Monday, 7 July 2014

“ ဆံပင်ညှပ်ခြင်း . . . ”



သည်ညနေခင်းပိုင်းက သင်တန်းချိန်အပြီးတွင် ညနေ ၆ နာရီခွဲသာ ရှိသေးသည်။ နေအလင်းရောင် မပျောက်တတ်သေး။ လမ်းမီးတချို့လင်းစပြုနေပြီ။ မတ်လဆန်း နွေရာသီအတွင်းက မန္တလေးမြို့တွင် ဆံပင်ညှပ်ပြီးကတည်းက ဇွန်လလယ်ရောက်သည်အထိ ဆံပင်ညှပ်ဆိုင် မရောက်ဖြစ်သေးသောကြောင့် ဘုတ်သိုက်ဖြစ်လုနီးပါး ရှည်နေသော ဆံပင်ကို သပ်သပ်ရပ်ရပ်ညှပ်ပြီး လူယောင်ဖန်ဆင်းရန် ဦးဟန်ကြည် စိတ်ကူးရလာသည်။ မနက်ဖြန် သင်တန်းချိန်ပြည့် လုပ်ငန်းခွင်ဝင်ရတော့မည်ဖြစ်ရာ ကိုယ့်ကိုယ်ကို ရောင်းစားနေရသော ပညာရေးလုပ်သားပီပီ လူယောင်ဖန်ဆင်းဖို့ကလည်း လိုအပ်နေပြီကိုး။

သည်ဘက်ဒေသ၏ ထုံးစံအတိုင်း ညဦးပိုင်းများသည် လမ်းတလျှောက်လုံးတွင် ကားရှုပ် လူရှုပ်နှင့် သွားရေးလာရေး အဆင်မပြေ။ တစ်နေကုန်တစ်နေခမ်း မံမံသရဏံ ဂစ္ဆာမိရင်း အလုပ်ဇောကပ်ပြီး တပင်တပန်း ရုန်းခဲ့ကြ ကန်ခဲ့ကြသူတို့ စိတ်လွတ်ကိုယ်လွတ် သွားလာကြ မြူးထူးကြ မူးရူးကြသော သည်လိုအချိန်မျိုးတွင် ဦးဟန်ကြည်လို ကိုယ့်စိတ်ကူးနှင့်ကိုယ် ခပ်အေးအေးနေလိုသူအတွက် သွားရေးလာရေး အဆင်မပြေ။ ကိုယ်က တစ်ဖက်သားကို မတိုက်မိသည်မှာ သေချာသော်လည်း မူးမူးရူးရူးဖြင့် ကိုယ့်ကိုဝင်တိုက်သွားမည့်အရေးကို ဦးဟန်ကြည် ကြောက်လှသည်။ ကြာကြာဝါးမည့်သွားကလေးခမျာ မည်းမည်းမြင်သမျှ အရိုးတိုင်းကို ရှောင်ရမည်မဟုတ်လား။ ကိုယ်တိုင်က ကြက်ဥဖြစ်နေလျှင် ကျောက်ခဲများကြားတွင် အရဲမကိုးခြင်းက အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းပင် မဟုတ်လား။

ထိုထိုသော အကြောင်းတရားများကို သတိချပ်ရင်း ကိုယ့်အန္တရာယ်ကို ကာကွယ်သည့်အနေဖြင့် လစဉ်အားပေးနေကျ ဆံပင်ညှပ်ဆိုင်ဘက်သို့ ဦးဟန်ကြည် ခြေဦးမလှည့်ဝံ့တော့။ ၀ယ်နေကျ ကွမ်းယာဆိုင်ဘေးရှိ ဆံပင်ညှပ်ဆိုင်တစ်ခုအတွင်းသို့သာ ၀င်ဖြစ်သွားလေသည်။ ဆိုင်ခန်းကလေးက သည်ဘက်ဒေသထုံးစံအတိုင်း ခပ်ကျဉ်းကျဉ်း။ မြေရှိသမျှ ငွေဖြစ်သော ဒေသကိုး။ ၁၅ ပေ ဆိုင်ခန်း နှစ်ခန်းဆောက်ရမည့်နေရာတွင် ၁၀ ပေ ဆိုင်ခန်း သုံးခန်းဆောက်လိုက်လျှင် ဆိုင်ခန်းငှားခ ပိုရသည်ကိုး။ ရောင်းသူဝယ်သူ ကြည်ဖြူလျှင် ပြီးစတမ်းကိုး။ စီးပွားရှာရာ ကိုယ်ချင်းစာပါဟူသော နီတိသည် ဤမှာဘက်ဒေသတွင် မျက်နှာကောင်းမရ။ မည်သို့ပင်ဆိုစေ ဆံပင်ညှပ်ဆိုင်ကလေးက သပ်သပ်ရပ်ရပ်ဖြင့် အားပေးချင်စရာ။ ဆိုင်တွင်းသို့ ဦးဟန်ကြည် ၀င်သွားလျှင် ဆံပင်ညှပ်မည့်လူ မရှိ။ တွေ့ကရာ ဆံသခုံပေါ်သို့ တက်ထိုင်လိုက်သော ဦးဟန်ကြည်အနီးသို့ အာခံတွင်းမှ အသူရာ ရေမွှေးနံ့ တသင်းသင်းလှိုင်နေသော ဆံသဆရာ ရောက်လာလျှင် ဦးဟန်ကြည် ဘုရားတ-ရလေတော့သည်။ မတတ်နိုင်။ ထိုင်ပြီးမှတော့ ထပြေး၍ မဖြစ်။ ခေါင်းပေါ်တွင် တင်ထားသော ကြာဆံတစ်ထွေးကို မောင်မင်းကြီးသား စိတ်ကြိုက်ပြုရန် ၀ကွက်အပ်လိုက်ရပေတော့သည်။

ဆံသဆရာ မောင်မင်းကြီးသားက ဆံသခုံပေါ်ရှိ ဦးဟန်ကြည်ကို ဖုတ်လေတဲ့ငပိ ရှိသည်ဟုပင်မထင်။ အာရုံအပြည့်မ၀င်စား။ ဦးဟန်ကြည်၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆံပင်မွှေးများ မကပ်ညိစေရန် အ၀တ်ဖြူဖြင့် လွှမ်းပေးနေသော်လည်း သကောင့်သား၏ မျက်လုံးက ဆိုင်ထောင့်တွင် ဖွင့်ထားသော ရုပ်မြင်သံကြားထံမှ မခွာ။ ကောင်းပါလေ့။ ဆိုင်တွင်းရှိ မိတ်ကောင်းဆွေကောင်းများနှင့် ကစားဝိုင်းများအကြောင်း အနှိပ်ခန်းများအကြောင်း ဋီကာဖွဲ့နေလိုက်သည်မှာ ပါးစပ်က အမြှုပ်ထွက်ခမန်း။ သကောင့်သားပြုသမျှ နုရရှာမည့် ဦးဟန်ကြည်ခမျာ လျှပ်စက်ကပ်ကြေးချက်တိုင်းကို မျက်တောင်မခတ်ရဲဘဲ လိုက်ကြည့်နေရသည်မှာ ၀ဋ်ဆင်းရဲကြီးပေစွ။ လျှပ်စစ်ကတ်ကြေးဆိုသည့်အမျိုးကလည်း ဦးဟန်ကြည်တို့ ခပ်ငယ်ငယ်က ယဉ်ပါးခဲ့သော စက်ကတ်ကြေးနှင့် မတူ။ ရိုးရိုးကတ်ကြေးနှင့် လားလားမျှ မဆိုင်။ ဆံသဆရာ တစ်ချက်ချော်သည်နှင့် သွားပေရော့ လေးကွက်ကြား။ ဆံသဆရာသကောင့်သားကား ခပ်အေးအေးပင်။ ဆုံလည်ထိုင်ခုံကို ဟိုဘက်လှည့်လိုက် သည်ဘက်လှည့်လိုက် ဦးဟန်ကြည်၏ ခေါင်းကို ပယ်ပယ်နယ်နယ်ကိုင်၍ စောင်းလိုက် ညိတ်လိုက်နှင့် စိတ်ကြိုက်တွယ်လေတော့သည်။ ပါးစပ်ကလည်း ပြောလိုက်သည့်စကားကလည်း ရေပက်မ၀င်။ နောက်စေ့ရှိ ဆံပင်များကို စိတ်ကြိုက်ပုံသွင်းနိုင်ရန် ဦးဟန်ကြည်က ခေါင်းငုံ့ပေးထားသော်လည်း မောင်မင်းကြီးသားက ရုပ်မြင်သံကြားကို ငေးနေသောကြောင့် အချိန်အတန်ကြာသည်အထိ ကတ်ကြေးချက်က ကျမလာသည့်အခိုက်အတန့်မျိုးကလည်း မကြာခဏ။ သကောင့်သား လုပ်ပုံကိုင်ပုံတို့ကို ဦးဟန်ကြည် စိတ်ကုန်လေပြီ။ မောင်မင်းကြီးသား ညှပ်လိုရာသာ ညှပ်ပေရော့။ တိုလျှင်ပြီးစတမ်း၊ ခေါင်းပေါ့သွားလျှင် အေးစတမ်း သဘောထားလိုက်လေတော့သည်။

ငွေရချင်သော်လည်း ၀န်ဆောင်မှုကို အလေးမမူသော ခေတ်သမား ဆံသဆရာကို ဦးဟန်ကြည် အရှုံးပေးလိုက်သည်နှင့် အတော်လေး စိတ်လက်ပေါ့ပါးလာလေတော့သည်။ စကားကြီး စကားကျယ် ပြောရလျှင် အနိစ္စသဘောကို ဆင်ခြင်မိသည်နှင့် ၀န်ထုပ်ဝန်ပိုး ကင်းသွားသည်ဟု တင်စားရမည်ထင်၏။ မောင်မင်းကြီးသား တကျွိကျွိ တချောက်ချောက်ဖြင့် ညှပ်ချင်သလို ညှပ်နေသော ကပ်ကြေးသံကို နားထောင်ရင်း စိတ်အစဉ်သည် ငယ်စဉ်အတိတ်ဆီသို့ မကြာမကြာ ပြန်ရောက်သွားလေတော့သည်။ အတိတ်သည် လွမ်းမောဖွယ်အတိ…။



ဦးဟန်ကြည်တို့ ခပ်ငယ်ငယ် အညာသားပုလုကွေးဘ၀က အညာမြို့ကလေးတွင် ဆိုင်နှင့်ကဏ္ဍားနှင့် ကျကျနနဖွင့်ထားသော ဆံသဆိုင်က တစ်မြို့လုံးပေါင်းမှ နှစ်ဆိုင်သာ ရှိသည်။ ကျန်ဆိုင်ကလေးများက လမ်းဘေးသစ်ပင်ရိပ်တွင် ခုံကလေးချပြီး လေကလေးတဖြူးဖြူးနှင့် လူမြင်သူမြင်ညှပ်ပေးသော ဆိုင်မည်ကာမတ္တကလေးတွေချည်း။ အသားမည်းသလောက် အလှကြိုက်ပြီး အရှက်သည်းသော မောင်ဟန်ကြည် ပုလုကွေးကား ထိုဆိုင်ကလေးများတွင် ဆံပင်မညှပ်။ ထိုဆိုင်ကလေးများတွင် ဆံပင်ညှပ်ပေးရန် ခေါ်သွားလျှင် ပြဲပြဲလန်အောင် အော်ဟစ်ငိုကြွေးပြီး ဆန္ဒပြသည်ချည်းဖြစ်လေသည်။ သို့သော် ဆိုင်ခန်းဖြင့် ညှပ်သော ဆံပင်ညှပ်ဆိုင်သည်လည်း လက်ရာပိုင်းတွင် ထိုဆိုင်ကလေးများနှင့် ထူးမခြားနား။ သည်ကြားထဲတွင် “ ဆံပင်ညှပ်ခြင်းသည် တိုအောင်ညှပ်ခြင်းဖြစ်သည် ” ဟူသော မူဝါဒကြီးကို ဦးဟန်ကြည်၏ ဖေဖေက လက်ကိုင်ထားပြန်လေရာ ဖိုးလှချင် မောင်ဟန်ကြည်ခမျာမှာ ခြောက်တန်းခုနစ်တန်းအရွယ်အထိ “ စစ်ကေ ” ဟု အရပ်ခေါ်ခေါ်သော “ ရှေ့တစ်လက်မှ နောက်ပြောင်ကေ ” နှင့်သာ ညားလေတော့သည်။ အစိုးရအတန်းကျောင်းမှ ဆရာများကလည်း အနှီကေမျိုးကို အလွန် သဘောကျပေသကိုး။ ရှေ့ပိုင်းတွင် တစ်လက်မ မရှိတရှိ ချန်ထားသော ဦးစွန်းဖုတ်ကလေးကို စိတ်မထင်လျှင် မထင်သလို ဆွဲနိုင်သည်သာမကဘဲ အပြောင်ထိုးထားသော ခေါင်းနောက်ပိုင်းကိုလည်း “ ဖြောင် ” ခနဲအသံမြည်အောင် ကျင်းနိုင်သေးရာ ဆရာနှင့် မိဘများက အနှီကေမျိုးကို သဘောမကျဘဲ နေရိုးလား။ စိတ်ထဲရှိသည့်အတိုင်း မညာတမ်းပြောရလျှင် အနှီကေမျိုးကို ဦးဟန်ကြည် တစ်စက်ကလေးမျှ မေတ္တာမရှိ။ ခေါင်းပေါ်မတင်ချင်။ နဂိုက ခေါင်းပြားသော မောင်ဟန်ကြည်နှင့် အနှီကေသည် တစောင်းစေးနှင့် မျက်ချေး။ သို့သော် ထိုကေမှလွဲ၍ ညှပ်စရာမရှိ။ ထိုခေတ်ထိုအခါက ကလေးဟူသည် လူကြီးစိတ်ကြိုက် အလိုလိုက်ရစမြဲ။

ခေတ်ကလည်း အစစအရာရာ တိုရေရှားရေနိုင်လှသော ခေတ်ဖြစ်လေရာ အနှီရှေ့တစ်လက်မ နောက်ပြောင် ဗိုလ်ကေကလေး ခေါင်းပေါ်တင်နိုင်စေရန်အတွက် စက်ကပ်ကြေးညပ်သည့်ဒဏ်ကို မောင်ဟန်ကြည်ပုလုကွေးခမျာ အတော်ခံခဲ့ရရှာသည်။ တစ်ချွပ်ချွပ်ဖြင့် ညှပ်နေသော စက်ကပ်ကြေးကြားတွင် ဆံပင်ညပ်နေသည်ကို ဆံသဆရာက သတိမထားမိဘဲ စက်ကပ်ကြေးကို ဆွဲယူလိုက်သည့် အချိန်များတွင် ဆံပင်ကို ဆွဲနှုတ်သလို ခံစားရသည့် ဝေဒနာမှာ မချိမဆန့်။ တစ်ခါတစ်ခါတွင် မျက်ရည်ပင် ၀ဲလုလု။ သည်ကြားထဲတွင် မျက်နှာထားကြီး ခပ်တင်းတင်းနှင့် ကပ်ကြေး တရွှပ်ရွှပ် အသံပေးနေသော ဆံသဆရာ အဘိုးကြီးကလည်း မျက်နှာထား ထင်းပါဘိသနဲ့။ သူ့သင်တုံးဓား ခပ်တုံးတုံးကြီးဖြင့် နားသယ်ဆံစများကို ရိပ်ပေးပြီဆိုလျှင် အံသာကြိတ်ထားပေရော့။ မတော်တဆ ချော်ချက်ထိသွားလျှင်လည်း တောင်းပန်ဖို့ဝေးစွ။ ဓားထိထားသော ဒဏ်ရာကို ပေါင်ဒါမှုန့်ဖြင့် ခပ်တည်တည် တို့ပေးလိုက်လေမည်။ တစ်ခါတစ်ရံ ပေါင်ဒါမှုန့်ဗူးက အနီးအနားတွင်မရှိလျှင် သင်တုန်းဓားတွင် ကပ်နေသော ရိပ်ပြီးလက်စ ဆံပင်မွှေးများဖြင့် အသာဖုံးပေးလိုက်သည်လည်း ရှိ၏။ ဓားချက်ပေါင်းများစွာကို ဆံပင်ညှပ်သည့်အခါတိုင်း ကော့နေအောင်ခံခဲ့ရလေသော မောင်ဟန်ကြည်ခမျာ လည်ကုပ်ပေါ်ရှိ ဆံပင်မွေးများကို သင်တုန်းဓားဖြင့် တဗြင်းဗြင်းရိပ်ပေးနေသည့် ဓားသံကို ယခုဦးဟန်ကြည်အရွယ်ရောက်သည်အထိ ကြားယောင်နေဆဲ။ ကြားယောင်မိတိုင်းလည်း ကြက်သီးမွေးညင်းထစမြဲ။ တစ်လက်တည်းသော သင်တုန်းဓားဖြင့် စိတ်ရှိလက်ရှိ အနားသိမ်းရိပ်ပေးလိုက်သော နားသယ်စပ်နှင့် ကုပ်ပိုးနေရာများကို ရေထိလျှင် ချွေးစေးပျံလျှင် လေးငါးရက်ကြာသည်အထိ စပ်ဖျဉ်းဖျဉ်းဖြစ်နေဆဲ။ ထိုမျှ မချိမဆန့်ခံရသော ဆံပင်ညှပ်ခြင်း၏ အာဝေနိကဒဏ်များကို ဗန္ဓုလမောင်ဟန်ကြည် လန့်လေရာ အလှကြိုက်သော်လည်း ဆံသဆိုင်သွားရန် ၀န်လေးသည်မှာ မဆန်း။

၉၀ ၀န်းကျင်နှစ်များတွင် AIDS ရောဂါဆန်းကြီးပေါ်လာခြင်းသည် ကျန်လူများအတွက် အကျိုးရှိမရှိ မသေချာသော်လည်း လူပျိုတက်စ မောင်ဟန်ကြည်အတွက်ကား အဆင်ချောလှသည်။ ဆံသဆိုင်များတွင် တစ်ခါသုံး ဘလိတ်ဓားများ သုံးလာကြသည်ကိုး။ သင်တုန်းဓားကို အလန့်ကြီးလန့်ခဲ့သော မောင်ဟန်ကြည်တစ်ယောက် ဘလိတ်ဓားခေတ်ရောက်လာလျှင် ဆံပင်ညှပ်ရခြင်းကို သဘောတွေ့စ ပြုလာလေတော့သည်။ အရွယ်ကလည်း လှချင်ပချင်သည့် အရွယ် ရောက်လာပြီကိုး။ သို့သော် မည်းမည်းတူးတူး မောင်ဟန်ကြည်ခမျာ အလှအပနှင့်ပတ်သက်လျှင် ထိုအချိန်ကတည်းက ပါရမီ မပါရှာ။ ထိုခေတ်ထိုကာလက ယိုးဒယားအဆိုတော် “ ထုံချိုင်း ” ၏ တစ်ခြမ်းစောင်းဆံပင်ပုံစံကို တစ်ပြည်လုံးရှိ လူရွယ်ယောက်ျားလေးများ ထားကြသော်လည်း မောင်ဟန်ကြည် မထားနိုင်။ မွေးသဖခင် ကျေးဇူးရှင်ဖေဖေက မောင်ဟန်ကြည်တို့ ရေချိုးပြီးတိုင်း တဘက်ကြမ်းကြမ်းဖြင့် နဖူးထောင့်ရှိ အမွေးနုများကို အားရှိပါးရှိ ပွတ်တိုက်ပေးသော်လည်း မွေးကတည်းက ခပ်ကျဉ်းကျဉ်းသာရှိသော နဖူးက ထူးထွေ၍ ကျယ်မလာခဲ့ပဲကိုး။ အဆုံးသတ် သတ္တုချလိုက်လျှင် ဗလကြီးဖေဖေ့ “ နဖူးတွန်း ” ချက်ဖြင့် မျက်ရည်ထွက်သည်သာ အဖတ်တင်ပြီး မောင်ဟန်ကြည် ဖိုးကံမွဲခမျာ ကာလသားပေါက် ဘ၀တစ်လျှောက်လုံး “ တိုပြီးရောကေ ” နှင့်သာ ညားရှာလေတော့သည်။

ရုပ်ရှင်မင်းသား “ ဒွေး ” စန်းတက်ချိန်က လူရွယ်အတော်များများ ဒွေးကေ ထားကြသော်လည်း မဟာနဖူးမျိုး မပိုင်ဆိုင်သော မောင်ဟန်ကြည် မထားနိုင်ခဲ့။ စာတစ်အုပ်ထဲတွင် “ လင်းနို့ချေး ” သုတ်လျှင် နဖူးမွေးများ ကျွတ်ပြီး မဟာနဖူးဖြစ်လာသည်ဟု ဖတ်ခဲ့ရသော်လည်း မဟာနဖူးနှင့် မရပ်ဘဲ “ နဖောင်ပြူး ” နဖူးပြောင်မည်ကို ကြောက်ရှာသော မောင်ဟန်ကြည် ဖိုးလှချင်ခမျာ မစမ်းသပ်ရဲ။ ထိုထိုသော အကြောင်းများကြောင့် မောင်ဟန်ကြည်ခမျာ ခေတ်နှင့် နဖူး ပဋိပက္ခဖြစ်ရင်း ထူးမခြားနားကေဖြင့်သာ လူလားမြောက်ရလေတော့သည်။

မည်သို့ပင်ဆိုစေ။ အချိန်သည် တန့်ရပ်မနေ။ ခေတ်သည် နောက်သို့ပြန်ရိုးထုံးစံမရှိ။ မောင်ဟန်ကြည်တို့ ဆယ်တန်းအောင်ပြီးသော ကာလများတွင် ဆံပင်ညှပ်ဆိုင်များကလည်း မှိုလိုပေါက်လာလေတော့သည်။ ဆံသဆရာများကလည်း “ တိုပြီးရောကေ ” မဟုတ်ဘဲ လူတစ်ယောက်ချင်းစီ၏ မျက်နှာကျနှင့် လိုက်ဖက်သော ဆံပင်ပုံစံမျိုးကို ဖန်ဆင်းပေးနိုင်သည်အထိ တိုးတက်လာလေပြီ။ ဘုန်းကြီးရူးနှင့် လှေလူးတို့ တွေ့ချေပြီတည်း။ ပုလုကွေးအရွယ်မှ လူပျိုတက်စ အရွယ်အထိ ဆံပင်ဒုက္ခခံခဲ့ရသော မောင်ဟန်ကြည်တစ်ယောက် တက္ကသိုလ်ကျောင်းသားအရွယ်ရောက်သောအခါ စိတ်ကြိုက် ဇီဇာကြောင်လေတော့သည်။ အရွယ်ကလည်း လှချင်ရက် စက်စက်ယိုသော အရွယ်မျိုး ဖြစ်လာပြီကိုး။ ခပ်ငယ်ငယ် ကလေးဘ၀ကဲ့သို့ “ တိုပြီးရောကေ ” ဖြင့် မကျေနပ်တော့ပြီ။ လူပျိုပေါက်အရွယ်ကဲ့သို့ ဆိုင်နံရံတွင် ကပ်စဖြင့် ထိုးညှပ်ထားသော မင်းသားပုံ ပိုစတာများထဲက ကိုယ်မျက်စိကျသော တစ်ပုံကို လက်ညှိုးထိုးပြရသော “ ဟိုကေ ” မျိုးလည်း မညှပ်တော့ပြီ။ ဆံသဆရာ၏ ကပ်ကြေးချက်တိုင်းကို မျက်တောင်မခတ်ကြည့်ပြီး ဟိုဘက်ကို ဟိုလိုညှပ်၊ သည်ဘက်ကို သည်လိုညှပ်ဟု ခပ်တည်တည် ဆရာလုပ်တတ်လာလေပြီ။ ပုံကျခြင်း မကျခြင်းကို ဘေးချိတ်။ ကိုယ့် စိတ်ကြိုက်ပုံသွင်းထားသော ဆံပင်ပုံစံဖြင့် ကိုယ့်ကိုယ်ကို မှန်ထဲတွင် မြင်ရသည်မှာ အရသာ ခပ်ရှိရှိ။

မိမိဆံပင်ပုံစံကို မိမိဘာသာ ဖန်ဆင်းရသည်မှာ ကျေနပ်စရာကောင်းသော်လည်း ဟိုလိုလုပ်ပါ သည်လိုလုပ်ပါဟု ဆရာလုပ်ချင်သော ဗီဇပိုင်ရှင် မောင်ဟန်ကြည်ခမျာ တော်ရုံတန်ရုံ ဆံသသမားနှင့် ကီးမကိုက်။ တစ်ချို့ ဆံသဆရာများက အနှီလို ခပ်ရှည်ရှည် ငတိမျိုးကို စိတ်မရှည်။ ဟိုလိုညှပ်ပါဟု အကြံပေးလျှင် သည်လိုညှပ်ပစ်လိုက်သည်က များလေသည်။ ဆံသဆရာဟူသည့် လူတန်းစားမျိုးကလည်း ဆံပင်အညှပ်ခံနေသူ၏ ခေါင်းပေါ်မှ ဆံပင်သာ တစ်မွေးမျှ မကျန်အောင် ပြောင်ချင်ပြောင်မည် သူရို့ပညာက ကုန်ခမ်းသည်ဟူ၍ မရှိတတ်လေရာ စာရင်းချုပ်လိုက်လျှင် ဖိုးလျှာရှည် မောင်ဟန်ကြည်တစ်ယောက် စာကလေးအမွေးနှုတ်ဘ၀ဖြင့် တစ်ပတ်ဆယ်ရက် မှန်မကြည့်ချင်အောင် စိတ်ဆင်းရဲ ကျန်ရစ်သည်သာ အဖတ်တင်လေ၏။ ထို့ကြောင့် ကိုယ့်အကြောင်းကို နောကျေနေသော မောင်ဟန်ကြည်ခမျာ တက္ကသိုလ်ကျောင်းသားဘ၀တစ်လျှောက်လုံးတွင် “ သိန်းဝင်း ” ဆံသဆိုင်ကိုသာ လက်စွဲထားခဲ့ရလေတော့သည်။ ခက်သည်က အနှီ “ သိန်းဝင်း ” ဆံသဆိုသည်ကလည်း တကယ့်ဆိုင်ကြီး။ ဆံသဆရာပေါင်း သုံးလေးဆယ်၊ အလုပ်သမား ခေါင်းလျှော်သမား လေးငါးဆယ်ဖြင့် လည်ပတ်နေသော လုပ်ငန်းကြီး။ ဆံသဆရာဆိုသည်မှာလည်း ဆိုင်က ခန့်ထားသော ဆံသဆရာမျိုးမဟုတ်ဘဲ “ လက်ခစား ” သဘောမျိုး အလုပ်ဆင်းကြသူများဖြစ်လေရာ တစ်ယောက်ညှပ်ပေးလျှင် ဆံပင်ကေတစ်မျိုး။ ကိစ္စမရှိ။ လူပါး လူနပ် မောင်ဟန်ကြည်ကား ကိုယ်နှင့် လေပေါက်ကိုက်၍ ကိုယ်ခိုင်းသမျှ မညည်းမညူ လိုက်လုပ်ပေးမည့် ဆံသဆရာကို အပီကိုင်ထားလိုက်လျှင် အဆင်ပြေပေပြီ။

သည်အသက်သည်အရွယ်အထိ ကြုံခဲ့ဖူးသော ဆံသဆိုင်များတွင် ရွှေမန်းမြို့မှ အနှီ “ သိန်းဝင်း ” ဆံသကို ဦးဟန်ကြည် သဘောအတွေ့ဆုံး။ မတွေ့နေရိုးလား။ ဆိုင်ကို လာသမျှ ပုပုရွရွ ကာလသားလေး၊ ကာလသားကြီး ဟူသမျှကို ကွမ်းယာဖြင့် ဧည့်ခံသည်ကိုး။ ဆိုင်ဝန်ထမ်းကလေးများကလည်း သဘောကောင်းပါဘိသနဲ့။ ကွမ်းတစ်ယာတည်း ယူဝါးမိလျှင် “ အစ်ကိုကြီး နှစ်ယာပြူးသာဝါးဗျ ” ဟု ရက်ရက်ရောရော ဥပစာယပြုသည်ချည်း။ ထိုမျှမကသေး ဘော်ဒါ ရဲဘော်သုံးလေးယောက်လောက်ကို အပ်ါခေါ်ပြီး ဆံပင်သွားညှပ်လျှင် လက်စွဲတော် ဆံသဆရာက မောင်ဟန်ကြည့်အတွက် ဆံပင်ညှပ်ခ မယူ။ ကော်တစ်ရာ မောင်ဟန်ကြည်အတွက် တိုင်း၍ရက်သည့် ပက္ကလာ။ လက်စွဲတော် ဆံသဆရာကလည်း သဘောကောင်းချက်က ကမ်းကုန်။ တစ်ခါသားတွင် မောင်မင်းကြီးသား သဘောတော် အကောင်းလွန်သဖြင့် ဖရီးကြိတ်မောင်ဟန်ကြည်ခမျာ ဒုက္ခပင် တွေ့ရှာလေတော့သည်။ ဆံပင်ညှပ်အပြီးတွင် ကိုယ့်ဆရာက “ အစ်ကိုကြီး စက်နဲ့အနှိပ်ခံကြည့်ပါလား ” ဟု လောကွတ်ချော်လေရာ အလကားရလျှင် ၀မ်းနှုတ်ဆေးပင် နှစ်ခါပြန် မြည်းတတ်သော မောင်ဟန်ကြည် သဘောအတွေ့ကြီးတွေ့ပြီး “ အိုခေ ” လိုက်မိသည်။ သကောင့်သား၏ အနှိပ်စက်က လက်ကိုင်တပ်ထားသော ဘုလုံးသုံးလုံး တဒီးဒီးလည်နေသည့် ထူးခြားဆန်းပြား စက်မျိုးဖြစ်လေရာ စေတနာ ရေစီးကမ်းပြိုလိုက်ပြီး ဇက်ကြော ကုပ်ကြောနှင့် ကျောရိုး ခါးရိုးပါမကျန် ကပ္ပိပေးလိုက်သော မောင်မင်းကြီးသား လက်ချက်ဖြင့် တစ်ကိုယ်လုံး ကိုင်ရိုက်သလို ဖွတ်ဖွတ်ညက်ညက် ကြေသွားသော မောင်ဟန်ကြည်ခမျာ သုံးလေးရက်ကြာသည်အထိ လမ်းသန်သန် မလျှောက်နိုင်။ စက်ဖြင့် နှိပ်ခြင်းကို မောင်ဟန်ကြည်ဘ၀ကတည်းက တစ်ချီတည်းနှင့် အရိုးစွဲအောင် အမှတ်ကြီးမှတ်သွားလေသော ဦးဟန်ကြည်ခမျာ သည်မှာဘက်ခေတ်တွင် ပေါ်နေသော အနှိပ်ထိုင်ခုံဟူသည့်အရာပေါ်တွင် ယနေ့အထိ ယောင်မှား၍ပင် မထိုင်ရဲရှာတော့။

ကျောင်းမှထွက်အပြီး အပြင်လောကထဲသို့ ခြေစုံပစ်ဝင်ရသော ကာလအပိုင်းအခြားသို့ရောက်လာလျှင် ဦးဟန်ကြည် ယခင်ကဲ့သို့ ဇီဇာမကြောင်နိုင်တော့ပြီ။ ဒေသအမျိုးမျိုး ဆံပင်ညှပ်သမား အမျိုးမျိုးလက်ချက်ဖြင့် ဆံပင်ပုံစံ အမျိုးစုံအောင် ကြုံရလေတော့သည်။ သည်ဘက်ပြည်နယ်က တိုင်းရင်းသားဆိုသည်မှာလည်း အလှအပကို ဦးစားပေးကြသူများ မဟုတ်။ တချို့ပုဂ္ဂိုလ်များဆိုလျှင် ဆံသခုံပေါ်တွင် တခေါခေါဖြင့် အိပ်ချင် အိပ်နေတတ်ပြန်သည်။ အနှီပုဂ္ဂိုလ်ကြီး အိပ်ရာက နိုးလာ၍ ခေါင်းထက်တွင် မူလရှိရင်းစွဲထက် တိုနေသော ဆံပင်မျိုး ဖြစ်သွားလျှင် ကျေနပ်လေပြီ။ အနှီပုဂ္ဂိုလ်မျိုးအများစု အားပေးသော ဆံသသမားသည် ဦးဟန်ကြည် ဇီဇာသမားကို စိတ်ရှည်မည်မဟုတ်သည်မှာ မြေကြီးလက်ခတ်မလွဲ။ အရွယ်ကလေးရောက် အထာကလေးပေါက်လာလေသော ဦးဟန်ကြည်သည်လည်း ဤမှာဘက်ပြည်နယ်တွင် နေသမျှ ကာလပတ်လုံး ငယ်စဉ်ဘ၀က “ တိုပြီးရော ” ဆံပင်ကေမျိုး ပြန်ထားရလေတော့သည်။ ကုသိုလ်ကံလိုက်သော လများတွင် ဆံသဆရာ စိတ်ကောင်းဝင်ချိန်နှင့်တိုး၍ မျက်နှာပြဲပြဲဝိုင်းဝိုင်း ဦးဟန်ကြည်နှင့် လိုက်ဖက်သော ဆံပင်ပုံစံမျိုး ရတတ်လေသည်။ သို့သော် ထိုအခွင့်ထူးမျိုးမှာ ဆယ်ခါ့တစ်ခါ။ ကိုယ့်လူများက ဆံပင်ပုံစံထွေထွေထူးထူးလည်း မညှပ်တတ်။ ရှိရင်းစွဲဆံပင်ထက် တိုရေးသည် ပထမဦးစားပေး။ နယ်မြေကျွမ်းကျင်၍ ဒေသအကြောင်း သဘောပေါက်လာသော ဦးဟန်ကြည်ကတော့ “ ကိုင်း ရိုးရိုးသာညှပ်…တအားမတိုစေနဲ့ ” ဟု မမေ့မလျော့မှာပြီးလျှင် တာဝန်ပြီးချေပြီ။ တအားမတိုစေနဲ့ဟု မှာရန်တော့ မေ့၍မဖြစ်။ သကောင့်သားများ စိတ်လိုလက်ရရှိ၍ တိုနံ့နံ့ဖြစ်အောင် စိတ်ရှည်လက်ရှည် ညှပ်လွှတ်လိုက်လျှင် ဆံပင်သန်သော ဦးဟန်ကြည်ခမျာ တစ်ခေါင်းလုံး ဖြူဆူးထောင်သလို ထိုးလိုးထောင်လောင် ဖြစ်သည်သာမကဘဲ ဖောင်းဖောင်းအစ်အစ် မျက်နှာကြီးပါ ရှေ့ဘက်သို့ ပြူးထွက်လာပြီး “ ဖိုးပါကြီးရုပ် ” ပေါက်သွားသည့် ကာလမျိုးကလည်း မနည်း။ ကိုယ်ခံပညာဟူသည်မှာ ကိုယ်ခံရဖန်များသောအခါ ပုံစံတူ မခံရစေရန် ကာကွယ်တတ်သွားခြင်းပင် ဖြစ်မည်ထင်၏။

သည်ဘက် တိုင်းစွန်ပြည်နားသို့ ရောက်လာလျှင် ဦးဟန်ကြည်၏ ဘိုကေဒုက္ခမှာ သာ၍ ဆိုးလေတော့သည်။ ဤမှာဘက်နယ်မြေတွင် “ တတ်၍ လုပ်စားသူက ခပ်ရှားရှား…ငတ်၍ လုပ်စားသူက ခပ်များများ ” ဖြစ်လေရာ မည်သည့်အရာမှ စိတ်တိုင်းကျ မဖြစ်နိုင်သည်မှာ ထုံးစံ။ ရောက်ကာစ ကာလများတွင် ဟိုဆိုင်စမ်းညှပ် သည်ဆိုင်စမ်းညှပ်နှင့် တစ်နှစ်နီးပါးကြာအောင် လစဉ်စိတ်ဒုက္ခခံအပြီးတွင် “ အနူတောမှာ လူချောရှာ ” သကဲ့သို့ တစ်ဆိုင်ကို မျက်စိမှိတ်ရွေးထားရသည်မှာ သည်နေ့အထိ။ ထိုဆိုင်ကလည်း လက်ရာ အထူးတလည် ကောင်းလှသည်မဟုတ်။ မည်သို့ပင်ဆိုစေ လစဉ်လတိုင်း သင်းညှပ်ပေးသမျှ ဆံပင်ပုံစံဖြင့် ကိုယ့်ကိုယ်ကို မြင်နေကျ ဖြစ်သွားလျှင် “ သရဲရုပ်မှ လူရုပ်ဖြစ်မလာသည်ထားဦး ဘီလူးရုပ်ထွက်မလာခြင်း ” ကို ကျေနပ်နေရလေသည်။ မြင်ပါများလျှင် လှသယောင်ယောင် ခံစားရစမြဲ မဟုတ်လား။ အနှီဆိုင်ကို မကြိုက်၍ မှန်အပြည့်ကာထားပြီး အဲကွန်းတ၀ီဝီလွှတ်ထားသော အခြားဆိုင်များကို စမ်းသပ်ကြည့်မည်ဆိုလျှင်လည်း သည်ဘက်ကာလများတွင် အဆင်မပြေတော့။ ဆံသဆိုင်များတွင်လည်း ညှီနံ့သင်းနေခဲ့သည်မှာ လေးငါးနှစ် ကြာချေပြီ။ ဆံပင်ညှပ်အပြီးတွင် ခေါင်းလျှော်ရန် အနှိပ်ခံရန်အတွက် “ အညှီပါသော မဒီကညာများ ” က အဆင်သင့်။ ရှိစုမဲ့စု သိက္ခာလေး နှစ်ပဲတစ်ပြားကို အပွန်းအပဲ့မခံနိုင်ရှာသော ဦးဟန်ကြည်ခမျာ ထိုဆိုင်မျိုးသို့ မ၀င်ရဲ။ အဲကွန်းမပါ ပန်ကာမရှိသော ဖောက်သည်ဆိုင်တွင်သာ လစဉ်လတိုင်း ချွေးတစ်လုံးလုံးဖြင့် အားပေးရလေတော့သည်။ ရှိစေတော့။ အရွယ်ကလည်း အလှပြင်သည့် အရွယ်မှ မဟုတ်တော့ပေပဲကိုး။

မည်သို့ပင်ဆိုစေ တစ်နှစ်တစ်ခါ နွေရာသီခရီးရှည်ထွက်သည့် အချိန်မျိုးတွင်မူ ဦးဟန်ကြည် စိတ်ချမ်းသာရာရလေသည်။ လွန်ခဲ့သော နှစ်နှစ်က နွေရာသီခရီးစဉ်အစတွင် ရန်ကုန်အဝေးပြေးကားဂိတ်အတွင်းရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင် ညှပ်လာခဲ့သော ဆံပင်ပုံစံကို သည်နေ့အထိ ဦးဟန်ကြည်မမေ့။ ဆံပင်ညှပ်ဆရာ ကျွမ်းကျင်လိုက်သည်မှာ သြချစရာပင် ကောင်းသေးတော့။ တစ်ခေါင်းညှပ်ချိန် ငါးမိနစ်ပင်မကြာ။ မှန်တွင်ပြန်ကြည့်လိုက်လျှင် ဦးဟန်ကြည်တစ်ယောက် ကိုယ့်ရုပ်ကို ကိုယ်မမှတ်မိချင်။ မှန်ထဲမှ ပုံရိပ်သည် ဦးဟန်ကြည်မဟုတ်၊ မောင်ဟန်ကြည် ဖြစ်နေလေတော့သည်။ တစ်ကယ်လုပ်လျှင် ငယ်ရုပ်ဆင်နိုင်သေးသော ဦးဟန်ကြည်၏ ရူပပါရမီကို မျက်ဝါးထင်ထင် မြင်သွားသော မဒမ်ကြည်ပင် ပါးစပ်အဟောင်းသား။ “ ကြည့်စမ်း ငါ့ငယ်ရည်းစားက သည်ဘူဒါးကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ အောင်းနေတာကိုး ” ဟုများ တွေးနေရော့သလား မဆိုနိုင်။ မောင်မင်းကြီးသား ဆံသဆရာကို ဦးဟန်ကြည် လေးစားလိုက်သည်မှာ တစ်ရက်ပြီးတစ်ရက် ဆံပင်ပြန်ရှည်လာမည်ကို စိုးရိမ်စိတ်ဖြင့် နေ၀င်မည်ကိုပင် ငြိုညင်မိသည်အထိ။

သည်နှစ် နွေရာသီခရီးစဉ်အတွင်းကမူ မန်းလေး ဗောဓိကုန်းရှိ ဆံသဆိုင်တွင် ဦးဟန်ကြည် ဆံပင်ညှပ်ခဲ့သည်။ ဆံသဆရာကလေးက အသက်ခပ်ငယ်ငယ်။ နှစ်ဆယ်ကျော် အစိတ်ဝန်းကျင်သာသာပဲ ရှိမည်ထင်၏။ လုပ်သက်က မနည်း။ ဆယ့်ငါးနှစ်ရှိပြီဟု ဆိုသည်။ ဦးဟန်ကြည်၏ ခေါင်းထက်ရှိ ကြာဇံတစ်ထုပ်ကို ကလစ်များဖြင့် ဟိုညှပ်သည်ညှပ်လုပ်ပြီး ကတ်ကြေးတစ်လက်ဖြင့် တချွပ်ချွပ်ပုံဖော်နေသည်မှာ သက်တောင့်သက်သာ။ သကောင့်သားကလေး ဆံပင်ညှပ်ပေးနေသည်ကို ဘေးမှ ၀ိုင်းကြည့်နေသော အလုပ်သင်ချာတိတ်ကလေးများကလည်း ပြုံးပြုံးရွှင်ရွှင်။ ကလေးများဝိုင်းနေလျှင် ဗလွတ်ရွှတ်တ ပြောလေ့ရှိသော ဆရာဦးဟန်ကြည် ပေါက်ကရပြောသမျှ ရယ်လိုက်ကြ မောလိုက်ကြနှင့် အချိန်ဆယ်မိနစ်ခန့်ကြာလျှင် ဦးဟန်ကြည်တစ်ယောက် လူယောင်ဖန်ဆင်းပြီး ဖြစ်သွားလေတော့သည်။ မှန်ထဲတွင်မြင်နေရသော ဦးဟန်ကြည်မှာ ခန့်ခန့်ထည်ထည်ကြီး ဖိန့်ဖိန့်ကြီးနှင့် ဥပဓိရုပ်အပြည့်။ အနှီဥပဓိရုပ်မျိုးဖြင့် ကိုယ့်ကိုယ်ကို မမြင်ဖူးသော ဦးဟန်ကြည်မှာ တအံ့တသြ။ ငတိကလေး ပညာတော်ပေစွ။ အရွယ်ငယ်သော်လည်း ပညာမငယ်။ ဆံပင်ညှပ်ခကို မေးလျှင် “ တစ်ထောင် ” ဟု ဖြေလေသည်။ ကိုယ့်ဒေသနှင့် နှိုင်းယှဉ်ကြည့်ပြီး အနည်းဆုံး နှစ်ထောင် သုံးထောင် ကျသင့်မည်ဟု မှန်းထားသော ဦးဟန်ကြည်၏ ပါးစပ်မှ “ တစ်ထောင်တည်းလား ” ဟု ယောင်ယမ်း၍ မေးလိုက်မိလျှင် ငတိလေးများ တအံ့တသြ။ “ ဟာ…ဆရာကြီးကလည်း တစ်ထောင်တည်းလားရယ်လို့… ” ဟု ချာတိတ်တစ်ယောက်က ပြုံးပြုံးရွှင်ရွှင်နှင့် စကားဝင်ထောက်မှ ကိုယ့်အမှားကို သဘောပေါက်သော ဦးဟန်ကြည်ခမျာ ဒေသမတူကြောင်း ရိပ်မိပြီး စကားရောဖောရောဖြင့် ချော်လဲရောထိုင် လုပ်လိုက်ရလေတော့သည်။ ဆံသဆရာ ငတိလေးကို သဘောတကျဖြင့် မုန့်ဖိုးပေးသော်လည်း မယူ။ တော်ပေစွ။

စိတ်ကူးအာရုံကြောတွင် ဦးဟန်ကြည် မျောနေလိုက်သည်မှာ မည်မျှကြာသွားသည်မသိ။ နားထင်အစပ်ကို တို့ဖတ်ဖြင့် ပုတ်လိုက်သော ပေါင်ဒါမှုန့်အနံ့က နှာခေါင်းတွင်းသို့ စူးခနဲဝင်လာမှ သတိပြန်ဝင်လေတော့သည်။ မျက်နှာချင်းဆိုင်ရှိ မှန်ရှေ့တွင် ဆံပင်တိုနံ့နံ့နှင့် ဦးဟန်ကြည်၏ ရုပ်သွင်က စပ်ဖြဲဖြဲ။ ရှိစေတော့။ “ တိုပြီးရော ” ကေ တစ်ခါညှပ်ပြီးတိုင်း မှန်ထဲတွင် မြင်ရလေ့ရှိသည့် ကိုယ့်မျက်နှာကို သောက်ညင်ကတ်ကတ်သွားသော ခံစားချက်မျိုး ရိုးနေလေပြီ။ အိမ်ပြန်ရောက်၍ ရေမိုးချိုးပြီး ခေါင်းဖြီး မှန်ကြည့်လျှင် “ ငါ့နှယ် သည်ဆိုင်မှာ ညှပ်မိတာ မှားလေခြင်း ” ဟူသည့် အတွေးမျိုး ထုံးစံမပျက် ၀င်လာလေဦးမည်။ မည်သို့ပင်ဆိုစေ ဘေးနှစ်ဘက်တွင် ဆံပင်ခပ်ပါးပါး ထိပ်လည်တွင် ဆံပင်အဖုတ်လိုက်စုနေသော မျက်နှာခပ်ပြဲပြဲကို သုံးလေးရက်လောက် မှန်ထဲတွင် ဆက်တိုင်မြင်ပြီးလျှင် ထိုအတွေးမျိုး ပျောက်သွားဦးမည်မှာ မုချ။ ပိုက်ဆံအိတ်အတွင်းမှ တစ်ထောင်တန်တစ်ရွက်နှင့် ငါးရာတန်တစ်ရွက် ထုတ်ယူပြီး ဆံသဆရာ၏ လက်တွင်းသို့ ထည့်ပေးလိုက်သည်။ မှန်ထဲတွင် မြင်နေရသော ကိုယ့်ပုံကို သေသေချာချာ ကြည့်မနေတော့။

ဆံသဆိုင်မှ အပြင်သို့ထွက်လိုက်လျှင် မိုးတစ်ပေါက်နှစ်ပေါက် ကျလာသည်။ လမ်းမပေါ်တွင် ဥဒဟိုသွားနေကြသော ဆိုင်ကယ်များ အရှိန်မြန်လာကြသည်ကို သတိထားမိ၏။ စီးတော်ဆိုင်ကယ်ပေါ်ခွထိုင်ပြီး စက်နှိုး၍ တစ်လိမ့်ချင်း မောင်းထွက်လာခဲ့လိုက်သည်။ ဦးဟန်ကြည်၏ ခေါင်းပေါ်တွင် တိုနံ့နံ့ ကြာဆံအစုအဝေးကလေးများက မိုးသက်လေ တစ်ချက်တစ်ချက်အဝေ့တွင် တလူလူ လွင့်လျက်…။     ။



( ဟန်ကြည် )
၁၅.၆.၂၀၁၄ ( တနင်္ဂနွေနေ့ )

( ဓာတ်ပုံတွေကို Google ကနေ ရှာထားပါတယ်...သက်ဆိုင်ရာပိုင်ရှင်တွေကို သည်နေရာကနေ Credit ပေးပါရစေ... )

Wednesday, 30 April 2014

“ တစ်ကျောင်း တစ်ဂါထာ . . . ”


နေကလည်း ပူလိုက်တာ ကျက်ကျက်ကိုလန်လို့...အလုပ်ကိစ္စကလေးတစ်ခုရှိလို့ သင်တန်းနားတဲ့အချိန်လေးမှာ ခဏလေးအပြင်ထွက်လိုက်မိတာ မျက်လုံးတွေပြာ ခေါင်းတွေကလည်းမူး...

မျက်လုံးပြာတာကတော့ နေပူပြင်းလို့ထင်ပါရဲ့...ခေါင်းမူးတာကတော့ သည်ရက်ပတ်က စာမေးပွဲရက်ပတ်ဆိုတော့ အတွင်းပူက ဦးဏှောက်ကို တက်ဆောင့်ဟန်တူပါရဲ့...ခရမ်းပဲလွန်သလား လိမ္မော်ပဲများလေသလားတော့လည်း မပြောတတ်ဘူး...လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေဆိုတော့လည်း ငါ့ဝမ်းပူဆာ မနေသာ သွားစရာရှိသွား လာစရာရှိလာနေရတော့တာကိုက လူ့ဒုက္ခ...

နေပူပူနဲ့ အပြင်သွားလို့ ခေါင်းနောက်ပေမင့် ပေါက်ကရဟူသမျှ မှတ်မိနေကျ ဦးဏှောက်ကတော့ မြင်သမျှကြားသမျှကို အတင်းလိုက်မှတ်နေပြန်တာမို့ ဒူးရင်းသီးလည်ရောင်းတဲ့ ခေါင်းရွက်ဈေးသည်တစ်ယောက် ပါးစပ်က “ ၀ယ်ကြဦးမလား...သည်ဘက်က ဒ၀င်းသီး ” လို့ အော်ရောင်းနေတာကို ကြားဖြစ်အောင် ကြားခဲ့သေး...

ဒေသတစ်ခု ပြောင်းတာနဲ့ အခေါ်အဝေါ်တွေ ပြောင်းလေ့ရှိတာက ထုံးစံဆိုပေမင့် သည်ဘက်နယ်က အခေါ်အဝေါ်တွေကျတော့လည်း ပြောင်းချက် ဆန်းချက်က ကမ်းကုန်...ဒူးရင်းသီးဆိုရင် “ ဒ၀င်းသီး ”၊ ပြတင်းပေါက်ကို “ ဂတွင်းပေါက် ”၊ သတို့သားကို “ ဂဒို့သား ” လို့ အသံထွက်လေတော့ အညာသားဦးဟန်ကြည်ခမျာ မျက်စိတွေလည် နားတွေရှုပ်...ဟုတ်လည်းဟုတ်တဲ့ အခေါ်အဝေါ်တွေ...

တစ်ခါသားမှာ တပည့်တစ်ယောက်က “ ဆရာ...ဂတွင်းပေါက်မှာ ပေါက်ဆိန်ဂျိုကြီးသေနေတာ ပလွက်ဆိတ်တွေ စားနေတယ် ” လို့ သတင်းပေးတော့ ဦးဟန်ကြည်ခမျာမှာ ဘာများပြောတာပါလိမ့်လို့ ခေါင်းကုတ်ယူရဖူးပါရဲ့...သည်ကလေးတွေက “ ပုရွက်ဆိတ် ” ကို ပလွက်ဆိတ်လို့ အသံထွက်တာကိုး...ပုတ်သင်ညိုကိုလည်း ပေါက်ဆိန်ဂျိုဆိုမှတော့ မျက်စိမလည်ဘဲနေရိုးလား...သည်ကြားထဲမှာ မြေတူးစက် bulldoozer ကိုလည်း “ ဘစ်လစ်ဂျာ ” လို့ အသံထွက်ပစ်လိုက်သေးတာရယ်...အညာသားကသာ မျက်စိလည်တာကလား...သူရို့အချင်းချင်းကျတော့ ဟုတ်လို့...

ဒါတင်ဘယ်ကလိမ့်တုန်း...တစ်ခါသားတုန်းက အဘွားကြီးတစ်ယောက် ရောက်လာပြီး “ ဆရာ...ကိုယ်အေးဆေး ရှိလား ” လို့လာမေးလိုက်တော့ ဦးဟန်ကြည်ခမျာ ဘာဆေးပေးလို့ပေးရမှန်းမသိ... “ ဒါဆိုရင်လည်း နှစ်ထပ်ဆေးသာပေးတော့ ” ဆိုတော့ ပိုဆိုးရော...နှစ်ထပ်ဆေးဆိုတာ အလွှာနှစ်ခုပါတဲ့ဆေးပဲလို့ အနက်ပြန်ပြီး နှစ်လွှာပါတဲ့ဆေးကို ကောက်ပေးလိုက်တော့လည်း မဟုတ်ဘူးဆိုပဲ...“ နှစ်ထပ်ဆေးမရှိရင်လည်း ခါးထောက်ဆေး ပဲ ပေးပါတော့ဆရာရယ် ” ဆိုပြန်တော့ ပက်လက်ကိုလန်ရော...တစ်သက်နဲ့တစ်ကိုယ် ခါးထောက်ဆေးဆိုတာ ကြားမှ မကြားခဲ့ဖူးဘဲကိုး...သူမေးတဲ့ဆေးတွေကို ဦးဟန်ကြည် နားမလည်တာကို ဘ၀င်မကျဖြစ်သွားတဲ့ ဘွားတော်က ဆရာကလည်း ဒါလေးတောင် မသိဘူးလားလို့ အငေါ်တူးသွားတော့ စိတ်ဆိုးရအခက် ရယ်လို့လည်းမရ...

ဒါတင်ဘယ်ကလိမ့်တုန်း...ဦးဟန်ကြည်တို့က အလှဆီလို့ ခေါ်တဲ့ Glycerine ကို သည်ဘက်နယ်ကလူတွေက “ အသားပတ်ဆီ ” လို့ ခေါ်ပြန်ရော...ချောင်းဆိုးပျောက်ဆေးကိုလည်း “ ချောင်းဆိုးဆေး ” လို့ ခေါ်ပြန်ရော...ချောင်းဆိုးဆေးက ပြဿနာသိပ်မရှိပေမင့် “ ၀မ်းလျှောဆေး ” ဆိုရင် ခွကျပြီ...ကိုယ့်အခေါ်အရဆိုရင် ၀မ်းလျှောဆေးဆိုတာ ၀မ်းလျှောအောင်လုပ်တဲ့ ၀မ်းနှုတ်ဆေးကို ခေါ်တာကိုး...သူရို့ခေါ်တဲ့ ၀မ်းလျှောဆေးက ၀မ်းလျှောရင်သောက်ရတဲ့ ၀မ်းပိတ်ဆေး...အနှီလိုအခါမျိုးမှာ ကိုယ်ပါ လူသတ်မှုမဖြစ်အောင် “ လျှောချင်တာလား...ပိတ်ချင်တာလား ” လို့ မမေးမဖြစ် မေးရပြီသာမှတ်...အောင်မယ် အနှီလို မေးပြန်တော့လည်း သည်ဆရာ ညံ့ရန်ကောဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ကြသေးတာရယ်...

အဆိုးတကာ့ထိပ်ခေါင်ကတော့ “ စလုံး ” နဲ့ “ ရကောက် ” အသံမကွဲတဲ့ ပြဿနာ...သူရို့တွေစကားပြောရင် ရှိပါတယ်လို့မှ အသံမထွက်ဘဲကိုးဗျ...roll call ထူးပြီဆိုရင် “ စိပါတယ်စင့် ” လို့ထူးကြတာကို ပထမဆုံးကြားဖူးတော့ ရယ်ရအခက် ငိုရအခက်...ဒါက ဘာဟုတ်သေးတုန်း... “ ဆရာ ရှောက်ရွက်စားမလား ” လို့များမေးလိုက်ရင် ဦးဟန်ကြည်ခမျာ မျက်လုံးပါပြူးရှာပါလေရော...ဘယ့်နှယ်ဗျာ...ရှောက်ရွက်ကို “ စလုံး ” သံနဲ့ အသံထွက်လိုက်တော့ မဖွယ်မရာကြီး ဖြစ်နေတာကိုးဗျ...

အခေါ်အဝေါ်တင် ကွဲတယ်မထင်လေနဲ့...အသုံးအနှုန်းကလည်း မတူရေးချမတူ...ကျောင်းသူလေးတစ်ယောက် ပတ်ထားတဲ့နာရီကို သဘောကျလို့ မေးကြည့်မိတော့ “ ကောက်တွေ့တဲ့နာရီ ” လို့ ပြန်ဖြေသဗျား...ဦးဟန်ကြည်တို့က ကောက်ရတာလို့ ပြောတာကို သူရို့ကျမှ ကောက်တွေ့တယ်ဖြစ်ရော...“ သမီးနာရီကို သူငယ်ချင်းက တောင်းဝယ်နေတာ... ” လို့ဆက်ပြောမှ မျက်စိပိုလည်ရော...ဘယ့်နှယ်ဗျာ...တောင်းချင်လည်းတောင်း ၀ယ်ချင်လည်းဝယ်ပေါ့...သူ့ဟာက တောင်းဝယ်တယ်ဆိုတော့ နားလည်ခက်ပါဘိ...ရှိသေးတယ်... ကလေးအချင်းချင်း စိတ်ဆိုးရန်ဖြစ်ကြရင် ခံရတဲ့ကလေးက “ နင့်ကို ငါ့အမေနဲ့ ပြောတိုင်မယ် ” လို့ ငိုတတ်သေးတာရယ်...“ ကျေးဇူးတင်ပါတယ် ” ကိုလည်း “ ကျေးဇုတင်ပါတယ် ” လို့ တစ်ချောင်းငင်ဖြုတ်ပြီး အသံထွက်တာ သည်ဘက်ဒေသ...Cartoon ကာတွန်းကိုလည်း “ ကာတွန့် ” လို့ လုပ်ထည့်လိုက်တာမျိုးတွေ... Diary ဒိုင်ယာရီကိုတော့ “ ဒန္တာရီ ” လို့ အသံထွက်သဗျား...တီဗီတွေ အောက်စက်တွေမှာသုံးတဲ့ Remote control ရီမုဒ် ဆိုတာကို “ လမု ” လို့ ဖတ်လိုက်တာများ ဟန်ကိုကျလို့...ကျောင်းကထုတ်ပေးတဲ့ အရည်အချင်းစစ်မှတ်တမ်း Report card ရီပိုဒ့်ကဒ်ကို “ လပို့ကတ် ” လို့ ဖတ်ကျင့်ရှိတာက ဆရာရော တပည့်ပါ အသံတူ...

ဘာကိုပဲပြောပြော “ ပေး ” တစ်လုံးထည့်ပြီး ပြောတဲ့ဓလေ့ကတော့ ရန်ကုန်တို့ မြန်မာပြည်အောက်ပိုင်းတို့ကနေ ဆင်းသက်လာတယ်ထင်ပါရဲ့... “ ငါ့ကို ပေးကြည့်ပါဦး ” “ ကလေးကို ပေးမငိုစေနဲ့ ” “ ဆရာ့ကို ပေးစိတ်ဆင်းရဲနေတယ် ” ဆိုတာမျိုးတွေကို ကြားကာစကဆိုရင် မြန်မာစကားကို ဖျက်ဆီးရပါ့မလားဆိုတဲ့ စိတ်ကူးနဲ့ ဦးဟန်ကြည်မှာ ဒေါတွေကို ဖောင်းလို့...သည့်ထက်ဆိုးတာက မြန်မာစကားကို ပြောင်းပြန်ပြောတဲ့ သူရို့ထုံးစံ...“ ဆရာ...သည်ပုစ္ဆာ သမီး တွက်မတတ်ဘူး ” “ သည်မေးခွန်းကို သား ဖတ်မတတ်ဘူး ” လို့ပြောလေ့ရှိတာက သူရို့အကျင့်...တစ်ခါသားမှာလည်း တပည့်တစ်ယောက်ကို သင်္ချာအတွက်ခိုင်းလိုက်မိပါရဲ့…ဆယ်မိနစ်လောက်ကြာအောင် ဖင်ကုတ်ခေါင်းကုတ်နဲ့လည်း ကြိုးစားပြီးရော သကောင့်သားက “ သည်ပုစ္ဆာကြီးကို တွက်လို့ မထိဘူးဆရာ… ” လို့ ဆင်ခြေပြန်တက်လိုက်တော့ ဦးဟန်ကြည်ခမျာ ဘယ်လိုသဘောပေါက်ရမှန်းမသိဘဲ ဖြစ်ပါလေရော…အကြောင်းအရာတစ်ခုခုကို သူများနားလည်အောင် မပြောတတ်ရင်လည်း “ ပြောလို့ မထိဘူး ” လို့ စောဒကတက်တာ ထုံးစံ…ခပ်ရွတ်ရွတ် ဦးဟန်ကြည်ကတော့ “ အေး…ပြောလို့မထိရင် ရှေ့တိုးပြော… ” လို့ နောက်မိပါလေရောလား…

မြန်မာစာ မြန်မာစကားကို ကျကျနန တတ်စေချင်တဲ့ ဦးဟန်ကြည်ခမျာ သင်းကလေးတွေရဲ့ ပြောင်းပြန်ဝေါဟာရတွေကို အတည့်ဖြစ်အောင် ပြန်ပြင်နေရတာကိုက နိစ္စဓူဝအလုပ်တစ်ခု...တိုင်းရင်းသားကို မြန်မာစကားသင်ရတာ စိတ်ရှည်နိုင်ပေမင့် မြန်မာလူမျိုးတွေကို မြန်မာစကားပြန်သင်ရတာက အတော်လက်ပေါက်ကပ်တဲ့ အလုပ်...သူရို့ ဒေသိယစကားလေးတွေက နားထောင်ရတာ ချစ်စရာကောင်းတာမှန်ပေမင့် သကောင့်သားလေးတွေက စာရေးတဲ့အခါကျတော့လည်း အသံထွက်အတိုင်းရေးကြလေတော့ အမှတ်ပေးစည်းမျဉ်းနဲ့က ဘယ်ကိုက်လိမ့်တုန်း…အနှီတော့လည်း အရေးပြင်ရ အပြောသင်ရနဲ့ ဆရာလုပ်တဲ့ ဦးဟန်ကြည်ခမျာ ဖတ်ဖတ်ကိုမော…

ဦးဟန်ကြည်တို့ white board မှာ စာရေးတဲ့အခါ သုံးတဲ့ marker ကိုခေါ်တာက ပိုတောင်ဆန်းသေး...တစ်ခါသားမှာ ဦးဟန်ကြည် စာသင်နေတုန်း ကျောင်းသားမိဘတစ်ယောက် ရောက်လာပြီး “ ဆရာသုံးတာ ရှော့ပင်လား...မာလကာလား... ” လို့ စပ်စုတော့ ဘာမေးမှန်း သဘောမပေါက်တဲ့ ဦးဟန်ကြည်ခမျာ မျက်လုံးလေး ကလယ်ကလယ်နဲ့... soft pen ကို ရှော့ပင်၊ marker ကို မာလလာကို အသံထွက်တာများ ဘိလပ်သားတွေကြားရင် လုပ်ရက်ပါပေ့လို့ သြချယူကြမယ်ထင်ပါရဲ့...ဒါတင်ဘယ်ဟုတ်လိမ့်တုန်း... double ကို “ ဒဘလယ် ” လို့အသံထွက်သေးတာ...ကြမ်းခင်းပျဉ်ပျားတွေမှာ “ လျှာထိုး ” ဖြစ်အောင် ဘေးတစ်ဖက်တစ်ချက်စီမှာ တစ်ခြမ်းစီ ရွေပေါ်ထိုးပြီးခင်းတဲ့ နဘေထပ်ကို “ နှစ်ပေထပ် ” လို့ လုပ်ထားပါလေရော...

သင်တန်းအတွက် စာသင်ခုံတွေလုပ်ဖို့ လက်သမားအဘိုးကြီးတစ်ယောက်နဲ့ ဦးဟန်ကြည် လက်သမားလုပ်နေကြတုန်းကလည်း လက်သမားက “
ဆရာ့မှာ ရှော့ပင်ရှိလား ” လို့မေးလိုက်တော့ short pant ဘောင်းဘီတိုကို မေးတယ်လို့ ထင်နေတဲ့ ဦးဟန်ကြည်က “ ရှော့ပင်တော့ မ၀တ်တတ်ဘူး အားကစားဘောင်းဘီတိုတော့ရှိတယ်...ယူမလား ” လို့ ပြန်ဖြေလိုက်မိပါလေရော...း)

သူရို့ဒေသမှာ ဘယ်လောက်ပဲ အနေကြာပေမင့် “ အညာသားဟေ့ ” ဆိုတဲ့ ဇာတိပုည ဂုဏ်မာနကြီး တစ်ခွဲသားနဲ့ ဦးဟန်ကြည်ကတော့ ကိုယ့်အညာလေ ကိုယ့်အညာအသုံးအနှုန်းကို သည်နေ့အထိ အမြတ်တနိုး ထိန်းသိမ်းဖို့ ကြိုးစားတုန်း...မဒမ်ကြည်ရဲ့ပါးစပ်က သည်ဘက်နယ်သုံး အသုံးအနှုန်းတွေ တစ်လုံးတစ်လေ ထွက်လာရင်တောင် အပြင်ခိုင်းတုန်း...အနှီလို ဂရုစိုက်လို့ထင်ပါရဲ့...ပြည်နယ်ကို စရောက်ကတည်းက တော်ခဲ့တဲ့ တပည့်တွေက သူရို့ဆရာကို “ ဆရာက သည်နေ့အထိ အညာသံမပျောက်သေးဘူး...၀ဲတုန်းပဲ ” လို့ သြဘာပေးကြပါရဲ့...

ကိုယ့်ကိုယ်ကို မြန်မာသံမပျောက် အညာလေ မတိမ်ကောသေးဘူးလို့ ထင်တစ်လုံးနဲ့ ရွှင်ပြုံးနေခဲ့တဲ့ ဦးဟန်ကြည် သည်တစ်နွေ အညာပြန်ရောက်တော့ ချစ်လှစွာသော ညီမတော်က “ အစ်ကို စကားပြောတာ ၀ဲလိုက်တာ...မနည်း နားထောင်ယူရတယ် ” လို့ မှတ်ချက်ပေးလိုက်မှ ပက်လက်လန်ပါလေရောလား...း)။ ။

( ဟန်ကြည် )
၁၅.၃.၂၀၁၄ ( စနေနေ့ )

Tuesday, 22 April 2014

“ ရွာ . . . ”


ရွာအ၀င်လမ်း
မန်ကျည်းတန်း
လှမ်းလာလှည့်ပါ တို့ကျေးရွာ...

ရွာလမ်းမြေညီ
စိန်ပန်းနီ
ညီညာစီတန်း ပြေးမြင်စမ်း...

ရွာ့တောင်ဘက်မှာ
စမ်းရေပြာ
သာယာချမ်းမြ ကြည်လင်စွ...

ရွာ့မြောက်ဘက်ခြမ်း
လယ်စခန်း
စိမ်းလန်းဝင်းဝါ ပြည့်ဝမ်းစာ...

ရွာဦးထိပ်မှာ
စေတီသာ
သာယာဆည်းလည်း ချမ်းမြေ့ဆဲ...

ရွာနောက်တစ်ခွင်
တောရိပ်ဆင်
ဘ၀င်အေးမြ ရှုတိုင်းလှ...

ရွာသားရွာသူ
စိတ်ထားဖြူ
ညီတူရိုင်းပင်း ဖြောင့်မတ်ခြင်း...

ရွာဘုရားပွဲ
နှစ်စဉ်နွှဲ
ခြိမ့်သည်းပျော်ကြ တောအလှ...

ရွာမှာမွေးဖွား
အို..ရွာသား...
သင်ဖွားရာမြေ၊ သင့်ချက်ကြွေသည်
စိန်ရွှေများစွာ၊ မချမ်းသာလည်း
မြန်မာစိတ်ရင်း၊ ငြိမ်းချမ်းခြင်းနှင့်
ချစ်ခြင်းများစွာ၊ ကြွယ်ဝပါသည့်
ကန္တာတွင်းက အိုအေစစ်...။ ။

( ဟန်ကြည် )
၂၆.၂.၂၀၁၄ ( ဗုဒ္ဓဟူးနေ့ )

Tuesday, 15 April 2014

“ မနက်စာ . . . ”

   
ထောပတ်ဗလာ
မပါဒိန်ခဲ
နို့လည်းနတ္ထိ
မရှိပေါင်မုန့်
ဟန်လုပ်မျိုချ မနက်စာ...

ထမင်းကြမ်းခဲ
ပန်းကန်ထဲထည့်
ဆီလည်းမပါ
ရရာထန်းလျက်
အသာလျက်ရင်း
သွတ်သွင်းမျိုချ မနက်စာ...

ရှိတာမျိုချ
အာဟာရပြတ်
သေတတ်ခဲ့ရင်
တစပြင်မှာ
နေရာရတာ ကြာလှပြီ...

နှလုံးသားမှာ
ကဗျာတစ်စ
အာဟာရဖြစ်
သွေးသစ်သွန်းလောင်း
နှစ်ပေါင်းများစွာ ရှင်သန်နေ...။ ။

( ဟန်ကြည် )
၂၇.၁.၂၀၁၄ ( တနင်္လာနေ့ )

photo credit to Google.

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger