Tuesday, 31 August 2010

ထာဝရ ကျောင်းသားကြီး . . .

ညနေကဖုန်းထဲက ဓာတ်ပုံတွေရော၊ ပေါ်တင်ထားဖြစ်တဲ့ ဓာတ်ပုံတွေရော ပြန်ကြည့်ရင်းနဲ့ ကျောင်းသားတွေနဲ့ ကိုယ်နဲ့ အမှတ်တရရိုက်ဖြစ်တဲ့ ပုံလေးတွေပြန်တွေ့ပါတယ်။ တပည့်တွေပုံတွေကြည့်ရင်း စာသင်နှစ်တစ်လျှောက်လုံး တက်ညီလက်ညီ ကြိုးစားခဲ့ကြတဲ့ ကျောင်းသားလေးတွေကို သတိတရဖြစ်မိပါတော့တယ်...


ဒါကတော့ ကိုယ့်ကျောင်းသားတွေနဲ့ ကိုယ်နဲ့ဆယ်တန်းမဖြေခင် အမှတ်တရရိုက်ထားတာပါ။ ဓာတ်ပုံရိုက်ပေးတဲ့ ကျောင်းသားတော့ ပုံထဲမှာ မပါတော့ဘူးပေါ့။ စာမေးပွဲမဖြေခင် တစ်ရက်အလိုမှာ ရိုက်ဖြစ်တဲ့ပုံပါ။ ကင်မရာ အဆင်သင့်မပါလို့ N72 ကင်မရာနဲ့ပဲ ရိုက်လိုက်ရတယ်။ နောက်ရက်မှာ စာမေးပွဲဖြေမှာ ဖြစ်ပေမယ့် ကိုယ့်ကျောင်းသူကျောင်းသားအားလုံး တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင် ရှိနေတာမြင်ရပါလိမ့်မယ်။ ဘာမှ ဖိစီးမှုမရှိတဲ့ အခြေအနေပေါ့။ စာမေးပွဲဖြေဖို့ အကောင်းဆုံး အနေအထားဆိုရင်လည်း မမှားပါဘူး။


ဒါကတော့ ကိုယ့်ကျောင်းသူကျောင်းသားလေးတွေ အောင်စာရင်းထွက်ပြီးတော့ အောင်ပွဲခံတဲ့ အနေနဲ့ ပျော်ပွဲစားထွက်ကြရင်း အမှတ်တရ ရိုက်ထားတဲ့ပုံပါ။ တစ်ယောက်ကတော့ မျက်စိသိပ်မကောင်းရှာလို့ ကိုယ်တို့နဲ့ မလိုက်ခဲ့နိုင်ပါဘူး။ ကျသွားရှာတဲ့ ကျောင်းသားလေးတစ်ယောက်လည်း မပါခဲ့ပါဘူး။ သူတစ်ယောက်ပဲ ကွက်ကျန်ခဲ့တာဆိုတော့လည်း အားငယ်သွားတယ်ဖြစ်မှာပါ။ ကိုယ်လည်း နားလည်ပေးတဲ့အနေနဲ့ အတင်းအကြပ်မခေါ်ခဲ့တော့ဘူးလေ။ ကြိုးစားတဲ့ကလေးမို့ နောက်နှစ်တစ်ခါ အခွင့်အရေးပြန်ပေးရမှာပေါ့။ ဘ၀ကို အလွယ်နဲ့ အရှုံးမပေးမိအောင်


ရှေ့ဆုံးတန်း ဘယ်စွန်ကတစ်ယောက်(ဘောဂတွဲ)နဲ့ အလယ်ကတစ်ယောက်(၀ိဇ္ဖာတွဲ)တို့က ဘောဂဗေဒ ၇၄မှတ်နဲ့ တစ်သက်တာအမှတ်တရ ဖြစ်ကျန်ခဲ့ကြတဲ့သူတွေပါ။ မကြာခင် တက္ကသိုယ်တွေတက်ပြီး ပညာတတ်အသိုင်းအ၀ိုင်းကို ၀င်ဆံ့ကြတော့မယ့် ကိုယ့်ကျောင်းသားဟောင်းတွေကိုမြင်တိုင်း ဒီနှစ်ကျောင်းသားသစ်တွေအတွက်လည်း ဒီလိုအောင်မြင်၊ ပျော်ရွှင်အောင် ကြိုးစားပေးရမယ်ဆိုတဲ့အသိ အမြဲဝင်ဖြစ်ပါတယ်။

ဆရာဆိုတာ ထာဝရ ကျောင်းသားကြီးဖြစ်တာမို့ ကိုယ်ကတော့ဆယ်တန်းအောင်မှာမဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ဆယ်တန်းစာတွေချည်းပဲ နှစ်တိုင်းပြန်ပြန်ကျက်နေရတာမို့ပါ...

အင်းလေ...ဒါဟာ ကိုယ်ရွေးချယ်ခဲ့တဲ့ဘ၀၊ ကိုယ်ပိုင်ဆိုင်တဲ့ ကြည်နူးမှုပါပဲ...

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger