Wednesday, 11 August 2010

မဆုံဖြစ်ခဲ့သော . . .

စောစောက အလုပ်ကိုလာရင်း လမ်းမှာဆေး/မန်းတုန်းက သူငယ်ချင်းဟောင်းတစ်ယောက်နဲ့လမ်းမှာဆုံတယ်။ ကျောင်းသားဘ၀က အတူတူကဗျာတွေရေးခဲ့ကြတဲ့ သူငယ်ချင်းပါ။ ဘယ်လိုမှ မျှော်လင့်မထားဘဲ ဆုံသွားတော့ ကိုယ်လည်းသူ့ကို ရုတ်တရက် လှမ်းမခေါ်ဖြစ်ဘူးလေ။ ကိုယ်က ဆိုင်ကယ်ပေါ်ကဖြစ်နေပြီး သူကသူ့မိတ်ဆွေတစ်ယောက်နဲ့ လမ်းလျှောက်လာတာဆိုတော့ သူလည်းသတိမထားမိလိုက်ဘူးထင်ပါရဲ့။ သတိထားမိဦးတော့ ကျောင်းသားဘ၀ကနဲ့ ဘယ်လိုမှ ပုံမတူတော့တဲ့ ကိုယ့်ကိုသူမမှတ်မိဖို့များပါတယ်။ တကယ်ဆိုကိုယ်ကအရင်မှတ်မိတာဆိုတော့ ကိုယ်ကပဲစခေါ်သင့်မှန်းသိပါတယ်။ ဒါပေမယ့် သူမှန်းသေသေချာချာသိပါရဲ့နဲ့ လှမ်းမခေါ်ဖြစ်လိုက်ဘူး။
ရုတ်တရက်ဆိုတော့ ကိုယ်လည်းအံ့အားသင့်တာလည်း ပါကောင်းပါမယ်ထင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကိုယ်တို့ကျောင်းကကျောင်းပြီးတဲ့ ဆရာဝန်တွေကို မြန်မာပြည်အထက်ပိုင်းမှာ တာဝန်ချပေးတာများလို့ပါ။ ဒါကြောင့် ဘယ်သူငယ်ချင်းကိုမှ ပြန်တွေ့ရဖို့ မျှော်လင့်မထားခဲ့မိရိုး အမှန်ပါ။ ကိုယ့်သူငယ်ချင်းကတော့ တာဝန်နဲ့လား၊ အလည်အပတ်လားတော့ မသိပါ။ ဘာပဲပြောပြော ကိုယ်ကတော့ သူ့ကို လှမ်းခေါ်ဖို့ နှုတ်ဆွံ့နေတာတော့ အမှန်ပါ။

ပြီးမှ စိတ်ပြောင်းသွားပြီး ပြန်လှည့်ရှာတော့ မတွေ့တော့ပါ။ ဘယ်ကြားကိုများ ၀င်သွားပါလိမ့်ဆိုပြီး လိုက်ရှာသေးပေမယ့် လုံးဝကိုရှာလို့မတွေ့တော့တာပါ။ အဲဒီတော့မှ စိတ်ထဲမှာ စိတ်မကောင်းဖြစ်လိုက်တာ လွန်ပါရော။ ကိုယ်တို့ဘ၀တွေဆိုတာ ကျောင်းနေဘက်တွေ ပြန်ဆုံကြဖို့အရေး တော်တော်ဝေးပါတယ်။ တာဝန်ကိုယ်စီနဲ့ တစ်ယောက်တစ်နေရာစီ ပြန့်ကြဲနေကြရတဲ့ ဘ၀တွေမဟုတ်လား။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းမျက်နှာ ပြန်မြင်ရတော့ အရင်ကလွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်ခဲ့ကြဖူးတဲ့ ကျောင်းသားဘ၀ကို လွမ်းလိုက်တာလေ...


No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger