Monday 26 July 2010

သင့်ရာအပ်ပို့ . . .

မနေ့ကတစ်နေကုန် အလုပ်တော်တော်များရပါတယ်။ ကိုယ့်တပည့်ဆယ်တန်းကျောင်းသားဟောင်းတွေ အမှတ်စာရင်းတွေထုတ်ကြပြီးတော့ တက္ကသိုလ်ဝင်ခွင့်လျှောက်ပေးဖို့ ပြင်ဆင်ပေးနေရတာကြောင့်ပါ။ သူတို့လေးတွေရဲ့ ဘ၀တစ်ဆစ်ချိုးဖြစ်တာကြောင့် ကိုယ့်မှာ သူတို့ရထားကြတဲ့ အမှတ်တွေနဲ့ ရနိုင်မယ့်လိုင်းတွေကို စဉ်းစားပေးရပါတယ်။ စဉ်းစားတယ်ဆိုတာထက် လျှောက်ပေးရတယ်လို့ပြောရင် ပိုကောင်းပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ကျောင်းသားတွေရော ကျောင်းသားမိဘတွေပါ ပညာရေးနဲ့ပတ်သက်ကြရင် ဘာတစ်ခုမှ မသိနားမလည်ကြတာကြောင့် အစစအရာရာ ဆရာဖြစ်သူကပဲ လိုက်လုပ်ပေးရလို့ပါ။
ခပ်ရှင်းရှင်းပြောရရင်တော့ သူတို့ဘ၀တစ်ခုလုံးကို ကိုယ့်လက်ထဲကို ပုံအပ်လိုက်ကြတာပါပဲ။

တကယ်တော့ ကိုယ့်လက်ရှိအလုပ်က စိတ်ထားရင် ထားသလောက် တာဝန်ကြီးလွန်းပါတယ်။
ဘာကြောင့်လဲဆိုရင် ကျောင်းသားလေးတွေဆိုတာ သူတို့မိဘပေးတဲ့ အသက်နဲ့ရှင်သန်ကြပြီးတော့
ကိုယ်ချပေးတဲ့ ဘ၀နဲ့ရပ်တည်ကြမှာမို့ပါပဲ။ ဆရာဝန်ဘ၀ဆိုတာလည်း လူတွေရဲ့အသက်တွေကိုရင်းပြီးလုပ်ရတာဖြစ်လို့ တာဝန်ကြီးသလို ဆရာဘ၀ဆိုတာလည်း ကျောင်းသားတွေရဲ့
ဘ၀တွေနဲ့ရင်းပြီးလုပ်ရတာမို့ တာဝန်ကြီးတာချင်းတော့ သိပ်မကွာလှပါ။ကိုယ့်အမြင်ကတော့ ဆရာဘ၀ဟာ
ဆရာဝန်ဘ၀ထက်တောင် ပိုပြီးမွန်မြတ်တယ်ထင်ပါတယ်။

ကျောင်းသားတွေအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်တယ်ဆိုတဲ့ အလုပ်ကလည်း အပြောလွယ်သလောက် အလုပ်အင်မတန်မှ ခက်ပါတယ်။ ကိုယ့်တုန်းကတော့ ကိုယ်ပိုင်ရည်မှန်းချက်နဲ့ ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တာမို့ အမှတ်မီတာနဲ့ ဘာမှစဉ်းစားစရာ သိပ်မလိုခဲ့ပါ။ ကိုယ့်ကျောင်းသားတွေမှာတော့ ကိုယ်လို
ရည်မှန်းချက်တွေ၊ ဘာတွေ မြင့်မြင့်မားမားရှိခဲ့ကြတာမဟုတ်ဘဲ ဆရာဖြစ်တဲ့သူရဲ့တွန်းအားတွေကြောင့် ဆယ်တန်းအောင်ကြရတာဖြစ်လို့ သူတို့ခမျာ ဘာတွေလျှောက်လို့၊ ဘာတက္ကသိုလ်တွေ တက်ရမှန်း မသိကြပါ။
ပညာရေးစနစ်သစ်အရ ကျောင်းသားတစ်ယောက်ရဲ့ ဆယ်တန်းမှာ ယူခဲ့တဲ့ဘာသာတွဲပေါ်မှာ မူတည်ပြီးတော့ အမှတ်ချင်းတူပေမယ့် တက်ခွင့်ရတဲ့ တက္ကသိုလ်က ကွဲပါတယ်။ ဒီထက်ပိုဆိုးနေတာက ကိုယ့်ကျောင်းသားတွေက ထူးချွန်ကြတဲ့ ကျောင်းသားတွေမဖြစ်ခဲ့တာကြောင့် သူတို့ရထားတဲ့အမှတ်တွေက တောင်မမီ မြောက်မမီလေးတွေ ဖြစ်နေကြပါရော။

ကျောင်းသားဆယ်ယောက်မှာ အမှတ် ၃၅၀ ကျော်တဲ့ ကျောင်းသူကတော့ နည်းပညာတက္ကသိုလ်ကို တက်ခွင့်ရတာသေချာတာမို့ သိပ်တော့စဉ်းစားစရာမလိုလိုက်ပါ။ ဒါပေမယ့် သူ့မိဘခမျာ နည်းပညာတက္ကသိုလ်ဆိုတာကြီးကို ဘာကြီးမှန်းမသိတာကြောင့် ကိုယ့်မှာအာပေါက်အောင်ရှင်းပြရပြန်ပါတယ်။
အမှတ် ၃၃၀ ကျော်ရတဲ့ ၀ိဇ္ဖာကျောင်းသူအတွက်တော့ ကိုယ်တော်တော်ခေါင်းခြောက်ရပါရော။ တကယ်တော့ သူရတဲ့အမှတ်က သူတို့တွေတက်ခွင့်ရတဲ့ တက္ကသိုလ်ထဲက အမြင့်ဆုံးဖြစ်တဲ့ စီးပွားရေးတက္ကသိုလ်ကို မီပါတယ်။ ဒါပေမယ့် သူတို့ကိုကျောင်းထားပေးမယ့် အဖွားဖြစ်သူနားလည်အောင် ဒီနေ့သွားပြီးရှင်းပြရပါတယ်။ ရန်ကုန်မှာ သွားတက်ရမှာဖြစ်ပေမယ့် စိတ်မပူဖို့၊ တက္ကသိုလ်တက်မှ လူတွေနဲ့ပေါင်းတတ်သင်းတတ်တဲ့ ပညာကို ရမှာမို့ တက်ခိုင်းဖို့အပြင် ဘွဲ့ရရင် ဘယ်လိုအလားအလာကောင်းတွေရှိတယ်ဆိုတာတွေပါရှင်းရပါတော့တယ်။ ကိုယ့်ကျောင်းသူတွေခမျာမှာလည်း သူတို့တွေတက္ကသိုလ်တက်ရေးဟာ သူတို့ဆရာအပေါ်မှာမူတည်နေတာကြောင့် ဘေးမှာထိုင်ပြီး ဆရာ့မျက်နှာသာ ကြည့်နေပါတော့တယ်။ ဒါပေမယ့် အဖွားဖြစ်သူက ခေတ်အမြင်ရှိတာကြောင့် လွယ်လွယ်ကူကူ လက်ခံလို့ တော်ပါတော့တယ်။
အဲဒီကျောင်းသူလေးနှစ်ယောက် ခမျာ ဘောဂဗေဒရမှတ် ၇၄ မှတ်စီနဲ့ ဂုဏ်ထူးနဲ့သီသီလေးလွဲပြီး အတော်လေး ခံစားရရှာပါတယ်။ ကိုယ့်တုန်းကလည်း မြန်မာစာဂုဏ်ထူးကို သီသီလေးပြုတ်လာတာဆိုတော့ ကလေးတွေကို ကိုယ်ချင်းစာပေးလို့ရပါတယ်။

ကျန်တဲ့ကျောင်းသူကျောင်းသားတွေအတွက်က ပိုလို့တောင် ခေါင်းစားရပါတယ်။ သူတို့ရနိုင်တဲ့ တက္ကသိုလ်ကို စဉ်းစားပေးရတာ တစ်မျိုး၊ တစ်ယောက်ချင်းစီရဲ့ အကျင့်တွေ၊ ၀ါသနာတွေနဲ့ ကိုက်ညီမယ့်အပြင် အနာဂတ်အလားအလာကောင်းမယ့် လိုင်းမျိုးကိုရွေးပေးရုံသာမက အဝေးသင်မတက်ချင်ကြတဲ့ ကျောင်းသားတွေဖြစ်တာကြောင့်သူတို့ကို နေ့ကျောင်းထားဖို့အရေး သူတို့မိဘတွေကို နားလည်အောင်ရှင်းပြ၊ ကိုယ့်ကျောင်းသားတွေကိုတာဝန်ယူရ၊ အာမခံပေးရပါသေးတယ်။ ဒီကြားထဲက ကိုယ့်ကျောင်းသားတွေကများ လမ်းချော်သွားရင် ကြားထဲက ဆရာဖြစ်သူမှာ ခေါင်းဆင်နင်းကိန်းဆိုက်မှာမို့ ကျောင်းသားတွေကိုပါ ဆုံးမရပါသေးတယ်။

တစ်နေကုန်တစ်နေခမ်း ပါးစပ်ရော၊ လက်ပါ မနားမနေအလုပ်လုပ်ရသလို ပုံမှန်သင်တန်းက ကျောင်းသားသစ်တွေကိုလည်း တစ်ချက်တစ်ချက်လှည့်ပြီး စာသင်ပေးရပါသေးရဲ့။ ညပိုင်းအိမ်ပြန်ရောက်တော့ ၉နာရီခွဲပါရော။ ပုံမှန်ဆိုရင် ၇ နာရီဆိုရင် အိမ်ပြန်ရောက်ပေမယ့် မျက်စိကောင်းကောင်းမမြင်ရတဲ့ ကိုယ့်ကျောင်းသူလေးတစ်ယောက်ရဲ့လျှောက်လွှာကို သူ့မိဘတွေနဲ့တိုင်ပင်ပြီး လျှောက်ပေးနေရသေးတယ်လေ။
ပြန်လည်းရောက်ရော ကိုယ့်မှာ လူရှေ့သူရှေ့မှာ မာန်တင်းထားသမျှ အတိုးချပြီး ပင်ပန်းလိုက်တာ မပြောပါနဲ့တော့။

ဒါပေမယ့် ဒီလိုပင်ပန်းရတာမျိုးကတော့ ဆယ်ဆပြန်ပင်ပန်းပါစေ။ ကိုယ်မမှုပါဘူး။ ဘာကြောင့်လဲဆိုရင် နောက်သုံးလေးလဆိုရင် ကိုယ့်ကျောင်းသူကျောင်းသားလေးတွေ သူတို့ဆရာ ခင်းပေးလိုက်တဲ့ ဘ၀လမ်းကြောင်းပေါ်မှာ လျှောက်ရင်း တိုင်းပြည်အတွက် ပညာတတ် သားကောင်းရတနာတွေ ဖြစ်လာကြတော့မှာ မဟုတ်လား။

1 comment:

:P said...

ပျော်စရာကောင်းလိုက်တာ....
ကျူရှင်သင်ချင်တယ်

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger