Saturday 14 August 2010

သူငယ်ချင်းရေ . . .

သူငယ်ချင်းရေ...
ဘ၀ဆိုတာ တိုက်ပွဲပဲတဲ့
ပြောတဲ့သူတွေတွေ ပြောကြတယ်
မဖြစ်သင့်ဘူးထင်တယ်နော်
အရာရာကိုသာတိုက်နေရရင် တစ်ချိန်ချိန်မှာတော့ တိုက်ပွဲကျတော့မှာပဲ
ဘာကြောင့်လဲဆိုရင် အမြဲရှင်သန်နေတဲ့ သူရဲကောင်းဆိုတာ ကြားမှမကြားဖူးခဲ့တာပဲ...

သူငယ်ချင်းရေ...
ဘ၀ဆိုတာ အိပ်မက်ရှည်တဲ့
ပြောတဲ့သူတွေ ပြောကြပြန်တယ်
မဖြစ်သင့်ဘူးထင်တယ်နော်
အိပ်မက်ဆိုတာ ကိုယ်တိုင်စီမံခွင့်မှ မရှိတာပဲ
ဘ၀ကိုတော့ ကိုယ်စိတ်ကြိုက်စီမံခွင့်ရအောင် ကြိုးစားလို့ရနိုင်သေးတယ်လေ...

သူငယ်ချင်းရေ...
ဘ၀ဆိုတာ ကဗျာတဲ့
ပြောတဲ့သူတွေ ပြောကြသေးတယ်
မဖြစ်သင့်ဘူးထင်တယ်နော်
ကဗျာလောက်လှတာ ဘယ်အရာမှမရှိတာပဲ
ဘ၀ကတော့ ကဗျာလောက်အမြဲ မလှနိုင်ပြန်ဘူးလေ...

သူငယ်ချင်းရေ...
ဘ၀ဆိုတာ ခရီးပါတဲ့
ပြောတဲ့သူတွေ ပြောကြပြန်ရော
မဖြစ်သင့်ဘူးထင်တယ်နော်
ခရီးမှန်ရင် လာရာ၊ လားရာ ရှိရမှာပေါ့
အခုတော့ ဘ၀ဆိုတာ ဘယ်မှာစလို့ ဘယ်မှာဆုံးမယ် သိမှမသိနိုင်ပဲကိုး...

သူငယ်ချင်းရေ...
ဘ၀ဆိုတာ ဘ၀သာမို့
ဘာသာမပြန်
အဘိဓာန်မထုတ်
ခပ်ကုပ်ကုပ်ပဲ
သရုပ်သကန် ဝေဖန်ခွဲခြား
ရန်မများကြေး...

ဖြစ်ချင်ရာဖြစ် စိတ်မညစ်ပဲ
နှစ်၊ လ၊ ရာသီ
မတည်ရွေ့လျား
နေ့ရထားနဲ့၊ ညရဲ့လမင်း
ခံစားရင်းလေ
လဲနေသူတွေ ထူပါစို့ . . .။ ။

ဟန်ကြည်
၁၄.၈.၂၀၁၀ ( စနေနေ့ )



No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger