Thursday, 29 July 2010

ပန်းကလေးတွေ ဖူးတံချီ . . .

ဒီနေ့ ရာသီဥတုက မိုးအုံ့ပြီး ချမ်းစိမ့်စိမ့်လေးဖြစ်နေတယ်။ ပြောရမယ်ဆိုရင်တော့ ကစားသမားကြိုက်ရာသီဥတုပေါ့။ ကိုယ်ပြောနေကျစကားနဲ့ပြောရရင် လူပျင်းကြိုက်ရာသီဥတုလေ။ ဒီလိုအချိန်မျိုးမှာ ခပ်ငယ်ငယ်ကျောင်းသားဘ၀က ဆိုရင်တော့ အိပ်ရာထဲမှာ ၀င်ကွေးချင်ကွေး၊ ပက်လက်ကုလားထိုင်ပေါ်မှာ စာအုပ်တစ်အုပ်လောက်နဲ့ ထိုင်ပြီး တွေးချင်တွေးနဲ့ အင်မတန် အရသာရှိခဲ့တာပေါ့လေ။ ရာသီဥတုထဲမှာ နေလည်းမပူ၊ မိုးရွာတာလည်းမဟုတ်တဲ့ အခုလိုရာသီဥတုအခြေအနေမျိုးက ကိုယ်လိုအတွေးသမားအတွက် အကောင်းဆုံးရာသီလို့ဆိုရရင်လည်း မမှားပေဘူးပေါ့။

ရာသီဥတုကလည်း အားပေးတာကြောင့် တောင်တွေးမြောက်တွေးတွေးရင်းက ကိုယ်ဆယ်တန်းအောင်ပြီးကာစက အညာမှာ လုပ်အားပေးကျောင်းဆရာလေး သွားလုပ်ဖြစ်ခဲ့တာကို ထူးထူးခြားခြားသတိရနေမိပါတယ်။ အဲဒီအချိန်က ကိုယ့်အသက်ကလည်း ၁၇ ကျော်ရုံပဲဆိုတော့ တော်တော့ကို ငယ်သေးတာပါ။ ကိုယ့်ကိုယ်ကို ပညာသင်ကြားရေးမှာ ဘယ်လောက်စိတ်ဝင်စားတယ်ဆိုတာ သိခဲ့ရတဲ့ ကာလအပိုင်းအခြားလို့လဲ ဆိုနိုင်ပါတယ်။ တက္ကသိုလ်တွေမဖွင့်သေးတာကြောင့် နှစ်နှစ်ကျော်ထိုင်စောင့်နေရတဲ့ ကာလတစ်လျှောက်လုံးကတော့ ကျောင်းဆရာဘ၀ကို လုံးလုံးလျားလျားရောက်တဲ့ ကာလပါ။ ဘာကြောင့်လဲဆိုရင် မနက်၆နာရီကနေ ၈နာရီထိ အိမ်မှာ ဆယ်တန်းကျောင်းသားတွေကို စာသင်ပေးပါတယ်။ ၈နာရီခွဲလောက်ကနေစပြီး ကိုယ်လုပ်အားပေးတဲ့ မူလတန်းကျောင်းလေးမှာ စာသင်လိုက်တာ ညနေ၃နာရီခွဲလို့ ကျောင်းဆင်းတဲ့အချိန်အထိပါ။ ညနေပိုင်းမှာ ခဏနားပြီးတော့ ၆နာရီကနေ ၈နာရီထိ ညပိုင်းစာသင်ဝိုင်းတစ်ဝိုင်း ၈နာရီကနေ ၁၀နာရီခွဲထိ နောက်ထပ်တစ်ဝိုင်းသင်ပြီးတော့ အဲဒီအိမ်မှာပဲ ညအိပ်ရပါတော့တယ်။
မနက်မိုးလင်းရင် ကိုယ့်အိမ်ကိုပြန်ပြီးတော့ မနက်ပိုင်းစာသင်၊ ပြီးရင် ကျောင်းသွား...နှစ်နှစ်လုံး ဒီလိုပဲ ကုန်ဆုံးခဲ့ပါတယ်။ ပြန်မရနိုင်တော့တဲ့ ဘ၀ရဲ့အကျေနပ်ဆုံးကာလတွေပါလေ...

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သင်ခဲ့တဲ့ကိုယ့်တပည့်မူလတန်းကျောင်းသားလေးတွေ အခုလောက်ဆိုရင်
ဘွဲ့တွေပဲရကုန်ကြပြီလား၊ တောသူတောင်သားတွေပီပီ စောစောစီးစီးပဲ ကျောင်းကထွက်ကြပြီး သားတွေသမီးတွေ တပုံတပင်နဲ့ လယ်သမားကြီးတွေ၊ လယ်သူမကြီးတွေများဖြစ်ကုန်ကြပြီလား မပြောတတ်ပါ။ အခုနေသူတို့ဆရာလေးကို ပြန်တွေ့ရင် မှတ်မိတော့မယ်လည်းမထင်ပါ။ ဖြစ်နိုင်ရင်တော့ အညာကသူတို့ရွာကလေးကို တစ်ခါလောက်တော့ အလည်သွားကြည့်ချင်ပါရဲ့။ ကိုယ့်ဘ၀ အစောပိုင်းကပျိုးခဲ့ဖူးတဲ့ ပန်းကလေးတွေကများ အရင်ကနဲ့လုံးလုံးမတူတော့တဲ့ သူတို့ဆရာလေးကို မှတ်မိနေကြသေးမယ်ဆိုရင်လေ...

Wednesday, 28 July 2010

ငှက်မသိတော့ ဆက်ရက်ကို ချိုးထင် . . .

မနေ့ညက တစ်ညလုံးနဲ့ ဒီနေ့တစ်မနက်လုံး Google နဲ့ ကိုယ်နဲ့ ပြဿနာဖြစ်လို့ မဆုံးပါ။ ဘာတွေက၊ ဘယ်လိုဖြစ်ကုန်တယ်ဆိုတာလည်း နားမလည်တော့ပါ။ mail စစ်မယ်ဆိုပြီး account log in ၀င်လိုက်တာ
password မှားတယ်ဆိုပြီး အ၀င်မခံပါ။ ကိုယ်ဆိုတဲ့လူမျိုးကလည်း နံပါတ်တွေမှတ်တဲ့နေရာမှာ အားနည်းချက်ရှိတာမို့ password တွေကို ခပ်လွယ်လွယ်ပဲ ပေးလေ့ရှိတဲ့အပြင် firefox ကိုပါ မှတ်ခိုင်းထားသေးတာပါ။ ကိုယ့် netbook ကိုယ် ဘယ်သူမှ မကိုင်တာကြောင့် လုံခြုံရေးကိုယ်လည်း မပူရတာတစ်ကြောင်းကြောင့်လည်းပါပါတယ်။

အခါတိုင်းဆိုရင် လိုင်းပေါ်ရောက်တာနဲ့ ဘာpasswowrd မှ ဖြည့်စရာမလိုဘဲ ၀င်နေကြ site တွေထဲကို တန်းဝင်ရုံပါပဲ။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကစပြီး password ပြန်ပြန်တောင်းနေတာ ခံရပါတော့တယ်။ ဒါပေမယ့် ကိုယ့်password ကိုယ် ရိုက်ထည့်ပြီး ၀င်ရုံမို့ ဒုက္ခတော့ သိပ်ရောက်တယ်မရှိပါ။

မနေ့ကတော့ ဘာတွေဖြစ်ကုတ်တယ် မသိတော့ပါ။ password ရိုက်ထည့်တိုင်း မှားတယ်ပဲပြောပြီး access လုပ်လို့မရပါ။ အဆိုးဆုံးက Gtalk ပါ။ ဘယ်လိုမှ ၀င်လို့မရတာကြောင့် သူပဲမှားသလားဆိုတဲ့ စိတ်ကူးနဲ့
ကိုယ်သုံးလေ့ရှိတဲ့ password တွေ တစ်မျိုးပြီးတစ်မျိုး ရိုက်ထည့်ပြီး စမ်းမိမှပဲ ပိုဆိုးပါလေရော။ ကိုယ့်ကိုယ်သူခိုးထင်ပြီး account ပါပိတ်ချလိုက်ပါရောလား။

ကိုယ်ကလည်း Google ထုတ်ကုန်တွေကို အင်မတန် သဘောတွေ့သူမို့ account ပိတ်ခံရတာ တော်တော်ဆိုးသွားပါတယ်။ ၀င်နေကျ ကိုယ့်blog ကိုတောင် ၀င်လို့မရတဲ့ ဘ၀ရောက်သွားတယ်။ ဒါနဲ့ Google ကတောင်းတဲ့အတိုင်း mobile နံပါတ်ပေးလိုက်တော့ code ပြန်ပို့ပါတယ်။ ဒါပေမယ့် တော်တော်ကြာမှ SMS ရောက်လာတယ်။ ကိုယ့် N72 အားနည်းချက်ကြောင့်ထင်ပါရဲ့။ ဖြစ်ချင်တော့ ကိုယ်ကလည်း SMS မရောက်မချင်း access သုံးလေးခါလုပ်မိတဲ့ အပြင် ကိုယ့်ဖုန်းနံပါတ်တင်မကဘဲ သူများဖုံန်းနံပါတ်ပါသွားပေးမိတော့ ရောက်လာတဲ့ code တွေအများကြီးနဲ့ ပြဿနာတက်ပါလေရော။ သူက တစ်ခါ access လုပ်ရင်code နံပါတ်တစ်ခုပေးပြီးအဲဒီနံပါတ်ကိုပဲ အသိအမှတ်ပြုတာကိုး။

သဘောပေါက်သွားလို့ ကိုယ့်နံပါတ်လေးပြန်ရိုက်ထည့်ပြီး SMS အလာကို စိတ်ရှည်လက်ရှည်စောင့်မယ်လုပ်တော့မှ အဲဒီနံပါတ်က access လုပ်တာများနေလို့ဆိုပြီး လက်မခံတာနဲ့တိုးပါလေရော။ ဒါနဲ့ ကိုယ့်ကျောင်းသားလေးတစ်ယောက်ရဲ့ နံပါတ်ပေးလိုက်မှ အဆင်ပြေသွားတယ်။ ဒါတောင် account ထဲ ၀င်ဝင်ချင်း password ဟောင်း ပြန်တောင်းသေးတယ်။ တော်သေးတာပေါ့ အဟောင်းကို သူမှတ်မိပေလို့။ Google ကတော့ ပြောပါတယ်။ မသမာမှုတွေ ဖြစ်မှာစိုးလို့ ကာကွယ်ပေးထားတာပါတဲ့။

ဘာပဲဖြစ်ဖြစ်လေ...
ကိုယ့်မှာတော့ “ငှက်မသိတော့ ဆက်ရက်ကို ချိုးထင်၊
အချက်မသိတော့ သမက်ကို သူခိုးထင်”ဆိုတဲ့စကားပုံလိုပဲ ကိုယ့် account ကို access လုပ်တာတောင် မသမာသူထင်တဲ့ Google ကြောင့် ပညာတွေ တိုးခဲ့ပါကြောင်း...

Monday, 26 July 2010

သင့်ရာအပ်ပို့ . . .

မနေ့ကတစ်နေကုန် အလုပ်တော်တော်များရပါတယ်။ ကိုယ့်တပည့်ဆယ်တန်းကျောင်းသားဟောင်းတွေ အမှတ်စာရင်းတွေထုတ်ကြပြီးတော့ တက္ကသိုလ်ဝင်ခွင့်လျှောက်ပေးဖို့ ပြင်ဆင်ပေးနေရတာကြောင့်ပါ။ သူတို့လေးတွေရဲ့ ဘ၀တစ်ဆစ်ချိုးဖြစ်တာကြောင့် ကိုယ့်မှာ သူတို့ရထားကြတဲ့ အမှတ်တွေနဲ့ ရနိုင်မယ့်လိုင်းတွေကို စဉ်းစားပေးရပါတယ်။ စဉ်းစားတယ်ဆိုတာထက် လျှောက်ပေးရတယ်လို့ပြောရင် ပိုကောင်းပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ကျောင်းသားတွေရော ကျောင်းသားမိဘတွေပါ ပညာရေးနဲ့ပတ်သက်ကြရင် ဘာတစ်ခုမှ မသိနားမလည်ကြတာကြောင့် အစစအရာရာ ဆရာဖြစ်သူကပဲ လိုက်လုပ်ပေးရလို့ပါ။
ခပ်ရှင်းရှင်းပြောရရင်တော့ သူတို့ဘ၀တစ်ခုလုံးကို ကိုယ့်လက်ထဲကို ပုံအပ်လိုက်ကြတာပါပဲ။

တကယ်တော့ ကိုယ့်လက်ရှိအလုပ်က စိတ်ထားရင် ထားသလောက် တာဝန်ကြီးလွန်းပါတယ်။
ဘာကြောင့်လဲဆိုရင် ကျောင်းသားလေးတွေဆိုတာ သူတို့မိဘပေးတဲ့ အသက်နဲ့ရှင်သန်ကြပြီးတော့
ကိုယ်ချပေးတဲ့ ဘ၀နဲ့ရပ်တည်ကြမှာမို့ပါပဲ။ ဆရာဝန်ဘ၀ဆိုတာလည်း လူတွေရဲ့အသက်တွေကိုရင်းပြီးလုပ်ရတာဖြစ်လို့ တာဝန်ကြီးသလို ဆရာဘ၀ဆိုတာလည်း ကျောင်းသားတွေရဲ့
ဘ၀တွေနဲ့ရင်းပြီးလုပ်ရတာမို့ တာဝန်ကြီးတာချင်းတော့ သိပ်မကွာလှပါ။ကိုယ့်အမြင်ကတော့ ဆရာဘ၀ဟာ
ဆရာဝန်ဘ၀ထက်တောင် ပိုပြီးမွန်မြတ်တယ်ထင်ပါတယ်။

ကျောင်းသားတွေအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်တယ်ဆိုတဲ့ အလုပ်ကလည်း အပြောလွယ်သလောက် အလုပ်အင်မတန်မှ ခက်ပါတယ်။ ကိုယ့်တုန်းကတော့ ကိုယ်ပိုင်ရည်မှန်းချက်နဲ့ ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တာမို့ အမှတ်မီတာနဲ့ ဘာမှစဉ်းစားစရာ သိပ်မလိုခဲ့ပါ။ ကိုယ့်ကျောင်းသားတွေမှာတော့ ကိုယ်လို
ရည်မှန်းချက်တွေ၊ ဘာတွေ မြင့်မြင့်မားမားရှိခဲ့ကြတာမဟုတ်ဘဲ ဆရာဖြစ်တဲ့သူရဲ့တွန်းအားတွေကြောင့် ဆယ်တန်းအောင်ကြရတာဖြစ်လို့ သူတို့ခမျာ ဘာတွေလျှောက်လို့၊ ဘာတက္ကသိုလ်တွေ တက်ရမှန်း မသိကြပါ။
ပညာရေးစနစ်သစ်အရ ကျောင်းသားတစ်ယောက်ရဲ့ ဆယ်တန်းမှာ ယူခဲ့တဲ့ဘာသာတွဲပေါ်မှာ မူတည်ပြီးတော့ အမှတ်ချင်းတူပေမယ့် တက်ခွင့်ရတဲ့ တက္ကသိုလ်က ကွဲပါတယ်။ ဒီထက်ပိုဆိုးနေတာက ကိုယ့်ကျောင်းသားတွေက ထူးချွန်ကြတဲ့ ကျောင်းသားတွေမဖြစ်ခဲ့တာကြောင့် သူတို့ရထားတဲ့အမှတ်တွေက တောင်မမီ မြောက်မမီလေးတွေ ဖြစ်နေကြပါရော။

ကျောင်းသားဆယ်ယောက်မှာ အမှတ် ၃၅၀ ကျော်တဲ့ ကျောင်းသူကတော့ နည်းပညာတက္ကသိုလ်ကို တက်ခွင့်ရတာသေချာတာမို့ သိပ်တော့စဉ်းစားစရာမလိုလိုက်ပါ။ ဒါပေမယ့် သူ့မိဘခမျာ နည်းပညာတက္ကသိုလ်ဆိုတာကြီးကို ဘာကြီးမှန်းမသိတာကြောင့် ကိုယ့်မှာအာပေါက်အောင်ရှင်းပြရပြန်ပါတယ်။
အမှတ် ၃၃၀ ကျော်ရတဲ့ ၀ိဇ္ဖာကျောင်းသူအတွက်တော့ ကိုယ်တော်တော်ခေါင်းခြောက်ရပါရော။ တကယ်တော့ သူရတဲ့အမှတ်က သူတို့တွေတက်ခွင့်ရတဲ့ တက္ကသိုလ်ထဲက အမြင့်ဆုံးဖြစ်တဲ့ စီးပွားရေးတက္ကသိုလ်ကို မီပါတယ်။ ဒါပေမယ့် သူတို့ကိုကျောင်းထားပေးမယ့် အဖွားဖြစ်သူနားလည်အောင် ဒီနေ့သွားပြီးရှင်းပြရပါတယ်။ ရန်ကုန်မှာ သွားတက်ရမှာဖြစ်ပေမယ့် စိတ်မပူဖို့၊ တက္ကသိုလ်တက်မှ လူတွေနဲ့ပေါင်းတတ်သင်းတတ်တဲ့ ပညာကို ရမှာမို့ တက်ခိုင်းဖို့အပြင် ဘွဲ့ရရင် ဘယ်လိုအလားအလာကောင်းတွေရှိတယ်ဆိုတာတွေပါရှင်းရပါတော့တယ်။ ကိုယ့်ကျောင်းသူတွေခမျာမှာလည်း သူတို့တွေတက္ကသိုလ်တက်ရေးဟာ သူတို့ဆရာအပေါ်မှာမူတည်နေတာကြောင့် ဘေးမှာထိုင်ပြီး ဆရာ့မျက်နှာသာ ကြည့်နေပါတော့တယ်။ ဒါပေမယ့် အဖွားဖြစ်သူက ခေတ်အမြင်ရှိတာကြောင့် လွယ်လွယ်ကူကူ လက်ခံလို့ တော်ပါတော့တယ်။
အဲဒီကျောင်းသူလေးနှစ်ယောက် ခမျာ ဘောဂဗေဒရမှတ် ၇၄ မှတ်စီနဲ့ ဂုဏ်ထူးနဲ့သီသီလေးလွဲပြီး အတော်လေး ခံစားရရှာပါတယ်။ ကိုယ့်တုန်းကလည်း မြန်မာစာဂုဏ်ထူးကို သီသီလေးပြုတ်လာတာဆိုတော့ ကလေးတွေကို ကိုယ်ချင်းစာပေးလို့ရပါတယ်။

ကျန်တဲ့ကျောင်းသူကျောင်းသားတွေအတွက်က ပိုလို့တောင် ခေါင်းစားရပါတယ်။ သူတို့ရနိုင်တဲ့ တက္ကသိုလ်ကို စဉ်းစားပေးရတာ တစ်မျိုး၊ တစ်ယောက်ချင်းစီရဲ့ အကျင့်တွေ၊ ၀ါသနာတွေနဲ့ ကိုက်ညီမယ့်အပြင် အနာဂတ်အလားအလာကောင်းမယ့် လိုင်းမျိုးကိုရွေးပေးရုံသာမက အဝေးသင်မတက်ချင်ကြတဲ့ ကျောင်းသားတွေဖြစ်တာကြောင့်သူတို့ကို နေ့ကျောင်းထားဖို့အရေး သူတို့မိဘတွေကို နားလည်အောင်ရှင်းပြ၊ ကိုယ့်ကျောင်းသားတွေကိုတာဝန်ယူရ၊ အာမခံပေးရပါသေးတယ်။ ဒီကြားထဲက ကိုယ့်ကျောင်းသားတွေကများ လမ်းချော်သွားရင် ကြားထဲက ဆရာဖြစ်သူမှာ ခေါင်းဆင်နင်းကိန်းဆိုက်မှာမို့ ကျောင်းသားတွေကိုပါ ဆုံးမရပါသေးတယ်။

တစ်နေကုန်တစ်နေခမ်း ပါးစပ်ရော၊ လက်ပါ မနားမနေအလုပ်လုပ်ရသလို ပုံမှန်သင်တန်းက ကျောင်းသားသစ်တွေကိုလည်း တစ်ချက်တစ်ချက်လှည့်ပြီး စာသင်ပေးရပါသေးရဲ့။ ညပိုင်းအိမ်ပြန်ရောက်တော့ ၉နာရီခွဲပါရော။ ပုံမှန်ဆိုရင် ၇ နာရီဆိုရင် အိမ်ပြန်ရောက်ပေမယ့် မျက်စိကောင်းကောင်းမမြင်ရတဲ့ ကိုယ့်ကျောင်းသူလေးတစ်ယောက်ရဲ့လျှောက်လွှာကို သူ့မိဘတွေနဲ့တိုင်ပင်ပြီး လျှောက်ပေးနေရသေးတယ်လေ။
ပြန်လည်းရောက်ရော ကိုယ့်မှာ လူရှေ့သူရှေ့မှာ မာန်တင်းထားသမျှ အတိုးချပြီး ပင်ပန်းလိုက်တာ မပြောပါနဲ့တော့။

ဒါပေမယ့် ဒီလိုပင်ပန်းရတာမျိုးကတော့ ဆယ်ဆပြန်ပင်ပန်းပါစေ။ ကိုယ်မမှုပါဘူး။ ဘာကြောင့်လဲဆိုရင် နောက်သုံးလေးလဆိုရင် ကိုယ့်ကျောင်းသူကျောင်းသားလေးတွေ သူတို့ဆရာ ခင်းပေးလိုက်တဲ့ ဘ၀လမ်းကြောင်းပေါ်မှာ လျှောက်ရင်း တိုင်းပြည်အတွက် ပညာတတ် သားကောင်းရတနာတွေ ဖြစ်လာကြတော့မှာ မဟုတ်လား။

Saturday, 24 July 2010

ရိုးရာ . . .

ထူးခြားအောင်
ဘူးဝါးပုလွေမြောင်လို့...

ရွှေပလောင် ကိုယင်းနက်ကယ်
မှုတ်ကွက်ကများ ။ ။

ဟန်ကြည်
၂၅.၇.၁၀(တနင်္ဂနွေနေ့)

Friday, 23 July 2010

အိမ်အပြန် . . .

ချောင်းမြောင်းမှာ
ငါးဖားရှာကွန်တစ်လက်နဲ့
ထွက်ခဲ့သူတို့ ။

အိမ်အပြန်
ငါးဆီပြန်လက်ရာကောင်းတယ်
ထောင်းသိပ်သည်သို့ ။ ။

ဟန်ကြည်
၂၄.၇.၂၀၁၀(စနေနေ့)

Tuesday, 20 July 2010

အကောင်းဆုံးတွေ ပေးရအောင် . . .

ဆရာကောင်းတစ်ယောက်ဆိုတာ ကျောင်းသားတစ်ယောက်အတွက် တန်ဖိုးအရှိဆုံးဆုလာဘ်ဖြစ်တယ်ဆိုတာ မကြာခဏပြောဖူးပါတယ်။ ကိုယ်တိုင်လည်း အဲဒီလိုယုံကြည်တဲ့အတွက် ဆရာကောင်းတစ်ယောက်ဖြစ်အောင် ကျင့်ကြံအားထုတ်ပါတယ်။ ကျောင်းသားလူငယ်တွေဆိုတာ အတုခိုးသိပ်မြန်ကြတဲ့ ကလေးတွေပါ ။ ဒါပေမယ့် ကောင်းတာထက်၊ မကောင်းတာကိုပိုပြီး အတုခိုးတတ်ကြစမြဲမို့ ဆရာတစ်ယောက်ရဲ့ ကောင်းတဲ့အမူအကျင့်တွေထက် မကောင်းတဲ့အမူအကျင့်တွေကို ပိုလို့အတုခိုးလေ့ရှိတာ သဘာဝပါ။ ဒါကြောင့် ကိုယ်တို့ဆရာတွေမှာ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေကို ကျောင်းသားလေးတွေရှေ့မှာ မပြမိဖို့ အထူးသတိထားရပါတယ်။

တကယ်တော့ ဆရာဆိုသူတွေမှာလည်း လူသားတွေသာဖြစ်ကြတာမို့ သူတို့မှာလည်း အများနည်းတူ
ကောင်းတဲ့အကျင့်ရော၊ မကောင်းတဲ့အကျင့်ပါရှိတတ်စမြဲပါ။ အားလုံးကောင်းနေတဲ့ဆရာဆိုရင်တော့လည်း
သူ့ကျောင်းသားတွေအတွက် အကြီးမားဆုံးလက်ဆောင်တစ်ခုရတာပါပဲ။ ဒါပေမယ့် အားလုံးကောင်းရမယ်လို့
တစ်ထစ်ချကောက်ချက်ဆွဲရင်တော့ မတရားရာကျပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်တို့တိုင်းပြည်မှာက ဆရာတွေကို ဘုရားနဲ့တစ်ဂိုဏ်းထဲထားတာဖြစ်လို့ တတ်နိုင်သလောက်တော့ ဘက်စုံထောင့်စုံက ပြည့်စုံကောင်းမွန်နေအောင်
ကြိုးစားရပါလိမ့်မယ်။ ဘက်စုံထောင့်စုံဆိုတာ ကျောင်းတွင်းမှာသာမက၊ ပြင်ပလူနေမှုဘ၀ကိုပါဆိုလိုပါတယ်။
ခပ်ငယ်ငယ်ကျောင်းဆရာမတစ်ယောက်က သူ့ကျောင်းသားတွေကိုဆုံးမတာကို ကိုယ်ကြားဖူးပါတယ်။
နင်တို့တွေ ကျောင်းအပြင်ထွက်ရင် အရက်သောက်ချင်သောက်၊ ဖဲရိုက်ချင်ရိုက် ကြိုက်သလိုနေကြ...
ကျောင်းမှာတော့ ကျောင်းစည်းကမ်းလိုက်နာရမယ်”တဲ့။
ကိုယ်တော်တော်ကြီးကို စိတ်ညစ်သွားပါတယ်။ နောက်မှစုံစမ်းကြည့်လို့သိရတော့ အဲဒီဆရာမလေးက ကျောင်းပြင်ပမှာ သူ့ရည်းစားတွေတလှေကြီးနဲ့ တော်တော်လေးကဲတယ်ဆိုပဲ။ ဒီတော့လည်း
ကျောင်းတွင်းကျောင်းပြင် နှစ်နေရာလုံးစည်းကမ်းရှိရမယ်လို့ ဆုံးမရင် သူ့ဘက်လှည့်လာမှာစိုးတာကြောင့်
အပြင်မှာတော့ နေချင်သလိုနေလို့ ဆုံးမရပြီပေါ့။

ဒီဘက်ခေတ် ကျောင်းသားလေးတွေဟာ တကယ့်လူပါးလေးတွေ၊ လူရည်လည်လေးတွေပါ။
ကိုယ်တို့ခေတ်ကထက် အဆပေါင်းများစွာပါးကြနပ်ကြပါတယ်။ ကိုယ်တို့ငယ်ငယ်ကတော့ ဆရာပြောတဲ့စကားတိုင်းကို အမှန်လို့ယူဆပြီး လိုက်နာခဲ့တာချည်းပါပဲ။ ဒီနေ့ကလေးတွေကတော့ တစ်ခုခုဆိုရင်
သူတို့ဥာဏ်မီသလောက်ကတော့ လိုက်စဉ်းစားကြည့်လိုက်ကြသေးတာများပါတယ်။ တစ်ခါတစ်ခါ သဘာဝမကျတဲ့စည်းကမ်းချက်တစ်ခုခုများ ဆရာတစ်ယောက်ကထုတ်ပြီဆိုရင် သူတို့ကိုနားလည်ပေးလေ့ရှိတဲ့
ကိုယ့်ကိုရင်ဖွင့်လေ့ရှိကြပါတယ်။ ဒါကြောင့် ကိုယ်တို့မှာ သူတို့ကိုစည်းကမ်းတစ်ခုမထုတ်ခင် ကိုယ့်ကိုယ်ကို
အရင်ဆုံးပြုပြင်ရပါတယ်။

ဆုံးမစကားနဲ့ပတ်သက်လို့ ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်...
တစ်ခါက ရွာတစ်ရွာက အမျိုးသမီးတစ်ယောက်က သူ့သားဟာသကြားလုံးတွေ စားလွန်းတာကို ဆုံးမလို့မရတာကြောင့် သားဖြစ်သူကိုပါခေါ်ပြီး ရွာဦးကျောင်းဆရာတော်ဆီသွားကြပါသတဲ့။ ဆရာတော်ဆီရောက်လို့ အကျိုးအကြောင်း လျှောက်တင်ပြီးတဲ့အခါ ဆရာတော်က အဲဒီအမျိုးသမီးကို သားဖြစ်သူကိုပါခေါ်ပြီး နောက်တစ်ပတ်နေမှ ပြန်လာဖို့ပြောပြီး ပြန်လွှတ်လိုက်ပါသတဲ့။ ဒါနဲ့အကမျိုးသမီးလည်း နောက်တစ်ပတ်ရောက်တော့ သားဖြစ်သူကိုခေါ်ပြီး ဆရာတော်ဆီကို ပြန်သွားပါရော။ ဆရာတော်က သားဖြစ်သူကိုကြည့်ပြီး ...“ဟဲ့မောင်ကျောင်းသား...နောက်ကိုသကြားလုံးမစားနဲ့တော့”လို့ တစ်ခွန်းတည်း ဆုံးမပါသတဲ့။ အဲဒီမှာတင် အမျိုးသမီးလည်း နားမလည်နိုင်အောင်ဖြစ်ပြီး “ဆရာတော့်နှယ် ဒါလေးဆုံးမမှာများ အရင်တစ်ခေါက်ကတည်းက ဆုံးမရင် ပြီးတာပဲမဟုတ်လား”လို့ စောဒကတက်ပါလေရော။ အဲဒီမှာတင် ဆရာတော်က“ဟဲ့ ဒကာမ...အဲဒီတုန်း ငါလည်း သကြားလုံးစွဲနေတာဟဲ့”လို့ မိန့်တော်မူပါသတဲ့။ ကိုယ့်ကိုယ်ကို အရင်ပြုပြင်ပြီးမှ သူများကိုဆုံးမရမယ်လို့ပြောချင်တာပါ။

ဒါကြောင့် ကျောင်းသူကျောင်းသားလေးတွေကို လူတော်လူကောင်းလေးတွေဖြစ်အောင် အစစအရာရာ
ပြုစုပျိုးထောင်နေကြရတဲ့ ကိုယ်တို့တွေလည်း သူတို့ကိုမဆုံးမခင်မှာ ကိုယ့်ကိုယ်ကို အရင်ဆုံးပြုပြင်ကြရပါလိမ့်မယ်။ “ငါလုပ်သလိုမလုပ်နဲ့ ငါပြောသလိုလုပ်”လို့ ဆုံးမလို့ကတော့ ကျောင်းသားမပြောနဲ့ ကိုယ့်အိမ်က သားသမီးကိုတောင် ဆုံးမလို့ရမှာ မဟုတ်ပါ။ တော်ကြာ အရက်သမားအဖေဖြစ်သူက သားအရက်သမားကို ဆုံးမသလို“ငါ့သားရယ်...သောက်တော့သောက်ပေါ့ကွာ...ဒါပေမယ့် မမူးစေနဲ့ပေါ့”လို့ဆုံးမနေရပါလိမ့်မယ်။

ဒါကြောင့် တိုင်းပြည်ရဲ့မျိုးဆက်သစ်လေးတွေကို အရောင်တင်ပေးနေရတဲ့
ကိုယ်တို့လို ဆရာဆရာမတွေဟာကိုယ့်ဆုံးမမှု အရာထင်ဖို့ ကိုယ့်ကိုယ်ကို အရင်ဆုံးပြုပြင်ကြရပါလိမ့်မယ်။ အပြည့်စုံဆုံးမဖြစ်ရင်တောင်
ကိုယ့်အတိုင်းအတာနဲ့ကိုယ် အကောင်းဆုံးဖြစ်အောင်ကြိုးစားကြမှ
ဘုရားနှင့်တစ်ဂိုဏ်းထဲထားခံရတဲ့ တန်ဖိုးနဲ့ညီကြပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ အဖြူအစိမ်းအားကိုးနဲ့
အနန္တဂိုဏ်းထဲဝင်ချင်ရင်တော့ ဘယ်လိုမှသင့်တော်မှာမဟုတ်ပါ။
ဒါကြောင့် ကျောင်းသားတွေအတွက် အကောင်းဆုံးတွေ ပေးဆပ်ကြပါစို့....

Sunday, 18 July 2010

ကြည်ရေ...

ဒီနေ့ အာဇာနည်နေ့ပါ။ အများပြည်သူရုံးပိတ်ရက်လည်းဖြစ်ပါတယ်။ ကိုယ်ကတော့ ကိုယ်ဆုံးဖြတ်ထားသလို အနားမယူဘဲ အလုပ်ချိန်ကို သွားခဲ့ပါတယ်။ ကျဆုံးသွားကြတဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ပါ။

ဒါပေမယ့် အများစုကတော့ ကိုယ်တို့ရဲ့အာဇာနည်တွေကို မေ့ကုန်ကြပြီထင်ပါရဲ့။ ဘယ်သူ့မျက်နှာမှာမှ ၀မ်းနည်းရိပ်တွေမတွေ့ရတော့ပါ။ အာဇာနည်နေ့ တို့မမေ့လို့ဆိုခဲ့ကြဖူးတဲ့ ကိုယ်တို့ကတော့ ဘယ်တော့မှမေ့မှာမဟုတ်ပါ။ ဒါပေမယ့် ဒီဘက်ခေတ်လူငယ်တွေကတော့ မေ့ကုန်ကြပါပြီ။ သူဘာတွေပေးဆပ်ခဲ့သလဲဆိုတာမပြောနဲ့ ဘယ်ရက်မှာမွေးလို့ ဇာတိဘယ်ကဆိုတာတောင် မသိကြတော့တာ အင်မတန်မှစိတ်ထိခိုက်ရပါတယ်။ အသက်ပေးသွားတဲ့သူတွေကိုတောင် လွယ်လွယ်လေးနဲ့မေ့နိုင်ပျောက်နှိင်လောက်တဲ့ ကျေးဇူးမသိတတ်တဲ့ လူမျိုးတွေဖြစ်ကုန်ကြတော့မယ်ထင်ပါရဲ့။ ကျေးဇူးမသိတတ်တဲ့သူတွေဖြစ်ပြီဆိုရင်တော့ ကျေးဇူးကန်းတဲ့အဆင့်ရောက်ဖို့ သိပ်မဝေးတော့ပါ။ အဲဒီလိုအဖြစ်မျိုးသာရောက်ကြရင်တော့ ကိုယ်တို့တိုင်းပြည်ကြီး သေချာပေါက်ပျက်စီးပါပြီ။ ထေရ၀ါဒ တိုင်းပြည်ဖြစ်ပြီး တိုင်းသူပြည်သားတွေမှာ သိမ်မွေ့နူးညံ့တဲ့စိတ်ထားတွေဘယ်များရောက်ကုန်ကြပါလိမ့်။

ကိုယ်တို့တွေ ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားတယ်ဆိုတာ သူ့ရဲ့အတွေးအခေါ်တွေထက် သူ့ရဲ့ဖြူစင်တဲ့စိတ်ထားကိုပိုလေးစားတာပါ။ သာမန်လူသားတစ်ယောက်ဖြစ်တာမို့ သူ့ရဲ့တစ်ချို့လုပ်ရပ်တွေဟာ မှားချင်မှားနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်နေစိတ်ထားကတော့ သန့်စင်မွန်မြတ်လွန်းတာ သေချာပါရဲ့။ ဆယ်ကျော်သက်အရွယ် ကောင်းကောင်းနေနိုင်တဲ့အခွင့်အရေး၊ ကောလိပ်ကျောင်းကပြီးရင် ချမ်းချမ်းသာသာနေနိုင်တဲ့ အခွင့်အရေးတွေကို စွန့်လွှတ်ပြီး တိုင်းပြည်အတွက်ဆိုတာကို ခေါင်းထဲထည့်ခဲ့တာကို လေးစားလို့မဆုံးနိုင်ပါ။ ပြန်တွေးကြည့်ရင် လောကစည်းစိမ်ဆိုတာ ကိုယ်တို့လည်းလိုချင်တာမို့ ဒါတွေကိုစွန့်ခဲ့တဲ့သူ့ကို မလေးစားဘဲမနေနိုင်ပါ။

ကြည်ရေ...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်ကွာ”ဆိုတဲ့ စာသားလေးကို တွေးမိတိုင်း ဗိုလ်ချုပ်ကို ကြည်ညိုတယ်ဗျာ...

Thursday, 15 July 2010

ဝမ်းနည်းလို့ဖြင့် ထိုင်မနေချင် . . .

အချိန်တွေကုန်တာ မြန်လိုက်တာ....

ကိုယ်တို့ရဲ့လွတ်လပ်ရေး ဗိသုကာဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေ ကျဆုံးခဲ့တဲ့
တိုင်းပြည်ကို လှေပြေးတုန်းတက်ကျိုးစေခဲ့တဲ့ အာဇာနည်နေ့ကို တစ်ခါပြန်ရောက်ပါတော့မယ်။
အာဇာနည်နေ့ရောက်တိုင်း ရင်ထဲမှာ ၀မ်းနည်းပြီး မေးခွန်းတွေထုတ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အသက်နဲ့ရင်းပြီး
ကြိုးစားပေးခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးအတွက် ကိုယ်တို့တွေ တာဝန်ကျေရဲ့လားဆိုတဲ့ မေးခွန်းကတော့ ထိပ်ဆုံးကပါ။

တကယ်ဆိုရင် ဗိုလ်ချုပ်ကတိုင်းပြည်ကို နယ်ချဲ့လက်အောက်က လွတ်မြောက်အောင် ကြိုးစားပေးခဲ့တာဟာ
တိုင်းပြည်နဲ့လူမျိုးကို အင်မတန်တိုးတက်စေချင်တဲ့ စေတနာအရင်းခံကြောင့်ပါ။ ကိုယ်ကျိုးဟူသမျှ ဘေးဖယ်လို့
တိုင်းပြည်မှတိုင်းပြည်အတွက် အချိန်ပြည့်ကြိုးစားပေးခဲ့တဲ့ ဗိုလ်ချုပ်ကွယ်လွန်ချိန်မှာ အသက် ၃၂ နှစ်ပဲ
ရှိပါသေးတယ်။ တကယ်ဆိုရင် အကောင်းဆုံးအရွယ်ပါ။ အသိပညာနဲ့ အတွေ့အကြုံပါအပြည့်ဝဆုံးအရွယ်
ပြီးတော့ ခွန်အားပိုင်းနဲ့ကျန်းမာရေးပိုင်းပါ အကောင်းဆုံးအသက်အပိုင်းအခြားပါ။
အဲဒီအရွယ်မှာ ကိုယ်ပိုင်ပျော်ရွှင်မှုဆိုလို့ ဘာတစ်ခုမှမရှိခဲ့ရှာဘဲ
ဗိုလ်ချုပ်ကျဆုံးရရှာပါတယ်။ ပြန်ပြန်တွေးမိတိုင်း သနားလို့မဆုံးပါ။ တစ်ခါတစ်ခါ အပြင်မှာ
အဲဒီလောက်အသက်အရွယ်ရှိတဲ့လူတွေ ဟေးလားဝါးလားနဲ့ ဘ၀ကိုရေစုန်မျှောနေကြတာမြင်ရင်
တော်တော်ဒေါသဖြစ်ရပါတယ်။

ဘယ်လောက်ပဲ ၀မ်းနည်းပူဆွေးနေကြပေမယ့် ဗိုလ်ချုပ်ကတော့ ပြန်ရှင်လာမှာမဟုတ်တာ သေချာပါတယ်။
အကောင်းဆုံးကတော့ ဗိုလ်ချုပ်အသက်ပေးရကျိုးနပ်အောင် ကျန်ခဲ့သူတွေက ကြိုးစားကြဖို့ပါပဲ။
တကယ်ဆိုရင် ဗိုလ်ချုပ်လုပ်ခဲ့သမျှဟာ တိုင်းသူပြည်သားတွေ တိုးတက်စေချင်လို့ပါ။
အဲဒီအသိကို အားလုံးရဲ့ခေါင်းထဲမှာထည့်ပြီး ရလာတဲ့အနေအထားမှာ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင်
ကြိုးစားကြဖို့ပါ။ ကိုယ့်ကိုယ်ကို ကောင်းအောင်ကြိုးစားခြင်းဟာလည်း ကိုယ့်တိုင်းပြည်ကို အလုပ်အကြွေးပြုခြင်း
မည်ပါတယ်။ တိုင်းပြည်မှာ လူတော်လူကောင်းတစ်ယောက်တိုးစေတာဟာလည်း အင်မတန်မှ အကျိုးများတဲ့
ကိစ္စပါ။ ဗိုလ်ချုပ်လည်းး ဒါကိုကျေနပ်မှာပါ။ ဗိုလ်ချုပ်တင်မကပါဘူး မြန်မာ့လွတ်လပ်ရေးအတွက်
လူသိထင်ရှားရော၊ မထင်မရှားပါ အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေပါ ကျေနပ်ကြမှာပါ။

ဒါကြောင့် ကိုယ်တစ်ခုခု မဟုတ်တာ၊ မကောင်းတာလုပ်တော့မယ်ဆိုရင်
ဗိုလ်ချုပ်မျက်နှာကို တစ်ချက်တော့မြင်ကြည့်ရပါလိမ့်မယ်။ သေသွားတဲ့ အာဇာနည်တွေ အသက်တွေ
ပေးရကျိုးနပ်အောင် တတ်နိုင်တဲ့ဘက်ကနေ တိုင်းပြည်တာဝန်ကို အကောင်းဆုံးထမ်းကြမယ်ဆိုရင်ဖြင့်
အာဇာနည်တွေကို ဂုဏ်ပြုရာရောက်ပါလိမ့်မယ်။ကိုယ်တို့တိုင်းပြည်လည်း တိုးတက်သထက်တိုးတက်လာမယ်
ဆိုတာ သေချာနေပါရဲ့...

ကိုယ်ကိုယ်တိုင်လည်း အာဇာနည်နေ့မှာ ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေကို
လေးစားဂုဏ်ပြုတဲ့အနေနဲ့ အနားမယူဘဲ အခါတိုင်းနေ့တွေထက် အလုပ်ကို နှစ်ဆတိုးလုပ်ဖို့ဆုံးဖြတ်ထားပါတယ်။ ၀မ်းနည်းတယ်ဆိုပြီး ထိုင်နေရင် ဘာအကျိုးမှရှိလာမှာမှမဟုတ်ဘဲလေ။
အသက်တောင်ပေးခဲ့တဲ့ အာဇာနည်တွေအတွက် ကိုယ်တို့က လုပ်အားတော့ပြန်ပေးရမှာပေါ့...

Tuesday, 13 July 2010

မသာတစ်ခေါက်...ကျောင်းဆယ်ခေါက်...

မနေ့က နေ့လည်ပိုင်းမှာအပြင်ထွက်ရင်း အသုဘတစ်ခုနဲ့ဆုံပါတယ်။

ဘာရယ်မဟုတ်ပေမယ့် ကားမှာကပ်ထားတဲ့ အသက်ကိုကြည့်လိုက်မိတော့ ၂၉ နှစ်ပဲရှိသေးတာ တွေ့လိုက်တယ်။ ရင်ထဲမှာတစ်မျိုးကြီးခံစားလိုက်ရသလိုပါပဲ။ တကယ်ဆိုရင် အဲဒီလောက်အသက်အရွယ်ဆိုတာ နုပျိုတက်ကြွနေတဲ့ အရွယ်ပဲလေ။ ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက်မကွေးခင်ဆိုတဲ့ တရားကိုသိပြီးသားဖြစ်ပေမယ့် အခုလိုမျိုးကြီး အမှတ်ထင်ထင်တွေ့ရတော့ မညာတန်းဝန်ခံရရင် နည်းနည်းတုန်လှုပ်သွားမိတယ်။ အင်း...ကြောက်သွားတယ်လို့ပြောရင်ပြောလို့ရမယ် ထင်ပါရဲ့။

ဒါပေမယ့်...သေရမှာကို ကြောက်တာတော့ မဟုတ်ပါ။ လူတစ်ယောက်ရဲ့ဘ၀မှာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတာ အစဉ်တွဲနေတဲ့ သဘောရှိတာမို့ တစ်နေ့မှာ သေကြရမှာမဆန်းပါ။ အသက်ဇီဝရဲ့မူလသဘောတရားမှာကိုက သေခြင်းတရားတွဲပါပြီးသားဖြစ်လို့ပါပဲ။ မွေးပြီးကတည်းက သေဆုံးခြင်းပန်းတိုင်ဆီကို မရောက်မချင်းသွားနေကြတာ လူတိုင်းမဟုတ်လား။

ကိုယ်ကြောက်သွားတာက ကိုယ်ဘာမှထိထိရောက်ရောက်မလုပ်ရဘေးတာကိုပါပဲ။
ကိုယ့်အတွက်ဆိုတာတော့ သိပ်ပြဿနာမရှိပါ။ လူနဲ့လူ့ပတ်ဝန်းကျင်အကျိုးကို ထိထိရောက်ရောက်မလုပ်ဖြစ်သေးတာတွေးမိသွားတယ်။ ကိုယ့်ပတ်ဝန်းကျင် ကွက်ကွက်လေးအတွက်တောင် အသေအလဲကြိုးစားပေးနေရတာဆိုတော့ အများအကျိုးဆိုတာ သိပ်မဆောင်ရွက်နိုင်သေးပါ။ စိတ်သာရှိပေမယ့် ကိုယ့်ဒေါသနဲ့၊ ကိုယ့်မာနကို မထိန်းနိုင်သေးတာကြောင့်လဲပါပါရဲ့။ ဒါကြောင့်လဲ အများအကျိုးဆိုလို့ ဆေးခန်းလာတဲ့ဆင်းရဲသားလူနာတွေကို ဆေးဖိုးမယူတာ၊ ကလေးတွေအတွက် စာအုပ်လေးတွေဝယ်ပြီးဝေတာ၊ သက်ကြီးရွယ်အိုတွေအတွက် အနည်းအကျဉ်းထောက်ပံ့တာလောက်ပဲလုပ်ဖြစ်ပါတယ်။ ဒီလောက်လေးနဲ့တော့ ရထားတဲ့ဘ၀ရဲ့အကြွေးကို ကျေမှာမဟုတ်တာတော့ သေချာလို့နေပါတယ်။

ဖြတ်သွားတဲ့ အသုဘပို့ကားတန်းကြီးကိုကြည့်ရင်း ရှိနေသေးတဲ့အချိန်တွေမှာ လူ့ပတ်ဝန်းကျင်အတွက် ဒီထက်ပိုပြီးကြိုးစားဖို့ ဆုံးဖြတ်ချက်ချခဲ့မိပါတယ်။ ဒါကြောင့်လဲ ရှေးလူကြီးတွေက မသာတစ်ခေါက်ကျောင်းဆယ်ခေါက်လို့ ဆိုရိုးစကားထားခဲ့တာ ဖြစ်မယ်ထင်ပါရဲ့။ ။

Monday, 12 July 2010

ကိုယ်လဲလေ လောကီသား . . .

တစ်ရက်တစ်ရက်လည်း မနက်မိုးလင်းအိပ်ရာထကတည်းက တစ်နေကုန်တစ်နေခမ်း အလုပ်သရဏံဂစ္ဆာမိနေရတာနဲ့ပဲ ကိုယ့်မှာပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်မှန်းမသိပြတ်လာပါတယ်။ ကိုယ်ပိုင်လောကလေးထဲမှာပဲ ကျေနပ်နေရင်း ဘေးဘယ်ညာကိုလည်း မကြည့်မိတာကြာပေါ့။

ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်ရင်းကိုက သူများနဲ့ရောရောနှောနှောနေချင်တဲ့စိတ်မျိုးမရှိတာကြောင့် ကိုယ့်ကိုယ်ကိုလည်း လူဖြစ်ရှုံးတယ်မထင်မိပါ။ ချစ်ကောင်းသီချင်းထဲကလို မပိုင်ဆိုင်လိုက်ရတဲ့ကမ္ဘာကိုလည်း တမ်းတမ်းတတမရှိတော့ပါ။ ရှိနေတဲ့အနေအထားကိုပဲ အကောင်းဆုံးအသုံးချလို့ လူနဲ့လူ့ပတ်ဝန်းကျင်တစ်ခုလုံးမဟုတ်ရင်တောင် ကိုယ့်ကိုမှီခိုအားထားနေသူတွေအတွက် အကောင်းဆုံးတွေပေးနိုင်အောင် ကြိုးစားပေးဖို့ပဲ စိတ်ထဲမှာရှိပါတော့တယ်။

လူတွေကိုလည်း ကြည့်ရင်းကြည့်ရင်းနဲ့စိတ်ကုန်လာသလိုလိုလဲ ရှိပါရဲ့။ အသက်တန်းတိုတိုလေးမှာ တစ်ယောက်ကိုတစ်ယောက် ဒေါသတွေ၊ မောဟတွေနဲ့ မိုးလင်းမိုးချုပ် အချိန်ကုန်နေကြတာ စိတ်ပျက်ပါတယ်။ သူတို့တွေအတွက် ကိုယ့်အချိန်တွေကို မပေးချင်ပါ။ ဘ၀အတွက် အကောင်းဆုံးကြိုးစားနေကြတဲ့သူတွေအတွက်ပဲ ကိုယ့်အချိန်တွေကို ရင်းနှီးမြှုပ်နှံဖို့ အားသန်ပါတယ်။
ငယ်ငယ်ကတော့ လုပ်သမျှအလုပ်တိုင်း လောက လူသားအားလုံးအတွက်ဖြစ်စေရမယ်လို့ ခပ်မြင့်မြင့်တွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် အရွယ်ရောက်လို့ လူတွေကြားသွားရင်းလာရင်း လူတွေအကြောင်းပိုပိုသိလာလေ ကိုယ့်စေတနာတွေ၊ အလုပ်တွေကို နှမျောသလိုလိုရှိလာပါရော။
စေတနာတွေထားရင်းထားရင်း ဝေဒနာတွေလည်း များများလာလေတော့ ရှေးလူကြီးတွေပြောတဲ့
“စေတနာသည် လူတိုင်းနဲ့မတန်”ဆိုတဲ့စကားကို ထောက်ခံချင်သလိုလို ဖြစ်လာပါတယ်။

ရှင်တော်မြတ်ဘုရားကတော့“ ပြန်ရလိုမှုနဲ့ထားတဲ့စေတနာသည် အကျိုးမပေး” လို့ဟောတော်မူထားပါရဲ့။
ဒါပေမယ့် ကိုယ်ကတော့ လောကီလူသားပီပီ အသိအမှတ်ပြုတာလေးတော့လည်း ခံချင်မိပါတယ်။ ကျန်တဲ့ ရလိုမှုကတော့ ဘာမှမရှိတာ သေချာပါတယ်။ အကျိုးမပေးရင်လည်းနေပါစေလေ...ကိုယ်က စိတ်ရောကိုယ်ပါကူညီပြီးတော့ အသိအမှတ်မပြုတဲ့အပြင် စော်ကားသွားတာမျိုးတွေ များလာတော့လည်း ကိုယ့်စေတနာကို စစ်စစ်စီစီလေးထားမိပါတော့တယ်။

ခပ်ရိုင်းရိုင်းပြောရရင်တော့“ ကျေးဇူးမတင်တဲ့အပြင် ဖင်လှန်ပြတာလေးတွေ”များလာတော့
စေတနာကို နှမြောလာတာလေးတော့ သူများခွင့်မလွှတ်ချင်နေ ကိုယ့်တရားကိုယ်စီရင်လို့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ထားပါတယ်။

ကိုယ်လဲလေ လောကီသားပေမို့ပါနော်...


နှုတ်ဆက်လိုက်ရတဲ့ ၂၀၁၀ ကမ္ဘာ့ဖလား . . .

အင်း...ဘာလိုလိုနဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပွဲကြီးလည်း အောင်အောင်မြင်မြင်ပြီးသွားပါပြီ။
နိုင်တဲ့သူပြုံးလို့ ရှုံးတဲ့လူလည်း ငိုခဲ့ကြပါပြီ။ အထင်ကြီးခဲ့ရတဲ့ အသင်းတွေထွက်လို့ ထင်မထားတဲ့အသင်းတွေလည်း ပျော်ခဲ့ကြပါပြီ။ နေရာတိုင်းမှာလည်း Waka Waka ဆိုတဲ့ အသံတွေကျယ်ကျယ်လောင်လောင်ကြားလို့ဝပါပြီ။
(အင်း...ကိုယ်တို့ဆီမှာတော့ နောက်မှပေါက်တဲ့ ရွှေကြာပင်က အရိုးပိုရှည်စမြဲမို့ မိုးလင်းမိုးချုပ် Waka Waka လုပ်လို့ကောင်းတုန်းပါပဲ)

ဒီကမ္ဘာ့ဖလားကတော့ ကိုယ့်အတွက် လုံးဝမတန်လိုက်ဖူးလို့ ပြောရမယ်ထင်ပါရဲ့။ ၈နာရီခွဲကန်တဲ့ပွဲလေးတွေ ကြည့်မယ်ဆိုပြန်တော့ မြ၀တီက လွှင့်ပေးပေမယ့် မြို့ကထပ်ဆင့်အသံလွှင့်စက်က ပြန်လွှင့်မပေးတာကြောင့် တစ်ရက်မှ ကောင်းကောင်းမကြည့်ရပါ။ ဘောလုံးပွဲပြတဲ့ လက်ဖက်ရည်ဆိုင်တွေက ပိုက်ဆံပေးထားတာဖြစ်မယ်ထင်ပါရဲ့။ သတင်းပြီးလို့ ဘောလုံးပွဲလာမယ်ဆိုတာနဲ့ လိုင်းဖြတ်လိုက်ပါလေရော။ လက်ဖက်ရည်ဆိုင်ပြေးပြေးကြည့်နေရတာ စိတ်ကုန်တာနဲ့ သံယောဇဉ်ဖြတ်လိုက်ရပါရော။ သူများတွေပါးစပ်က ဘယ်အသင်းကဘယ်လို၊ ဘယ်ဝါနဲ့ပြောသံကြားတိုင်း ထပ်ဆင့်အသံလွှင့်ရုံကို ထိုင်ထိုင်မေတ္တာပို့ရတာနဲ့ပဲ တစ်ရက်တစ်ရက် ငရဲမနည်းကြီးရပါတယ်။

ဒီပွဲကြီးကိုကြည့်ဖို့ လေးနှစ်ကျော်စောင့်ခဲ့ရသမျှ မောင်မင်းကြီးသားများကြောင့် ခဲလေသမျှသဲရေကျရပါလေရော။ သန်းခေါင်ကျော်လာတဲ့ပွဲကျပြန်တော့လည်း ထပ်ဆင့်ရုံက မောင်မင်းကြီးသားက လွှင့်မပေးပြန်ပါ။ မရှိရှိတဲ့လိုင်းကဖမ်းကြည့်ပြန်တော့လည်း အစက်အပြောက်တွေများလွန်းတာကြောင့် ကောင်းကောင်းမမြင်ရ။ ဘောလုံးကဘယ်ဟာများပါလိမ့်လို့ မှန်းကြည့်နေရတာကြောင့် စိတ်ကုန်သွားပြန်ပါတယ်။ မရမက ပေကြည့်ပြန်တော့လည်း တစ်နေကုန်ပင်ပန်းတဲ့ဒဏ်ကြောင့် ၁၅မိနစ်တောင်မခံဘဲ အိပ်ပျော်တာများပါတယ်။

ကောင်းကောင်းမကြည့်ရတာလို့ စိတ်မကြည်ရတဲ့ ကြားထဲမှာ ကိုယ်အားပေးတဲ့အသင်းတွေကလည်း
အိမ်ပြန်စောကြပြန်ပါသေးတယ်။ အင်္ဂလန်ကိုအားပေးပြန်တော့လည်း မျက်စိမှုန်တဲ့ စည်းကြပ်ဒိုင်ရယ်၊
စိတ်ဓာတ်မရှိတဲ့ အင်္ဂလန်ကစားသမားတွေရယ်က ကိုယ့်ဒေါသစိတ်ကို ပါရမီဖြည့်ပေးကြပြန်ပါရော။
ဂျာမနီကို ဆက်အားပေးပြန်တော့လည်း စပိန်ကိုအရှုံးပေးပြီး တတိယနဲ့ကျေနပ်သွားပြန်လေရဲ့။
ဘာပဲဖြစ်ဖြစ်ကြည့်လို့ရသလောက်ကြည့်လိုက်ရတဲ့ ပွဲလေးတွေမှာတော့ အာဖရိကန်တွေရဲ့ ရိုးရာနှဲတွေအသံကို
သဘောကျသလိုလိုရှိပါတယ်။ ရိုးရာဂီတဆိုတာ မပိတ်ပင်ကောင်းဘူးဆိုတဲ့ Fifa ဥက္ကဌကို ဒီတစ်ခါတော့
အမှတ်တစ်မှတ်ပေးလိုက်ပါတယ်။

ဒီကမ္ဘာ့ဖလားမှာ . . .
ကံမကောင်းတာက...ကိုယ်
ခြေမကောင်းတာက...ပြင်သစ်(ကိုယ်ထင်တာပြောတာ)
စိတ်ဓာတ်မရှိတာ...အင်္ဂလန်
အမြတ်ထွက်တာက...တောင်အာဖရိက(ယဉ်ကျေးမှုကို ပြခွင့်ရလိုက်လို့)
ကျန်တာတော့ မပြောတတ်တော့ပါ...

အင်း...ကံမလိုက်သော ၂၀၁၀ ကမ္ဘာ့ဖလားပါပဲနော်....

Sunday, 11 July 2010

ပညာခေတ်ရဲ့ လူငယ်များအတွက် . . .

လူကြီးအများစုကပြောကြပါတယ်။ ဒီဘက်ခေတ်ကျောင်းသားတွေဟာ အရင်ကကျောင်းသားတွေလောက် ကြိုးစားမှုမရှိတော့ဘူးတဲ့။

မှန်ပါတယ်။

အရင်ကလောက်တော့ ကြိုးစားမှုမရှိကြတော့ပါ။ ဒါဟာဘာကြောင့်လဲ…

ဘယ်လိုပြုပြင်ပေးရမလဲ…

စဉ်းစားကြဖို့ ကောင်းနေပါပြီ။

ထိုင်ပြီးစိတ်ညစ်နေကြမယ့်အစား အဖြေရှာပြီး ဖြေရှင်းလိုက်ကြရင် ပိုပြီးအကျိုးရှိပါလိမ့်မယ်။


တိုးတက်လာတဲ့ခေတ်ကြီးကို အပြစ်မတင်ပါနဲ့ …

စာရေးသူတို့ ကျောင်းသားဘ၀က စာသင်ချိန်ပြီးသွားရင် ကစားတာရယ်၊ စာဖတ်တာရယ်ကလွဲပြီး ကျန်တဲ့အချိန်ဖြုန်းစရာမရှိပါ။ ဒါကြောင့် အရင်ခေတ်ကကျောင်းသားတွေဟာ ဉာဏ်ရည်ဖွံ့ဖြိုးတဲ့အပြင်၊ ကိုယ်ကာယလည်း ကြံ့ခိုင်ကြပါတယ်။ ဒါပေမယ့် ခေတ်တွေတိုးတက်ပြောင်းလဲလာတဲ့နောက်ပိုင်းမှာ ကျောင်းသားတွေအတွက် အချိန်ဖြုန်းစရာတွေက ပေါသထက်ပေါလာပါတယ်။ တီဗွီဂိမ်းကစားမလား၊ ရုပ်ရှင်ကြည့်မလား၊ အွန်လိုင်းပဲသုံးမလား ကြိုက်သလိုလုပ်လို့ရနေတော့ စာပေဘက်ကိုအချိန်ပေးတာနည်းလာတာ သိပ်တော့မဆန်းပါ။ အချိန်ဖြုန်းနည်းအများစုက ခုံမှာပဲထိုင်နေရတဲ့ နည်းတွေများတာကြောင့် ကျောင်းသားတွေရဲ့ ကာယဖွံ့ဖြိုးမှုပါညံ့လာပါတော့တယ်။


ဒါဆိုရင်ဘယ်လို ဖြေရှင်းသင့်သလဲ…

ဘယ်သူမဆိုတိုးတက်တဲ့နည်းပညာကိုတော့ လေ့လာချင်မှာမဆန်းပါ။ ဂိမ်းမကစားနဲ့လို့ပြောရင်လည်း ဒါဟာမတရားပါ။ သူ့ခေတ်နဲ့သူပေါ်လာတဲ့ ကစားနည်းဖြစ်လို့ ကစားချင်မှာသေချာပါတယ်။ ကိုယ်လည်းဒီဘက်ခေတ်မှာ ကျောင်းသားဖြစ်ရင် ဂိမ်းလောက်တော့ ကစားမှာသေချာပါတယ်။ ဒါကြောင့် ဒီနေ့လူငယ်တွေကို အပြစ်တင်နေမယ့်အစား တိုးတက်လာတဲ့နည်းပညာကို သူတို့ပညာရေးအတွက် အထောက်အကူဖြစ်အောင်ပြုပြင်ပြောင်းလဲပေးဖို့ ကြိုးစားတာကပိုကောင်းပါလိမ့်မယ်။ သူတို့တွေကစားနေကြတဲ့ ဂိမ်းတွေကို ပညာရေးသင်ထောက်ကူဂိမ်းတွေဖြစ်အောင်ပြုပြင်ပြောင်းလဲလိုက်နိုင်ရင် ဂိမ်းကစားမက်တဲ့ကျောင်းသားတွေ စာပိုရလာမှာသေချာပါတယ်။ ဂိမ်းကစားနေလို့ ကိုယ်ကာယ မဖွံ့ဖြိုးတာမဖြစ်ရလေအောင် ကျန်းမာရေးအထောက်အကူပြုပြီး လူကိုယ်တိုင်ဝင်ကစားရတဲ့ Wii ဂိမ်းတွေကစားခိုင်းရင်လည်း ရတာပါပဲ။ လိုလျှင်ကြံဆ နည်းလမ်းရမဟုတ်ပါလား။

တချို့လူငယ်တွေ စာကြည့်စားပွဲမှာထက် online ပေါ်မှာ အချိန်ပိုပေးပြီး social network တွေနဲ့ အချိန်ဖြုန်းနေကြတာတွေ ရှိပါသေးတယ်။ ဒီအတွက်လည်း ပူစရာမလိုပါ။ နည်းပညာနဲ့ တွေ့ကာစမို့ အကောင်းအဆိုး မခွဲနိုင်ကြသေးတာပါ။ စာရေးသူတို့လည်း စာဖတ်တတ်ကာစက သိုင်းဝထ္ထုတွေပဲ ဖတ်ခဲ့တာပါ။ ဒါပေမယ့် အရွယ်ရောက်လာတော့လည်း ကိုယ့်အတွက် အကျိုးရှိမယ့်စာတွေကို ရွေးဖတ်သွားတာပါပဲ။ အချိန်နဲ့ အရွယ်က သူ့ဖာသာစကားပြောသွားပါလိမ့်မယ်။ လူငယ်ဆိုတာမျိုးက ပိတ်ပင်တားဆီးတာမျိုးဆိုရင် ပိုပြီးလုပ်ချင်တဲ့အကျင့်လေးတွေရှိကြတာမို့ တားဆီးနေမယ့်အစား လမ်းဖွင့်ပေးထားပြီး နည်းမှန်လမ်းမှန်ဖြစ်သွားအောင် လမ်းပြပေးရင်ပိုပြီး ထိရောက်ပါလိမ့်မယ်။


ကျောင်းသားတွေကို အပြင်စာတွေဖတ်ဖြစ်အောင် လုပ်ပေးပါ …

ဒီဘက်ခေတ်ကျောင်းသားတွေ အရင်ကလောက် စာမဖတ်ကြတော့ပါ။ မှန်ပါတယ်။ ငြင်းစရာမရှိပါ။ ဒါပေမယ့် လူငယ်တွေဖတ်စရာ စာအုပ်လည်းမရှိပါ။ စာပေကို မြတ်နိုးလှတဲ့စာရေးသူတို့တောင် စာအုပ်ရှားပါးတဲ့ပြဿနာနဲ့ ကြုံနေရပါပြီ။ စာကိုရွေးပြီးဖတ်ရမယ့် အရွယ်ရောက်လာပြီဖြစ်လို့ ပိုလို့ဆိုးလာပါတယ်။ Quality magazine တွေ ပေါလာပါတယ်။ ဒါပေမယ့် စာရွက်သားကလွဲလို့ ဖတ်စရာစာရယ်လို့ Quality ကောင်းကောင်းမရှိပါ။ စာအုပ်ရဲ့ တ၀က်ကကြော်ငြာ၊ ကျန်တ၀က်က မင်းသားမင်းသမီးနဲ့ ကိုရီးယားအကြောင်းဆိုတော့ စာရွက်တွေသာနှမျောစရာကောင်းနေပါတယ်။ လူငယ်တွေမဆိုထားနဲ့ လူကြီးတွေကိုယ်တိုင်လည်း စာဖတ်နည်းလာပါပြီ။ အရင်ခေတ်တွေတုန်းကလို စာအုပ်တစ်အုပ်မှာ လူငယ်စာပေ ဘယ်နှစ်ရာခိုင်နှုန်းပါရမယ်ဆိုတာ စည်းကမ်းလေးထုတ်ပြန်လိုက်ရင် ဒီကိစ္စပြေလည်သွားပါလိမ့်မယ်။ ကျောင်းကဆရာ ဆရာမတွေကလည်း ကျောင်းသားတွေကို ကျောင်းစာရောအပြင်စာပါဖတ်ဖို့ အားပေးရပါလိမ့်မယ်။ အချိန်ပြည့် ကျောင်းစာတွေချည်းပဲဖတ်ပြီး စာတော်နေပေမယ့် လောကအကြောင်း ဘ၀အကြောင်းဘာမှနားမလည်တဲ့ ကျောင်းသားတွေမဖြစ်ရအောင် လုပ်ပေးမှဖြစ်ပါမယ်။ လောကမှာ ကျောင်းစာအပြင် ကျန်တာတွေလည်း အရေးကြီးကြောင်းသိအောင်လုပ်ပေးကြဖို့ လိုပါသေးတယ်။ ဒီလိုမလုပ်ရင်တော့ မြန်မာစာစီစာကုံးပါကျက်ဖြေနေကြတဲ့ အဖြစ်ဆိုးကြီးကနေလွတ်တော့မှာ မဟုတ်ပါ။


လူငယ်တွေကို နေရာပေးပါ…

မှန်ပါတယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီးပါ။ အခုတော့ အရှင်မွေး၊ နေ့ချင်းကြီးဖြစ်တဲ့အတွက် ဒီနေ့ကျောင်းသားလူငယ်တွေဟာ အရင်ခေတ်လူကြီးတွေထက် ပိုပြီးဉာဏ်ပြေးတာကို သိသင့်ပါတယ်။ ကိုယ်ကလူကြီးပဲဆိုတဲ့ အမြင်မျိုးနဲ့ ကျောင်းသားလူငယ်တွေကို အထင်မသေးသင့်ပါ။ ကိုယ်ကျောင်းသားဘ၀က နေသလို ဒီနေ့ကျောင်းသားတွေကို နေခိုင်းသူဟာ ခေတ်နောက်ပြန်ဆွဲတဲ့လူ၊ တိုးတက်မှုမရှိတဲ့လူပါ။ အရင်တုန်းကအတိုင်းသာကောင်းတယ်ဆိုရင် ကျောက်ခေတ်ကနေတက်အောင်ကြိုးစားခဲ့ကြမှာမဟုတ်ပါ။ နည်းပညာတွေတိုးတက်လာသလို အတွေးအခေါ်တွေပါ တိုးတက်အောင်လုပ်ကြရပါမယ်။ အထူးသဖြင့် လူကြီးတွေကိုယ်တိုင်က တိုးတက်တဲ့အတွေးအခေါ်တွေကို လက်ခံကျင့်သုံးသင့်ပါတယ်။ ကိုယ့်ထက်သာ မနာလိုဖြစ်နေမယ့်အစား အသိအမှတ်ပြုပေးလိုက်ရုံလေးနဲ့ လူငယ်လေးတွေ တိုးတက်လာပါလိမ့်မယ်။


ကျောင်းသားတွေကိုအမှား မကြောက်ပါစေနဲ့…

ဒီနေ့ကျောင်းသားလေးတွေကို တစ်ခုခုခိုင်းရင် ရဲရဲဝံ့ဝံ့မလုပ်ရဲတာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မှားသွားမှာ သိပ်ကြောက်နေကြပါတယ်။ ဒါဟာလုံးဝမဖြစ်သင့်ပါ။ လူငယ်တွေ အမှားကြောက်ရခြင်းက လူကြီးတွေ အသုံးမကျလို့ပါ။ သင်္ချာတွက်ရင်လည်းမှားရင်ဆူခံရပါတယ်။ မှားတယ်ဆိုတာကို ဂရုမစိုက်လို့မှားတာလို့ ကောက်ချက်ချတတ်တဲ့ ခပ်ညံ့ညံ့အတွေးအခေါ်ရှိတဲ့ ဆရာတွေ၊ မိဘတွေရှိနေသမျှ လူငယ်တွေဆီက ဘာမှမျှော်လင့်လို့ ရမှာမဟုတ်ပါ။ ပုစ္ဆာတစ်ခုမှာ အဖြေမှန်တစ်ခုသာရှိပေမယ့် အဖြေမှားက သန်းချီပြီးရှိနေနိုင်တာ မမေ့သင့်ပါ။ အမှားကိုရင်းမှ အမှန်ရနိုင်တာဖြစ်တဲ့အတွက် အမှားကြောက်တဲ့ကျောင်းသားဆီက အမှန်ထွက်လာဖို့ အလွန်နည်းသွားပါပြီ။ ဆရာနဲ့မိဘက အမှန်ကိုပဲလိုချင်တဲ့ အတွက် သူ့ဉာဏ်နဲ့အမှားမခံတော့ဘဲ သူများဉာဏ်နဲ့ မှန်အောင်လုပ်ကြပါတော့မယ်။ ကြာရင်ကျောင်းသားလေးတွေမှာ ကိုယ်ပိုင်ဦးဏှောက်တောင်ရှိကြတော့မှာ မဟုတ်ပါ။ ပညာသင်ယူခြင်းဟာရဲဝံ့ဖို့မဟုတ်တော့ဘဲ ကြောက်လန့်ဖို့ဖြစ်သွားရင် သိပ်နစ်နာပါတယ်။ ဒါကြောင့် ကျောင်းသားလေးတွေ တိုးတက်လာအောင် မှားကြပါစေ။ ကိုယ်ပိုင်ဉာဏ်နဲ့မှားတာမျိုးကို ချီးကျူးလိုက်ရင် ကျောင်းသားလေးတွေရဲ့ ကြိုးစားချင်စိတ်တက်လာမှာမလွဲပါ။


လူငယ်တွေကို အဆိုးမမြင်ပါနဲ့…

လူငယ်တွေ၊ ကျောင်းသားတွေရဲ့ ဘ၀ဟာ မိဘနဲ့ဆရာရဲ့ ကောက်ချက်ပေါ်မှာမှီခိုနေရတာပါ။ ကိုယ့်ကိုယ်ကို မသုံးသပ်နိုင်ကြသေးတဲ့ အရွယ်တွေဖြစ်လို့ လူကြီးတွေရဲ့သုံးသပ်ချက်ကိုသာ အမှန်လို့ယူဆကြပါတယ်။ ဒါကိုမသိတဲ့ မိဘနဲ့ဆရာက ကျောင်းသားတွေကို အသုံးမကျဘူးလို့ ကောက်ချက်ချလိုက်တော့ ကျောင်းသားလေးတွေမှာ ကိုယ့်ကိုယ်ကို တကယ်အသုံးမကျတဲ့သူလို့ထင်သွားတတ်ပါတယ်။ အဲဒီမှာတင် ဒီကျောင်းသားဘ၀က ဆုံးသွားပါပြီ။ တကယ်တော့ လုံးဝသုံးမရတဲ့ကျောင်းသားဆိုတာမရှိပါ။ ရခဲလှတဲ့ လူ့ဘ၀ကို ရလာကြတဲ့ မဟာလူသားတွေဖြစ်လို့ တစ်နေရာမှာမသန်ပေမယ့် တစ်နေရာမှာတော့စွမ်းဦးမှာပါ။ တကယ်တော့ ကျောင်းသားဆိုးဆိုတာမရှိပါ။ မိဘနဲ့ ဆရာအပေါ်ဆိုးပေမယ့် သူငယ်ချင်းတွေအပေါ်မှာ တကယ်ကောင်းကြတဲ့ ကျောင်းသားတွေကို မြင်ဘူးကြမှာပါ။ ဘာကြောင့်လဲဆိုတာ စဉ်းစားကြည့်ရင် မိဘနဲ့ဆရာက သူ့ကိုလူဆိုးလို့ သတ်မှတ်ထားတဲ့အတွက် သူတို့ရှေ့မှာကောင်းပြစရာမလိုတော့ဘူးလို့သတ်မှတ်ပြီး သူ့ကိုသူငယ်ချင်းအဖြစ်သတ်မှတ်တဲ့သူတွေအပေါ်မှာပဲ သူကောင်းကောင်းဆက်ဆံတာပါ။ ဒါဟာသူ့အတွက်မှန်ပါတယ်။ မှားတာက သူ့ကိုဆိုးတယ်လို့သတ်မှတ်တဲ့ မိဘနဲ့ဆရာတွေရဲ့အမှားပါ။ ဒါကြောင့် ကျောင်းသားတစ်ယောက်ဆီက ကောင်းတာတွေလိုချင်ရင် ပထမဆုံးသူ့ကို လူကောင်းလို့မြင်ပေးဖို့လိုတယ်ဆိုတာ သတိရပါ။


ဆုံးမပြီးမှ အပြစ်ပေးပါ..

ဒီဘက်ခေတ်ကျောင်းသားတွေထက် ဒီဘက်ခေတ်မိဘနဲ့ ဆရာအများစုဟာ သိပ်စိတ်မြန်ကြပါတယ်။ စိတ်မြန်သလို လက်ကလည်းမြန်လှပါတယ်။ အကျိုးအကြောင်းကို ရှင်းမပြဘဲရိုက်နှက်ဆုံးမခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုပိုများစေပါတယ်။ ကျောင်းသားဟာ အသားနာသွားပေမယ့် သူ့အပြစ်ကိုရှင်းရှင်းလင်းလင်းမမြင်တာကြောင့် သူ့ကိုရိုက်တဲ့ ဆရာနဲ့မိဘအပေါ် အမုန်းပွားပါတော့တယ်။ ဒါကြောင့် ကျောင်းသားတွေကို ငရဲပေးတာနဲ့မခြားတော့ပါ။ “သင့်ရာအပ်ပို့ ဆရာတို့” ဆိုပေမယ့် ငရဲပို့ခိုင်းတာ မဟုတ်တာတော့ သေချာပါတယ်။ တချို့ဆရာတွေရှိပါတယ်။ “မင်းတို့ကိုကောင်းစေချင်လို့ဆုံးမတာ၊ ငါ့ကိုမုန်းရင်လည်းဂရုမစိုက်ဘူး” လို့ဆိုပါတယ်။ ကျောင်းသားတွေကို လျှော့တွက်တာပါ။ တကယ်တော့ ကျောင်းသားဆိုတာ အသိဉာဏ်နည်းတဲ့ တိရစ္ဆာန်တွေမဟုတ်ပါ။ စေတနာကိုနားလည်လာအောင်လုပ်ပေးရင် နားလည်ကြပါတယ်။ အခုလိုဆုံးမတာဟာ သူ့အတွက်ဆိုတာရှင်းရှင်းလင်းလင်းသိသွားရင် ဘယ်ဆရာကိုမှ အမုန်းမပွားပါ။ အရေးအကြီူးဆုံးအချက်က အခုဆုံးမတာဟာ မိဘနဲ့ဆရာမကြိုက်လို့မဟုတ်ဘဲ သူ့အတွက်မကောင်းလို့ဆိုတာသိသွားအောင် လုပ်ပေးဖို့လိုပါတယ်။ ကျောင်းသားဆေးလိပ်ခိုးသောက်လို့ဘာမှ မပြောဘဲရိုက်နှက်ဆုံးမရင် ကျောင်းသားစိတ်ထဲမှာ “ဆေးလိပ်သောက်တာ ဆရာမကြိုက်ဘူး၊ မိဘမကြိုက်ဘူး” လို့မြင်သွားပါလိမ့်မယ်။ ဒီတော့ မိဘနဲ့ဆရာရှေ့မှာ မသောက်တော့ဘဲ ကွယ်ရာမှာ သောက်ပါလိမ့်မယ်။ ကျောင်းသားဖြစ်သူလည်း အသားနာ၊ ဆရာလည်း လူရိုင်းဖြစ်တာကလွဲပြီး ဆုံးမရခြင်းရဲ့ရည်ရွယ်ချက်လည်း အထမမြောက်တော့ပါ။ ဘက်ပေါင်းစုံက ဆုံးရှုံးသွားပါပြီ။ ဖြစ်သင့်တာက ဆေးလိပ်သောက်တဲ့ ကျောင်းသားကို ဆေးလိပ်ရဲ့ဆိုးကျိုးတွေကို သဘောပေါက်အောင်ရှင်းပြပြီးမှ ဆေးလိပ်မသောက်ခိုင်းခြင်းဟာ သူ့အတွက်အန္တရာယ် ဖြစ်မှာစိုးရိမ်လို့ဆိုတဲ့အကြောင်း သဘောပေါက်အောင်ဆုံးမရင် ရှေ့မှာရော၊ ကွယ်ရာမှာပါ ဆေးလိပ်မသောက်တော့တဲ့အပြင် ဆုံးမတဲ့ဆရာကိုပါ ကျေးဇူးတင်သွားပါဦးမယ်။ ဒါကြောင့် အမုန်းခံနိုင်လို့ ဆရာလုပ်တာလို့ ကြွေးကြော်ဖို့ အရင်မစဉ်းစားပါနဲ့။ ဆရာလုပ်တိုင်းအမုန်းခံရရင် လောကမှာဆရာလုပ်မဲ့သူတောင် ရှိမှာမဟုတ်တော့ဘူးဆိုတာတော့ ခေါင်းထဲမှာထည့်ထားစေချင်ပါရဲ့။


နားမလည်တာဟာ အာရုံမစိုက်လို့မဟုတ်ပါ…

ဆရာစာရှင်းပြပြီးလို့ မရှင်းတဲ့စာကို ကျောင်းသားကထမေးတဲ့အခါ အချို့သောဆရာတွေက ကျောင်းသားကိုဆူလေ့ရှိပါတယ်။ “ငါရှင်းပြတုန်းက အာရုံစိုက်နားမထောင်ဘူးလား” လို့ပါ။ ဟုတ်ကဲ့ နားထောင်လို့သာ အခုလိုထမေးတာပါ။ နားမထောင်တဲ့ကျောင်းသားကတော့ ဘာတစ်လုံးမှမသိတာကြောင့် ဘာမှပြန်မမေးတော့ပါ။ စာသင်ခန်းတစ်ခန်းမှာ အနည်းဆုံးကျောင်းသား ၄၀ လောက်တော့ရှိကြတာမို့ ဘယ်လောက်ကောင်းကောင်းရှင်းပြပေမယ့် နားမလည်တဲ့ကျောင်းသားတော့ ရှိနေဦးမယ်ဆိုတာ သဘောပေါက်ထားရပါမယ်။ “ငါဒီလောက်ကောင်းကောင်းရှင်းပြထားတာတောင်” ဆိုတဲ့ အတွေးကြီးတွေ ဘေးဖယ်ထားပါ။ နောက်ထပ်သိထားသင့်တဲ့အချက်က ကျောင်းသားကကိုယ့်ကိုစာမေးတယ်ဆိုတာ ဆရာ့်ကိုယုံကြည်လို့ ဆရာဖြေနိုင်မယ်ထင်လို့ မေးတာ၊ တနည်းအားဖြင့် ဆရာကိုအားကိုး၊ လေးစားလို့မေးတာ ဆိုတာပါပဲ။ ဒါကြောင့်“ ဒီကောင်ငါ့ကို စော်ကားတာပဲ”လို့တွေးပြီး ကျောင်းသားကိုဆူလိုက်ရင် အဲဒီကျောင်းသားရဲ့ ပညာလိုချင်စိတ်ကို ချိုးနှိမ်ရာရောက်သွားပြီး နောက်တစ်ခါနားမလည်ရင် ဘာမှထမမေးတော့ပဲ နားလည်ချင်ယောင် ဆောင်တော့မှာမို့ ကျောင်းသားရောဆရာပါ ရေရှည်နစ်နာပါလိမ့်မယ်။ ကျောင်းသားတွေရဲ့ အနေအထားမှန်ကိုသိမှသာ ကျောင်းသားတွေကို အကောင်းဆုံးလမ်းညွှန်မှုတွေ ပေးနိုင်မှာဖြစ်တာကြောင့် မေးချင်ရာမေးကြဖို့ ဖွင့်ပေးထားပါ။ စာမေးခြင်းဟာ ဆရာကိုဂုဏ်ပြုတာပါလို့လည်း ရင်ထဲမှာတွေးထားသင့်ပါတယ်။ ဒီလိုစိတ်မျိုးထားတဲ့ ဆရာရဲ့ခေါင်းဆောင်မှုအောက်မှာ ကျောင်းသားအများစုလိုက်နာကြမှာဖြစ်လို့ သင်ကြားမှုရဲ့ရည်မှန်းချက်ရာနှုန်းတော်တော်များများတော့ အောင်မြင်လာပါလိမ့်မယ်။


ကျောင်းသားလူငယ်တွေ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာအောင်လုပ်ပေးပါ…

ဒီဘက်ခေတ်ကျောင်းသားလူငယ်အများစု ပျက်စီးကြတာဟာ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားကြလို့ပါ။ ဘာကြောင့်များတန်ဖိုးမထားကြပါလိမ့်ဆိုရင် တန်ဖိုးမသိလို့ပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးရှိမှန်းသိသွားရင် တန်ဖိုးထားလာမှာဖြစ်လို့ အပျက်စီးခံတော့မှာမဟုတ်ပါ။ ဒါပေမယ့် လူငယ်ဆိုတာ ကိုယ့်တန်ဖိုးကိုယ် မသတ်မှတ်တတ်သေးတာကြောင့် လူကြီးတွေကပဲ သူတို့ကိုတန်ဖိုးထားပေးရပါမယ်။ လူကြီးကတန်ဖိုးထားပြီးတော့မှ သူတို့ကိုတန်ဖိုးရှိကြောင်းသိအောင်လုပ်ပေးရပါမယ်။ အထက်တန်းကျောင်းသားဆိုရင်လည်း အထက်တန်းကျောင်းသားနဲ့တန်တဲ့ တန်ဖိုးထားလေးစားမှုမျိုးပေးပြီး ဆက်ဆံသင့်ပါတယ်။ ဒါမှသာသူ့ကိုယ်သူ ပညာတတ်ဖြစ်ကြောင်းသိလာပါလိမ့်မယ်။

ပြီးမှ ပညာတတ်တို့ရဲ့ကျင့်ဝတ်နဲ့ နေထိုင်မှုပုံစံတွေကို လမ်းကြောင်းချပေးရင် ကျောင်းသားတွေကိုယ့်ကိုယ်ကို တန်ဖိုးထားရကောင်းမှန်းသိလာပြီး မပျက်စီးအောင်တန်ဖိုးထားလာကြပါလိမ့်မယ်။


လူကြားထဲမှာ မဆူပါနဲ့…

ကျောင်းသားတစ်ယောက် အပြစ်တစ်ခုခုလုပ်မိရင် တစ်ချို့ဆရာတွေက ကျောင်းသားအများစုရဲ့ရှေ့မှာ ဆူလေ့၊ ပြောလေ့ရှိပါတယ်။ ကျောင်းသားရှက်ပြီး နောက်တစ်ခါ အပြစ်မလုပ်ရဲအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ တကယ်တော့ ဒီလိုလုပ်တာမှားပါတယ်။ အပြစ်ပေးခံရတဲ့ကျောင်းသားရဲ့စိတ်ထဲမှာ ဒဏ်ရာဖြစ်သွားစေတဲ့ အပြင်အညွန့်ချိုးသလိုဖြစ်သွားတတ်ပါတယ်။ ဘယ်လောက်ပဲငယ်တဲ့ကျောင်းသားဖြစ်ပါစေ သူ့အရွယ်နဲ့သူ ထိုက်သင့်တဲ့ ဂုဏ်သိက္ခာရှိနေပြီဖြစ်လို့ သေရာပါတဲ့ စိတ်ဒဏ်ရာတွေရသွားရင် ကောင်းကျိုးထက်ဆိုးကျိုးက ပိုများပါလိမ့်မယ်။ အင်္ဂလိပ်ဆိုရိုးတစ်ခုကတော့ ဒီလိုဆိုပါတယ်…

Praise in the public,

criticise in the private.

အများကြားမှာ ချီးမွမ်းပြီး၊ နှစ်ယောက်တည်းရှိချိန်ရောက်မှ ဝေဖန်ပြစ်တင်ပါတဲ့။

မှန်ပါတယ်။

အပြစ်တစ်ခုကို လူလည်ခေါင်မှာ ထုတ်ဖော်ဆုံးမတာနဲ့ လူကြားထဲမှာ ချီးမွမ်းတာဟာ ရလာဒ်ချင်းအတူတူပါပဲ။ ဒါကြောင့် ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်တဲ့ ဒုတိယနည်းကိုသာသုံးသင့်ပါတယ်။ ဒဏ်ပေးတာကို တွင်တွင်ကြီးသုံးနေမယ့်အစား ဆုပေးတာကိုပြောင်းသုံးရင် ကျောင်းသားတွေရဲ့ ကြိုးစားချင်စိတ်ပို အားကောင်းလာမှာသေချာပါတယ်။


ကျောင်းသားတွေကို မနိုင်ဝန်မထမ်းခိုင်းပါနဲ့…

ပညာရေးဆိုတာ ကာယအလုပ်မဟုတ်ပါ။ ဉာဏအလုပ်သာဖြစ်ပါတယ်။

စိတ်ပါဝင်စားမှုမရှိရင် အလုပ်ပြီးမြောက်မှု မရှိနိုင်ပါ။ အချိန်များများစာကြည့်ရင် စာများများရတယ်ဆိုတဲ့ ခပ်ညံ့ညံ့အတွေးအခေါ်တွေကို ခေါင်းထဲကထုတ်လိုက်ပါ။ အရေးအကြီးဆုံးအချက်က စာကျက်ခြင်းရဲ့အဓိကရည်ရွယ်ချက်က စာရဖို့ဆိုတာကို ခေါင်းထဲမှာ ထည့်ထားဖို့လည်းလိုပါသေးတယ်။ ဒါကြောင့် ကျောင်းသားတွေကို တစ်ချိန်လုံးစာကြည့်ခိုင်းဖို့ မကြိုးစားပါနဲ့။

မင်းဘယ်လောက်ထိရရမယ် ဆိုပြီးတော့လည်း ကြိုတင်သတ်မှတ်ပေးမထားပါနဲ့။

ကျောင်းသားတွေကို မနိုင်ဝန်ထမ်းခိုင်းတာနဲ့တူပါလိမ့်မယ်။

ကြာလာရင် ကျောင်းသားဟာ သူ့ကိုယ်သူ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာ မရှိတော့ဘဲ စက်ရုပ်လိုဖြစ်လာပြီး ကိုယ်ပိုင်ဖန်တီးမှု အရည်အသွေးတွေကျဆင်းသွားတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ သတ်မှတ်ချက်ကို ပြည့်ဝအောင် အကောင်အထည်မဖော်နိုင်ရင် သူ့ကိုယ်သူ ယုံကြည်ချက်ပါပျောက်ဆုံးသွားပါလိမ့်မယ်။ အကောင်းဆုံးကတော့ သူနဲ့ ကိုက်ညီတဲ့ သင်ယူမှုပုံစံကို သူ့ဖာသာချမှတ်ခိုင်းပြီး မိဘနဲ့ ဆရာကဘေးကနေ ထိမ်းပေးတာမျိုးပဲ ဖြစ်သင့်ပါတယ်။ ကျောင်းသားရဲ့ ဘ၀လမ်းကြောင်းရွေးချယ်မှုမှာ

လိုအပ်တဲ့အချက်အလက်တွေကို ထည့်ပေးရုံက လွဲပြီး ကျန်တာကိုတော့

ကျောင်းသားကိုယ်တိုင် ရွေးချယ်ဖို့ ခွင့်ပြုတာဟာ အမှန်ဆုံးဖြစ်ပါတယ်။


တဖြည်းဖြည်းနဲ့ ကျောင်းသားအတွက် ဆရာဆိုတာမလိုတော့အောင် လုပ်ပေးပါ…

ပညာသင်ကြားပေးခြင်းရဲ့ အနှစ်သာရဟာ အမှီအခိုကင်းကင်းနဲ့ ဘ၀မှာ ရပ်တည်နိုင်အောင် လေ့ကျင့်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် နေရာတကာမှာ ဆရာ့မျက်နှာကြည့်ပြီး လုပ်စရာမလိုအောင် လေ့ကျင့်ပေးဖို့လိုပါတယ်။ အဓိကကတော့ ကျောင်းသားကို ကိုယ်ပိုင်ယုံကြည်ချက်ရှိလာစေဖို့ ပြုစုပျိုးထောင်ပေးရပါလိမ့်မယ်။ ခပ်ရှင်းရှင်းနဲ့ ရိုင်းရိုင်းပြောရရင်တော့ ပညာသင်ပေးတာဟာ သခင်ဖြစ်အောင်လေ့ကျင့်ပေးတာ ဖြစ်ပြီး ကျွန်ဖြစ်အောင်ကျင့်ပေးတာမဟုတ်ပါ။ ဒါကြောင့် ပညာတတ်ကျောင်းသားတစ်ယောက်ဟာ နာခံ၊ လိုက်နာတတ်ဖို့ ဆိုတဲ့ ကျွန်အကျင့်အပြင် ကိုယ်တိုင်ဆုံးဖြတ်ရဲခြင်း၊ အမှားအမှန်ကို ကိုယ်တိုင်နားလည်ခြင်းစတဲ့ အရည်အသွေးတွေကို လေ့ကျင့်ပျိုးထောင်ပေးရပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ

ပြောရင်နားထောင်၊ ခိုင်းတာလုပ်ဆိုတာမျိုးတွေနဲ့သာ ရှေ့ဆက်စခန်းသွားနေရင်

ပညာတတ်တွေဟာ ကျွန်ကောင်းတွေဖြစ်လာမှာကလွဲပြီး ဘာမှသုံးလို့ရမှာ မဟုတ်တော့ပါ။ စာတစ်လုံးမှမတတ်တဲ့ လုပ်ငန်းရှင်ရဲ့လက်အောက်မှာ ဘွဲ့လေးငါးခုရထားတဲ့ ပညာရှင်က အလုပ်သမားလုပ်နေရတဲ့ အမြင်မတော်စရာ မြင်ကွင်းမျိုးတွေ ထပ်မမြင်ရဖို့ ကျောင်းသားလူငယ်တွေကို သခင်ဖြစ်အောင် လေ့ကျင့်ပေးဖို့ သင့်နေပါပြီ။


ပညာတတ်ခြင်းရဲ့ အကျိုးကျေးဇူးကို ကျောင်းသားတွေသိအောင် ပြောပြပါ…

ဒီဘက်ကာလမိဘ အများစုဟာ ပညာရေးထက်စီးပွားရေးကို ပိုပြီးဦးစားပေးလာကြတာကိုတွေ့ရပါတယ်။ ပိုက်ဆံရှိမှ ထမင်းစားရမှာ လို့တဖွဖွ ပြောလေ့ရှိကြပါတယ်။ မှန်ပါတယ်။ ပိုက်ဆံရှိမှ ထမင်းစားရမှာပေါ့။ ဒါပေမယ့် အဲဒီပိုက်ဆံကို ရှာတဲ့နည်းတွေထဲမှာ ပညာကိုရင်းပြီး ရှာတဲ့နည်းဟာ အကောင်းဆုံးဆိုတာကို ကျောင်းသားတွေ သိအောင်လုပ်ပေးကြရပါမယ်။ ပိုက်ဆံဘာလုပ်မှာလည်း၊ ပညာသာအဓိက လို့တော့သွားမပြောပါနဲ့။ ပညာသင်တာ ပိုက်ဆံရှာဖို့လို့သာ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ။ ပညာသင်ယူခြင်းဆိုတာလည်း စီးပွားရေးလုပ်ခြင်းတစ်မျိုးဆိုတာ ကျောင်းသားတွေသိအောင် ပြောပြပေးပါ။ ဒါမှသာ ကျောင်းသားတွေရဲ့ စိတ်ထဲမှာ ပညာတတ်တော့ ဘာလုပ်ရမှာလဲ ဆိုတဲ့ အတွေးမျိုးတွေ ပျောက်သွားပြီး ပညာရေးဘက်ကို စိတ်လည်လာပါလိမ့်မယ်။ ပညာထက်ငွေကို အဓိကထားတဲ့ မိဘတွေကို သားသမီးဖြစ်တဲ့ ကျောင်းသားတွေ ရင်ဆိုင်ရဲဖို့ကတော့ သူတို့လည်းစီးပွားရေးလုပ်နေပါတယ်ဆိုတဲ့ အသိမျိုးတွေဝင်နေမှ ဖြစ်ပါလိမ့်မယ်။ မချမ်းသာချင်တဲ့လူဆိုတာ မရှိတာမို့ ကျောင်းသားတွေအတွက် စာကြိုးစားဖို့ တွန်းအားတစ်ခုဖြစ်မှာ သေချာပါတယ်။ ပညာမတတ်ခြင်းရဲ့ ဆိုးကျိုးတွေကိုချည်းထိုင်ပြောနေရင် ပညာမတတ်ပေမယ့် ပိုက်ဆံချမ်းသာနေကြတဲ့ သူတို့မိဘတွေကို စော်ကားနေတယ်လို့ ထင်သွားနိုင်ပြီးကျောင်းသားရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရတော့မှာမဟုတ်ပါ။ ဆရာက သူပိုက်ဆံမရှိလို့ ပိုက်ဆံရှိတဲ့သူတွေကို မကောင်းကြောင်း ပြောတာလို့များထင်သွားရင်တော့ လုံးဝနစ်နာသွားပါပြီ။ ဒါကြောင့် ပညာတတ်ရင်ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်ကြောင်းကိုပဲ တွင်တွင်ပြောပြီး ကျောင်းသားတွေကို စည်းရုံးယူမှ ဖြစ်ပါလိမ့်မယ်။


ဒီနေ့ပညာရေးဟာ ကျောင်းသားတွေကို မဏ္ဍိုင်ထားတဲ့ ပညာရေးဖြစ်ပါတယ်…

အရင်ခေတ်တွေက ပညာရေးဆိုတာ ပညာသင်ကြားပေးတဲ့ ဆရာတွေကို မဏ္ဍိုင်ထားပြီး တည်ဆောက်ထားပါတယ်။ ကျောင်းသားတွေဟာ ဆရာ့အကြိုက်၊ ဆရာဖြစ်စေချင်တဲ့ပုံစံကို လိုက်ပြီး အံဝင်အောင် ကြိုးစားရပါတယ်။ ဒါဟာ ပညာရှားပါးတဲ့ ခေတ်နဲ့လိုက်လျောညီထွေဖြစ်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ သင်ယူစရာ ပညာတွေ များလွန်းလှတာကြောင့် ကျောင်းသားတွေဟာ ဆရာတွေရဲ့ ပုံတူ၊ ကိုယ်ပွားတွေဖြစ်အောင် ကြိုးစားနေစရာမလိုတော့ပါ။ ကျောင်းသားဖြစ်ချင်တဲ့ပုံစံကို ဆရာတွေက ဖြစ်အောင်လုပ် ပေးရမယ့် ခေတ်ဆိုတာကို သဘောပေါက်ရပါတော့မယ်။ အရင်ကထက် အမြင်ကျယ်လာကြတဲ့ ကျောင်းသားတွေ ကျေနပ်မှုရအောင် လုပ်ပေးနိုင်မှ ဒီဘက်ခေတ်ပညာရေးကို လိုက်မီနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပညာသင်ကြားသူ ဆရာတွေအနေနဲ့ ကိုယ်ဖြစ်ချင်တဲ့ပုံစံထဲကို ကျောင်းသားတွေကို အတင်းရိုက်သွင်းနေမယ့်အစား ကျောင်းသားတစ်ယောက်ချင်းစီနဲ့ သင့်တော်မဲ့ သင်ကြားမှုပုံစံကို ချမှတ်ဖို့ပိုပြီး ဦးစားပေးရပါတော့မယ်။ ဒါကို သဘောမပေါက်ရင်တော့ ကျောင်းသားတွေရဲ့ ဆန့်ကျင်မှုကိုရင်ဆိုင်ရနိုင်ပြီး ပညာရေးရည်မှန်းချက်ပါ ပျောက်ဆုံးသွားပါလိမ့်မယ်။ “သူလိုချင်တာသိမှ၊ ကိုယ်လိုချင်တာရမယ်” ဆိုတာ ဒီနေ့ပညာရေးရဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေဖြစ်ချင်ကြတဲ့ ပုံစံထဲမှာ ကိုယ့်ရည်မှန်းချက်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်အောင် ကြိုးစားကြရင် ထူးချွန်တဲ့ ကျောင်းသားကောင်းတွေ မွေးထုတ်နိုင်ပါလိမ့်မယ်။


ဆရာဆိုတာ ကျောင်းသားဆိုး၊ ကျောင်းသားညံ့တွေအတွက် မရှိမဖြစ်ပါ…

ဘယ်သူမဆို တက်ကြွ၊ ကြိုးစားပြီး၊ လိမ္မာရေးခြားရှိသူကိုပဲ သဘောကျကြပါလိမ့်မယ်။ ဆရာဆိုတာလည်း လူထဲကလူတွေမို့ စာတော်တဲ့၊ ကြိုးစားတဲ့ ကျောင်းသားကို ပိုချစ်တာ သဘာဝတော့ ကျပါတယ်။ဒါပေမယ့် ဒါမဖြစ်သင့်ပါ။ ဆရာဆိုတာ သဘောသဘာဝအားဖြင့် ဆရာဝန်နဲ့တူပါတယ်။ ဆရာဝန်ဆိုတာ လူမမာတွေအတွက် မရှိမဖြစ်ပါ။ လူကောင်းတွေအတွက်တော့ ဆရာဝန်ဆိုတာ သိပ်အရေးမကြီးပါ။ ဒီလိုပါပဲ စာကြိုးစားတဲ့ကျောင်းသား ထက် စာမကြိုးစားဘဲ ပျက်စီးနေတဲ့ ကျောင်းသားတွေအတွက် ဆရာဆိုတာ မရှိမဖြစ်ပါ။ ဒါကြောင့် ဆရာတွေဟာ သူတို့ရဲ့အချိန်အတော်များများကို ပျက်စီးနေတဲ့ကျောင်းသားတွေအတွက် အသုံးချရပါလိမ့်မယ်။ လူတော်တွေကို ချစ်သလို လူညံ့တွေကိုလည်းပစ်မထားပါနဲ့။

တို့က တော်မှချစ်တာ”ဆိုရင်တော့ ဆရာလုပ်မနေပါနဲ့တော့။

ဘာကြောင့်လဲဆိုရင် တော်ပြီးသားကျောင်းသားအတွက် ဆရာဆိုတာ အရေးကြီးပုဂ္ဂိုလ်မဟုတ်လို့ပါပဲ။ ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ လူတော်တွေမွေးထုတ်ပေးရေးအပြင် လူဆိုးတွေကို ပြုပြင်ပေးရေးပါ ပါတယ်ဆိုတာ သဘောပေါက်ရင် ကျောင်းသားအများစုအတွက် မင်္ဂလာရှိသော ပညာရေးဖြစ်လာပါလိမ့်မယ်။


ဆရာကိုယ်တိုင်က သူ့အလုပ်ကို တန်ဖိုးထားရမယ်…

ကျောင်းသားတွေ ပညာရေးကို တန်ဖိုးထားလေးစားလာအောင် ပထမဆုံးလုပ်ရမယ့်အချက်က ပညာသင်ကြားပေး တဲ့ ဆရာတွေကိုယ်၌က ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်ကို တန်ဖိုးထားရပါမယ်။ ကျောင်းသားတွေရှေ့မှာ ဆရာအလုပ်ကို စိတ်ကုန်တဲ့စကားမျိုး မပြောမိပါစေနဲ့။ ဒါဟာပညာရေးကို ဖျက်ဆီးတာပါပဲ။ ကိုယ်တိုင်ကမှ ပညာရေးကို စိတ်ကုန်နေရင် ကျောင်းသားတွေကို လမ်းညွှန်ပြဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ။ ဒီလိုဆရာမျိုးကို ကျောင်းသားတွေက လေးစားတော့မှာ မဟုတ်တဲ့အတွက် ကျောင်းသားတွေရဲ့ အားထုတ်ကြိုးပမ်းမှုမျိုးကျု မျှော်လင့်လို့မရတော့ပါ။ မြန်မာနိုင်ငံမှာ ပညာရေးလုပ်သားတွေဖြစ်တဲ့ ဆရာ၊ ဆရာမတွေရဲ့ လစာဟာဘ၀ရပ်တည်ရုံတော့ လောက်ငရုံပဲရှိတာမှန်ပါတယ်။ ဒါပေမယ့် တိုင်းပြည်က ဖွံ့ဖြိုးဆဲပဲရှိသေးတာကိုလည်း သတိထားစေချင်ပါတယ်။

ဒါကြောင့် လစာလေးနှစ်ပဲတစ်ပြားနဲ့ နင်တို့ကို သင်ပေးရတာမတန်ဘူးလို့တော့ ဘယ်တော့မှမပြောစေချင်ပါ။ မစားလောက်ရင်ထွက်ပြီး အပြင်အလုပ်သာ လုပ်စားစေချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ လစာဆိုတာ ကျောင်းသားတွေနဲ့မဆိုင်ဘဲ နိုင်ငံရဲ့ပေါ်လစီနဲ့သာ ဆိုင်တဲ့ကိစ္စမို့ပါ။ မဆီမဆိုင် ရန်တွေ့ခံရတဲ့ ကျောင်းသားတိုင်းက ကျေနပ်ကြမှာ မဟုတ်တာကြောင့်

ပညာရေးမှာ အနှောင့်အယှက်ဖြစ်ရုံပဲ ရှိပါလိမ့်မယ်။

ဒီတော့ ကိုယ့်ကိုယ်ကိုရော ကျောင်းသားတွေကိုပါ မဖျက်ဆီးပါနဲ့။

ဆရာအလုပ်ဆိုတာ တော်ရုံဇွဲ၊ စိတ်ဓာတ်ရှိရုံနဲ့ လုပ်လို့မတဲ့ အလုပ်ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုဂုဏ်ယူကြစေချင်ပါတယ်။

အလုပ်ကို တန်ဖိုးထားတဲ့ ဆရာကို ကျောင်းသားတိုင်းက လေးစားကြမှာဖြစ်လို့ ကျောင်းသားတွေကို ပညာရေးမှာ စိတ်ပါဝင်စားလာအောင် အကောင်းဆုံး လမ်းညွှန်နိုင်မှာမလွဲပါ။


ကျောင်းနေပျော်၍ စာတော်ပါစေ…

ပညာရေးဌာနရဲ့ဆောင်ပုဒ်ဖြစ်ပါတယ်။ တကယ်မှန်တဲ့ ဆောင်ပုဒ်ပါ။ ကျောင်းသားတစ်ယောက်စာတော်စေဖို့ စာသင်ကြောင်းဟာသူ့အတွက် ပျော်စရာနေရာ ဖြစ်ဖို့လိုပါတယ်။ ကျောင်းသားတွေ အပြင်မှာဘောလုံးကန်တာ မကောင်းဘူးလို့ ယူဆရင် ကျောင်းမှာဘောလုံးကန်နိုင်အောင်လုပ်ပေးရုံပဲ ရှိပါတယ်။ အပြင်မှာ သီချင်းမဆိုစေချင်ရင် ကျောင်းမှာပဲ သီချင်းဆိုနိုင်အောင် စီစဉ်ပေးရပါလိမ့်မယ်။ အပြင်မှာ ရနိုင်တဲ့ပျော်ရွှင်မှုမျိုး ကျောင်းမှာလည်းရနေတယ်ဆိုရင် ကျောင်းသားတစ်ယောက်ကျောင်းပျော်လာပါလိမ့်မယ်။ ကျောင်းပျော်လာတဲ့

နောက်မှာတော့ စာတော်ဖို့ဆိုတာ မဝေးတော့တဲ့ ပန်းတိုင်ဖြစ်လာပါပြီ။

ကျောင်းသားတစ်ယောက် ကျောင်းနေပျော်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်တော့ ခက်ပါတယ်။ အရေးကြီးတာက ကျောင်းသားအများစုရဲ့ စိတ်နေစိတ်ထားကို သိထားဖို့ပါပဲ။ ဒါ့အပြင် ကျောင်းသားတစ်ယောက် ချင်းစီရဲ့ မိသားစုအခြေအနေတွေကိုပါ တတ်နိုင်သလောက် သိအောင်ကြိုးစားဖို့လိုပါတယ်။

အိမ်မှာစိတ်ညစ်လာတဲ့ ကျောင်းသားတစ်ယောက် စာထဲမှာစိတ်မ၀င်စားတာကို ဆူလိုက်၊ ရိုက်လိုက်ရင် ကျောင်းသားအတွက် အားကိုးရာမဲ့သွားတဲ့အတွက် စိတ်ဓာတ်ကျတာကလွဲပြီး ကျောင်းသားရဲ့ပူးပေါင်းဆောင်ရွက် မှုကိုရတော့မှာ မဟုတ်ပါ။ အဲဒီအခြေအနေမျိုးမှာ အားပေးစကားတွေနဲ့ ကျောင်းသားကို နှစ်သိမ့်ပေးနိုင်ရင် ကျောင်းသားရဲ့အားကိုးမှု၊ ယုံကြည်မှုကို ရာနှုန်းပြည့်ရသွားမှာဖြစ်လို့ ပညာရေးနဲ့ပတ်သက်တဲ့ လမ်းညွှန်မှုတွေကိုပါ လိုက်နာဆောင်ရွက်လာပါလိမ့်မယ်။ နောက်ပိုင်းကျရင် စာသင်ကြောင်းဟာ သူ့အတွက်ဒုတိယအိမ်ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင် ပညာရေးအတွက် ကောင်းတဲ့အနာဂတ်ကို ပုံဖော်ဖို့မဝေးတော့ပါ။

အိမ်နေ အဖေရိုက်၊

ကျောင်းနေ ဆရာရိုက်၊

လမ်းနေ ပုရွက်ဆိတ်ကိုက် ဘ၀မျိုး

ဘယ်ကျောင်းသားကိုမှ မရောက်ပါစေနဲ့။


ကျောင်းသားတွေရဲ့ ၀ါသနာကို အားပေးပါ …

စာသင်ကြောင်းဆိုတာ စာသင်ရုံသက်သက်မဟုတ်ဘဲ ကျောင်းသားတွေကို ဘက်စုံ၊ ထောင့်စုံက ပံ့ပိုးမှုတွေ ပေးတဲ့နေရာဖြစ်ဖို့လိုပါတယ်။ ပညာရေးကို မဏ္ဍိုင်ထားပြီး ကျန်တဲ့လိုအပ်ချက်တွေကိုပါ ဖြည့်ပေးနိုင်မှ ဘက်ပေါင်းစုံက ပြည့်စုံပြီး တိုင်းပြည်အတွက် အားကိုးရတဲ့ ပညာရှင်တွေ မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့ပညာရေးစနစ်ဟာ ဘက်စုံပညာရေးစနစ်ဖြစ်ပါတယ်။ အစိုးရက မူဝါဒချမှတ်တယ်ဆိုပေမယ့် တကယ်အကောင်အထည်ဖော်ရမှာက ဆရာတွေသာဖြစ်ပါတယ်။ မူဝါဒ ဘယ်လောက်ပဲကောင်းကောင်း အကောင်အထည်မဖော်နိုင်ရင် အလကားပါ။ ဒါကြောင့် ကျောင်းသားတွေ ဘက်စုံတိုးတက်လာဖို့ တာဝန်အရှိဆုံးက ဆရာတွေသာဖြစ်ပါတယ်။ ဘက်စုံဖွံ့ဖြိုးဖို့ဆိုတာကတော့ သိပ်မလွယ်တာမှန်ပေမယ့် သူအားသန်ရာမှာ တိုးတက်မှုရှိအောင် ပံ့ပိုးပေးနိုင်ရင်ကို သိပ်မဆိုးပါ။

လောကမှာ အတန်းပညာဆိုတာ အရေးကြီးသလိုကျန်တာတွေလည်း အရေးပါပါတယ်။ ကျန်တဲ့နယ်ပယ်တစ်ခုခုမှာ ထွန်းပေါက်ရင်လည်း ကလေးတစ်ယောက်အတွက် ဘ၀အထောက်အပံ့ဖြစ်နိုင်ပါတယ်။

ပညာရေးဘက်မှာ ပါရမီမပါတော့တဲ့ ကျောင်းသားတစ်ယောက်ကို ပေယျာလကံပြုမယ့်အစား

သူဝါသနာပါရာလေးကို ထွန်းထွန်းပေါက်ပေါက်ဖြစ်သွားအောင် ကူညီပေးနိုင်ရင်လည်း

တိုင်းပြည်ကို အကျိုးပြုမယ့် သားကောင်းတွေ မွေးထုတ်ရာရောက်ပါတယ်။

လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းပြောသလို “ပညာသည် စာအုပ်တွင်သာ ရှိသည်မဟုတ်

စာအုပ်ကို ကျော်လွန်၍ မြင်နိုင်စွမ်းရှိစေရမည်”ပါတဲ့။

ဒါမှသာ တိုင်းပြည်မှာ ပညာတတ်ဘွဲ့ရတွေ များသလို အသုံးဝင်သူတွေလည်း များလာမှာပါ။


အထက်မှာ တင်ပြခဲ့တဲ့ အကြောင်းအရာတွေကို ပြည့်စုံပြီလို့ မဆိုနိုင်သေးပါ။ နိုင်ငံတကာစံချိန်နဲ့ယှဉ်ရင်တော့ ရယ်စရာ စီမံကိန်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကလေးတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေက

ကျောင်းသားတွေနဲ့ နှိုင်းယှဉ်လို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်သေးပါ။ အရေးအကြီးဆုံးကတော့

လက်ရှိအနေအထားကနေ တစ်လှမ်းပဲဖြစ်ဖြစ် ရှေ့ကို ရွေ့သွားဖို့ပါပဲ။

အဲဒီလို ဆောင်ရွက်ကြဖို့ဆိုတဲ့နေရာမှာ ဆရာတွေချည်းတော့ ထိထိရောက်ရောက်စွမ်းဆောင်နိုင်မှာ မဟုတ်ပါ။

ဘာကြောင့်လဲဆိုရင် ပညာရေးဆိုတာ မိဘ၊ ဆရာ၊ ကျောင်းသား သုံးဦးပူးပေါင်းကြိုးစားရလို့ပါ။

သုံးချောင်းထောက် ခွေးခြေနဲ့တူနေတာကြောင့် မိဘဘက်ကအားနည်းရင်လည်း ပျက်စီးရမှာပါ။

နောက်ဆောင်းပါးတွေမှာ မိဘတွေအနေနဲ့ သားသမီးတွေကို ဘယ်လိုထိန်းကျောင်းသင့်တယ်ဆိုတာနဲ့ပတ်သက်လို့ တင်ပြပါဦးမယ်။


ပညာခေတ်ကြီးမှာ

တိုးတက်ခေတ်မီတဲ့ ပညာရေးအတွေးအခေါ်တွေနဲ့ တိုးတက်တဲ့ ပညာရေးလူ့ဘောင်သစ်ကို

ထူထောင်နိုင်အောင်ကြိုးစားကြပါစို့။ ။


နေ့ခင်းအိပ်မက်ရှည်...

စာရေးမယ်လို့ ပြောထားပေမယ့် တကယ်တော့လည်း စိတ်ထင်တိုင်းမပေါက်ပါ။ စက်ဖွင့်လိုက်တာနဲ့ လုပ်စရာအလုပ်တွေကို အရင်ဆုံးဦးစားပေးပြီးလုပ်ရပါတော့တယ်။ ကျောင်းသားတွေအတွက်သင်ခန်းစာတွေ လေ့ကျင့်ခန်းတွေကို တစ်နေ့တစ်နေ့ရိုက်နေရတာ နည်းနည်းမဟုတ်တော့ စာရေးတာဘက်ကို အားနည်းနေပါရော။

ကိုယ်တို့ကျောင်းသူကျောင်းသားလေးတွေခမျာ နည်းပညာဆိုတာကို အထီး၊ အမတောင်မကွဲကြရှာတာ သနားစရာပါ။ netbook ကိုတောင် ဘာကြီးလဲလို့ မေးရှာကြတော့ စိတ်ထဲမှာ ဘယ်လိုမှ မကောင်းနိုင်ပါ။ တကယ်ဆိုရင် ကိုယ်တို့လူကြီးတွေက ကလေးတွေကို နည်းပညာနဲ့ပတ်သက်ရင် ရှေ့ဆောင်လမ်းပြပေးကြရမှာပါ။ မိဘတွေ၊ ဆရာတွေဆိုတာ ကျောင်းသားတွေ၊ သားသမီးတွေထက်ဆယ်ဆမက တော်နေတတ်နေကြရမယ်လို့ ကိုယ်တော့ယူဆပါတယ်။ ကျောင်းသားတစ်ယောက်အတွက် ဆရာကောင်းတစ်ယောက်ဆိုတာ အထိုက်တန်ဆုံးဆုလာဘ်ပါ။ ဒီလိုပဲ သားသမီးတစ်ယောက်အတွက်လည်း မိဘကောင်းတစ်ယောက်ဆိုတာ အထိုက်တန်ဆုံးဆုလာဘ်ပါပဲ။

ကိုယ့်မှာ မိဘကောင်းတစ်ယောက်ဖြစ်အောင်လုပ်ဖို့တာဝန်မရှိသေးတာကြောင့် ကျောင်းသားတွေအတွက် ဘာတွေလုပ်ပေးရမလဲဆိုတာ အချိန်နဲ့အမျှစဉ်းစားနေဖြစ်ပါတယ်။ တိုးတက်တဲ့ အနောက်နိုင်ငံတွေက စာသင်ခန်းတွေကို online ပေါ်မှာ မြင်ရတိုင်း ကိုယ့်ကျောင်းသူကျောင်းသားတွေကိုလည်း သူတို့ဆီက ကျောင်းသားတွေလိုမျိုးသင်ယူစေချင်ပါရဲ့။ ဒါပေမယ့် အစစအရာရာ ထူထောင်နေရတဲ့ အနေအထားဆိုတော့လည်း မြင်သာမြင်ရ၊ မကြင်ရမောင့်မှာ ဘ၀မျိုးမှာ လောဘကို အတတ်နိုင်ဆုံးသတ်ရပါတယ်။ တဖြည်းဖြည်းတော့ ဖြစ်လာမှာပါပဲဆိုပြီးထိုင်စောင့်နေရတဲ့ ဘ၀မျိုးကို အရင်ကတည်းက မလိုချင်တာပါ။ ရန်ကုန်လိုမြို့ကြီးမှာတော့ ကျောင်းသားတွေဟာ ခေတ်မီတဲ့စာသင်ခန်းကြီးတွေမှာ နည်းပညာအကူအညီနဲ့ အားပါးတရသင်ယူနေကြတာရုပ်သံမှာ မြင်ရရင် သိပ်ကျေနပ်မိပါတယ်။ အရင်ကတည်းက မြန်မာလူမျိုးဟာ ကိုယ်ရည်ကိုယ်သွေးနိမ့်ကျခဲ့တာ မဟုတ်လေတော့ တိုးတက်တဲ့နည်းပညာအကူအညီတွေသာ ကောင်းကောင်းသုံးနိုင်ရင် နောင်နှစ်ပေါင်းမကြာခင်မှာ နိုင်ငံတကာမှာ မြန်မာပညာရှင်တွေ နေရာကောင်းကောင်းရလာမှာပါ။

မြို့ကြီးကကျောင်းသားတွေလိုမျိုး ကိုယ့်ကျောင်းသားလေးတွေကို တိုးတက်အောင်လုပ်မယ်ဆိုပေမယ့် အရေးအကြီးဆုံးပြဿနာက ကလေးတွေမှာ ကိုယ်တို့ခေတ်ကလို ပညာကို အင်တိုက်အားတိုက် စိုက်လိုက်မတ်တပ်ကြိုးစားချင်စိတ်နည်းနေတာပါပဲ။ တိုးတက်တဲ့နည်းပညာကို ကိုယ်တို့က ပညာရေးမှာ အသုံးမချနိုင်ကြသေးပေမယ့် ကျောင်းသားတွေကတော့ အသုံးချနေကြပါရဲ့။ ထုံးစံအတိုင်း သူတို့အသုံးချတဲ့နေရက ကွန်ပြူတာဆိုရင် Game ကစားကြပြီး၊ online ပေါ်တက်ရင် ချက်ကြီးတွေဖြစ်ကုန်ကြပါတယ်။ သူတို့ကို ကောင်းတဲ့ဘက်တွေရောက်အောင် အချိန်မီလမ်းမညွှန်နိုင်ရင်တော့ ပညာရေးဟာ လိုက်လေဝေးလေဖြစ်မှာသေချာပါတယ်။

ဒါကြောင့်ကိုယ်ဆုံးဖြတ်မိတယ်...ကိုယ်နိုင်သလောက်တော့ ကိုယ့်တိုင်းပြည်ကို အလုပ်အကြွေးပြုတဲ့အနေနဲ့ ကိုယ့်ကျောင်းသားတွေကို အချိန်ရရင်ရသလို နည်းပညာအကူအညီယူပြီး တိုးတက်တဲ့ပညာတတ်တွေဖြစ်အောင်ကြိုးစားပေးမယ်လို့။ ဖြစ်တယ်၊မဖြစ်ဘူးဆိုတာလုပ်မကြည့်ရင် သိနိုင်တဲ့ကိစ္စမဟုတ်တာကြောင့် လုပ်ကြည့်မှ သိရမှာပါ။ တကယ်လို့ ထင်သလိုဖြစ်မလာခဲ့ရင်တောင် ကျောင်းသူကျောင်းသားတွေအနေနဲ့ နည်းပညာနဲ့မစိမ်းတော့တဲ့ အကျိုးကျေးဇူးတော့ရမှာဖြစ်လို့ ဘယ်ဘက်ကတွက်တွက် အရှူံးမရှိဘူးလို့ ထင်ပါတယ်။

ကျောင်းသူကျောင်းသားတွေ သက်တောင့်သက်သာရှိတဲ့စ့ာသင်ခန်းတွေထဲမှာထိုင်ရင်း ကွန်ပျူတာကိုယ်စီရှေ့မှာချလို့ projector နဲ့ထိုးပြနေတဲ့သင်ခန်းစာတွေကို စိတ်ဝင်တစားသင်ယူနေကြတယ်ဆိုတဲ့ ကိုယ့်ရဲ့နေ့ခင်းအိပ်မက်ကလေး တစ်နေ့နေ့မှာတော့ အကောင်အထည်ပေါ်လာအောင်ကြိုးစားပါဦးမယ်လေ.....

Wednesday, 7 July 2010

စာရေးပါတော့မယ်...

တစ်ရက်တစ်ရက်လည်း အလုပ်တွေများလွန်းတာကြောင့် စာမရေးဖြစ်တာ ရက်ပေါင်းတော်တော်ကြာသွားပါပြီ။ ကိုယ့် blog လေးက မဖြစ်ညစ်ကျယ်လေးဆိုတော့ တစ်ရက်တစ်ရက် လာလည်တဲ့လူ သိပ်မရှိလို့သာ တော်ပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက် ရင်ဖွင့်စရာ အကောင်းဆုံးနဲ့ တစ်ခုတည်းသောနေရာဖြစ်တဲ့ ဒီ blogလေးကိုတော့ ခင်တွယ်တာ အမှန်ပါ။ အရွယ်ကလည်း လူလတ်ပိုင်းထဲဝင်လာပြီမို့ ခပ်ငယ်ငယ်ကလို သူများတကာကို သွားပြီးရင်ဖွင့်နေလို့လည်း ကောင်းတော့တာမှ မဟုတ်ပဲကိုး။ ပြီးတော့ ကလေးတွေလို လူတကာနဲ့ စကားထိုင်ပြောနေလို့လည်း မကောင်းတော့တဲ့ ဘ၀မျိုးမှာ ကျင်လည်နေရတာဆိုတော့ ပိုဆိုးတာပေါ့လေ။ ဒီတော့လည်း လွတ်လွတ်လပ်လပ် ရင်ဖွင့်လို့ရတဲ့ နေရာလေးကိုပဲ ခင်တွယ်ရတော့တာဆန်းတော့လည်း မဆန်းပါ။အလုပ်တွေမတရားများလွန်းလို့ စာမရေးဖြစ်တာကြာနေပေမယ့် စိတ်ထဲကတော့ အမြင်မတော်တာတွေတွေ့တိုင်း စာတစ်ပုဒ်တော့ ရေးဖြစ်နေကျပါ။ အခုတော့ အားရင်အားသလို စာရေးဖြစ်အောင်ကိုယ့်ကိုယ်ကို သတိပေးနေရပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီblog လေးက တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့နေ့စဉ်မှတ်တမ်း ဖြစ်မှန်းမသိဖြစ်လာနေပြီကိုး။

ဒါကြောင့်အရင်က စာမရေးဖြစ်ခဲ့တာတွေကို တောင်းပန်ရင်း နောက်ကို စာမကြာမကြာရေးဖြစ်ပါတော့မယ်ဆိုတဲ့အကြောင်း ပြောပါရစေ...

ကြိုက်ရင်ပေါ့လေ . . .