Sunday, 21 August 2011

နှလုံးသားထဲက ပုဂံပြည် ( ၁ ) . . .


ဦးဟန်ကြည်တစ်ယောက် 
ပထမဆုံးတက်(ဂ်)ပို့(စ်)ကို ဈာန်ဝင်သွားပြီးတဲ့နောက်မှာ လူငယ်ရေးရာတွေကိုရေးဖို့ အရှိန်နည်းနည်းကျသွားတာကြောင့် နွေရာသီအားလပ်ရက်က နေပြည်တော်နဲ့ပုဂံကို အပန်းဖြေခရီးရက်ရှည်သွားခဲ့သမျှ နေ့စဉ်မှတ်တမ်းအဖြစ်ရေးထားခဲ့တာတွေကို မြန်မာပြည်နဲ့ အဝေးမှာရောက်နေပြီး မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့သဘာဝကို လွမ်းဆွတ်တမ်းတနေသူတွေ အလွမ်းစေဖို့ ခရီးသွားမှတ်တမ်းအဖြစ် တင်ဆက်ဖြစ်ပါတယ်။ ပုဂံမှာ ၁၂ ရက်ကျော်ကျော်ကြာအောင် နေပြီး တစ်မြို့လုံးအနှံ့ပြဲပြဲစင်အောင် သွားခဲ့၊ လာခဲ့၊ လေ့လာခဲ့တာမို့ ပုဂံရဲ့အလှ၊ ပုဂံရဲ့အနှစ်သာရနဲ့ ပုဂံသားတွေရဲ့ ဖြူစင်တဲ့နှလုံးသားနဲ့ ၀ိညာဉ်ကိုပါ ထဲထဲဝင်ဝင်မြင်ခဲ့ရတာကြောင့် ဒီခရီးသွားမှတ်တမ်းဟာ အခြေအနေ အကောင်းအမျိုးမျိုးကြောင့် တိုင်းခြားကို ရောက်နေကြတဲ့ ချစ်စွာသော မြန်မာပြည်သားများအတွက် အလွမ်းပြေစရာ ဖြစ်လိမ့်မယ်လို့လဲ ယူဆမိပါရဲ့...


၎.၄.၂၀၁၁
ဒီနေ့ အိပ်ရာထတာ နောက်ကျပါတယ်။ ၁၀နာရီကျော်လောက်မှပဲ နိုးပါတယ်။ ထမင်းသွားမစားတော့ဘဲ မြို့မဈေးမှာ အဆင်ပြေတဲ့စားစရာတစ်ခုခု စားလိုက်တယ်။ တစ်လက်စတည်းနဲ့ ပုဂံလက်မှတ်ပါ ၀ယ်လိုက်ပါတယ်။ ရှေ့ခုံတွေ ကုန်နေတာကြောင့် နောက်ဆုံးတန်းပဲ ကျန်ပါတော့တယ်။ ဒါပေမယ့် ခရီးသွားများတဲ့ ရာသီဖြစ်တာမို့ ကြေးမများရဲတော့ပါ။ ရတဲ့ခုံကိုပဲ ၀မ်းပန်းတသာ ယူခဲ့ပါတယ်။ ကားခက နှစ်ယောက်စာကို ၁၁၂၀၀ ကျပါတယ်။

 ပြီးတော့ junction center ကို ဆိုင်ကယ်နဲ့ ဒုတိယအကြိမ် ထပ်သွားဖြစ်ပါတယ်။ ဒါပေမယ့် မျက်စိလည်နေတာကြောင့် ဈေးပတ်ဝန်းကျင်မှာပဲ တလည်လည်ဖြစ်နေပြီး နောက်ဆုံးမှာ လမ်းညွှန်ပေးတဲ့သူ ကျေးဇူးနဲ့ သပြေကုန်းအ၀ိုင်းကြီးကနေ တောင်ဘက်(မသေချာပါ သူများဒေသမှာ တောင်မြောက်မကွဲပါ) ကို မောင်းချသွားမှပဲ ရောက်ပါတော့တယ်။ ဒါပေမယ့် ဘာမှ မ၀ယ်တော့ဘဲ အပေါ်ထပ်တက်ပြီး ကစားရုံမှာကစားတယ်။ ကိုယ့်အရွယ်က ကလေးမဟုတ်တော့တာကြောင့် ကလေး ကစားတဲ့ဂိမ်းတွေက အဆင်မပြေပါ။ သေနတ်ပစ်တာပဲ ကစားဖြစ်ပါတယ်။  ပြီးတော့ အရုပ်ကောက်တဲ့ဂိမ်း ကစားပြန်တော့ လည်း တစ်ခါထည့်ရင် ကွိုင်လေးခုကုန်ပြီး အရုပ်တွေကို ကျပ်ညပ်နေအောင် ထည့်ထားတာကြောင့် နှစ်ခါကောက်အပြီး မှာ လက်လျှော့လိုက်ပါတယ်။ 

အမျိုးသမီးကတော့ ဆံပင်တစ်ခါထပ်ပြင်ပါတယ်။ ၅နာရီလောက်ကတည်းက ဆံပင်ပြင်တာ ည၇နာရီခွဲမှပဲ ပြီးပါတော့တယ်။ ကိုယ့်ခမျာလည်း တောင်သွားမြောက်သွားနဲ့ ခြေရာများတောင် ထပ်ကုန်ပါတော့တယ်။ အမျိုးသမီး ဆံပင်ပြင်နေတဲ့ အောက်ထပ်ကိုဆင်းပြီး စနည်းနာကြည့်တော့ သူ့ဆံပင်ကို ပြင်ပေးနေတဲ့ဆရာက ရန်ကုန်က နံမည်ကြီး Tony ထွန်းထွန်းပါတဲ့။ ကြားဖူးနားဝရှိနေတဲ့နံမည်ဖြစ်ပေမယ့် မာမီတွေတွေ့ရင် ကြောစိမ့်တဲ့ ကိုယ်ကတော့ လှိုက်လှိုက်လှဲလှဲ စကားမပြောဖြစ်ခဲ့ပါ။ အမျိုးသမီးကတော့ သူတို့ခရစ်ယာန်ဘာသာဝင်အချင်းချင်းဆိုတော့ လေပေးဖြောင့်နေတာ တွေ့ရပါရဲ့။ အရေးထဲမှာ အဲဒီမာမီက ကိုယ့်ကို တိုးရစ်လို့ ထင်နေတာကြောင့် ငိုအားထက် ရယ်အားသန်ခဲ့ရပါသေးတယ်။ နေပူစပ်ခါးမှာ မနားမနေ ခရီးသွားခဲ့တာကြောင့် ကြေးနီရောင် အသားအရည်ဖြစ်နေတဲ့ ဦးဟန်ကြည်ကို အာဖရိကန်များ ထင်နေရော့သလား ချစ်စွာသော မာမီ တိုနီထွန်းထွန်းရယ်လို့ပဲ စိတ်ထဲက ပြောမိပါတော့တယ်။ 

သူတို့အနားမှာ ရပ်နေရင်း ကြောစိမ့်လာတာကြောင့် ဆံပင်အလှပြင်ဆိုင်ရှေ့က စားသောက်ဆိုင်မှာ တစ်ခုခုစားရင်းစောင့်မယ့်စိတ်ကူးနဲ့ သွားထိုင်ပြီး မီနူးဖတ်လိုက်မိတာ ခေါင်းကြီးပါ တော့တယ်။ ကိုရီးယားစားစရာတွေကိုလည်း ခံတွင်းမတွေ့ပါ။ တရုတ်ဟင်းတွေကြည့်ပြန်တော့လည်း ၄၀၀၀ တန် ဈေးအပေါဆုံးပါ။ နှစ်သောင်းတန်အထိတောင် ရှိပါသေးတယ်။ စိတ်ပျက်လက်ပျက်နဲ့ ဈေးအပေါဆုံးဖြစ်တဲ့ တစ်ထောင်တန် vanilla coffee ဆိုတာပဲ သောက်ရင်းစောင့်လိုက်ပါတယ်။ အရသာကတော့ ခပ်ကောင်းကောင်းပါ။ ကော်ဖီခွက်ထဲမှာ အမြှုပ်လေးတွေကို လှတပတ စီစဉ်ထားတာကြောင့် မသောက်ဘဲ အလှကြည့်စရာတောင် ကောင်းနေပါသေးရဲ့။ ကော်ဖီအဖျော်ကောင်းမယ်ထင်တဲ့ အဖြူရောင်နတ်သမီး နဲ့ ဒေါ်ချော(အစိမ်းရောင်လွင်ပြင်) တို့ကိုတောင် မဆီမဆိုင် သတိရလိုက်မိပါသေးတော့တယ်။ ဒါပေမယ့် ကော်ဖီနဲ့မတည့်တာမို့ နောက်ထပ်သောက်ဖို့တော့ စိတ်တောင်မကူးပါ။

၈နာရီကျော်ကျော်မှာ အိမ်ပြန်ရောက်ပြီး  စည်ပင်ရိပ်သာထဲကဆိုင်မှာပဲ ညစာစားဖြစ်ပါတယ်။ မစားဖြစ်တာကြာနေပြီ ဖြစ်တဲ့ ငါးရှဥ့်ခြောက်စပ်စားကြည့်ပါတယ်။ စပ်တော့စပ်ပါတယ်။ ဒါပေမယ့် မခြောက်ပါ။ တစ်ကယ်ဆိုရင် ငါးရှဥ့်စိုစပ်လို့ နံမည်ပေးသင့်တယ်လို့ ဆိုင်ရှင်ကို ပြောချင်ပေမယ့် မှန်တာပြောရင် ရွာပြင်ထုတ်ခံရမှာ စိုးရိမ်ရတာကြောင့် မပြောဖြစ်တော့ပါ။ ဈေးကတော့ တစ်ပွဲကို ၄၀၀၀ ပါတဲ့။ အရသာရှိတာမို့ တန်တယ်လို့ပဲ ယူဆလိုက်ပါတော့တယ်။ စားသောက်ပြီးတော့ ည ၁၀ နာရီဝန်းကျင်ရှိနေပြီမို့ နားလိုက်ပါတယ်။

  
၅.၄.၂၀၁၁
မနက်အိပ်ရာထပြီး ဈေးသွားမနက်စာစားပါတယ်။ ဈေးထဲကဆိုင်တစ်ဆိုင်မှာ ဒံပေါက်စားဖြစ်တယ်။ ဈေးသင့်ပါတယ်။ အရသာလည်း မဆိုးပါ။ ဒါပေမယ့် အပူဒဏ်ပြင်းလွန်းတာကြောင့် ဘာစားစား အရသာ မတွေ့ပါ။ စားပြီးတော့ ရိပ်သာပြန်ပြီး ထုပ်စရာပိုးစရာတွေ ထုပ်ရပိုးရပါတော့တယ်။ ဒီညနေ ၇ နာရီထိုးရင်တော့ နေပူတော ကို နှုတ်ဆက်ပါတော့ မယ်။ ဒီလောက်ပူလောင်လွန်းတဲ့ဒေသကြီးကနေ ဖြစ်နိုင်ရင် ချက်ချင်းပြေးချင်ပါပြီ။ ကိုယ်တိုင်က အပူဒဏ်ကို ကြောက်လွန်းတာကြောင့် နောက်တစ်ခါလာဖို့တော့ အိပ်မက်တောင် မမက်ရဲတော့ပါ။ ဒီဒေသဟာ နေ့ပိုင်းဆိုရင် ပူလွန်းလောင်လွန်းတာမို့ လူတွေအားလုံး အိမ်တွင်းပုန်းနေကြပြီး ညပိုင်းရောက်မှ မီးရောင်တွေ တထိန်ထိန်နဲ့ အသက်ဝင်တဲ့ဒေသလို့ ဆိုရင် မှားမယ်မထင်တော့ပါ။ တစ်နေရာနဲ့ တစ်နေရာလည်း မလိုအပ်ဘဲ ဝေးကွာလွန်းတာကြောင့် သွားရေးလာရေး ခက်ခဲလွန်းပါရဲ့။





 မြို့မဈေးရဲ့ ဈေးတန်းတစ်နေရာ...
နေပြည်တော်ရဲ့ မြို့မဈေးအ၀င် တစ်နေရာ...


ပူပူလောင်လောင်နေရောင်အောက်က ဒီဗီဒီဆိုင်ကလေးတွေ...



စားချင်တာစား၊ ပူဖို့ကတော့ အာမခံပြီးသား...


ညနေ ၆နာရီကျော်ကျော်မှာ မြို့မဈေးရှေ့က ညောင်ဦးမန်း ကားဂိတ်ကို သွားရပါတယ်။ ညနေစာကိုတော့ ဈေးတန်းမှာ ဆိုင်တွေခင်းပြီးရောင်းနေတဲ့ အထဲမှာပဲ စားလိုက်ပါတယ်။ မြိတ်ကတ်ကြေးကိုက်ပါတဲ့။ နည်းနည်းမှ အရသာမရှိပါ။ စားမိတဲ့လျှာကိုပါ ကတ်ကြေးနဲ့ ကိုက်ပစ်ချင်စိတ်ပေါက်ပါတော့တယ်။


နေပြည်တော်ဈေးရဲ့ ညဘက်ရှုခင်း...


မီးဆိုင်းနဲ့ အလှဆင်ထားတဲ့ ကားမျက်နှာကျက်...


 ခုံတန်းကြားက တရုတ်ဆိုင်ကယ်...

၇ နာရီထိုးမှာတော့ ကားပေါ်တက်လို့ရပါပြီ။ ကားကတော့ မြေပြန့်ကားထုံးစံ ခပ်ချာချာပါ။ ဒီကြားထဲမှာ ဆိုင်ကယ်တစ်စီး က နောက်ဆုံးခုံတန်းရှေ့မှာ အလျားလိုက်တင်ထားလိုက်ပါသေးတယ်။ နောက်ဆုံးခုံတန်းအောက်မှာ အင်ဂျင်ရှိတာ ကြောင့် သေချာပေါက် ပူပူလောင်လောင်နဲ့ စီးရမှာကို စိတ်ညစ်နေတုန်းမှာ ကားဒရိုင်ဘာက ကိုယ်တို့ကို အလယ်ပိုင်းလောက်က ခုံတန်းတွေကို ပြောင်းပြီးနေရာချပေးပါတယ်။ ဗီအိုင်ပီ ခုံတန်းတွေချန်ထားပေးတာမှာ စီးမယ့်လူတွေ မလာလို့ပါတဲ့။ အခုမှပဲ ကားတွေမှာလည်း ဗီအိုင်ပီဆိုတာ ရှိသေးမှန်း ဗဟုသုတရပါတော့တယ်။ လာရင်တော့လည်း သူတို့ပြောတဲ့ ဗီအိုင်ပီဆိုတာ ဘယ်လိုသတ္တ၀ါတွေလည်း ကြည့်ရဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ဒေါက်တာဟန်ကြည်ဆိုတဲ့ ဘွဲ့နံမည်ဟာ ကျန်တဲ့နေရာမှာ အသုံးမ၀င်ပေမယ့် ခရီးသွားတဲ့နေရာ မှာတော့ ထိုက်သင့်သလောက် အထောက်အကူပြုရှာတာမို့ ဆေးတက္ကသိုလ်(မန္တလေး)ကို လှမ်းပြီးကျေးဇူးတင်ရင်း ဗီအိုင်ပီထိုင်ခုံမှာ သက်တောင့်သက်သာ ထိုင်ချခဲ့ရပါတော့တယ်။ 
 

တညလုံး တပင်တပန်းကားစီးပြီးတော့ ရောက်ချင်လှတဲ့ ပုဂံကို မနက် ၅ နာရီကျော်ကျော်မှာ ရောက်ပါတော့တယ်။ သဘောကောင်းလွန်းလှတဲ့ ကားစပယ်ယာက ကိုယ်တို့ကို တည်းခိုခန်းမဖွင့်သေးတာကို ဖွင့်ခိုင်းပေးမယ်လို့ ပြောပေမယ့် သူများကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်တာကြောင့် မနက်စောစော ဖွင့်ထားတဲ့ဆိုင်တစ်ဆိုင်မှာ မနက်လင်းအောင် ထိုင်စောင့်လိုက်ပါတယ်။ အချိန်က စောလွန်းနေတာကြောင့် ဘာစားစရာမှတော့ အဆင်သင့် မဖြစ်သေးပါ။ အလွယ်တကူရတဲ့ အမည်ခံရှမ်းခေါက်ဆွဲကိုပဲ အားနာပါးနာနဲပ မှာပြီးစားဖြစ်ပါတယ်။  ၆ နာရီကျော်ကျော်မှာတော့ အနီးအနားက ကြည်ကြည်မြ ဧည့်ရိပ်သာမှာ အခန်းဝင်ယူလိုက်ပါတော့တယ်။ 

ပုဂံခရီးစဉ်ကတော့ စပါပြီ…


၆.၄.၂၀၁၁

မှိုင်းပြာဝေသီ ပုဂံမနက်ခင်း...

ဧည့်ရိပ်သာမှာက ပန်ကာခန်း ၈၀၀၀ အဲကွန်းခန်း ၁၂၀၀၀ ပါတဲ့။ အခန်းမအားသေးတာကြောင့် ပန်ကာခန်းတစ်ခန်းမှာ ၀င်ပြီး အနားယူရပါတယ်။ တစ်ညလုံးကားစီးလာရတာ ပင်ပန်းလွန်းတာကြောင့် ရေချိုးအပြီး အိပ်ရာပေါ်ခေါင်းချလိုက်တာနဲ့ တရေးတည်း အိပ်ပျော်သွားပြီး နေ့လည် ၁၀ နာရီကျော်ကျော်လောက်ရောက်မှ နိုးပါတော့တယ်။

အိပ်ရာက နိုးနိုးချင်း ပုဂံမြေကို ခြေလျင်လျှောက်လို့ အနီးအနားက ဘုရားတွေကို ပတ်ကြည့်ကြပါတယ်။ တွေ့တဲ့လမ်းဝင် မြင်တဲ့ဘုရားဓာတ်ပုံရိုက်ရင်း အပန်းဖြေလေ့လာရေးခရီး အစစ်က အဲဒီကပဲ စပါတော့တယ်။ 

ပုဂံမြို့ဟောင်း သီရိပစ္စယာရွာက ကျောက်စာတိုင်...
သေဉ်လည်ကြောင်မင်းလက်ထက်တကည်းက တည်ခဲ့တဲ့ရွာ...

သိရိပစ္စယာရွာထဲက ဖြတ်ပြီးသွားရင်း နေပူလွန်းတာကြောင့် လမ်းဘေးမှာ မြင်တဲ့စေတီနှစ်ဆူဝန်းထဲ ၀င်ကြပါတယ်။ ဘာဘုရားမှန်းမသိတာကြောင့် ယောင်ချာချာနဲ့ ဓာတ်ပုံရိုက်နေတုန်းမှာ ဘုရားတာဝန်ခံရောက်လာပြီး ဘုရားဥမင်သော့ ဖွင့်ပေးပြီး ရှင်းပြမှပဲ ကြားဖူးရုံပဲ ကြားဖူးခဲ့တဲ့ ဖက်လိပ်ဘုရားနှစ်ဆူဖြစ်မှန်းသိပါတော့တယ်။ ဘုရားလိုဏ်အတွင်းမှာ ပတ်လမ်းနှစ်ခုရှိပြီး နံရံတွေမှာ ပုဂံခေတ်၅၅၀နိပါတ်တော် ရုပ်ကြွတွေနဲ့ စီခြယ်ထားပါတယ်။ မှတ်ရလွယ်အောင် ၅၅၀ လို့ ခေါ်နေကြပေမယ့် တကယ်တော့ ၅၄၇ ဇာတ်ပဲ ရှိပါတယ်။ ရုပ်ကြွတွေမှာ ပုဂံစာနဲ့ အမှတ်စဉ်ထိုးထားပါတယ်။ တော်တော်များများ ပျက်စီးနေတာကို နှမြောစရာကောင်းအောင် တွေ့ရပါတယ်။ မျက်နှာကျက်ကိုတော့ အင်္ဂလိပ်မင်း လက်ထက်ကတည်းက အင်္ဂတေသရွတ်ကိုင်ထားပါတယ်။
 

အရှေ့ဖက်လိပ်ဘုရား...


ဖက်လိပ်ဘုရားထဲက ခေါင်မိုး အင်္ဂတေ ပေါင်းကူးလက်ရာ...

အနောက်ဖက်လိပ်ဘုရား...

အနောက်ဖက်လိပ်ဘုရားကတော့ အရှေ့ဖက်လိပ်ထက် ထုထည်ပိုကြီးသလို ဥာဏ်တော်လည်း ပိုမြင့်ပါတယ်။ ဒီဘုရားထဲက ရုပ်ကြွတွေက အပျက်အစီးပိုများပါတယ်။ သမိုင်းစာအုပ်ထဲမှာတော့ ဖက်လိပ်နားတောင်းနဲ့တူတာမို့ ဒီဘွဲ့တော်အမည်ရတယ်လို့ သိရပါတယ်။ အရင်က ဘုရားအောက်ခြေတွေမှာ မြေသားတွေပြည့်နေတာကြောင့် အောက်မှာ လိုဏ်ဂူရှိမှန်းမသိခဲ့ဘဲ နောက်ပိုင်းရောက်လို့ တူးဖော်ကြည့်ကြမှ ဒီရုပ်ကြွတွေပြည့်နေတဲ့ လိုဏ်တွေကို တွေ့ရတာပါ။ ဒီဘုရားနှစ်ဆူမှာရှိတဲ့ အုပ်ရိုးအသွားတွေကို လေ့လာကြည့်ပြီး အရင်ခေတ်တွေက ဒီနှစ်ဆူကို အုတ်ရိုးစောင်းတန်းနဲ့ ဆက်ထားမယ်လို့လည်း ယူဆပါတယ်တဲ့။ အနောက်ဖက်လိပ်ဘုရားမှာ ငရဲခန်းရုပ်ကြွတစ်ခုလည်း တွေ့ခဲ့ရပါသေးတယ်။






 ဖက်လိပ်ဘုရားထဲက စဥ့်ကွင်းတွေ...




မသမာသူတွေရဲ့ လက်ချက်နဲ့ အခိုးခံရတဲ့ စဥ့်ကွင်းနေရာလပ်တွေ...



ဖက်လိပ်ဘုရားထဲက ငရဲခန်းရုပ်ကြွ...

တစ်ခုဝမ်းနည်းဖို့ကောင်းတာက ဒီဘုရားကို တစ်ချို့တစ်လေက ဘုရားမှန်းမသိဘဲ ပုဂံခေတ်က ထောင်လို့ယူဆနေကြတာပါတဲ့။ တချို့ကားသမားတွေက ဒီရှေ့ရောက်ရင် ခရီးသည်တွေကို ပုဂံခေတ်ကထောင်ကြီးလို့ ခရီးသည်တွေကို ရှင်းပြကြတယ်လို့ အဲဒီဘုရားက ၀န်ထမ်းက စိတ်မကောင်းစွာနဲ့ ပြောပါတယ်။ တကယ်ဆို ဘုရားဝန်းရှေ့မှာ ဘုရားဘွဲ့တော်ကို ဆိုင်းဘုဒ်တပ်ထားရင် အခုလိုဖြစ်မှာ မဟုတ်ကြောင်းရှင်းပြတော့ အထက်က လုပ်ခွင့်မပေးလို့ပါတဲ့။ အထက်က ခွင့်မပေးတာနဲ့ပဲ စေတီတော်နှစ်ဆူခမျာ ထောင်ဖြစ်ရရှာပါတော့တယ်။ 


ဖက်လိပ်ဘုရား အတွင်းပရ၀ုဏ်...


ပျက်စီးနေတဲ့ ငါးရာ့ငါးဆယ် စဥ့်ကွင်းတွေ...

ဖက်လိပ်ဘုရားတွင်းမှာ အမှတ်တရ...

ရှင်းပြတဲ့ ၀န်ထမ်း(ရွာသားထဲက တစ်ယောက်ယောက်ကို တာဝန်ပေးထားတာပါ။ ခမျာမှာ ယူနီဖောင်းအသာထားလို့ အပေါ်အင်္ကျီတောင် မပါရှာပါ) ကို ကျေးဇူးတင်တာကြောင့် လက်ဖက်ရည်ဖိုး ၂၀၀၀ ပေးလိုက်ပါတယ်။ ဒါကတော့ ဘာမဆို စေတနာပါလွန်းတဲ့ အိမ်ရှင်မရဲ့ လက်ချက်ပါ။

ညီညီညာညာရှိနေတဲ့ စဥ့်ကွင်းစီ နံရံ...



 ငါးရာ့ငါးဆယ် ဇာတ်တော်တစ်ခု...
  
စေတီနှစ်ဆူကနေ အပြင်ထွက်ပြီး မြစ်ဆိပ်ဘက်ထွက်အလာမှာ ဇီးကွက်စိန် အထိမ်းအမှတ် ကျောက်တိုင်ကို သွားတွေ့ပါတယ်။ ဇီးကွက်စိန်ဆိုတာ ပီကျူထရီဂလင်း ဖောက်ပြန်တဲ့ရောဂါကြောင့် အရပ် ၇ပေကျော်ဖြစ်လာတဲ့ အမျိုးသမီးပါ။ အစားကြီးလွန်းတာကို လောက်ငအောင် မကျွေးနိုင်တာကြောင့် သေရတယ်လို့တော့ ကြားဖူးပါတယ်။ ဟုတ်မဟုတ်တော့လည်း သေသေချာချာမသိပါ။ သူ့အရိုးစုကိုတော့ မန္တလေးဆေးကျောင်းက ပြတိုက်မှာ ပြထားတာကြောင့် ရင်းနှီးနေပါတယ်။ ကိုယ်တို့မတ်တပ်ရပ်ပြီး သူ့အရိုးစုနားသွားကပ်ရင် သူ့ရင်ညွန့်ရိုးနဲ့ ကိုယ်တို့ခေါင်းနဲ့ တစ်တန်းထဲပါ။ သူ့ခေါင်းက မျက်နှာကျက်ထိလုမတတ်ဖြစ်တဲ့ အထိ အရပ်မြင့်လှပါတယ်။

 
ဇီးကွက်စိန်အထိမ်းအမှတ် ကျောက်တိုင်... 



ဧရာဝတီမြစ်ရိုးတလျှောက်သွားရင်း ဓာတ်ပုံတစ်ချို့ရိုက်ဖြစ်ပါတယ်။ လမ်းဘေးမှာ ငါးကြော်တွေရောင်းနေတာကို တွေ့တာကြောင့် ထိုင်စားဖြစ်ပါတယ်။ တော်တော်အရသာရှိတဲ့ ငါးကြော်ပါ။ အကြော်တစ်ခုမှာ ငါးသုံးကောင်ပါပြီး ချိုနေအောင် အရသာရှိပါတယ်။ တစ်ပွဲလုံးကုန်အောင် စားပစ်လိုက်ပြီး ပိုက်ဆံရှင်းတော့ ၁၀၀၀ ပဲကျပါတယ်။ အနည်းဆုံးတော့ ၂၀၀၀ ကျော်ကျော်ကျမယ်လို့ထင်ထားမိတာကြောင့် ဈေးသက်သာတာကို တအံ့တသြဖြစ်ယူုရပါရဲ့။ 

ဧရာမြစ်ကမ်းက လတ်လတ်ဆတ်ဆတ် ငါးကြော်...
စားသောက်အပြီး လမ်းဆက်လျှောက်လိုက်တော့ လောကနန္ဒာစေတီတော်ကို ရောက်ပါတော့တယ်။ ပုဂံမှာရှိတဲ့ စွယ်တော်လေးဆူထဲက တစ်ဆူအပါအ၀င်ဖြစ်တဲ့ စေတီတော်ပါ။ ဧရာမြစ်ကမ်းမှာ တည်ထားတာမို့ တည်နေပုံတော်တော် လှပါတယ်။ ရှုခင်းလည်း တော်တော်ကောင်းပါတယ်။ ဒါပေမယ့် ရင်ပြင်တော်ကျယ်ပြီး ကျောက်ပြားအပြည့်စီထားတာကြောင့် အရိပ်မရှိတော့ဘဲ လမ်းလျှောက်လိုက်ရင် မျက်ရည်ကျမတတ်ပူတဲ့ဒဏ်ကိုတော့ ကြိတ်မှိတ်ခံရပါတယ်။ 

လောကနန္ဒာအတက်လမ်း...

ရင်ပြင်ပေါ်က ဇရပ်တစ်ခုမှာ ထိုင်နားနေကြတုန်းမှာ ကလေးတစ်ယောက်က သဲပန်းချီကားတွေလာရောင်းပါတယ်။ အသေးတစ်ကားကို ၇၅၀၀ ပါတဲ့။ ကျောင်းစရိတ်ရအောင် ရောင်းတာလို့ ဆိုပါတယ်။ အကြောင်းသိနေတာကြောင့် မ၀ယ်ဖြစ်ခဲ့ပါ။ စကားလှအောင် ပြောပြီး အသာထွက်ခဲ့ရပါတယ်။ စေတီတော်ကုန်းကအဆင်းမှာ အမှတ်တရပစ္စည်း ရောင်းတဲ့ဆိုင်မှာ အပူဒဏ်ကာကွယ်ဖို့ တစ်ယောက်ကို ဦးထုပ်တစ်လုံးစီဝယ်ဆောင်းရပါတယ်။ တန်မတန် မစဉ်းစားနိုင်တော့ပါ။ ပူလောင်လှတဲ့ နေပြင်းဒဏ်ကို အချိန်မီကာကွယ်နိုင်ဖို့က အရေးကြီးနေပါပြီ။ ဒါပေမယ့် ထနောင်းပင်ကြီးတွေ ပေါများတဲ့ဒေသဖြစ်တာမို့ အရိပ်အာဝါသကတော့ အင်မတန်ပေါပါတယ်။ နေပြည်တော် ကျတ်တီးကုန်းလောက်တော့ ပူပူလောင်လောင်မဟုတ်ပါ။
 

လောကနန္ဒာ...


လောကနန္ဒာပေါ်ကမြင်ရတဲ့ ချစ်သောဧရာဝတီ...


လောကနန္ဒာစေတီတော်ခြေရင်းကဆိုင်မှာရောင်းတဲ့ ဓာတ်ပုံဘောင်နဲ့ ဖုန်းတင်တဲ့စင်လေးတွေ...

လောကနန္ဒာအနီးက ရေကန်...


ရေချမ်းစင်နဲ့ အိမ်ရှင်မ...


လာလမ်းအတိုင်းပြန်လာပြီး တည်းခိုရိပ်သာပြန်အရောက်မှာတော့ ပန်ကာခန်းမှာ ထားခဲ့တဲ့ ပစ္စည်းတွေကို အဲကွန်းခန်းထဲ ပြန်ရွှေ့ယူရပါတယ်။ အခန်းအကျယ် အတူတူပါ။ တီဗီလေးတစ်လုံးတော့ အပိုပါပါတယ်။ အဲကွန်းကလည်း ရှေးဟောင်းပစ္စည်းဆန်ဆန် Door type ဖြစ်တာမို့ ထင်သလောက်တော့ မအေးပါ။ ဒါကြောင့် ပန်ကာတစ်လုံးပါ အပိုတပ်ပေးထားပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်နှစ်တစ်ခါထွက်တဲ့ ခရီးမှာ သက်တောင့်သက်သာလေးတော့ နေချင်သေးတာမို့ အဲကွန်းခန်းပဲ ယူဖြစ်ပါတယ်။ ညနေပိုင်းမှာ အပြင်ထွက်လမ်းလျှောက်ရင်း တွေ့တဲ့စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားဖြစ်ပါတယ်။ ငါးခေါင်းဟင်းရည် ၁၅၀၀ ပွဲသေးတစ်ပွဲ၊ ၀က်ကုန်းဘောင် ၃၀၀၀၊ ထမင်း ၁၀၀၀၊ မြန်မာဘီယာ နှစ်ပုလင်း ၄၀၀၀ စုစုပေါင်း ၉၅၀၀ ချောပါတယ်။ ဈေးကြီးလွန်းတာကြောင့် နောက်တစ်ခါ စားသောက်ဆိုင်ကြီးတွေမှာ မစားဖို့ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သွားတဲ့ အထိပါ။

တည်းခိုရိပ်သာအတွင်းပိုင်း...


တည်းခိုရိပ်သာကို ၉နာရီလောက်ပြန်ရောက်ပြီး ည ၁နာရီခွဲမှာ မန်ယူ၊ ချယ်လ်ဆီးပွဲကို အားပေးဖြစ်ပါတယ်။ အခန်းမှာ တီဗီထားပေးပေမယ့် အောက်စက်တော့ မရှိပါ။ တစ်ခန်းကို စလောင်းတစ်လုံးမဟုတ်ဘဲ ကြိုးသွယ်ထားတာမို့ ကောင်တာကလူကြည့်သမျှပဲ ကိုယ်တို့ကြည့်ရပါတယ်။ စလောင်းကလည်း ၈ ပေစလောင်းတွေဖြစ်တာကြောင့် ဘာမှလည်း ကြည့်စရာမရှိပါ။ သူကြည့်သမျှထိုင်ကြည့်ရင်း မနက် ၄နာရီသာသာမှပဲ အိပ်ဖြစ်ပါတော့တယ်။ လွမ်းမောဖွယ် ပုဂံရဲ့ပထမညကတော့ ဘောလုံးပွဲကြည့်ရင်း ကုန်သွားတယ်လို့ပြောရင် ကဗျာဆန်တော့မယ်မထင်ပါ။

စာကြွင်း။
ခရီးသွားမှတ်တမ်းဆိုတာ ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့တင်ရတဲ့ သဘာဝရှိတာကြောင့် ပုဂံခရီးမှာရိုက်ဖြစ်ခဲ့တဲ့ ပုံပေါင်းများစွာထဲက ပို့စ်နဲ့ လိုက်ဖက်မယ်လို့ယူဆတဲ့ ဓာတ်ပုံတွေကို ရွေးပြီးတင်ပေးဖြစ်ပါတယ်။ ကွန်နက်ရှင်အားနည်းနေသလို ဓာတ်ပုံတွေကလည်း ဖိုင်ဆိုဒ်ကြီးနေတာကြောင့် ၁၂ နာရီထိုးလောက်ကတည်းက တင်နေတဲ့ ဒီပို့စ်ဟာ မနက် ၄နာရီထိုးမှပဲ ပြီးပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ပုဂံကိုချစ်ကြသူများ၊ ပုဂံကိုလွမ်းမောတမ်းတကြသူများအတွက် ဘလော့ဂါတစ်ယောက်ရဲ့တာဝန်အရ အလွမ်းပြေ၊ အတမ်းတပြေအောင် တတ်နိုင်သလောက် စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့သိရရင် ကျေနပ်နေမှာ ဖြစ်ပါကြောင်း...။   ။

Friday, 12 August 2011

ညက်ပြီ . . .


ဒီပို့(စ်)ကတော့ အခန်းဆက်တက်(ဂ်)ပို့(စ်)ရဲ့ နောက်ဆုံးပို့(စ်)လို့ ဆိုရပါလိမ့်မယ်။
အရင်ပို့(စ်)မှာ တစ်ခါတည်း ပေါင်းရေးလိုက်ဖို့ စိတ်ကူးမိပေမယ့် လိုတာထက်ပိုရှည်သွားရင် စာဖတ်သူကို နှိပ်စက်ရာကျမှာ စိုးရိမ်တာကြောင့် ပို့(စ်)အသစ်တစ်ခုအဖြစ် မခွဲချင်ဘဲ ခွဲလိုက်ရပါကြောင်း…


( ၃ ) အ၀တ်အစား


အစားအသောက်ကို ကြေးမများတဲ့ ဦးဟန်ကြည်ဟာ အ၀တ်အစားကိုတော့ အင်မတန်မှ ကြေးများပါတယ်။ မွေးကတည်းက ပါလာတဲ့ အကျင့်ဖြစ်တာမို့ ပြင်လို့လဲ မရနိုင်သလို၊ ပြင်ဖို့လဲ လိုတယ်မထင်တာကြောင့် အခုအချိန်အထိ အ၀တ်အစားကို ကြေးများတုန်းပဲ ရှိပါရဲ့။ မလိုအပ်ဘဲ အရှက်အကြောက်ကြီးတာကြောင့် ကလေးဘ၀ကတည်းက စွပ်ကျယ်လက်ပြတ်နဲ့ မနေခဲ့ဖူးပါ။
( နံရိုးအချောင်းအချောင်းနဲ့၊ စပုတ်တံ လက်မောင်းလေးတွေကို လူမြင်မှာ စိုးရှာလို့နဲ့ တူပါတယ်… ) ကလေးဘ၀မှာတော့ မိဘ၀ယ်ပေးသမျှကိုပဲ ၀တ်ရတာမို့ ကြေးများခွင့် သိပ်မရှိပေမယ့် မကြိုက်တဲ့အ၀တ်အစားကို ချောင်ထိုးထားပြီး ကြိုက်တာလေးတွေကိုပဲ လှည့်ပတ်ဝတ်နေဖြစ်တာကြောင့် မကြာမကြာ အဆူခံရတာ မှတ်မိနေပါသေးတယ်။

မိဘများက အစစအရာရာ စည်းစံနစ်ကျလွန်းတာမို့ သုံးတန်းကျောင်းသားဘ၀တုန်းက ချုပ်ပေးထားတဲ့ အင်္ကျီဟာ ငါးတန်းရောက်တဲ့အချိန်ကျမှပဲ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်ပါတော့တယ်။ အဲဒီလောက်ဆိုရင် လေးတန်းကျောင်းသားအရွယ်မှာ အဲဒီအင်္ကျီကြီးတွေနဲ့ ဘယ်လောက်စတိုင်ထွားမလဲဆိုတာ မြင်ယောင်ကြည့်လို့ရနိုင်ပါရဲ့။ လက်တိုအင်္ကျီဆိုပေမယ့် ငါးတန်းအထိ ၀တ်ဖို့ စီမံချက်နဲ့ ချုပ်ပေးထားတဲ့ စီမံကိန်းအင်္ကျီဖြစ်တာမို့ အင်္ကျီလက်က လက်ဖျံပေါ်ရောက်နေပြီး ဒီဘက်ခေတ်မှာတောင် မ၀တ်ကြသေးတဲ့ ခေတ်အမီဆုံး အမျိုးသားဝတ် လက်စက အင်္ကျီနဲ့ စတိုင်ထွားခဲ့ရပါတယ်။ အခုမှသာ ပြန်ကြွားနိုင်ပေမယ့် အဲဒီအရွယ်တုန်းကတော့ အင်မတန်မှ စိတ်ညစ်ခဲ့ရပါရဲ့။ စာတစ်ခါ ရေးဖို့အရေးမှာ ၀န်ကြီးအင်္ကျီကြီးရဲ့ လက်ကိုပင့်နေရတာနဲ့တင် ခရီးက မတွင်ရှာတော့ဘူးကိုး။ အင်္ကျီအောက်နားကလည်း ရှည်လွန်းနေတာမို့ ပြာဂလောင်၊ ပြာလချောင်ညီနောင်ဝတ်တဲ့ အင်္ကျီဒီဇိုင်းမျိုးနဲ့လဲ ခပ်ဆင်ဆင်ဖြစ်နေပြီး တစ်ခါတစ်ခါမှာများ အင်္ကျီကို အပြင်ထုတ်ဝတ်လိုက်ရင် ဘောင်းဘီတိုကလေးကိုတောင် မမြင်ရအောင် ဖြစ်ရတာကြောင့် သူငယ်ချင်းတွေက မကြာမကြာ စတာနောက်တာ ခံရလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရှိတာ ကိုယ်ဝတ်တာမို့ သူများကို သိပ်ဂရုမစိုက်တဲ့ မောင်ဟန်ကြည်ကလေးကတော့ ခပ်တည်တည်ပဲ နေလေ့ရှိပါသတဲ့။

 တက္ကသိုလ်ကျောင်းသားဘ၀ရောက်တဲ့အခါမှာတော့ အင်္ကျီအဖြူလက်ရှည်နဲ့ ပုဆိုးအရောင်ရင့်ရင့်ကို ပထမနှစ်တစ်နှစ်လုံး ဒုံးခံဝတ်ဖြစ်ပါတယ်။ သူ့ထက်ငါ အပြိုင်အဆိုင် ၀တ်ကြစားကြတဲ့ တက္ကသိုလ်ကျောင်းတော်ကြီးမှာ မောင်ဟန်ကြည်ကလေးဟာ လူကြားထဲမှာ ထင်းထင်းကြီးပေါ်နေပါရောတဲ့။ ( နံမည်ကြီးချင်တဲ့လူများကြတော့ အဲသလိုကို နံမည်ကြီးရှာတာကလား… ) ဒါပေမယ့် ကျောင်းကထိန်မှာ သီချင်းတက်ဆိုရင်း ဘောင်းဘီရှည်ဝတ်ရာက အကြိုက်တွေ့သွားတော့တာမို့ နောက်ပိုင်းမှာ ဘောင်းဘီရှည်ကိုပဲ မချွတ်တမ်းနီးနီးဝတ်လာတာ ဒီနေ့အထိပါ။ စီးပွားရေးအရ တွက်ချေကိုက်တာကြောင့် ၀တ်ဖြစ်နေတာလည်း ပါပါတယ်။ ဘာကြောင့်လဲဆိုရင် ဈေးကွက်ထဲမှာ နံမည်အကြီးဆုံးဖြစ်တဲ့ ဦးဂျမ်းတံဆိပ် ပုဆိုးတစ်ထည်ကို ၈၀၀၀ လောက်ပေးပြီး လေးထည်လောက်ဝယ်ဝတ်ရင်တောင် လွန်ရောကျွံရော သုံးလေးလလောက်ပဲ ၀တ်လိုက်တာနဲ့ အရောင်ရော၊ အသွေးပါ ကျပြီး နွမ်းကုန်ပါတော့တယ်။ ဒါပေမယ့် ဘောင်းဘီရှည် အမျိုးအစား ကောင်းကောင်းတစ်ထည်ကို ၀ယ်ထားရင်တော့ အနည်းဆုံး တစ်နှစ်လောက် ဒုံးခံဝတ်နိုင်ပါတယ်။ ဒါကြောင့် စီးပွားရေးတွက်တွက်ပြီး ဘောင်းဘီကို ၀တ်နေဖြစ်တယ်ဆိုရင်လည်း မမှားပါ။ ဒါပေမယ့် Jeans ဘောင်းဘီကိုတော့ ကိုယ့်အသက်မွေးဝမ်းကြောင်းနဲ့ မကိုက်ညီဘူးလို့ ယူဆမိတာကြောင့် State ကျောင်းသားဘ၀က ၀တ်ခဲ့ဖူးပေမယ့် တက္ကသိုလ်တက်တဲ့အချိန်ကစလို့ လုံးဝမ၀တ်ဖြစ်တော့ပါ။ ဒီနှစ်နွေရာသီက ပုဂံကို အားလပ်ရက်ခရီးရှည်ထွက်တဲ့အချိန်ရောက်မှပဲ Jeans ဘောင်းဘီကို ပြန်ဝတ်ဖြစ်ပါတော့တယ်။

အင်္ကျီအကြောင်အကြားတွေကိုတော့ လူမှန်းသိတတ်ချိန်ကတည်းက တစ်ခါမှ မ၀တ်ဖူးပါ။ လက်ဆောင်ရရင်လည်း မ၀တ်ဘဲ သိမ်းထားလိုက်တာပဲ များပါတယ်။ တီရှပ်လည်း သိပ်မ၀တ်ဖြစ်ပါ။ အိမ်နေရင်း ၀တ်တာမျိုးတော့ရှိပေမယ့် အပြင်သွားရင် တစ်ခါမှ ၀တ်မသွားဖြစ်ပါ။ ပုဂံကို ခရီးသွားတုန်းကတော့ ၀တ်ဖြစ်လိုက်ပါသေးတယ်။ ဒါကတော့ အကြာဆုံးဝတ်ဖြစ်တာလို့ ဆိုရပါလိမ့်မယ်။ အများအားဖြင့်တော့ ရှပ်လက်ရှည်၊ လက်တိုတွေပဲ အ၀တ်များပါတယ်။ ဒါပေမယ့် ကိုယ်က အသားမဖြူတာမို့ အရောင် အင်မတန်ရွေးရပါရဲ့။ အနီရောင်၊ အ၀ါရောင်တွေဟာ ဦးဟန်ကြည်ရဲ့ ငချိတ်ရောင်အသားအရည်ကို သပိတ်ရောင်ပေါက်သွားစေတာမို့ အနားတောင် မသီဝံ့ပါ။ အကြိုက်ဆုံးအရောင်ဖြစ်သလို ကိုယ်နဲ့လဲ သဟဇာတဖြစ်တဲ့ အပြာနုရောင်၊ အပြာရောင်၊ အစိမ်းရောင် တွေထဲကပဲ ပတ်ပြီး ၀တ်လေ့ရှိပါတယ်။ ( တစ်ခါတစ်ခါများကျရင်လည်း ဘာရောင်မဆို ၀တ်လို့အဆင်ပြေကြတဲ့ အသားအရည်ရှိသူများကို အားကျမိတတ်တာလည်း မညာတမ်းဝန်ခံပါရစေ… ) ရှပ်အင်္ကျီ အဆင်ဆန်းဆန်းဆိုရင်လည်း ဦးဟန်ကြည်တို့ မ၀တ်ပြန်ပါ။ ရိုးနိုင်သမျှ အရိုးဆုံးအဆင်ကို ရွေးပြီးဝတ်ဖြစ်ပါတယ်။ များသောအားဖြင့်တော့ အကွက်မပါတဲ့ အင်္ကျီပြောင်တွေကိုပဲ ၀တ်လေ့ဝတ်ထရှိပါတယ်။ ကိုယ်ကိုယ်တိုင်က လူကြီးဆန်ခြင်းနဲ့ တည်ငြိမ်ရင့်ကျက်ခြင်းကို မြတ်နိုးတာကြောင့် တတ်နိုင်သမျှ အရိုးဆုံးဖြစ်အောင် ၀တ်လေ့ရှိခြင်းလို့ ဆိုရင်လည်း မှားမယ်မထင်ပါ။

တစ်ပတ်မှာ နှစ်ရက်လောက်ကိုတော့ မြန်မာလို ၀တ်ဖြစ်ပါတယ်။ လည်ကတုံးအဖြူနဲ့ ပုဆိုးအရောင်ရင့်ရင့်တစ်ထည် ကောက်စွပ်လိုက်ရုံနဲ့ သန့်သန့်ပြန့်ပြန့်ဖြစ်သွားတဲ့ မြန်မာဝတ်စုံကိုလည်း အင်မတန်မှ သဘောတွေ့ပါတယ်။ အချိန်ကုန်သက်သာသလို ဘယ်တော့မှ မရိုးနိုင်တာ မြန်မာဝတ်စုံပဲ မဟုတ်ပါလား။ ဘယ်လိုရုပ်ရည် ရူပကာမျိုးပဲ ရှိနေပါစေ လည်ကတုံးအဖြူနဲ့ ပုဆိုးအရောင်ရင့်ရင့်ကလေး ၀တ်လိုက်ရင် တည်တည်ငြိမ်ငြိမ် သန့်သန့်ပြန့်ပြန့်ဖြစ်လာတယ်လို့ ယူဆမိပါတယ်။ ဒါတင်မကဘဲ အင်္ကျီအ၀တ်အစား ရွေးရ၊ အရောင်ရွေးရတဲ့ ဒုက္ခလည်း ကင်းတာမို့ ဦးဟန်ကြည်တို့ မြန်မာအမျိုးသားနဲ့ မြန်မာအမျိုးသားဝတ်စုံဟာ လိုက်ဖက်အညီဆုံးပဲ မဟုတ်ပါလား။

အနောက်တိုင်းဝတ်စုံကိုလည်း ဦးဟန်ကြည် အင်မတန်သဘောကျပါတယ်။ Tie နဲ့ Coat ၀တ်ရတာကို အင်မတန်သဘောကျတာကြောင့် မကြာမကြာ ၀တ်ဖြစ်ပါရဲ့။ Formal Suite တွေဟာ လူကို တည်ငြိမ်ရင့်ကျက်စေတယ်လို့လဲ ကိုယ့်တရားကိုယ် စီရင်နေကျ ဦးဟန်ကြည်က ယူဆထားပါရဲ့။ အဲဒီလို ၀တ်ဖြစ်တဲ့ အခါမှာလည်း Neck Tie အရောင်ကို အင်မတန် ဂရုစိုက်ရပြန်ပါတယ်။ ဘောင်းဘီအရောင်နဲ့ အင်္ကျီအရောင် သဟဇာတဖြစ်ရမယ့်အပြင် Tie နဲ့လည်း လိုက်ဖက်ညီအောင် ရွေးရခြင်းက တကယ့်အနုပညာဆန်ပြီး ကိုယ့်ရဲ့ပန်းချီမျက်စိကိုပါ လေ့ကျင့်ပေးရာရောက်တယ်လို့ ယူဆမိပါသေးတယ်။ လူမကြီးတကြီးဖြစ်ပေမယ့် ဧရာမလူကြီးအလုပ်ကြီးကို လုပ်နေတယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားတဲ့ ဦးဟန်ကြည်ကတော့ Tie ကိုလည်း အစင်းရိုးရိုးပဲဖြစ်ဖြစ် ပြောင်ပဲဖြစ်ဖြစ် ရွေးလေ့ရှိပြန်ပါသတဲ့။

ဒီနေ့ဒီအချိန်အထိ အ၀တ်အစားဝတ်သမျှမှာ ခေတ်မီအောင်ဆိုတဲ့ ရည်မှန်းချက်မျိုးနဲ့ မ၀တ်ခဲ့ဖူးတာကြောင့် အများဝတ်လို့လည်း လိုက်မ၀တ်ခဲ့ဖူးပါ။ ကိုယ်နဲ့လိုက်ဖက်ညီမယ့် အ၀တ်အစားမျိုးကိုပဲ ရွေးဝတ်လေ့ရှိပါတယ်။ ဒါတင်မကသေးဘဲ ကိုယ်ဝတ်တဲ့ အ၀တ်အစားဟာ ပထမဆုံးအနေနဲ့ ကိုယ်စိတ်ကျေနပ်မှုရှိအောင် ဦးစားပေးပါတယ်။ သူများအတွက် ၀တ်တာမဟုတ်ဘဲ ကိုယ့်အတွက်ကို ၀တ်တာမို့ တစ်ဖက်သားရဲ့ အမြင်ကို အာရုံခံနေဖို့ မလိုတော့ဘဲ အ၀တ်အစားနဲ့ပတ်သက်ရင် အနှောင်အဖွဲ့ကင်းကင်းနဲ့ နေတယ်လို့ ဆိုရပါဦးမယ်။ ဒါကြောင့် ပွဲလမ်းသဘင်၊ အခမ်းအနားတစ်ခုခုအတွက် ၀တ်ကြဆင်ကြတဲ့အခါမှာ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ဖော်ပြနိုင်ပြီး ကိုယ်လည်းသဘောကျမယ့် အရောင်မျိုး၊ အဆင်မျိုး၊ အ၀တ်အစားမျိုးကို ရွေးဝတ်ဖို့ပဲ လိုတော့တာကြောင့် ခေါင်းကိုက်ခံပြီး ဘာဝတ်ရမလဲ စဉ်းစားဖို့ မလိုတော့တာလည်း အင်မတန်မှ ကောင်းတဲ့ ပါရမီ မဟုတ်ပါလား။

ခပ်ငယ်ငယ်အရွယ်မှာတော့ အ၀တ်အစားကို လှချင်စိတ်တစ်ခုထည်းနဲ့ ၀တ်ခဲ့ဆင်ခဲ့ပါတယ်။ အ၀တ်အစားကို သူ့နေရာနဲ့သူ ၀တ်ရဆင်ရခြင်းရဲ့ အဓိပ္ပာယ်ကို သဘောသိပ်မပေါက်ခဲ့ပါ။ အခုလို အရွယ်ကလေးရလာတဲ့ အချိန်မှာတော့  “ တောင်းမှာအကွပ်၊ လူမှာအ၀တ် ” ဆိုတဲ့ ဆိုရိုးစကားကို ပြည့်ပြည့်၀၀ နားလည်လက်ခံလာရပါပြီ။ ကလေးဘ၀မှာတော့  မြန်မာဘုရင်တွေလက်ထက်က ၀န်ကြီးတွေဟာ ခေါင်းပေါင်းတွေ၊ သိုရင်းအင်္ကျီတွေ၊ စလွယ်တွေနဲ့ တထီးတနန်း ၀တ်တာစားတာတွေရဲ့ အဓိပ္ပာယ်ကို စဉ်းစားလို့မရနိုင်ပါ။ မလိုအပ်ဘဲ ဇာချဲ့တယ်လို့ပဲ တွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီအရွယ်မှာ ပြန်စဉ်းစားမိတဲ့အခါမှာတော့ ကိုယ့်ရဲ့အဆင့်အတန်းနဲ့ လိုက်လျောညီထွေဖြစ်မယ့် အဆင်အယင်၊ အဆောင်အယောင်မျိုး ၀တ်စားထားခြင်းကြောင့် တစ်ဖက်သားရဲ့ အသိအမှတ်ပြုခြင်း၊ ရိုသေခန့်ညားခြင်းကို ပါးစပ်က ထုတ်ပြောစရာမလိုဘဲ ရနိုင်အောင်လို့ ၀တ်ဆင်ခြင်းလို့ သိလာရပါတော့တယ်။ ဒါမှလည်း ကိုယ်ပြောသမျှ၊ ကိုယ်လုပ်သမျှကို တလေးတစားနဲ့ လိုက်နာကြမယ် မဟုတ်ပါလား။ အဲဒီလို သဘောပေါက်လာမှပဲ ပါးစပ်ကနေပြောပျင်းတဲ့ ဦးဟန်ကြည်လည်း ကိုယ့်အနေအထားလေးနဲ့ကိုယ် လိုက်ဖက်ညီအောင် ၀တ်မှဖြစ်မယ်လို့ ကျေကျေနပ်နပ်ကြီး ဆုံးဖြတ်ချက်ချမိပါတော့တယ်။

လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ကြဆုံကြတဲ့အခါမှာ ခေါင်းထဲက ဦးဏှောက်တွေ၊ ပညာတွေ၊ ရင်ထဲက နှလုံးသားတွေကို နောက်မှမြင်ကြရတာမို့ ၀တ်စားဆင်ယင်မှုနဲ့ ကိုယ်ဟန်အမူအယာကို အရင်ဆုံးကြည့်ပြီး တစ်ယောက်ကို တစ်ယောက် အကဲဖြတ်ကြတဲ့အတွက် ကိုယ့်ပညာနဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဖို့ သန့်ပြန့်အောင် ၀တ်စားဆင်ယင်ခြင်းကလည်း အရေးအင်မတန် ကြီးတယ်မဟုတ်ပါလား။ လှဖို့ပဖို့ ခေတ်မီဖို့ဆိုတာထက် အရွယ်၊ ဂုဏ်သိက္ခာနဲ့ လိုက်လျောညီထွေမရှိတဲ့ ၀တ်စားဆင်ယင်မှုကြောင့် ကိုယ့်ပညာနဲ့ သိက္ခာကို အထင်သေးမခံရဖို့ကို ဦးစားပေးပြီး ၀တ်သင့်ပါကြောင်း ဦးဟန်ကြည်ရဲ့ အ၀တ်အစားနဲ့ပတ်သက်တဲ့ အမူအကျင့်နဲ့ ခံယူချက်တွေကို တက်(ဂ်)ပို့(စ်)ရဲ့ နောက်ဆုံးပို့(စ်)အဖြစ် တင်ဆက်လိုက်ရပါတယ်။               ။


ကျေးဇူးတင်လွှာ။        ။

ကိုယ့်စိတ်ကူးနဲ့ကိုယ် ကိုယ်ယုံကြည်ရာကို ရေးနေခဲ့တဲ့ဦးဟန်ကြည်ကို တက်(ဂ်)ပို့(စ်) ရေးဖြစ်အောင် အကြောင်းဖန်ပေးလိုက်တဲ့ ညီမတော် Angelhlaing နဲ့ အဖြူရောင်နတ်သမီး တို့ကို ကျေးဇူးတင်ကြောင်း တခုတ်တရ ပြောပါရစေ။ ဒီတက်(ဂ်)ပို့(စ်)ကို ရေးရင်းကနေ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိသလို ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကိုလည်း ကျကျနန ပြန်သုံးသပ်မိတာမို့ ( ထည့်ရေးသည် မရေးဖြစ်သည် အပထားလို့ ) အတော်လေးကို အကျိုးရှိသွားပါတယ်။ ဦးဟန်ကြည်ရဲ့ Personal စစ်စစ် Tag Post ကြီးကို ပြီးတဲ့အထိ မညည်းမညူ ( ညည်းချင်လည်း ညည်းကြပေမပေါ့…ကိုယ်မှ မကြားရဘဲ )  စောင့်ဖတ်ပေးကြတဲ့ ဘလော့ရွာက ညီအစ်ကို၊ မောင်နှစ်မ အပေါင်းတို့ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာရ အထူးတလည် တင်ရှိပါကြောင်း ထပ်လောင်းလို့ ပြောပါရစေလား။                   ။

Wednesday, 10 August 2011

ထောင်းရင်းနဲ့ပဲ ညက်လုချိန် . . .

Anglehlaing က တက်(ဂ်)လိုက်တဲ့ ပို့(စ်) ကို ဦးဟန်ကြည် တမေ့တမော ရေးနေလိုက်တာ သုံးခုမြောက်ပါပြီ။ ခေါင်းစဉ်သုံးခုပဲ တက်(ဂ်)လိုက်တာကို ရေးရင်းနဲ့ စိတ်ပါသွားတာကြောင့် ပို့(စ်)တော်တော်များများ ဖြစ်ကုန်ပါတော့တယ်။ ကိုင်း…ကိုရီးယားစတိုင် တက်(ဂ်)ပို့(စ်)အတွဲရဲ့ နောက်ဆက်တွဲ လာပါပြီ…

( ခ) လူကြီးမဖြစ်တဖြစ်

ကျောင်းတွေပြီးလို့ လက်တွေ့ဘ၀ထဲကို သွားရော့လဟယ်ဆိုပြီး ပလုံခနဲမြည်အောင် ပစ်ချခံလိုက်ရတဲ့ အခုအရွယ်ကိုတော့ ကိုယ့်ကိုယ်ကို ညှာတာသောအားဖြင့် လူကြီးမဖြစ်တဖြစ်လို့ ခေါင်းစဉ်ခွဲတပ်လိုက်ရပါတယ်။

ဒီအရွယ်မှာလည်း မွေးသန္ဓေ၊ သေမှဖျောက်မယ့် ဦးဟန်ကြည်ကတော့ မွေးရာပါ အကျင့်တော်တော်များများကို ငယ်ရည်းစားအမှတ်နဲ့ မြတ်မြတ်နိုးနိုး ရှိနေဆဲပါ။ ဒါပေမယ့် လုပ်ငန်းသဘာဝအရ လူပေါင်းစုံနဲ့ ပေါင်းသင်းဆက်ဆံရတော့တာမို့ ကိုယ့်ဗီဇဆိုးလေးကို လူမမြင်အောင် ထိန်းသိမ်းတတ်တဲ့ အကျင့်ကောင်းလေးတော့ ရနေပါပြီ။ ဘယ်လောက်ပဲ စိတ်ဆိုး၊ ဒေါသထွက်နေပါစေ တစ်ဖက်သား နားဝင်ချိုအောင်လည်း ပြောတတ်ဆိုတတ်လေတော့ သဘောကောင်းတဲ့ ဦးဟန်ကြည်လို့လည်း နံမည်ကြီးလှပါပေရဲ့။ ( ဒါတောင် သဘောကောင်းချင်ယောင်ဆောင်ရင်း တကယ်သဘောကောင်းမိသွားတာကြောင့် အနိုင်ကျင့်ခံရတာတွေ ထည့်မရေးသေးပါ…) ပညာတွေ သင်ထားခဲ့မိတာကြောင့် လူနဲ့လူ့ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေဖြစ်အောင်လည်း နေတတ်လာပါပြီ။ ( တစ်ခါတစ်ခါကျရင်တော့ ပညာရှိအမျက်၊ အပြင်မထွက် လို့ ဆိုရိုးစကားထားခဲ့တဲ့ ရှေးလူကြီးတွေကို အမြင်ကတ်ချင်ပါသေးတယ်။ သူတို့ကြောင့်ပဲ ဦးဟန်ကြည်တို့မှာ ဒေါသထွက်ချင်ပါလျက်နဲ့ မထွက်ဖြစ်အောင် ထိန်းနေရရှာတယ် မဟုတ်ပါလား…)

အခုအရွယ်မှာလည်း ဘာကိုပဲလုပ်လုပ် ကောင်းကောင်းလေးလုပ်ချင်တဲ့ စိတ်ကလေးကတော့ ရှိနေဆဲပါ။ ကိုယ်လုပ်တဲ့အလုပ်ဟာ သူများထက်တော့ သာစေချင်တဲ့ စိတ်ကလေး
( ကောင်းသလားဆိုးသလားတော့ မဝေဖန်ချင်တော့ပါ…ပင်ပန်းတာတော့ သေချာပါရဲ့…) က ပိုလို့တောင် ခေါင်းထောင်လာပါသေးတယ်။ သူများကို ကူညီရင်လည်း စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက် ကူညီရမှ ကျေနပ်ပါတယ်။ အဲဒီစိတ်ကြောင့်လည်း သူများအနိုင်ကျင့်တာ မကြာမကြာခံရပါရဲ့။ ဒီကြားထဲမှာ အားနာလွန်းတဲ့စိတ်ကလည်း ထင်သာမြင်သာ ရှိလွန်းပါသေးတယ်။
( ရုပ်နဲ့မလိုက်လေခြင်း…) ကိုယ့်ပိုက်ဆံပေးပြီးဝယ်စားတဲ့ စားသောက်ဆိုင်ကိုတောင် ရှာကြံပြီး အားနာတတ်တာကြောင့် လာချသမျှ အစားအစာကို ဘယ်လောက်ပဲညံ့ညံ့ အတင်းဇွတ်မှိတ်ပြီး မြိုလေ့ရှိပါသေးတယ်။ စိတ်ထဲက မအီမလည်ကြီးခံစားရပေမယ့် မျက်နှာကလေးပြုံးရင်း စားလို့ကောင်းလိုက်တာနော်ဆိုတဲ့ စကားလုံးလှလှလေးလည်း သုံးတတ်ပါသေးတယ်။ ( အဲဒါကိုက လူကြီးလူကောင်းတွေရဲ့ အမူအကျင့်လို့ အနောက်တိုင်းသားတွေရဲ့ကျင့်ဝတ်စာအုပ်ထဲမှာ ဖတ်ဖူးပေသကိုး…)

လူရယ်လို့ဖြစ်လာခဲ့တာကြောင့် ဖြစ်တဲ့ဘ၀မှာ အောင်မြင်အောင် အကောင်းဆုံးကြိုးစားမယ်လို့ ဆုံးဖြတ်ထားပြန်တာကြောင့် အချိန်ရရင်ရသလို ကိုယ်ရည်ကိုယ်သွေးတိုးတက်အောင် လေ့ကျင့်နေတတ်ပါသေးတယ်။ အင်္ဂလိပ်စာ လက်ရေးလှကျင့်တာ၊ မီးနင်းကျက်တာတွေလည်း အခုအချိန်အထိ လုပ်ဖြစ်နေတုန်းပါ။ တစ်ရက်ကို ရုပ်ရှင်နှစ်ကား ပုံမှန်ကြည့်ရင်း အင်္ဂလိပ်စကားပြော တိုးတက်အောင်လည်း လေ့ကျင့်နေတုန်းပါ။ ဒါပေမယ့် အထင်မကြီးဖို့ ကြိုပြီး တားထားရပါဦးမယ်။ ဘယ်လောက်ပဲကျင့်ကျင့် ရိုးရာဖြစ်တဲ့ ငါးပိသံက ပျောက်ကို မပျောက်နိုင်သေးတာကြောင့် ကိုယ့်ဖာသာကိုယ်တောင် အသံတိတ်ပြောယူရတာ ကိုယ်ပဲသိတာမို့ပါ။ ကိုယ့်လုပ်ငန်းဖြစ်တဲ့ ပညာရေးလုပ်ငန်းကိုလည်း အကောင်းတကာ့ အကောင်းဆုံးဖြစ်ချင်လွန်းတာကြောင့် ပညာရေးဆိုဒ်တွေသွား၊ ပညာရေးစာအုပ်တွေဖတ်ရင်း ကိုယ့်ကိုယ်ကို စိတ်ရှိလက်ရှိ နှိပ်စက်လေ့ရှိပါသေးတယ်။

တစ်လောကလုံးမှာ ရှိသမျှကို ကောင်းစေချင်တာကလည်း လူမကြီးတကြီး ဦးဟန်ကြည်ရဲ့ များပြားလှသော ဆန္ဒတွေထဲက ဆန္ဒတစ်ခုဖြစ်ပါသေးတယ်။ ကိုယ်တိုင်မလုပ်ဘဲ ဘေးထိုင်ဘုပြောလုပ်တဲ့သူတွေကို ကျည်ပွေ့နဲ့ နားရင်းကို ခပ်ပြင်းပြင်းလေး ကပ္ပိချင်အောင် ကြည်ညိုတာကလည်း ဦးဟန်ကြည်ပါပဲ။ ဘယ်အလုပ်မဆို စိတ်ရောကိုယ်ပါ နှစ်ပြီးကြိုးစားတဲ့လူတိုင်းကို လေးစားတတ်တာကြောင့် တစ်ခါတစ်ခါမှာ မနက်စောစော လာတောင်းတဲ့ သူတောင်းစားကိုတောင် လေးစားမိနေလွန်းတာကြောင့် အိမ်ရှင်မက မျက်စောင်းထိုးတာကိုလည်း မကြာမကြာခံရရှာပါရဲ့။ မခိုး၊ မ၀ှက်၊ မလိမ်၊ မညာဘဲ ကိုယ့်အလုပ်ကို အရိုးသားဆုံးနဲ့ ကြိုးစားတဲ့လူကိုပဲ ခင်မင်ရင်းနှီးတတ်တဲ့ စိတ်ရင်းရှိတာကြောင့် လောလောဆယ်မှာ ဆိုက်ကားသမားဘ၀ကနေ တပင်တပန်းကြိုးစားပြီး အောင်မြင်လာတဲ့ မိတ်ဆွေတစ်ယောက်၊ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ မိတ်ဆွေတစ်ယောက်ကလွဲရင် တစ်ခြားမိတ်ဆွေရင်းချာ မရှိရှာပါ။ ဒါပေမယ့် အဲဒီမိတ်ဆွေတွေနဲ့ မဆုံဖြစ်တာတောင် နှစ်ပေါက်နေပြန်ပါပြီ။ ( ကောင်းလိုက်တဲ့ ပေါင်းသင်းဆက်ဆံရေး…) အရေအတွက်ထက် အရည်အချင်းကိုပဲ ဦးစားပေးချင်တဲ့ စိတ်ရင်းကြောင့် မိတ်ဆွေသင်္ဂဟတွေ ပေါပေါများများ မရှိတာကိုလည်း တစ်ခါမှ စိတ်မကောင်းမဖြစ်ခဲ့ရိုး အမှန်ပါ။ ဒါပေမယ့် ဒီနေ့ဒီအချိန်အထိ ဦးဟန်ကြည်ကို တူးတူးခါးခါး မုန်းတီးသူသိပ်မရှိတာကိုတော့ ဂုဏ်ယူမိပါတယ်။

Mother Teresa ကတော့ ပြောဖူးပါတယ်။ “ လူတွေကို မဝေဖန်ပါနဲ့၊ ဝေဖန်ရင် သူတို့ကိုချစ်ဖို့ အချိန် ရှိမှာမဟုတ်တော့ဘူး ” တဲ့။  လူတွေကို ဝေဖန်ဖို့ သုံးသပ်ဖို့ အင်မတန်မှ ပျင်းလွန်းတဲ့ ဦးဟန်ကြည်ကတော့ သူတို့ကို ချစ်ဖို့ထက် လူ့တာဝန်ကျေဖို့ကိုပဲ ခေါင်းထဲမှာ ထားတဲ့သူဖြစ်တာကြောင့် Mother Teresa ရဲ့လမ်းစဉ်ကို တ၀က်ပဲ လိုက်နာတဲ့သူလို့ ဆိုရင်လည်း မှားမယ်မထင်ပါ။ ( ဒါကြောင့်လဲ ဟိုတစ်ယောက်က Nobel ဆုရပြီး ဒီတစ်ယောက်ကတော့ စာသင်စားနေရတာပေါ့လေ… )

ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်သမျှကိစ္စတိုင်းကို အရေးတယူပြုတတ်သူမဟုတ်ပေမယ့် ကိုယ်ချစ်ခင်မြတ်နိုးတဲ့ သူတွေ လမ်းကြောင်းမှားနေရင် အမုန်းခံပြီး ပြုပြင်ပေးတတ်တာလည်း ဦးဟန်ကြည်ရဲ့ Trade Mark ပါ။ အဲဒီစိတ်ကြောင့်ပဲ ဒုတိယအသက်မွေးဝမ်းကြောင်းဖြစ်တဲ့ ပညာရေးနယ်ပယ်မှာ အထိုက်အလျောက် အောင်မြင်နေတာ ဖြစ်ပါလိမ့်မယ်။ ကိုယ့်တပည့်တွေ ကောင်းဖို့အတွက်ဆိုရင် ဘာပဲရင်းရရင်းရ နည်းနည်းမှနောက်မတွံ့တတ်တဲ့ ကိုယ့်စိတ်ဓာတ်ကို အခုအချိန်အထိ ဂုဏ်ယူနေပါရဲ့။ ဒါပေမယ့် ဘယ်လိုမှ ပြုပြင်လို့မရနိုင်တဲ့လူစားမျိုးတွေကို တင်းတင်းပြတ်ပြတ် ဥပေက္ခာပြုလေ့ရှိတာကိုတော့ အားနည်းချက်လို့ဆိုရင်ဆိုလို့ ရနိုင်ပေမယ့် အချိန်ရှားပါးလှတဲ့ သက်တန်းတိုတိုလေးမှာ ဘယ်လိုမှ မပေါက်နိုင်တော့တဲ့အပင်ကို ရေကုန်ခံပြီး မလောင်းချင်တဲ့ ဦးဟန်ကြည်ရဲ့ စိတ်ကိုတော့ နားလည်နိုင်မယ်ထင်ပါရဲ့။ ( နားမလည်လည်း အရေးမကြီးပါဘူးလေ…မှန်တယ်ထင်လို့ကတော့ ကိုယ့်တရားကိုယ်စီရင်တာကို ကျင့်သားရနေတဲ့ ဦးဟန်ကြည်ကတော့ ဆက်လုပ်နေဦးမှာပဲ…)

ကိုယ့်ထက်အသက်ကြီးရုံတစ်ချက်နဲ့ ကိုယ့်အပေါ်မှာ အပေါ်စီးကနေ အသားယူချင်တဲ့ လူများကိုတော့ ဦးဟန်ကြည် အင်မတန်မှ မြင်ပြင်းကတ်ပါတယ်။ ဘာမှ အားမစိုက်ရဘဲ တစ်ရက်တစ်ရက်၊ စားလိုက်၊ သောက်လိုက်၊ အိမ်သာတက်လိုက်လုပ်ရုံနဲ့ သူ့အလိုလို ကြီးလာတဲ့ အသက်အရွယ်ကလေး အားကိုးနဲ့ ငယ်ငယ်ကတည်းက တပင်တပန်းကြိုးစားပြီး ပညာတတ်ဖြစ်အောင် လုပ်ခဲ့ရတဲ့ ကိုယ့်အပေါ် နိုင့်ထက်စီးနင်းလုပ်ပြီး၊ ကိုယ်မွေးရင် ကိုယ့်သားလောက်ပဲ ရှိမှာပါ ဆိုတဲ့ အချိုးမျိုး ချိုးလာသူများကိုတော့ အားနာတတ်တဲ့စိတ်ကို အသာဘေးချိတ်ပြီး “ ၀ယ၀ုဒ္ဓိ” နဲ့ အနိုင်ယူချင်တဲ့လူတွေကို “ဂုဏ၀ုဒ္ဓိ” အားကိုးနဲ့ ရင်ဆိုင်တတ်ပါသေးရဲ့။ လူငယ်တွေမှားသမျှ ခွင့်လွှတ်တတ်ပေမယ့် လူကြီးတွေ အသုံးမကျရင် အင်မတန်မှလည်း စိတ်ဆိုးတတ်ပါသေးတယ်။ အမှားနဲံ့မကင်းတဲ့လူသားသဘာဝကို နားလည်တာမို့ ခွင့်လွှတ်ပေမယ့် ပုံစံတူထပ်ပြီး မှားတာမျိုးကိုတော့ အင်မတန်ဒေါပွတာလည်း ဦးဟန်ကြည်ပါ။ နေသေးသပ၊ ခြုံထဲက၊ ချိုကျိုးကာ၊ သုံးမရတဲ့ဘ၀မှာကျေနပ်ပြီး ဖြစ်သမျှဘ၀ကို ကံတစ်ခုအပေါ်ပုံချပြီး “လေလာရာဖင်ပေး၊ အေးအေးနေ” တတ်တဲ့လူမျိုးတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ဆိုတာ ဦးဟန်ကြည်ရဲ့ အိပ်မက်မှာတောင် ထည့်မမက်တဲ့ အရာတစ်ခု ဖြစ်ပါတော့တယ်။

လူများများနဲ့ ပေါင်းရသင်းရမှာကို စိတ်မ၀င်စားပေမယ့် ကိုယ့်မှာရှိတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကိုတော့ အင်မတန်မှ တန်ဖိုးထားပါတယ်။ မိတ်ကောင်းတွေကောင်းဆိုတာ ဘ၀ခရီးမှာ မရှိမဖြစ်လိုအပ်တဲ့ အိုအေစစ်လို့လည်း ယုံကြည်ထားပါရဲ့။ ကိုယ်နဲ့အတွေးအခေါ်မတူတဲ့ လူငါးယောက်နဲ့ တစ်နေကုန်စကားထိုင်ပြောမယ့်အစား ကိုယ်နဲ့စိတ်တူကိုယ်တူ၊ ခံယူချက်တူတဲ့ လူတစ်ယောက်နဲ့ ငါးမိနစ်စာလောက် စကားပြောရတာကိုပဲ ပိုတန်ဖိုးထားချင်တာ ဦးဟန်ကြည်ပါ။ ဒါကြောင့်လဲ ငယ်သူငယ်ချင်းဖြစ်တဲ့ မေ့ဆေးပါရဂူသူငယ်ချင်းနဲ့ သုံးလေးလကို တစ်ခါလောက် ဆုံဖြစ်ကြရင် လေး၊ငါးနာရီလောက်ကြာအောင် ထမင်းမေ့၊ ဟင်းမေ့ စကားပြောဖြစ်ကြပါရဲ့။ သူကလည်း ဦးဟန်ကြည်လို တည့်တည့်မသွားတတ်တဲ့ ဂဏန်းမျိုး ဖြစ်နေတဲ့အပြင် စိတ်ဓာတ်ကအစထားလို့ အစစအရာရာမှာ တူလွန်းနေပြန်သကိုး။

အဲဒီအချက်တွေအပြင် အကောင်းကြိုက်လွန်းတာလည်း ဦးဟန်ကြည်ရဲ့ အမူအကျင့်တွေထဲက တစ်ခုလို့ ဆိုရပါဦးမယ်။ ကိုးတန်းကျောင်းသားဘ၀မှာ သင်ခဲ့ရတဲ့ အိုင်ချင်းတစ်ပုဒ်မှာ ပါသလို
“ ပန်ပါရလို၊ ပန်ရလျှင်လည်း၊ ပန်းများသခင်၊ ဂေါ်သဇင်မှ ” ဆိုတဲ့ စာသားဟာ ဦးဟန်ကြည်ကို စောင်းဆိုတာ မဟုတ်ဘဲ တည့်တည့်ပဲ ဆိုထားဟန်တူပါတယ်။ အကောင်းကိုမှ မရရင်တော့လည်း မယူတာပဲ ကောင်းတယ်ဆိုတဲ့ စိတ်မျိုးလည်း ရှိနေပါသေးရဲ့။ အရွယ်ကလေး နည်းနည်းရလာတဲ့ အခုအချိန်မှာတော့  Something is better than nothing ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ကိုယ့်ကိုယ်ကို ပြုပြင်နေရပေမယ့် စိတ်တိုင်းကျလှတယ် မရှိပါ။ ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေကို သူများထက် ပိုကြိုးစား၊ ပိုအောင်မြင်၊ ပိုထူးချွန်တဲ့လူတွေ ဖြစ်စေချင်ရုံသာမကသေးဘဲ ခွေးချင်းကိုက်ရင်တောင် ကိုယ်မွေးထားတဲ့ခွေးပဲ နိုင်စေချင်တာ ဦးဟန်ကြည်ရဲ့ Prominence feature လို့ခေါ်နိုင်ပါတယ်။ ဒါကြောင့် ပညာရေးလောကသားဘ၀ကို ရောက်လာတဲ့ ဒီဘက်ကာလတွေမှာလည်း ကိုယ့်ကျောင်းသားတွေကို စိတ်ဓာတ်၊ စည်းကမ်း၊ စာရိတ္တကစလို့ အထွေထွေဗဟုသုတ၊ ဘာသာရေးဆိုင်ရာပါမကျန် သူများထက် ရှေ့တန်းမှာရောက်အောင် အင်တိုက်အားတိုက် ကြိုးစားပေးနေဖြစ်ပါတယ်။ အပြင်လူတွေမြင်ရင် ပင်ပန်းစရာကောင်းတယ်လို့ ထင်နိုင်ပေမယ့် အဲဒီလိုမှ မလုပ်ရရင် ဖျားချင်တာလည်း ရှာမှရှားတဲ့ ဦးဟန်ကြည်ပဲ ဖြစ်ပါသတဲ့။

ဦးဟန်ကြည်ရဲ့ အပြုအမူတွေကို အတိုဆုံးနဲ့ အရှင်းဆုံးပြောရရင် “ မာနမကြီးပေမယ့် ဖင်ခေါင်းကျယ်တဲ့သူ ”  လို့ ပြောလိုက်ရင် ပြည့်စုံပါလိမ့်မယ်။ မာနမရှိတာကြောင့် ဘယ်သူနဲ့မဆို လိုက်လျောညီထွေရှိအောင် ( စိတ်ပါသည်၊ မပါသည် အပထားလို့ ) ပေါင်းသင်းဆက်ဆံလေ့ရှိပါတယ်။ လူတန်းစားခွဲခြားဆက်ဆံလေ့မရှိပေမယ့် စိတ်ဓာတ်အတန်းအစားကိုတော့ ကျကျနနခွဲခြားဆက်ဆံချင်ပါရဲ့။ ဘယ်အရာမဆို ကိုယ်ကြိုးစားရင် ရနိုင်၊ ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆနဲ့ ကိုယ့်စိတ်ကို အထက်ဆုံး  ဗြဟ္မာ့ပြည်က အမြင့်ဆုံး ဘုံဗိမ္မာန်ထိပ်ဖျားမှာ တက်ချိပ်ထားတာကြောင့် ဖင်ခေါင်းကတော့ နည်းနည်းကျယ်ပါတယ်။ အကောင်းဆုံး၊ အမြင့်ဆုံးဆိုတဲ့ နေရာတွေဟာ ဦးဟန်ကြည် ပိုင်ဆိုင်ရမယ့်အရာတွေလို့ပဲ ခပ်ပြတ်ပြတ်တွေးထားပါရဲ့။ တကယ်ဖြစ်တာ မဖြစ်တာ အပထား၊ ကိုယ်ပိုင်တဲ့ ကိုယ့်စိတ်ကူးထဲမှာတော့ ကိုယ့်ကိုယ်ကို အမြင့်ဆုံးမှာ တင်ထားတာပဲ ကောင်းပါတယ်။ စိတ်ကူးထဲမှာတောင် လူဖြစ်ရှုံး၊ လူညွန့်တုံးနေတဲ့ ဘ၀မျိုးကို အိပ်မက်ထဲမှာတောင်မှ ယောင်လို့မမက်ချင်တာလည်း ဦးဟန်ကြည်ပဲ ဖြစ်ပါတော့တယ်။


 

( ၂ )အစားအသောက်

အစားအသောက်နဲ့ပတ်သက်လာရင်တော့ ကုန်းမှာကုတင်၊ ရေမှာသင်္ဘော၊ လေမှာ လေယာဉ် ကလွဲရင် ကျန်တာအားလုံးစားပါတယ်။အသီးထဲမှာ ဂေါက်သီး၊ မီးသီး။ အရွက်ထဲမှာ စာရွက် ။ အသားထဲမှာ လူသားနဲ့ သစ်သား ကလွဲလို့ ကျန်တာအားလုံး စားလို့ရသမျှ စားပါတယ်။ အစားနဲ့ပတ်သက်ရင် ကလေးဘ၀ကတည်းက ဘာမဆို စားတတ်အောင် မိဘများက ကျင့်ပေးလိုက်တာကြောင့် ( လာဘ်စားနည်း မပါဝင်ပါ ) အရွယ်ရောက်လာတဲ့ အချိန်မှာ အင်မတန် အဆင်ပြေလှပါတယ်။ ဘာမဆို စားလို့ရတာကြောင့် ဘယ်ကိုပဲသွားသွား၊ ဘယ်မှာပဲ ဧည့်သည်လုပ်ရလုပ်ရ ပြဿနာမရှိပါ။ ဘာပဲချက်ကျွေးကျွေး မညည်းမညူ စားလေ့ရှိတာကြောင့် ဦးဟန်ကြည်ရဲ့ အိမ်ရှင်မလည်း အတော်စိတ်သက်သာရာရပါတယ်။

အစားအစာထဲမှာတော့ စားလို့မ၀င်အောင် မကြိုက်တဲ့ အစားအစာ တစ်ခုမှကို မရှိပါ။ ဒါကြောင့် လုံးဝမကြိုက်တဲ့ အစားအစာလည်း မရှိပါ။ ထမင်းဖိတ်ကျွေးမယ်ဆိုရင်လည်း ဘာနဲ့ကျွေးကျွေး( ဟင်းကောင်းရင် ) အဆင်ပြေကြောင်း ကြော်ငြာလိုက်ခြင်းပါ။ ဘိုစာဆိုရင်လည်း စားသလို၊ ကုလားစာ၊ တရုတ်စာဆိုရင်လည်း ငြင်းရိုးထုံးစံမရှိပါ။ တစ်ခါတစ်လေမှာ လက်ဖက်သုပ်ကလေးနဲ့လဲ ထမင်းစားလို့ဝင်သလို ခပ်ငယ်ငယ်ကဆိုရင်လည်း ထမင်းကြမ်းခဲနဲ့ ထန်းလျက်တစ်ခဲနဲ့လဲ ဖြစ်အောင် စားခဲ့ပါတယ်။ အခုအချိန်အထိ ဘယ်အစားအစာကို စားချင်တယ်ဆိုတဲ့ ချဉ်ခြင်းတပ်တာမျိုးလဲ တစ်ခါမှ မရှိခဲ့ဖူးတာကြောင့် အင်မတန်မှ ကျေနပ်စရာ ကောင်းတယ်လို့ ကိုယ့်ကိုယ်ကို ယူဆပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဟိုဟာစားချင်၊ သည်ဟာစားချင်ဆိုတဲ့ ရသတဏှာနောက်ကို လိုက်ရင်း စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်နေရရှာတဲ့ ပုဂ္ဂိုလ်များကိုတွေ့ရင် အင်မတန် သနားပါတယ်။ အစားအစာဆိုတာ လျှာဖျားတစ်ထောက်ပဲ အရသာခံရတာပါ။ လျှာကိုကျော်သွားတဲ့ နောက်မှာတော့ အော့အော့တစ်ပိုင်းဖြစ်သွားတာချင်း အတူတူမို့ လျှာကိုဖြတ်သွားရုံ ခရီးတစ်ထောက်စာလေးအတွက် တပင်တပန်း ဒုက္ခခံရတဲ့ အိမ်ရှင်မတွေကိုလည်း အင်မတန်မှ ကရုဏာသက်မိပါသေးရဲ့။

ဦးဟန်ကြည်တစ်ယောက် အခုလို အစားအသောက် ပြဿနာကင်းကင်း နေနိုင်အောင် အဓိက ကျေးဇူးရှိသူတွေက ဦးဟန်ကြည်ရဲ့ မိဘတွေပါ။ ခပ်ငယ်ငယ် ကလေးဘ၀ကတည်းက ဘာအစားအစာကိုမှ ရွေးချယ်ခွင့်မရှိဘဲ စားအောင် ကျွေးခဲ့ပါတယ်။ ဦးဟန်ကြည်ရဲ့ဖေဖေပြောလေ့ရှိတဲ့ “ ငါ့သား…အလုပ်ကို ရွေးလုပ်ချင်လုပ်….အစားကိုတော့ ရွေးမစားနဲ့၊ မိဘအိမ်မှာနေရင်တော့ မိဘကျွေးတာပဲ စားရမယ်၊ ကိုယ့်အိမ်မှာကိုယ်နေရင်တော့ ကိုယ်ကြိုက်တာ ကိုယ်စား ” ဆိုတဲ့ စကားတစ်ခွန်းကိုလည်း ဒီအချိန်အထိ မှတ်မိနေပါသေးတယ်။ အိမ်မှာကလည်း အဲဒီမူအတိုင်းပဲ ကျင့်သုံးတာမို့ ငယ်ဘ၀တစ်လျှောက်လုံး ဟင်းကြေးများခွင့် မရှိခဲ့ပါ။ ချက်သမျှကို ထည့်မစားရင် ဒဏ်ပေးခံရလေ့ ရှိတာမို့ ဘာပဲဖြစ်ဖြစ် မျိုချပစ်လိုက်တဲ့ အကျင့်ကောင်းက ကြီးတဲ့အရွယ်အထိ စွဲလို့နေပါတော့တယ်။ ခပ်ငယ်ငယ်က ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး၊ ကင်းပုံသီးစတဲ့ ခါးတဲ့ဟင်းတွေဆိုရင် သိပ်မကြိုက်လှတာမို့ မေမေ့ကို တစ်ခါက ပြောပြမိလိုက်ရာမှာ တစ်ပတ်လုံးလုံး ကြက်ဟင်းခါးသီးဟင်းချက်ကျွေးပြီး ပညာပေးခံလိုက်ရတာကြောင့် နောက်များဆိုရင် ကိုယ်မကြိုက်တာလေးများရှိရင် ပါးစပ်ကတောင် ယောင်လို့မဟရဲတော့ပါ။

ဒီအရွယ်အထိ အစားအသောက်နဲ့ပတ်သက်လို့ စွဲနေတဲ့ အကျင့်ကတော့ သိပ်မကြိုက်တဲ့ ဟင်းကို အရင်ကုန်အောင် စားပစ်လိုက်ခြင်းပါပဲ။ ကလေးဘ၀ကတည်းက ကိုယ့်ပန်းကန်ထဲထည့်ပေးသမျှကို ကုန်အောင် စားရတာမို့ မစားချင်တဲ့ဟင်းပါလာရင် မျက်စိစုံမှိတ်ပြီး “ သွားရော့လဟယ် ” လို့ ကြွေးကြော်လို့ အဲဒီဟင်းကို အရင်ဆုံး မြိုချပစ်လိုက်ပါတယ်။ အဲဒီလိုမှမလုပ်ရင်လည်ဲး မစားချင်တဲ့ဟင်းကို ပန်းကန်ထဲမှာ မြင်နေရတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လွန်းတာကြောင့်ပါ။ ဒါကြောင့် သူ့ကိုအရင် ရှင်းပစ်လိုက်လေတော့ ကျန်တဲ့ဟင်းကို အရသာရှိရှိ စားနိုင်သွားပါတော့တယ်။ ဒီအရွယ်မှာလည်း ပန်းကန်ထဲမှာ အိမ်ရှင်မ ထည့်ပေးသမျှဟင်းကို မငြီးမငြူ စားလေ့ရှိပေမယ့် သိပ်မကြိုက်ရင် အရင်ကုန်အောင် စားပစ်လိုက်တာမို့ အထာပေါက်လာတဲ့ အီမ်ရှင်မက မကြိုက်ရင်လည်း စောစေကမပြောဘူးဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လေ့ရှိပါတော့တယ်။ တစ်ခါတစ်ခါမှာ အိမ်ရှင်မက ဦးဟန်ကြည် စားချင်တဲ့ဟင်းလေးဘာလေးရှိရင် ပြောဖို့ လွတ်လပ်ရေးပေးပေမယ့် ကိုယ်ဘာစားချင်တယ်ဆိုတာကို ထိုင်စဉ်းစားရမှာတောင် ပျင်းလွန်လွန်းတဲ့ ဦးဟန်ကြည်ကတော့ “ ချက်ချင်ရာသာချက်ပါကွာ…ချက်သမျှ စားပါတယ် ” လို့ လေပြည်လေးထိုးရင်း လက်ထဲရောက်လာတဲ့ လွတ်လပ်ရေးကို အိမ်ရှင်မလက်ထဲ ပြန်ထည့်ပေးလိုက်တာပဲ များပါရဲ့။

စားသောက်ဆိုင်တွေမှာ သွားစားဖြစ်ရင်လည်း ခံတွင်းလိုက်ခြင်း၊ မလိုက်ခြင်းကို ဘေးချိတ်ပြီး လာချသမျှကို ဗိုက်ထဲရောက်အောင် စားပစ်တတ်တာကြောင့် တစ်ခါတစ်ခါမှာ အိမ်ရှင်မ မစားနိုင်လို့ ချန်ထားတဲ့ လက်ကျန်ပါမရှောင် ထိုးထည့်ပစ်တတ်ပါသေးတယ်။ စားစားမစားစား၊ ကိုယ့်ပိုက်ဆံကတော့ ပေးရတော့မှာမို့ အလဟဿဖြစ်ခံမယ့်အစား ဗိုက်ထဲထိုးထည့်လိုက်တာကမှ အစာအိမ်ပြည့်ဦးမယ်လို့ ခံယူထားသူဖြစ်တာမို့ ဦးဟန်ကြည်နဲ့အတူ စားသောက်ဆိုင်မှာ စားဖြစ်တဲ့လူတွေက ဦးဟန်ကြည်ကို အင်မတန် သဘောကျကျပါသတဲ့။ ( သဘောကျဆို ဘာမှ အလေအလွင့် မဖြစ်ပဲကိုး…)

တောကြိုအုံကြားမှာ ဆေးအိတ်တစ်လုံးနဲ့ ရွှံ့တွေဗွက်တွေကြားမှာ ရုန်းရင်း ဆရာဝန်အလုပ်ကို ယာယီလုပ်ခဲ့စဉ်ကဆိုရင် အစားအသောက်နဲ့ပတ်သက်လို့ ကြေးမများတတ်တဲ့ ဦးဟန်ကြည်အတွက် ပိုလို့အဆင်ပြေခဲ့ပါသေးတယ်။ ဘာကြွေးကြွေး ပါးစပ်ထဲထိုးသွတ်လိုက်တဲ့ ဦးဟန်ကြည်ကို လူနာများက အင်မတန်မှ ချစ်ကြပါသတဲ့။ ( မယုံရင် ပုံပြင်လို့မှတ်ပေတော့…) တစ်ခါတစ်လေမှာများ ညစ်ပတ်ပေကျံနေတဲ့ လက်အစုံနဲ့ ဆရာစားဖို့မုန့်ကို ကိုင်လာပေးရင်တောင် မျက်စိစုံမှိတ်ပြီး မြိုချပစ်လိုက်တာများပါတယ်။ ( စိတ်ထဲမှာ မသိုးမသန့်ဖြစ်လာရင်လည်း လူနာတွေ မမြင်ကွယ်ရာရောက်မှ ကိုယ့်ပါးစပ်ထဲကိုယ် လက်ထိုးထည့်ပြီး အန်ထုတ်လိုက်တာပေါ့လေ…။ အဓိကကျတာကတော့ သူ့စေတနာကို အသိအမှတ်ပြုရာရောက်ပြီး သူကျေနပ်ဖို့ အရေးကြီးတယ် မဟုတ်ပါလား….) ကွမ်းကြိုက်တဲ့ ဦးဟန်ကြည်အတွက် သူ့လူနာတွေက “ ကွမ်းရွက်က ကွမ်းရွက်ပေါင်း၊ ထုံးက နီနီ၊ ကွမ်းသီးက ကွမ်းသီးအစို၊ ကွမ်းစားဆေးက ကွမ်းသီးဖက်ဆေးလိပ်ထဲက ထုတ်ထားတဲ့ဆေး ” နဲ့ ယာထားတဲ့ ကွမ်းယာကို ပါးစပ်ထဲလာထည့်ပေးရင်လည်း ၀ါးပစ်လိုက်လေ့ ရှိပါတယ်။ ( ကျန်းမာရေးအသိ တော်တော်ရှိတဲ့ ဆရာဝန်ပဲနော်… )

အစားအသောက်နဲ့ပတ်သက်လို့ မက်မက်စက်စက် မရှိလှပေမယ့် အစားအသောက် ပြင်ဆင်ချက်ပြုတ်တာကိုလည်း မဆီမဆိုင် ၀ါသနာ ပါပြန်ပါသေးတယ်။ ခပ်ငယ်ငယ် အရွယ်ကတည်းက ဦးကြီးပုချက်နည်းပြုတ်နည်း ၅၀၀ လို စာအုပ်မျိုးတွေကို အားတိုင်းထိုင်ဖတ်ပြီး ဟင်းချက်နည်းတွေကို ထိုင်တွေးရင်း သွားရည်ကျတတ်ရုံသာမက တစ်ခါတစ်ခါမှာ လက်စွမ်းပါ ပြတတ်ပါသေးတယ်။ ကိုယ်ချက်တဲ့ အစားအစာကို သူများတွေ အားပါးတရ စားနေရင် ကျေနပ်ပေမယ့် ကိုယ့်ဖာသာကိုယ်တော့ တစ်ခါမှ မြိန်ရည်ရှက်ရည် ပြန်မစားဖြစ်ပါ။ ( တော်တော်ကောင်းတဲ့ စာဖိုမှူးဟဲ့… ) ခပ်ငယ်ငယ်အရွယ်ကတည်းက ဟင်းမရှိရင် ရှိတဲ့ အရွက်ကို ခူးပြီး အသုပ်ဖြစ်အောင် သုပ်လို့ ထမင်းနဲ့ စားရုံသာမက နောက်ဆုံးမှာ ကြံရာမရရင် ထမင်းကိုပဲ သုပ်စားဖြစ်ပါသေးတယ်။ အခုလည်း တစ်ခါတစ်ခါမှာ စိတ်လိုလက်ရရှိရင် မီးဖိုချောင်ဝင်ပြီး လက်စွမ်းပြလေ့ရှိပါသေးတယ်။ ( အထင်လည်း သိပ်မကြီးစေချင်ပါ။ စိတ်လိုလက်ရဆိုတာ တစ်နှစ်ကိုမှ သုံးလေးခါလောက် စိတ်လိုလက်ရ ရှိရှာတာပါ…)  

အစားအစာနဲ့ ပတ်သက်လို့ အဲဒီလောက်အထိ အာဝေနိကဒုက္ခ ကင်းလွန်လွန်းတဲ့ ဦးဟန်ကြည်ကို အားကျကုန်ကြရင်လည်း မတတ်နိုင်တော့ပါ။ ထောင်းလက်စကို ပြီးအောင်ထောင်း၊ ဖော်လက်စကို ပြီးအောင်ဖော်လို့ တာဝန်ကျေရမှာ ဘလော့ဂါ ကျင့်ဝတ် နံပါတ်တစ် ဖြစ်တယ် မဟုတ်ပါလားလေ။


တက်(ဂ်)ပို့(စ်) အခန်းဆက်ကို ရေးနေတာ ဒီတစ်ပို့(စ်)နဲ့ပါဆိုရင် သုံးပုဒ်တောင် ရှိသွားပါပြီ။
ဒီပို့(စ်)ကို နောက်ဆုံးထားပြီး ရေးလိုက်ပေမယ့် ရေးရင်းနဲ့ အတော်ရှည်သွားပြန်ပါတယ်။ ဒါကြောင့် အ၀တ်အစားနဲ့ ပတ်သက်တဲ့ တက်(ဂ်)ပို့(စ်) နောက်ဆက်တွဲကို နောက်တစ်ပိုင်းကျမှပဲ ဆက်ရေးရတော့မှာမို့ ချစ်စွာသော ညီတော်၊ နောင်တော်၊ ညီမတော်၊ အစ်မတော် ဘလော့ဂါ၊ ဘလော့ဂီ အပေါင်းတို့ကို အကြောင်းခံနဲ့ တောင်းပန်သမှု ထပ်ပြုလိုက်ရပါကြောင်း။


စာကြွင်း။          ။

( ညီမတော် Angelhlaing ကတော့ နောက်တစ်ခါဆိုရင် ဦးဟန်ကြည်ကို ယောင်လို့တောင်မှ တက်(ဂ်)ရဲမှာ မဟုတ်တော့ဘူး ထင်ပါ့။ ကိုင်း ဘလော့ဂါ၊ ဘလော့ဂီအပေါင်းတို့ရေ ဖတ်ပျော်တဲ့ တက်(ဂ်)ပို့(စ်)ဖြစ်ခဲ့ရင်လည်း ရေးသူဦးဟန်ကြည်ကို ချီးကျူးကြကုန်ပြီး၊ ပျင်းရိငြီးငွေ့ဖွယ်ရာ အင်မတန်ကောင်းပေထသော တက်(ဂ်)ပို့(စ်) ဖြစ်သွားခဲ့ရင်လည်း ပရိသတ်ကြားမှာ အေးအေးလူလူ ဘေးထိုင်နေပါတဲ့ ဦးဟန်ကြည်ကို တက်(ဂ်)လိုက်ပါတဲ့ Anglehlaing နဲ့ ဇာတ်လမ်းစသူ အဖြူရောင်နတ်သမီး တို့ကို မေတ္တာပို့တော်မူကြပါကုန်…)

Wednesday, 3 August 2011

ထောင်းလက်စနဲ့ ဆက်ထောင်းခြင်း . . .

ခန္ဓာကိုယ်အကြောင်းရေးလိုက်မိတဲ့ 
ပထမတက်(ဂ်)ပို့(စ်) တစ်ပိုင်းအပြီးမှာ ပေါင်ကျိန်းသွားတာကြောင့် သုံးလေးရက်လောက် အနားယူလိုက်ရရှာတဲ့ ဦးဟန်ကြည်တစ်ယောက် ထောင်းလက်စနဲ့ ဆက်ထောင်းရမယ့် တာဝန်တစ်ရပ်ကြောင့် ကျန်နေသေးတဲ့ တက်(ဂ်)ခေါင်းစဉ်တွေကိုလည်း ဆက်ပြီးရေးရင်း ကိုယ့်ကိုယ်ကိုဖော် မသူတော်ဆက်လုပ်လိုက်ရပြန်ပါပြီ။ အရပ်ရပ်နေပြည်တော် လူကြားလို့မှမတော်တဲ့ အမူအကျင့်တွေပါသွားရင်လည်း ကိုယ်ဖတ်သမျှကိုယ့်စိတ်ထဲမှာထားဖို့၊ ဦးဟန်ကြည်ကို အကြောင်းပြုပြီး၊ မောင်းထုမကြော်ငြာဖို့ အကြောင်းခံနဲ့ အရင်တောင်းပန်ထားပါရစေဦး။ 

ကြော်ငြာကောင်းကြတာကြောင့် ဦးဟန်ကြည်ရဲ့ ချစ်စရာ၊ ကြည်ညိုစရာ အင်မတန်ကောင်းလှစွာသော ဂုဏ်ပုပ်( ဂုဏ်ပုဒ် မဟုတ်ရှာပါ )တွေကို ဟောလိဝုဒ်က James Cameron, Martin Scorsese, Steven Spielberg  စတဲ့ ဒါရိုက်တာ အကျော်အမော်ကြီးတွေ သတင်းရသွားရင်ဖြင့် မင်းသားတင်ရိုက်မှာ စိုးရိမ်ရတာကြောင့်ပါ။ အဲဒီလိုသာ မင်းသားတင်ရိုက်လိုက်ရင့် ဟောလိဝုဒ် ရုပ်ရှင်သမိုင်းကြောင်းမှာ သရဲဇာတ်ကောင်အဖြစ် မိတ်ကပ်အကူမလိုဘဲ ပထမဆုံးသရုပ်ဆောင်သွားသော မြန်မာပြည်မှ ဦးဟန်ကြည် ဆိုပြီး စာမျက်နှာတွေပေါ်မှာ ပြူးတူပြဲတဲ ပါကုန်ပြီး ကိုယ့်အလုပ်နဲ့ကိုယ် ယားလို့တောင် ကောင်းကောင်းမကုတ်အားရှာတဲ့ ဆားပုလင်းဟန်ကြည်တစ်ယောက် Paparazzi တွေရန်က ပုန်းနေရမှာကို စိုးရိမ်ရသေးတယ် မဟုတ်ပါလား။

ကိုင်း…နိဒါန်းနဲ့တင် ပေမရှည်တော့ဘဲ ဖော်လက်စလေးကိုပဲ ဆက်ဖော်ကြပါစို့ရဲ့…

( ၂ ) အပြုအမူ  

အပြုအမူနဲ့ပတ်သက်ရင်တော့ ငယ်ဘ၀နဲ့ လက်ရှိဘ၀လို့ နှစ်ပိုင်းခွဲမှ ဖြစ်မယ်ထင်ပါတယ်။ ဒါမှပဲ ဦးဟန်ကြည်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေကို နှိုင်းယှဉ်နိုင်မှာ မဟုတ်ပါလား။

ငယ်ဘ၀ဆိုတာကို လူမှန်းသူမှန်းသိတဲ့အရွယ်ကစလို့ တက္ကသိုလ်ကျောင်းသားအရွယ်အထိ သတ်မှတ်ထားလိုက်ပါတယ်။ အနောက်နိုင်ငံမှာဆိုရင်တော့ တက္ကသိုလ်ကျောင်းသားဘ၀ရောက်ရင် လူကြီးဖြစ်ကြပေမယ့် ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာတော့ တက္ကသိုလ်ကျောင်းသားအရွယ်ဆိုတာ ကလေးကြီးသာသာပဲ ရှိကြပါသေးတယ်။ အချိန်တန်ရင် မုန့်ဖိုးတောင်းပြီး ကျောင်းသွားရတာချင်းအတူတူမို့ အခြေခံပညာအဆင့်ကျောင်းသားနဲ့ တက္ကသိုလ်ကျောင်းသားဟာ ဘ၀ချင်းလည်း သိပ်တော့မကွာခြားလှသေးတာလည်း မျက်မြင်ကိုယ်တွေ့ ကြုံဖူးကြမယ်ထင်ပါရဲ့။ (ဆန့်ကျင်ဘက်လိင်ကို မသိမသဲာ စိတ်ဝင်စားတာနဲ့ အင်တိုက်အားတိုက် စိတ်ဝင်စားတာက လွဲရင်ပေါ့လေ…)

( က ) ငယ်ငယ်တုန်းက

ငယ်ငယ်တုန်းကတော့ ကလေးလေးပေါ့လို့ပြောရင် အားလုံးက ၀ိုင်းပြီးမေတ္တာပို့ကြမှာ သေချာပါရဲ့။ 
ဒါပေမယ့် မောင်ဟန်ကြည်ဆိုတဲ့ ကလေးလေးက သူများတကာနဲ့မတူဘဲ အင်မတန်မှ ဇီဇာကြောင်ပါတယ်။ တခြားကလေးများလို ချီတာပိုးတာ၊ ယုယတာကို နည်းနည်းမှမကြိုက်ပါ။ ပုခက်ထဲမှာ ပက်လက်လှန်ပြီး လက်မကလေးစုပ်ရင်း ပုခက်အမိုးကို မော့ကြည့်လို့ ဘာတွေကြံမှန်းမသိဘဲ ငြိမ်နေတတ်တာကြောင့် အိမ်မှာကလေးရှိတယ်ဆိုတာတောင် မသိရလောက်အောင် သဘောကောင်းခဲ့ပါသတဲ့။ တော်ရုံနဲ့ငိုခဲတာကြောင့် မိဘများလည်း အင်မတန် စိတ်ချမ်းသာခဲ့ပါသတဲ့။ ( အမှန်ကတော့ ငိုရမှာတောင် ပျင်းတာ ဖြစ်ပါလိမ့်မယ်…)

စကားပြောတတ်ကာစအရွယ်ရောက်တဲ့အခါ တစ်ယောက်ယောက်ကကောက်ချီလိုက်ရင် “ သားသားပါစီ…နေပါစီ ”  လို့ မပီကလာပီကလာပြောရင်း တစ်ကိုယ်ရည်လွတ်လပ်ခွင့် Privacy ကို အရွယ်နဲ့မလိုက်အောင် တောင်းလေ့ရှိပါတယ်။ ကလေးဘ၀တစ်လျှောက်လုံး အချီအပိုး၊ အယုအယ တစ်ခါမှ လုပ်စရာမလိုတာကြောင့် ချစ်ကြခင်ကြတဲ့ အမျိုးအဆွေတွေလည်း အင်မတန်မှ ပေါခဲ့ပါတယ်။ ( ကြီးမှ ပေါင်းပြီး ဆိုးမှာကို မသိကြသေးလို့ ဖြစ်ပါလိမ့်မယ်…)

စာနည်းနည်းဖတ်တတ်တဲ့ ကျောင်းသားအရွယ်ရောက်တော့လည်း တွေ့ကရာ စာအုပ်တစ်အုပ်နဲ့ ချောင်တစ်ချောင်မှာ ကုပ်ပြီး စာဖတ်နေတတ်ပါတယ်။ တစ်ခြားကလေးတွေလို အဖော်အပေါင်းနဲ့ ကစားခုန်စားလုပ်ဖို့လည်း ၀ါသနာမပါခဲ့ပါ။ ဗလသေးတော့ အနိုင်ကျင့်ခံရမှာကို စိုးရိမ်တာကြောင့်လည်း ပါမယ်ထင်ပါရဲ့။ သေချာတာတစ်ခုကတော့ လူများများနဲ့ မနေတတ်တာပါပဲ။ စာဖတ်ရတာငြီးငွေ့လာရင်လည်း တစ်ယောက်တည်းပဲ ကစားလေ့ရှိပါတယ်။ ဘောလုံးတစ်လုံးယူပြီး နံရံကို တအုန်းအုန်းနဲ့ နာရီဝက်သာသာလောက် ကန်လိုက်ရင် ကစားခြင်းကိစ္စပြီးပါတော့တယ်။ ဒါမှ အားမရသေးရင်လည်း တွေ့ကရာ တုတ်ရှည်ရှည်တစ်ချောင်းကောက်ကိုင်ပြီး မြင်ဖူးသမျှ တရုတ်သိုင်းကားထဲက သိုင်းကွက်တွေကို ကျင့်သလိုလိုနဲ့ တောင်အော်မြောက်အော် အော်ပြီး ခုန်လိုက်ပေါက်လိုက် လုပ်တာကလည်း မောင်ဟန်ကြည်လေးရဲ့ စိတ်ကြိုက်ကစားနည်းထဲမှာ ပါပါသေးတယ်။ အစစအရာရာ စည်းစနစ်ကျတဲ့ မိဘနှစ်ပါးက ကစားစရာအရုပ် တစ်ခါမှ ၀ယ်မပေးခဲ့ဖူးတာကြောင့် ရွှံ့စေးနဲ့ အရုပ်တွေလုပ်ပြီးလည်း ကစားခဲ့ရပါတယ်။ ( အရုပ်တွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ ကစားနေကြတဲ့ ဒီဘက်ခေတ်ကလေးတွေကို ပြန်မြင်ရတော့ တစ်ခါတစ်ခါ ဒေါပွပြီး ကလေးပြန်ဖြစ်ချင်စိတ်တောင် ပေါက်မိပါသေးရဲ့…)

လေးတန်းကျောင်းသားအရွယ်မှာတော့ ဆယ်တန်းမှာ စိတ်ကြိုက်မြန်မာစာယူတဲ့ အဒေါ်ဖြစ်သူရဲ့ “ မြန်မာစာ ကဗျာဖွဲ့နည်း ” စာအုပ်ကို ဖတ်ပြီး ကဗျာမတောက်တခေါက်စရေးရာကနေ ပိုးဝင်သွားတာမို့ အားရင်အားသလို ကဗျာထိုင်ရေးနေတတ်တာကြောင့် အပေါင်းအသင်းကိစ္စဟူသမျှ ကိုယ်နဲ့မဆိုင်တော့ပါ။ အားရင်အားသလို စာဖတ်ချင်ဖတ်၊ ကဗျာရေးချင်ရေးနေတတ်တာကြောင့် လူကြီးတွေ အမြင်ကတ်စရာကောင်းတဲ့ လူကြီးပေါက်စကလေး အဖြစ်နဲ့ လူလားမြောက်ခဲ့ရတယ်လို့ ဆိုရပါလိမ့်မယ်။

ကလေးဘ၀ကတည်းက ပွဲလမ်းသဘင်ကိုလည်း စိတ်မ၀င်စားခဲ့ပါ။ ကိုယ့်အိမ်နားမှာ လာကတဲ့ဇာတ်ပွဲကိုတောင် သွားမကြည့်ဖြစ်ခဲ့ပါ။ အနုပညာကို မြတ်နိုးပေမယ့် လူတွေကြားမှာ တိုးဝှေ့သွားရမှာကို စိတ်ပျက်တာကြောင့် ဖြစ်ပါတယ်။ ( ရုပ်မလှတာကို ရွာလည်ပြီး မပြချင်တာကြောင့်လည်း ပါမယ်ထင်ပါတယ်…)

အဲဒီလောက် တစ်သီးပုဂ္ဂလဆန်ဆန်နဲ့ ကြီးပြင်းလာခဲ့တဲ့ မောင်ဟန်ကြည်ကလေးကို သူငယ်ချင်းအပေါင်းအသင်းများက အင်မတန်မှ လေးစားကြတာကြောင့် လေးတန်းကျောင်းသားအရွယ်ကစလို့ အတန်းစဉ်အတိုင်း အတန်းခေါင်းဆောင်မြှောက်ကြပါတယ်။ သူတို့နဲ့မတူတာကြောင့် အထင်ကြီးတာလည်း ပါပါလိမ့်မယ်။ ( မောင်ဟန်ကြည်ကလေးကလည်း ထူးချင်ထူး…မထူးချင်လည်း ရူးဆိုတဲ့ ဒီဇိုင်းထဲမှာ ပါနေပေသကိုး…) အတန်းခေါင်းဆောင်လုပ်ခဲ့တဲ့ သက်တန်းတစ်လျှောက်မှာ ပေးသမျှတာဝန်ကို မကျေကျေအောင်၊ မကောင်းကောင်းအောင် လုပ်လေ့ရှိတာကြောင့် ဆရာမထုတ်ပေးတဲ့ငွေအပြင် ကိုယ့်မုန့်ဖိုးပါမလောက်လို့ မိဘတွေဆီမှာပါ ပြန်ချေးယူရတဲ့ အကြိမ်ပေါင်းကလည်း မရေမတွက်နိုင်အောင် များလှပါတယ်။ အဲဒီလောက် ပြောင်မြောက်တဲ့ ကိုယ့်ရဲ့ အကျင့်စရိုက်တွေကို သိတာကြောင့်လည်း အရွယ်ရောက်တဲ့အခါမှာ ၀န်ထမ်းမလုပ်ဘဲ ကိုယ်ပိုင်လုပ်ငန်းနဲ့ ရပ်တည်ဖို့ ရွေးခဲ့ရပါရဲ့။ ၀န်ထမ်းလုပ်လို့ အရာရှိ၊ အရာခံများဖြစ်သွားရင်လည်း မ၀ါးတတ်၊ မမြိုတတ်ဘဲ ဘာမဆို ကောင်းချင်တဲ့စိတ်တစ်ခုတည်းနဲ့ လုပ်နေဖြစ်ရင် အထက်ကလည်း မကြည်၊ အောက်ကလည်း အစာမကျေဖြစ်ပြီး ဒုက္ခနဲ့ လှလှတွေ့လို့ လှလှပါ ရွာပြန်ရမယ့်ကိန်းဆိုက်မှာ သေချာနေတယ် မဟုတ်ပါလား။

ခပ်ငယ်ငယ်ကျောင်းသားအရွယ်ကတည်းက ဘာမဆို မတန်ရင် မယူတတ်အောင် မိဘတွေက ကျင့်ပေးလိုက်တာကြောင့် ဘယ်အရာကိုမှ သူတစ်ပါးဆီက အလကားမလိုချင်ခဲ့ပါ။ တစ်ခုလိုချင်၊ တစ်ခုပေးရမယ်ဆိုတဲ့မူကိုပဲ လက်ကိုင်ထားပြီး ကြီးပြင်းခဲ့ပါတယ်။ မောင်ဟန်ကြည်လေးရဲ့ မိဘတွေက မုန့်ဖိုးငွေကိုတောင် အလကားပေးတဲ့ မိဘတွေမဟုတ်ပါ။ အနည်းဆုံးတော့ ရေခပ်၊ ထင်းခွဲ၊ ခြံရှင်းတာလောက်ကတော့ လုပ်ခိုင်းပြီးမှ မုန့်ဖိုးပေးတဲ့ မိဘတွေဖြစ်ပါတယ်။ ဒါကြောင့် ငွေကိုတန်ဖိုးထားတတ်တဲ့အကျင့်ကိုပါ ရခဲ့ပါတယ်။ ( တန်ဖိုးမထားဘဲနေရိုးလား…တစ်ကျပ်တစ်ပြားရဖို့ ဒီလောက်တောင် ချွေးဒီးဒီးကျခံပြီး လုပ်ထားရတာကိုး…) ဒါတင်မကသေးဘဲ မခိုးရ၊ မညာရတဲ့ ဘယ်အလုပ်ကိုမဆို မရှက်မကြောက်လုပ်ရဲအောင်လည်း လေ့ကျင့်ပေးတာကို ခံခဲ့ရတာကြောင့် သမ္မာအာဇီဝကျတဲ့ ဘယ်အလုပ်ကိုမဆို ငယ်ငယ်ကတည်းက လုပ်ရဲကိုင်ရဲခဲ့ပါတယ်။ ( ဒါကြောင့်ပေါ့… ကြီးလာတဲ့အခါ ၀န်ထမ်းမလုပ်ရဲတာ…)

တက္ကသိုယ်ကျောင်းသားအရွယ်ရောက်တဲ့အခါမှာတော့ အပေါင်းအသင်းမရှိတဲ့ ကိုယ့်အားနည်းချက်ကို ပြင်ဖို့ရည်မှန်းချက် ဧရာမကြီးနဲ့ တွေ့ကရာရှစ်သောင်းနဲ့ အပေါင်းအသင်းလုပ်ခဲ့ရာမှာ ပထမနှစ်က သူငယ်ချင်း ၁၅၀ ကျော်ကျော်လောက်နဲ့ ရင်းနှီးခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း လူများရင်၊ လေများပြီး သူများစိတ်နဲ့ကိုယ့်ကိုယ် လုပ်ရပြန်တာကို စိတ်ညစ်လာတော့တာကြောင့် ဒုတိယနှစ်ကစပြီး သူငယ်ချင်းတွေကို ရွေးပြီးပေါင်းရာမှာ လက်ရွေးစင်သူငယ်ချင်း သုံးယောက်ပဲ ကျန်ပါတော့တယ်။ ( ကောင်းလိုက်တဲ့ လက်ရွေးစင်ရွေးနည်း…ဆန်ကာတင်ရွေးတဲ့ ဆန်ကာက ဆင်တောင် ကျွံလောက်အောင် ကျဲတယ်ထင်ပါရဲ့…၁၅၀ မှာ သုံးယောက်ပဲ ကျန်တော့တယ်လို့…။ ကိုင်း…ရည်းစားတစ်ထောင်ကနေ လင်ကောင်တစ်ယောက်ရွေးဖို့ အခက်အခဲဖြစ်နေကြကုန်သော ဘလော့ဂါ၊ ဘလော့ဂီအပေါင်းတို့ ဆန်ကာတင်ရွေးနည်း နိဿရည်းကို ဦးဟန်ကြည်ထံတွင် နည်းယူကြပါကုန်… )


ကြောင်ဖမ်းဆရာတော်ပုံပြင်ကို ခေါင်းစဉ်တည်ပြီး ပို့(စ်)ပေါင်းများစွာဖြစ်အောင် အင်တိုက်အားတိုက် ရေးတတ်လွန်းတဲ့ တုံးဖလားသူကြီးမင်း ကိုကိုမောင် (ပန်းရနံ့) ကို အားကျမိတာကြောင့် အပြုအမူနဲ့ဆိုင်တဲ့ တက်(ဂ်)ပို့(စ်)ကိုလည်း အပိုင်းပိုင်းဖြစ်အောင်ခွဲစိတ်လို့ ( ခေတ်စားနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲများလို ) အခန်းဆက်တက်(ဂ်)ပို့(စ်) ဖြစ်အောင် ရေးတော့မှာမို့ ဖတ်ရင်းကနေ ငြီးငွေ့တော်မူကြရင်လည်း လွန်တာရှိက ၀န္ဒာမိလုပ်ရင်း လူကြီးမဖြစ်တဖြစ်အရွယ် ဦးဟန်ကြည်ရဲ့ အပြုအမူနဲ့ စိတ်ပိုင်းဆိုင်ရာတွေနဲ့ပတ်သက်တဲ့ တက်(ဂ်)ပို့(စ်)အဆက်ကို စိတ်မရှည်လက်မရှည် ဆက်ပြီးအားပေးကြဖို့ မေတ္တာရပ်ခံသမှု ပြုလိုက်ရပါကြောင်း…။   ။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger