ဦးဟန်ကြည်တို့
တိုင်းပြည်ကြီးမှာ ဘာသာရေးသမားတွေ များလာလိုက်တာ...
ကိုယ့်ထက်ငယ်တဲ့ကလေးကလည်း
ဘုရားနဲ့ တရားနဲ့၊ ကိုယ်နဲ့ရွယ်တူတွေကလည်း ဘုရားနဲ့ တရားနဲ့၊ ကိုယ့်ထက်ကြီးတဲ့လူတွေကလည်း
ဘုရားနဲ့ တရားနဲ့ချည်း...ခုနစ်နှစ်သားရဟန္တာတွေ များနေတာကြောင့် ဦးဟန်ကြည်ခမျာ ဟိုလူ့လက်အုပ်ချီရမှာလိုလို
သည်လူ့ပဲ ထိုင်ဦးချရမှာလိုလိုဖြစ်ပြီး အနေအထိုင်ခက်လှချေရဲ့ဗျာ...သို့ပေမင့် အချင်းချင်း
ထိုင်ဆဲနေကြတာနဲ့ စာကြည့်ရင်တော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်တရားဟောနေကြတာက လူမြင်လို့ပိုကောင်းတာပေါ့လေ...အင်း
တစ်ခါတစ်ခါ တရားငြင်းရင်း ဓမ္မန္တရာယ်တွေဖြစ်ပြီး ထသတ်ကုန်ကြတာကတော့ မရှောင်လွဲသာတဲ့
ဘေးထွက်ဆိုးကျိုးကိုးဗျ...
ဖောင်းပွလွန်းနေတဲ့
သူတော်ကောင်းစာရင်းကို ကြည့်ရင်း သော်တာဆွေရဲ့ စာသားကိုတောင် တစ်ခါတစ်ခါ သတိရမိပါသေးရဲ့...၀တ္ထုတစ်ပုဒ်ထဲမှာ
သော်တာဆွေက သူ့မြာကလေးကို ပြောတဲ့စကားပါ...ဘာတဲ့... “ ကိုဆွေ
အခု အရက်မသောက်တော့ဘူး ဘာသာရေးလုပ်နေတယ်...ဘုရားရှိခိုးရင် တစ်ရပ်ကွက်လုံးကြားအောင်
လော်စပီကာတပ်ပြီး ရှိခိုးတယ်...မနက်ခင်းမှာ ရေဒီယိုကနေ ပရိတ်ကြီးလွှင့်တဲ့အချိန်ကျရင်
နားကိုဂွမ်းဆို့ပြီး မိုင်ကုန်တင်ဖွင့်တယ်... ” ဆိုပဲ... ;) ဟဲ ဟဲ...ဦးဟန်ကြည်တို့လည်း
သည်ပုတ်ထဲက သည်ပဲပါပဲဗျာ...
ဦးဟန်ကြည်
ထမင်းရှာစားနေတဲ့ ဒေသမှာဆိုရင် ဘာသာရေးသမား ဘာများသလဲမမေးနဲ့...သို့ပေမင့် လုပ်သမျှအလုပ်ကတော့
သောက်တလွဲချည်း…အလှူပွဲမှာ ဘီယာဘူးတွေကိုင် မူးရူးခုန်ပေါက်ပြီး ကကြခုန်ကြတာကိုက ထုံးစံ…အရက်ဆိုင်မှာလည်း
သာသနာ့အလံကြီးလွှင့်ထားလိုက်တာမှ ဟူးဟူးကိုထလို့… ;) ချဲပေါက်လို့ အလှူပေးတယ်ဆိုတာမျိုးကလည်း
ရှိသေးတာရယ်…ဘုန်းဘုန်းပေးတဲ့ သုံးသုံးလေး ဆိုတာမျိုးကတော့ မမြင်ချင့်အဆုံး…ပြောရရင်တော့
မြန်မာနိုင်ငံမှာ တရားပွဲအများဆုံးဒေသလို့တောင် နာမည်တပ်လို့ ရကောင်းပါရဲ့...သို့ပေမင့်
ပင့်သမျှ ဓမ္မကထိကတွေကြည့်လိုက်ရင် ဖြူဖြူသန့်သန့် ခန့်ခန့်ချောချောတွေချည်း...မည်းမည်းတုံးတုံး
ဦးဟန်ကြည်ခမျာ သည်ဘက်နယ်မှာ ငါများ ဘုန်းကြီးဝတ်ရင် ဆွမ်းမှ ၀အောင်စားရပါ့မလားလို့တောင်
တွေးပြီး ကြောက်မိတဲ့အထိ... :P လူများကလည်း သည်လိုချည်းကိုးဗျ...မင်းကွန်းဆရာတော်ကြီး
ခပ်ငယ်ငယ်ပဉ္ဖင်းပျိုဘ၀တုန်းကတောင်မှ ရိုးကြီးဂေါင်ဂင်နဲ့ ပိန်ပိန်ရုပ်ဆိုးဆိုးဆိုတော့
တကာ တကာမ ရှားပါးပြီး ဆွမ်းကွမ်းကိစ္စ အတော်လေး ချို့တဲ့ခဲ့ရှာတယ်ဆိုသကိုး...အင်း သာသနာ့အာဇာနည်တောင်
ရူပပါရမီနည်းရင် ခေါင်းခေါင်းပါးပါး ဖြစ်ရသေးတာ ဦးဟန်ကြည်လို သာမညောင်ညကတော့ ပို့ဆွမ်းမလာ
ခံဆွမ်းမရဖြစ်ပြီး ချက်ဆွမ်းချည်း ဘုဉ်းပေးရမှာ သေချာတယ်ဗျို့...
ကိုယ်တွေ့ကို
ပြောရရင်တော့ ပါးစပ်က ဘုရားချည်း စွတ်တနေတဲ့လူများဟာ အတော်ကြောက်ဖို့ကောင်းသကိုး...သို့ပေမင့်
တကယ့်ဘာသာရေးသမားတွေကိုတော့ မဆိုလိုဘူးပေါ့ဗျာ...ဦးဟန်ကြည် ကြုံဖူးသမျှကိုပဲ ဖောက်သည်ချတာပါ...ကြုံခဲ့ဖူးတဲ့
မိတ်ဆွေတစ်ယောက်ကတော့ တကယ့်စံပဲကိုး...သူ့ပါးစပ်ကထွက်သမျှစကားက ဘုရားနဲ့လွတ်တယ်ဆိုတာ
ခပ်ရှားရှား...ညနေတိုင်း တရားသွားထိုင်တာလည်း ၀တ်မပျက်...ဒါတင်ဘယ်ကလိမ့်တုန်း...သူမွေးထားတဲ့
လက်တောက်လောက် သူ့သားသမီးလေးတွေကိုတောင် သူတရားထိုင်တဲ့အခါ ခေါ်သွားပြီး တရားအထိုင်ခိုင်းသေးတာရယ်...အောင်မယ်လေး
မူကြိုအရွယ်သူ့ကလေးတွေ တရားထိုင်နေတဲ့အကြောင်းကိုများ လူထူထူရှိရင် အားပါးတရ ၀င့်ကြွားသေးတာကလား...သို့ပေမင့်
တရားအထိုင်တော်တဲ့ သူ့ကလေးတွေကတော့ ရန်ဖြစ်လိုက်ပဟဲ့ဆိုရင် သူတို့ချည်း...ဘယ်ကလေးကို
ဆော်ထည့်လိုက်ပဟဲ့ဆိုရင်လည်း သူတို့...မေတ္တာလက်နက် အစွမ်းထက် ဟက်တက်ကွဲသတည်းဆိုတာမျိုး
ထင်ပါရဲ့…ဟဲ ဟဲ ;)
ကိုယ့်လူဘာသာရေးသမားလည်း
ဘာထူးလည်း...တစ်ဖက်သားကို မှိုချိုးမျှစ်ချိုး ပြောတဲ့နေရာမှာ နိုးတူး...လူတစ်ယောက်
အရက်မူးနေတာများ မမြင်မိလေနဲ့ သည်လူ့ပါးစပ်နဲ့တွေ့ရင် အရှင်လတ်လတ် ငရဲပြည်ရောက်ပြီသာမှတ်...ဒါတင်
ဘယ်ကလိမ့်တုန်း...သူများဝယ်ထားတဲ့ ပစ္စည်းများဆိုရင် ဘာတစ်ခုမှ အကောင်းမပြောတာ သူ့ဗီဇ...မင့်ပစ္စည်းက
အင်ကြီးပါကွာ...မင့်မို့ညာရောင်းလိုက်တာပါ ဘာဖြစ် ညာဖြစ်ဆိုတာ သူ့လက်သုံးစကား...ဟဲ
ဟဲ...ကိုယ့်လူ ဘာသာရေးသမားကြီးက ဘောလုံးပွဲလောင်းတဲ့နေရာမှာတော့ ထိပ်တန်းဗျို့...လောင်းပြန်ရင်လည်း
သူတကာလို ခပ်အေးအေးလောင်းတာ မဟုတ်ဘူးရယ်...သူနဲ့ဆန့်ကျင်ဘက်လောင်းတဲ့လူကို မခံချိမခံသာဖြစ်အောင်
တချိချိနဲ့ ထိုင်ကလိသေးတာရယ်...သူ့မှာ နိဗ္ဗာန်လက်မှတ်များ ရပြီးပြီလားတော့ မသိပေါင်ဗျာ…သို့ပေမင့်
ကျန်တဲ့ဘာသာဝင်များကိုတော့ သူများကိုးကွယ်တဲ့ ဘာသာနာမည်ရှေ့ကနေ သောက် ( ကြားကောင်းအောင်ပြောတာရယ်…တကယ်က
စလုံးနဲ့ အသံထွက်သဗျ ) တပ်ပြီး ခေါ်တော်မူတာကိုး…ကောင်းပါလေ့ဗျာ…
တရားထိုင်သက်ကလေးရင့်လာတော့
ကိုယ့်လူ ဘာလုပ်တယ်ထင်လည်း ချဲရောင်းပါလေရောဗျား...သြော...ကိုယ့်လူ တရားပေါက်ပြီး တစ်ယောက်ပါးသွားတာကိုး...
;) သူ့ဘာသာသူ ချဲပဲရောင်းရောင်း ကျွဲပဲမောင်းမောင်း ဦးဟန်ကြည်နဲ့ မဆိုင်ဘူးလို့တော့
မထင်လေနဲ့...သင်းက စားရတဲ့အချိန်မှာသာ ကိုယ့်ကို သတိမရတာကိုး ချဲဒိုင်ခံလို့ နှစ်ခွင်လောက်
ကော့နေအောင်ထိပြီး အကြွေးဝိုင်းလာတော့ ဦးဟန်ကြည်ဆီပြေးလာပါလေရော...ဆရာရယ် ပိုက်ဆံချေးပါပေါ့...ဦးဟန်ကြည်တို့
မဒမ်ကြည်တို့ဆိုတာကလည်း အပေါ်ရေသာတင်းတာရယ် အတွင်းသားက ခပ်နုနုဆိုတော့လည်း မရှိတဲ့ကြားက
သနားစိတ်ကလေး ဦးထိပ်ရွက်ပြီး ရှိတဲ့ရွှေကလေးတွေ ပေါင်ပြီး အတိုးမဲ့ငွေချေးပေးလိုက်ပါလေရောဗျား...သူ့အမျိုးတွေက
အကြောင်းသိမို့ မကူညီတာကို သည်က သူတော်ကောင်းမောင်နှံက အကြောင်းမသိဘဲ သနားတော်မူလိုက်တာကိုးဗျ…သွေးမတော်သားမစပ်ကြီး
အခုလို ကူညီပေးတာ ကျေးဇူးတင်လိမ့်မယ်တော့ မထင်လေနဲ့ ကိုယ့်ဆရာရေ...မဒမ်ကြည်ကိုယ်တိုင်
ရွှေဆိုင်လိုက်သွားပြီး ရွှေပေါင်ပေးတဲ့ပိုက်ဆံကို လက်ခံနေတဲ့ သကောင့်သားမိန်းမရဲ့ မျက်နှာပေးက
အကြောင်းမသိတဲ့အပြင်လူက ကြည့်လိုက်မယ်ဆိုရင် ကြွေးရှင်မျက်နှာပေးမျိုးနဲ့ကိုးဗျ…ဒါတင်ဘယ်ကလိမ့်တုန်း…တစ်ပတ်လောက်ပဲကြာမယ်လို့
ကတိပေးပြီး ချေးတော်မူသွားတဲ့ ငွေသုံးသိန်းခမျာ နှစ်နှစ်လောက်ကြာအောင် တောင်းယူရပါရောလား...
စီးပွားရေးကလေး
နာလန်ပြန်ထလာတော့လည်း ကိုယ့်လူက ဦးဟန်ကြည်ကို သတိမရဘူးကိုး...မပေးနိုင်သေးတဲ့အကြောင်း
ဖုန်းလေးဆက်ပြီး ညာထားရင်လည်း ဦးဟန်ကြည်ဖြေသာပါရဲ့...အခုတော့ အောက်အီးလည်းမမြည် အွတ်အွတ်လည်း
အသံမပေးဘဲ နေစိမ့်တာဆိုတော့ လွန်ပေသပေါ့ဗျာ...ကိုယ့်မှာတော့ အကြွေးသွားတောင်းရတာတောင်
ခမျာများကို အားနာလို့ သုံးလမှတစ်ခါလောက် ကိုယ်ထင်သွားပြရရှာတယ်...အင်း အတိုချုပ်ပြောရရင်တော့
ကိုင်း မရတဲ့အဆုံးတော့ လှူလိုက်တာအေးပါတယ်လို့ လင်မယားနှစ်ယောက်တိုင်ပင်ပြီး လက်ကျန်ငွေတစ်သိန်းကို
မပေးနဲ့တော့လို့ ပြောလိုက်ရပါလေရော...စာရင်းချုပ်လိုက်တော့ မဒမ်ကြည်ရဲ့ လက်ကောက်တစ်ကွင်း
အပေါင်ဆုံးဖြစ်သွားလေသတည်းပေါ့ဗျာ...သြော် သူ့ကိုပေါင်ပေးလိုက်တာဆိုတော့ သူပဲအတိုးသတ်မယ်လို့ကတိပေးပြီး
အပေါင်လက်မှတ်ယူထားလိုက်သကိုး...သင်းက အတိုးမသတ်ဘဲ ခပ်တည်တည်နေလိုက်တော့ ပလုံစွပ်ပေါ့ဗျာ...အနှီကတည်းက
ဘုရားစကား ခပ်များများပြောတဲ့လူဆိုရင် ခပ်လန့်လန့်...
ဦးဟန်ကြည်က
ကိုယ့်ဘာသာချည်း ဖိတွယ်နေတယ်လို့လည်း မထင်လေနဲ့…အတွေ့အကြုံအရပြောရရင်တော့ ဘာသာတိုင်းလိုလို
ထူးမခြားနားချည်း…ဦးဟန်ကြည်ဝယ်ထားတဲ့ မြေကွက်ကလေးတွေကို ပတ်တီးချသွားတာကလည်း မဒမ်ကြည်တို့ဘာသာက
ဘာသာရေးသမားကိုး…ကျန်တဲ့ဘာသာဝင်တွေလည်း ထို့နည်းလည်းကောင်းပါပဲလေ…ပြောပြနေရင် ကုန်နိုင်ဖွယ်မရှိလို့
သည်အတိုင်းပဲ ထားကြပါစို့ရဲ့…အောင်မယ်…သည်လူတွေက ဘုရားသွားကျောင်းတက်တော့ ဘာမှန်ကြသလဲမမေးနဲ့…ပေါင်းမကြည့်ရင်တော့
အကြောင်းသိစရာကို မရှိတာရယ်…အပြင်ပန်းကြည့်လိုက်ရင်တော့ ထိုင်ကန်တော့ချင်စရာကြီး…စကားပြောကြည့်လိုက်ရင်
ကိုးကွယ်ချင်စရာဖြစ်လာပါလေရော…အဲ ထဲထဲဝင်ဝင် ပေါင်းသင်းယှက်နွယ်ကြည့်မှ ဇာတိတွေ ပြလာတော့တာကိုး…သို့ပေမင့်
အနှီလို သိလိုက်တဲ့အချိန်ကလည်း ကိုယ့်ဆီကနေ ခပ်ထူထူကြီးလှီးယူသွားတဲ့အချိန်မျိုးဖြစ်နေတာကတော့
ဆိုးတာပေါ့လေ…ကိုယ်ကလည်း ဘုရားမျက်နှာနဲ့ ယုံမိပေသကိုး…ခက်တာက ဦးဟန်ကြည် ယုံမှတ်လို့
ပုံအပ်မိတဲ့ ဘာသာရေးသမားတွေက သောနုတ္ထိုလို လူတန်းစားတွေချည်း ဖြစ်နေတာကတော့ ကိုယ့်ကံကိုက
ဆိုးရှာလွန်းလို့ထင်ပါရဲ့…
သောနုတ္ထိုလို့တင်စားလိုက်တာက
ကျန်တဲ့အကြောင်းကြောင့်တော့ မဟုတ်ပေါင်ဗျာ…ဆဒ္ဒန်ဆင်မင်းဇာတ်တော်ထဲမှာ အနှီမုဆိုးကို
ဆင်မင်းက သတ်ဖို့ နှာမောင်းနဲ့ရစ်ပြီးပင့်ယူလိုက်တဲ့အချိန်မှာ ဆင်မင်းရဲ့အစွယ်ပေါ်ကို
အသင့်ယူလာတဲ့ သင်္ကန်းတင်ပေးလိုက်တယ် ဆိုကိုး…သင်္ကန်းမြင်သွားတဲ့ ဆင်မင်းက ဒေါသလျှော့လိုက်လေတော့
သင်းအသက်ချမ်းသာတာပေါ့လေ…တကယ်တော့ သည်မုဆိုးသကောင့်သား သင်္ကန်းဆောင်ထားတာ ဘုရားကို ကြည်ညိုလို့မှ
မဟုတ်ဘဲကိုး…ကိုယ်လုပ်ချင်ရာလုပ်ရအောင် ကိုယ့်ကို သူများအထင်ကြီးအောင် အရေခြုံထားတဲ့သဘောမျိုးထင်ပါရဲ့…ဦးဟန်ကြည်ရဲ့
ဘော်ဒါကြီးများကလည်း အနှီလို လူစားတွေ ဖြစ်မယ်ထင်ပါရဲ့…သူရို့ပါးစပ်က ဘုရားစကား တရားစကားချည်း
မိုးမွှန်နေတော့ ကျန်တဲ့လူတွေက ယုံကြရှာတာကိုး…သည်တော့လည်း နွှာလို့နွှင်လို့ လွယ်တာပေါ့လေ…ဘုရားတွေခမျာ
သင်းတို့လုပ်ပုံနဲ့ ပျက်လိုက်တဲ့ နာမည်တွေ…အားနာဖို့တောင် ကောင်းပါရဲ့…
ဦးဟန်ကြည်
ဖတ်ဖူးတဲ့ ရှေးစာတွေထဲက ဆိုရိုးတစ်ခုကတော့ “ သဖန်းသီးကို ဖျက်သောပိုးသည်
သဖန်းသီးတွင်းတွင် နေ၏ ” လို့ ဆိုထားသကိုး…အင်း အခုလည်း သည်အတိုင်းချည်းပေါ့…ဟိုဘာသာ
သည်ဘာသာနဲ့ တောပြောတောင်ပြော လျှောက်ပြောနေကြပေမင့် သူ့ဘာသာ ကိုယ့်ဘာသာ ဘာသာတိုင်းနီးပါး
သဖန်းသီးကိန်း ဆိုက်လုဆိုက်ခင်ဖြစ်နေတာတော့ သတိမထားမိကြဘူးကိုးဗျ…တုတ်တစ်ပြက် ဓားတစ်ပြက်နဲ့
အပြင်လူလှည့်ရမ်းနေတုန်းမှာ အိမ်တွင်းသူခိုးက ပညာပေးသွားလို့ တက်တက်ပြောင်ခါနီးမှ သိကြမယ်ထင်ပါရဲ့…အနှီတော့လည်း
လက်ညှိုးတွေ ထပ်ထိုးပြီး ဆက်သတ်ကြပေါ့ဗျာ…ဘာပဲဖြစ်ဖြစ် ဘုရားတွေကို ခေါင်းစည်းတပ်ပြီး
ဘုရားနာမတော်အောက်မှာ လုပ်စားကြတဲ့လူတွေကတော့ ယုံမှတ်လို့ ပုံအပ်ကြတဲ့လူတွေရဲ့ စည်းစိမ်တွေကို
မျက်မျက်ကလေးခံစားနေရင်းနဲ့ ဘာသာဝင် အချင်းချင်းလက်ညှိုးထိုးပြီး ဆော်ပလော်တီးကြတဲ့ သတ်ပွဲတွေကိုလည်း အရသာခံပြီးကြည့်ကြရင်းနဲ့ ဇိမ်တွေ့နေကြဦးမှာ
မြင်ယောင်ပါသေးရဲ့…
ဦးဟန်ကြည်ကတော့
တစ်ခါသေဖူး ပျဉ်ဖိုးနားလည် နောက်တစ်ခါထပ်သေတော့ နောက်တစ်ခါထပ်နားလည်နဲ့ ပျဉ်ဖိုးတွေ
နားလည်ရပါများလွန်းတော့လည်း သစ်ဆိုင်ထောင်လို့ရလောက်အောင်တောင် ပျဉ်ဖိုးတွေ နောကျေနေပြီမို့
ကိုယ့်အနားမှာ ဘုရားစကား ခပ်များများပြောတဲ့လူရောက်နေပြီဆိုရင် ကျောထဲကပဲ ယားသလိုလို
ခေါင်းတွေပဲ ကျိန်းသလိုလို ပိုက်ဆံအိတ်ပဲ ပူလာသလိုလို ခံစားမိရပါသဗျား…။ ။
“
( ဘာသာရေးကို ကာဗာယူပြီး
) လူအချင်းချင်း လှည့်ပတ်ခြင်း…ကင်းရှင်းကြပါစေ… ”


