Monday 2 May 2011

ကိုကျောက်တမ်းခြင်း...

မနေ့က 
အွန်လိုင်းပေါ်တက်တော့ မယုံနိုင်စရာ၊ စိတ်မကောင်းစရာ သတင်းဆိုးကြီးနဲ့ ကြုံပါတယ်။ ကိုယ်အင်မတန်လေးစား အားကျတဲ့ ဘလော့ဂါကြီး ကိုကျောက်(ရွှေရတုမှတ်တမ်း) ဆုံးသွားတဲ့ သတင်းပါ။ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ ခရီးတွေသွား၊ ကျောက်တောင်တွေတက်ပြီး “ခြေထောက်ဆွဲသရဲ”အကြောင်းတွေ ရေးပြီး ကိုယ်တို့မျက်စိလည်အောင် လုပ်ခဲ့သေးတာမို့ ကျန်းကျန်းမာမာရှိနေပြီထင်ပြီး ၀မ်းပန်းတသာ ဖြစ်နေခဲ့ရပါသေးတယ်။ ဒါပေမယ့် အခုလို အမှတ်မထင် သတင်းဆိုးကြီး ထွက်လာတော့ ယုံတောင်မယုံနိုင်အောင် ဖြစ်ရပါတယ်။ ကျီစယ်တတ်တဲ့ သေမင်းကိုပဲ ဒေါပွရမလို၊ သေမင်းကို မမှုလွန်းတဲ့ ကိုကျောက်ကိုပဲ ကရုဏာဒေါသဖြစ်ရမလိုလို မဝေခွဲနိုင်အောင် ဖြစ်ရပါတော့တယ်။
တကယ်တော့ ကိုကျောက်ဆိုတာ ဘလော့ဂါတွေအပေါ် အင်မတန်မှ သံယောဇဉ်ကြီးတဲ့သူပါ။ ကိုယ်ဘလော့စရေးကတည်းက အခုအချိန်အထိ တစ်နှစ်ကျော်ကျော်ကာလအတွင်း ပို့စ်အသစ်တင်တိုင်း မပျက်မကွက်နဲ့ ကွန်မန့်ပေးလေ့ရှိတာမို့ မှတ်မှတ်ရရ ရှိနေပါတော့တယ်။ ဘယ်ဘလော့ပဲဖြစ်ဖြစ် ကျကျနနဖတ်ပြီး တခုတ်တရကွန်မန့်ပေးလေ့ရှိတဲ့သူမို့ ဘလော့ဂါတော်တော်များများက ကိုကျောက်ကို လေးလေးစားစားနဲ့ ချစ်ကြခင်ကြပါတယ်။ သူရေးတဲ့ပို့စ်တိုင်းမှာလည်း စိတ်ညစ်စရာသိပ်မပါဘဲ သူ့ဘ၀အတွေ့အကြုံတွေကို ဟာသစွက်ပြီး ဖတ်ပျော်အောင် ရေးတဲ့သူမို့ သူ့ပို့စ်တွေကို မြတ်မြတ်နိုးနိုး ဖတ်ရလေ့ရှိပါတယ်။ ကိုယ်မရေးနိုင်တဲ့ သရော်စာတွေကို ပြောင်ပြောင်မြောက်မြောက်ရေးနိုင်လွန်းတဲ့ ဘလော့ဂါကြီးမို့လည်း အခုလိုဆုံးပါးသွားတာ ဘလော့လောကအတွက် ဆုံးရှုံးမှုလို့ ယူဆမိပါတော့တယ်။
 
စိတ်ဓာတ်ကြံ့ခိုင်လွန်းတဲ့
သရော်စာအရေးကောင်းလွန်းတဲ့
လောကဓံကို ကြံ့ကြံ့ခံနိုင်လွန်းတဲ့
ဘလော့ဂါတွေအပေါ် သံယောဇဉ်ကြီးလွန်းတဲ့
သေမင်းကိုတောင် သရော်ရဲတဲ့
ချစ်လှစွာသော ကိုကျောက်တစ်ယောက် ဖြစ်လေရာဘ၀တိုင်းမှာ သူရေးခဲ့တဲ့ဟာသဓာတ်တွေ ခပ်သောသောပါလွန်းတဲ့ သရော်စာတွေထဲကလို အမြဲပြုံးရွှင်ကြည်နူးပြီး ကျန်းမာကြံ့ခိုင်တဲ့ စိတ်ဓာတ်၊ ကိုယ်ခန္ဓာကိုပိုင်ဆိုင်လို့ စာတွေဆက်ရေးနိုင်တဲ့ကိုယ် ဖြစ်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ဒီပို့စ်ရေးပြီးတင်ပြီးသွားပြီဆိုပေမယ့် အခါတိုင်းလို ကွန်မန့်လာပေးမယ့် ကိုကျောက်ရောက်မလာနိုင်တော့တာ တွေးမိတော့ ၀မ်းနည်းပြန်ရော အစ်ကိုကြီးရေ...


9 comments:

မိုးယံ said...

စိတ်မကောင်းခြင်းများစွာနဲ့ပဲ ဖတ်သွားရတာပဲလေ။

အဖြူရောင်နတ်သမီး said...

ဘကျောက် တယောက် ကောင်းရာသုဂတိလားပါစေ...

ဟန်ကြည် said...

ကိုကျောက်ရေ...
အခါတိုင်းဆို ပို့စ်တင်ပြီးတာနဲ့ ဆရာဟန်ရေလို့ခေါ်ပြီး ကွန်မန့်လာလာပေးလေ့ရှိတဲ့ ကျွန်တော်တို့ရဲ့ အစ်ကိုကြီး ဒီတစ်ခါတော့ ကွန်မန့်လာမပေးနိုင်တော့တာ ၀မ်းနည်းတယ်ဗျာ...ရင်ထဲမှာ တစ်ခုခုလိုသွားသလိုပဲ အစ်ကိုကြီးရေ...

rose said...

ကိုကြီးကျောက် ကောင်းရာ သုဂတိလားပါစေ။

တောက်ပကြယ်စင် said...

ဒကာကြီး ကိုကြီးကျောက် အေးချမ်းသာယာတဲ့ ဘုံဘ၀သို့ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ဆရာကိုဟန်ကြည်ရေ။ ဆရာလည်း ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

ကိုဇော် said...

တကယ်ကို စိတ်မကောင်းဘူးပေါ့ဗျာ. . .
ကောင်းရာ မွန်ရာ ဘုံဘဝမှာ ငြိမ်းချမ်းပါစေဗျာ...

...အလင်းစက်များ said...

သူအကောင်းဆုံး တိုက်ပွဲ ၀င်သွားခဲ့ပါတယ်ဗျာ...... ခုတစ်နေရာရာမှာ ပျော်ရွင်နေမှာပါလို့  ယုံကြည်ပါတယ်လေ...

SHWE ZIN U said...

အနေတတ် အသေတတ် တဲ့ ကိုကြီးကျောက် အတွက်အားလုံးနဲ့ ထပ်တူ ခံစားရပါတယ်ဗျာ

ျsosegado said...

ကိုကြီးကျောက်တစ်ယောက်
ကောင်းရာမွန်ရာကို ရောက်ရှိပြီး နောက်ဘဝမှာ ဒီသံသရာကလွတ်မြောက်နိုင်သူဖြစ်ပါစေ။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger