Saturday, 19 March 2011

ဈေးဝယ်ထွက်ခြင်း . . .

ဒီလကုန်မှာ ပုဂံနဲ့ နေပြည်တော်ကို ခရီးထွက်တဲ့အခါသုံးဖို့ 
ကင်မရာကောင်းကောင်း ၀ယ်ချင်တာကြောင့် နေ့လည်က မဲ့ဆောက်ကို ဈေးဝယ်ထွက်ဖြစ်ပါတယ်။ မဲ့ဆောက်ကို နှစ်ခေါက်ပဲရောက်ဖူးတာကြောင့် ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာလည်း တိတိကျကျမသိပါ။ ဘာပဲဖြစ်ဖြစ် ပါးစပ်ပါရွာရောက်တာမို့ အိမ်ရှင်မနဲ့ တပည့်ကျော်တစ်ယောက်ခေါ်ပြီး သွားလိုက်ပါတယ်။

မဲ့ဆောက်ဈေးတန်းပါ...

မဲ့ဆောက်ဈေးကိုရောက်တော့ ကင်မရာတွေ ဘယ်ဆိုင်မှာရှိလို့ရှိမှန်း မသိတာကြောင့် ဟိုဆိုင်ဝင်၊ ဒီဆိုင်ထွက်နဲ့ နှစ်နာရီကျော်ကျော်လောက် တလည်လည်ဖြစ်နေပါတော့တယ်။ နံမည်ကြားဖူးထားတဲ့ ဟုံလုံဆိုင်(ကားသမား ယိုးဒယားကတော့ “ဟုံလုံး”လို့ အသံထွက်ပါတယ်) သွားကြည့်ပြန်တော့လည်း ကင်မရာလေးငါးလုံးလောက်ပဲ တွေ့ပါတယ်။ လိုချင်တဲ့ အမျိုးအစား မဟုတ်တာကြောင့် နေပူကြဲကြဲမှာ သုံးယောက်သား ခြေတိုအောင် ဆက်သွားကြရပါတော့တယ်။ ဆိုနီပစ္စည်းတွေရောင်းတဲ့ ဆိုင်ကိုဝင်ကြည့်မိပြန်တော့ ကင်မရာတစ်လုံးကို ဘတ်၁၅၀၀၀ကျော်ကျော်(မြန်မာငွေ ၄သိန်းခွဲကျော်ကျော်) ဖြစ်နေတာကြောင့် ဟန်ကိုယ့်ဖို့လုပ်ရင်း ခပ်တည်တည်ပြန်ထွက်ခဲ့ရပါတယ်။ သဘောကောင်းလှတဲ့ ယိုးဒယားဆိုင်ရှင်တွေပါ။ မွှေချင်သလောက်မွှေပြီး အကြိုက်မတွေ့လို့ မ၀ယ်ရင်လည်း ပြုံးပြုံးရွှင်ရွှင်ပါ။ အင်း...ကိုယ်တို့ဆီမှာဆိုရင် ဈေးမေးပြီး မ၀ယ်ရင် အဆဲမခံရတောင် အနည်းဆုံးပါးစပ်က ပွစိပွစိလုပ်ပြီး မျက်စောင်းထိုးခံရမှာလောက်တော့ သေချာပါရဲ့။

တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် တလည်လည်သွားကြည့်ရင်း လိုချင်တဲ့ ပစ္စည်းတွေတွေ့ပေမယ့် ကင်မရာဝယ်ဖို့ ရည်ရွယ်ချက် အကောင်အထည်မပေါ်မချင်း ကျန်တာမ၀ယ်ရဲသေးတာကြောင့် ခပ်တည်တည်ပဲ
Window shopping လုပ်ရပါတော့တယ်။ လိုချင်လျက်နဲ့ ငွေကိုချင့်ချိန်ရင်း မ၀ယ်ရတဲ့ဝဋ်က တော်တော်ကြီးလှပါတယ်။ ကိုယ်က ဈေးဝယ်ထွက်ရင် လိုတာထက်တော်တော်များများ ပိုထည့်သွားတဲ့ အကျင့်ရှိပေမယ့် ခရီးသွားဖို့စရိတ်နည်းသွားမှာစိုးတဲ့ အိမ်ရှင်မက လိုတာထက်နည်းနည်းပဲ ပိုထည့်ခဲ့တာကြောင့် လိုချင်တာလေးတွေတွေ့ရင် ငေးရုံပဲ ငေးခဲ့နိုင်ပြီး
မြင်သာမြင်ရ မကြင်ရမောင့်မှာဘ၀နဲ့ ယောင်ချာချာလည်ရပါတော့တယ်။

Mini mart တစ်ခုမှာ ထုံးစံအတိုင်း တောင်ငေးမြောက်ငေးလုပ်ရင်း စာရေးမတစ်ယောက်ကို ကင်မရာတွေ ရောင်းတဲ့ဆိုင် လမ်းညွှန်ခိုင်းမိတော့ သဘောကောင်းလှတဲ့ စာရေးမက ဆိုင်ပြင်ထွက်ပြီး လက်ညိုးတွေထိုးရင်း သုံးလေးဆိုင်လောက်ကို အားရပါးရ လမ်းညွှန်ပါတော့တယ်။ သူပြောတဲ့ ဆိုင်တွေထဲကမှ အနီးဆုံးနဲ့ အကြီးဆုံးဖြစ်မယ်ထင်တဲ့ ဆိုင်ကို ကိုယ့်ဖာသာ အာရုံသိနဲ့ ဆုံးဖြတ်ပြီး သုံးယောက်သား သွားကြပါတယ်။ 

အတော်အသင့်ကြီးတဲ့ electronic store တစ်ခုတွေ့တော့မှ ၀မ်းသာအားရနဲ့ ဆိုင်ထဲဝင်ကြည့်ရပါတယ်။ ကင်မရာ အမျိုးအစားပေါင်းများစွာ ခင်းကျင်းထားတာဖြစ်လို့ စိတ်တိုင်းကျကြည့်ခွင့်ရပါတယ်။ ဒါပေမယ့် လိုချင်တာနဲ့ ကိုယ်မှန်းထားသလောက်နဲ့ သဟဇာတဖြစ်အောင် စဉ်းစားရတာလည်း တဒုက္ခဖြစ်ရပါသေးရဲ့။ ကင်မရာတစ်လုံးကြည့်လိုက် ကြိုက်လို့ဈေးကြည့်လိုက်ရင် ဘတ်၁၂၀၀၀ကျော်တွေဖြစ်နေလိုက်နဲ့ ခေါင်းမူးအောင် ရှာပြီးမှ ကိုယ်အဆင်ပြေမယ့် ကင်မရာတွေ့ပါတော့တယ်။ Mega pixels 14 ပါတဲ့ Lumix နဲ့ Sony Cyber Shot နှစ်လုံးကို ယှဉ်ကြည့်ပြီး ပိုကောင်းမယ်ထင်တဲ့ Lumix ကိုပဲ မျက်စိစုံမှိတ်ရွေးဖြစ်ပါတယ်။ ဘတ် ၇၀၀၀(မြန်မာငွေ ၂သိန်းကျော်ကျော်)ဆိုတော့ ကိုယ်သုံးဖို့ စိတ်ကူးထားတဲ့ ပမာဏဖြစ်နေတာမို့ နည်းနည်းစိတ်အေးရပါတယ်။ ဒါပေမယ့် ပါလာတဲ့ ဘတ်ငွေက မလောက်တာကြောင့် တပည့်ကျော်ကို အပြင်ပြန်လွှတ်ပြီး ဘတ်ငွေ အလဲခိုင်းရပြန်ပါသေးတယ်။ တပည့်ကျော်ကို စောင့်ရင်းနဲ့ ဆိုင်ထဲလျှောက်ကြည့်ကြရင်း Bravia LCD flat TV ကြီးတွေကို သွားရည်ကျခဲ့ပါသေးတယ်။ ဒါပေမယ့် တစ်လုံးကို ဘတ်၂သောင်းကျော် ၃သောင်းကျော်ဆိုတော့ မလိုအပ်ဘဲ ငွေအများကြီး အကုန်မခံတဲ့ ကိုယ့်မူကြောင့် စိတ်နောက်ကို ကိုယ်မပါဖြစ်တော့ပါ။ အသင့်တွေ့တဲ့ DVD ခွေလွတ် ၁၀ခွေပါ တစ်ဗူး (ဘတ်၁၈၀) ပဲ ထပ်ဝယ်ဖြစ်ပါတယ်။
ဝယ်ပြီဆိုတာနဲ့ ကုမ္ပဏီအရောင်းစာရေးက နံမည်နဲ့ ဖုန်းနံပါတ်ကို အာမခံစာရွက်မှာ ဖြည့်ဖို့ပြောလို့ ဖြည့်ပေးရပါတယ်။ ကိုယ်ကလည်း ယိုးဒယားစာ မဖတ်တတ်တာကြောင့် သူပြတဲ့နေရာတွေမှာ သူခိုင်းတာတွေ ရေးပေးလိုက်တာပါ။ ကောင်တာမှာ ငွေရှင်းတော့ ဖြတ်ပိုင်း(ဘာတွေရေးထားတယ်မသိပါ)မှာ လက်မှတ်ထိုးရပါတယ်။ ဖြတ်ပိုင်းလက်ခံကို သူတို့ယူထားပြီး မူရင်းကို ကိုယ့်ပြန်ပေးပါတယ်။ ကင်မရာအတွက် လက်မှတ်ထိုးရတာ မထူးဆန်းပေမယ့် ဈေးပေါပေါ DVD ခွေလွတ် တစ်ဗူးအတွက်ပါ လက်မှတ်ထိုးရတော့ စေ့စပ်သေချာလှတဲ့ သူတို့လုပ်ပုံကိုင်ပုံကို ထူးထွေတည့်အံ့ရာသော် ဖြစ်ရပါတော့တယ်။

 
ပဲပင်ပေါက်လိုရေးထားတယ်...
 
Lumix ဆိုလား...
 အစမ်းရိုက်...
ကင်မရာဝယ်ပြီးပြန်တော့ စီမံကိန်းအတိုင်း Neck Tie ၀ယ်ဖို့ ရှာရပြန်ပါတယ်။ တောမြို့ကလေးဖြစ်တဲ့ မဲ့ဆောက်မှာ Neck Tie အသုံးနည်းလို့ ဖြစ်ပါလိမ့်မယ် နာရီဝက်ကျော်ကြာအောင် လှည့်ပတ်ရှာပေမယ့် Neck Tie နဲ့တူတဲ့ ကြောင်လျှာသီးတောင် ရှာမတွေ့ပါ။ ဈေးသည်တစ်ယောက် အကြံပေးတဲ့အတိုင်း နံမည်ပဲကြားဖူးထားတဲ့ Land Fair ကုန်တိုက်ကို သွားရပါတယ်။ မရောက်ဖူးတဲ့ နေရာဖြစ်တာကြောင့် ထုံးစံအတိုင်း ဆိုက်ကားငှားစီးရတော့ ဈေးကနေ အဲဒီကုန်တိုက်အထိ တစ်ယောက်ကို ဘတ်၂၀ပေးရပါတယ်။ ဆိုက်ကားသမားက ထုံးစံအတိုင်း တည့်တည့်သွားရင်ရောက်တဲ့ခရီးကို တစ်လမ်းကျော်ကနေ ပတ်သွားပါတော့တယ်။ အပြောကတော့ ၀င်လို့မရလို့ပါတဲ့။ ဘာပဲဖြစ်ဖြစ် လိုက်ပို့တာပဲ ကျေးဇူးတင်ရပါသေးတယ်။

တစ်ဦးတည်းသောသားပါမချန်ရိုက်ကြည့်တယ်
အားမရလို့ ထပ်ရိုက်တယ်...
ဆိုင်ရောက်လို့ Neck Tie တွေ တွေ့တာနဲ့ ၀မ်းသာအားရ ရွေးနေမိတာ ဈေးပြန်ကြည့်မိမှပဲ ခေါင်းကြီးရပါတော့တယ်။ Arrow တံဆိပ် Tie တစ်ချောင်းကို ဘတ်၁၀၀၀ဆိုတော့ မြန်မာငွေ ၃၀၀၀၀ကျနေပါပြီ။ ဒီလောက်သေးသေးလေးကို ဈေးကြီးကြီးပေးပြီး မ၀ယ်ချင်သေးတာကြောင့် နောက်ကောင်တာတစ်ခုကို ပြောင်းရှာတော့မှ Roman တံဆိပ်တွေ့ပါတယ်။ ဒါတောင် တစ်ချောင်းကို ဘတ်၇၂၀ပါတဲ့။ ဒါမှ မ၀ယ်ရင်လည်း ပြန်ရုံပဲ ရှိတော့တာမို့ ရွေးစရာ နည်းနည်းထဲက စိတ်ကြိုက်ရွေးယူခဲ့ရပါတယ်။ ဒါပေမယ့် ရန်ကုန်မှာတုန်းကလို Tie တစ်ချောင်း ၄၀၀၀၀ကျော်လောက် မများသေးတာပဲ ၀မ်းသာရပါသေးတယ်။ တကယ့် High Boss ဆိုရင်တော့ Tie တစ်ချောင်းကို ငါးသောင်းလည်း ပတ်ချင်ပတ်နိုင်သလို Coat တစ်ထည်ကို နှစ်သိန်းလည်း ၀တ်ချင်ဝတ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကို မတုနိုင်သေးတာမို့ ကိုယ်ဝယ်လာတာလေးကိုပဲ ကိုယ်ကျေနပ်ရင်း အိမ်ပြန်အရောက်မှာ Neck Tie လေး အစမ်းတပ်လိုက် Camera လေးနဲ့ တခြောက်ခြောက် စမ်းရိုက်လိုက်နဲ့ သဘောတွေ့ မနောခွေ့နေမိပါကြောင်း။     ။

Thursday, 17 March 2011

လွမ်းတော်မူလည်း ရှေ့သို့ချီ . . .

ဒီနေ့ နေ့လည် ၁၂နာရီမှာ စာမေးပွဲတွေ ဖြေလို့ပြီးသွားပါပြီ...

http://www.trouplibrary.org/Farewell.jpg

နှစ်ရက်လုံးလုံး မစဲနိုင်အောင် တဖွဲဖွဲရွာနေတဲ့ မိုးရေထဲမှာ ကလေးတွေ စာမေးပွဲခန်းက ထွက်လာတာကို သွားကြိုရပါတယ်။ ဖောက်ပြန်လွန်းတဲ့ ရာသီကြောင့် နွေခေါင်ခေါင် မတ်လလယ်မှာ မိုးရာသီလို မိုးတစိမ့်စိမ့်ရွာပြီး ဆောင်းရာသီလို ခိုက်ခိုက်တုန်အောင် အေးလို့နေပါတော့တယ်။ ဒါပေမယ့် ကျောင်းသားတွေခမျာ စာမေးပွဲခန်းမှာ အနွေးထည်မ၀တ်စေချင်တဲ့ ဆရာတစ်ချို့ကြောင့်(အနွေးထည်ဆိုတော့ စာခိုးချမယ့် စာရွက်စာတမ်းတွေ ၀ှက်လို့ကောင်းတယ်လို့ ယူဆလို့ပဲ ဖြစ်မှာပါ) စာမေးပွဲခန်းက ထွက်လာကြတော့ မိုးရေတွေထဲမှာ ချမ်းရှာလွန်းလို့ လက်ကလေးတွေ ပိုက်ပြီးထွက်လာကြပါတယ်။

အားလပ်ရက်နှစ်ရက်ပေးထားတာဖြစ်တာမို့ ကိုယ့်ကျောင်းသားတွေအားလုံး အကောင်းဆုံးဖြေခဲ့ကြပြီး ပြုံးပြုံးရွှင်ရွှင်ပဲ ထွက်လာကြပါတယ်။ ဒီနှစ်စာမေးပွဲမှာ ဘာသာရပ်တိုင်းလိုလို ချောချောမောမော ဖြေနိုင်ခဲ့ကြတာမို့ ဆရာရော၊ ကျောင်းသားတွေအတွက်ပါ မင်္ဂလာရှိသော စာသင်နှစ်တစ်ခုကို အောင်အောင်မြင်မြင် ကုန်ဆုံးစေခဲ့ကြပါပြီ။ ဆရာတစ်ယောက်ရဲ့ သင်ကြားရေးတာဝန်ကို အကောင်းဆုံး ကျေပွန်နိုင်ခဲ့လို့ ရင်ထဲမှာလည်း ကျေနပ်ပါတယ်။ ပီတိတွေလည်း ဖြစ်မိပါသေးရဲ့။

စာမေးပွဲခန်းကနေ ထွက်လာကြတဲ့ ကျောင်းသားတွေကို လူစုအမြန်ခွဲပေးပြီး သူတို့အိမ်အသီးသီးကို ပြန်ရောက်မှ ကိုယ်လည်း သက်မချနိုင်ပါတော့တယ်။ ကလေးဆိုတဲ့ အမျိုးက စာမေးပွဲပြီးရင် လွတ်လပ်ရေး အပြည့်ယူပြီး လူစုလူဝေးနဲ့ လည်ကြပတ်ကြဖို့ တာစူထားကြသူတွေချည်းပါ။ ကလေးတွေကို ပျော်စေချင်ပေမယ့် ကျောင်းသူကျောင်းသားအားလုံး ဆိုင်ကယ်ကိုယ်စီ တစ်ဝီ၀ီမောင်းပြီး တစ်ရုံးရုံးနဲ့ ပျော်ကြပါးကြ အော်ကြဟစ်ကြတဲ့ ဒီနေ့မှာတော့ အန္တရာယ်များလွန်းတာမို့ ကိုယ့်ကျောင်းသူ၊ ကျောင်းသားတွေကို မလည်မပတ်စေချင်ပါ။ ရေကြမ်း၊ မြေကြမ်း၊ ဒေသကြမ်းမှာ ကလေးတွေ မတော်တဆ တစ်ခုခုဖြစ်သွားကြရင် ကိုယ်ပျိုးထားခဲ့တဲ့ အပင်လေးတွေ အပွင့်မှမစုံခင် ကြွေမှာစိုးမိပါတယ်။ ဒါကြောင့် လည်ဖို့ပတ်ဖို့ ကြံနေကြတဲ့ ကလေးအုပ်ကို ဆူတန်ဆူ၊ ခြောက်တန်ခြောက်လို့ မလည်ဖို့မပတ်ဖို့ နားချရပါတယ်။ နောက်ရက်ရောက်မှ ဆရာကိုယ်တိုင် လူစုပြီး လည်ဖို့ပတ်ဖို့ စီစဉ်ပေးမယ်လို့လည်း ကတိအတန်တန်ပေးရပါသေးရဲ့။ ကလေးတွေကို စိတ်ချရမှ မိုးရေတွေထဲမှာပဲ အိမ်ပြန်ခဲ့ရပါတော့တယ်။

နေ့လည် ၁နာရီလောက်ကစပြီး အိမ်ပြန်ရောက်ပြီး နားနေပေမယ့် စိတ်ထဲမှာ ဟာတာတာဖြစ်လို့နေပါရဲ့။ တစ်နှစ်တာလုံး ပုံမှန်လည်ပတ်နေတဲ့ အချိန်ဇယားတစ်ခု ရပ်သွားတာကြောင့် တစ်ခုခုလိုနေသလို ခံစားရပါတယ်။ တစ်ရွေ့ရွေ့လေးသွားနေတဲ့ နာရီလက်တံကလည်း အင်မတန်မှ နှေးကွေးလေးလံနေသလိုလိုပါ။ ရုပ်ရှင်ထိုင်ကြည့်လိုက်၊ စာဖတ်လိုက်၊ ဂိမ်းကစားလိုက်နဲ့ ပျင်းရိငြီးငွေ့နေပါတော့တယ်။ ကိုယ်ကလည်း စာမသင်ရရင် မပျော်တဲ့လူစားဖြစ်နေတာကြောင့် စာမသင်ရဘဲ နားရတဲ့ ပထမဆုံးရက်မှာတင် နားနေရတာကို ငြီးငွေ့လာပါပြီ။ အချိန်ဖြုန်းစရာ ပစ္စည်းတွေ တစ်ပုံတစ်ပင်ကြီး ရှိနေပေမယ့် စာသင်ရင်း အချိန်ကုန်ရတာကိုပဲ မက်မက်စက်စက် ရှိလှပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်နှစ်မှာ ရောက်လာကြမယ့် ကျောင်းသားသစ်တွေအတွက် အကောင်းဆုံး ၀န်ဆောင်မှုတွေပေးနိုင်အောင် အားဖြည့်ရင်း၊ ပညာရေးဝမ်းစာတွေ ဖြည့်တင်းဖို့အတွက် နားနေချိန်ဆိုတာ လိုအပ်မှန်း သိနေတာမို့ စိတ်မပါသော်လည်း ပေတေပြီး တစ်လနီးပါးတော့ နားရပါလိမ့်မယ်။
 
မနက်ဖြန်မနက် ၉နာရီလောက်ဆိုရင် ကလေးတစ်အုပ်ကို အလည်အပတ်လိုက်ပို့ရပါဦးမယ်။ မျောက်လောင်းတစ်အုပ်ကို ထိန်းရဥိးတော့မှာပါ။ ဒီတစ်ရက်ပြီးရင်တော့ ဒီကျောင်းသားတွေနဲ့ ဦးဟန်ကြည် ဆုံဖြစ်ဖို့ အခွင့်အရေး နည်းသွားပါပြီ။ အောင်စာရင်းထွက်မှပဲ ပြန်ဆုံဖြစ်ကြတော့မှာပါ။ တက္ကသိုလ်ဝင်ခွင့်တွေ လျှောက်ကြရတဲ့ လပိုင်းရောက်မှ တစ်စုတစ်ဝေးထဲ ပြန်မြင်ရမှာပါ။ ကလေးအသီးသီး ကိုယ့်ဘ၀အတွက် ဆက်ပြီးလျှောက်လှမ်းကြရင်း ဦးဟန်ကြည်နဲ့ တစ်နှစ်ပြီးတစ်နှစ် အနေဝေးသထက် ဝေးသွားကြဦးမှာပါ။ တပည့်တွေဆိုတာ ဆရာဖြစ်သူကို အကြောင်းတိုက်ဆိုင်လွန်းပါမှ သတိရကြမှာ ဖြစ်ပေမယ့် ဆရာဆိုတာ တပည့်တွေကို အမြဲသတိရနေတတ်တဲ့ လူစားတွေမို့ တစ်နှစ်တာ ကြုံခဲ့ရတဲ့ တပည့်ကောင်းတွေရော၊ တပည့်ဆိုးတွေပါ ဦးဟန်ကြည် ရင်ထဲမှာ ထာဝရရှိနေမှာတော့ မလွဲပါ။

တကယ်တော့ ဆရာဆိုတာ ထာဝရကျောင်းသားကြီး ဖြစ်ပေတာမို့ တပည့်ဟောင်းတွေကို သတိရစိတ်ကလေး အသာဘေးဖယ်လို့ နောင်လာလတ္တံ့သော မမြင်ရသေးတဲ့ တပည့်သစ်များစွာအတွက် အားသစ်တွေမွေးရပြန်ပါဦးမယ်။ ဒါကြောင့် ယူထားတဲ့ အားလပ်ရက်မှာ သင်ရိုးညွှန်းတန်းတွေ၊ သင်ကြားရေးအစီအစဉ်သစ်တွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ စာအုပ်စာတမ်းတွေကို မနားမနေပြုစုဖို့ စီမံကိန်းတွေဆွဲရင်း ပညာရေးပင်လယ်ကြီးထဲမှာ ကျေကျေနပ်နပ် ကြည်ကြည်နူးနူးကြီးပျော်ဝင်လို့ ၂၀၁၀/၁၁ ပညာသင်နှစ်ကို ပြည်ဖုံးကား ချလိုက်ရပြန်ပါပြီ။

http://davidfooks.com/wp-content/uploads/2010/03/farewell_01.jpg

၂၀၁၀/၁၁ ပညာသင်နှစ်ရဲ့ ချစ်စွာသော တပည့်ဟောင်းအားလုံး သင်ယူတတ်မြောက်သွားကြတဲ့ ပညာတွေ၊ ပြုစုပျိုးထောင်ပေးလိုက်တဲ့ စိတ်ဓာတ်ကောင်းတွေ၊ မျိုးစေ့ချပေးလိုက်တဲ့ လောကပါလတရားတွေနဲ့ ဘာသာရေး လူမှုရေး အသိအမြင်တွေကို အကောင်းဆုံး အသုံးချနိုင်၊ အသုံးချခွင့်ရပြီး ကိုယ့်တိုင်းပြည်နဲ့ ကိုယ်လူမျိုးကို နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် အားသစ်လောင်းပေးနိုင်တဲ့ သားကောင်းရတနာတွေ ဖြစ်ကြပါစေကြောင်း ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးရင်း...။     ။ 

Tuesday, 15 March 2011

တောင်းသောဆုနဲ့ ပြည့်ရစေ . . .

၁၇ ရက်နေ့ဆိုရင် တက္ကသိုလ်ဝင်တန်းတွေ စာမေးပွဲဖြေလို့ပြီးပါပြီ။
ဘ၀တစ်ဆစ်ချိုးအတွက် အင်မတန်မှ အရေးကြီးလှတဲ့ ဒီစာမေးပွဲကြီးကို စိတ်ရောကိုယ်ပါ ပင်ပန်းကြီးစွာ ဖြေခဲ့ကြရတဲ့ ကျောင်းသူကျောင်းသားလေးတွေခမျာ စာမေးပွဲပြီးတဲ့အခါမှာ အားရပါးရ နားချင်ကြရှာပါလိမ့်မယ်။

ဒါပေမယ့် အစွန်းရောက်တဲ့ အတ္တတွေ၊ လောဘတွေ ပြည့်နှက်နေကြတဲ့ လူတစ်စုရဲ့ ခြိမ်းခြောက်သံတွေက လွန်ခဲ့တဲ့လလောက်ကတည်းက မြို့ထဲမှာ နားမဆံ့အောင် ကြားနေခဲ့ကြရတာမို့ တထိတ်ထိတ်တလန့်လန့် ဖြစ်နေကြတဲ့ မြို့သူမြို့သားတွေကြားမှာ သနားစရာ ကျောင်းသားလေးတွေလည်း ပါကြမှာပါ။ စိတ်ပိုင်းဆိုင်ရာ အားငယ်စိတ်၊ ကြောက်စိတ်တွေကြောင့် စာမေးပွဲပြီးတဲ့ကာလမှာ အပြစ်မဲ့ရှာတဲ့၊ လောကအကြောင်း ဘာမှမသိရှာကြသေးတဲ့ ပီဘိကလေးငယ်လေးတွေခမျာ ကြားထဲက မြေစာပင်ဘ၀နဲ့ ဘယ်လောက်များ သနားဖို့ကောင်းလိုက်မလဲ ကိုယ်ချင်းစာကြည့်စေချင်ပါတယ်။

တကယ်ဆိုရင် လူ့ဘ၀သက်တန်းလေးဟာ တိုတိုလေးပါ။ ကျန်းမာရေးပြည့်စုံကောင်းမွန်တဲ့ သာမန်ယောက်ျားတစ်ယောက်ရဲ့ အသက်တန်းဟာ ၆၀ပဲရှိပြီး မိန်းမတစ်ယောက်ရဲ့ အသက်တန်းကလည်း ၆၅နှစ်ပဲ ကျန်ပါတော့တယ်။ ဒီကြားထဲမှာ ဖောက်ပြန်လာတဲ့ ရာသီဥတုဒဏ်၊ ဒီဘက်ကာလမှာ မကြာမကြာကြုံလာရတဲ့ ကြောက်စရာကောင်းလှတဲ့ သဘာဝဘေးဆိုးကြီးတွေဒဏ်ကြောင့် လူသားတွေရဲ့ အသက်ဟာ ကိုင်းဖျားမှာနားနေရတဲ့ ငှက်ကလေးတစ်ကောင်နဲ့ပဲ တူနေပါတော့တယ်။ ရှည်လျားလှတဲ့ သံသရာစက်ဝိုင်းအတွင်းမှာ မမောနိုင်၊ မပမ်းနိုင် တ၀ဲလည်လည် ခရီးသွားနေကြရင်း ဘ၀ဆိုတဲ့ ကိုင်းဖျားမှာ အမောပြေရုံ ခဏတာနားကြရရှာတာပါ။

မတည်ငြိမ်၊ မခိုင်မြဲတဲ့ ဘ၀သစ်ကိုင်းပေါ်မှာ ဟန်ချက်ညီအောင် ကြိုးစားပမ်းစားရပ်တည်နေကြရှာတဲ့ကြားမှာ သဘာဝဘေးဆိုးကြီးတွေဆိုတဲ့ လေပြင်းတွေ တိုက်ပြန်ရင်လည်း ဘ၀သစ်ကိုင်းကနေ အချိန်မတန်ခင် ခွာကြရပြန်ပါတယ်။ ကိုယ်မစီမံပိုင်တဲ့ သဘာဝရဲ့ ရက်စက်မှုဖြစ်တာမို့ ကိုင်းကခွာခဲ့ကြရတဲ့ သူတွေကို သနားပေမယ့် ဖြေမယ်ဆိုရင် ဖြေလို့ရကောင်း ရပါလိမ့်မယ်။
မမျှော်လင့်တဲ့နေရာကနေ၊ မထင်မှတ်တဲ့အချိန်မှာ ကျလာမယ့် သဘာဝဘေးဆိုးကြီးတွေဒဏ်ကို ကြောက်ကြောက်နဲ့ အံတုရင်ဆိုင်ဖို့ ဟန်ပြန်နေရတဲ့ လူသားတွေခမျာ တစ်ကိုင်းတည်းနားနေတဲ့ သံသရာခရီးသည်ချင်း အတ္တတွေ၊ လောဘတွေဖုံးလွှမ်းနေသူတစ်ချို့ရဲ့ လုပ်ရပ်ကြောင့် ဘ၀သစ်ကိုင်းကနေ မခွာသင့်ဘဲ ခွာကြရတာမြင်ရ၊ ကြားရရင် မဖြေနိုင်အောင်ပဲ ကြေကွဲဝမ်းနည်းမိရပါတယ်။

တကယ်ဆိုရင် ယိုယွင်းလာတဲ့ ကမ္ဘာကြီးရဲ့ ကျန်းမာရေးအတွက် အားလုံးညီညီညာညာ ၀ိုင်းကြ၀န်းကြရမယ့် အခုလိုကာလမျိုးမှာ အချင်းချင်းအမျက်ဒေါသတွေတထောင်းထောင်းထပြီး အမုန်းတရားမီးတွေ တဟုန်းဟုန်းတောက်နေမယ့်အစား ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာကြ တိုင်ပင်ကြရင် သနားစရာ မြေစာပင်တွေ ပေါ်လာမှာမဟုတ်ပါ။ အပြစ်မဲ့ကြတဲ့ သနားစရာ မြေစာပင်တွေကို သနားတဲ့စိတ်၊ ချစ်တဲ့စိတ်နဲ့ ကဗျာတစ်ပုဒ်ရေးမိပါတယ်။

ချစ်စွာသော ဒီမြေပေါ်မှာ စစ်ပွဲတွေကင်းပြီး လူတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သက်တမ်းစေ့ နေနိုင်ကြပါစေ။ ငြိမ်းချမ်းရေး ချိုးငှက်ကလေးရဲ့ ကြည်နူးစရာကောင်းလှတဲ့ တောင်ပံခတ်သံကို ကမ္ဘာ့နေရာတိုင်းမှာ ကြားရနိုင်ပါစေလို့ ရင်ထဲ၊ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါရစေ။

ဆုတောင်း
ဘ၀ဆိုတာ  ခဏသာတည့်
သံသရာချား  ရှည်လျားလည်ပတ်
မရပ်နားခင်  ၀င်ရောက်ခိုနား
ကိုင်းဖျားမှာ...

ရာသီလေရေ  တည်ငြိမ်လေမှ
ဘ၀ကိုင်းခက်  လှုပ်လှက်မခါ
နားခိုရာတွင်  ကြည်လင်ချမ်းမြ
သောကကင်းကွာ  အေးချမ်းစွာ...

ကိုယ်လည်းမဆိုင်  ခွင့်မပိုင်သည့်
လေစိုင်မွှေနှောက်  ကိုင်းဖျားမှောက်၍
ဝင်ရောက်နားရာ  ထိုနေရာမှ
ချိန်ခါမကျ  နွမ်းလျမပြေ
ခွာရလေလည်း  ဖြေနိုင်ပြေနိုင်
ကျေနိုင်သည်...

လေပြင်းထန်ထန်  မာန်ခဲအံတု
ရပ်တည်မှုတွက်  ဆက်လက်ရုန်းကန်
စိတ်ရည်သန်စဉ်  ငြိုငြင်ဆိုးယုတ်
ကိုင်းကိုလှုပ်ခါ  ရိုင်းမိုက်ပါ၍
ချိန်ခါမကျ  ခွာခဲ့ရလျှင်
ရင်ဝယ်မချိ  နာမိသည်...

သံသရာဝယ်  ကျင်လည်ခိုနား
လူသားချင်းချင်း  ချစ်ခြင်းဗလာ
မေတ္တာနတ္တိ  မောဟပြည့်နှက်
ကြံစဉ်ရက်စွ  လူ့ဗာလတို့
အလှစုရာ  မြေကမ္ဘာမှ
ကွယ်ပါစေကြောင်း  ဆုကိုတောင်းသည်
ဤမြေပံသု  မြေအထုလည်း
သက်သေအမှု  တည်စေသော်ဝ်။     ။

ဟန်ကြည်
၁၆.၃.၂၀၀၁၁(အင်္ဂါနေ့)
မနက် ၂:၄၀နာရီ
 

Monday, 14 March 2011

ပီတိပန်းတွေ ဝေတဲ့နေ့ . . .

ရူပဗေဒ ဖြေလို့ပြီးပါပြီ...

ပြောနေကျ စကားသုံးပြီးပြောရရင် ကိုယ့်ကျောင်းသားတွေအားလုံး မအူဘဲ၊ ဟောင်ပြီးထွက်လာကြပါတယ်။ အညံ့ဆုံး၊ အပျင်းဆုံးကျောင်းသားတောင် ၇၀ကျော်ဖိုးဖြေနိုင်တာဆိုတော့ သူတို့တွေအားလုံး ပျော်ကြတာ မဆန်းပါ။ တစ်ယောက်ပြီး တစ်ယောက် လက်သီးလက်မောင်းတွေတန်းပြီး အော်ဟစ်ထွက်လာကြတဲ့မြင်ကွင်းဟာ တစ်နှစ်လုံး တပင်တပန်းသင်ခဲ့ကြားခဲ့ရတဲ့ ဆရာတစ်ယောက်အတွက် မဟာသြသဓ ဆေးတစ်ပါးပါပဲ။ သူတို့ကိုမြင်ရတဲ့ဆရာတစ်ယောက်ရဲ့ရင်ထဲမှာ ဘယ်လောက်များ ပီတိဖြစ်ရမလဲဆိုတာ ကိုယ်တိုင်ဆရာဖြစ်မှ ရနိုင်တဲ့ ခံစားချက်ပါ။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြေခဲ့ကြတဲ့ လမ်းပြကြယ်ရဲ့ ကျောင်းသူ၊ ကျောင်းသားအားလုံးအတွက် ဦးဟန်ကြည်က
Congratulation ပါ...
 http://www.boogiewoogieindia.com/wp-content/uploads/2009/04/congratulations.gif 
အကောင်းဆုံးဖြေနိုင်ခဲ့ကြတဲ့ ကျောင်းသားတွေထဲမှာ တစ်နှစ်လုံး ဆရာရော၊ မိဘကိုပါ အမျိုးမျိုး စိတ်ဒုက္ခပေးပြီး လေချင်တိုင်းလေခဲ့တဲ့ ကျောင်းသားတစ်ယောက်က ထိပ်ဆုံးကပါ။ စာမေးပွဲမဖြေခင် ၄ရက်အလိုအထိ မဖြေတော့ပါဘူးဆိုပြီး နည်းမျိုးစုံနဲ့ ပေခဲ့၊ တေခဲ့တဲ့ အဲ့ဒီသကောင့်သားလေးက သင်္ချာ၊ ဓာတု၊ ရူပ သုံးဘာသာလုံး အားရပါးရ ဖြေခဲ့နိုင်တာမို့ တစ်နှစ်တာလုံး ဆုံးမနည်းမျိုးစုံနဲ့ဆုံးမပြီး တရားပေါင်းမြောက်များစွာ ဟောခဲ့ရတဲ့ ဆရာဦးဟန်ကြည်တစ်ယောက် စလေဦးပုညရဲ့ တေးထပ်ထဲကလို
“သုတ်၊ ၀ိနည်း၊ ပိဋကတ်နဲ့
လျှာပြတ်အောင်ဟောသော်လည်း
ဟောရင်းက ပျံတော်မမူခင်”
တပည့်တစ်ယောက်ရဲ့ဘ၀ ကောင်းစားသွားတာ မြင်ခဲ့ရတာမို့ ဒီ ၂၀၁၀-၁၁ ပညာသင်နှစ်ရဲ့miracle တစ်ခုကို အောင်မြင်အောင် လုပ်ပြနိုင်ခဲ့ပါပြီ။ တစ်နှစ်တစ်နှစ်မှာ miracle တစ်ခုတော့ အနည်းဆုံး လုပ်ပြနိုင်ရမယ်ဆိုတဲ့ လမ်းပြကြယ်ရဲ့လမ်းစဉ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့လို့လည်း ကိုယ့်ကိုယ်ကို ၀မ်းသာလို့ မဆုံးတော့ပါ။ ကလေးတွေ ရှေ့မှာ ဟန်ဆောင်ထားရပေမယ့် လက်သီးလက်မောင်းတန်းပြီး ကြုံးဝါးချင်မိပါသေးရဲ့...

http://www.istockphoto.com/file_thumbview_approve/10508432/2/istockphoto_10508432-cheerful-businessman-teacher-gesturing-thumbs-up.jpg 

ဒီနေ့ဖြေခဲ့ကြတဲ့ ဘာသာရပ်မှာ ငါးယောက်ခြောက်ယောက်လောက်က အားရပါးရ ဖြေနိုင်ခဲ့ကြတာမို့ သူတို့လေးတွေလည်း ဂုဏ်ထူးအိပ်မက်လှလှတွေနဲ့ ပီတိတွေဖြစ်နေကြပါပြီ။ ဒါတင်မကပဲ နှစ်ရက်ပိတ်ပြီးရင် ဖြေရမယ့် ဘောဂဗေဒကိုပါ ဂုဏ်ထူးရအောင် ဖြေမယ်လို့ အားပါးတရ ကြုံးဝါးနေကြပါသေးရဲ့။ ပညာသင်နှစ်အစကတည်းက ကိုယ့်ကျောင်းသားတွေကို တစ်ဘာသာ ဂုဏ်ထူးပါရင် တစ်သိန်းဆုချမယ်လို့ ကတိပေးထားခဲ့တာမို့ ကိုယ့်ကလေးတွေက ဆရာတစ်သိန်းနော်လို့ တဖွဖွ သတိပေးနေကြပါပြီ။ လေးငါးဘာသာလောက် ဂုဏ်ထူးတွေပါကြရင် အိပ်ထဲကနေ လေးငါးသိန်းလောက် ကုန်သွားမှာဖြစ်ပေမယ့် ဦးကပ်စေးကြီး ဦးဟန်ကြည်တစ်ယောက် အပြုံးတောင်မပျက်ဘဲ “ဘာမှမပူနဲ့ လက်ထဲရှိတဲ့ ပိုက်ဆံမလောက်ရင် အိမ်ကို ပိုက်ဆံလှမ်းမှာပြီး ဆုချမယ်” လို့ ရဲရဲကြီး အာမခံချက်ပေးမိပါတယ်။

ဆရာတစ်ယောက်ရဲ့ ပင်ပန်းမှု၊ စွန့်လွှတ်ရမှု အစစအရာရာ အားလုံး ဒီနေ့တစ်ရက်ထဲနဲ့တင် ကျေသွားတာမို့ အကောင်းဆုံး ဖြေခဲ့ကြတဲ့ ကိုယ့်ရဲ့ချစ်စွာသော ငပျင်းလေးတွေကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရပါတယ်။ ကလေးတွေ ဖြေနိုင်ဖို့ ဆုတောင်းပေးတဲ့ အစ်မမေဓာဝီကိုလည်း ကျေးဇူးဥပကာရ အထူးတင်မိပါတယ်။ နောက်ဆုံး ဘာသာရပ်မှာလည်း ကလေးတွေ ဟောင်ပြီးထွက်လာနိုင်ဖို့ လမ်းပြကြယ် ဦးဟန်ကြည် အင်တိုက်အားတိုက် ကြိုးစားရင်း ဆရာကောင်းတစ်ယောက်ရဲ့ တာဝန်တွေကျေနိုင်သမျှကျေဖို့ အားသွန်နေမိပါကြောင်း။     ။ 


 

Saturday, 12 March 2011

စာမေးပွဲကြားက အားလပ်ရက် . . .

 တက္ကသိုလ်ဝင်တန်း စာမေးပွဲပေါင်းများစွာ ကြုံဖူးတဲ့အထဲမှာ 
ဒီနှစ်စာမေးပွဲကာလကတော့ အရှည်ဆုံးကာလ ဖြစ်မယ်ထင်ပါတယ်။ စာမေးပွဲတွင်းမှာပဲ အားလပ်ရက်တွေ ဝေေ၀ဆာဆာနဲ့ စုစုပေါင်း ၁၁ရက်တိတိကြာတဲ့ ဧရာမ စာမေးပွဲကာလရှည်ကြီးပါ။

အခုလို စာမေးပွဲကာလမှာ အားလပ်ရက်တွေ ညှပ်ပေးထားတော့ ကျောင်းသားတွေ နားနားနေနေနဲ့ အင်ပြည့်အားပြည့် စာမေးပွဲဖြေခွင့်ရကြတာမို့ ကောင်းတဲ့အစီအစဉ်လို့ ဆိုရပါလိမ့်မယ်။ လွန်ခဲ့တဲ့လေးနှစ်လောက်ကဆိုရင် တစ်နေ့ကို တစ်ဘာသာနှုန်းနဲ့ ဆက်တိုက်ဖြေလိုက်တာ နောက်ဆုံးဘာသာဖြစ်တဲ့ ဇီဝဗေဒမဖြေခင် ညမျိုးဆိုရင် ကျောင်းသားတွေခမျာ အားကုန်ပြီး ပင်ပန်းကုန်ကြပါပြီ။ အဲဒီညက ကိုယ့်ကျောင်းသားလေးတွေ ဇီဝဗေဒတွေ ကျက်နေကြတဲ့ ပုံကို အခုထိ မျက်စိထဲမှာ မြင်ယောင်နေတုန်းပါ။ လမ်းလျှောက်ပြီး ကျက်တဲ့ကလေးကလဲ လမ်းလျှောက်နေရင်း အိပ်ငိုက်နေလိုက်တာ မမြင်မစမ်းဖြစ်ပြီး တိုင်နဲ့ခေါင်းနဲ့ ဆောင့်တဲ့အထိဆိုပါတော့။ ထိုင်ရင်းစာကျက်နေတဲ့ကလေးကလည်း ဆောင့်ကြောင့်ထိုင်နေရင်းကနေ မကြာမကြာနောက်ပြန်လန်ကျသွားတတ်ပါတယ်။ စာမေးပွဲဆိုတဲ့ အသိကြောင့် ပင်ပန်းနေတဲ့ကြားက အတင်းရုန်းကန်ကြိုးစားနေကြပေမယ့် ခန္ဓာကိုယ်က ဒဏ်မခံနိုင်တော့တာကို ပြနေသလိုပါ။

တကယ်တော့ ကိုယ်တို့တွေလည်း ဆယ်တန်းကျောင်းသားဘ၀က ဒီလိုပဲတစ်ရက်တစ်ဘာသာဖြေပြီး စာမေးပွဲကို ဖြတ်သန်းခဲ့ရတာပါ။ တစ်နှစ်တာလုံး စနစ်တကျ လေ့လာပြင်ဆင်ထားတာဖြစ်လို့ စာမေးပွဲရက်မှာ အလွန်အမင်းပင်ပန်းတာမျိုးမဖြစ်ဘဲ သက်တောင့်သက်သာ ဖြတ်ကျော်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်က ကျောင်းသားတွေကတော့ အချိန်ရရင်ရသလောက် လည်ဖို့ပတ်ဖို့၊ ပျော်ဖို့ပါးဖို့သာ အားသန်ကြတဲ့ကလေးတွေ ဖြစ်တာနဲ့အညီ စာမေးပွဲတွင်းရောက်မှ အိပ်ရေးတွေ အပျက်ခံပြီး လူရော၊ စိတ်ပါ ပင်ပန်းဆင်းရဲကြီးစွာနဲ့ စာမေးပွဲကာလကို ဖြတ်သန်းကြရတာများပါတယ်။

 ဒီနှစ်စာမေးပွဲ အချိန်စာရင်းထွက်လာတော့ အားလပ်ရက်တွေ ဝေေ၀ဆာဆာနဲ့မို့ ကျောင်းသားတွေ သက်တောင့်သက်သာဖြေကြရပြီး စာကြည့်ချိန်ပိုရတာကြောင့် အမှတ်တွေကောင်းကောင်းနဲ့ အားပါးတရဖြေနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုနဲ့ပဲ စာမေးပွဲကာလကို ရောက်လာတော့ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ သုံးဘာသာ ဆက်တိုက်ဖြေပြီးလို့ ဓာတုဗေဒ မဖြေခင် တစ်ရက်ပိတ်ပေးလိုက်ချိန်မှာတော့ ကိုယ်တို့မျိုးဆက်သစ်ကလေးတွေရဲ့ စိတ်ဓာတ်နဲ့ ဇွဲလုံ့လကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရလိုက်ပါတော့တယ်။

သင်္ချာဖြေပြီးတဲ့ ၁၂နာရီခွဲလောက်ကစလို့ ကျောင်းသားတွေ အပီအပြင် အနားယူလိုက်၊ အိပ်လိုက်ကြတာ ညနေ ၄နာရီကျော်လောက်ရောက်မှ မျက်ချေးပွတ်ပြီး ထကြပါတော့တယ်။ စာသင်ချိန်ရောက်ပြန်တော့လည်း တစ်ရက်ကျန်ပါသေးတယ် ဆိုတဲ့ အသိက စိတ်ထဲမှာ ရှိနေပြီးသားမို့ အရင်ရက်တွေကလောက် အင်တိုက်အားတိုက် မရှိကြတော့ပါ။ ဆရာဖြစ်သူမှာ ဒီငပျင်းကိုယ်တော်မြတ်တွေကို အတင်းမောင်းရနှင်ရ စိတ်ဓာတ်သွင်းရပါတော့တယ်။ ပိတ်ရက်တစ်ရက်လုံး စာကို ပီပီပြင်ပြင်မကြည့်ခဲ့ကြပေမယ့် ဓာတုမဖြေခင် ညမျိုးရောက်လာပြန်တော့ စာမေးပွဲကို တွေးရင်းကြောက်လာတဲ့ပုံနဲ့ တစ်ညလုံးမအိပ်မနေကြည့်ကြပါတော့တယ်။ စာမေးပွဲကာလမှာ ကျောင်းသားတွေကို စောစောအိပ်ခိုင်းဖို့ မိဘတွေကို မှာထားပေမယ့် ကလေးတွေစာကြည့်နေရင် ပျော်နေ၊ စိတ်ချမ်းသာနေတဲ့ မိဘတွေရဲ့သဘာဝကြောင့် မောင်မင်းကြီးသားလေးတွေ နောက်တစ်ရက်စာမေးပွဲ လာဖြေကြတော့ မျက်တွင်းလေးတွေ ဟောက်ပက်နဲ့ ဖြစ်လာကြပါတော့တယ်။ ဒီပုဂ္ဂိုလ်မြတ်တွေကို နရင်းအုပ်ချင်စိတ်ပေါ်မိပေမယ့် စာမေးပွဲတွင်း ဖြစ်နေတာမို့ ကိုယ့်ဒေါသလေးကို အသာပြန်မြိုချထားရပြန်ရဲ့။

သင်္ချာဖြေပြီးပြန်တော့လည်း 
အခြေခံပညာက ကျောင်းသားတွေကို သက်သာစေချင်တဲ့ စေတနာအပြည့်နဲ့ ရူပဗေဒမဖြေခင်မှာ အားလပ်ရက်နှစ်ရက်တိတိ ရက်ရက်ရောရော ပေးလိုက်ပြန်ပါတယ်။ 
အခွင့်အရေးရရင် ရသလို အလေလိုက်ကြမယ့် ကိုယ်တို့ရဲ့ မျိုးဆက်သစ်တစ်စုလည်း စာမေးပွဲပြီးကတည်းက ၀မ်းသာအားရ အနားယူကြပါတော့တယ်။ ဒါတင်မကသေးဘဲ ညနေပိုင်းကနေစပြီး ညပိုင်းအထိ လက်ဖက်ရည်ဆိုင်မှာ ဖင်ပူအောင်ထိုင်တော်မူကြပြီး စာအကြောင်း၊ ဖွန်အကြောင်းတွေကို အားရပါးရဆွေးနွေးတော် မူကြတာ စာသင်ချိန်လည်းမရောက် အိမ်လည်းပြန်မလာကြလို့ မိဘတွေကိုယ်တိုင် ကိုယ့်ဆီကို ဖုန်းတဂွမ်ဂွမ်ဆက်ပြီး မေးယူကြရတဲ့ အထိပါ။ ဒီကြားထဲမှာ တစ်ချို့ကျောင်းသူ၊ ကျောင်းသားများက ညပိုင်းစာသင်ချိန်ပါ ပြေးပြီးအိမ်မှာအားရပါးရ နားတော်မူကြပါသေးတယ်။ သင်ပေးရမယ့် ဆရာခမျာ ကိုယ့်တပည့်တွေကို စာတွေရှင်းပြဖို့အရေး လည်ပင်းရှည်အောင် စောင့်ရပါသေးရဲ့။ ကျောင်းသားတွေ အိမ်ကို ဖုန်းဆက်ပြီးလှမ်းခေါ်ရတာလည်း အကြိမ်ပေါင်းမနည်းပါ။ ကြာရင် ဖိုးသင်ချင်ကြီးလို့ ထင်မှာစိုးရိမ်ရပါသေးတယ်။

အခြေခံပညာက ကျောင်းသားတွေကို စေတနာအပြည့်နဲ့ အားလပ်ရက်ပေးတာမှန်ပေမယ့် ချစ်စွာသော မောင်ပျင်းများကြောင့် အားလပ်ရက်ဆိုတဲ့အတိုင်း အားအားနေ၊ အလေလိုက်ပြီး ဒီနေ့ဆိုရင် တစ်ရက်ကုန်ခဲ့ပါပြီ။ မနက်ဖြန် တစ်ရက်နားပြီးရင် နောက်ရက်မှာ စာမေးပွဲဆက်ဖြေရတော့မှာပါ။ ဖြေရမယ့် ဘာသာရပ်ကလည်း စာတွေရော၊ ပုစ္ဆာတွေများလှ ရှုပ်လှတဲ့ ရူပဗေဒဖြစ်နေတာမို့ အခုဒီစာရေးနေတဲ့ ည၁၀နာရီကျော်မှာ သင်ခန်းစာ တစ်စက်ကျော်ပဲ ပြန်ရှင်းနိုင်ပါသေးတယ်။ မနက်ဖြန်တစ်ရက်လုံး သူတို့အလေလိုက်သမျှ ကာမိ၊ ထေမိအောင် ဆရာဖြစ်တဲ့ ဦးဟန်ကြည်မှာ ခေါင်းပူအောင် ရှင်းပြရဦးတော့မှာကို တွေးရင်း လောလောဆယ်မှာ ရသလောက် ကြုံးသင်ရဦးမှာမို့ ရေးလက်စစာကို လက်စသတ်ပြီး သင်ပုန်းရှေ့မှာ မတ်တပ်ပြန်ရပ်ရပါတော့မယ်။ အင်း...မဆုံးနိုင်သော အမြဲစိမ်းသင်ကြားရေး စံနစ်ပါကလား။     ။

Tuesday, 8 March 2011

ဟောင်ပြီးတော့ ထွက်ခဲ့နိုင်စေ . . .

ကိုယ့်ကျောင်းသားတွေ စာမေးပွဲဖြေနေကြတာ ဒီနေ့ဆိုရင် နှစ်ဘာသာပြီးသွားပါပြီ။
ကျောင်းသားအားလုံး ကောင်းကောင်းမွန်မွန်၊ ချောချောမောမော ဖြေနိုင်ကြတာမို့ တစ်နှစ်တာပင်ပန်းခဲ့သမျှ အမောပြေရပါတယ်။
စာမေးပွဲကာလမှာ ကလေးတွေကို စိတ်အညစ်မခံဘဲ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးထားလေ့ရှိတဲ့ ကိုယ့်မူကြောင့် ကိုယ့်ကျောင်းသားလေးတွေမှာ ရွှင်ရွှင်လန်းလန်းရှိကြပေမယ့် တစ်ချို့ကလေးတွေမှာတော့ တစ်ညလုံး တပင်တပန်း မအိပ်မနေ စာကြည့်ကြလို့ မျက်တွင်းလေးတွေချိုင့်ပြီး မရွှင်မပျဖြစ်နေတာကို မြင်ရပြန်တော့လည်း စိတ်ထဲမှာ မကောင်းပြန်ပါ။ အိပ်ရေး၀၀အိပ်ပြီး ကျန်းမာပျော်ရွှင်နေမှ ဦးဏှောက်လန်းဆန်းပြီး စာမေးပွဲ အကောင်းဆုံး ဖြေနိုင်မယ်ဆိုတာ သိပါလျက်နဲ့ ဒီလိုညမျိုးမှာ ကလေးတွေကို မနက်လင်းအားကြီးနှစ်နာရီလောက်ထိ စာအပြင်းအထန်ကြည့်ခိုင်းတာ ကလေးတွေကို ကောင်းကြိုးထက် ဆိုးကြိုးပိုများစေပါတယ်။ ဒါပေမယ့် လူတစ်ကိုယ်၊ အကြိုက်တစ်မျိုးမို့ ကိုယ်ကြိုက်ရာကို လုပ်ပိုင်ခွင့်ရှိတဲ့ လောကကြီးမှာ ဘယ်သူ့ကိုမှ အကြံမပေးဖြစ်ပါ။ ကိုယ့်ကျောင်းသားတွေကိုပဲ ကိုယ်အကောင်းဆုံး လမ်းညွှန်ပေးနိုင်ဖို့ပဲ အာရုံထားရပါတယ်။
 
၇ရက်နေ့က မြန်မာစာစဖြေတဲ့အခါ ကိုယ့်ကျောင်းသားလေးတွေ အားရှိအောင် ကျောင်းအထိကိုယ်လိုက်ပို့ပေးပါတယ်။ ကလေးဆိုတဲ့ သဘာဝအရ စာမေးပွဲဆိုတာကို ကြောက်ကြလန့်ကြရှာတာမို့ မလန့်အောင် အားပေးရင်းပါ။ အကြောက်လွန်၊ အလန့်လွန်သွားပြန်ရင် စာတွေအားလုံး ကြက်ပျောက်ငှက်ပျောက်ဖြစ်ပြီး သဲလေသမျှ ခဲရေကျဖြစ်ကုန်မှာ စိုးရပါသေးတယ်။ ဒီလောက်အားပေးပြီး အကောင်းဆုံး ပံ့ပိုးနေတဲ့ကြားက ကျောင်းသူလေးတစ်ယောက်က ကျောင်းရှေ့လူကြားထဲမှာပဲ ရွှေမျက်ရည်သွန်းဖြိုးပြီး ပုလဲခတော်မူပါသေးရဲ့။ ကိုယ့်မှာ ရယ်ချင်စိတ်ကို အသာဘေးဖယ်ပြီး စိတ်လျှော့ထားဖို့ အတန်တန်အားပေးရပြန်ပါတယ်။ ကိုယ်တို့လည်း ဒီအချိန်မျိုးမှာ သူတို့လောက် မကြောက်ပေမယ့် နဲနဲတော့ ခပ်ရှိန်ရှိန်ဖြစ်ခဲ့ဖူးတာမို့ ကိုယ်ချင်းစာပေးလို့ရပါတယ်။
စာမေးပွဲဖြေပြီးလို့ ပြန်ထွက်လာကြပြန်တော့လည်း ကျောင်းအ၀ကစောင့်ပြီး အခြေအနေကိုမေးရင်း အားပေးရပြန်ပါသေးတယ်။ တစ်နှစ်တာလုံး ကြိုးစားခဲ့ကြတာမို့ မြန်မာစာကို အကောင်းဆုံး ဖြေနိုင်ခဲ့ကြတဲ့အတွက် ၀မ်းသာအားရ ခုန်ပေါက်ထွက်လာကြတဲ့ ကလေးတွေကို မြင်ရတဲ့မြင်ကွင်းဟာ ကိုယ့်အတွက်တော့ တကယ့်ကို ကျက်သရေအပေါင်းနဲ့ ခညောင်းတဲ့မြင်ကွင်းပါ။
 
စာမေးပွဲဖြေပြီးတော့ ကလေးတွေကို ခဏအနားယူခိုင်းပြီး နေ့လည်၁နာရီခွဲကစလို့ နောက်နေ့ဖြေရမယ့် အင်္ဂလိပ်စာအတွက် ပြင်ဆင်ရပြန်ပါတယ်။ အင်္ဂလိပ်စာညံ့ကြတဲ့ ပြည်နယ်ကကလေးတွေဖြစ်တာမို့ အများစုကတော့ ခပ်လန့်လန့်ပါ။ သူတို့လေးတွေ လန့်မယ်ဆိုလည်း လန့်လောက်စရာပါ။ အင်္ဂလိပ်စာဆိုတဲ့ အမျိုးကလည်း ကိုယ်ဘာတွေရလို့ ဘာတွေမရဘူးဆိုတာ မသိနိုင်တဲ့ ဘာသာရပ်ဖြစ်နေပါတယ်။ မနက်ဖြန်မှာ ဘာတွေကို ဘယ်လိုဖြေရမယ်ဆိုတာကိုလည်း မှန်းဆဖို့မလွယ်ပြန်ပါ။ ဒါ့အပြင် ကိုယ့်ကိုယ်ကို မရသေးဘူးလို့ယူဆပြီး စာကြည့်မယ်ကြံပြန်ရင်လည်း ဘာတွေကိုကြည့်ရမှန်းမသိဖြစ်ရလောက်အောင် ခေါင်းခြောက်ရပါတယ်။ ခပ်လွယ်လွယ်ဥပမာပေးရရင် သရဲနဲ့လက်ဝှေ့ထိုးရသလိုမျိုးပါ။ မမြင်ရတဲ့ ရန်သူကို ရင်ဆိုင်ရမှာဖြစ်လို့ ကလေးတွေ အတော်မျက်နှာငယ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ ကလေးတွေကို Grammar ကျွမ်းကျင်အောင် တစ်နှစ်လုံး ကြိုးစားပမ်းစားသင်ပေးထားတာမို့ စိတ်မပူပါ။
ကိုယ်တိုင်စိတ်မပူပေမယ့် ကလေးတွေ စိတ်ပူသက်သာအောင် သင်ထားသမျှတွေကို ပြန်ရှင်း၊ ပြန်နွှေးပေးရပါတယ်။ ကာယကံရှင်ဖြစ်တဲ့ သူတို့လေးတွေစိတ်ထဲမှာ ယုံကြည်ချက်တွေ ရှိလောက်ပြီလို့ ယူဆရမှပဲ ကိုယ်လည်း အသက်၀၀ရှူနိုင်ပါတော့တယ်။ ဒါပေမယ့် နှစ်ယောက်သုံးယောက်လောက်မျက်နှာမှာ စိုးရိမ်ရိပ်လေးတွေတော့ တွေ့နေဆဲပါ။
 
အင်္ဂလိပ်စာဖြေတဲ့ ဒီနေ့မနက်ကတော့ ကလေးတွေကို လိုက်မပို့ဖြစ်တော့ပါ။ စာမေးပွဲပြီးမှပဲ သွားကြိုဖြစ်ပါတယ်။ စောစောထွက်လာကြတဲ့ ကလေးတွေမျက်နှာသိပ်မကောင်းတာ မြင်ရတော့ ကိုယ်ပါသနားမိပါတယ်။ ကိုယ့်ကျောင်းသားတစ်အုပ်ကတော့ အားရ၀မ်းသာ ခုန်ပေါက်ထွက်လာကြပြီး လွယ်လွယ်လေးတွေဆရာလို့ ပွက်ပွက်ညံအောင် မြူးနေကြလို့ ကျန်တဲ့ ကျောင်းသားလေးတွေ အားမငယ်စေချင်တာကြောင့် ခပ်တိုးတိုးလုပ်ကြဖို့ သတိပေးရပါသေးရဲ့။ တကယ်တော့ အင်္ဂလိပ်စာ ခက်ခြင်းလွယ်ခြင်းဆိုတာ ကလေးတွေရဲ့ Grammar စွမ်းရည်နဲ့ပဲ ဆိုင်တာမို့ တစ်နှစ်တာလုံး ဒါကိုပဲ အကောင်းဆုံးပြင်ဆင်ပေးထားတဲ့ ဆရာဖြစ်သူက သိပေမယ့် ကလေးတွေခမျာတော့ မေးခွန်းလွယ်လို့ဖြေနိုင်တယ် ထင်နေကြရှာတာကိုကြည့်ရင်း ရယ်ချင်မိပါသေးတယ်။ ဒါကြောင့် မေးခွန်းလွယ်လို့ ဖြေနိုင်တာ မဟုတ်တာကိုသိအောင် ကျန်တဲ့ကျောင်းသားလေးတွေကို ပြမှပဲ သူတို့ကောင်းကောင်း သဘောပေါက်ကြပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုရလာဒ်မျိုးတွေရဖို့ တစ်နှစ်လုံးကြိုးစားပေးခဲ့တဲ့ ဆရာဦးဟန်ကြည်အတွက်တော့ ကိုယ့်ကလေးတွေ ပျော်နေကြတာကို ကြည်နူးပေမယ့် ကျန်တဲ့ကလေးတွေ မျက်နှာငယ်နေတာကို မြင်ရပြန်တော့လည်း သနားစိတ်နဲ့ အပြည့်အ၀မပျော်နိုင်ပြန်ပါ။
 
 အင်္ဂလိပ်စာဖြေကြတာနဲ့ ပတ်သက်ပြီး ကိုယ့်ကျောင်းသူတစ်ယောက်ပြောပြတာတော့ တကယ့်ဂန္ထ၀င်ပါ။ ဆရာတဲ့ သူများကျောင်းသားတွေ စာမေးပွဲခန်းကနေ အူပြီးထွက်လာကြတယ်တဲ့။ ဒါနဲ့ကိုယ်က ညည်းတို့က ဘယ်လိုထွက်လာလဲလို့ မေးကြည့်တော့ သမီးတို့က ဟောင်ပြီးထွက်လာတယ် လို့ အားရပါးရဖြေပါတယ်။ ကြံကြံဖန်ဖန် အတွေးပေါက်လွန်းတဲ့ တပည့်ပါပဲ။
 
မနက်ဖြန်မှာတော့ သင်္ချာဖြေကြပါလိမ့်မယ်။ တစ်နှစ်တာလုံး ဖွတ်ဖွတ်ညက်ညက်ကြေအောင် တွက်ထားခဲ့ပေမယ့် ဒီလိုညမျိုးမှာ ပြန်မနွှေးရင် စာမေးပွဲခန်းထဲမှာ မျက်စိလည်တတ်တာမို့ မပေါ့ဆရဲဘဲ ဂရုစိုက်ပေးနေရပြန်ပါတယ်။ ဒါမှလည်း ကိုယ့်ကျောင်းသူလေးပြောသလို စာမေးပွဲခန်းကအထွက်မှာ မအူဘဲနဲ့ ဟောင်ပြီးထွက်လာနိုင်မယ် မဟုတ်ပါလား။     ။
 

Friday, 4 March 2011

ခွေးနဲ့ပဲ နေမယ် . . .

ဒီနေ့ တပင်တပန်းစာသင်ပြီး အိမ်ပြန်ရောက်တယ်။
အိမ်ရှင်မနဲ့ အပြင်ခဏထွက်တယ်။ ပြန်လာတော့ စိတ်တိုစရာတွေ့ရတယ်။ စိတ်မကြည်တော့ဘူး။ လူတွေမှာ ရောဂါတွေထူပြော၊ ဘေးဆိုးတွေခဏခဏတွေ့နေတာပဲ ကောင်းတယ်။ ဒါတောင် ဒီလောက် အောက်တန်းကျနေတာ။ မအို၊ မနာ၊ မသေတော့ဘူးဆိုရင် ဘယ်လောက်များ ယုတ်မာလိုက်ကြမလဲ။

လူတွေအကြောင်းသိလာလေ လူတွေနဲ့မနေဘဲ ခွေးတွေနဲ့နေချင်စိတ်ပေါက်လာလေပဲ... 

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger