Saturday, 15 March 2014

“ လက်ဖက်ရည်ဋီကာ . . . ”


 

ဦးဟန်ကြည်က လက်ဖက်ရည်မကြိုက်တတ်တာကြောင့် လက်ဖက်ရည်သိပ်မသောက်ဖြစ်ဘူးပေါ့ဗျာ...အဲ စိတ်ကူးပေါက်ရင်တော့လည်း ပေါင်းခံရေလေးဘာလေး မှီဝဲပေသပေါ့...ထားပါတော့...း)

မြန်မာနိုင်ငံမှာ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုက ဘယ်ခေတ်လောက်က စထွန်းကားခဲ့တယ်တော့ မပြောတတ်ဘူး…ဦးဟန်ကြည်တို့ လူလားမြောက်တဲ့အချိန်ရောက်တော့ လက်ဖက်ရည်ယဉ်ကျေးမှုက အတော်ထွန်းကားနေပြီ…ရပ်ကွက်တစ်ခုမှာ လက်ဖက်ရည်ဆိုင် လေးငါးဆိုင်ကတော့ အနည်းဆုံး…အနှီခေတ်တုန်းကတော့ လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုတာ ၀န်ထမ်းတွေရဲ့ ဖက်ရှင်…အနှီခေတ်က ၀န်ထမ်းဆိုတာကလည်း ပြောလောက်အောင် အလုပ်သိပ်များသလို သည်ဘက်ခေတ်တွေလို ဘီယာယဉ်ကျေးမှုကလည်း ခေတ်စားသေးတာမှ မဟုတ်ဘဲကိုး…ဘာကိစ္စ ညာကိစ္စကလေးတွေ အောင်မြင်ချင်ရင် လက်ဖက်ရည်ဖိုးပေးရင် အိုခေပြီဆိုတဲ့ခေတ်…

သည်ဘက်ခေတ်ရောက်လာတော့ လက်ဖက်ရည်ဆိုင်တွေ ဆိုင်တွေဆိုတာကလည်း လမ်းတစ်လမ်းမှာ လေးငါးခြောက်ဆိုင် အပြိုင်ရှိလာကြတော့တာမို့ သူ့ထက်ငါ လူဝင်များအောင် အသည်းအသန် ကြိုးစားကြရတော့တာကိုး...အပြင်အဆင် အရသာတွေ ကောင်းသည်ထက်ကောင်းအောင် ကြိုးစားရုံတင်အားမရဘဲ အခေါ်အဝေါ်ပါ ဆန်းအောင် ကြိုးစားကြပြန်လေတော့ လာသောက်တဲ့ ပရိသတ်ခမျာ တစ်ခါတစ်ခါ မျက်စိတောင် လည်ချင်စရာ...

ချစ်ကောင်းတစ်ခွက် ” ဆိုတာက ကော်ဖီခါးခါးတစ်ခွက် ( ကော်ဖီခါးခါးဆိုတာ ဦးချစ်ကောင်းရဲ့ နာမည်ကြီးသီချင်းကိုး )

ပန်းတောင်းတစ်ခွက် ” ဆိုတာက လက်ဖက်ရည်ချိုချိုတစ်ခွက် ( ကျောက်ပန်းတောင်းနယ်က ထန်းလျက်တို့ ကြံသကာတို့ နာမည်ကြီးလေတော့ အနှီအချက်ကို အစွဲပြုပြီး ခေါ်ဟန်တူပါရဲ့ )

ကျဆိမ့် ဂိတ်ဆုံးတစ်ခွက် ” ကျဆိမ့်ကို ကျနိုင်သမျှကျအောင် ဖျော်ခိုင်းတာကိုးဗျ ( ဂိတ်ဆုံးဆိုတာကတော့ အဆုံးစွန်ထိလို့ ဆိုလိုဟန်တူပါရဲ့ ) ခပ်နောက်နောက် လူတစ်ယောက်ကတော့ “ ကျဆိမ့် ဂိတ်ဆုံး ပတ်စီး တစ်ခွက် ” လို့မှာထည့်လိုက်တာ အဖျော်ဆရာခင်မျာ မျက်စိတောင် လည်ရှာပါလေရော...

လက်ဖက်ရည်တစ်ဂေါက် ” ဒါကတော့ အညာစတိုင်ဗျို့...လက်ဖက်ရည်မှာ ပါသင့်ပါထိုက်တဲ့ ပါဝင်ပစ္စည်းအကုန်ထည့်ပေမင့် ခွက်အပြည့်မဖျော်ဘဲ လက်ဖက်ရည်ပန်းကန်လုံးရဲ့ အပေါ်ကိုင်းအထိရောက်အောင်ပဲ ထည့်ထားတာကို ခေါ်ပါသတဲ့...နည်းနည်းဘိုဆန်တဲ့ ငတိတွေကတော့ “ ဟပ်ဖ်တီး ” လို့ ခေါ်ပါသဗျား…ဆိုလိုရင်းကတော့ အတူတူပဲပေါ့…အပြည့်မဖျော်ဘဲ တစ်ဝက်ကျော်လောက်ပဲ ဖျော်ခိုင်းတာဆိုပဲ…အတ္တနောမတိနဲ့ ပြောကြည့်ရရင်တော့ နည်းနည်း ဂန်ကျယ်တဲ့ ငတိတွေပေါ့လေ…

ပုံမှန် ဖန်ကဲ ဟပ်ဖ်တီး ” ဆိုတာကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ လက်ဖက်ရည်သောက်နည်း...ပုံမှန်အချိုးကျဖျော်ထားတဲ့အထဲမှာ အကျရည်နည်းနည်း ပိုထည့်ပြီး ကိုင်းအထိပဲ ဖျော်ခိုင်းတာဆိုပဲ...

ချိုပေါ့ကျ တိုင်ကီ ၀မ်း” ဆိုတာကတော့ လက်ဖက်ရည် အချိုခပ်ပေါ့ပေါ့မှာ အကျရည်လေး ကဲထားတာကို ရိုးရိုးလက်ဖက်ရည်ခွက်နဲ့ မထည့်ဘဲ Mug ခွက်လို ခွက်ကြီးကြီးနဲ့ ထည့်ထားတာကို သညာပေးထားတာဆိုပဲ...ကြားခါစတုန်းကတော့ အလို သည်လူတွေ လက်ဖက်ရည်ကြိုက်ချက်ကတော့ တိုင်ကီနဲ့တစ်လုံးတောင် ကုန်အောင်သောက်မယ့်သဘောထင်ပါရဲ့လို့တောင် တွေးမိသေးတာရယ်...

သည်ကြားထဲမှာ “ ချိုကျ ” “ ချိုပျစ် ” ဆိုတာတွေက ရှိသေးပြန်ရော...ဒါတင်ဘယ်ကလိမ့်တုန်း...“ ချိုပက်လန် ” ဆိုတာတောင် ရှိချေသေး...ချိုလွန်းလို့ ပက်လက်တောင် လန်သွားရမယ်လို့ ဆိုလိုပါသတဲ့...

တစ်ခါသားမှာတော့ “ ချိုပက်လန် တောသားကြီး ပစ်လဲ ” လို့မှာလိုက်တာလည်း ကြားဖူးပါသဗျား...ချိုလွန်းမကျချိုလိုက်တော့ အချိုကြိုက်လှပါတယ်ဆိုတဲ့ အညာတောသားကြီးတောင် ပစ်လဲသွားနိုင်တဲ့ လက်ဖက်ရည်လို့ တင်စားတယ်ဆိုလား...

အညာက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကတော့ လက်ဖက်ရည်ကို ဒန်အိုးကြီးထဲမှာ တစ်ခါတည်းဖျော်ထားပြီး ဘာပဲမှာမှာ သည်အထဲကပဲ ခပ်ပြီးရောင်းပါသတဲ့...သောက်တဲ့လူက နို့ဆီနည်းနည်းလို့ အထွန့်တက်ရင် နို့ဆီထည့်ပေး...အဖန်ရည်လေးကဲပါဦးဆိုမှ အဖန်ရည်ထည့်ပေးလိုက်တော့ အိုခေဆိုပဲ...အကြောင်းသိတဲ့လူတွေကတော့ သူ့ဆိုင်မှာ ၀င်သောက်ရင် “ အိုးဖျော် တစ်ခွက် ” လို့ မှာကြပါလေရော...

ရွှေမန်းမြို့က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာတော့ ကြက်ဥအစိမ်းကို ဖောက်ထည့်ပြီး သံပုရာရည်ညှစ် သကြားထည့်ထားတဲ့ သောက်စရာ “ ကြက်သံ ” ကို “ ရှင်သန်ခြင်း ” လို့ နာမည်ပြောင်ပြောင်မြောက်မြောက် ပေးထားတာကိုလည်း ကြုံဖူးပါရဲ့...

အညာဆိုင်တစ်ဆိုင်မှာတော့ ပလာတာပေါ်မှာ ကြက်ဥတင်ပြီး ကြော်ထားတဲ့ စားစရာကို “ ခိုင်သင်းကြည် ” လို့ နာမည်ပေးထားပါလေရော...ထူးဆန်းလွန်းလို့ စုံစမ်းကြည့်တော့ အနှီစားစရာကို “ တင်ကြော် ” လို့ နာမည်ပေးထားပေမင့် ခိုင်သင်းကြည်က ဇွန်စီ ကြော်ငြာမှာ သူတင်ပါးကို အပြကောင်းလွန်းတာကနေ အစပြုပြီး တင်ကြော်မှသည် ခိုင်သင်းကြည်လို့ နာမည်ပြောင်းပါလေရောတဲ့...

သည်ကြားထဲမှာ အီကြာကွေ့ကို “ ဂျုံရှည်ကြော် ” နံပြားကို “ ဂျုံပြားကင် ” လို့ နာမည်ပေးတာလည်း ရှိပါသေးရဲ့...

လက်ဖက်ရည်မှာတဲ့နေရာမှာတော့ ဦးဟန်ကြည်ရဲ့ အဘိုး ဦးမြကြီးကို မီတဲ့လူ ရှိမယ်မထင်ဘူး…အဘိုးက ကပ်စေးနှဲတာမှ နှပ်ချေးကိုတောင် ငပိလုပ်ခတ်တယ်ဆိုတဲ့ လူစား…မောင်ဟန်ကြည် ခပ်ငယ်ငယ်က အဘိုးဆီအလည်သွားတဲ့အခါ ငါ့မြေးကြီးကို လက်ဖက်ရည်တိုက်ရမယ်ဆိုပြီး လက်ဖက်ရည်ဆိုင်ခေါ်သွားတော့ ကလေးပီပီ ၀မ်းသာပေသပေါ့လေ…သောက်ရချေသေးပေါ့…လက်ဖက်ရည်ဆိုင်ရောက်လို့ ထိုင်လည်းထိုင်ပြီးရော မဟာကော်တရာအဘိုးက ကောင်တာကိုလှမ်းပြီး “ လက်ဖက်ရည် တစ်ခွက်ခွဲ…နှစ်ခွက်မျှထည့်လိုက်… ” လို့ ခပ်တည်တည် အော်ပြီးမှာလိုက်တာ တစ်ဆိုင်လုံးရှိတဲ့လူတွေခမျာ မကြားဖူးတာကြားရပြီး အံ့သြလွန်းလို့ အသံတွေကို တစ်ချက်တည်းတိတ်…အဖျော်ဆရာလည်း အူကြောင်ကြောင်ကို ဖြစ်လို့…အဘိုးကတော့ ခပ်တည်တည်…မောင်ဟန်ကြည်ခမျာ မချိသွားဖြဲ…
မဟာကော်တရာ ဂန္ထ၀င်ဦးကပ်စေးအဘိုးက လက်ဖက်ရည်တစ်ခွက် ၅၀ ကို နှမြောတော်မူတာကြောင့် နှစ်ခွက်စာ ငွေ ၁၀၀ အကုန်မခံဘဲ တစ်ခွက်ခွဲစာ ၇၅ ကျပ်ပဲ အကုန်ခံတော်မူတာကိုးဗျ…အဘိုးရဲ့ လက်တွေ့ချွေတာရေးဖော်မြူလာကို လက်တွေ့သုံးချင်ရင်တော့ မှတ်သာထားကြပေရော့…း)

လက်ဖက်ရည်သောက်ရင် ရင်တုန်တတ်လွန်းလို့ ဝေါင်ဝေါင်ရှေးထားပေမင့် မြန်မာ့ယဉ်ကျေးမှုအရ မိတ်ဆွေအပေါင်းအသင်းနဲ့ဆုံရင် လက်ဖက်ရည်ဆိုင်ပဲ ခေါ်သွားရလေတဲ့ ဦးဟန်ကြည်ခမျာ တစ်ဆိုင်ရောက်ရင် အခေါ်အဝေါ်တစ်မျိုး ဗဟုသုတရ နောက်တစ်ဆိုင် နောက်တစ်မျိုးနဲ့ မြန်မာစကားအသစ်တွေ အတော်များများတောင် စုဆောင်းမိနေပါရောလား...။ ။


photo credit to Google.

Monday, 10 March 2014

“ ကြောက် . . . ”


“ ကြောက် . . . ”



အကြောက်တရားနဲ့
ခြောက်ခြားတဲ့လူ့ပြည် ( ပြေ )
အမှုပွေသည်တစ်ခေတ်မှာလ
လူညစ်တွေဘယ်ညာဝိုင်းပြန်တော့
ရိုင်းတဲ့ဖြစ်ထွေ။

ကြောက်စရာ
တစ်ယောက်မှာတစ်ထွေဆန်းပြန်တော့
ပြည်နွမ်းအောင်ကျွမ်းလောင်မြှိုက်ပါလို့
အမှောင်တိုက် ပူပင်လယ်
လူတွင်ကျယ်ရှိဘူး။

ရှောင်တခင်
ကြိုမမြင် အကြောက်မျိုးနဲ့
ကြိုတင်မြင် အကြောက်မျိုးပါတဲ့
ဘယ်ဒင်းဟာ အလေးသာပါလိမ့်
အတွေးမှာ တိုင်းထွာကြည့်မိတော့
ရိုင်းပါဘိ ခက်ဖွယ်
ကွက်မလည် သည်အရေး။

အကြောက်နယ်
ပတ်လည်မှာ မှိုလိုပေါက်ပါလို့
စိတ်နောက်လို့ ရုပ်ကြေ
ရှုပ်ပွေသည့် ပြည်တွင်းမှာလ
လက်ငင်းမှာ ကြောက်တာဝပြီကွဲ့
နောင်ခါလာ နောင်ခါဈေးသာမို့
ကြိုကြောက်တာ လာမမေးလေနဲ့
တွေးကြောက်ဖို့ဝေး။    

( ဟန်ကြည် )
၁၀.၃.၂၀၁၄ ( တနင်္လာနေ့ )

The most fearful thing in this world is the fear itself.
“ ကြောက်စရာအကောင်းဆုံးအရာဟာ အကြောက်တရားပါပဲ ”

ဘယ်ဆိုရိုးက ဘယ်လိုပဲဆိုဆို ဘယ်ပညာရှိက ဘယ်ပုံပဲ ဆုံးမ ဆုံးမ၊ ဘယ်ဘာသာတရားက ဘယ်လိုနည်းနဲ့ပဲ သွန်သင် သွန်သင် ကြောက်တတ်တာကိုက ဦးဟန်ကြည်တို့ လူသားသဘာဝ။ အနှီတော့ လူပီသစွာပဲ ကြောက်စရာရှိရင် ကြောက်ကြရပေမပေါ့။ လန့်စရာရှိရင် လန့်ရပေမပေါ့ဗျာ။ ဟုတ်ဘူးလား။ တကယ်တမ်းပြောရရင် သူရဲကောင်းဆိုတာတွေလည်း အရေးအကြောင်းဆိုရင် ကြောက်တာချည်းပဲကိုး။ ဗိုလ်မှူးကြီး(ဟောင်း) တင်မောင် ( စာရေးဆရာ မြတ်ထန် ) ရေးထားတဲ့ “ တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန် ” ဆိုတဲ့ စာအုပ်ထဲမှာ ကတုတ်ကျင်းနှုတ်ခမ်းမှာတက်ရပ်ပြီး ရဲဘော်တွေကို အမိန့်ပေးရတဲ့ အချိန်တွေမှာ သူဘယ်လောက်ကြောက်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ရေးထားပါရဲ့။ ရဲဘော်တွေ မကြောက်လေအောင် ခေါင်းဆောင်ပီပီ ဟန်ဆောင်နေရပေမင့် သူလည်းလေ လောကီသားပဲကိုး။ ဘယ်ကောင်ပစ်မှန်းမသိတဲ့ ကျည်ဆံထိပြီး တိုက်ပွဲကျမှာတော့ မကြောက်ဘဲနေရိုးလား။

တကယ်တော့ သူရဲကောင်းလို့ သတ်မှတ်ခံထားရတဲ့လူတွေဆိုတာ ကြောက်စိတ်မရှိတဲ့လူတွေ ဘယ်ဟုတ်လိမ့်တုန်း။ ကိုယ်ကြောက်တာကို သူများမသိအောင် ဖုံးဖိထားနိုင်တဲ့လူတွေချည်းပေါ့။ “ ဟေ့…အာဇာနည်ကွ…ဘာမှကို မကြောက်ဘူး ” လို့ စွတ်ပြီးကြွေးကြော်နေရင်တော့ လူတွင်ကျယ်လုပ်ချင်လို့ဖြစ်ရင်ဖြစ်၊ ကိုယ့်နောက်ကလူတွေ မကြောက်စေချင်လို့ ဟန်လုပ်တာဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ်ရင်တော့ စိတ်ပိုင်းဆိုင်ရာ စံလွဲနေလို့ပဲ ဖြစ်မှာသေချာပါသဗျား။ အောင်မယ် ဘာမှမကြောက်ဘူးလို့ အော်နေတဲ့ ပုဂ္ဂိုလ်ကြီး အနှီလို စွတ်အော်နေတာလည်း ကြောက်တတ်လို့ အော်နေတာဗျို့။ သူ့ကို သူများက ငကြောက်လို့ထင်မှာ ကြောက်ရှာလွန်းလို့ အနှီလို အသံကောင်းဟစ်နေရတာကိုး။ ကိုင်းဗျာ ဦးဟန်ကြည် မပြောလား။ လူဆိုတာ ကြောက်တတ်ပါတယ်လို့။ အနှီလိုကြောက်တတ်လို့ပဲ ဟိုဟာကိုးကွယ်၊ သည်ဟာကိုးကွယ်၊ ဟိုဘုရားတ သည်ဘုရားတ လုပ်နေကြရတာ မဟုတ်လား။ အောင်မယ် ဘာသာရေးမှာတောင် ကြောက်စရာ ပိုများသေး။ ဘယ်ဘာသာကြည့်ကြည့် ငရဲဆိုတာ ကြက်သီးထစရာတွေချည်း။ ဟိုဟာလေး မလုပ်လေနဲ့ ဒယ်အိုး၊ သည်ဟာလေး မကလိလေနဲ့ ဒယ်အိုးနဲ့ ညှော်နံ့လေးတွေရနေလေတော့ လူတွေခမျာလည်း ကြောက်ကြောက်နဲ့ပဲ လိမ္မာချင်ယောင် ဆောင်ကြရပါလေရော။

အကြောက်တရားဆိုတာ ကောင်းသလားဆိုတော့ သဘောသဘာဝအရတော့ ဘယ်ကောင်းမလဲဗျာ။ ကြောက်နေရမှတော့ ဘယ်နေပျော်လိမ့်တုန်း။ သို့ပေမင့် လောကကိုစောင့်ရှောက်တဲ့ လောကပါလတရား နှစ်ပါးက ဟီရီ နဲ့ သြတ္တပ္ပ ဆိုတဲ့ ရှက်ခြင်းနဲ့ ကြောက်ခြင်းလို့ ဆိုကြသကိုး။ အနှီတော့ ကြောက်တာ ရှက်စရာ မဟုတ်ပေါင်ဗျာ။ ကြောက်သင့်တာကို ကြောက်ရပေမပေါ့၊ ရှက်သင့်တာကို ရှက်ရပေမပေါ့။ ဘာကိုကြောက်တယ် ဘာကိုရှက်တယ်ဆိုတာကို မူတည်ပြီး လူတစ်ယောက်ရဲ့ စာရိတ္တတို့ တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်တို့ကို ပုံဖော်ကြရတာ မဟုတ်လား။ ကြောက်တယ်…ကြောက်တယ်…မခိုးရ မ၀ှက်ရလို့ သူများထက်ဆင်းရဲမှာကြောက်တယ်ဆိုရင် သည်ငတိ သူခိုးပေါ့။ ကြောက်တယ်…ကြောက်တယ်…သူများပစ္စည်းကို ခိုးလို့ သူများစိတ်ဆင်းရဲမှာကြောက်တယ်ဆိုရင် သည်ငတိ သူတော်ကောင်းပေါ့။ ဟုတ်ဘူးလား။

တစ်ခုတော့ ရှိပေသပေါ့။ ကြောက်တိုင်းလည်း မကောင်းသလို၊ မကြောက်တိုင်းလည်း အဆင်မပြေဘူးကိုးဗျ။ ဟိုဒင်းလည်းကြောက် သည်ဒင်းလည်းကြောက်ဆိုရင်တော့ သည်ပုဂ္ဂိုလ်ဟာ မသေခင်ကတည်းက တစ်ပိုင်းပုပ်နှင့်နေပြီကိုး။ အနှီတော့ အကြောက်တရားဆိုတာကလည်း ဘိန်းပါတဲ့ဆေးများလို တန်ဆေး၊ လွန်ဘေးပေါ့လေ။ မန်လည်ဆရာတော်ရဲ့ “ မဃဒေ၀ ” ထဲက စာသားကို စာမြှောင်ကပ်ပြီး ကဗျောင်လုပ်ရရင်တော့ -
“ အကြောက်ဟူဘိ ထိုငတိကား
မရှိမကောင်း၊ ရှိမကောင်း
မပေါင်းလည်းခက်၊ ပေါင်းလည်းခက်
လို့ ဆိုရမယ်ထင်ပါရဲ့…း)။

ပူမှုရယ်တဲ့ ဆယ်ကုဋေမကတဲ့ ဒွန္တယာကြီးမှာ နေကြရတဲ့လူတွေဆိုတော့လည်း ကြောက်စရာတွေက များပါဘိ။ ရန်သူမျိုးငါးပါးကြောက်ရ၊ ၀ိပ္ပတ္တိတရားလေးပါးကြောက်ရ၊ ဗျဿနတရားငါးပါးကြောက်ရ၊ ကပ်ကြီးသုံးပါးလည်းကြောက်ရနဲ့ ကြောက်စရာတွေမှ ပတ်လည်ကိုဝိုင်းလို့။ သာမန်လူတစ်ယောက် ကြောက်သင့်ကြောက်ထိုက်တာလေးတွေကို ကြောက်တယ်ဆိုရင်တော့ ဘာအရေးလဲ။ သည်ငတိလူကောင်းပေါ့။ အနှီလိုမဟုတ်ဘဲ သူများထက်ထူးပြီး ပိုကြောက်နေရင်တော့ Phobia ဆိုတဲ့ အကြောက်လွန်ရောဂါဖြစ်ပြီး ရွာသာကြီးနဲ့ ညားဖို့သာပြင်။ ဖိုးဘီးယားလို့ခေါ်တဲ့ အကြောက်လွန်ရောဂါ ဘယ်လောက်များသလဲ စပ်စုချင်ကြရင်တော့ http://phobialist.com/ မှာသာ သွားကြည့်တော်မူကြပေရော့။ သူ့ဟာတွေသာ အကုန်ရေးထည့်ရရင် စာတစ်အုပ်တောင် ဖြစ်ရချေရဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ကြောက်စရာတွေ သည်လောက်များနေမင့်ဟာကို အားမရသေးဘဲ မမြင်ရတာကြီးကို တွေးကြောက်တဲ့လူက ရှိသေးတာကလား။ အမှန်က မမြင်ရတာကြီးကို တွေးကြောက်တယ်ဆိုကတည်းက ငတိတော့ လွဲနေပြီကိုး။ စဉ်းစားကြစို့။

သေချာပေမင့် မမြင်ရတဲ့အကြောက်တရားထဲမှာ “ သေခြင်း ” ထက်သေချာတာ ဘာရှိလို့တုန်း။ ကြိုတင်ပြီးတော့ မမြင်ရပေမင့် တစ်နေ့ မာလကဈာန်ကြွမှာ မြေကြီးလက်ခတ်မလွဲ။ သို့ပေမင့် ငါတော့ တစ်နေ့သေရမှာပဲလို့ တွေးတွေးပြီး ငိုနေတဲ့လူကောင်း တစ်ယောက်မှ မမြင်ပေါင်ဗျာ။ စားမြဲတိုင်းစား သွားမြဲတိုင်းသွား၊ လုပ်မြဲတိုင်းလုပ်ပြီး ဟန်မပျက်နေကြတဲ့လူတွေချည်း။ အနှီလောက် သေချာနေတာကြီးကိုတောင် မေ့မေ့လျော့လျော့နေနိုင်သေးတဲ့ လူသားသတ္တ၀ါကြီးက မနက်ဖြန် စာမေးပွဲဖြေရမှာကြောက်လိုကြောက်၊ လူကြီးလာရင် အဆဲခံရမှာ ကြောက်လိုကြောက်၊ ဘီယာမူးပြီး ပြန်လာရင် အိမ်ကမိန်းမက ကလော်တုတ်မှာ ကြောက်လိုကြောက်နဲ့ သောက်ညင်ကတ်ဖို့တောင် ကောင်းသေး။ တကယ်တော့ ကြိုမမြင်နိုင်တာကြီးကို ကြောက်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရာကနေ စလာတဲ့ ပြဿနာကိုးဗျ။ ကိုယ့်အလုပ်ကို ကျကျနန မလုပ်ခဲ့ခြင်းရဲ့ အကျိုးဆက်ကိုး။ လုပ်သင့်လုပ်ထိုက်တာကို ပိုင်ပိုင်နိုင်နိုင်လုပ်ထားရင် မနက်ဖြန်ဆိုတာ အေးဆေးပေါ့။ ဟုတ်ဘူးလား။ မနက်ဖြန်ရောက်လာလို့ ပြဿနာတက်တော့လည်း ကြောက်စရာရှိရင် ကြောက်လိုက်ရုံပေါ့ဗျာ။ ဘာအရေးလဲ။ လူဆိုတာ ကြောက်တတ်ပါတယ်ဆိုမှ။ မကြောက်တတ်လို့ ရွာသာကြီးသွားနေရရင် မနိပ်ဘူးကိုး။

ဦးဟန်ကြည်က အနှီလို ကြီးကြီးကျယ်ကျယ်ပြောနေလို့ သည်ပုဂ္ဂိုလ်ကြီးက တယ်ဟန်ပါလားလို့လည်း တွေးတော်မမူလေနဲ့။ ပြောခဲ့ပြီးပါပကော။ လူပါဆိုမှ။ မနက်ဖြန်ကိုလည်း နည်းနည်းတော့ တွေးလန့်ပေသပေါ့။ အလန့်ကနေ အကြောက်မဖြစ်အောင် ထိန်းရတာကိုက ဘ၀နေနည်း အနုပညာကိုးဗျ။ ကြောက်စရာရှိရင် ကြောက်ပြီး အမြန်အကြောက်ပြေအောင် ကြိုးစားခြင်းကပဲ တကယ့်ဘ၀။ တစ်ခါကြောက်လိုက်တာ တစ်သက်လုံး သေရာကိုပါရောဆိုတာမျိုး မဖြစ်အောင်တော့ သတိထားရပေသပေါ့။ အင်း ပြောမယ့်သာပြောရတယ်။ ဦးဟန်ကြည်နေတဲ့ ဒေသဆိုတာကလည်း ထစ်ခနဲရှိရင် တဖောင်းဖောင်း တဂျိန်းဂျိန်းနဲ့ လုပ်တတ်တဲ့ သူရဲကောင်းတွေချည်း စုနေတဲ့ဒေသဖြစ်လေတော့လည်း ဟိုဒင်းကြောက်ရ သည်ဒင်းကြောက်ရနဲ့ အကြောက်များပြီး ထုံပေပေဖြစ်သွားတယ်ထင်ပါရဲ့။ အခုများတော့ ကိုယ့်ကိုယ်ကိုကလွဲရင် ကျန်တာကို သိပ်မကြောက်တတ်တော့တာတောင် ကြာပေါ့။ ကိုယ့်ရှေ့မှာဝဲနေတဲ့ သေနတ်ကြီးကြည့်နေရမှတော့ မနက်ဖြန် ထမင်းစားဖို့မရှိမှာ တွေးမကြောက်တော့ဘူးပေါ့ဗျာ။ ဟုတ်ဘူးလား။    

Image credit to - Google
   

Friday, 28 February 2014

“ ထားဘို . . . ”



ထားဘိုဆိုတာ ဦးဟန်ကြည်တို့ ဘေးအိမ်ကမွေးထားတဲ့ ခွေးနာမည်။ ခွေးက တယ်ရီယာလည်းမဟုတ်၊ ချီဝါးဝါးလည်းမဟုတ်၊ အယ်လ်ဇေးရှင်းလည်းမဟုတ်တဲ့ သာမန် အယ်လ်ချေးစား ခွေးမျိုး။ နာမည်က ဆန်းလှချေလားလို့လည်း မတွေးနဲ့ဦး။ ခွေးတို့ကြောင်တို့ အင်မတန်ချစ်တဲ့ ပိုင်ရှင်ကရင်မောင်နှံက သူရို့ခွေးကို ချစ်စနိုးနဲ့ မြန်မာလို “ သား ” လို့ အဓိပ္ပာယ်ရတဲ့ “ ထားဘို ” လို့ ပေးထားတာကြောင့် အနှီနာမည်တွင်နေတာရယ်။ ခက်တာက ကရင်စကားနဲ့ ရင်းနှီးတဲ့လူတွေပဲ အနှီအကောင်ကို “ ထားဘို ” လို့ ပီပီသသခေါ်ပေမင့် ကရင်စကားနဲ့ နားဝေးတဲ့ ဗမာကတော့ “ ကျားဘို ” လို့ နားထဲမှာ ကြားတဲ့အတိုင်း ခေါ်ထည့်လိုက်ကြလေတော့လည်း တစ်ကောင်တည်းနဲ့ နှစ်နာမည် အပိုင်စား ရပါလေရော။ ဦးဟန်ကြည်ကလည်း ခွေးချစ်တတ်တဲ့လူဆိုတော့ “ ကျားဘို ” အမည်ခံ “ထားဘို ” လည်း ဦးဟန်ကြည်တို့ အိမ်သားတစ်ပိုင်း ကရင်မောင်နှံရဲ့ အိမ်သားတစ်ပိုင်းပေါ့လေ။ သန်းခေါင်စာရင်းကောက်ရင်တော့ ကရင်မိသားစုရဲ့ စာရင်းထဲ ပေါင်းထည့်ရမယ်ထင်ပါရဲ့။ သူရို့မွေးထားတာကိုး။

ပြောရရင်တော့ မောင်ထားဘိုရဲ့ ကံဇာတာကလည်း အဆန်းသား။ ဦးဟန်ကြည်တို့ ပတ်ဝန်းကျင်ဆိုတာကလည်း လမ်းဘေးခွေး ဘာများသလဲမမေးနဲ့။ သူရို့ရာသီရောက်ပဟဲ့ဆိုရင် တစ်လမ်းလုံး သူရို့တွေချည်း။ ဦးဟန်ကြည်တို့ကလည်း နှစ်ယောက်တည်းနေတဲ့ အိမ်ထောင်ဖြစ်ပြန်တော့ ပိုသမျှလျှံသမျှ ထမင်းကျန်ဟင်းကျန်တွေ ချကျွေးနေဖြစ်တာမို့ သင်းတို့တွေ ပျော်ပျော်ကြီး စံမြန်းကြလေသတည်းပေါ့လေ။ လမ်းခွေးဆိုတာမျိုးကလည်း တွေ့ကရာလျှောက်သွား ကျွေးတာစားပြီး ကြုံသလိုနေတဲ့အမျိုးဆိုတော့လည်း အိုးပိုင်အိမ်ပိုင်မရှိ ပိုင်ရှင်မရှိရှာကြဘူးပေါ့။ သို့ပေမင့် ခွေးမများကျတော့ အနှီလို ဘယ်ဟုတ်လိမ့်တုန်း။ သူရို့ရာသီရောက်လို့ မြူးကြပလူးကြပြီး မွေးဖို့ဖွားဖို့ ဖြစ်လာပြီဆိုတာနဲ့ အဆင်ပြေမယ့် တစ်ချောင်ချောင်မှာ ၀င်ခိုကြရတာ ထုံးစံ။ အနှီတော့လည်း အိမ်ရှေ့က ရေနှုတ်မြောင်းခမျာ ရာသီရောက်တာနဲ့ ဟောင်ကောင်သားဖွားခန်းဖြစ်ပါလေရော။ ထားဘိုတို့အမေလည်း ထုံးစံမပျက် ရေနှုတ်မြောင်း သားဖွားရုံမှာ အားပါးတရ သားပေါက်ထည့်လိုက်တာမှ တစ်သားတည်းမှာတင် ခုနစ်ကောင်။ ဦးဟန်ကြည်တို့ နှစ်အိမ်လုံးကလည်း ခွေးချစ်ကြတာဆိုတော့ သူရို့အတွက် အစားအစာတော့ မရှားဘူးပေါ့လေ။

ခွေးသဘာဝကိုက သားပေါက်ကလေးတွေဆိုရင် အင်မတန် ချစ်စရာကောင်းတာကိုး။ အနှီတော့လည်း ဟိုလူက ကောက်ချီ သည်လူက ကောက်မြှူနဲ့ ပျော်ကြလေသတည်းပေါ့။ အနှီသားပေါက်တစ်အုပ်မှာ အနက်ချည်းက သုံးကောင်၊ အဖြူမွဲမွဲက သုံးကောင်၊ အဖြူအနက်ကြားကလေးက တစ်ကောင်။ တစ်မအေတည်းပေါက်ပေမင့် သူရို့အမေပဲ မရိုးသားလေသလား သင်းကပဲ ကံထူးလေသလားတော့ မပြောတတ်ဘူး။ အဖြူအနက်ကျားကလေးက ၀၀ကစ်ကစ် ချစ်စရာလေး ဖြစ်နေပါလေရော။ ကျန်တဲ့အကောင်လေးတွေကတော့ လမ်းခွေးထုံးစုံ စုတ်ချွန်းကလေးတွေချည်း။ အဲ…ခွေးဆိုတာမျိုးက အကြီးမြန်သကိုးဗျ။ ကြည့်နေရင်းကနေ တစ်ရက်ပြီး တစ်ရက်ကြီးလာလိုက်ကြတာ တစ်လကျော် နှစ်လလောက်လည်း ရောက်လာရော ဦးဟန်ကြည်တို့ အိမ်ရှေ့မှာ ဘုစုခရုလေးတွေတစ်ပြုံနဲ့ ခွေးတပ်ကြီးဖြစ်လာပါလေရော။ ညဘက်ညဘက်ကျရင် သင်းတို့ အူကြ ဟောင်ကြနဲ့ အိပ်ရေးပျက်ချက်ကတော့ ကမ်းကုန်။ နေ့လည်ဘက်ဆိုရင်လည်း ခွေးတို့ထုံးစံ ဟိုပြေး သည်ပြေးနဲ့ဆိုတော့ ကားတိုက်မှာကြောက်ရ ဆိုင်ကယ်တိုက်မှာ စိုးရိမ်ရနဲ့ ဦးဟန်ကြည်တို့မှာ တဟဲ့ဟဲ့နဲ့ မောင်းနေရပါလေရော။ ခက်တာက လမ်းကြိုလမ်းကြားမှာ မွေးတဲ့ လမ်းခွေးမဟုတ်ဘဲ အိမ်ရှေ့မှာမွေးတဲ့ လမ်းခွေးဖြစ်ပြန်တော့လည်း အနှီတစ်အုပ်က သည်နေရာကနေ ဘယ်မှမခွာဘဲ အပီအပြင် စတည်းချနေတော့တာကိုး။

အနှီ ခွေးတစ်အုပ်အတွက် ညဘက်အိပ်ရေးပျက်ရတဲ့ ဒုက္ခတွေ သင်းတို့ကို စိုးရိမ်ရတဲ့ သောကတွေ များလွန်းမက များလာတော့ ဦးဟန်ကြည်တို့နှစ်အိမ် ခေါင်းချင်းဆိုင်ရပါလေရော။ နောက်ဆုံးမှာ “ မကောင်း…ကျောင်းပို့ ” ဆိုတဲ့ ဗမာ့ထုံးစံကို ကရင်ရော ဗမာပါ အပြည့်အ၀ထောက်ခံပြီး အနှီတစ်သိုက်ကို ဘုန်းကြီးကျောင်း သွားပို့ဖို့ ဆုံးဖြတ်ချက် ချက်လိုက်ရပါရဲ့။ သင်းတို့ကို ကျောင်းပို့ဖို့ ရပ်ကွက်ထဲမှာ အ၀တ်လိုက်လျှော်တဲ့ ကလေးမလေးတစ်ယောက်ကို ငွေ တစ်သောင်းပေးပြီး ခိုင်းတော့ နည်းတယ်ဆိုပဲ။ သူဌေးဒေသများ ခက်ပါ့။ ကိုင်း တစ်သောင်းခွဲ ယူတော်မူပါလို့ တောင်းပန်မှပဲ သဘောတူတော်မူပါရဲ့။ အင်း…ဦးဟန်ကြည်တို့ အညာမှာဆိုရင် ပိုက်ဆံ ငါးရာလောက်ပေးလိုက်ရင်တောင် ပြီးတဲ့ကိစ္စ။ ဒေသ ကွာပေသကိုး။ ခွေးတစ်အုပ်ကို အနှီလို ပို့မယ်ဆိုပြန်တော့ ခွေးချစ်တဲ့ ဦးကရင်က တစ်စခန်းထပါသဗျား။ တစ်ကောင်လောက်တော့ ယူထားချင်တယ်လို့ လုပ်လာတာကိုး။ သူမွေးချင်တယ်ဆိုတော့လည်း ယူစေသတည်းပေါ့။ အနှီလိုနဲ့ ကျန်တဲ့သတ္တ၀ါတွေအကုန် ကျောင်းရောက်ကုန်ပြီးတော့ အဖြူအနက်ကျားကလေးတစ်ကောင် အိုးပိုင်အိမ်ပိုင် ဖြစ်လာပါလေရော။ သင်းကလေးက ပါရမီထူးပေသကိုး။ တစ်မိတည်းမွေးတဲ့ ကျန်တဲ့တစ်အုပ်ကတော့ ကျောင်းခွေးဖြစ်၊ သင်းကျတော့ အိမ်ခွေးဖြစ်သွားတာ ကံကြမ္မာများ ဆန်းလည်းဆန်းပါရဲ့။ အနှီလိုနဲ့ မောင်ကျန်ရစ်ကလေးလည်း ဦးကရင်ပေးတဲ့ “ထားဘို ”  ဗမာတွေခေါ်တဲ့ “ ကျားဘို ” အဖြစ်နဲ့ ဦးဟန်ကြည်တို့ မျက်စိအောက်မှာတင် ခွေးလားမြောက်လာပါလေရော။

ထားဘိုဆိုတဲ့ သတ္တ၀ါက ခွေးစံနဲ့ ချိန်ထိုးကြည့်ရင် ဘယ်နေရာမှကို စံမမီတဲ့ ငတိ။ ရုပ်ကလေး သနားကမားရှိပေမင့် အကြောက်ကတော့ ဘာသန်သလဲမမေးနဲ့။ ဦးဟန်ကြည်တို့ ဦးကရင်တို့က ကျွေးမွေးထားတာတောင် သူ့ကို ပွတ်ချင်သပ်ချင်လို့ ချီလိုက်ပွေ့လိုက်ရင် အမြီးကို ကုပ်နေအောင် သတ္တိကောင်းတာကလား။ သို့ပေမင့် မျက်နှာလုပ်တဲ့နေရာ ဖားတဲ့နေရာကျတော့ သင်းက ထိပ်တန်း။ ဘယ်အချိန်ကြည့်ကြည့် အမြီးလေး တနှန့်နှန့်နဲ့။ အဲ လှမ်းတော့ မခေါ်လေနဲ့။ လူနားကပ်ရမှာ သေမတတ်ကြောက်တဲ့ အကောင်။ ဘယ်လောက်ခေါ်ခေါ် ခပ်လှမ်းလှမ်းကနေ အမြီးနှန့်ပြနေပြီသာမှတ်။ ဟောင်ဖို့ဆိုတာများ ဝေလာဝေး။ တက်နင်းရင် အသံထွက်တတ်ပါ့မလားတောင် သံသယဖြစ်ယူရတဲ့အထိ။ သည်လိုနဲ့ပဲ တာဘိုးလည်း တစ်နှစ်သားအရွယ်ရောက်လာတယ် ဆိုကြပါစို့။ ကြောက်လည်းကြောက်တတ် ဖားလည်းအဖားသန်တဲ့ “ ကြောက်ဖား ” ဆိုတော့ မနက်မိုးလင်းလို့ ဦးဟန်ကြည်တို့ တံခါးဖွင့်ရင် အမြီးလေးနှန့်ပြီး လာနှုတ်ဆက်တာက သင်းထုံးစံ။ မဒမ်ကြည် ဈေးသွားဝယ်ရင် နောက်ကနေ ကောက်ကောက်ပါအောင်လိုက်တာကလည်း သင်းအလုပ်။ ပွတ်သပ်ပေးဖို့တော့ မကြိုးစားလေနဲ့။ အကောင်ကြီးလာတဲ့အထိ အကြောက်ကသန်တုန်း။ ဦးကရင်က အနှီတာဘိုးကို သူ့ခွေးလို့ သတ်မှတ်ထားတာဆိုတော့ ဦးဟန်ကြည်ကလည်း ကိုယ့်ခွေးလို့ကို မသတ်မှတ်ဘူးပေါ့လေ။

လွန်ခဲ့တဲ့ နှစ်လယ်ပိုင်းလောက်မှာ ဦးဟန်ကြည်တို့က Shih Tzu ကလေးတစ်ကောင် ၀ယ်မွေးပေမယ့် တစ်ပတ်အတွင်းမှာပဲ ဆုံးသွားရှာတာဆိုတော့ “ထားဘို” အကြောင်း မသိလိုက်ဘူးပေါ့လေ။ “ ချီလီ ” ကလေးကို မွေးတော့မှပဲ သင်းအကြောင်း သိတော့တာကလား။ မောင်ထားဘိုက အတော် မနာလိုစိတ်ကြီးတဲ့ အကောင်ကိုး။ ချီလီကလေး အိမ်ရောက်ပြီဆိုကတည်းက ဦးဟန်ကြည်တို့အနားကို မကပ်တော့တာ။ မဒမ်ကြည် ဈေးသွားလည်း မလိုက်၊ ဦးဟန်ကြည် အလုပ်ကပြန်လာရင်လည်း အခါတိုင်းလို အမြီးလေးနန့်ပြီး ပြေးကြိုတာမျိုးကို မလုပ်တော့တာကိုး။ လှမ်းခေါ်ရင်တောင် မကြားချင်ယောင်ဆောင်ပြီး ခပ်တည်တည်နေတာများ ရိုက်ချင်စရာတောင် ကောင်းသေးတော့။ ဦးကရင်ပြောမှပဲ သူရို့လင်မယားက သူများကလေးကို ခဏလောက်ပွေ့ချီထားရင်တောင် သင်းက စိတ်ကောက်ပြတယ်ဆိုပဲ။ အဓိပ္ပာယ်ကတော့ သူ့ကိုပဲ ချစ်ကြရမယ်ပေါ့။ ဘယ်သူ့ကိုမှ မချစ်ရဘူးပေါ့။ ထားဘိုက စကားမပြောတတ်တဲ့ ခွေးဖြစ်နေလို့သာ စိတ်ကောက်ပြတာကိုး စကားများပြောတတ်ရင် ဦးဟန်ကြည်ကို ရန်ထောင်လိုက်မယ့် ဖြစ်ခြင်း။ သို့ပေမင့် ဦးဟန်ကြည်တို့ကလည်း ကိုယ့်ချီလီကလေးကို ဖူးဖူးမှုတ်နေကြတာဆိုတော့ ထားဘိုကို ရှိတယ်ထောင် မထင်ဘူးပေါ့လေ။ မနက်ခင်း လာနှုတ်မဆက်ရင်လည်း အေးဆေးပေါ့။ ကိုယ့်ချီလီကလေး ရှိနေတာကိုး။ မဒမ်ကြည် ဈေးသွားလို့ ထားဘိုလိုက်မသွားလည်း အရေးမဟုတ်ဘူးလေ။ ချီလီလေးကို ခေါ်သွားတာကိုး။

ညဘက် ဦးဟန်ကြည်ပြန်ရောက်လို့ ချီလီလေးကို ဆိုင်ကယ်ပေါ်တင်ပြီး မြို့တစ်ပတ် ပတ်ဖို့ပြင်ရင် ထားဘိုက ခပ်လှမ်းလှမ်းကနေ စောင်းပေစောင်းပေ လာလုပ်ချင်သေးတာ။ ချီလီဆိုတဲ့ ငတိမလေးကလည်း သခင့်အားကိုးနဲ့ ဘာစွာသလဲ မမေးနဲ့။ အနှီလောက်အကောင်ကြီးကို ဆိုင်ကယ်ခြင်းထဲကနေ လှမ်းလှမ်းရန်စချင်သေးတာကိုး။ နှစ်ကောင်သား လမ်းမှာတွေ့ကြရင်လည်း ချီလီက အရင် လိုက်ဆွဲတတ်လေတော့ ဗန္ဓုလထားဘိုခမျာ ချီလီကို မြင်ရင် ရွံကြောက်ကြီးကို ဖြစ်ရော။ ခွေးကလေးများကလည်း မျိုးရိုးနဲ့ဆိုင်တဲ့ မာနကလေးတွေ ရှိတယ်ထင်ပါရဲ့။ အရပ်တစ်ထွာလောက်ပဲရှိတဲ့ ချီလီက အရပ်အမောင်း တစ်တောင်ကျော်ကျော်ခွေးကြီး ထားဘိုကို နိုင်လိုက်တာမှ ချေးတုံးခွေးနိုင်ဆိုတဲ့ စကားပုံအတိုင်း။ ချီလီကလေးရောက်လာလို့ တစ်လလောက်လည်းရှိလာရော ထားဘိုလည်း စိတ်ပြောင်းလာတယ်ထင်ပါရဲ့။ မနက်မိုးလင်းလို့ တံခါးဖွင့်ရင် အိမ်အောက်ကနေ လာစောင့်နေပါလေရော။ ဦးဟန်ကြည်တို့ကို ဂရုမစိုက်ဘဲ ချီလီရှိတဲ့ အိမ်ခန်းထဲကို လာလာမျှော်တာ ထုံးစံ။ အိမ်အောက်မဆင်းရတဲ့ တစ်ကောင်ကြွက် မချီလီကလည်း အိမ်ပေါ်ကနေ အသံ တအုအုပေးပါသဗျား။ ခွေးအချင်းချင်း ချစ်ကြည်ရေးလုပ်ကြတယ် ထင်ပါရဲ့။

လွန်ခဲ့တဲ့ သုံးလလောက်ကတော့ ထားဘိုတစ်ကောင် ချီလီကို လာနှုတ်မဆက်တော့ပြန်ဘူး။ ဘယ်နှုတ်ဆက်အားမလဲ။ သူ့ရာသီလည်းရောက် သူလည်းခွေးလားမြောက်ပြီကိုး။ အောင်မယ်…အနှီကာလရောက်တော့ ထားဘိုတို့က စွမ်းပါ့ဗျာ။ လမ်းခွေးထဲက ခွေးမချောချောလေးတစ်ကောင်ကို အပီဆွဲထားလိုက်ပါလေရော။ သူ့အဆက်ခွေးမလေးကို ဖွန်လာကြောင်တဲ့ လမ်းခွေးတွေကို ဟိန်းလိုက် ဟောင်လိုက်တာများ ထားဘိုမှ ဟုတ်ပါလေစလို့ သံသယဖြစ်ယူရတဲ့အထိ အောင်လိုက် မာလိုက်တဲ့ အသံကြီးနဲ့ကိုး။ သင်းက ကြောက်ပါးဆိုတော့ အနာခံပြီး ကိုက်လိမ့်မယ်တော့ မထင်လေနဲ့။ အိမ်ရှေ့ကနေ ဟောင်လွှတ်တာချည်း။ ကျန်တဲ့လမ်းခွေးတွေခမျာ စားရမဲ့ သောက်ရမဲ့ ဘ၀တွေဆိုတော့ အကောင်ခပ်လှီလှီတွေချည်းမို့ ထားဘိုဟောင်သံကြားရင်ကို လန့်ပြေးကြပါလေရော။ အနှီလိုအခါမျိုးရောက်ရင်တော့ ထားဘိုတို့ သတ္တိပြပြီ။ လမ်းပေါ်အထိ တက်လိုက်ပြီး တ၀ုန်းဝုန်းထိုးဟောင်ပြီသာမှတ်။ သင်းကလည်း အကဲဆတ်ချက်က ကမ်းကုန်။ ည ၁ နာရီ ၂ နာရီလောက်မှာ လမ်းခွေးတစ်ကောင်တစ်လေကို အဝေးကြီးက လှမ်းမြင်ရင်ကို အိမ်ရှေ့ထွက်ပြီး ဟောင်တော့တာကလား။ အဓိပ္ပာယ်ကတော့ “ ဟေ့ကောင်တွေ ငါ လစ်ပြီအထင်နဲ့ ငါ့မြာကလေးကို လာဝိုက်မယ်မကြံနဲ့…ငါ မအိပ်သေးဘူးနော… ” လို့ ဆိုလိုဟန်တူပါရဲ့။ သင်းမဏ္ဍပ်တိုင်တက်တာက အရေးမကြီးဘူး။ ဦးဟန်ကြည်တို့ခမျာ ညတိုင်းလိုလို အိပ်ရေးတွေကို ပျက်လို့။

အောင်မယ် ခွေးများကလည်း လူအတိုင်းကိုးဗျ။ သူ့ဘေးမှာ သူ့မဒီခွေးမလေးများ ရှိနေလို့ကတော့ မောင်ထားဘိုပုံစံက ဆောင့်ကြွားကြွားနဲ့ ဖိန့်ဖိန့်ကြီး။ အားကိုးစမ်းအချစ်ရယ် ဆိုတဲ့ ဒီဇိုင်းမျိုးနဲ့ကိုး။ သင်းဟာမကလေးကလည်း အနားကကို မခွာတာရယ်။ ခွေးချစ်ပါတယ်ဆိုတဲ့ ဦးဟန်ကြည်တောင် ညားခါစလင်မယားစတိုင် မြှောက်ကြွမြှောက်ကြွနဲ့ အောက်ခြေလွတ်နေတဲ့ ထားဘိုကို ကြည့်ရတာ မြင်ပြင်းကတ်လာတဲ့အထိ။  ဦးဟန်ကြည် သတိထားမိသလောက် ခွေးဆိုတဲ့ သဘာဝက သူရို့ရာသီရောက်ရင် တွေ့ကရာခွေးထီး ခွေးမ ကြုံသလို မြိုင်လိုက်ကြတာမျိုး။ နှစ်ကောင် တပူးတွဲတွဲလုပ်နေကြလည်း လွန်ရောကျွံရော သုံးလေးရက်။ သည့်ထက်ကြာရင် နောက်တစ်ကောင်နဲ့ ငြိကြတာမျိုး။ အနှာကြောင့်ပဲ တွေ့ကရာလူနဲ့ ကြုံသလိုဖြစ်ကြပျက်ကြတဲ့ ယောက်ျား မိန်းမတွေကို “ တော်သလင်းခွေးဇာတ်ခင်း ” တယ်လို့ သမုတ်ကြတာကိုး။ ထားဘိုတို့ကျ အနှီလို မဟုတ်ပေါင်ဗျာ။ သူ့မြာကလေးကလည်း သူ့နားကကို တစ်ဖ၀ါးမှ မခွာတော့တာ။ သင်းကလည်း သင်းပစ္စည်းကလေးကို ဂရုစိုက်ချက်ကတော့ လူတွေတောင် အတုယူဖို့ကောင်းပါရဲ့။ အစာကျွေးရင်လည်း သင်းဟာမလေးကို အရင်အစားခိုင်းသဗျား။ ပိုသမျှကလေးကိုပဲ သင်းက စားတော်မူရှာပါလေရော။ ညဘက် အိပ်ရင်လည်း သူ့မဒီကလေးကို ခုံတန်းရှည်ပေါ်မှာ အအိပ်ခိုင်းပြီး သင်းကတော့ အောက်က တမံသလင်းပေါ်မှာ အိပ်ပါလေရော။ ဦးဟန်ကြည် ညဘက် အလုပ်ကပြန်လာလို့ သင်းတို့နှစ်ကောင်ကိုကြည့်လိုက်တိုင်း အနှီလိုချည်း မြင်နေရတော့ ကိုယ်ယူထားတဲ့ မိန်းမကို ပေယျာလကန်ပြုတတ်တဲ့ ယောက်ျားတွေအစား ရှက်တောင် ရှက်လာတဲ့အထိ။

သင်းတို့နှစ်ကောင် တပူးတွဲတွဲနေကြတာ သူရို့ရာသီ မကုန်သေးလို့ဖြစ်မှာပါလို့ ဦးဟန်ကြည်တွေးထားမိပေမင့် ဘယ်ဟုတ်လိမ့်တုန်း။ တော်သလင်းလွန်ပြီး မြိုင်ထရာသီကုန်လို့ တပေါင်းလထဲရောက်လာတဲ့ သည်အချိန်အထိ နှစ်ကောင်သား ချစ်ကြခင်ကြ ကြင်နာကြတုန်း။ သြော်…ကိုယ့်ကောင် ငကြောက်ကြီးက သည်နေရာကျတော့လည်း ယောက်ျားပြီသသားပဲကိုး။ အကြောက်သန်လှတဲ့အကောင်ဖြစ်ပေမင့် သူ့ဟာကလေးအတွက် မွေးထားလိုက်တဲ့ သတ္တိတွေမှ မနည်းမနော။ ယောက်ျားပြီသတယ်ဆိုတာ ဗလကြီးတာ သတ္တိကောင်းတာကို ဆိုလိုတာမှ မဟုတ်ဘဲ။ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းတယ်ဆိုမှ တကယ့်ယောက်ျားကောင်း မဟုတ်လား။ ရာသီကုန်ပြီး သုံးလေးလကြာတဲ့အထိ ထားဘိုကတော်မှာ ဗိုက်မမြင်လို့ စပ်စုကြည့်လိုက်တော့ ကိုယ်ဝန်ပျက်ကျသွားတယ်ဆိုကိုး။ သြော်… ထားဘိုကြီးက သင်းမဒီကလေးကို သနားစိတ်နဲ့ ဆက်ပြီး စောင့်ရှောက်နေတယ်ထင်ပါရဲ့။ ကြည့်စမ်း။ အသိဉာဏ်မြင့်လှချေရဲ့ဆိုတဲ့ လူတွေက မယားငယ်ယူ ကီပင်ထား မာဆတ်သွားနေကြပေမင့် တစ်လင်တစ်မယားစနစ်ကို ကျေကျေနပ်နပ်ကြီး ကျင့်သုံးနေတဲ့ အဟိတ်တိရစ္ဆာန် ထားဘိုကြီးများ လေးစားဖို့ကောင်းလိုက်ပါဘိ။ သို့ပေမင့် သင်းက ကိုယ့်အနား သိပ်မကပ်တော့ ဦးဟန်ကြည်တို့လည်း သင်းစိတ်ရင်းကို ချီးကျူးပေမင့် ပေယျာလကန်သဘောမျိုး ထားလိုက်တာပေါ့လေ။ ကိုယ့်မှာလည်း ချီလီကလေးနဲ့ မဟုတ်လား။

လွန်ခဲ့တဲ့ တစ်လကျော်က ချီလီကလေး ဆုံးသွားတော့ ချီလီလေးအလောင်းကို ထားဘိုကြီးက လာနမ်းကြည့်သေးတာရယ်။ ငတိမ တကယ်ဆုံးတာမှ ဟုတ်ရဲ့လားလို့ လာစပ်စုဟန် တူပါရဲ့။ ချီလီကလေး ဆုံးတာ သေချာမှန်းလည်းသိရော နောက်တစ်ရက်မနက် မိုးလင်းလို့ တံခါးဖွင့်လိုက်တာနဲ့ အိမ်ဝမှာ ထားဘိုကြီး ရောက်နေပါလေရောဗျား။ တံခါးဖွင့်တဲ့ မဒမ်ကြည်ကို သင်းက လာနှုတ်ဆက်တာကိုး။ မဒမ်ကြည် ဈေးသွားတော့လည်း အမြီးလေး တနန့်နန့်နဲ့ လိုက်သွားတာများ သင်းမဟုတ်တဲ့အတိုင်း။ ဦးဟန်ကြည် အလုပ်ပြီးလို့ အိမ်ပြန်ရောက်တော့လည်း အူးယားဖားယားပြေးကြိုလိုက်တာမှ ဘာများဖြစ်တာပါလိမ့်လို့ စဉ်းစားယူရတဲ့အထိ။ ကိုယ့်ချီလီလေး ဆုံးသွားလို့ စိတ်မကောင်းဖြစ်နေတဲ့ ဦးဟန်ကြည်ကတော့ သင်းကို ဒေါကန်ပေသပေါ့။ ငါ့မှာ ကလေးဆုံးလို့ ၀မ်းနည်းရတဲ့ကြားမှာ သင်းက ၀မ်းသာပြနေသေးတယ်လို့တွေးပြီး ခွေးနဲ့အပြိုင် စိတ်ကောက်နေမိတာနဲ့ ထားဘိုကြီးကို ဂရုတောင် မစိုက်ဘဲ ပစ်ထားလိုက်ပါလေရော။ ဟိုဘက်သည်ဘက် ဖောက်မြင်ရလောက်အောင် ပါးလှပ်နေတဲ့ ထားဘိုကြီးကလည်း အနှာကို သဘောပေါက်ဟန်တူရဲ့။ စိတ်ပျော့တဲ့ မဒမ်ကြည်ကိုပဲ လိုက်ဖားပါလေရော။ တစ်ပတ်လောက်ကြာတော့ မဒမ်ကြည်နဲ့ ငြိမ်းချမ်းရေး ရသွားကြတယ်ထင်ပါရဲ့။ ဦးဟန်ကြည်နားတော့ သိပ်မကပ်ရဲရှာဘူး။ ခပ်လှမ်းလှမ်းကနေပဲ အမြီးနန့်ပြနေရှာတာကလား။

အနှီလို အမြီးတနန့်နန့်နဲ့ ငြိမ်းချမ်းရေးလာလုပ်နေတာ တစ်ရက်မဟုတ် နှစ်ရက်မဟုတ် တစ်ပတ်နှစ်ပတ်လောက်ကြာလာပြီဆိုမှတော့ ခွေးချစ်တဲ့ ဦးဟန်ကြည်လည်း ဘာသားနဲ့ထုထားတာမှ မဟုတ်ဘဲ သင်းကို ပြန်ဂရုစိုက်မိပါလေရော။ ဦးဟန်ကြည်ရဲ့ မျက်နှာပေးကိုမြင်တော့ ထားဘိုကြီး အားတက်သွားဟန်တူရဲ့ အမြီးလေး တနန့်နန့်နဲ့ အနားလာကပ်ပါသဗျား။ လာစမ်းဆိုပြီး ထားဘို ကြီးကို ကောက်ချီလိုက်တော့ ကြီးကောင်ကြီးမား သတ္တ၀ါကြီးခမျာ ကြောက်လိုက်တာမှ အမြီးတင်မကဘဲ နားရွက်တောင် ကုပ်သွားတဲ့အထိ။ သြော်…သင်းက တကယ်သတ္တိရှိလာတာမှ မဟုတ်ဘဲကိုး ချစ်ချစ်အတွက် သတ္တိတွေ ဇွတ်အတင်းမွေးထားတာပဲကိုးလို့ သဘောပေါက်သွားတဲ့ ဦးဟန်ကြည်တောင် သဘောကျပြီး ရယ်မိပါသေးရဲ့။ ကိုင်း ဗန္ဓုလကြီး ကြွတော်မူပါဘုရားလို့ အောက်ချပေးလိုက်တော့ သကောင့်သားခမျာ ပျော်ရှာတယ်ထင်ရဲ့။ အမြီးတင်မကဘဲ ခါးတွေပါ ရမ်းခါပြီး ဦးဟန်ကြည်အပေါ်ကို ဖက်တက်လိုက်တာမှ ငယ်ရည်းစားနဲ့ ပြန်တွေ့တဲ့အတိုင်း။ နောက်တစ်ရက်နှစ်ရက်လောက်ကြာတော့ သင်းက သူ့မဒီလေးပါခေါ်လာပြီး ဦးဟန်ကြည်ကို လာဖားသေးတာရယ်။ ဦးဟန်ကြည်အနားလာလိုက် သူ့ပစ္စည်းလေးနားသွားလိုက်နဲ့ သုံးလေးခါလောက်လည်း လုပ်ပြီးရော သင်းဟာမလေးလည်း ဦးဟန်ကြည်နားလာကပ်ရော ဆိုကြပါစို့။ သြော်…သင်းက ဒါလေးက ကျွန်တော့်မဒီကလေးပါ သူ့ကိုလည်း ချစ်ပါလို့ လာအပ်တာကိုးဗျ…။ လည်လိုက် ပါးလိုက်တဲ့ ထားဘို …။

အခုတော့ ဦးဟန်ကြည်တို့မှာ ချီလီလေးလည်းမရှိ။ အလုပ်မအားတာက တစ်ကြောင်း နွေရာသီတစ်လလုံး အပန်းဖြေခရီးရှည်ထွက်ဖို့ ပြင်ဆင်ထားတာက တစ်ကြောင်း အကြောင်းကြောင်းတွေ ရှိနေတာမို့ ချီလီကိုယ်ပွားလေးလည်း ထပ်မ၀ယ်ဖြစ်သေးတာကြောင့် ထားဘိုတစ်ကောင်လည်း မနက်မိုးလင်းရင် လာနှုတ်ဆက်၊ မဒမ်ကြည်ဈေးသွားရင် လိုက်သွား၊ ဦးဟန်ကြည် ပြန်လာရင် လာကြိုနဲ့ အလုပ်တွေ ရှုပ်နေပါလေရဲ့။ ဦးဟန်ကြည်တို့ နွေရာသီ ခရီးစဉ်ပြီးလို့ ချီလီကိုယ်ပွားကလေးတစ်ကောင် ထပ်မွေးရင်တော့ သကောင့်သား ထားဘိုကြီး ဘယ်လိုစတိုင်ချိုးဦးမယ် မပြောတတ်ဘူး။

လောလောဆယ် သည်စာရေးနေတဲ့ ညသန်းခေါင်အချိန်ကြီးမှာတော့ ခပ်လှမ်းလှမ်းက လမ်းဘေးခွေးတစ်ကောင်ကို ဟိန်းဟောက်နေတဲ့ ထားဘိုကြီးရဲ့ အသံကို ဦးဟန်ကြည် ကြားနေရပါရဲ့။ မဒမ်ထားဘိုကတော့ ထုံးစံအတိုင်း ခုံတန်းရှည်ပေါ်မှာ ခန့်ခန့်ကြီး ထိုင်တော်မူပြီး ချစ်ချစ်ကြီးထားဘိုကို အားကိုးတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်နေမှာကို ဦးဟန်ကြည် မြင်ယောင်နေမိပါကြောင်းဗျား…။    

( ဟန်ကြည် )
၂၈.၂.၂၀၁၄ ( သောကြာနေ့ )
မနက် ၁ နာရီ ၁၀ မိနစ်

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger