Thursday, 9 September 2010

ဂဏန်းတစ်ကောင်၏ မာန . . .

မနက်ဖြန် ခရီးတိုတစ်ခု သွားစရာရှိပါတယ်။

လောကလူ့ဘောင်ဆိုတော့လည်း ကျယ်ပြန့်လှတဲ့လူမှုရေးတွေနဲ့ ထွေးလုံးရစ်ပတ်နေရတာပါပဲ။ တစ်သက်လုံးသင်ယူနေရမယ့် မြန်မာ့လူမှုရေးပညာရပ်တွေကို ကိုယ်တော့အခုထိ မတတ်သေးတာ ၀န်ခံရပါလိမ့်မယ်။

ဘာကြောင့်လဲဆိုရင်
လူမှုရေးနယ်ပယ်မှာ အရေးအကြီးဆုံးက ဟန်ဆောင်ကောင်းဖို့ပါ။ ဟန်မဆောင်ဘဲ စိတ်ထဲရှိရှိတဲ့အတိုင်း ပြောနေ၊ လုပ်နေ၊ ပွင့်လင်းနေလို့ကတော့ လူရိုင်း၊ ယဉ်ကျေးမှုမရှိတဲ့သူဆိုတဲ့ ကင်ပွန်းတပ်ခံရမှာ မလွဲပါ။
ကိုယ်ဆိုတာကလည်း ဟန်ဆောင်ရတဲ့အလုပ်ကို အင်မတန်မှ စိတ်ပျက်တဲ့သူဖြစ်လို့ မြန်မာ့လူမှုရေးကို တစ်ခါတစ်ခါ စိတ်ကုန်ပါတယ်။ ဒါပေမယ့်လည်း လူကြီးဖြစ်နေတာကြောင့် လူမှုရေးမှာ လူရိုင်းမဖြစ်ရလေအောင် အလုပ်မအားတဲ့ကြားကပဲ ခရီးထွက်ပြီး မင်္ဂလာဆောင်ကို သွားရပါတော့မယ်။ မြန်မာ့ယဉ်ကျေးမှုမှာ
သူ့မို့၊ ငါ့မို့ဆိုတဲ့ မို့တွေကလည်း အများသားဖြစ်တာကြောင့် သူများမသွားရင် ပြဿနာသိပ်မကြီးပေမယ့် ကိုယ်မသွားရင်တော့ ဘယ်လိုမှမဖြစ်တာလဲ တော်တော်ကိုဆိုးတာပါကလား။

တစ်ခါတစ်ခါ ကိုယ်တို့မြန်မာ့ယဉ်ကျေးမှုအကြောင်းကို စဉ်းစားမိရင် စိတ်ပျက်ချင်သလိုလိုပါ။ ဘာကြောင့်လဲဆိုရင် အပေါ်ယံတွေများနေသလားလို့။ ကိုယ်ထမင်းစားနေတုန်း ဧည့်သည်လာရင် “စားပါဦး”လို့ ခေါ်ရပါတယ်။ ကျွေးချင်စိတ်ရှိတာ၊ မရှိတာနောက်ထားပေါ့လေ။ အလိုက်မသိတဲ့ ဧည့်သည်ကတကယ်များ ၀င်စားလိုက်ရင် တော်တော်ကြည့်ကောင်းပါလိမ့်မယ်။ ရှိပါသေးတယ် တစ်ခါတစ်ခါ လမ်းမှာတွေ့ရင် “စားပြီးလား”လို့ လောကွတ်ချော်ပါတယ်။ ဒီလောက်ကတော့ရပါသေးတယ်။ ဆိုးတာက စားပြီးပြီလို့ဖြေလိုက်ရင်“ဘာဟင်းလဲ”လို့ထပ်မေးတာပါပဲ။ ဟင်းမကောင်းရင် သူပဲကျွေးမလို့လား မသိတော့ပါ။

အဆိုးတကာ့ အဆိုးဆုံးကတော့ လူချင်းရင်းနှီးလာရင် ပုဂ္ဂိုလ်ရေးမေးခွန်းတွေ မေးတာပါပဲ။ ကိုယ့်လူမျိုးကလည်း ဒါမျိုးမှ ပွင့်လင်းရင်းနှီးတာလို့ ယူဆထားလေတော့လည်း ခက်လို့တောင်နေပါရော။ ကိုယ်တို့လို ပုဂ္ဂိုလ်ရေးလွတ်လပ်မှုကို ရှေ့တန်းတင်တတ်သူတွေမှာတော့ ဒုက္ခမကြာမကြာတွေ့ရပါတယ်။ အဲဒီလိုမေးခွန်းမျိုးတွေကို မဖြေပြန်ရင်“ဒါလေးမေးတာများ ဘာဖြစ်သွားတာမှတ်လို့”ဆိုပြီး ကိုယ်တို့တွေကို စိတ်ကြီးဝင်သူတွေလို့ သမုတ်တာခံရပါသေးရဲ့။ ကိုယ်တစ်ခါတစ်ခါ စဉ်းစားပါတယ်။ အဲဒီမဆီမဆိုင်မေးခွန်းတွေကို ကိုယ်မဖြေတော့ရော သူတို့မှာဘာဖြစ်သွားလို့လဲ၊ ဘာတွေများ ဆုံးရှုံးသွားသလဲလို့။ ကိုယ်ကတော့ရှင်းပါတယ်။ ယဉ်ကျေးမှုခေါင်းစဉ်၊ ရင်းနှီးမှုခေါင်းစဉ်အောက်က တောင်မေးမြောက်မေး မေးခွန်းတွေကို ရှောင်တဲ့အနေနဲ့ စာကပ်ထားလိုက်ပါတယ်။
“မိမိနှင့် မသက်ဆိုင်သောမေးခွန်းများကို မေးမြန်းခြင်း မပြုရလို့။

ကိုယ့်ကျောင်းသားလေးတွေက ကိုယ့်ကိုတစ်ခါတစ်ခါ ပညာရေးနဲ့မဆိုင်တဲ့ ပုဂ္ဂိုလ်ရေးမေးခွန်းတွေမေးရင် ကိုယ်ကတော့ခပ်ပြောင်ပြောင်ပဲ -
“ဘာလဲ...မြန်မာ့စိတ်ရင်း စပ်စုခြင်းလား”လို့ ပြန်မေးတာပါပဲ။

နောက်ထပ်မကြိုက်တာတစ်ခုက ခင်မင်ရင်းနှီးရင် အိမ်လည်တာပါပဲ။ တကယ်ဆိုရင် သူများအိမ်ကို အကြောင်းမရှိအကြောင်းရှာ အလည်သွားတယ်ဆိုတာ အတော်စိတ်ပျက်စရာကောင်းတဲ့ အလေ့အကျင့်ပါ။ အားလို့ဧည့်သည်သွားလုပ်တယ်ဆိုပေမယ့် အိမ်ရှင်လုပ်တဲ့လူခမျာ မအားဘဲဧည့်ခံရတာ ဘယ်လောက်ဆိုးတဲ့ အလေ့အကျင့်ပါလိမ့်။

အိမ်လည်တဲ့အကျင့်ကို ကိုယ်ကတော့ ရှေ့တန်းကနေ တက်တက်ကြွကြွ ဆန့်ကျင်ပါတယ်။ အိမ်မှာအားတဲ့ဧည့်သည်လာရင် ကိုယ်တော့ခပ်ရှင်းရှင်းပဲ မအားဘူးလို့ ပြောလွှတ်တာပါပဲ။ ဟုတ်တယ်လေ ကိုယ်အိပ်ချင်လည်းအိပ်နေမှာပေါ့။ ဒါပေမယ့် အိပ်တယ်ဆိုတာလည်း အကြောင်းမဲ့မှမဟုတ်တာ။ အလုပ်လုပ်ဖို့အားမွေးနေတာပါပဲ။ တနည်းပြောရရင်တော့ အိပ်တဲ့အလုပ်လုပ်နေတာပေါ့။

နောက်ဆုံးတစ်ချက် ကိုယ်မကြိုက်တဲ့ ယဉ်ကျေးမှုကတော့ လူကြီးသူမကို ပြန်မပြောရဘူးဆိုတဲ့ အချက်ပါ။ ဒီတစ်ချက်ကတော့ တိုင်းပြည်နဲ့လူမျိုးကိုပါ လူညွန့်တုံးအောင်လုပ်တဲ့ အချက်ပါပဲ။
လူကြီးပြောရင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ်နားထောင်ရမယ်၊ ပြန်မပြောရဘူး၊ ပြန်ပြောရင် ရိုင်းတယ်ဆိုတဲ့ အချက်ပါ။ အဲဒီမှာတင် အသိပညာ၊ အတတ်ပညာတွေဟာ တစ်လမ်းမောင်းဖြစ်ကုန်ပါတယ်။ သက်ကြီးစကား သက်ငယ်ကြားရမှာဖြစ်သလို၊ သက်ငယ်စကားကိုလည်း သက်ကြီးကြားဖို့ လိုအပ်ပါတယ်။ ဒါမှ ခေတ်အချင်းချင်း ဖလှယ်နိုင်ပြီး ပိုတိုးတက်၊ ပိုကောင်းမွန်လာတဲ့ ခေတ်သစ်ကို ထူထောင်နိုင်မှာပါ။
နောက်တစ်ချက်က လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် အမှားနဲ့မကင်းနိုင်ကြပါ။ လူငယ်မှားရင် လူကြီးထောက်ပြသလို လူကြီးမှားရင်လည်း လူငယ်ကထောက်ပြခွင့်ရှိကိုရှိရပါလိမ့်မယ်။ အဲဒီလိုမဟုတ်ရင် လူကြီးတွေကို အထိန်းအကွပ်မရှိတော့တာကြောင့် ထင်ရာစိုင်းခွင့်ပေးသလို ဖြစ်နေပါလိမ့်မယ်။ ပြန်ဆွေးနွေးတာဟာ စော်ကားတာမဟုတ်ပါ။ ပြန်ပြီးထောက်ပံ့ကူညီခြင်းသာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်လေးစားခြင်းသာဖြစ်ပါတယ်။

ကိုယ်ကတော့ ကိုယ့်ကျောင်းသူကျောင်းသားတွေကို တရားဝင်ငြင်းခုန်ခွင့် မှန်တယ်ထင်ရင် ပြန်ပြောခွင့် အပြည့်ပေးထားပါတယ်။ ကျောင်းသားဘက်ကမှန်ပြီး ဆရာ့ဘက်ကမှားနေရင်လည်း ဦးမလေးဘဲ ချက်ချင်းတောင်းပန်လိုက်တာချည်းပါပဲ။ အဲဒီလိုလုပ်တဲ့အတွက်လည်း ကလေးတွေရဲ့ လေးစားမှုမလျော့ပါ။ ပိုလို့တောင်လေးစားလာပါသေးတယ်။ ပြီးတော့ ကိုယ့်အားနည်းချက်တွေကို သူတို့ကို ထောက်ပြခွင့်ပေးထားသလို ဝေဖန်ခွင့်လည်းပေးထားတာကြောင့် ကိုယ်ကိုယ်တိုင်လည်း သတိထားပြီးသားဖြစ်သွားလို့ ပိုပြီးတိုးတက်လာပါတယ်။ ကလေးတွေကိုလည်း ကိုယ်အမြဲပြောပါတယ်။
“ငါရှင်းပြတာကို ဘာမှပြန်မဆွေးနွေးဘဲ ခေါင်းညိတ်နေတာ ငါ့ကိုစော်ကားတာ၊ သေချာနားထောင်ပြီး ပြန်ဆွေးနွေးတာ၊ မှန်တယ်ထင်ရင် ပြန်တင်ပြ၊ ပြန်ငြင်းတာကမှ ငါ့ကိုတကယ်လေးစားတာ”လို့ပါ။

ပြောရရင်တော့ မြန်မာ့ယဉ်ကျေးမှုရိုးရာထဲမှာ ကိုယ့်စိတ်နဲ့မတွေ့တာတွေ အများကြီးပါ။ အဲဒီလိုပြောလို့လည်း ကိုယ်ကမြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးမထားသူလို့တော့ ယောင်လို့တောင်မထင်စေချင်ပါ။ အနောက်တိုင်းလို အ၀တ်များပေမယ့် မြန်မာ့ဂီတ၊ မြန်မာ့အနုပညာ၊ စာပေကို ကိုယ်ဘယ်လောက်မြတ်နိုးထိန်းသိမ်းသလဲဆိုတာ ကိုယ်တိုင်အသိဆုံးပါ။ ဒါပေမယ့် ကိုယ်မြတ်နိုးလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုထည်းနဲ့ အရာရာကို မဝေဖန်ပဲ စွတ်ပြီးကောင်းနေရင် ခေါင်းထဲကဦးနှောက်တွေ အလကားဖြစ်ပြီပေါ့။

အင်း...တချို့တချို့သော ယဉ်ကျေးမှုတွေကြားထဲမှာတော့ ကိုယ်က “ဂဏန်း”တစ်ကောင်ပေါ့နော။
ဂဏန်းဖြစ်ချင်လည်း ဖြစ်ပါစေတော့...မကြိုက်တာကြီးကိုတော့ မျက်စိမှိတ်ပြီး ကြိုက်ဟန်မဆောင်ချင်တာမို့ ဂဏန်းဘ၀မှာပဲ ပျော်ပျော်ကြီးပေါ့...

1 comment:

ရွှေရတုမှတ်တမ်း said...

ကိုဟန်ကြည်ရေ...
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကထဲက ပြောပြောနေတဲ့ Asia Value လေ..

ကြိုက်ရင်ပေါ့လေ . . .