တက္ကသိုလ်ဝင်တန်းဖြေဖို့ ၃ရက်ပဲ လိုပါတော့တယ်။
ကျောင်းသူ၊ ကျောင်းသားအများစုလည်း ကြိုးကြိုးစားစား စာကြည့်နေကြပါပြီ။ တစ်နှစ်ပတ်လုံး ဘယ်လိုပဲ နေခဲ့နေခဲ့ စာမေးပွဲဖြေရင် အောင်ချင်ကြတာပဲမို့ စာမကြည့်တဲံ ကျောင်းသားကတော့ မရှိသလောက်ပါ။ ကိုယ်လည်းကျောင်းသားဘ၀က ဒီလိုပဲကြိုးစားခဲ့ရတာပါ။ ဒါကြောင့် ကိုယ်ချင်းလဲစာပါရဲ့။ သနားလည်းသနားသလို ရယ်လည်းရယ်ချင်ပါသေးတယ်။
ကျောင်းသားတစ်ယောက်ရဲ့ တစ်နှစ်တာ ကုန်ကျစရိတ်က သာမန်လူတန်းစား မိသားစုအတွက်တော့ မနိုင်ဝန်နီးနီးပါ။ တစ်လတစ်လကို ကျောင်းမုန့်ဖိုး၊ စာအုပ်စာတန်းဖိုး၊ အပြင်သင်တန်းလစာနဲ့ဆိုရင် တစ်လကို တစ်သိန်းနီးနီးလောက်တော့ ကုန်ပါလိမ့်မယ်။ ဒါကြောင့် ကလေးတိုင်းကို အောင်ကြစေချင်ပါရဲ့။ အဲဒီမှာ အောင်တော့ဘာတွေဖြစ်လာမလဲလို့ မေးကြမှာပါ။ ဟုတ်ပါတယ်။ အောင်သွားတော့လည်း ကိုယ်တို့တိုင်းပြည်အနေအထားအရ ဘာမှတော့ ထူးထူးခြားခြားတွေ ဖြစ်မလာနိုင်သေးတာသေချာပါတယ်။ အောင်တော့ တက္ကသိုလ်တက်ရတာပေါ့လို့ပဲ ဖြေရမှာပါ။ တက္ကသိုလ်တက်တော့ ဘာဖြစ်လဲလို့ မေးပြန်ရင်လည်း ဘွဲ့ရတာပေါ့လို့ပဲ ဖြေရဦးမှာပါ။ ဘွဲ့ရတော့ရော ဘာတွေများဖြစ်သွားမှာပါတဲ့လဲ။ မေးချင်တဲ့လူက မေးဦးမှာပါ။
ဒါပေမယ့် အဲဒီလိုမေးတဲ့သူက များသောအားဖြင့် ပညာမတတ်သေးတဲ့သူတွေပဲ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ပညာတတ်ခြင်းရဲ့ အရသာကို ပညာတတ်တစ်ယောက်ပဲ သိတာမို့ ကျန်လူတွေကတော့ ဘာမှသိနိုင်မှာမဟုတ်ပါ။ သိအောင်လည်း လုပ်ပေးဖို့မလွယ်ပါ။ အနေအထားအရ ဘွဲ့ရတစ်ယောက်ကို ပေးဖို့အလုပ်ရှားနေသေးတာ မှန်ပါတယ်။ ဒါပေမယ့် ပညာတတ်ခြင်း၊ ဘွဲ့ရခြင်းဆိုတာကို အလုပ်ရခြင်း၊ ၀င်ငွေကောင်းခြင်းဆိုတာနဲ့တော့ တိုင်းတာလို့မရစကောင်းသေးပါ။ ကလေးတစ်ယောက်အနေနဲ့ ခေတ်ပညာတတ်လာရင် အမှားအမှန်ကို ပိုင်းခြားဝေဖန်နိုင်တဲ့ အသိဥာဏ် ရှိလာမှာ မလွဲပါ။ ဒါ့အပြင် တက္ကသိုလ်မှာသွားတတ်ခဲ့ဖူးတဲ့ ကျောင်းသားတစ်ယောက်ဟာ မိဝေးဖဝေးမှာ တစ်ယောက်တည်းနေရတာမို့ ကိုယ့်ငွေကို ကိုယ်တိုင်ခန့်ခွဲစီမံမှု၊ အပေါင်းအသင်း ရွေးချယ်ပေါင်းသင်းတတ်မှု၊ မိမိကိုယ်ကို ယုံကြည်မှု စတဲ့ အရည်အသွေးတွေ တိုးတက်လာမှာ မလွဲပါ။ ဒီလို အခြေခံ စိတ်ထားတွေ၊ အရည်အသွေးတွေ ပြည့်ဝလာတဲ့ ကလေးတစ်ယောက်ရဲ့ဘ၀ဟာ လမ်းမှားရောက်ဖို့အခွင့်အရေး အင်မတန်နည်းသွားပါပြီ။
တိုးတက်ပြီးနိုင်ငံက ကျောင်းသူကျောင်းသားလေးတွေမှာတော့ စကားပြောတတ်ကာစ အရွယ်ကစပြီး ကိုယ့်အားကိုယ်ကိုးချင်စိတ်တွေ၊ ကိုယ့်ကိုယ်ကို စီမံခန့်ခွဲနိုင်အောင် လေ့ကျင့်ပေးထားပြီးသားမို့ ယုံကြည်မှုတွေလည်း မြင့်ကြပြီးသားပါ။ ကိုယ်တို့ကလေးတွေကတော့ ရိုးရာယဉ်ကျေးမှုအရ မိဘအုပ်ထိန်းမှုအောက်မှာပဲ ကြီးပြင်းခဲ့ကြတာမို့ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်ဖို့ တစ်ယောက်တည်း ကြိုးစားကြရမှာ အင်မတန်ခက်ခဲတာကို တွေ့ရပါတယ်။ ငွေဆိုတာကလည်း မိဘကပေးတဲ့ မုန့်ဖိုးလောက်ပဲ ကိုင်ဖူး၊ သုံးဖူးတာမို့ ငွေကြေးများများကို ကိုင်တွယ်သုံးစွဲကြတဲ့အခါ မထိန်းသိမ်းနိုင်ပဲ ပျက်စီးကြတာများပါတယ်။ ဒါကြောင့် တက္ကသိုလ်အရိပ်အာဝါသအောက်မှာ အန္တရာယ်ကင်းကင်းနဲ့ သုံးလေးနှစ်လောက်နေရင်း ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်အောင် ပြုစုပျိုးထောင်ဖို့ လိုအပ်တာ အမှန်ပါ။ အဲဒီလို အခွင့်အရေးမျိုးရဖို့ဆိုတာ မကြာခင်ဖြေကြရတော့မယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်မှရပါလိမ့်မယ်။
အဲဒီလိုခံယူထားမိတာကြောင့် ကိုယ်ကတော့ ကျောင်းသားတိုင်းကို တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်ကြစေချင်ပါတယ်။ ဒါမှလည်း ကိုယ်တို့တိုင်းပြည်က လူငယ်လေးတွေ ကိုယ့်အားကိုယ်ကိုးတတ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် မားမားမတ်မတ်ရပ်နိုင်၊ အမှားအမှန်ကို ခွဲခြားဆင်ခြင်နိုင်ပြီးတော့ တိုင်းပြည်ရဲ့လှပတဲ့ အနာဂတ်ကို ရေးထိုးနိုင်မှာမဟုတ်ပါလား။
ဒါကြောင့် မကြာခင်ဖြေရမယ့်စာမေးပွဲကြီးမှာ အောင်သင့်အောင်ထိုက်သောကျောင်းသားအားလုံး အောင်ကြစေဖို့ ညတိုင်းဆုတောင်းပေးမိပါတယ်။ ဒါပေမယ့် အဲဒီကျောင်းသားတွေထဲမှာ တစ်နှစ်ပတ်လုံး စာမကြည့်ပဲ စာမေးပွဲနီးမှ တစ်ကြိုခန့်မှန်းမေးခွန်းတွေ ကျက်ပြီးဝင်ဖြေမယ့် ကျောင်းသေားမျိုးမပါစေချင်ပါ။
ကိုယ့်ကျောင်းသားတွေထဲက တစ်နှစ်လုံး စာကောင်းကောင်းမကြည့်ဘဲ အနီးကပ်မှ ဖုတ်ပူမီးတိုက် စာကြည့်တဲ့ အချောင်သမားငပျင်းလေးတွေကိုလည်း မအောင်စေချင်တာ အမှန်ပါ။ ဒီလိုကလေးမျိုးကတော့ မွေးကတည်းက အလွယ်တကူ ပြင်လို့မရနိုင်တဲ့ အချောင်သမားစိတ်ဓာတ်နဲ့မွေးလာတာဖြစ်နိုင်သလို ဆရာမပီသတဲ့ ဆရာများရဲ့ သွန်သင်မှုကြောင့် လမ်းလွဲသွားတာဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလိုကလေးမျိုးတွေ အောင်သွားရင်တော့ ပညာတတ်လောကကို ညစ်ပေစေမယ့် ခွေးမြီးပညာရှိတွေ ဖြစ်မှာ သေချာသလောက်ရှိနေတာမို့ မအောင်စေချင်ပါ။ ဒါကို စိတ်ထားမကောင်းသူ၊ မပြည့်ဝသူလို့ စွပ်စွဲရင်လည်း ခံဖို့ဝန်မလေးပါ။
ဘာပဲဖြစ်ဖြစ် ဒီစာမေးပွဲကြီးမှာ အောင်သင့်အောင်ထိုက်သော ကလေးတွေအားလုံး အောင်မြင်ကြပြီး မိမိကိုယ်ကို ထိန်းကျောင်းနိုင်သော၊ ကိုယ့်အားကိုယ်ကိုးနိုင်သော၊ တိုင်းပြည်ကို ကောင်းစွာထောက်ပံ့ပေးနိုင်သော ခေတ်ပညာတတ်တွေ ဖြစ်ပါစေကြောင်း ၀ိုင်းဝန်းဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံရပါကြောင်း။ ။
No comments:
Post a Comment