ဒွန္တယာကြီးမှာ
ထမင်းတစ်လုပ် အတင်းအုပ်ဖို့ဆိုတာလည်း တစ်နေ၀င်တစ်နေထွက် အသက်ထွက်လုခမန်း ရုန်းရကန်ရတာကလား
အရပ်ကတို့ရယ်။
ဒီကြားထဲမှာ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ သာမန်လူတွေနဲ့
လားလားမှမတူတဲ့ ဦးဟန်ကြည်ခမျာ ပါးစပ်လှုပ်မှ ပါးစပ်လှုပ်ရတဲ့လူဖြစ်နေပြန်တော့ တစ်နေကုန်လို့
ညခင်း ကိုးနာရီလောက်မှာ အိမ်ပြန်ရောက်ရင် ချစ်လှစွာသော မဒမ်ဟန်ကြည်ကိုတောင် ပြုံးမပြနိုင်လောက်အောင်
ချာဂျင်ခမ်းပြီးသား ဖြစ်နေပါလေရော။ အိမ်ပြန်ရောက်တော့လဲ သူတကာလို ဇိမ်နဲ့ နှပ်ခွင့်မရှိတဲ့
ပညာရေးလောကသားဖြစ်နေပြန်တော့ သင်ထောက်ကူတွေရေးရ၊ သင်ရိုးတွေပြင်ရ၊ လေ့ကျင့်ခန်းတွေစစ်ရနဲ့
တစ်ရက်တစ်ရက်များ လျှောခနဲ ဖြုတ်ခနဲ ကုန်သွားလိုက်တာ ကိုယ့်အသက်အရွယ်အတော်ထောက်လာမှန်းတောင်
ခေါင်းပေါ်က ဆံပင်ဖြူတွေ အတော်များလာတာကို မှန်ကြည့်ရင်းမြင်မှ သတိထားမိတော့တာကလား။
နိုင်ငံ့ဝန်ထမ်းများဆိုရင်တော့ နားရက်တို့ ခွင့်တို့ ရှိချင်ရှိပေလိမ့်မယ်။ ဦးဟန်ကြည်တို့လို
ကိုယ့်ဝန်ကိုယ်ထမ်းကျတော့ ဘယ်မှာနားရက် ရှိလိမ့်တုန်း။ ခွင့်ဆိုတာကလည်း အိပ်ယာထဲက မထနိုင်အောင်
ဖလက်ပြသွားမှ ယူကောင်းတဲ့အရာဆိုတော့ ကိုယ့်အလုပ်နဲ့ကို ဂျင်ဂျင်ကိုလည်နေပါရော။
အနှီလောက်
မနားမနေ ထမင်းရှာစားနေရတဲ့ကြားမှာ ဘယ်ဘဝေဘ၀က ၀ဋ်ကြွေးပါတော်မူခဲ့တယ် မပြောတတ်ပေါင်ဗျာ။
စာကလေးတစ်ရက်လောက် မဖတ်ရရင်၊ ကဗျာတစ်တို စာတစ်ညိုလောက်မှ အာသာပြေမရေးလိုက်ရရင် အိပ်လို့က
သိပ်မပျော်ချင်၊ စားလို့က သိပ်မ၀င်ချင်ဖြစ်နေပြန်တော့ ကိုယ့်ကိုယ်ကို အော်တိုငုတ်တုပ်
နှိပ်စက်ပြီးသား “ အတ္တကိလမထ နုရောဂေါ ”ကို ဖြစ်နေပြန်ပါရော။ မဖြစ်နေရိုးလား။ စာဖတ်တတ်စ
ပုလုကွေးအရွယ်ကတည်းက ကျောင်းစာလည်းကျက် အပြင်စာလည်းဖက်နေပြန်တော့ ညပိုင်းဆိုရင် သူတကာလို
ဘယ်မှာအိပ်ရေး၀၀ အိပ်ရလိမ့်တုန်း။ အခုလို အလုပ်ပိတဲ့ အသက်အပိုင်းအခြားရောက်တော့ ပိုဆိုးပါလေရော။
ထမင်းစားချိန်နဲ့ အင်အင်းသွားတဲ့အချိန်တောင် စာအုပ်ကလေးတစ်အုပ်လောက် လက်ထဲကိုင်ဖတ်နေရမှ
ကိစ္စ၀ိစ္စတွေ ရှောရှောရှူရှူပြီးတဲ့အထိ သောက်ကျင့်ကြီးများတောင် ပါလို့။ တစ်ခါတစ်ခါများ
စာထဲမှာ ဈာန်ဝင်သွားရင် စားတဲ့ထမင်း ဘယ်ဟင်းနဲ့၊ ပါတဲ့အင်အင်း ဘယ်စမြင်းနဲ့ဆိုတာတောင်
သတိမထားမိချင်ဘူး။ ပါရမီများကလည်း ထူးချင်ပြန်တော့ ဘတ်သီးလေးနှစ်လုံးကလည်း ပါဝါပြည့်ပါ့ဗျား။
ဒီအသက်ဒီအရွယ်ရောက်တဲ့အထိ စာတွေဘယ်လောက်ဖတ်ဖတ် မျက်ရိုးကလေးတစ်ချက်တောင် မကိုက်ရှာလေတော့
အလုပ်တွေပြီးတဲ့ ညခင်းဘက်ရောက်ရင် အွန်လိုင်းပေါ်တက် တောင်စာဖတ်၊ မြောက်စာဖတ်နဲ့ စောစောအိပ်တဲ့အချိန်ဆိုတာ
လင်းအားကြီး မနက်နှစ်နာရီ။ မဒမ်ဟန်ကြည်ကတော့ စာကြမ်းပိုးဦးဟန်ကြည်ကို မျက်စောင်းခဲရင်း
“ တော့်အနှီလိုသာ အိပ်ချိန်စားချိန် မမှန်ရင် ဂိန်းဘောမြန်မြန် ဆိုက်ပါလိမ့်မတော်…
” လို့ ထောပနာပြုပါလေရော။ တတ်နိုင်ဘူး။ လှေသမား ရေနဲ့သေ၊ အလမ္မာယ်ဆရာ မြွေနဲ့သေဆိုသလို
ဘလော့ဂါလည်း စာနဲ့သေရင် ဂုဏ်တောင်ရှိသေး။ ဖွဟဲ့..လွဲပါစေ…ဖယ်ပါစေ…း)
လူဆိုတဲ့သတ္တ၀ါမျိုးကလည်း
အခက်သားကလား။ စာကလေးပေကလေး တောင်တစ်တို့ မြောက်တစ်တို့ ဖတ်သက်ရင့်လာရင် စာတိုပေစလေးက
ရေးချင်ချွတ်ချင်လာပြန်ရော။ သိတာတွေများလာတော့ လျှံကျလာတဲ့ သဘောဖြစ်မယ်ထင်ပါ့။ အနှီတော့
စာဖတ်တတ်ကတည်းက စာအုပ်ပုံကြားမှာ လူလားမြောက်လာတဲ့ ဦးဟန်ကြည်လို စာကြမ်းပိုးတို့အဘ
စာလိပ်ခမျာ တွေ့ကရာရှစ်သောင်းတွေကို သပ္ပဏပေါင်းစုံအောင် ရေးထားတာမှ စာရေးဆရာ မြင့်သန်းရဲ့
စကားလုံးကို ကိုယ်ကြိုက်သလို ဟန်ကြည်မှုပြုပြီးပြောရရင်တော့ “ သူရေး၍ သူဖတ်သော စာများ ” ချည်းရေးထုတ်လာတာ မှတ်မှတ်သားသား သိမ်းထားဖြစ်ခဲ့မယ်ဆိုရင်
ဘယ်နည်းလိမ့်တုန်း။ သို့ပေမင့် မိဘများကလည်း သားတော်မောင် တောက်မဲ့မီးခဲ ( ငရဲမီးလေးလား
ဘာမီးလေးလားတော့ မသိပေါင်ဗျာ…မီးခဲဆိုတော့လည်း မီးခဲလိုက်ပေါ့…း) ပါရမီ့ရှင်ကလေးကို
နမူမစိုက်ကြဘူးကိုး။ အနှီတော့ ရေးခဲ့သမျှစာ ဖွဲ့ခဲ့သမျှ ကဗျာတွေခမျာ ဘော်တယ်ကုလားဆီချည်း
ရောက်ကုန်ပါလေရော။ ( ဟစ်တလာကြီးကတော့ သူအာဏာရှင်ဖြစ်တဲ့အခါ
နုစဉ်ဘ၀တုန်းက တောင်ခြစ်မြောက်ခြစ် ခြစ်ထားတဲ့ ပန်းချီကားတွေအကုန် ရှာပြီး သိမ်းပစ်တယ်ဆိုပဲ။
ဦးဟန်ကြည်လည်း ဟစ်တလာကြီးအားကျလို့ ရွေးကောက်ပွဲများ ၀င်ရင်ကောင်းမလားတောင် စဉ်းစားမိပါရဲ့။
ရွှေပြည်ကြီး ကံဆိုးမိုးမှောင်ကျလို့ ဦးဟန်ကြည် သမ္မတများဖြစ်ခွင့်ကြုံရင်တော့ နုစဉ်ဘ၀က
ရေးထားတဲ့ စာတွေ ကဗျာတွေ ဈေးကောင်းရလိုက်မယ့် ဖြစ်ခြင်း…း) ဦးဟန်ကြည်တို့
အနှီလို စာပိုးကိုက်ခံရတုန်းက ဘုတ်အုတ်ခေတ်ကိုး။ ဒီဘက်ခေတ်ရောက်လို့ အီးစံကွားကောင်းမှုနဲ့
ကွန်ပျူတာတွေ ဈေးသင့်ပြီး အွန်လိုင်းတွေဘာတွေပေါ်လာတော့ အောင်မယ်မင်း ဦးဟန်ကြည်တို့
ခွေးဘုရားပွဲတွေ့ပါလေရောလား။ တစ်နေ့တစ်နေ့ အွန်လိုင်းပေါ်တက်ပြီး တွေ့ကရာရှစ်သောင်းတွေကို
ထောင်းလမောင်းကျေအောင် ဖတ်လိုက်သမှ ဘေးမှာထိုင်နေတဲ့ မဒမ်ဟန်ကြည်ကိုတောင် ခပ်မေ့မေ့။
အစပိုင်းတုန်းကတော့
သူများစာတွေလိုက်ဖတ်ရင်း ကိုယ်လည်းရေးလို့ရတယ်ဆိုတာ ဘယ်သိလိမ့်တုန်း။ မသိဆို ဦးဟန်ကြည်ဆိုတာကလည်း
အင်တာနက်ဆိုတဲ့ သတ္တ၀ါကြီးကို ၂၀၁၀ လောက်ရောက်မှ အရှင်လတ်လတ်ကြုံဖူးတဲ့ နည်းပညာတောသားစစ်စစ်။
မရှိရှိရာ ရှာကြံကြွားရမယ်ဆိုရင် အရင့်အရင် ၂၀၀၀ခုနှစ်ဝန်းကျင်နှစ်တွေတုန်းကတော့ ကွန်ပျူတာ
ကိုင်ခဲ့ဖူးပါရဲ့။ သို့ပေမင့် ဦးဟန်ကြည်တို့ ကိုင်ခဲ့ဖူးတာက ဈေးနှုန်းခေါင်ခိုက်နေတဲ့
Pentium 1 ကွန်ပျူတာမည်ကာမတ္တ။ အနှီဖွတ်ချီးဖွတ်ချက် ကွန်ပျူတာကလည်း သူ့ခေတ်တုန်းက
Super cub ဆိုင်ကယ်ထက်တောင် ဈေးကြီးသေးတာကလား။ အနှီတော့ ကွန်ပျူတာကို လက်အုပ်မချီရုံတမည်
တရိုတသေ ကိုင်ခဲ့ရပြန်တာမို့ ဂိန်းချရုံကလွဲပြီး ဘာနည်းပညာမှ ဖြစ်ဖြစ်မြောက်မြောက်ကို
မတတ်ခဲ့ပြန်ဘူးကိုး။ ကြားထဲမှာ နည်းပညာနဲ့ အဆက်ပြန်သွားလိုက်တာ ဦးဟန်ကြည် ကွန်ပျူတာနဲ့
ပြန်ညားတော့ Core i3 တွေ i5 တွေ ဖြစ်နေပါပေါ့လား။ အနှီတော့လည်း တောသားထုံးစံအတိုင်း
တောင်ကလိမြောက်ကလိ။ အွန်လိုင်းပေါ်က ပြဿနာကောင်တွေလက်ချက်နဲ့ ကွန်ပျူတာကို ဗိုင်းရပ်စ်ကိုက်
ဝင်းဒိုးကျလို့ ၀င်းဒိုးတစ်ခါတင် ခြောက်ထောင်ခုနစ်ထောင် သွားသွားလှူရတာများ တကတည်း
ကွန်ပျူတာဆိုင်က မောင်ရင်များဆိုရင် ဦးဟန်ကြည်သူရို့ဆိုင်ထဲဝင်လာတိုင်း အလှူ့ရှင်ပေါ်ပဟဲ့ဆိုတဲ့
အတွေးနဲ့ နွားပြာကြီးအောက်သွားမရှိကို ဖြစ်ပါလေရော။ အခုအချိန်ပြန်တွေးကြီးတော့ အနှီဘာမှမခဲယဉ်းတဲ့
ဝင်းဒိုးကလေးတင်တာကို တနင့်တပိုးတောင်းခဲ့တဲ့ သကောင့်သားတွေကို သောက်ညင်ကတ်လိုက်လေခြင်းဗျာ။
ဟိုဆိုဒ်ဝင်ဖတ် သည်ဆိုဒ်ဝင်ဖတ် မန်ဘာဝင်ရမယ်ဆိုရင်လည်း
အလကားမတ်တင်းရထားတဲ့ ဂျီမေးလ်အကောင့်အားကိုးနဲ့ ပစ်ဝင်လိုက်တာချည်း။ အောင်မယ်…ဒါတင်ဘယ်ကလိမ့်တုန်း။
ဂူးဂဲမှာ ဘာပဲရှာရှာ ရှေ့ကနေ ဖရီးတစ်လုံး အရင်ရိုက်ထည့်တာများ အခုတောင် လက်ကျင့်ပါလို့မဆုံးဘူးဗျား။
ဟိုဒင်းဒီဒင်းတွေ ဖရီးပေးမယ်ဆိုလို့ကတော့ အလကားရရင် ၀မ်းနှုတ်ဆေးတောင် နှစ်ခါပြန်သောက်တဲ့
ရွှေပြည်သားထုံး နှလုံးမူပြီး ကိုယ့်အီးမေးလ်ကို ပေးထားလိုက်သေးတာရယ်။ အလကားပေးတဲ့ ကိုဟိုဒင်းတို့ကလည်း
ပါးလိုက်သမှ ဆီစိမ်စက္ကူလို ဟိုဘက်ဒီဘက်တောင် ဖောက်မြင်ရလောက်တယ်ထင်ရဲ့။ တကတည်း ပေးထားလိုက်မိတဲ့
မေးလ်လိပ်စာအတိုင်း ပို့တော်မူလိုက်တဲ့ ကြော်ငြာတွေ စပမ်းမေးလ်တွေမှ တစ်ရက်တစ်ရက် ဘယ်နည်းလိမ့်တုန်း။
ဦးဟန်ကြည် တောသားကတော့ အံမယ် ငါ့မှာ နိုင်ဂျံဂါးမိတ်ဆွေတွေ အတော်များသကိုးလို့ လက်မထောင်ချင်စိတ်တောင်
ခပ်ပေါက်ပေါက်။ အနှီတုန်းက အူပုံထူပုံများ ကြုံတုန်း ကြွားရရင် မေးလ်စစ်တဲ့အခါ စပမ်းမေးလ်ပါမကျန်
တစ်ခုမကျန်ဖတ်ပြီး စစ်တာကလား..း) အနှီိလို မန်ဘာဝင်ဖြစ်ပေမယ့် သူတကာတွေ စာစုရေးတဲ့
ဆိုဒ်တွေမှာတော့ မ၀င်ဖြစ်ပေါင်ဗျာ။ စာရေးကြတဲ့ ကလေးတွေကြားထဲမှာ ကြီးကောင်ကြီးမနဲ့
လူမြင်မတော်မှာ ရှက်စရာကြီးကိုး။ သို့ပေမင့် အိပ်မက်ဒေါ့ကွန်းမှာတော့ ကဗျာလေးတွေရေးဖြစ်ချွတ်ဖြစ်ခဲ့ပါရဲ့။
နောက်ပိုင်းကျတော့လည်း အိပ်မက်ကို အိပ်မက်ထဲမှာတောင် သိပ်မရောက်ဖြစ်ပြန်တော့ဘူး။ အိပ်မက်မရောက်တော့ဆို
ဦးဟန်ကြည်လည်း သူတကာတွေနည်းတူ ကိုယ်ပိုင်ဘလော့လေးတစ်ခုကို ၂၀၁၀ ဧပြီမှာ ဆောက်နိုင်ခဲ့ပြီကိုး။
![]() |
| credit to google |
အနှီလို
ကိုယ်ပိုင်ဘလော့လေး ဆောက်ဖြစ်တော့ ပီတိဖြစ်ချက်များကတော့ ဆယ်တန်းတုန်းက အောင်စာရင်းသွားကြည့်တာထက်တောင်
ပိုဦးမယ်ထင်ရဲ့။ စမ်းတ၀ါးဝါးနဲ့ တောင်စာရေး မြောက်စာရေး။ သို့ပေမင့် တောသားပီပီ သူများဘလော့တွေမှာ
ကွန်မန့်တွေဘာတွေ ဘယ်ပေးတတ်လိမ့်တုန်း။ ချောင်းကြည့်ပြုံးပြန်ချည်း လုပ်နေလိုက်တာ တစ်နှစ်လောက်ကြာတဲ့အထိ
ဦးဟန်ကြည်ရဲ့ “
အတွေးစလေးတွေ ” ဘလော့မှာ သူရေး၍ သူဖတ်သော
ပို့စ်တွေမှ ထောင်းလမောင်းကိုထလို့။ အောင်မယ်…စာဝဋ်ကြီးတဲ့လူများ ဘယ်သူဖတ်ဖတ် မဖတ်ဖတ်
ကိုယ်ရေးတာ ကိုယ်ပြန်ဖတ်နေရတာကိုက အရသာ အင်မတန်ရှိတာကလား။ ပြောရရင်တော့ အတွေးစလေးတွေရဲ့
အမာခံပရိသတ်ကြီးက ဦးဟန်ကြည်ကိုယ်တိုင်ကိုး…း) သူများဘလော့တွေ တောင်ချောင်းမြောက်ချောင်းလုပ်ရင်း
ကွန်မန့်လေးဘာလေးပေးတတ်တော့ ( အထင်မကြီးလေနဲ့ Kp3 ကျေးဇူး… ) ကိုယ့်ဘလော့လေးမှာလည်း
ကွန်မန့်လေးတွေ ဟိုတစ်ခု သည်တစ်ခုမြင်လာရပါလေရော။ အောင်မယ်…ကွန်မန့်လေးတစ်ခု စမြင်ရတုန်းကများ
ရည်းစားစာ ပထမဆုံးအကြိမ်ရတဲ့ အပျိုမဒမ်းများလို့ နေမထိ ထိုင်မသာကို ဖြစ်လို့။ အနှီကွန်မန့်ပိစိညှောက်တောက်ကလေး
ရလာတာတောင် မဟာအောင်မြင်မှုကြီးရယ်လို့ ကိုယ့်ကိုယ်ကို အထင်တော်တွေ စွတ်ကြီးပစ်လိုက်သေးတာရယ်…း)
ဘလော့ကလေး
တစ်နှစ်သားကျော်လို့ ဘလော့ပါးလည်း ၀-လာရော သူများဘလော့ကိုယ်လည် ကိုယ့်စာသူဖတ်နဲ့ ပျော်စရာအင်မတန်
ကောင်းတာကလား။ ဘလော့ဂါချင်းလဲ ဘာချစ်ကြသလဲ မမေးနဲ့။ မချစ်ဘဲ နေရိုးလား။ ကိုယ့်ထမင်းကို
ရှာစားပြီး အာဝေနိကဒုက္ခတွေ ကိုယ်စီခံစားနေရတဲ့ကြားမှာ ကိုယ့်ဖွတ်ကလိဒင်္ဂါးကိုယ် အကုန်ခံပြီး
တောင်ရေးမြောက်ရေး ရေးနေရတဲ့ ၀ဋ်သမားတွေချည်းကိုး။ အနှီတော့လည်း ပုလင်းတူ ဘူးဆို့ချင်း
ချစ်ကြ ခင်ကြတာ ဘယ်ဆန်းလိမ့်တုန်း။ တစ်ခါတစ်ခါများ သူများစီပုံးမှာ ပေါက်ကရတွေ သွားသွားရေးရတာများ
လူကြီးကစားနည်းကို ဖြစ်လို့။ အနှီကြားထဲမှာ ဘိလပ်သား သူကြီးမင်း ကိုကိုမောင်တို့ ဂျာရစ်ကတော်
ကိုရင်တို့လို ကလေးကြီးတွေက စီပုံးမှာ အရုပ်တွေဆော့လို့ရအောင် ကလိထားပြန်တော့ သူရို့လုပ်ထားတဲ့
အရုပ်တွေကို CIA ပစ်ပစ်တို့လို ကလေးပေါက်စတွေက သွားကလိ။ ကလေးကြီးတွေ စိတ်ဆိုးပြီး အော်ထုတ်ရင်
ပြန်ပြေးနဲ့ တကဲ့ပျော်စရာကြီးတွေကိုး။ ဒီကြားထဲမှာ တဂ်ပို့စ်လေးတွေကလည်း ကြိုကြားကြိုကြား
ပေါ်လာကြသေးတာ။ အနှီတော့ ရေးစရာကလည်း ပေါပါဘိ။ ဘလော့ရွာကြီးမှာ ကိုကြီးကျောက်လို လူငယ်တွေနဲ့
ပျော်ပျော်ပါးပါး နေတတ်တဲ့ စီနီယာဘလော့ဂါကြီးတွေကလည်း ရှိသလို ဦးဟန်ကြည်တို့လို ဗုံမဟုတ်
ပတ်မဟုတ် မကြီးမငယ်ဘလော့ဂါတွေရော ချာတိတ်ဘလော့ဂါလေးတွေရော တပျော်တပါးကြီးဆိုတော့ ပြန်တွေးတိုင်း
လွမ်းစရာ။ ဘလော့ဂါသံယောဇဉ်ဆိုတာကလည်း အဆန်းသား။ အများသိတော်မူကြတဲ့အတိုင်း ဘလော့ဂါဆိုတာကလည်း
လူတန်းစားတစ်မျိုး။ အပြင်လောကမှာ ဘ၀အထွေထွေ၊ လုပ်ငန်းအသီးသီးနဲ့ ကိုယ်စီကိုယ်ငှ ရုန်းကန်နေကြရသူတွေဖြစ်ပြန်တော့
ဘ၀ချင်းက ထပ်တူမကျနိုင်တာတွေချည်း။ သို့ပေမင့် အွန်လိုင်းပေါ်တက် ဘလော့ပေါ်ရောက်ကြရင်
အားလုံး တပြေးညီ။ စီနီယာမရှိ၊ ဂျူနီယာမသိ။ သူဌေးမရှိ ဆင်းရဲသားနတ္ထိ။ ပညာအဆင့်မခွဲ။လူကြီး
လူငယ် လူလတ်မရွေး အားလုံးတပြေးထဲ။ ကိုယ်တတ်သမျှ ကိုယ်သိသမျှ ကိုယ်ခံစားရသမျှ စေတနာဗလပွနဲ့
ဝေကာငှလိုက်ကြတာမှ လိုလေသေးမရှိ။ ဟင်းချက်နည်းအစ၊ ရသစာပေအလည်၊ နည်းပညာအဆုံး တကယ့်ရတနာတုံးကြီးတွေ
အလကားဝေနေတဲ့အလား။ စကားလုံးကြီးကြီးပြောရရင် ဟိုးအရင် မ.ဆ.လ ခေတ်တုန်းက စိတ်ကူးယဉ်ခဲ့ကြဖူးတဲ့
လူတန်းစားညီမျှရေး ဆိုရှယ်လစ်လူ့ဘောင်သစ်ဆိုတာကြီးနဲ့တောင် အလားသဏ္ဌာန် တူမယ်ထင်ရဲ့။
သို့ပေမင့် ဘလော့ရွာကြီးက အနှီစိတ်ကူးယဉ်လူ့ဘောင်ထက်တောင် ပိုချစ်စရာကောင်းတယ်လို့
ဦးဟန်ကြည်ကတော့ ပုဂ္ဂလဓိဋ္ဌာန်နဲ့ ကောက်ချက်ချလိုက်ချင်ပါသဗျား။
အနှီလောက်
ပျော်ဖို့ကောင်းလှတဲ့ ဘလော့ရွာကြီးထဲမှာ ဦးဟန်ကြည်တို့ ဘလော့ဂါ ဘလော့ဂီတစ်သိုက် ပျော်ပျော်ကြီး
ကျင်လည်လိုက်ကြတာ ဒီဘက်နှစ်ပိုင်းတွေရောက်တော့ ဘလော့ဂါလူဟောင်းကြီးတွေလည်း တဖြည်းဖြည်း
ပင်စင်သွားတဲ့လူကသွား ဖွဘုတ်ပေါ်တက်အောင်းတဲ့လူကအောင်းနဲ့ ဖြစ်လာပါလေရော။ တစ်ချို့လည်း
အိမ်ထောင်တွေကျကုန်လို့ ဘလော့ဘက်ကနေ အသည်းလေး ပူတူတူးလေးဘက်လှည့်တည့်လူကလှည့် ( ဥပမာ ချဉ်ပေါင်ခြံ ကိုဘကြိုင်ကြီးလိုပေါ့...း)။ တစ်ချို့ကလည်း
ရွှေပြည်ကြီးပြန်ရောက်လို့ ဘလော့ဂါစိတ်ပျောက်တဲ့လူကပျောက် (
ဥပမာ ကငြိမ်းနိုင်…း)။ တစ်ချို့ကလည်း အလုပ်များလို့ ရည်းစားပူမိလို့ အကြောင်းပြပြီး
စာရေးကျဲတဲ့လူကကျဲ ( ဥပမာ သူကြီးမင်း ကိုကိုမောင်၊ ဒေါ်ချော…း)
ဆိုတော့ ဦးဟန်ကြည်တို့ ဘလော့ရွာမှာ ခြောက်ခြောက်ကပ်ကပ်ကြီး ဖြစ်လာပါလေရော။
သို့ပေမင့် ဖိုးရေးချင် ဦးဟန်ကြည်ကတော့ ရေးဆဲ ရေးမြဲပါဗျား။ အင်း…ပြောမယ့်သာပြောရတယ်
ဦးဟန်ကြည်လည်း ဒီဘက်လပိုင်းမှာ ဖွဘုတ်ဓာတ်ကျပြီး ပို့စ်တွေကို ဖွဘုတ်မှာပဲ တင်ဖြစ်နေတာ
ဘလော့ရွာကို သစ္စာဖောက်ရာကျတာမို့ သိပ်တော့မနိပ်လှဘူး။ ၀ဋံသကာ ဦးရွှေအောင်ရေးတဲ့ ရသစာပေ၏ရသဆိုတဲ့
ကျမ်းထဲမှာ သိင်္ဂါရရသ၏ အန္တရာယ်မှာ ဟဿရသဖြစ်၏လို့ ဆိုထားလေတော့ ဦးဟန်ကြည်ကလည်း ဘလော့ရွာ၏
အန္တရာယ်မှာ ဖွဘုတ်ပင်ဖြစ်လေ၏လို့များ ထွင်လိုက်ရမလားလို့ စဉ်းစားမိပါသေးရဲ့။ သို့ပေမင့်
အခုတဂ်ပို့စ်ကိုတောင် ဖွဘုတ်ပေါ်က မိတ်ဆွေဘလော့ဂါတွေ အချင်းချင်း တဂ်ကြပြုကြလို့ ဦးဟန်ကြည်သိရတာဆိုပြန်တော့လည်း
အနှီလို သမုတ်ဖို့ မသင့်ပြန်ဘူး။ အနှီတော့ ဘလော့နဲ့ ဖွဘုတ် မျှတညီညွတ်အောင် ကြိုးစားကြရင်း
ဦးဟန်ကြည်တို့ ဘလော့ဂါအများစုလည်း ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဆိုတဲ့
coorperative policy ကို အကောင်အထည်ဖော်ပြီးသား ဖြစ်ပြီမဟုတ်လား။
ကိုင်း…မိတ်ဆွေ
ဘလော့ဂါ ဘလော့ဂီအပေါင်းတို့ရေ။ စိတ်ကူးယဉ်ဆိုရှယ်လစ်လူ့ဘောင်ထက် ပိုပီပြင်ပြီး ဒီမိုကရေစီအခြေခံကိုပါ
လေ့ကျင့်ခန်းဆင်းပေးနေတဲ့ ဦးဟန်ကြည်တို့ ဘလော့ရွာကြီး ချစ်စရာ မကောင်းပေဘူးလားဗျာ။
ဒီကြားထဲမှာ လူအများနဲ့ ပေါင်းသင်းဆက်ဆံနေရလို့ social skill မိတ္တဗလဋီကာပါ ကျေပြီးသားဖြစ်ရုံသာမက
ကိုယ့်ပို့စ်မှာ လာဆဲတဲ့လူတွေကိုလည်း သည်းခံရင်းနဲ့ ခန္တီပါရမီလည်း ဖြည့်ကျင့်ရာ ရောက်ပြန်တာမို့
ဒီဘလော့ဒေးကနေ နောင်နှစ်ပေါင်းများစွာကြာအောင် အွန်လိုင်းအဆင်ပြေသမျှ ကာလပတ်လုံး ဘလော့ဂင်းကြပါစို့လား…
( ရွှေပြည်ကြီးမှာ အင်တာနက်လိုင်းများ ဂျောင်းဂျောင်းပြေး မြန်နှုန်းမြင့်ပါစေကြောင်းလည်း
ဆုမွန်ကောင်းတောင်းကြဦးစို့ရဲ့…း)။ ။
( လွန်ခဲ့တဲ့နှစ်တွေတုန်းက
ရေးဖြစ်ခဲ့တဲ့ ဘလော့ဒေးတဂ်ပို့စ်မှာတော့ ရောက်ဖူးတဲ့ ဘလော့တွေအကြောင်း ဘလော့ဂါတွေအကြောင်း
စီကာပတ်ကုံးရေးဖြစ်ခဲ့ပေမယ့် ဒီတစ်နှစ်တော့ စာမေးပွဲကာလကြီးဖြစ်နေတာမို့ ကလေးတွေစာမေးပွဲဖြေနေကြတာကို
စောင့်ပေးရင်း ခပ်သောသော့ရေးလိုက်တာကြောင့် ဘလော့ညွှန်းမထည့်နိုင်တာ ခွင့်လွှတ်တော်မူကြပါဦး…
း)






