ကိုငှက်ရေ...
မျက်ရည်ဆိုတာ
သာမန်အခြေ ဝေလို့မရ
သမုဒယရဲ့ အနုသယနွယ်
ခင်တွယ်သူများ ခွဲခွာသွားမှ
အများအားဖြင့်
ပွင့်ဝေတတ်တဲ့ လွမ်းပန်းပွင့်...
ယောက်ျားမျက်ရည်...
တော်ရုံဝေခဲ
ရင်အသည်းမှာ ဒဏ်ရာထိခတ်
သေမတတ်လွမ်း သည်းခြေနွမ်းမှ
ကြွေကျတတ်သော ရင်ဖွင့်လွှာ...
ကိုငှက်ရေ...
ပုဂ္ဂိုလ်မစွဲ ခင်လည်းမခင်
သံယောဇဉ်လဲ မတွယ်ဘဲနှင့်
ရင်ထဲနွမ်းလျ
တမ်းတခါခါ လွမ်းမိပါသည်
ဂီတာမြင်တိုင်းကြေကွဲနေ...
ဂျပ်ဆင်ထိပ်က လရိပ်ပြာပြာ
ရှာမတွေ့နိုင် အလင်းဆိုင်မှာ
ဒဏ်ရာဝတ်စုံ မလုံခြုံသေး
တွေဝေလေးကန် အထီးကျန်စွာ
မဟာဝီရ အိုဗုဒ္ဓကို
စိတ်ကတိုင်တည် မျက်ရည်လည်မိ
ကိုငှက်သိမှသိပါစ...။ ။
ဟန်ကြည်င်္
၁၅.၈.၂၀၁၀ ( တနင်္ဂနွေနေ့ )
ထူးအိမ်သင်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကဗျာကို ရေးဖြစ်ပါတယ်။
မြန်မာတေးရေးဆရာတွေထဲမှာ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း ပြီးရင် ဆရာစိုင်းခမ်းလိတ် နောက်မှာတော့ ထူးအိမ်သင်ကို အလေးစားဆုံးဖြစ်ပါတယ်။ ဂီတတစ်ခုအတွက် ဘ၀ပါရင်းပြီး ချစ်မြတ်နိုးကြတဲ့ ဂီတအနုပညာ
ရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်ကုန်ကြတဲ့နောက် နောက်ထပ်မဆုံးရှုံးချင်တော့ပါ။ မြန်မာ့အနုပညာစစ်စစ်တွေနဲ့ ကိုယ်ပိုင်သံစဉ် ဂီတတွေ ရှင်သန်တိုးတက်ပါစေ...
No comments:
Post a Comment