Tuesday, 31 August 2010

ထာဝရ ကျောင်းသားကြီး . . .

ညနေကဖုန်းထဲက ဓာတ်ပုံတွေရော၊ ပေါ်တင်ထားဖြစ်တဲ့ ဓာတ်ပုံတွေရော ပြန်ကြည့်ရင်းနဲ့ ကျောင်းသားတွေနဲ့ ကိုယ်နဲ့ အမှတ်တရရိုက်ဖြစ်တဲ့ ပုံလေးတွေပြန်တွေ့ပါတယ်။ တပည့်တွေပုံတွေကြည့်ရင်း စာသင်နှစ်တစ်လျှောက်လုံး တက်ညီလက်ညီ ကြိုးစားခဲ့ကြတဲ့ ကျောင်းသားလေးတွေကို သတိတရဖြစ်မိပါတော့တယ်...


ဒါကတော့ ကိုယ့်ကျောင်းသားတွေနဲ့ ကိုယ်နဲ့ဆယ်တန်းမဖြေခင် အမှတ်တရရိုက်ထားတာပါ။ ဓာတ်ပုံရိုက်ပေးတဲ့ ကျောင်းသားတော့ ပုံထဲမှာ မပါတော့ဘူးပေါ့။ စာမေးပွဲမဖြေခင် တစ်ရက်အလိုမှာ ရိုက်ဖြစ်တဲ့ပုံပါ။ ကင်မရာ အဆင်သင့်မပါလို့ N72 ကင်မရာနဲ့ပဲ ရိုက်လိုက်ရတယ်။ နောက်ရက်မှာ စာမေးပွဲဖြေမှာ ဖြစ်ပေမယ့် ကိုယ့်ကျောင်းသူကျောင်းသားအားလုံး တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင် ရှိနေတာမြင်ရပါလိမ့်မယ်။ ဘာမှ ဖိစီးမှုမရှိတဲ့ အခြေအနေပေါ့။ စာမေးပွဲဖြေဖို့ အကောင်းဆုံး အနေအထားဆိုရင်လည်း မမှားပါဘူး။


ဒါကတော့ ကိုယ့်ကျောင်းသူကျောင်းသားလေးတွေ အောင်စာရင်းထွက်ပြီးတော့ အောင်ပွဲခံတဲ့ အနေနဲ့ ပျော်ပွဲစားထွက်ကြရင်း အမှတ်တရ ရိုက်ထားတဲ့ပုံပါ။ တစ်ယောက်ကတော့ မျက်စိသိပ်မကောင်းရှာလို့ ကိုယ်တို့နဲ့ မလိုက်ခဲ့နိုင်ပါဘူး။ ကျသွားရှာတဲ့ ကျောင်းသားလေးတစ်ယောက်လည်း မပါခဲ့ပါဘူး။ သူတစ်ယောက်ပဲ ကွက်ကျန်ခဲ့တာဆိုတော့လည်း အားငယ်သွားတယ်ဖြစ်မှာပါ။ ကိုယ်လည်း နားလည်ပေးတဲ့အနေနဲ့ အတင်းအကြပ်မခေါ်ခဲ့တော့ဘူးလေ။ ကြိုးစားတဲ့ကလေးမို့ နောက်နှစ်တစ်ခါ အခွင့်အရေးပြန်ပေးရမှာပေါ့။ ဘ၀ကို အလွယ်နဲ့ အရှုံးမပေးမိအောင်


ရှေ့ဆုံးတန်း ဘယ်စွန်ကတစ်ယောက်(ဘောဂတွဲ)နဲ့ အလယ်ကတစ်ယောက်(၀ိဇ္ဖာတွဲ)တို့က ဘောဂဗေဒ ၇၄မှတ်နဲ့ တစ်သက်တာအမှတ်တရ ဖြစ်ကျန်ခဲ့ကြတဲ့သူတွေပါ။ မကြာခင် တက္ကသိုယ်တွေတက်ပြီး ပညာတတ်အသိုင်းအ၀ိုင်းကို ၀င်ဆံ့ကြတော့မယ့် ကိုယ့်ကျောင်းသားဟောင်းတွေကိုမြင်တိုင်း ဒီနှစ်ကျောင်းသားသစ်တွေအတွက်လည်း ဒီလိုအောင်မြင်၊ ပျော်ရွှင်အောင် ကြိုးစားပေးရမယ်ဆိုတဲ့အသိ အမြဲဝင်ဖြစ်ပါတယ်။

ဆရာဆိုတာ ထာဝရ ကျောင်းသားကြီးဖြစ်တာမို့ ကိုယ်ကတော့ဆယ်တန်းအောင်မှာမဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ဆယ်တန်းစာတွေချည်းပဲ နှစ်တိုင်းပြန်ပြန်ကျက်နေရတာမို့ပါ...

အင်းလေ...ဒါဟာ ကိုယ်ရွေးချယ်ခဲ့တဲ့ဘ၀၊ ကိုယ်ပိုင်ဆိုင်တဲ့ ကြည်နူးမှုပါပဲ...

Monday, 30 August 2010

ဟစ်တလာကို လွမ်းမိခြင်း . . .

ဘလော့ဂ်တစ်ခုသွားလည်ရင်းနဲ့ နာဇီတွေရဲ့ ဆိုးရွားရက်စက်မှုတွေအကြောင်း ရေးထားတာ ဖတ်မိတယ်။

ဟုတ်ပါတယ်။
နာဇီဂျာမန်တွေဟာ တကယ်ပဲ ရက်စက်လွန်းပါတယ်။ အဆိုးဆုံးကတော့ “မဟာလူမျိုးကြီးဝါဒ”ပါ။ ဂျာမန်လူမျိုးများသည် အခြားလူမျိုးများထက် သာလွန်မြင့်မြတ်သည်ဆိုတဲ့ အယူအဆကြီးက ဆိုးလွန်းပါတယ်။ ဒါပေမယ့် စာသားလှလှနဲ့ ခေါင်းစဉ်ပေးရရင်တော့ မျိုးချစ်စိတ်လို့ခေါ်ရမယ်ထင်ပါတယ်။
အဲဒီအချိန်တုန်းကဆိုရင်တော့ ဟစ်တလာဆိုတာ ဂျာမန်တွေရဲ့ရင်ထဲက အမျိုးသားသူရဲကောင်း ဖြစ်နေမယ်ထင်ပါတယ်။

တကယ်လို့သာ ဟစ်တလာဟာ လွန်ကဲလွန်းတဲ့ မျိုးချစ်စိတ်ဓာတ်ကို ချွန်းအုပ်ပြီး သူတပါးတိုင်းပြည်တွေကို နယ်ချဲ့တာ၊ ဂျူးတွေကို မျိုးဖြုတ်တာမျိုးတွေသာ မလုပ်ခဲ့ဘူးဆိုရင် သူ့ကိုဒီလောက်ထိ ရာဇ၀တ်ကောင်စာရင်း သွင်းခံရမယ်မထင်ပါ။ ဒါပေမယ့် သူလုပ်ခဲ့တာတွေထဲမှာ ကောင်းတာတွေလည်း ရှိပါသေးတယ်။ ပြောစရာရှိတာက မကောင်းတာတွေများလွန်းတဲ့အခါကျတော့
ကောင်းကွက်ကလေးတွေဆိုတာ ပျောက်ကုန်ပြီပေါ့။

ကဲ...ဟစ်တလာ ဘာတွေများ ကောင်းခဲ့သလဲ...

တိုင်းပြည်အတွက် သူလုပ်ပေးခဲ့တာတွေ တော်တော်များပါတယ်။ ဒါတွေကို အကုန်ပြောပြန်ရင် စစ်ရာဇ၀တ်ကောင်ဘက်က ရှေ့နေလိုက်တယ်လို့ ပြောခံရမှာကို ဗမာပီပီကြောက်တာမို့ အကြိုက်ဆုံးလေးတွေကိုပဲ ရွေးနုတ်တင်ပြတော့မယ်။

ဟစ်တလာဟာ ဂျာမန်လူမျိုးတွေကို ကျန်းမာကြံ့ခိုင်မှုရှိအောင် ပျိုးထောင်ပေးခဲ့ပါတယ်။

တစ်ခုပြောစရာလိုတာက ဟစ်တလာဟာ အမျိုးသမီးတွေအတွက်ကိုတော့ ဘာတစ်ခုမှ ထိထိရောက်ရောက်လုပ်မပေးခဲ့တာပါပဲ။ သူကိုယ်တိုင်လူပျိုကြီးဖြစ်နေလို့လား၊ ဒါမှမဟုတ် သူ့ရဲ့လိင်စိတ်မူမမှန်အနေအထားကြောင့်လားတော့ မသိပါ။ သူပြောတဲ့စကားကတော့ ဂန္ထ၀င်ပါပဲ။
ဂျာမန်အမျိုးသမီးတွေအတွက် ယောက်ျားပီသတဲ့ ကမ္ဘာ့အကောင်းဆုံး ယောက်ျားကောင်းတွေ ဖန်တီးပေးထားပါတယ်” တဲ့။
သူ့အပြောနဲ့သူတော့ ဟုတ်တုတ်တုတ်ပါပဲ။

သူလုပ်တဲ့အထဲမှာ အကြိုက်ဆုံးကတော့ “လုပ်အားပေးစခန်း”တွေပါ။ အဲဒီစခန်းတွေကို တစ်နိုင်ငံလုံးမှာ အများအပြား အကောင်အထည်ဖော်ပါတယ်။ အဲဒီစခန်းတွေကို အသက်၁၈နှစ်ပြည့်တဲ့ ယောက်ျားလေးတိုင်း ၆လသွားရပါတယ်။ အဲဒီစခန်းတွေကို ရောက်ပြီဆိုတာနဲ့ ဘယ်အလွှာကပေါက်ဖွားတဲ့ ယောက်ျားလေးမဆို တူညီဝတ်စုံဝတ်ပြီး တပြေးညီစည်းကမ်းအောက်မှာ နေရထိုင်ရပါတယ်။

လုပ်အားပေးစခန်းတွေမှာ မနက်၅နာရီခွဲတာနဲ့ အားလုံးအိပ်ရာထရပါတယ်။ တစ်တိုင်းပြည်လုံးက စခန်းတိုင်းမှာ တစ်ချိန်တည်း ထရတာပါ။ ၆နာရီထိုးတာနဲ့ တန်းစီရပါတယ်။ အသေးစိတ်ကိုတော့ မပြောတော့ပါ။ မနက်သတ်မှတ်ချိန်ရောက်တာနဲ့ စခန်းတိုင်းက လူငယ်အားလုံး လမ်းဖောက်တာ၊ မြေရိုင်းတွေဖော်တာစတဲ့ အလုပ်ကြမ်းတွေကို လုပ်ရပါတော့တယ်။ ဘယ်သူမှ အခွင့်ထူးခံလူတန်းစား မရှိပါ။ အားလုံးတပြေးညီလုပ်ရတာပါပဲ။ နေ့လည်ပိုင်း အနားယူပြီးတာနဲ့ ညနေပိုင်းမှာ ဖွံ့ဖြိုးရေးသင်တန်းငယ်တွေရှိပါတယ်။ ညပိုင်းမှာ ပျော်ပွဲရွှင်ပွဲတွေရှိပြီးတော့ သတ်မှတ်ချိန်မှာ အိပ်ရပါတယ်။ စခန်းသွင်းကာလ ၆လလုံး ဒီပုံစံအတိုင်းလည်ပတ်ပါတယ်။

ဒီစခန်းတွေရဲ့အားသာချက်တွေက..

(၁) လူငယ်အားလုံး ကျန်းမာကြံ့ခိုင်လာတယ်
၆လလောက် အလုပ်ကြမ်းလုပ်ပြီးတဲ့ လူငယ်တစ်ယောက်ဆိုတာ မကြံ့ခိုင်ဘဲနေရိုးလား။ ကျားကျားလျားလျားနဲ့ တကယ့်ယောက်ျားကောင်းကြီးတွေ ဖြစ်လာတော့တာပေါ့။

(၂) လူငယ်အားလုံး တစ်စိတ်တည်း၊ တစ်ဝမ်းတည်း ဖြစ်လာတယ်
ဘာကြောင့်လဲဆိုရင် ၆လလုံးလုံး တစ်မိုးတည်းအောက်မှာ လက်ရည်တစ်ပြင်တည်း လုပ်နေကြရတဲ့ လူငယ်တွေဟာ သာတယ်နာတယ်ဆိုတာတွေ၊ ချမ်းသာတယ်ဆင်းရဲတယ်ဆိုတာတွေ ကွာခြားမှုမရှိတော့ပဲ တစ်သွေးတည်း တစ်သားတည်းဖြစ်လာပါတယ်။ အလုပ်စခန်းသဘာဝအရ ငွေကြေး၊ ရာထူးထက် အပင်ပန်းခံနိုင်မှုက ပိုအရေးပါတာမို့ ဆင်းရဲသားသားသမီးတွေဟာလည်း အဲဒီစခန်းတွေမှာ သူတို့ရဲ့ဂုဏ်သိက္ခာကို ထူထောင်ခွင့်ရကြပါတယ်။

(၃) စည်းကမ်းနဲ့နေတတ်သွားကြတယ်
အထူးပြောစရာမလိုပါ။ အလုပ်စခန်းဆိုပေမယ့် စစ်စခန်းလိုပဲ ထားတာဖြစ်တဲ့အတွက် စည်းကမ်းသေ၀ပ်မှုပိုင်းမှာ ပြောစရာမလိုအောင် ကောင်းသွားပါတယ်။

(၄) အလုပ်တိုင်းကိုမကြောက်မရွံ့လုပ်ရဲလာတယ်
များသောအားဖြင့် ပညာတတ်၊ ပိုက်ဆံရှိသားသမီးများဟာ အလုပ်ကြမ်းဆိုရင် သူတို့နဲ့ မဆိုင်ဘူးလို့ သဘောထားတတ်ပါတယ်။ ဒီစခန်းတွေမှာကျကျနန ကျင့်ပေးလိုက်တဲ့အတွက် အလုပ်တိုင်းကို လုပ်ရဲလာပါတယ်။

(၅) ခေါင်းဆောင်တွေမွေးထုတ်ပေးနိုင်တယ်
ဟစ်တလာက ခေါင်းဆောင်ကောင်းမွေးတဲ့ အလုပ်ကို အထူးတလည် အရေးပေးပါတယ်။ ဒီစခန်းတွေမှာ လူငယ်တွေကို ကျကျနနလေ့လာပြီး ခေါင်းဆောင်မှုစွမ်းရည်ရှိတဲ့ လူငယ်တွေကို မှတ်တမ်းတင်ထားပြီး တကယ့်ကိုစံနစ်တကျ လေ့ကျင့်ပေးပါတယ်။ စခန်းမှာလဲ လက်တွေ့ပြုစုပျိုးထောင်ပေးပါတယ်။ ဒါကြောင့် စစ်သားတွေထဲမှာ ဂျာမန်စစ်သားတွေဟာ ခေါင်းဆောင်ကောင်းစွမ်းရည် ပြည့်ဝမှုအကောင်းဆုံး ဖြစ်လာပါတယ်။

ဒီစခန်းတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဂျာမန်တွေအတွက် စစ်သားတွေမွေးထုတ်ပေးတာပါပဲ။ ပြောရရင်တော့ နယ်ချဲ့ဖို့ဆိုပါစို့။ ရည်ရွယ်ချက်ကလွဲရင် ကျန်တာအားလုံးကောင်းပါတယ်။ တကယ်လို့သာ ဟစ်တလာအတွက်မမှားဘဲ စစ်မျက်နှာသာ နှစ်ဖက်မဖွင့်ခဲ့ဘူးဆိုရင် တကယ့်စစ်သားကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂျာမန်စစ်တပ်ကြီးကို ဥရောပနိုင်ငံတွေ အရှုံးပေးပြီး ကမ္ဘာ့မြေပုံပါ တစ်မျိုးဖြစ်သွားမယ်ထင်ပါတယ်။

ကိုယ်တို့တိုင်းပြည်က ချာတိတ်လေးတွေကို အားမရတိုင်း ဒီစခန်းတွေကို ပြေးပြေးမြင်တာပါပဲ။ ဒီခေတ်ချာတိတ်လေးတွေကြည့်ရတာ ဖင်ရှူးလေးတွေ၊ ဖလံလေးတွေ ဖြစ်နေပြီး ကျားကျားလျားလျားမရှိ အလှကြိုက်နေကြလွန်းတာ မြင်ရတာ ဘယ်လိုမှ အဆင်မပြေပါ။ တကယ်လို့များ လိုအပ်လာလို့ စစ်တိုက်ကြရရင်တောင် လက်ပစ်ဗုံးကို လက်နှစ်ဖက်နဲ့ကိုင်ပြီးပစ်ရမယ် ထင်ပါရဲ့။

ဒီချာတိတ်တွေသာ ဟစ်တလာလက်အောက် ပို့လိုက်ရရင်တော့လေ...

Sunday, 29 August 2010

ကျွန်းဦးသစ်ပင်များ . . .

အရှေ့ကျွန်း - ကုက္ကိုပင်
တောင်ကျွန်း - သပြေပင်
အနောက်ကျွန်း - ထိန်ပင်
မြောက်ကျွန်း - ပဒေသာပင်
တာဝတိံသာ - ပင်လယ်ကသစ်ပင်
အသူရာပြည် - သခွတ်ပင်
ဂဠုန်ပြည် - လက်ပံပင်

မြန်မာ့စွယ်စုံကျမ်း အတွဲ(၁) ၊ အပိုင်း(ခ) ထဲမှာ တွေ့လို့ ကောက်နုတ်ထားတာပါ။ ဗုဒ္ဓကျမ်းစာလာ အယူအဆဖြစ်ပါတယ်။ အခုတလော စာကြွေးတွေ တော်တော်များများ ဖတ်ဖြစ်နေလို့ ကောက်နုတ်ဝေငှစရာတွေ တော်တော်များနေပါတယ်။ ဖတ်ညွှန်းဆရာ ဖြစ်နေရင်လည်း ကျေကျေနပ်နပ်လက်ခံပါတယ်။ ဘာကြောင့်လဲဆိုရင် ဖတ်တယ်ဆိုတာ ကိုယ်သိဖို့မှမဟုတ်ဘဲ၊
သူများကိုမျှဝေ ပေးဖို့မဟုတ်လား။


ဒါကြောင့် ဗဟုသုတဖြစ်စရာလေးတွေတွေ့ရင် ဖတ်ပြီးညွှန်းပါဦးမယ်...

ကြားရကြားရ နားဝမသက်သာ . . .မြင်ရမြင်ရ ရင်ဝမသက်သာ . . .

ကိုမျိုး IR ; အဆိုတော်တစ်ယောက်မှာ Mood နဲ့ Expression ဘယ်ဟာ ပိုအရေးပါတယ်လို့ ထင်ပါသလဲ။ ဘာကြောင့်များလဲ။ ကိုယ်ဆိုရတဲ့ သီချင်းရဲ့Theme နဲ့ Melody နဲ့ရော ဆိုင်မယ်လို့ ထင်ပါသလား။

ထူးအိမ်သင် ; Expression ဆိုတာ Mood ရှိမှ လာတာဗျ။ Mood ကောင်းမှ Expression ကောင်းနိုင်မှာ။ ဒီနှစ်ခုက တွဲနေတာကိုး။ ကောင်းဖို့ ရဖို့ဆိုတာကလည်း ကိုယ်ဆိုမယ့် သီချင်းရဲ့ Melody နဲ့ Theme ကို ကိုယ်ကိုယ်တိုင်က နှစ်နှစ်သက်သက် ကျေကျေနပ်နပ်နဲ့ ကို ဆိုနိုင်မယ့် အနေအထားမျိုးရှိမှ ကောင်းနိုင်မယ်လို့ ထင်တာပဲ။

ကိုမျိုးIR ရဲ့အမေးကို ကိုထူးအိမ်သင် ဖြေထားတာပါ။
ထူးအိမ်သင်ဆိုတာ ဒီဘက်ခေတ် နောက်ပေါက်ချာတိတ်တွေအသာထားဦး သူနဲ့တန်းတူ အဆိုရှင်တွေထဲမှာတောင် ဂီတသီအိုရီပိုင်းနဲ့ ပတ်သက်ရင် တန်းတူတဲ့သူ တော်တော်ရှားတဲ့ ပါရမီရှင်ပါ။ ပါရမီအပြင် လေ့လာလိုက်စားမှု၊ အာရုံဝင်စားမှု၊ ဂီတအပေါ်ထားတဲ့ သူ့ရဲ့ဖြူစင်မွန်မြတ်ခြင်း၊ သစ္စာရှိခြင်း စတာတွေပါ ပေါင်းစပ်ထားတဲ့ တကယ့်ဂီတ ပညာရှင်ပါ။

အဲဒီဂီတပညာရှင် ကိုငှက်(ကိုထူးအိမ်သင်) ပြောထားတဲ့ စကားလေးကို သဘောကျလို့ စကားချီးနေတာပါ။ Mood ကောင်းမှ Expression ကောင်းမှာပါတဲ့။
မှန်လိုက်တာ။ ဒီစကားကို တနင်္ဂနွေညနေပိုင်းမှာ Melody World မှာ ဆရာကြီးတစ်ဆူလုပ်နေတဲ့ ဒေါ်နွဲ့ယဉ်ဝင်း သိစေချင်လိုက်တာ။

ဒီဆောင်းပါးကို သူဖတ်ဖြစ်ပါစေလို့ပဲ ဆုတောင်းရမယ်။
ဖတ်ပြီးရင်လည်း ကိုယ့်ကိုမေတ္တာပို့ပါလို့လည်း ပြောရလိမ့်ဦးမယ်။

တနင်္ဂနွေ ညနေတိုင်းမှာ အများသိတော်မူကြတဲ့အတိုင်း မြ၀တီရုပ်သံကနေ အဆိုရှင်သစ်လေးတွေကို မြေတောင်မြှောက်ပေးနေတဲ့ Melody World အစီအစဉ်လွှင့်ပါတယ်။ ရည်ရွယ်ချက်လေးလည်း ကောင်းပါတယ်။ ကလေးတွေလည်း ကြိုးစားကြပါတယ်။ အင်း...ဒါပေမယ့် ဂီတလောကအတွက် ကြိုးစားရတာထက် နွဲ့ယဉ်ဝင်းကြိုက်အောင် ကြိုးစားရတာပိုများပါတယ်။

ရေးနေရင်းမှပဲ သွားသတိရတယ်။ ဒီဘလော့ကို မြန်မာပြည်မှာ ဖတ်လို့မှမရတာ။ နွဲ့ယဉ်ဝင်းမဖတ်ဖြစ်တော့တာ သေချာသွားပြီ။ အဆဲမခံရတော့တာထက် သူမသိနိုင်တာတွေးမိရင် စိတ်တောင်မကောင်းဘူးလေ။
ရှိစေတော့ ရေးလက်စနဲ့ ဆက်ချလိုက်တာပဲ ကောင်းပါတယ်နော။

အထက်ကစကားကို ပြန်ဆက်ရရင် Melody World မှာ နွဲ့ယဉ်ဝင်းကြီးစိုးနေတာ တော်တော်တောင်ကြာနေပြီဆိုတော့ သူ့ခြေသူ့လက်တောင် ဖြစ်လို့နေပါပြီ။ လူ့စိတ်သဘာဝအရ နေရာတစ်ခုမှာကြာရှည်နေရပြီဆိုတာနဲ့ နေရာနဲ့ပတ်သက်တဲ့ မာန်၊ မာနတွေ ၀င်လာရုံသာမက အလေးထားမှုလည်းပေါ့လာတတ်ပါတယ်။ နောက်...သူများအပေါ် လေးစားမှုလည်း ကျလာတတ်တာ သဘာဝပါ။

ဘာကြောင့်ပြောရသလဲဆိုရင် ဒီဘက်ပိုင်းမှာ နွဲ့ယဉ်ဝင်းလုပ်နေတာ တော်တော်လေးအချိုးမပြေဖြစ်လာတယ် ထင်ရလို့ပါ။ တစ်ခါက အဲဒီအစီအစဉ်မှာ ကလေးတစ်ယောက်က မြန်မာသီချင်းလေးနဲ့ဝင်ပြိုင်ပါတယ်။ အဲဒါ ဆရာမကြီးက ဘာပြောလဲဆိုတော့ အဲဒီသီချင်းတွေနဲ့ မပြိုင်ရဘူးတဲ့။ ကောင်းပါလေ့။ အဲဒါတွေက သီချင်းမဟုတ်ဘူးလို့များ ဆရာမကြီးသတ်မှတ်လေရော့သလား။ ဂီတကိုမြတ်နိုးရင် ဘယ်ဂီတမဆို လက်ခံရမယ်ဆိုတာ လားလားမှ သိအံ့မထင်ပါ။

လာပြိုင်ရှာတဲ့ ကလေးတွေကိုလည်း တစ်ခါတစ်ခါ ပစ်ပစ်ခါခါဝေဖန်လိုက်တာ ကလေးတွေတော့မသိဘူး။ ကိုယ့်မှာကြားထဲကနေ သနားလိုက်တာ။ ကလေးတွေ ဘယ်လောက်ရှက်ရှာမလဲ။ တကယ့် တစ်နိုင်ငံလုံးကြည့်နေတဲ့ အစီအစဉ်မှာ၊ အများရှေ့မှာ။ စေတနာကတော့ စေတနာပေါ့။ ဘာပဲဖြစ်ဖြစ် ကလေးတွေကို အားပေးပြီးတွဲခေါ်ရမှာမဟုတ်လား။ တကယ်ဆိုရင် သူကိုယ်တိုင်တောင်မှ ဂီတလောကမှာ ဒီလောက်ဖြစ်ဖြစ်မြောက်မြောက်ရှိခဲ့တာ မဟုတ်ပါဘူး။ သူ့ခေတ်ကဆိုရင် ဟေမာနေ၀င်းနဲ့၊ မေဆွိနောက်မှာ တကယ့်အဝေးကြီးမှာပါ။ အခုကျတော့ သူကဆရာမကြီးလေနဲ့ အဆိုရှင်သစ်လေးတွေကို ဖဲ့လိုက်တာ ရစရာကို မရှိဘူး။ သူ့အတွက် ဒီအစီအစဉ်က မထူးဆန်းပေမယ့် ပြိုင်ပွဲဝင်လေးတွေအတွက်ကတော့ တော်တော်ကြီးကို အားခဲရတာပါ။ တစ်ချို့နယ်က လာပြိုင်တဲ့ကလေးတွေဆို ပိုတောင်ဆိုးပါသေးတယ်။ ကိုယ့်မြို့ကိုယ် ဘယ်လိုမျက်နှာမျိုးလေးတွေနဲ့ ပြန်ရရှာမလဲ။

တကယ်ဆိုရင် အစီအစဉ်တစ်ခုကို ဦးဆောင်ဦးရွက်ပြုသူဆိုတာ နာယကဂုဏ်၆ပါးနဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။

နာယကဂုဏ် ခြောက်ပါး
ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ
ဝေဖန်၊ ထောက်ရှု
ဤခြောက်ခု
ကြီးသူ့ကျင့်ဝတ်တာ။ ။

ဒါမှပဲ နောက်လိုက်ပဲဖြစ်တဲ့ ကလေးတွေအတွက် အကျိုးကျေးဇူးများမှာဖြစ်ပါတယ်။

ပြီးတော့...
နွဲ့ယဉ်ဝင်းက ကလေးတွေကို တစ်ခါတည်း Expression ဂါထာရွတ်ပြီး လှုပ်ခိုင်း၊ ရမ်းခိုင်းနေတာ စိတ်ပျက်စရာကောင်းလိုက်တာ။ ကြာလာတော့ ကလေးတွေမှာ အဆိုတော်နဲ့တောင်မတူတော့ဘဲ အအပြဇာတ်ကနေတာနဲ့ပဲ တူလာပါတော့တယ်။
သီချင်းအပေါ်မှာ အာရုံဝင်စားပြီး ခံစားချက်ရှိလာရင် သူ့ဟာသူ Expression ကောင်းလာပါလိမ့်မယ်။ တကယ်တော့ Expression ဆိုတာ မဆလာပါပဲ။ အဓိကက ဟင်းကောင်းဖို့ပါ။ မဆလာပါရင် ပိုကောင်းတာမှန်ပေမယ့် မဆလာချည်းထဲတော့ စားလို့မရနိုင်ပါ။ သီချင်းဆိုပြိုင်ပွဲဆိုတာကြောင့် အရေးကြီးတာက အဆိုပါပဲ။ လှုပ်ရှားမှုလေးတွေပါရင် ပိုကောင်းတာမှန်ပေမယ့် အဆိုထက် အလှုပ်ကိုဦးစားပေးနေတာ မြင်ရတော့ မဆလာချည်းပဲ စားနေရသလို ပူစပ်ပူလောင်ကြီး ဖြစ်ရပါတယ်။ ကလေးတွေကို ပထမပိုင်းက အမြင်ကတ်မိပေမယ့် ကြာလာတော့လည်း သနားတာက ပိုလာပါရော။

နောက်စိတ်ပျက်စရာတစ်ခုက ပြိုင်ပွဲဝင်ကလေးတွေ သီချင်းဆိုတဲ့နေရာမှာ သီချင်းရဲ့Trend ထက် သူတို့အသံကောင်းကြောင်းကိုပဲ အပြိုင်အဆိုင်ပြနေကြတာပါပဲ။ မလိုအပ်ဘဲ အသံတုန်ပစ်တာ၊ စည်းပေါက်တဲ့အထိ အသံရှည်ရှည်ဆွဲဆိုတာတွေများလွန်းပါတယ်။ တကယ်တော့ သီချင်းဆိုတဲ့နေရာမှာ နားဆင်သူပရိသတ် အတွက်ရည်စူးပြီးဆိုရတာမျိုးပါ။ အသံကောင်းတိုင်းစွတ်ဆွဲနေတော့ ပရိသတ်ကို စော်ကားသလိုဖြစ်နေပါရော။ အင်း...ဆရာမကြီးက ဒါမျိုးကျတော့ ပြောတော်မမူပါဘူးဗျား။

L ဆိုင်းဇီဆိုတဲ့ အဆိုတော်မလေးတစ်ယောက် အဆိုတော်မင်းဂေါင်ရဲ့ ရေစီးကြောင်းသံယောဇဉ်သီချင်းကို ပြန်ဆိုလိုက်တာ ရှိသမျှအသံကုန်ထုတ်ပြီး ဆွဲနိုင်သမျှဆွဲဆိုပစ်လိုက်တာ ကြားကတည်းက ရေစက်ကို ကုန်သွားပါရောလား။ မူရင်းအဆိုတော်ကို မလေးစားရာရောက်သလို ပရိသတ်ကိုလည်း ပိုက်ဆံယူပြီး နှိပ်စက်သလိုပါပဲ။ ကြားရကြားရ နားဝမချမ်းသာလွန်းလို့ သီချင်းဆိုရင် မူရင်းသီချင်းပဲ နားထောင်နေရတာကြာပါပေါ့။ မြန်မာလိုနားထောင်ချင်ရင်လည်း ကိုထီးတို့၊ ကိုတိုးတို့၊ ကိုငှက်တို့နဲ့ပဲ ငြိမ့်လိုက်တော့တယ်။

အင်း...မနေနိုင်တာကိုတော့ ရေးထုတ်လိုက်ပြီ။ နွဲ့ယဉ်ဝင်းပရိသတ်များ ဖတ်မိရင်လည်း မေတ္တာတော်အနန္တရမှာ သေချာသလောက်ပဲ။ ရှိပါစေတော့နော...

တစ်ခါတစ်ခါ ဒါမျိုးလေးတွေလည်း ပြောပေးဦးမှ...

Saturday, 28 August 2010

ကောသလမင်းအိပ်မက် ၁၆ချက် . . .

ကောသလမင်းအိပ်မက် ၁၆ချက်ကို ခပ်ငယ်ငယ်ကတည်းက သိပေမယ့် တိတိကျကျမသိခဲ့ပါ။ ဘုရားသွားတဲ့အခါမှာ စောင်းတန်းတွေမှာ ဆွဲထားတဲ့ ပန်းချီကားတွေမှာ အမြဲတွေ့ပေမယ့် သတိကောင်းကောင်းမမူမိတာကြောင့် အခုအရွယ်ထိ ခပ်ဝါးဝါးပဲ သိရုံပါပဲ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ ebook တစ်အုပ်ရလို့ ၁၆ချက်လုံး ကျကျနန သိရပါတယ်။

ဒါကြောင့် ကိုယ်လိုယောင်ဝါးဝါးဖြစ်နေကြသူများအတွက် ပြန်ဝေငှပေးလိုက်ပါတယ်။ အနက်ပါပြန်ပေးလိုက်ပါတယ်။

၁။ နန်းရင်ပြင်တွင် နွားနက်ကြီးလေးကောင် ဝှေ့ရန်ဟန်ပြင်ပြီးမှ မဝှေ့တော့ဘဲ ရှောင်ထွက်သွားကြသည်
ကောင်းကင်တွင် မိုးတိမ်များမည်းနေသော်လည်း တကယ်တမ်းမရွာခြင်း

၂။ သစ်ပင်တို့သည် အရွယ်ငယ်ငယ်နှင့် ပွင့်ကြသီးကြသည်
ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပြုကြပြီး သားသမီးတို့ မွေးဖွားကြခြင်း

၃။ မွေးကင်းစ နွားကလေး၏နို့ကို နွားမကြီးကစို့သည်
သားသမီးများကို မိဘတို့က မှီခိုနေထိုင်ကြရခြင်း

၎။ အားကောင်းမောင်းသန်နွားကြီးများကို မသုံးဘဲ နွားငယ်များကို ထမ်းပိုးတတ်ပြီး ၀န်ကိုရုန်းစေသည်
ပညာရှိသက်ကြီးရွယ်အိုများကိုဘေးဖယ်၍ ငယ်ရွယ်သူများကိုသာ တာဝန်ကြီးများပေးအပ်ကြခြင်း

၅။ ခေါင်းနှစ်လုံးရှိသောမြင်းသည် ခေါင်းနှစ်လုံးစလုံးနှင့် အစာစားသည်
တရားစီရင်ရာတွင် တရားသူကြီးများက တရားလို၊ တရားခံနှစ်ဘက်စလုံးထံမှ လာဘ်ယူပြီး ဆုံးဖြတ်ကြခြင်း

၆။ တစ်သိန်းတန်သော ရွှေခွက်တွင် မြေခွေးအားကျင်ငယ်စွန့်စေရန် အလုအယက်တောင်းပန်ကြသည်
ငွေကြေးချမ်းသာသော လူယုတ်ထံတွင် မိမိတို့၏ အမျိုးကောင်းသမီးကို လက်ထပ်ပါရန် တောင်းပန်ကြခြင်း

၇။ ကျစ်နေဆဲဖြစ်သော ကြိုးအဖျားကို ကုတင်အောက်တွင် ၀ပ်နေသော မြေခွေးက ခိုးစားသည်
လင်ရှာဖွေထားသော ငွေကြေးများကို မယားဖြစ်သူက နောက်ကွယ်တွင် ဖောက်ပြန်သုံးစွဲခြင်း

၈။ လူများသည် ရေမရှိသော အိုးငယ်များဝိုင်းနေသည့် ရေပြည့်အိုးကြီးကို ၀ိုင်း၍ရေဖြည့်နေကြသည်
ဆင်းရဲသောတိုင်းသူပြည်သားများက ချမ်းသာသောဘုရင်ကို အခွန်များဆက်သကြရခြင်း

၉။ ရေစပ်ကြည်ပြီး ရေလည်တွင်နောက်နေသော ရေအိုင်တွင် သတ္တ၀ါများ ရေသောက်နေကြသည်
လူတို့သည် အခွန်အခကြီးမြင့်သော မြို့တွင်မနေနိုင်တော့ဘဲ တောသို့ပြောင်းရွှေ့နေကြရခြင်း

၁၀။ ထမင်းတစ်အိုးတည်းမှ အပျော့၊ အမာ၊ ပုံမှန်ထမင်း သုံးမျိုးရသည်
ရာသီဥတုဖောက်ပြန်ပြီး တိုင်းပြည်တစ်ခုထဲတွင်ပင် ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့ ဖြစ်ရခြင်း

၁၁။ တစ်သိန်းတန် ကျောက်မျက်တို့ကို ပုန်းရည်၊ ရက်တက်ရည်နှင့် လဲ၍စားကြသည်
ဘုရားဟော တရားတော်ကို ငွေကြေးယူ၍ ဟောပြောကြခြင်း

၁၂။ ရေဗူးများသည် ရေအောက်သို့ မြုပ်ကြသည်
ပညာရှိများ တိမ်မြုပ်နေကြရခြင်း

၁၃။ မြွေကို ဖားက ကိုက်စားသည်
အသက်ကြီးသူများက ငယ်ရွယ်သောမယားကိုယူထားကြခြင်းကြောင့် မယား၏ အနိုင်ကျင့်ခြင်းကို ခံရခြင်း

၁၄။ ကျောက်ဖျာသည် ရေပေါ်တွင် ပေါ်နေသည်
ပညာမဲ့ လူယုတ်မာတို့သာ ထင်ပေါ်ကျော်ကြားကြခြင်း

၁၅။ ကျီးယုတ်ကို ဟင်္သာများက ၀ိုင်းရံခစားနေကြသည်
ပညာမဲ့လူယုတ်မာကို ပညာရှိသူတော်ကောင်းများက ၀ိုင်းဝန်းခစားကြရခြင်း

၁၆။ ကျား၊ ခြင်္သေ့တို့ကို ဆိတ်များက လိုက်လံကိုက်စားကြသည်
လူယုတ်မာများက မင်းနှင့်ပေါင်း၍ သူတော်ကောင်းများကို နှိပ်စက်ကြခြင်း

ကောသလမင်းအိပ်မက် ၁၆ချက်ဆိုတာ မြတ်စွာဘုရားရှင်လက်ထက်တော်က ပသေနဒီကောသလမင်းကြီး မက်တော်မူခဲ့တာပါ။ တစ်ညတည်းမှာ အဲဒီအိပ်မက် ၁၆ခုလုံးမက်တော့ မင်းကြီးကကြောက်ပြီး ပညာရှိအမတ်တွေကိုမေးပါသတဲ့။ အဲဒီမှာ ပညာရှိတွေကလည်း မင်းကြီးအသက်စိုးရိမ်ရတယ်ဆိုပြီး သတ္တ၀ါ စုံတွဲတွေဖမ်းပြီး ယာဇ်ပူဇော်မယ်ပြင်ပါရော။ ဒါပေမယ့် မင်းကြီးက ဘုရားရှင်ကို သွားပြီးမေးတော့မှပဲ အမှန်အတိုင်းသိပြီး သတ္တ၀ါတွေ ဘေးလွတ်ရပါသတဲ့။ ကြောက်စရာပညာရှိတွေပါပဲ...

သံဓိဋ္ဌာန် . . .

“အကယ်၍ ငါသည် . . .

ပညာ
တစ်ရွေးသားမျှသာ တတ်မြောက်သည်ဖြစ်အံ့ . . .

ထိုတစ်ရွေးသားမျှသော ပညာသည် . . .

ငါ့နိုင်ငံ၊ ငါ့လူမျိုးအတွက်သာမက . . .

လူသားအားလုံးအတွက် ဖြစ်အံ့သတည်း”

Friday, 27 August 2010

ဥပေက္ခာ ဘယ်လိုပြုရမယ် . . .

ပညာရေးနယ်ပယ်ထဲကို ကိုယ်ရောက်နေခဲ့တာ ဒီနှစ်ဆိုရင် ခုနစ်နှစ်မြောက်ပါပြီ။
ဆရာမျိုးစုံ၊ ကျောင်းသားမျိုးစုံလည်း တွေ့ခဲ့ဖူးပါတယ်။ ရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းပါ စုံအောင်ဝင်ခဲ့ဖူးတယ်များ ပြောရမလားမသိပါ။

လုပ်သက်ကြာလို့ ၀ါရင့်လာတာနဲ့အမျှ အခြေအနေတွေကို ကိုယ်တွယ်နိုင်တဲ့ စွမ်းရည်လည်း တိုးတက်လာပါပြီ။ နုစဉ်အခါကတော့ အခက်အခဲတစ်ခုခုများကြုံရင် ခေါင်းတွေပူပြီး၊ ပျာယာခတ်နေအောင် အဖြေရှာရပါတယ်။ ဒီဘက်ကာလပိုင်းမှာတော့ ပြဿနာတွေကိုရင်ဆိုင်ရာမှာ သူ့အလိုအလျောက်ဖြေရှင်းပြီး ဖြစ်သွားလေ့ရှိပါတယ်။ ပညာသိထက်၊ အာရုံသိ ပိုအားကောင်းလာတယ်လို့ပဲ ဆိုရတော့မလိုပါ။

ဘယ်လောက်ပဲ ရင့်ကျက်လာတယ်ပြောပြော ကိုယ့်အားနည်းချက်တစ်ခုက အားနည်းတဲ့လူတွေအပေါ်မှာ အနိုင်ကျင့်တာတွေ့ရင် ဘယ်လိုမှစိတ်မထိမ်းနိုင်အောင် စိတ်တိုတတ်တာပါပဲ။ ဒေါသထွက်ရင် ကိုယ်ပဲအသက်တိုမှန်းသိပေမယ့် မထွက်ဘဲနေလို့မရတာ တကယ်ကိုဆိုးပါတယ်။ ဗြဟ္မစိုရ်တရားလေးပါးထဲမှာ ခက်ပါတယ်လို့ပြောကြတဲ့ မုဒိတာတရားကို ပွားနိုင်ပေမယ့် ဥပေက္ခာတရားကို ပွားလို့ကိုမရနိုင်တာ ကိုယ့်အားနည်းချက်ထဲက အဆိုးဆုံးနဲ့ အကြီးမားဆုံးအားနည်းချက်ပါ။

ဥပေက္ခာတရားကို ပွားဖို့ခက်နေရတဲ့ကြားထဲမှာ ကိုယ်ကျင်လည်နေရတဲ့ ပညာရေးလောကဆိုတာကလည်း အမြင်မတော်တာတွေ ဒုနဲ့ဒေးဆိုတော့ ဒေါသမထွက်ရတဲ့ရက် မရှိသလောက်တောင် ရှားနေပါတော့တယ်။ ကိုယ့်စိတ်က ကျောင်းသူကျောင်းသားတွေ အပြစ်လုပ်ရင်၊ အမှားအယွင်းတစ်ခုခုရှိရင် စိတ်ရှည်၊ သည်းခံနိုင်သလောက် လူကြီးတွေ၊ ဆရာတွေ နည်းလမ်းမကျရင် ဘယ်လိုမှကို သည်းခံလို့မရပါ။ ပညာရေးခေါင်းဆောင်တွေဖြစ်တဲ့ ဆရာ၊ဆရာမတွေဘက်က အားနည်းချက်တွေများတွေ့မိရင် အသားတွေပါတုန်အောင် စိတ်တိုတတ်ပါတယ်။

အခုလည်း တစ်သက်နဲ့တစ်ကိုယ် မကြားဖူးတာကြားရတာကြောင့် ဒေါသအတောင့်လိုက်ထွက်ရပြန်ပါတယ်။ စဉ်းစားကြည့်လေ စာသင်တဲ့ဆရာက သူ့အိမ်မှာ ကျူရှင်လာတတ်တဲ့ ကျောင်းသားတွေအတွက် water cooler ၀ယ်ဖို့ဆိုပြီး ကျောင်းသားတွေဆီက ပိုက်ဆံတောင်းပါသတဲ့။ တောင်းတာမှ နှစ်ခါတောင်တောင်းတယ်ဆိုပဲ။ ပြီးတော့ ၀ယ်လဲမ၀ယ်ပါဘူးတဲ့။ ၀ယ်ဖြစ်တယ်ထားပါဦး ကိုယ့်အိမ်အတွက်ပစ္စည်းကိုတော့ ကိုယ့်ငွေနဲ့ကိုယ် ၀ယ်သင့်ပါတယ်။ အခုလိုမျိုး ခေါင်းစဉ်လှလှလေးတပ်ပြီး ကျောင်းသားတွေပေါ်က လူလည်ကျတာတော့ စိတ်ဓာတ်ယုတ်ညံ့လွန်းပါတယ်။ ပြန်ပြောခွင့် မရှိတဲ့ကျောင်းသားတွေဆီက ညစ်ညာပြီးတောင်းတာကတော့ အောက်တန်းကျလွန်းတာကို တွေးမိတိုင်း ဒေါသတွေအတောင့်လိုက် ထွက်ရပါတော့တယ်။ ပြီးတော့ သူ့ဆီမှာစာသင်တဲ့ကျောင်းသားတွေဟာ လကုန်ရင် မီတာခလည်း ပေးကြရပါသတဲ့။ ကျောင်းသားတွေဆီက ငွေကို တကယ့်သပိတ်ဝင်၊ အိတ်ဝင်ကြံချက်ကတော့ ပက်စက်လွန်းလိုက်တာ။

အထက်ကပြောခဲ့တာကို အံ့သြတယ်ဆိုရင် ဒါအကင်းပဲရှိသေးတယ်လို့များ ပြောရပါလိမ့်မယ်။
ကျုရှင်တစ်ခုမှာ ကျောင်းသားတွေသင်တန်းကြေးသွင်းတာ နောက်ကျရင် လမ်းမထွက်ပြီး ထိုင်ထလုပ်ခိုင်းပါသတဲ့။ ရက်တော်တော်လေးလွန်အောင် လစာမသွင်းနိုင်သေးရင်တော့ အဲဒီကျောင်းသားကို ဓာတ်ပုံရိုက်ပြီး မိဘနံမည်နဲ့တကွ သင်တန်းကြေးမသွင်းသေးတဲ့အကြောင်းကို လူမြင်ကွင်းမှာ ကပ်ထားပါသတဲ့ဗျား။ ဘယ်လောက်များ ချစ်ဖို့ကောင်းလိုက်တဲ့ ပညာဈေးသည်များပါလိမ့်။ တွေးရင်းတွေးရင်း ကျည်ပွေ့နဲ့ ကန်တော့ချင်စိတ်ပါ တဖွားဖွားပေါ်လာအောင် ကြည်ညိုမိပါရဲ့။
အဲဒီချစ်စရာကောင်းလှပါသော ကျူရှင်ဆရာက သူ့ကျောင်းသားတွေထဲက ပြောလို့၊ဆိုလို့မရတဲ့ ကျောင်းသားဆိုရင် ဓာတ်ပုံရိုက်ပြီး ရုပ်ဖျက်၊ အောက်မှာစာတန်းထိုးပြီး ကပ်လေ့ရှိပါသတဲ့။ ကျောင်းသားဖြစ်သူရှက်ပြီး နောက်မလုပ်ရဲအောင်ပါတဲ့။ ကောင်းလိုက်တဲ့ ဆုံးမနည်း။ ကျောင်းသားဖြစ်သူရဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာကို တစ်စက်ကလေးမှ ထည့်မစဉ်းစားတာ ဘယ်လိုမှစဉ်းစားလို့မရပါ။ ကျောင်းသားကို လူစာရင်းမှ သွင်းရဲ့လားလို့ပဲ မေးရတော့မလိုပါပဲ။

လေးစားစရာကောင်းလှတဲ့ အဲဒီဆရာရဲ့ ကောင်းသတင်းလေးတွေက မကုန်သေးပါ။ မြို့မှာ စတိတ်ရှိုးတွေ၊ ဇာတ်ပွဲတွေရုံသွင်းရင် ကျောင်းသားတွေအတွက် လက်မှတ်တုတွေလုပ်ပေးပါသတဲ့။ ဘယ်လောက်များ ကိုယ်ချင်းစာတရား ခေါင်းပါးလိုက်တဲ့လူပါလိမ့်။ လက်မှတ်တစ်စောင်ကို လေး၊ ငါးထောင်ဆိုရင် အစောင်၂၀ဆိုရင်ပဲ ကန်ထရိုက်ခမျာ ငွေတစ်သိန်းနီးပါးလောက် နာရှာပါရော။ ကိုယ်ဆရာကြီးလုပ်ချင်တာနဲ့ သူများစီးပွားရေးပျက်စီးရတာကို နည်းနည်းလေးမှတောင် စဉ်းစားမိရဲ့လားမသိပါ။

တကယ်ဆိုရင် ဒီကိစ္စဟာ ဘာပဲပြောပြော ခိုးမှုပါပဲ။
ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားတွေကို လိမ္မာရေးခြားရှိအောင် ဆုံးမရမယ့်အစား ခိုးမှုကျူးလွန်အောင်တောင် ဦးဆောင်ဦးရွက်ပြုနေတာ ဘာကြောင့်များ မရှက်သလဲဆိုတာ စဉ်းစားလို့တောင်မရပါ။ ကျောင်းသားဆိုတာမျိုးကတော့ ကိုယ့်ဆရာလုပ်ရင် ဘာမဆို အထင်ကြီးပြီးသားမို့ ဆရာလုပ်တာကို အဟုတ်ကြီးထင်သွားရင် ကလေးတွေနောင်ရေး ရင်လေးစရာကြီးပါ။ သင့်ရာအပ်ပို့ ဆရာတို့ဆိုတဲ့စကားက ကျောင်းသားတွေကို ငရဲပို့ရမယ်လို့များ တွေးမိတဲ့ဆရာထင်ပါရဲ့လေ။ ကိုယ့်မှာတော့ ကြားထဲကနေရှက်လို့မဆုံးတော့ပါ။ စိတ်လည်း မတိုချင်တော့ပါ။ ဆရာရော ကျောင်းသားတွေအတွက်ပါ စိတ်မကောင်းဖြစ်မိတာက ပိုသွားပါတော့တယ်။

တစ်ရက်တစ်ရက်လည်း မမြင်သင့်တာတွေ၊ မကြားသင့်တာတွေ မကြာမကြာကြားနေရတာများပေမယ့် ဘယ်လိုမှလည်း အရေမထူနိုင်ပါ။ တိုင်းပြည်ရဲ့ ပညာရေးကိုတိုးတက်မြင့်မားအောင်လုပ်ဖို့ အားလုံးမှာတာဝန်ရှိကြတာမို့ ကျောင်းဆရာပဲဖြစ်ဖြစ်၊ ကျူရှင်ဆရာပဲဖြစ်ဖြစ် နည်းလမ်းမကျတာတွေမြင်နေသမျှ ဒေါသထွက်၊ စိတ်တိုဖြစ်နေဦးမှာပါပဲ။

စိတ်တို၊ ဒေါသထွက်နေတဲ့ကြားကပဲ ဆရာဆိုတာ ဘယ်လိုဆိုတာကိုပြဖို့ နေ့စဉ်နေ့တိုင်း ကြိုးစားနေဖြစ်ပါတယ်။ အားလုံးကအထင်သေးကြတဲ့ ပညာရေးလောကသားတွေရဲ့ ဂုဏ်သိက္ခာအတွက် အစွမ်းရှိသရွေ့ အားထုတ်နေဦးမှာပါ။ နှမ်းတစ်လုံးထဲနဲ့ ဆီမဖြစ်ချင်နေပါစေ။ တာဝန်ကျေဖို့ အရေးကြီးတာမို့ အများကြီးမလုပ်နိုင်သေးရင်တောင် ကိုယ့်ကျောင်းသူကျောင်းသားတွေအတွက်တော့ အကောင်းဆုံးသော စံပြပုဂ္ဂိုလ်ဖြစ်စေရမယ်လေ။

ကိုယ်က ကျောင်းသားတွေရဲ့ လမ်းပြကြယ် မဟုတ်လား...

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger