Thursday, 24 June 2010
Hello...testing!!!
I made this via my N72 mobile. The new tec is always winner. I know that clearly, but I don't wanna be a loser. So, I intend to use new tech to improve my professional.
Wednesday, 23 June 2010
မောတော့မောတာပေါ့...ဒါပေမယ့်. မမောဘူး. . .
့ဒီရက်ပတ်တွေမှာ အလုပ်များလိုက်တာ။ ကောင်းကောင်းထိုင်နားချိန်တောင် မရပါဘူး။ လုပ်ငန်းသဘာဝအရ အချိန်ပြည့် အာရုံစိုက်နေရတာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းတယ်လို့လည်း ဆိုနိုင်ပါရဲ့။ ပြီးတော့ လူတွေရဲ့ ဘ၀၊ အနာဂတ်၊ မျှော်လင့်ချက်တွေနဲ့ အဓိကပတ်သက်နေတဲ့ အလုပ်ဆိုတော့လည်း ကိုယ့်ပါးစပ်က ပြောသမျှစကား၊ လုပ်သမျှ အပြုအမူအားလုံးကို အမြဲသတိကပ်နေရပါတယ်။ ဒါပေမယ့်လည်း ကိုယ်ကိုယ်တိုင်က အမြတ်တနိုးနဲ့ ရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်းကြောင်း ဖြစ်နေတာတစ်ကြောင်း၊ ကိုယ်ချစ်တဲ့ ကိုယ့်တိုင်းပြည်ကို အကောင်းဆုံးအလုပ်အကြွေးပြုနေတယ်လို့ ယူဆတာတစ်ကြောင်းတို့ကြောင့် မောတယ်ပန်းတယ်တော့ သဘောမထားပါဘူးလေ။
တိုင်းပြည်တစ်ခု တိုးတက်ဖို့ဆိုရင် အရေးအကြီးဆုံးက မျိုးဆက်သစ်လူငယ်လေးတွေ တိုးတက်ခေတ်မီပြီး ပညာတတ်တွေ ဖြစ်နေဖို့က အင်မတန်ပဲ အရေးကြီးပါတယ်။ ရေခဲခေတ်၊ ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်တွေ အဆင့်ဆင့်ဖြတ်သန်းခဲ့ပြီးနောက် ဒီနေ့ပညာခေတ်ကြီးမှာ ပညာတတ်နည်းပါးတဲ့ တိုင်းပြည်ဟာ သူများနောက်မှာ အောက်ကျ၊ နောက်ကျဖြစ်ကျန်ရစ်နေခဲ့မှာ မလွဲပါ။ ကိုယ်ချစ်တဲ့ တိုင်းပြည်နဲ့၊ ကိုယ်မြတ်နိုး၊ တန်ဖိုးထားတဲ့ ကိုယ့်လူမျိုး တိုးတက်ဖို့ဆိုရင်တော့ မျိုးဆက်သစ်လူငယ်တွေလက်ထဲကို အဖိုးတန်ပညာတွေ ထည့်ပေးနိုင်မှ ဖြစ်ပါလိမ့်မယ်။
လူငယ်တွေဆိုတာ ဘာမဆို သိလွယ်၊ တတ်လွယ်ကြတဲ့ တကယ့်ဉာဏ်ကြီးရှင်လေးတွေပါ။ ကိုယ့်ခေတ်ကထက်တောင်ပိုလို့ ဉာဏ်ရည်မြင့်မားကြပါသေးတယ်။ တစ်ခုပဲရှိပါတယ်။ သူတို့ရဲ့ အဖိုးတန်ဉာဏ်ရည်ကို အရေးမပါတဲ့ နေရာတွေမှာ သုံးနေကြတာပါပဲ။ ဒါကိုပြုပြင်ပြီး တိုင်းပြည်အတွက် အရေးပါအရာရောက်စေမယ့် ပညာရေးကို လူငယ်တွေ အားသန်လာအောင် ဆွဲဆောင်ရမှာက ကိုယ်တို့လူကြီးတွေရဲ့ သမိုင်းပေးတာဝန်ပဲမဟုတ်လား။ ပြီးတော့ သူတို့လေးတွေ တတ်မြောက်ကြတယ့် ပညာတွေကို တိုင်းပြည်နဲ့လူမျိုးကောင်းကျိုးအတွက် အသုံးချမယ့် မျိုးချစ်စိတ်မျိုး သွင်းပေးဖို့လည်း အရေးကြီးပါသေးတယ်။ အဲဒီလိုမှ မဟုတ်ရင် ကိုယ်တတ်ထားတဲ့ ပညာကို တိုင်းပြည်နဲ့လူမျိုးပျက်စီးရာ ပျက်စီးကြောင်း လုပ်ကြမယ့် ပညာတတ်လူယုတ်မာလေးတွေ ဖြစ်ကုန်ကြရင် တိုင်းပြည်သိပ်နစ်နာပါလိမ့်မယ်။ ဒါကြောင့် သူတို့လေးတွေ လိုအပ်တဲ့ စိတ်ဓာတ်၊ အသိဉာဏ်၊ ဇွဲ၊ အနစ်နာခံတတ်မှု၊ ကူညီရိုင်းပင်းတတ်တဲ့ ပညာရှင်စိတ်ထား စတာတွေကို ဖြည့်ဆည်းပေးဖို့ ကိုယ်တို့တွေ အခုလို တပင်တပန်းကြိုးစားနေရတာကို စိုင်းထီးဆိုင်စကားနဲ့ပြောရရင်တော့ “မောတော့မောတာပေါ့၊ ဒါပေမယ့် မမောဘူး”

Monday, 21 June 2010
မတတ်တတ်နဲ့ ခေါက်ကြည့်မယ် . . .
နည်းပညာတွေကလည်း လေ့လာလို့မကုန်တာ သေချာပါတယ်။
blog ရေးနေတာ သုံးလကျော်လာပေမယ့် အခုထိတော့ စိတ်တိုင်းကျ မကျွမ်းကျင်သေးတာတော့ မရှက်တမ်းဝန်ခံရပါလိမ့်မယ်။ သူများတွေရေးထားတဲ့ blog တွေကို သွားသွားအားပေးရင်း
ကိုယ့် blog ကိုပြန်လာရင် အားငယ်စိတ်မကြာမကြာဝင်မိပါသေးရဲ့...
ဘာကြောင့်လဲဆိုရင် သူများတကာတွေလုပ်ထားကြတဲ့ layout တွေ အပြင်အဆင်တွေက
သိပ်လှ၊ သိပ်မျက်စိကျစရာကောင်းနေပေမယ့် ကိုယ်ကတော့ လှေကြီးထိုးရိုးရိုးတောင် မနည်းဖျစ်ညှစ်လုပ်ထားရတယ်လေ။ ဒီနေ့တော့ ညီနေမင်းရဲ့နည်းပညာ blog ကိုအလည်သွားရင်း peekaboo ဆိုတဲ့ blog post ခေါက်နည်းလေးတွေ့လို့ စမ်းကြည့်တယ်။ ဒီစာက နည်းသစ်ကိုစမ်းရင်းရေးတာဆိုတော့ အစမ်းစာလို့များ ကြီးကြီးကျယ်ကျယ်ခေါ်ရရင် ကောင်းမလားစဉ်းစားမိတယ်။ အင်း...အဲဒီလို စကားကြီး၊ စကားကျယ်လဲ မပြောတတ်တော့ ဘာနံမည်မှ မတပ်တော့ပါဘူး။ တောင်ရမ်း၊ မြောက်ရမ်း စမ်းကြည့်တာလို့ပဲ သဘောထားလိုက်တော့မယ်။ ဒီ post ခေါက်လို့ ရမရတော့ မသိသေးဘူး။ အရင် post တွေအောက်မှာတော့ ဆက်ဖတ်ပါဦးဆိုတဲ့ စာတမ်းလေးတွေတော့ ထိုးထားတာ တွေ့ရပြီ။ စာဖတ်တဲ့သူက အခေါက်ဖြည်ပြီး ဖတ်ကြည့်လို့ ဘာမှမတွေ့ရင်တော့ ထိုင်ရင်းနေရင်း မေတ္တာပို့ခံရဖို့တော့ သေချာနေပြီ။ ရှိပါစေတော့။ ဒါလည်း ပညာတိုးတက်ဖို့အတွက်
အရင်းအနှီးလို့ပဲ မှတ်လိုက်မယ်လေ။ မကောင်းဘူးလား။
ညီနေမင်းရဲ့ post လေးကို စိတ်ဝင်စားရင် လေ့လာပြီး စမ်းသပ်ကြည့်ရအောင် link ချိတ်ပေးလိုက်တယ်။ ဒီမှာပါ...
http://www.nyinaymin.com/2009/08/peekaboo.html
P.S; ခေါက်လို့တော့ရတယ်။ ဘာတွေမှားသွားတယ်တော့ မသိဘူး။ ပြန်ဖွင့်လို့မရဘူးဖြစ်နေလို့
အရှိန်သတ်ပြီး အရင်အတိုင်းဖြစ်အောင် ပြန်လုပ်ထားရတယ်။
နောက်ကျမှ ပြန်လေ့လာပြီး လုပ်ကြည့်ရမယ်...

Sunday, 20 June 2010
စိတ်နောက် ကိုယ်မပါ . . .
ဒီကရှေ့ကိုတော့ အရင်ကလောက်စာရေးနိုင်မှာ မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ အလုပ်ကများသထက်များလာလို့ပါပဲ။ တစ်နှစ်ထက်တစ်နှစ် ပိုပြီးအရည်အသွေးပြည့်အောင် ကြိုးစားရတာ လုပ်ငန်းတိုင်းရဲ့သဘာဝ ဖြစ်တဲ့အပြင် ပိုများလာတဲ့ တောင်းဆိုချက်တွေကို ဖြည့်ပေးနိုင်အောင်လည်း ကြိုးစားရပါတယ်။
ပိုပြီးတော့လည်း အရည်အသွေးပြည့်လာသလို လူတွေရဲ့အကျိုးကိုပိုဆောင်ရွက်လာနိုင်တာကြောင့် ပိုပိုပြီး အလုပ်များလာတာမို့ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူပါတယ်။ဒါပေမယ့် တစ်ရက်ကို မနားမနေအလုပ်လုပ်ရမယ့် အချိန် ၁၀ နာရီကျော်သွားတာကြောင့် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ အရင်ကလောက်တော့ အိပ်ပျက်မခံရဲတော့ပါ။
ဘာကြောင့်လဲဆိုတော့ ဖိုးသူတော်လဲရင် တောင်ဝှေးထူနိုင်မှာ မဟုတ်တာကြောင့် ကိုယ်နေမကောင်းရင် ကိုယ့်နောက်ကလူတွေ အခက်မတွေ့စေဖို့ စာရေးကျဲရတော့မယ်ထင်ပါတယ်။

Saturday, 19 June 2010
နှမျောစိတ်ရဲ့ ဝေးဝေးမှာ . . .
၁၇।၆।၂၀၁၀ ကြာသပတေးနေ့ကတော့ ကိုယ့်ဘ၀မှာ အထူးခြားဆုံးနေ့ပါ။
ဘာကြောင့်လဲဆိုတော့ ဘ၀မှာ သူများဆီက တန်ဖိုးအကြီးဆုံးလက်ဆောင်ရဖူးတဲ့နေ့ဖြစ်လို့ပါပဲ။ အခါတိုင်းနှစ်တွေကလည်း ကိုယ်သင်ပေးလို့ ဆယ်တန်းအောင်သွားတဲ့ ကျောင်းသားလေးတွေက ကိုယ့်ကိုကျေးဇူးတင်ကြောင်းပြတဲ့အနေနဲ့ တစ်ခုခုတော့ ၀ယ်ကန်တော့လေ့ရှိပါတယ်။ တန်ဖိုးကြီးတာတွေ မ၀ယ်ကြဖို့လည်း ကိုယ်ကကြိုမှာထားလေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကလေးတွေရဲ့အောင်မြင်မှုကို ဂုဏ်ယူဝင့်ကြွားပြီး တမြတ်တနိုးတန်ဖိုးထားပါတယ်။ သူတို့ပစ္စည်းလေးတွေမြင်တိုင်း ပီတိဖြစ်ရသလို နောင်လာမယ့်ကလေးတွေအတွက်လည်း အောင်မြင်အောင်ကြိုးစားပေးရမယ်ဆိုတဲ့အသိကို ဖြစ်စေပါတယ်။
ဒီနှစ်အောင်စာရင်းထွက်တော့ ကိုယ့်ကျောင်းသားအားလုံးနီးပါး အောင်ကြတာကိုတော့ ကိုယ်ကြွားထားလို့ သိပြီးလောက်ပါပြီ။ အားလုံးနီးပါးကလည်း သူများတွေအထင်ကြီးမထားကြတဲ့ကျောင်းသားလေးတွေ ဖြစ်နေတာကြောင့် သူတို့ရော၊ သူတို့မိဘတွေပါ ကိုယ့်ကိုအင်မတန်ကျေးဇူးတင်ရှာကြပါတယ်။ သူတို့ပျော်ကြတာမြင်ရတဲ့ ဘေးလူတွေပါ အပျော်တွေကူးစက်ပြီး ပျော်ကြပါတယ်။ ပျောက်ဆုံးနေတဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာကို ပြန်ရှာတွေ့ကြတဲ့ ကလေးတွေကတော့ ပျော်လိုက်ကြတာ မိုးမမြင်လေမမြင်ပါပဲ။ ဒီစာရေးနေတဲ့ အချိန်အထိဆိုပါတော့။

၁၇ ရက်နေ့ညနေက ကျောင်းသားတစ်အုပ် ကိုယ့်အိမ်ကိုပေါက်ချလာကြပါလေရော။ ဆယ်ယောက်အုပ်ဆိုတော့ တအုပ်တမကြီးပေါ့။ ဒီတိုင်းလာကြတာ မဟုတ်ဘူး။ ဆရာ့ကိုကန်တော့ဖို့ဆိုပြီး ရေခဲသေတ္တာတစ်လုံးပါ သယ်လာကြလေရဲ့။ တန်ဖိုးကလည်း တစ်သိန်းခွဲ၊ နှစ်သိန်းနီးပါးလောက်ရှိတာဆိုတော့ ကိုယ့်မှာလက်ခံရအခက်၊ မခံရအခက်ပါ။ ဒါပေမယ့် အားလုံးကညီညီညွတ်ညွတ်စုဝယ်လာကြတာဆိုတော့ လက်မခံလို့လည်း မရတော့တာကြောင့် ကန်တော့ခံရပါတော့တယ်။ သူတို့ဆရာ ဦးကပ်စီးက မီတာခတက်မှာ၊ အအေးဖိုးကုန်မှာ စိုးတာကြောင့် ရေခဲသေတ္တာမ၀ယ်တာကို ကလေးတွေ မကျေနပ်လို့ထင်ပါရဲ့။ တစ်ခါတည်း ချည်ပြီး၊ တုပ်ပြီးပါပဲ။ ကိုယ့်ကိုဘာမှ အသိမပေးဘဲလုပ်လာကြတာလေ။ ဒီပစ္စည်းကတော့ ကိုယ်ရဖူးတဲ့ ကန်တော့ပစ္စည်းတွေထဲမှာ တန်ဖိုးအကြီးဆုံးပါပဲ။ ပစ္စည်းတန်ဖိုးထက် ကလေးတွေရဲ့သိတတ်မှုကို ပိုပြီးကျေနပ်မိပါတယ်။
ဒီနေ့တော့ ကလေးတွေကတောင် တန်ဖိုးကြီးကြီးဝယ်ကန်တော့သေးတာ ကိုယ်ကလည်းမနှမျောတော့ပါဘူးလေ ဆိုပြီး လိုအပ်တဲ့ safe guard တို့ voltage stablizer တို့ထွက်ဝယ်ပြီး အအေးလေးဘာလေးပါထွက်ဝယ်လိုက်တယ်။ ၀ယ်ပြီဆိုမှတော့ ဘရိတ်အုပ်လို့မရတဲ့အကျင့်ကြောင့် ခြောက်သောင်းကျော်ကျော်တော့ ပြောင်ပါလေရော။ ဒါပေမယ့် နှမျောတဲ့စိတ်က တစ်စက်ကလေးတောင် မပေါ်တာကိုယ့်ကိုယ်ကိုတောင် အံ့သြမိသေးတယ်။ ပြန်စဉ်းစားမိတော့ ပျော်တဲ့စိတ်၊ ဂုဏ်ယူတဲ့စိတ်က နှမျောတတ်တဲ့ ပင်ကိုစိတ်ကို အနိုင်ရသွားတာဖြစ်မယ်လို့...
Tuesday, 15 June 2010
သူတည်းတယောက် . . .
သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည့်။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊
မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည့်။
ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည့်။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊
တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည့်။ ။
အနန္တသူရိယ
မြန်မာ့စာပေသမိုင်းမှာ အင်မတန်မှ ထင်ရှားတဲ့ကဗျာပါ။ စာဆိုအမတ်ကြီး အနန္တသူရိယကို ဘုရင်က အမျက်တော်ရှလို့ တောင်စွယ်နေကွယ်ရင် တောထုတ်ဓားခုတ်သတ်စေလို့ အမိန့်တော်မှတ်ခဲ့ပါတယ်။ သေဒဏ်ကြောင့် သူသတ်ကုန်းမှာ အသတ်ခံရတော့မယ့် အမတ်ကြီးက သူ့ရဲ့ဘုရင်ကို နောက်ဆုံးဆက်သခဲ့တဲ့ ကဗျာပါ။ မျက်ဖြေလင်္ကာလို့လည်း ထင်ရှားပါတယ်။ ဒီလင်္ကာကြောင့် သေဒဏ်ကနေလွတ်ခွင့်ရခဲ့ပေမယ် လက်လွန်ခဲ့ပါပြီ။ ဇက်ပေါ်ကို ဓားဝဲနေတဲ့ကြားထဲက ကဗျာဉာဏ်ထွက်နေသေးတဲ့ အမတ်ကြီးကလေးစားစရာပါ.....

Sunday, 13 June 2010
သောကရာသီ . . .
တစ်စက်နှစ်စက်
မိုးရေစက်တို့
မြေထက်သက်ကြွေနေလေပြီ...
တစ်ရွက်နှစ်ရွက်
မြသစ်ရွက်လည်း
ပင်ထက်ဝေ၍နေလေပြီ...
တစ်ရက်နှစ်ရက်
အလွမ်းရက်လည်း
ရင်ထက်ဖွဲ့ချည်ကြာလေပြီ...
တစ်မက်နှစ်မက်
လွမ်းအိပ်မက်လည်း
နှိပ်စက်ညတိုင်း ကျွမ်းအောင်သီ...
မြသစ်ရွက်ထက်
မိုးရေစက်ကြွေ
အိပ်မက်ရှည်နှင့်
ကြာရှည်လွမ်းရက်
နှိပ်စက်ကလူ
ရင်ပူကျွမ်းမြေ့
ခင်ကမေ့လည်း
မမေ့သူကလွမ်းတာရှည်။ ။
ဟန်ကြည်
၁၄।၆।၂၀၁၀ ( တနင်္ဂနွေနေ့ )
မိုးရေစက်တို့
မြေထက်သက်ကြွေနေလေပြီ...
တစ်ရွက်နှစ်ရွက်
မြသစ်ရွက်လည်း
ပင်ထက်ဝေ၍နေလေပြီ...
တစ်ရက်နှစ်ရက်
အလွမ်းရက်လည်း
ရင်ထက်ဖွဲ့ချည်ကြာလေပြီ...
တစ်မက်နှစ်မက်
လွမ်းအိပ်မက်လည်း
နှိပ်စက်ညတိုင်း ကျွမ်းအောင်သီ...
မြသစ်ရွက်ထက်
မိုးရေစက်ကြွေ
အိပ်မက်ရှည်နှင့်
ကြာရှည်လွမ်းရက်
နှိပ်စက်ကလူ
ရင်ပူကျွမ်းမြေ့
ခင်ကမေ့လည်း
မမေ့သူကလွမ်းတာရှည်။ ။
ဟန်ကြည်
၁၄।၆।၂၀၁၀ ( တနင်္ဂနွေနေ့ )
Subscribe to:
Posts (Atom)