Wednesday 8 September 2010

ယောနိသောနဲ့ နေတော့မယ် . . .

“ယောနိသော မနသီကာရ”
သင့်တင့်လျှောက်ပတ်စွာနှလုံးသွင်းပါ။

ရှင်တော်ဘုရားဟောကြားတော်မူခဲ့တာပါ။
လောကီရော၊ လောကုတ္တရာအတွက်ပါ လိုက်နာကျင့်သုံးသင့်တဲ့ တရားတော်ပါပဲ။
ဒီခေတ်၊ ဒီအခါလို အမြင်မတော်တာတွေ၊ စိတ်ဖိစီးစရာတွေများလွန်းတဲ့ လောကကြီးမှာ သင့်တင့်လျှောက်ပတ်အောင် နှလုံးမသွင်းနိုင်ရင်တော့ ကိုယ်ပဲဒုက္ခရောက်ဖို့များပါတယ်။

လောလောဆယ်တော့ သင့်တင့်လျှောက်ပတ်အောင် နှလုံးမသွင်းနိုင်သေးတဲ့ ကိုယ့်မှာရောဂါစနေပါပြီ။ နှလုံးသိပ်မကောင်းတော့တာပါပဲ။ ကိုယ့်အသက်က ၃၀ပတ်လည်ဆိုတော့ တကယ်တမ်းပြောရရင် ဒီရောဂါမျိုးနဲ့ ဘယ်လိုမှမပတ်သက်သင့်တဲ့ အရွယ်ပါ။ ဘာကြောင့်ဒီရောဂါ အစပျိုးတာပါလိမ့်လို့ စဉ်းစားမိတော့ အထက်ကတရားတော်ကို သွားတွေ့တာပါပဲ။

ကိုယ့်အကျင့်ဆိုးတစ်ခုက အမြင်မတော်တာတွေတွေ့ရင် ဘယ်လိုမှမနေနိုင်တာပါ။ သူများဝေဒနာကို ကိုယ့်ရင်နဲ့ခံစားတတ်သူလို့ စကားလုံးလှလှ ပြောရင်ပိုကောင်းမယ်ထင်ပါရဲ့။ ဒါပေမယ့် ဘာမှမလုပ်နိုင်တဲ့ အနေအထားမှာ ထိုင်သနားနေခြင်းဟာ အတ္တကိလမထ(ကိုယ့်ကိုယ်ကို နှိပ်စက်ခြင်း)သက်သက်ပါပဲ။ ကိုယ့်ကိုယ်ကိုနှိပ်စက်လာလိုက်တာ နှစ်ပေါင်း၂၀ကျော်ကျော်ဆိုတော့လည်း နှလုံးခမြာမခံနိုင်တော့ရှာဘူးထင်ပါရဲ့။ အသက်ရှူကောင်းကောင်းမ၀တာ၊ အပင်ပန်းမခံနိုင်တာ၊ ကျောဘယ်ခြမ်းကအောင့်တာတို့နဲ့ ကိုယ့်ကိုအချက်ပေးပါတော့တယ်။

ကိုယ့်လုပ်ငန်းသဘာဝက စိတ်ပင်ပန်းလွန်းပါတယ်။ ပညာရေးလောကဆိုတော့ နကိုကမှတာဝန်ကြီးရတဲ့ကြားထဲမှာ ကိုယ်ကိုယ့်ကိုပေးထားခဲ့တဲ့ တာဝန်တွေကပိုလို့တောင်များနေပါသေးတယ်။ ဒါ့အပြင် ရည်ရွယ်ချက်တူပေမယ့် မကြည်ဖြူနိုင်ကြတဲ့ အခြားပညာရေးလောကသား ဆရာ၊ ဆရာမတွေရဲ့ တိုက်ခိုက်ထိုးနှက်တာတွေလည်း တော်တော်များများခံရပါသေးတယ်။ ဒါကိုတော့ ကိုယ်ခေါင်းထဲတောင် ထည့်မစဉ်းစားတာမို့ ပြဿနာမဟုတ်ပါ။ ကိုယ့်ကိုဒုက္ခပေးနေတာက ဘာမဆိုအကောင်းဆုံးဖြစ်ချင်တဲ့စိတ်ပါပဲ။ ကျောင်းသားဘ၀ကတည်းက ဘာပဲလုပ်လုပ်ကောင်းကောင်းလေးလုပ်ချင်ခဲ့တာဆိုတော့ ဒီအကျင့်ကလည်း အရိုးစွဲနေတော့တာပါပဲ။ ပိုဆိုတာက ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ကောင်းစေချင်လွန်းတာပါ။ ကိုယ့်ကျောင်းသားတွေကိုလည်း သူများထက်ပိုတော်၊ ပိုစိတ်ဓာတ်ကောင်းတဲ့
တိုင်းပြည့်သားကောင်းတွေ ဖြစ်စေချင်တာပါပဲ။

ကိုယ့်ကိုယ်ကို အကောင်းဆုံးလုပ်တာတော့ ဘာပြဿနာမှ မရှိပါ။
ကိုယ့်စိတ်ကို ကိုယ်ပိုင်တာဖြစ်လို့ အခက်အခဲလည်း မရှိခဲ့ပါ။ သူများကို ကောင်းအောင်ပြုပြင်ရာမှာတော့ တော်တော်ကိုခက်ခဲပါတယ်။ အထူးသဖြင့် သူငယ်တန်းကနေ ကိုးတန်းလောက်ထိ စိတ်ဓာတ်၊ စည်းကမ်း၊ ဇွဲ ဘာတစ်ခုမှမပါခဲ့တဲ့ ကျောင်းသားလေးတွေကို အရှင်မွေးနေ့ချင်းကြီးသလိုဖြစ်အောင် လုပ်ရတဲ့ကိစ္စက အပြောမလွယ်သလို၊ အလုပ်ကလည်း တကယ်ခက်ပါတယ်။ ဒီကြားထဲမှာ မလုပ်နိုင်လို့ ဘေးထိုင်နေပေမယ့် ပါးစပ်မငြိမ်တဲ့ပုဂ္ဂိုလ်ထူးတွေရဲ့ လေသေနတ်ကိုလည်း ခံရပါသေးတယ်။
ကုလားမနိုင်၊ ရခိုင်မဲတတ်တဲ့ ချစ်စွာသောကျောင်းဆရာမတို့ရဲ့ ဗျူဟာဖြစ်တဲ့ ကိုယ့်ကိုစိတ်အလိုမကျလို့ ကိုယ့်ကျောင်းသားလေးတွေကို
ရမယ်ရှာရန်လုပ်တိုင်းလည်း ကလေးတွေအတွက် စိတ်တိုရတာတွေလည်း မနည်းမနောပါ။

ဒီအခက်အခဲတွေကို အံတုပြီးရင်ဆိုင်လာခဲ့တာ ခုနစ်နှစ်မြောက်ပါပြီ။
လူလည်းတော်တော်အီနေပါပြီ။
သေမှာကိုတော့ မကြောက်ပါ။ လူဆိုတာ တစ်နေ့မဟုတ် တစ်နေ့တော့ သေရမှာချည်းပါပဲ။
အလုပ်မလုပ်နိုင်မှာကိုတော့ သေတာထက်ပိုကြောက်ပါတယ်။ ကိုယ်ဘာမှမလုပ်နိုင်ရင် ကိုယ့်ပညာတွေ အလကားဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကို ဆုံးမနေရပါပြီ။ စိတ်မတိုအောင်၊ ဒေါသမထွက်အောင် အမြဲသတိထားပါတယ်။ ကိုယ့်အတွက် အခက်ဆုံးဖြစ်တဲ့ ဥပေက္ခာပါရမီကိုလည်း ဖြည့်နိုင်ဖို့ကြိုးစားပါတယ်။ ကိုယ်မပြောနဲ့ ရှင်တော်ဘုရားတောင်မှ ချွတ်လို့မကျွတ်ခဲ့တဲ့ သတ္တ၀ါတွေပဲလို့ ဖော့တွေးပြီး သက်သာအောင်လည်းနေပါတယ်။

ရှင်းရှင်းပြောရရင်တော့ အဲဒီလိုနေတာဟာ ကိုယ့်စရိုက်မဟုတ်တာကြောင့် တော်တော်လေးတော ကသီလင်တနိုင်ပါတယ်။ မတော်တဲ့အ၀တ်ကြီးကို ၀တ်နေရသလိုပါပဲ။ ဒါပေမယ့် မနိုင်ဝန်ကြီးအတွက် ကိုယ့်ကိုယ်ကိုနှိပ်စက်ပြီး အသက်ကုန်သွားတာထက်စာရင်တော့ နိုင်သလောက်လေးလုပ်ပြီး အသက်ရှည်အောင်နေတာက ပညာရှိပိုဆန်တာကြောင့် ဒီနေ့ကစလို့
ယောနိသော မနသီကရောတော ပါ။

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger