြရပါတယ်။ အသက်တွေကြီးရင့်လာသလို အသိဥာဏ်တွေ ရင့်သန်လာဖို့ဆိုတာကတော့ ကိုယ်တိုင်ကြိုးစားအားထုတ်မှုပေါ်မှာ အခြေခံပါရဲ့။

သိုးဆောင်းစကားပုံတစ်ခုက ဆိုပါတယ်။
“ သင်မွေးဖွားလာချိန်မှာ သင်က ငိုကြွေးပြီး လောကကြီးက ကြည်နူးရယ်မောနေတယ်…
သင်သေဆုံးချိန်မှာ သင်ကရယ်မောပြီး လောကကြီးက ၀မ်းနည်းပူဆွေးပြီး ငိုကြွေးကျန်ရစ်စေရမယ် ”
မှန်ပါတယ်။ တစ်ရက်ပြီးတစ်ရက် သေမင်းနိုင်ငံကို နီးသည်ထက်နီးအောင် သွားနေကြရတဲ့ လူသားဘ၀မှာ ကျန်နေရစ်စရာ၊ ချန်ထားရစ်စရာ သမိုင်းကြောင်းတစ်စတော့ နောင်လာနောက်သားတွေအတွက် ချန်ထားရစ်နိုင်မှပဲ လူဖြစ်ရကျိုးနပ်ပါလိမ့်မယ်။ အဲဒီသမိုင်းကြောင်းကို ချွေးနဲ့ရေးမလား၊ သွေးနဲ့ရေးမလားဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မူတည်နေပါတယ်။

နောင်လာနောက်သားတွေအတွက် တသသနဲ့ အောက်မေ့စရာ၊ ချီးကျူးဂုဏ်ယူစရာ သမိုင်းကြောင်းတစ်ခု ချန်ထားရစ်နိုင်ခဲ့ဖို့ဆိုတာ အပြောလွယ်သလောက်၊ အလုပ်ခက်လှပါတယ်။ တစ်ရက်တစ်ရက် အကုန်မြန်လွန်းလှတဲ့ လောကကြီးမှာ ရာဇ၀င်တစ်ခုကို မော်ကွန်းတင်ဖို့ အရေးကို ထိုင်ပြီးတွေးနေရင်တော့ အိပ်မက်လိုပဲ ဝေးနေဦးမှာ သေချာပါရဲ့။  သမိုင်းကြောင်းတစ်ခုဆိုတာ လူကဖန်တီးယူလို့ ရကောင်းရနိုင်ပေမယ့် ထင်ရှားတဲ့ သမိုင်းကြောင်းတစ်ခုဟာ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး တုံ့ပြန်ပြုမှုမှပဲ ပီပြင်ပြောင်မြောက်နိုင်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ ကိုယ့်ရဲ့သမိုင်းကြောင်းဟာ အကောင်းဆုံးဖြစ်နိုင်ပါသလဲ။

လိုအပ်တဲ့ အခြေအနေကို အရှင်းဆုံးတင်ပြဖို့ စကားလုံးလေးလုံးပါတဲ့ စကားစုတစ်ခုပဲ လိုအပ်ပါတယ်။

“ အခက်အခဲ ”
“ အကြပ်အတည်း ”
“ ကမောက်ကမ ”

အခေါ်အဝေါ်ကွဲပေမယ့် မဖြေရှင်းနိုင်ရင် စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲကြရတာချင်းတော့ အတူတူပဲ ဖြစ်ပါတယ်။

လူအများစုဟာ အခက်အခဲ၊ အကြပ်အတည်း၊ ကမောက်ကမ၊ ကသောင်းကနင်းစတဲ့ အခြေအနေကို အင်မတန် ကြောက်ရွံ့တုန်လှုပ်ကြပါတယ်။ စမ်းချောင်းကလေးထဲမှာ လောင်းလှေကလေး စီးရသလို သာယာငြိမ့်ညောင်းတဲ့ ဘ၀ခရီးမှာ လေညင်းတွေ တသုန်သုန်တိုက်ခတ်၊ ငှက်ကလေးတွေ တေးသီနေတာကို ကြည်ကြည်နူးနူး အရသာခံရင်း ဘ၀ကို ကျေကျေနပ်နပ်ကြီး ဖြတ်သန်းကုန်လွန်ချင်ကြတာ လူသားရဲ့ အန္တိမဆန္ဒပဲ မဟုတ်ပါလား။ ဒါပေမယ့် လက်တွေ့ဘ၀မှာ လေညင်းဟာလည်း အမြဲတိုက်ခတ်နေမှာ မဟုတ်သလို ငှက်ကလေးတွေလည်း အမြဲတမ်း တေးချင်းညည်းနေနိုင်မှာ မဟုတ်ပါ။ စမ်းချောင်းကလေးလဲ အမြဲစီးဆင်းနေနိုင်မှာ မဟုတ်သလို နေမင်းကလည်း အမြဲတမ်းတောက်ပ ကြည်လင်နေနိုင်မှာ မဟုတ်တာကို သတိထားရပါလိမ့်မယ်။

ဒါဟာ ဘ၀ပါ…

ထူးခြားဆန်းကျယ်မှု၊ လျှို့ဝှက်သိပ်သည်းမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့ဘ၀မှာ ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်။ ဘာကိုမှ မပိုင်ဆိုင်နိုင်တဲ့ သင်္ခါရလောကကြီးမှာ ကျင်လည်ရပ်တည်နေကြရတာမို့ အရာရာတိုင်းကို ကိုယ့်စိတ်တိုင်းကျဖြစ်ဖို့ စိတ်ကူးထားခြင်းဟာ ရူးသွပ်မှုတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ ညင်ညင်သာသာတိုက်ခတ်နေတဲ့ လေညင်းကနေ ကြမ်းတမ်းရက်စက်တဲ့ မုန်တိုင်းတစ်ခု အသွင်ပြောင်းဖို့ အချိန်စက္ကန့်ပိုင်းလောက်ပဲ လိုပါတယ်။ သာယာကြည်နူးစရာကောင်းလှတဲ့ ဘ၀တစ်ခုကနေ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀တစ်ခု ဖြစ်သွားဖို့လည်း အလှည့်အပြောင်းတစ်ခုပဲ လိုအပ်ပါတယ်။

မှန်ပါတယ်။ ဒါဟာ ဘ၀ပါ…

လေညင်းကို ချစ်တတ်ရင် လေပြင်းကိုလည်း ရင်ဆိုင်ဖို့ ပြင်ဆင်ရပါလိမ့်မယ်။ နေမင်းကို မြတ်နိုးရင် ညအမှောင်ကိုလည်း ကျင့်သားရဖို့ ကြိုးစားရပါလိမ့်မယ်။ တကယ်တော့ အရာအားလုံးဟာ တဒင်္ဂသာ ဖြစ်ပါတယ်။ ဖျတ်ခနဲပေါ်လာပြီး ဖျတ်ခနဲပျောက်သွားတတ်တဲ့ ဒီလောကကြီးမှာ လူအားလုံး ရင်ဆိုင်ဖို့ ၀န်လေးကြတဲ့ “ အခက်အခဲ ” “ အကြပ်အတည်း ”ဆိုတာတွေလည်း ဖျတ်ခနဲပေါ်လာတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ မကြာခင်မှာပဲ ဖျတ်ခနဲ ပြန်ပျောက်သွားကြပါလိမ့်ဦးမယ်။ ဒါပေမယ့် အဲဒီတဒင်္ဂအခိုက်အတန့်ကလေးဟာ ဘ၀ရဲ့ သမိုင်းပါ။ ဘ၀ရဲ့ မှတ်တမ်းပါ။
ကိုယ်နဲ့အတူ ကိုယ့်ရင်ထဲမှာ ထာဝရ ရှင်သန်ကျန်နေရစ်မယ့် ဘ၀ရဲ့ သမိုင်းတွေဖြစ်လာမယ့် တဒင်္ဂတွေပါ။

အခက်အခဲ၊ အတားအဆီးတွေဟာ လူသားတွေကို ပျင်းရိညည်းငွေ့ခြင်းမရှိစေဖို့ လောကရဲ့ လက်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဘ၀ပန်းချီကားကို ပိုမိုလှပစေမယ့် ဆေးသားတစ်စပဲ ဖြစ်ပါတယ်။ အဖြူသက်သက်နဲ့ ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ရဲ့ အနှစ်သာရ ကင်းမဲ့မှုကို ပျောက်ကွယ်စေဖို့ အရောင်တင်ပေးလိုက်တဲ့ အနက်ရောင် ဆေးတစ်ဗူးပဲ ဖြစ်ပါတယ်။ အရေးအကြီးဆုံးက အဲဒီအခြေအနေမှာ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာပဲ ဖြစ်ပါတယ်။

တကယ်တော့ လူတိုင်းရဲ့ ဘ၀မှာ အခက်အခဲဆိုတာ ရှောင်လွှဲလို့ မရနိုင်စကောင်းတဲ့ အဆင်တန်ဆာပဲ ဖြစ်ပါတယ်။ ဘုရင်ကြီးမှာလည်း ဘုရင်ကြီးရဲ့ အခက်အခဲ ရှိသလို၊ သူတောင်းစားလည်း သူ့အခက်အခဲနဲ့သူပါ။ အခြေအနေတိုင်းဟာ တစ်စုံတစ်ယောက်အတွက် အခက်အခဲ ဖြစ်နိုင်သလို တစ်စုံတစ်ယောက်အတွက် အခွင့်အလမ်းလဲ ဖြစ်နိုင်ပါတယ်။ အခြေအနေကို ရှုမြင်တဲ့ ရှုထောင့်ပေါ်မူတည်ပြီး အရာရာကို ပြောင်းလဲသွားစေနိုင်တဲ့ အစွမ်းကို လူသားတွေအတွက် လက်ဆောင်အဖြစ် သဘာဝလောကကြီးက ပေးထားခဲ့ပြီးသား ဖြစ်ပါရဲ့။

တကယ်တော့ အခက်အခဲဆိုတာ မရှိပါ။ အခက်အခဲဆိုတာ အခွင့်အလမ်းပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ အခက်အခဲဟာ ကြီးမားတဲ့ အခွင့်အလမ်းလို့ ဆိုရပါလိမ့်မယ်။ ကျောင်းသားတစ်ယောက်အတွက် စာမေးပွဲတွေဟာ အခက်အခဲလို့ ယူဆကြပေမယ့် အဲဒီအခက်အခဲကို ကျော်လွှားပြီး ရလာတဲ့ အောင်မြင်မှုကိုတော့ လျှစ်လျှူရှုကြတာ များပါတယ်။ အခက်အခဲကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းသွားနိုင်ကြတဲ့ ကျောင်းသူကျောင်းသားတွေဟာ သာယာလှပတဲ့ ဘ၀ကို ပိုင်ဆိုင်ခွင့်ရသွားကြပါရဲ့။ ဘ၀ဟာလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ အခက်အခဲတွေကနေ ရလာမယ့် ကြီးမားတဲ့ အောင်မြင်မှုတွေကို မြင်အောင်ကြည့်နိုင်ရင် အောင်မြင်တဲ့ဘ၀ကို ရယူပိုင်ဆိုင်နိုင်မှာ မလွဲပါ။

“ သူရဲကောင်း ” ဆိုတာ တိုက်ပွဲတွေကနေ မွေးထုတ်ပေးတာပါ။ “ အောင်မြင်ခြင်း ” ဆိုတာလည်း အခက်အခဲက မွေးထုတ်ပေးတဲ့ ရတနာပဲ ဖြစ်ပါတယ်။ သူရဲကောင်းဖြစ်ချင်ရင် တိုက်ပွဲကို ရှာရပါလိမ့်မယ်။ အောင်မြင်ခြင်းကို လိုချင်ရင်လည်း အခက်အခဲကို ရင်ဆိုင်ရပါလိမ့်မယ်။ သမိုင်းမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်အားလုံးဟာ အခက်အခဲကို ရင်ဆိုင်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အခက်အခဲက ပေးလာတဲ့ အောင်မြင်ခြင်းကို အမိအရ ဖမ်းဆုပ်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။

“ ကျူးဘား ဒုံးပြန် အရေးအခင်း ” ကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ဟာ ထင်ရှားကျော်ကြားခဲ့ပါတယ်…
“ နယ်ချဲ့အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန် ” ကြောင့် သခင်အောင်ဆန်းဟာ မြန်မာ့သူရဲကောင်း ဖြစ်ခဲ့ပါတယ်…
“ ကျေးကျွန်စနစ် ” ကြောင့် အေဗရာဟမ်လင်ကွန်းဟာ ကမ္ဘာကျော်ခဲ့ပါတယ်…

ဒါကြောင့် ကိုယ့်မှာရင်ဆိုင်နေရတဲ့ အခက်အခဲတိုင်းကို ရှုထောင့်ပြောင်းကြည့်ဖို့ လိုအပ်နေပါပြီ။ အခက်အခဲယောင်ဆောင်ထားတဲ့ အခွင့်အလမ်းကို မြင်အောင်ကြည့်တတ်ဖို့ လိုအပ်လာပါပြီ။ ကိုယ့်ဘ၀ရဲ့ အချိန်ပိုင်းတွေကို ပြန်လှည့်ကြည့်လိုက်ရင် အအောင်မြင်ခဲ့ဆုံး အချိန်ပိုင်းတွေဟာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားခဲ့တဲ့ အချိန်တွေပဲ ဖြစ်တာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် လောလောဆယ်ကြုံတွေ့နေရတဲ့ အခက်အခဲကို ဘာအတွက် တုန်လှုပ်ကြောက်လန့်ဖို့ လိုပါသေးလဲ။ မဖိတ်ခေါ်ရဘဲ အလည်ရောက်လာတဲ့ အခက်အခဲကို နေရာထိုင်ခင်းတစ်ခု ကျကျနနပေးပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါစို့လား။

ကိုယ့်ရဲ့မကျွမ်းကျင်မှုနဲ့ မရင့်ကျက်မှုကြောင့် အခက်အခဲကို မကျော်လွှားနိုင်သေးရင်တောင် “ အတွေ့အကြုံ ” ကောင်းတစ်ခု ရသွားပြီး ကြံ့ခိုင်မှု အဆင့်အတန်းတစ်ခု မြင့်တက်သွားမှာ သေချာနေတာမို့ …

“ အခက်အခဲလားဟေ့…၀င်ခဲ့လေကွယ် ”

Thursday, 3 November 2011

မောင်ဖြူဆိုသော သူငယ်ချင်း . . .

သူငယ်ချင်းမောင်ဖြူအကြောင်းရေးလက်စကို ဆက်ရေးရပါဦးမယ်။

မောင်ဖြူရဲ့ ထူးခြားတဲ့ ၀ိသေသတစ်ခုကတော့ အစားအသောက်ကို အာရုံထားခြင်းပါ။ စားသောက်ဆိုင်တွေမှာ ရောင်းသမျှထဲက သူမစားဖူးတဲ့ အစားအစာဆိုတာ မရှိရလေအောင် အင်မတန် ၀ါယမစိုက်ပါတယ်။ အစားတစ်လုပ်အတွက် မန္တလေးတစ်မြို့လုံး ပြဲပြဲစင်အောင် သွားရမယ်ဆိုလည်း ၀န်မလေးတတ်တဲ့ သူငယ်ချင်းလို့ ဆိုရပါလိမ့်မယ်။ ကြုံတဲ့နေရာမှာ တွေ့တဲ့အစားအစာကို ပါးစပ်ထဲထိုးသွပ်လိုက်ရင် ကိစ္စပြီးတဲ့ ဦးဟန်ကြည်နဲ့တော့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ အကျင့်ပိုင်ရှင် ဖြစ်ပါတော့တယ်။

မန္တလေးတက္ကသိုလ်ထဲက အမျိုးသားဆောင်တစ်ခုမှာ မောင်ဖြူနေတဲ့အချိန်က အိမ်မှာအိပ်ရမှာ စိတ်မပါတဲ့ ဦးဟန်ကြည်က သူ့အခန်းမှာ မကြာမကြာ သွားအိပ်လေ့ရှိပါတယ်။ သူငယ်ချင်းနှစ်ယောက် စာကြည့်လိုက်၊ လေပေါလိုက်၊ ငြင်းလိုက်ခုန်လိုက်နဲ့ ညဥ့်နက်မှပဲ အိပ်ဖြစ်ကြတာ များပါတယ်။ တစ်မနက်ခင်းမှာ မနက်စာစားဖို့ အပြင်ထွက်ကြတော့ အစားအိုး မောင်ဖြူက ရှမ်းခေါက်ဆွဲသွားစားကြဖို့ အဆိုပြုပါတယ်။ အစားအသောက်နဲ့ပတ်သက်ရင် သူ့နောက်လိုက်ဖြစ်လေ့ရှိတဲ့ ဦးဟန်ကြည်ကတော့ ထုံးစံအတိုင်း ခေါင်းညိတ်ပြီးသားပါ။ ဒီလိုနဲ့ စက်ဘီးတစ်ယောက်တစ်စီး စီးပြီး မနက်ခင်းစာ ရှမ်းခေါက်ဆွဲ ရှာပုံတော်ထွက်ဖြစ်ကြတယ်။ ဆိုင်တစ်ဆိုင်ရှေ့ရောက်တိုင်း မောင်ဖြူစားကြည့်ပြီးလို့ စိတ်တိုင်းမကျတဲ့ဆိုင်ဖြစ်နေတာများပါတယ်။ ဟိုဆိုင်၊ ဒီဆိုင် ကြေးများလာရာမှာ ကျုံးဘေးနားက ဆိုင်တစ်ဆိုင်ကို ရောက်မှပဲ ကိုယ်တော်မြတ်က “ အိုခေ ” ဆိုတဲ့ သင်္ကေတပြပါတော့တယ်။ တက္ကသိုလ်ဝန်းထဲကနေ မနက် ၇ နာရီလောက်က အူတကြုတ်ကြုတ်နဲ့ ထွက်လာခဲ့လိုက်ကြတာ တကယ်တန်းစားရတဲ့ အချိန်ရောက်တော့ ၈ နာရီထိုးနေပါပြီ။ အစားကောင်းတစ်ခု စားရဖို့အရေးမှာ အဲဒီလောက် ဒုက္ခခံနိုင်တဲ့ သူငယ်ချင်းကို ချီးကျူးရမလိုပါ။

သူ့ရဲ့အကျင့်ကို သိသွားတဲ့နောက်ပိုင်းမှာတော့ သူငယ်ချင်းတွေ အပြင်သွားပြီး တစ်ခုခုစားမယ်ကြံတိုင်း “ လမ်းလျှောက် စားသောက်ဆိုင် အဘိဓာန် ” မောင်ဖြူကို မေးရမြန်းရတာ ထုံးစံတစ်ခု ဖြစ်လာပါတော့တယ်။ ဒီကိုယ်တော်ကလည်း အဲဒီဘက်မှာ တကယ့်ပါရဂူ ဖြစ်ပါတယ်။ ဘယ်ဆိုင်မှာ ဘယ်အစားအစာကောင်းတယ်ဆိုတာကို ဒက်ခနဲ၊ ဒက်ခနဲ ဖြေနိုင်စွမ်းရှိတာကြောင့် ဒီနေ့အထိ စားသောက်ဆိုင်တွေမှာထိုင်ဖြစ်တိုင်း မောင်ဖြူကို သတိရနေမိပါတော့တယ်။

ကျောင်းရောက်လို့ လေးငါးလလောက်ကြာတဲ့အခါမှာတော့ ဆေးကျောင်းရောက်လာရင် ဘီယာသောက်တတ်ရမယ်လို့ မြွက်ကြားလိုက်တဲ့ မျက်စိ၊ နား၊ နှာခေါင်းဆေးရုံက ဆေးရုံအုပ် ပါမောက္ခကြီးရဲ့ သြ၀ါဒကထာကို အပြည့်အ၀လိုက်နာပြီး ဦးဟန်ကြည်တို့တစ်တွေ ဘီယာဘေးဘာလေး ကိုင်တတ်နေပါပြီ။ ညနေခင်းပိုင်းမှာ သူငယ်ချင်းနှစ်ယောက် ဆိုင်တစ်ဆိုင်ထိုင်ပြီး တစ်ခုခု စားဖြစ်ကြရင် ဦးဟန်ကြည်က စည်လေးတစ်ခွက်လောက်နဲ့ မျှောချတတ်ပေမယ့် မောင်ဖြူကတော့ အစားကိုပဲ ဦးစားပေးလေ့ရှိပါတယ်။ မှတ်မှတ်ရရ သီတင်းကျွတ်လပြည့်တစ်ညမှာတော့ မောင်ဖြူတစ်ယောက် ဦးဟန်ကြည်ကို ဘီယာသောက်ဖို့ ဇွတ်ရော အတင်းပါ ခေါ်ပါတော့တယ်။ ဒကာရှိရင် အညာထိ လိုက်သောက်ဖို့ ၀တ္တရားရှိသည့်အတိုင်း သူငယ်ချင်းရဲ့ အလှူကို ဒါနလေးမြောက်ဖို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ လိုက်ပြီး အားပေးဖြစ်ပါတယ်။ မသောက်စဖူး အသောက်ထူးတာကြောင့် “ ဘယ်သူသင်ပေးလိုက်တာလဲ ” လို့ တအံ့တသြ မေးမိတော့ သူ့အဖေက သင်ပေးသွားပါသတဲ့။ “ ယောက်ျားဆိုတာ အကုန်တတ်ထားရမယ် ငါ့သား ” လို့်လည်း သြ၀ါဒ ခြွေသွားပါသေးသတဲ့။ အဖေ့စကားကို မြေ၀ယ်မကျ နားထောင်နေတဲ့ မောင်ဖြူ ဘီယာသောက်ပုံက တစ်မျိုးပါ။ တစိမ့်စိမ့်နဲ့ အရသာခံသောက်ရမယ့် ဘီယာကို တစ်ခွက်ပြီး တစ်ခွက် ကုလားမော့ မော့ပါတော့တယ်။ ဘီယာငှဲ့ပေးနေတဲ့ စားပွဲထိုးလေးခမျာ သူ့ဘေးက မခွာရရှာတော့ပါ။ ငှဲ့ပေးလိုက် သောက်ချလိုက်၊ ထပ်ငှဲ့ပေးလိုက် အပြတ်ရှင်းလိုက်နဲ့ စည်းချက်ညီလှုပ်ရှားလိုက်ကြရာမှာ ခုနစ်ခွက်မြောက်မှာတော့ သကောင့်သား မဟန်တော့ဘဲ ဥသြဆွဲပါတော့တယ်။

မျက်နှာပူတာကြောင့် သူငယ်ချင်းကို တွဲပြီး အိမ်မှာလိုက်အိပ်ဖို့ ဖြောင်းဖျယူရပါတယ်။ သူ့ဆိုင်ကယ်ကို သူငယ်ချင်းအဆောင်မှာ သွားပြီးအပ်မယ်လုပ်တဲ့အခါ “ ငါဝူးတေးပါဝူးကွ ” လို့ ကန့်ကွက်ပါတော့တယ်။ မမူးဘူးဆိုပေမယ့် “ ၀ူးချင်တိုင်းဝူး ” နေတဲ့ မောင်ဖြူအကြောင်းကို နောကျေပြီးသားဖြစ်တာမို့ နှစ်ယောက်သား ကိုယ့်ဆိုင်ကယ် ကိုယ်ခွပြီး ခပ်မှန်မှန်စီးလာကြရာမှာ အိမ်နဲ့မနီးမဝေးအရောက်မှာ မောင်ဖြူတစ်ယောက် ဟန်ချက်ပျက်ပြီး လမ်းဘေးရေမြောင်းထဲကို “ ဗွမ်း ” ခနဲမြည်အောင် ကားကားကြီးကျသွားပါတော့တယ်။ ဆိုင်ကယ်တခြား လူတခြားဖြစ်ပြီး ကန်စွန်းပင်တွေ ဖောချင်းသောချင်းရှိနေတဲ့ ရေမြောင်းထဲကို ကျသွားတဲ့ သူငယ်ချင်းကို စိုးရိမ်စိတ်နဲ့ ပြေးကြည့်လိုက်တော့ ကိုယ်တော်မြတ်က မြောင်းထဲကနေ တက်မလာသေးဘဲ ကုန်းကုန်းကွကွ လုပ်နေပါရောလား။ “ ဟေ့ကောင်ကြီး ဘာတွေဖြစ်လို့လဲဟ ” လို့ အော်မေးတော့ “ အေးတွ…နာ့ဖိနပ်ပျောက်တွားရို့ လိုက်စမ်းနေတာ ” လို့ လျှာလေးအာလေးနဲ့ ပြန်ဖြေပါတယ်။ လူမှန်းမသိအောင် မူးနေပေမယ့် ဖိနပ်ကို သတိရနိုင်သေးတဲ့ သူငယ်ချင်းပါပဲ။ ခဏကြာတော့ လမ်းပေါ်ကို ကုတ်ကတ်တက်လာပြီး ကန်စွန်းရိုးတွေ၊ ရေညှိတွေ ပွစာကြဲနေတဲ့ သူ့ဖိနပ်ကို ကောက်စွပ်လိုက်မှပဲ ဇာတိက ပြန်ပေါ်ပါတော့တယ်။ ဖိနပ်ကို ဘယ်ညာ ပြောင်းပြန် ကောက်စွပ်ထားသကိုး…

အိမ်က လူကြီးတွေ ခရီးသွားတိုင်း မောင်ဖြူတစ်ယောက် ဦးဟန်ကြည်အိမ်မှာ အဖော်အဖြစ် လာအိပ်လေ့ရှိပါတယ်။ ကျန်တဲ့ မောင်နီ၊ မောင်ညိုတို့ပါ ၀ိုင်းပြီးအားဖြည့်လိုက်ရင် အင်မတန်ပျော်စရာ ကောင်းလှပါရဲ့။ အဲဒီလိုညမျိုးမှာ တစ်ညလုံး လေကန်ကြ၊ စားကြသောက်ကြပြီး လင်းအားကြီးမှ အိပ်ရာဝင်ဖြစ်ကြတာ များပါတယ်။ မနက်လင်းလို့ ဦးဟန်ကြည်တို့ ဆက်ရက်မင်းစည်းစိမ်ယူကောင်းနေချိန်မှာ စားဖိုမှူးကြီးမောင်ဖြူက အမြဲတမ်း မီးဖိုချောင်ဝင်လေ့ရှိပါတယ်။ သူမြင်ဖူး၊ စားဖူးတဲ့ ဟင်းပေါင်းစုံကို မီးဖိုထဲမှာ ရှိသမျှ ဟင်းချက်ပစ္စည်းတွေ မကုန်မချင်း အသုံးချပြီး လက်စွမ်းပြလေ့ ရှိပါရဲ့။ ဟင်းချက်စရာတွေ ကုန်သွားပေမယ့် သူ့ပညာက မကုန်နိုင်သေးတာမို့ သူမီးဖိုချောင်ဝင်တိုင်း မျက်လုံးပြူးရသူက ဦးဟန်ကြည်ဖြစ်ပါတယ်။ တစ်ခါသားမှာ တစ်ပတ်စာ ရိက္ခာအဖြစ်ဝယ်လှောင်ထားတဲ့ ကြက်ဥ အလုံး နှစ်ဆယ်လောက်ကို သူ့ပညာစွမ်းပြပြီး အကုန်ပြောင်အောင် ချက်၊ ပြုတ်၊ ကြော်၊ လှော်ပစ်လိုက်ကတည်းက သူလာအိပ်တိုင်း သူ့အရင် အိပ်ယာကထပြီး မီးဖိုချောင်ကို အာဏာသိမ်းရတာလည်း တကယ့်အမှတ်တရပဲ ဖြစ်ပါတော့တယ်။

တစ်ညမှာလည်း အိမ်မှာသူငယ်ချင်းတွေ စုအိပ်ကြရင်း မောင်ဖြူက Dry Gin တစ်ပုလင်းဝယ်လာပြီး “ ငါ…ဂျင်တစ်ခါမှ မသောက်ဖူးလို့ စမ်းကြည့်မလို့… ” လို့ အဆိုပြုလာပါရော။ ပေါ့ရွှတ်ရွှတ်၊ ဖွယ်တယ်တယ် ဂျင်အရက်ကို ဦးဟန်ကြည်နဲ့ ကျန်သူငယ်ချင်းတွေက နည်းနည်းပဲ သောက်ကြည့်ပေမယ့် “ မူးတယ်ဆိုတာ ဘယ်လိုဟာလည်း မသိဘူးကွ…ငါတော့ မူးအောင်သောက်ကြည့်မယ် ” လို့ မောင်ဖြူက ကြွေးကြော်ပါတော့တယ်။ သူ့ထုံးစံအတိုင်း ငှဲ့လိုက်၊ ကုလားမော့မော့လိုက်နဲ့ ပုလင်း သုံးပုံတစ်ပုံပဲ ကျန်တဲ့အထိ ကိုယ်တော်ချောက မမူးသေးပါ။ ပါးစပ်ကလည်း တဖျစ်တောက်တောက်နဲ့ မမူးသေးတဲ့အတွက် မကျေမချမ်းဖြစ်နေပါသေးတယ်။ နားမခံနိုင်တော့တဲ့ ဦးဟန်ကြည်က ခပ်တည်တည်နဲ့
“ ကိုင်း…သူငယ်ချင်းရေ…အိုက်သကွာ…ပန်ကာဖွင့်ထားလိုက်မယ် ” ဆိုတော့ အကြောင်းမသိတဲ့ မောင်ဖြူက ခေါင်းညိတ်ပြပါတယ်။ အထာပေါက်တဲ့ ကျန်တဲ့သူငယ်ချင်းတွေက မောင်ဖြူကို ပြုံးပြီးကြည့်နေကြပါတယ်။ ဂျင်ရဲ့သဘာဝက လေတိုက်လေ ပိုမူးလေဖြစ်တာမို့ ပန်ကာဖွင့်လို့ ဆယ့်ငါးမိနစ်မပြည့်ခင်မှာတင် မောင်မင်းကြီးသားလည်း “ ငါ့လခွမ်း…မူးသဟ ” လို့ ထအော်ပါတော့တယ်။ ဧည့်ခန်းထဲမှာတင် ဥသြသုံးခါလောက်ဆွဲအပြီးမှာ ဆက်တီပေါ်တင် ခေါင်းစိုက်သွားတဲ့ မောင်ဖြူကို “ ဘယ်လိုလဲ သူငယ်ချင်း…မူးတယ်ဆိုတာ သိပလား… ” လို့ ခပ်ရွတ်ရွတ်မေးတဲ့အခါ “ အေးတွ…ကောင်းတောင်းတောင်းပဲ ” လို့ ဗလုံးဗထွေး ပြန်ဖြေပါသေးရဲ့။ ဒါပေမယ့် မနက်မိုးလင်းလို့ ခေါင်းမထူနိုင်အောင် ခေါင်းကိုက်၊ အာခေါင်ခြောက်ပြီး ဂျင်အကြောင်း ကောင်းကောင်းသင်ခန်းစာရသွားတော့တာမို့ “ ဂျင်ဆိုတဲ့ အသံကြားရင် ကလေးကစားတဲ့ ဂျင်တောင် နောက်တစ်ခါ မမြင်ချင်တော့ဘူးဟေ့.. ” လို့ ကျူးရင့်ပါတော့တယ်။

တစ်ရက်မှာ မောင်ဖြူနဲ့အတူ မဟာမုနိဘုရားကို သွားဖြစ်ကြပါတယ်။ ( ဦးဟန်ကြည်တို့က ကျောင်းသားဘ၀ကတည်းက အဲဒီလို ဘုရား၊ တရားနဲ့နေတာနော…ညနေပိုင်းရောက်ရင်သာ ဘီယာဆိုင်ရောက်ကြတာ… ) အဲဒီမှာတင် ဘုရားမှာတွေ့ရတဲ့ ခပ်ရွယ်ရွယ် လူငယ်တစ်သိုက်က မောင်ဖြူကို “ ဆရာ ” ချင်း မိုးမွှန်အောင်ခေါ်ပြီး တရိုတသေ စကားလာပြောကြတာကို ထူးထူးဆန်းဆန်းတွေ့ရပါတော့တယ်။ မကြုံစဖူး ထူးလှတဲ့ မြင်ကွင်းကို ဦးဟန်ကြည်တစ်ယောက် မျက်လုံးအပြူးသားနဲ့ ငေးကြည့်နေရပါရဲ့။ အဲဒီ သူငယ်တစ်အုပ်ပြန်ထွက်သွားမှ
“ ဘယ်သူတွေလဲ သူငယ်ချင်း ” လို့ မေးရပါတော့တယ်။ ဒီတော့မှ ငါလည်း ခေသူမဟုတ်ပါဘူးကွ ဆိုတဲ့ အပြုံးမျိုး ပြုံးပြပြီး “ ငါ စာသင်ပေးခဲ့တဲ့ တပည့်တွေကွ ” လို့ ပြန်ဖြေပါတယ်။ တယ်ဟုတ်ပါလားလို့ ချီးကျူးမယ်ကြံရုံရှိပါသေး သကောင့်သား ဆက်ပြောလိုက်တဲ့ စကားကြောင့် အချီးကျူးစောချင်တဲ့ ကိုယ့်ပါးစပ်ကို အမြန်ပိတ်လိုက်ရပါရောလား။ ပြောပုံက “ မနှစ်က သင်္ကြန်တုန်းကကွာ…အဲဒီတပည့်တစ်အုပ်နဲ့ငါနဲ့ မူးပြီး ထွေလာဂျီတက်မောင်းကြည့်တာ သူများအိမ်ခြံစည်းရိုးကို ၀င်တိုက်မိပြီး ကံကောင်းလို့ မသေကြတယ် ” တဲ့။ ဘယ်လောက်ကောင်းတဲ့ ဆရာပါလိမ့်။ သူများအထင်ကြီးအောင် မနေတတ်တဲ့၊ မနေချင်တဲ့ သူငယ်ချင်းပါပဲ။

ဦးဟန်ကြည်ရဲ့ သူငယ်ချင်းက စိတ်ကောင်း စေတနာကောင်တော့ အင်မတန်ရှိတဲ့သူပါ။ သူစိတ်ကောင်းရှိကြောင်းကို သူ့ခေါင်းမှာရှိတဲ့ ချုပ်ရာတွေက သက်သေခံပါလိမ့်မယ်။ အဲဒီချုပ်ရာတွေရဲ့ ရာဇ၀င်က ဒီလိုပါ…

မောင်ဖြူရဲ့ တစ်ခြားသူငယ်ချင်းတစ်ယောက်က ဂျူနီယာတန်းက ကလေးမတစ်ယောက်ကို ချစ်ကြိုက်တာကြောင့် ဗျူဟာစုံဖွင့်ပြီး လုံးပမ်းနေပါသတဲ့။ ဖြစ်ချင်တော့ အဲဒီသူငယ်ချင်းမှာ သမိုင်းကြောင်းတစ်ခုက ဆိုးဆိုးရွားရွား ရှိထားခဲ့တာမို့ မောင်ဖြူက ကလေးမနဲ့ ဘယ်လိုမှ သဘောမတူနိုင်အောင် ဖြစ်ပါလေရော။ သူ့အဆိုကတော့ ကလေးမလေးကို နှမြောလို့ပါတဲ့။ ဒီလိုနဲ့ ကလေးမဆီ မကြာမကြာသွားပြီး အဲဒီတစ်ယောက်ကို မကြိုက်ဖို့ တရားဟောတော်မူပါတော့တယ်။ တကယ်ဆို သူကလည်း အဲဒီကောင်မလေးကို ကြိုက်တာ မဟုတ်ပြန်ပါ။ အဲဒီကောင်မလေးကလည်း သူ့ကိုပြန်ကြိုက်ဖို့ နေနေသာသာ အိပ်မက်တောင် ထည့်မမက်တာ သေချာပါရဲ့။ ဒါပေမယ့် အကျိုးဆက်ကို ဘာမှမတွေးဘဲ စေတနာအရင်းခံပြီး ကာကွယ်ရေးလုပ်နေတဲ့ မောင်ဖြူကို ကာယကံရှင်သူငယ်ချင်းက မျက်မုန်းကျိုးပါတော့တယ်။ တကယ်တော့ အဲဒီသူငယ်ချင်းနဲ့ မောင်ဖြူက တစ်ဆောင် တစ်ခန်းထဲမှာ အတူနေကြတာပါ။ အဲဒီသူငယ်ချင်း ပိုက်ဆံပြတ်တိုင်းလည်း ဒကာတော် မောင်ဖြူက စရိတ်စက အမြဲခံလေ့ရှိပါတယ်။ တစ်ရက်သားမှာတော့ မောင်ဖြူတို့နှစ်ယောက် အဲဒီမိန်းကလေးကိစ္စနဲ့ ခွန်းကြီးခွန်းငယ် စကားများကြပါသတဲ့။ အဲဒီတော့မှလည်း သူတို့ဇာတ်ထုပ်ကို ဦးဟန်ကြည်တို့ သိရတော့တာပါ။

တစ်နေ့လည်ခင်းမှာတော့ ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်မှာ မောင်ဖြူအပါအ၀င် သူငယ်ချင်းလေးယောက်နဲ့အတူ ဦးဟန်ကြည်လည်း ကျောင်းသားထုံးစံ သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်း ထိုင်ပြောနေဖြစ်ကြပါတယ်။ အဲဒီမှာတင် ဦးဟန်ကြည်ဘေးမှာကပ်ထိုင်နေတဲ့ မောင်ဖြူရဲ့ခေါင်းကို တစ်ခုခုနဲ့ ရိုက်ချလိုက်တဲ့အသံ “ ဖြောင်း ” ခနဲ ထွက်လာပါတော့တယ်။ သူငယ်ချင်း အချင်းချင်း စတဲ့၊ နောက်တဲ့အနေနဲ့ ဖိုင်တွဲနဲ့ ခေါင်းကို ရိုက်သွားတယ်လို့ ထင်မိတဲ့ ဦးဟန်ကြည်မှာ လက်ဖက်ရည်စားပွဲပေါ်ကို ခုံကျိုးစတွေ ထွေးခနဲကျလာတော့မှ အလန့်တကြားထပြီး ဘေးဘီကို ကြည့်မိပါတော့တယ်။ မောင်ဖြူရဲ့ခေါင်းမှာလည်း နားသယ်စပ်ကနေ သွေးတွေ စီးကျလာပါပြီ။ ထုံးစံအတိုင်း သူကာဗာပေးနေတဲ့ မိန်းကလေးကို ကြိုက်နေတဲ့ သူငယ်ချင်းက အလစ်ဝင်ရိုက်သွားတာပါ။ အငိုက်မိသွားတဲ့ မောင်ဖြူလည်း သွေးမြင်မှ သတိဝင်လာပြီး လွယ်အိတ်ကို နှိုက်ပါတော့တယ်။ အခြေအနေကို သုံးသပ်မိသွားတဲ့ သူငယ်ချင်းတစ်အုပ်လည်း မောင်ဖြူကို ၀ိုင်းတားပြီး အသင့်တွေ့တဲ့ ဆိုက်ကားနဲ့ ကျောင်းနဲ့မျက်စောင်းထိုးမှာရှိတဲ့ ဆေးရုံကြီးကို ခေါ်သွားရပါတော့တယ်။ လက်ဖက်ရည်ဆိုင်က ထိုင်ခုံပုနဲ့ အပြားလိုက်ရိုက်သွားလို့သာ ကိုယ်တော်မြတ်ကို ဆေးရုံခေါ်သွားလို့ ရတာပါ။ တကယ်လို့သာ ခုံစောင်းနဲ့သမသွားရင်တော့ ရင်ခွဲရုံကို တန်းပို့ရဖို့ သေချာနေပါရဲ့။

အပြင်လူတွေ ရိုက်မှု၊ နှက်မှုဖြစ်ရင် ပြဿနာကို အရင်ရှင်းရမှာဖြစ်ပေမယ့် ကိုယ့်ကျောင်းနဲ့၊ ကိုယ့်ဆေးရုံဖြစ်နေတာကြောင့် ဆေးရုံရောက်ရောက်ချင်း ခေါင်းကဒဏ်ရာကို ချုပ်ရပါတော့တယ်။ နိုင်လွန်ကြိုးနဲ့ တရွှိရွှိမြည်အောင် ခုနစ်ချက်ချုပ်ခံလိုက်ရတာကို သတ္တိခဲမောင်ဖြူက အံတစ်ချက်မကြိတ်ဘဲ ခံပါတယ်။ ကြည့်နေရတဲ့ ဦးဟန်ကြည်တို့မှာသာ အူတွေယား၊ ကြက်သီးတွေထလာပါရဲ့။ ဦးဟန်ကြည်ခမျာ ချစ်စွာသော သူငယ်ချင်းကို လူနာစောင့်ပေးရင်း ဆေးရုံမှာ သုံးလေးညအိပ်လိုက်ရပါတော့တယ်။ သူငယ်ချင်းတွေက စိတ်မကောင်းဖြစ်နေကြရပေမယ့် ကိုယ်တော်မြတ်ကတော့ ခေါင်းမှာပတ်တီးကြီးအဖွေးသားနဲ့ အစားမပျက် အသောက်မပျက် ရှိနေပါရဲ့။ ကျောင်းသားချင်းဖြစ်တဲ့ ကိစ္စကို ကျောင်းမှာပဲ ဖြေရှင်းလေ့ရှိတာမို့ ပါမောက္ခချုပ်ရဲ့ ကြားဝင်ဖြန်ဖြေပေးမှုနဲ့ ပြဿနာက ပြီးသွားပေမယ့် မောင်မင်းကြီးသားရဲ့ ခေါင်းမှာတော့ သေရာပါ အမာရွတ်ကြီး ကျန်နေခဲ့ပါရောလား။ စိတ်မှတ်မရှိတဲ့ သကောင့်သားကတော့ နောက်နှစ်လလောက်အကြာမှာ သူ့ကိုရိုက်တဲ့ သူငယ်ချင်းနဲ့ လည်ပင်းပြန်ဖက်ပြီး တွဲမြဲတိုင်းတွဲလျှက်ရှိပါတော့တယ်။ ကြားထဲက မျက်စိလည်ရသူတွေက ဦးဟန်ကြည်နဲ့ ကျန်သူငယ်ချင်းများပါ။ ဇာတ်လမ်းနိဂုံးချုပ်ချိန်မှာတော့ သူတို့အသည်းကျော် ကလေးမလေးက သူတို့နှစ်ယောက်ရဲ့ရန်ကို ကြောက်ရှာတာကြောင့် အတန်းတူ ငတိတစ်ကောင်နဲ့ ခါတော်မီ အမြန်တွဲသွားပါတော့တယ်။

တစ်ရက်မှာတော့ တခြားဆေးတက္ကသိုလ်မှာတက်နေတဲ့ ဦးဟန်ကြည်ရဲ့ ညီမကို သကောင့်သား မြင်သွားပါတော့တယ်။ မောင်ဖြူက ပါးစပ်က ဘာမှမပြောဘဲ သိက္ခာတော်ရ ဆရာတော်ကြီးများလို မိန့်မိန့်ကြီးလုပ်နေတာကြောင့် ဦးဟန်ကြည်လည်း စိတ်အေးလက်အေး နေမိပါတယ်။ ဒါပေမယ့် ကိုယ်တော်မြတ်က ဦးဟန်ကြည်ရဲ့ အိမ်ရှင်မလောင်းကို ဦးဟန်ကြည် ကွယ်ရာမှာ
 “ ကျွန်တော်ဗျာ…ဟန်ကြည့်ညီမကို ကြိုက်နေတာ…ဒီကောင်ကြီး စိတ်ဆိုးမှာစိုးလို့ မပြောရဲဘူး… ” လို့ ရင်ဖွင့်တော်မူပါတော့တယ်။ အိမ်ရှင်မလောင်းက အကြောင်းစုံပြန်ပြောလို့ သကောင့်သားအကြောင်း သိရပေမယ့် သက်သေမခိုင်လုံပြန်တာကြောင့် ချစ်စွာသော သူငယ်ချင်းကို ဘေးမဲ့ပေးထားလိုက်ရပါတော့တယ်။

တစ်ခါတစ်ခါမှာ မောင်ဖြူပြောလေ့ရှိတဲ့ စကားကို အခုထိ ပြန်သတိရနေမိပါသေးတယ်။ “ ငါတို့ကျောင်းပြီးရင် တစ်ဆေးရုံထဲ အတူလျှောက်ရအောင်ကွာ ” တဲ့။ “ ဘာဖြစ်လို့လဲ ” လို့မေးတဲ့အခါ “ ဟ…မင်းနဲ့ငါနဲ့ လျှောက်သွားလို့ရတာပေါ့ကွ ” လို့ ဖြေပါတယ်။ ဒီမှာတင် ဦးဟန်ကြည်က “ ဟကောင်ရ…ငါတို့တစ်တွေ မိန်းမရကုန်ကြရင် ဘယ်လိုလုပ်မလဲ ” လို့ပြန်မေးတော့ “ မိန်းမတွေ သူတို့ဖာသာ အိမ်မှာနေရစ်ကြပါစေပေါ့.. ” လို့ ခပ်တည်တည်ပဲ ပြန်ဖြေပါတယ်။ ဒီစကားကိုသာ ဦးဟန်ကြည်ရဲ့ အိမ်ရှင်မကြားရင်တော့ မောင်မင်းကြီးသားကို ငရုတ်ကျည်ပွေ့နဲ့ သမမှာ သေချာနေပါတယ်။

ဒီနေ့ဒီအချိန်မှာတော့ ဘ၀ခရီးကို ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားနေကြရပြီဖြစ်တာမို့ သူငယ်ချင်းမောင်ဖြူနဲ့ ဦးဟန်ကြည် မဆုံဖြစ်တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ရွှေမန်းမြို့ကိုလည်း ဦးဟန်ကြည် ပြန်မရောက်ဖြစ်တာ ဆယ်နှစ်ဝန်းကျင်ရှိသွားပါပြီ။ မောင်ဖြူတစ်ယောက် ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းလည်း စုံစမ်းလို့မရပါ။ ကျန်တဲ့သူငယ်ချင်းတွေကို စုံစမ်းတဲ့အခါမှာလည်း ဘယ်သူနဲ့မှ အပေါက်အလမ်းသိပ်မတည့်တဲ့ မောင်ဖြူအကြောင်း မသိကြပါ။ တစ်ချို့သူငယ်ချင်းတွေက မောင်ဖြူတစ်ယောက် မန္တလေးမှာပဲ ဆေးခန်းဖွင့်ထားကြောင်း မရေမရာ ပြောကြပါရဲ့။ အွန်လိုင်းပေါ်မှာ တက်ရှာပြန်တော့လည်း နည်းပညာကို နည်းနည်းလေးမှ စိတ်မ၀င်စားတဲ့ ကိုယ်တော်မြတ်ကို ရှာလို့မတွေ့ပြန်ပါ။ အများနဲ့ အစေးမကပ်တဲ့ သူငယ်ချင်းကြီးတစ်ယောက် လူနာတွေနဲ့ သဟဇာတဖြစ်ပါ့မလားလို့လည်း စိတ်ပူမိပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ မောင်ဖြူနဲ့ တစ်ခေါက်တစ်ခါ ပြန်ဆုံခွင့် ရချင်ပါသေးတယ်။ ချစ်စွာသော သူငယ်ချင်း မောင်ဖြူတစ်ယောက် အစစအဆင်ပြေချောမွေ့ပါစေ။ ဦးဟန်ကြည်လို အလိမ္မာ၊ အိမ်ပါ ဇနီးမယားအနိပ်နဲ့ သမီးသားအစိတ်ရပါစေလို့ ဆုမွန်ကောင်းများလည်း တောင်းပေးလိုက်မိပါတော့တယ်။                   ။

မောင်နီနဲ့ မောင်ညိုရဲ့ အကြောင်းတွေကို အလျဉ်းသင့်သလို ဆက်ရေးပါဦးမယ်။ တိုင်းရင်းသူ ဒေါ်ချောပြောသွားသလို သူငယ်ပြန်နေတဲ့(ငယ်ဘ၀ကို ပြန်လွမ်းနေတဲ့) ဦးဟန်ကြည်ရဲ့ လွမ်းချင်းတွေကို စိတ်ရှည်လက်ရှည် အားပေးတော်မူကြတာ ကျေးဇူးဥပကာရ အထူးတင်ရှိပါရဲ့။        ။

Tuesday, 1 November 2011

ချစ်စွာသော သူငယ်ချင်းများ . . .

ဆေးကျောင်းက သူငယ်ချင်းတွေအကြောင်းကို 
  အကျဉ်းချုပ်အဖြစ် လွန်ခဲ့တဲ့ ပို့စ်တစ်ခုကျော်က ရေးဖြစ်ပါတယ်။ ဘလော့ဂ်သက်တမ်းကလေး နှစ်နှစ်ပြည့်လုပြည့်ခင်ရှိလာပြီမို့ Personal post တွေကိုလျှော့ပြီး သုတ၊ ရသဆိုင်ရာပိုစ့်တွေကို ဦးစားပေးတင်ဖို့ စိတ်ကူးရှိပေမယ့် ဘ၀အမောတွေနဲ့ကြုံရတွေ့ရတိုင်း တက္ကသိုလ်ကျောင်းသားဘ၀ကို ပြန်ပြန်သတိရနေဖြစ်တာကြောင့် ရေးဖြစ်သမျှစာတွေအားလုံးကလည်း သူငယ်ချင်းတွေကို သတိရကြောင်း၊ လွမ်းကြောင်းနေပဲ ဖြစ်နေပါတော့တယ်။

http://www.commentsyard.com/graphics/best-friends/best-friends24.gif

ဆရာစိုင်းခမ်းလိတ်ကတော့ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ သီချင်းမှာ “ အပူအပင်ကင်းတဲ့…ကလေးဘ၀ကို…တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်…
အပြစ်မသိသေးတဲ့…ကလေးလေးဘ၀ကို…တစ်ခါပြန်ပြီးရချင်သေးတယ်… ” လို့ လွမ်းလွမ်းဆွေးဆွေး တမ်းတရှာပါတယ်။ ဒါပေမယ့် ကလေးဘ၀တစ်လျှောက်လုံး ကျောင်းစာနဲ့နပမ်းလုံးရင်း ဖြစ်ချင်တာတွေဖြစ်ဖို့ ဦးစားပေးရ၊ စွန့်လွှတ်ရတာတွေများခဲ့ရတာကြောင့် အိပ်ယာထ၊ ကျောင်းသွား၊ ကျောင်းပြန်၊ စာကြည့်၊ အိပ်ရာဝင်ဆိုတဲ့ နေ့စဉ်အချိန်ဇယားနဲ့ လုံးလည်ချာလည်လိုက်ပြီး ဘုမသိ၊ ဘမသိ ကုန်ဆုံးသွားခဲ့တဲ့ ကလေးဘ၀ကိုတော့ ဦးဟန်ကြည် ပြန်မလိုချင်တော့ပါ။ ကလေးဘ၀ကတည်းက ကလေးနဲ့တူအောင် မနေခဲ့ရတာမို့ တကယ်လို့များ ကလေးဘ၀ကို နောက်တစ်ခါပြန်ရရင်လည်း ကလေးလုပ်နည်းမသိခဲ့တဲ့ ဦးဟန်ကြည်ခမျာ ယောင်ချာချာ ဖြစ်ရဦးမှာ သေချာသလောက်ရှိနေတယ် မဟုတ်ပါလား။

ဒါကြောင့် လူငယ်ဘ၀မှာ လူငယ်နဲ့တူအောင် နေခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကိုပဲ တစ်ရက်မဟုတ်တောင် နေ့တစ်ဝက်လောက်တော့ ဖြစ်နိုင်မယ်ဆိုရင် ပြန်ရချင်မိပါတော့တယ်။ စိတ်တူကိုယ်တူ၊ ခံယူချက်တူ သူငယ်ချင်းတွေအားလုံးနဲ့သာ အဲဒီလို ပြန်နေခွင့်ရမယ်ဆိုရင်ဖြင့် ဘာကိုပဲစွန့်လွှတ်ရ စွန့်လွှတ်ရ တန်တယ်လို့ပဲ ယူဆမိပါတော့တယ်။
“ ကိုယ်လိုတာရတဲ့ အချိန်များနဲ့…ဒီမျှော်လင့်ခြင်းလေး…လဲချင်တယ် ” ဆိုတဲ့ မျိုးကျော့မြိုင်ရဲ့ သီချင်းစာသားတစ်ပိုင်းတစ်စကိုပဲ ခပ်ညည်းညည်လေး ဆိုချင်မိပါသေးရဲ့။

 ဦးဟန်ကြည်ရဲ့ တစ်သီးပုဂ္ဂလဆန်ဆန်နေတတ်တဲ့ ငယ်ကျင့်တွေအားလုံးကို ဆေးကျောင်းသားဘ၀မှာ ဇွတ်အတင်းပြုပြင်ပြီး လူနဲ့သူနဲ့ နေတတ်၊ ထိုင်တတ်အောင် လေ့ကျင့်ခန်းဆင်းနေခဲ့တာမို့ သူငယ်ချင်းအများစုနဲ့ အင်မတန်မှ သဟဇာတဖြစ်ခဲ့ပါတယ်။ သဟဇာတမဖြစ်ဘဲ နေပါရိုးလား။ ဟိန္ဒူသူတော်စင်ကြီး ဆိုင်းဘာဘာရဲ့ အဆိုအမိန့်ဖြစ်တဲ့ -
“ ကျွန်ုပ်ဟာ မိတ်ဆွေလိုအပ်သူနဲ့တွေ့ရင် မိတ်ဆွေဖြစ်တယ်။
မိဘနဲ့တွေ့ရင် သားသမီးဖြစ်တယ်။
သားသမီးတွေနဲ့တွေ့ရင် မိဘဖြစ်တယ်။
ဆရာနဲ့တွေ့ရင် တပည့်ဖြစ်တယ်။
တပည့်ခံလိုသူနဲ့တွေ့ရင် ဆရာဖြစ်တယ် ”
ဆိုတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာခဲ့ပေသကိုး။ ဘယ်လောက်အထိများလိုက်နာခဲ့သလဲဆိုရင် သောက်တတ်တဲ့သူငယ်ချင်းတွေနဲ့ တွဲမိရင် သူတို့သောက်တဲ့ဆိုင်တိုင်းကို အတူလိုက်သွား၊ မသောက်ချင်ရင်လည်း အမြည်းစားပြီး သူတို့ရစ်သမျှကို သည်းညည်းခံ၊ သည်းမခံနိုင်တော့ရင်လည်း ဘာမှပြန်မပြောတော့ဘဲ တစ်ပက်လောက်မော့ချပြီး တစ်လုံးစာလောက်မူးပြ၊ အနှီသကောင့်သားတွေ မှောက်သွားရင် အဆောင်ကိုတွဲပို့တဲ့အလုပ်ကိုလည်း စေတနာ့ဝန်ထမ်း လုပ်ပါသေးတယ်။ ဖဲရိုက်တတ်တဲ့ သူငယ်ချင်းတွေနဲ့ တွဲမိပြန်ရင်လည်း သူတို့ဖဲဝိုင်းဘေးမှာထိုင်ရင်း ဘေးကနေ လေနဲ့အားပေး၊ တစ်ယောက်တစ်လေ အပေါ့အလေးသွားရင် သူ့ဖဲချပ်ကို အစားဝင်ကြည့်ပေး၊ ပိုက်ဆံလိုရင် ထုတ်ချေးပေး စသည်ဖြင့် ရောယိမ်းလိုက်၊ ဘသားယိမ်းလိုက် လုပ်ပါတယ်။ ဒါပေမယ့် ဂဏန်းပေါင်းတာကို စိတ်မရှည်တဲ့ ဦးဟန်ကြည်ခမျာ အပွင့်ပွတ်ဖို့ ပါရမီမပါရှာခဲ့တာကြောင့် ကိုယ်တိုင်တော့ ၀ိုင်းထဲမှာဝင်ပြီး တစ်ခါမှ ဖဲမရိုက်ခဲ့ဖူးပါ။ တက္ကသိုလ်မတက်ရခင်မှာပဲ ချစ်လှစွာသော မွေးသဖခင်က သားတော်မောင်ကို ဘာမဆို တတ်စေချင်တဲ့ စေတနာဗလပွနဲ့ တစ်လနီးပါးလောက် ဖဲရိုက်သင်ပေးပေမယ့် သင်္ချာပါရမီနည်းတာကြောင့် ဒီနေ့ဒီအချိန်အထိ ဖဲဆိုရင် သုံးချပ်ပေါင်းပြီး ဂဏန်းအကြီးဆုံးရတဲ့လူက အနိုင်ရတဲ့ ကစားနည်းကလွဲလို့ ဘာမှ မကစားတတ်ရှာပါ။ သူငယ်ချင်းတွေ ကစားတဲ့ ဘူကြီး၊ ကိုးမီးစတဲ့ ဖဲရိုက်နည်းတွေကိုလည်း တစ်ခုမှနားမလည်ဘဲ ဖဲချပ်တွေကို အစားဝင်ဝင်ကိုင်ပေးရုံပဲ တတ်နိုင်တာကြောင့် ဖဲအုပ်စုနဲ့တော့ အတွဲနည်းခဲ့ပါတယ်။

တက္ကသိုလ်ကျောင်းသားဘ၀မှာ နှလုံးသားပဟေဠိကို အဖြေညှိချင်တဲ့ သူငယ်ချင်းတွေအတွက်ကတော့ ဦးဟန်ကြည်က မရှိမဖြစ် Catalyst ပါ။ ဘာကြောင့်လဲဆိုရင် သူတို့တွေရင်ဖွင့်သမျှ ဒိုင်ခံနားထောင်ပေးလေ့ရှိသကိုး။ ဒါတင်မကသေးဘဲ လိုအပ်လာရင် မေတ္တာဗျူဟာတွေကိုပါ ချမှတ်ခင်းကျင်းပေးပြီး၊ မေတ္တာစာခွေတွေကိုလည်း ကိုယ်စားရေးပေးလေ့ရှိပါသေးရဲ့။ ကိုယ်ကိုယ်တိုင် မစွံပေမယ့် သူများကို ချွန်တွန်းလုပ်ရာမှာတော့ ပါရမီပြည့်ခဲ့တာမို့ သူငယ်ချင်း အချင်းချင်းလည်း အတွဲတွေ အသီးသီးအသက ရခဲ့ကြပါတယ်။ တစ်ချို့လည်း ခိုင်ခိုင်မြဲမြဲ လက်တွဲပြီး မျိုးဆက်သစ်တွေတောင် ပွားစည်းလို့ နေကြလေရဲ့။ ဒါပေမယ့် ဘုရားပြီးရင် ငြမ်းဖျက်ကြတဲ့ လောကရဲ့ နိယာမအတိုင်း မွေးတဲ့ကလေးကို ဦးဟန်ကြည်နာမည်လေးပါအောင် မှည့်ပေးဖို့ စေတနာကောင်းနဲ့ အကြံကောင်းပေးတော့ သကောင့်သားများက မိုးမွှန်အောင် မေတ္တာပို့ကြပါပေရဲ့။ ( မတရားလိုက်ပုံများကတော့ … )

ကျောင်းသားဘ၀တစ်လျှောက်လုံး ဦးဟန်ကြည်နဲ့ အတွဲအများခဲ့ဆုံးသူငယ်ချင်းက သုံးလေးယောက်ရှိပါတယ်။ အများနဲ့ သဟဇာတ မဖြစ်သူတွေနဲ့ ပုလံပနံသင့်လေ့ရှိတဲ့ မွေးရာပါဗီဇအတိုင်း အဲဒီသူငယ်ချင်းတွေက ဦးဟန်ကြည်တစ်ယောက်နဲ့ပဲ အဆင်ပြေကြပါတယ်။ ဒီပို့စ်ကို ဆက်ရေးရင် သူငယ်ချင်းတွေရဲ့ ငယ်ကျိုးငယ်နာတွေ အကုန်ပေါ်တော့မှာမို့ လောလောဆယ်ကာလမှာ ဆရာဝန်တွေ၊ ပါရဂူတွေဘ၀နဲ့ မိန့်မိန့်ကြီးလုပ်နေကြတဲ့ အနှီသကောင့်သားများရဲ့ နာမည်ရင်းတွေကိုတော့ omit လုပ်ပြီး မောင်ဖြူ၊ မောင်နီ၊ မောင်ညိုလို့ပဲ နံမည်ဝှက်ပေးထားလိုက်ပါရစေဦး။

အရင်းနှီးဆုံးသူငယ်ချင်း မောင်ဖြူနဲ့ ဦးဟန်ကြည်နဲ့က ကျောင်းရောက်ပြီး မကြာခင်ဘဲ ခင်ခဲ့ကြတဲ့သူတွေပါ။ အနှီသကောင့်သားရဲ့ ထင်ရှားတဲ့ဝိသေသက ဓာတ်ပုံရိုက်ရင် မျက်နှာပေး အလွန်ကောင်းခြင်း ဖြစ်ပါရဲ့။ ဘယ်လောက်များမျက်နှာပေးကောင်းသလဲဆိုရင် သူ့ဓာတ်ပုံကို မြင်ရသူတိုင်း ကရုဏာသက်ကြရပါတယ်။ မသက်ဘဲနေပါရိုးလား။ မောင်မင်းကြီးသားက ဓာတ်ပုံရိုက်ခံတိုင်းမှာ ဖွင့်ထားရမယ့် မျက်စိကို ပိတ်ပြီး၊ ပိတ်ထားရမယ့် ပါးစပ်ကိုတော့ အသားကုန်ဖြဲထားလေ့ရှိတာကြောင့် ဘယ်ဓာတ်ပုံထဲမှာကြည့်ကြည့် သူငယ်နာမစင်သေးတဲ့ ရုပ်လက္ခဏာမျိုး အထင်းသားပေါ်နေပေသကိုး။ ( ဓာတ်ပုံတိုင်းမှာ မိန့်မိန့်ကြီးပြုံးပြီး၊ ဖိန့်ဖိန့်ကြီးနေတတ်တဲ့ ဦးဟန်ကြည်တို့နဲ့ ကွာချက် … )

သူငယ်ချင်းမောင်ဖြူက တိုင်းရင်းသားစပ်တာမို့ အသားဖြူဖြူ၊ အရပ်အမောင်းကောင်းကောင်းပါ။ ဒါပေမယ့် ခမျာမှာ အမေပေးတဲ့ ဥပဓိရုပ်ကို ရူပါမဖွင့်တတ်ရှာလေတော့ မကြာခဏဆိုသလို ဥပဓိရုပ်က ဘူးသီးပုပ်နဲ့ တူနေတတ်ပါရဲ့။ ခေါင်းပေါ်က ဆံပင်ဘုတ်သိုက်ကို ဆီမလိမ်း၊ ခေါင်းမဖြီးဘဲ နေချင်သလို နေလေ့ရှိတာကို မြင်ပြင်းကတ်လွန်းတဲ့ ဦးဟန်ကြည်က တစ်နေ့မှာတော့ သူငယ်ချင်းမောင်ဖြူကို “ ဟေ့ကောင်…မနက်ဖြန်မနက် အိပ်ယာထထချင်း မှန်ရှေ့မှာ သွားရပ်ကြည့်ပါလား ” လို့ အချွန်နဲ့ မ-လွှတ်လိုက်ပါတယ်။ နောက်နေ့မနက်မှာ ကျောင်းရောက်လာတော့ အိမ်သာခေါင်မိုးတွေအသစ်လဲ ( ဘိုကေအသစ်ညှပ် )ပြီး ဆီတွေဘာတွေထည့်ပြီး မဖြီးစဖူး ခေါင်းတွေဖြီးလာပါရောလား။ “ ဟေ့ကောင်ကြီး ဘယ်ဗေဒင်ကဟောလွှတ်လိုက်လို့ လူယောင်ဖန်ဆင်းလာတာလဲ ” လို့ မေးလိုက်တော့ “ ငါ့လခွမ်း…မနက်က မှန်ကြည့်လိုက်တာ ငါ့ပုံက အရူးနဲ့တူနေသဟ ” လို့ တစ်တစ်ခွခွကြီး ဖြေပါတယ်။ ဒီယုန်မြင်ကို ဒီခြုံကို မီးရှို့လွှတ်လိုက်တဲ့ ဦးဟန်ကြည်ကတော့ ဟိုဘက်လှည့်ပြီး တစ်ယောက်တည်း ကြိတ်ပြုံးနေရပါတော့တယ်။

အဲဒီသူငယ်ချင်းက ဦးဟန်ကြည်ကို အင်မတန်မှ ကောင်းကျိုးပြုရှာပါတယ်။ ကျောင်းဖွင့်စအချိန်က တစ်ယောက်နဲ့တစ်ယောက် စမ်းတ၀ါးဝါးနဲ့ ကသောင်းကနင်း မိတ်ဆွေဖွဲ့ကြပြီး ရှားရှားပါးပါးရထားတဲ့ သူငယ်ချင်းမ နှစ်ယောက်က တစ်ရက်မှာတော့ ဦးဟန်ကြည်ကို တစ်ယောက်ပြီးတစ်ယောက် မျက်စောင်းတွေ ဒိုင်းခနဲ၊ ဒိုင်းခနဲထိုးပြီး ခြေဆောင့်သွားကြပါတယ်။ ဦးဟန်ကြည်ကလေးခမျာ ဘုမသိ၊ ဘမသိနဲ့ အချောင်ခံလိုက်ရရှာတာကြောင့် အီလည်လည်နဲ့ ကျန်ရစ်ခဲ့ရရှာပါရောလား။ စပ်ဖြင်းဖြင်းနဲ့ နေမထိထိုင်မသာ ဖြစ်လွန်းတာကြောင့် မောင်ဖြူကို အကြောင်းစုံပြောပြရာမှာတော့ နားထောင်နေတဲ့ သကောင့်သားမျက်နှာက စပ်ဖြဲဖြဲနဲ့ ဖြစ်နေပါတော့တယ်။ မသင်္ကာတာကြောင့် “ ဟေ့ကောင်…မင်း ဟိုနှစ်ယောက်ကို ဘာလုပ်ထားသလဲ ” လို့ မေးမိမှပဲ ကိုယ်တော်မြတ်က ငါးသလောက်ပြုံး ပြုံးပြီး “ ငါ ရည်းစားစာပေးထားလို့ဟ ” လို့ ဖြေပါတယ်။ မောင်ဖြူက ရည်းစားစာပေးရုံတစ်ခုတည်းနဲ့တော့ မျက်စောင်းထိုးခံရလောက်တဲ့အထိ အခြေအနေမဆိုးနိုင်မှန်းသိနေတာကြောင့် “ မဖြစ်နိုင်တာ…မင်းဖာသာ ရည်းစားစာပေးတာ...ငါ့ကို ဘာဖြစ်လို့ မျက်စောင်းထိုးရမှာလဲ ” လို့ ပြန်မေးယူရပါတော့တယ်။ အဲဒီတော့မှ
“ အဟဲ…ငါက နှစ်ယောက်စလုံးကို စာပေးမိလို့ ” လို့ ရှက်အမ်းအမ်းနဲ့ ဖြေပါတော့တယ်။ ကြံကြီးစဉ်ရာ ကြံတတ်လွန်းတဲ့ သူငယ်ချင်းကို အံ့သြလွန်းတာကြောင့် အကြောင်းစုံကို မေးယူမှပဲ ကိုယ်တော်ချောရဲ့ ရွှေဥာဏ်တော်စူးရောက်ပုံကို မှတ်တမ်းတင်ခွင့်ရပါတော့တယ်။

မောင်မင်းကြီးသားက မနက်ပိုင်းမှာ ပထမတစ်ယောက်ကို ရည်းစားစာပေးပါသတဲ့။ လူပျို၊ အပျို မေတ္တာစာကမ်းတာဟာ ပြဿနာ မဟုတ်ပေမယ့် တကယ့်ပြဿနာက နေ့လည်ပိုင်းမှာ စ-ပါတယ်။ ကိုယ်တော်က နေ့လည်ပိုင်းမှာ နောက်တစ်ယောက်ကို စာထပ်ပေးလိုက်ပြန်ပါသတဲ့။ ဖြစ်ချင်တော့ အဲဒီနှစ်ယောက်စလုံးက သူငယ်ချင်းတွေဖြစ်နေပြန်တာကြောင့် သူ့လုပ်ရပ်က ဘူးပေါ်သလိုပေါ်ပြီး ငတိမနှစ်ကောင်က မောင်ဖြူကို အပြင်းအထန် ပေါက်ကွဲကြပါတော့တယ်။ သူတို့နှစ်ယောက် စာသင်ခန်းထဲက မောင်းတင်ပြီးထွက်အလာမှာ ယောင်နနနဲ့ သွားကလေးဖြဲပြီး မျက်နှာချိုသွေးမိတဲ့ ဦးဟန်ကြည်ကလေးကို “ ဒီသတ္တ၀ါ မြှောက်ပေးတာဖြစ်မယ် ” ဆိုတဲ့ တစ်ဖက်သတ်စီရင်ချက်နဲ့ မျက်စောင်းလက်နက် သုံးချက်လောက်စီ သုံးပြီး စိစိညက်ညက်ချေမယ်ဆိုတဲ့ သင်္ကေတနဲ့ ဖနောင့်ဆောင့်ပြသွားကြခြင်းပါ။ ကြားထဲက ခါးနာသွားရှာတဲ့ ငထွားတဖြစ်လဲ ဦးဟန်ကြည်ခမျာမှာ ချစ်စွာသော သူငယ်ချင်းကိုပဲ ရေနွေးကြမ်းအိုးနဲ့ ငယ်ထိပ်ကို ပူဇော်ရကောင်းနိုးနိုး၊ စာမပေးခင် အဲဒီနှစ်ယောက် အဆက်အစပ်ရှိမရှိတောင် မစဉ်းစားတဲ့ ဦးဏှောက်ကိုပဲ ဖောက်ထုတ်ပြီး ခွေးကျွေးပစ်ရကောင်းနိုးနိုးနဲ့ ထိုင်ကြည့်နေခဲ့ရရှာပါတော့တယ်။

တကယ်ဆိုရင် သူငယ်ချင်းက သနားစရာကောင်းရှာပါတယ်။ အထက်တန်းကျောင်းသားဘ၀တစ်လျှောက်လုံး မိန်းကလေးသူငယ်ချင်းမရှိခဲ့ဘဲ တက္ကသိုလ်ရောက်ကာမှ မသတ္တ၀ါများနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ရရှာတာကြောင့် ရွေးရခက်ကြီးဖြစ်ပြီး ကယောင်ကတမ်းလုပ်မိခြင်းပဲ ဖြစ်ပါလိမ့်မယ်။ မိဘတွေရဲ့ အကြံပေးချက်ကြောင့် မူလတန်းကျောင်းသားဘ၀ကတည်းက မိန်းကလေးသူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင်နေခဲ့တာကြောင့် ကိုယ့်ကိုယ်ကို ဟန်မပျက်ထိန်းနိုင်တဲ့ ဦးဟန်ကြည်က ရင်ထဲက အရှိကို အရှိအတိုင်း ဖောက်ခွဲချင်လွန်းလှတဲ့ သူငယ်ချင်းကို “ ဒါပဲပေါ့ သူငယ်ချင်းရာ…ငါးကြော်မကြိုက်တဲ့ကြောင်မိုက်…ငါးကြော်လဲကြိုက်ရော…ငါးပါးမှောက်တယ်ဆိုတာ ” လို့ ခပ်ဖိန့်ဖိန့်လေသံနဲ့ အသားယူပြီး ပြောမိပါတော့တယ်။

တိုင်းရင်းသားစပ်တဲ့ မောင်ဖြူခမျာ စကားလုံး ဝေါဟာရ သုံးနှုန်းပုံချင်း အများနဲ့မတူတာကြောင့်လည်း မကြာမကြာ ဟာသဖြစ်ရရှာပါတယ်။ တစ်ရက်သားမှာ ဆံပင်ညှပ်ဆိုင်သွားမယ့်အကြောင်းကို
“ ဘယ်သူလိုက်ဦးမလဲဟေ့…ငါ ဆံပင်သွားကိုက်မလို့ ” လို့ စေတနာနဲ့ အဖော်စပ်လိုက်ရာမှာ အသုံးအနှုန်းကို သဘောမပေါက်တဲ့ ကျန်တဲ့သူငယ်ချင်းတွေက “ မောင်ဖြူရာ ဆံပင်ကိုက်တာများ ဒီမှာကိုက်လဲရသားပဲ…လာ ငါ့ဆံပင်ကို လာကိုက်…ဒါပေမယ့် ဆံပင်ကို သွားရည်တွေမလူးစေနဲ့ ” လို့ ၀ိုင်းနောက်တာ ခံရပါတော့တယ်။ “ ဆံပင်ညှပ် ” တာကို “ ဆံပင်ကိုက် ” တယ်လို့ ပြောလေ့ရှိတဲ့ သူတို့ဒေသရဲ့ ဝေါဟာရ သုံးနှုန်းပုံက ဆန်းလည်း ဆန်းပေသကိုး။ တစ်ခါမှာလည်း ဆိုင်တစ်ဆိုင်ကို ၀င်ပြီး “ အစ်မ…တိပ်ခွေ လိုချင်လို့ ” လို့ ပြောလိုက်ရာမှာ ဆိုင်ရှင်က “ တိပ်ခွေမရောင်းဘူး မောင်လေး…တိပ်ခွေလိုချင်ရင် မန်းသီရိ တေးသံသွင်းကိုသွား ” လို့ ပြောပါတော့တယ်။ သူငယ်ချင်းလိုချင်တဲ့ တိပ်ခွေက စာအုပ်တွေကို ကပ်တဲ့ Cellulose tape အခွေဖြစ်ပေမယ့် လည်လည်ပတ်ပတ် မပြောတတ်တာကြောင့် ကက်ဆက်တိပ်ခွေလာဝယ်တယ်ထင်လို့ထင်သွားတဲ့ ဆိုင်ရှင်က မန်းသီရိကို လမ်းညွှန်ခြင်းပါ။ နောက်ဆုံးမှာ ကြံရာမရတာကြောင့် “ ဟိုဟာကိုပြောတာ ” လို့ လက်ညှိုးထိုးပြလိုက်မှပဲ လိုရင်းကို ရောက်ပါသတဲ့။ ခင်စရာကောင်းအောင် ရိုးသားဖြူစင်တဲ့ သူငယ်ချင်းကြီး အခုအချိန်အထိ “ ဟိုဟာ ” တစ်လုံး လက်စွဲသုံးပြီး ဈေးဝယ်ထွက်နေသေးသလား မပြောတတ်တော့ပါ။

တစ်ခါကလည်း သူငယ်ချင်းနှစ်ယောက် တစ်နေရာကိုသွားဖို့ ကျောင်းရှေ့မှာ လိုင်းကားထိုင်စောင့်နေကြပါတယ်။ လိုင်းကားလာတဲ့အခါ ကားပေါ်ကို အလုအယက်ပြေးတက်ပြီး သူငယ်ချင်းက ကားပေါ်မှာထိုင်နေတဲ့ အမျိုးသမီးခပ်ရွယ်ရွယ်တစ်ယောက်ရဲ့ဘေးက နေရာလွတ်တစ်ခုကို လက်ညှိုးထိုးပြီး “ အားသလား အစ်မ ” လို့ မေးပါတယ်။ အမျိုးသမီးကလည်း “ အားပါတယ် ”လို့ ပြန်ဖြေပါတယ်။ အဲဒီမှာတင် ကိုယ်တော်မြတ်က “ ဟုတ်ကဲ့ အားရင် ကျွန်တော် ဖင်ကလေးချချင်လို့ ” လို့ ဆက်အပြောမှာ အထင်တော်လွဲပြီး အရှက်တော်ကွဲသွားတဲ့ အမျိုးသမီးက ကလော်တုတ်ပါတော့တယ်။ ကြာရင် ကိုယ့်သူငယ်ချင်းရဲ့ သွားသုံးဆယ့်နှစ်ချောင်းလုံး ဘုရားပွဲလှည့်ထွက်မည့်ကိန်းကို ကြိုမြင်မိသွားတဲ့ ဦးဟန်ကြည်မှာ မနေသာတော့ဘဲ “ အစ်မထင်သလို မဟုတ်ပါဘူး အစ်မရယ်…သူပြောတဲ့ ဖင်ချမယ်ဆိုတာ ထိုင်မယ်လို့ ပြောတာပါ…သူတို့ဒေသက ထိုင်မယ်လို့ မပြောဘဲ အဲဒီလိုပဲ ပြောကြလို့ပါ… ” လို့ မျက်နှာငယ်လေးနဲ့ ၀င်တောင်းပန်ရပါတော့တယ်။ အလျှောက်ကောင်းလို့ အထောင်းသက်သာသွားပေမယ့် သူငယ်ချင်းနှစ်ယောက်လုံး လိုင်းကားပေါ်မှာ ကြာကြာမနေရဲတော့ဘဲ နှစ်ပြလောက်စီးအပြီးမှာ မျက်နှာပူတဲ့ဒဏ်ကို မခံနိုင်တော့တာကြောင့် ကားပေါ်က ကသောကမြောဆင်းရပါရောလား။ ဦးဟန်ကြည်ခမျာ ကားပေါ်က ဆင်းပြီးတဲ့အထိ မျက်နှာအပူ မပျောက်သေးပေမယ့် သကောင့်သားကတော့ ခပ်တည်တည်နဲ့ “ ငါပြောတာ ဘာမှားလို့လဲ ” လုပ်နေပါသေးရဲ့။                        ။


သူငယ်ချင်းတွေကို လွမ်းလွန်လွန်းတာကြောင့် စာကိုစီလိုက်မိရာမှာ ထုံးစံအတိုင်း ဧရာမပို့စ်ကြီး ဖြစ်သွားရပြန်ပါပြီ။ အလုပ်တစ်ဖက်နဲ့ အလုအယက် စာဖတ်ကြရတဲ့ ဘလော့ဂါ၊ ဘလော့ဂီအပေါင်း မိတ်ဆွေကောင်းတို့ကို စာနာ၊ ညှာတာသောအားဖြင့် သူငယ်ချင်းမောင်ဖြူရဲ့ ၀ိသေသထူးတွေနဲ့ ကျန်သူငယ်ချင်းတွေအကြောင်းကို နောက်ထပ်ပို့စ်တွေမှပဲတင်ဖို့ ခွဲထုတ်လိုက်ပါတယ်။ ဟုတ်ကဲ့…ဦးဟန်ကြည်တစ်ယောက် တက္ကသိုလ်ကျောင်းသားဘ၀ကို လွမ်းဆွတ်နေမိပါသည်။      ။

Thursday, 27 October 2011

လွမ်းတော်မူလို့ စာကိုစီတယ် . . .


“ သူငယ်ချင်းများစွာ…ဆုံဆည်းခဲ့ရာ…နောက်ဆုံးတစ်နေ့မှာ…ပြန်ပြီးခွဲခွာ… ”

တက္ကသိုလ်ကျောင်းသားဘ၀က ကြားဖူးနားဝရှိခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “ သူငယ်ချင်းများစွာ ” သီချင်းထဲက စာသားတစ်ပိုင်းတစ်စကို ဦးဟန်ကြည်တစ်ယောက် ခပ်တိုးတိုးညည်းမိပါတယ်။ သူငယ်ချင်းဆိုတာ ကြမ်းတမ်းတဲ့ဘ၀ခရီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ အိုအေစစ်တွေဖြစ်တာမို့ လူတိုင်းတန်ဖိုးထားကြတဲ့ အနဂ္ဃရတနာတွေ မဟုတ်ပါလား။ ခင်မင်ရတဲ့ စိတ်တူသဘောတူ ၀ါသနာတူ သူငယ်ချင်းတစ်အုပ်နဲ့သာ အတူသွားရမယ်ဆိုရင်ဖြင့် ငရဲကိုတောင် ပျော်ပျော်ကြီးသွားကြမှာ ဦးဟန်ကြည်တို့ ပုထုဇဉ်လူသားတွေပဲ မဟုတ်ပါလားလေ။

ဦးဟန်ကြည်တို့ခမျာမှာ အလယ်တန်းကျောင်းသားဘ၀က အရေးအခင်းကြောင့် ကျောင်းနှစ်နှစ်လောက်ပိတ်တာ ခံလိုက်ရတဲ့အပြင် ဆယ်တန်းအောင်ပြီးပြန်တော့လည်း တက္ကသိုလ်တွေဖွင့်ဖို့ သုံးနှစ်နီးပါးထိုင်စောင့်ခဲ့ရသေးတာမို့ တက်ချင်လွန်းလှတဲ့ ဆေးတက္ကသိုလ်ကိုရောက်တဲ့အခါမှာတော့ အသက်တွေ နှစ်ဆယ်ဝန်းကျင်ဖြစ်ကုန်ကြပါပြီ။ ခေတ်ဆိုး၊ ခေတ်ကြပ်ကြီးထဲမှာ ရှင်သန်ရုန်းကန်ခဲ့ကြရသူတွေဖြစ်တာမို့လည်း အရွယ်တွေက ရှိသင့်တာထက်ပိုရင့်နေကြသလို အတွေးအခေါ်တွေကလည်း လူကြီးတစ်ပိုင်း ဖြစ်လို့နေပါပြီ။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်လို့မရတဲ့ အနေအထားကို နှစ်ရှည်လများ ကြုံတွေ့ဖြတ်သန်းလာရသူတွေဖြစ်တာမို့လည်း ကျောင်းရောက်စမှာ အချင်းချင်း ရင်းနှီးပွင့်လင်းဖို့ ခင်ခင်မင်မင်ဖြစ်ဖို့ အတော်အားယူကြရပါတယ်။ ဒီကြားထဲမှာ ကျောင်းသားငယ်ဘ၀ကတည်းက အတန်းထဲမှာထိပ်၊ အမျိုးအဆွေတွေရဲ့ အညွှန့်အဖူးတွေဖြစ်ကြပြန်တာမို့ မာနလေးတွေကလည်း ငယ်ထိပ်တက်နေကြပြန်တာကြောင့် ကျောင်းစတက်လို့ လေးငါးဆယ်ရက်ကြာတဲ့အထိ သူတစ်လူ၊ ငါတစ်မင်းဖြစ်နေခဲ့ကြပါရဲ့။ ဒါပေမယ့် အတန်း Executive Committee ( E C ) အဖွဲ့ရဲ့ အစီအစဉ်နဲ့ ပုဂံကို တစ်ညအိပ်နှစ်ရက် ပျော်ပွဲစားထွက်ပြီးကြတဲ့ နောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ငယ်ပေါင်းကြီးဖော်၊ သောက်ဖော်စားဖက်တွေလို ပုလင်းတူဘူးဆို့ချင်း လည်ပင်းဖက်လျက်သား ဖြစ်ကုန်ကြပါတော့တယ်။

ခပ်ငယ်ငယ်အရွယ်ကတည်းက အပေါင်းအသင်းနည်းနည်းနဲ့ တစ်သီးပုဂ္ဂလနေခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက်လည်း ဆရာဝန်လုပ်မယ့်လူဖြစ်လာတာမို့ ငယ်ကျင့်တွေဖျောက်ပြီး မည်းမည်းမြင်သမျှ ပြုံးပြမျက်နှာချိုသွေးပြီး အပေါင်းအသင်းလုပ်လိုက်ရာမှာတော့ အတန်းထဲက သူငယ်ချင်းပေါင်း ၁၆၀ လောက်မှာ ၁၅၀ ၀န်းကျင်လောက်နဲ့ ရင်းနှီးသွားပါတော့တယ်။ ဆေးတက္ကသိုလ်မှာက ward ထဲဆင်းဖို့နဲ့ လက်တွေ့လုပ်ဖို့ အုပ်စုငယ်တွေခွဲပေးထားတာမို့ အုပ်စုတူချင်းက ပိုပြီးအကျွမ်းတ၀င်ရှိကြတာ သဘာဝဖြစ်ပါတယ်။ ဒီကြားထဲမှာ ရဲကျော်သူ၊ ရဲထွန်းကို၊ ရဲထွဋ်နောင် ဆိုတဲ့ “ ရဲသုံးဖော် ” က ရှိသေးသလို အောင်ခိုင်၊ အောင်နိုင်ဦး၊ အောင်ကျော်စိုး၊ အောင်ကျော်စိုးစံ၊ အောင်မြင့်ဦး၊ အောင်မြင့်အေး၊ အောင်ကိုဦး ဆိုတဲ့ “ အောင်ခြင်းရှစ်ပါး ” ကလည်း သီးသန့်တစ်ဂိုဏ်း ရှိပါသေးရဲ့။ ဒါတင်အားမရသေးဘဲ တောင်ကြီးသား စိုင်းဗညား ဦးစီးတဲ့ “ သေမင်းတမန်ဂိုဏ်း ” ၊ မုံရွာသား ပေါ်ဦးရဲ့ “ ကြာကူလီဂိုဏ်း ”၊ တန့်ဆည်သား ကျော်မင်းခေါင်းဆောင်တဲ့ “ ရာမဂိုဏ်း ” စတဲ့ မဒီကညာတစ်သိုက်ကို အကြည်အသာဝိုက်ရာက ဖြစ်ပေါ်လာတဲ့ ဂိုဏ်းကြီးတွေလည်း ရှိနေပြန်ပါသေးတယ်။

အဲဒီဂိုဏ်းတွေထဲမှာ သေမင်းတမန်းဂိုဏ်းဆိုတာက တကယ့်လူချောတွေ၊ ကင်းတွေ၊ မင်းသားတွေနဲ့ ဖွဲ့ထားပါတယ်။ အနှီသကောင့်သားတွေက ရူပါဖြူးကြတာမို့ မြင်သမျှ မဒီတွေအတွက် မကြိုက်ဘဲမနေနိုင်အောင် အန္တရာယ်ကြီးလှတာမို့ “ သေမင်းတမန်ဂိုဏ်း ” လို့ မည်ပါသတဲ့။ အမဆိုရင် ခြေမ၊ လက်မပါမကျန် ငမ်းတတ်တဲ့ သကောင့်သားတွေကတော့ “ ကြာကူလီဂိုဏ်း ”၊ သူတို့ကြံသမျှ၊ သူတို့ချိန်သမျှ၊ သူတို့လျာထားသမျှ သူများမ-မ သွားတာခံရလေ့ရှိတဲ့ ဂေါ်သမျှမစွံတဲ့ ဖိုးကျန်ရစ်တွေကတော့ “ ရာမဂိုဏ်း ” မှာ အသီးသီး အသက စုစည်းပါဝင်ကြပါတော့တယ်။ ဒါတင်မကသေးဘဲ ဆယ်တန်းတုန်းက သင်္ချာတစ်ရာမပြည့်ခဲ့တာကို စိတ်နာနာနဲ့ ဆေးကျောင်းရောက်မှ နေ့မီးညမီးဆက်ပြီး အပတ်တကုတ်ကြိုးစားပြီး ဂဏန်းပေါင်းကြတဲ့ “ ကုလားကားအုပ်စု ”၊ ချိုတမြမြခါးသက်ရီဝေပါတဲ့ ပယင်းရောင် ယစ်ရွှေရည်ကို တွယ်တာကြတဲ့ “ ရှပ်အုပ်စု ”၊ သူများတကာလုပ်တဲ့ အားကစားကို လောင်းကစားဖြစ်အောင် ကြံစည်ကြိုးကုတ် အားထုတ်ကြတဲ့ “ တစ်လုံးအုပ်စု ” စသည်၊ စသည်ဖြင့်လည်း အုပ်စုပေါင်းများစွာ ရှိနေပြန်ပါသေးတယ်။ ထုံးစံက ဆေးတက္ကသိုလ်ကဘွဲ့ရပြီးမှ ဆိုင်ရာဆိုင်ရာ၊ သန်ရာသန်ရာ အထူးပြုယူကြပြီး ပါရဂူလိုင်းတွေ ခွဲခြားကြရိုးဖြစ်ပေမယ့် ဦးဟန်ကြည်တို့တစ်တွေကတော့ ပထမနှစ်လောက်ကတည်းက ကိုယ့်စိတ်ကြိုက် အထူးပြုဘာသာရပ်တွေ ခွဲခြားပြီးသား ဖြစ်နေပါတော့တယ်။ ဤသည်လည်း တက္ကသိုလ်ကျောင်းသားတို့၏ ထုံးစံပင်မဟုတ်တုံချေလောလို့ပဲ စာသံပေသံနဲ့ ပြောရတော့မယ်ထင်ပါရဲ့။

အထက်ကပြောခဲ့သလို ဆိုင်ရာဂိုဏ်းတွေ၊ အုပ်စုတွေ၊ အဖွဲ့တွေမှာ ခင်ရမင်ရတဲ့ သူငယ်ချင်းတွေအပြင် ၀ါသနာတူ၊ စိတ်ကူကိုယ်တူတွေ စုစည်းပြီးဖွဲ့ကြပြန်တဲ့ စာပေအုပ်စုတွေရှိသေးသလို၊ ဘောလုံးသင်းကလည်း ရှိလိုက်ပြန်ပါသေးတယ်။ ဆေးကျောင်းရောက်လို့ သုံးလေးလလောက်မှာ ၀ါသနာတူ သူငယ်ချင်းတွေစုပြီး ကဗျာစာအုပ်တွေ ထုတ်ဖြစ်ကြရာကနေ နောက်ထပ်သူငယ်ချင်းသစ်တွေထပ်ရလာပြန်ပါတော့တယ်။ ဖွတ်ကလိဒင်္ဂါးကို စစ်စစ်စီစီသုံးရတဲ့ ကျောင်းသားတွေဖြစ်တဲ့အပြင် ဒီဘက်ခေတ်လို ကွန်ပျူတာတွေလည်း ဈေးမပေါသေးတာမို့ ကဗျာစာအုပ်ကို တစ်ယောက်ထည်းမထုတ်နိုင်ဘဲ သူငယ်ချင်းတွေနဲ့ စုပေါင်းစပ်ပေါင်းထုတ်ပြီး၊ အခန်းတကာ၊ တက္ကသိုလ်တကာ လည်ရောင်းကြရပါတယ်။ ( အဲဒီတော့မှပဲ အနုပညာသမားဖြစ်ချင်ရင် မျက်နှာပြောင်ရဲရမယ်ဆိုတဲ့ ဥပဒေသ အသစ်ကိုရခဲ့ပါရဲ့…) ပထမနှစ်ကုန်ကာနီးလောက်မှာ ကိုအိမ့်၊ မင်းကြင်နာ၊ ကြည်ထွေးဟန်၊ ရီနေဆန်း၊ မြမှူးအိမ်နဲ့ ဦးဟန်ကြည်တို့က “ ရင်ကွဲကောင် ” အမည်နဲ့ ၀ထ္ထုတိုပေါင်းချုပ်တစ်အုပ် ထုတ်ဖြစ်တာကြောင့် ဦးဟန်ကြည်တို့ အုပ်စုက သူ့အလိုလို “ ရင်ကွဲကောင် အုပ်စု ” ဖြစ်ရပါတော့တယ်။

 စာပေ၀ါသနာအိုးတွေ ကဲင်တဲင်းမှာစုထိုင်ပြီး သူ့ကဗျာ၊ ကိုယ့်ကဗျာ လဲဖတ်ကြ၊ သူ့ဝထ္ထု ကိုယ့်ဝထ္ထု အပြန်အလှန်ဝေဖန်ကြနဲ့ အင်မတန် ပျော်ဖို့ကြည်နူးဖို့ ကောင်းလှပါရဲ့။ မော်ဒန်ကဗျာတွေ၊ မော်ဒန်ဝထ္ထုတွေ ခေတ်စားလှတဲ့ အဲဒီအချိန်မှာတောင် ဆရာငြိမ်းကျော်ရဲ့ ၀ထ္ထုထဲက စာသားတွေ၊ စကားပြေအရေးအသားတွေကို မက်မက်စက်စက်ရှိလွန်းပြီး၊ ရှေးရိုးကဗျာဖွဲ့နည်းတွေကို တမြတ်တနိုးဖက်တွယ်ထားတဲ့ ဦးဟန်ကြည်ပေါက်စလေးကို သူငယ်ချင်းအပေါင်းက Sir Realism လို့ အမြင်ကတ်ကတ်နဲ့ ၀ိုင်းသမုတ်ကြတာကိုလည်း ပြန်တွေးမိတိုင်း ဆွတ်ပျံ့လွမ်းမောနေမိပါသေးတယ်။ စလေဦးပုည၊ နတ်ရှင်နောင်၊ န၀ဒေး၊ မင်းကြီးကတော်ခင်ဆုံ၊ သတိုးပီယ အစရှိတဲ့ စာပေပညာရှင်တွေနဲ့သာ အကျွမ်းတ၀င်ရှိခဲ့တဲ့ ဦးဟန်ကြည်ခမျာမှာ မာယာကော့ဗ်စကီး၊ အန်တွန်ချက်ကော့၊ အီလျာအာရင်ဘတ်၊ မော်ရေးဗီးယား ဆိုတဲ့ နိုင်ငံတကာ စာပေပညာရှင်တွေကို နံမည်တောင်မကြားဖူးခဲ့ရှာတာကြောင့် သူငယ်ချင်းတွေရဲ့ စာပေစကားဝိုင်းမှာ မျက်စိသူငယ်နားသူငယ်နဲ့ မကြာခဏဆိုသလို ဒုက္ခရောက်ရတာကိုလည်း ပြန်တွေးတိုင်း လွမ်းမိပါတော့တယ်။ စာသမားချင်းအတူတူ၊ နှာတစ်ဖျားအသာယူခံရတာကို မခံချင်စိတ်နဲ့ အနှီစာရေးဆရာတွေရေးတဲ့ စာအုပ်တွေကို ဘာသာပြန်ရော၊ မူရင်းပါရအောင်ရှာပြီး ခေါင်းမူးအောင် ဖတ်ခဲ့ရတာတွေဟာလည်း ပြန်မရနိုင်တော့တဲ့ ဘ၀ရဲ့ အမှတ်တရတွေပဲ မဟုတ်ပါလား။

ငယ်စဉ်တောင်ကျေး ကလေးဘ၀က စာကြမ်းပိုးဖြစ်ခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် တက္ကသိုလ်ရောက်တဲ့အခါမှာ ၀ါသနာတူ စာပေမိတ်ဆွေတွေရဲ့ သိုင်းဝိုင်းပံ့ပိုးမှုတွေကြောင့် “ စာလိပ် ” ဖြစ်ခဲ့ရတာဟာလည်း ဘ၀ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာ၊ သူငယ်ချင်းတွေဆီကရခဲ့တဲ့ မြတ်နိုးစရာအကောင်းဆုံး ဘ၀လက်ဆောင်ပဲ ဖြစ်ပါတော့တယ်။ မန္တလေးဆေးတက္ကသိုလ်ငွေရတုမဂ္ဂဇင်းမှာ ကုန်းဇောင်းရွာက ဆေးကျောင်းသူ မတင်တင်ဝင်းက ၀ထ္ထုတိုတစ်ပုဒ်ရေးပြီး နောင်တစ်ချိန်မှာ “ ဂျူး ” အဖြစ်နဲ့ နိုင်ငံကျော်ခဲ့ပေမယ့် ဆေးတက္ကသိုလ်ရွှေရတုခေတ်မှာ ဆေးကျောင်းရောက်ခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် ဘာတစ်ခုမှ ပေါက်ပေါက်မြောက်မြောက် လောက်လောက်လားလား မဖြစ်ခဲ့ရတာကတော့ ကိုယ့်ဘ၀ကံဇာတာရဲ့ ချွတ်ချော်မှုလို့ပဲ လူမဟန်၊ ကံကိုမဲရင်း သူငယ်ချင်းများကို လွမ်းတော်မူတာကြောင့် ဒီစာကို စီလိုက်ရပါကြောင်းလေ။                    ။

Monday, 24 October 2011

အသားတစ်ပိဿာ၊ မစင်တစ်မတ်သား . . .

ဦးဟန်ကြည်တစ်ယောက်  
ဘောလုံးပွဲကို သည်းသည်းမည်းမည်းဝါသနာကြီးလှတာ အများသိတော်မူကြတဲ့အတိုင်းပါ။ ဒါပေမယ့် အားကစားကို လောင်းကစားအသွင်ပြောင်းရမှ ဘ၀င်ကျ၊ မနောခွေ့ကြတဲ့ ရွှေပြည်သားတွေနဲ့ လားလားမှမတူဘဲ အားကစားသက်သက်ကိုသာ တစိုက်မတ်မတ်အားပေးနေဖြစ်တော့တာမို့ လူအားရော၊ ငွေအားပါ စိုက်ထုတ်အားပေးကြတဲ့ အနှီပုဂ္ဂိုလ်တွေလို မံမံတူတူမပုန်းဘဲ ဒီနေ့ဒီအချိန်အထိ စားနိုင်သောက်နိုင် ပါးစပ်ကြီးနဲ့ ဖြစ်နေဆဲပါ။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးစသည်ဖြင့် အလုံးရောဂါသည်တွေ ပေါများလှပါတဲ့ ဦးဟန်ကြည်တို့ရဲ့ မျှော်တိုင်းမဝေးတဲ့ ရွှေပြည်တော်ကြီးမှာ ဘောလုံးမှန်လို့ တိုက်ပေါ်ကနေခွေးကျဝက်ကျကျပြီး တဲပေါ်မှာခွေနေရတဲ့ ကောင်းတာကို မစားချင်သူ အပေါင်းသဟာများကို သံဝေဂယူစောတာကြောင့် ဘောလုံးပွဲဟူသမျှကို အိပ်ရေးပျက်၊ မျက်ချေးထွက်ခံပြီး အားပေးသော်ငြားလည်း အိပ်ကပ်ထဲက ဖွတ်ကလိဒင်္ဂါးကိုတော့ တစ်ပြားမှအထိမခံရဲတာလည်း အကြောင်းတစ်ခု ပါမယ်ထင်ပါရဲ့။

ဒါပေမယ့် ဦးဟန်ကြည်သည်လည်း အများတကာလို အမှားသတ္တ၀ါ လောကီသားဖြစ်နေတာကြောင့် မိဘပိုက်ဆံကို စိတ်ကြိုက်သုံးမှ ကုသိုလ်ရတဲ့ တက္ကသိုလ်ကျောင်းသားဘ၀တစ်လျှောက်လုံးမှာ အနှီဘောလုံးပွဲလောင်းကစားများနဲ့ မကင်းခဲ့တာကို ၀န်ခံရပါလိမ့်မယ်။ Beckham, Nicky Butt, Neville ညီနောင်, Scholes စတဲ့ Man U Academy 92 batch သင်တန်းသားတစ်အုပ် အသင်းကြီးမှာ စကစားခွင့်ရကြတဲ့ ၉၆ ခုနှစ်လောက်ကတည်းက ပရီးမီးယားဘောလုံးပွဲတွေကို မစားရ၀ခမန်း အားပေးသားကျနေခဲ့တဲ့အပြင် ထွက်သမျှဂျာနယ်တိုင်းကို မိဘပိုက်ဆံနဲ့ အင်တိုက်အားတိုက် ၀ယ်ဖတ်ခဲ့တဲ့ အကျိုးဆက်တွေကြောင့် ကျောင်းသားဘ၀က ဘောလုံးဆရာကြီးအဖြစ်နဲ့ ဖွတ်တက်အောင် မွဲခဲ့ဖူးပါရဲ့။ မွဲရခြင်းအကြောင်းရင်းက မိဘအိမ်မှာနေ၊ မိဘအိမ်မှာစားလို့ မိဘပိုက်ဆံနဲ့ ကျောင်းတက်ပညာသင်ခွင့်ရတာတောင် အားမရနိုင်သေးဘဲ မိဘဆီက မုန့်ဖိုးပါတောင်းကြတဲ့ ရွှေပြည်သား ကျောင်းသူ၊ကျောင်းသားတွေရဲ့ ထုံးဟောင်းကို အပြည့်အ၀လိုက်နာပြီး လကုန်ရက်တိုင်း မိဘဆီလက်ဖြန့်တောင်းလို့ ရသမျှ တစ်လစာ မုန့်ဖိုးကို နိုင်ငံတကာဘောလုံးအကျော်အမော်တွေရဲ့ ခြေတော်ဖျားမှာ ပုံအောထားပြီး တစ်ပတ်တစ်ခါ ပူဇော်လေ့ရှိလို့ပဲ ဖြစ်ပါတယ်။

http://cdn.bleacherreport.net/images_root/slides/photos/000/990/864/92_display_image.jpg?1307272004
ဦးဟန်ကြည်ရဲ့ ဘော်ဒါအပေါင်း
တကယ်လို့များ လကုန်ရက်ဟာ တနင်္လာလိုနေ့မျိုးဖြစ်ခဲ့ရင်တော့ မုန့်ဖိုးငွေက လက်ထဲမှာ တစ်ပတ်လောက်တော့ မြဲတတ်ပါရဲ့။ သောကြာနေ့လိုနေ့မျိုးမှာ လကုန်ခဲ့ရင်တော့ စနေ၊ တနင်္ဂနွေနှစ်ရက်ကျော်တာနဲ့ ဘောလုံးမှန်လို့ ပိုက်ဆံအိတ်ပေါက်တဲ့ ရောဂါကြောင့် သူငယ်ချင်းအပေါင်းအသင်းများနဲ့ မနက်ခင်း လက်ဖက်ရည်ဆိုင်တောင် မထိုင်နိုင်တော့ဘဲ
“ အမေ့လက်ဖက်ရည်ပဲ သောက်လို့ကောင်းတယ် ” ဆိုတဲ့ ဆင်ခြေဆင်လက်ပေးပြီး အရိုးမရှိတဲ့ လျှာတစ်ချောင်းကို ကောင်းကောင်းအသုံးချလို့ မွေးသမိခင်ကို မြှောက်ပင့်ပြီး အိမ်ကလက်ဖက်ရည်ပဲ ကပ်သောက်ရတာလဲ လစဉ်နဲ့အမျှပါ။ လစဉ်လတိုင်းလိုလို ရသမျှမုန့်ဖိုးပြောင်အောင် လောင်းကစားနဲ့ အကျိုးပေးသန်လွန်းလှတဲ့ ကိုယ့်ကုသိုလ်ကံကို ကောင်းကောင်းကြီးသဘောပေါက်မိတဲ့နောက်မှာတော့ မုန့်ဖိုးလေး မြိုးမြိုးမြက်မြက်ရတဲ့အခါတိုင်းမှာ ၀ယ်စရာ၊ ခြမ်းစရာတွေကို အရင်ဆုံးပြေးဝယ်ပြီး ရှိစုမဲ့စု ကိုယ်ရောင်ကိုယ်ဝါကလေးတွေ မမှေးမှိန်ရလေအောင် ကြိုတင်ကာကွယ်ခဲ့ရရှာပါတယ်။ အဲဒီလိုမှ မကာကွယ်ရင်လည်း ၀တ်ကောင်းစားလှရယ်လို့ တစ်ထည်မှ ရှိတော့မှာမဟုတ်ဘဲ ဘောလုံးဘောင်းဘီတိုကလေးဝတ်လို့ နားကြပ်ကို လည်ပင်းမှာချိတ်ပြီး Ward ထဲမှာ မျက်နှာပြောင်ပြောင်နဲ့ round နေရမယ့်အရေးက သေချာလွန်းနေတယ် မဟုတ်ပါလား။

ဘောလုံးမှန်လို့ မုန့်ဖိုးပြောင်လေ့ရှိပေမယ့် မောင်ဟန်ကြည်ကလေးမှာ လောင်းကစားသွေးရယ်လို့ ဟုတ်ဟုတ်ငြားငြားမပါရှာဘဲ 
 “ တက္ကသိုလ်ကျောင်းသားတိုင်း လောင်းကစား တစ်မျိုးမျိုးတတ်မြောက်ကြသည် ” ဆိုတဲ့ ရှေးသူဟောင်း နောင်တော်ကြီးတို့ရဲ့ လမ်းရိုးကို အပြည့်အ၀လိုက်လျှောက်ပြီး ဘော်ဒါအပေါင်းနဲ့ ပျော်စရာကောင်းဖို့သာ ရည်ရွယ်ခဲ့ရိုးအမှန်ဖြစ်ပါတယ်။ ကိုယ်လောင်းထားတဲ့ အသင်းရှုံးရင်လည်း “ မုန့်ဖိုးတော့ပြောင်ပဟဲ့ ” ဆိုတဲ့ အတွေးမျိုးပေါ်ရုံလောက်သာရှိပြီး ငွေမျောရင်ငွေနဲ့လိုက်မယ်ဆိုတဲ့ အတွေးဆိုးမျိုးလည်း မပေါ်ခဲ့ဖူးပါ။ နိုင်ပြန်ရင်လည်း 
 “ မုန့်ဖိုးပွားလာပြီ ” ဆိုတဲ့ သာမန်ပီတိမျိုးထက်မပိုခဲ့ပါ။ ဘောလုံးမှန်တဲ့အခါမှာလည်း အပြုံးမပျက်ခဲ့သလို ဘောလုံးအောင်တဲ့အခါမျိုးမှာလည်း မြောက်ကြွကြွမဖြစ်ခဲ့ဖူးတာတော့ အမှတ်ထင်ထင်ရှိနေခဲ့ပါတယ်။ တစ်ခါတစ်လေမှာတော့ ဘောလုံးပွဲကို လောင်းရုံသာလောင်းထားခဲ့ပြီး မကြည့်ဖြစ်ဘဲ အိမ်ပြန်ပြီးအိပ်တဲ့အခါလည်း ရှိပါသေးတယ်။ မနက်မိုးလင်းမှ ဘောလုံးပွဲရုံရှေ့မှာထောင်ထားတဲ့ ဆိုင်းဘုတ်ကို သွားဖတ်ကြည့်ပြီး နိုင်တယ်ဆိုရင်လည်း ငွေကလေးအသာထုတ်၊ ရှုံးခဲ့ရင်လည်း လောင်းကြေးဖြတ်ပိုင်းလေးကို အသာဆုတ်ဖြဲလိုက်ရုံကလွဲလို့ ထူးထူးထွေထွေ မခံစားခဲ့ရဖူးပါ။ သူများယောင်တိုင်း လိုက်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိခဲ့ရှာဘဲ ၂၀ရာစု ကျောင်းသားကျင့်ဝတ်ကို တာဝန်ကျေအောင် လိုက်နာကျင့်သုံးခြင်းသာ ဖြစ်ခဲ့တာမို့ နဖူးကချွေး ခြေမပေါ်ကျရုံတောင်မကဘဲ အ၀ီစိက ငရဲမင်းရဲ့ ငယ်ထိပ်ပေါ်ကျတဲ့အထိ တပင်တပန်းကုန်းရုန်းရှာဖွေမှ ငွေမြင်ရတဲ့ ဒီနေ့ဒီအချိန်မှာ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးစတဲ့ ရောဂါဆိုးတွေနဲ့ ကင်းကင်းလွတ်လွတ်နေနိုင်ခဲ့တာ ဖြစ်လိမ့်မယ်လို့ မကြာမကြာ တွေးမိပါရဲ့။

ဘာပဲဖြစ်ဖြစ် လူငယ်ဘ၀မှာ လူငယ်ပီသတဲ့ အမှားအယွင်းလေးတွေကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်လို့ပဲ ဂုဏ်ယူရရင် ကောင်းမလား စဉ်းစားနေမိပါတယ်။ တစ်လုံးဆရာများ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းကတော့ “ ဘောလုံးအကြောင်းနားမလည်ခင်၊ ဘောလုံးမလောင်းတတ်ခင် သင်လောင်းလောင်းရင်တော့ နိုင်စမြဲပဲ၊ လောင်းတတ်သွားရင်တော့ ကုန်ပါလေရော ” တဲ့။ ဘောလုံးဂျပိုး မောင်ဟန်ကြည်ကတော့ အဲဒီခေတ်အဲဒီအခါက ဘောလုံးက၀ိ ပညာရှိဖြစ်ခဲ့တာမို့ လောင်းသမျှရှုံး၊ တောင်းသမျှဆုံးဖြစ်ရတယ်လို့ပဲ ဆိုရတော့မလား မသိတော့ပါ။ အဲဒီဆိုရိုးစကားရဲ့ မှန်ကန်ချက်ကို သူငယ်ချင်းတစ်ယောက်က သက်သေပြခဲ့ဖူးပါတယ်။ ပထမနှစ်ကျောင်းသားဘ၀က Test တွေနှိပ်စက်တိုင်းမှာ စာမေးပွဲဆိုရင် သေမတတ်ကြောက်ရှာတဲ့ မောင်ဟန်ကြည်တစ်သောက် သူငယ်ချင်းအဆောင်ကို သွားသွားအိပ်ပြီး စာအတူကျက်လေ့ရှိခဲ့ပါတယ်။ အဆောင်က သူငယ်ချင်းတစ်ယောက်က နဂိုကတည်းက လောင်းကစားဗီဇကလေး တကြွကြွ ရှိနေသူဖြစ်တာမို့  “ ကုလားကားကြည့်တဲ့လိုင်း ” ကနေ “ တစ်လုံးလိုင်း ” ကိုပြောင်းဖို့ စိတ်ကူးနေတဲ့အချိန်မှာ ဘောလုံးက၀ိ မောင်ဟန်ကြည် စာအတူလာကြည့်တိုင်း ဘောလုံးအသင်းတွေအကြောင်း တဖွဖွမေးပြီး ပညာယူလေ့ရှိပါတယ်။ ဘောလုံးသင်းတွေကို နည်းနည်းပါးပါးတီးမိခေါက်မိရှိလာချိန်မှာတော့ “ ဘောလုံးလောက ” ထဲကို အကြံပေးအရာရှိ မောင်ဟန်ကြည် အားကိုးနဲ့ ခြေစုံပစ်ဝင်ရုံတင်အားမရသေးဘဲ တစ်ကိုယ်လုံးပစ်ဝင်လိုက်ပါတော့တယ်။ ဘောလုံးအကြောင်းကို လုံးခြမ်းမကွဲခင်တုန်းက လောင်းသမျှနိုင်နေတာမို့ အားတွေရ၊ ဘ၀င်တွေကျပြီး ဂျာနယ်ပေါင်းစုံဝယ်ဖတ်၊ ဘောလုံးပွဲဟူသမျှ မလွတ်တမ်းကြည့်လို့ က၀ိလက်သစ်ဖြစ်သွားချိန်မှာတော့ လောင်းသမျှကွဲ၊ ထောင်းသမျှလဲပြီး တောင်းသမျှမွဲရှာပါတော့တယ်။

လောင်းကစားပါရမီအရင်းခံ ရင့်သန်လှပါတဲ့ အဲဒီသူငယ်ချင်းခမျာ ဘောလုံးကနေ လိုင်းပေါင်းစုံခုန်ကူးလို့ “ မ.ထ.သ ” အဖြစ်နဲ့ 
“ ဖဲဝိုင်း ” အစ၊ “ ဂျင်ဝိုင်း ” အလည်၊ “ ရွှေဘောလုံး ” အဆုံး လောင်းကစားနည်းမျိုးစုံအောင် စိတ်နောက်ငွေပါ မီးကုန်ယမ်းကုန်ကြဲပစ်လိုက်ရာမှာတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ဆိုင်ကယ်ကို ခဏငှားပြီး ပေါင်လို့ရတဲ့ငွေကို ကစားဝိုင်းမှာ ဖြုန်းပစ်တဲ့အထိ အခြေအနေဆိုးသွားရှာပါတော့တယ်။ ဒါတင်အားမရသေးဘဲ ပေါင်ထားတဲ့ဆိုင်ကယ်ကို ပြန်ရွေးဖို့ ငွေရှာမယ့်စိတ်ကူးနဲ့ သူငယ်ချင်းလေးငါးယောက်ရဲ့ စက်ဘီးတွေကို ပေါင်ပစ်ပြီး ထပ်အောလိုက်ပါသေးတယ်။ အဲဒီခေတ်က သုံးသောင်းဝန်းကျင်ပေးရတဲ့ Littmann နားကြပ်ကိုလည်း ကစားဝိုင်းမှာ အရင်းလုပ်ဖို့ တစ်သောင်းဝန်းကျင်နဲ့ ရောင်းလိုရောင်း၊ ခြောက်သောင်းကျော်ပေးရတဲ့ GGO Anatomy စာအုပ်ကို ကျန်တဲ့သူငယ်ချင်းဆီမှာ ပေါင်လိုပေါင်နဲ့ ဖြစ်ချင်တိုင်းဖြစ်လို့၊ ပျက်ချင်တိုင်းပျက်သွားတာမြင်ရတော့ ဘောလုံးက၀ိ မောင်ဟန်ကြည်တစ်ယောက် ဆေးကျောင်းသားတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားကိုတောင် ခြစားအောင် တတ်နိုင်လှတဲ့ လောင်းကစားရဲ့ စွမ်းပကားကို ဖျားသွားရပါတော့တယ်။

http://www.conney.com/wcsstore/Conney/images/fullsize/z30245.gif
ဆေးလောကရဲ့ နံမည်အကြီးဆုံး Littmann Stetho
 
တစ်ညမှာတော့ နယ်ကကျောင်းလာတက်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဘောလုံးပွဲ အတူကြည့်ဖြစ်ကြပါတယ်။ လောင်းကစားသွေးကြီးလှတဲ့ အဲဒီသူငယ်ချင်းက တစ်လစာ အသုံးစရိတ်ငွေ တစ်သောင်းလုံးကို ချဲလ်ဆီးအသင်းဘက်ကနေ ပုံအောပစ်လိုက်ပြီး ဘောလုံးပွဲကို ရင်တခုန်ခုန်နဲ့ အတူထိုင်ပြီး ကြည့်နေရရှာပါတယ်။ တစ်ဂိုးသွင်းရင်တောင် အပြည့်နိုင်မယ့် လောင်းကြေးဖြစ်ပေမယ့် Zola, Jimmy Floyd Hasselbaink တို့ရဲ့ ချဲလ်ဆီးတိုက်စစ်က ပွဲပြီးဖို့ ၁၅ မိနစ်လိုတဲ့အချိန်အထိ တစ်ဖက်အသင်းရဲ့ ဂိုးပေါက်ကို လောက်လောက်လားလား မခြိမ်းခြောက်နိုင်တာကြောင့် တစ်လလုံး ထမင်းငတ်မယ့်ကိန်းနဲ့ ကြုံနေတဲ့ သူငယ်ချင်းခမျာ ဖင်တကြွကြွနဲ့ ရင်မနေရတာကို ဘေးကကြည့်ရင်း မောင်ဟန်ကြည်ပါ ရင်မောနေမိပါတော့တယ်။ သူ့ပါးစပ်ကလည်း “ ငါတော့ ထမင်းငတ်ပြီ ” ဆိုတဲ့ မြည်တမ်းစကားကို ဆီမန်းမန်းသလို တဖွဖွရေရွတ်နေပြန်တာကို စိတ်မသက်မသာနားထောင်နေရင်း လောင်းကစားသမားရဲ့ ၀ဋ်ဆင်းရဲကြီးပုံကို မောင်ဟန်ကြည်တစ်ယောက် တွေးမိခဲ့ဖြစ်ပါတယ်။ ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုရောက်မှ ဘယ်တောင်ပံကဖြတ်တင်ဘောကို မဖြစ်နိုင်တဲ့အနေအထားကနေ Hasselbaink ခေါင်းတိုက်သွင်းလိုက်မှ သူငယ်ချင်းဆီက “ ဟင်း ” ခနဲ သက်ပြင်းကြီးချသံ ထွက်လာပါတော့တယ်။ သူ့နဖူးမှာလည်း ဆီးကင်းလောက်ရှိတဲ့ ချွေးသီးချွေးပေါက်ကြီးတွေ ထွက်နေရှာပါပြီ။

http://i.dailymail.co.uk/i/pix/2008/09/11/article-0-002EA2BB00000258-367_468x509.jpg
ကျီစယ်ရက်ပါပေ့ မောင်မင်းကြီးသားရယ် . . .
 ကျန်တဲ့ဘောမိတ်ဆွေ သူငယ်ချင်းတွေမှာလည်း လောင်းကစားကြောင့် ကောင်းစားတယ်ဆိုတာ အင်မတန်ရှားလှပါတယ်။ သူငယ်ချင်းတစ်ယောက် စီးနေကျ စက်ဘီးမမြင်ရတာကြောင့် မေးမိတဲ့အခါ “ ရော်နယ်ဒို အိမ်ပြန်ဖို့ ငှားသွားတယ် ” လို့ ဖြေပါတယ်။ ဆိုလိုတာက ရော်နယ်ဒို နှိပ်စက်တာကြောင့် သူ့စက်ဘီး အပေါင်ဆိုင်ကို အလည်ရောက်သွားပါသတဲ့။ ဘောလုံးပွဲတွေပြီးသွားတဲ့ တနင်္လာနေ့ကတော့ ဈေးပေါင်ကျိုး၊ ဈေးနေ့လို့ ခေါ်နိုင်ပါတယ်။ ဘောလုံးပွဲကြောင့် ပိုက်ဆံအိပ်တွေပေါက်ကုန်ပြီး စားဖို့ပိုက်ဆံမကျန်တော့တာကြောင့် ပိုင်သမျှ ပစ္စည်း၊ ပစ္စယတွေကို သူငယ်ချင်းအချင်းချင်း ပေါင်လိုပေါင်၊ ရောင်းလိုရောင်း လုပ်ကြရလို့ပဲဖြစ်ပါတယ်။ ဘယ်ပစ္စည်းမဆို ဈေးပေါပေါနဲ့ ရနိုင်တာမို့ မောင်ဟန်ကြည်လည်း အဲဒီလိုရက်မျိုးမှာ လိုချင်တဲ့ဆေးပစ္စည်းတွေကို ၀ယ်လေ့ရှိပါတယ်။ ဒါပေမယ့် မိဘကို စာရင်းပြတဲ့အခါမှာတော့ ၀ယ်ဈေးကိုမပြောဘဲ ဈေးရင်းကိုပြောပြီး နှစ်ပေါက်တစ်ပေါက်ရိုက်လေ့ ရှိပါသတဲ့။ အတော်ကောင်းတဲ့ လောင်းကစားလောက မဟုတ်ပါလား။

ဘောပွဲလောင်းကြတဲ့ ဘောဆရာတွေကလည်း အယူအဆအမျိုးမျိုးနဲ့ပါ။ တစ်ချို့ကလည်း နက္ခတ်တွေ၊ ဇာတာခွင်တွေနဲ့ ဘယ်အသင်းနိုင်မယ်ဆိုတာကို တွက်ကြချက်ကြပါတယ်။ တစ်ချို့ဆရာများကလည်း အရင်တစ်ပွဲမှာကန်ခဲ့တဲ့ခြေစွမ်ချင်းနှိုင်းယှဉ် ကစားသမားအင်အား၊ ဒဏ်ရာရ၊ ပွဲပယ်ကစားသမားအခြေအနေတွေကို သုံးသပ်ပြီး ကောက်ချက်ဆွဲကြပါတယ်။ တစ်ချို့ကျပြန်တော့ အသင်းနှစ်သင်းရဲ့ အချင်းချင်းတွေ့ဆုံမှု ရာဇ၀င်နဲ့ ဆုံးဖြတ်ကြတာလည်း ရှိပါရဲ့။ ဒါပေမယ့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှာလာတက်တဲ့ ညီတစ်ဝမ်းကွဲတစ်ယောက်ရဲ့ ဘောလုံးပွဲလောင်းနည်း နိဿရည်းကတော့ အများနဲ့မတူဘဲ တမူကွဲပြားနေတာ မှတ်မှတ်သားသား ရှိခဲ့ဖူးပါတယ်။ သူစီးထားတဲ့ ဆင်ခြောက်ကောင်ဖိနပ်က သဲကြိုးတွေဖွာလန်ကြဲပြီး ရစရာမရှိအောင် ကျနေတာမြင်မိလို့ အမြင်မတော်တာကြောင့် ပါးစပ်ဆော့မိတဲ့ အစ်ကိုဖြစ်သူကို  
“ ဒီဖိနပ်ကို အသစ်လဲလို့မဖြစ်ဘူး အစ်ကိုရ၊ သူလုပ်ကျွေးထားတာများနေပြီမို့လို့ ကျေးဇူးရှင်အဖြစ် တရိုတသေ စီးထားတာ ” လို့ ပြန်ပြောပါတယ်။ သူ့စကားရဲ့ အနက်ကို သဘောမပေါက်တဲ့ မောင်ဟန်ကြည် နလပိန်းတုံးခမျာ သူ့ကို လူအ-လို့ အထင်ခံရမှာစိုးတာကြောင့် ဘာမှဆက်မပြောရဲဘဲ တစေ့တစောင်းက အကဲခတ်နေလိုက်တာမှာ တစ်ညသားမှာတော့ သူ့ဖိနပ်ရဲ့ကျေးဇူးပြုပုံကို မျက်ဝါးထင်ထင်မြင်ခွင့်ရပါတော့တယ်။ အဲဒီညက မှတ်မှတ်ရရ မန်ယူနဲ့ အာဆင်နယ်ပွဲကန်တော့ အကြံမရတာနဲ့ သူ့ကိုမေးမိတော့ ခဏနော်လို့ ခွင့်တောင်းပြီး လက်ဖက်ရည်ဆိုင်ဘေးက ကွင်းပြောင်ပြောင်ပေါ်မှာ သူ့ဖိနပ်ကို မိုးပေါ်မြှောက်ပြီးပစ်လိုက်ပါတော့တယ်။ သူ့လုပ်ရပ်ကို အထာမပေါက်ဘဲ ငေးရုံသာငေးနေတဲ့ မောင်ဟန်ကြည်ကို သကောင့်သားက ငသလောက်ပြုံး၊ ငသလဲထိုးပြုံး ပြုံးပြပြီး “ ဒီညတော့ မန်ယူကိုသာ ကိုင်ပေတော့ အစ်ကိုရေ ” လို့ အပိုင်ပြောချလိုက်ပါတော့တယ်။ “ ဘာဖြစ်လို့လဲကွ ” လို့ မအူမလည်နဲ့မေးမိတဲ့ မောင်ဟန်ကြည်ကို ညီတော်မောင်က “ ဖိနပ်ကပြောတာ ယုံစမ်းပါအစ်ကိုရာ။ ခုနက ဖိနပ်ကို သဲကြိုးဘက်က မန်ယူ၊ ခုံဘက်က အာကြီးလို့ပြောပြီး မြှောက်လိုက်တော့ သဲကြိုးဘက်က အပေါ်မှာကျတယ်ဆိုတော့ ဒီမှမှာ မန်ယူနိုင်မှာ သေချာပြီပေါ့ ” လို့ အပိုင်ပြောပါတယ်။ အ၀ိဥာဏ လူသားစစ်စစ်ကြီးက သ၀ိဥာဏ ဖိနပ်ပြောတဲ့စကားကိုယုံတဲ့ သူ့အဆိုကို စောဒက မတက်ရဲတော့ဘဲ ပူပူနွေးနွေးရထားတဲ့ မုန့်ဖိုးငွေ နှစ်သောင်းကို သူ့လက်ထဲထိုးအပ်ပြီး “ ကိုင်း---ဒါဖြင့်လည်း မန်ယူဘက်က အလံထူကြတာပေါ့ ငါ့ညီရာ ” ဆိုပြီး အပ်လိုက်ပါတော့တယ်။ အဲဒီညမှာ မန်ယူက အာဆင်နယ်ကို ဖွတ်ဖွတ်ညက်ညက်ကျေအောင် အမှုန့်ခြေပြီး ခြောက်ဂိုး- ဂိုးမရှိနဲ့ နိုင်သွားခဲ့တာမို့ ထူးထွေတည့်အံ့ရာသော် ဖြစ်ရပါတော့တယ်။ ဒီမောင်မင်းကြီးသားတစ်ယောက် ဒီနေ့အထိ သူ့ကျေးဇူးရှင် ဆင်ခြောက်ကောင်ဖိနပ်ကို ညဘက်မှာ ရှိခိုးဦးတင်ပြီး အိပ်တော်မူသလားဆိုတာကိုတော့ အဆက်အသွယ်ပြတ်နေတာ ကြာပြီဖြစ်တာကြောင့် သတင်းမရတော့ပါ။

ဘောလုံးဝါသနာအိုး မောင်ဟန်ကြည်တစ်ယောက် ၂၀၀၂ ကမ္ဘာ့ဖလားမှာ ကြားရတဲ့ သတင်းကတော့ ဘောမိတ်ဆွေများအတွက် ၀မ်းသာဝမ်းနည်းဖြစ်လောက်တဲ့ သတင်းဖြစ်ပါတော့တယ်။ လေးနှစ်တစ်ခါ ကျင်းပတဲ့ အဲဒီကမ္ဘာ့ဖလားပွဲကြီးရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ ဆရာကြီးဖြစ်တဲ့ ဘရာဇီးနဲ့ ပြိုင်ဘက်တွေကို မညှာမတာ ဖြည်လေ့ရှိတဲ့ ဂျာမနီတို့ ဆုံကြပါတယ်။ အဲဒီနှစ်က ဂျာမနီ ၈ - ဆော်ဒီအားရေးဗီးယား ၀ ပွဲမှာ ဂျာမန်တိုက်စစ်မှူး ကလိုဆေးက ခေါင်းတိုက်ဂိုး သုံးဂိုးသွင်းလိုက်ပြီး ဂိုးသွင်းဘုရင်ဆိုကို ချိန်လိုက်ရာမှာ အနှီသကောင့်သားကို ဂိုးသွင်းဘုရင် “ ရွှေဖိနပ် ” ဆုအစား “ ရွှေဦးထုပ်ဆု ” ပေးရင်ကောင်းလိမ့်မယ်လို့ မောင်ဟန်ကြည်တို့ ဘောပရိသတ်က တွေးခဲ့မိပါသေးတယ်။

http://asianwavemag.com/wp-content/uploads/2010/06/13357156_101n.jpg
ခေါင်းတိုက်ကောင်းတဲ့ ကလိုဆေး

ပွဲတိုင်းနိုင်နေတဲ့အပြင် တူရကီနဲ့ပွဲမှာ ခြေထောက်ကို ဘောလုံးမှန်တာကို သေမတတ်အမူအယာနဲ့ မျက်နှာကို လက်နဲ့အုပ်ပြီး အက်တင်ကောင်းကောင်းနဲ့ ထစ်ဘက်အသင်းသား အနီကဒ်ရအောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ ရီဗာလ်ဒိုနဲ့၊ စိတ်ပျက်စရာကောင်းလွန်းတဲ့ ရော်နယ်ဒိုရဲ့ ဦးစွန်းဖုတ်ဆံပင်ကေကို မြင်ပြင်းကပ်လှတဲ့ မောင်ဟန်ကြည်ကတော့ ထုံးစံကို ဗုံးမှန်လို့ အပျက်မခံဘဲ ရှုံးဖို့ ခုနစ်ဆယ့်ငါးရာနှုန်းသေချာပြီးသား ဂျာမနီဘက်က အပိုင်ထိုင်ထားပြီးသားပါ။ ထုံးစံအတိုင်း မုန့်ဖိုးမပြောင်မချင်း ဇာတ်လမ်းမဆုံးတဲ့ မောင်ဟန်ကြည်အတွက် အဲဒီညက ရလာဒ်က ဘရာဇီး ၂ ဂိုး - ဂျာမနီ ၀ ပါ။ ဒါပေမယ့် အိမ်ကမိန်းမ မသိအောင် အိမ်ကိုပေါင်ပြီး ဘရာဇီးဘက်ကနေ ပုံအောလိုက်တဲ့ ရွှေမန်းသား ပုဂ္ဂိုလ်ကြီးတစ်ယောက်ကတော့ ဖရဏာပီတိ ဂွမ်းဆီထိအောင် အရသာရှိသွားပါတော့တယ်။ ဒါပေမယ့် ဂွမ်းဆီထိရာကနေ ဆီယစ်သွားတဲ့ အနှီပုဂ္ဂိုလ်ခမျာမှာ နဂိုက နှလုံးရောဂါအခံကို ရော်နယ်ဒိုရဲ့ မိနစ်ရှစ်ဆယ် နောက်ဆုံးပွဲသိမ်းဂိုးက ပါရမီဖြည့်ပေးလိုက်တာကြောင့် အပျော်လွန် ၀မ်းသာလုံးဆို့ပြီး ဘောလုံးပွဲရုံထဲမှာတင် အသက်ပါသွားရှာပါတော့တယ်။ ကျန်ရစ်တဲ့ မိန်းမ ကောင်းစားဖို့ ဘောလုံးလောင်းကစားအတွက် အသက်ပါပေးရစ်တဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ သတင်းကိုသာ အင်္ဂလန်က William Hill လောင်းကစားဒိုင်ကြီးသာကြားရရင် ဂုဏ်ထူးဆောင်ဘွဲ့များပေးမလား မသိတော့ပါ။ အဲဒီအချိန်က သွေးထဲသားထဲမှာ လောင်းကစားပိုး ၀င်နေတဲ့ မောင်ဟန်ကြည်ကတော့ ကျန်ရစ်တဲ့ သူ့မိန်းမကို မနာလို ဖြစ်နေခဲ့တာပဲ အမှတ်ထင်ထင်ရှိနေခဲ့ပါရဲ့။

http://champions-league-betting.com/images/hair/ronaldo.jpg
ဒီမျက်နှာပေး ဒီဆံပင်ကေ

http://sportige.com/wp-content/uploads/2010/07/Ronaldo-Rivaldo-2002-World-Cup-Final.jpg
နောက်ဆုံးတော့လည်း သူပါပဲ
 
လူတွေဟာ လောဘ၊ ဒေါသ၊ မောဟတွေဖက်လာရင် ကိုယ့်သိက္ခာနဲ့ အရှက်တရားတွေ ဘေးဖယ်ထားကြလေ့ရှိတယ်ဆိုတာကိုလည်း ဘောလုံးပွဲကြည့်ရင်း မောင်ဟန်ကြည်တစ်ယောက် ကောင်းကောင်းကြီး သဘောပေါက်ခဲ့မိပါတယ်။ အဲဒီအချက်ကိုတော့ သာမန်အချိန်တွေမှာ အနေအထိုင် အင်မတန်အေးဆေးပြီး စကားကို ဟဟမပြောဘဲ သိမ်မွေ့လွန်းတဲ့ MIT က ဘောလုံးလောင်းကစားဝါသနာရှင် သူငယ်ချင်းတစ်ယောက်နဲ့ ဘောလုံးပွဲ အတူကြည့်မိရင်း သံဝေဂရခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီညက အိမ်မှာ လူကြီးတွေမရှိတာကြောင့် အဲဒီသူငယ်ချင်းကို အိမ်မှာအဖော်ခေါ်ထားပြီး ဘောလုံးပွဲ အတူကြည့်မိရာမှာ သူလောင်းထားတဲ့ အသင်းက ကစားသမားညံ့ရင်ရော၊ တစ်ဖက်အသင်းသားက သူ့အသင်းသားကို လူချရင်ပါ မိုးမွှန်နေအောင်ဆဲတဲ့ သူငယ်ချင်းရဲ့အသံကို အခုထက်ထိ ပြန်ကြားယောင်နေဆဲပါ။ နိုင်လည်း ပြုံးပြုံး၊ ရှုံးလည်းပြောင်ပြောင်နေတတ်တဲ့ မောင်ဟန်ကြည်နဲ့ ကွာချင်တိုင်းကွာနေတဲ့ သူငယ်ချင်းရဲ့ ပြောင်းလဲသွားတဲ့ စရိုက်ကိုမြင်တဲ့အခါမှာ လောင်းကစားသွေးဝင်လာရင် တစ်ချို့လူတွေဟာ လူစိတ်ပျောက်သွားတတ်တာကို မှတ်မှတ်သားသား ရှိမိပါတော့တယ်။ အဲဒီအချက်တွေကြောင့်လည်း ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုးထားချင်တဲ့ မောင်ဟန်ကြည်တစ်ယောက် ရင်ထဲမှာ ငွေ့ငွေ့ကလေး လောင်နေခဲ့တဲ့ လောင်းကစားမီး ငြိမ်းသွားခဲ့တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

အသက်အရွယ်ကလေးရလာတဲ့ အခုအချိန်မှာ ခပ်ငယ်ငယ်က လောင်းကစားကိစ္စကို ဦးဟန်ကြည် မကြာမကြာ ပြန်တွေးမိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူငယ်ဘ၀မှာ လူငယ်ပီသတဲ့ အမှားအယွင်းလေးတွေကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပြီး လူကြီးဖြစ်တဲ့အထိ အရိုးမစွဲအောင် ထိန်းသိမ်းနိုင်ခဲ့တာပဲ ကြံဖန်တွေးရင်း ဂုဏ်ယူနေမိတာလည်း အခါခါပါ။ ဒီအရွယ်ရောက်လာတဲ့ အခါမှာတော့ လောင်းကစားသမားဟူသမျှကို ဦးဟန်ကြည် အယုံအကြည်မရှိသလို လေးစားမှုလည်း မရိတော့ပါ။ လူငယ်ဘသာဝ စူးစမ်းချင်တဲ့ဝါသနာ အရင်းခံကြောင့် လောင်းကစားကို စမ်းသပ်တာ လက်ခံနိုင်သေးပေမယ့် နားလည်ရင့်ကျက်တဲ့ အသက်အရွယ်မှာ လောင်းကစားလုပ်နေကြတာတွေမြင်ရင် အင်မတန် စိတ်ကုန်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်က တစ်ဖက်သာရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားသူ ဖြစ်နေပြန်တာကြောင့် လောင်းကစားသမားတွေကို စော်ကားတဲ့စကားမျိုးတွေ ပြောလေ့မရှိသလို အထင်သေးတဲ့ အကြည့်မျိုးနဲ့လည်း ကြည့်လေ့မရှိပါ။ ကိုယ့်တရားကို စီရင်ကြရမှာ လောကရဲ့ နိယာမပဲ မဟုတ်ပါလား။

တကယ်တော့ လောကကြီးမှာ တစ်ရာရင်းပြီး နှစ်ရာအမြတ်ထွက်ဖို့ဆိုတာ မသေချာမရေရာတဲ့ ကိစ္စဖြစ်သလို ခပ်ရှင်းရှင်းပြောရရင် အဲဒီလို လိုချင်လောဘရှိခြင်းဟာ သူတစ်ပါးရဲ့ငွေကြေးကို အချောင်လိုချင်တာပဲ ဖြစ်ပါတယ်။ လောင်းကစားသမားဟာ တစ်ရာရင်းပြီး တစ်ထောင်မြတ်ချင်သူတွေပါ။ လူတိုင်းမှာ လောဘနဲ့ မကင်းကြပေမယ့် အဲဒီလို မတရားသဖြင့် ရလိုမှုကိုတော့ ၀ိသမလောလို့ပဲ ယူဆမိပါတော့တယ်။ သူ့ကိုယ်သူတော့ ကံကြမ္မာကောင်းလို့ နိုင်တယ်၊ ငွေရတယ်လို့ ထင်ကောင်းထင်မှာဖြစ်ပေမယ့် အဲဒီငွေတွေဟာ သူတပါးရဲ့ မျက်ရည်စက်တွေ၊ မိသားစုတွေရဲ့ ဘ၀တွေ၊ အနာဂတ်တွေပါနေတာကြောင့် ငွေပူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် လောင်းကစားကရတဲ့ငွေဟာ မမြဲသလို၊ လောင်းကစားကြောင့် ကြီးပွားတဲ့သူတွေရဲ့ဘ၀ဟာလည်း မငြိမ်းချမ်းကြတာ တွေ့နိုင်ပါတယ်။ အဆိုးတကာ့အဆိုးဆုံးကတော့ သံသရာအထိ ဒုက္ခရောက်ခြင်းပါ။ ဘာကြောင့်လဲဆိုရင် လောင်းကစားကရတဲ့ငွေနဲ့ အလှူဒါနလုပ်ဖို့ မသင့်တော့လို့ပဲ ဖြစ်ပါတော့တယ်။

ဗုဒ္ဓဘာသာဝင်တိုင်းဟာ သံသရာရဲ့ အထောက်အပံ့အဖြစ် အလှူအတန်းတွေ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် အလှူတစ်ခုဖြစ်မြောက်အောင်မြင်ဖို့ -
( ၁ ) အလှူပစ္စည်း
( ၂ ) အလှူခံပုဂ္ဂိုလ်
( ၃ ) အလှူပေးသူရဲ့ စိတ်စေတနာ
သုံးမျိုးလုံး သန့်စင်မွန်မြတ်ဖို့ အရေးကြီးလှပါရဲ့။ ဒီလိုအခြေခံအချက်သုံးချက်နဲ့ ပြည့်စုံညီညွတ်တဲ့ အလှူဒါနမျိုးကသာ တရားတော်နဲ့ ညီညွတ်ပြီး သံသရာအတွက် အထောက်အပံ့ကောင်းဖြစ်မယ့် ဒါနမျိုးပဲ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ လောင်းကစားကရတဲ့ ငွေကြေးနဲ့ လှူမိရင် အလှူပစ္စည်းမသန့်စင်တာကြောင့် အလှူခံပုဂ္ဂိုလ်ပါ အာပတ်သင့်ဖို့ သေချာနေပါတော့တယ်။ ကိုယ့်ရဲ့ လောင်းကစားဗီဇကြောင့် ကိုယ်ကြည်ညိုမြတ်နိုးတဲ့ ဆရာတော်၊ သံဃာတော်တွေပါ အပြစ်သင့်ရတာ သံဝေဂရစရာ ကောင်းလှပါတယ်။

ဒါကြောင့် ဦးဟန်ကြည်တစ်ယောက် တက္ကသိုလ်ကျောင်းသားဘ၀ကလွန်မြောက်လို့ လက်တွေ့လောကထဲကို ရောက်လာပြီး အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားနားလည်နိုင်တဲ့ အချိန်ကစလို့ ဘာလောင်းကစားကိုမှ စိတ်မကူးတော့ပါ။ လောင်းကစားကရမယ့်ငွေကိုလည်း အင်မတန်ရွံပြီး ကြောက်ပါတယ်။ သမ္မာအာဇီဝကျကျနဲ့ တပင်တပန်းရှာထားရတဲ့ ကိုယ့်ရဲ့ချွေးနည်းစာထဲမှာ လောင်းကစားငွေ တစ်ကျပ်တစ်ပြားပါသွားရုံနဲ့ အလှူပစ္စည်းရဲ့တန်ဖိုးကျသွားမှာကို စိုးရိမ်မိတာကြောင့်ဖြစ်ပါတယ်။ ဥပမာပေးရရင် အဆီအနှစ် အရသာအပြည့်နဲ့ အကောင်းဆုံးချက်ထားတဲ့ အသားဟင်း တစ်ပိဿာအိုးထဲမှာ မစင် ( ချီး ) တစ်မတ်သားလောက်ကျသွားရုံနဲ့ စားလို့မရတော့တာမျိုး ဖြစ်သွားရင် ရင်နာစရာ အတော်ကောင်းမယ် မဟုတ်ပါလား။ ဒါကြောင့် ဦးဟန်ကြည်ကတော့ အသားဟင်းတစ်ပိဿာနဲ့တူတဲ့ သူ့ရဲ့ သမ္မာအာဇီ၀၀င်ငွေ ချွေးနည်းစာထဲမှာ မစင်တစ်မတ်သားနဲ့တူတဲ့ လောင်းကစားဝင်ငွေ တစ်ကျပ်တစ်ပြားမကျရလေအောင် ထိန်းသိမ်းရင်း ရသမျှနဲ့ ရောင့်ရဲတင်းတိမ်လို့ ဘ၀ကို ပျော်ရွှင်ကျေနပ်စွာ ဖြတ်သန်းလျှက်ရှိနေပါကြောင်း။                    ။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger