ဆရာကောင်းတစ်ယောက်ဆိုတာ ကျောင်းသားတစ်ယောက်အတွက် တန်ဖိုးအရှိဆုံးဆုလာဘ်ဖြစ်တယ်ဆိုတာ မကြာခဏပြောဖူးပါတယ်။ ကိုယ်တိုင်လည်း အဲဒီလိုယုံကြည်တဲ့အတွက် ဆရာကောင်းတစ်ယောက်ဖြစ်အောင် ကျင့်ကြံအားထုတ်ပါတယ်။ ကျောင်းသားလူငယ်တွေဆိုတာ အတုခိုးသိပ်မြန်ကြတဲ့ ကလေးတွေပါ ။ ဒါပေမယ့် ကောင်းတာထက်၊ မကောင်းတာကိုပိုပြီး အတုခိုးတတ်ကြစမြဲမို့ ဆရာတစ်ယောက်ရဲ့ ကောင်းတဲ့အမူအကျင့်တွေထက် မကောင်းတဲ့အမူအကျင့်တွေကို ပိုလို့အတုခိုးလေ့ရှိတာ သဘာဝပါ။ ဒါကြောင့် ကိုယ်တို့ဆရာတွေမှာ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေကို ကျောင်းသားလေးတွေရှေ့မှာ မပြမိဖို့ အထူးသတိထားရပါတယ်။
တကယ်တော့ ဆရာဆိုသူတွေမှာလည်း လူသားတွေသာဖြစ်ကြတာမို့ သူတို့မှာလည်း အများနည်းတူ
ကောင်းတဲ့အကျင့်ရော၊ မကောင်းတဲ့အကျင့်ပါရှိတတ်စမြဲပါ။ အားလုံးကောင်းနေတဲ့ဆရာဆိုရင်တော့လည်း
သူ့ကျောင်းသားတွေအတွက် အကြီးမားဆုံးလက်ဆောင်တစ်ခုရတာပါပဲ။ ဒါပေမယ့် အားလုံးကောင်းရမယ်လို့
တစ်ထစ်ချကောက်ချက်ဆွဲရင်တော့ မတရားရာကျပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်တို့တိုင်းပြည်မှာက ဆရာတွေကို ဘုရားနဲ့တစ်ဂိုဏ်းထဲထားတာဖြစ်လို့ တတ်နိုင်သလောက်တော့ ဘက်စုံထောင့်စုံက ပြည့်စုံကောင်းမွန်နေအောင်
ကြိုးစားရပါလိမ့်မယ်။ ဘက်စုံထောင့်စုံဆိုတာ ကျောင်းတွင်းမှာသာမက၊ ပြင်ပလူနေမှုဘ၀ကိုပါဆိုလိုပါတယ်။
ခပ်ငယ်ငယ်ကျောင်းဆရာမတစ်ယောက်က သူ့ကျောင်းသားတွေကိုဆုံးမတာကို ကိုယ်ကြားဖူးပါတယ်။
“နင်တို့တွေ ကျောင်းအပြင်ထွက်ရင် အရက်သောက်ချင်သောက်၊ ဖဲရိုက်ချင်ရိုက် ကြိုက်သလိုနေကြ...
ကျောင်းမှာတော့ ကျောင်းစည်းကမ်းလိုက်နာရမယ်”တဲ့။
ကိုယ်တော်တော်ကြီးကို စိတ်ညစ်သွားပါတယ်။ နောက်မှစုံစမ်းကြည့်လို့သိရတော့ အဲဒီဆရာမလေးက ကျောင်းပြင်ပမှာ သူ့ရည်းစားတွေတလှေကြီးနဲ့ တော်တော်လေးကဲတယ်ဆိုပဲ။ ဒီတော့လည်း
ကျောင်းတွင်းကျောင်းပြင် နှစ်နေရာလုံးစည်းကမ်းရှိရမယ်လို့ ဆုံးမရင် သူ့ဘက်လှည့်လာမှာစိုးတာကြောင့်
အပြင်မှာတော့ နေချင်သလိုနေလို့ ဆုံးမရပြီပေါ့။
ဒီဘက်ခေတ် ကျောင်းသားလေးတွေဟာ တကယ့်လူပါးလေးတွေ၊ လူရည်လည်လေးတွေပါ။
ကိုယ်တို့ခေတ်ကထက် အဆပေါင်းများစွာပါးကြနပ်ကြပါတယ်။ ကိုယ်တို့ငယ်ငယ်ကတော့ ဆရာပြောတဲ့စကားတိုင်းကို အမှန်လို့ယူဆပြီး လိုက်နာခဲ့တာချည်းပါပဲ။ ဒီနေ့ကလေးတွေကတော့ တစ်ခုခုဆိုရင်
သူတို့ဥာဏ်မီသလောက်ကတော့ လိုက်စဉ်းစားကြည့်လိုက်ကြသေးတာများပါတယ်။ တစ်ခါတစ်ခါ သဘာဝမကျတဲ့စည်းကမ်းချက်တစ်ခုခုများ ဆရာတစ်ယောက်ကထုတ်ပြီဆိုရင် သူတို့ကိုနားလည်ပေးလေ့ရှိတဲ့
ကိုယ့်ကိုရင်ဖွင့်လေ့ရှိကြပါတယ်။ ဒါကြောင့် ကိုယ်တို့မှာ သူတို့ကိုစည်းကမ်းတစ်ခုမထုတ်ခင် ကိုယ့်ကိုယ်ကို
အရင်ဆုံးပြုပြင်ရပါတယ်။
ဆုံးမစကားနဲ့ပတ်သက်လို့ ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်...
“တစ်ခါက ရွာတစ်ရွာက အမျိုးသမီးတစ်ယောက်က သူ့သားဟာသကြားလုံးတွေ စားလွန်းတာကို ဆုံးမလို့မရတာကြောင့် သားဖြစ်သူကိုပါခေါ်ပြီး ရွာဦးကျောင်းဆရာတော်ဆီသွားကြပါသတဲ့။ ဆရာတော်ဆီရောက်လို့ အကျိုးအကြောင်း လျှောက်တင်ပြီးတဲ့အခါ ဆရာတော်က အဲဒီအမျိုးသမီးကို သားဖြစ်သူကိုပါခေါ်ပြီး နောက်တစ်ပတ်နေမှ ပြန်လာဖို့ပြောပြီး ပြန်လွှတ်လိုက်ပါသတဲ့။ ဒါနဲ့အကမျိုးသမီးလည်း နောက်တစ်ပတ်ရောက်တော့ သားဖြစ်သူကိုခေါ်ပြီး ဆရာတော်ဆီကို ပြန်သွားပါရော။ ဆရာတော်က သားဖြစ်သူကိုကြည့်ပြီး ...“ဟဲ့မောင်ကျောင်းသား...နောက်ကိုသကြားလုံးမစားနဲ့တော့”လို့ တစ်ခွန်းတည်း ဆုံးမပါသတဲ့။ အဲဒီမှာတင် အမျိုးသမီးလည်း နားမလည်နိုင်အောင်ဖြစ်ပြီး “ဆရာတော့်နှယ် ဒါလေးဆုံးမမှာများ အရင်တစ်ခေါက်ကတည်းက ဆုံးမရင် ပြီးတာပဲမဟုတ်လား”လို့ စောဒကတက်ပါလေရော။ အဲဒီမှာတင် ဆရာတော်က“ဟဲ့ ဒကာမ...အဲဒီတုန်း ငါလည်း သကြားလုံးစွဲနေတာဟဲ့”လို့ မိန့်တော်မူပါသတဲ့။ ကိုယ့်ကိုယ်ကို အရင်ပြုပြင်ပြီးမှ သူများကိုဆုံးမရမယ်လို့ပြောချင်တာပါ။
ဒါကြောင့် ကျောင်းသူကျောင်းသားလေးတွေကို လူတော်လူကောင်းလေးတွေဖြစ်အောင် အစစအရာရာ
ပြုစုပျိုးထောင်နေကြရတဲ့ ကိုယ်တို့တွေလည်း သူတို့ကိုမဆုံးမခင်မှာ ကိုယ့်ကိုယ်ကို အရင်ဆုံးပြုပြင်ကြရပါလိမ့်မယ်။ “ငါလုပ်သလိုမလုပ်နဲ့ ငါပြောသလိုလုပ်”လို့ ဆုံးမလို့ကတော့ ကျောင်းသားမပြောနဲ့ ကိုယ့်အိမ်က သားသမီးကိုတောင် ဆုံးမလို့ရမှာ မဟုတ်ပါ။ တော်ကြာ အရက်သမားအဖေဖြစ်သူက သားအရက်သမားကို ဆုံးမသလို“ငါ့သားရယ်...သောက်တော့သောက်ပေါ့ကွာ...ဒါပေမယ့် မမူးစေနဲ့ပေါ့”လို့ဆုံးမနေရပါလိမ့်မယ်။
ဒါကြောင့် တိုင်းပြည်ရဲ့မျိုးဆက်သစ်လေးတွေကို အရောင်တင်ပေးနေရတဲ့
ကိုယ်တို့လို ဆရာဆရာမတွေဟာကိုယ့်ဆုံးမမှု အရာထင်ဖို့ ကိုယ့်ကိုယ်ကို အရင်ဆုံးပြုပြင်ကြရပါလိမ့်မယ်။ အပြည့်စုံဆုံးမဖြစ်ရင်တောင်
ကိုယ့်အတိုင်းအတာနဲ့ကိုယ် အကောင်းဆုံးဖြစ်အောင်ကြိုးစားကြမှ
ဘုရားနှင့်တစ်ဂိုဏ်းထဲထားခံရတဲ့ တန်ဖိုးနဲ့ညီကြပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ အဖြူအစိမ်းအားကိုးနဲ့
အနန္တဂိုဏ်းထဲဝင်ချင်ရင်တော့ ဘယ်လိုမှသင့်တော်မှာမဟုတ်ပါ။
ဒါကြောင့် ကျောင်းသားတွေအတွက် အကောင်းဆုံးတွေ ပေးဆပ်ကြပါစို့....

No comments:
Post a Comment