Wednesday, 30 January 2013

ချစ်သောအညာ ( ၂ ) . . .




ဘာပဲဖြစ်ဖြစ် တိုင်းရင်းဆေးဆရာတွေဟာ ဦးဟန်ကြည်တို့ အညာကျေးတောသားတွေအတွက်တော့ အားကိုးအားထားပြုစရာ အစစ်အမှန်တွေပေါ့လေ။

သည်ကြားထဲမှာ စုန်းတို့ ပယောဂတို့ဆိုတာကလည်း အညာရွာတွေရဲ့ ဖက်ရှင်တစ်ခု။ နတ်ကတော်ဆိုတာကလည်း ရွာတိုင်းမှာ မရှိမဖြစ်။ ရှေးအဖိုးကြီး အမယ်ကြီးတွေပြောစကားအရ ရွာတစ်ရွာတည်ရင် ပညာသည်(စုန်း)က ဘယ်နှစ်ယောက်၊ အရပ်ပျက်က ဘယ်နှစ်ယောက်ဆိုတာ ရှိရတယ်ဆိုကိုး။ ဘယ်သူဘယ်ဝါက ပညာသည်လို့များပြောရင် မောင်ဟန်ကြည်တို့ခမျာ ညနေမိုးချုပ်ရင် အနှီအိမ်ရှေ့က မဖြတ်ရဲတော့တဲ့အထိ။ ဇော်ဂနီတို့ ဇော်ဂနက်တို့ ဆယ့်နှစ်ကြိုးတို့ဘာတို့နဲ့ ပညာသည်မျိုးကလည်း စုံတကာကိုစေ့လို့။ သည်ကြားထဲမှာ ချေးစားစုန်းဆိုတာက ရှိသေး။ မောင်ဟန်ကြည်တို့အဘွားအိမ်နဲ့ လမ်းခြားတဲ့ မျက်နှာချင်းဆိုင်အိမ်က အဒေါ်ကြီးက ချေးစားစုန်းဆိုလို့ မောင်ဟန်ကြည်တို့မှာ ညဘက်ဆို အနှီအိမ်ဘက်ကို ကြည့်တောင်မကြည့်ရဲတဲ့အထိ။ ညဘက်ညဘက်ဆို အနှီအိမ်ဘက်က စုန်းတောက်စားတဲ့ မီးလုံးတွေ မြင်ရတယ်လို့ အဘွားက ပြောပြန်တော့ ဘာပြောကောင်းမလဲ အနှီအိမ်ဘက်က မီးရောင်မြင်ရင်ကို မောင်ဟန်ကြည်တို့မှာ ဖင်ကိုသီနေရော။ တကယ်တော့လည်း အညာထုံးစံအတိုင်း ဆောင်းညတွေမှာ မီးဖိုထဲ မီးထည့်ပြီး လှုံတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ သည်ကြားထဲမှာ ဘယ်သူဘယ်ဝါကို ပညာသည်ပြုစားလို့ ဆေးဆရာနဲ့ ပညာပြိုင်နေကြတယ်ဆိုရင် ကြောက်ကြောက်နဲ့ သွားသွားချောင်းရတာအမော။

အသက်လေးရလာလို့ ပညာသည်တွေနဲ့ ပတ်သက်တဲ့ ဟာသတစ်ပုဒ်ကြားရမှပဲ ကိုယ်ငယ်ငယ်က အကြောက်သန်ခဲ့တာ တွေးပြီး ရယ်ပွဲဖွဲ့ဖြစ်ပါသေးရဲ့။ အနှီဟာသထဲမှာ ပညာသည်နဲ့ ဂိုဏ်းဆရာနဲ့ ပညာပြိုင်ကြသတဲ့။ ဆရာက အိတ်ထဲကနေ ဆေးတစ်လုံးထုတ်၊ ဂါထာစုတ်ပြီး ပညာသည်ရဲ့ မျက်နှာကို ပေါက်ထည့်လိုက်တာ ၀ုန်းခနဲမြည်ပြီး ပညာသည်ဖန်ဆင်းထားတဲ့ အကောင်က ပိုကြီးလာသတဲ့။ တပည့်လုပ်တဲ့လူက ဟုတ်ပါ့မလားဆရာဆိုတော့ ဆရာက ရပါသကွာ နောက်ထပ်ဆေးတစ်လုံးရှိပါသေးတယ်လုပ်ရော။ အနှီလိုနဲ့ နောက်ထပ်တစ်လုံးနဲ့ ထပ်ပေါက်လိုက်ပြန်တော့ စောစောကလိုပဲ ၀ုန်းခနဲမြည်ပြီး အကောင်က ပိုကြီးလာပြန်ပါရော။ တပည့်ကတော့ ပြေးဖို့ ခြေလှမ်းတပြင်ပြင် ဖြစ်နေပြီပေါ့လေ။ ဆရာဖြစ်သူက အသာနေစမ်းပါကွာ ငါ့မှာ နောက်ဆုံးဆေးလုံးရှိပါသေးတယ်ဆိုပြီး လွယ်အိပ်ထဲက နောက်ဆုံးဆေးလုံးထုတ်ပြီး ပေါက်ထည့်လိုက်တာ ၀ုန်းခနဲမြည်ပြီး ပညာသည်ဖန်ဆင်းထားတဲ့ နာနာရုပ်လည်း ပြာကျသွားပါလေရောတဲ့။ အနှီတော့မှ တပည့်လုပ်သူက ဆရာ့မျက်နှာကို တလေးတစားကြည့်ပြီး စွမ်းလိုက်တာ ဆရာရယ်…ဒါနဲ့ ဆရာ့နောက်ဆုံးဆေးက ဘာနဲ့စီရင်ထားသလဲလို့မေးတော့ ဆရာက ငါးသလဲထိုးပြုံးပြုံးပြီး “ ငါ့တပည့် ဘယ်သူ့မှတော့ မပြောလေနဲ့…အနှီနောက်ဆုံးဆေးလုံးက လက်ပစ်ဗုံးကွဲ့” လို့ မိန့်ပါသတဲ့။ အနှီတော့မှပဲ သည်သိပ္ပံခေတ်ကြီးမှာ လက်ပစ်ဗုံးထက်ပိုစွမ်းတဲ့ လက်နက်တွေ ပေါ်နေတာကို မစဉ်းစားမိဘဲ ပုဂံခေတ်လက်ကျန် ပညာသည်ကို အကြောက်ပိုခဲ့မိတဲ့ ကိုယ့်အဖြစ်ကို ပြန်တွေးရင်း ရှက်နေမိသေး။

နတ်ကတော်ဆိုတာကလည်း အညာမှာတော့ အထင်ကရ။ တစ်ခုခုလုပ်မယ့်ကိုင်မယ့်ပြင်တိုင်း နယ်တော့်ရှင်၊ ရွာတော့်ရှင်တွေကို ပသကြ၊ တင်မြှောက်ကြရတာကိုက အညာထုံးစံ။ စပါးအထွက်တိုးအောင်လို့ ပုန်းမကြည်ကို ပသရသလို၊ မိုးရွာစေချင်ရင် မိုးခေါင်ကျော်စွာကို ပူဇော်ကြဖို့လည်း ၀တ်မပျက်။ တစ်ချို့များ ထမင်းစားရင်တောင် ပထမဦးဆုံး ထမင်းဆုပ်ကို အပေါ်မြှောက်ပြီး နတ်တော့်ရှင်၊ ရွာတော့်ရှင်တွေကို အရင်ပသလိုက်သေး။ နေမကောင်းထိုင်မသာဖြစ်ပြန်ရင်လည်း နတ်မကြိုက်တာ ဘာများလုပ်ထားလိုက်မိသလဲလို့ အရင်တွေးကြရသေးတာ။ ရွာထိပ်က နတ်စင်သွားပြီး ကွမ်းတစ်ရာ၊ ငွေတစ်မတ်နဲ့ နတ်ကိုးလိုက်ရင် ကိုးဆယ့်ခြောက်ပါးသော ရောဂါတွေကို ရှောင်နိုင်ကွင်းနိုင်မယ်လို့ အယူကရှိကြပြီးသား။ အလုပ်အကိုင်တွေ အဆင်မချောရင်လည်း ဆန်တစ်ပြည်၊ ငွေတစ်မတ်နဲ့ ရွာနတ်ကတော်ဆီသွားပြီး နတ်မေးကြတဲ့သူတွေချည်း။ ဒါတင်ဘယ်ကလိမ့်တုန်း။ တစ်နှစ်မှာတစ်ခါလောက်တော့ အိမ်မှာ နတ်ပွဲကလေးပွဲထိုးလိုက်ရမှ နေသာထိုင်သာ ရှိကြတဲ့လူတွေ။ မောင်ဟန်ကြည်တို့ အဘိုးကတော့ နတ်ကို အယုံအကြည်မရှိလေတော့ အိမ်မှာပွဲထိုးတယ်ဆိုရင် တဘက်ကလေး ပုခုံးတင်ပြီး တော်ရာကို ရှောင်ထွက်သွားတာချည်း။ မေမေနဲ့ အဘွားကတော့ မိန်းမတွေပီပီ နတ်ဆိုလည်း ယုံပြီးသား။ မောင်ဟန်ကြည်တို့ကတော့ ဘာပဲဖြစ်ဖြစ် နတ်ပွဲဆိုတာ စားစာရာတွေ အလျှံပယ်တွယ်ရတာမို့ ခပ်ကြိုက်ကြိုက်။

မေမေ့ရွာက နတ်ကတော်က အသက်၆၀၀န်းကျင်။ ဖြူဖြူသန့်သန့် ဥပဓိကောင်းကောင်း။ အနေအထိုင်ကလည်း ပိပိရိရိ ရှိပါဘိသနဲ့။ ဘာပဲဖြစ်ဖြစ် သူကလည်း ရွာမှာ လူကြည်ညိုခံပုဂ္ဂိုလ်စာရင်းဝင်ကိုး။ အဘွားတို့အိမ်မှာ နတ်ပွဲထိုးရင် နတ်ကတော်အဘွားရောက်လာပြီး တဘက်ကလေးပုခုံးတင်၊ ကျုံ့ကျုံ့ရုံ့ရုံ့ကလေးထိုင်ပြီး ဦးသုံးကြိမ်ချ။ တအောင့်လောက်ကြာလို့ တုန်တုန်ယင်ယင်ဖြစ်လာပြီဆိုရင် နတ်တစ်ပါးပါးတော့ ၀င်ပြီဆိုတဲ့သဘော။ အောင်မယ် နတ်ကလည်း သူ့စီနီယာနဲ့သူရယ်။ ဘယ်သူပြီးမှ ဘယ်သူဝင်ရမယ်ဆိုတာ သူ့အစီအစဉ်နဲ့သူ။ မှတ်မိသလောက်တော့ အနှီနတ်တွေ ပင့်လိုက်ပြီဆိုရင် မ၀င်ဘူး၊ မကြွဘူးဆိုတာ တစ်ခါမှကို မရှိတာ။ တာဝန်ကျေချက်ကတော့ လွန်သေး။ ဦးဟန်ကြည်တို့ အစိုးရ၀န်ထမ်းတွေနဲ့များ ကွာပါ့။ တခုတ်တရ ပင့်ရပြုရတာတောင် အနှီမောင်မင်းကြီးသားတွေက မကြွချင်ကြွချင် လုပ်ကြသေးတာ။ နတ်တစ်ပါးဝင်ပြီဆိုတာနဲ့ သူကြိုက်တတ်တာလေးဆက်ပြီး ဆန္ဒရှိတာလေးတွေ မေးကြမြန်းကြ။ နတ်များကလည်း သိသိနိုင်လွန်း။ ဘာမေးမေး အကုန်သိတာချည်း။ ထီးပျောက်၊ ဖိနပ်ပျောက်တာကအစ သူအကုန်သိသဗျား။ မောင်ဟန်ကြည်တို့ကတော့ ယောက်ျားသားပီပီ သူရို့နတ်တွေကို အယုံအကြည်ကို မရှိတာ။ သို့ပေမင့် နတ်ပင့်နေတဲ့အချိန်မှာတော့ မရိုမသေ မလုပ်ရဲပေါင်။ မိဘဘိုးဘွားရဲ့ ယုံကြည်မှုဆိုတာ ပျက်ရယ်မပြုကောင်းတဲ့ အရာကိုး။ ပြောမယ့်သာပြောရတယ် ခပ်ငယ်ငယ်ကတော့ အနှီလိုအတွေးမျိုး ဘယ်ဝင်လိမ့်တုန်း။ နတ်ကိုကြောက်တာထက် မေမေနဲ့ အဘွားကို လန့်လို့ အသာကုပ်နေရတာကလား။ နတ်ပွဲပေးနေတုန်း ဗလွတ်ရွှတ်တ ပြောလိုက်မိလို့ နတ်ကိုင်ဖို့က မသေချာဖူးထား မေမေနဲ့ အဘွားလက်ချက်နဲ့ ဗိုက်ခေါက်ပုပ်ဖို့ကတော့ ရာခိုင်နှုန်းများများ သေချာပြီးသား။

မောင်ဟန်ကြည်တို့ မိဘတွေ ပင့်ကြဖိတ်ကြတာ ဘာနတ်တွေရယ်လို့တော့ မသိပေါင်။ သူရို့နတ်တွေက ဟိုအသားမစားနဲ့ သည်အသားမစားနဲ့လို့ ပညတ်တာတွေတော့ မကြားချင့်အဆုံး။ ခြေတိုသားတွေ မစားနဲ့လို့ချည်း စွတ်မှာနေတာတော့ အခုထိ မှတ်မိပါရဲ့။ ခြေတိုသားဆိုတာက ၀က်သားကို ခေါ်တာကိုး။ ခက်တာက အညာမှာ တခုတ်တရစားကြတဲ့ ဟင်းကောင်းကျွေးကောင်းထဲမှာ ၀က်သားဆိုတာက ထိပ်တန်း။ တစ်ခုခုဖြစ်လို့များ နတ်ကတော်ကို မမေးလေနဲ့။ နင်တို့ခြေတိုသားတွေစားတာကိုးလို့ချည်း စွတ်နှိပ်တော့တာရယ်။ ဘယ်သူမဆို ၀က်သားစားဖူးတဲ့လူချည်းဆိုတော့ ဟုတ်နိုးနိုးနဲ့ မျက်လုံးလေးတွေ ပေကလပ်ပေကလပ်လုပ်ရင်း ဇက်ကလေးတွေကို ပုလို့။ အညာသူအညာသားဆိုတာက အနှီလောက်ကို ရိုးကြ အကြရှာတာကလား။ အိမ်ထဲမှာ စိုက်ထားတဲ့ ဟိုအပင်က ခိုက်တယ်၊ သည်အပင်က စီးပွားမဖြစ်ထွန်းဘူးလို့ နတ်ကတော်က ပြောတာနဲ့ ခုတ်ပစ်ထစ်ပစ်လိုက်ကြဖို့ ၀န်မလေး။ ပြောရမယ်ဆိုရင် ရွာဦးကျောင်းက ဘုန်းကြီးထက်တောင် နတ်ကတော်က ပိုပြီး သြဇာကြီးသေး။ ဘုန်းကြီးက သဘောကောင်းတယ်တဲ့၊ နည်းနည်းပါးပါး ပြေပြေလည်လည် လျှောက်ရင် ခွင့်လွှတ်သတဲ့။ နတ်ကတော့ သူ့စိတ်နဲ့ မတည့်ရင် ဘယ်သူ့မှ ညှာတာမဟုတ်ဘူးတဲ့။ အနှာကြောင့် နတ်ကို မရိုမသေ မလုပ်ကြနဲ့ဆိုတာ အဘွားရဲ့ လက်သုံးစကား။ မောင်ဟန်ကြည်တို့ကတော့ ရုပ်သေလေးတွေနဲ့ နားထောင်ရင်း စိတ်ထဲက ကျိတ်ပြီးပြုံးကြတာပေါ့လေ။

ခပ်ငယ်ငယ်ကျောင်းသားဘတုန်းက အဘွားတို့အိမ်အလည်သွားလို့ ညဘက်မှာ စာကြည့်ရင် အခန်းထောင့်က နတ်စင်ကို အရင်ကြည့်ရသေးတာ။ နတ်စင်မှာကာထားတဲ့ အနီရောင်လိုက်ကာလေးကို အသာပိတ်လိုက်ပြီးမှ စာကျက်လို့ ဖြောင့်တာကလား။ အနှီလိုက်ကာမပိတ်ဘဲ ဖယောင်းတိုင်ထွန်းပြီး စာကြည့်နေတာကို အဘွားတွေ့လို့ကတော့ ခေါင်းမှာ အာလူးသီးထဖို့ သေချာနေသကိုး။ တစ်ခါတစ်ခါကျတော့ သူ့ဖာသာသူတောင် အနှီလောက် ကြောက်တတ်နေတဲ့နတ်ကို အဘွားတို့က ဘာကြောင့်များ ကြောက်နေသလဲဆိုတာ စဉ်းစားလို့ကို မရခဲ့ပေါင်။ မောင်ဟန်ကြည်ကတော့ နတ်ဆိုရင် ဒိုးနတ် Dough nut ကလွဲပြီး ကျန်တဲ့နတ် တစ်နတ်မှကို စိတ်မ၀င်စားတာ။ မှတ်မိသေးတယ်။ အိမ်တစ်အိမ်ကို မီးလောင်သွားတော့ အိမ်ရှင်မက  ဘာကြောင့်မီးလောင်ရသလဲဆိုတာကို နတ်ကတော်ဆီမှာ ပွဲတစ်ပွဲထိုးပြီး မေးသတဲ့။ အနှီမှာ နတ်က နင်တို့ငါ့ကို မရိုမသေလုပ်လို့ အိမ်ကိုမီးနဲ့တိုက်ပစ်တာလို့ သဟောက်သဟ လုပ်ပါလေရော။ တစ်ခွန်းပြီးတစ်ခွန်း အနှီစကားချည်း အပ်ကြောင်းထပ်လာတော့ ကြားပြင်းကတ်လာတဲ့ အိမ်ရှင်ယောက်ျားက “ ဟဲ့ ခွေးသူတောင်းစားရဲ့ ငါ့အိမ်ကို မီးနဲ့တိုက်တော့ နင်ပါ မီးထဲပါသွားရောမဟုတ်လား…ဒါများ စကားကြီးစကားကျယ်နဲ့ သဟောက်သဟလုပ်နေရသေးသလား ” လို့ ထဆဲမှပဲ နတ်လည်း အသာကုပ်သွားပါလေရော။ အံမယ် အနှီတစ်ယောက်ကိုကျတော့ နတ်ခမျာ မကိုင်ရဲရှာဘူး။ “ လူကြမ်းကို နတ်ကြမ်းမနိုင် ”ဆိုတဲ့ စကားပုံလေး ထုတ်သုံးပြီး ရှောင်လင်နတ် လုပ်ပစ်လိုက်ကြရော။ နတ်ကွက်ကလည်း မြင့်တော့ အမြင့်သား။           ။

ဆက်ပါဦးမယ် . . .

Saturday, 26 January 2013

ချစ်သောအညာ ( ၁ ) . . .

ဦးဟန်ကြည်က အညာသား စစ်စစ်ကြီး . . .

 အညာသားစစ်လိုက်သမှ ရေငန်သောက် မြက်ခြောက်စားတဲ့ ကျေးတောသားသာသာ။ လူဖြစ်လာခဲ့တဲ့ ဒေသကိုက တကယ့်ချောင်ကလောင်က တောမြို့။ မြို့ကလည်း မြို့မည်ကာမတ္တ။ အနှီတော့ မောင်ဟန်ကြည်ကလေးလည်း လူမည်ကာမတ္တဘ၀နဲ့ လူဖြစ်လာခဲ့လေသတည်းပေါ့။ သည်ကြားထဲမှာ ဦးဟန်ကြည်ရဲ့ မေမေက မြို့ဆင်ဖြေဖုံးရွာက ဇနုပုဒ်သူဖြစ်နေပြန်တော့ တောသားသွေးကလေးက စွက်လိုက်သေး။ မေမေ့ဘက်က အဘိုး၊ အဘွားတွေက အနှီဇနပုဒ်မှာပဲ ခေါင်းချတဲ့အထိ နေသွားကြပြန်တော့ မောင်ဟန်ကြည်ပေါက်စဘ၀တုန်းက နွေရာသီ ကျောင်းပိတ်ရက်တိုင်း အဘိုးအဘွားအရိပ်ကို ခိုလှုံရင်း တင်းပြည့်ကျပ်ပြည့် ရွာသားဖြစ်ကရော။ အောင်မယ်…အနှီလို ရွာသားသွားလုပ်တော့လည်း ရွာခံတွေက မောင်ဟန်ကြည် ပုလုကွေးကို မြို့သားလို့ သတ်မှတ်ကြသဗျ။ တောင်စပ်စပ် မြောက်စပ်စပ်နဲ့ အဘိုး၊ အဘွားတွေရဲ့ လယ်တွေ၊ ကိုင်းတွေထဲကို အလည်အပတ်လိုက်သွားရင် လယ်သမားတွေ၊ လယ်သူမတွေက “ မြို့သား…အသားတွေ မည်းကုန်တော့မှာပဲ…လယ်ထဲ မဆင်းနဲ့လေ… ” လို့ ကရုဏာသက်တဲ့လေသံနဲ့ တားကြ ဆီးကြသေးတာရယ်။ ပြောမယ့်သာပြောရတယ် မောင်ဟန်ကြည်ရဲ့ အသားအရည်ကလည်း အနှီအရွယ်ကတည်းက ချောကလက်ရောင်ပေါက်ပြီးသား။

ဦးဟန်ကြည်တို့ အညာဆိုတာ တကယ့်မိုးခေါင်ရေရှားဒေသကြီး။ နေပူ၊ ဖုန်ထူဆိုတော့ သန်းထွန်းလေးရဲ့ “ ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်တာ မြင်ယောင်သေးတော့သည် ”ဆိုတဲ့ သီချင်းစာသားနဲ့ အံကိုက်။ တောသူတောင်သားအများစုက မိရိုးဖလာ ဓားမဦးချ လယ်သမား၊ ယာသမားတွေချည်း။ ဘိုးဘေးစဉ်ဆက်က နွားနဲ့ဖက်ပြီး လယ်ထဲမှာပျော်ခဲ့ကြတဲ့လူတွေဆိုတော့ သည်အလုပ်ကလွဲပြီး ကျန်တဲ့အလုပ်ကို မလုပ်တတ်တဲ့လူတွေ။ လယ်သမားဆိုတဲ့ ဘ၀ကလည်း တကယ့် နှဲသမားပါးလို ဖောင်းလိုက်ပိန်လိုက်။ စပါးလေးပေါ်လို့ ငွေကလေးရွှင်ကြရင် ရွှေလေးတွေဝယ်၊ အလှူတွေပေးကြ။ စိုက်ချိန်ပျိုးချိန်ရောက်လာရင် ရွှေလေးတွေပြန်ရောင်းကြ၊ ဟိုကသည်က ချေးကြငှားကြနဲ့ တစ်နှစ်တာ စာရင်းချုပ်လိုက်ရင် ဇယဇယပဲကိုး။ ( အနှီ ဇယဇယဆိုတာက ဦးဟန်ကြည်တို့ ဒေသသုံးစကား၊ အနက်ပြန်ရရင် ဒုံရင်းအစ်စ် ဒုံရင်းလို့ အဓိပ္ပာယ်ရသဗျား ) ပြောရရင် အညာက လယ်သမားခမျာ ဖင်ထဲကို ရွှံ့ဝင်တာကလွဲပြီး ကျန်တာကတော့ ဘာမှကို မက်လောက်စက်လောက်စရာ မရှိတဲ့ဘ၀။ လည်လည်ပတ်ပတ်ရှိတဲ့ တောသားတစ်ချို့ကတော့ လယ်တွေကိုင်းတွေ နားတဲ့အချိန်ရောက်ရင် ရှမ်းပြည်ဘက်သွားပြီး လက်ဖက်ခူးတဲ့လူကခူး၊ ကချင်ပြည်က ဖားကန့်ဘက်တက်ပြီး ကျောက်တူးတဲ့လူက တူးကြသပေါ့။ သို့ပေမင့် သူတို့ခမျာလည်း ထူးထွေပြီး ကြီးပွားသွားကြတာမဟုတ်။ ကံကောင်းထောက်မလို့ ကျောက်ကလေးဘာလေး ပွင့်ရင်တော့လည်း တိုက်ကလေးဘာလေးတည်ပြီး တောသူဌေးဘွဲ့ခံကြတာပေါ့လေ။ သို့ပေမင့် အနှီလိုလူဆိုတာကလည်း တစ်သိန်းမှ တစ်ယောက်။ ဘယ်ရွာ ဘယ်အရပ်က ဘယ်သူဘယ်ဝါကတော့ ကျောက်ပွင့်သတဲ့ဆိုတာ အညာသားတွေရဲ့ ပါးစပ်ဖျားမှာ မစားရ၀ခမန်း ပြောကြတဲ့ စကား။ သေချာတာကတော့ အညာသားဆိုတာ မသေရုံစား၊ နွားနဲ့ဖက်ရုန်းပြီး မရေရာတဲ့ အိပ်မက်တွေနဲ့ အသက်ဆက်နေကြတဲ့ လူတွေချည်းပါ့။

လယ်သမားအလုပ်ဆိုတာကလည်း အမြင်မသက်သာသလို တကယ်လုပ်ကြည့်ရင်လည်း တကယ်ပမ်းတဲ့အလုပ်မျိုး။ ထယ်ထိုး၊ လယ်ထွန်၊ ပျိုးထောင်၊ ပျိုးနှုတ်၊ ကောက်စိုက်၊ စပါးရိတ် တစ်ခုမှ သက်သာတဲ့အလုပ်ကို မပါတာ။ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ဆိုတဲ့ ဆောင်ပုဒ်ကြီးပေါ်နေခဲ့တာသာ နှစ်ပေါင်း ၄၀ ၀န်းကျင်ရှိသွားတယ်။ လယ်သမားကတော့ နွားနဲ့ဖက်ပြီး ရုန်းကောင်းတုန်း။ သည်ကြားထဲမှာ စပါးရိတ်ရင်း ပိုးထိ ( အညာခေါ်ပေါ့လေ အမှန်တော့ မြွေကိုက်တာပါပဲ…အညာသားထုံးစံက မြွေကို မြွေလို့ မခေါ်ဝံ့ဘူးကိုး..အနှီတော့လည်း မြွေဆိုတဲ့ စကားလုံးအစား အကောင်ရှည်တို့၊ ပိုးတို့ အစားထိုးပြီး ခေါ်ကြသပေါ့…ပဲလင်းမြွေသီးကိုတောင် ဗုံလုံသီးလို့ နာမည်ပြောင်းထားရတာကိုပဲကြည့် ) ပြန်ရင်လည်း မာလကီးယားဖို့က ခပ်များများ။ စကားစပ်လို့ပြောရရင် မြွေဆိုတဲ့အကောင်မျိုးက ပူပြင်းစိုစွတ်တဲ့ အနေအထားကို အင်မတန်ကြိုက်တဲ့ သတ္တ၀ါ။ စပါးပင်ဆိုတာကလည်း ဖုံးတုံးလုံးတုံး အရွယ်ရောက်လာရင် အပေါ်မှာသာ ကိုင်းချင်းယှက်၊ ခက်ချင်းနွှယ်နေပေမယ့် အပင်ခြေရင်းမှာတော့ မြွေနေသာအောင် ရှင်းနေတာကိုး။ အနှီတော့လည်း လည်ရှည်တွတ်ပီဖိနပ်တောင် မ၀ယ်နိုင်တဲ့ ကျောမွဲလယ်သမား ပိုးထိတာ ဘယ်ဆန်းလိမ့်တုန်း။ စပါးရိတ်ပဟေ့ဆိုရင် ဘယ်သူပိုးထိလို့၊ ဘယ်ဝါပိုးထိလို့ဆိုတာ မကြားချင့်အဆုံး။ စပါးပင်ကို လက်နဲ့ဆုပ်ပြီး တံစဉ်နဲ့ ရိပ်မယ်လုပ်ရင်း စပါးဆုပ်နဲ့အတူ ပိုးကောင်ပါ ထည့်ဆုပ်လိုက်မိတဲ့အနေအထားမှာ ဘယ်လောက်ကိုက်သားကောင်းမယ်ဆိုတာ စဉ်းစားသာကြည့်ပေရော့။

ဦးဟန်ကြည်တို့ အညာမှာတော့ ကျန်တဲ့မြွေထက် မြွေပွေးပိုများတာ အမှတ်ထင်ထင်ရှိပါရဲ့။ မြွေစိမ်းတို့၊ ငန်းစောင်းတို့ရှိပေမင့် အညာသားက အနှီအကောင်တွေကို မြွေလို့တောင် မှတ်တာမဟုတ်ဘူးရယ်။ လင်းမြွေလိုအကောင်မျိုးကတော့ ဟင်းအိုးထဲရောက်တာ ခပ်များများ။ မြွေအကြောင်းပြောရင်း ဦးဟန်ကြည်တို့ အမျိုးမကင်းတဲ့ အညာသားတစ်ယောက် မြွေဖမ်းတာ သတိရမိပါရဲ့။ တစ်ရက်သားတော့ အနှီအညာသားက လယ်ထဲဆင်းဖို့သွားရင်း လမ်းမှာမြွေတစ်ကောင်တွေ့တော့ ဟင်းစားရပဟဲ့ဆိုပြီး အမြီးကို အတင်းဆွဲတာကိုး။ မြွေဆိုတဲ့ သတ္တ၀ါကလည်း ခြေထောက်သာမရှိတာ အနှီလို ဆွဲလို့ကတော့ ဘယ်ဟာနဲ့ ဘယ်လို ကုပ်ကပ်တွယ်ထားတယ်မသိဘူး နည်းနည်းမှကို ဆွဲလို့မရတဲ့အမျိုး။ အညာသားကလည်း သွားရည်တမြားမြားနဲ့ ခြေစုံကန်ပြီးဆွဲ မြွေကလည်း အသက်လုပြီး ရုန်းရင်းနဲ့ တရွေ့ရွေ့နဲ့ သွားလိုက်တာ တွင်းဝကို ရောက်ပါလေရော။ မြွေက တွင်းထဲကို တရွေ့ရွေ့နဲ့ ၀င်သွားလိုက်တာ တစ်ဝက်လောက်လဲရောက်ရော အခြေအနေမှန်ကို သဘောပေါက်သွားတဲ့ အညာသားက ခါးကြားမှာ ထိုးထားတဲ့ ဓားမတိုကို အသာထုတ်၊ တွင်းပြင်မှာတန်းလန်းကျန်နေသေးတဲ့ မြွေရဲ့ကိုယ်လုံးပိုင်းကို ဖြတ်ယူခဲ့ပြီး “ ကိုင်း…နင့်ဟာနင် ပူစပ်ပူလောင် ဘယ်လိုနေရစ်နေရစ်…ငါကတော့ တစ်နပ်ချက်ရပြီဗျား ” လို့ ကြွေးကြော်ပြီး အိမ်ပြန်လာခဲ့ပါလေရောတဲ့။ အထဲက မြွေခမျာ အတော်အခံရခက်လိုက်မယ့် ဖြစ်ခြင်း။ သို့ပေမင့် အနှီမြွေက သဘောကောင်းတဲ့ လင်းမြွေဖြစ်ပေလို့သာပေါ့။ မြွေပွေးသာဆိုရင် ဘယ်လွယ်လိမ့်တုန်း။

မြွေပွေးဆိုတဲ့ အကောင်မျိုးက တုတ်တုတ်တိုတိုနဲ့ အရုပ်က ခပ်ဆိုးဆိုး။ သွားပြန်ရင်လည်း တရွေ့ရွေ့နဲ့ လေးလေးလံလံ။ များသောအားဖြင့် ဟိုချောင်သည်ချောင်မှာ ခွေနေတာက ခပ်များများရယ်။ လူလာရင်လည်း ထမပြေးဘဲ အရိပ်အခြေကြည့်ပြီး ချောင်းနေတဲ့အကောင်ဆိုတော့ မမြင်မစမ်းနဲ့ တို့မိထိမိရင် အတွယ်ခံရဖို့ များသကိုး။ မြွေပွေးများ ဘယ်လောက်မြန်သလဲဆိုရင် ခေါင်းနားဖြတ်ပျံတဲ့ ယင်ကောင်ကိုတောင် မလွတ်တန်း ပေါက်ချနိုင်တယ်ဆိုကိုး။ လည်ပင်းကို တံဇဉ်နဲ့ ဖြတ်မိလို့ ခေါင်းပြတ်သွားရင်တောင် အနှီခေါင်းပြတ်က ကိုက်နိုင်သေးတာရယ်။ အနှီလောက် မြန်ရတဲ့ကြားထဲမှာ အဆိပ်ကလည်း ပြင်းသေးတာဆိုတော့ လယ်ထဲမှာ နေကုန်တဲ့ အညာသားနဲ့ လယ်ထဲမှာပျော်တဲ့ မြွေပွေးဆိုတာ ပဏာကို စားလို့။ ပိုးထိပဟဲ့ဆိုရင် မြွေပွေးဖြစ်ဖို့က ၇၅ရာခိုင်နှုန်းအထက် သေချာပြီးသား။

မြို့ကြီးပြကြီးမှာဆိုရင်တော့ မြွေကိုက်ရင် အထူးကုဆေးခန်းကြီးတွေ ပြေးကြမှာပေါ့။ သို့ပေမင့် ဦးဟန်ကြည်တို့ အညာမှာတော့ တိုက်နယ်ဆေးရုံလေး ပိစိကွေးမှာ ဆေးကမစုံ၊ ၀ါးကမစုံ။ သည်ကြားထဲမှာ ဆရာဝန်ဆိုတဲ့ ကိုယ်တော်မြတ်တွေကလည်း မြို့ပေါ်မှာပဲ ကျက်စားကြလေတော့ အညာသားလယ်သမားရဲ့ အားကိုးရာဟာ မြန်မာတိုင်းရင်းဆေးဆရာတွေချည်းပါ့။ ဗိန္ဓောဆရာဆိုပေမင့် အထင်မသေးလေနဲ့။ မြွေကိုက်ကုမှာတော့ အနှီဆရာတွေကို ယှဉ်နိုင်တဲ့လူ ခပ်ရှားရှား။ ဦးဟန်ကြည်တို့ မေမေရဲ့ ဇာတိရွာက ဆရာနက်ကျော်ဆိုတာ မြွေနဲ့ပတ်သက်ရင် ထန်းလုံးလောက်ကြီးတဲ့ မြွေကိုက်ရင်တောင် အဖတ်တင်အောင် ကုနိုင်သဗျား။ တစ်ခါသားမှာ လယ်သမားတစ်ယောက်ကို ပိုးထိလိုက်တာ ဖနောင့်ကြော ( ပထမကြော )ကို အားပါးတရ တွယ်ထည့်လိုက်တာမို့ သွေးချင်းချင်းနီအောင် စီးကျနေပေမင့် ဆရာနက်ကျော်ကုလိုက်တာ တစ်ညအိပ်ပြီး နောက်ရက်မှာ လူကောင်းပကတိ ဖြစ်ပါလေရော။ သူ့နည်းက ဆန်းတော့ ခပ်ဆန်းဆန်းရယ်။ မြွေကိုက်တဲ့လူနာကို ရေမသောက်ခိုင်းဘဲ ရင်ပူတိုင်း အုန်းရည်ချည်း လှိမ့်တိုက်တာကိုး။ သူ့ဆေးကလည်း အတော်ပူဟန်တူပါရဲ့။ သူ့စကားနားထောင်ပြီး တစ်ရက်နဲ့ တစ်ည ရေမသောက်ဘဲ နေရင်တော့ ကိုက်သမျှ အကုန်ရှင်တာချည့်။ အနှီလောက် ကျေးဇူးကြီးပေမင့် ဆေးဖိုးဝါးခရယ်လို့ သတ်သတ်မှတ်မှတ် မရှိပေါင်။ အညာထုံးစံ ပြောင်းဖူးဖက်ဆေးလိပ်ကလေး တစ်တွဲလောက်နဲ့ ကန်တော့လိုက်ရင်ကို ကျေနပ်ပြီးသား။ ဦးဟန်ကြည်တို့ M.B,B.S ကြီးတွေနဲ့များ ကွာချက်။

 တိုင်းရင်းဆေးဆရာတွေနဲ့ ပတ်သက်ပြီး စကားစပ်မိလို့ ပြောရရင် ဦးဟန်ကြည်တို့ အနောက်တိုင်းဆေးပညာပေတံနဲ့ တိုင်းကြည့်လို့ မရတာတွေချည့် တွေ့ရမယ် ထင်ရဲ့။ မောင်ဟန်ကြည် နှစ်တန်းကျောင်းသားလောက်အရွယ်က နွေရာသီကျောင်းပိတ်ရက်မှာ ထုံးစံမပျက် အဘွားတို့ရွာက ဘုန်းကြီးကျောင်းမှာ သင်္ကန်းစည်းပြီး စာဝါလေးဘာလေး လိုက်ရတာကိုး။ အနှီရွာမှာက ကဆုန်ညောင်ရေသွန်းပွဲဆိုတာက တကယ့်အထင်ကရ။ ရဟန်းရောလူပါ အမျှော်ကြီးမျှော်ကြရတဲ့ ပွဲကြီး။ ဖြစ်ချင်တော့ ညောင်ရေသွန်းပွဲမတိုင်ခင် တစ်ပတ်လောက်မှာ ကိုရင်ဟန်ကြည်ခမျာ ပလောင်ရုပ်ပေါက်ပြီး ပါးလုပ်ရောင်ပါလေရော။ ပါးနှစ်ဖက်လုံး ဖိုးဝရုပ်လိုဖောင်းကားပြီး မျက်လုံးပါပိတ်လုပိတ်ခင်ဖြစ်လာတော့ ဖိုးလှချင် ကိုရင်ဟန်ကြည် မျက်လုံးပြူးပြီပေါ့လေ။ အနှီတော့ မြို့ပေါ်က ဟိုဆေးခန်းပြေး၊ သည်ဆေးခန်းပြေးနဲ့ လေးငါးရက်လည်းကြာရော ဖင်ကျိန်းတာကလွဲပြီး ပလောင်ရုပ်က မပျောက်။ ရေသွန်းပွဲမတိုင်ခင် တစ်ရက်အလိုမှာတော့ ကိုင်းမဖြစ်ဘူးဆိုပြီး ရွာထဲက ဓားမန်းဆရာတစ်ယောက်ဆီကို ဆေးလိပ်လေးတစ်တွဲနဲ့ ကယ်ပါယူပါ သွားလုပ်ရတော့တာကိုး။ အနှီဆရာကတစ်မျိုး။ ကျန်တဲ့ရောဂါတွေ ဘာတစ်ခုမှ မကုနိုင်ပေမယ့် ပလောင်ရုပ်ကိုတော့ အပီနိုင်သဗျား။ ကိုရင်ဟန်ကြည်ရဲ့ ပါးဖောင်းဖောင်းနှစ်ဖက်ကို သင်တုန်းဓားနဲ့ စတိသဘောခြစ်ခြစ်ပြီး ဥုံတွေ သြောင်းတွေစုံတောင် မန်းမှုတ်ပေးလိုက်တာ တစ်ညအိပ်ပြီး နောက်ရက်မနက်လည်းလင်းရော ပါးနှစ်ဖက်စလုံး အရေခွံခွာချလိုက်သလို အကောင်းပကတိဖြစ်နေပါလေရော။

ပြောရရင်တော့ ဦးဟန်ကြည်တို့ အညာသားဆိုတာ အနှီတိုင်းရင်းဆေးဆရာတွေ အားကိုးနဲ့ မြွေမကြောက် ကင်းမကြောက် နေကြထိုင်ကြသူတွေချည်းပေါ့။ ဇက်ကြောထိုး၊ ခေါင်းအုံပြီး ကိုယ်လက် မအီမသာဖြစ်ရင် ဆေးဆရာအိမ်သွားပြီး နှာကလေးတစ်တို့လောက် ရှူလိုက်ရုံနဲ့တင် အိုခေမှာ စိုပြေနေရော။ “ နှာ ” လို့ ပြီးလွယ်ပိုင်လွယ်ခေါ်ကြတဲ့ နှာရှူဆေးကလည်း အမျိုးမျိုး ရှိသေးတာရယ်။ တစ်ခါသားမှာ မောင်ဟန်ကြည်ကလေး ခေါင်းကိုက်နေလို့ ဆေးဆရာအိမ်ချီတက်သွားတော့ ဆေးဆရာက သူ့သားတော်မောင်ကို အိမ်အပေါ်ထပ်ကနေ နှာတစ်မျိုးယူလာဖို့ လှမ်းမှာပါလေရော။ သူ့သားတော်မောင် ယူလာတဲ့ နှာရှူဆေးအမှုန့်တွေကို မောင်ဟန်ကြည်လက်ဝါးထဲ ထည့်ပေးပြီး အဘထကြော်ငြာထဲကလို ခပ်ပြင်းပြင်းသာ ရှူထည့်လိုက်လို့ ညွှန်ကြားချက်ပေးတော့ မောင်ဟန်ကြည်လည်း ရှူးခနဲမြည်အောင် တစ်ချက်တည်း အသားကုန်ရှူထည့်လိုက်တာ “ အောင်မလေးဗျ ” လို့ တစ်ချက်ပဲ အော်နိုင်ပြီး ထိုင်နေတဲ့ မြင်းခုံ ( အကာမပါ၊ လက်တန်းမရှိတဲ့ ခြေလေးချောင်းတပ် ခုံတန်းရှည် )ပေါ်ကနေ နောက်ကိုပက်လက်လန်ကျသွားပါလေရော။ သောက်ကျိုးနည်း ပြင်းလိုက်တဲ့ နှာ။ နှာခေါင်းထဲမှာ အပ်နဲ့ဆွနေသလားအောက်မေ့ရသကိုး။ နှာရည်တွေ တတွေတွေစီးကျပြီး မသက်မသာခံစားနေရတဲ့ မောင်ဟန်ကြည် မြေကြီးပေါ်မှာ လေးဘက်ထောက်နေတာကိုမြင်မှ ဆေးဆရာလည်း မျက်လုံးပြူးမျက်ဆံပြုးနဲ့ သူ့နှာဗူးကို ပြန်ကြည့်လိုက်ပြီး မျက်လုံးပြူးသွားပါလေရော။ မပြူးနေရိုးလား။ သားတော်မောင်ယူလာတဲ့ နှာက အပြင်းတကာ့ အပြင်းဆုံးနှာဖြစ်နေတာကိုး။ အနှီတော့မှ မောင်ဟန်ကြည်လည်း နှာဆိုသည်မှာ အမျိုးမျိုးရှိပေ၏ ဆိုတဲ့ နီတိကို နှာခေါင်းနဲ့ ရင်းပြီး ရင်ထဲအထိရောက်သွားတာ သည်နေ့အထိ။

ဆေးဆရာတွေနဲ့ ပတ်သက်တဲ့ အညာသားတွေရဲ့ အဖြစ်သနစ်တွေကလည်း စုံပါ့ဗျား။ ကြုံတုန်း ဆက်ပြောလိုက်ဦးမှ။ တစ်ညသားမှာ မေမေ့ရွာက မိန်းမတစ်ယောက် သူ့အခါလည်သားကလေးက ညကြီးသန်းခေါင်မှာ တဗြဲဗြဲထငိုတယ်ဆိုကိုး။ အမေလုပ်တဲ့လူက မှောင်ကြီးမည်းမည်းမှာ အနှီးထုပ်ကို ဆွဲယူပြီး ကလေးကို နို့တိုက်တော့ ကလေးက မစို့ဘူးတဲ့ဗျား။ အနှီမှာတင် ပျာယာခတ်သွားတဲ့ ကလေးအမေလည်း အိပ်ရာကနေ ရုပ်ခနဲထပြီး ဆေးဆရာအိမ်ဘက်ကို သုတ်ချေတင်ပါလေရော။ ဆေးဆရာအိမ်ရောက်တော့ ဆေးဆရာ ဆရာကျားကို ငိုကြီးချက်မနဲ့ နှိုးပြီး သူ့ကလေးက တစ်ငိုတည်းငိုနေပေမယ့် နို့မစို့တဲ့အကြောင်းပြောသတဲ့။ စဉ်းစားရကြပ်သွားတဲ့ ဆရာကျားလည်း အနှီးထုပ်ကို အသာလှပ်ကြည့်လိုက်ပြီး “ ဟဲ့ မသာမရယ် နင့်ကလေးကို ခေါင်းကနေနို့မတိုက်ဘဲ ဖင်ကနေ နို့တိုက်မှတော့ ကလေးက ဘယ်လိုလုပ်စို့မလဲဟဲ့ ” လို့ ငေါက်တော့မှ ကလေးအမေလည်း ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြေးပါလေရောတဲ့။ ဦးဟန်ကြည်တို့ အညာသားများ တစ်ခုခု ဖြစ်လိုက်ပဟဲ့ဆိုရင် ရာဇ၀င်ကိုတွင်ရော။      ။

ဒုတိယပိုင်း ဆက်ပါဦးမယ် . . .


တောင်းပန်ခြင်း . . .
စာမေးပွဲရက် နီးလာတာနဲ့အမျှ တပည့်တွေအတွက် ပြင်ဆင်ပေးစရာတွေနဲ့ အလုပ်များနေရတဲ့ကြားမှာ ရှိစုမဲ့စု ကွန်ပျူတာတွေအကုန် အင်တာနက်ပြဿနာပေါ်နေတာမို့ သည်ရက်ပတ်တွေအတွင်းမှာ မိတ်ဆွေတွေရဲ့ ဘလော့တွေဆီကို အရောက်အပေါက်နည်းနေတာကို အနူးအညွတ်တောင်းပန်ပါရစေ။ အချိန်ရရင်ရသလို စာကြွေးတွေ လိုက်ဆပ်ဖို့လည်း ဆုံးဖြတ်ချက်ချထားပေမယ့် အခုထိ အကောင်အထည် မဖော်နိုင်သေးတာကိုလည်း ၀န္ဒာမိပါ။ “ ပေါက်ကြီး ” အခန်းဆက်တွေကို ရေးထားပြီးပေမယ့် စိတ်တိုင်းမကျသေးတာကြောင့် ဆက်မတင်ဖြစ်သေးတာကိုလည်း ခွင့်လွှတ်ကြပါဦး။ ဘလော့ဂါတွေရဲ့ ဘလော့ပို့စ်တွေဆီ အရင်ကလောက် မရောက်နိုင်၊ မရောက်အားပေမယ့် စိတ်ကတော့ အမြဲရောက်ဖြစ်နေသလို ဘလော့ဂါတွေအားလုံးကိုလည်း လေးလေးစားစား၊ ခင်ခင်မင်မင်နဲ့ ထာဝစဉ် သတိတရရှိနေပါကြောင်း ထပ်လောင်းပြီး ပြောပါရစေဗျား . . . ။             ။

Sunday, 6 January 2013

လွဲလွဲလေးလည်း မှားပါတယ် . . .


“ စကား စကားပြောပါများ . . . စကားထဲက ဇာတိပြသတဲ့
အနှီလိုပဲ အမှားအမှား မှားပါများ . . . အမှားတွေက မှန်ကုန်ကြပါလေရော . . . ”

သည်ဘက်ခေတ်ကာလ ဒွန္တယာကြီးမှာ ခေတ်မီသူတိုင်း မှားကြသည်လို့တောင် ဆိုရိုးသစ်ထုတ်ရမယ်ထင်ပါရဲ့။ ဟိုနားကြည့်လည်းမှား သည်နားကြည့်လည်းမှားနဲ့။ အများပေါင်းများစွာနဲ့ ဗလချာရမ်းပြီး ဗလပွတ်ကို လည်နေပါရောလား။ အောင်မယ်…မှားချင်သလောက်မှား ဆောရီးဆိုပြီးစတမ်းဆိုတော့လည်း တယ်နိပ်တဲ့ ခေတ်ကြီးကိုး။ အနှီလိုမျိုးသာ ဆောရီးလုပ်တိုင်း အိုခေမှာစိုပြေကြေးဆိုရင်ဖြင့် လှည်းသားငါးရာနဲ့ တစ်ကြိမ်တစ်ခါတည်း ဖောက်ပြား၊ မှောက်မှားခဲ့တဲ့ ခင်ကညာတစ်ပါးကလည်း သဘောကြီးထားမယ့်သူကို ဆောရီးစကားဆိုလိုက်ရုံနဲ့တင် အဆင်ချောကြရုံပါ့။ မြင်ရ မြင်ရ ရင်ဝမချမ်းသာ၊ ကြားရ ကြားရ နားဝ မချမ်းသာတဲ့ ဦးဟန်ကြည်ကတော့ “ ဆောရီးတစ်လုံး ရေလဲသုံး အဆုံးနိဗ္ဗူတာ . . . ” ဆိုတဲ့ သံဝေဂ သံပေါက်တစ်ခုထုတ်ပြီး ငရဲချည်း လစ်ချင်စိတ်ပေါက်လာပါရောလား။

သို့ပေမင့် ငရဲကလည်း သည်ဘက်ခေတ်မှာ ဗီဇာကြိုလျှောက်စရာမလိုတော့ဘဲ ဆိုက်ရောက်ဗီဇာထုတ်ပေးပြီး လာသမျှလူဟူအားလုံး အဆင်ချောအောင် စီမံပေးလိုက်ပြန်တော့ ငရဲလားကြတဲ့ ပုဂ္ဂိုလ်တွေ သောက်သောက်လဲ ဖောင်းပွလွန်းနေလို့ အ၀ီစီအောက်မှာ အဏီဇိဆိုတဲ့ တိုးချဲ့ငရဲသစ်ဆောက်ယူရဆိုကိုး။ အနှီငရဲသစ်မပြီးမချင်း ဦးဟန်ကြည်တို့လို သကောင့်သားတွေကို ဒွန္တယာကြီးမှာ ပျော်သလောက် ငရဲရှာခွင့်ပေးထားတာမို့ မိုးလင်းမိုးချုပ် ငရဲအလုပ်တွေ ပျော်ပျော်ကြီးလုပ်ခွင့်ရနေပါရဲ့ဗျား။ စုထားတဲ့ ငရဲဘယ်လောက်များသလဲ မမေးလေနဲ့။ ဂိုထောင်သာတည်ထားလို့ရရင် အနှီဂိုထောင်တစ်ခုတည်းနဲ့တင် ရပ်ကွက်တစ်ကွက်စာ မြေနေရာ ကုန်ရချေရဲ့။ အနှီလောက်များတဲ့ ငရဲတွေ ဘယ်ကများရပါသလဲဆိုတာ သိချင်ပြန်ရင်လည်း အဖြေက အဆင်သင့်။ မျက်စိကျဉ်းပြီး ဖင်ခေါင်းကျယ်တော်မူကြတဲ့ သူတော်ကောင်း၊ သူမြတ်လောင်းတို့ ကိန်းအောင်းမွေ့လျော်ရာ ရွှေပြည်ကြီးကိုသာ အရောက်လှမ်းခဲ့ဖို့ ဖိတ်မန္တက ပြုလိုက်ရုံနဲ့တင် အဖြေကရှင်းပါလိမ့်မဗျား။

မျက်စိနှစ်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကတည်းက အပေါက်အလမ်းမတည့်တာတွေချည်း တွေ့နေရမင့်ဟာ ဘယ်ကုသိုလ်စိတ်က ဖြစ်နိုင်ပါလိမ့်တုန်း။ ဘယ်နားကြည့်ကြည့် ဘုရားကအောက် မျောက်ကအထက်၊ ဘုန်းကြီးရူးနဲ့ လှေလူးချည်း တွေ့နေရတော့ မြင်သမျှက ဒေါမနဿ ဖြစ်စရာတွေချည်း။ ဘုန်းကြီးကျောင်းတွေ ကြည့်လိုက်ပြန်ရင်လည်း အာဝါဒေး ခေါင်းစဉ်တပ်ပြီး လောင်းကစားဝိုင်းတွေမှ သောက်သောက်ကိုရိုက်လို့။ မနက်အရုဏ်တက်လို့ ဆွမ်းလောင်းဓမ္မာရုံက ဖွင့်လိုက်တဲ့သီချင်းကလည်း သားစိုးသီချင်းနဲ့ ဂျောက်ဂျက်သီချင်း၊ ပြီးရင် ဓမ္မာရုံက မိုက်ခဲလေဒီများက သူရို့ဓမ္မာရုံက ဘယ်လိုလှူကြောင်း၊ ဘယ်လောက် တက်ကြွကြောင်း၊ တစ်မြို့လုံးမှာ သူရို့ပဲ အတော်ဆုံး အကောင်းဆုံးဖြစ်ကြောင်း မဏ္ဍပ်တိုင် ဖက်တက်ပြနေကြတာ နားကြားပြင်းကို ကတ်ရော။ ပြီးရင် လုပ်ပါလိမ့်ဦးမယ်။ သားရှင်ပြုတဲ့ ပဗဇ္ဇမင်္ဂလာပွဲမှာ တဖွင့်တည်းဖွင့်တာက ပီပါဟိန်း ( ပီပါလောက်ရှိတဲ့ ခန္ဓာကိုယ်ကြီးကို တရမ်းတည်းရမ်း၊ တစ်ခါတည်းခါပြီး ကြော်ငြာဝင်နေတဲ့ အနှီချာတိတ်မကို ဗီဗာဟိန်းလို့ ခေါ်နိုင်ပေါင်ဗျာ ) ရဲ့ နတ်သီချင်း၊ လုပ်တာက သာသနာပြုတဲ့အလှူပွဲ၊ ဖွင့်နေတာက “
အရက်သမားမှန်ရင် ယှဉ်ပြိုင်ကာ သောက်လိုက်ချင်တယ်၊ ကြက်သမားမှန်ရင် ယှဉ်ပြိုင်ကာ တိုက်လိုက်ချင်တယ် ” ဆိုတော့ ကိုင်း . . . ဦးဟန်ကြည် ငရဲပွားတာ လွန်အံ့မထင်။

ငရဲနဲ့ ခန္တီစဆိုတာကလည်း အလွှာပါးပါးလေးပဲ ခြားပြန်တာမို့ ကိုယ့်တရားနဲ့ကိုယ် နေရင်ရပါ့ဗျားလို့ တရားချချင် ချလို့ရနိုင်ပေမယ့်
လူသားဖြစ်တဲ့ ဦးဟန်ကြည်ခမျာမှာတော့ လူထဲကလူ မည်ကာမတ္တ၊ လူဖြစ်ဆန်းရုံသာသာမို့ ငရဲပြီးရင်း ငရဲချည်း ဖြစ်နေပါလေရော။ အနှီငရဲတွေ အသာဘေးချိတ်ပြီး သင်တန်းချိန်စဖို့ ထွက်လာပြန်ရင်လည်း ငရဲနဲ့ ဘယ်လွတ်လိမ့်တုန်း။ ဦးထုပ်မဆောင်းဘဲ မောင်းလာတဲ့ ဆိုင်ကယ်သမားကို မော်တော်ပီကယ်က ဆောင့်ကန်တာတွေ့လိုတွေ့၊ သုံးလေးတန်းအရွယ်ကျောင်းသားလေးတွေ လက်ထဲမှာ စီးကရက်ညှပ်ပြီး လမ်းလျှောက်လာတာ မြင်လို့မြင်၊ ဘုန်းကြီးတွေ ကားတ၀ီးဝီး၊ ဆိုင်ကယ်တဗျင်းဗျင်းမောင်းနေတာနဲ့ ကြုံလို့ကြုံနဲ့ အာရုံနောက်ချက်ကတော့ မြင်းတပ်တဲ့ ပါးချပ်မျက်မှန်ပဲ တပ်ထားရင်ကောင်းနိုးနိုး စဉ်းစားမိတာလဲ အခါခါ။ အနှီမြင်းမျက်မှန်ကလေး တပ်ထားလိုက်ရင်တော့ ဘေးဘီဘယ်ညာကို မမြင်တော့ဘဲ လမ်းတည့်တည့်ပဲ မြင်တော့မှာမို့ အထိုက်အလျောက် စိတ်သက်သာရာ ရကောင်းရဲ့လို့ ကြံမိတာကိုး။

မြင်သမျှ၊ တွေ့သမျှကို ဒေါမနဿမပွားဖို့ ကိုယ့်ကိုယ်ကို တရားချရင်းနဲ့ စာသင်ချိန်ကိုရောက်ပြန်ရင်လည်း နောက်ထပ်ငရဲတွေက တန်းကိုစီနေပြန်ပါရော။ အနှီတော့လည်း ကိုယ့်ကိုယ်ကို တရားထပ်ချရုံပါ့။ အနှီလို တရားချရပါများလွန်းတော့ ကိုယ့်တရားနဲ့ကိုယ် တရားသားတက်ပြီး တော်ရုံဘုန်းကြီးတရားများဆိုရင် ခေါင်းထဲကို မ၀င်တော့တာရယ်။ မ၀င်ဆို ကိုယ့်ရှိတဲ့ တရားနဲ့တင်ကို အတွင်းမှာ ပြည့်ကုန်ပြီကိုး။ ပတ်ဝန်းကျင်က ငရဲလေးတွေက ဦးဟန်ကြည်နဲ့ တိုက်ရိုက်မပတ်သက်လေတော့ အထက်က ပြောခဲ့သလို မြင်းတပ်တဲ့ ပါးချပ်မျက်မှန်လောက်နဲ့တင် အဆင်ချောနိုင်ပေမယ့် စာသင်ခန်းက ငရဲကိုတော့ ဘယ်မှာ ရှောင်လို့ရလိမ့်တုန်း။ အနှီငရဲက ဦးဟန်ကြည်ရဲ့ မံမံနဲ့ ဒါရိုက်ဟစ်ကြီးကို ပတ်သက်နေမင့်ကိုးဗျာ။

ဦးဟန်ကြည်ကလည်း ဆရာစစ်စစ်ဖြစ်ချင်စိတ် အားကြီးလွန်းတဲ့လူဖြစ်နေပြန်တော့ ငရဲက ပိုများတယ်ထင်ပါရဲ့။ ဆရာကောင်းဖြစ်ချင်လေ ကိုယ့်တပည့်တွေကို ပိုပြီးမှန်စေချင်လေကိုး။ ဖြစ်ချင်တော့ ခေတ်ကြီးကလည်း ခေတ်မီသူတိုင်း မှားကြသည်ဆိုတဲ့ ခေတ်ကြီး။ ကိုယ့်ကလေးတွေကလည်း အနှီနေရာမျိုးကျတော့ ခေတ်မီချက်က စံချိန်လွန်။ အနှီလိုဆိုတော့ ဦးဟန်ကြည်က နည်းနည်းပါးပါးမှားတာကိုတောင် ခွင့်မလွှတ်နိုင်ချင်တဲ့ ခေါင်းမာမာ ကျောင်းဆရာကြီးလို့ ထင်တော်မမူလေနဲ့။ ဦးဟန်ကြည်လောက် အမှားမကြောက်တဲ့ ဆရာ ရှိမယ်မထင်ဘူး။ ပုစ္ဆာတစ်ခုချပေးလိုက်တိုင်း “
ကိုင်း . . . တပည့်တို့ ပုစ္ဆာတစ်ပုဒ်မှာ အဖြေမှန်ဆိုတာ တစ်ခုတည်း . . . အမှားက သန်းနဲ့ချီပြီး ရှိမှာပဲ . . . မှားချင်သလောက်သာမှား. . .  အမှားရှိမှ အမှန်သိမှာ . . . ” လို့ကို ဖွင့်ပေးတဲ့ဆရာ။ အမှားကြောက်လို့ မလုပ်ရဲမကိုင်ရဲဖြစ်နေမယ့်အစား ရဲရဲဝံ့ဝံ့ရှိဖို့ကို အင်မတန် ရှေ့တန်းတင်တဲ့ ဆရာမျိုး။

သို့ပေမင့် အနှီဆရာကလည်း လူသားကြီးကိုး။ တစ်ခါမှား ပြင်ပေး၊ နှစ်ခါမှား မှန်အောင်သင်ပေး၊ အင်း  . . . ပုံစံတူ သုံးခါမှားရင်တော့ ကျွဲမြီးနဲနဲတိုချင်သပါ့။ သို့ပေမင့် အမှန်ရောက်အောင်တော့ ရှင်းပြလိုက်တာချည်း။ အနှာပေမယ့် ပုံစံတူ လေးခါမှားလာတာမျိုးကျတော့ ငရဲဖြစ်ပါလေရော။ တွက်စာမှားတာ အယူအဆမှားတာကတော့ ဘာအရေးလဲ။ မှားလေကောင်းလေ ဆရာပြင်ပေး၊ သင်ပေးခွင့်ရလေမို့ ၀မ်းတောင်သာသေးရဲ့။ မွေးကတည်းက မြန်မာစကားပြောပြီး မြန်မာစာရေးနေတဲ့ မြန်မာလူမျိုးစစ်စစ်ကြီးတွေ မြန်မာစာ စာလုံးပေါင်း သတ်ပုံမှားတာကျတော့ ဦးဟန်ကြည် ကျွဲမြီးရော နွားမြီးပါမကျန် တိုပါသဗျား။ ဆယ်တန်းကျောင်းသားတစ်ယောက်က စာလုံးတစ်လုံးမှာ ၀စ္စပေါက်ကလေးနှစ်လုံး ထည့်လိုက်ရင် အသံဘယ်လိုထွက်ရမယ်ဆိုတာတောင် မသိရှာလေတော့ ကိုင်း . . . စဉ်းစားသာကြည့်ပေတော့ အရပ်ကတို့။

ဖြစ်ပုံကို အနှစ်စုံအောင် ပြောရရင် ဦးဟန်ကြည် ပုံပြင်တွေ ပြောနေတယ်များ ထင်စရာ အကြောင်းရှိပါရဲ့။ ခေတ်ကျောင်းသားများခမျာ ဟထိုးနဲ့ တစ်ချောင်းငင်တောင် မကွဲတာကလား။ တစ်ခါတစ်ခါ စိတ်ကူးပေါက်လို့ “ မှ ” ၊ “ မု ” ၊ “ မူ ” ၊ “ မှု ” ၊ “ မူး ” ၊ “ မှူ ” ၊ “ မှူး ” ဆိုတဲ့ စာလုံးတွေ သင်ပုန်းပေါ်မှာ ရေးချပြီး အဖတ်ခိုင်းလိုက်လို့ကတော့ တစ်ခါတည်း ခွေးပေါက်ကလေးများ ကိုယ့်အမြီးကို ပြန်ကိုက်နေကြသလို ချာလပတ်ကို ရမ်းနေပါရော။ ဆရာဖြစ်တဲ့ ဦးဟန်ကြည်ခမျာလည်း ရယ်ရင်းနဲ့ ရင်တွေကို မောလို့။ “ ဋ ” “ ဌ ” “ ဍ ” “ ဠ ” များ မမေးလေနဲ့။ မေးမိတဲ့ ကိုယ့်ပါးစပ်ကို ပိတ်ရိုက်ချင်စိတ်ပေါက်စေရစေ့မယ်။ မြန်မာစာမှာ ဗျည်းဘယ်နှစ်လုံး ရှိသလဲလို့ မေးလို့လည်း အဖြေမထွက်၊ သရဘယ်နှစ်လုံး ရှိသလဲ မေးပြန်ရင်လည်း တုဏှိဘာဝေ။ ကိုယ့်ကျောင်းသားတွေကို မြန်မာစကားပြောတဲ့ မြန်မာကျောင်းသားတွေမှ ဟုတ်ပါလေစလို့တောင် သံသယဖြစ်ယူရတဲ့အထိ။

တစ်ခါသားမှာ စလေဦးပုညရဲ့ ငယ်ဆရာက ဘယ်သူလဲ လို့ မေးလိုက်မိတော့ “
စလေမြို့ . . . မခင်ကြီးစ ” ဆိုပြီး လုပ်ထည့်လိုက်တာ ဦးဟန်ကြည်ခမျာ ပါးစပ်ကို အဟောင်းသား။ “ စလေမြို့မ . . . ခင်ကြီးစ ” လို့ ဖတ်ရမယ့် ပုဒ်ဖြတ်ပုဒ်ရပ်ကို ဖြတ်ချင်သလို ဖြတ်ချပစ်လိုက်တာ တစ်ခါတည်း “ ခင်ကြီးစ ” ဘ၀ကနေ “ မခင်ကြီးစ ” ဖြစ်ပြီး လုံးရာက ပြားရှာပါလေရော။ ဆယ်တန်းကဗျာပြဌာန်းချက်မှာပါတဲ့ ဆရာဇော်ဂျီရဲ့ “ သင်သေသွားသော် ” ကဗျာကို တပည့်မတစ်ယောက်က အဖြေလွှာထဲမှာ ရေးထည့်လိုက်တာ “ သင်သေးသွားသော် ” တဲ့။ ဆရာဖြစ်တဲ့ ဦးဟန်ကြည်ခမျာ သည်ကဗျာ ငါကြားဖူးသလိုလိုပါဆိုပြီး ခေါင်းအတော်ကုတ်ယူရတဲ့ အထိ။ ဒါတင်ဘယ်ကလိမ့်တုန်း။ ကလေးတစ်ယောက်က သူ့နာမည်ကို “ ခိုနှင်းဝေ ” လို့ စာအုပ်အဖုံးမှာ ရေးထားတော့ ဦးဟန်ကြည် မျက်စိလည်ပါလေရော။ “ ဟဲ့ နင့်နာမည်က ခိုင်နှင်းဝေ မဟုတ်လား ” လို့မေးတော့မှ ငသတ်ကျန်သွားလို့ဆရာလို့ ရယ်ဖြဲဖြဲနဲ့ ဖြေပါလေရော။ ဦးဟန်ကြည်ခမျာ ကိုယ့်နာမည်တောင် မှားအောင် ရေးတတ်လွန်းတဲ့ ကိုယ့်တပည့်မျက်နှာကြည့်ပြီး “ သြော် . . . ” တစ်လုံးပဲ အသံထွက်နိုင်ပါရောလား။

မြန်မာစာ ၀ါကျဖွဲ့ထုံးတွေ သင်ပေးပြီး ၀ါကျဖွဲ့ခိုင်းတဲ့အချိန်မှာ တပည့်တစ်ယောက်က သူရို့ဆရာကို အမွှမ်းတင်ချင်ဇောနဲ့
“
ဆရာသည် ကျွန်တော်တို့ကို အတက်ပညာများ သင်ကြားပေးသည် ” လို့ လုပ်ထည့်လိုက်တော့ ခေါင်းကြီးသွားတဲ့ ဦးဟန်ကြည်က “ ဆရာက မင်းတို့ကို ဘာတွေများ သင်ပေးမိပါလိမ့် ” လို့ မေးယူတော့မှ တပည့်ချစ်က “ အတတ်ပညာတွေ သင်ပေးတာလေ ” လို့ ဖြေသဗျား။ အနှီတော့မှ “ ငါ့တပည့်ရယ် မင့်ပါးစပ်ကတော့ တတ်ပေမယ့် ရေးချလိုက်တာက တက်ဖြစ်နေသကိုး။ မင်းလုပ်ပုံနဲ့ပဲ ဆရာက မင်းတို့ကို သစ်ပင်တက်တဲ့ပညာ သင်ပေးနေတယ်လို့ သူများတွေ ထင်ကုန်ပါဦးမယ် ” လို့ တောင်းပန်ယူရပါရဲ့။ ဟုတ်သလေ သူရို့လုပ်ပုံနဲ့ပဲ ဦးဟန်ကြည်ခမျာ သစ်ပင်တက်နည်း သင်တန်းပေးနေတဲ့ မျောက်ဆရာကို ဖြစ်ပါလေရော။ တစ်ခုခုကို ကျွမ်းကျင်သည်၊ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည်ဆိုတာကိုပြောချင်ရင် “ တ၀မ်းပူသတ် ” အပေါ်ကိုတက်တာ၊ ဂစ်ခနဲ ဂစ်ခနဲ တက်တာကို ပြောချင်ရင် “ ကကြီးသတ် ” လို့ ဘယ်လောက်ပဲသင်သင် ဦးဟန်ကြည်ခမျာ ဒီနေ့အထိ မျောက်ဆရာဘ၀ကကို မတက်သေးတာရယ်။

အမှားတကာ့အမှားထဲမှာ ဦးဟန်ကြည် ဒေါအဖောင်းဆုံးအမှားက
“ ယောင်္ကျား ” ဆိုတဲ့အမှား။ ဘယ့်နှာ အမျိုးသားထုကြီးတစ်ရပ်လုံးကို စော်ကားတဲ့ အမှားကြီးက သည်းခံစရာမှ မဟုတ်ဘဲ။ ရေးထုံးမှန်ဖြစ်တဲ့ “ ယောက်ျား ” ကို အကျယ်ဖွင့်ရင် “ ယောက်ကျား ” ၊ သူရို့မှားထားတဲ့ “ ယောင်္ကျား ” ကိုအကျယ်ဖွင့်ရင် “ ယောင်ကျား ”။ စဉ်းစားကြည့်ရင် “ ယောင်ဝါးဝါးဖြစ်နေသော ကျား ” ဆိုတဲ့ အဓိပ္ပာယ်ကြီးကိုး။ အနှီလောက် ဆိုးဝါးလွန်းတဲ့ အမှားကြီးကို တပည့်ထီးလေးများက ကိုယ့်ကိုယ်ကို ဘယ်ဘ၀ရောက်လို့ ရောက်မှန်းမသိဘဲ မှားကောင်းကောင်းနဲ့ စွတ်မှားနေတာ သနားစရာလည်းကောင်း၊ ရင်မောစရာလည်း ကောင်းသကိုး။ သူရို့ကမှားလိုက် ဦးဟန်ကြည်က မှားတဲ့စာလုံးတွေ စိတ်ရှည်လက်ရှည် မင်နီနဲ့ဝိုင်းပြီး ပြင်ပေးလိုက်နဲ့ တစ်နေ့တစ်နေ့ မင်နီဝိုင်းရပါများလွန်းလို့ လက်ရေးလှတောင် ကျင့်စရာမလိုအောင် လက်ရေးလေးတွေကို ၀ိုင်းစက်နေပါရောလား။

“
အရုဏ်ဦး ” ကို “ အာရုဏ်ဦး ” လို့မှားတာ “ မြင်းမိုရ် ” ကို “ မြင့်မိုရ် ” လို့မှားတာ “ ခေတ်မီ ” ကို “ ခေတ်မှီ ” လို့မှားတာတွေကတော့ ကလေးတွေကို ဦးဟန်ကြည် အပြစ်မတင်ရက်ပေါင်ဗျာ။ ပါရဂူတစ်ယောက်ဖွင့်ထားတဲ့ အထူးကုဆေးခန်းနာမည်ကို “ ခေတ်မှီ ” လို့ ပေးထားတာ မြင်ပြီးကတည်းက သဘောပေါက်ပြီးသား။ လက်ဖက်ရည်ဆိုင်တွေမှာ “ နွားနို့ရပြီး ” လို့ ရေးထားတဲ့ စာတန်းတွေမှ မမြင်ချင့်အဆုံး။ နိုင်ငံတော်က ထုတ်ပြန်ပါတယ်ဆိုတဲ့ နိုင်ငံတော်ပြန်တမ်းမှာတောင်မှ အမှားက သိပ်မကင်းချင်။ တပည့်တစ်ယောက် တက်နေတဲ့ တက္ကသိုလ်တစ်ခုက ထုတ်တဲ့ နှစ်ပတ်လည်မဂ္ဂဇင်းထဲမှာလည်း စာလုံးပေါင်းအမှားတွေမှ တင်းကြမ်း။ စာအုပ်ရဲ့ ရှေ့ပိုင်းစာမျက်နှာတွေမှာတော့ သက်ဆိုင်ရာ ပါမောက္ခတွေ၊ ဌာနမှူးတွေရဲ့ ပုံတွေက ပြူးတူးပြဲတဲ။ တစ်ဝက်နီးပါးလောက်က ဆိုင်ရာဆိုင်ရာပါရဂူနဲ့ ဒေါက်တာတွေချည်း။ ဦးဟန်ကြည် နှစ်နှစ်ခြိုက်ခြိုက် ဖတ်ဖြစ်တဲ့ ပညာရှင်အမျူားစုရဲ့ ဆောင်းပါးတွေ စုဝေးရာ “ အတွေးအမြင် ” လို စာစဉ်မျိုးမှာတောင် “ ယောင်္ကျား ” တွေမှ တင်းကြမ်း။ အနှီလို အကောင်ကြီးကြီးတွေတောင် ကိုယ့်အမြီးကို အားမနာဘဲ မှားချင်တိုင်းမှားနေမှတော့ အထက်တန်းကျောင်းသားလေးတွေမှားတာကို ဗွေယူနေရင် ဦးဟန်ကြည့် အမှားဖြစ်တော့မပေါ့။

လူရယ်လို့ ဖြစ်နေမှတော့ အမှားဆိုတာ လုံးလုံးမကင်းစင်နိုင်မှန်းတော့ ဦးဟန်ကြည်လည်း သဘောပေါက်ပါရဲ့။ ခပ်ရွတ်ရွတ်ပြောရရင် အဖေနဲ့ အမေမှားခဲ့ကြလို့ပဲ ဦးဟန်ကြည်တို့တတွေ လူဖြစ်ခွင့်ရခဲ့ကြတာပဲကိုး။ သို့ပေမင့် “
No man is perfect ” ဆိုတာက အမှားကြောက်ပြီး မလုပ်ရဲမကိုင်ရဲ မဖြစ်ရလေအောင် စိတ်ဓာတ်ခွန်အားရှိအောင် ပံ့ပိုးပေးတဲ့ စကားလုံးကိုး။ ခက်တာက အနှီစကားလုံးကို သောက်တလွဲ ကောက်ချက်ဆွဲပြီး “ လူပဲကွာ မှားချင်သလောက် မှားခွင့်ရှိတာပဲ ” လုပ်နေကျတာတွေက ခပ်များများ။ သည်ကြားထဲမှာ “ နည်းနည်းလေးလဲ လွဲနေမယ် . . . လွဲလွဲလေးလဲ ကောင်းပါတယ် . . . ” လို့ ကိုငှက်ကြီးက လုပ်ထည့်လိုက်ပြန်တော့ လူမိုက်အားပေးပြီးသားကို ဖြစ်ပါလေရော။ အများညီတိုင်းသာ “ ဤ ” ကို “ ကျွဲ ” လို့ဖတ်ကြစတမ်းဆိုရင်တော့ လောကပါလတရားဆိုတာ မြောင်းထဲလွှင့်ပစ်လိုက်ရုံပဲ ရှိတော့တာပါ့။ အနှီတော့ အထိုက်အလျောက်တော့ အမှားပျောက်ပြီး အမှန်ရောက်စေချင်တဲ့ ဦးဟန်ကြည်က မှားသမျှတွေကို ဆောရီးတစ်လုံးနဲ့တင် ကျေနပ်မနေဘဲ အမှားတစ်ရံကနေ အမှန်တရားတွေ ဖြစ်မကုန်ကြရလေအောင်  “ နည်းနည်းလေးလဲ လွဲပါတယ် . . . လွဲလွဲလေးလဲ မှားပါတယ် ” လို့ပဲ ဆော်သြလိုက်ချင်တော့တာပါပဲ။        ။

စာကြွင်း။    ။
ဦးဟန်ကြည်တို့ရဲ့ မျိုးဆက်သစ်ကလေးတွေက အမျိုးသားဘာသာစကားဖြစ်တဲ့ မြန်မာစာမှာ အနှီလိုမျိုး အားနည်းပေမယ့် တိုင်းခြားဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာမှာတော့ အားရစရာကို တစ်စက်ကလေးမရှိပေါင်ဗျာ ။ ဘာကြောင့်လဲဆိုတော့ ပညာရေးလောကထဲကို ခြေစုံပစ်ပြီး ၀င်လိုက်တဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ပထမဆုံး စာသင်ချိန်မှာ ပထမဆုံးမေးခွန်းအဖြစ် Bio တွဲယူထားတဲ့ ဆယ်တန်းကျောင်းသူလေးတစ်ယောက်ကို “ ကျွန်မတွင် ခွေးတစ်ကောင် ရှိသည် ” ဆိုတဲ့ စာကြောင်းကို အင်္ဂလိပ်လို ပြောပြဖို့ ဦးဟန်ကြည်က ခိုင်းလိုက်မိတော့ “ I am a dog ” လို့ အားပါးတရကြီးကို ဖြေချလိုက်ပါကြောင်း၊ ကျန်တဲ့ ကျောင်းသား တစ်အုပ်လုံးကလည်း အနှီလောက် မှားခြင်းကြီးမှားနေတာကိုတောင် အမှန်လို့ယူဆပြီး ခစ်ခနဲတစ်ချက်တောင် ရယ်ဖော်မရခဲ့ပါကြောင်း ဖောက်သည်ချလိုက်ပါရဲ့ဗျား။ ကလေးတွေရဲ့ အင်္ဂလိပ်စာ အဆင့်အတန်းကို မကျေနပ်သေးရင် မြ၀တီရုပ်သံကလွှင့်နေတဲ့ အင်္ဂလိပ်စာ ပါမောက္ခကြီးနဲ့ သူ့တပည့် အီးမေဂျာကျောင်းသားကျောင်းသူတွေရဲ့ Functioning your English ဆိုတာကိုသာ နားထောင်ကြည့်ပေရော့လို့လည်း ငရဲလက်ဆောင်ပါးလိုက်ပါရစေဦး။     ။

Monday, 31 December 2012

နှစ်ဦးကြိုလေပြီ . . .

၂၀၁၂သည် မကြာမီအချိန်အတွင်း လောကကို လက်ပြနှုတ်ဆက်ရပေတော့မည်။ နောင်မည်သည့်အခါတွင်မှ ပြန်လည်တွေ့ဆုံရတော့မည်မဟုတ်။ ပြန်မဆုံနိုင်သော ထာဝရခွဲခွာခြင်းမျိုးဖြင့် လောကတွင်းမှ မထွက်ခါခင်အထိ လက်ကျန်အချိန်ကာလပိုင်းများကို တတ်နိုင်သလောက် ဖက်တွယ်ထားလိုဟန်ရှိသော ၂၀၁၂သည် နာရီသံတစ်ချက်ချက်ကြားတွင် အိုမင်းရင့်ရော်သည်ထက် ရင့်ရော်လာချေပြီ။    သင်္ခါရတရားသည် သက်မဲ့ဖြစ်သော ခုနှစ်သက္ကရာဇ်ကိုပင် အလွတ်မပေး။

သက္ကရာဇ်တစ်ခု ကုန်လွန်နှုတ်ဆက်သွားတိုင်း သက္ကရာဇ်သစ်တို့က အဆင်သင့်စောင့်နေကြသည်။ နှစ်ဟောင်း၏ အသက်တန်းသုံးလေးလအလိုကတည်းက နှစ်သစ်ကြိုမည့် ပြက္ခဒိန်တို့က ပလူပျံသလိုထွက်ပေါ်လာကြ၏။ အဟောင်းကိုပစ်၍ အသစ်ကိုမင်သော လူတို့၏ မတည်မြဲဖောက်ပြန်သော သဘောထားကို ၂၀၁၂သည် ရင်နာနာနှင့် သည်းခံခဲ့ရရှာပေမည်။ သူသည်လည်း ညီတော် ၂၀၁၁ကို ထို့နည်းနှင်နှင် လောကတွင်းမှ မောင်းနှင်ထုတ်ခဲ့သည် မဟုတ်ပါလား။ ၀ဋ်သည် လည်တတ်လွန်းပေစွ။

၂၀၁၁ခုနှစ်၏ အသက်တန်းကုန်ဆုံးချိန်ကို စိတ်မရှည်စွာစောင့်ဆိုင်းခဲ့စဉ်က နှေးကွေးလွန်းလှသော နာရီလက်တံများသည် မိမိကို နှုတ်ဆက်မည့်အချိန်တွင် မြန်လွန်းနေသည်ဟု ၂၀၁၂ မချိတင်ကဲ တွေးမိသည်။ အိုင်းစတိုင်း၏ ရီလေတီဗတီသီအိုရီ မှန်ကန်ကြောင်းကို အသက်နှင့်ရင်း၍ သက်သေပြနေရသည့်နှယ် ခံစားလာရပြန်၏။ နာရီစက္ကန့်တံ၏ ချက်ခနဲ ချက်ခနဲရွေ့လျားမှုနှင့်အတူ ၂၀၁၂၏ လက်ကျန်အသက်တန်းသည် တို၍တို၍လာနေချေပြီ။ မည်သည့်အရာကိုမှ ဆုပ်ကိုင်ထားရန် မစွမ်းသာသော အနတ္တသဘောကို ဆင်ခြင်မိရပြန်သည်။ လူသားတို့၏ ဘ၀နှင့် အသက်တန်းကို စိုးမိုးချုပ်ကိုင်ထားနိုင်စွမ်းသော သက္ကရာဇ်တစ်ခုသည်ပင် မိမိ၏ အသက်တန်းကို ဆုပ်ကိုင်ထားရန် မစွမ်းနိုင်။ လောကသည် တရားမျှတခြင်းဖြင့် တန်ဆာဆင်အပ်သော အမြတ်နိုးဆုံး ရတနာပင် ဖြစ်ပေသည်တကား။

လောက၏ တရားမျှတခြင်းသဘော အစိုးမရခြင်းသဘောကို မဆင်ခြင်နိုင်သော လူသားတို့ကား ကုန်လွန်တော့မည့် ၂၀၁၂ကို လွမ်းမောတသရန်ဝေးစွ။ လက်ပြနှုတ်ဆက်ရန်ပင် အလေးမမူ။ ကောင်းမည် ဆိုးမည် မဝေခွဲနိုင်သေးသည့် လာလတ္တံ့သော၂၀၁၃ နှစ်သစ်ကို ကြိုဆိုရန်သာ အားသန်နေကြသည်။ နှစ်သစ်သည် ကောင်းမြတ်ခြင်းများကို ယူဆောင်လာနိုးနိုးဖြင့် လည်တဆံ့ဆံ့ စောင့်စားနေကြသော လူသားတို့သည် ကုန်လွန်သွားတော့မည့်  ၂၀၁၂ နှင့်အတူ မိမိတို့၏ အသက်ရှင်သန်ခွင့်တစ်နှစ် ကုန်ဆုံးသွားကြောင်း သိမှသိကြပါလေစ။ နောက်ပြန်လှည့်ခွင့်မရသော ဘ၀၏ အချိန်ကာလတစ်ခု ကုန်လွန်ဖြတ်သန်းသွားပြီး သေဆုံးခြင်း ပန်းတိုင်ကို တရွေ့ရွေ့နီးလာကြောင်းကို အာရုံမ၀င်စားသော လူသားတို့သည် ဘ၀ဟူသည်ကို ပန်းတိုင်အရောက် အပြေးပြိုင်ရသည့် မာရသွန်ပြေးပွဲဟု မှတ်ယူနေကြဟန်တူ၏။ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကမ္ဘာပျက်မည်ဟူသည့် မရေရာသော ခန့်မှန်းချက်ကြီးကို အစိုးရိမ်ကြီးပြီး အလန့်ကြီးလန့်ခဲ့ကြသော လူသားတို့သည် အသက်တစ်နှစ်ကြီးရင့်ပြီး မိမိတို့၏ ဘ၀အဆုံးရောက်ရန် တစ်နှစ်ပိုနီးလာခြင်းဟူသည့် သေချာသော နိယာမတရားကို ကြောက်လန့်ခြင်းအလျဉ်းမရှိ။ လူသားသည် မသေချာ၊ မရေရာမှုများကိုသာ အလေးဂရုပြုတတ်လွန်းသော သတ္တ၀ါတစ်မျိုးပင် ဖြစ်နေပြန်၏။

နာရီလက်တံသည် တစ်ချက်ချက် သွားနေ၏။ ညဥ့်သည်လည်း တဖြည်းဖြည်း ရင့်ရော်လာနေသည်။ နှစ်ဦးကြိုရန် စုဝေးနေကြသော လူစုလူဝေးများထံမှ “ တစ်ဆယ် . . . ကိုး . . . ရှစ် . . . ခုနစ်  . . .” ဟူသည့် ပြောင်းပြန်ရေတွက်သံတို့ သံပြိုင်ထွက်လာကြပြန်သည်။ ၂၀၁၂၏ ရှင်သန်ခွင့်သည် စက္ကန့်ပိုင်းအတွင်း ကုန်ဆုံးပေတော့မည်။ “ ခြောက် . . . ငါး . . . လေး . . . သုံး . . . ” ရေတွက်သံတို့ ပိုမိုကျယ်လောင်လာကြသည်။ အနတ္တလူသားသည် အနိစ္စတရားကို ဥပေက္ခာပြုရန် အဆင်သင့်ဖြစ်နေကြပြီတကား။ “ နှစ် . . . တစ် . . .” ၂၀၁၂ သည် နောက်ဆုံးထွက်သက်ကို ပင်ပန်းကြီးစွာ မှုတ်ထုတ်လိုက်သည်။ “ Happy new year ” ဟူသည့် ကျယ်လောင်သည့် ကြိုဆိုသံကို ၂၀၁၂ ကြားမသွားနိုင်တော့။ သက္ကရာဇ်တစ်ခု၏ ရှင်သန်ခြင်း မှတ်တမ်းတစ်ခုသည် သမိုင်းမှတ်တမ်းဖြစ်သွားချေပြီ။
               
၂၀၁၃ သည် ပြန်လည်နုပျိုလာသော နာရီသစ်နှင့်အတူ လောကတွင်းသို့ နုပျိုလတ်ဆတ်စွာ ၀င်ရောက်လာ၏။ နှစ်ဟောင်းညတစ်ည၏ နိဂုံးသည် နှစ်ဦးနေ့သစ်တစ်ခု၏ နိဒါန်းနှင့်အတူ ညှိုးရော်ပျောက်ကွယ် သွားပြန်လေပြီ။ မကြာမီ လင်းရောင်ပျို့လာလိမ့်မည်။ အရုဏ်တက်လာလိမ့်မည်။ လောကသည် ပြန်လည်ဆန်းသစ်လာလိမ့်ဦးမည်မှာလည်း မြေကြီးလက်ခတ်မလွဲ။ သို့သော် . . . လူသားတို့၏ အသက်တန်းသည်ကား ပြန်လည်နုပျိုခြင်းသို့ ဦးတည်ခြင်းငှာ မစွမ်းနိုင်။ အိုမင်းရင့်ရော်ခြင်းဘက်သို့သာ တရွေ့ချင်း ဦးတည်လျက်။ ပြန်လည်မရနိုင်တော့သော နုပျိုခြင်းများ၊ နာရီ၊ ရာသီ၊ အမှတ်တရများသည်ကား ၂၀၁၂နှင့်အတူ သမိုင်းဖြစ်သွားလေပြီ။ သမိုင်းသစ်ကို အိုမင်းရင့်ရော်ခြင်းများဖြင့် ရေးကြလေဦးမည်မှာ မုချ။

နာရီလက်တံသည် တစ်ချက်ချက် သွားနေပြန်လေသည်။ နှစ်ဦးဖြစ်သော ၂၀၁၃သည်လည်း အိုမင်းရင့်ရော်ခြင်းဆီသို့ ဦးတည်လျက်ပင် ရှိချေသည်တကား။        ။

( ၂၀၁၂ ခုနှစ် ည ၁၁ နာရီ ၃၀ မိနစ် )

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger