Friday, 29 July 2011

အိုဘယ့် တက်ဂ်ပို့(စ်) . . .

ဘလော့တိုင်းပြည်ကို ဦးဟန်ကြည် ရောက်ခဲ့တာ တစ်နှစ်ကျော်လို့ နှစ်နှစ်နီးပါး ရှိလာပါပြီ။ ဘလော့ယဉ်ကျေးမှုတွေနဲ့လည်း တော်တော်များများတော့ အကျွမ်းတ၀င်ဖြစ်လာပါပြီ။ ကိုယ်ပိုင်တဲ့ဘလော့မှာ ကိုယ်ယုံကြည်ရာ၊ ကိုယ်အားသန်ရာတွေကိုရေးလို့ ငါနှင့်ငါသာ ကျေနပ်ရာ လုပ်နေခဲ့ရင်းက ဘလော့ရွာရိုးကိုးပေါက်ကို ခြေတိုအောင် လျှောက်လည်တိုင်း တက်ဂ်ပို့(စ်)ဆိုတဲ့ ဘလော့ဂါအချင်းချင်း ချစ်စနိုးနဲ့ မေးကြမြန်းကြတဲ့ ပို့(စ်)မျိုးတွေကိုလည်း သူများတွေ ရေးကြတာ ဖတ်ဖူး၊ မှတ်ဖူး၊ သဘောကျဖူးခဲ့ပါပြီ။ ဒါပေမယ့် ကိုယ့်ကိုတက်ဂ်လုပ်တဲ့လူလည်း မရှိတာကြောင့် ကိုယ်နဲ့မဆိုင်တဲ့ ပို့်(စ်)အမျိုးအစားလို့ ယူဆပြီး ဘေးကင်းရန်ကင်းနေခဲ့ပါတယ်။

ဒါပေမယ့် ညီမတော် Anglehlaing က ဦးဟန်ကြည်ကို အချွန်နဲ့မ,လိုက်တာမို့ တက်ဂ်ပို့(စ်)ရေးဖို့ အကြောင်းဖန်လာပါတော့တယ်။ တက်ဂ်ပို့စ်တစ်ခုရေးရင် ကိုယ့်ပေါင်ကိုလှန်ထောင်းရသလို ကောင်းတာရော၊ ဆိုးတာပါ ရေးရတာ သဘာဝဖြစ်နေပြန်တော့ ခေါင်းစဉ်တွေဖတ်ပြီး ပေါင်တွေပါကျိန်းလာပါသေးရဲ့။ စိတ်ကူးနဲ့ ပေါင်ကျိန်းပေမယ့် တကယ်ရေးကြည့်ရင်တော့ ထင်သလောက် မကျိန်းလောက်ပါဘူးလေလို့ ကိုယ့်ကိုယ်ကို အတင်းကာရော အားပေးရင်း မလှတာကို ရွာလည်ပြဖို့ ဦးဟန်ကြည်တစ်ယောက် တက်ဂ်ပို့(စ်)ရေးလိုက်ပါပြီ။

ကြားကြားသမျှ၊ ဖတ်ဖတ်သမျှ သာဓုမခေါ်အားရင်တောင် 
နှာနုကိုတော့ ဆော်မသွားလောက်ပါဘူးလို့တော့ ယူဆလိုက်မိပါရဲ့. . .


( ၁ ) ကိုယ်ခန္ဓာ

အရပ် - ခြောက်ပေ တစ်လက်မ  
ဖွဲ့စည်းပုံ - အားကစားသမားခန္ဓာကိုယ်  
ဆံပင် - အနက်  
မျက်လုံး - အနက်  
အသားရောင် - ကြေးနီရောင်  

ကိုင်း…ဦးဟန်ကြည်ရဲ့ပုံကို အဲဒီအချက်တွေအတိုင်း မျက်စိမှိတ်ပြီး ပုံဖော်ကြည့်ပေတော့။
Enrique Iglesias  နဲ့ နင်လား၊ ငါလားတောင် မှားလောက်ရဲ့ မဟုတ်လား။


http://2.bp.blogspot.com/-tTpTMomJb6E/TcrRMSO4jtI/AAAAAAAAAjQ/u0BZB11oF20/s1600/Enrique-Iglesias-Wallpapers-2011.jpg

အင်း…အဲဒီလိုများ မမှန်တဲ့အတိုင်း ရေးလို့ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ။  တကယ်တော့ ဦးဟန်ကြည်က အထက်ကပုံမျိုး ဘယ်ဟုတ်လိမ့်မလဲလေ။ ကျောင်းသားဘ၀တစ်လျှောက်လုံး စာပြီးရင်းစာ လုပ်နေခဲ့ပေသကိုး။ အဘိုးဖြစ်သူက ကာယဗလသမား၊ အဖေဖြစ်သူက မြို့နယ်လက်ရွေးစင် ဘောလုံးသမား၊ သားဖြစ်တဲ့ ဦးဟန်ကြည်ကတော့ ဘောလုံးကို မြေကြီးပေါ်က ကြွလာအောင် ဆယ်တန်းရောက်တဲ့အထိ မကန်တတ်ခဲ့လေတော့ ဘယ်လို ခန္ဓာကိုယ်မျိုးရှိမယ်ဆိုတာ တွေးကြည့်မယ်ဆိုရင် ပြေးကြည့်တာထက်တောင် မှန်နိုင်ကောင်းပါရဲ့။
မိဘတွေက အားကစားကို အားပေးသလောက် မောင်ဟန်ကြည်ပေါက်စတစ်ယောက်က လူများများနဲ့ ဆက်ဆံရတဲ့ အားကစားအလုပ်ကို အင်မတန် စိတ်ကုန်သူဖြစ်တာကြောင့် လူငယ်ဘ၀တစ်လျှောက်လုံး ဘာအားကစားမှ မယ်မယ်ရရ မလုပ်ဖြစ်ခဲ့ပါ။

ကိုးတန်းကျောင်းသား အရွယ်လောက်မှာတော့ ကာယဗလသမားတွေကို အားကျမိတာမို့ အလေးပြားတွေကို တစ်နှစ်နီးပါးလောက် မနိုင်မနင်းထမ်းလို့ ၀ိတ်သမားယောင်ယောင် လုပ်ခဲ့ဖူးပါရဲ့။ အရပ်ထွက်ရမယ့် အရွယ်မှာ ၀ိတ်ပြားတွေထမ်းပြီး ကိုယ့်ကိုယ်ကို မတန်တဆနှိပ်စက်မိတာကြောင့် ဦးဟန်ကြည်ရဲ့အရပ်က မြန်မာနေရှင်နယ်အရပ် ကနေ တက်မလာရှာတော့ပါ။ တကယ်ဆို အဲဒီအရွယ်မှာသာ ရေကူးတာပဲဖြစ်ဖြစ်၊ Basket ball ပဲဖြစ်ဖြစ် Volley ball ပဲဖြစ်ဖြစ် ကစားခဲ့ရင် နိုင်ငံတကာစံချိန်မီတဲ့ အရပ်မဖြစ်ရင်တောင် နှစ်လက်မလောက် ထပ်ရှည်ရရင်လည်း မနည်းဘူးလို့တွေးမိပါတယ်။ ဒါပေမယ့် ဦးဟန်ကြည်တို့ မိသားစုမှာက ဦးဟန်ကြည်အရပ်အရှည်ဆုံး ဖြစ်နေပြန်တဲ့အပြင် သူငယ်ချင်းအားလုံးကလည်း ကိုယ့်လောက်အရပ်ပဲ ရှိတာမို့ သိပ်တော့ မခံစားခဲ့ရပါ။ တက္ကသိုလ်ကျောင်းသား ဘ၀မှာတော့ အရပ်အမောင်းကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းမိတာမို့ ကိုယ့်ကိုယ်ကို အားငယ်စိတ်ကလေးတော့ ၀င်ခဲ့ဖူးပါတယ်။ ဒီကြားထဲမှာ အရပ်မြင့်မြင့် မိန်းကလေးသူငယ်ချင်းတွေကလည်း ရှိသေးတာမို့ အလှကြိုက်တဲ့ အဲဒီအရွယ်တုန်းကတော့ မကြာမကြာ စိတ်ညစ်ခဲ့ဖူးပါရဲ့။ ဒါပေမယ့် အဲဒီအရွယ်ရောက်မှ အရပ်ရှည်ချင်ဇောနဲ့ တန်းဘားသွားကစားရင်လည်း အရပ်မထွက်ဘဲ လက်ပဲရှည်ထွက်လာရင် မလှရတဲ့ကြားက အမေပေးထားတဲ့ ရုပ်ကလေးပါပိုဆိုးသွားမှာ စိုးရိမ်ရသေးတာမို့ ကိုယ့်ကိုယ်ကို တရားနဲ့ပဲဖြေရရှာပါတယ်။
( အင်း…ရေးနေရင်းကပဲ မောင်ဟန်ကြည်ကလေးကို ဦးဟန်ကြည် သနားလိုက်ပါရဲ့…)

အရပ်အမောင်းကထူးထူးခြားခြားမမြင့်ရှာတဲ့ မောင်ဟန်ကြည်ကလေးမှာ ခန္ဓာကိုယ်ကလည်း ပြောလောက်အောင် ထွားကြိုင်းမှု မရှိခဲ့ပြန်ပါ။ ကျောင်းသားဘ၀ တစ်လျှောက်လုံး ဘယ်အချိန်ပဲ ပေါင်ချိန်စက်ပေါ်တက်တက် ပေါင် ၁၀၀ စွန်းရုံထက် တစ်ခါမှ မပိုခဲ့ပါ။  ဒါပေမယ့် ဆေးကျောင်းသား အများစုက ပိန်ပိန်ပါးပါး လူဖလံလေးတွေပဲ များပြန်တာမို့ ကိုယ့်ကိုယ်ကို အားငယ်စရာလို့တော့ မထင်ခဲ့မိရိုးအမှန်ပါ။ ကိုယ်ကလည်း ပေါ့ပေါ့ပါးပါး ခန္ဓာကိုယ်ကို တန်ဖိုးထားသလို နည်းနည်းဝသလိုဖြစ်လာရင်ပဲ အင်မတန် စိတ်ပျက်ခဲ့ပါတယ်။ ဒီနေ့ခေတ် မိန်းကလေးများလို ဂုဏ်ယူရရင်တော့ ကျောင်းသားဘ၀ တစ်လျှောက်လုံး ပေါင် ၁၀၀ ၀န်းကျင်မှာ ထိန်းထားနိုင်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ဒါပေမယ့် အရွယ်လေး နည်းနည်းရလာပြန်တဲ့အခါမှာ လူဖလံလေးဖြစ်နေတာကြောင့် တစ်ဖက်သားရဲ့ လေးစားမှုကို ရသင့်သလောက် မရတာမျိုးကိုလည်း ကြုံရပြန်ပါရဲ့။  ဒီတစ်ခါမှာတော့ အရပ်အမောင်းဘက်မှာ သူများထက် ကံပိုမကောင်းတာမို့ သူလိုကိုယ်လို မြန်မာနေရှင်နယ် အရပ်နဲ့တင် ကျေနပ်လိုက်ရရှာတဲ့ ဦးဟန်ကြည်ကို သဘာဝတရားက မျက်နှာသာ ရက်ရက်ရောရောကြီး ပေးလိုက်တာကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကစလို့ ဘော်ဒီဝိတ်တွေ တက်လာလိုက်တာမှာ လောလောဆယ်မှာတော့ ပေါင် ၁၆၀ ၀န်းကျင်ခန္ဓာကိုယ်နဲ့ ကြွားကြွားရွားရွား ဖြစ်နေပါပေါ့လား။ ဒါတင်အားမရသေးဘဲ ယောက်ျားဖြစ်ရင် ဗလငါးတန်တော့ ပြည့်စုံရမယ်ဆိုတဲ့ ကိုယ့်မူနဲ့ကိုယ် ကာယကျန်းမာရေးကို နိုင်သလောက် အရေးတယူပြုနေတာကြောင့်  ဗေလုဝ ကို အလဲထိုးနိုင်တဲ့ ကာယဗလမျိုးလဲ ရှိနေပါသေးတယ်။

ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးကလေးနဲ့ မာန်တက်ချင်လာပြန်တဲ့ ဦးဟန်ကြည်ကို သဘာဝတရားက နောက်ထပ်လက်ဆောင် ပေးလိုက်ပြန်ပါတယ်။ တစ်သက်နဲ့တစ်ကိုယ်မှာ ပိတုန်းရောင်ကေသာကို ခေါင်းလိမ်းဆီသေချာလိမ်းရင်းနဲ့ ဘိုကေကျော့ကျော့၊ ခေါင်းတမော့မော့ လုပ်ခဲ့လာတဲ့ ဦးဟန်ကြည်ရဲ့ ခေါင်းပေါ်မှာ ကြာဆံတစ်ထွေးကြီး တင်ပေးလိုက်ခြင်းပါပဲ။ လွန်ခဲ့တဲ့ သုံးလေးနှစ်ကစ,လို့ တဖြည်းဖြည်း များလာတဲ့ ဘော်ငွေရောင်ဆံပင် ( ဆံပင်ဖြူလို့ ပြောရင် ဘယ်လှပါတော့မလဲ ) တွေဟာ တစ်နှစ်ထက်တစ်နှစ် လျော့တယ်မရှိဘဲ ပိုပိုများလာပေသမို့ အခုဆိုရင် အနက်တပ်ရင်းရဲ့ ဌာနချုပ်ကိုတောင် အဖြူတစ်အုပ်က သိမ်းပိုက်လုနီးနီး ဖြစ်နေပါပြီ။ ဦးဟန်ကြည်တစ်ယောက်ကလည်း အဲဒီအချိန်ကို ပျော်ပျော်ကြီးပဲ ကြိုဆိုနေပါရဲ့။ တစ်ချို့လူတွေခမျာ အသက်တော် လေးဆယ်၊ ငါးဆယ်တွင်း ၀င်လာလို့ ခေါင်းပေါ်မှာ ဆံပင်ဖြူကလေးတွေ ကြိုးတိုးကြဲတဲ ပေါက်လာရင် နေမထိ၊ ထိုင်မသာ ဖြစ်ရှာကြတာကိုတွေ့ရရင် ဦးဟန်ကြည်တစ်ယောက် အင်မတန် ရယ်ချင်မိပါတယ်။ လောကကြီးက ကိုယ့်ကိုပေးလိုက်တဲ့ လက်ဆောင်ကို ဘာကြောင့်များ ခါးခါးသီးသီးငြင်းနေတယ်ဆိုတာ စဉ်းစားလို့တောင် မရနိုင်တော့ပါ။ ဦးဟန်ကြည်ကတော့ ကိုယ့်ဆီကို စောစောစီးစီးရောက်လာတဲ့ ချစ်လှစွာသော သဘာဝတရားရဲ့ လက်ဆောင်ကို ၀မ်းမြောက်ဝမ်းသာ လက်ခံလျက်ရှိကြောင်းပါ။

တစ်ချို့လူများကတော့ ဦးဟန်ကြည်ကို ဆံပင်ဆေးဆိုးဖို့ တိုက်တွန်းကြပါရဲ့။ အဲဒီအခါမျိုးမှာတော့ လောကကြီးအပေါ်မှာ ရိုးသားချင်တဲ့ ဦးဟန်ကြည်က ခါးခါးသီးသီးငြင်းလေ့ရှိပါတယ်။ စဉ်းစားကြည့်မယ်ဆိုရင် သုံးဆယ်ကျော်အရွယ်လောက်ကတည်းက ဆံပင်ဆေးဆိုးရရင် အသက် ၆၀ မှာသေတယ်ထားဦးတော့ အနည်းဆုံး နှစ်ပေါင်းသုံးဆယ်လောက် ဆေးဆိုးပြီး နေရမယ့် အရေးကို ဘယ်လိုခံစားနိုင်ပါ့မလဲ။ ဒီကြားထဲမှာ ဆံပင်ဆေးဆိုးထားတဲ့သူဟာ လောကကြီးကို လိမ်တဲ့သူဖြစ်နေတာမို့ ဘယ်အချိန်မှာ အလိမ်ပေါ်လိမ့်မလဲဆိုတဲ့ စိုးရိမ်စိတ် တသီကြီးနဲ့ အင်မတန် အနေကျုံ့နေရမှာကို တွေးရင်း သနားမိပါသေးရဲ့။ ဦးဟန်ကြည်ကတော့ ကြည်လင်၊ ရိုးသား၊ ပွင့်လင်းစွာနဲ့ပဲ ဖြူလွနေတဲ့ ဆံပင်တွေကို လူမမြင်မှာ အင်မတန် စိုးရှာတာကြောင့် အပြင်ထွက်ရင်တောင် ဦးထုပ်မဆောင်းဘဲ ခေါင်းမော့ရင်ကော့ရင်း ကြွားလုံးထုတ်လျက်ပါ။ တကယ်လို့ ဆေးဆိုးပြန်ရင်လည်း ဆေးဆိုးတဲ့ဆံပင်ဟာ နက်သွားတာတော့ မှန်ပေမယ့် သဘာဝကို ညာလို့ရရိုး မရှိတာကြောင့် အောက်ကနေလိုက်ထွက်လာတဲ့ ဆံပင်ကတော့ ရှိရင်းစွဲအဖြူအတိုင်းပဲ ထွက်နေမှာပါ။ အပေါ်နက်၊ အောက်ဖြူ ဆံပင်ကြီးကို နည်းနည်းမှ ရင်ခုန်လို့မရပါ။ မြန်ပြည်တစ်ခွင် ရှာမှရှားတဲ့ ဘော်ငွေရောင်ဖြူဖြူလွလွဘ၀ကနေ ကိုယ့်စရိတ်နဲ့ကိုယ် ခေါင်းကြားဘ၀ရောက်ရတဲ့ အဖြစ်ကိုတော့ နည်းနည်းမှကို မလိုချင်တာကြောင့် ဦးဟန်ကြည်တစ်ယောက်ကတော့ ခေါင်းက ပလက်တီနမ်ရောင်ဆံပင်တွေကို အမြဲလိုလို တသသနဲ့ ဂုဏ်ယူဝမ်းမြောက်နေလေရဲ့။

ဦးဟန်ကြည်က ဂုဏ်ယူဝမ်းမြောက်ပေမယ့် မုဒိတာမပွားနိုင်ရှာကြတဲ့ တိုင်းသူပြည်သားတစ်ချို့က “ဆရာက ငယ်ငယ်လေးပဲ ရှိသေးတာ…ဆံပင်တွေဖြူကုန်ပြီနော်” ဆိုတဲ့ စကားမျိုးနဲ့ သနားသယောင်ယောင်နဲ့ အားနည်းချက်ကို အနိုင်ကျင့်တဲ့ စကားမျိုးနဲ့ မကြာမကြာ သွေးတိုးစမ်းလေ့ရှိပါသေးတယ်။ သူတို့မှာ ဦးဟန်ကြည်ကို ဆီလိုအပြစ်ရှာပြီး အားနည်းချက်ရှာချင်ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာမှာ အားနည်းချက်မရှိပြန်တော့ မရှိရှိရာကို ရှာကြံလို့ ထိုးနှက်တဲ့ လုပ်ရပ်မှန်း နောကျေနေအောင် သိနေတဲ့ ဦးဟန်ကြည်က “ ဟား…အဲဒါ   ကံကောင်းတာပေါ့…စဉ်းစားကြည့်လေ…သူများတွေဆိုရင် အဲဒီလို ဆံပင်ဖြူဖြူလေးတွေရဖို့    နှစ်ပေါင်း ၅၀ ကျော်၊ ၆၀ နီးပါး စောင့်ယူရတယ်မဟုတ်လား။ အခုဆိုရင် ဆရာ့မှာ  အဲဒီလောက်တောင်   စောင့်စရာမလိုဘဲ စောစောစီးစီးဖြူတာ ဘယ်လောက်ကျေနပ်ဖို့ကောင်းသလဲ ”    ဆိုတဲ့ ၀မ်းသာအားရ လေသံနဲ့ ပြန်ပြောလေ့ရှိပါတယ်။ အဲဒီလို ပြန်ပြောလိုက်ရင် တစ်ဖက်သားအားနည်းချက်အပေါ်မှာ အနိုင်ယူချင်တဲ့ အဲဒီပုဂ္ဂိုလ်များခမျာ သူတို့မျှော်လင့်ထားသလို စိတ်ပျက်အားငယ်သွားတဲ့ ဦးဟန်ကြည်ကို မမြင်ရဘဲ ၀မ်းသာဂုဏ်ယူနေတဲ့ ဦးဟန်ကြည်ကို မြင်ရတော့တာမို့ စိတ်အပျက်ကြီး ပျက်ကုန်ကြရှာပြီး နောက်တစ်ခါ ဦးဟန်ကြည်ရဲ့ ဘော်ငွေရောင်ဆံပင်တွေအကြောင်း စကားစပ်လို့တောင် မပြောကြတော့ပါ။  
  ( စိတ်မကောင်းလိုက်တာနော်…ကြွားချင်ပါတယ်ဆိုမှ )
လူဆိုတာ သူများစိတ်မကောင်းဖြစ်တာ၊ စိတ်အားငယ်သွားတာကိုပဲ မြင်ချင်ကြတာ မဟုတ်ပါလား။ ကိုယ့်စကားကြောင့် တစ်ဖက်သား ကျေနပ်ဝမ်းမြောက်သွားတာမျိုးကို မရှုစိမ့်နိုင်တဲ့ လူက ပိုများတာမို့ ဘယ်သူကမှ ဦးဟန်ကြည်ရဲ့ အားသာချက်ဖြစ်တဲ့ အဖြူလွလွ ဆံပင်တွေအကြောင်းကို မပြောကြတော့တာကိုတော့ လောလောဆယ်မှာ စိတ်မကောင်းဖြစ်နေပါသေးရဲ့။

ဘော်ငွေရောင်ဆံပင်နဲ့ လှချင်တိုင်းလှနေတဲ့ ဦးဟန်ကြည်ရဲ့ အသားအရည်ကို ကြည့်ပြန်ရင် အနောက်နိုင်ငံသားများခမျာ လိုချင်ရှာလွန်းတာကြောင့် မြန်မာပြည်ရောက်ရင် ရွှံ့အထပ်ထပ်လူးပြီး ကျောပူခံလို့ နေလှမ်းမှသာ ရနိုင်ရှာတဲ့ အညိုနုရောင်ပါ။  
( အင်း…အနက်နုရောင်တော့ မပေါက်သေးပါဘူးလေ ။ ရေးရင်းနဲ့ ကိုယ့်လက်က အသားရောင်ကို ပြန်ငုံ့ကြည့်မိသေးရဲ့... ) အဲဒီအရောင်ဟာ ဦးဟန်ကြည်တို့ ဂုဏ်ယူဝင့်ကြွားရမယ့် အမျိုးသားအရောင် မဟုတ်ပါလား။ ကြေးနီရောင်အသားအရည်နဲ့ အရှေ့တောင်အာရှမှာ အင်အားအကြီးဆုံး လက်နက်နိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့တဲ့ အလောင်းမင်းတရာနဲ့ အင်္ဂလိပ်ကို ကြံ့ကြံ့ခံပြီး တွန်းလှန်ခဲ့တဲ့ စစ်သူကြီး သတိုးသီရိသုဓမ္မ မဟာဗန္ဓုလ တို့ရဲ့ အနွယ်တော်ဖြစ်တဲ့ ဦးဟန်ကြည်ကတော့ ကိုယ့်အသားအရည်ကို ဂုဏ်ယူဝင့်ကြွားနေလွန်းလို့ ခက်လို့နေပါရဲ့။ ( သမိုင်းတစ်လျှောက်လုံးမှာ ဘာတစ်ခုမှ ပြောင်ပြောင်မြောက်မြောက် လုပ်မပြနိုင်ခဲ့တဲ့ ကိုရီးယားတွေနဲ့တူတဲ့ အသားအရည်၊ အရောင်မျိုးရအောင် တပင်တပန်း ကြိုးစားနေရှာတဲ့ တစ်ချို့သော ချာတိတ်တွေကို သနားလိုက်လေခြင်း…) ဆေးကျောင်းသားဘ၀တုန်းက ဦးဟန်ကြည်ရဲ့မိတ်ဆွေ ဂျာမန်အမျိုးသမီးတစ်ယောက်က ဦးဟန်ကြည်ရဲ့လက်က အသားကို ကိုင်ကြည့်ပြီး နူးညံ့လိုက်တာလို့ တခုတ်တရချီုးကျူးတဲ့စကားသံကို ခံယူပြီးတဲ့နောက်မှာတော့ ရှိရင်းစွဲအသားအရည်ကို အသွေးအရောင် တစ်ရွေးသားမှ မလျော့အောင် ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် ဒီအသက်အရွယ်အထိ ကြေးနီရောင် 
 ( ဟုတ်ဘူးဟဲ့…အညိုနုရောင်…အို…သိပ်ကွာတာမှတ်လို့ ) အသားအရည်ကို ထိန်းသိမ်းပြီး အမျိုးသား ဂုဏ်သိက္ခာကို ဂုဏ်ယူဝင့်ကြွားစွာ စောင့်ထိန်းလျက် ရှိပါတယ်။ နည်းနည်းဖြူလာမယ်ကြံရင် နေပူထဲမှာ ဦးထုပ်မဆောင်းဘဲ လျှောက်သွားခြင်း၊ အပန်းဖြေခရီးစဉ်များအတွင်း စက်ဘီးတစ်စီးနှင့် နေပူခံထွက်ခြင်းများနဲ့ ထိန်းသိမ်းနေပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

ဒါကြောင့် တကယ်လို့များ မြန်မာနေရှင်နယ်အရပ်၊ ပေါင် ၁၆၀ ၀န်းကျင်ခန္ဓာကိုယ်နဲ့ ကြေးနီရောင် အသားအရည်ပိုင်ရှင်များတွေ့ခဲ့ရင် ဦးဟန်ကြည်အမှတ်နဲ့ Autograph အတောင်းမှားမှာ စိုးတာကြောင့် မလှတာကို ရွာလည်လို့မကြွားအားပေမယ့်၊ ဘလော့မှာ ကိုယ့်ပုံကိုတင်ပြီး ဘလော့လာသူအပေါင်းကိုတော့ အားမနာ၊ လျှာမကျိုး အင်တိုက်အားတိုက် ကြွားလျက်ရှိနေပါကြောင်း…


 ( ကိုင်း…ချစ်စွာသော ညီမတော် Anglehlaing ရေ…နတ်သမီး က စ,လိုက်တဲ့ ဒီတက်ဂ်ပို့(စ်)ကို ဘာစာပဲဖြစ်ဖြစ်   အင်တိုက်အားတိုက် ရေးရမှ ကျေနပ်လေတဲ့ အစ်ကိုတော် ဦးဟန်ကြည်တစ်ယောက်ကဖြင့် ကိုယ့်ပေါင်ကို    အားရပါးရထောင်းရင်း   ဒီတက်ဂ်ပို့စ်တစ်ပိုင်းနဲ့တင် ပေါင်ကျိန်းသွားပြန်တာကြောင့် ကျန်တဲ့တက်ဂ်ခေါင်းစဉ်တွေကို    နောက်တစ်ပို့(စ်)မှာမှ ရေးဖို့   အကြောင်းခံနဲ့ တောင်းပန်လိုက်ပါရဲ့ ) 


စာကြွင်း။   ။

အလို…ကိုယ့်ခန္ဓာကိုယ်အကြောင်းတွေရေးလို့ မလှတာလေးတွေ ရွာလည်ပြီး ကြွားတာတောင် ပို့(စ်)တစ်ခုစာ   ဖြစ်သွားပါပေါ့လား။ ကိုင်း…ဇမ္ဗူတစ်ခွင်မရှိတဲ့ မအူပင်ငပိလို အပေါင်းအသင်းတစ်ထွေးကြီးကြားမှာ   ကောင်းသတင်းမွှေးပြီးသားဖြစ်တဲ့ ဦးဟန်ကြည်ရဲ့ “အပြုအမူ၊ အစားအသောက်၊ အ၀တ်အစား” တွေနဲ့   ပတ်သက်တဲ့ တက်ဂ်ပို့(စ်)အဆက်ကို နောက်များမကြာမီမှာ တင်ဆက်မှာမို့ မေတ္တာတော်အနန္တနဲ့   စောင့်မျှော်တော်မူကြစေကြောင်း သတင်းကောင်းပါးရင်း 
 “လူငယ်နဲ့ အားကစားစိတ်ဓာတ်” ပို့(စ်)ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အားကစားစိတ်ဓာတ်ရှိအောင်   ဘယ်လိုပြုစုပျိုးထောင်ပေးမလဲဆိုတာနဲ့ပတ်သက်လို့ အားကစားကို ကိုယ်တိုင်မလေ့လာဘဲ   အားကစားစိတ်ဓာတ်ရှိရုံသာ ကျင့်ယူခဲ့တဲ့ ဦးဟန်ကြည်ရဲ့ တင်ပြချက်ကို ဒီတက်ဂ်ပို့(စ်)ပြီးမှသာ   ဆက်ရေးနိုင်တော့မှာဖြစ်ကြောင်း ၀မ်းသာစရာ 
 ကြော်ငြာမောင်း ခတ်လိုက်ပါရဲ့…။ 






Sunday, 24 July 2011

လူငယ်နှင့် အားကစားစိတ်ဓာတ် . . .

ဒီနေ့ခေတ် ကျောင်းသားလူငယ်တွေနဲ့ နေ့စဉ်ထိတွေ့နေရတာကြောင့် ဦးဟန်ကြည်ဆီမှာ ကျောင်းသားလူငယ်တွေနဲ့ပတ်သက်ရင် ပြောစရာတွေ တသီတတန်းကြီး ရှိလို့နေတတ်ပါတယ်။ မြင်သလောက်ပြောပြီး၊ ပြောသလောက် တိုက်တွန်းပေးမှ တိုးတက်မယ်လို့ ကိုယ့်ခံယူချက်နဲ့ကိုယ် ရှင်သန်နေတဲ့ ဦးဟန်ကြည်ကတော့ လူငယ်ရေးရာဆောင်းပါးတွေကို မမောနိုင်၊ မပမ်းနိုင် ရေးနေဦးမှာ သေချာပါတယ်။

ဒီနေ့ခေတ် လူငယ်တွေကို လေ့လာလိုက်ရင် အလွယ်တကူနဲ့ အရှုံးပေးတဲ့စိတ်က သူတို့တွေရဲ့ အတွင်းပိုင်းသဏ္ဍာန်မှာ ကြီးစိုးနေတာ သိသာလွန်းနေပါတယ်။ ထင်သာမြင်သာတဲ့ အချက်က အလွယ်တကူ စိတ်ဓာတ်ကျလွယ်၊ စိတ်ပျက်လွယ်ကျတာပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ စိတ်ဓာတ်ခိုင်မာတယ်လို့ ထင်ထားမိပေမယ့် အခက်အခဲကြီးကြီးမားမားနဲ့ သုံးလေးခါလောက် ရင်ဆိုင်မိကြရင် ခေါင်းငိုက်စိုက်ချပြီး မျက်နှာငယ်လေးတွေနဲ့ မိုးမိထားတဲ့ ကြက်ပေါက်စကလေးတွေလို သနားစရာလေးတွေ ဖြစ်ကုန်ကြပါတော့တယ်။ အဲဒီအခါမျိုးမှာ ဦးဟန်ကြည်တို့ဆရာတွေက သူတို့လေးတွေ စိတ်ဓာတ်တက်ကြွအောင် တပင်တပန်း ကြိုးစားပေးရပါတော့တယ်။ ပုံမှန်အခြေအနေမျိုးမှာတောင် စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ ခက်လှတဲ့ ဒီကလေးတွေကို အဲဒီလို စိတ်ဓာတ်ကျနေတဲ့ အချိန်မျိုးမှာ စိတ်ပိုင်းဆိုင်ရာကို ပြုပြင်ပေးရတဲ့အလုပ်ဟာ အပြောမလွယ်သလို၊ အလုပ်လည်း ခက်လွန်းတဲ့အကြောင်း အတွေ့အကြုံပေါင်းများစွာက သင်ပေးထားတာကြောင့် ဦးဟန်ကြည်တစ်ယောက် နောကျေနေအောင် သိပြီးသား ဖြစ်နေပါတော့တယ်။

ဒီကလေးတွေကို မမောနိုင်မပမ်းနိုင် တရားဟောရင်း၊ စိတ်ဓာတ်တက်ကြွအောင် အားပေးရင်းကနေ တစ်ခုစဉ်းစားမိပါတယ်။ ပညာရေးမှာ သင်ထောက်ကူ ရှိသလို စိတ်ဓာတ်ရေးမှာရော သင်ထောက်ကူပစ္စည်း မရှိသင့်ဘူးလားဆိုတဲ့ အတွေးပါ။ တကယ်တော့ ပညာရေးအလုပ်ဟာ စိတ်ပိုင်းဆိုင်ရာကို ပြုစုပျိုးထောင်ပြီးမှ ရုပ်ပိုင်းဆိုင်ရာ ရလာဒ်ကောင်းတွေရအောင် လုပ်ယူရတာ ဖြစ်တာကြောင့် ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို အကောင်းဆုံး မြှင့်တင်ပေးနိုင်ဖို့ဆိုတာဟာ ပညာသင်ကြားရေးရဲ့ အဓိကမူဖြစ်တယ်ဆိုတာ သေချာပါတယ်။ ဒီတော့ ကလေးတွေကို အလွယ်တကူ စိတ်ဓာတ်မကျအောင် ဘာတွေလုပ်ပေးသင့်ပါသလဲ။ ဘယ်လို သင်ထောက်ကူပစ္စည်း(စိတ်ကိုထောက်ပံ့ပေးမှာ ဖြစ်တာကြောင့် စိတ်ထောက်ကူပစ္စည်းလို့လည်း ခေါ်လို့ရနိုင်ကောင်းမယ် ထင်ပါတယ်) တွေကို သုံးသင့်ပါသလဲ?

အထိရောက်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းကတော့ ကလေးတွေကို အားကစားစိတ်ဓာတ်ရှိအောင် လေ့ကျင့်ပေးခြင်းပဲ ဖြစ်ပါတယ်။ အားကစားသမားကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အားကစားစိတ်ဓာတ်ဆိုတာ အနိုင်ရအောင် အမြဲတမ်းကြိုးစား ကစားသလို၊ အရှုံးနဲ့တွေ့ကြုံရရင်လည်း စိတ်ဓာတ်ကျမသွားဘဲ နောက်တစ်ပွဲအတွက် အဆင်သင့်ဖြစ်အောင်၊ ပြန်ပြီးအနိုင်ရအောင် ကြိုးစားတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ ဘယ်အားကစားသမားကမှ ပွဲတစ်ပွဲရှုံးသွားတာကြောင့် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို သတ်သေတယ်လို့ မကြားဖူးပါ။ ဗိုလ်ချုပ်အောင်ဆန်းပြောဖူးတဲ့ “အကောင်းဆုံးကိုလည်း မျှော်လင့်တယ်၊ အဆိုးဆုံးဖြစ်လာရင်လည်း ရင်ဆိုင်ဖို့ အဆင်သင့်ပဲ”ဆိုတာ အားကစားစိတ်ဓာတ်ပါ။ အဲဒီလို စိတ်ဓာတ်မျိုးရှိထားရင် ဘာမဆို ရင်ဆိုင်ဖို့ ခွန်အားတွေ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေ ပြည့်ဝလာမှာဖြစ်တာကြောင့် အခက်အခဲတိုင်းကို ရင်ဆိုင်ရာမှာ အညံ့ခံမယ့်စိတ်၊ စိတ်ဓာတ်လွယ်လွယ်နဲ့ ကျတဲ့ အကျင့်ဆိုးတွေလည်း ၀င်လာမှာ မဟုတ်တော့ပါ။ ဒါကြောင့် အားကစားစိတ်ဓာတ်ဟာ ကျောင်းသားတွေအတွက်သာမက လောကမှာ ရှင်သန်ရပ်တည်နေထိုင်ဖို့အတွက်ပါ အင်မတန် အရေးပါတဲ့စိတ်ဓာတ်လို့ ရည်ညွှန်းရရင်လည်း မှားမယ်မထင်ပါ။

ဒီတော့ အားကစားစိတ်ဓာတ်ရှိတဲ့ ကျောင်းသားတစ်ယောက်မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ချက်ချင်းလက်ငင်းရမလဲဆိုတာကို အရင်လေ့လာကြပါစို့…


(၁) အခက်အခဲကို မကြောက်ဘူး

အားကစားသမားကောင်းတစ်ယောက်ဟာ ပြိုင်ဘက်ကောင်းဆိုတာ ကိုယ့်အရည်အသွေးကို တိုးတက်အောင် ပံ့ပိုးပေးမယ့်သူလို့ပဲ မြင်ပါတယ်။ ပြိုင်ဘက်ကောင်းနဲ့ ယှဉ်ပြိုင်ပြီး အနိုင်ယူရခြင်းကို ကစားသမားတိုင်း တန်ဖိုးထားကြပါတယ်။ ဘယ်အားကစားသမားမှ ကိုယ့်ထက် အဆမတန်ညံ့တဲ့လူကို အသာစီးကနေ စိတ်ကြိုက်အနိုင်ယူရတာကို ဂုဏ်ယူရိုးထုံးစံမရှိပါ။ ဥပမာပြောရရင်  မြန်မာဘောလုံးသင်းက ခြေစစ်ပွဲတစ်ခုမှာ ဘောလုံးဆိုလို့ အလုံးအပြားတောင်ကွဲဟန်မတူတဲ့ “ဂူအမ်နိုင်ငံ” အသင်းကို ၂၆ ဂိုး၊ ဂိုးမရှိ နဲ့နိုင်ခဲ့တာကို ဘယ်ကစားသမားကမှ ဂုဏ်မယူသလိုမျိုးပဲ ဖြစ်ပါလိမ့်မယ်။ တကယ်လို့သာ မြန်မာအသင်းက “ဘရာဇီးအသင်း”ကို သရေကျအောင်ပဲ ကန်နိုင်မယ်ဆိုရင်တောင် အင်မတန်ဂုဏ်ယူစရာကောင်းမယ် မဟုတ်ပါလား။

ကျောင်းသားတစ်ယောက်မှာသာ အားကစားစိတ်ဓာတ်ရှိရင် ဘယ်လောက်ခက်ခဲတဲ့ ပုစ္ဆာကိုမှ ကြောက်တော့မှာ မဟုတ်ပါ။ ဒီနေရာမှာ ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်က ပုစ္ဆာခက်လေ သူအစွမ်းပြခွင့်ရလေလို့ ယူဆပြီး ပျော်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် သာမန်ကျောင်းသားတစ်ယောက်ကတော့ ခက်တဲ့ပုစ္ဆာနဲ့တွေ့ရင် မျက်နှာငယ်ပါလိမ့်မယ်။ တကယ်လို့သာ သူ့မှာသာ အားကစားစိတ်ဓာတ်ရှိရင် အဲဒီပုစ္ဆာကိုတွက်နိုင်ရင် သူအများကြီး တိုးတက်လာလိမ့်မယ်လို့ တွေးပြီး ပျော်ပျော်ကြီးတွက်ပါလိမ့်မယ်။ အဲဒီလိုပဲ ခက်ခဲတဲ့ကျက်စာတစ်ပုဒ်ကိုလည်း သူ့အရည်အသွေးကို တိုးတက်အောင်လုပ်ပေးမယ့်အရာလို့ပဲ မြင်ပြီး ကြောက်တော့မှာမဟုတ်ပါ။


(၂) အလွယ်တကူ အရှုံးမပေးဘူး

အားကစားသမားကောင်းတစ်ယောက်ဟာ ပြိုင်ပွဲထဲကို ရောက်ပြီဆိုရင် ဘယ်လောက်ကောင်းတဲ့ပြိုင်ဘက်နဲ့တွေ့နေပါစေ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်တော့ ယှဉ်ပြိုင်ပါလိမ့်မယ်။ တစ်ဘက်အသင်းသားကိုကြည့်ပြီး မနိုင်လောက်ဘူးထင်တာကြောင့် မပြိုင်ခင် အရှုံးပေးသွားတဲ့ ကစားသမား တစ်ယောက်မှ မရှိပါ။ ဘောလုံးပွဲတွေမှာဆိုရင်လည်း ခြေစွမ်းချင်း အဆမတန်ကွာနေပေမယ့် ပွဲသိမ်းခရာမှုတ်ချိန်အထိ အရိုးကြေကြေ၊ အရေခမ်းခမ်း ကြိုးစားကစားကြတာမျိုးဟာ အားကစားလောကမှာ တွေ့နေကျမြင်ကွင်း ဖြစ်ပါတယ်။ အဲဒီလို ကစားရင်းနဲ့ပဲ ကစားသမားတွေ တိုးတက်လာကြတာပါ။ ဒါကြောင့်လဲ ထိုင်းနိုင်ငံအသင်းဟာ ကိုယ့်ထက်အဆမတန် ခြေစွမ်းသာတဲ့ “မန်ချက်စတာ ယူနိုက်တက်” “လီဗာပူး” စတဲ့ အသင်းတွေကို ဖိတ်ပြီး ခြေစမ်းပွဲတွေကန်ကြတာ ဖြစ်ပါတယ်။

အားကစားစိတ်ဓာတ်ရှိတဲ့ ကျောင်းသားတစ်ယောက်ဟာ ဘယ်လောက်ခက်ခဲတဲ့ ပုစ္ဆာပဲဖြစ်ဖြစ် မရမချင်းတွက်ပါလိမ့်မယ်။ အလွယ်တကူနဲ့ အရှုံးပေးပြီး လက်လျှော့မှာ မဟုတ်ပါ။ ဒီပုစ္ဆာကို ရအောင်တွက်နိုင်ရင် သူ့အတွက် အမြတ်လို့ ယူဆမှာဖြစ်ပြီး တကယ်လို့ ဘယ်လိုမှ တွက်လို့မရရင်လည်း သူစိတ်ဓာတ်ကျသွားမှာမဟုတ်ဘဲ တွက်လိုက်ရတာ အမြတ်ထွက်တယ်လို့ပဲ ယူဆဦးမှာ ဖြစ်ပါတယ်။ သူ့မှာရှိတဲ့ အားကစားစိတ်ဓာတ်က အလွယ်တကူ လက်လျှော့ရမှာကို ရှက်လာအောင် ပံ့ပိုးပေးနေတာကြောင့် ဘယ်အခက်အခဲမဆို ရင်ဆိုင်ရဲလာမှာ မလွဲပါ။


(၃) အရှုံးနဲ့ရင်ဆိုင်ရရင်လည်း စိတ်ဓာတ်ကျပြီး လက်လျှော့မသွားဘူး

ဘယ်လောက်ကောင်းတဲ့ ဘောလုံးသင်းပဲဖြစ်ဖြစ် မရှုံးဖူးတဲ့ အသင်းရယ်လို့ သမိုင်းကြောင်းတစ်လျှောက် မရှိခဲ့ဖူးပါ။ ကမ္ဘာ့အကောင်းဆုံးအသင်းလည်း တစ်ပွဲတစ်လေတော့ ရှုံးလေ့ရှိပါတယ်။ ဒီပွဲကို ရှုံးရကောင်းလားဆိုတဲ့ အတွေးနဲ့ ဘောလုံးလောကကနေ နှုတ်ဆက်ပြီးထွက်သွားတဲ့ ကစားသမားလည်း မရှိခဲ့ပါ။ သူ့အနေနဲ့ ရှုံးသွားတဲ့ပွဲကနေ သင်ခန်းစာတွေယူပြီး နောက်တစ်ပွဲအတွက် အားသစ်အင်သစ်တွေ ပြန်မွေးလေ့ရှိပါတယ်။ ရှုံးသွားတဲ့အတွက် ကျသွားတဲ့ စိတ်ဓာတ်ကို အားအင်သစ်၊ မခံချင်စိတ်တွေဖြစ်အောင် ပုံစံအမြန်ဆုံးပြောင်းပြီး အောင်မြင်မှုဆီကို ရှေးရှုကြပါတယ်။ အဲဒီလို အမြန်ဆုံး ပုံစံပြောင်းနိုင်တဲ့ ကစားသမား၊ အသင်းဟာ အောင်မြင်မှု အများဆုံးရတဲ့ အသင်း၊ ကစားသမား ဖြစ်လာတာ မဆန်းပါ။ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားလို့ အများက သတ်မှတ်ထားတဲ့ “ Lionel Messi ”  မက်ဆီဟာ Copa America ဖလားပွဲမှာ ခြေစွမ်းမပြနိုင်သလို သူ့အသင်း အာဂျင်တီးနားဟာလည်း ပါရာဂွေးကို အရှုံးပေးပြီး အိမ်ပြန်စောခဲ့ပါတယ်။ မက်ဆီကိုလည်း ဘောလုံးလောကတစ်ခုလုံးက ပြင်းပြင်းထန်ထန် ဝေဖန်တာခံရပါတယ်။ ဒါပေမယ့် နောက်နှစ်ဘောလုံးရာသီပြန်စတဲ့အခါမှာ သူ့အသင်း ‘ Barcelona ’ မှာ တက်တက်ကြွကြွ ခြေစွမ်းပြန်ပြနေတဲ့ မက်ဆီကို ပြန်မြင်ရဦးမှာဖြစ်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းမှာလည်း သူစွမ်းသလောက် ထပ်ကြိုးစားဦးမှာ သေချာပါတယ်။ အဲဒီစိတ်ဓာတ်ဟာ အားကစားသမားတွေရဲ့ သိသာမြင်သာတဲ့ စိတ်ဓာတ်ကောင်း ဖြစ်ပါတယ်။

ကျောင်းသားတစ်ယောက်ကို အားကစားစိတ်ဓာတ်တွေ ထည့်ပေးနိုင်ရင် ဒီကျောင်းသားဟာ အရှုံးနဲ့ကြုံရင် တုန်လှုပ်သွားမှာ မဟုတ်ဘဲ နောက်တစ်ခါထပ်ပြီး ကြိုးစားဖို့၊ နောက်တစ်ခါအခွင့်အရေးကို စိတ်အားထက်ထက်သန်သန်နဲ့ စောင့်နေတော့မှာ ဖြစ်ပါတယ်။ ပုစ္ဆာတစ်ပုဒ်ကို ပထမတစ်ခေါက်တွက်လို့ အဖြေမရခဲ့ရင်လည်း စိတ်ပျက်သွားမှာ မဟုတ်ဘဲ နောက်တစ်ခါ ပြန်တွက်ဖို့ အဆင်သင့်ဖြစ်နေမှာ သေချာပါတယ်။ စာမေးပွဲတစ်ခါကျသွားခဲ့ရင်လည်း လက်လျှော့သွားမျာ မဟုတ်ဘဲ နောက်တစ်ခါ အောင်မြင်အောင် ဖြေနိုင်ဖို့ ဆက်ကြိုးစားနေမှာ ဖြစ်ပါတယ်။
 “ လဲရင်ပြန်ထ၊ ဒါဘ၀ပဲ ” ဆိုတဲ့ ဆောင်ပုဒ်ကြီးကို အပ်ကြောင်းထပ်အောင် ရွတ်ပြပြီး ဦးဟန်ကြည်တို့တစ်တွေက သူတို့ကို အားပေးနေစရာလည်း လိုတော့မှာ မဟုတ်တာ သေချာပါတယ်။


(၄) လေ့ကျင့်ခန်းဆင်းနေရချိန်မှာလည်း တက်ကြွနေတယ်

အားကစားသမားကောင်းတစ်ယောက်ဟာ အောင်မြင်မှုရဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်ဆိုတဲ့ အသိကို သူ့နှလုံးသားထဲမှာ သံမှိုရိုက်ထားသလို စွဲမြဲယုံကြည်သူ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းဆင်းရတဲ့ အချိန်တွေဟာ သူ့ဘ၀ကို အောင်မြင်မှုပန်းတိုင်ဆီကို တစ်ဖြည်းဖြည်းနီးလာအောင် ပို့ပေးနေတယ်လို့လဲ လက်ခံထားကြပါတယ်။ ဒီနေရာမှာ လက်ဝှေ့ကျော် “ Muhammad Ali ” “မိုဟာမက်အလီ” ပြောတဲ့ စကားကို ပြန်ပြီးညွှန်းရပါလိမ့်မယ်။ သူပြောတာက “ I hated every minutes of training. But I said to myself, suffer now, and live a whole life as a champion ” တဲ့။ မြန်မာလို ပြန်ပြရရင် “ လေ့ကျင့်ခန်းဆင်းရတဲ့ စက္ကန့်တိုင်းကို ငါသိပ်မုန်းတာပဲ။ ဒါပေမယ့် ငါ့ကိုယ်ငါပြောမိတယ်။ လေ့ကျင့်ခန်းကြောင့် ဆင်းရဲပင်ပန်းတဲ့ဒဏ်ကို အခု ခံစားလိုက်မယ်ကွာ ပြီးရင်တော့ ငါ့တစ်သက်လုံးချန်ပီယံ အဖြစ်နဲ့ နေသွားမယ် ” လို့ ပြောတာပါ။ မှန်ပါတယ်။ သူတို့ဟာ မရင်းနှီးဘဲ ဘာမှမရနိုင်တာကို နားလည်ကြသူတွေပါ။ ပင်ပန်းတဲ့အခါတိုင်းမှာ အောင်မြင်မှုကို ကြိုတွေးပြီး အပန်းဖြေတတ်ကြသူတွေလည်း ဖြစ်ပါသေးတယ်။

ကျောင်းသားတစ်ယောက်မှာ အားကစားစိတ်ဓာတ် ရှိနေခဲ့ရင် စာသင်တဲ့အချိန်၊ လေ့ကျင့်ခန်းလုပ်ရတဲ့ အချိန်၊ စာကျက်ရတဲ့ အချိန်တိုင်းကို သူ့ဘ၀အောင်မြင်ဖို့အတွက် ရင်းနှီးရတယ်လို့ လက်ခံပါလိမ့်မယ်။ ဒီအလုပ်တွေကိုမလုပ်ဘဲ ဘယ်လိုနည်းနဲ့မှ အောင်မြင်မှုရမှာမဟုတ်တာကိုလည်း ယုံကြည်ထားပါလိမ့်မယ်။ သူ့ဘ၀ အောင်မြင်မှုအတွက် ဘယ်လိုဖြတ်လမ်းနည်းကိုမှလည်း သုံးမှာမဟုတ်တော့ပါ။ ဦးဟန်ကြည်တို့ငယ်ငယ်ကလည်း သူများတွေ ပွဲသွားကြည့်နေ၊ ရုပ်ရှင်သွားကြည့်နေ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်နေချိန်တွေမှာ စာကြည့်နေရတိုင်း ကိုယ့်ကိုယ်ကို အားပေးရင်း ဂုဏ်ယူစိတ်တွေ မွေးယူခဲ့ရပါတယ်။ “ ငါ အခုလို ကြိုးစားနေတဲ့အတွက် တစ်နေ့မှာ အဲဒီပွဲသွားနေတဲ့ကောင်တွေထက် အများကြီးမြင့်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်လိမ့်မယ်၊ ဒါကြောင့် ငါအခုလို တပင်တပန်းကြိုးစားနေရတာဟာ တန်တယ် ” လို့ အမြဲတွေးဖြစ်ပါတယ်။ သူတို့အလေလိုက်သလို ကိုယ်မလုပ်ရတဲ့အတွက်လည်း တစ်ခါမှ ကိုယ့်ကိုယ်ကို ယူကြုံးမရ မဖြစ်ခဲ့သလို၊ အခုထိလည်း သူများတွေနည်းတူ ဖြစ်သလို မနေခဲ့မိတာကို ကျေနပ်နေတုန်းပါ။ အဲဒါဟာ အားကစား စိတ်ဓာတ်ရဲ့ အကျိုးကျေးဇူးပဲ မဟုတ်ပါလား။


စာကြွင်း။     ။

ဒီပို့စ်မှာတော့ အားကစားစိတ်ဓာတ်ရှိခြင်းရဲ့ အကျိုးကျေးဇူးတွေကိုပဲ တင်ပြသွားမှာဖြစ်ပြီး အားကစား စိတ်ဓာတ်ရှိအောင် ဘယ်လိုပျိုးထောင်ပေးမယ်ဆိုတာကိုတော့ နောက်ပို့စ်တစ်ခုကျမှပဲ ဆက်ရေးပါတော့မယ်။ ဘလော့ပို့စ်တွေရဲ့ သဘာဝအရ ပို့စ်ရှည်လွန်းရင် စာဖတ်သူ ညည်းငွေ့သွားပြီး ကိုယ်ပေးချင်တဲ့ အချက်အလက်ကို မျက်စေ့လျှမ်းသွားတတ်တာ သတိထားမိတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ခပ်ငယ်ငယ်ကကြားဖူးတဲ့ ဆရာတော်တစ်ပါးရဲ့
“ ဆေးလိပ်ဆို, တို၊ ဟင်းချို, ချို၍၊ တရား, တိုမှ၊လူကြိုက်ကြ၏ ” ဆိုတဲ့ 
လေးလုံးစပ်လင်္ကာလေးကို ပြေးသတိရမိတာကြောင့် စာဖတ်တဲ့သူအကြိုက် ပို့စ်တိုတိုလေးဖြစ်အောင် ကြိုးစားပြီး ရေးလိုက်ရပါကြောင်း။

Saturday, 23 July 2011

ဟစ်တလာလိုလုပ်ရင်ကောင်းမလား . . .

ရွှေဥဒေါင်း
ဟစ်တလာလုပ်ခဲ့သမျှ

ထုတ်ဝေသည့်အကြိမ် - ဒုတိယအကြိမ် ၂၀၀၁ခု နိုဝင်ဘာလ
ဖြန့်ချီရေး - ရတနာပုံစာအုပ်တိုက်
ရေးသူ - ရွှေဥဒေါင်း

အခန်း ၁၄
အလုပ်ကြမ်းလေ့ကျင့်ရာဌာန
(စာမျက်နှာ ၁၄၉ မှ ၁၅၉ အထိ)

ဂျာမနီပြည်၌ နာဇီအစိုးရသည် အခြားတိုင်းပြည်များတွင် စိတ်ကူးမထည့်သေးသည့် နည်းစနစ်အမျိုးမျိုးတို့ကို တီထွင်လျက်ရှိရာ ၄င်းနည်းသစ် နည်းကောင်းများအနက် လေဘာဆားဗစ် ( labor service ) ခေါ် အလုပ်ကြမ်းလေ့ကျင့်ရာ စခန်းများ စီမံထားပုံမှာ အကောင်းမွန်ဆုံးဖြစ်၍ တိုင်းပြည်တိုင်း အတုခိုး နည်းယူလောက်ပေသည်ဟု ကျွမ်းကျင်သူတို့က ၀န်ခံရလေပြီ။

            ၁၉၃၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ဂျာမနီပြည်၌ အလုပ်ကြမ်းနှင့်ဆိုင်ရာ ဥပဒေတစ်ခု ပြဌာန်းခဲ့၏။ ၄င်းဥပဒေအရ ဆင်းရဲချမ်းသာမရွေး ယောက်ျားဟူသမျှသည် အသက် ၁၈ နှစ်မှ ၂၆ နှစ် အရွယ်အတွင်း အလုပ်ကြမ်းလေ့ကျင့်ရာ စခန်းတစ်ခုခုတွင် ၆ လမျှ အမှုထမ်းကြရလေသည်။ ယခုအခါ ဂျာမနီတစ်ပြည်လုံးတွင် အလုပ်လေ့ကျင့်ရာစခန်းပေါင်း ၁၂၆၀ မျှ ရှိ၍ စခန်းတစ်ခုတွင် လူဦးရေ ၁၅၂ ယောက်မျှ ရှိ၏။ ၄င်းစခန်းများမှာ နွေအချိန်တွင် ၆ လ၊ ဆောင်းအချိန်တွင် ၆ လ ပိုင်းခြားထား၍ တစ်နှစ်လျှင် နှစ်ကြိမ်မျှ လေ့ကျင့်ပေးနေရာ မည်သည့်အခါမဆို ၄င်းစခန်းများတွင် လူဦးရေ နှစ်သိန်းခန့်မျှ အလုပ်ကြမ်း လေ့ကျင့်လျက် ရှိကြ၏။

            တစ်ပြည်လုံး၌ ရှိကြသော လူငယ်များသည် ၄င်းစခန်းများတွင် အတူတကွ နေထိုင်ကြ၍ အင်္ကျီတုံးလုံးချွတ်ကာ တစ်နေ့လျှင် ၈ နာရီမျှ အလုပ်ကြမ်းလုပ်ကြရ၏။ ၄င်းတို့လုပ်ကိုင်ရသော အလုပ်မျိုးမှာ လယ်မြေများညှိပေးခြင်း၊ တောများကိုခုတ်၍ လယ်တီထွင်ခြင်း၊ ချိုင့်ဝှမ်းသော ရွှံ့နွံများကို မြေဖို့ခြင်း၊ ဒီရေတက်သော ကမ်းခြေများတွင် မြေဖို့၍ လယ်ကွက်များ ဖော်ပေးခြင်း၊ တာရိုး တမန်များ ဆောက်လုပ်ခြင်း၊ တောလမ်းများတီထွင်ခြင်း အစရှိသည့်၊ မြေကြီးနှင့် ပတ်သက်သော အလုပ်မျိုးမျှသာ ဖြစ်လေသည်။ ဂျာမန်တို့၏ သဘောထားမှာ လူသည် မြေကြီးကို အမှီပြု၍ အသက်ရှင်နေသောကြောင့် မြေကြီးနှင့် ပတ်သက်သော အလုပ်မျိုးကို လူတိုင်း လုပ်တတ်ကြရမည် ဆို၏။

            အလုပ်ကြမ်းလေ့ကျင့်ရာ စခန်းများ တီထွင်လိုက်ခြင်းအားဖြင့် ဂျာမန်တို့ခံစားရသော အကျိုးများမှာ မိမိလူမျိုးအချင်းချင်း သူ့ထက်ငါ သာလွန်မြင့်မြတ်သည်ဟု တစ်ယောက်အပေါ် တစ်ယောက် စိတ်ကြီးဝင်သောစိတ်မျိုး ပပျောက်သွားခြင်း၊ အလုပ်ကြမ်းသည် ငါနှင့်မဆိုင်ဟူသော သဘောမျိုး လွင့်စင် ပပျောက်ကုန်ခြင်း၊ လူတိုင်း စည်းစနစ်ကို နားလည်သော အလေ့အကျင့် ဖြစ်ပေါ်စေခြင်း၊ ကြံ့ခိုင်သန်စွမ်းသော ကိုယ်ကာယများ ရှိလာခြင်း စသည်တို့အပြင် စီးပွားရေးနှင့် ပတ်သက်သည့် များစွာသော အခြားကျေးဇူးများလည်း ဖြစ်ပေါ်လာသေး၏။

            (စကားချပ်)။`      ။ ကျွန်ုပ်တို့ မြန်မာပြည်၌ စီ-အေ-တီ-ကတ် လောက်သင်ခဲ့ရဖူးလျှင်ပင် လက်ကိုရွှံ့လူးမည် ကြောက်ရွံ့လျက် ရှိကြရာ ဘီအေ၊ အမ်အေ အောင်မြင်သူတို့အဖို့မူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပေတော့အံ့နည်း။ သို့ဖြစ်၍ ဂျာမနီပြည်၏ နည်းတစ်မျိုးကို အတုခိုး နည်းယူရန်လိုသော တိုင်းပြည်များ ရှိခဲ့လျှင် ၄င်းတိုင်းပြည်များအနက် မြန်မာပြည်ကို ထိပ်ဆုံးမှ စာရင်းသွင်းရန် လိုပေလိမ့်မည်။ သို့ဖြစ်ရကား တိုင်းပြည်မှုနှင့်ပတ်သက်၍ စီမံခွင့်ရသူများသည် ဒီမိုကရေစီတိုင်းပြည်များ၏ နည်းတစ်နည်းကိုသာ အခါခပ်သိမ်း ကြည့်မနေမူ၍ ဂျာမနီ၊ အီတလီစသော အာဏာရှင် တိုင်းပြည်များမှလည်း နည်းယူသင့်သည်ကို ယူကြဖို့၊ အခါခပ်သိမ်း နား၊ မျက်စိများ ဖွင့်ထားကြဖို့ သတိပေး နှိုးဆော်လိုက်ရပေသတည်း။

            ဂျာမနီပြည်၌ အလုပ်ကြမ်းလေ့ကျင့်သော စခန်းများတွင် စစ်တပ်ဌာနများမှာကဲ့သို့ စည်းကမ်းဥပဒေများဖြင့် ကျပ်တည်းစွာ စီမံထား၏။ လေ့ကျင့်သူ လူငယ်များသည် ယူနီဖောင်းအ၀တ်များ ၀တ်ဆင်ကြရလေရာ သေနတ်အစား တူရွင်းကို ကိုင်ဆောင်၍ ကွင်းထဲ၌ အလုပ်လုပ်ရခြင်းတစ်ခုတည်းသာလျှင် ခြားနားခြင်း ရှိလေသည်။

            အလုပ်ကြမ်းစခန်းများ တီထွင်ထားခြင်း၏ ရည်ရွယ်ချက်သုံးခုမှာ ကိုယ်ကာယ အလေ့အကျင့်ရခြင်း၊ ဒလိန်း ( drill ) ပြရခြင်းနှင့် စိတ်ကိုလေ့ကျင့်ပေးခြင်းတို့ ဖြစ်၏။ တစ်နေ့အတွက် သင်ကြားရန်ရရှိသော အချိန်ကို သုံးပိုင်း အညီအမျှ ပိုင်းခြားသတ်မှတ်ထား၍ အထက်ပါ ရည်ရွယ်ချက်သုံးခုအတွက် တစ်လှည့်စီ သင်ကြားပြသပေးကြလေသည်။

            အလုပ်ကြမ်းစခန်းပေါင်း ၁၂၆၀ မျှ ရှိသည့်အနက် သင်ကြားပြသသော ပညာရပ်များကို အချိန်သတ်မှတ်ထားပုံမှာ အားလုံးဆင်တူ ဖြစ်၏။ ဥပမာ စခန်းတစ်ခု၌ နံနက် ၁၀ နာရီအချိန်တွင် ဒလိန်းပြ ( drill ) လျက် ရှိကြသည်ဖြစ်ပါမူ အားလုံးသော စခန်းပေါင်း ၁၂၆၀ တို့တွင်လည်း ထိုအချိန်တွင် ဒလိန်းပြလျက်ပင် ရှိနေကြပေလိမ့်မည်။ တစ်နေ့အတွက် လုပ်ငန်းအစီအစဉ်ကို နမူနာအဖြစ်နှင့် ဖော်ပြရသော် နံနက် ၅ နာရီအချိန်တွင် လူအားလုံး အိပ်ရာမှထ၍ ၁၀ မိနစ်ခန့် ကိုယ်လက်လှုပ်ရှားခြင်းအလုပ်ကို လေ့ကျင့်ပြီးနောက် အ၀တ်လဲရန်၊ နေရာထိုင်ခင်းတို့ကို သပ်ရပ်စွာ ပြင်ဆင်ရန်အတွက် တစ်နာရီ ခွင့်ပြုကာ နောက် ဒလိန်းပြခြင်း ( drill ) လေ့ကျင့်၍ တူရွင်းနှင့် မြောင်းနှစ်ခုပါရှိသည့် ဆွာစတိက အလံကို တခမ်းတနား လွှင့်ထူကြရ၏။ ထို့နောက် ၄င်းနေ့အတွက် လုပ်ငန်းကို သတ်မှတ်ဝေဖန်ကြ၍ အလုပ်ခွင်သို့ အစုအအုပ်ဖြင့် ခြေလှမ်းညီညာစွာ သွားကြရလေရာ ခရီးဝေးခဲ့လျှင်လည်း စက်ဘီးများဖြင့် သွားကြရလေသည်။

            လုပ်ခွင်၌ နံနက် ၆ နာရီခွဲမှ နေ့လည် ၂ နာရီ ၁၅ မိနစ်တိုင်အောင် အလုပ်လုပ်ကြရလေရာ ထိုအချိန်တွင် နံနက် ၁၀ နာရီအချိန်၌ နံနက်စာစားရန်အတွက် နာရီဝက်မျှသာ အနားပေး၏။ ဤနည်းအားဖြင့် နွေရာသီ၌ ၈ နာရီ၊ ဆောင်းရာသီ၌ ၇ နာရီ အလုပ်လုပ်ကြရလေသည်။

            ၃ နာရီအချိန်တွင် ညနေစာ စားပြီးသည်နှင့်တပြိုင်နက် နွေရာသီဖြစ်ခဲ့လျှင် လူတိုင်း အိပ်ရာ၌ ၁ နာရီ လဲလျောင်းကာ အနားယူ၏။ အိပ်ရာမှ ထလာသောအခါ နိုင်ငံရေးနှင့် ပတ်သက်သည့် တရားများကြားနာရ၍ ကစားခုန်စားခြင်း သို့မဟုတ် ဒလိန်းပြရခြင်း ( drill ) စသည်အတွက် အချိန်အနည်းငယ် ကုန်စေပြီးနောက် ၅ နာရီအချိန်ခန့်တွင် ကြီးပွားလာသော ဂျာမနီပြည်ကြီးအကြောင်း သို့မဟုတ် အခြားနိုင်ငံများအကြောင်း နားထောင်ကြရပြန်၏။ ၄င်းနောက် လူနံမည်ခေါ်ကာ စာရင်းစစ်ပြီးလျှင် ဆွာစတိကအလံကို တခမ်းတနား ရုပ်သိမ်းကြ၏။

            ၇ နာရီထိုးသောအခါ ညစာစားရန်အတွက် နာရီဝက် အချိရ၏။ ၄င်းနောက် သီချင်းများသီဆိုခြင်း၊ နာဇီဂိုဏ်းဆိုင်ရာ စာပေများ ဆွေးနွေးခြင်း ပြုရ၏။ ညနေခင်းအချိန်များမှာ ပျော်ရွှင်ဖွယ်သော အချိန်ဖြစ်၍ ဘီယာသည် အရက်မဟုတ်ဟု ယူဆသည့်အလျောက် ထိုအချိန်တွင် လူငယ်များ သောက်စားခွင့် ရကြ၏။ ည ၁၀ နာရီထိုးသည်နှင့်တစ်ပြိုင်နက် မီးငြှိမ်းရန် အချက်ပေး၍ လူတိုင်း အိပ်ရာသို့ ၀င်ကြရလေသည်။ ဤနည်းအားဖြင့် လူငယ်များသည် အလုပ်လုပ်ရခြင်းအပြင် ပညာလည်း တိုးပွား၍ ပျော်ရွှင်မှုများကိုလည်း မချန်ခဲ့ချေ။

            အလုပ်ကြမ်းလေ့ကျင့်ရာစခန်းများမှာ စစ်တန်းလျားများနည်းတူ မြေကွက်လပ်တစ်ခုကို လေးမျက်နှာပတ်လည်လှည့်၍ ဆောက်လုပ်ထားရာ စခန်းပေါင်း ၁၂၆၀ တို့မှာ တစ်ပုံစံတည်းဖြစ်၍ တန်းလျားတစ်မျက်နှာ အုပ်ချုပ်ရေးဆိုင်ရာ လူကြီးများနေထိုင်ရန်အတွက်နှင့် အစည်းအဝေးများ ကျင်းပရန်အတွက် သီးသန့်ထား၍ ကျန်သော သုံးမျက်နှာအနက် တစ်မျက်နှာလျှင် လူပေါင်း ၄၅ ယောက်စီ နေထိုင်ရ၏။ တစ်မျက်နှာလျှင် အခန်းကြီးသုံးခန်း ပိုင်းခြားကန့်သတ်ထားပြန်ရာ တစ်ခန်းလျှင် လူပေါင်း ၁၅ ယောက်စီ နေထိုင်ရန် ရလေသည်။ အုပ်ချုပ်စီမံသူ အရေအတွက်မှာ တစ်ခန်းလျှင် ၁၇ ယောက်စီ ရှိ၏။

            အဆိုပါ အခန်းပေါင်း ၁၅၀ ကျော်တို့မှာ အားလုံး တစ်တန်းတည်းမထားဘဲ ကျွမ်းကျင်သည့်အလျောက် အနိမ့်အမြင့် သတ်မှတ်ထားရာ ထိုကဲ့သို့ သတ်မှတ်ထားသည့် အတန်းပေါင်းမှာ ၁၅ တန်းထက်မနည်း ရှိ၍ လူတိုင်းမှာ မိမိ၏ အတန်းအလိုက် အမှတ်တံဆိပ်တစ်ခုစီ ဆွဲထားရလေသည်။ သို့ဖြစ်၍ အရေးအကြောင်းရှိသည့်အခါ ဂျာမန်အစိုးရသည် စခန်းပေါင်း ၁၂၆၀ တို့မှ ဒလိန်းပြ၍ စည်းကမ်းစနစ်နှင့် လေ့လာသင်ကြားပေးထားပြီးဖြစ်သော ခြေလျင်စစ်သားပေါင်း ၂ သိန်းခန့်ကို ရုတ်ချည်း ထုတ်ယူလာနိုင်ပေသည်။

            နာဇီဝါဒ၏ ရည်ရွယ်ရင်းတစ်ခုမှာ တိုင်းသူပြည်သားများကို စီမံအုပ်ချုပ်နိုင်မည့် ခေါင်းဆောင်များ လေ့ကျင့်ပေးရန်ဖြစ်ရာ အလုပ်စခန်းများတွင်ဖြစ်စေ၊ “ဟစ်တလာလူငယ်အဖွဲ့များ” တွင် ဖြစ်စေ အခြားလူများထက် လူရည်ချွန်မည့် လက္ခဏာရှိသော လူငယ်များကို ရွေးချယ်သတ်မှတ်ထား၏။ ထိုကဲ့သို့ ရွေးချယ်သတ်မှတ်ခြင်းခံရသည့် လူငယ်များအား ခေါင်းဆောင်အတတ်သင်ကျောင်း နှင့် အထုံဝါသနာရှိ ပညာတစ်ခုခု သင်ကြားသည့်ကျောင်းများသို့ ၁၀ နှစ်တိုင်တိုင် စေလွှတ်သင်ကြားစေသည်ဖြစ်ရာ မည်သည့်အချိန်အခါတွင်မဆို ၂၅,၀၀၀ မျှသော ခေါင်းဆောင်တို့သည် စခန်းတစ်ခုခုတွင် လေ့လာသင်ကြားလျက် ရှိကြလေသည်။

            အလုပ်ကြမ်းစခန်းများ၏ ရည်ရွယ်ချက်မှာ လူငယ်များ၏ ကိုယ်စိတ်နှစ်ပါးကို လေ့ကျင့်ပေးရန် ဖြစ်သည်ဆိုသော်လည်း စီးပွားရေးဘက်ကလည်း လုံးလုံး လက်လွှတ်ထားသည် မဟုတ်ချေ။ လေ့ကျင့်လျက်ရှိသော လူငယ်တစ်ယောက်သည် တစ်နေ့လျှင် “မုန့်ဖိုး” ( မြန်မာငွေ ) ၅ ပဲ ခန့်မျှစီ ရရှိလေရာ လူငယ်တစ်ယောက်အတွက် အစိုးရ၌ တစ်နေ့အဖို့ ကုန်ကျသည့် စရိတ်ငွေမှာ မြန်မာငွေ ၁ ကျပ် ၂ ပဲ ထက် များစွာ မပိုမိုချေ။ သို့ဖြစ်၍ ဂျာမန်အစိုးရသည် လူတစ်ယောက်အတွက် ၁ ကျပ် ၂ ပဲ မျှသော စရိတ်ကို တာဝန်ခံယူရုံမျှနှင့် ကာယဗလပြည့်စုံ၍ စည်းကမ်းသေ၀ပ်သော လူပေါင်း ၂ သိန်းတို့ကို မည်သည့်အလုပ်မျိုးမဆို လုပ်ကိုင်ရန်အတွက် မည်သည့်ဒေသသို့ဖြစ်စေ ရုတ်တရက် ချက်ချင်း စေလွှတ်နိုင်ပေ၏။

            လူသည် မြေကြီးမှဖြစ်လာ၍ မြေကြီးနှင့်ဆိုင်သော အလုပ်ကို နားလည်သင့်သည်ဟု ဂျာမန်တို့ ယူဆသည့်အတိုင်း အလုပ်ကြမ်းလေ့ကျင့်သော လူငယ်များသည် မြေကြီးနှင့်ဆိုင်သော အလုပ်သက်သက်ကိုသာ လုပ်ကိုင်ကြရလေရာ ယခုအခါ ၄င်းလူစု၏ လုံ့လအစွမ်းဖြင့် ပင်လယ်ထဲမှဖြစ်စေ၊ တောကြီးထဲမှဖြစ်စေ၊ နွံဗွက်များအထဲမှဖြစ်စေ တောင်ကမ္ဘားယံမှဖြစ်စေ “လုယူ”၍ လယ်တီထွင်ပြီးသော မြေဧရိယာ အကျယ်အ၀န်းမှာ ဂျာမန်ဧကပေါင်း တစ်ကုဋေခန့်မျှရှိပြီဟု ခန့်မှန်းကြရလေသည်။

            ဂျာမန်တို့သည် တိုင်းသူပြည်သားများကို လေ့လာသင်ကြားပေးရာ၌ ( ၁ ) နံပါတ်အရာထား၍ သွန်သင်ပြသသော အခြင်းအရာသည်ကား မိမိတစ်ကိုယ်တည်း အကျိုးထက် တစ်မျိုးလုံး၏ အကျိုး၊ တိုင်းပြည်၏ အကျိုးကို အခါခပ်သိမ်း မျှော်မှန်းကာ ဆောင်ရွက်ရန်ပင် ဖြစ်သည်။ အတ္တကို နှိမ်နင်း၍ ပြည်ကျိုးကို သည်ပိုးရမည် ဆို၏။ အတ္တတည်းဟူသော အခြင်းအရာမှာ သတ္တ၀ါခပ်သိမ်း တို့အား လောဘ၊ ဒေါသ၊ မောဟ ဖုံးလွှမ်းစေသည်ဖြစ်၍ ဂေါတမမြတ်စွာဘုရား၏ တရားတော်မှာလည်း အတ္တတည်းဟူသော “မျက်စိလည်မှု” ပပျောက်ရေးအတွက် ဆုံးမသြ၀ါဒ ပေးခြင်းပင်ဖြစ်ရာ ဂျာမန်တို့သည် သံသရာမှ ထွက်မြောက်ရန် ကြံရွယ်ချက် မရှိသော်လည်း မှန်ကန်သော တရားတော်နှင့် မမျှော်လင့်ဘဲ နီးကပ်နေခြင်း ဖြစ်သောကြောင့် အခြားသော တိုင်းပြည်များထက် ကြီးပွား ထွန်းကားလိမ့်မည်ဟု တွေးထင်ဖွယ် ရှိပေတော့သတည်း။   ။

ကိုယ်ဖတ်ထားတာတွေထဲက ကြိုက်တာတွေကို ပြန်ဝေမျှရင်း ဆွေးနွေးချင်စရာ၊ ငြင်းခုန်ချင်စရာတွေ ရှိရင်လည်း ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ဆွေးနွေးကြဖို့ “ဖတ်ညွှန်းကဏ္ဍ”တစ်ခုလုပ်ဖြစ်ပါတယ်။ 

Tuesday, 19 July 2011

ဗိုလ်ချုပ်ကို မလွမ်းနဲ့ . . .

ဒီနေ့ ဇူလိုင် ၁၉...
ငါ ငယ်ငယ်ကတည်းက ရင်ထဲမှာ ကြေကွဲခဲ့ရတဲ့ အာဇာနည်နေ့...
ငါတို့တိုင်းပြည်...ခပ်ရှင်းရှင်းပြောရရင် ငါတို့ အရှေ့တောင်အာရှ တစ်ခွင်လုံးအတွက် အနာဂတ်ပျောက်ခဲ့ရတဲ့နေ့...စကားလုံးလှလှပြောရရင်
“အာဇာနည်နေ့” 

ဒီနေ့ရောက်ရင် ငါတို့ကြေကွဲကြတယ်...လွမ်းကြတယ်...အားမနာတမ်းပြောရရင် ၀မ်းနည်းချင်ယောင်ဆောင်ကြတယ်။ စိတ်ရှိတဲ့အတိုင်းပြောကြရင် ညာကြတယ်။ သေသွားတဲ့ ငါတို့ဗိုလ်ချုပ်နံမည်နဲ့ လုပ်စားကြတယ်။ ငါတို့ရဲ့ ချစ်စရာကောင်းတဲ့ ဗိုလ်ချုပ်၊ နတ်မောက်သား လူမိုက်ကလေး အောင်ဆန်းဟာ သေပြီးလို့ နှစ်ပေါင်း ၆၀ ကျော်ကြာလာတာတောင် ငါတို့နိုင်ငံသား တစ်ချို့တစ်ဝက်ကို ထမင်းကျွေးနေတုန်း...သူ့နံမည်သုံးပြီး တိုင်းပြည်ကို မျက်လှည့်ပြနေတဲ့လူတွေကို ကမ္ဘာ့အလည်မှာ ညာခွင့်ပေးနေတုန်း...

ငါ...ငါချစ်တဲ့ ဗိုလ်ချုပ်ကို သနားတယ်...

ငါချစ်တဲ့ ဗိုလ်ချုပ်ကို လေးစားတယ်...

ငါလည်း သူ့လို မလုပ်နိုင်ဘူး...ခပ်ရှင်းရှင်းပြောရရင် သူ့လို မလုပ်ရဲဘူး...

သူ့မှာ ငဲ့ကွက်ရမယ့် ဒေါ်ခင်ကြည်ဆိုတဲ့ မိန်းမရှိတယ်။ စောင့်ရှောက်ရမယ့် သားသမီးတွေ ရှိခဲ့တယ်...ဒါပေမယ့် သူဟာ ဒါတွေထက် ငါတို့တိုင်းပြည်ကို ပိုပြီး ဦးစားပေးခဲ့တယ်...သူ့အသက်ထက်၊ သူ့မိသားစုထက် ငါတို့ တိုင်းပြည်၊ ငါတို့ နောက်လာမယ့်လူသားတွေ ရိုင်းရိုင်းပြောရရင် ဖွတ်ကြားတွေ၊ ငို့ဘသမားတွေ အတွက် သူ့အသက်ကို ပေးခဲ့တယ်...ငါ မပေးနိုင်ဘူး....ငါမပေးရဲဘူး...

ဒါတောင်မှ ငါ့မှာ သားသမီး မရှိသေးဘူး...ငဲ့ကွက်ရမယ့် မိန်းမတစ်ယောက်ထဲပဲ ရှိယုံနဲ့ အမှန်တရားကို မျက်ကွယ်မပြုရဲဘူး...ငါ့ကိုယ်ငါ ရှက်တယ်...သူ့ကို ချစ်တယ်၊ လေးစားတယ်လို့ ပြောမိတိုင်း ငါ့ကိုယ်ငါ ရွံတယ်...မုန်းတယ်...လေးစားမှုနောက်မှာ အမှန်တရားကို ရင်မဆိုင်ရဲတဲ့ ငါ့ကိုယ်ငါ အပစ်တင်မိတယ်...

ငါဟာ ငါ့ကိုယ်ငါ ညာနေတာ...ငါ့ ဗိုလ်ချုပ်ကို လေးစားချင်ယောင် ဆောင်နေတာ...

ဒီနေ့ မိုးတွေရွာတယ်...

အာဇာနည်တွေကို လေးစားသော အားဖြင့် မိုးတွေတောင် ငိုနေတယ်လို့ ကဗျာဆန်ဆန် ငါတွေးချင်တယ်။ ဒါ အလကားပဲ...ငါ့ ဗိုလ်ချုပ်အတွက် ငါကဗျာတစ်ပုဒ် ရေးဖို့ ကြိုစားတယ်....ရေးလို့မရဘူး...ငါ့ရင်ထဲမှာ ဆို့နေတယ်...ငါ့ ကဗျာ၊ ငါ့ စာသားဟာ ဘယ်လိုနည်းနဲ့မှ ငါ့ဗိုလ်ချုပ်ရဲ့ ကိုယ်ကျင့်တရား၊ သစ္စာတရားကို ပီပြင်အောင် ဖော်ထုတ်နိုင်မှာ မဟုတ်မှန်း ငါသိနေတယ်...ငါကိုယ်တိုင်က ဗိုလ်ချုပ်ရဲ့ ရိုးသားမှု၊ ဖြောင့်မတ်မှုလမ်းစဉ်ကို မလိုက်နာနိုင်သမျှ ငါရေးသမျှ အလကားပဲ...ငါသိတယ်...
အမှန်ကို အမှန်အတိုင်း ငါမြင်တယ်...

ငါတို့ဗိုလ်ချုပ်သေသွားတော့ အသက် ၃၂ နှစ်...စဉ်းစားကြည့်ရင် လူ့ဘ၀ရဲ့ အကောင်းဆုံးအရွယ်...အသိညာဏ်ရော၊ ခွန်အားပါ အပြည့်ဝဆုံးအရွယ်...လူတစ်ယောက်ဘ၀မှာ အပြည့်ဝဆုံးအရွယ်...ဒီအရွယ်မှာ သူ သေခဲ့ပြီ...သူ့နံမည်ကို သုံးပြီး လုပ်စားနေတဲ့ လူတစ်ချို့၊ နံမည်သုံးပြီး တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ လူတွေ အသက်ရှင်နေကြတုန်း...တွေးမိရင် ငါ စိတ်နာတယ်...ငါ့ ဗိုလ်ချုပ်ကို ငါနှမြောတယ်...

ငါတို့အသက်...ရိုင်းရိုင်းပြောရရင် ငါတို့တစ်တိုင်းပြည်လုံးရဲ့ အသက်တွေ ပေါင်းပြီးချိန်လိုက်ရင် ငါတို့ ဗိုလ်ချုပ်ရဲ့ အသက်တစ်ချောင်းနဲ့ ဘယ်လိုမှ မယှဉ်သာဘူး...အခု...ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားလို့ နံမည်တပ်ပြီး ငါတို့ တိုင်းသူပြည်သားတွေရဲ့ အသက်တွေ၊ သွေးတွေနဲ့ သူတို့ဘ၀တွေကို တည်ဆောက်ဖို့ ကြိုးစားနေကြတဲ့ နိုင်ငံရေးသမားဆိုတဲ့ သတ္တ၀ါတွေရဲ့ အသက်တွေ ဆယ်ဘ၀စာပေါင်းရင်ရော...ငါတို့ဗိုလ်ချုပ်ရဲ့ ဘ၀တစ်နှစ်စာကိုတောင် မမီဘူး...ငါတို့ ဗိုလ်ချုပ်ကို တကယ်ချစ်ရဲ့လား....ငါတို့တွေ သူ့ကို ချစ်ချင်ယောင်ဆောင်နေခဲ့တာ များပြီ....ငါတို့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားသင့်ပြီ...ကိုယ့်ကိုယ်ကို ရှက်သင့်ပြီ...

ငါတို့ဗိုလ်ချုပ် ဘာကြောင့် အသက်ပေးသွားခဲ့တာလည်း...ငါတို့ တိုင်းရင်းသားတွေ တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေလွဲမှားပြီး အချင်းချင်း သတ်ကုန်ကြအောင်လား...ငါတို့တွေ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးပြီး အပစ်တွေ တင်ရင်း အချိန်တွေကုန်နေရအောင်လား...သူ့နံမည်ကိုသုံးပြီး မရှက်တဲ့နွားတွေ ထမင်းစားနေရအောင်လား...ငါရော...အဲဒီလိုဖြစ်ကုန်မှာကို ကြိုသိရင် အသေခံမလား...
ငါတို့ဗိုလ်ချုပ်ရော ဒါတွေကို ကြိုသိရင် အသေခံမလား...

ငါ့ဗိုလ်ချုပ်ဟာ ဒီခေတ်အမြင်နဲ့ ပြောရင် လူမိုက်...စဉ်းစားကြည့်ရင် အဲဒီခေတ်က ကောလိပ်ကျောင်းသားဆိုတာ ဘုရားငယ်တစ်ဆူပဲ...ကျောင်းသားဖြစ်ရုံတစ်ခုထဲနဲ့တင် တစ်တိုင်းပြည်လုံးက လေးစားပြီးသား...ကောလိပ်ကျောင်းသားတွေ လုပ်သမျှ တစ်တိုင်းပြည်လုံးက အားကျခဲ့ရတာ...ငါရော...အဲဒီဘ၀မျိုးကို မတွယ်တာပေဘူးလား...

အဲဒီခေတ်က ပုလိပ်ကိုတောင် “ဘုရား”ထူးပြီး ဒူးထောက်ရတဲ့ ခေတ်...ကောလိပ်ကဘွဲ့ရရင် အနည်းဆုံးတော့ မြို့အုပ်၊ မြို့ပိုင်ဖြစ်ပြီ...သွားလေရာ၊ လာလေရာမှာ ကတ္တီပါဖိနပ်စီး၊ ရွှေထီးမဆောင်းရုံတမည်ကလွဲရင် ဘုရင်အငယ်စားလောက် တန်ခိုးကြီးတဲ့ ဘ၀...ဒါတွေကို ငါရော မမက်မောဘူးလား...မညာတမ်းပြောရရင် ငါမက်မောတယ်...ဒါပေမယ့် ငါတို့ဗိုလ်ချုပ် မက်မောခဲ့သလား...
တွယ်တာခဲ့သလား...ဒါတွေကို ယောင်လို့တောင် မမက်မောခဲ့ဘဲ စွန့်ပစ်ခဲ့တာ တကယ့်လူမိုက်ကြီးပေါ့...
ငါတို့ချစ်တဲ့...ငါတို့လေးစားရတဲ့ သမိုင်းဝင်လူမိုက်ကြီးပေါ့...

ငါတို့ဗိုလ်ချုပ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ဘ၀တုန်းက အဆောင်မှာ မအိပ်ဘဲ ကျောင်းသားသမဂ္ဂ အစည်းအဝေးခန်းမထဲက ကြမ်းပိုးတွေ တင်းကြမ်းရှိနေတဲ့ ကြိမ်ခုံပေါ်မှာ ညတိုင်းအိပ်တယ်...သမဂ္ဂလက်ဖက်ရည်ဆိုင်ပိုင်ရှင် အဘွားကြီးက ငါတို့ ဗိုလ်ချုပ်ကို သနားလွန်းလို့ “စောင်မရှိ၊ ခေါင်းအုံးမရှိနဲ့ ဘာဖြစ်လို့ ဒီပေါ်မှာ အိပ်နေသလဲ၊ အိပ်စရာ နေရာ မရှိလို့လား” လို့ မေးတော့ ငါတို့ဗိုလ်ချုပ်က“ကျွန်တော် နိုင်ငံရေးလုပ်ရင် စောင်မရှိ၊ ခေါင်းအုံးမရှိနဲ့ ကြမ်းပိုးတွေ တင်းကြမ်းထနေတဲ့ ကြမ်းပေါ်မှာ အိပ်ရမှာမို့ အခုကတည်းက ကြိုတင်ပြီး ကျင့်နေတာပါ” လို့ ပြန်ဖြေတယ်...ငါတို့ရော...အဲဒီလောက် သတ္တိ ရှိနိုင်ပါ့မလား...

ငါတို့ဗိုလ်ချုပ်က ညဥ့်နက်အောင် စာဖတ်ပြီး မနက်ပိုင်းဆိုရင် အိပ်ရာထ အမြဲနောက်ကျနေကျ...
၁၉၄၆ ခုနှစ်က တစ်နေ့တော့ အိမ်မှာ ဖဆပလ အမှုဆောင်လူကြီးတွေကို အစည်းအဝေးခေါ်ထားပြီး သူက ညနေသုံးနာရီအထိ အိပ်နေတော့ သူ့မိန်းမ ဒေါ်ခင်ကြည်က မနှိုးရဲလို့ လက်စွဲတော် ဗိုလ်ထွန်းလှက အတင်းလှုပ်နှိုးတော့ ငါတို့ ဗိုလ်ချုပ် စိတ်ဆိုးတယ်...အစည်းအဝေးခေါ်ထားမှန်း ပြောပြတော့ ချက်ချင်းပဲ အောက်ဆင်းပြီး အမှုဆောင်တွေကို သူအိပ်ရာထ နောက်ကျသွားလို့ တောင်းပန်တယ်...ငါတို့ရော...အဲဒီလောက် ပြည့်ဝနိုင်ပါ့မလား...

ငါတို့ဗိုလ်ချုပ်မှာ အင်မတန် အရက်ကြိုက်တဲ့ ကားမောင်းသမား ကျော်စိန်ဆိုတာ ရှိခဲ့တယ်...ဒီတစ်ယောက်က အရက်မူးရင် ဘယ်သူ့ကိုမှ ရန်မရှာဘဲ ဟာသတွေပြောပြီး အိပ်ပျော်နေကျ...ငါတို့ဗိုလ်ချုပ်ရဲ့သားသမီးတွေကအစ သူ့ကို “အော်စိန်”လို့ခေါ်ပြီး အင်မတန်ချစ်ခံရတဲ့လူ...တစ်နေ့မှာတော့ အလုံလမ်းမှာရှိတဲ့ ဘုရင်ခံအိမ်တော်မှာ ညစာစားပွဲရှိတော့ အဲဒီ “အော်စိန်”ကို ကားထဲမှာ စောင့်ခိုင်းပြီး ငါတို့ဗိုလ်ချုပ်က အထဲဝင်ပြီး ညစာစားတယ်...ပြန်ထွက်လာတော့ “အော်စိန်”က မူးပြီး ကားနောက်ခန်းမှာ အိပ်ပျော်နေပြီ...လက်စွဲတော် ဗိုလ်ထွန်းလှက စိတ်ဆိုးပြီး နှိုးမယ်လုပ်တော့ ငါတို့ဗိုလ်ချုပ်က “မနှိုးပါနဲ့တော့ကွာ...သူ့ခမျာ တစ်ခါတစ်လေလည်း မူးချင်ရှာမှာပေါ့”လို့ ဖြောင်းဖြပြီး ဗိုလ်ထွန်းလှကို ကားမောင်းခိုင်းပြီး သူက ဘေးမှာ အသာလေး ထိုင်လိုက်သွားခဲ့တယ်...ငါတို့ဆိုရင်ရော...အဲဒီလောက် သဘောထားကြီးနိုင်ပါ့မလား...ဝေးပါသေးရဲ့...

အင်္ဂလိပ်လက်ထက်တုန်းက ငါတို့ဗိုလ်ချုပ် ၀န်ကြီးဖြစ်တော့ အင်္ဂလန်လုပ် “၀ူုစလီ”အမျိုးအစား ကားအနက်ရောင် နံပါတ် RA - 2874 တစ်စီးရတယ်...တစ်ရက်တော့ အတွင်းဝန်ရုံး အစည်းအဝေး မနက် ၁၀ နာရီထိုးအမီသွားဖို့ ပြင်နေတုန်း ကားပျက်နေလို့ ဗိုလ်ထွန်းလှက ကားတစ်စီးငှားဖို့ ဖုန်းဆက်မယ်လုပ်တော့ ငါတို့ဗိုလ်ချုပ်က တားတယ်...“စီးပွားရေးသမားတွေဆီက ကားငှားရင် ကားရမှန်း ငါသိတယ်...ဒါပေမယ့် ဒီကောင်တွေက ငါတို့ကို ကားငှားပြီးရင် အခွင့်အရေးတွေ တသီကြီးတောင်းလိမ့်မယ်...ကားမငှားနဲ့...ငါတို့ လမ်းလျှောက်သွားမယ်”လို့ ပြောပြီး သူကိုယ်တိုင် ဦးဆောင်ပြီး လမ်းလျှောက်သွားတယ်...ငါတို့သာ သူ့နေရာမှာဆို အဲဒီလို လမ်းလျှောက်ပါ့မလား...ဒါတောင် ငါတို့ဟာ ဘာကောင်မှ မဟုတ်သေးဘူး...

တစ်ရက်မှာ ငါတို့ဗိုလ်ချုပ်က ဗိုလ်ထွန်းလှကို ပိုက်ဆံဘယ်လောက်ရှိသလဲ မေးတော့ “သုံးကျပ်”ရှိသတဲ့...ဒါဆိုရင် ရုပ်ရှင်သွားကြည့်ရအောင် ဆိုပြီး ထွက်လာကြတယ်...ရုပ်ရှင်ရုံရောက်တော့ ဗိုလ်ထွန်းလှက တစ်ကျပ်ခွဲတန်းက လက်မှတ်ဝယ်မယ်လုပ်တော့ ငါတို့ဗိုလ်ချုပ်က လက်မခံဘဲ ပိတ်ကားနဲ့ ကပ်နေတဲ့ ငါးမူးတန်းကပဲ ၀ယ်ခိုင်းပြီး ကလေးတွေကြားထဲမှာ မရှက်မကြောက် ထိုင်ကြည့်သတဲ့...ငါတို့ဗိုလ်ချုပ်က ဟာသခန်းတွေကို အားပါးတရနဲ့ အသံကုန်ဟစ်ပြီးရယ်တော့ ကလေးတွေက သူ့ကို ၀ိုင်းကြည့်ကြရင်း ဗိုလ်ချုပ်မှန်း သိကုန်သတဲ့...အဲဒီအချိန်မှာ ငါတို့ဗိုလ်ချုပ်က ကာကွယ်ရေးဝန်ကြီး ဖြစ်နေပြီ...ရုံပိုင်က သတင်းရတော့ ချက်ချင်းလာပြီး တစ်ကျပ်ခွဲတန်းကနေ ကြည့်ဖို့ တောင်းပန်တာတောင် ချက်ချင်းလက်မခံဘဲ ငြင်းခဲ့တဲ့ ငါတို့ဗိုလ်ချုပ်...ဘာမဆို ကိုယ်ကျိုးမကြည့်တဲ့ ဗိုလ်ချုပ်...ငါတို့သာဆိုရင် အဲဒီလို ငါးမူးတန်းက ကြည့်ဖို့ဆိုတာ ဝေလာဝေး...

ငါတို့ဗိုလ်ချုပ် အစည်းအဝေးလုပ်နေရင်း ခဏနားတော့ ဗိုလ်ထွန်းလှကို စာတစ်စောင်ရေးပြီး ဒေါ်ခင်ကြည်ဆီသွားပေးခိုင်းတယ်...စာထဲမှာ ဘာရေးထားသလဲဆိုရင်
“ကြည်ရေ...ပဲပြုပ်နဲ့ နံပြားရရင် စားချင်တယ်ကွာ”တဲ့...
စာသားကို သေချာကြည့်...“ရရင် စားချင်တယ်”တဲ့...တိုင်းပြည်အပေါ် နံပြားတစ်ချပ်စာတောင် အခွင့်အရေးမယူတာကို ထားလိုက်...ယူထားတဲ့ မိန်းမကိုတောင် အာဏာမပေးတဲ့ ငါတို့ဗိုလ်ချုပ်...ရရင်စားချင်သတဲ့...မရရင်လည်း မစားတော့ဘူးဆိုတဲ့ ငါတို့ဗိုလ်ချုပ်...ငါတို့ရော...တိုင်းပြည်အပေါ်မှာ ထားဦး..ငါတို့ မိန်းမတွေအပေါ်မှာတောင် အဲဒီလောက် မေတ္တာတရားနဲ့ စာနာစိတ်ရှိလို့လား...

အဲဒီလောက် အဆင့်တွေကွာ၊ စိတ်ဓာတ်တွေ ကွာခြားနေတာတောင် ငါတို့ဗိုလ်ချုပ်ကို ချစ်ပါတယ်လို့ ညာနေမိတာ ငါရင်နာတယ်...ငါတို့ဗိုလ်ချုပ်ကို တကယ်ချစ်ရင် ငါတို့ဗိုလ်ချုပ်ရဲ့ ရိုးသားမှုမျိုး...ပွင့်လင်းမှုမျိုးရှိအောင် ဘာဖြစ်လို့ ငါတို့တွေ မကျင့်ကြတာလဲ...ဒါဟာ နိုင်ငံရေး မဟုတ်လို့လား...တစ်ယောက်ကိုတစ်ယောက် ညစ်ကြ၊ ညာကြတာ မဟုတ်လို့လား...ထမင်းမ၀မှာစိုးလို့လား...မြင့်မြတ်တဲ့ လမ်းစဉ် မဟုတ်လို့လား...

တကယ်လို့ ငါတို့အားလုံးသာ ငါတို့ဗိုလ်ချုပ်လို ရိုးသားရင်...ဖြူစင်ရင် အခုလို ပင်ပန်းဆင်းရဲစရာ ဘာအကြောင်းမှ မရှိဘူး...အခုလို တိုက်ပွဲတွေ...သွေးထွက်သံယိုတွေ ဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး...
ငါတို့တစ်တွေလည်း ကမ္ဘာလှည့်ပြီး “ကူလီမျိုးဟေ့...တို့ဗမာ”လို့ အော်စရာ ဘာအကြောင်းမှ မရှိဘူး...ငါတို့ခေတ်ကျမှ ညံ့ကုန်ကြတာ ရင်နာစရာ ကောင်းလိုက်တာ...

၁၉၄၇ ဂျူဗလီဟော မှာ ငါတို့ဗိုလ်ချုပ် နောက်ဆုံးဟောခဲ့တဲ့ မိန့်ခွန်းထဲမှာ “ခင်ဗျားတို့ စောက်ချိုးတွေပြင်ကြ”တဲ့...ဒီလောက် ခပ်ကြမ်းကြမ်းပြောတာတောင် ပြင်ကြလို့လား...
ကိုယ့်ကိုယ်ကို ပြန်မေးရင် ကောင်းမယ်...  
“ညီညွတ်ရေး...ညီညွတ်ရေးနဲ့ 
စားဖားတွေ ညီညွတ်တာမျိုးကတော့ အလကားပဲ”တဲ့...
ကိုယ့်ကိုယ်ကို ပြန်ကြည့်ကြစို့...ကိုယ့်ပတ်ဝန်းကျင်က ကိုယ်လို လုပ်စားဖော်၊ လုပ်စားဖက်တွေအပေါ် အင်မတန် ညီညွတ်တာ တိုင်းပြည်အတွက်များလား...“သူများ တစ်လှမ်းလှမ်းရင် ခင်ဗျားတို့ ကျုပ်တို့က လေးငါးဆယ်လှမ်း ပြဲနေအာင် လှမ်းမှ တော်ကာကျမယ်” တဲ့... 
ကဲ...အခုရော...ဘယ်နှစ်လှမ်းများ လှမ်းကြလို့လဲ... 
“ဒီလိုသာ ဆက်သွားရင် နောက်နှစ်ပေါင်းငါးဆယ်ကြာရင် ကျုပ်တို့နိုင်ငံကြီး ဖာနိုင်ငံကြီး ဖြစ်သွားမယ်”တဲ့...
အခု နှစ်ပေါင်း ၆၀ ကျော်ပြီ...ကိုယ့်ပတ်ဝန်းကျင်ကို ပြန်ကြည့်ပါဦး...ကိုယ့်ကိုယ်ကိုရော ပြန်ဆန်းစစ်ပါဦး...ကိုယ်တိုင်ဖြစ်နေပြီလား...စားသုံးသူဖြစ်နေပြီလား ဆိုတာ သုံးသပ်ရအောင်...

ငါတို့ဗိုလ်ချုပ်ဟာ ဘုရားမဟုတ်ဘူး...အာသဝေါကုန်ခမ်းတဲ့ ရဟန္တာမဟုတ်ဘူး...သူလိုငါလို လူသား...
သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ် တည်ဆောက်ထားတဲ့ လူသား...မသေမျိုး မဟုတ်ဘူး...သေမျိုး...သူ့လုပ်ရပ်တွေကို ငါမဝေဖန်ဘူး...မှားတာလည်းပါမယ်...မှန်တာလည်းပါမယ်.... ဒါတွေကို ငါစိတ်မ၀င်စားဘူး...ငါသိတာ ငါ့ဗိုလ်ချုပ်ရဲ့ ရိုးသားဖြောင့်မတ်မှု...ဖြူစင်မှု...တိုင်းပြည်အပေါ် သစ္စာရှိမှု...စွန့်လွှတ်အနစ်နာခံမှု...ငါတို့တွေ ထားနိုင်ဖို့မလွယ်တဲ့ စိတ်ဓာတ်မျိုး ရှိတဲ့ ငါတို့ဗိုလ်ချုပ်ဟာ လုပ်ကြံခံရသည်ဖြစ်စေ၊ အခုချိန်ထိ ရှိနေသည်ဖြစ်စေ...ငါ့အတွက်တော့ အာဇာနည်ပဲ...

ငါတို့ဗိုလ်ချုပ် အသက်ပေးသွားတာ...ငါတို့တွေ ပုံတော်သလို စိတ်ဓာတ်အညံ့စားတွေနဲ့ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးပြီး အောက်တန်းစားတွေ ဖြစ်အောင်လား...ကိုယ်ကျိုးဘဲကြည့်တဲ့ ငို့ဘသမားတွေ ဖြစ်အောင်လား...ငါတို့ဗိုလ်ချုပ် အင်မတန်မှ စက်ဆုပ်တဲ့ နိုင်ငံရေးသမားတွေ လုပ်စားဖို့လား...စဉ်းစားသင့်ပြီ...

ငါတို့တစ်တွေ နိုင်သလောက်၊ စွမ်းသလောက် ကိုယ့်တာဝန်ကိုယ်ယူ...ဆိုက်ကားသမားကလည်း ကိုယ့်ဖောက်သည်အပေါ် အကောင်းဆုံး ၀န်ဆောင်မှုပေး...ဈေးသည်ကလည်း ကိုယ့်ဈေးဝယ်အပေါ် အကောင်းဆုံး ၀န်ဆောင်မှုပေး...ဆရာတွေကလည်း ကိုယ့်တပည့်တွေအပေါ် အကောင်းဆုံး တာဝန်ကျေ... အရှင်းဆုံးပြောရရင် တိုင်းပြည်မှာ ရှိသမျှလူအားလုံး ကိုယ့်တာဝန်ကိုယ် ကျေအောင်ကြိုစားပြီး သူများကို ထိုးနေတဲ့ လက်ညှိုးတွေကို အသာဘေးချလို့ အကောင်းဆုံး မကြိုးစားသရွေ့ ငါတို့ဗိုလ်ချုပ်ကို ချစ်တယ်...လွမ်းတယ်လို့ မပြောဘဲ နေကြစို့လား...။     ။

Monday, 18 July 2011

မိုးနှင့်လူသား . . .

မိုးတွေရွာပြန်ပါပြီ...

မိုးရာသီဖြစ်လို့ မိုးရွာတာ မထူးဆန်းပေမယ့် မိုးနဲ့ပတ်သက်တဲ့ ကိုယ်တို့ရဲ့ အတွေးအခေါ်တွေ ပြောင်းလဲသွားကြတာကတော့ ထူးဆန်းလို့ နေပါတယ်။ လူဆိုတာ အသက်အရွယ်နဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ပြောင်းလဲလေ့ရှိလွန်းပါရဲ့။ တကယ်တော့ အင်မတန်မှလှပတဲ့ လောကရဲ့ သဘာဝပတ်ဝန်းကျင် ရှုခင်းတွေကို ခံစားဖို့ အကောင်းဆုံးအရွယ်ဆိုတာ တိတိကျကျ သတ်မှတ်ထားလို့ မရပါ။ ဒါပေမယ့် လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပူလောင်လွန်းလှတဲ့ ကိုယ်တို့လူသားတွေခမျာမှာတော့ အသက်အရွယ်နဲ့ လွတ်လပ်ပျော်ရွှင်မှု၊ ကြည်နူးချမ်းမြေ့မှုတွေဟာ ပြောင်းပြန်အချိုးကျနေတာ ၀မ်းနည်းဖို့တောင် ကောင်းနေပါတော့တယ်။

မပြောင်းလဲတဲ့ လောကရဲ့သစ္စာတရားနဲ့ ပြောင်းလဲနိုင်လွန်းတဲ့ လူသားရဲ့ နှလုံးသားအကြောင်းကို ကဗျာတစ်ပုဒ်ရေးဖြစ်ပါတယ်။ မိုးကြောင့်ရသော အတွေးများပါပဲ...


“ မိုးနှင့်လူသား ”
 
မိုးရွာပြီ…

ငယ်ငယ်ကဆို
မိုးစိုစိုမှာ
ဟိုသည်ပြေးလွှား
ကစားခုန်ပေါက်
စိတ်နောက်ကိုယ်ပါ
ပျော်ဖူးပါ၏
မိုးရွာချိန်တိုင်းကြည်နူးသည်။

ယခုခါမူ
မိုးရွာကျလျှင်
ထီးကိုပြင်၍
ကောင်းကင်ကိုကြည့်
ရေရွှတ်မိသည်
သည်မိုးကလည်း ဆိုးလိုက်တာ။

သြော်…
ကောင်းကင်ထက်က
ရွာကျသည့်မိုး
ကောင်းခြင်းဆိုးခြင်း
ဝေဖန်ရင်းဖြင့်
စီးနင်းခဲ့ကြ
ဘ၀ရထား
ရပ်တန့်သွားလျှင်
ကောင်းကင်ပြင်မှာ
ဗလာဟင်းလင်းရှိမည်လား။    ။

ဟန်ကြည်
၁၈.၇.၂၀၁၁(တနင်္လာနေ့)
ညနေ ၇ : ၀၀ နာရီ

Wednesday, 13 July 2011

အနာရွတ်တစ်ခုသို့ တမ်းချင်း . . .

အေးချမ်းဆိတ်ငြိမ်သော ညတစ်ညတွင် 
သူသည် ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင် အေးအေးလူလူထိုင်ရင်း စာအုပ်တစ်အုပ်ဖြင့် လောကကိုမေ့ထားဖို့ ကြိုးစားနေမိသည်။ ဤအခိုက်အတန့်သည်ပင် သူ့ဘ၀၏ ရှားပါးလှသော ရတောင့်ရခဲဖြစ်သည့် အေးချမ်းခြင်းနှင့် လွတ်မြောက်ခြင်းတို့ကို ခံစားရသော အခိုက်အတန့်ဖြစ်လေသည်။ လောက၏ ပူလောင်ဆူပွက်မှုတို့မှခဏတာ ကင်းကွာခွင့်၊ ကိုယ်ပိုင်ခံစားခွင့်တို့ကို ရစေနိုင်သော ဤတဒင်္ဂလေးများကို သူအလွန်တန်ဖိုးထားပါသည်။ ဤတဒင်္ဂလေးများကပင် ဘ၀ကိုဖက်တွယ်ရင်း ဆက်လက်ရုန်းကန် လှုပ်ရှားနိုင်စေရန် အင်အားများကို ပေးစွမ်းနိုင်သည်ဟုလည်း 
သူမမှိတ်မသုန် ယုံကြည်ထားမိသည်။

စာအုပ်ဖတ်ရင်းမှ မျက်စိညောင်းလာသဖြင့် စာအုပ်ကိုပိတ်လိုက်သည်။ စာအုပ်ကိုပိတ်သော ညာဘက်လက်ပေါ်သို့ အကြည့်တစ်ချက် မရည်ရွယ်ဘဲ ကစားလိုက်မိသည်။ သူ့ညာလက် တံတောင်ဆစ် အောက်နားစတွင် အနာရွတ်တစ်ခု ထင်ထင်ရှားရှားရှိနေသည်။ ထိုအနာရွတ်သည် ရိုးရိုးအနာရွတ်တစ်ခုမျှသာ ဖြစ်ပါသည်။ ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် အသားပွန်းပဲ့ပျက်စီးပြီးသောအခါ အရေပြားတွင် ကျန်နေရစ်တတ်သော အမှတ်အသား တစ်ခုသာလျှင် ဖြစ်ပါသည်။ သို့သော် ထိုအနာရွတ်သည် သူ၏နှလုံးသားနှင့် တိုက်ရိုက်ပတ်သက်နေပြန်သောကြောင့် သာမန်အမာရွတ်တစ်ခုအဖြစ် ယူဆ၍ မရနိုင်စကောင်းပါ။ အနာရွတ်ကို ဘယ်လက်ဖြင့် အသာပွတ်သက်ကြည့်မိရင်း အတွေးတို့သည် ငယ်ဘ၀ဆီသို့ ပြန်လည်လွင့်ပါးသွားကြသည်။ 
သူ့အသက်သည်လည်း နှစ်ပေါင်းနှစ်ဆယ်လောက် ပြန်လည်နုပျိုလာပြန်တော့သည်။

သူ့ငယ်ဘ၀သည် အညာမြို့ငယ်လေးတစ်ခုမှ သာမန်ဝန်ထမ်းမိသားစုတစ်စု၏ သားတစ်ယောက်အဖြစ်နှင့် စတင်ခဲ့သည်။ အညာဒေသ၏ ယဉ်ကျေးမှုတို့ ထုံမွှမ်းရာ ထိုမြို့ငယ်လေးတွင် အခြေခံပညာ အထက်တန်းအောင်မြင်သည့်အချိန်အထိ မိဘများနှင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ပါသည်။ သူ့တွင် ပြောစကားကို နားမထောင်သော၊ အစ်ကိုဖြစ်သူကို အထင်ကြီးသော်လည်း မလေးစားသော ချစ်စရာကောင်းလှသည့် ညီမလေးတစ်ယောက်လည်း ရှိပြန်ပါသည်။ သူ့ထက် အသက်ငါးနှစ်ကျော်ကျော်ငယ်သော ထိုညီမလေးသည် သူလိုမည်းမည်းပိန်ပိန်မဟုတ်ဘဲ ဖွံ့ဖွံ့ထွားထွား ဖြူဖြူဖွေးဖွေးဖြစ်ပြီး သူ့ထက်လည်း ဥာဏ်ရည်ပို၍ ထက်မြက်လှသည်။ သို့သော် ထိုညီမလေးသည် ငယ်စဉ်ကတည်းက အလွန်ပျင်းရိပြီး ပညာရေးကိုလည်း မည်သည့်အခါကမှ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူ မဟုတ်ပြန်ပါ။

အစ်ကိုဖြစ်သူက အတန်းစဉ် ပညာရည်ချွန်ဆုများယူနေသော်လည်း ညီမဖြစ်သူကမူ အတန်းထဲတွင် ဘိတ်လွတ်ရုံသာသာအဆင့်ဖြင့် လုံးချာလိုက်နေတတ်သူလည်း ဖြစ်သည်။ အစ်ကိုဖြစ်သူ၏ အောင်မြင်မှုများနှင့် နှိုင်းယှဉ်ပြီး ဆရာဆရာမများက ဆုံးမခြင်းကိုခံရလျှင်လည်း “အစ်ကိုတို့ကြိုးစားခဲ့လို့ သမီးတို့ အဆူခံရတာ”ဟူသောစကားဖြင့် အစ်ကိုဖြစ်သူကို အပြစ်တင်မြဲလည်း ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ သူ့ဘ၀တွင် ရှားရှားပါးပါး တစ်ယောက်တည်းသာရှိသော ထိုညီမလေးကို သူအလွန်ချစ်မြတ်နိုးပါသည်။ သို့သော် သူတို့မောင်နှမနှစ်ယောက်၏ တစ်ယောက်ကို တစ်ယောက် ချစ်ခင်တွယ်တာခြင်းသည် နှစ်ဦးသား မျက်နှာချင်းဆိုင်မိပြီး ငါးမိနစ်လောက်အကြာတွင် ပျောက်ကွယ်သွားလေ့ရှိသည်သာ များပါသည်။ တစ်ယောက်နှင့်တစ်ယောက် စကားနိုင်လုကြခြင်း၏ အစသည် စိတ်ဆိုး၊ စိတ်ကောက်ကြခြင်းကို ဖြစ်စေပြီး နှစ်ယောက်စလုံး ဒဏ်ပေးခံရခြင်းဖြင့်သာ အဆုံးသတ်ကြစမြဲလည်း ဖြစ်ပြန်ပါသည်။

အနာရွတ်ကို ငေးကြည့်နေရမိရင်းမှ
သူ့ညီမလေးခပ်ငယ်ငယ်က အဖြစ်အပျက်တစ်ခုကို သူပြန်သတိရမိပြန်သည်။ သူ့ညီမလေး ခပ်ငယ်ငယ်က အခြားကလေးများ စကားပြောတတ်စအရွယ်တွင် စကားမပြောပါ။ ပြောသင့်သောအရွယ်ထက် လေးငါးလကျော်ကြာသည်အထိ စကားမပြောသောအခါ သူ့မိဘနှစ်ပါး စိုးရိမ်စပြုလာသည်။ ထို့ကြောင့် ရှိစုမဲ့စု ငွေကလေးဖြင့် မြို့ကြီးတစ်ခုရှိ မျက်စိ၊ နား၊ နှာခေါင်း အထူးကုဆရာဝန်ကြီးထံသို့ သွားပြကြသည်။ ဆရာဝန်ကြီးက ညီမလေးကို စမ်းသပ်စစ်ဆေးပြီး ချို့ယွင်းချက်မတွေ့သောကြောင့် မိဘများကို စိတ်မပူရန်အားပေးသည်။ အချို့ကလေးများတွင် စကားစပြောချိန် နောက်ကျတတ်ကြောင်းကိုလည်း ရှင်းပြခဲ့သည်။ မည်သို့ပင်ဆိုစေ ဆေးကုသစရိတ်ကတော့ ထုံးစံအတိုင်းပင် ပေးရစမြဲပင် ဖြစ်ပါသည်။ ဆေးခန်းမှပြန်ထွက်လာပြီး လမ်းမပေါ်မရောက်ခင်အချိန်တွင် ညီမလေး၏ ပါးစပ်မှ “ဖေဖေ” ဟူသော စကားသံထွက်လာသည်။
မိဘများမှာ ၀မ်းသာ၍မဆုံးတော့။ ညီမလေးသည်
ဖေဖေဟူသော ထိုစကားသံ၏ နောက်တွင် တစ်နေကုန်တစ်နေခမ်း မနားတမ်းစကားပြောပါတော့သည်။ စကားစပြောဖို့ရည်ရွယ်ချက် ရှိခဲ့လျှင် ဆေးခန်းသို့မ၀င်ခင် ဆယ့်ငါးမိနစ်လောက်အလိုတွင် စကားစပြောလျှင် မည်မျှကောင်းလိုက်မည်နည်း။ မိဘနှစ်ပါး ငွေကုန်ကြေးကျမရှိတော့မည်ကို စိုးရိမ်ဟန်တူသည့် ချစ်စရာ ညီမလေးပင် မဟုတ်ပါလား။

မှတ်မှတ်ရရ သူသုံးတန်းအရွယ်တွင် စက်ဘီးစီးသင်သည်။ ဆိုင်ကယ်၊ မော်တော်ကားတို့ မစီးနိုင်သော သူတို့မိသားစုတွင် ဈေးပေါပေါဖြင့် သွားရေးလာရေး အဆင်ပြေစေသော စက်ဘီးသည်သာ အဖိုးမဖြတ်နိုင်သော ရတနာ ဖြစ်ပါသည်။ သူငယ်ချင်းများထိုအချိန်က စီးကြသော BMX စက်ဘီးဆိုသည်မှာ သူ့အဖို့ အိပ်မက်တွင်ပင် ထည့်၍မမက်စကောင်းသော အရာလည်း ဖြစ်ပြန်ပါသည်။ သူ့ငယ်ဘ၀အတွက် တစ်ခုတည်းသော စီးတော်ယာဉ်မှာ သူ့မေမေစီးလေ့ရှိသော အိန္ဒိယထုတ် Hero တံဆိပ် မိန်းမစီးစက်ဘီးသာလျှင် ဖြစ်သည်။

မိန်းမစီးစက်ဘီးပေါ်တွင်ခြေနှစ်ဖက်ခွ၍ရပ်၊ လက်ကိုင်ကို လက်နှစ်ဘက်နှင့်ကိုင်ထားပြီး
ခြေနင်းကို ခြေတစ်ဘက်နှင့်နင်း၍ဘီးလှိမ့်ပြီး အရှိန်အနည်းငယ်ရလာလျှင် ကျန်ခြေတစ်ဘက်ကိုပါ ခြေနင်းတစ်ဘက်ပေါ် နင်းကာ ဟန်ချက်ညီအောင် ထိန်းရသည်မှာ ထိုအသက်အရွယ်အတွက် အလွန်ကြီးမားလှသော မဟာစွန့်စားခန်းကြီး တစ်ရပ်ဖြစ်ပါသည်။ စက်ဘီးစီးသင်ကာစတွင် စက်ဘီးရွေ့အောင်ဟူသည့်ရည်ရွယ်ချက်ထက် စက်ဘီးမလဲအောင်ဟူသော ရည်ရွယ်ချက်ကပင် အရေးအကြီးဆုံးသော အခြေခံမူ ဖြစ်သည်။ ဘယ်ညာခြေနင်းနှစ်ဘက်လုံးပေါ်သို့ ခြေထောက်များတင်ပြီးသောအခါ ခြေနင်းတစ်ပတ်လည်အောင် မနင်းနိုင်သေးဘဲ ဘယ်ဘက်ခြေနင်းကို အနည်းငယ်နင်းချလိုက်၊ မြင့်တက်လာသော ညာဘက်ခြေနင်းကို ပြန်နင်းချလိုက်ဖြင့် စက်ဘီးရွေ့အောင်နင်းခြင်းကို သူတို့ဒေသအခေါ် “ဂျောက်ဂျက်နင်းခြင်း” ဟု ခေါ်ပါသည်။ ထိုဂျောက်ဂျက်နင်းနိုင်သော အဆင့်အထိရောက်အောင်ပင် သူ့မှာ ပင်ပန်းကြီးစွာကျင့်ယူရသည်။ ဟန်ချက်ပျက်ပြီး လဲကျသောအကြိမ်ပေါင်းကလည်း မရေနိုင်သလို စက်ဘီးကပေးသော ဒဏ်ရာဒဏ်ချက်များမှာလည်း တစ်ကိုယ်လုံး ပွစာကြဲနေတော့သည်။ မည်သို့ပင်ဆိုစေ စက်ဘီးခြေနင်းကို တစ်ပတ်ပြည့်အောင်နင်းလိုက်နိုင်ခြင်းကြောင့် ခံစားရသော ပီတိသည် တစ်သက်တာတွင် မည်သည့်အရာကမှ မယှဉ်နိုင်အောင် အရသာရှိလွန်းလှသည်။

သူစက်ဘီးစီးသင်သောနှစ်တွင် သူ့ညီမလေးအသက် လေးနှစ်ရှိပြီ ဖြစ်သည်။ အရွယ်နှင့်မလိုက်အောင်ပင် စကားတတ်လွန်းလှသည်။ သူစက်ဘီးကျွမ်းကျွမ်းကျင်ကျင် မစီးတတ်ခင် တစ်ညနေက ဖြစ်သည်။ ထုံးစံအတိုင်း စက်ဘီးစီးကျင့်ရန် အိမ်ရှေ့လမ်းပေါ်သို့ စက်ဘီးကိုတွန်းယူပြီး သူထွက်လာသောအခါ သူ့နောက်မှ ညီမလေးကပ်လိုက်လာသည်။ စက်ဘီးပေါ်သို့ တက်ပြီး သူနင်းနေသည်ကို စိတ်ဝင်တစားထိုင်ကြည့်သည်။ လမ်းမအတိုင်း သူစက်ဘီးစီးနေသည်ကို အသွားအပြန်နှစ်ခေါက်လောက် ထိုင်ကြည့်ပြီးသောအခါ စိတ်ဝင်စားလာဟန်ရှိသည်။ သူ့စက်ဘီးကယ်ရီယာပေါ်တွင် ထိုင်လိုက်ချင်သည်ဟု ပူဆာလေတော့သည်။ သူစက်ဘီးစီး မကျွမ်းကျင်သေးပါ။ သို့သော် စက်ဘီးစီးတတ်ကာစ အချိန်တွင် ဖြစ်လေ့ဖြစ်ထရှိသော အစွမ်းပြချင်သည့် စိတ်ရိုင်းကလေးကလည်း ခေါင်းထောင်လာသောကြောင့် ညီမလေးကို စက်ဘီးနောက်မှ ထိုင်လိုက်ခွင့်ပြုလိုက်မိသည်။ ထိုအခွင့်အရေးကို မည်သည့်ကာလကတည်းက စောင့်နေမှန်းမသိသော ညီမလေးသည် သူနင်းနေသော စက်ဘီး၏ ကယ်ရီယာပေါ်သို့ မပြောမဆိုနှင့် လွှားကနဲ ခုန်တက်ပါတော့သည်။ မမျှော်လင့်ဘဲ ခုန်တက်လိုက်သော အရှိန်ကြောင့် စက်ဘီးလဲပါတော့သည်။ သူ့တစ်သက် စက်ဘီးလဲသမျှ အကြိမ်များတွင် ယခုတစ်ကြိမ်သည် အဆိုးရွားဆုံးပင် ဖြစ်ပါတော့သည်။ မြေမညီသော လမ်းတွင် လဲခြင်းဖြစ်သောကြောင့် သူတော်တော်အကျနာသည်။ ပိုဆိုးသည်မှာ ကြမ်းတမ်းသော ကျောက်စရစ်ခဲများနှင့် ပွတ်တိုက်မိပြီး သူ့ညာဘက်လက်တံတောင်ဆစ်နားတွင် စုတ်ပြဲကုန်ခြင်းဖြစ်သည်။ ညီမလေးကတော့ စက်ဘီးအပေါ်တွင် ထိုင်လျက်ကျသဖြင့် ဒဏ်ရာမရပါ။ သူ့လက်တွင်သာ သွေးချင်းချင်းနီကုန်သည်။

ထိုနေ့က စက်ဘီးလဲသည့်ဒဏ်ရာသည် သူ့ဘ၀တွင် သေရာပါ အမှတ်အသားအဖြစ် ကျန်ရစ်သည်။ ညာဘက်လက် တံတောင်ဆစ်နားတွင် ဖုနေသော အနာရွတ်ကို စမ်းမိတိုင်း သူ့ညီမလေးကို လွမ်းလွမ်းဆွေးဆွေး သတိရမိမြဲဖြစ်ပါသည်။ နီးတကျက်ကျက်၊ ဝေးတသက်သက်ဟူသော ဆိုရိုးသည် မှန်လွန်းပေစွ။ ညီမလေးနှင့်သူ ဝေးကွာခဲ့ရသည်မှာ ခုနစ်နှစ်ကျော်၍ ရှစ်နှစ်ထဲပင် ၀င်လာပေပြီ။ အနေဝေး၍ သွေးအေးတတ်ခြင်းဟူသော နိယာမသည် မောင်နှင့်နှမ၊ သားနှင့်အမိကြားတွင် တက်တက်စင်အောင် မှားယွင်းလေသည်။ အကြောင်းတိုက်ဆိုင်သော အချိန်တိုင်းတွင် မိဘနှစ်ပါးနှင့် ညီမလေးကိုလွမ်းသောအလွမ်းသည် သူ့ရင်ကို စူးနင့်သိမ်မွေ့စွာ ခုန်စေမြဲဖြစ်လေ၏။

ညီမလေးနှင့်သူ အသက်ငါးနှစ်ကျော်ကွာသောကြောင့် ယခုအချိန်ဆိုလျှင် ညီမလေး အသက် အစိတ်ကျော်ပြီး သုံးဆယ်တွင်းသို့ ၀င်လောက်ပေပြီ။ သို့သော် သူ့စိတ်ကူးထဲတွင် ညီမလေးသည် စကတ်ကားကားလေးဖြင့် အသားဖြူဖြူ ခပ်၀၀ ကလေးမလေး တစ်ယောက်သာ ဖြစ်နေပါသေးသည်။ ဆရာဝန်မကြီး ဖြစ်နေပြီဖြစ်သော ညီမလေး၏ ပုံသဏ္ဌာန်မည်သို့ရှိမည်ကို သူမကြာမကြာဆိုသလို ရင်ခုန်စွာဖြင့် စိတ်ကူးကြည့်မိဖြစ်သည်။ ဖြူဖွေးသော အသားအရည်၊ မြင့်မားခန့်ထည်သော အရပ်အမောင်းဖြင့် လူနာများအလည်တွင် တည်ငြိမ်အေးဆေးစွာ ရှိနေမည်ဖြစ်သော ညီမလေးကို သူအားရ၀မ်းသာစွာ မြင်ယောင်နေမိတတ်သည်။ မည်သည့်အခါကမှ စာမကြိုးစားခဲ့ဖူးသော ညီမလေးတစ်ယောက် ဆရာဝန်ဘ၀သို့ ရောက်လာခြင်းကိုလည်း ပြန်တွေးဖြစ်ပြန်သည်။

သူ့ညီမလေးမှာ သူ့ထက်ပို၍ ဥာဏ်ရည်မြင့်မားသူဖြစ်သလို သူ့ထက်ပို၍ အပျင်းကြီးသူလည်း ဖြစ်သည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူဘ၀တလျှောက်လုံး တစ်နှစ်တစ်တန်း မှန်မှန်အောင်ရုံထက်ပိုသော ကြိုးစားအားထုတ်မှုမျိုး မရှိခဲ့သော ညီမလေးသည် ဆယ်တန်းကျောင်းသူဘ၀တွင်လည်း ပုံမှန်ကြိုးစားမှုဖြင့်သာ ပေါ့ပေါ့ဆဆနေခဲ့သူဖြစ်သည်။ ကိုယ့်အာရုံ၊ ကိုယ့်အလုပ်ဖြင့် ဖာသိဖာသာနေလေ့ရှိသော သူကလည်း ညီမလေးကို မည်သည့်တွန်းအားပေးမှုမျိုးမှ မလုပ်ခဲ့မိပြန်ပါ။ ဆယ်တန်းစာမေးပွဲ ဖြေချိန်တွင် ညီမလေးဒုက္ခတွေ့တော့သည်။ ထိုအချိန်တွင် သူသည် ဆေးတက္ကသိုလ်တွင် ပထမနှစ်တက်ရောက်နေပြီ ဖြစ်သည်။ မြန်မာစာဖြေသည့်ရက်ကတည်းက ခေါင်းငိုက်စိုက်ဖြင့်ထွက်လာသော ညီမလေး၏ အခြေအနေသည် မေးစရာမလိုအောင် ထင်ရှားနေပေပြီ။ ထို့ကြောင့် မိဘများနှင့် တိုင်ပင်ပြီး နောက်ဆုံးဘာသာကို သွားမဖြေခိုင်းတော့ဘဲ တစ်နှစ်အကျခံရန် စိတ်မကောင်းခြင်းကြီးစွာနှင့် ဆုံးဖြတ်ကြရတော့သည်။ သို့သော် တစ်နှစ်အကျခံခြင်း၏ အကျိုးကျေးဇူးကို ညီမလေး မခံစားရတော့ပါ။ နောက်တစ်နှစ်တွင် ဆယ်တန်းသင်ရိုးညွှန်းတန်း အားလုံး အသစ်ပြောင်းသွားသောကြောင့်ပင် ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ အမှတ်သည်းခြေကြီးလှသော ညီမလေးသည် သင်ခန်းစာ အသစ်များကို အားကြိုးမာန်တက် လေ့လာလေတော့သည်။ အစ်ကိုဖြစ်သူက ဆေးကျောင်းသား၊ ညီမလုပ်တဲ့သူက ဆယ်တန်းကျဟူသော ပတ်ဝန်းကျင်၏ စကားသံများကိုလည်း စိတ်နာသွားဟန် ရှိလေသည်။ “မောင်နှမချင်းဆိုပေမယ့် ကိုယ့်ရှိမှ ကိုယ်စားရမှာနော်၊ အစ်ကိုဆရာဝန်ဖြစ်လို့ ညီမကို ထိုင်စားခိုင်းမယ်မထင်နဲ့”ဟူသော သူ့စကားသည်လည်း ညီမလေးကို ပို၍နာကျင်ကောင်း နာကျင်စေမည် ဖြစ်ပါသည်။ ညီမလေး စိတ်နာပြီး စာကြိုးစားစေရန် ရည်ရွယ်ချက်ဖြင့် ပြောခဲ့မိသော်လည်း ထိုစကားစုများကို သူပြန်တွေးမိတိုင်း စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိရလေ့ ရှိပါသည်။ နာကြည်းမှုများဖြင့် တပင်တပန်းကြိုးစားခဲ့ခြင်းကြောင့် အောင်စာရင်းထွက်ချိန်တွင် ညီမလေးသည် သုံးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့လေသည်။ မောင်နှမနှစ်ယောက်လုံး တက္ကသိုလ်တစ်ခုတည်းတွင် တက်ရောက်ခွင့်ရသည့် ဖြစ်ရပ်သည်လည်း မိဘများကို ပီတိကြီးစွာ ဖြစ်စေခဲ့လေသည်။

ယခုဆိုလျှင် ညီမလေး ကျောင်းပြီးသွားသည်မှာ သုံးလေးနှစ်ခန့် ရှိပေပြီ။ သို့သော် သူသည်ကား ညီမလေးနှင့် အဝေးတွင် ရောက်နေခဲ့လေသည်။ ယုံကြည်ချက်တစ်ခုကို တရားသေဆုပ်ကိုင်ရင်း အတ္တများ၊ မာနများဖြင့် မိုက်မဲလှသော သူသည် မိဘနှင့်အဝေးတွင် ဘ၀တိုက်ပွဲကို ကျားကုတ်ကျားခဲ ဆင်နွှဲနေရလေသည်။ စာမလာ သတင်းမကြားဖြင့် စိမ်းကားလှသော အစ်ကိုဖြစ်သူကို ညီမလေး သတိတရရှိနေမည်လား၊ ငယ်စဉ်ကတည်းက လက်ပွန်းတတီးမနေခဲ့သော အစ်ကိုဖြစ်သူကို စိတ်နာနေမည်လား သူမစဉ်းစားတတ်ပါ။ စဉ်းလဲမစဉ်းစားရဲပါ။ စဉ်းလဲ မစဉ်းစားချင်ပါ။ သူသိသည်မှာ သူ့ညီမလေးကို သူအလွန် ချစ်မြတ်နိုးခြင်းပင် ဖြစ်ပါသည်။

အတွေးစတို့၏ အဆုံးတွင် သူ့လက်မှ အနာရွတ်ကို ငုံ့ကြည့်မိသည်။ သိသာထင်ရှားစွာ ဖောင်းနေသော အနာရွတ်သည် သူ့ကိုလှောင်ပြုံးပြုံးနေသယောင်ယောင် ရှိလေ၏။ အနာရွတ်ကို နောက်တစ်ခါ ပွတ်သပ်ကြည့်မိသည်။ သူ့ရင်ထဲတွင် အမျိုးအမည်မသိသော ဝေဒနာတစ်ခု ဖြစ်ပေါ်လာပြန်၏။ ချစ်ခြင်းမေတ္တာလား၊ ရှက်ခြင်းလား၊ ဂုဏ်ယူခြင်းလား၊ သူမဝေခွဲတတ်တော့ပါ။

မည်သို့ပင်ဆိုစေ သူ့ညီမလေးအပေါ်တွင် သူ၏ချစ်မြတ်နိုးခြင်းသည် သေရာပါမည့် သူ့အနာရွတ်နှင့်အတူ သူ့နှလုံးသားထဲတွင် ထာဝရစွဲမြဲစွာ ရှိနေမည်မှာ သေချာပါသည်။

ညီမလေးရော သူ့ကို ချစ်ပါဦးမည်လား…

Sunday, 10 July 2011

ဒဏ်ရာဟောင်းများ . . .

မီးကလည်း အခုထိ အပြည့်အ၀ ပြန်မလာနိုင်သေးပါ။ 
တစ်ရက်ခြားတစ်ခါ အလှည့်နဲ့လာနေတာမို့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဖြစ်အောင် လုပ်ပေးနေရော့သလား ထင်မိပါတော့တယ်။ ဒီကြားထဲမှာ ကံကွက်ကြားမိုးရွာချင်ပြန်တော့ သူများတွေမီးလာတဲ့အလှည့်များဆို ဘာအနှောင့်အယှက်မှ မရှိဘဲ ကိုယ်တို့အလှည့်များကျရင် တစ်ခါမှ ဖြောင့်ဖြောင့်ဖြူးဖြူး မရှိရှာပါ။ ဖြူးစ်ပြတ်လို့တစ်မျိုး၊ လိုင်းကြောင်လို့တစ်ဖုံနဲ့ ပျက်လိုက်လာလိုက် ဖြစ်ရရှာပါသေးတယ်။ ဖြစ်လေရာ ဘ၀ဘ၀တွေတုန်းက ဘုရားကို မီးမပူဇော်ခဲ့မိလို့များ အခုလို ကံဆိုးရှာလေရော့သလား မတွေးတတ်တော့ပါ။ ဒါပေမယ့်လည်း အရင်ဘ၀က ဦးဟန်ကြည်အလောင်းအလျာ ကိုယ်တော်မြတ် ဘာတွေလုပ်ခဲ့တယ်ဆိုတာကလည်း ပြန်မသိနိုင်တဲ့အရာ ဖြစ်နေပြန်တော့ ထုံးစံအတိုင်း “ကံ”ကိုပဲ အပစ်ပုံချပြီး ဖြေသာအောင် ဖြေရရှာပါရဲ့။

မီးမလာတာကြောင့် အရင်ကလို စာလည်းကောင်းကောင်းမရေးနိုင်တော့ပါ။ မီးလာတဲ့ အချိန်ဆိုရင်လည်း လုပ်ငန်းနဲ့ပတ်သက်သမျှ သင်ထောက်ကူစာအုပ်စာတမ်းတွေ ပြုစုရ၊ ပရင့်ထုတ်ရနဲ့မို့ စာဖတ်ပရိသတ်ကို မနှိပ်စက်ဖြစ်တာလည်း တစ်ပတ်နီးပါး ရှိသွားပါတော့တယ်။ ( အတော်လေးတော့ စိတ်ချမ်းသာကြမယ် ထင်ရဲ့ )

မီးပျက်တဲ့ညတွေမှာ ဦးဟန်ကြည်တစ်ယောက် တပင်တပန်းနဲ့ ရုန်းကန်ခဲ့ရတဲ့ ဘ၀အစပိုင်း အချိန်တွေကို ပြန်ပြန်သတိရမိတတ်ပါတယ်။ ခတ်ကျွဲမှန်ရင် ချိုချက်မကင်းတာ သဘာဝမို့ မည်းမည်းမြင်သမျှ ကောင်းစေချင်တဲ့ ဆန္ဒတစ်ခုနဲ့ စေတနာကလွဲရင် ကျန်တာ ဘာကိုမှမမြင်ရှာတဲ့ ဦးဟန်ကြည်ခမျာမှာလည်း ရင်ထဲမှာ ဒဏ်ရာတွေအပြည့်ပါ။ မီးရောင်ထိန်ထိန်နဲ့ အများနည်းတူ လှုပ်ရှားခွင့်ရနေတဲ့ အချိန်များမှာ ဒဏ်ရာဟောင်းတွေက သိပ်မနာလှပေမယ့် အခုလို မီးကပျက်၊ ညမှောင်မှောင်မှာ အိပ်မပျော်ဘဲ သန်းခေါင်ကျော်တဲ့အထိ အတွေးနယ်ချဲ့မိပြန်ရင် ဒဏ်ရာတွေက အဟောင်းကို အသစ်ပြန်ဖြစ်တာမို့ ကဗျာတစ်ပုဒ်အဖြစ် အံထုတ်မိပါတော့တယ်...

ခံစားပေးပါဦးလေ... 


 “ ဒဏ်ရာဟောင်း ”
မီးပျက်ညမှာ
လမသာခိုက်  မှောင်မိုက်မည်းမည်း
မိုးဖွဲဖွဲရွာ  လွမ်းမိပါ၏
ဒဏ်ရာဟောင်းတို့ပေါ်လာသည်။

ဘ၀တိုက်ပွဲ  ငါဆင်နွှဲစဉ်
မှောင်မဲလှစွာ  ရွာတစ်ရွာ၌
ဝမ်းစာအတွက်  သက်ဆက်ရုန်းကန်
မနက်ဖြန်တိုင်း  ထိုင်းမှိုင်းလေးလံ
ဒဏ်ရာများလည်းမရေနိုင်။

တစ်ရက်တစ်ရက်  မနက်များစွာ
ရောင်ခြည်ဖြာတိုင်း  ထိုင်းမှိုင်းလေးလံ
ကြေကွဲရန်ထက်  ၀မ်းစာခက်ခဲ့
အသက်သည်လည်း သေခဲစွ။

ကိုယ့်လမ်းကိုယ်ပြင်  ကိုယ့်ယာဉ်ကိုယ်မောင်း
လမ်းကြောင်းမရှိ 
ရောက်သည့်နေရာ  ခြေကုပ်ရှာရင်း
ဝမ်းစာအတွက်ရုန်းခဲ့သည်။

နှစ်ပေါင်းများစွာ
ခြေရာရှာရင်း ၀ဲလည်ရင်းဖြင့်
ထမင်းနပ်မှန်  ၀တ်ရန်အကျီ
ပီပြင်လာစ 
  ဘ၀ရောင်ခြည်  သန်းလာသည်တွင်
  ရင်တွင်ဒဏ်ရာများခဲ့ပြီ။

မီးရောင်ဝေဖြာ  နေရာအသစ်
ဘ၀သစ်တွင်  ကြည်လင်သာယာ
နေရပါလည်း  မှောင်မည်းကာလ
မီးပျက်ညနှင့်  ကြုံရပြန်ရာ
ဤအခါတွင်  ဒဏ်ရာကြေမွ
ရင်ကအနာ  ပြန်၍နာ၏
သေသည့်တိုင်အောင်စွဲမည်ထင့်။     ။

ဟန်ကြည်
၁၁.၇.၂၀၁၁ ( တနင်္လာနေ့ )
၁ : ၃၀ နာရီ

ကြိုက်ရင်ပေါ့လေ . . .