Thursday, 8 April 2010

“ မိမိပစ္စည်း၊ မိမိတာဝန် ... ”

  • စာရေးသူတို့ ဆယ်တန်းကျောင်းသားဘ၀တုန်းက မြန်မာစာသင်ပေးတဲ့ ဆရာကစာရေးဆရာပါ။ မြန်မာစာကို တော်တော်မြတ်နိုးတဲ့ဆရာပါပဲ။ စာရေးသူတို့လည်းငယ်ငယ်ကတည်းက ဆရာရတာကံကောင်းတယ်လို့ဆိုရပါလိမ့်မယ်။ မြန်မာစာကို တကယ့်ကိုလေးစားတန်ဖိုးထားတဲ့ ဆရာဆရာမတွေနဲ့ပဲ ဆုံခဲ့ရပါတယ်။သင်ခန်းစာထဲက ကဗျာတွေသာမက အပြင်ကကဗျာတွေပါ ရေးပေးပြီးနေ့စဉ် စာသင်ချိန်စတာနဲ့ ဖတ်ခိုင်းလေ့ရှိတဲ့ ငါးတန်းတုန်းက ဆရာကြီးကိုလည်း အခုထိသတိရနေဆဲပါ။ အဲဒီတုန်းကတော့ ဆရာ့ကြောက်လို့သာဖတ်ခဲ့ရပေမယ့် ဘာအရသာမှလည်း မတွေ့ခဲ့ရိုးအမှန်ပါ။ ဒါပေမယ့် နေ့စဉ်ဖတ်ခဲ့ရတာဆိုတော့ ကဗျာတွေကအလွတ်ရနေပြီး အခုအချိန် ရောက်မှ စဉ်းစားမိတိုင်းအရသာကို ရှိနေပါပြီ။
  • မှတ်မိပါသေးတယ်။ စာရေးသူ ခြောက်တန်းကျောင်းသားဘ၀ကပါ။ “ပန်းငွေမိကျောင်း”ဆိုတဲ့ ကဗျာကိုသင်တော့ စာရေးသူကရှေ့ဆုံးတန်းမှာထိုင်ပြီး မိကျောင်းကို မိချောင်းလို့ စာလုံးပေါင်း မှားပါလေရော။ အဲဒီမှာတင် မြန်မာစာဆရာ ဦးခင်မောင်ကြည်ကဘာမှပြောမနေဘဲ စာရေးသူရဲ့နဖူးကိုလက်သီးနဲ့ခပ်ဆတ်ဆတ်လေးနှက်လိုက်တာ အာလူးသီးထလာပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့က မိကျောင်းနဲ့တင် အတန်းသားတ၀က်ကျော် အာလူးဟင်းစားခဲ့ရပါတယ်။ စာလုံးပေါင်းသတ်ပုံကို အဲဒီလောက်တောင် ဂရုတစိုက်ရှိခဲ့ကြတာပါ။ ဒါကြောင့်လဲ စာရေးသူတို့ခေတ်တုန်းက ကျောင်းသားတွေဟာလက်ရေးသာမလှတာ ရှိချင်ရှိပါလိမ့်မယ်။ စာလုံးပေါင်းတော့ တော်ရုံတန်ရုံ မှားခဲကြပါတယ်။
  • ပြီးတော့ စာရေးသူတို့ ကျောင်းသားငယ်ဘ၀က အတန်းချိန်အားရင် တစ်ယောက်နဲ့တစ်ယောက် ကဗျာဝှက်တမ်းကစားလေ့ရှိကြပါတယ်။ ကဗျာဝှက်တယ်ဆိုတာ တစ်ယောက်တစ်လှည့် ကာရံညီအောင်ကဗျာစပ်ကြရတာမျိုးပါ။ သူငယ်ချင်းတစ်ယောက်က “ဆရာချစ်၊ တမာမြစ်” လို့စတည်လိုက်ရင် နောက်တစ်ယောက်က အဲဒီစာကြောင်းနဲ့ ကာရံညီအောင် အမြန်စဉ်းစားရပါတယ်။ နောက်တစ်ယောက်က “ဆရာမုန်း၊ တမာတုံး” ပေါ့။ အဲဒီမှာနောက်ဆုံးလူရောက်လေ ကာရန်ရှားလေပါပဲ။ ကိုယ့်အလှည့်မရောက်ခင် အကြိတ်အနယ် ခေါင်းပူအောင် စဉ်းစားထားရပါတယ်။ အလှည့်ကျလို့မှ ကာရန်မထွက်ရင်တော့ တကယ်ခေါင်းပူပြီပေါ့။ ကာရန်မထွက်တဲ့သူကို ကျန်တဲ့သူငယ်ချင်းတွေက နဖူးဝိုင်းတောက်ကြတာကိုး။ ကာရန်ရှာဖက် သူငယ်ချင်း စိုးမိုးအောင်ကိုသတိရမိပါတယ်။ အခုတော့လဲ တစ်ယောက်တစ်မြေစီပေါ့လေ။
  • ခုနစ်တန်းနဲ့ ရှစ်တန်းကိုတော့ ဆရာမကြီးဒေါ်ဝင်းသင်ပါတယ်။ ကဗျာတွေကို သံနေသံထားနဲ့ ဖတ်ပြ လေ့ရှိတာ အခုထိကြားယောင်ဆဲပါ။ စာရေးသူ ကိုးတန်းကျောင်းသားဘ၀က မြို့နယ်စာပေနဲ့ စာနယ်ဇင်းကလုပ်တဲ့ ၀ထ္ထုတိုပြိုင်ပွဲမှာ ၀င်ပြိုင်တော့ စာရေးသူကို အားပေးတဲ့အပြင်ဘယ်ပတ်ဝန်းကျင်ကို အခြေခံထားပြီးရေးသင့်တယ်ကစပြီး ၀ထ္ထုရေးနည်းပါသင်ပေးခဲ့တဲ့ ဆရာမကြီးပါ။ အဝေးကနေ ဂါရပြု လျက်ပါ ဆရာမကြီးခင်ဗျား။
  • ပြီးတော့ စာရေးသူတို့ငယ်ငယ်က ကျောင်းနားရင် သူငယ်ချင်းတွေစုပြီး တစ်ယောက်တစ်လှည့်စီ ပုံပြင်ပြောကြေး ကစားလေ့ရှိပါသေးတယ်။ ကိုယ်ဖတ်ဖူး၊ ကြားဖူးတဲ့ ပုံပြင်ကို ပြန်ပြောပြရတာပါ။ အဲဒီဘက်မှာတော့ နေမျိုးထက်ဆိုတဲ့ သူငယ်ချင်းကအစွမ်းဆုံးပါ။ သူ့ပုံပြင်တွေက သဘာဝကျလို့ အမြဲတမ်းပွဲတောင်းခံရပါတယ်။ သူကဖတ်ဖူးတာကို ပြန်ပြောတဲ့အကျင့်တော့မရှိပါဘူး။ သူ့စိတ်ထဲရှိတာ ကို ဖြစ်အောင်ဇာတ်လမ်းဆင်ပြီးပြောတာပါ။ ဘာပဲပြောပြော အဲဒီအကျင့်တွေကြောင့် စာရေးသူတို့ တစ်တွေဟာ စကားပြောကောင်းတဲ့သူတွေ ဖြစ်လာကြပါတယ်။ တက္ကသိုလ်ရောက်တော့စာပေဟောပြော ပွဲတွေမှာ စာရေးသူကို သူငယ်ချင်းတွေက၀ိုင်းပြီး အားပေးကြတော့ ငယ်ငယ်ကအကျင့်ကောင်း လေးတွေ က အကျိုးပြုတာမှန်း နားလည်ခဲ့ပါတယ်။
  • စာရေးသူတို့ခေတ်က လေးငါးတန်းဆိုရင် ကဗျာလေးတွေမတောက်တခေါက်တော့ ရေးစပြုနေကြပါပြီ။ လေးတန်းကျောင်းသားဘ၀က စာရေးသူရေးခဲ့တဲ့ ကဗျာလေးပါ ...
ငယ်ငယ်ကတော့၊ ခပ်ပျော့ပျော့
ယခုမူကား၊ စိတ်မထွေပြား
ဘ၀ကပေးလာ၊ အသည်းမာကြောင့်
သတ်ရဲသေရဲ၊ နေရဲပြီ ...

မဆိုးပါဘူးနော်။ နှပ်တွဲလောင်းဘ၀က ကဗျာလေး။ အခုတော့လည်း ခေတ်တွေပြောင်းခဲ့ပြီထင်ပါရဲ့။
ဒီဘက်ခေတ်ကျောင်းသားလေးတွေရဲ့မြန်မာစာအရည်အသွေးတွေ ကြည့်ရတာ စာရေးသူတို့
ရင်လေးပါတယ်။
  • စာရေးသူတို့ခေတ်က အပန်းဖြေစရာဆိုလို့ စာဖတ်တဲ့ အလုပ်ပဲရှိပါတယ်။ ရုပ်မြင်သံကြား ဆိုတာ ကလည်း ပေါ်ဦးပေါ်ဖျားဆိုတော့ သိပ်ခေတ်မစားပါ။ ကက်ဆက်ဆိုတာကလည်း သူဌေးသုံးပစ္စည်း။ ဒီတော့ ပျင်းပျင်းရှိရင် စာကြည့်တိုက်သွားပြီး စာဖတ်ပေါ့လေ။ ဒီတော့ကလေးဘ၀ကတည်းကစာပေနဲ့ ရင်းနှီးကြပါတယ်။ ဒီဘက်ခေတ်ကလေးများကြတော့ ကံကကောင်းလွန်းနေပါရော။ တိုးတက်တဲ့ နည်းပညာနဲ့အတူ အပန်းဖြေစရာတွေကလည်း ဖောခြင်းသောခြင်း။ တီဗွီဂိမ်းရုံသွားမလား၊ အိမ်မှာပဲ ရုပ်ရှင်ကြည့်ကြမလား၊ အင်တာနက်ပဲ သုံးကြမလား၊ အချိန်ဖြုန်းစရာတွေ အလွန်များတဲ့ခေတ်ပါ။ ဒီတော့လည်း ကလေးတွေဟာ စာပေနဲ့ သိသိသာသာကြီးကို ဝေးလာကြပါရော။
  • ကလေးပဲ စာပေနဲ့ဝေးတော့ ဘာအရေးကြီးလို့လဲလို့ မေးချင်တဲ့လူတွေလည်း ရှိမှာပါ။ ဒါဆိုရင်တော့ ဆရာတော်ဦးဉာဏိဿရ ပြောဖူးတသြ၀ါဒတစ်ခွန်းနဲ့ပဲ ချေပရပါလိမ့်မယ်။ “ကလေးကလေး အထင်မသေးနဲ့၊ ကလေးကလူကြီးဖြစ်တာ”တဲ့။ ဟုတ်ပါတယ်။တိုင်းပြည်ရဲ့အနာဂတ်ဟာ သူတို့လေးတွေပါ။ စာပေမြတ်နိုးတဲ့ ကလေးတွေကနေကြီးပြင်းလာမှ စာပေမြန်နိုးတဲ့ လူကြီးတွေ ဖြစ်လာမှာပေါ့။ နွားသေးလေးတွေကနေ ဆင်ကြီးတွေဖြစ်မလာပါ။ နွားကြီးတွေဖြစ်လာကြမှာတော့ သေချာပါတယ်။ ပြီးတော့ ချင်းလူမျိုးတွေရဲ့စကားပုံကိုလည်းမမေ့သင့်ပါ။ နွားနောက်ကျားက နွားကျားပဲမွေးပါသတဲ့။ ဒါဆိုရင် ကလေးတွေစာပေနဲ့ဝေးကြတာ စာရေးသူတို့ လူကြီးတွေရဲ့တာဝန်လဲ သိပ်တော့ကင်းမယ်မထင်ပါ။
  • စာရေးသူတို့ပတ်ဝန်းကျင်ကိုရော သတိထားကြည့်ပါဦး။ စာလုံးပေါင်းသတ်ပုံတွေ ဘယ်လောက် တောင် ဖောင်းပွနေကြပြီလဲ၊ တစ်ချို့သတ်ပုံမှားတွေဆိုရင် မှားပါများနေလို့ အမှန်တောင်ထင်နေကြပါပြီ။ ကြည့်ပါ ....
“သိပ်စွဲဆောင်မှုရှိတာပဲ ”
“အရသာက စိမ့်စိမ့်လေး”
“နွားနို့ရပြီး
ခေတ်မှီ ဆေးကုခန်း”
“ရွှေမြင့်မိုရ် စားသောက်ဆိုင်”

ရေးပြရရင် ကုန်နိုင်ဖွယ်မရှိပါ။ ပိုပြီးစိုးရိမ်ဖို့ကောင်းနေတာက ဒီစာတွေ၊ ဆိုင်းဘုတ်တွေ ကလူကြီးတွေ
ရေးထားကြတာတွေချည်းပါ။ ဆေးခန်းနံမည် တောင်ပါနေပါသေးတယ်။ ဘယ်လိုဆရာဝန်တွေလည်း
လို့မေးရင် ကိုယ့်ရှူးကိုယ့်ပတ်မှာစိုးလို့ မမေးရဲကြောင်းပါ။

  • ကမ္ဘာပေါ်မှာ မြန်မာဆိုတာ တစ်နိုင်ငံတည်းရှိပါတယ်။ မြန်မာစကားပြောတဲ့ မြန်မာလူမျိုးဆိုတာ လည်း တစ်မျိုးသာရှိပါတယ်။ စာရေးသူတို့ အမေရိကန်မှာ နေပေမယ့် အမေရိကန်လူမျိုးမဖြစ်ပါ။ အမေရိကန်နိုင်ငံသားပဲ ဖြစ်ပါလိမ့်မယ်။ ဘယ်မှာနေနေမြန်မာလူမျိုးပဲ ဖြစ်နေမှာပါ။ မပြောင်းလဲတော့တဲ့ ထာဝရသစ္စာပါပဲ။ ဘိုလိုဘယ်လောက်ပဲ တတ်နေပါစေ၊ မြန်မာလျှာဟာ မြန်မာစကားပြောရတာကိုပဲ ပိုပြီးအာတွေ့ပါတယ်။
  • ဒါကြောင့် ကိုယ့်စာပေကိုထိန်းသိမ်းရမှာ စာရေးသူတို့ တာဝန်ပါ။ ဘယ်သူကမှလာပြီးထိန်းမပေးပါ။ စာပေပျက်စီးသွားရင်လည်း စာရေးသူတို့လူမျိုးကလွဲပြီး ဘယ်သူကမှလာပြီးဝမ်းမနည်းပါ။ ကိုယ့်ပစ္စည်းလေးတွေကိုတော့ ကိုယ်တိုင်ထိန်းသိမ်းရပါလိမ့်မယ်။ အရင်က လိုင်းကားတွေမှာ ရေးခဲ့ကြတဲ့ စာတမ်းလိုပေါ့။ “မိမိပစ္စည်း၊ မိမိတာဝန်” ပါတဲ့။
  • ပညာရေးလိုက်စားကြတဲ့ လူငယ်တိုင်း သတိထားမိကောင်းသတိထားမိပါလိမ့်မယ်။ အင်္ဂလိပ်စာကို လေ့လာမယ်ဆိုရင် Grammar စာအုပ်တွေပေါလိုက်တာမှ ဖောချင်းသောချင်းပါပဲ။ မြန်မာစာ လေ့လာ မယ်ဆိုပြီး မြန်မာသဒ္ဒါစာအုပ်လေးများရှာကြည့်ပါ။ ဘုန်းကြီးတွေသင်ရတဲ့ ပါဠိသဒ္ဒါပါ ထည့်ပေါင်းရင် တောင် စာအုပ်ပေါင်းကလက်ဆယ်ချောင်းပြည့်အောင် မရှိချင်ပါ။ အဆိုတော်ချစ်ကောင်းစကားးကို ငှားပြောရရင်တော့ “အဲဒီမှာ စတွေ့တာပါပဲ”၊
  • စာရေးသူတို့လူကြီးတွေ ကိုယ်တိုင်ကရော လူငယ်တွေအတွက် မြန်မာစာအထူးပြုသင်တဲ့ သင်တန်း တွေများ ဖွင့်ပေးကြဖူးပါသလား။ ကြားတောင်မကြားဖူးပါ။ အင်္ဂလိပ်စကားပြောသင်တန်းများ မှိုလိုပေါက် နေသလောက် မြန်မာစာစာစီစာကုံးရေးနည်းသင်တန်းလေးများ ဖွင့်ပေးကြရင် မကောင်းပါလား။
  • တကယ်တော့ စာရေးသူတို့ မြန်မာတွေကိုယ်တိုင်လည်း မြန်မာစကားမပြောတတ်ကြသေးတာ များပါတယ်။ ဝေါဟာရ ခေါင်းပါးလာကြတာတွေ့ရပါတယ်။ လှတာရယ်၊ ယဉ်တာရယ်၊ ချောတာရယ် သုံးမျိုးကိုတောင် မခွဲနိုင်ကြတာများပါတယ်။ ဒါကြောင့်လဲ မဲမဲမြင်ရာကို “ မိုက်တယ်ကွာ”နဲ့ပြီးနေကြရ ရှာပါတယ်။ ကိုယ်တိုင်စဉ်းစားကြည့်ကြပါစို့။ ကိုယ့်ရင်ထဲမှာ ရှိနေတဲ့ ခံစားချက်မျိုး နားထောင်တဲ့သူပါ ခံစားလာရအောင် ပြောနိုင်ပြီလားဆိုတာပါ။ ကိုယ်ကရင်ထဲမှာ နင့်နေအောင်ခံစားရလို့ ပြန်ပြောပြ နေတာကို နားထောင်နေတဲ့သူငယ်ချင်းမျက်နှာမှာ အနည်းဆုံးတော့ အဆွေးရိပ်လေးတော့ ပေါ်လာ အောင် ပြောကြည့်ပါဦး။ တစ်ခါတစ်ခါ ကိုယ်ရှင်းပြမှပဲ တစ်ဘက်သားနားလည်မှု ပိုလွဲသွားတာမျိုးတွေရော မရှိခဲ့ကြဘူးလားဆိုတာပါ။
  • ဒါဆိုရင်တော့ စာရေးသူတို့အနေနဲ့ ပေါ့ပေါ့ဆဆမနေသင့်တော့တဲ့ အနေအထားဆိုတာသိသင့်ပါပြီ။ သူများကိုပြုပြင်ဖို့ဆိုတာ တကယ်တော့အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ “ ကိုယ့်ထမင်း ကိုယ်စားပြီး ဘကြီးနွားသွားကျောင်းချင်တဲ့ကောင်” လို့များဝိုင်းပြီး သမုတ်ကြရင် အတော် ခံရခက်မယ် ထင်ပါရဲ့။ “မင်းကဆရာကြီးလား” ဆိုရင် ပိုပြီးကျွဲမြီးတိုစရာကောင်းမယ် ထင်ပါတယ်။ အကောင်းဆုံး ကတော့ မိမိကိုယ်ကိုပြုပြင်ခြင်းပါပဲ။ တဖြည်းဖြည်းနဲ့ တစ်ယောက်ကစ တစ်ရာဖြစ်လာမှာ မလွဲပါဘူး။
  • ဒါကြောင့် အကြံပေးချင်တာက English dictionary တစ်အုပ်ဝယ်ရင် “မြန်မာစာလုံးပေါင်း သတ်ပုံ ကျမ်း”တစ်အုပ်ပါ ၀ယ်ဖြစ်အောင်ဝယ်ပါ။ ရုပ်သံကလာတဲ့ မြန်မာစာမြန်မာစကားအစီအစဉ်ကို တစ်ခါလောက်တော့ စိတ်လိုလက်ရလေးကြည့်ပေးပါလို့...။
  • စာရေးသူကတော့ လူကြီးပီပီ အမုန်းခံပြီး ဆရာလုပ်လိုက်ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ Post ကို ဖတ်ပေးတာကိုပဲ ကျေးဇူးတင်ရမှာပါ။ စာရေးသူ လူမိုက်ကြီးကတော့ သူများရည်းစားစာထဲမှာ စာလုံးပေါင်းသတ်ပုံမှားတာတွေ့ရင်တောင် မင်နီထုတ်ပြီးဝိုင်းလိုက်ရမှ ကျေနပ်တဲ့ရောဂါရှိသူပါ။ ဒါကြောင့်လုပ်သင့်လုပ်ထိုက်တာကို လုပ်တာလို့ယူဆပြီး ထင်ချင်သလိုထင်ခွင့်ပေးပါတယ်။
  • ထပ်ပြောပါရစေဦး...
“ မိမိပစ္စည်း၊ မိမိတာဝန် ”ပါ........

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger