Monday 29 August 2011

ဘလော့ဂ်ဒေး - ၃ ( တက်ဂ်ပို့စ်အဆုံး ) . . .

ဦးဟန်ကြည် အမြဲသွားလေ့ရှိတဲ့ ဘလော့ဂ်တစ်ခုက ဒေါ်ချော(အစိမ်းရောင်လွင်ပြင်) ရဲ့ဘလော့ပါ။ facebook ပေါ်မှာ မိတ်ဆွေဖွဲ့ထားပေမယ့် တရင်းတနှီးစကားမပြောဖြစ်ပါ။ သူ့ဓာတ်ပုံထဲက ရှုတင်းတင်းဒီဇိုင်းကို လန့်တာကြောင့်လည်း တစ်ကြောင်းပါပါတယ်။ သူရေးတဲ့ပို့်စ်တွေထဲက “နေပြည်တော်ဆဖာရီဥယျာဉ်သို့” ကို အိမ်ရှင်မနဲ့အတူဖတ်ရင်း စိတ်ပါသွားကြတာကြောင့် ဒီနှစ်နွေရာသီက နေပြည်တော်ကို တစ်ပတ်ကြာအောင် အပန်းဖြေခရီးသွားဖြစ်ပြီး ဆဖာရီဥယျာဉ်အစစ်နဲ့ နဖူးတွေ့ဒူးတွေ့တွေ့တော့မှပဲ ပိုလို့အမှတ်တရဖြစ်စေခဲ့ပါရဲ့။ ဟင်းချက်ကောင်းလှတဲ့ ဒေါ်ချောနဲ့ အိမ်နီးချင်းဖြစ်ဖို့ မကြာမကြာလည်း ဆုတောင်းမိပါသေးတယ်။ အိမ်နားသာနီးရင် သူ့အိမ်က ဟင်းနံ့ရတိုင်း ခပ်တည်တည်နဲ့ ဧည့်သည်သွားလုပ်လို့ ရမယ်လို့ လိုရာဆွဲတွေးမိလို့ပါ။ ဒေါ်ချောရဲ့ ဘာဘာညာညာတွေက ရိုက်ထုတ်တော့လည်း အနည်းဆုံးတော့ အပြေးကျင့်ပြီးသားဖြစ်မယ် မဟုတ်ပါလား။

ဆိုက်ပရပ်စ်ကျွန်းမှာ စံမြန်းတော်မူတဲ့ အဖြူရောင်နတ်သမီး ကိုလည်း အကြောင်းသုံးပါး ရွေးမှာမဟုတ်တဲ့ သူ့မျက်စောင်းကို ကြောက်ရတာကြောင့် ဒီပို့စ်မှာ ချန်ထားလို့မဖြစ်ပါ။ မျက်စောင်းစာမိရင် ဦးဟန်ကြည်ရဲ့ ချောကလက်ရောင် အသားအရည်ကနေ သပိတ်ရောင်ပေါက်သွားမှာ စိုးရိမ်ရတယ် မဟုတ်ပါလား။ လွန်ခဲ့တဲ့ သုံးလေးညကျော်လောက်ကပဲ “ဦးဟန်ကြည်ကြီး အသားတွေ ပိုမည်းပါစေတော် ”လို့ ဂျီတော့မှာ နှုတ်ခွန်းဆက်လိုက်တာကို ခံရပြီးကတည်းက သူ့ကိုတော့ လန့်ရပါတယ်။ နတ်သမီးရဲ့ဘလော့ကိုတော့ ဆိုက်ပရပ်စ်ကျွန်းရဲ့ အလှတွေ ဆီပရီယိုတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို သွားဖတ်ရင်းနဲ့ အခုထိ ဖတ်ဖြစ်နေပါရဲ့။ ဒါပေမယ့် ဒီနတ်သမီးက အခုတလော အလုပ်များတာရယ်၊ ဖျားတာရယ် အကြောင်းပြပြီး စာရေးကျဲနေပါတော့တယ်။ ဘလော့ဂါသူငယ်ချင်းတွေရဲ့မွေးနေ့တွေကို ကျကျနန လုပ်ပေးလေ့ရှိတာလည်း အနှီနတ်သမီးပါ။ ဦးဟန်ကြည်ကတော့ ဧပြီလမှာရောက်မယ့် သူ့ရဲ့မွေးနေ့ကို နတ်သမီးကို ကန်ထရိုက်ပေးပြီး Remy Martin နဲ့ပဲကျင်းပခိုင်းရမလား၊ Hennessey နဲ့ပဲ ကျင်းပခိုင်းရမလား စဉ်းစားနေမိပါရဲ့။
( နတ်သမီးက သူ့နံမည်ကို အခါတစ်ရာပြည့်အောင် ထည့်ရမယ်လို့ ရာဇသံပေးပါတယ်။ နတ်သမီးနံမည်အပေါ်မှာ ထပ်ညွှန်း ၁၀၀၀ တင်ပြီး ဖတ်ပေးတော်မူကြပါ )

ဒီလပိုင်းမှာ facebook မှာ မကြာမကြာဆုံဖြစ်တာကတော့ ကိုဇော် ပါ။ သူ့ဘလော့မှာ ထိပ်စည်းတင်ထားတဲ့ “ရေးတဲ့စာနဲ့ စာရေးတဲ့သူကို မရောထွေးစေချင်ပါ ”ဆိုတဲ့စာသားကို ဦးဟန်ကြည် အင်မတန်ကြိုက်ပါတယ်။ ဘာကြောင့်လဲဆိုရင် တက္ကသိုလ်ကျောင်းသားဘ၀က အချစ်ကဗျာတွေ အရေးများတဲ့ ဦးဟန်ကြည်ကို သူငယ်ချင်းတွေက ဘယ်ကောင်မလေးကိုများ ရည်ရွယ်ပြီးရေးသလဲဆိုတာ မယုံသင်္ကာတဲ့အမေးတွေနဲ့ မကြာမကြာအမေးခံခဲ့ရတာကြောင့် ရေလဲနဲ့သုံးခဲ့ရတဲ့ စကားလုံးဖြစ်နေလို့ပါ။ သူက facebook မှာ ဘလော့ဂ်ဒေးအကြောင်းရေးဖို့ ဘလော့ဂါတွေကို တက်ဂ်ထားပါသေးတယ်။ ပျော်ပျော်နေတတ်တဲ့ ကိုဇော်က ခင်စရာကောင်းတယ်လို့ ဦးဟန်ကြည်ကတော့ မြင်ပါတယ်။ သူလုပ်ပေးထားတဲ့ “ ဘလော့ဂါများရဲ့ ပို့စ်များ ” ဆိုတဲ့ ဆိုဒ်ကလေးက ဘလော့ဂ်လောကသားတွေအတွက် အင်မတန် အကျိုးများပါရဲ့။ အဲဒီဆိုဒ်ကို သွားကြည့်ပြီး ဘာတွေအသစ်တက်သလဲဆိုတာ အသာလေးဖတ်လိုက်ရုံပါပဲ။ သူ့ကိုတော့် ဦးဟန်ကြည်က ဘလော့ရွာရဲ့ အကျိုးတော်ဆောင် လို့ နံမည်ပေးချင်ပါရဲ့။ အနှီကိုဇော့်မှာက ဂျီတော့ခ်မိတ်ဆွေပေါင်း တစ်သောင်းကျော်ရှိတာကတော့ စံချိန်လို့များဆိုရမလားမသိပါ။ ဂျီတော့ခ်မိတ်ဆွေ ၂၀ ပြည့်အောင်တောင် လောက်လောက်လားလား မရှိရှာတဲ့ ဦးဟန်ကြည်ကတော့ ကိုဇော်ရဲ့ မိတ္တဗလဋီကာ ကျေပုံကို သြချယူရပါရဲ့။

ကိုမြစ် ( မြစ်ကျိုးအင်း) ကိုတော့ “ကမ္ဘာမြေမှာ ဖျော်ဖြေမှုတွေကုန်သွားရင်တောင် ကျန်နေစေချင်တာ ရသစာပေပါ”ဆိုတဲ့ စာသားနဲ့တွဲပြီး မှတ်မိနေတဲ့ ဘလော့ဂါပါ။ သူလုပ်နေတဲ့ အွန်လိုင်းရွှေဝထ္ထုဆုကို ဦးဟန်ကြည် အင်မတန်မှ အားရသလို နိုင်သလောက်လုပ်နေတဲ့ သူ့ကိုလည်း အင်မတန်လေးစားပါတယ်။ ရသစာပေအတွက် သူလိုလူတွေ အများကြီးလိုပါတယ်။ သူ့ကိုယ်သူ ဘကြီးမြစ်လို့ နံမည်တပ်ပြီးရေးလေ့ရှိတဲ့ ကိုမြစ်က ပင်ကိုရေးအရေးကောင်းသူဖြစ်လို့ စာပေနယ်မှာ အောင်မြင်စေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ သူက International Look မဂ္ဂဇင်းမှာ ကဏ္ဍတစ်ခုကို တာဝန်ယူပြီး အွန်လိုင်းဘလော့တွေပေါ်က ဘလော့ဂါတွေကို offline မှာ ချပြနေပါတယ်။ “အွန်လိုင်းမှာလည်း ပညာရှင်တွေရှိကြောင်း ကျွန်တော်ချပြချင်တာအစ်ကို”လို့ တစ်ဖွဖွပြောလေ့ရှိတဲ့ ကိုမြစ်ရဲ့ ဆန္ဒတွေ ပြည့်ဝပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါရစေ။

အဖြူလေး ရဲ့ ဘလော့ကိုတော့ မာန်(တောင်လုံးပြန်)ရဲ့ ၀ထ္ထုကို နှစ်နှစ်ခြိုက်ခြိုက်သွားဖတ်မိရင်းက ပို့စ်အသစ်တင်တိုင်း ရောက်ဖြစ်နေပါတယ်။ အဖြူလေးက ဘာသာရေးကိုလည်း လေးလေးနက်နက် သက်ဝင်ယုံကြည်သူဖြစ်တာကြောင့် သံသရာနဲ့ပတ်သက်တဲ့ အတွေးအမြင်တွေကို ဒီဘက်ကာလတွေမှာ မကြာမကြာတင်နေပါတယ်။
ဘာသာရေးအသိရှိပေမယ့် မေ့မေ့လျော့လျော့ ဖြစ်နေလေ့ရှိတဲ့ ဦးဟန်ကြည်ကို တရားကပ်အောင် သတိပေးနိုင်တဲ့ အတွေးအခေါ်ကောင်းကောင်းနဲ့ အဖြူလေးကိုလည်း ကျေးဇူးတင်ရမယ့် ဘလော့ဂါစာရင်းကနေ ချန်ထားလို့ မရစကောင်းပြန်ပါ။

ဘလော့ရွာကို ရောက်တာ မကြာသေးပေမယ့် ရေးအား၊ ဖတ်အား အင်မတန်ကောင်းသူကတော့ အန်တီတင့် ပါ။
ပြည်တွင်းမှာနေပြီး ရသမျှကွန်နက်ရှင်ကလေးကို စိတ်ရှည်လက်ရှည်အသုံးချပြီး ပို့စ်တွေတင်နေတဲ့ ဘလော့ဂါအန်တီတင့်ကိုလည်း ဦးဟန်ကြည်လေးစားပါတယ်။ အန်တီတင့်က သူ့ဖေဖေအကြောင်း၊ သူလုပ်စားဖြစ်တဲ့မုန့်တွေအကြောင်း၊ ဘုရားသမိုင်းတွေအကြောင်းကို စီကာပတ်ကုံးရေးတတ်သူပါ။ ကိုယ်တိုင်က အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့အပြင် ဦးဟန်ကြည်တို့ထက် အများကြီးစီနီယာကျတဲ့အန်တီတင့်ရဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်လေးတွေကို ဖတ်ရတာ အမေလူထုဒေါ်အမာရဲ့ “ အမေ့ရှေးစကား ” ကိုတောင် ပြန်သတိရသွားစေပါရဲ့။ ဘလော့ဂါတွေထဲမှာ အသက်အကြီးဆုံးဖြစ်ကောင်းဖြစ်နိုင်တာကြောင့် ချီးကျူးမိတဲ့အပြင် ဘလော့ဂ်အလည်သွားတဲ့နေရာမှာ စံချိန်တင်ရလောက်အောင် ဘလော့ဂ်အားလုံးနီးပါးကို ရောက်ဖြစ်တဲ့ အန်တီတင့်တစ်ယောက်လည်း ဆက်ပြီးဘလော့ဂင်းနိုင်ပါစေ။ ဦးဟန်ကြည် ရန်ကုန်ကိုအလည်လာဖြစ်ရင်လည်း အိမ်မှာဖိတ်ပြီး မုန့်လုပ်ကျွေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါရစေ။

ဒီလပိုင်းမှာ ဦးဟန်ကြည်ဆီကို မျက်စိလည်လမ်းမှားပြီး ရောက်လာသူကတော့ မဒိုးကန် (မဒန်ကိုး) ပါ။ သူ့ဘလော့ကိုရောက်တဲ့အခါမှာ ကိုရင်သာပျော့ ပါ အင်တိုက်အားတိုက်ရေးနေတာတွေ့ရတာမို့ တယ်လည်းညီတဲ့စုံတွဲလို့ မုဒိတာပွားရပါတယ်။ သူ့ဘလော့ကိုတော့ ရင်းနှီးတာ သိပ်မကြာသေးတာမို့ ဦးဟန်ကြည် ဝေဖန်ချက်သိပ်မပေးနိုင်သေးပါ။ ဝေဖန်ချက်အပေးမှားရင်လည်း ကလေးကလားဆန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရွတ်ဆွဲပြီး နှက်ထည့်လိုက်မှာကြောက်ရသေးတယ် မဟုတ်ပါလား။ လွန်ခဲ့တဲ့ ပို့စ်သုံးလေးခုကျော်လောက်က သူတင်လိုက်တဲ့ဘာသာရေးဆိုင်ရာ အတွေးအမြင်ပို့စ်လေးတစ်ခုကတော့ဖြင့် ရင်ထဲကို ထဲထဲဝင်ဝင်ရောက်သွားခဲ့တာမို့ သတိတရတော့ ရှိနေပါရဲ့။

ဘလော့ရွာက စုံတွဲတွေမှာ အားကျစရာ၊ ချစ်စရာကောင်းလှတဲ့ နောက်တပ်စုံတွဲကတော့ ငွေလမင်းတို့စုံတွဲလို့ပါ။ နှစ်ယောက်စလုံးစာအရေးအသားကောင်းသလို တစ်ယောက်ကိုတစ်ယောက် ဘယ်လိုချစ်ကြောင်း၊ သံယောဇဉ်ကြီးကြောင်း အပြန်အလှန်ရေးကြတာတွေကိုဖတ်ရင်း ဦးဟန်ကြည်တောင် အသက်တော်တော်ပြန်ငယ်လာတယ်လို့ ခံစားမိရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အချစ်ပိုလွန်းကြတဲ့ ဒီစုံတွဲကို ဦးဟန်ကြည် မကြာမကြာ ကွန်မန့်ထဲမှာ ရန်တိုက်ပေးလေ့ရှိပါရဲ့။ ဒါပေမယ့် ဒီနှစ်ယောက်က ရန်ဖြစ်တာကိုလည်း ပို့စ်ဖြစ်အောင် ရေးနိုင်သူတွေမို့ ကုန်ကြမ်းသွားပေးသလို ဖြစ်တာက များပါလိမ့်မယ်။ ကဖိုးငွေက သမိုင်းဆိုင်ရာ အချက်အလက်၊ အထောက်အထားလေးတွေ၊ သိစရာ၊ မှတ်စရာလေးတွေကိုလည်း ရေးတတ်သူဖြစ်တာမို့ လေးလည်းလေးစားမိပါသေးတယ်။

နောက်ထပ်ဘလော့ဂါစုံတွဲဖြစ်တဲ့ ကိုရင်နော်နဲ့ မခင်လေးငယ် တို့ရဲ့ ဘလော့ကိုလည်း ဦးဟန်ကြည် နှစ်နှစ်ခြိုက်ခြိုက်ဖတ်ဖြစ်ခဲ့ပါတယ်။ ဘလော့ဂ်ရွာကို ရောက်စအချိန်က မကြာမကြာ စာသွားဖတ်ဖြစ်တဲ့ နေရာတွေထဲမှာ သူတို့ဘလော့လဲ ပါပါရဲ့။ ဒီဘက်ကာလတွေမှာတော့ အဲဒီဘက်ကို မရောက်ဖြစ်တာကြာပြီမို့ ဒီစုံတွဲဆက်ရေးဖြစ်သလား၊ မရေးတော့ဘူးလား မသိတော့ပါ။ ဘလော့ဂါစုံတွဲတွေကို အားကျလာရင်း မဒမ်ဟန်ကြည်ကိုပါ ဘလော့ရွာထဲခေါ်ဖို့ စဉ်းစားမိတဲ့အထိ ဆွဲဆောင်မှုရှိလှတဲ့ ဘလော့ဂါစုံတွဲဆိုတာ ဘလော့ရွာရဲ့ ကျက်သရေဆောင် တွေ မဟုတ်ပါလား။

ကွန်မန့်မပေး၊ ခြေရာမချန်ဖြစ်ခဲ့ပေမယ့် အွန်လိုင်းစသုံးဖြစ်ကတည်းက အမြဲတမ်းရောက်ဖြစ်တဲ့နေရာကတော့ ကိုပီတာရဲ့ အတွေးပုံရိပ်များ ပါ။ သူက နိုင်ငံတကာက ထူးခြားဆန်းပြားလေးတွေကို ရှာရှာဖွေဖွေကောက်နုတ်ဘာသာပြန်ပြီး စုစုဆောင်းဆောင်းနဲ့တင်ပြတတ်သူမို့ သူ့ဘလော့ဂ်လေးမှာ ဦးဟန်ကြည် မမြင်ဖူးခဲ့၊ မကြားဖူးခဲ့သမျှတွေ ပြည့်နှက်နေပါတယ်။ ကိုပီတာက ပုံညွှန်းတပ်တဲ့နေရာမှာလည်း ဟာသဓာတ်ခံအပြည့်ရှိသူမို့ သူ့ပုံညွှန်းလေးတွေကို အရသာခံပြီး ပျော်ပျော်ကြီး ဖတ်ဖြစ်ပါတယ်။ ယူအေအီးနိုင်ငံမှာ လုပ်တဲ့ ဆရာအော်ပီကျယ်၊ ဆရာချစ်ဦးညိုတို့ရဲ့ စာပေဟောပြောပွဲကိုလည်း အဓိက ၀ါယမစိုက်ထုတ်ခဲ့သူမို့ ( သူကတော့ သူ့ကိုယ်သူ TTMY တောက်တိုမယ်ရလို့ပဲ ခေါင်းစဉ်တပ်ပါသတဲ့ )ကိုပီတာရဲ့ စာပေသစ္စာကို လေးစားမိပါသေးတယ်။ ဘယ်လောက်ပဲ စိတ်ပျက်၊ စိတ်ညစ်နေပါစေ ကိုပီတာရဲ့ဘလော့ဂ်ကို ရောက်သွားတဲ့အခါတိုင်းမှာ အံ့သြရ၊ ရယ်ရတာနဲ့တင် စိတ်ညစ်ပြေသွားလေ့ရှိတာမို့ ကိုပီတာကို ဘလော့ရွာရဲ့ စိတ်ကုဆရာ လို့ ဦးဟန်ကြည်က ကင်ပွန်းတပ်ပေးချင်ပါရဲ့။

ကွန်မန့်ဘောက်စ်ရော၊ စီဘောက်စ်ပါ မရှိလို့ ခြေရာချန်ခွင့်မရပေမယ့် အမြဲလိုလို သွားဖတ်ဖြစ်တဲ့နေရာကတော့ ခင်မမမျိုး ရဲ့ဘလော့ဂ်ပါ။ သူက ပညာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ပညာရေးစီမံချက်တွေ၊ အယူအဆတွေကို အင်မတန်အရေးကောင်းသူ ဖြစ်ပါတယ်။ ရသထက် သုတဆိုင်ရာ အချက်အလက်တွေကို ဦးစားပေးပြီး ရေးလေ့ရှိတာကြောင့် သူ့ပို့စ်တွေက Term paper ဆန်နေပေမယ့် အရေးအသားက အင်မတန် ရှင်းလင်းတာကြောင့် အလွယ်နဲ့ သဘောပေါက်စေပါတယ်။ ကိုယ်တိုင်က မအားမလပ်ဖြစ်နေတဲ့ကြားက ပညာရေးလောကကို သံယောဇဉ်ကြီးလှတဲ့ ခင်မမမျိုးက ပညာရေးလောကသားတွေကိုလည်း အင်မတန်သံယောဇဉ်ကြီးသူလည်း ဖြစ်ပါသေးရဲ့။ ဦးဟန်ကြည် ဖတ်ချင်လှတဲ့ ပညာရေးဆိုင်ရာ စာအုပ်စာတမ်းတွေရနိုင်မယ့်နေရာကိုလည်း လမ်းညွှန်ပေးခဲ့ဖူးတာမို့ တိုးတက်ချင်လွန်းတဲ့ ဦးဟန်ကြည်ရဲ့ ကျေးဇူးရှင်စာရင်းထဲမှာ သူ့ကို ထိပ်ဆုံးက မထည့်လို့ ဖြစ်ကိုမဖြစ်ပါ။

ကိုငြိမ်းနိုင် ရဲ့ဘလော့ဂ်ကိုတော့ သတိထားမိတာ သိပ်မကြာသေးပါ။ မဒိုးကန်ရဲ့ဘလော့မှာ ကွန်မန့်လေးတွေနဲ့ ကလိတတ်လွန်းတာကြောင့် သတိထားမိပြီး လင့်ခ်ကနေ သူ့ဘလော့ဂ်ကို သွားလည်ဖြစ်မှ အတွေးသွက်သွက်၊ အရေးညက်ညက်နဲ့ ဖတ်ချင်စရာကောင်းတဲ့ ဘလော့ဂ်တစ်ခု ကောက်ရလိုက်ပါတော့တယ်။ တစ်ခုခုဆိုရင် အတွေးသန်လွန်းတဲ့ ဦးဟန်ကြည်အတွက် တွေးဖော်တွေးဖက် တစ်ယောက်ရလာသလို ခံစားရတာမို့ မဖတ်မိလိုက်တဲ့ သူ့ပို့စ်အဟောင်းတွေကိုလည်း အားရင်အားသလို သွားဖတ်နေဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ ဦးဟန်ကြည်ဆီကို ပုံမှတ်လိုလို စာလာလာဖတ်နေတဲ့ Blackrose ကိုလည်း ချန်ထားလို့မရပြန်ပါ။ အရင်ပို့စ်မှာကတည်းက သူ့ဘလော့ဂ်အကြောင်းကို ထည့်ရေးဖို့ လာပြီးသတင်းပို့သွားတာမို့ပါ။ သူ့ဘလော့ဂ်နဲ့ ရင်းနှီးတာ သိပ်မကြာသေးတာမို့ ဝေဖန်ချက်တော့ မပေးနိုင်သေးပါ။ ဖတ်မိသမျှကတော့ သူ့ချစ်ချစ်အကြောင်းလေးတွေ စီကာပတ်ကုံးရေးထားတာပါပဲ။ ခင်စရာကောင်းတဲ့ “ပစ်ပစ်”ကလေး အစစအဆင်ပြေပါစေကြောင်း ဆုတောင်းလိုက်ပါရဲ့။

အခုလပိုင်းမှာ မိုးယံ ရဲ့ဘလော့ဂ်ကိုလည်း ဦးဟန်ကြည်ရောက်ဖြစ်နေပါတယ်။ သူ့နံမည်ကို မြင်ဖူးကြားဖူးတာကြာပြီဖြစ်ပေမယ့် အရောက်အပေါက် နည်းခဲ့ပါတယ်။ ဒါပေမယ့် သူကြီးမင်း(ကိုကိုမောင်)ရဲ့ မွေးနေ့ဆုတောင်းအိုလံပစ်မှာ မစားရ၊ မသောက်ရတဲ့ ပထမဆုကြီးကို ဆွတ်ခူးသွားကတည်းက စိတ်ဝင်တစားရှိမိတာကြောင့် ဒီဘက်ကာလမှာ ပို့စ်အသစ်တိုင်းလိုလို သွားဖတ်ဖြစ်ပါတယ်။ နတ်သမီးကတော့ သူ့ဘလော့ဂ်မှာ မိုးယံ(ဗိုက်ပူ)လို့ ချစ်စနိုးနဲ့ ၀ိသေသ ထိုးပေးထားပါရဲ့။ မဒိုးကန်ကတော့ ပေတရာပေါ် ရေကူးတဲ့ မိုးယံလို့ အမည်ပေးထားပြန်ပါသေးတယ်။ ဘာကြောင့်များ အဲဒီလို ဂုဏ်ထူးတွေရခဲ့တယ်ဆိုတာကိုတော့ ကမိုးယံနဲ့တွေ့မှပဲ မေးရတော့မှာပါ။

ဘလော့ဂါတွေထဲက လူချင်းပါဆုံဖြစ်ပြီး ရင်းနှီးတာကတော့ ဘလော့ဂါမင်းသား လို့ဆိုရမယ့် မောင်မျိုး ပါ။ သူက ဦးဟန်ကြည်ထက်ငယ်ပေမယ့် ဘလော့ရွာမှာ စီနီယာဖြစ်တာမို့ ကိုယ့်ထက် ၀ါကြီးတယ်လို့ ဆိုရပါလိမ့်မယ်။ မောင်မျိုးက သူ့ဆွေမျိုးတွေအကြောင်း၊ သူ့အကြောင်းတွေကို စီကာပတ်ကုံးနဲ့ ဖတ်ချင်စဖွယ်ဖြစ်အောင် ရေးတတ်သူမို့ သူရေးတဲ့ မဲ့ဆောက် ကဗျာကတည်းက သူ့ဘလော့ဂ်ကို အဲဒီအချိန်ကစပြီး အခုထိ ဦးဟန်ကြည် ဆက်တိုက်ဖတ်ဖြစ်နေပါရဲ့။သူ့ပုံတွေကို facebook ပေါ်မှာ မြင်ဖူးတုန်းက အကောင်ကြီးကြီးဖြစ်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်းဆုံဖြစ်တော့ ဒီဘက်ခေတ် ကိုရီးယားမင်းသားများလို သေးသေးသွယ်သွယ် ဖြူဖြူလေးဖြစ်နေလို့ တအံ့တသြဖြစ်ရပါသေးတယ်။ မောင်မျိုးက သူ့ဘလော့ထဲမှာ ခပ်ရွှင်ရွှင်ရေးလေ့ရှိပေမယ့် အပြင်မှာတော့ ပြုံးရုံရယ်ရုံလောက်ပဲ ရှိပြီး စကားနည်းတဲ့ ခပ်အေးအေးလူငယ်တစ်ယောက်ပါ။ ဘာမဆို ကူညီတတ်သူဖြစ်တာကြောင့် ဦးဟန်ကြည် မဲ့ဆောက်ကို ဈေးဝယ်ထွက်ဖြစ်ရင် ယိုးဒယားလို စကားပြန်လုပ်ပေးဖို့ သူ့ကိုပဲ အားမနာတမ်း စစ်ကူတောင်းလေ့ရှိပါတယ်။ သူ့ဆီက အကူအညီရရုံသာမကဘဲ ညနေစာပါ ဇွတ်အတင်း လုပြီးကျွေးတတ်တဲ့ မောင်မျိုးပါ။ လက်ဆောင်ပေးတာလည်း အင်မတန်ဝသီပါတဲ့ ဘလော့ဂါဖြစ်တာမို့ ဦးဟန်ကြည်ရဲ့ ပစ္စည်းတွေထဲကို သူဝယ်ပေးတဲ့ လက်ဆောင်ပစ္စည်းတွေ မသိမသာ ထိုးထည့်တတ်တာကြောင့် အိမ်ပြန်ရောက်မှ အားနာပါးနာနဲ့ သိရတတ်ပါသေးရဲ့။ မဒမ်ဟန်ကြည်ကတော့ အနှီ ဘလော့ဂါ မောင်မျိုးကို သူ့မောင်လေးတစ်ယောက်လိုပဲ ခင်ပါသတဲ့ဗျား။
( ဘလော့ဂ်ဒေး ၂ မှာ သူ့အကြောင်းမပါလို့ စိတ်ကောက်ပြီး အိပ်ပြီလို့ အော်သွားတဲ့ မောင်မျိုးရေ…နောက်ဆုံးပိတ်မှာ အိတ်နဲ့လွယ်ပြီးထားတာ မြင်ပြီမဟုတ်လား…)

ဘလော့ဂ်ရွာထဲမှာ ပရိုစာရေးဆရာတွေရဲ့ ဘလော့ဂ်တွေလည်းရှိတာမို့ ဦးဟန်ကြည် စာကြမ်းပိုးအတွက် အင်မတန်အဆင်ပြေပါတယ်။ ဦးဘုန်း(ဓာတု) ကတော့ ဥပမာပေးတာလေးတွေ လှလှပပနဲ့ ချစ်စရာကောင်းအောင် တွေးတတ်သူမို့ အသစ်တက်တိုင်း သွားဖတ်ရပါတယ်။ လူငယ်တွေကို အင်မတန်တိုးတက်စေချင်လွန်းတဲ့ ဆရာဦးအောင်သင်း ကတော့ သူ့ရဲ့ပညာရေးအတွေ့အကြုံတွေကိုပါ မကြာမကြာတင်လေ့ရှိတာကြောင့် ပညာရေးလောကသား ဦးဟန်ကြည်အတွက် တကယ့်ကို အထောက်အပံ့ဖြစ်တဲ့ ဘလော့ဂ်ဖြစ်လို့နေပါတယ်။ ဦးဟန်ကြည် အထက်တန်းကျောင်းသားအရွယ်ကတည်းက မဟေသီမဂ္ဂဇင်းမှာ အခန်းဆက်အဖြစ် တရှိုက်မက်မက် စောင့်ဖတ်ခဲ့ရတဲ့ UNV volunteer မေ့ဆေးဆရာဝန် စိုးမြင့်(မေ့ဆေး) ရဲ့ ဘလော့ဂ်ကို အွန်လိုင်းပေါ်မှာ တွေ့ရပြန်တာကြောင့် ပို့စ်အတင်ကြဲပေမယ့် အလုပ်အားရင် အားသလို တင်လေ့ရှိတဲ့ ဆရာ့စာတွေကို ကျေကျေနပ်နပ်သွားဖတ်ရင်း မဖြစ်လိုက်ရတဲ့ UNV ဆရာဝန်ဘ၀ကို အလွမ်းဖြေဖြစ်ပါရဲ့။ တစ်ခေတ်တစ်ခါက ဦးဟန်ကြည်ကလွဲလို့ လူငယ်တော်တော်များများရဲ့ အသည်းဖြစ်ခဲ့တဲ့ လွန်းထားထား(ဆေးတက္ကသိုလ်) ရဲ့ ဘလော့ဂ်ကိုတော့ နှစ်ခေါက်လောက်ပဲ အလည်ရောက်ဖြစ်ပါတယ်။ ၀ထ္ထုတွေထဲမှာ အများနားမလည်နိုင်တဲ့ အင်္ဂလိပ်စာလုံးတွေ ဖောဖောသီသီညှပ်သုံးလေ့ရှိပြီး မယုံချင်စရာကောင်းလောက်အောင် သဘာဝနဲ့ကင်းကွာလှတဲ့ စိတ်ကူးယဉ်ချစ်ဇာတ်လမ်းတွေကို စက်နဲ့လှိမ့်ထုတ်သလို ရေးနိုင်လွန်းတဲ့ လွန်းထားထားရဲ့ စာတွေကိုတော့ Savage Garden ရဲ့ သီချင်းခေါင်းစဉ်
 Truly, madly, deeply ကို တိုက်ရိုက်ဘာသာပြန်ပြီး ယူထားတဲ့ “ စစ်မှန်စွာ၊ ရူးသွပ်စွာ၊ နက်ရှိုင်းစွာ ” တစ်အုပ်ထဲနဲ့တင် သံယောဇဉ်ပြတ်သွားတာမို့ အွန်လိုင်းပေါ်မှာတွေ့ပေမယ့် ယောင်လို့တောင် ထပ်မသွားဖြစ်တော့ပါ။

အွန်လိုင်းပေါ်တက်ရင် စာဖတ်တဲ့အလုပ်ကိုပဲ ခုံခုံမင်မင်လုပ်တတ်လေတဲ့ ဦးဟန်ကြည်က ရသစာပေဘလော့တွေ၊ ကိုယ်ရေးကိုယ်တာဘလော့တွေ၊ သုတဆိုင်ရာဘလော့တွေကို အားလုံးနီးပါးလိုလို ရောက်ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ရောက်ဖြစ်သမျှဘလော့တွေမှာ လက်လှမ်းမီသလောက်ပို့စ်တွေကိုတော့ စိတ်ဝင်တစားဖတ်ပြီး ကျကျနန ကွန်မန့်ပေးဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် ကွန်မန့်ဆိုတာ ဘလော့ဂါရဲ့ အားဆေးဖြစ်နေလို့ပါ။ ကိုယ်ရေးတဲ့ ကွန်မန့်တစ်ခုကြောင့် ဘလော့ဂါမှာ ပညာဖြစ်ဖြစ်၊ စိတ်ကျေနပ်မှုပဲဖြစ်ဖြစ်၊ ဆက်ပြီးရေးချင်စိတ်ဖြစ်ဖြစ် ပေါ်လာ၊ ရလာရင် ကွန်မန့်ပေးရကျိုးနပ်တယ်လို့လဲ ယူဆပါတယ်။ တစ်နည်းအားဖြင့် ကွန်မန့်ပေးခြင်းဟာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြန်မာစာပေတိုးတက်ရေးကို ပံ့ပိုးကူညီနေတယ်လို့လည်း ဦးဟန်ကြည်က လှိုက်လှိုက်လှဲလှဲ ယုံကြည်ပါတယ်။ စာကို ကျကျနနဖတ်ပြီး ထိထိမိမိ ကွန်မန့်လေးတွေပေးတတ်တဲ့ ဘလော့ဂါတွေကိုလည်း ဦးဟန်ကြည် အလွန်ချီးကျူးလေးစားပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ဘလော့ရွာရဲ့ ရွာစောင့်နတ် တွေပါ။ အဲဒီလိုပုဂ္ဂိုလ်တွေသာမရှိရင် ဘလော့ဂါဆိုတာလည်း ရေးအားရှိတော့မှာ မဟုတ်တာ သေချာလို့နေပါရဲ့။

ဒီဘလော့ဂ်ဒေးပို့စ်မှာ ဦးဟန်ကြည်နဲ့ ရင်းနှီးတဲ့ ဘလော့တွေကိုပဲ ညွှန်းထားတယ်လို့လဲ မယူဆစေချင်ပါ။ တကယ်တော့ ဒီဘလော့ရွှာမှာ ရှိသမျှ ဘလော့ဂါအားလုံးအား ဦးဟန်ကြည်အတွက်ကတော့ စာပေညီအစ်ကို၊ မောင်နှမတွေပါပဲ။ တစ်ချို့ဘလော့တွေကို ရုတ်တရက်စဉ်းစားလို့မရတာရယ် ဘလော့ဂ်အားလုံးကို ညွန်းနေရင် မတန်တဆ ရှည်လွန်းလှတဲ့ ပို့်စ်ကြီးဖြစ်သွားမှာရယ်တွေကြောင့် တစ်ချို့ဘလော့ဂ်တွေကိုတော့ အကျယ်တ၀င့် မညွှန်းတော့ပါ။ အခုညွှန်းသလောက်နဲ့တင် ပို့်စ်က တော်တော်ကိုရှည်နေပါပြီ။ ဒါပေမယ့် ခေါင်းထဲမှာ ပေါ်လာတဲ့ သွားနေကျဘလော့ဂ်တစ်ချို့ကိုတော့ ညွှန်းလက်စနဲ့ အတိုကောက်ဆက်ညွှန်းလိုက်ပါဦးမယ်။ အဲဒီဘလော့တွေကတော့ -

ရှေးဟောင်းသုတေသနနဲ့ပတ်သက်လို့ အားထားရတဲ့ - ရှေးမြန်မာ နဲ့ ညလင်းဖြူ
နိုင်ငံခြားခရီးသွားလုပ်ငန်းအကြောင်းနဲ့ ဖွယ်ဖွယ်ရာရာလေးတွေ ရေးတတ်တဲ့ - ကိုအေအေတူ
အိမ်မှာဟင်းမကောင်းတိုင်း သွားသွားပြီးသွားရည်ကျဖြစ်တဲ့ - Baby tester နဲ့ Lu Lu
ဆရာမြင့်သန်းရဲ့ စာတွေကို သွားသွားဖတ်ဖြစ်တဲ့ - တေဇာ(လရောင်လမ်း)
ပညာသင်တဲ့ အတွေ့အကြုံလေးတွေကို ဖွယ်ဖွယ်ရာရာ ရေးတတ်တဲ့ - စန်းထွန်း
မြန်မာစာ စကားပြေကို ပိုင်ပိုင်နိုင်နိုင်ရှိလွန်းလှတဲ့ - ဆရာဦးမင်းဒင်
ဝထ္ထုတိုလေးတွေ အရေးကောင်းလှတဲ့ - ကိုသတိုး နဲ့ မြသွေးနီ
ပရဟိတလုပ်ငန်းတွေကို အားသန်လှတဲ့ - မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)
မိုးငွေ့ဆိုတဲ့ နံမည်နဲ့မလိုက်အောင် မိုးမိပြီးအအေးပတ်လို့ ဖျားနေတတ်တဲ့ - မိုးငွေ့
ဇာတ်လမ်းကောင်းလေးတွေနဲ့ ရင်ဖွင့်ကောင်းတဲ့ - ကိုစိုစီ(တည်ငြိမ်အေး)
အခုမှပဲ ပြန်ပေါ်လာတဲ့ - အလင်းစက်များ
ထူးဆန်းထွေလာလေးတွေနဲ့ ဆေးပညာဆိုင်ရာလေးတွေ ရေးလေ့ရှိတဲ့ - သက်တန့်ချို
အလုပ်တွေများနေလို့ စာအရေးကျဲနေတဲ့ အိပ်မက်မှာရင်းနှီးခဲ့တဲ့ ညီတော် - Deedoe
ခင်စရာကောင်းတဲ့ - ချင်းကလေး KMC
……………………………………………

ကျယ်ပြန့်လှတဲ့ဘလော့ဂ်ရွာထဲမှာ ဦးဟန်ကြည် မဖတ်မိသေးတဲ့၊ အရောက်အပေါက်နည်းတဲ့ ဘလော့ဂ်တွေလည်း ဒုနဲ့ဒေး ရှိနေပါသေးတယ်။ မံမံတစ်လုပ်၊ မှန်မှန်အုပ်ရေးအတွက်၊ အလုပ်မပျက်၊ စာသင်လျက်က၊ အနားရမှ စာဖတ်ရသူဖြစ်တာမို့ တစ်ခါတစ်ခါမှာ ကိုယ့်မိတ်ဆွေတွေ ပို့စ်အသစ်တင်တာတောင် သွားမဖတ်ဖြစ်တဲ့အခါတွေလည်း ရှိကောင်းရှိနိုင်ပါသေးရဲ့။ ညဘက်ညဘက် ဘလော့လည်ရင်းစာဖတ်နေတာကြောင့် မနက်နဲ့ည အမြဲမှားပြီး လင်းအားကြီး ၃ နာရီဝန်းကျင်လောက်မှ အိပ်ဖြစ်နေတဲ့ ဒုက္ခကလည်း သိပ်မသေးလှတာကြောင့် ဦးဟန်ကြည်တစ်ယောက် ရက်ပ်ကဗျာတစ်ပုဒ်ကိုတောင် ဟောသလို စပ်မိပါသေးတယ်။
“ ညစဉ်ညတိုင်း အိပ်ရေးပျက်...အိပ်ရခက်တော့ စိတ်တွေပျက်...မနက်ထဖို့ အကျင့်ပျက်...အလုပ်လုပ်ရင်း မျက်ချေးထွက်...အွန်လိုင်းနှိပ်စက် အနေခက်...ကြာရင်သေဖွယ် ခက်မှခက်... ”
 ဒါပေမယ့် ဘလော့ရွာထဲမှာ ပျော်ပျော်ကြီးကျင်လည်နေကြတဲ့ သာတူညီမျှ ရွာသူရွာသားတွေ ဖြစ်ကြတာမို့ အလုပ်များရှာတဲ့ ဦးဟန်ကြည်ကို နားလည်ပေးနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်။ အခု ဒီဘလော့ဂ်ဒေး တက်ဂ်ပို့စ်မှာလည်း ကျန်နေခဲ့တဲ့ ဘလော့ဂါမိတ်ဆွေများ ရှိရင် ဦးဟန်ကြည် အကောင်းစားလေးကို၊ နှာခေါင်းပြားအောင် ထုမယ်လို့၊ ဒေါသမများဘဲ မနောဟဒယပွားရင်ဖြင့်၊ (ဆုံးသွားတဲ့)တောကအဖွားနဲ့ ပေးစားပါ့မယ်ဆိုတဲ့အကြောင်း စေတနာအပေါင်းနဲ့ ကြေငြာမောင်းခတ်လိုက်ရပါရဲ့ ချစ်စွာသော ဘလော့ဂါအပေါင်းတို့။     ။

Saturday 27 August 2011

ဘလော့ဂ်ဒေး - ၂ ( တက်ဂ်ပို့စ် ) . . .

 ဘလော့ဂ်အသက် တစ်နှစ်သားကျော်လာတဲ့ နောက်မှာတော့ 
အထိုက်အလျောက် မိတ်ဆွေအပေါင်းအသင်းတွေ ရလာခဲ့ပါပြီ။ တစ်သီးပုဂ္ဂလဘ၀နဲ့ ကိုယ်ကြိုက်တာတွေကို ရေးချင်သလိုရေးနေခဲ့တဲ့ ဦးဟန်ကြည်ကို အမြဲကွန်မန့်လာပေးလေ့ရှိတဲ့ လေးစားရတဲ့ အစ်ကိုကြီး ကိုကျောက်(ရွှေရတုမှတ်တမ်း) ကိုလည်း အခုအချိန်အထိ ပို့စ်တစ်ခုရေးတိုင်း သတိတရရှိနေဆဲပါ။ ဦးဟန်ကြည် လုပ်အားပေးကျောင်းဆရာဘ၀အကြောင်းရေးရင်  “ ကကြီးရေးကသတ်ကျောက် ” ၊ စာမေးပွဲဖြေတဲ့အခါ သူများတပည့်တွေက အူပြီးထွက်လာပြီး ဦးဟန်ကြည်တပည့်တွေကတော့ မအူဘဲ ဟောင်ပြီးထွက်လာကြတယ်ဆိုတဲ့အကြောင်းရေးလိုက်ရင် “ ၀ုတ်ဝုတ်ကျောက် ” စသည်ဖြင့် ကျကျနနဖတ်ပြီး လှလှပပ ကွန်မန့်ပေးလေ့ရှိတဲ့ ကိုကြီးကျောက်ဟာ ဘလော့ရွာရဲ့ ဗီတာမင်ပါပဲ။ တိုက်ပွဲတွေကြားမှာ ဦးဟန်ကြည်တစ်ယောက် ပြေးရလွှားရတဲ့အခါကလည်း စိုးရိမ်တကြီးနဲ့ ကွန်မန့်လာပေးလေ့ရှိတဲ့ သံယောဇဉ်ကြီးတဲ့ ဘလော့ဂါအစ်ကိုကြီးကျောက်၊ သေမင်းကိုတောင် သရော်ရဲတဲ့ သူရဲကောင်း အစ်ကိုကြီးကျောက် ကောင်းရာသုဂတိရောက်ပါစေလို့ ဆုတောင်းရင်း ဒီပို့စ်ကနေပဲ လေးစားသမှုနဲ့ ဦးညွတ်လိုက်ပါရစေ။

ဘလော့ရွာနဲ့ အသားကျလာတဲ့ ဒီဘက်ကာလမှာတော့ အတော်လေးကို ပျော်ဖို့ကောင်းလာခဲ့ပါပြီ။

အယူအဆ၊ ရပ်တည်မှု၊ ခံစားချက်၊ ပညာအဆင့်အတန်း၊ လုပ်ငန်းသဘာဝတွေ မတူကြပေမယ့် စာပေကို မြတ်နိုးကြတဲ့၊ ၀ါသနာပါကြတဲ့ မရေးရမနေနိုင်ကြသူချင်းတူကြတာမို့ ဘလော့ဂါ၊ ဘလော့ဂီအပေါင်းကိုလည်း ကိုယ့်ရဲ့ညီအစ်ကိုတော်၊ မောင်နှမတော်တွေအဖြစ် ဦးဟန်ကြည်သဘောထားပါတယ်။ ရေးသမျှ ငွေရ၊ လုပ်သမျှ နံမည်ကြီးတဲ့ offline က စာရေးဆရာတစ်ချို့ထက်တောင် ဘလော့ဂါတွေကို လေးစားပါတယ်။ ကိုယ့်အချိန်နဲ့ငွေကို အကုန်ခံလို့ နံမည်ကြီးခြင်း၊ မကြီးခြင်းကို အရေးမစိုက်ဘဲ စာပေ၀ါသနာတစ်ခုအတွက် အပင်ပန်းခံကြတာဟာ ဘလော့ဂါတွေပါ။ ဘလော့ဂါတွေကြောင့်ပဲ online မှာ စာပေဟာ သက်ဝင်လှုပ်ရှားနေတာပါ။ မြန်မာစာနဲ့ အဝေးမှာနေကြရတဲ့ ပြည်ပရောက်မြန်မာတွေကို စာပေနဲ့အဆက်အသွယ်မပြတ်အောင် ထောက်ပံ့ပေးနေတာ ဘလော့ဂါတွေပါ။ မြန်မာစာပေကို တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးနေတာကလည်း ဘလော့တွေပါပဲ။ ဒါကြောင့် ဘလော့တွေကို အသက်သွင်းနေကြတဲ့ ဘလော့ဂါ၊ ဘလော့ဂီအပေါင်းကို မြန်မာစာပေကိုယ်စား ဦးဟန်ကြည်က ကျေးဇူးတင်ကြောင်း ပြောချင်ပါရဲ့။

ဘလော့ဂါတွေ၊ ဘလော့ဂီတွေ စာလုံးပေါင်းသတ်ပုံတွေ မှားကြတာကိုလည်း offline မှာ မကြာမကြာ ဝေဖန်သံတွေကြားရပါတယ်။ ဦးဟန်ကြည်လည်း စာလုံးပေါင်းသတ်ပုံအမှားတွေကို မြင်ပါတယ်။ ဒါပေမယ့် အပြစ်လို့မမြင်ပါ။ စာပေကို ချစ်မြတ်နိုးတာ၊ စာရေးသားခြင်းကို ခုံမင်တာတစ်ခုထဲနဲ့တင် ဒါတွေကို ခွင့်လွှတ်နိုင်ပါတယ်။ ရေးရင်းနဲ့ပဲ ရေးသားကျ၊ စာဖတ်နာလာတဲ့အခါမှာ စာလုံးပေါင်းသတ်ပုံအမှားဟာ နည်းသထက်နည်းလာပြီး နောက်ဆုံးမှာ အမှားကင်းသွားမယ် မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် ကလေးတွေ စာလုံးပေါင်းမှားတာကို ဦးဟန်ကြည်တို့ လူကြီးတွေက စေတနာနဲ့ဝိုင်းဝန်းထောက်မပေးကြဖို့ပဲ လိုတာပါ။ မှားမှာစိုးတာကြောင့် မရေးကြရင်ဖြင့် မြန်မာစာပေ ပိုလို့ကျဆင်းသွားပါလိမ့်မယ်။

 ကိုက်ခြင်းမကြိုက်ခြင်းကို အသာဘေးချိတ်လို့ စာပေချစ်သူချင်း ယိုင်းပင်းကူညီချင်တဲ့ ဆန္ဒတစ်ခုကိုပဲ အရင်းခံလို့ ဦးဟန်ကြည်ကတော့ သတ်ပုံလေးတွေ မြင်မကောင်းအောင် မှားနေရင် ထောက်ပြဖြစ်ပါတယ်။ အထူးသဖြင့် စာတစ်လုံးကြောင့် အရသာပျက်သွားနိုင်တဲ့ ကဗျာတွေမှာ ပိုပြီးသတိထားပေးဖြစ်ပါတယ်။

အဲဒီလို သတ်ပုံလေးတွေပြင်ပေးဖို့ တခုတ်တရနဲ့ မေတ္တာရပ်ခံသူတွေထဲမှာ ညီငယ် မင်းဧရာ က ရှေ့တန်းကပါ။ ကဗျာလေးတစ်ပုဒ်ရေးပြီးတိုင်း သူ့ကွန်မန့်ဘောက်စ်မှာ သတ်ပုံမှားရင် ပြင်ပေးကြဖို့ ကိုယ်တိုင်ပဲ တောင်းပန်ထားလေ့ရှိတာမို့ မလေးစားဘဲ မနေနိုင်ပါ။ သူရေးတဲ့ကဗျာလေးတွေက လေးလုံးစပ်ကို အခြေခံထားပြီး ရိုးသားမှုအပြည့်၊ မြန်မာရနံ့အပြည့်နဲ့မို့ ဦးဟန်ကြည်အင်မတန် ကြိုက်ပါတယ်။ လောလောဆယ် ကျန်းမာရေးအခြေအနေကြောင့် အနားယူနေတဲ့ ညီငယ်မင်းဧရာ အမြန်ကျန်းမာပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

အသည်းကွဲတဲ့ကဗျာတွေပဲ အရေးများတဲ့ Jasmine ( တောင်ကြီး ) ဆီကိုလည်း ဒီဘက်ပိုင်းမှာ ဦးဟန်ကြည် တော်တော်ရောက်ဖြစ်ပါတယ်။ ဦးဟန်ကြည်ရဲ့ အသက်အရွယ်အရ အသည်းကွဲဖို့မလွယ်တော့ပေမယ့် သူ့ကဗျာတွေကို ခံစားရတာတော့ အရသာရှိပါတယ်။ သူကလည်း ကဗျာစာလုံးပေါင်းတွေပြင်ပေးတိုင်း ကျေကျေနပ်နပ်ရှိသူမို့ မြန်မာစာပေကို အမြတ်တနိုးရှိသူလို့ ယူဆပြီး အားရကျေနပ်သလို ကိုယ်ယုံကြည်ရာ ကဗျာတစ်မျိုးထဲကိုပဲ စိုက်လိုက်မတ်တပ်ရေးသူမို့ ပိုလို့လေးစားမိပါတယ်။ ရှေးရိုးကဗျာတွေကိုပဲ အဖတ်များခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် သူ့ကျေးဇူးနဲ့ပဲ မော်ဒန်ဆန်ဆန်ကဗျာတွေကို ဖတ်ခွင့်ရတော့တာပါ။

မြန်မာမှုကိုမြတ်နိုးပြီး၊ မြန်မာကဗျာဖွဲ့နည်းတွေကို ပိုင်ပိုင်နိုင်နိုင်ရှိတဲ့အပြင် ဘာသာရေးကိုပါ အာရုံစိုက်လှတဲ့ အစ်မ မေဓာဝီ ဟာလည်း ဦးဟန်ကြည်ရဲ့ ဖေးဘရိတ်ဘလော့ဂါတွေထဲမှာ ထိပ်တန်းကပါ။ အစ်မမေဓာဝီရေးတဲ့ ရတုတစ်ချို့ဆိုရင် ကြိုက်လွန်းတာကြောင့် ကျက်တောင် ကျက်ထားလိုက်မိပါသေးတယ်။ အင်မတန်မှ ရှားပါးနေပြီဖြစ်တဲ့ စလေဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းဝထ္ထုတစ်ပုဒ်လုံးကို တပင်တပန်းစာရိုက်တင်ပေးတဲ့ အစ်မမေဓာဝီက ကွန်မန့်ပေးရင်လည်း ကဗျာလေးတွေ ကပြောင်လေးတွေနဲ့ ပေးတတ်သူမို့ သူ့ဘလော့မှာ ဦးဟန်ကြည်လည်း ကပြောင်ကွန်မန့်တွေ သွားသွားရေးဖြစ်ပါတယ်။ လောလောဆယ်မှာ အငြိမ်းစားဘ၀ကနေ ပင်စင်ယူပြီး အလုပ်ဝင်နေရလို့ စာရေးကျဲ၊ အိမ်အလည်နည်းနေတဲ့ အစ်မမေဓာဝီရဲ့ ပို့စ်ကောင်းလေးတွေကို မျှော်လင့်နေပါကြောင်း စကားလက်ဆင့်ကမ်းလိုက်ပါရစေ။

ဘိလပ်မှာနေပြီး တုံးဖလားသူကြီးအဖြစ် ကျော်ကြားလှတဲ့ သူကြီးမင်း ကိုကိုမောင် ( ပန်းရနံ့ ) ကိုတော့ ကိုကြီးကျောက်ဘလော့မှာ ကွန်မန့်ပေးရင်း ဆုံဖြစ်ကြပါတယ်။ ကိုကြီးကျောက် နောက်ဆုံးရေးသွားတဲ့ “ ခြေထောက်ဆွဲသရဲ ” ပို့စ်မှာ အရင်ဆုံးရောက်သွားတဲ့အတွက် ၀မ်းသာအားရနဲ့ ကွန်မန့်ပေးနေရင်းက တကယ်တန်းကွန်မန့်တင်တဲ့အခါ သူကြီးမင်းက စက္ကန့်ဝက်လောက် ဦးသွားတာမို့ မှတ်မှတ်သားသားရှိနေပါတယ်။ ( သူကြီးတို့က အဲဒီလို ခြေသွက်လက်သွက်ရှိတာပါ… ) သူ့ဘလော့ကိုသွားရင်း သူ့ပုံပြင်တွေကို နားထောင်ရင်းက သူ့ပရိတ်သတ်ဖြစ်မှန်းမသိဖြစ်နေခဲ့တာ အခုအထိပါ။ သူရေးတဲ့ကြောင်ဖမ်းဆရာတော်ကတော့ တကယ့်ကို ရှားရှားပါးပါး အခန်းဆက် ပုံပြင်မို့ ဦးဟန်ကြည်ရဲ့ တပည့်တွေကိုတောင် ပြောပြယူရတဲ့အထိ ပြောင်မြောက်လှပါရဲ့။ အနှီသူကြီးမင်းက သူ့မွေးနေ့မှာ ဆုမွန်ကောင်းတောင်းပေးကြသူတွေကို မကြုံစဖူး အကဲဖြတ်၊ အမှတ်ပေးပြီး သူ့ဖာသာသူ အဆင့်တွေ သတ်မှတ်ပြီး ဆုရွေးချယ်ပေးပြန်ပါသေးရဲ့။ ဦးဟန်ကြည် အကောင်းစားလေးခမျာ သူကြီးမင်းပေးသနားတော်မူတဲ့ ဒုတိယဆုကလေးကို အသာယူပြီး မစားရမသောက်ရနဲ့ ပြန်ခဲ့ရပါတယ်။ သူ့ကို စွံအောင်လည်း ဆုတောင်းပေးရသေးရဲ့….ဦးဟန်ကြည်ဟာ ရှိစုမဲ့စု အိမ်ရှင်မကို ကြောက်နေရတယ်လို့ လူကြားထဲမှာ မောင်းထုလွှတ်လိုက်တာကြောင့် ချစ်မှန်းမသိ၊ ကြောက်မှန်းမသိတဲ့ သူကြီးပေပဲလို့ ကိုယ့်ဖာသာ သတ်မှတ်ပေးလိုက်ပါတယ်။ လူပျိုသိုးသူကြီးမင်း သိကြားမင်းကောင်းမှုနဲ့ စွံမှပဲ ဘယ်လိုကြောက်ပြ၊ ချစ်ပြမယ်ဆိုတာကို စောင့်ကြည့်ဖို့လည်း ဆုံးဖြတ်ထားလိုက်ပါရဲ့။

အခုဒီပို့စ်ကို ရေးဖို့ တက်ဂ်လိုက်တဲ့ ကိုအောင်(ပျူနိုင်ငံ) ကိုတော့ သိနေခဲ့တာ ဦးဟန်ကြည် ဘလော့စရေးစအချိန်ကတည်းကပါ။ ဘလော့ဂါတွေအားလုံး ပျော်ပျော်ရွှင်ရွှင် ရေးဖြစ်ကြတဲ့ ဒီဘလော့ဂ်ဒေးတက်ဂ်ပို့စ်အတွက် အစပြုသူ ကိုအောင်ကို အားလုံးကိုယ်စား ကျေးဇူးတင်ကြောင်း ပြောချင်ပါသေးတယ်။ သူရေးတဲ့ သရဲအကြောင်းပို့စ်တွေကို အရသာရှိရှိ ဖတ်ခဲ့ရတာတော့ တကယ့်အမှတ်တရပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ ကွန်မန့်မပေးဖြစ်ပဲ တိတ်တိတ်ကလေးပြန်သွားမိတာကြောင့် စာဖတ်သူတာဝန် မကျေသလို ဖြစ်သွားခဲ့ရင်လည်း ဒီပို့စ်နဲ့ပဲ တောင်းပန်ရတော့မှာပါ။ ဒီကြားထဲမှာ “ပျူနိုင်ငံ” ဆိုတဲ့ သူ့နံမည်က ထူးဆန်းလွန်းနေတာကြောင့် ပိုလို့တောင် မှတ်သားမိပါသေးရဲ့။ ဦးဟန်ကြည်ကလည်း ဒေါက်တာသန်းထွန်းရေးတဲ့ “ပျူတွေဘယ်ပျောက်သွားသလဲ” ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးတကည်းက ပျူဆိုရင် အင်မတန် စိတ်ဝင်စားနေတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတာကြောင့်လည်း ပါပါလိမ့်မယ်။ ပျူတွေကို ဘလော့ဂ်ရွာမှာ ပြန်တွေ့ပြီ၊ ကျွန်တော့်ကိုပါ တက်ဂ်လိုက်သေးတယ်လို့ ဆရာကြီးဒေါက်တာသန်းထွန်းကို ၀မ်းသာအားရပြောချင်ပေမယ့် ဆရာကြီးက မရှိရှာတော့ပါလေ။

အစ်မ ရွှေစင်ဦး ရဲ့ဘလော့နဲ့လည်း အကျွမ်းတ၀င်ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ခပ်ငယ်ငယ်ကတည်းက စာအုပ်တွေနဲ့ပဲ ပျော်ခဲ့သူဖြစ်တာမို့ သူတင်တဲ့စာအုပ်တော်တော်များများက ကိုယ့်မှာရှိပြီး၊ ဖတ်ပြီးဖြစ်နေတာကြောင့် သူ့ဘလော့ကို အရောက်အပေါက် တော်တော်နည်းပါတယ်။ ဒါပေမယ့် ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ခံယူချက်အတိုင်း၊ ကိုယ့်လမ်းကြောင်းအတိုင်း မယိုင်မလဲဘဲ လျှောက်နေတဲ့ အစ်မရွှေစင်ဦးကိုလည်း မလေးစားဘဲ မနေနိုင်ပါ။ ပြည်ပရောက်မြန်မာတွေအတွက် သူတင်တဲ့ဝထ္ထုတွေဟာ စိတ်အာဟာရတွေဖြစ်မှာ သေချာနေတာမို့ ဆက်ပြီး တင်စေ ရေးစေကြောင်း တိုက်တွန်းလိုက်ပါတယ်။

ဦးဟန်ကြည်ကို ဘလော့လောကမှာ ဇာတ်လိုက်ဖြစ်နေပြီလို့ အချွန်နဲ့မတော်မူလိုက်တဲ့ ညီငယ် နေ၀သန် နဲ့ ဘလော့ပေါ်မှာသိတာ ဒီဘက်ကာလတွေမှာပါ။ ဦးဟန်ကြည်ကိုယ်တိုင်က ပညာရေးကို အင်တိုက်အားတိုက် ကြိုးစားတဲ့သူတွေကို အလွန်အင်မတန် ချစ်ခင်လေးစားတာကြောင့် သူရေးတဲ့စာတွေကို ကျကျနနဖတ်ဖြစ်ပါတယ်။ သူရေးထားတဲ့ “ မြန်မာပြည်မှလာသည် ” ဆိုတဲ့ပို့စ်ကိုဖတ်ပြီး တော်တော်သဘောကျသွားတာကြောင့်လည်း အသစ်တင်တိုင်း အပြေးအလွှားသွားဖတ်နေကျပါ။ သူက “ပြောကြမယ်ဟေ့ အတင်း” လို ပို့စ်ခေါင်းစဉ်မျိုးနဲ့ စာဖတ်သူစိတ်ဝင်စားအောင် ဆွဲဆောင်နိုင်သူဖြစ်တာမို့လည်း သဘောကျမိသလို၊ အရေးအသားညက်ညောတာကြောင့်လည်း သူ့စာတွေကို ဦးဟန်ကြည် အင်မတန် ခံတွင်းတွေ့ပါတယ်။ ဒီဆရာလေးက ဦးဟန်ကြည်ကို facebook မှာ add ပုံကိုလည်း ကြည့်ပါဦး။ “ ဆရာဦးဟန်ကြည် နံမည်ကြီးမို့ အက်လိုက်ပါ၏ ”တဲ့။ ဦးဟန်ကြည်ခမျာ ဘယ်နေရာမှာ ကိုယ်နံမည်ကြီးရှာပါလိမ့်လို့ အပြေးအလွှားတွေးယူရတဲ့အထိ ခေါင်းခြောက်သွားရပါသေးရဲ့။ ညီတော်မောင်နေ၀သန် ပညာရေး၊ ကျန်းမာရေး၊ ဘာရေး၊ ညာရေးတွေပါ အဆင်ပြေပါစေကြောင်း ဘလော့ဒေးမှာ ဆုတောင်းပေးလိုက်ပါရဲ့ဗျား။

မအိမ်သူ ဆိုတဲ့ မြန်မာဆန်ဆန်နံမည်နဲ့ ခမာပြည်ကထွက်လာတဲ့ ၀ါခေါင်မိုး ဘလော့ကိုတော့ “ခမာခေါင်းဆောင် ပိုပေါ့ ” အကြောင်းရေးထားတာကို သွားဖတ်ရင်းက အခုအထိ ဖတ်ဖြစ်နေတဲ့ ဘလော့ပါ။ သူ့မွေးနေ့မှာတောင် ကဗျာလက်ဆောင် ပေးဖြစ်ခဲ့ပါသေးတယ်။ သူက အတွေးလေးတွေလည်း ကောင်းတဲ့ဘလော့ဂါပါ။ ဒါပေမယ့် အိမ်ထောင့်တာဝန်တွေကြောင့် ပို့စ်တစ်ခုတစ်ခုကို ရှည်ရှည်မရေးဘဲ ခပ်တိုတိုဘဲ ရေးတာလည်း မအိမ်သူရဲ့စတိုင်လ်လို့ ဆိုရပါလိမ့်မယ်။ ခမာယဉ်ကျေးမှုတွေအကြောင်းရေးဖို့ တိုက်တွန်းထားတာကို လေ့လာရဦးမယ်လို့အကြောင်းပြပြီး အခုအထိ မရေးဖြစ်သေးတဲ့ အစ်မကြီး မအိမ်သူကိုလည်း ဒီပို့စ်နဲ့ပဲ ထပ်ပြီးသတိပေးလိုက်ပါရစေဦး။

ဦးဟန်ကြည် ရေးတဲ့ပို့စ်တော်တော်များများကိုလာဖတ်လေ့ရှိသလို ဦးဟန်ကြည်ရဲ့ အကျင့်ပေါင်းများစွာကို လူတကာသိအောင် တက်ဂ်လိုက်ပါတဲ ခင်စရာ့ ညီမတော် Anglehlaine ကိုလည်း ချန်ထားလို့ ဖြစ်မယ်မထင်ပါ။ သူ့ကိုချန်ထားပြန်ရင်လည်း ဒီထက်ပိုကောင်းတဲ့ တက်ဂ်ပို့စ်တွေနဲ့ တိုးမှာကြောက်ရပါသေးရဲ့။

ဘလော့အဖတ်နာလှတဲ့ ဘုန်းဘုန်းတောက် ( တောက်ပကြယ်စင် ) ကိုလည်း အခုပို့စ်မှာ ချန်ထားလို့ ရစကောင်းမှာမဟုတ်ပါ။ ဘုန်းဘုန်းတောက်ရဲ့ ခရီးသွားမှတ်တမ်းလေးတွေဖတ်ရတာ အရသာရှိပါတယ်။ ပန်းခြံထဲကိုသွားတဲ့အကြောင်း ရေးတဲ့ပို့စ်တစ်ခုမှာ သူမျက်စိကျတဲ့ပန်းလေးတွေကို ရိုက်တင်ရင်း ပန်းခြံတစ်ခုလုံးကုန်တဲ့အထိပါပဲ။ အခုနောက်ပိုင်းမှာ နှလုံးသားအာဟာရစာစုလေးတွေကို ဘာသာပြန်ပြီးတင်နေတဲ့ ဘုန်းဘုန်းတောက်က စာရေးကောင်းပါတယ်။ ဒါပေမယ့် အိန္ဒိယမှာ ပညာသင်ယူတဲ့ အတွေ့အကြုံတွေရေးဖို့ တိုက်တွန်းထားတာ အခုထိ မရေးသေးပါ။

ဘလော့ဂါတွေနဲ့ သူတို့ရဲ့ဘလော့ဂ်တွေအကြောင်းကို ရေးရင်းက အလွန်အင်မတန်မှ ရှည်လျားတဲ့ပို့စ်တစ်ခု ဖြစ်သွားပြန်တာကြောင့် ထုံးစံအတိုင်း နောက်ဆက်တွဲကို မျှော်ဖို့ မေတ္တာရပ်ခံပါရစေဦး။ ဘလော့ဂါ ညီအစ်ကို မောင်နှစ်မတွေအကြောင်းကို စိတ်အားထက်သန်စွာနဲ့ ရေးထားတာမို့ ကျန်နေသေးတဲ့ ဘလော့ဂါတွေအကြောင်းကို မကြာခင်မှာ ဆက်တင်ပါ့မယ်။     ။


Friday 26 August 2011

ဘလော့ဂ်ဒေး ( တက်ဂ်ပို့စ် ) . . .

ဘလော့ရွာထဲမှာ ကျင်လည်နေတာ နှစ်နှစ်ဝန်းကျင်ရှိလာပြီမို့ 
ဘလော့ဂါ၊ ဘလော့ဂီတွေနဲ့ ဘလော့ဂင်းအကြောင်း၊ တက်ဂ်ပို့စ်တွေအကြောင်း သိကောင်းစရာတွေ၊ ဆောင်ရန်ရှောင်ရန်တွေ သာမက သတင်းပလင်း၊ အတင်းအဖျင်းတွေပါမကျန် သိစပြုလာပြီဖြစ်ပေမယ့် အနှီဘလော့ဂ်ဒေးဆိုတာကြီးကိုတော့ သတိမမူလို့ဂူမမြင်ခဲ့မိတာတော့ ဦးဟန်ကြည်ရဲ့ ညံ့ဖျင်းချက်လို့ပဲ ဆိုရပါတော့မယ်။ ကိုအောင်(ပျူနိုင်ငံ) ရဲ့ ဘလော့ဂ်ဒေးဆိုတဲ့ပို့စ်ကို သွားဖတ်မိတော့မှ အဲဒီလိုနေ့လည်း ရှိသေးသကိုးဆိုတာ သိရပါရောလား။ ဒါတင်မကသေးဘဲ ဦးဟန်ကြည်ကိုပါ တက်ဂ်ထည့်လိုက်ပြန်တော့ ဒီပို့စ်ဖြစ်လာရပြန်ပါတယ်။

တကယ်လို့သာ ဘလော့ဂ်ဒေးဆိုတာကိုသာ စောစာက သိခဲ့ရင် ကိုယ်သံယောဇဉ်တွယ်နေပြီဖြစ်တဲ့ ဘလော့ဂါလောကအကြောင်းကို အမှတ်တရအဖြစ် ရေးကိုရေးဖြစ်မှာသေချာပါတယ်။ ဒါပေမယ့် ဘုမသိ၊ ဘမသိနဲ့ နလပိန်းတုံးဖြစ်နေခဲ့တာကြောင့် ကိုအောင်(ပျူနိုင်ငံ) အသိပေးမှပဲ အခုလိုသိရတော့တာပါ။ ကိုအောင်(ပျူနိုင်ငံ)ကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေဦး။

Rose ကတော့ ဘလော့ဂ်ဒေးအကြောင်းကို အင်တာနက်မှာ ရှာဖွေဖတ်ရှုပြီးမှ သူ့ပို့စ်ကို ရေးပါသတဲ့။ ဦးဟန်ကြည်လည်း အားကျမခံ အင်တာနက်ထဲမှာ တစ်ညလုံးမွှေနှောက်ရှာပေမယ့် အနှီဘလော့ဂ်ဒေးဆိုတာကြီးကို မတွေ့ရှာပါ။ wikipedia မှာသွားကြည့်ပြန်တော့လည်း မြန်မာပြည်မှာ ၂၀၀၇က ကျင်းပခဲ့တဲ့ ဘလော့ဂ်ဒေးအခမ်းအနားပုံပဲ တွေ့ရပါတယ်။ ဒါတင်မကသေးဘဲ  မြန်မာ့ဘလော့လောက အကြောင်းကို တစေ့တစောင်း မီးမောင်းထိုးပြထားတာကိုလည်း ဖတ်ရပါရဲ့။ ဒါကိုမကျေနပ်နိုင်သေးတာကြောင့် မျက်စိကြီးနားကြီးနဲ့ အရှာအဖွေကောင်းလှပါတဲ့ ဂုရုကြီး Google ကိုအပူကပ်ပြီး မွှေခိုင်းနှောက်ခိုင်းပြန်တော့လည်း ဘလော့ဒ်ဒေးကို မတွေ့ပြန်ပါ။ Blog Action Day ဆိုတာနဲ့တင် ကျေနပ်ရတာကြောင့် အစာမကျေဖြစ်ကျန်ခဲ့တာပဲ အဖတ်တင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ဘလော့ဂါတစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာနေပြန်တာမို့ ဘလော့ဂ်ဒေးအကြောင်းကို ကျကျနနသိနိုင်မယ့် ဆိုဒ်ကလေးတစ်ခုလောက်များ ချထားပေးသနားတော်မူကြရင်ဖြင့် မျက်စိကျဉ်း၊ နားသေးပါတဲ့ ဘလော့ဂါ အညံ့စား ဦးဟန်ကြည်အတွက် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားဖြစ်မှာ သေချာပါရဲ့ . . .

ငယ်ငယ်ကတည်းက စာတိုပေစ ကမျောက်ကချောက်ကလေးတွေ ရေးရမှ စားဝင်အိပ်ပျော်တဲ့အတွက် လူငယ်ဘ၀တစ်လျှောက်လုံး ကဗျာတွေ၊ ၀ထ္ထုတိုတွေနဲ့ပဲ နှစ်ပါးကြည်နေခဲ့တာမို့ အကြောင်းအခွင့်တိုက်ဆိုင်လို့ အင်တာနက်ဆိုတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကြီးပေါ် ရောက်လာတဲ့အခါမှာ ဦးဟန်ကြည် အလုပ်ချင်ဆုံးအလုပ်က စာရေးတဲ့အလုပ်ပါ။ ဒါပေမယ့် ဖွတ်ကလိဒင်္ဂါးပေါင်းများစွာ ကုန်မယ့်အရေးကို နှမြောတာကြောင့် ပေသီးအတန်တန်ခေါက်နေခဲ့မိတာမို့ အနှီ အင်တာနက်ပုဂ္ဂိုလ်ကြီးကို မြင်သာမြင်ရ မကြင်ရပဲ အကျွမ်းတ၀င်မရှိ ဖြစ်နေခဲ့ပါရဲ့။ ဆူလွယ်နပ်လွယ် ဖုန်းကလေးနဲ့တော့ အင်တာနက်ပေါ်မွှေနောက်နေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ဖုန်းတွေထဲမှာ မြန်မာစာဖောင့်တွေ ထည့်လို့မရသေးတာမို့ ကြားဖူးနားဝ ဘလော့တွေဘာတွေကို ဖုန်းနဲ့ကြည့်တဲ့အခါ လေးထောင့်တုံးကလေးတွေပဲ မြင်ရတာမို့ ဖတ်လို့ရတဲ့ အင်္ဂလိပ်ဘလော့လေးတွေနဲ့ပဲ အာသာဖြေခဲ့ရရှာပါတယ်။

လုပ်ငန်းလိုအပ်ချက်အရ ပေါချောင်ကောင်းကွန်ပျူတာလေးတစ်လုံးဝယ်ပြီးချိန်မှာတော့ မြန်မာလိုရော၊ ဘိုလိုပါ ဖတ်လို့ရသွားပြီမို့ တွေ့ရသမျှ url တွေကို Firefox browser ထဲကို ရိုက်ထည့်ပြီး တောင်မွှေမြောက်မွှေ၊ မွှေဖြစ်ပါတယ်။ ကြားဖူးနားဝရှိတဲ့ facebook မှာ အကောင့်တစ်ခု စမ်းတ၀ါးဝါးနဲ့ဖွင့်ရင်း သူငယ်ချင်းတွေနဲ့အဆက်အသွယ်ရလို့ရငြားကြိုးစားရင်းက social network နဲ့အကျွမ်းတ၀င်ဖြစ်လာပါတော့တယ်။ တစ်ရက်သားမှာတော့ facebook ပေါ်မှာ သူငယ်ချင်းဘိုဘိုလန်းစင် ညွှန်းထားတဲ့ လင့်ခ်တစ်ခုကို လိုက်ကြည့်ရင်းကနေ ကိုကြီးကျောက်( ရွှေရတုမှတ်တမ်း ) ဘလော့ကို ရောက်ဖြစ်သွားပြီး သဘောတကျနဲ့ မကြာမကြာ သွားပြီးဖတ်ဖြစ်ပါတယ်။ ကိုကြီးကျောက်ရဲ့ဘလော့မှာ ချိတ်ထားတဲ့ဘလော့ခ်လင့်ခ်တွေနောက်လိုက်ရင်းနဲ့ပဲ ကျန်တဲ့ဘလော့တွေကိုပါ ရောက်ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမယ့် ကွန်မန့်မပေးတတ်တဲ့ နည်းပညာတောသားဖြစ်ခဲ့တာမို့ ဘာခြေရာမှ မချန်ဖြစ်ဘဲ Silent reader ဘ၀မှာပဲ ကျင်လည်ခဲ့ရပါရဲ့။

ကိုယ်ပိုင်ဘလော့လေးတစ်ခု မလုပ်ဖြစ်ခင်မှာ အိပ်မက် ကိုမျက်စိလည်ပြီး ရောက်သွားရာကနေ ဂျီတော့အကောင့်လေးတစ်ခုရလာရင် မည်းမည်းမြင်ရာမှာ မန်ဘာဝင်ချင်တဲ့ နည်းပညာဆိုတဲ့ အုန်းသီးကို စကိုင်ရကာစ ၂၁ရာစုမျောက်တို့ရဲ့သဘာဝအတိုင်းပဲ မန်ဘာဝင်ပြီး ကဗျာလေးတွေ ရေးဖြစ်ပါတယ်။ ကြီးကောင်းကြီးမှ အွန်လိုင်းပေါ် ရောက်ရတာဖြစ်ပေမယ့် ကိုယ့်ကဗျာလေးမှာ ပထမဆုံးကွန်မန့်ဆိုတာလေး တွေ့ရတော့ အင်မတန်ပျော်မိပါသေးတယ်။ အိပ်မက်မှာ ဆော်ဒီရောက် ရေနံတွင်းအင်ဂျင်နီယာ ကိုလင်း ၊ ပြည်တွင်းက အပျိုကြီး အေး တို့ဟာ နည်းပညာလောကမှာ အပျံသင်ကာစ ဦးဟန်ကြည်ကလေးကို အားဆေးတွေတိုက်ခဲ့ကြသူတွေမို့ ကျေးဇူးရှင်တွေလို့ ဆိုရမှာပါ။ ကိုလင်းကတော့ စာချုပ်သက်တန်းစေ့သွားပြီမို့ မန္တလေးမှာ သူ့ရဲ့ချစ်စွာသောဇနီးနဲ့အတူ ပြန်နေရင်း နောက်ထပ်အလုပ်သစ်အတွက် ခေါ်စာကို စောင့်နေပါတယ်။ ဒေါ်အေးကတော့ အိပ်မက်မှာ အခုထိရှိနေဆဲပါ။ အိပ်မက်မှာပဲ အိမ့်ချမ်းမြေ့ နဲ့ သိဖြစ်ကြပါတယ်။ သူ့ဘလော့ကိုလည်း ရောက်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ညက်ညောတဲ့ အရေးအသားနဲ့ စာဖတ်သူအပေါ်ထားတဲ့ စေတနာတွေကိုလည်း မှတ်မှတ်သားသား ရှိမိပါတယ်။ သူက အပြင်မှာလည်း စာရေးနေပြီဖြစ်ပေမယ့် ကိုယ်ငယ်ငယ်ကတည်းက စွဲလမ်းခဲ့တဲ့ ဆရာငြိမ်းကျော်၊ မြသန်းတင့်၊ တက္ကသိုလ်ဘုန်းနိုင်တို့ကလွဲရင် ကျန်တဲ့စာရေးဆရာသစ်တွေရဲ့စာတွေကို စွဲစွဲလမ်းလမ်းမဖတ်တတ်လေတဲ့ Conservative ဖြစ်နေတာကြောင့် အခုထိတော့ သူ့စာတွေကို offline မှာ မဖတ်ဖူးပါ။ အင်တာနက်ပေါ်မှာ စာစရေးဖြစ်တဲ့နေရာဟာ အိပ်မက် ဖြစ်နေတာမို့ အခုအချိန်အထိ သံယောဇဉ်မပြတ်ဘဲ မကြာမကြာ ရောက်ဖြစ်နေဆဲပါ။ စာရေးချင်တဲ့သူတိုင်း လွတ်လွတ်လပ်လပ် ရေးနိုင်တဲ့နေရာမို့ ဒီဆိုဒ်ကလေးကို တိုးတက်စေချင်မိပါရဲ့။

၂၀၁၀ ခုနှစ် ဧပြီလဆန်း လောက်မှာတော့ ဘလော့စပေါ့ဆိုတဲ့ Google service ကို ထုံးစံအတိုင်း တောင်မွှေမြောက်မွှေလုပ်ရင်းက ဘလော့လေးတစ်ခုကို စမ်းတ၀ါးဝါးနဲ့ စလုပ်မိပါတယ်။ နောက်ဆုံးမှာတော့ တောသားလည်း လှည်းနဲ့နွားနဲ့ ဖြစ်လာခဲ့ပြီပေါ့…။ ဘလော့စလုပ်ကာစမှာ ကိုယ့်အပြင်ပတ်ဝန်းကျင်မှာ ဘလော့ရေးတဲ့လူလည်း မရှိတာကြောင့် ပို့စ်ဘယ်လိုတင်ရမယ်ဆိုတာတောင် တစ်နေ့ခင်းလုံးကုန်အောင် ကြိုးစားယူခဲ့ရတာကတော့ တကယ့်အမှတ်တရပါ။ သူများဘလော့လေးတွေ အလည်သွားတဲ့အခါတိုင်းမှာ template လေးတွေကြွကြွရွှရွနဲ့မြင်ရတိုင်း Blogspot ကပေးထားတဲ့ ခပ်တုံးတုံး template နဲ့နှစ်ပါးသွားနေရတဲ့ ဦးဟန်ကြည်ခမျာ သွားရည်တမြားမြားနဲ့ ပြန်လာခဲ့ရတဲ့ အကြိမ်ပေါင်းကလည်း မရေမတွက်နိုင်အောင် ရှိခဲ့ပါရဲ့။ နောက်ဆုံးမှာ မတတ်သာတော့ဘဲ မကြာမကြာရောက်ဖြစ်နေတဲ့ စံပီး ကိုပဲ အခမဲ့ template လေးတွေ ဘယ်မှာရနိုင်မလဲလို့ မေးလ်ကနေ တစ်ဆင့်မေးပြီး ကိုယ်ထူကိုယ်ထ စံနစ်နဲ့ Blog template တွေ တစ်ခုပြီး တစ်ခု မတတ်တတ်နဲ့ ပြောင်းကြည့်ရင်း လာကြည့်တဲ့သူ တစ်ယောက်မှ မရှိတဲ့ ကိုယ့်ရဲ့ မွေးကင်းစ ဘလော့လေးကို အလှဆင်ခဲ့ရပါတော့တယ်။

ဘလော့ဂ်စရေးလို့ တစ်နှစ်ဝန်းကျင်လောက်ကြာတဲ့အထိ ဦးဟန်ကြည်နဲ့ သူ့ဘလော့နဲ့ နှစ်ယောက်ပဲ ဒီဘလော့ရွာထဲမှာ မျက်စိသူငယ်နားသူငယ်နဲ့ နေခဲ့ရရှာပါတယ်။ တစ်ခါတစ်လေမှာ တစ်ယောက်စ၊ နှစ်ယောက်စကများ ကိုယ့်ဘလော့မှာ ကွန်မန့်လေးလာပေးထားတာတွေ့ရရင်ဖြင့် အဲဒီနေ့ဟာ အင်မတန်မှ မင်္ဂလာရှိတဲ့နေ့ဖြစ်သွားပြီး မကြီးမငယ်နဲ့ ပျော်တပြုံးပြုံးဖြစ်နေခဲ့ရတာ အခုထိ တသိမ့်သိမ့်နဲ့ ကြည်နူးရယ်ချင် ဖြစ်နေမိဆဲပါ။ ဒါပေမယ့် ကွန်မန့်ပေးတဲ့လူတွေနောက်ကို ဘယ်လိုပြန်လိုက်ရမှန်းတောင် မသိခဲ့လေတဲ့ နည်းပညာတောသားခမျာမှာ သူများတွေနဲ့ အဆက်အဆံမရှိဘဲ တသီးပုဂ္ဂလဘ၀နဲ့ ရပ်တည်ခဲ့ရပါတယ်။

ဒါပေမယ့် kp 3 မိသားစု ရဲ့ ဘလော့ဂ်လမ်းညွှန်လို့ခေါ်ရမယ့် ဘလော့ဂ်ကို ရောက်သွားဖြစ်တဲ့နောက်မှာတော့ တောသားမအူမလည်ဘ၀ကနေ တောသားလူလည်ဘ၀ကို ရောက်လာပြီး သူများဘလော့တွေမှာလို ကိုယ့်ဘလော့လေးထဲမှာ ဆီပုံးတွေ ရေပုံးတွေ ဝေေ၀ဆာဆာသုံးတတ်လာပါတော့တယ်။ အဲဒီအတွက်လည်း kp 3 ကို ဒီပို့စ်ကနေပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ တစ်ခါသားမှာတော့ ညီနေမင်း ရဲ့ နည်းပညာဘလော့ထဲကို သွားကြည့်ရင်း ခေါက်လို့ရတဲ့ ပို့စ် Peak-a-boo ကိုစမ်းသပ်ကြည့်ရာမှာတော့ မအောင်မြင်လို့ အခုအထိ ထပ်မစမ်းရဲပါ။ အဲဒီလောက်တောင် ညံ့ရှာတဲ့ ဦးဟန်ကြည်ပါပဲ။

ဘလော့စရေးတတ်ကာစအချိန်မှာတော့ ထုံးစံအတိုင်းပဲ တက္ကသိုလ်ကျောင်းသားဘ၀လွန်ကတည်းက အောင့်ထားရတဲ့ စာရေးချင်တဲ့စိတ်တွေ အုံနဲ့ကျင်းနဲ့ ရှိနေတာကို အားပါးတရ ဖွင့်ချရင်း တစ်ချို့ရက်တွေမှာဆို ဘယ်သူဖတ်ဖတ် မဖတ်ဖတ် တစ်ရက်ကို နှစ်ပုဒ်လောက်အထိ ရေးဖြစ်ခဲ့ပါတယ်။ စာမရေးရရင်ကို မနေနိုင်လို့ ရေးနေတာဖြစ်လို့ ဘယ်သူတွေလာဖတ်တယ်၊ မဖတ်ဖူးဆိုတာလည်း သတိမထားမိပါ။ ပညာရေးနဲ့ပတ်သက်တဲ့ ဆိုဒ်တွေကို ၀င်ဖတ်ရင်း ကိုယ်ကြိုက်တဲ့စာတွေကို ဘာသာပြန်ပြီးလည်း တော်တော်များများတင်ဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်အမြင်တွေ၊ အယူအဆတွေကိုလည်း “သင်ထောက်ကူ”ဆိုတဲ့ ကဏ္ဍတစ်ခုဖွင့်ပြီး ရေးဖြစ်ပါသေးတယ်။ ခံစားရရင် ရသလိုရေးထားခဲ့တဲ့ ကဗျာဟောင်းတွေ၊ အသစ်တွေကိုလည်း ဘလော့ဂ်ထဲမှာပဲ တစ်စုတစ်ဝေးထဲ သိမ်းထားဖြစ်ပါတယ်။ ကိုယ်ရေးတဲ့စာတွေ ကိုယ်ပြန်ဖတ်တဲ့အခါတိုင်းမှာ  နေ့စဉ်မှတ်တမ်းရေးတဲ့အကျင့်ကို ဘလော့ပေါ်တင်လိုက်သလို ခံစားရပြီး ကိုယ့်ပီတိလေးနဲ့ကိုယ် ကျေကျေနပ်နပ် ဖြစ်လို့နေခဲ့ပါရဲ့။ ဒီလိုနဲ့ပဲ ပို့စ်ပေါင်း ၁၂၀ ကျော်လောက်ရှိချိန်အထိ ဦးဟန်ကြည်ရဲ့ “ အတွေးစလေးတွေ ” ဟာ လူမသိ၊ သူမသိဘ၀နဲ့ ရပ်တည်ခဲ့ရရှာပါတယ်။


စာကြွင်း။     ။
တက်ဂ်ပို့စ်တစ်ခါရေးရင် အရှိန်ရသွားတတ်တဲ့ ဦးဟန်ကြည်ရဲ့ ထုံးစံအတိုင်းပဲ ဒီတစ်ခါလည်း အခန်းဆက်ဖြစ်သွားပြန်ပါပြီ။ နောက်တစ်ပိုင်းမှာတော့ ဘလော့ဂ်ရွာထဲမှာ ခင်မင်ရင်းနှီးခဲ့ရသူတွေနဲ့ ကြိုက်နှစ်သက်ခံစားမိတဲ့ ဘလော့တွေအကြောင်းကို သုံးသပ်ချက်အကျဉ်းအဖြစ် တင်ဖြစ်ပါလိမ့်မယ်။ ကိုင်း Happy blog day ပါ ဘလော့ဂါ၊ ဘလော့ဂီအပေါင်းတို့ရေ...

Tuesday 23 August 2011

နှလုံးသားထဲက ပုဂံပြည် ( ၂ ) . . .

( ရှေးဟောင်းသုတေသနပြတိုက်၊ ကန်တော့ပလ္လင်၊ ပုထိုးသားများ၊ သဗ္ဗညု၊ ဓမ္မရံကြီး၊ အပယ်ရတနာ၊ အာနန္ဒာ )

၇.၄.၂၀၁၁

ဒီနေ့မနက် အိပ်ရာထနောက်ကျပြန်ပါတယ်။ မနက်၁၀နာရီကျော်ကျော်လောက်မှပဲ အိပ်ရာထဖြစ်ပါတယ်။ အခုတည်းနေတဲ့ “ကြည်ကြည်မြ” တည်းခိုခန်းက ၁၂ရက်နဲ့ ၁၃ ရက်မှာ အခန်းမအားတာကြောင့် ရက်ရှည်ဆက်တိုက်တည်းချင်တဲ့ ကိုယ်တို့အတွက် အဆင်မပြေပါ။ ဒါ့အပြင် မနေ့ကပဲ ပုဂံမြေပုံမှာကြည့်မိတော့ ဒီနေရာဟာ ပုဂံမြို့သစ်ဖြစ်ပြီး သူ့အနီးအနားမှာ ဘုရားပုထိုးလည်း လည်စရာပတ်စရာ သိပ်မရှိပါ။ ဒါကြောင့် ၁၂နာရီထိုးလို့ check out  မလုပ်ခင်မှာ နောက်တည်းခိုခန်းတစ်ခန်းရှာကြဖို့ မနေ့ကတည်းက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလို အိပ်ရာထနောက်ကျသွားတာကြောင့် နောက်ရက်မှပဲ တည်းခိုခန်း ကိစ္စကို စီစဉ်ဖို့ အခြေအနေအရ ဆုံးဖြတ်လိုက်ရပါတော့တယ်။ ဒါကြောင့် အပြင်ထွက်ပြီး အသင့်တွေ့တဲ့ လိုင်းကားပေါ် တက်လို့ ပုဂံမြို့ဟောင်းဘက်ကို ခရီးစခဲ့ပါတယ်။ ပုဂံ-ညောင်ဦးကို ပြေးနေတဲ့ လိုင်းကားတွေဖြစ်တာကြောင့် ကားခအင်မတန်မှ သက်သာပါရဲ့။

စိမ်းလန်းလှတဲ့ ကြည်ကြည်မြ ဧည့်ရိပ်သာ . . .

လိုင်းကားခ တစ်ယောက်၂၀၀(တကယ်တော့ သတ်သတ်မှတ်မှတ် လိုင်းကားမဟုတ်ပါ။ ပုဂံညောင်ဦးပြေးနေတဲ့ ခေါက်ပြန် ကားတွေပါ) ကုန်ပြီးတဲ့ နောက်မှာတော့ ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို ရောက်ပါတယ်။ ပြတိုက်ဝင်ကြေးက တစ်ယောက် ၅၀၀၊ ကင်မရာခွန်က အပျော်တန်းအတွက် တစ်လုံးကို ၃၀၀ပါ။ နေပြည်တော်နဲ့ယှဉ်ရင် တကယ့်ပုဂံနေပြည် တော်အစစ်က ဈေးပိုသက်သာတဲ့သဘောပါပဲ။ နေပြည်တော်မှာက ကင်မရာခွန် တစ်ခါဆောင်ရရင် ၂၀၀၀ ကျပေသကိုး။  ပြတိုက်က တကယ့်ကို ထုထည်ကြီးကြီးနဲ့ ခမ်းခမ်းနာနားဆောက်ထားပါ တယ်။ ဒါပေမယ့် လမ်းကျယ်ကျယ်ဘေးမှာ သစ်ပင်ကြီးမရှိတာကြောင့် နေပူသက်သာအောင် ခပ်သုတ်သုတ်လေးတော့ သွားယူရပါရဲ့။

မြေပုံအားကိုးနဲ့ တွေ့သမျှ သွားခဲ့တယ် . . .

ပုဂံရှေးဟောင်းသုတေသနပြတိုက် . . .

ရှေးဟောင်းပြတိုက်ထဲက မင်းကျန်စစ် . . .
ပြတိုက်ထဲကို ဓာတ်ပုံကင်မရာ၊ ခရီးဆောင်အိတ်တွေ ယူခွင့်မပေးပါ။ အစကတော့ ဘာကြောင့်ဆိုတာ သဘောမပေါက်ပေမယ့် ပြတိုက်ဝန်ထမ်းတစ်ယောက်ကရှင်းပြမှပဲ အရင်က ပြတိုက်မှာ မိုင်းကွဲခဲ့တာကြောင့်ရယ်၊ ပြတိုက်မှာ ရှိတဲ့ အဖိုးတန်ရှေးဟောင်းပစ္စည်းတွေအကြောင်း အပြင်လူတွေ မသိစေချင်တာရယ်ကြောင့် ဆိုတာ သိရပါတယ်။ ခရီးဆောင်အိတ်မယူရတာ သဘာဝကျပေမယ့် ဒုတိယအကြောင်းပြချက်ကို သိပ်ဘ၀င်မကျပါ။ ကိုယ့်ပြတိုက်က အဖိုးတန်ပစ္စည်းတွေအကြောင်း အများသိရမှ ပြတိုက်ရဲ့ဂုဏ်သိက္ခာပိုတိုးတက်လာ မယ်လို့ ယူဆမိတာကြောင့်ပါ။ ဒါပေမယ့် ဘတ်ဂျက်နည်းတဲ့ ဌာနဖြစ်တာကြောင့် လုံခြုံရေး အသုံးစရိတ် များများစားစား မတတ်နိုင်တာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ပြခန်းအ၀င်က တာဝန်ခံအရာရှိတစ်ယောက်က ကိုယ်ကိုင်ထားတဲ့ ပုဂံမြေပုံကို ထောက်ပြပြီး ပုဂံမှာသွားလေ့လာသင့်တဲ့ နေရာတွေကို အကြံပေးပါတယ်။ ဒါတင်မကသေးဘဲ ဒီမှာပဲရှိတဲ့ ပဉ္စလောဟာ ရုပ်ပွားတော်တွေကို ဖူးဖြစ်အောင်ဖူးသွားဖို့လည်း အကြံပေးလိုက်ပါသေးတယ်။ ဒီဒေသက ၀န်ထမ်းတွေရဲ့ ဖော်ရွေပုံကို မှတ်မှတ်သားသားဖြစ်မိပါတော့တယ်။ အမှန်တကယ်ဆိုရင် တစ်ပြည်လုံးမှာ ရှိတဲ့ဝန်ထမ်းအားလုံး ပုဂံက ၀န်ထမ်းတွေလို ဖော်ရွေပျူငှာစေချင်ပါရဲ့လေ။

ပြတိုက်မြေညီထပ်မှာ ခန်းမကျယ်ကြီးတစ်ခုရှိပြီး ပုဂံခေတ်က ထင်ရှားခဲ့တဲ့ မင်းတွေရဲ့ ပုံတူကြေးရုပ်တုတွေ ထားပါတယ်။ ဒါတွေက ရှေးဟောင်းပစ္စည်းတော့မဟုတ်ပါ။ သူတို့ရဲ့ အသုံးအဆောင်တွေကို လေ့လာပြီး အရပ်အမောင်း အချိုးအစားကို ခန့်မှန်းယူ၊ နံရံဆေးရေးပန်းချီတွေနဲ့ သူတို့ရဲ့ အ၀တ်အစားတွေကို ညှိနှိုင်းပြီး မျက်နာတွေကိုတော့ တတ်နိုင်သမျှ အဆင်ပြေအောင် သွန်းလုပ်ထားတဲ့ ဒီဘက်ခေတ်လက်ရာတွေပါ။ ဒါပေမယ့် စာတန်းထိုးရာမှာ ပုဂံခေတ်အရေးအသားကို သုံးထားတာကြောင့် မသိရင်တော့ မျက်စိလည်စရာပါ။ ဒီအရုပ်တွေအပြင် ပုဂံသားတွေ တီးမှုတ်ကခုန်နေပုံတွေ၊ ဆွမ်းလောင်းနေပုံတွေကိုပါ ရုပ်ထုတွေထုတားပါတယ်။ ဒီရုပ်ထုတွေကတော့ ကြေးရုပ်တုမဟုတ်ပါ။ ဖယောင်းရုပ်တုတွေ ကို ကြေးရောင်ပေါက်အောင် ဆေးဖြန်းထားတာတွေ ဖြစ်ပါတယ်။ အောက်ထပ်ခန်းမကြယ်ကြီးရဲ့ ဘေးတစ်ဘက်တစ်ချက် အခန်းငယ်လေးတွေထဲမှာ ပြခန်းငယ်လေးတွေ ခွဲပြီးပြထားပါတယ်။ ၀င်ဝင်ချင်း ဘယ်ဘက်ခြမ်းမှာ ပုဂံဘုရားတွေကနေ တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြထားပါတယ်။ ဒါ့အပြင် ပုဂံသားတွေရဲ့ ၀တ်စားဆင်ယင်ပုံတွေ ပုဂံသူတွေရဲ့ ဆံထုံးပုံစံ ၅၇မျိုးကိုလဲ ပုံစံတူလုပ်ပြီး ပြထားတာတွေ့ရပါတယ်။ ဒီဆံထုံးပုံစံတွေကို ဒေါ်စောမုံညင်းရေးတဲ့ မြန်မာအမျိုးသမီးဝတ်စားဆင်ယင်ပုံကျမ်းထဲမှာ တွေ့နိုင်ပါတယ်။

အဲဒီအခန်းနဲ့ မျက်နှာချင်းဆိုင်မှာတော့ ပုဂံနန်းတော်ပြခန်းပါ။ ပုဂံခေတ်စစ်လက်နက်တွေဖြစ်တဲ့ ဓားတွေ၊ လှံတွေ၊ အဲမောင်းတွေလည်းတွေ့ရပါတယ်။ ဒီဓားတွေကိုကြည့်မိတော့ ပုဂံသားတွေဟာ အနည်းဆုံးတော့ ခြောက်ပေနီးပါးမြင့်ပြီး ခွန်အားဗလ သန်မာထွားကြိုင်းကြမယ်လို့ ခန့်မှန်းမိပါတယ်။ ဒါတွေကိုကြည့်မိတော့ တဖြည်းဖြည်းနဲ့ ကိုယ်ကာယကြံ့ခိုင်မှု နည်းသထက်နည်းလာနေတဲ့ ကိုယ်အပါအ၀င် မျိုးဆက်သစ်လူငယ်တွေကို အားမလိုအားမရ ဖြစ်မိပါတော့တယ်။ သူတို့ကိုင်တဲ့ဓားကြီးတွေက ရောမခေတ်က စစ်သားတွေကိုင်တဲ့ ဓားတွေနဲ့ ပုံစံချင်းတော်တော်တူပါတယ်။ ဒါ့အပြင် လှိုင်းတွန့်လို တွန့်ထားတဲ့ဓားကြီးတစ်လက်လည်း တွေ့ရပါတယ်။ ကျန်တာကတော့ ခေတ်အဆက်ဆက်နန်းတော်တွေရဲ့ ပန္နက်ပုံတွေပြထားတာပါ။

နန်းတော်ပြခန်းနဲ့ကပ်လျက်အခန်းကတော့ ပုဂံခေတ်စာပေပြခန်းပါ။ ဘုရားတွေကတွေ့ရသမျှ ကျောက်စာမူရင်းတွေကို ဒီအခန်းမှာ ထိန်းသိမ်းထားပါတယ်။ နံမည်ကျော် မြစေတီကျောက်စာမူရင်းကိုလည်း တွေ့ခဲ့ရပါတယ်။ မြန်မာအက္ခရာ ပြောင်းလဲပုံတွေအကြောင်း နည်းနည်းပါးပါးလေ့လာဖူးပေမယ့် ဒီကျောက်စာတွေကိုတော့ သုံးလေးလုံးထက်ပို မဖတ်တတ် ခဲ့ပါ။ ဒီပြခန်းမှာ တာဝန်ကျတဲ့ တာဝန်ခံဝန်ထမ်း အမျိုးသမီးကရှင်းပြတာကြောင့် တော်တော်များများတော့ သဘောပေါက် သွားပါတယ်။ ဒီတာဝန်ခံအမျိုးသမီကပဲ ကိုယ်တို့ကို အပေါ်ထပ်က ပဉ္စလောဟာ စေတီနှစ်ဆူကို လိုက်ပြပြီး ကျကျနန ရှင်းပြပါတယ်။

အပေါ်ထပ်မှာ ပုဂံတစ်ခွင်က ရခဲ့တဲ့ ရုပ်ပွားတော်တွေရဲ့ မူရင်း ၁၃၀ ကျော်ကို ထိန်းသိမ်းထားပါတယ်။ ဒါကြောင့် ပုဂံပုထိုးတွေမှာ တွေ့ရတဲ့ ရုပ်ပွားတော် တော်တော်များများဟာ ပုံစံတူတွေပဲ ဖြစ်ပါတယ်။ မတ်ရပ်ရုပ်ပွားတော်တွေမှာ သင်္ကန်းတော်ဟာ ပါးလှပ်နေပြီး ဒူးဆစ်တော်မှာ အဖုပါရင် ဒါဟာမူလ ပုဂံလက်ရာဖြစ်တယ်ဆိုတာကို သူရှင်းပြမှပဲ သိရတာပါ။ ဒါ့အပြင် အာနန္ဒာဘုရားက မတ်ရပ်ရုပ်ပွားတော်လေးဆူမှာ တောင်ဘက်နဲ့ အရှေ့ဘက်ကပဲ မူရင်းပုဂံခေတ် ရုပ်ပွားတော် ဖြစ်ပြီး ကျန်နှစ်ဆူက နောက်ပိုင်းခေတ်လက်ရာတွေ ဖြစ်မှန်းလည်း သိရပါတယ်။

ပထမ မဉ္စလောဟာရုပ်ပွားတော်ဟာ ပုဂံအ၀တ်အစားတွေပြတဲ့အခန်းရဲ့ အပေါ်မှာရှိပါတယ်။ ရုပ်ပွားတော်ကို သံတန်းနံရံ တွေထဲမှာ ကာကွယ်ထားပြီး လုံခြုံရေးကင်မရာနဲ့လည်း စောင့်ကြပ်နေပါတယ်။ ဒီရုပ်ပွားတော်ဟာ ၁၁ရာစု လက်ရာဖြစ်တာကြောင့် ကျန်စစ်သားမင်းရဲ့ ကုသိုလ်တော်ဖြစ်ပါတယ်။ ညောင်ဦးမြို့နယ် စဥ့်ကူကျေးရွာမှာ ရှိတဲ့ နဂါးရုံဘုရားကနေ တွေ့ရှိခဲ့ရတာပါ။ ပဉ္စလောဟာဆိုတာကတော့ ဆင်းတုတော်ထုလုပ်ရာမှာ သုံးထားတဲ့ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သွပ် စတဲ့ သတ္တုငါးမျိုးစပ်ကို အစွဲပြုပြီး ခေါ်ကြတာဖြစ်ပါတယ်။

ဒီရုပ်ပွားတော်မှာ ထူးခြားချက် ခြောက်ချက် ရှိပါတယ်။
(၁) ရုပ်ပွားတော် လည်ပင်းတော်ဟာ စေတီတော်ရဲ့ ပစ္စယံအဆင့်တွေ၊ လည်ပင်းတော်ဟာ ကြာဖူး၊ နှာခေါင်းတော်ဟာ ထီးတော်ပုံဖြစ်တာကြောင့် ခြုံကြည့်ရင် စေတီတော်တစ်ဆူပုံဖြစ်ပါတယ်။
(၂) ရင်အုပ်တော်နှစ်ဘက်ဟာ မြင်းတစ်ကောင်ရဲ့ မျက်လုံးနှစ်ဖက်ပုံရှိပြီး ၀မ်းဗိုက်တော်ဟာ မြင်းရဲ့နှာယောင်ပုံဖြစ်တာမို့ ခြုံပြီးကြည့်ရင် မြင်းရဲ့မျက်နှာကို ရှေ့တည့်တည့်က ကြည့်တာနဲ့ တူပါတယ်။ ဒါကတော့ ပုဂံသားတွေဟာ ဘုရားရှင်ရဲ့ ပုံတော်ကို စိတ်မှန်းနဲ့ ပူဇော်ရာမှာ သူတို့စိတ်ထဲကနေ မြင့်မြတ်တယ်လို့ ယူဆကြတဲ့ သိန္ဓောမြင်းရဲ့ပုံကို ထည့်ပြီးထုကြတယ်လို့ ယူဆရပါတယ်။
(၃) ရုပ်ပွားတော်ရဲ့ ချက်တော်မှာ ရွှေအစစ်ထည့်သွင်းထုလုပ်ထားပါတယ်။
(၄) ရုပ်ပွားတော်ရဲ့ လက်ဝဲဘက်လက်သန်းဟာ ငွေဖြစ်ပါတယ်။
(၅) ရုပ်ပွားတော်ရဲ့ စက္ခုအိနြေ္ဒချထားတဲ့ မျက်လုံးတော်တွေကို ရွှေနဲ့ထုလုပ်ထားပါတယ်။
(၆) ရုပ်ပွားတော်ရဲ့ နဖူးကို ရွှေပြားနဲ့ ပူဇော်ထားပါတယ်။
ဒီရုပ်ပွားတော်ဟာ တန်ခိုးကြီးပြီး ဆုတောင်းပြည့်တာကြောင့် ရှေးအရင်ကတည်းက တကူးတကသွားပြီး ဖူးကြတယ်လို့ သိရပါတယ်။

ဒုတိယရုပ်ပွားတော်ကတော့ ပုဂံနန်းတော်ပြခန်းအထက်ဘက်မှာ ရှိပါတယ်။ ၁၁ရာစု လက်ရာဖြစ်ပြီး ကျန်စစ်သားမင်းကြီးရဲ့ ကုသိုလ်တော်ပဲ ဖြစ်ပါတယ်။ ပုဂံမြို့ဟောင်း ပုဆစ်တုပ်ဘုရား ကနေ ရခဲ့တာဖြစ်ပါတယ်။ ပုဆစ်တုပ်ဘုရားဆိုတာကတော့ ခမည်းတော်မင်းကြီးကို ကျန်စစ်သားမင်းက ဒူးတုပ်ပြီးဦးချခဲ့တဲ့နေရာမှာ တည်ထားတာမို့ ဒီဘွဲ့တော်တွင်တာပါ။ ဒီရုပ်ပွားတော်ဟာ ပထမရုပ်ပွားတော်ထက် ဥာဏ်တော်ပိုမြင့်ပါတယ်။ သတ္တုအရော အချိုးအဆ အားနည်းတာကြောင့် အရောင်ပိုရင့်ပြီး အညိုရင့်ရောင်ပိုသန်းပါတယ်။ ထူးခြားချက်တွေကတော့ ပထမရုပ်ပွားတော်နဲ့ ခပ်ဆင်ဆင်ရှိပြီး ဘယ်လက်တော်မှာကိုင်ထားတဲ့ သင်္ကန်းတော်ဟာ ငါးကြင်းမြီးပုံရှိပါတယ်။ ဒါကတော့ ငါးဆိုတာအေးချမ်းတဲ့ သဘာဝရှိတာမို့ နိမိတ်ကောင်းနဲ့ ထုလုပ်ထားခဲ့တာလို့ ယူဆရပါတယ်။ လက်ဝါးထောင်ထားတဲ့ ညာဘက်လက်တော်က လက္ခဏာတော် အရေးအကြောင်းတွေကို သေချာကြည့်ရင် ညောင်ရွက်ပုံဖြစ်နေပါတယ်။

ဒီရုပ်ပွားတော်နှစ်ဆူအပြင် အလိုတော်ပြည့် ရုပ်ပွားတော် မူရင်း ကိုလည်း ဖူးခဲ့ရပါတယ်။ အလိုတော်ပြည့်စေတီတော်မှာ အခုဖူးနေကြတဲ့ ရုပ်ပွားတော်က အစစ်မဟုတ်ပါ။ မူလရုပ်ပွားတော်ကို ပုံစံတူလုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ပွားတော်တွေမှာ ဘွဲ့တော်တွေ ထိုးမထားတာကြောင့် သေသေချာချာသိဖို့မလွယ်ပါ။ ဒါပေမယ့် ဒီအလိုတော်ပြည့်ရုပ် ပွားတော်ရှေ့မှာ ယွန်းတိုင်တွေနဲ့ သံကြိုးတားထားတာမို့ ရှာရတာ သိပ်မခက်ပါ ။ ဒီဘုရားသုံးဆူလုံးဟာ ဆုတောင်းတိုင်း ပြည့်တာမို့ လူကြီးတွေ မကြာမကြာလာဖူးပြီး ဆုတောင်းကြတယ်လို့ သိရပါတယ်။ ဘာဆုတွေများ တောင်းကြသလဲဆိုတာတော့ မစဉ်းစားတတ်ပါ။ ဒီရုပ်ပွားတော်ရဲ့ လည်ပင်းနဲ့မျက်နှာတော်ကလည်းစေတီပုံဖြစ်ပါတယ်။ အနီးကပ်ဖူးရင် စက္ခုအိနြေ္ဒချထားဟန်ရှိပြီး အဝေးကနေဖူးရင် ပြုံးတော်မူနေဟန်ပေါ်အောင် ထုလုပ်ထားပါတယ်။

ဒီအချက်တွေအပြင် ထိုင်တော်မူ ဆင်းတုတော်တွေနဲ့ပတ်သက်တဲ့ မှတ်သားစရာတွေလည်း ရခဲ့ပါတယ်။ ထိုင်တော်မူ ရုပ်ပွားတော်တွေမှာ ဒူးဆစ်တော်နှစ်ဖက်ကြားအကွာအဝေးဟာ အောက်ခြေကနေ-
မေးတော်အထိအကွာအဝေးနဲ့တူရင် - ဆင်းရဲသားရဲ့ ကုသိုလ်
နှာခေါင်းတော်အထိအကွာအဝေးနဲ့တူရင် - သူဌေးသူကြွယ်ရဲ့ ကုသိုလ်
မျက်လုံးတော်အထိ အကွာအဝေးနဲ့တူရင် - မှူးမတ်တွေရဲ့ ကုသိုလ်
နဖူးတော်အထိ အကွာအဝေးနဲ့တူရင် - ဘုရင်ရဲ့ ကုသိုလ်လို့ သိရပါတယ်။ ဒါကတော့ တကယ့် အဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတပါ။

ကိုယ်တို့ကို လိုက်ပြီးရှင်းပြပေးတဲ့ ၀န်ထမ်းအမျိုးသမီးကို ကျေးဇူးတင်တာကြောင့် ပိုက်ဆံပေးပေမယ့် ဒီအတိုင်းယူလို့ မရပါ။ အောက်ထပ်မှာရှိတဲ့ တာဝန်ခံအမျိုးသမီးကို ပေးရပါတယ်။ ရှင်းပြတဲ့ ၀န်ထမ်းကို တ၀က်ခွဲပေးပြီး ကျန်တ၀က်ကို ဘုံငွေထဲမှာ ထည့်ရပါတယ်။ ညနေရုံးဆင်းရင် အဲဒီဘုံငွေကို ၀န်ထမ်းတွေအားလုံး ခွဲဝေယူရပါတယ်တဲ့။ တော်တော်ကောင်းတဲ့ အစီအစဉ်လေးပါ။ အားလုံးအတွက် အဆင်ပြေအောင် စီစဉ်ပေးထားတာ ချစ်စရာပါ။

ပုဂံရဲ့ အိုအေစစ် . . .

အညာဟင်းတွေပါ . . .

ပြတိုက်က အထွက်မှာတော့ ဗိုက်ဖြည့်ဖို့ တစ်ခါပြင် ၆၀၀ လို့ရေးထားတဲ့ ဆိုင်တစ်ဆိုင်ထဲကို ၀င်ကြပါတယ်။ အရေးထဲမှာ ကိုယ်တို့ကိုပါ တူးရစ်မှတ်ပြီး ဟဲလိုလာလုပ်နေတာကြောင့် ရယ်ရပါသေးတယ်။ တစ်ခါပြင်ပုံစား မဟုတ်ဘဲ ဟင်းပွဲမှာပြီး စားဖြစ်ပါတယ်။ ဆိုင်ရှင်က စေတနာကောင်းကောင်းနဲ့ ရှိသမျှအရံဟင်းတွေ အကုန်ချပေးတာကြောင့် စားပွဲတောင် မဆံ့ပါ။ ဒါတင်အားမရသေးဘဲ ကိုယ်တို့စားနေတုန်းမှာပဲ ခရမ်းချဉ်သီးသုတ်တစ်ပွဲထပ်ချပေးပါတယ်။ စားပြီးပြန်တော့လည်း ဖရဲသီးစိတ်တစ်ပန်းကန်၊ ဇီးယိုတစ်ပန်းကန်၊ မန်ကျီးတော်ဖီတစ်ပန်းကန်ချပေးပြီး အချိုတည်းခိုင်းပါ သေးတယ်။ ပိုက်ဆံရှင်းတော့ သုံးထောင်တောင် မပြည့်ပါ။ အနားပတ်ဝန်းကျင်ဘုရားတွေကို သွားဖို့လမ်းမေးလိုက်တော့လည်း ကျကျနန လမ်းပြလိုက်ပါသေးတယ်။ တကယ့် မြန်မာစစ်စစ်တွေကို ပြန်တွေ့ရသလို ခံစားရပါတယ်။

မီးမလောင်ကျောင်း ခြေတော်ရင်းမှာ . . .
မီးမလောင်ကျောင်း . . .
မီးမလောင်ကျောင်း အတက်လှေကား . . .
ထမင်းစားအပြီးမှာ အနားမှာရှိတဲ့ မီးမလောင်ကျောင်း ကို ကြည့်ဖြစ်ပါတယ်။ ကျောင်းက သိပ်တော့မကြီးလှပါ။ အပေါ်မှာတော့ စေတီငယ်တစ်ဆူရှိပါတယ်။ ကျောင်းပေါ်ကတက်ကြည့်ရင် သဗ္ဗညုဘုရားဘက်ကို ကောင်းကောင်းမြင်ရပါတယ်။ မီးမလောင်ကျောင်းကို ကြည့်အပြီးမှာ ကန်တော့ပလ္လင် ကို သွားကြပါတယ်။ 

အေးချမ်းလှတဲ့ ကန်တော့ပလ္လင် . . .

ကန်တော့ပလ္လင်က အင်္ဂတေပန်းတွေ . . .

ကန်တော့ပလ္လင် ဆင်းတုတော် . . .

ဆင်းတုတော်နောက်ကျောက နံရံပန်းချီတွေ . . .


ပရ၀ုဏ်ကျယ်ကျယ် ၀န်းဝန်းမှာ ထနောင်းပင်ကြီးတွေရှိတာကြောင့် တော်တော်အေးချမ်းလှပါတယ်။ ထနောင်းပင်ကြီးတွေ အောက်မှာလုပ်ထားတဲ့ အင်္ဂတွေကွပ်ပျစ်ပေါ်မှာ ခဏအနားယူဖြစ်လိုက်ပါသေးတယ်။ ဘယ်နေရာကြည့်ကြည့် စိမ်းစိမ်းစိုစို ထနောင်းပင်တွေ၊ ရေတမာပင်တွေနဲ့ နီနီရဲရဲ ဘုရားပုထိုးတွေနဲ့ ပုဂံဟာ ဒီနေ့အထိ ခန့်ညားနေတုန်းပါ။

ခြုံနွယ်ပိတ်ပေါင်းတွေကြားက ပုဂံ . . .
တောလမ်းကလာခဲ့သည် . . .
ကန်တော့ပလ္လင်ကအထွက်မှာ တောလမ်းကလေးအတိုင်းလျှောက်ရင်း အာနန္ဒာ ရှိရာဘက်ကို စမ်းတ၀ါးဝါးနဲ့ သွားကြပါတယ်။ လမ်းတ၀က်မှာ တွေ့ရတဲ့ စေတီတစ်ဆူကို ၀င်ကြည့်ရင်းမေးလိုက်မိတော့ ပုထိုးသားများ ဖြစ်နေတာကြောင့် အထဲဝင်ရုံတင်မကဘဲ တာဝန်ခံတစ်ယောက်ဖွင့်ပေးတဲ့ အတွင်းလှေကားအတိုင်း စေတီတော်ပေါ်ကို တက်ကြည့်လိုက်ပါသေးတယ်။ ဒီစေတီတော်ပေါ်ကနေ ပုဂံဘုရားတွေကို ဖူးရတဲ့ အရသာ၊ ပတ်ဝန်းကျင် ရှုခင်းတွေကို ကြည့်ရတဲ့အရသာကတော့ ကိုယ်တို့လို ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် ခြေလျင်လျှောက်သွားတဲ့ သူတွေပဲ ရနိုင်တဲ့ အရသာစစ်စစ်ပါ။ ဘုရားထဲမှာ နံရံဆေးရေးပန်းချီတွေတွေ့တာကြောင့် ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ဘုရားမျက်နှာကျက်က မည်းနေတာကြောင့် မေးကြည့်တော့ ဂျပန်ခေတ်က စစ်သားတွေ ဒီဘုရားထဲမှာ စတည်းချရင်း ချက်ပြုတ်စားသောက်ကြတဲ့ ကြပ်ခိုးတွေကြောင့် လို့ ဖြေပါတယ်။ ဟုတ်မဟုတ်တော့လည်း မပြောတတ်ပါ။ သဲပန်းချီကား တွေ ရောင်းတာကြောင့် တစ်ကားကို ၃၀၀၀ နဲ့ ၀ယ်ခဲ့လိုက်ပါတယ်။ ဟိုတစ်နေ့က ၇၀၀၀ ကျော်ကျော်နဲ့ မ၀ယ်လိုက်မိတာ ကိုယ့်ကိုယ်ကို တော်တော်ကျေးဇူးတင်မိပါသေးရဲ့။


အရိပ်အယောင်ပြတယ် . . .

ပုထိုးသားများ ရောက်လုပြီ . . .

ပုထိုးသားများက လက်မှုပစ္စည်း အရောင်းဆိုင်ကလေး . . .

ကျန်နေသေးတဲ့ နံရံဆေးရေး ပန်းချီတွေ . . .

ပုထိုးသားများပေါ်တက်တဲ့လှေကား . . .

ပုထိုးသားများပေါ်က မြင်ရတဲ့ သဗ္ဗညု . . .

ပုထိုးသားများ အပေါ်မှာ . . .

ပုထိုးသားများပေါ်က စဥ့်နဲ့လုပ်ထားတဲ့ ရေထုတ်ပြွန် . . .

ပုထိုးသားများပေါ်က မြင်ရတဲ့ ပုဂံ . . .

လွမ်းစရာ့ ပုဂံပြည် . . .

ညာဏ်သဗ္ဗညုကို လှမ်းမျှော်ကြည့်ရင်း . . .

ပုထိုးသားများပေါ်က ဆင်းတော့မယ့် အိမ်ရှင်မ . . .

ပုထိုးသားများအဆင်း ဥမင်လိုဏ်ခေါင်း . . .

ပုထိုးသားများထဲက ရုပ်ပွားတော် . . .

ပုထိုးသားများထဲက သဲပန်းချီဆရာမ . . .

ပုထိုးသားများကနေ ကိုယ့်ခြေထောက်တွေကို မညှာမတာနှိပ်စက်ရင်း တောလမ်းအတိုင်းဆက်သွားလိုက်တော့ ပုဂံမှာ ဥာဏ်တော်အမြင့်ဆုံး သဗ္ဗညု စေတီကို ရောက်ပါတယ်။ စေတီတော်ပေါ်ကို တက်တဲ့ စင်္ကြန်လမ်းကို ပိတ်ထားတာကြောင့် အပေါ်တက်လို့မရပါ။ ဒီဘုရားမှာဈေးရောင်းတဲ့ ကလေးတွေက ရဲတင်းလွန်းတာတွေ့ရပါတယ်။ ခဏပဲဖူးဖြစ်ပါတယ်။ စေတီတော်ခြေရင်းက ဆိုင်မှာ အမျိုးသမီးက ကိုယ်တို့မြို့မှာ ရှားပါးပြီး ဈေးကြီးလွန်းတဲ့ ကြိမ်လက်ကိုင်အိတ်တွေ ၀ယ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မပျက်မချင်းတော့ ခိုင်မယ့် အိတ်တွေ ဖြစ်ပါလိမ့်မယ်။

သဗ္ဗညုအ၀င် . . .
ရိုးရာကြိမ်လက်ကိုင်အိတ်တွေ . . .

ဖြန့်ခင်းထားတဲ့ သဲပန်းချီကားတွေ . . .

အေးအေးလူလူအိပ်ရင်း ၀ယ်လက်ကိုစောင့်မယ် . . .

သဗ္ဗညုကနေ တောလမ်းအတိုင်းပုဂံဘုရားတွေထဲမှာ ထုတည်အကြီးဆုံး  ဓမ္မရံကြီး စေတီတော်ကို သွားဖြစ်ပါတယ်။ ဒီစေတီတော်ခြေရင်းမှာ အနော်ရထာမင်းကြီး ရဲ့ နန်းတော်ရာကုန်းကို တူးနေတာတွေ့ရပါတယ်။

စိမ်းနေဦးမယ် ပုဂံမြေ . . .
 
ဓမ္မရံကြီးပေါ်ကနေ လှမ်းမြင်ရတဲ့ သဗ္ဗညု . . .
အနော်ရထာမင်းရဲ့ နန်းတော်ရာ . . .
ဓမ္မရံကြီးမှာတွေ့ခဲ့ရတဲ့ တံခါးက ပန်းပြောက်အမွမ်းတွေ . . .


ပုဂံခေတ်က သစ်ထွင်းပန်းပု . . .
 
ဘုရားက ဈေးသည်တစ်ယောက်က ကိုယ်တို့ကို လိုက်ပြီးရှင်းပြပါတယ်။ အဲဒီလိုရှင်းမပြရင် ဈေးမရောင်းရဘူးလို့ သတ်မှတ်ထားပါသတဲ့ ။ ဒါကတော့ သူ့အပြောပါ။ ကိုယ်ကတော့ marketing promotion တစ်မျိုးလို့ပဲ ထင်ပါတယ်။ ဒီစေတီတော်ကြီးကို အလောင်းစည်သူမင်းကြီးက ၇ လနဲ့ အပြီးတည်ခဲ့တယ်လို့ ဆိုပါတယ်။ သူရှင်းပြတာ တော်တော်များများကတော့ ပါးစပ်ရာဇ၀င်တွေပဲ ဖြစ်နေတာကြောင့် မှတ်မှတ်သားသား မလုပ်ဖြစ်ပါ။ ပင်ပန်းလွန်းနေတဲ့ ကိုယ့်ကိုယ်ကို အတင်းအကြပ် အားပေးရင်း လှေကားထစ်တွေကို ကြိုးကြိုးစားစားတက်ရင်း စေတီတော် အပေါ်ပစ္စယံကို တက်ကြည့်ဖြစ်ပါသေးတယ်။ ပြန်ဆင်းလာကြတော့ ရှင်းပြတဲ့ အမျိုးသမီးဆိုင်မှာ ယွန်းထည်လေးတွေဝယ်ဖြစ်ပါတယ်။ ဒါပေမယ့် ဘာမှမသယ်ချင်အောင် ညောင်းနေပြီမို့ ခပ်သေးသေးလေးတွေပဲ ၀ယ်ခဲ့ပါတော့တယ်။ ဘယ်လောက်ပဲ ညောင်းညောင်း အာနန္ဒာကိုတော့ ရောက်အောင် သွားရပါလိမ့်ဦးမယ်။

အာနန္ဒာကို လှမ်းအမြင် . . .

အာနန္ဒာဘုရားရောက်အောင် ကိုယ့်ကိုယ်ကို တော်တော်ကြီးအားတင်းလျှောက်ယူရပါတယ်။ ဒါတောင် ပင်ပန်းလွန်းအား ကြီးတာကြောင့် ဘုရားထဲကို တိုက်ရိုက်မ၀င်နိုင်ဘဲ ၀န်းအပြင်က ကြံရည်ဆိုင်လေးတွေမှာ နားနေရပါသေးတယ်။

ရင်ထဲကို အေးမြသွားစေတဲ့ ပုဂံက ကြံရည် . . .
အာနန္ဒာက ရုပ်ပွားတော် . . .
တံခါးရွက်ပေါ်က ပုဂံလက်ရာ ပန်းပြောက်အမွမ်းတွေ . . .
အာနန္ဒာဘုရားက အင်္ဂတေပန်းလက်ရာ . . .

ဘုရားထဲကို ရောက်တော့ အမျိုးသမီးက ဘုရားထဲမ၀င်နိုင်အောင် ပင်ပန်းနေပြီမို့ ရင်ပြင်တော်ပေါ်က ကွပ်ပျစ်တစ်ခုမှာ နားနေရစ်ပါတယ်။ ကိုယ်လည်း ဟိုဟိုသည်သည် ဓာတ်ပုံရိုက်ပြီး ပြန်ထွက်ခဲ့ပါတယ်။ ဘုရားအပြင်မှာရပ်ထားတဲ့ မြင်းလှည်းတစ်စီးကို ငှားပြီး တည်းခိုခန်းစုံစမ်းဖို့ ၀က်ကြီးအင်းရွာဘက်ထွက်ခဲ့ရပါတယ်။ Golden Express ရောက်တော့ အခန်းမရပါ။ Golden Express မှာ တစ်ညကို ၁၅၀၀၀၊ ၂၀၀၀၀ နဲ့ ၃၀၀၀၀ တန်တွေ ရှိပါတယ်။ ဒါနဲ့ နည်းနည်းဆက်သွားတော့ New Wave မှာ အခန်းရပါတယ်။ ဒါပေမယ့် နောက်နေ့မှပဲ ပြောင်းလာဖို့ book လုပ်ပြီး ထွက်ခဲ့ပါတယ်။ ရောက်နေတဲ့ နေရာကနေ တည်းခိုခန်းပြန်သွားဖို့ ပြဿနာတက်ပါတော့တယ်။ ညနေ ၆ နာရီကျော်သွားပြီမို့ လိုင်းကားလည်း မရှိတော့ပါ။ ဒါကြောင့် မြင်းလှည်းသမားကိုပဲ အကူအညီတောင်းရပါတော့တယ်။ သဘောကောင်းတဲ့ မြင်းလှည်းသမားက သူ့ရွာထဲကိုဝင်ပြီး ဆိုင်ကယ်တက်စီရှာပေးပါတယ်။  ဒါပေမယ့် ဆိုင်ကယ် တစ်စီးမှ မရခဲ့ပါ။ ဒါကြောင့် သူ့အသိကားတစ်စီးကို ငှားပြီး ပြန်ရပါတော့တယ်။ မြင်းလှည်းခက ၆၅၀၀ ကားခက ၆၀၀၀ ဆိုတော့ သုံးမိုင်သာသာ ခရီးလေးအတွက် တစ်သောင်းကျော်ကျော်ကုန်ပါလေရော။

တည်းခိုခန်းရောက်တော့ ခဏနား ရေမိုးချိုးပြီး ညစာထွက်စားကြပါတယ်။ ဒီတစ်ခါတော့ တရုတ်စာတွေ မစားတော့ဘဲ တည်းခိုခန်းကနေ တစ်လမ်းကျော်မှာ ၁၀ မိနစ်သာသာ လမ်းလျှောက်ကြရင်း တွေ့ရတဲ့ မြန်မာဆိုင်မှာပဲ စားဖြစ်ပါတယ်။ တီဗီဂိမ်းဆိုင်နဲ့ တွဲဖွင့်ထားတဲ့ ဆိုင်ကလေးပါ။ ဒါပေမယ့် အရံဟင်းလေးငါးမျိုးချပေးပြီး ဆက်ဆံရေးကောင်းတာကြောင့် ထမင်းစားလို့ တော်တော်မြိန်ပါတယ်။  စားသောက်ပြီးတော့ တည်းခိုခန်းပြန်ပြီး နားရင်း အိပ်ရပါတော့တယ်။ လူတွေလည်း မလှုပ်နိုင်အောင် ညောင်းကိုက်နေကြပြီ မဟုတ်ပါလား။



၈.၄.၂၀၁၁

ဒီနေ့တော့ အိပ်ရာနိုးကတည်းက တည်းခိုခန်းပြောင်းဖို့ ထုပ်ရပိုးရပါတယ်။ ၁၁နာရီလောက်မှာ မနေ့ညက စားခဲ့တဲ့ မြန်မာထမင်းဆိုင်ကိုသွားပြီး မနက်စာ စားကြပါတယ်။ စားသောက်ပြီးတော့ ကြည်ကြည်မြတည်းခိုရိပ်သာကနေ နှစ်ရက်စာ ၂၄၀၀၀ ကျတာကို check out လုပ်ပြီး တည်းခိုခန်းအသစ်ဆီကို လိုင်းကားစီးပြီးသွားကြပါတယ်။ လိုင်းကားခက တစ်ယောက်မှ ၂၀၀ ပါ။ ကားပေါ်မှာ ကလေးတပြုံနဲ့ တစ်မိသားစုတက်လာလို့ ကြည့်ပြီး ရယ်ကြရပါသေးတယ်။ ဆင်းရဲသားများဟာ ငွေမချမ်းသာပေမယ့် ကလေးတော့ တယ်ချမ်းသာကြတာကလား။

တည်းခိုခန်းရောက်တော့ ကျန်တဲ့ အခန်းတွေမအားသေးတာကြောင့် သုံးယောက်စာ မိသားစုခန်းတစ်ခန်းကို ၁၅၀၀၀ နဲ့ ငှားနေရပါတယ်။ air con ရော ပန်ကာပါ တပ်ထားပေမယ့် စိတ်တိုင်းကျ မအေးပါ။ တီဗီတစ်လုံးတော့ ထားပေးပါတယ်။ ညနေ ၂နာရီထိုးလောက်ရောက်တော့ တွေ့တဲ့ လိုင်းကားကို တက်စီးပြီး ပုဂံမြို့သစ်နဲ့ မြို့ဟောင်းတစ်ဝက်က မနူဟာစေတီ ကို သွားဖြစ်ကြပါတယ်။ ကားပေါ်မှာ ပုဂံမြို့ဟောင်းကို သွားမယ့် တူးရစ်တစ်ယောက်နဲ့တွေ့လို့ စကားလက်ဆုံ ပြောဖြစ်ကြပါသေးတယ်။ ၁၇၊ ၁၈ အရွယ်သာ ရှိဦးမယ့် အဲဒီတူးရစ်မလေးက မြို့ဟောင်းမှာ ဖွင့်ထားတဲ့ မြန်မာဘာသာသင်တန်းကို တက်နေပါသတဲ့။ မနူဟာစေတီက သထုံဘုရင် မနူဟာမင်းကြီးရဲ့ ကုသိုလ်တော်ပါ။ ကျန်စစ်သားမင်းကြီးက သထုံပြည်ကို ဂျွမ်းစစ်သည်တွေရန်က ကူညီတိုက်ခိုက်ပေးပြီး အပြန်မှာ လုံခြုံရေးအတွက် သထုံဘုရင် မနူဟာမင်းကြီးကိုပါ တပါတည်းခေါ်ခဲ့ပါတယ်။ ဘယ်လောက်ပဲ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပေမယ့် ကိုယ့်တိုင်းကိုယ့်ပြည်မဟုတ်လေတော့ သထုံဘုရင်ခမျာ စိတ်ကျဉ်းကျပ်ဟန်တူပါတယ်။ ဒါကြောင့် ကျန်စစ်မင်းကြီးကို ဘုရားတည်ခွင့်တောင်းပြီး သူ့ရဲ့လက်ဝတ်တော်ကိုရောင်းပြီး ဒီဘုရားကို တည်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ စိတ်ကျဉ်းကျပ်မှုကိုပါ ပေါ်လွင်အောင် ဒီဘုရားကိုတည်ရာမှာ လျောင်းတော်မူနဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီးသုံးဆူကို ဘုရားလိုဏ်ဂူကျဉ်းကျဉ်းလေးထဲမှာ ထုလုပ်ပူဇော်ခဲ့ပါတယ်။ ဒီဘုရားထဲကို ၀င်တာနဲ့ ဘုရားဖူးတွေပါ စိတ်ကျဉ်းကျပ်မှုကို ခံစားရတာကြောင့် စိတ်ခံစားချက်ကို အကောင်းဆုံး သရုပ်ဖော်နိုင်ခဲ့တဲ့ မနူဟာမင်းကို လေးစားမိသလို ကိုယ်ချင်းလည်း စာမိပါတော့တယ်။ အခြေအနေ၊ အကြောင်းမျိုးစုံကြောင့် ပြည်ပမှာ လူနေမှုအဆင့်အတန်းမြင့်မြင့်နဲ့ နေကြရပေမယ့် စိတ်ပိုင်းဆိုင်ရာ အားငယ်စိတ်တွေနဲ့ အရေးအကြောင်းရှိရင် ကိုယ့်တိုင်းပြည်ကို ပြန်လွမ်းကြတဲ့ ကိုယ့်မိတ်ဆွေတွေကိုလည်း လှမ်းပြီးသတိရလိုက်မိပါသေးတယ်။

မနူဟာစေတီ . . .

လျောင်းတော်မူရဲ့ ခြေတော်ရင်းမှာ . . .

ဥမင်နဲ့အပြည့် လျောင်းတော်မူ . . .

မနူဟာရှေ့က ဧရာမသပိတ်ကြီးနဲ့အတူ . . .


မနူဟာဘုရားက ထွက်ခဲ့ပြီးတော့ မြေပုံကိုကြည့်ရင်း အပယ်ရတနာ စေတီရှိရာဘက်ကို လမ်းလျှောက်သွားဖြစ်ကြပါတယ်။ မြေပံထဲမှာ သိပ်မဝေးပေမယ့် တကယ်တမ်းကျတော့ ၁၅မိနစ်သာသာလောက် လမ်းလျှောက်ရပါသေးတယ်။ အပယ်ရတနာစေတီက ကျန်စစ်မင်းကြီးရဲ့ ကုသိုလ်တော်ပါ။ စောလူးမင်းရဲ့ရန်ကြောင့် ထွက်ပြေးပုန်းရှောင်နေရချိန်မှာ အပယ်ရတနာမိဖုရားလောင်းက စားနပ်ရိက္ခာတွေ တိတ်တဆိတ်လာပို့ခဲ့တဲ့ နေရာမှာ တည်ထားခဲ့တာလို့ သိရပါတယ်။ စေတီတော် ပရ၀ုဏ်အတွင်းမှာ ဓာတ်ပုံရိုက်ခွင့်မရှိပါ။ ဒါပေမယ့် ဘုရားစောင့်မသိအောင် တိတ်တိတ်လေး ဓာတ်ပုံရိုက်ဖြစ်အောင် ရိုက်ယူခဲ့ပါသေးတယ်။ အနီးအနား ကားလမ်းဘေးမှာ ပုဂံခေတ်က စဥ့်ဖိုဟောင်းနေရာကိုတွေ့လို့ ဓာတ်ပုံရိုက်ယူခဲ့ပါသေးတယ်။

ပုဂံခေတ်က စဥ့်ဖိုဟောင်းနေရာ . . .

အပယ်ရတနာ အ၀င်လမ်း . . .

အပယ်ရတနာ ဂူဘုရား . . .

အပယ်ရတနာထဲက ဆေးရေးပန်းချီတွေ...( တိတ်တိတ်ကလေး ခိုးရိုက်လာတာ )

အပယ်ရတနာထဲက ရုပ်ပွားတော် . . .

စဥ့်ဖိုနဲ့ မျက်နှာချင်းဆိုင်လမ်းတစ်ဘက်မှာရှိတဲ့ နဂါးရုံဘုရား ကိုပါ သွားဖူးဖြစ်ပါတယ်။ ပုဂံငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဒီဘုရားကို အခုပြန်တည်ထားပါတယ်။ ဘုရားဝန်းတော်တော်ကျယ်ပါတယ်။ လူလည်း အရောက်အပေါက်နည်းပါတယ်။ ဓာတ်ပုံနည်းနည်း ရိုက်ယူပြီးတောလမ်းအတိုင်း ကားလမ်းမဘက်ကို ပြန်ကြပါတယ်။ 

ပုဂံနန်းတော်ကို လှမ်းအမြင် . . .
ချီလေတဲ့ ချီလေ . . .
မြန်မာပြည်က တူးရစ် . . .

ကားလမ်းဘေးက စေတီတစ်ဆူမှာထိုင်ရင်း ကားစောင့်ရတာ စိတ်မရှည်နိုင်တာကြောင့် တွေ့တဲ့ရွာခံတစ်ယောက်ကို မေးပြီး ထန်းရည်ဆိုင်ကို သွားဖြစ်ပါတယ်။ လမ်းမှာတွေ့တဲ့လူတိုင်းက ဒီနားလေးတင်ပဲလို့ပြောပေမယ့် ကားလမ်းမကြီးအတိုင်း နေပူကြဲကြဲမှာ နာရီဝက်သာသာလောက် လမ်းလျှောက်လိုက်ရပါသေးတယ်။ “ရှေ့တစ်ပြ” နဲ့ နံမည်ကြီးလှတဲ့ “မြို့ရွှေမန်းသား”ကို တမင်သက်သက်များ ပညာပြလေရော့သလား တွေးမိပါသေးရဲ့။ ထန်းရည်ဆိုင်ရောက်အောင် လမ်းလျှောက်လာကြရင်းက ကားလမ်းဘေးမှာ စိုးမင်းကြီးစေတီ နဲ့ စိုးမင်းကြီးကျောင်း တွေ့လို့ မှတ်တမ်းတင်ခဲ့ပါသေးတယ်။ ပင်ပန်းနေတာကြောင့် ၀င်မဖူးဖြစ်တော့ပါ။


နဂါးရုံဘုရား အ၀င်မုခ်ဦး . . .

ထိန်းသိမ်းထားတဲ့ နဂါးရုံ . . .


နဂါးရုံဘုရားထဲက ရုပ်ပွားတော် . . .
လက်ရာမြောက်လှတဲ့ ပုဂံဗိသုကာ မျက်နှာကျက် ပေါင်းမိုးခုံး . . .

တစ်ဝက်တစ်ပျက်ပဲ ကျန်တော့တဲ့ နံရံပန်းချီတွေ . . .

နဂါးရုံဘုရားထဲက ရပ်တော်မူရုပ်ပွားတော်တွေ . . .

ပုဂံလက်ရာ အင်္ဂတေ ရုပ်လုံး . . .

စိုးမင်းကြီး အုတ်ကျောင်းအ၀င် . . .
အညာဒေသရဲ့ ရိုးရာထန်းရည်ဆိုင်က ထန်းတောထဲမှာ ဖွင့်ထားတာပါ။ ထန်းတောအ၀င်က ထန်းပင်တစ်ပင်မှာ ရေးထားတဲ့စာသားက “ ရပြီလား OK ” ပါတဲ့။ ဖတ်ကြည့်ရင်း မပြုံးဘဲကို မနေနိုင်လောက်အောင် ဖြစ်ရပါရဲ့။ ရိုးရာထန်းရည်ကို မြူအိုးထဲမှာထည့် အုန်းမှုတ်ခွက်နဲ့ ခပ်သောက်ရင်း အမြည်းအဖြစ်ချပေးထားတဲ့ မြေပဲဆားလှော်ကို ၀ါးရတဲ့အရသာကတော့ ဘာနဲ့မှကို မလဲနိုင်တဲ့ လောကစည်းစိမ်လို့များတင်စားရင် လွန်အံ့မထင်တော့ပါ။ ညောင်ဦးမြေပဲဆားလှော်က ကြက်သွန်ဖြူနံ့လေး တသင်းသင်းနဲ့မို့ ပဲပေါတဲ့ဒေသမှာ လူဖြစ်ခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် တစ်သက်နဲ့တစ်ကိုယ်မှာ ဒီလောက်ကောင်းတဲ့ မြေပဲဆားလှော်ကို မစားဖူးဘူးလို့ ပြောရရင် ယုံကြမယ် မဟုတ်မှန်း သေချာပါရဲ့။ ထန်းရည်ဆိုင်မှာ တစ်နာရီခွဲလောက်ကြာအောင် အချိန်ဖြုန်းပြီး အပြန်မှာတော့ ဇနီးမောင်နှံနှစ်ယောက်လုံး ၀ါးတားတား ဖြစ်နေကြပါပြီ။ ဘာပဲပြောပြော ထန်းရည်တန်ခိုးနဲ့ ပုဂံနေအပူကိုတော့ ကောင်းကောင်းကြီး အံတုနိုင်ပြီပေါ့။ 

ရပြီလား အိုခေ . . .

ရိုးရာ ငှက်ခါးတောင် ထန်းရည် . .
လမ်းမမှာ ကားစောင့်နေရင်း ကားမလာနိုင်တာကြောင့် လမ်းမအတိုင်း မိနစ်၂၀ လောက်လမ်းလျှောက်သွားဖြစ်ကြပါတယ်။ နေပူပြင်းပေမယ့် နွေရာသီမှာ အကောင်းဆုံးအဖော်မွန်ဖြစ်တဲ့ ထနောင်းပင်ရိပ်တွေကြောင့် ထိုက်သင့်သလောက်တော့ အရိပ်ရပါတယ်။ လမ်းမအတိုင်းနားရင်းလျှောက်ရင်းကနေ ရေချမ်းစင်ကလေးနဲ့ ၀ါးကွပ်ပျစ်ကလေးတွေ့ရတာကြောင့် ၀မ်းသာအားရနဲ့ အနားယူကြရင်း အညာပုဂံကို အရသာရှိရှိခံစားဖြစ်ပါရဲ့။ အတော်ကြာလို့ လိုင်းကားရောက်လာမှ တက်စီးရပါတယ်။ တစ်နေကုန်တစ်နေခမ်း လမ်းလျှောက်ထားတဲ့ဒဏ်ကြောင့် လူတွေလည်း လူပုံတောင် သိပ်မပေါက်တော့ပါ။

အပြန်လမ်းမှာတွေ့ရတဲ့ ပြန်တည်စေတီတစ်ဆူက အင်္ဂတေပန်းတွေ . . .

တရေးတမော . . .
 
တည်းခိုခန်းပြန်ရောက်တော့ ရေချိုးအပြီး အနားမှာရှိတဲ့ “မျိုးမျိုး” ထမင်းဆိုင်ကို ၁၅ မိနစ်လမ်းလျှောက်ပြီး သွားရပါတယ်။ ပုဂံခရီးစဉ်ကတော့ လမ်းလျှောက်ရတာနဲ့ပဲ တော်တော်လေးကို လေ့ကျင့်ခန်းဖြစ်နေပါပြီ။ မျိုးမျိုးထမင်းဆီဆမ်းဆိုင်က လမ်းဘယ်ဘက်မှာပါ။ ဟင်းပွဲတွေ အစုံချထားပေးပြီး ကိုယ်စားသလောက် ကိုယ်ရှင်းတဲ့စနစ်ပါ။ နှစ်ယောက်စာအတွက် ၃၀၀၀ ကျော်ပဲကျတာကြောင့် ဈေးသက်သာတယ်လို့ ဆိုရပါလိမ့်မယ်။ စားသောက်ပြီးတော့ ပင်ပန်းတာနဲ့ တည်းခိုခန်းပြန်နားပါတယ်။ အခန်းမှာ တီဗီထားပေးပေမယ့် ရှစ်ပေစလောင်းက ဘာမှကြည့်စရာ မရှိပါ။ ကုလားနဲ့ တရုတ်လိုင်းတွေ တောင်ကြည့်မြောက်ကြည့် ကြည့်ရင်း ညသန်းခေါင်လောက်မှာ မီးပြတ်သွားတာကြောင့် အဲကွန်းလဲအလုပ်မလုပ်တော့ဘဲ ပူပူလောင်လောင်ကြီှးမှာ အိပ်ပျော်အောင် ဇွတ်မှိတ်ပြီး အိပ်ယူလိုက်ရပါတော့တယ်။     ။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger