Friday 27 August 2010

ဥပေက္ခာ ဘယ်လိုပြုရမယ် . . .

ပညာရေးနယ်ပယ်ထဲကို ကိုယ်ရောက်နေခဲ့တာ ဒီနှစ်ဆိုရင် ခုနစ်နှစ်မြောက်ပါပြီ။
ဆရာမျိုးစုံ၊ ကျောင်းသားမျိုးစုံလည်း တွေ့ခဲ့ဖူးပါတယ်။ ရှင်ကြီးဝမ်းရော၊ ရှင်ငယ်ဝမ်းပါ စုံအောင်ဝင်ခဲ့ဖူးတယ်များ ပြောရမလားမသိပါ။

လုပ်သက်ကြာလို့ ၀ါရင့်လာတာနဲ့အမျှ အခြေအနေတွေကို ကိုယ်တွယ်နိုင်တဲ့ စွမ်းရည်လည်း တိုးတက်လာပါပြီ။ နုစဉ်အခါကတော့ အခက်အခဲတစ်ခုခုများကြုံရင် ခေါင်းတွေပူပြီး၊ ပျာယာခတ်နေအောင် အဖြေရှာရပါတယ်။ ဒီဘက်ကာလပိုင်းမှာတော့ ပြဿနာတွေကိုရင်ဆိုင်ရာမှာ သူ့အလိုအလျောက်ဖြေရှင်းပြီး ဖြစ်သွားလေ့ရှိပါတယ်။ ပညာသိထက်၊ အာရုံသိ ပိုအားကောင်းလာတယ်လို့ပဲ ဆိုရတော့မလိုပါ။

ဘယ်လောက်ပဲ ရင့်ကျက်လာတယ်ပြောပြော ကိုယ့်အားနည်းချက်တစ်ခုက အားနည်းတဲ့လူတွေအပေါ်မှာ အနိုင်ကျင့်တာတွေ့ရင် ဘယ်လိုမှစိတ်မထိမ်းနိုင်အောင် စိတ်တိုတတ်တာပါပဲ။ ဒေါသထွက်ရင် ကိုယ်ပဲအသက်တိုမှန်းသိပေမယ့် မထွက်ဘဲနေလို့မရတာ တကယ်ကိုဆိုးပါတယ်။ ဗြဟ္မစိုရ်တရားလေးပါးထဲမှာ ခက်ပါတယ်လို့ပြောကြတဲ့ မုဒိတာတရားကို ပွားနိုင်ပေမယ့် ဥပေက္ခာတရားကို ပွားလို့ကိုမရနိုင်တာ ကိုယ့်အားနည်းချက်ထဲက အဆိုးဆုံးနဲ့ အကြီးမားဆုံးအားနည်းချက်ပါ။

ဥပေက္ခာတရားကို ပွားဖို့ခက်နေရတဲ့ကြားထဲမှာ ကိုယ်ကျင်လည်နေရတဲ့ ပညာရေးလောကဆိုတာကလည်း အမြင်မတော်တာတွေ ဒုနဲ့ဒေးဆိုတော့ ဒေါသမထွက်ရတဲ့ရက် မရှိသလောက်တောင် ရှားနေပါတော့တယ်။ ကိုယ့်စိတ်က ကျောင်းသူကျောင်းသားတွေ အပြစ်လုပ်ရင်၊ အမှားအယွင်းတစ်ခုခုရှိရင် စိတ်ရှည်၊ သည်းခံနိုင်သလောက် လူကြီးတွေ၊ ဆရာတွေ နည်းလမ်းမကျရင် ဘယ်လိုမှကို သည်းခံလို့မရပါ။ ပညာရေးခေါင်းဆောင်တွေဖြစ်တဲ့ ဆရာ၊ဆရာမတွေဘက်က အားနည်းချက်တွေများတွေ့မိရင် အသားတွေပါတုန်အောင် စိတ်တိုတတ်ပါတယ်။

အခုလည်း တစ်သက်နဲ့တစ်ကိုယ် မကြားဖူးတာကြားရတာကြောင့် ဒေါသအတောင့်လိုက်ထွက်ရပြန်ပါတယ်။ စဉ်းစားကြည့်လေ စာသင်တဲ့ဆရာက သူ့အိမ်မှာ ကျူရှင်လာတတ်တဲ့ ကျောင်းသားတွေအတွက် water cooler ၀ယ်ဖို့ဆိုပြီး ကျောင်းသားတွေဆီက ပိုက်ဆံတောင်းပါသတဲ့။ တောင်းတာမှ နှစ်ခါတောင်တောင်းတယ်ဆိုပဲ။ ပြီးတော့ ၀ယ်လဲမ၀ယ်ပါဘူးတဲ့။ ၀ယ်ဖြစ်တယ်ထားပါဦး ကိုယ့်အိမ်အတွက်ပစ္စည်းကိုတော့ ကိုယ့်ငွေနဲ့ကိုယ် ၀ယ်သင့်ပါတယ်။ အခုလိုမျိုး ခေါင်းစဉ်လှလှလေးတပ်ပြီး ကျောင်းသားတွေပေါ်က လူလည်ကျတာတော့ စိတ်ဓာတ်ယုတ်ညံ့လွန်းပါတယ်။ ပြန်ပြောခွင့် မရှိတဲ့ကျောင်းသားတွေဆီက ညစ်ညာပြီးတောင်းတာကတော့ အောက်တန်းကျလွန်းတာကို တွေးမိတိုင်း ဒေါသတွေအတောင့်လိုက် ထွက်ရပါတော့တယ်။ ပြီးတော့ သူ့ဆီမှာစာသင်တဲ့ကျောင်းသားတွေဟာ လကုန်ရင် မီတာခလည်း ပေးကြရပါသတဲ့။ ကျောင်းသားတွေဆီက ငွေကို တကယ့်သပိတ်ဝင်၊ အိတ်ဝင်ကြံချက်ကတော့ ပက်စက်လွန်းလိုက်တာ။

အထက်ကပြောခဲ့တာကို အံ့သြတယ်ဆိုရင် ဒါအကင်းပဲရှိသေးတယ်လို့များ ပြောရပါလိမ့်မယ်။
ကျုရှင်တစ်ခုမှာ ကျောင်းသားတွေသင်တန်းကြေးသွင်းတာ နောက်ကျရင် လမ်းမထွက်ပြီး ထိုင်ထလုပ်ခိုင်းပါသတဲ့။ ရက်တော်တော်လေးလွန်အောင် လစာမသွင်းနိုင်သေးရင်တော့ အဲဒီကျောင်းသားကို ဓာတ်ပုံရိုက်ပြီး မိဘနံမည်နဲ့တကွ သင်တန်းကြေးမသွင်းသေးတဲ့အကြောင်းကို လူမြင်ကွင်းမှာ ကပ်ထားပါသတဲ့ဗျား။ ဘယ်လောက်များ ချစ်ဖို့ကောင်းလိုက်တဲ့ ပညာဈေးသည်များပါလိမ့်။ တွေးရင်းတွေးရင်း ကျည်ပွေ့နဲ့ ကန်တော့ချင်စိတ်ပါ တဖွားဖွားပေါ်လာအောင် ကြည်ညိုမိပါရဲ့။
အဲဒီချစ်စရာကောင်းလှပါသော ကျူရှင်ဆရာက သူ့ကျောင်းသားတွေထဲက ပြောလို့၊ဆိုလို့မရတဲ့ ကျောင်းသားဆိုရင် ဓာတ်ပုံရိုက်ပြီး ရုပ်ဖျက်၊ အောက်မှာစာတန်းထိုးပြီး ကပ်လေ့ရှိပါသတဲ့။ ကျောင်းသားဖြစ်သူရှက်ပြီး နောက်မလုပ်ရဲအောင်ပါတဲ့။ ကောင်းလိုက်တဲ့ ဆုံးမနည်း။ ကျောင်းသားဖြစ်သူရဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာကို တစ်စက်ကလေးမှ ထည့်မစဉ်းစားတာ ဘယ်လိုမှစဉ်းစားလို့မရပါ။ ကျောင်းသားကို လူစာရင်းမှ သွင်းရဲ့လားလို့ပဲ မေးရတော့မလိုပါပဲ။

လေးစားစရာကောင်းလှတဲ့ အဲဒီဆရာရဲ့ ကောင်းသတင်းလေးတွေက မကုန်သေးပါ။ မြို့မှာ စတိတ်ရှိုးတွေ၊ ဇာတ်ပွဲတွေရုံသွင်းရင် ကျောင်းသားတွေအတွက် လက်မှတ်တုတွေလုပ်ပေးပါသတဲ့။ ဘယ်လောက်များ ကိုယ်ချင်းစာတရား ခေါင်းပါးလိုက်တဲ့လူပါလိမ့်။ လက်မှတ်တစ်စောင်ကို လေး၊ ငါးထောင်ဆိုရင် အစောင်၂၀ဆိုရင်ပဲ ကန်ထရိုက်ခမျာ ငွေတစ်သိန်းနီးပါးလောက် နာရှာပါရော။ ကိုယ်ဆရာကြီးလုပ်ချင်တာနဲ့ သူများစီးပွားရေးပျက်စီးရတာကို နည်းနည်းလေးမှတောင် စဉ်းစားမိရဲ့လားမသိပါ။

တကယ်ဆိုရင် ဒီကိစ္စဟာ ဘာပဲပြောပြော ခိုးမှုပါပဲ။
ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားတွေကို လိမ္မာရေးခြားရှိအောင် ဆုံးမရမယ့်အစား ခိုးမှုကျူးလွန်အောင်တောင် ဦးဆောင်ဦးရွက်ပြုနေတာ ဘာကြောင့်များ မရှက်သလဲဆိုတာ စဉ်းစားလို့တောင်မရပါ။ ကျောင်းသားဆိုတာမျိုးကတော့ ကိုယ့်ဆရာလုပ်ရင် ဘာမဆို အထင်ကြီးပြီးသားမို့ ဆရာလုပ်တာကို အဟုတ်ကြီးထင်သွားရင် ကလေးတွေနောင်ရေး ရင်လေးစရာကြီးပါ။ သင့်ရာအပ်ပို့ ဆရာတို့ဆိုတဲ့စကားက ကျောင်းသားတွေကို ငရဲပို့ရမယ်လို့များ တွေးမိတဲ့ဆရာထင်ပါရဲ့လေ။ ကိုယ့်မှာတော့ ကြားထဲကနေရှက်လို့မဆုံးတော့ပါ။ စိတ်လည်း မတိုချင်တော့ပါ။ ဆရာရော ကျောင်းသားတွေအတွက်ပါ စိတ်မကောင်းဖြစ်မိတာက ပိုသွားပါတော့တယ်။

တစ်ရက်တစ်ရက်လည်း မမြင်သင့်တာတွေ၊ မကြားသင့်တာတွေ မကြာမကြာကြားနေရတာများပေမယ့် ဘယ်လိုမှလည်း အရေမထူနိုင်ပါ။ တိုင်းပြည်ရဲ့ ပညာရေးကိုတိုးတက်မြင့်မားအောင်လုပ်ဖို့ အားလုံးမှာတာဝန်ရှိကြတာမို့ ကျောင်းဆရာပဲဖြစ်ဖြစ်၊ ကျူရှင်ဆရာပဲဖြစ်ဖြစ် နည်းလမ်းမကျတာတွေမြင်နေသမျှ ဒေါသထွက်၊ စိတ်တိုဖြစ်နေဦးမှာပါပဲ။

စိတ်တို၊ ဒေါသထွက်နေတဲ့ကြားကပဲ ဆရာဆိုတာ ဘယ်လိုဆိုတာကိုပြဖို့ နေ့စဉ်နေ့တိုင်း ကြိုးစားနေဖြစ်ပါတယ်။ အားလုံးကအထင်သေးကြတဲ့ ပညာရေးလောကသားတွေရဲ့ ဂုဏ်သိက္ခာအတွက် အစွမ်းရှိသရွေ့ အားထုတ်နေဦးမှာပါ။ နှမ်းတစ်လုံးထဲနဲ့ ဆီမဖြစ်ချင်နေပါစေ။ တာဝန်ကျေဖို့ အရေးကြီးတာမို့ အများကြီးမလုပ်နိုင်သေးရင်တောင် ကိုယ့်ကျောင်းသူကျောင်းသားတွေအတွက်တော့ အကောင်းဆုံးသော စံပြပုဂ္ဂိုလ်ဖြစ်စေရမယ်လေ။

ကိုယ်က ကျောင်းသားတွေရဲ့ လမ်းပြကြယ် မဟုတ်လား...

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger