Wednesday, 25 August 2010

မမေ့နိုင်သော . . .

ကျောင်းသားဘ၀ကို သတိရလိုက်တာ...

အသက်ရှင်သန်နေသမျှ ရင်ထဲမှာ အမြဲတမ်းသတိတရနဲ့ လွမ်းနေဖြစ်မှာ တက္ကသိုယ်ကျောင်းသားဘ၀ပဲဖြစ်မယ် ထင်ပါရဲ့။ အပူအပင် တစ်စက်ကလေးမှမရှိတဲ့ ပီဘိလူငယ်ဘ၀၊ ဘာရောင်တွေမှ မစွန်းထင်သေးတဲ့ အရွယ်၊ ဘ၀ရဲ့ အတောက်ပဆုံးနေ့ရက်တွေကို ဘယ်လိုမှမမေ့နိုင်တာကို အပြစ်တစ်ခုလို့ထင်ရင်လည်း ကျေကျေနပ်နပ်ကြီးခံဖို့ အသင့်ပါပဲလေ။

အပေါင်းအသင်းနည်းခဲ့တဲ့ ကိုယ်တောင်မှ သူငယ်ချင်းတွေကို သတိတရရှိနေသေးရင် အပေါင်းအသင်းနဲ့ သိုင်းသိုင်းဝိုင်းဝိုင်းနေခဲ့တဲ့ ကျန်တဲ့သူငယ်ချင်းတွေဆိုရင် ကျောင်းသားဘ၀ကို ဘယ်လောက်များ သတိရနေကြမလဲ။ အင်း မြစ်တစ်ခုမှာ ရေနှစ်ခါမချိုးနိုင်တာ သိပေမယ့် ဖြစ်နိုင်ရင်တော့ တစ်ရက်လောက်တော့ ကျောင်းသားဘ၀ကို ပြန်ရချင်ပါသေးတယ်။

တကယ်ဆိုရင် ကိုယ်တို့တက္ကသိုလ်ကျောင်းသားဘ၀က စာမေးပွဲတွေနဲ့ နပန်းလုံးနေရတာများပါတယ်။ အမြဲတမ်းလိုလို စာမေးခံရ၊ အဆဲအဆိုခံရနဲ့ဆိုတော့ သူများတွေအတွက်ကတော့ နည်းနည်းမှပျော်စရာကောင်း မယ်ထင်မှာမဟုတ်ပါ။ ဒါပေမယ့် လူဆိုတာမျိုးကလည်း ဖြစ်သမျှဘ၀အခြေအနေမှာ ပျော်အောင်နေတတ်ကြတာချည်းပဲမို့ ဘာပဲဖြစ်ဖြစ် ပျော်တာပါပဲ။

ဆေးကျောင်းသားတို့ထုံးစံ လူနာတွေရှေ့မှာ အိနြေ္ဒကြီးတစ်ခွဲသားနဲ့နေရတာလည်း တကယ်ဆိုရင် မလွယ်တဲ့ကိစ္စပါ။ ဘယ်လောက်ပဲ အားရပါးရရယ်ချင်ပေမယ့် မျက်နှာပိုးသတ်ပြီး ပြုံးရုံလောက်ပဲ ပြုံးဖြစ်အောင် ကျင့်ရတာလည်း သိပ်တော့မစားသာတဲ့ ကိစ္စဖြစ်ပါတယ်။ ကြာတော့လည်း ကိုယ်တို့မှာ စက်ရုပ်သာသာဖြစ်လာပါရော။ ဒါပေမယ့်..
ကိုယ်တို့ကတော့ အဲဒီလိုအဖြစ်မခံပါ။ ဒါကြောင့် တရားဝင်ပေါခွင့်ရအောင် အမြဲလိုလို ကြံလေ့ရှိပါတယ်။
ဒါကတော့ မကြာမကြာ ပျော်ပွဲစားထွက်တာပါပဲ။

ဆေးရုံတစ်ရုံကနေ နောက်တစ်ရုံပြောင်းရရင်လည်း ၀ဒ်ပြောင်းပါတီလုပ်ပါတယ်။ ပွဲတော်ရက်တွေမှာလည်း ခေါင်းစဉ်မျိုးစုံတပ်ပြီး ပျော်ပွဲစားထွက်ပါတယ်။ အဲဒီအချိန်မျိုးမှာ ကိုယ်တို့ကို မြင်ရတဲ့သူတွေကတော့ ဘုရားစူးဆေးကျောင်းသားတွေလို့ခေါ်ကြမှာ မလွဲပါ။ ဘာကြောင့်လဲဆိုရင် ပေါခွင့်ရသလောက်တော့ အားရပါးရပေါကြတာကိုး။

အင်း...အခုတော့လည်း
ကျောင်းသားဘ၀ဆိုတာ မနီးမဝေးမှာ မှုန်ဝါးဝါးနဲ့ မပီဝိုးတ၀ါးပဲ ကျန်ပါတော့တယ်။ သူငယ်ချင်းတွေနဲ့လည်း အွန်လိုင်းပေါ်မှာ ဆုံဖြစ်တာကလွဲလို့ အပြင်မှာ မတွေ့နိုင်ကြတော့ပါ။ တကယ်လို့ ပြန်တွေ့ဖြစ်ကြရင်တောင် အရင်တုန်းက ကျောင်းသားဘ၀လိုတော့ ပျော်စရာကောင်းတော့မှာ မဟုတ်တာ ကြိုသိနေပါတယ်။

ပျော်ရွှင်မှုနဲ့ အသက်အရွယ်ဆိုတာ ပြောင်းပြန်အချိုးကျတယ်ဆိုတဲ့အကြောင်းကို
ကြာလေသိလေ
ကျောင်းသားဘ၀ကို ပိုလွမ်းလေပါပဲနော်...

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger