Thursday, 12 January 2012

အကြမ်းပညာရှင်ရဲ့ တစ်နေ့တာ . . .( တက်ဂ်ပို့စ် )

၂၀၁၂ ရဲ့ ပထမဆုံး တဂ်စာဆိုပြီး
ဂျယ်ရီပစ်ပစ်မေးထားတဲ့ မေးခွန်းတွေကို သူများရဲ့ နောက်ဆုံးမှပဲ ဦးဟန်ကြည်ဖြေဖြစ်ပါတော့တယ်။ သူများပို့စ်တွေဖတ်ပြီး အတွေးလွန်နေရာက ကိုယ့်ပို့စ်ကျမှ အရေးကျွံသွားမှာလည်း စိုးရိမ်ပါသေးရဲ့။ ဘလော့ဂါအသိုင်းအ၀ိုင်းမှာ ပစ်ပစ်ကို CIA ပစ်ပစ်လို့ ခေါ်ကြပေသကိုး။ ဦးဟန်ကြည်က ရွှေပြည်ကြီးမှာ နေမင့်ဟာ။ အနှီ CIA ပုဂ္ဂိုလ်တွေကို ဘယ်ကြောက်လိမ့်တုန်း။ ဒါပေမယ့် သူ့တိုတိုနဲ့ ဖုန်းဆက်ရင်းနဲ့ ဂျယ်လီတွေကို သူ့ဗိုက်ထဲထိုးထိုးသွတ်တတ်တဲ့ ဂျယ်ရီပစ်ပစ်ဟာ “ စသုံးလုံး ” ဖြစ်နေမှာကိုတော့ ဦးဟန်ကြည်တစ်ယောက် ကြက်သီးရော ဘဲသီးပါမကျန်ထပြီး ကျောရောရင်ပတ်ပါစိမ့်အောင် လန့်ပါသတဲ့။

ဟုတ်သလေ…
“ စသုံးလုံး ” ဆိုတာက “ စပ်စုစိန် ” ကိုခေါ်တယ် မဟုတ်ပါလား။
“ စသုံးလုံး ” တင်အားမရသေးဘဲ “ စငါးလုံး ” ဖြစ်ခဲ့ရင်တော့ သတိသာထားပေရော့ ဘလော့ဂါအပေါင်း သူတော်ကောင်းတို့ရေ။
“ စငါးလုံး ” ဆိုတာတော့ “ စပ်စုစွာစိစိန် ” ပါတဲ့။

ကိုင်း “ သုံးလုံး ” လား “ ငါးလုံးလား ” မသဲကွဲတဲ့ ဒေါ်ဂျယ်ရီပစ်ပစ်ရေ မေးသမျှဖြေမည် ဦးဟန်ကြည်တစ်ယောက် မေးကြည့်ဖြေကြည့် ပဟေဠိကို အောက်မှာပဲ အဖြေညှိလိုက်ပါပြီတဲ့ဗျား…



အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ…

၆ နာရီထိုးရင် စာသင်ချိန်စမှာမို့ ၅ နာရီခွဲလောက်မှာ တဂွမ်ဂွမ်ထမြည်တဲ့ ဖုန်းနှိုးစက်ကို ၅ မိနစ် snooze လေးခါလောက်လုပ်ပါတယ်။ ပြီးရင် မျက်စိကို ခြွေတာရေးအဖြစ် မြင်နိုင်ရုံလောက်ပဲဖွင့်ပြီး ရေခဲသေတ္တာထဲက ရေအေးအေးကြီးကို တဂွပ်ဂွပ်သောက်ပါတယ်။ ပြီးရင် အိမ်ထက်သာရမယ့်နေရာကို သွားပြီး အိပ်မက်လိုလို ဘာလိုလို ၀ိုးတို့ဝါးတားမှေးရင်း ပါတော်မူပါတယ်။ ပါတော်မူရင်း ငိုက်ရတဲ့ စည်းစိမ်ကလည်း ဦးဟန်ကြည်အတွက် မနက်ခင်းရဲ့ ကျက်သရေတစ်ခု ဖြစ်ပါကြောင်း ဒေါ်ပစ်ပစ်ရေ။


မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ…

အစားက လူနဲ့တည့်တယ်မဟုတ်လား ဒေါ်ပစ်ပစ်ရယ်။ မေးမှမေးရက်ပလေ။ မနက်စာပဲဖြစ်ဖြစ် နေ့လည်စာပဲဖြစ်ဖြစ် ညစာပဲဖြစ်ဖြစ် စားလို့ကောင်းတာဟူသမျှကို စားရတာ ကြိုက်ပါသတဲ့။ အသားထဲမှာ “ လူသား၊ သစ်သား ”၊ အရွက်ထဲမှာ “ စာရွက် ”၊ အသီးထဲမှာ “ ပဒိုင်းသီး၊ မီးသီး၊ ဂေါက်သီး ” စတာတွေကိုတော့ ဦးဟန်ကြည် ဝေရာမဏိလုပ်ပါရဲ့။ ဖြစ်များဖြစ်နိုင်ခဲ့မယ်ဆိုရင်တော့ ဟိုးအရင် ကလေးဘ၀ကလို ထမင်းပူပူလေးကို ဆီဆမ်းပြီး မတ်ပဲဘယာကြော်ကလေးကို တစ်ဖဲ့ဖဲ့၊ ကြက်သွန်ဖြူကလေးတစ်ကိုက်ကိုက်၊ နံနံပင်ကလေးကို ထမင်းထဲမှာမြှုပ်ပြီး စားချင်ပေသပေါ့။ ဒါမှမဟုတ်ရင်လည်း ထမင်းရည်ပူပူလေးထဲမှာ ကြက်သွန်ခြောက်ကြော်ကလေးထည့်၊ ကြက်သွန်ဖြူဆီချက်ကလေး ပါလေရုံ တစ်ချက်ဝေ့၊ မတ်ပဲဘယာကြော်ကလေးတွေ ချေပြီးထည့်၊ နံနံပင်ကလေးတွေထည့် ဆားကလေးအနေတော်ခပ်ပြီး သောက်ချင်တာပါပဲ။

လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ...

မနက်လင်းပြီဆိုကတည်းက အာပြဲပြီး တံတွေးတစ်ပိဿာလောက်ကုန်အောင် ဟစ်ဟစ်အော်ရင်း စာသင်နေရတဲ့ ဦးဟန်ကြည်ရဲ့ မနက်စာကိုတော့ ကျောင်းသားမိဘများက အလျဉ်းသင့်ရာကို စီစဉ်ပေးကြတာမို့ လောလောဆယ်မှာတော့ ဘရိတ်ဖတ်အဖြစ် ပို့ဆွမ်း၊ သဒ္ဓါဆွမ်းပဲ မနက်ခင်းတိုင်း ဘုဉ်းပေးနေရပါကြောင်း။

နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ…

ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Hilton Hotel ပေါ်မှာ ကာဗီးယားငါးဥလေးတစ်ကိုက်ကိုက်လိုက် Hennessy လေးတစ်ငုံငုံလိုက်နဲ့ စိတ်အေးလက်အေးလေး ဒင်နာတီးချင်ပေသပေါ့။ အဲသလို ဒင်နာတီးဖို့အရေးက အပြင်မှာမနီးပေလို့ ရင်နာပြီးဖြေရရင်တော့ ဖင်မှာချီးပေ (ဟုတ်ပေါင်…ကာရန်နောက်လိုက်ရင်း ဘေးချော်ကုန်ပြီ..) အကြင်နာအသီးတွေနဲ့ အစဉ်သာအငြီးပြေစေတဲ့ ဇနီးမေကိုလက်ဝဲမှာထားပြီး ပွဲတော်တည်ရတာကို ကြိုက်နှစ်သက်ပါကြောင်း။


အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ......

အိမ်ကနေ လှမ်းပို့ပေးလို့ နောက်နှစ်ရက်ဆိုရင် ရောက်လာမယ့် ပါဆယ်ထဲက ပဲငါးပိပြားကြော်ကလေးရယ်၊ အညာဝက်အူချောင်း အဆစ်ကလေးတွေရယ်ကို အခုစာရေးနေရင်းတောင် မျက်စိထဲမှာ မြင်ယောင်နေပါသတဲ့။ ရွှေရောင်ဝင်းအိနေတဲ့ ဦးဟန်ကြည်တို့ဒေသထွက် နံမည်ကျော်ပဲငါးပိကို မစားရတာကလည်း ၁၀ နှစ်နီးပါးရှိသွားပြီ မဟုတ်ပါလား။ ကြုံတုန်းမှာ ကြော်ငြာဝင်ရရင်ဖြင့် ကျန်တဲ့ဒေသက ပဲငါးပိတွေက အစေ့ကြီးကြီး၊ အရောင်ညစ်ညစ်နဲ့ ငံလွန်းပေမယ့် ဦးဟန်ကြည်တို့ရဲ့ ပဲငါးပိက ရွှေဝါရောင်ပြေပြေနဲ့ မငန်လွန်းဘဲ အင်မတန်အရသာရှိပါတယ်။ သူ့ချည်းပဲ ချက်စားရင်တောင် အရောင်အဆင်းက မက်စရာကောင်းလောက်အောင် စိုပြည်လွန်းပါရဲ့။ အနှီပဲငါးပိကို ၀က်သားလေးနဲ့သာ ရောပြီးချက်လိုက်ရင်ဖြင့် ၀က်သားအဆီနဲ့ ပဲငါးပိအငံ သမူဟဖြစ်သွားတာမို့ အနှီဟင်းကို ထမင်းလေးနဲ့သာ နယ်ဖတ်ပြီး အုပ်လိုက်ရရင် ( အင်း…တွေးရင်းနဲ့တောင် သွားရည်ကျလာပြီ ) အနီးအနားက ဇနီးမယားကိုတောင် ယာယီမေ့လောက်ပါရဲ့။

ပဲငါးပိကို အစိုအတိုင်းမစားဘဲ ကြက်သွန်နီဓားပြားရိုက်ကလေး ပါလေရုံရော၊ လက်နှစ်သစ်ပတ်လည် အပြားဝိုင်းကလေးတွေလုပ်၊ တစ်နေနှစ်နေလောက်ပြပြီး အခြောက်လှမ်းသိမ်းထား။ စားချင်တဲ့ အချိန်ကျရင် မီးကင်ပြီးဖြစ်ဖြစ်၊ ကြော်ပြီးတော့ပဲဖြစ်ဖြစ် ထမင်းဆီဆမ်းကလေးနဲ့ လွေးလိုက်ရရင် ( သွားရည် ထပ်ကျလာပြန်ပြီ ) အင်မတန်မှ နိပ်ပါသတဲ့။ သူ့ချည်းပဲ ကြော်မစားချင်ရင်လည်း ပဲငါးပိပြားခြောက်တွေကို ချိုးချေ၊ ကြက်သွန်နီ ငရုတ်သီးနဲ့ ရောကြော်ပြီး ပုလင်းထဲထည့်ပိတ်ထား ဗိုက်ဆာတိုင်းလည်း နှိုက်စားလို့ရပါသေးသတဲ့။

ဝက်အူချောင်းရဲ့ ကောင်းခြင်းတွေကိုတော့ ကိုယ့်သွားရည်ကို နှမြောတာက တစ်ကြောင်း ၀က်အူချောင်းမြင်တာနဲ့တင် လေပျို့တတ်တဲ့ မိတ်ဆွေများကို အားနာတာတစ်ကြောင်းကြောင့်
 ( ၀က်အူချောင်းကို ယမကာနဲ့ မြည်းတဲ့ပစ္စည်းလို့ မြင်တဲ့လူက မြင်ကြပေသကိုး ) ပလီပလာဖွဲ့နွဲ့လို့  ဋီကာမချဲ့တော့ပါကြောင်း။


အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ.....

သူများတကာတွေ တကော်ထဲကော် တဖီထဲဖီနေပေမယ့် ရေငန်သောက်၊ မြက်ခြောက်စားတဲ့ အညာသားဦးဟန်ကြည်ခမျာ ကော်ဖီသောက်ရင် ရင်တုန်လွန်းတာကြောင့် ဝေရာမဏိလုပ်ထားရတာ နှစ်နှစ်ရှိပါပြီ။ ကလေးပီပီ အားရှိမယ့် အိုဗာတင်းကိုပဲ တစ်နေ့တစ်ခွက် ဖျော်သောက်ပါကြောင်း။


ညနေစာကိုဘယ်မှာစားတတ်ပါလဲ.....

အများအားဖြင့်တော့ အိမ်မှာပဲ စားရပေသပေါ့။ စိတ်လိုလက်ရရှိတဲ့ အခါမျိုးမှာတော့ အပြင်ထွက်ပြီး စားဖြစ်ပါရဲ့။ တစ်ခါတစ်လေကျပြန်ရင်လည်း ဆိုင်ကနေ ဟင်းဝယ်လာပြီး အိမ်မှာပဲ စားဖြစ်ပါတယ်။


ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ......

စာအုပ်ဖတ်ရင်း ထမင်းစားကျင့်ရှိတာမို့ စာအုပ်ထဲက အကြောင်းအရာကိုပဲ စဉ်းစားဖြစ်တာ များပါတယ်။ တစ်ခါတစ်လေကျရင် ရုပ်ရှင်ကြည့်ရင်း စားဖြစ်တာမို့ ရုပ်ရှင်ဇာတ်ကားထဲမှာ စိတ်ရောက်သွားပြီး စားနေတဲ့ ထမင်းအရသာတောင် မသိလိုက်တဲ့ အကြိမ်ပေါင်းက ခပ်များများပါ။


အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်.....

တစ်နေ့စာသင်လိုက်တဲ့ သင်ခန်းစာတွေကို ပြန်စဉ်းစားရင်း၊ ချစ်ဖွယ်မက်ဖွယ်ကောင်းလှပေထသော တပည့်ဖွတ်ကြားလေးတွေကို လူဖြစ်အောင် ဘယ်နည်းဗျူဟာ၊ ဘယ်မဟာဗျူဟာတွေနဲ့ သင်ရမယ်ဆိုတာတွေကို စိတ်ကူးရင်း စိတ်က အလုပ်ထဲမှာပဲ ကျန်နေရစ်တတ်တာမို့ အလုပ်ဆင်းချိန်နဲ့ အလုပ်ချိန်ဟာ လေကုန်သက်သာတာတစ်ခုကလွဲလို့ စိတ်ခံစားချက်ချင်းက ထူးမခြားနားပဲ ရှိတတ်ပါတယ်။


အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ......

ဦးဟန်ကြည်ရဲ့ အိမ်ပြန်ချိန်က တစ်ရက်မှာ နှစ်ခါရှိပါတယ်။ နေ့လည် ၁၂ နာရီထိုးလို့ အိမ်ပြန်လာရင် ပက်လက်ကုလားထိုင်ပေါ် ပစ်ထိုင်ချပြီး မျက်စိတွေအသာမှိတ်လို့ ပူလောင်နေတဲ့ စိတ်တွေကို ခဏလောက် ငြိမ်းချမ်းရေးရအောင် ကြိုးစားပါတယ်။ ည ၇ နာရီထိုးလို့ အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ အိမ်ရှင်မနဲ့အတူ အပြင်ပြန်ထွက်ပြီး လေကောင်းလေသန့်ရှူကြဖို့ စိုင်းပြင်းရပါသတဲ့။


ဒုတိယလုပ်မိတာလေး....

နားပြီးရင်တော့ မလုပ်ချင်ဘဲ လုပ်နေရတဲ့ ထမင်းစားခြင်း အလုပ်ကို လုပ်ရပါလေရော။


ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား....

ကော်ဖီ…သားသားကြောက်ကြောက်…



ညအိပ်ယာထဲဝင်ဝင်ချင်းအချိန်မှာ ဘာအရင်ဆုံးလုပ်ပါသလဲ.....

မျက်စိမှိတ်လိုက်ပါရော။


အိပ်မပျော်တဲ့ညတွေမှာ  ဘာလုပ်သလဲ......

စာကြည့်မီးဖွင့်ပြီး အိပ်ရာဘေးမှာ ပုံနေတဲ့ စာအုပ်ပုံထဲက လက်သင့်တဲ့တစ်အုပ်ကို ဆွဲယူပြီးဖတ်ပါတယ်။ တစ်ခါတစ်ခါမှာ အဲဒီလိုဖတ်ရင်းနဲ့ပဲ မိုးလင်းသွားတတ်ပါသေးရဲ့။


တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး     စိတ်အားငယ်တဲ့အခါမျိုးတွေမှာ  ဘာလုပ်တတ်သလဲ.......

ဆေးကုတဲ့အချိန်တုန်းက လူ့အသက်တွေကို တာဝန်ယူခဲ့ရပြီး၊ စာသင်တဲ့အချိန်မှာ လူ့ဘ၀တွေကို တာဝန်ယူထားရတာမို့ နေ့စဉ်နဲ့အမျှ ဖိစီးမှုတွေ ခံစားရပါရဲ့။ ကြာလာတော့လည်း ထုလေမာလေ ငါးဖယ်တေ ဖြစ်ပြီး ဖိအားတွေအောက်မှာ နေသားကျသွားတာမို့ ဖိအားမရှိရင် ပေါ့ရွှတ်ရွှတ် ဟာတာတာနဲ့ နေလို့ထိုင်လို့ မကောင်းချင်ပါ။ စိတ်ဓာတ်ဘုန်းဘုန်းကျတာမျိုး ဖြစ်ခဲပေမယ့် အထိုက်အလျှောက် စိတ်ဓာတ်ကျတဲ့ အခါမျိုးမှာတော့ ဟာသစာအုပ်တွေဖတ်၊ ဟာသကားတွေကြည့်ပြီး အာရုံပြောင်းပါတယ်။ စနေ၊ တနင်္ဂနွေလို နေ့မျိုးမှာ စိတ်ဓာတ်ကျရင်တော့ ဘောလုံးပွဲရှေ့မှာထိုင်ပြီး တီဗီထဲကနေ ကိုယ့်ကိုဘာမှပြန်မလုပ်နိုင်တဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေကို ကြိမ်းလိုက်မောင်းလိုက် လုပ်ပါတယ်။


အပြင်သွားတဲ့အခါ  အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း........

မျက်မှန်။
လှချင်လို့ တပ်တာတော့ မဟုတ်ရပါ။ ပူလွန်းလောင်လွန်းတဲ့ နေရောင်ခြည်ကြောင့် မျက်လုံးထိခိုက်မှာစိုးတာကြောင့် ဒါလေးနဲ့လုပ်စားရမယ့် အဖိုးတန်ဘတ်သီးလေးနှစ်လုံးကို ကောင်းကောင်းမွန်မွန် ကာဗာပေးရခြင်း ဖြစ်ပါသတဲ့။


မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသူ......

ဦးဟန်ကြည်တို့ မိသားစုမှာ ပြေးကြည့်မှ လင်ကိုယ်မယား နှစ်ယောက်တည်း ရှိတာရယ်။ သူ့မှမချစ်ရင် ဘယ်သူ့သွားချစ်လို့ ရပါလိမ့်တုန်းဗျာ။


သူစိမ်းတွေအထဲမှာ   မိမိအယုံကြည်ရဆုံးသူ......

ကိုယ်ကကြူး၊ ကိုယ့်ဒူးတောင်မယုံရတဲ့ ဟောဒီဒွန္တယာကြီးမှာ သူများကို အကြွင်းမဲ့ ယုံဖို့ဆိုတာတော့ မိုက်မဲလွန်းတယ်လို့ ယူဆပါရဲ့။


အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ.......

ခင်ရုံတင်ဘယ်ကမလဲ၊ ချစ်ရပေသပေါ့။ တစ်ယောက်တောင်မကဘူး၊ တစ်ပုံကြီးရှိပါရဲ့။ အနှီကျောင်းသားတွေကို ချစ်လွန်းလို့ အနှီအလုပ်ကြီးကို ဦးဟန်ကြည် အနှီလောက်တောင် ခင်တွယ်နေတာရယ်။  


ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု....

တော်လှန်ရေးကာလ၊ ဘ၀အစတုန်းက ၀ယ်ထားတဲ့ စက်ဘီးအိုကလေးတစ်စီးပါ။ အဲဒီစက်ဘီးကလေးကို အိပ်ရာဘေးမှာ ထောင်ထားပြီး ဘ၀င်မြင့်၊ ဘ၀မေ့မယ်ကြံတိုင်း၊ စိတ်ကြီးဝင်မယ်ကြံတိုင်းမှာ စက်ဘီးကလေးကို ကိုင်ကြည့်ပြီး ကိုယ့်ကိုယ်ကို ပြန်ပြန်ဆုံးမဖြစ်ပါတယ်။


လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု.....

ကော်တရာ ကပ်စေးနှဲ ၊ အင်မတန်မှ လက်ပေါက်ကပ်လွန်းတဲ့ အဘိုးဖြစ်သူ ပေးခဲ့တဲ့ ဖလံထည် flannel အနွေးအင်္ကျံကလေးပါ။ ဦးဟန်ကြည် ဆယ်တန်းကျောင်းသားဘ၀က ပေးခဲ့တာမို့ အခုဆိုရင် နှစ်ပေါင်းများစွာ ကြာနေပါပြီ။ အဘိုးရဲ့ဘ၀သက်တန်းတစ်လျှောက်လုံးမှာ သားဖြစ်တဲ့ ဦးဟန်ကြည်ရဲ့ဖေဖေကို ဘာတစ်ခုမှ ၀ယ်မပေးခဲ့ဖူးတဲ့အကြောင်း သိကြရင် အနှီဈေးပေါပေါ၊ ခပ်ချာချာ အနွေးထည်ကလေးကို ဦးဟန်ကြည်တစ်ယောက် ဘာကြောင့်များ အင်မတန်တန်ဖိုးထားရတယ်ဆိုတာ သိနိုင်ကောင်းပါရဲ့။


ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို   နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ......

ဦးဟန်ကြည်ရဲ့ မေမေနဲ့ ဖေဖေပါ။ ဦးဟန်ကြည်အပေါ်မှာ ယုံကြည်စိတ်ချမှုလည်း အပြည့်ရှိသူတွေ ဖြစ်ပါရဲ့။


အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ......

အခုလေးတင်ပဲ ခရီးထွက်သွားတဲ့ အိမ်ရှင်မ လမ်းခရီးမှာ အစစအရာရာ အဆင်ပြေချောမွေ့စေချင်တာပါပဲ။
ဒါတင်မကသေးဘဲ လွန်ခဲ့တဲ့ ၃ ရက်နေ့က စာတိုက်ကနေ ပို့ထားတဲ့ မိဘတွေအတွက် ကန်တော့ပစ္စည်း၊ လက်ဆောင်ပစ္စည်းတွေကိုလည်း မိဘတွေလက်ထဲကို ဘေးမသီရန်မခ ရောက်စေချင်ပါသေးရဲ့။


မြ၀တီရုပ်သံမှာ တစ်ပတ်တစ်ခါ ပြနေတဲ့ အနုပညာရှင်၏ တစ်နေ့တာကို အားကျတာကြောင့် ဒီတဂ်ပို့စ်ကို “ အကြမ်းပညာရှင်ရဲ့ တစ်နေ့တာ ” လို့ ခေါင်းစဉ်ပေးလိုက်ပါတယ်။ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်ကတည်းက ကျောင်းသားတွေနဲ့ နပမ်းလုံးနေရတာမို့ ချော့လိုက်၊ ခြောက်လိုက်၊ ငေါက်လိုက်၊ ငမ်းလိုက်၊ ဆူလိုက်၊ ရိုက်လိုက် လုပ်နေရပါတဲ့ ကိုယ့်ကိုယ်ကို အကြမ်းပညာရှင်လို့ ဦးဟန်ကြည်က ယူဆထားပါသတတ်။ အနှီတော့လည်း ဦးဟန်ကြည်ရဲ့ တစ်နေ့တာဟာ အကြမ်းပညာရှင်ရဲ့ တစ်နေ့တာ ဖြစ်ခြင်းမလှ ဖြစ်ပါလေရော စာချစ်သူ။     ။

Wednesday, 4 January 2012

အိုဘယ့်ဘယ် . . . အိုဘယ့် ဆက်စာကြေး . . .

ဦးဟန်ကြည်တို့ ရွှေပြည်ကြီး 
အင်မတိ အင်မတန်မှ တိုးတက်နေလိုက်တာ အံ့ချီးပင့်သက်ရှိုက်လောက်ပါရဲ့။
 ဒီမိုကရေစီစံနစ်ကို ထူထောင်ပဟေ့ဆိုကတည်းက ဗြုန်းခနဲ ဒိုင်းခနဲနေအောင် ပက်ပက်စက်စက်နဲ့ ၀က်ဝက်ကွဲအောင် တိုးတက်သွားလိုက်တာ ပြောမကုန် ကြုံဖူးမှ သိကြပါလိမ့်မယ်။ သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာ ဖတ်ရတဲ့ တိုးတက်မှုတွေကလည်း ဟောတစ်မျိုး၊ ဟောတစ်မျိုးနဲ့ မရိုးနိုင်အောင် ဖြစ်ရပါတယ်။

ပထမဦးဆုံး သတိထားမိတာကတော့ ရန်ကုန်က မြို့ပတ်ရထားရဲ့ တိုးတက်မှုပါ။ ရန်ကုန်သားမဟုတ်တဲ့ ဦးဟန်ကြည်က မြို့ပတ်ရထား မစီးဖူးပေမယ့် အရင့်အရင် ခေတ်တွေတုန်းက ရထားစီးခက ကျပ်ငွေဆယ်ဂဏန်းဝန်းကျင်ပဲ ရှိမှန်းတော့ ကြားဖူးနားဝရှိပါတယ်။ လွှတ်ဟေ့ဆိုကတည်းက ၀ှီးခနဲမြည်အောင် ထိုးတက်သွားတဲ့ ရထားခက အခုဆိုရင် ကျပ်ငွေ၂၀၀ ကျော်သွားပါရောလား။ ဒါပေမယ့် “ မမ ” လို့ အတိုကောက်ခေါ်ကြတဲ့ မြန်မာ့မီးရထားက တာဝန်ရှိဆရာသမားများက ရှင်းပြတော့လည်း ယုတ္တိယုတ္တာရှိတာမို့ ဦးဟန်ကြည်တစ်ယောက် သဘောတွေ့ မနောခွေ့နေမိပါသေးတယ်။ သူ့အပြောက အရင်ခေတ်တွေတုန်းက အစိုးရက အရှုံးခံပြီး ရထားဆွဲပေးနေရပါသတဲ့။ ဒါကြောင့်လည်း ရထားတွေကို ဘာမှတိုးတက်အောင် လုပ်မပေးနိုင်ခဲ့တာမို့ ပြင်၊ထိန်း စရိတ်တွေရလာအောင် အခုလိုမျိုး လက်မှတ်ခ ဈေးတင်လိုက်ပါသတဲ့။ ဒါလည်း မှန်ပေသကိုး။ ဒီလောက်နှစ်ပေါင်းများစွာကြာအောင် အရှုံးခံပြီး လုပ်ကိုင်ပေးနေခဲ့မင့်ဟာ ကျေနပ်သင့်ပြီပေါ့။ သူရို့ပြောသလို ကောင်းကောင်းတောင်းပြီး ကောင်းကောင်းဝန်ဆောင်မှုပေးမယ်ဆိုရင်တော့လည်း မဆိုးပါဘူးလို့ တွေးမိပါရဲ့။ ကောင်းကောင်းတောင်းတာကတော့ သတင်းတွေထဲမှာ အကျယ်တ၀င့်ပါပြီး ကောင်းကောင်းလုပ်ပေးမပေးကတော့ ဦးဟန်ကြည်မစုံစမ်းဖြစ်သေးပါ။

လွန်ခဲ့တဲ့ လပိုင်းကပဲ တက္ကသိုလ်ကျောင်းသားတွေရဲ့ ကျောင်းလခတွေ ဈေးတက်သွားပြီဆိုတဲ့သတင်း ကြားရပြန်ပါရော။ ဒါပေမယ့်လည်း ကောင်းကောင်းလုပ်ပေးဖို့ ကောင်းကောင်းတောင်းထာပဲဆိုတဲ့ အတွေးနဲ့ ကျေနပ်နေသေးတာပါပဲ။ ဟုတ်ပါရဲ့။ ဦးဟန်ကြည်တို့ ကျောင်းသားဘ၀တစ်လျှောက်လုံးမှာ တစ်လကိုမှ ကျောင်းလခ ၈၀၀ ကျပ်ပဲသွင်းရတာကြောင့် ပညာရေးဌာနခမျာ ၀င်ငွေနည်းရှာလွန်းလို့ အဲဒီခေတ်က မြန်မာတစ်ပြည်လုံး Top 10 ၀င်တဲ့ ဆေးကျောင်းသားတွေကို တစ်လတစ်လမှာမှ ထောက်ပံ့ကြေး မြန်မာကျပ်ငွေ ၃၀၀ ကျပ်တိတိပဲ ချီးမြှင့်ပေးနိုင်တာကလား။ ခမျာများမှာ အဲဒီလောက်ပမာဏကိုတောင် မချိမဆံ့ မနိုင်ရင်ကာ ထောက်ပံ့ကြရှာတာထင်ရဲ့။ ဒါကြောင့်လည်း ဦးဟန်ကြည်တို့ခမျာ နေရေးထိုင်ရေးကအစ၊ စာအုပ်စာတမ်းအလယ်၊ ဆေးပစ္စည်းအသုံးအဆောင်အဆုံး အစစအရာရာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ချီတက်ခဲ့ရပါရဲ့။ အခုလို ၀င်ငွေပိုလာတော့လည်း ဒီဘက်ခေတ်ကလေးတွေ အဆင့်မီမီ ပညာသင်ကြရမှာပေါ့လို့ တွေးမိပါရဲ့။

http://photo-dictionary.com/photofiles/list/436/808envelope.jpg

သတင်းတွေ တောင်ရောက်မြောက်ရောက်ဖတ်ရင်း ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေမိတဲ့ ဦးဟန်ကြည်တစ်ယောက် မနေ့ကမှပဲ နောက်ထပ်တိုးတက်မှုတစ်ခုကို နဖူးတွေ့ဒူးတွေ့တင်မကဘဲ ပိုက်ဆံအိတ်တွေ့ပါ ကြုံရပါတော့တယ်။

ဖြစ်ကြောင်းကို နတ်သံနှောရရင်ဖြင့် လွန်ခဲ့တဲ့ နှစ်ကူးအချိန်က မဲ့ဆောက်က “ ပီမိုင် ” လို့ခေါ်တဲ့ ဈေးပွဲတော်ကို ဦးဟန်ကြည်တို့ ဇနီးမောင်နှံ အ၀ယ်တော်ထွက်ဖြစ်ကြပါသတဲ့။ မွေးကတည်းက ဒီအရွယ်အထိ ကျေးဇူးပြန်မပြုရသေးတဲ့ မိဘတွေကို နှစ်ကူးလက်ဆောင် ပေးချင်ဇောနဲ့ အထူးလျှော့ဈေးရော၊ အထူးရိုက်ဈေးပါမကျန် မည်းမည်းမြင်ရာ စွတ်ရွတ်ပြီး အသုံးလိုတာရော၊ မလိုတာပါ နွားငတ်ရေကျ ၀ယ်ဖြစ်ခဲ့ပါတယ်။ ဦးဟန်ကြည်အတွက် သိုးမွေး waist coat ကလေးတစ်ထည်နဲ့ အိမ်ရှင်မအတွက် အင်္ကျံကလေးတစ်ထည်ပဲ ၀ယ်ဖြစ်ပြီး မိဘနှစ်ပါးနဲ့ ချစ်စွာသော ညီမအတွက်ပဲ ရည်စူးပြီးဝယ်တာတောင်မှ ဘတ် ၁၀၀၀၀ ကို တော်တော်ကျော်အောင် ချောပါတော့တယ်။ ဒါပေမယ့် မိဘတွေနဲ့ လိုက်ဖက်မယ်ထင်ရတာတွေ ရွေးရင်းချယ်ရင်းနဲ့ ၀မ်းမြောက်ဝမ်းသာဖြစ်ရှာမယ့် မိဘတွေမျက်နှာကို တွေးမိနေပြီး အလိုလိုပီတိဖြစ်နေမိတာကြောင့်လည်း ကုန်သလောက် ကြည်နူးမိပါရဲ့။ အထုပ်အပိုးတွေ တပွေ့တပိုက်နဲ့ အိမ်ပြန်ရောက်၊ ဖွင့်ဖောက်ကြည့်ပြီး ဇနီးမောင်နှံနှစ်ယောက် နှစ်ထပ်ကွမ်းပီတိ ဖြစ်နေမိပါသေးတယ်။

ဒါပေမယ့် ဦးဟန်ကြည်တို့ရဲ့ ပီတိကလေးတွေခမျာ နောက်တစ်ရက် မိုးလင်းတာနဲ့ အ၀ီစိရောက်သွားရှာပါတော့တယ်။ မရောက်ဘဲ နေပါရိုးလား။ ဒီပစ္စည်းတွေကို မိဘတွေလက်ထဲထည့်ဖို့ ဘယ်လိုလမ်းကြောင်းကနေ ပို့ရမလဲဆိုတဲ့ ပြဿနာကြီးက ခေါင်းထဲကို အတုံးလိုက် အတစ်လိုက် ၀င်လာပေသကိုး။ သူများတိုင်းပြည်မှာကတော့ လမ်းပမ်းဆက်သွယ်ရေး၊ ပို့ဆောင်ရေးက အင်မတန်မှ ကောင်းလွန်း၊ အဆင်ပြေလွန်းပေမယ့် ဦးဟန်ကြည်တို့ရဲ့ တိုင်းငယ်ပြည်ငယ်ကလေးမှာတော့ အခြေအနေအရပ်ရပ်ကြောင့် ပို့ဆောင်ဆက်သွယ်ရေးက အခုအချိန်အထိ ကျောက်ခေတ်နှောင်းလောက်ကနေ မတက်သေးပဲကိုး။ သူများတွေကတော့ ကားကြုံ၊ လူကြုံတွေနဲ့ ပစ္စည်းပို့ရိုးထုံးစံရှိပေမယ့် အစိုးရ၀န်ထမ်းမိဘကမွေးပြီး ၀န်ထမ်းတောထဲမှာ လူလားမြောက်ခဲ့တဲ့ ဦးဟန်ကြည်ကတော့ “ ဆက်၊ စာ၊ ကြေး ” လို့ အတိုကောက်ခေါ်တဲ့ စာတိုက်ရုံးကနေ ပါဆယ်ထုပ်ပြီးပို့ဖို့ ရှေးရိုးနည်းအတိုင်း ဆုံးဖြတ်ချက် ချလိုက်မိပါတယ်။ ဦးဟန်ကြည်တို့ဒေသကနေ မိဘတွေဆီအရောက် တိုက်ရိုက်ကားက မရှိသလို၊ အစိုးရဌာနဆိုတာ အပြင်လူတွေထက်တော့ စိတ်ချရတယ်ဆိုတဲ့ မွေးရာပါ အသိစိတ်ကလည်း အနှီလိုလုပ်ဖို့ တိုက်တွန်းပေသကိုး။

ဒါပေမယ့် စာတိုက်ရုံးက ချောထုပ်ဌာနကို ၀င်ပြီးစုံစမ်းမိတဲ့အခါမှာတော့ အနှီ မွေးရာပါအသိစိတ်ကလေးခမျာ မျက်နှာငယ်ရပါတော့တယ်။ ဟုတ်ကဲ့။ အ၀တ်အစားနဲ့ အစားအစာတွေကိုပဲ ပါဆယ်နဲ့ ပို့လို့ရပါသတဲ့။ ကျန်ပစ္စည်းတွေကိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ပို့ရပါမတဲ့။ အဲဒီမှာတင် အထူးလျှော့ဈေးနဲ့ ရောင်းနေတဲ့ စတီးပစ္စည်းစက်ရုံကနေ ပီမိုင်မတိုင်ခင်တကည်းက ၀မ်းသာအားရ ၀ယ်ထားခဲ့မိတဲ့ စတီးမီးဖိုဆောင်သုံးပစ္စည်းတွေအတွက်ရော သုံးသိန်းတန် GSM ဖုန်းနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းဆက်ခကို မြည်းစမ်းကြည့်ဖို့ ကြံစည်နေတဲ့ ညီမအတွက်ဝယ်ထားတဲ့ ဖုန်း handset တွေအတွက်ပါ ခေါင်းခဲရပါတော့တယ်။ ဒါပေမယ့် ဦးဟန်ကြည်မိဘတွေက ၀န်ထမ်းတွေမဟုတ်ပါလား။ သူများနိုင်ငံတွေမှာ အိမ်သုံးပစ္စည်းအသာထား၊ Amazon ကနေ လေလံဆွဲထားတဲ့ မော်တော်ကား၊ သင်္ဘောပါမကျန် တိုင်းခြားပြည်ခြားက အိမ်အရောက်ပို့နေပေမယ့် ကိုယ့်တိုင်းပြည်မှာတော့ အိုး၊ ခွက်၊ ပန်းကန်တောင် တစ်မြို့ကနေ တစ်မြို့ပို့ဖို့ မလွယ်ပါလားဆိုတဲ့ အတွေးကြီးတွေးပြီး ကိုယ့်တိုင်းပြည်ရဲ့ မိဘတွေနဲ့ ဂိုဏ်းတူဆွေရင်းတွေဖြစ်တဲ့ ဆက်၊ စာ၊ ကြေး ကို စိတ်ကုန်နိုင်ပါရိုးလား။ အ၀တ်အစားနဲ့ အလှကုန်တွေကို ချောထုပ်နဲ့ပို့ပြီး ကျန်တဲ့မီဖိုဆောင်သုံးပစ္စည်းတွေကို နောက်ထပ်လမ်းကြောင်းတစ်ကြောင်းရှာပြီးပို့ဖို့ ပြီးလွယ်စီးလွယ် ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

အဲဒီလိုနဲ့ နောက်တစ်ရက်မှာပဲ အ၀တ်အစားတွေ တစ်ထုပ်တစ်ပိုးကြီးနဲ့ စာတိုက်ရုံးထဲဝင်သွားပြီး ဆက်၊ စာ၊ ကြေး ကို ဘယ်လောက်အားကိုးကြောင်း ရဲရဲကြီး သက်သေပြဖြစ်ကြပါတယ်။ ချောစာဌာနက မမများကလည်း ဦးဟန်ကြည်ရဲ့ အ၀တ်၊အထည်တွေကို တစ်ထည်မကျန် ဖောက်ဖွင့်၊ ဖြန့်ပြီး သွားရည်တမြားမြား ကျကုန်ပါရောလား။ ဒါပေမယ့် အဲဒီလောက်က ဦးဟန်ကြည်အတွက် ပြဿနာ မရှိလှပါ။ အ၀တ်အထည်ကောင်းကောင်း၊ အလှကုန်ပစ္စည်းကောင်းကောင်းကို သွားရည်မကျတဲ့ မိန်းကလေး ဘယ်မှာရှိပါလိမ့်မလဲ။ အနှီလို ဖွင့်ဖောက်ပြီး သွားရည်ကျတာကိုလည်း ဦးဟန်ကြည် စိတ်မကွက်တတ်ပါ။ လုံခြုံရေးက အရေးကြီးတဲ့တိုင်းပြည်ဖြစ်တာကြောင့် စေ့စပ်ရှာကြတယ်လို့ ဖြေတွေးလေးတွေးပြီး ကျေနပ်နေတာပါပဲ။ Privacy မလိုဘဲ အရှိကို အရှိအတိုင်း ရိုးသားချက်၊ ပွင့်လင်းချက် ကမ်းကုန်မှ အဆင်ပြေတဲ့ ဦးဟန်ကြည်တို့ဌာနတွေရဲ့ မူဝါဒအတိုင်း ကိုယ်ပို့သမျှပစ္စည်းကို တစ်ရုံးလုံး ငမ်းကြောထပြီးမှ ပါဆယ်ထုပ်ဖို့ ကီလိုချိန်ပါတော့တယ်။ ပစ္စည်းတွေကို အထုပ်လေးထုပ်ခွဲပြီး ချိန်လိုက်တဲ့အခါမှာတော့ တစ်ထုပ်စီရဲ့အလေးချိန်က ၃ ကီလိုစီရှိနေပါသတဲ့။ အဲဒီမှာတင် ဆက်၊ စာ၊ ကြေး ရဲ့ အံ့ခြင်းကြီး တစ်ပါးကို တွေ့ရပြန်ပါတော့တယ်။ အမျိုးအစားမတူတဲ့ ပစ္စည်းထုပ်တွေက အလေးချိန်တူတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်တတ်ပါတယ်လို့ တွေးရင်း ကိုယ်မမြင်ရတဲ့နေရာမှာ ထိုင်ပြီးချိန်နေတာမို့ မဖြစ်နိုင်ဘူးလို့ ယောင်လို့တောင် မတွေးပါ။

ဟုတ်ကဲ့။ အနှီလို ချိန်တွယ်အပြီးမှာတော့ ကျသင့်ငွေကို တွက်ပါတော့တယ်။ ၃ ကီလိုစာ ၄ ထုပ်အတွက် ၆၄၀၀ ကျပါတယ်။ ပါဆယ်ထုပ်ခက ၃၃၀၀ ကျပ်တိတိ ကျသင့်ပြန်တာကြောင့် စုစုပေါင်း ၉၇၀၀ ကျပ်တိတိ ကျသင့်တာကို လျှော့လျှော့ပေါ့ပေါ့နဲ့ ၁၀၀၀၀ သတ်မှတ်ပေးလိုက်တာကိုလည်း ဦးဟန်ကြည် ကျေနပ်နေတုန်းပါ။ လစာနည်းနည်းနဲ့ ရပ်တည်နေကြရှာတဲ့ ကလေးမလေးတွေကို မုန့်ဖိုးပဲဖိုးပေးတယ်လို့ယူဆပြီး မုဒိတာပွားမြဲပွားလျှက်ပဲ ရှိပါရဲ့။

ဒါပေမယ့် ကျသင့်ငွေကို ထုတ်ပေးပြီး ဘောက်ချာရေးတာကို ရပ်စောင့်နေချိန်မှာတော့ စာတိုက်မှူးလားဘာလားမသိတဲ့ မိန်းမရဲ့ ကောက်ချက်စကားကြောင့် ဦးဟန်ကြည်တစ်ယောက် ရင်ဝမှာ အလုံးကြီးလာဆို့ပါတော့တယ်။ တန်ဖိုးကြီး ပစ္စည်းတွေကို ဆက်၊ စာ၊ ကြေး က လက်မခံပါဘူးတဲ့။ လက်ဆောင်ပေးဖို့ ပစ္စည်းကောင်းကောင်းလေးတွေ ရွေးဝယ်မိတဲ့ ဦးဟန်ကြည်ခမျာမှာ သူ့အတတ်နဲ့သူ စူးရှာပါတော့တယ်။ ဘာကြောင့်လက်မခံပါလိမ့်ဆိုတော့ လမ်းမှာတင်ပျောက်တတ်လို့ပါတဲ့။ ဟုတ်ကဲ့။ ဆက်၊ စာ၊ ကြေး အပေါ်မှာ အားကိုးချင်လွန်းတဲ့ ဦးဟန်ကြည်တစ်ယောက် ရင်ဝကို ဖနောင့်နဲ့ ဒိုင်းခနဲနေအောင် အပေါက်ခံလိုက်ရသလို မချိမဆန့်ခံရပါတော့တယ်။ စာပို့စာရေးမကလေးတစ်ယောက်က ဖြစ်တောင့်ဖြစ်ခဲပါဆရာရယ် တစ်ထောင်မှာ တစ်ယောက်လောက်ပဲ ပျောက်တတ်တာပါလို့ ရွှေပြည်အေးတရားဟောပေမယ့် တစ်ထောင်မြောက်လူဟာ ကိုယ်ဖြစ်နေခဲ့ရင်ဆိုတဲ့အတွေးကြီးနဲ့ ဇောချွေးပြန်ပါရောလား။ ဒီကြားထဲမှာ ကိုယ့်ပစ္စည်းကို ပို့ပေးဖို့အရေး ပစ္စည်းတွေက သိပ်ဈေးမကြီးပါဘူးလေလို့လည်း လေပြေကလေးနဲ့ အလိုက်သင့်ပြောပြီး သူရို့ပို့ပေးချင်အောင် အောက်ကြို့ရပြန်ပါရဲ့။ စိတ်ထဲမှာတော့ ဒေါသယမ်းအိုးက တ၀ုန်းဝုန်းတဒိုင်းဒိုင်းနဲ့ ပေါက်ကွဲနေပါပြီ။

နိုင်ငံတော်ပိုင် ပို့ဆောင်ဆက်သွယ်ရေးဌာနကြီးရဲ့ မှတ်ချက်စကားကို ပရိသတ်ကြီးပဲ စဉ်းစားကြည့်ပေရော့။ သက်တန်းရင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကြီးကိုမှ ဦးဟန်ကြည်တို့ မယုံရရင် ဘယ်ဒင်းကို ယုံရပါလိမ့်မလဲ။ တရားဝင်အခွန်အခ ( ကားကြုံနဲ့တင်ပေးရင်တောင် အဲဒီလောက် ကရိကထမများသလို ပိုက်ဆံလည်း အဲဒီလောက် မကုန်ပါ ) တနင့်တပိုးပေးချေပြီး လက်ထဲကို အပ်လိုက်ကာမှပဲ ထွက်လာတဲ့ လေသံက သင်းချက်ကမ်းကုန်တော်မူရှာပါရောလား။ အနှီချောစာထုပ်တွေကို ဘယ်သကောင့်သားကများ အားအားယားယား ဖောက်ပြီး ခိုးတော်မူကြပါလိမ့်။ ဟုတ်ကဲ့။ စာအိတ်မှာကပ်ထားတဲ့ တံဆိပ်ခေါင်းမှာ နေ့စွဲတံဆိပ်ရိုက်မထားရင်တောင် ခွာယူပြီး ခိုးပါသတဲ့။ အနှီတံဆိပ်ခေါင်းကို ဘယ်သူက ခိုးပြီး ပြန်ရောင်းမယ်ဆိုတာ စဉ်းစားကြည့်တော်မူပါကုန်။ အရင်ခေတ်က စာပို့ခ တစ်စောင် ၇ ကျပ်၊ ဒီဘက်ခေတ်မှာ တစ်စောင် ၂၀၀ ကျပ်။ အမြန်ချောပို့ခ တစ်စောင်ကို ၅၀၀ ကျပ်။ ကုန်ကျစရိတ် တိုးတက်ချက်က အံ့မခမ်းရှိလှပါရဲ့။ ဒါပေမယ့် ငွေကုန်သလောက် စိတ်မချရမှဖြင့် ဦးဟန်ကြည်တစ်ယောက် သူ့ရဲ့ ဆက်၊ စာ၊ ကြေး ကို သံယောဇဉ် ပြတ်ရှာပါပြီ။ အတန်းပညာရယ်လို့ ဖြစ်မြောက်အောင် မတတ်ရှာဘဲ အသက်မွေးဝမ်းကြောင်းနေကြရတဲ့ ကားဒရိုင်ဘာ၊ စပယ်ယာတွေလောက်တောင်မှ စိတ်မချရတဲ့ ပညာတတ်ဘွဲ့ရတွေ စုစည်းထားတဲ့ ဆက်စာကြေးကို အတော်လေး ရေစက်ကုန်သွားပါပြီ။ ဒါပေမယ့် ထွက်ပြီးတဲ့ဆင်စွယ်သာ ပြန်ဝင်ရိုးထုံးစံရှိကောင်းရှိနိုင်ပေမယ့် သူများလက်ထဲရောက်သွားပြီးတဲ့ ပိုက်ဆံကို ကိုယ်ပြန်ရဖို့ဆိုတာ မဖြစ်နိုင်လွန်းတဲ့ ရွှေပြည်ကြီးမှာ ကုန်သွားတဲ့ အသပြာ ကျပ်တစ်သောင်းကို နှမြောတာကြောင့် ပို့မယ့်ပစ္စည်းလေးတွေ ဘေးမသီရန်မခစေကြောင်း သံဗုဒ္ဓေအုပ်စုံရွတ်လို့ ဒေ၀တာအပေါင်းတို့ ကူညီကာဝိုင်းလို့ မှိုင်းမစေကြောင်း ဆုအလီလီတောင်းရင်း ဆက်စာကြေးလက်ထဲမှာ ပစ္စည်းလေးတွေကို နောက်ဆံတငင်ငင်နဲ့ ၀ကွက်ပြီး အပ်ထားခဲ့ရပါသတဲ့ ပရိသတ်အပေါင်း ဘလော့မိတ်ဆွေ သူတော်ကောင်းတို့ရေ။                   ။


နောက်ဆက်တွဲ . . .
၃ ရက်နေ့က ဆက်စာကြေးမှာ ပစ္စည်းတွေအပ်ထားခဲ့တဲ့အချိန်ကစလို့ ဒီနေ့၎ရက်နေ့ ( လွတ်လပ်ရေးနေ့ ) ညပိုင်းရောက်တဲ့အထိ ကိုယ့်ပစ္စည်းတွေပျောက်မယ့်အရေးကို တွေးမိတိုင်း ဦးဟန်ကြည်ခမျာမှာ စိတ်အဆင်းရဲကြီး ဆင်းရဲမိပါသတဲ့။ ဒါကြောင့် လွတ်လပ်ရေးနေ့တစ်ရက်ခံနေတာကြောင့် ချောစာထုပ်မထွက်နိုင်သေးတာကို အခွင့်အရေးယူလို့ မနက်ဖြန်မနက် ရုံးဖွင့်ဖွင့်ချင်း ကိုယ့်ချောထုပ်ကို ကိုယ်ပြန်ထုတ်ယူပြီး ( ပိုက်ဆံဆုံးချင်လည်း ဆုံးပါစေတော့ ) အိမ်ရှင်မကိုယ်တိုင် ရန်ကုန်အထိဆင်းပြီး ရန်ကုန်ကနေတစ်ဆင့် ဦးဟန်ကြည်ရဲ့မိဘတွေအိမ်အရောက် ကားကြုံနဲ့ပို့ပေးဖို့ စိတ်တုံးတုံးချပြီး ဆုံးဖြတ်လိုက်ပါတော့တယ်။ ဟုတ်ကဲ့ … အခိုးခံရလို့ ပျောက်ခြင်းမလှပျောက်ရင်လည်း ခေတ်ပညာတတ် နိုင်ငံ့ဝန်ထမ်းတွေလက်ချက်နဲ့ မဟုတ်တာကိုပဲ ဂုဏ်ယူလိုက်ဖို့ပါ။

နိုင်ငံတစ်ခု တိုးတက်လာစေဖို့ နိုင်ငံ့ဝန်ထမ်းကောင်းတွေ အမြောက်အများလိုပါတယ်။ ဦးဟန်ကြည်တို့ ချစ်တဲ့၊ မြတ်နိုးတွယ်တာရတဲ့ ရွှေပြည်ကြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်စည်ပင်လာစေဖို့အတွက် တာဝန်ကျေပွန်ပြီး ကတိသစ္စာတည်ကြည်ခိုင်မြဲကြတဲ့ နိုင်ငံဝန်ထမ်းကောင်းတွေ အမြောက်အများပေါ်ထွက်ပါစေကြောင်း ဒီပို့စ်နဲ့အတူ ဆုမွန်ကောင်းများ တောင်းလိုက်မိပါတော့တယ်။  ။

Saturday, 31 December 2011

၂၀၄၂ . . .

“ နှစ်သစ်ကူးလို့ ချစ်ဦးကိုရှာဖွေ . . .
 ဘယ်ရပ်ဌာနေ ဘယ်ဆီများသွားပါလိမ့် . . . နေစိမ့်တဲ့သူရေ . . .”

ချမ်းချမ်းဆီးဆီး ဆောင်းတွင်းကြီးမှာ ဦးဟန်ကြည်တစ်ယောက် တစ်ကိုယ်တော် သင်္ကြန်ကျနေခြင်း မဟုတ်ပါ။ နာရီပိုင်းအတွင်း ရောက်လာမယ့် ၂၀၁၂ နှစ်ဦးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုဆိုဖို့ သီချင်းညည်းနေခြင်းပဲ ဖြစ်ပါရဲ့။ အသက်အရွယ်အရလည်း ဘိုးတော်အငယ်စားစာရင်းထဲကို ၀င်စပြုလာပြန်တဲ့အပြင် ခေတ်သီချင်း ဒိုးဒိုးဒေါင်ဒေါင်၊ ၀ူးဝူးဝါးဝါးတွေကိုလည်း နားကြားပြင်းကတ်သူဖြစ်တာမို့ ရင်ထဲကို စိမ့်ဝင်နေခဲ့တဲ့ အလင်္ကကျော်စွာ ဆရာမြို့မငြိမ်းရဲ့ “ နှစ်သစ်ချစ်ဦး ” နဲ့ပဲ ကြိုလိုက်ပါတော့တယ်။ နှစ်ဟောင်းချစ်ဦးက အိမ်ရှင်မရာထူးကို အမြိုင့်သားယူထားတာမို့ ဦးဟန်ကြ
ည်တစ်ယောက် နှစ်သစ်မှာ အချစ်ဦးရှာဖို့ စိုင်းပြင်းနေတယ်လို့တော့ အမှုကြီးအောင် မတွေးကြဖို့ မေတ္တာရပ်ခံထားပါရစေဦး။

အခါတိုင်းနှစ်တွေမှာတော့ နှစ်ဟောင်းက ဖာသိဖာသာကုန်သွားသလို နှစ်သစ်ကလည်း တိတ်တိတ်ဆိတ်ဆိတ်ကလေး အစားဝင်လာတာမို့ တစ်ခါမှ မှတ်မှတ်ရရ မဖြစ်မိပါ။ လုပ်ငန်းသဘာဝအရ ဒီနှစ်ကူးက ကိုယ်နဲ့သိပ်မဆိုင်တာကလည်း နှစ်ကူးနဲ့ခပ်စိမ်းစိမ်းဖြစ်စေရခြင်းရဲ့ အကြောင်းခံတစ်ရပ် ဖြစ်မယ်ထင်ပါရဲ့။ ဦးဟန်ကြည်တို့ရဲ့ ပညာရေးပြက္ခဒိန်ကလည်း မတ်လလယ်လောက်ရောက်မှပဲ နှစ်ဟောင်းကုန်ပေသကိုး။

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်လာတာကို ဦးဟန်ကြည်တို့ ရွှေမြန်မာတွေ ကြိုဆိုပုံက အင်မတန်မှသင်းပါသတဲ့။ င်္ဘီယာရေချိုးလို့ ၀ီစကီကိုမီးလှုံ အမြည်းတောင်လိုပုံအောင် သောက်သောက်လဲ ၀ှဲချီးဆင်နွှဲကြတဲ့ ရွှေ့ပြည်သားတွေကို ဆင်းရဲလှချေရဲ့လို့ သနားကြတဲ့ အနောက်ဟိုပြည်က မောင်တွေကို သနားစရာတောင်ကောင်းလှပါရဲ့။ ည ၇ နာရီဝန်းကျင်လောက်ကစလို့ လမ်းပေါ်မှာ ကားတ၀ီဝီ၊ ဆိုင်ကယ် တဒီဒီနဲ့ ငမူးပွဲတော်ဆင်နွှဲနေလိုက်ကြတာ အခု ည ၁၁ နာရီခွဲတဲ့အထိ မရပ်သေးပါ။ ၁၂ ရာသီပွဲတော်တွေနဲ့တင်အားမရဘဲ အစ်၊ ဒီပါဝလီ၊ ခရစ်စမတ်၊ နှစ်ကူးပါမကျန် မူးပွဲ၊ သောက်ပွဲကျင်းရမှ ကျေနပ်ပေသကိုး။ အနာဂတ်အတွက် အားထားရမယ့် ဦးဟန်ကြည်တို့ရဲ့ လူငယ်မျိုးဆက်သစ်တွေကတော့ ဘီယာဘူးတွေကို လက်မှာကိုင်လို့ အထီးရော၊ အမပါမကျန် မြိုင်လိုက်ရင်း နှစ်ကူးကြဖို့ ရည်ရွယ်ကြဟန်တူပါတယ်။ အမေ့အမွေပစ္စည်းတွေကို အရှိအရှိအတိုင်း ထုတ်ပြပြီး လမ်းသလားနေကြပါလေရဲ့။

အိမ်နားက ခွေးသူတောင်းစားတစ်အုပ်ကတော့ နားမခံသာစရာကောင်းတဲ့ သီချင်းပေါင်းစုံကို မိုင်ကုန်တင်ဖွင့်ပြီး အောက်တန်းစားဖြစ်ကြောင်း ကြေညာနေကြလေရဲ့။း ဆရာဝန်ဦးဟန်ကြည်တစ်ယောက် ရပ်ကွက်ကို သနားတာကြောင့် တိုးတိုးဖွင့်ဖို့ တောင်းပန်ပေမယ့် အားနာပါးနာနဲ့ ဟုတ်ကဲ့လို့ပြောပြီး ခဏပဲ အသံတိုးပြီး မိုင်ကုန်တင်မြဲတင်လျှက်ပဲ ရှိပါတယ်။ နှစ်ကူးဟာ ဒီလိုကလေက၀တွေပျော်တဲ့ ပွဲများလား။ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဆိုတဲ့ စကားက မှန်လှချေရဲ့။ ဦးဟန်ကြည်တို့ ရွှေပြည်က နွားတွေဟာ ဆင်းရဲငတ်ပြတ်နေမှ လူစိတ်ဝင်ကြဟန်တူပါရဲ့။ ဒီလိုစိတ်ဓာတ်၊ ဒီလို အကျင့်တွေနဲ့ ဒီမိုကရေစီကို အားမနာတမ်းတောင်းနေကြတာ ရင်နာစရာကောင်းလှချေရဲ့။ ဒီမိုကရေစီကို အသာထားဦး လူအချင်းချင်း ကိုယ်ချင်းစာတရားတောင်မရှိနိုင်တဲ့ ဒီနွားတွေကြားထဲမှာ လူစိတ်မွေးနေရတဲ့ ဦးဟန်ကြည်တို့ တိုင်းသူပြည်သားတွေကို အမောင်နိုင်ငံရေးသမားများ သနားစိတ်ဝင်တော်မူကြပါကုန်။

ဒီတိုင်းပြည်မှာ ပညာတတ်ဖြစ်ရတဲ့ ဘ၀ကို ဦးဟန်ကြည်တစ်ယောက် အင်မတန်စိတ်ကုန်နေပါပြီ။ ဘာခံယူချက်မှမရှိ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာတစ်ခုမှ လုပ်မပေးဘဲ လက်နက်အားကိုးနှဲ့ ဥပဒေကို ချိုးဖောက်ချင်တိုင်း ချိုးဖောက်ပြီး ချမ်းသာနေကြတဲ့ ဒီတိုင်းပြည်မှာ လူလာဖြစ်ရတာ ဦးဟန်ကြည်တစ်ယောက် စိတ်အပျက်ကြီးပျက်နေပါပြီ။ လူမျိုးရေးယောင်ယောင်၊ နိုင်ငံရေးယောင်ယောင် အဖွဲ့အစည်းတွေထဲဝင်ပြီး ဥပဒေရော၊ လူ့ကျင့်ဝတ်ရောပါ ချိုးဖောက်ချင်တိုင်း ချိုးဖောက်ပြီး အလကားရတဲ့ ပိုက်ဆံတွေနဲ့ အောက်တန်းကျချင်တိုင်းကျနေကြတဲ့ ဒီတိုင်းပြည်မှာ ဘာကြောင့်များ လူစိတ်ဝင်နေမိပါလိမ့်လို့ စဉ်းစားနေမိပါရဲ့။ ဖင်မှန်းခေါင်းမှန်းမသိတဲ့ နိုင်ငံရေးသမား ခွေးသူတောင်းစားတွေကလည်း အသံကောင်းဟစ်၊ နာမည်ကောင်းယူပြီး ဦးဟန်ကြည်တို့ တိုင်းသူပြည်သားတွေကို မသေသေအောင် သတ်နေကြပါသေးတယ်။ နိုင်ငံရေးသမား အားလုံးကို ဦးဟန်ကြည် ရွံပါတယ်၊ မုန်းပါတယ်။

ဒီနေ့ခေတ်လူငယ်တွေကို ကြည့်လိုက်ပါ။ ယောက်ျားလေးတွေက ဘောင်းဘီဖင်ကျပ်နဲ့ နံပိန်ဗလနဲ့ အချောက်ဏှာဘူးတွေ ဖြစ်နေကြပါပြီ။ မိန်းမတွေက ပိုက်ဆံမရဘဲ ကိုယ့်ပစ္စည်းကို ရောင်းစားနေကြပါပြီ။ ဘယ်နိုင်ငံရေးသမားကများ ဒီလူငယ်တွေအရေးကို အရေးယူ အာရုံစိုက်ပါသလဲ။ အသက်ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ကိုယ်ချင်းစာတရားမရှိ၊ လူ့ကျင့်ဝတ်ကို တစ်စိုးတစ်စေ့မှ နားမလည်ကြတော့ပါ။ လင်တရူးဖို့။ မယားတရူးဖို့ အင်တိုက်အားတိုက် ကြိုးပမ်းကြတာကို ဘယ်သူကများ စကားထဲထည့်ပြောပါသလဲ။ ဗိုလ်ချုပ်ပြောခဲ့ဖူးတဲ့ “ ဖာနိုင်ငံကြီး ” မှာ ဦးဟန်ကြည်တို့ နေကြရပါသတဲ့။

ဦးဟန်ကြည်တို့ ဖွတ်ကြားတိုင်းသူပြည်သားတွေဟာ ဒီမိုကရေစိနဲ့များတန်လို့လား။ အမောင်စိတ်ကူးယဉ်သမား နိုင်ငံရေးသမားများ လူထဲကို နှံ့နှံ့စပ်စပ်ဝင်ပြီး လေ့လာတော်မူကြပါကုန်။ စိတ်ဓာတ်ရော အကျင့်စာရိတ္တပါ အောက်တန်းကျချင်တိုင်း ကျနေတဲ့ ဒီတိုင်းပြည်ဟာ အာဏာရှင်စနစ်တောင်မှ ဖြုတ်ထုတ်သတ်စနစ်နဲ့ပဲ ထိုက်တန်ပါရဲ့။ အခု ည ၁၂ နာရီထိုးကာနီးပါပြီ။ ခွေးသူတောင်းစားတစ်အုပ် သီချင်းမိုင်ကုန်တင်ဖွင့်နေတုန်းပါ။ မူးမူးရူးရူးနဲ့ မကြားဝံ့မနာသာ အော်ဟစ်နေကြတုန်းပါ။ လက်ထဲမှာ သေနတ်ရှိရင် ဒီနွားတွေကို ဦးဟန်ကြည် သေချာပေါက် ပစ်သတ်ပါတယ်။

လာမယ့်နှစ်ပေါင်း သုံးဆယ်မှာ ဦးဟန်ကြည်တို့ အိုပါလိမ့်မယ်။ ဒီခွေးသူတောင်းစားတွေရဲ့လက်ထဲမှာ ဦးဟန်ကြည်တို့တိုင်းပြည်ကို ထိုးအပ်ရပါဦးမယ်။ နိုင်ငံခြားကနေပြီး တိုင်းပြည်နဲ့ အစိုးရကို အပစ်တင်နေကြတဲ့ ဖွတ်ကြားများကရော ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးချင်ပါသလဲ။ အဝေးကနေ အသံကောင်းဟစ်ပြီး စိတ်ကူးယဉ်နေကြတာတွေ ရပ်တော်မူကြပါကုန်။ ဦးဟန်ကြည်လက်ထဲကို တိုင်းပြည်အာဏာရောက်မလာအောင် ဆုတောင်းကြပါကုန်။ ဦးဟန်ကြည်လက်ထဲမှာ တိုင်းပြည်အာဏာရလာရင်တော့ ကိုယ့်ကိုယ်ကိုယ်က အစထားလို့ မျိုးဆက်သုံးဆက်လောက်ကို အမြစ်ပြုတ်အောင် သတ်ပါလိမ့်မယ်။ အာဒံနဲ့ ဧ၀လို မျိုးကောင်းမျိုးသန့် တစ်စုံလောက်နဲ့ပဲ တိုင်းပြည်ကို အသစ်ပြန်တည်ဆောက်ပစ်ပါလိမ့်မယ်။ မကျေနပ်ရင်လည်း မတတ်နိုင်ပါ။ တိုင်းပြည်ကို ချစ်တဲ့ ဦးဟန်ကြည်တစ်ယောက် အောက်တန်းကျတဲ့ တိုင်းသူပြည်သားတွေကို ရွံပါတယ်၊ မုန်းပါတယ်။ မကျေနပ်ရင်လည်း မတတ်နိုင်ပါ။ ဒီတိုင်းသူပြည်သားတွေကြောင့် ဒီိတိုင်းပြည် သိက္ခာကျရတာကို ဘာကြောင့် မသိချင်ယောင် ဆောင်နေကြပါလိမ့်။ အဲဒီနိုင်ငံရေးသမားတွေကို ရှေ့မှာတွေ့ရင် အမှုန့်ကြိတ်ပစ်ဖို့ ရဲရဲကြီး အာမခံပါတယ်။ ဒီပို့စ်ကို လာဖတ်တဲ့ နိုင်ငံရေးသမားများလည်း သတိထားတော်မူကြပါကုန်။

ဒီနှစ်သစ်ကူးဟာ နားဒုက္ခ မျက်စိဒုက္ခပေါင်းများစွာနဲ့ စိတ်အဆင်းရဲကြီးဆင်းရဲပြီး လူသတ်ချင်စိတ် ဒေါသစိတ် ချောင်းချောင်းထရကြောင်း နိုင်ငံတကာရောက် ဘောလာ့ဖတ်သူများသိစေဖို့ သတင်းကောင်းပါအပ်ပါရဲ့။

ဟုတ်ကဲ့ ကျက်သရေယုတ်လှသော နှစ်ဟောင်း အမြန်ကုန်ပြီး နှစ်သစ်အမြန်ရောက်ပါစေတော့။ နားဒုက္ခသက်သာရင် ကျေနပ်ပါပြီ။

Tuesday, 27 December 2011

ကြောက်လို့တိုက်တဲ့ စစ်ပွဲတွေ . . .

မသေချာ၊ မရေရာတဲ့ မြေကမ္ဘာပေါ်မှာ စစ်ပွဲတွေဖြစ်လိုက်ကြတာ။
 ဟိုတိုင်းပြည်မှာလည်း တဒိုင်းဒိုင်း တဒက်ဒက်၊ ဒီလူမျိုးစုကြည့်ပြန်ရင်လည်း တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ပစ်လိုက်ကြ၊ ခတ်လိုက်ကြ၊ သတ်လိုက်ကြ၊ သေလိုက်ကြတာတွေ မကြားချင့်အဆုံး၊ မမြင်ချင့်အဆုံးပါ။ ခပ်စိပ်စိပ် ကြုံလာနေရတဲ့ သဘာဝဘေးအန္တရာယ်၊ ကပ်ဆိုးကြီးတွေကြားမှာ ကလိယုဂ်ဆုတ်ကပ်ဖြစ်လို့ တိုလာနေတဲ့ အသက်တန်းကိုတောင် မငဲ့ညှာနိုင်အောင် သေမျိုးအချင်းချင်း သတ်ဖို့ဖြတ်ဖို့ကိစ္စကို ဘာကြောင့်များ အင်တိုက်အားတိုက် လုပ်နေကြပါလိမ့်။ တစ်ယောက်နဲ့ တစ်ယောက် ရန်ငြိုးရန်စရှိဖို့အသာထား မြင်တောင်မမြင်ဖူးကြတဲ့ လူအချင်းချင်း အယူဝါဒမတူရုံ၊ လူမျိုးချင်းကွဲပြားရုံနဲ့တင် ဘာကြောင့်များ မညှာမတာ သတ်ကြဖြတ်ကြဖို့ အားတက်သရော ရှိနေကြပါလိမ့်။

ဆရာဝန်စာရေးဆရာမ “ ဂျူး ” ကတော့ “ အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ ” ဆိုတဲ့ခေါင်းစဉ်နဲ့ စာတစ်အုပ်ရေးဖူးပါတယ်။ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ လူတန်းစားတစ်လွှာနဲ့တစ်လွှာ၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး နာကြည်းမုန်းတီးမှုတွေကြောင့် ဆိုးရွားရက်စက်တဲ့ စစ်ပွဲကြီးတွေဖြစ်ကြရပါသတဲ့။ ဒီအချက်ဟာ စစ်ပွဲတွေဖြစ်စေတဲ့ အခြေခံအချက်ဖြစ်တယ်ဆိုတာ ငြင်းစရာမလိုအောင် သေချာလှပါတယ်။ ဒါပေမယ့် ဦးဟန်ကြည်ကတော့ ဂျူးရဲ့အဆိုကို အပြည့်အ၀ မထောက်ခံချင်ပါ။ ဘာကြောင့်လဲဆိုရင် တစ်ချို့တစ်ချို့သော စစ်ပွဲတွေဟာ -
“ ကြောက်လို့တိုက်တဲ့ စစ်ပွဲတွေ ” ဖြစ်နေလို့ပါ။

http://www.ww2incolor.com/d/29835-8/Abascalsa

နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံကို စီးပွားရေးအတွက်ပဲဖြစ်ဖြစ်၊ ဂုဏ်သိက္ခာအတွက်ပဲဖြစ်ဖြစ် ကျူးကျော်သိမ်းပိုက်ရင် ကျူးကျော်ခံရတဲ့ တိုင်းပြည်က ရှိသမျှအင်အားနဲ့ စွမ်းနိုင်သလောက်တော့ ရေကုန်ရေခမ်း ပြန်တိုက်ပါလိမ့်မယ်။ ဒါဟာ ကျူးကျော်သူတွေကို မုန်းတီးစိတ်ကြောင့်ခံတိုက်တယ်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်းပြောရရင် ကိုယ့်တိုင်းပြည်၊ ကိုယ့်ပိုင်ဆိုင်မှု၊ ကိုယ့်အနေအထား ပျက်စီးမှာကို ကြောက်တဲ့စိတ်ကြောင့်ပဲ ပြန်တိုက်ကြတာပါ။ နားလည်လွယ်တဲ့ ဝေါဟာရနဲ့ ပြောရရင် “ ကြောက်ခံခံ ” ကြတာပါ။ လာတိုက်တဲ့နိုင်ငံကလည်း တိုက်ပွဲရှုံးလို့ သိက္ခာကျမှာ ကြောက်သလို၊ အကျိုးအမြတ်တွေ ရသင့်သလောက်မရမှာကိုလည်း ကြောက်ကြပြန်ပါတယ်။ အကြောက်တရားဟာ အချင်းချင်းကို စည်းလုံးစေပါတယ်။ ကြောက်တဲ့လူအချင်းချင်း ကျောချင်းကပ်ကြပါတယ်။ ရင်ချင်းအပ်ကြပါတယ်။ တစ်ခုခုကို အတူတကွကြောက်ကြတဲ့လူတွေ စုစည်းမိပြီး ဆန့်ကျင်ဘက်အရပ်နှစ်ခုမှာ ရပ်တည်မိကြတဲ့အခါမှာ စစ်ပွဲကြီးတွေ ဖြစ်ကြတော့တာပါပဲ။

တိုင်းရင်းသားလူမျိုးစုတစ်စုနဲ့တစ်စု တိုက်ကြခိုက်ကြတဲ့ တိုက်ပွဲတွေဟာလည်း အကြောက်တရားကို အရင်းခံပါတယ်။ လူမျိုးတစ်မျိုးကိုတစ်မျိုးက မယုံကြည်ခြင်းဆိုတာ ကြောက်ခြင်းရဲ့ ပုံသဏ္ဌာန်တစ်မျိုးပဲ မဟုတ်ပါလား။ သတ္တိရှိပြီး ရဲဝံ့တဲ့လူဟာ ယုံကြည်ချက်ခိုင်မာမြင့်မားပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်သလို တစ်ဖက်သားကိုလည်း စိတ်ချပါတယ်။ ဥပမာပြရရင် လွတ်လပ်ရေးခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ကို ဘယ်သူကမှ လုပ်ကြံမှာမဟုတ်ဘူးလို့ ယုံကြည်ချက်ထားသလိုပါ။ တစ်မျိုးကို တစ်မျိုး ကြောက်ကြလန့်ကြတာကြောင့် လက်နက်တွေ အသင့်ကိုင်ထားကြရပါတယ်။ တစ်ဖက်ကိုတစ်ဖက် မျက်ခြေအပြတ်မခံဘဲ စောင့်ကြည့်ကြရပါတယ်။ သူများက လက်ဦးသွားလို့ ကိုယ့်လူမျိုး ဒုက္ခရောက်ရတာမျိုးကို စိုးရိမ်ကြ၊ ကြောက်ကြတဲ့အတွက် ကိုယ်ကလက်ဦးမှုရအောင် တိုက်ဖို့ခိုက်ဖို့ စိုင်းပြင်းကြပါတယ်။ တစ်ဖက်ကနိုင်သွားရင် ကိုယ့်လူမျိုးကို အမှုန့်ခြေမှာ အနိုင်ကျင့်မှာ ကြောက်ရပြန်တာကြောင့်လည်း မနိုင့်နိုင်အောင် သူသေကိုယ်သေ တိုက်ကြပြန်ပါတယ်။ သံသရာလည်နေတဲ့ အကြောက်တရားကြောင့်ပဲ ဒီနေ့ကမ္ဘာပေါ်မှာ တိုက်ပွဲတွေ မပြီးနိုင်မစီးနိုင်ဖြစ်နေကြပါတော့တယ်။ တစ်ဖက်နဲ့တစ်ဖက်ကြားက အကြောက်တရားတွေ မပျောက်ကွက်သမျှကာလပတ်လုံး တိုက်ပွဲတွေ ဆက်ဖြစ်နေကြဦးမှာကတော့ သေချာနေပါရဲ့။ အစ္စရေးနဲ့ ပါလက်စတိုင်းတို့တိုက်နေကြတာကိုပဲ ကြည့်ပါ။ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပေမယ့် အကြောက်မပြေကြသေးတာကြောင့် ဒီနေ့အထိ တိုက်လို့ကောင်းနေကြတုန်း မဟုတ်ပါလား။

တစ်ချို့ကပြောကြပါတယ်။ သတ္တိရှိလို့ လက်နက်ကိုင်တာပါတဲ့။ မှားပါတယ်။ ကြောက်တတ်လို့ လက်နက်ကိုင်ကြတာပါ။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကို မယုံလို့ လက်နက်ကို အားကိုးရတာပါ။ ကိုယ့်စည်းလုံးမှုကို စိတ်မချလို့ လက်နက်ဆောင်ထားရတာပါ။ ဦးဟန်ကြည်ရဲ့တပည့်လေးတွေပြောသလို “ သိုင်းတတ်ရင် တုတ်ကိုင်စရာမလိုပါဘူး ” လို့ ပြောရပါလိမ့်မယ်။ ကိုယ့်ကို သူများရန်စမှာ အနိုင်ကျင့်မှာ စိတ်မချတဲ့အတွက်၊ ကြောက်ရတဲ့အတွက် သွားလေရာ၊ လာလေရာမှာ သေနတ်တွေ တကားကားနဲ့ သွားနေကြရတာ မဟုတ်ပါလား။ ချေးယို၊ သေးပေါက်တဲ့ အချိန်မှာတောင် သေနတ်ကို ခါးကြားကမချဘဲ ဆောင်ထားရတဲ့လူလောက် ကြောက်တတ်တာ ဘယ်မှာရှိပါ့မလဲ။ ကိုယ်က သူများကို သတ်မိတဲ့အတွက် ကိုယ့်ကိုပြန်သတ်ခံရမှာစိုးရိမ်တဲ့ အကြောက်တရားတွေကြောင့်ပဲ ကိုယ့်စိတ်ကို ကိုယ့်ဖာသာ ထောင်ချထားသလို ဖြစ်နေကြပါတော့တယ်။ မည်းမည်းမြင်သမျှကို ရန်သူထင်ပြီး သစ်ရွက်လှုပ်တာကလေးကိုတောင် ရန်သူလာဝိုင်းတယ်လို့ အမြင်မှားပြီး ကျီးလန့်စာစားဖြစ်နေရတဲ့ လူတွေရဲ့ပါးစပ်က သတ္တိစကားကြားရတာတော့ အင်မတန်ကောင်းတဲ့ ပျက်လုံးတစ်ပုဒ်လို့ပဲ ဆိုရပါလိမ့်မယ်။

ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြောက်လွန်ကြတာကြောင့်ပဲ “ လက်နက်အသင့် ငြိမ်းချမ်းရေးကာလ ” ဆိုတာ ဖြစ်လာခဲ့ရတာပါ။ အမေရိကန်က ဆိုဗီယက်ကို ကြောက်တာကြောင့် နြူကလီးယားတွေ ထုတ်ပါတယ်။ ဆိုဗီယက်ကလည်း အမေရိကန်ကို လန့်ပြီး နြူလက်နက်တွေ အသင့်ပြင်ထားပါတယ်။ တစ်ယောက်ရဲ့လက်နက်အင်အားကို တစ်ယောက်က မျက်ခြေပြတ်မခံရဲရှာကြပါ။ ထစ်ခနဲရှိရင် ကိုယ့်လက်နက်တွေကို အသင့်ပြင်ကြပါတော့တယ်။ တစ်ဖက်ကလှုပ်ရင် တစ်ဖက်က မျက်ကလဲဆန်ပြာ ဖြစ်ကြပါတယ်။ ဘယ်လောက်များဆိုးတဲ့ အကြောက်တရားတွေပါလဲ။

အဲဒီအကြောက်တရားတွေကြောင့်ပဲ အချင်းချင်းယှဉ်ပြိုင်တာတွေ၊ အနိုင်လုတာတွေ၊ မုန်းတီးကြတာတွေ ဖြစ်ရပါတယ်။ ဆိုဗီယက်နိုင်ငံက လူသားလိုက်ပါစီးနင်းတဲ့ အာကာသယဉ်ကို ကမ္ဘာပတ်လမ်းကြောင်းထဲအရောက် ပထမဆုံးအဖြစ် လွှတ်တင်နိုင်တဲ့အခါမှာ ကမ္ဘာ့သမိုင်းမှာ အောက်ကျနောက်ကျဖြစ်ကျန်ရစ်မှာကြောက်တဲ့ အမေရိကန်ကြီးက လပေါ်ကို ပထမဆုံးခြေချနိုင်တဲ့ နိုင်ငံဖြစ်ဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။ သူများထက် ညံ့သွားမှာကို ကြောက်စိတ်ကြောင့်ပဲ ကိုယ့်ထက်သာတဲ့လူတွေကို မနာလိုစိတ်၊ မုန်းတီးစိတ်တွေ ဖြစ်လာရတယ် မဟုတ်ပါလား။ အောက်ကျနောက်ကျဖြစ်မှာကို ကြောက်စိတ်ကြောင့်ပဲ တိုးတက်သင့်သလောက် တိုးတက်လာတာ မှန်ပေမယ့် ကြောက်လွန်းမကကြောက်လို့ ဖြစ်လာရတဲ့ စစ်ပွဲကြီးတွေကတော့ အင်မတန်မှ ရွံစရာ၊ မုန်းစရာ ကောင်းလှပါတယ်။

အကြောက်တရားကြောင့်ဖြစ်တဲ့စစ်ပွဲတွေ ငြိမ်းချမ်းရေးရဖို့ ဘယ်လိုလုပ်ရပါလိမ့်မလဲ . . .

အပြောလွယ်ပါတယ်။ အလုပ်မလွယ်ပါ။
တစ်ဖက်က တစ်ဖက်ကို အပြတ်အသတ်ခြေမှုန်းနိုင်လိုက်ရင် ဒီသံသရာကြီးရပ်သွားမယ်လို့ လူပြိန်းတွေး တွေးလို့ရနိုင်စကောင်းပါတယ်။ ဒါပေမယ့် အနိုင်ရသွားတဲ့ဘက်ကလည်း ရှုံးတဲ့လူက ပြန်ပြီးလက်စားချေမှာကိုတွေးပြီး တထိတ်ထိတ်တလန့်လန့် နေရဦးမှာပါ။ ကိုယ့်လုံခြုံရေးအတွက် တစ်ဖက်ကို စောင့်ကြည့်နေရဦးမယ် မဟုတ်ပါလား။ ဘယ်သူပဲနိုင်နိုင် အကြောက်တရားကိုတော့ အရှုံးပေးထားရပါဦးမယ်။ အကြောက်တရားမကင်းသရွေ့ ဘယ်မှာစစ်ပွဲကင်းနိုင်ပါဦးမလဲ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ တိုက်ပွဲတွေ ပြန်ပေါ်လာပါဦးမယ်။

တစ်ဖက်ဖက်က သတ္တိရှိပြလိုက်မှဘဲ ဒီစစ်ပွဲတွေ ရပ်ပါလိမ့်မယ်။ အကြောက်တရားကြောင့် ရန်စောင်နေတဲ့ လူတစ်ယောက်ရဲ့ရှေ့မှာ မကြောက်မရွံ့ဘဲ အေးအေးဆေးဆေးနေပြလိုက်ရင် ရန်ပွဲဆိုတာ ဖြစ်လာစရာ အကြောင်းမရှိတော့ပါ။ တစ်ဖက်သားကို လက်နက်တွေမကိုင်ဖို့ ကြောက်ကြောက်နဲ့ ကြုံးအော်နေမယ့်အစား ကိုယ့်လက်နက်ကို ဘေးပစ်ချပြီး သတ္တိရှိရှိ နေပြလိုက်ရင် အနှေးနဲ့အမြန်ဆိုသလို စစ်ပွဲတွေ ရပ်ကုန်ပါလိမ့်မယ်။ တစ်ဖက်ကို မကြောက်ရတော့ရင် ကိုင်ထားတဲ့လက်နက်တွေက ဘာများအဓိပ္ပာယ်ရှိပါဦးမလဲ။ ကြောက်လွန်းလို့ကိုင်ထားရတဲ့ လက်နက်တွေဟာ မကြောက်ရတော့တဲ့အချိန်၊ ကိုယ်သတ္တိရှိလာတဲ့ အချိန်မှာ အသုံးမလိုတော့ပါ။ စဉ်းစားကြည့်ရင် စားရမယ့်၊ သုံးရမယ့်၊ ဖွံ့ဖြိုးမှုအတွက် ရင်းနှီးရမယ့် ငွေကြေးတွေကို လူသတ်လက်နက်တွေအတွက် ဘယ်သူကများ အကုန်ခံချင်ကြပါလိမ့်မလဲ။ လူသတ်လက်နက်ကြီးကို ဖက်တွယ်ပြီး ဘယ်သူကများ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါလိမ့်မလဲ။ တစ်ယောက်ကိုတစ်ယောက် မကြောက်ကြတော့တဲ့၊ မကြောက်ရတော့တဲ့ အချိန်ရောက်ရင် အဲဒီငွေတွေဟာ အားလုံးရဲ့ဘ၀တွေအတွက် အကောင်းဆုံးအထောက်အပံ့တွေဖြစ်လာမှာ သေချာနေတယ် မဟုတ်ပါလား။

အကြောက်တရားကနေ လွတ်ကင်းဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ်လို့ ဆိုနိုင်ပေမယ့် မဖြစ်နိုင်ဘူးလို့တော့ ကောက်ချက်ချလို့မရပါ။ တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမှာ သေချာနေတဲ့ လောကကြီးဖြစ်တာမို့ တစ်ဖက်စီကသာ လုံလောက်တဲ့သတ္တိနဲ့ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစားရှိကြရင် ဒီနေ့ကမ္ဘာပေါ်မှာ ရှိသမျှ စစ်ပွဲတွေ အားလုံးနိဂုံးချုပ်ပြီး ငြိမ်းချမ်းရေးချိုးသိမ်းငှက်ရဲ့ တောင်ပံခတ်သံတွေကို နေရာတိုင်းမှာ ကြားလာရမှာဖြစ်ကြောင်း ထပ်လောင်းပြီး အသိပေးချင်ပါတော့တယ်။               ။

မကြာခင်ရောက်လာတော့မယ့် ၂၀၁၂ နှစ်သစ်မှာ လူအားလုံးရဲ့ အကြောက်တရားတွေ ကင်းစင်ပပျောက်ပြီး သာယာငြိမ်းချမ်းတဲ့ လောကလူ့ဘောင်သစ်ကို အတူတကွ လက်တွဲဖော်ဆောင်နိုင်ကြဖို့ ၀ိုင်းဝန်းဆုမွန်ခြွေကြပါစို့ . . .

Tuesday, 20 December 2011

ခရစ်စမတ်နဲ့ နှစ်ကူးမှာ . . . ( တက်ဂ်ပို့စ် )

ရာသီအေးအေးမှာ အသာတကြည်ကွေးရင်း
စာစီရေးဖို့ ပျင်းကြောဆွဲနေပါတဲ့ ဦးဟန်ကြည်တစ်ယောက်ဇိမ်တည်နေတာကို မမြင်ရက်၊ မကြည့်နိုင်ပါတဲ့ ရို့စ် က တဂ်စာတစ်ပုဒ်နဲ့ လှုပ်နှိုးလာပါတယ်။ တဂ်စာတွေဟာ ဘလော့ရွာမှာပဲ တွေ့ရတဲ့ ချစ်စရာမေတ္တာလက်ဆောင်တွေဖြစ်တာမို့ ဦးဟန်ကြည်ကတော့ ၀မ်းမြောက်ဝမ်းသာရေးလေ့ရှိပါရဲ့။ ဒါကြောင့် နေ့စဉ်နေ့တိုင်း စာရေးဖြစ်ပေမယ့် ဘလော့ဂ်ပေါ်တင်ရမှာရွံ့နေတဲ့ ဦးဟန်ကြည်ကို “ သူတော်ကောင်း၊ နတ်ကောင်းစောင်မ ” ဆိုတဲ့ စကားအတိုင်း ( စတည်ကတည်းက အပြတ်ယူထားမှ ) ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ အနှီတဂ်စာကို အောက်ပါအတိုင်း မြိုင်မြိုင်ဆိုင်ဆိုင် ရေးချလိုက်ပါသတတ်။

ရို့စ်ရဲ့ တဂ်စာက တစ်မျိုးပါ။ ခေါင်းစဉ်တစ်ခုတည်ပေးပြီး ရေးခိုင်းတာမျိုးမဟုတ်ဘဲ မေးခွန်းတွေဖြေရပါမယ်တဲ့။  
( သူကိုယ်တိုင်ကျတော့ ဖြေမထားပါ။ အတော်တရားတဲ့ ကလေးမ ) ပွင့်ပွင့်လင်းလင်းပြောရရင် မေးခွန်းများများမြင်လိုက်ရင် ဦးဟန်ကြည်ခမျာ မျက်ခုံးခပ်လှုပ်လှုပ်ရယ်ပါ။ ဆေးကျောင်းကို စရောက်ကာစက စိတ်ပညာရေးဖြေမေးခွန်းပေါင်း ၃၂၀ ကို ၂ နာရီအတွင်း ဖြေရတဲ့စာမေးပွဲမှာ ဖုန်းခနဲမြည်အောင်ကျပြီးကတည်းက မေးခွန်းတွေ တသီတတန်းကြီးမြင်ရရင် ဖျားချင်သလိုလို ဖြစ်လာတတ်တာ ဒီနေ့အထိလို့ ဆိုရမယ်ထင်ပါရဲ့။ စိတ်ပညာရေးဖြေမှာက အမှတ်နည်းရင်လည်း ကျသလို၊ ဂုဏ်ထူးထွက်ရင်လည်း ကျတတ်ပါသတဲ့။ အဲဒီစာမေးပွဲမှာ ဂုဏ်ထူးနဲ့ကျခဲ့ပေမယ့် ( အမှတ်နည်းလို့ကျတာထက်တော့ ကြားလို့ကောင်းသပ ) အခုမေးခွန်းတွေမှာတော့ ပေးမှတ်၊ အောင်မှတ်၊ ဂုဏ်ထူးမှတ် သတ်မှတ်မထားတာကြောင့် မျက်စိစုံမှိတ်ပြီး ဖြေလိုက်ရမှာပါ။

ကိုင်း…တဂ်စာတစ်ဖြစ်လဲ တဂ်မေးခွန်းတွေကို အကြောင်းညီညွတ်အောင် နှာခေါင်းဆီဆွတ်ပြီး ဖြေလိုက်ပါပြီ။ ဘောင်းဘီဝတ်ပြီး ဖတ်ကြလေကုန် …

http://4.bp.blogspot.com/_FJ1ycxNG1gU/SVRNTIUdXYI/AAAAAAAAAAc/i81ILSkP9vw/s320/X-Mas19.gif

♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ဟုတ်ကဲ့။ စိတ်လှုပ်ရှားသပ။ စိတ်တင်မကဘဲ ပိုက်ဆံအိတ်ပါ လှုပ်ရှားပေသပေါ့ ဗျာတို့ရယ် ( ကဖိုးငွေ၏ လေသံကို အတုခိုးပြီးရေးသည် )။ အိမ်ရှင်မက ခရစ်ယာန်၊ ဦးဟန်ကြည်က ဗုဒ္ဓဘာသာဝင်ဖြစ်တာမို့ သူ့ပွဲကိုယ့်ပွဲကို အပြန်အလှန် အသိအမှတ်ပြုကြရတာကလား။ ဒီအချိန်၊ ဒီကာလ ရောက်ပြီဆိုမှဖြင့် ခရစ်စမတ်လက်ဆောင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိမ်ရှင်မအတွက် မျက်နှာလုပ်ဖို့ မဟာ့မဟာ အခွင့်အလမ်းကြီး ရတော့တာကိုး။ ကိုယ့်အိမ်ရှင်မကို ကိုယ်ပြန်ပြီး လက်ဆောင်ပေးရတာ ကိုယ့်အိတ်ထဲကိုပြန်ဖိတ်တဲ့ကိစ္စဖြစ်တာမို့ စိတ်မလှုပ်ရှားပဲ နေပါရိုးလား။

♥  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
အိမ်ရှင်မကတော့ ခရစ်စမတ်သစ်ပင်တွေ၊ ကြယ်တွေ၊ မီးလုံးတွေနဲ့ အလှဆင်ချင်ဟန်တူရဲ့။ ထင်းရှူးပင်ပေါတဲ့ဒေသမှာ ခရစ်စမတ်သစ်ပင်ကို အလကားမတ်တင်းရနိုင်ပေမယ့် ဦးဟန်ကြည်တို့ဒေသမှာ ထင်းရှူးပင်အသာထားဦး လက်မောင်းလုံးလောက် သစ်ပင်ကိုတောင် ခွဲစိတ်ဖြတ်တောက်ပြီး ပရိဘောဂလုပ်ပစ်ကြတာမို့ ခရစ်စမတ်သစ်ပင် အတုကိုပဲ သုံးကြရပါရဲ့။ အတုဆိုတာ အစစ်ထက်ဈေးပိုကြီးရိုးထုံးစံရှိပြန်တာမို့ တစ်တောင်ထွာလောက်ပဲမြင့်တဲ့ အနှီပလတ်စတစ်ထင်းရှူးပင် ပိစိကွေးလေးတစ်ပင်ကိုတောင်မှ မြန်မာကျပ်ငွေ ၃ သောင်းလောက်ပေးရတဲ့အပြင် လက်ဆောင်တွေဘာတွေ ချိတ်ရဆွဲရ၊ မီးအလှတွေပါ ဆင်ရသရရင် ဖွတ်ကလိဒင်္ဂါးပေါင်းများစွာ ပလုံစွပ်ဖြစ်မှာမို့ ပေသီးခေါက်ပါရဂူ အိမ်ရှင်မခမျာ ဆိုင်မှာသွားသွားကြည့်ပြီး အာသာဖြေရှာပါသတဲ့။ ( ဒီနှစ်တော့ အိမ်ရှင်မကို မျက်နှာလုပ်ဖို့ သစ်ပင်ကြီးကြီးတစ်ပင်လောက် surprise ၀ယ်ပေးဖို့ ဦးဟန်ကြည် ကြံစည်နေပါကြောင်း )

♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
နှင်းတွေခဲနေတဲ့နေရာကို သွားလည်ချင်သပေါ့ကွယ်။ ဒါပေမယ့် နေတော့မနေချင်ပေါင်။ မနက်စောစော ကိုယ့်အိမ်ရှေ့က နှင်းထုကို ဂေါ်ပြားနဲ့ကျုံးရမယ့် အရေးက အင်မတန်မှ စိတ်ညစ်စရာ ကောင်းတန်ရဲ့။ နှင်းတွေဗွက်ပေါက်ပြီး ညစ်ထပ်ထပ်အရောင်ဖြစ်သွားရင်လည်း အတော့်ကို စိတ်ပျက်ဖို့ကောင်းတာကလား။ ရေငန်သောက် မြက်ခြောက်စားတဲ့ အညာသား ဦးဟန်ကြည်ကတော့ နှင်းကျတာ၊ မကျတာအပထားလို့ ဖွတ်ကလိဒင်္ဂါးများများရတဲ့ ဒေသမျိုးကို ပိုပြီးအာသီသရှိပါသတဲ့။ ဖြစ်နိုင်ရင်တော့ snow flake တွေ ဖွေးဖွေးလှုပ်နေအောင်ကျပြီး မီးရောင်စုံတွေ ထိန်ထိန်ညီး၊ X’mas Carol သံတွေဝေစည်နေတဲ့ ငြိမ်းချမ်းသော ခရစ်စမတ်ညတစ်ညလောက်ကိုတော့ တစ်ခါဖူးလောက် ကြုံဖူးချင်သပ။ ( ပါရမီဖြည့်ချင်သူများထံမှ လေယာဉ်လက်မှတ်ခများနှင့် တည်းခိုစရိတ်များကို ပက်ပက်စက်စက် လက်ခံမည် ဖြစ်ပါကြောင်း )

♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
အနှီခရစ်စမတ်ဆိုတာ သူတကာတွေအတွက် မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ ပိတ်ရက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဦးဟန်ကြည်အတွက်တော့ အစဉ်အလာမပြောင်းဘဲ ခါးညောင်းတဲ့ ဖွင့်ရက်တွေ ဖြစ်ပါရဲ့။ မနက် ၈ နာရီကနေကျောင်းသွား၊ နေ့လည် ၁၂ ကနေ ၁ အထိ ထမင်းစားနား၊ ညနေ ၄ နာရီမှ ကျောင်းလွှတ်၊ ညပိုင်းကို ၅ နာရီကနေ ၉ နာရီအထိ ညပိုင်းအချိန်ပို တက်နေရပြီး စာသင်ချိန်နဲ့ တတ်မြောက်မှု ပြောင်းပြန်အချိုးကျအောင် ပြောင်မြောက်လှတဲ့ ဒီဘက်ဒေသက ကလေးတွေ ခရစ်စမတ်နေ့ တစ်ရက်တော့ နေ့ရောညပါ နားရက်ရကြပါမတဲ့။
( ကျန်တဲ့ရက်တွေကတော့ မနက်တစ်ပိုင်းနဲ့ ညပိုင်းအချိန်ပိုတက်ရမယ်ဆိုပဲ ) အနှီလို နေ့တစ်ပိုင်း နားနေကြရတဲ့ ရတောင့်ရခဲ ပိတ်ရက်မှာ ဒုတိယနှစ်ဝက်စာ သင်ခန်းစာတွေကို ပြန်နွှေးပေးရမယ့် ဦးဟန်ကြည်ခမျာ ခရီးထွက်ဖို့ ဝေလာဝေး မနက် ၅ နာရီခွဲလောက်ကတည်းကစလို့ ညပိုင်း ၈ နာရီလောက်အထိ တစ်ချိန်ပြီးတစ်ချိန် အာပေါက်အောင် စာသင်ရပါကြောင်း။
( ခရစ်စမတ်အားလပ်ရက်မှာ ခရီးယာယီထွက်နိုင်ကြတဲ့ ဖိုးကံကောင်း၊ မယ်ကံကောင်းများကို မနာလိုရှိလှပါဘိတော့ )

♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
ဒီနှစ်မှာတော့ ခရစ်စမတ်ပွဲတော်လာတဲ့ ချစ်မိတ်ဆွေတွေကို ရေတိုက်ပြီး၊ သွားကြားထိုးတံ ဝေလွှတ်ဖို့ စိတ်ကူးထားပါရဲ့။ ( အပြန်မှာ သွားကြားထိုးတံလေးတွေ ကိုက်ပြီးပြန်ကြတော့ အသားဟင်းနဲ့ကျွေးလွှတ်လိုက်လို့ သွားကြားညပ်ကုန်ကြတယ် ထင်စရာပေါ့။ ခရစ်စမတ်ပါတီပွဲကို ပျော်ပျော်ကြီးနွှဲချင်ကြကုန်သော ဘလော့ဂါ ဘလော့ဂီအပေါင်းတို့ ဦးဟန်ကြည်နဲ့ ဆက်သွယ်ကြကုန် )။ ခင်တဲ့သူတွေကိုတော့ လက်ဆောင်မပေးပါရစေနဲ့လား မရွှေရိုစ့်ရယ်။ ဒီလောက်မိတ်ဆွေတွေ များနေမင့်ဟာ။ ရှိစုမယ့်စု စည်းစိမ်လေးပါ ပြုတ်ပြုတ်ပြုန်းရချေရဲ့။ ချစ်တဲ့သူကိုတော့ လက်ဆောင်ပေးရပေသပေါ့။ ( မပေးလို့ ဘယ်ရလိမ့်တုန်း၊ နဂါးမျက်စောင်းထက် ပါဝါပိုများတဲ့ အိမ်ရှင်မမျက်စောင်းနဲ့တိုးရင် ဦးဟန်ကြည်ရဲ့ ဘော်ငွေရောင်ဆံကေသာတွေ ပြောင်တလင်းခါရချေရဲ့။ ) ဘယ်လိုလက်ဆောင်မျိုးပေးသလဲဆိုရရင်ဖြင့် ထုံးစံအတိုင်း မဒမ်ဟန်ကြည် အကြိုက်ဆုံးပစ္စည်းတွေကို တန်းစီစာရင်းပြုစုကြည့်ပြီး ဈေးအကြီးဆုံးအရာကို ရွေးပြီးဝယ်ပေးရပေသပေါ့။ ( ဒီရက်မျိုးမှ မျက်နှာမရရင် တစ်နှစ်ပတ်လုံး မျက်နှာရဖို့လမ်းမမြင်ဘူး မဟုတ်လား။ ဗယ်လင်တိုင်းမှာ အမြန်အစားထိုးရင်တောင် သုံးလေးရက်လောက်ကတော့ အကောက်တော်ဖြည်ရတာနဲ့တင် ဖတ်ဖတ်မောရချိမ့်။ )

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
မိဘအိမ်မှာနေတဲ့အချိန်ကတော့ ခရစ်စမတ်က ကိုယ်နဲ့ဘယ်ဆိုင်လိမ့်တုန်း။  အိမ်ရှင်မနဲ့ တွေ့မှပဲ ခရစ်စမတ်နဲ့ ဦးဟန်ကြည် နဖူးတွေ့ဒူးတွေ့ တွေ့ရတော့ရဲ့။ အိမ်ထောင်သက်ပဲ ကိုးနှစ်ထဲဝင်လာမင့်ဟာ ခရစ်စမတ်အမှတ်တရပေါင်းက တစ်ပြုံတစ်မကြီး ရှိပေသပေါ့။ လွန်ခဲ့တဲ့ ၆ နှစ်က ခရစ်စမတ်ညမှာ တပည့်တွေနဲ့ ထမင်းချက်ပြီး စားဖြစ်ကြတာတော့ မှတ်မှတ်ရရ ရှိလှပါရဲ့။ ( ခရစ်စမတ် အမှတ်တရတွေကို ပို့စ်တစ်ခုရေးဖို့ စဉ်းစားမိတာကြောင့် မေးခွန်းထဲမှာ ထည့်မဖြေလိုက်တာ သည်းခံကြကုန် )


ရို့စ်ရဲ့မေးခွန်းတွေက နောက်ဆက်တွဲ ကျန်ပါသေးတယ်။
ဒီမေးခွန်းတွေကတော့ နှစ်သစ်ကူးမေးခွန်းတွေပဲ ဖြစ်ပါသတဲ့။ ကျောင်းသားတွေကို မေးခွန်းပေါင်းများစွာနဲ့ နှိပ်စက်လေ့ရှိတဲ့ ဦးဟန်ကြည်တစ်ယောက် အခုမှပဲ ကောင်းကောင်းကြီး ၀ဋ်လည်ပါရောလား။ မေးခွန်းတွေကလည်း လူကြီးတွေ အဖြေရကြပ်လှချေရဲ့။ ကိုင်း … ဖြစ်ချင်ရာဖြစ်…ချဲလက်စနဲ့ ဆက်ပြီးချဲကြဦးစို့ရဲ့ …

http://glittermagic.files.wordpress.com/2011/01/happy-new-year.gif

♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
မေးရက်ပါပေ့ကွယ်။ မေးခွန်းသဘာဝကိုလေ့လာကြည့်ရင် အနှီမေးခွန်းက “ ခေါ်မေးခွန်း ” ဖြစ်နေသကိုး။ ဦးဟန်ကြည်ကတော့ “ ရှေးအထက်က၊ အသက်အသွင်၊ ငါချစ်ခင်တဲ့၊ ကြင်သည်းအူ ” အိမ်ရှင်မနဲ့အတူ မန်ယူပွဲလေးတစ်ပွဲလောက်ထိုင်ကြည့်နေချင်သပ။ တဂ်စာရေးရမယ့် ကျန်ပုဂ္ဂိုလ်များလည်း ကိုယ်သန်ရာသန်ရာ ဖြေကြလေကုန်။

♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
ဦးဟန်ကြည်သည် မည်သည့်အခါကမျှ  နှစ်သစ်ကူး countdown မလုပ်ခဲ့ဖူးခဲ့လေရာ အမှတ်တရလည်း မရှိခဲ့ပါလေ ( ဤကား သူကြီးမင်း ကိုကိုမောင်၏ လေသံ )။ များသောအားဖြင့် လဆန်းတစ်ရက်နေ့မှာ ဖြေလေ့ရှိတဲ့ လပတ်စာမေးပွဲအတွက် မေးခွန်းတွေထုတ်ရင်း၊ အဖြေလွှာတွေပြင်ဆင်ရင်း သူ့နှစ်သစ်က သူ့ဖာသာ ကူးသွားပါလေရဲ့။ နှစ်သစ်တစ်ခါကူးတိုင်း အသက်တစ်နှစ်ကြီးလာပြန်တာမို့ အနှီနှစ်သစ်ကို သူ့စရိတ်နဲ့သူ လွှတ်ထားလိုက်တာ ကောင်းရဲ့မဟုတ်ပါလား။ ( နှစ်သစ်မှာ အချစ်စစ်နဲ့ပျော်တဲ့အချိန်တွေကလည်း ကုန်လွန်ခဲ့ပြီကော )
 
♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
 စာမသင်ရ၊ ကျောင်းသားတွေကို မမြင်ရရင် ဖျားချင်၊ နာချင်တဲ့ ဦးဟန်ကြည်ကတော့ အင်တိုက်အားတိုက်ကြိုးစားကြမယ့် ချစ်စရာတပည့်တွေရှိတဲ့ နေရာမျိုးမှာပဲ နှစ်သစ်ရော နှစ်ဟောင်းပါမကျန် ကုန်ဆုံးချင်သပ။ နှစ်သစ်ကူးတစ်ရက်နေ့မှာ ဖြေမယ့် လပတ်စာမေးပွဲမှာ တပည့်တွေ ရမှတ်ကောင်းကောင်းထွက်အောင် ဖြေနိုင်ကြရင်ပဲ စိတ်ကူးထဲမှာတင် သုခဘုံကို ရောက်နေမင့်ဟာ အလည်အပတ်ခရီးနဲ့ သီးသန့်နေရာ ဘယ်လိုလိမ့်မလဲ။

♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
သူ့ဖာသာကူးသွားတဲ့ နှစ်သစ်ကူးကို သတိတောင်မထားမိတတ်တာကြောင့် ဘာ resolution မှ မလုပ်ဖြစ်၊ ဘာဆုံးဖြတ်ချက်မှ မချဖြစ်တာတော့ သေချာပါရဲ့။ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ “ ဒီနေ့ အကောင်းဆုံးကြိုးစားမယ်။ ကျောင်းသားတွေကို အကောင်းဆုံး သင်ကြားမှုပေးမယ် ” လို့ ဆုံးဖြတ်ချက်ချရိုးထုံးစံရှိတာကြောင့် အနှီနှစ်ကူးကျမှ တကူးတက ဆုံးဖြတ်ချက် မချတော့ပါ။ ရို့စ်မြှောက်ပေးလို့ ဆုံးဖြတ်ချက်ချရရင်ဖြင့် ဒီနှစ်အတွင်းမှာ Land Cruiser သုံးစင်းနဲ့ Marcedes ငါးစင်းလောက် ပိုင်ရမယ်လို့ ဆုံးဖြတ်ချက်ချရုံပါပဲ။

♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
နှစ်သစ်ကူးမှာ ကိုယ့်အလုပ်နဲ့ကိုယ် ယားလို့တောင်မှ မကုတ်အားတာကြောင့် ကုန်သွားတာတွေကိုလည်း မနှမြောသလို မရောက်သေးတာကြီးကိုလည်း ရင်မခုန်မိရိုး အမှန်ပါ။ သူ့ဖာသာ သွားချင်သလိုသွား၊ ကုန်ချင်သလို ကုန်မယ့် အနှီအချိန်ယန္တယားကြီးကို ရပ်ထားလို့မှ မရတာကလား။ ရပ်လို့များရခဲ့ရင်ဖြင့်လည်း တက္ကသိုလ်ကျောင်းသားအရွယ် အသက် ၂၀ လောက်ကတည်းက တစ်ခါတည်း အပြီးရပ်ထားလိုက်ပြီပေါ့။ ဘာပဲဖြစ်ဖြစ် နှစ်တစ်နှစ်တော့ ကုန်သွားပြီ၊ ဦးဟန်ကြည်လည်း အသက်တစ်နှစ်ကြီးပြန်ပြီ၊ ဒါပေမယ့် ဂိမ်းဘောမဆိုက်သေးဘူး၊ တစ်နှစ်တာ အတွေ့အကြုံတွေလည်း ရခဲ့ပြီ၊ လာမယ့်နှစ်မှာ ဆံပင်တွေပိုပြီး ငွေရောင်လက်လာဦးမယ်လို့တော့ တစ်ခါတစ်ခါ တွေးပြီးပျော်ပါကြောင်း။

♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ အနှီလိုစိတ်ကူးမျိုး ယောင်လို့တောင်မှ မကူးရဲပါကြောင်း။ စာပို့ဌာနရဲ့ အလုပ်လေးစားမှုကြောင့် နိုဝင်ဘာလဆန်းလောက်က ကြိုတင်ပြီး နှစ်ကူးပို့စ်ကဒ်ပို့ထားမှ နှစ်ကူးလောက်မှာ လိုရာရောက်မှာ သေချာနေပါရဲ့။ ဒါပေမယ့် နိုဝင်ဘာမှာ နှစ်ကူးကဒ်တွေကလည်း ဆိုင်ပေါ်မှာ တင်မရောင်းတာကြောင့် ဆင်ခြေကောင်းကောင်းနဲ့ တစ်ခါမှ မပို့ဖြစ်တာ သေချာပါရဲ့။ e-card ပို့ဖို့ဆိုတာကလည်း အင်တာနက်မရှိတဲ့ တောနယ်တွေက ဆွေမျိုးတွေအတွက် ဘယ်လိုလုပ်ဖြစ်နိုင်လိမ့်တုန်း။ သေချာပေါက်ရောက်ချင်ရင်တော့ လူကိုယ်တိုင်သွားပို့ရမယ့်ကိန်း ဖြစ်တာမို့ အနှီအလုပ်မျိုးကို လူဖြစ်ကတည်းက တစ်ခါမှ မလုပ်ဖူးပါကြောင်း။

♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
၁၉၈၉ ခုနှစ်လောက်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို သက်ဆိုင်ရာက မေးခွန်း ၃၀ ကျော်ပါတဲ့ စာရွက်တွေထုတ်ပေးပြီး အဖြေခိုင်းပါတယ်။ အဲဒီမေးခွန်းတွေကလည်း အတော်ကိုပြောင်မြောက်တဲ့မေးခွန်းတွေဖြစ်တာမို့ မိတ်ဆွေအရာရှိ၊ အရာခံတွေ၊ စာရေး၊ စာချီတွေ တသီတတန်းကြီး တာဝန်ကနေ ရပ်စဲခံကြရပါရောလား။ ( အထုတ်ခံရတယ်လို့ပြောရင် ဘယ်ကောင်းမလဲ ) ဒီမေးခွန်းတွေမှာတော့ အဲဒီလို နည်းဗျူဟာဆင်ထားတာမျိုးမပါတာကြောင့်လည်း ကျောင်းသားတစ်သိုက် သူရို့သင်ခန်းစာတွေနဲ့ ခေါင်းချင်းဆိုင်ပြီး အလုပ်များနေတုန်းမှာ စိတ်အေးလက်အေး ဖြေလိုက်ပါကြောင်း။         ။

Sunday, 18 December 2011

ပါဝါ = လက်နက် ? ပညာ ?

တိုင်းပြည်မငြိမ်းချမ်းတဲ့အချိန်မှာ လက်နက်ရှိသူမှာ ပါဝါရှိတယ်…

http://image.shutterstock.com/display_pic_with_logo/52543/52543,1126393354,6/stock-photo-a-massive-pile-of-guns-mostly-ak-style-rifles-545040.jpg

တိုင်းပြည်ငြိမ်းချမ်းလာရင် ပညာရှိသူမှာ ပါဝါရှိတယ်…

 http://www.setoyaki.net/wp-content/uploads/2011/08/free-money-for-education.jpg

ဦးဟန်ကြည်တို့တိုင်းပြည်က ပညာတတ်လူငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေခဲ့တာကြာပါပြီ။

တခြားနိုင်ငံက ပညာရှင်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် အခွင့်အရေးပိုင်း ၀င်ငွေပိုင်း တန်ဖိုးထားခံရမှုအပိုင်းတွေမှာ အစစအရာရာ ချို့တဲ့နေပြန်တာမို့ စိတ်ပျက်အားငယ်မယ်ဆိုလည်း အားငယ်စရာပါ။ အဆိုးတကာ့အဆိုးဆုံးကတော့ အရေးပါသလောက် အရာမရောက်ကြခြင်း ပါ။ ပညာရှင်တစ်ယောက်ရဲ့ အရေးပါမှုအခန်းကဏ္ဍကို အများက လက်ခံလာကြပြီဖြစ်ပေမယ့် ပညာရှင်တွေရဲ့ အရာရောက်မှုအခန်းကဏ္ဍကတော့ မှိန်ဖျော့နေဆဲပဲ ရှိနေပါသေးတယ်။ ဒါကြောင့်လဲ ပညာရှင်တွေဟာ သူတို့ရဲ့ ပညာကို ထိထိရောက်ရောက် အသုံးချနိုင်ကြမယ့် ပြည်ပတိုင်းပြည်တွေမှာ အလုပ်လုပ်နေကြရပါတယ်။ ပညာတတ်ပြီးသား ခေတ်လူငယ်တွေအတွက် သူတို့ရဲ့ပညာကို တန်ဖိုးရှိရှိသုံးနိုင်မယ့် နေရာတွေမှာ အထိုက်အလျောက်နေရာရအောင် ကြိုးစားနိုင်ကြပေမယ့် ပညာမတတ်ကြသေးတဲ့ လူငယ်တွေမှာတော့ အမြင်မှား၊ အယူအဆမှားတွေကြောင့် ပညာရဲ့ တန်ဖိုးကို အထင်သေးကုန်ကြတာ၊ ပညာတတ်ဖြစ်အောင် ကြိုးစားချင်စိတ်တွေ လျော့နည်းလာနေကြတာ မမြင်ချင့်အဆုံး မြင်နေရပါတော့တယ်။

လက်ရှိကိုယ့်တိုင်းပြည်ရဲ့ အနေအထားအရ ပညာရှင်တွေကို ထိုက်သင့်သလောက် နေရာမပေးနိုင်သေးတဲ့ အချက်တစ်ခုတည်းနဲ့ ပညာရေးကို ဥပေက္ခာပြုဖို့ စိတ်ကူးရင် မှားပါလိမ့်မယ်။
ပညာရှင်တစ်ယောက်ရဲ့ တန်ဖိုးဟာ နေရာ၊ ဒေသကိုလိုက်ပြီး ပြောင်းလဲလေ့ရှိတာကို မေ့ထားလို့မရပါ။ ဒီအချက်ကို လူငယ်တွေသဘောပေါက်စေဖို့ ပုံပြင်တစ်ပုဒ်နဲ့ ဥဒါဟရုဏ်ဆောင်ရပါလိမ့်မယ်။ တစ်ခါက အမှိုက်ကောက်တဲ့ကလေးတစ်ယောက်ဟာ အမှိုက်ပုံတစ်ပုံကိုမွှေရင်းက အရောင်လက်နေတဲ့ ကျောက်ခဲလေးတစ်ခုကို ကောက်ရပါသတဲ့။ ဘာကျောက်မှန်းမသိပေမယ့် တန်ဖိုးရှိမယ်လို့ ခန့်မှန်းနိုင်တာမို့ ကလေးကလည်း အဲဒီကျောက်ကလေးကို ကောက်ယူပြီး ထွက်လာခဲ့ပါလေရော။ လမ်းမှာ ဆိုက်ကားသမားတစ်ယောက်နဲ့ တွေ့တဲ့အခါ ဆိုက်ကားသမားက အဲဒီကျောက်ကို ငွေ ၁၀ ပေးပြီး ၀ယ်လိုက်ပါတယ်။ အဲဒီကျောက်ကလေးဟာ အမှိုက်ကောက်တဲ့ ကလေးရဲ့ လက်ထဲမှာ တန်ဖိုး ၁၀ ရှိသွားပါပြီ။

ဆိုက်ကားသမားကလည်း အဲဒီကျောက်ကို ကုန်စုံဆိုင်တစ်ဆိုင်မှာ သွားပြပြီးရောင်းတဲ့အခါ ဆိုင်ရှင်က ၁၀၀ နဲ့ ၀ယ်လို်က်ပါသတဲ့။ ဆိုက်ကားသမားလက်ထဲမှာ ကျောက်တန်ဖိုးက ၁၀၀ ဖြစ်လာပါပြီ။ ကုန်စုံဆိုင်ရှင်က ကျောက်ပွဲစားဆီမှာ ကျောက်ကိုရောင်းလိုက်ပြန်တော့ ၁သိန်းရပါလေရော။ ဆိုင်ရှင်ရဲ့လက်ထဲမှာ ကျောက်တန်ဖိုးက ၁ သိန်းဖြစ်လာပြီပေါ့။ ကျောက်ပွဲစားက အဲဒီစိန်ရိုင်းတုံးကျောက်ကလေးကို ကျကျနနသွေး၊ အရောင်တင်ပြီး ဈေးကွက်မှာရောင်းလိုက်တဲ့အခါမှာတော့ သိန်းရာကျော်တန်သွားပါတော့တယ်။

အထက်က ဥပမာမှာ ကျောက်ရဲ့တန်ဖိုးက တန်ဖိုးသတ်မှတ်မှု၊ တန်ဖိုးသတ်မှတ်မှုပေါ်မူတည်ပြီး အဆင့်ဆင့်ပြောင်းလဲသွားတာ တွေ့ပါလိမ့်မယ်။ ဒါကြောင့် တန်ဖိုးသတ်မှတ်ချက်နဲ့ ပတ်သက်ပြီး စိတ်ပျက်နေစရာ မလိုလှပါ။ တန်ဖိုးဆိုတာ သတ်မှတ်သူနဲ့ပဲ ဆိုင်တာမဟုတ်ပါလား။ ကိုယ်ကိုယ်တိုင်က စိန်ဖြစ်နေဖို့က အရေးအကြီးဆုံးပါ။ တန်ဖိုးကိုနားလည်တဲ့ နေရာမှန်ကို ရောက်လာတဲ့အချိန်မှာ ထိုက်တန်တဲ့ တန်ဖိုးရလာမှာ သေချာနေပြီးဖြစ်ပါရဲ့။ ဒါကြောင့်လဲ ရှင်တော်ဘုရားက “ ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံ ” လို့ ဟောညွန်ပြတော်မူခဲ့တာပါ။

ဦးဟန်ကြည်တို့ရဲ့တိုင်းပြည်မှာ ပညာရှင်ကို ထိုက်သင့်တဲ့ တန်ဖိုးထားမှုမပေးနိုင်သေးတာ မငြင်းနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ပြန်ရင်လည်း မြေရှင်ပဒေသရာဇ်စနစ်က အစချီပြီး ဒီဘက်ခေတ်အထိ အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ် နေခွင့်ထိုင်ခွင့်ရတဲ့ အချိန်ပိုင်းကလည်း အင်မတန်ရှားပါးခဲ့ပါတယ်။ ပဒေသရာဇ်ခေတ် တစ်ခေတ်လုံး နယ်မြေလုတိုက်ပွဲ၊ နန်းလုတိုက်ပွဲ၊ ဂုဏ်သိက္ခာတိုက်ပွဲတွေနဲ့ တိုက်ပွဲပေါင်းများစွာကြားမှာ လူးကာလှိမ့်ကာ ဖြတ်သန်းခဲ့ရတဲ့ ဦးဟန်ကြည်တို့ တိုင်းပြည်ပါ။ အင်္ဂလိပ်လက်အောက်၊ ဂျပန်လက်အောက်ရောက်ပြန်တော့လည်း တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို အရယူနိုင်ဖို့ မဆုံးနိုင်တဲ့ တိုက်ပွဲတွေ တိုက်ကြရပြန်ပါသေးတယ်။ လွတ်လပ်ရေးရပြန်တော့လည်း နိုင်ငံရေးခံယူချက်ကြောင့် ဖြစ်ရတဲ့ စစ်ပွဲတွေနဲ့ ကြုံရပြန်ပါတယ်။ ဒါတွေပြီးပြန်တော့လည်း လူမျိုးရေး နားလည်မှုလွဲမှားမှုတွေကြောင့် ဖြစ်နေခဲ့တဲ့ တိုက်ပွဲတွေက ဒီနေ့အထိ မဆုံးနိုင်သေးပါ။ ခပ်ရှင်းရှင်းပြောရရင် တိုက်ပွဲတွေကြားထဲမှာ မသေရုံတမည် ရုန်းနေကန်နေရရှာတဲ့ ဦးဟန်ကြည်တို့ရဲ့ တိုင်းပြည်ပဲ ဖြစ်ပါတော့တယ်။

ဒီလိုတိုက်ပွဲတွေကြားထဲမှာ ဘယ်တိုင်းပြည်မဆို ခွန်အားဗလကြီးမားတဲ့သူ၊ လက်နက်ရှိတဲ့လူတွေကို ဦးစားပေးကြရမှာပါ။ လက်နက်ပိုင်တဲ့လူတွေကပဲ တိုင်းပြည်ကို ဦးဆောင်ကြမှာပါ။ ကမ္ဘာ့ရာဇ၀င်မှာ ဘယ်တိုင်းပြည်ကိုကြည့်ကြည့် ဒီသဘောတရားဟာ မလွဲနိုင်တဲ့ နိယာမတရားပဲ ဖြစ်ပါတယ်။ ဒီလိုမှမလုပ်ပြန်ရင်လည်း တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ ဘယ်မှာဖြစ်နိုင်ပါလိမ့်မလဲ။ ဒါပေမယ့် တိုင်းပြည်ငြိမ်းချမ်းပြီး တည်ငြိမ်မှုရလာတဲ့ အချိန်မှာတော့ တိုင်းပြည်ကို ထူတောင်ဖို့အရေးမှာ ပညာရှင်တွေ၊ ပညာတတ်တွေဟာ အရေးကြီးပုဂ္ဂိုလ်တွေ ဖြစ်လာပါလိမ့်မယ်။ ဒီပညာတတ်တွေဟာ တိုင်းပြည်ရဲ့ အရေးကြီးနေရာဌာနတွေမှာ တာဝန်ယူခွင့် ရကိုရလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် တည်ငြိမ်မှုကို တည်ဆောက်ဖို့ လက်နက်အင်အားလိုသလို တိုးတက်ဖွံ့ဖြိုးမှုကို တည်ဆောက်ဖို့ ပညာလိုအပ်နေလို့ပါ။ ဒီအချိန်ဒီကာလကို ရောက်မလာဘဲ အလဟဿပျက်စီးသွားတဲ့ တိုင်းပြည်ရယ်လို့ ကမ္ဘာ့သမိုင်းမှာတောင်မရှိခဲ့ဘဲ ဦးဟန်ကြည်တို့တိုင်းပြည်ကျမှ ပညာတတ်တွေဟာ အနာဂတ်ကာလတွေအထိ အောက်ကျနောက်ကျနေကြရမယ်ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့ အကြောင်းအရာပဲ မဟုတ်ပါလား။

လက်နက်ခေတ်ကြီးမှာ လက်နက်ကိုင်သူဟာ အင်အားကြီးတယ်ဆိုပေမယ့် လက်နက်ကိုင်ဖို့ဆိုတာ ပင်ပန်းတကြီးဖန်တီးယူရတဲ့ အရေးကိစ္စမဟုတ်ပါ။ ဒါကြောင့် အဲဒီကာလမျိုးမှာ ပါဝါရဖို့ဆိုတာ ခဲခဲယဉ်းယဉ်းမဟုတ်ပါ။ နှစ်ပေါင်းများစွာ အရင်းတည်ပြီးကြိုးစားဖို့လည်း မလိုပါ။ မိုက်မိုက်ကန်းကန်း လုပ်ရဲတဲ့ သတ္တိလေးကို အရင်းတည်၊ လူစုပြီး လက်နက်ကိုင်ရုံနဲ့တင် လုပ်ပိုင်ခွင့်နဲ့ အာဏာပါဝါက ပြေးမလွတ်နိုင်တာ သေချာနေပါရဲ့။ ဒါပေမယ့် တည်ငြိမ်မှုရလာတဲ့ ငြိမ်းချမ်းရေးကာလမှာလိုအပ်တဲ့ ပညာလက်နက်ကိုရဖို့ဆိုတာကတော့ အဲဒီလောက် လွယ်လွယ်ကူကူနဲ့ မရနိုင်ပါ။ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှု၊ အချိန်ကာလ၊ စိတ်ဓာတ်၊ ဇွဲစတာတွေ ရင်းနှီးမြှုပ်နံမှ ရနိုင်ပါရဲ့။ ဒါတင်မကဘဲ ပညာရေးဟာ တစ်ကိုယ်ရည်ကြိုးစားမှုကို အခြေခံထားပြန်တာမို့ အုပ်စုအားကိုးနဲ့ ၀ူးဝူးဝါးဝါးလုပ်နေရုံနဲ့လဲ ရနိုင်တာမဟုတ်ပါ။ လိုအပ်လာချိန်ရောက်မှ ချက်ချင်းထလုပ်ယူလို့လည်း မရနိုင်ပါ။ ဒါကြောင့် ဒီနေ့ဒီအချိန်ကတည်းက ကြိုကြိုတင်တင် ကြိုးစားထားမှပဲ ဖြစ်ပါလိမ့်မယ်။ ဒါမှလည်း လိုအပ်လာတဲ့ အခြေအနေမှာ အဆင်သင့်ဖြစ်နေမယ် မဟုတ်ပါလား။

http://29.media.tumblr.com/tumblr_lnhm5jOHS31qe6w2qo1_500.jpg

ခေတ်ဆိုတာ ရပ်တန့်နေတဲ့အရာမဟုတ်ပါ။ အချိန်တွေ တဖြည်းဖြည်းနဲ့ကုန်သွားသလို၊ အသက်တွေ တဖြည်းဖြည်းကြီးပြင်းလာနေသလို ခေတ်ကြီးကလည်း ပြောင်းလဲနေမှာပါ။ ဘယ်အရာမှ အမြဲဆိုးသွမ်းပျက်စီးနေတယ်ဆိုတာ မရှိရိုးအမှန်ပါ။ အနိစ္စတရားရဲ့ နိယာမအောက်မှာ အဆိုးနဲ့အကောင်းဟာ တစ်လှည့်စီနေရာရစမြဲဖြစ်တာကြောင့် ငြိမ်းချမ်းလာတဲ့အချိန်လည်း အနှေးနဲ့အမြန် ရောက်လာပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူး၊ မတွေ့ဖူး၊ ရန်မဖြစ်ဖူးဘဲနဲ့ အကြောင်းမဲ့သက်သက် သတ်ဖြတ်နေကြရတဲ့ လုပ်ရပ်မျိုးကို ဘယ်သူတွေကများ မက်မက်စက်စက် တစ်သက်လုံးလုပ်ကြပါလိမ့်မလဲ။ သူ့အသက်ကို ကိုယ်သတ်သလို ကိုယ့်အသက်ကို သူများသတ်မှာ စိုးရိမ်နေရတဲ့ ဘ၀မျိုးမှာ ဘယ်လူမျိုး၊ ဘယ်လူတန်းစားကများ မြတ်နိုးပါ့မလဲ။ အနှေးနဲ့အမြန်ဆိုသလို ရောက်လာဦးမယ့် ငြိမ်းချမ်းရေးကာလမှာ တိုင်းပြည်ကို ထူထောင်ဖို့ ပညာတတ်တွေကို နေရာမပေးချင်လို့ လုံးဝမဖြစ်နိုင်ပါ။ အဲဒီအချိန်အခါမျိုးရောက်ရင်သာ ပညာတတ်ခေတ်လူငယ်တွေဘက်က ဆင်ခြေဆင်လက်တွေမပေးကြဘဲ တိုင်းပြည်အတွက် လိုအပ်တဲ့နေရာတွေမှာ အင်တိုက်အားတိုက် နေရာဝင်ယူပြီး ရွှေနိုင်ငံရဲ့ ဂုဏ်သိက္ခာကို အမြင့်ဆုံးမြှင့်တင်ဖို့ အရေးကြီးလှပါတယ်။

ဒါကြောင့် ထိုက်သင့်သလောက် နေရာမပေးနိုင်သေးတဲ့၊ နေရာမရသေးတဲ့ ဒီနေ့အချိန်အခါမှာ ပညာတတ်ဖြစ်ပြီးတဲ့ လူငယ်တွေကလည်း ကိုယ့်ပညာ၊ ကိုယ့်သိက္ခာကို သူများသတ်မှတ်ပေးတဲ့ ဈေးပေါ်မူတည်ပြီး စိတ်ဓာတ်ကျ၊ စိတ်ညစ်နေတာမျိုး မဖြစ်စေဘဲ ကိုယ့်တန်ဖိုးကို ကိုယ့်ဖာသာမြှင့်တင်ပြီး စိတ်ဓာတ်ကို မြင့်မြင့်မားမားထားဖို့၊ ပညာမတတ်သေးတဲ့လူငယ်တွေကလည်း မျက်တောင်မွှေးတဆုံးကိုပဲ မကြည့်ဘဲ အနာဂတ်အတွက် အရင်းအနှီးဖြစ်တဲ့ ပညာရေးကိစ္စကို အားသွန်ခွန်စိုက်ကြိုးစားဖို့ တိုက်တွန်းချင်ပါရဲ့။    ။

ပုံတွေကို Google ကနေ ရှာထားပါတယ် . . .

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger