Wednesday 9 June 2010

ကောလဟလ . . .

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ကျောင်းသားတွေ အောင်စာရင်းထွက်တော့မယ်ဆိုလို့ ခမျာများမှာ ယောက်ယက်ခတ်လိုက်ရှာကြတာ ကိုယ်တောင်ကြားထဲက အဆစ်ပါသွားသေးတယ်။
တစ်ညလုံးမအိပ်ဘဲ ထိုင်စောင့်တဲ့ကလေးကစောင့်လို့၊ မနက် ၄ နာရီလောက် ပညာရေးမှူးရုံးရှေ့သွားကြည့်တဲ့ကလေးက သွားကြည့်လို့ ပြီးတော့ အောင်စာရင်းက ထွက်လည်းထွက်မလာဘူးလေ။ ဘယ်သကောင့်သားက မတိကျတဲ့သတင်းကို ဖြန့်လိုက်သလဲမသိပါဘူး။ ကလေးတွေခမျာ အိပ်ရေးပျက်၊ မျက်ချေးထွက်နဲ့ သနားစရာ။
ကြားသမျှလျှောက်ပြောတဲ့ လဒ ကိုပဲ စိတ်တိုရမလား၊ ပြောသမျှယုံတဲ့ ကလေးတွေနဲ့ လူကြီးတွေကိုပဲ
ဒီလောက်တုံးရသလားလို့ မေတ္တာပို့ရမလား မသိတော့ပါဘူး။

ကိုယ်တို့ဆီမှာကောလဟလများချက်ကတော့ မပြောချင်တော့ပါဘူးလေ။
ကိုယ်အခုလေးတင်ခလုတ်တိုက်တယ်လို့ကြားရင်
လမ်းထိပ်လောက်ရောက်တော့ ဖားပြုတ်ကိုက်တယ်ဖြစ်ရော။
လမ်းမနှစ်ခုလောက်ကျော်ရင် တရုပ်ရိုက်တယ်ပြောကြမယ်။ ရပ်ကွက်တစ်ခုလောက်ကျော်လာရင်တော့ -------နှိုက်တယ်များဖြစ်လာမလားမသိဘူး။
စိတ်ပျက်စရာကောင်းလိုက်တာ။
ကြားသမျှ၊ ပါးစပ်ကထွက်ပြီးရောပြောတတ်တဲ့သူတွေကို မုန်းလိုက်တာလေ။
အလကားနေရင်း တိုင်းပြည်နဲ့လူမျိုးကို ဒုက္ခပေးနေကြတဲ့သူတွေပဲ။

တစ်ခုကြားဖူးတယ်....
အင်္ဂလိပ်တွေဟာတဲ့...
တစ်ယောက်တည်းရှိရင်...အရက်သောက်
နှစ်ယောက်ရှိရင်...ဖဲရိုက်
သုံးယောက်ရှိရင်...နယ်ချဲ့ကြသတဲ့

ကိုယ်တို့ဗမာမိန်းမတွေကျတော့...
တစ်ယောက်တည်းရှိရင်...အိပ်
နှစ်ယောက်ရှိရင်...အတင်းပြော
သုံးယောက်ရှိရင်...ရန်ဖြစ်ကြပါလေရောတဲ့...

ကောလဟလဆိုတာလည်း အဲဒီလိုမိန်းမတွေ၊ မိန်းမလိုမိန်းမရ ယောက်ျားတွေ အရည်မရ၊ အဖတ်မရပြောကြရင်းနဲ့ထွက်လာတဲ့ အခြေအမြစ်မရှိတဲ့စကားတွေမို့ ကိုယ်တော့ ကောလဟလတွေဆိုရင် မုန်းလိုက်တာ.....

2 comments:

Anonymous said...

အင်္ဂလိပ်လူမျိုးတွေမှ လိင်မခွဲပဲ၊ မြန်မာတွေကျမှ လိင်ခွဲထားတဲ့ အဆိုလား၊ ယောက်ျားရယ်၊ မိန်းမရယ်မဟုတ်ဘူး၊ ဖြစ်ချင်တဲ့လူက ဖြစ်နေတာပါပဲ။

မိန်းမတွေဟာ စကားများတယ်၊ အတင်းပြောတတ်တယ်၊ ရန်ဖြစ်တတ်တဲ့ အကျင့်ရှိတယ်လို့ ဘယ်ပညာရှိက မိန့်သွားမှန်းမသိဘူးနော်။

မိန်းမလို၊ မိန်းမရ ဆိုတဲ့ စကားကိုလည်း တော်တော်မြင်ပြင်းကတ်မိတယ်။
ကျမ စကားနည်းတာ၊ ငွေရေးကြေးရေးလက်လွယ်တာကို "ယောက်ျားဆန်တယ်"တဲ့ ပြောကြတယ်၊ ကောင်းရော။

ပက်ပက်စက်စက်အတင်းပြော၊ အရေမရအဖတ်မရပြော၊ ရန်ဖြစ်နေတတ်တဲ့ ယောက်ျားကြီးတွေလည်း လောကမှာပေါပါ့ဗျာ။

Han Kyi said...

ကိုယ်လည်း လိင်ခွဲခြားတတ်တဲ့သူမဟုတ်ပါဘူး။ အမျိုးသမီးတွေကိုလည်း လေးစားပါတယ်ဗျာ။

အတင်းပြောခြင်း၊ မပြောခြင်းဟာ ပညာအဆင့်အတန်းနဲ့ပိုဆိုင်မယ်ထင်ပါတယ်။ တွေ့ရ၊ လေ့လာလို့ရသလောက်ကတော့ ပညာရည်နိမ့်ပါးသူအများစုဟာ ပိုပြီးအတင်းပြောလေ့၊ ရန်ဖြစ်လေ့ရှိတယ်လို့ တွေ့ရပါတယ်။

အရင်ခေတ်တွေတုန်းက ပညာဆိုရင် ယောက်ျားတွေကိုပဲ ဦးစားပေးသင်ပေးတာကြောင့် မိန်းမအများစုဟာ ပညာမတတ်ခဲ့ကြပါဘူး။ အဲဒီအချက်ကြောင့်ပဲ မြန်မာမိန်းမအများစုဟာ အဲဒီသုံးချက်ဝင်သူတွေဖြစ်ခဲ့ကြတော့တာပါပဲ။

ဒီနေ့ခေတ် ပညာကိုတန်းတူသင်နေကြရချိန်မှာတော့ မိန်းမ၊ယောက်ျားကွာခြားချက်နည်းလာပါပြီ။

မိန်းမလို၊မိန်းမရဆိုတဲ့စကားက အရင်ခေတ်ကပေါ်ခဲ့တဲ့စကားပါ။ ဒီဘက်ခေတ်မှာ အဲဒီစကားလုံးကို အသစ်ပြင်ကြဖို့ ကြိုးစားပေးနေပါတယ်။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger