Monday 12 July 2010

ကိုယ်လဲလေ လောကီသား . . .

တစ်ရက်တစ်ရက်လည်း မနက်မိုးလင်းအိပ်ရာထကတည်းက တစ်နေကုန်တစ်နေခမ်း အလုပ်သရဏံဂစ္ဆာမိနေရတာနဲ့ပဲ ကိုယ့်မှာပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်မှန်းမသိပြတ်လာပါတယ်။ ကိုယ်ပိုင်လောကလေးထဲမှာပဲ ကျေနပ်နေရင်း ဘေးဘယ်ညာကိုလည်း မကြည့်မိတာကြာပေါ့။

ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်ရင်းကိုက သူများနဲ့ရောရောနှောနှောနေချင်တဲ့စိတ်မျိုးမရှိတာကြောင့် ကိုယ့်ကိုယ်ကိုလည်း လူဖြစ်ရှုံးတယ်မထင်မိပါ။ ချစ်ကောင်းသီချင်းထဲကလို မပိုင်ဆိုင်လိုက်ရတဲ့ကမ္ဘာကိုလည်း တမ်းတမ်းတတမရှိတော့ပါ။ ရှိနေတဲ့အနေအထားကိုပဲ အကောင်းဆုံးအသုံးချလို့ လူနဲ့လူ့ပတ်ဝန်းကျင်တစ်ခုလုံးမဟုတ်ရင်တောင် ကိုယ့်ကိုမှီခိုအားထားနေသူတွေအတွက် အကောင်းဆုံးတွေပေးနိုင်အောင် ကြိုးစားပေးဖို့ပဲ စိတ်ထဲမှာရှိပါတော့တယ်။

လူတွေကိုလည်း ကြည့်ရင်းကြည့်ရင်းနဲ့စိတ်ကုန်လာသလိုလိုလဲ ရှိပါရဲ့။ အသက်တန်းတိုတိုလေးမှာ တစ်ယောက်ကိုတစ်ယောက် ဒေါသတွေ၊ မောဟတွေနဲ့ မိုးလင်းမိုးချုပ် အချိန်ကုန်နေကြတာ စိတ်ပျက်ပါတယ်။ သူတို့တွေအတွက် ကိုယ့်အချိန်တွေကို မပေးချင်ပါ။ ဘ၀အတွက် အကောင်းဆုံးကြိုးစားနေကြတဲ့သူတွေအတွက်ပဲ ကိုယ့်အချိန်တွေကို ရင်းနှီးမြှုပ်နှံဖို့ အားသန်ပါတယ်။
ငယ်ငယ်ကတော့ လုပ်သမျှအလုပ်တိုင်း လောက လူသားအားလုံးအတွက်ဖြစ်စေရမယ်လို့ ခပ်မြင့်မြင့်တွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် အရွယ်ရောက်လို့ လူတွေကြားသွားရင်းလာရင်း လူတွေအကြောင်းပိုပိုသိလာလေ ကိုယ့်စေတနာတွေ၊ အလုပ်တွေကို နှမျောသလိုလိုရှိလာပါရော။
စေတနာတွေထားရင်းထားရင်း ဝေဒနာတွေလည်း များများလာလေတော့ ရှေးလူကြီးတွေပြောတဲ့
“စေတနာသည် လူတိုင်းနဲ့မတန်”ဆိုတဲ့စကားကို ထောက်ခံချင်သလိုလို ဖြစ်လာပါတယ်။

ရှင်တော်မြတ်ဘုရားကတော့“ ပြန်ရလိုမှုနဲ့ထားတဲ့စေတနာသည် အကျိုးမပေး” လို့ဟောတော်မူထားပါရဲ့။
ဒါပေမယ့် ကိုယ်ကတော့ လောကီလူသားပီပီ အသိအမှတ်ပြုတာလေးတော့လည်း ခံချင်မိပါတယ်။ ကျန်တဲ့ ရလိုမှုကတော့ ဘာမှမရှိတာ သေချာပါတယ်။ အကျိုးမပေးရင်လည်းနေပါစေလေ...ကိုယ်က စိတ်ရောကိုယ်ပါကူညီပြီးတော့ အသိအမှတ်မပြုတဲ့အပြင် စော်ကားသွားတာမျိုးတွေ များလာတော့လည်း ကိုယ့်စေတနာကို စစ်စစ်စီစီလေးထားမိပါတော့တယ်။

ခပ်ရိုင်းရိုင်းပြောရရင်တော့“ ကျေးဇူးမတင်တဲ့အပြင် ဖင်လှန်ပြတာလေးတွေ”များလာတော့
စေတနာကို နှမြောလာတာလေးတော့ သူများခွင့်မလွှတ်ချင်နေ ကိုယ့်တရားကိုယ်စီရင်လို့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ထားပါတယ်။

ကိုယ်လဲလေ လောကီသားပေမို့ပါနော်...


No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger