Monday 20 September 2010

ပေါင် ၁၆၀ . . .

မနေ့ညနေက . . .
မတွေ့တာကြာပြီဖြစ်တဲ့ ကိုယ့်သူငယ်ချင်းနဲ့တွေ့ဖို့
သူထိုင်တဲ့ဆေးခန်းကို သွားဖြစ်ပါတယ်။ နှစ်ယောက်လုံးကလည်း အလုပ်ကိုယ်စီ၊ တာဝန်ကိုယ်စီနဲ့ တစ်ချက်မှမအားရသူတွေဖြစ်တာမို့ တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ဆိုတာ တော်တော်အားထုတ်ယူကြရပါတယ်။ မနေ့ကတောင် ကိုယ့်ပုံမှန်စာသင်ချိန်က ည၈နာရီကျော်မှပြီးတာကို တစ်နာရီစောလွှတ်ပြီး တကူးတကန့် သွားတွေ့ရတာပါ။

သူ့ကိုလည်းတွေ့ရော ကိုယ့်မှာ သူ့ရုပ်ကိုတော်တော်လေး ပြန်ဖမ်းယူရပါတယ်။ သူငယ်ချင်းက နဂိုကပိန်ရတဲ့အထဲမှာ ငှက်ဖျားတစ်ပတ်ကျော်မိလိုက်တာ နဂိုပိန်မှာ ငှက်ပိန်ပေါင်းလို့ အရိုးပေါ်မှာအရေကပ်ပြီး တော်တော်ကြီးကို ပိန်လို့နေပါတော့တယ်။ အင်း...ရောဂါဆိုတာမျိုးကလည်း ဆရာဝန်သော၊ ဘာသော ရွေးတာမှမဟုတ်တာဘဲ။ ဒါကြောင့်လဲ မမှားသောရှေ့နေ၊ မသေသောဆေးသမားလို့ ဆိုကြတာပေါ့။

သူ့ဆေးခန်းမှာ အသင့်တွေ့ရတဲ့ ပေါင်ချိန်စက်ပေါ်မှာ သူပေါင်ချိန်နေတာတွေ့လို့ ကိုယ်လည်းအားကျမခံတက်ချိန်ကြည့်မိပါတယ်။ ပေါင်ချိန်စက်မှာပေါ်နေတဲ့ ဒိုင်ခွက်ထဲကမြားကိုကြည့်ရင်း ကိုယ့်မျက်လုံးကိုတောင် မယုံနိုင်အောင်ဖြစ်သွားရပါရောလား။ သူငယ်ချင်းတုန်းက ၁၀၄မှာပဲ ပြခဲ့တဲ့ ပေါင်ချိန်စက်ဟာ ကိုယ့်ကျမှ ၁၆၀တိတိကို အားပါးတရကြီးပြနေပါတော့တယ်။
အသက်ပဲ ဒီအရွယ်ရောက်လာပါတယ် တစ်ခါမှ ပေါင်၁၁၀မကျော်ခဲ့ဖူးတဲ့ ကိုယ့်ခန္ဓာကိုယ်က အခုတော့ ပေါင်၁၆၀ကျော်ကြီးတောင်ဖြစ်လို့နေပါပြီ။ ကိုယ့်အရပ်က မြန်မာနေရှင်နယ်အရပ်(Myanmar National Height) ပဲရှိတာကြောင့် BMI တွက်ကြည့်ရင် ၀တယ်လို့ပြောလို့ရတဲ့ ခန္ဓာကိုယ် ဖြစ်လို့နေပါပေါ့။

အလုပ်များသလို၊ စိတ်လည်းပင်ပန်းတဲ့ ပညာရေးလောကမှာ တစ်ရက်တစ်ရက်ကို ၁၂နာရီ၊ ကနေ ၁၅နာရီထိ အလုပ်လုပ်နေရတာတောင် ဘာကြောင့်များ ဒီလောက်ပေါင်ချိန်တက်လာရပါလိမ့်လို့ စဉ်းစားမိပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ၂၈လက်မပဲရှိတဲ့ ကိုယ့်ခါးကလည်း အခုဆို ၃၂ဖြစ်နေတာမို့ နည်းနည်းတော့ သတိထားမိလာလို့ပါ။ တစ်နှစ်ထက်တစ်နှစ် ၀လာတာမို့ ကိုယ်အလုပ်ပင်ပန်းတယ်ပြောရင် ဘယ်သူမှတောင် မယုံချင်ပါ။ မသိတဲ့လူများဆိုရင် ကိုယ်တော့စားလိုက်၊ အိပ်လိုက်နဲ့ ဇိမ်ခံနေတယ်ထင်စရာကြီး ဖြစ်နေပါရော။ ကိုယ့်ကိုယ်ကို ပြန်တွက်ကြည့်ပြန်ရင်လည်း တစ်ခါမှ နားနားနေနေနဲ့ ဇိမ်မခံဖြစ်ပါ။ ဒါတောင် Weight တက်နေတယ်ဆိုတော့ ကိုယ့်အလုပ်ထဲမှာ စိတ်ချမ်းသာလွန်းလို့ပဲ ဖြစ်ပါလိမ့်မယ်။

အလုပ်ထဲမှာ စိတ်ကတော့ ဘာချမ်းသာသလဲ မမေးပါနဲ့။
မနက်မိုးလင်းလို့ ကျောင်းသူကျောင်းသားတွေမျက်နှာ မြင်လိုက်ရတာနဲ့ ကိုယ့်စိတ်ထဲမှာ
မင်္ဂလာရှိသော နံနက်ခင်းလို့ တွေးလိုက်ပြီးသားပါ။
စာသင်ချိန်တွေမှာ ကျောင်းသားတွေက ကိုယ်ရှင်းပြသမျှ ဒက်ခနဲ၊ ဒက်ခနဲ နားလည်သွားရင် ကိုယ့်ကိုယ်ကို တယ်တော်တဲ့ငါပဲလို့ မရှက်တမ်းကြွေးကြော်ပြီး စိတ်ထဲက ပျော်ပါတယ်။ တစ်ခါနဲ့ နားမလည်ကြပြန်ရင်လည်း နောက်တစ်မျိုးရှင်းပြဖို့ ထပ်စဉ်းစားရတာကြောင့် အပျင်းပြေပါတယ်။ တော်တဲ့ကျောင်းသား၊ ပြောစကားကို မြေ၀ယ်မကျ နားထောင်လိုက်နာတဲ့ ကျောင်းသားနဲ့ တွေ့ရရင် ရင်ထဲမှာ ပီတိအပြည့်နဲ့ ကြည်နူးရပါတယ်။ ညံ့တဲ့ကျောင်းသား၊ ပြောရခက်တဲ့ကျောင်းသားများနဲ့ ကြုံရပြန်ရင်လည်း သူတို့လေးတွေ တော်လာအောင်၊ ပြောစကားနားထောင် လိုက်နာတဲ့ လူလိမ္မာလေးတွေ ဖြစ်ရအောင် နည်းလမ်းမျိုးစုံ၊ ဗျူဟာမျိုးစုံ သုံးလို့ မရိုးနိုင်အောင် ဆုံးမရတာကြောင့်
ပျင်းချိန်၊ စိတ်ပျက်ချိန် နည်းနည်းမှတောင် မရှိပါ။ ဒါကြောင့်လဲ အခုလိုအလေးချိန်တွေ တိုးလာတာဖြစ်ပါလိမ့်မယ်။

အခုလို ဖွံ့ဖွံ့ထွားထွားကြီးဖြစ်လာတာကို ကိုယ့်သူငယ်ချင်းကတော့
“ကောင်းတာပေါ့ သူငယ်ချင်းရာ ... အဟန့်ရှိတာပေါ့”လို့ ထောပနာပြုပါတယ်။ သူပြောတာလည်း ဟုတ်လို့တော့ နေတာပါပဲ။ အလုံးအထည်လေးရှိလာတော့လည်း လူကြားထဲမှာ ထည်ထည်ဝါ၀ါလေးတော့ ရှိသွားတာတော့ အမှန်ပါ။ အရင်က ဖလံလေးဘ၀တုန်းကတော့ လူကြားထဲမှာ ကိုယ့်အကောင်လေးက ပျောက်နေတာကိုး။ ဒါပေမယ့်...
သွားရလာရတာ အရင်ကလောက်တော့ ပေါ့ပေါ့ပါးပါးလေးမရှိတော့တာတော့ ၀န်ခံရပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ပညာရေးလောကမှာ ပျော်ပျော်ရွှင်ရွှင်နဲ့၊ စိတ်ရောကိုယ်ပါ ချမ်းသာနေရလို့ အခုလို ၀နေတယ်လို့ ကိုယ့်တရားကိုယ်စီရင်ပြီး ပေါင် ၁၆၀ ကိုလည်း ကျေကျေနပ်နပ်ကြီးလက်ခံရင်း
ကိုယ်ကတော့...
ဖိန့်ဖိန့်ကြီးနေပြီး မိန့်မိန့်ကြီးပြုံးလို့...

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger