Monday, 14 March 2011

ပီတိပန်းတွေ ဝေတဲ့နေ့ . . .

ရူပဗေဒ ဖြေလို့ပြီးပါပြီ...

ပြောနေကျ စကားသုံးပြီးပြောရရင် ကိုယ့်ကျောင်းသားတွေအားလုံး မအူဘဲ၊ ဟောင်ပြီးထွက်လာကြပါတယ်။ အညံ့ဆုံး၊ အပျင်းဆုံးကျောင်းသားတောင် ၇၀ကျော်ဖိုးဖြေနိုင်တာဆိုတော့ သူတို့တွေအားလုံး ပျော်ကြတာ မဆန်းပါ။ တစ်ယောက်ပြီး တစ်ယောက် လက်သီးလက်မောင်းတွေတန်းပြီး အော်ဟစ်ထွက်လာကြတဲ့မြင်ကွင်းဟာ တစ်နှစ်လုံး တပင်တပန်းသင်ခဲ့ကြားခဲ့ရတဲ့ ဆရာတစ်ယောက်အတွက် မဟာသြသဓ ဆေးတစ်ပါးပါပဲ။ သူတို့ကိုမြင်ရတဲ့ဆရာတစ်ယောက်ရဲ့ရင်ထဲမှာ ဘယ်လောက်များ ပီတိဖြစ်ရမလဲဆိုတာ ကိုယ်တိုင်ဆရာဖြစ်မှ ရနိုင်တဲ့ ခံစားချက်ပါ။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြေခဲ့ကြတဲ့ လမ်းပြကြယ်ရဲ့ ကျောင်းသူ၊ ကျောင်းသားအားလုံးအတွက် ဦးဟန်ကြည်က
Congratulation ပါ...
 http://www.boogiewoogieindia.com/wp-content/uploads/2009/04/congratulations.gif 
အကောင်းဆုံးဖြေနိုင်ခဲ့ကြတဲ့ ကျောင်းသားတွေထဲမှာ တစ်နှစ်လုံး ဆရာရော၊ မိဘကိုပါ အမျိုးမျိုး စိတ်ဒုက္ခပေးပြီး လေချင်တိုင်းလေခဲ့တဲ့ ကျောင်းသားတစ်ယောက်က ထိပ်ဆုံးကပါ။ စာမေးပွဲမဖြေခင် ၄ရက်အလိုအထိ မဖြေတော့ပါဘူးဆိုပြီး နည်းမျိုးစုံနဲ့ ပေခဲ့၊ တေခဲ့တဲ့ အဲ့ဒီသကောင့်သားလေးက သင်္ချာ၊ ဓာတု၊ ရူပ သုံးဘာသာလုံး အားရပါးရ ဖြေခဲ့နိုင်တာမို့ တစ်နှစ်တာလုံး ဆုံးမနည်းမျိုးစုံနဲ့ဆုံးမပြီး တရားပေါင်းမြောက်များစွာ ဟောခဲ့ရတဲ့ ဆရာဦးဟန်ကြည်တစ်ယောက် စလေဦးပုညရဲ့ တေးထပ်ထဲကလို
“သုတ်၊ ၀ိနည်း၊ ပိဋကတ်နဲ့
လျှာပြတ်အောင်ဟောသော်လည်း
ဟောရင်းက ပျံတော်မမူခင်”
တပည့်တစ်ယောက်ရဲ့ဘ၀ ကောင်းစားသွားတာ မြင်ခဲ့ရတာမို့ ဒီ ၂၀၁၀-၁၁ ပညာသင်နှစ်ရဲ့miracle တစ်ခုကို အောင်မြင်အောင် လုပ်ပြနိုင်ခဲ့ပါပြီ။ တစ်နှစ်တစ်နှစ်မှာ miracle တစ်ခုတော့ အနည်းဆုံး လုပ်ပြနိုင်ရမယ်ဆိုတဲ့ လမ်းပြကြယ်ရဲ့လမ်းစဉ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့လို့လည်း ကိုယ့်ကိုယ်ကို ၀မ်းသာလို့ မဆုံးတော့ပါ။ ကလေးတွေ ရှေ့မှာ ဟန်ဆောင်ထားရပေမယ့် လက်သီးလက်မောင်းတန်းပြီး ကြုံးဝါးချင်မိပါသေးရဲ့...

http://www.istockphoto.com/file_thumbview_approve/10508432/2/istockphoto_10508432-cheerful-businessman-teacher-gesturing-thumbs-up.jpg 

ဒီနေ့ဖြေခဲ့ကြတဲ့ ဘာသာရပ်မှာ ငါးယောက်ခြောက်ယောက်လောက်က အားရပါးရ ဖြေနိုင်ခဲ့ကြတာမို့ သူတို့လေးတွေလည်း ဂုဏ်ထူးအိပ်မက်လှလှတွေနဲ့ ပီတိတွေဖြစ်နေကြပါပြီ။ ဒါတင်မကပဲ နှစ်ရက်ပိတ်ပြီးရင် ဖြေရမယ့် ဘောဂဗေဒကိုပါ ဂုဏ်ထူးရအောင် ဖြေမယ်လို့ အားပါးတရ ကြုံးဝါးနေကြပါသေးရဲ့။ ပညာသင်နှစ်အစကတည်းက ကိုယ့်ကျောင်းသားတွေကို တစ်ဘာသာ ဂုဏ်ထူးပါရင် တစ်သိန်းဆုချမယ်လို့ ကတိပေးထားခဲ့တာမို့ ကိုယ့်ကလေးတွေက ဆရာတစ်သိန်းနော်လို့ တဖွဖွ သတိပေးနေကြပါပြီ။ လေးငါးဘာသာလောက် ဂုဏ်ထူးတွေပါကြရင် အိပ်ထဲကနေ လေးငါးသိန်းလောက် ကုန်သွားမှာဖြစ်ပေမယ့် ဦးကပ်စေးကြီး ဦးဟန်ကြည်တစ်ယောက် အပြုံးတောင်မပျက်ဘဲ “ဘာမှမပူနဲ့ လက်ထဲရှိတဲ့ ပိုက်ဆံမလောက်ရင် အိမ်ကို ပိုက်ဆံလှမ်းမှာပြီး ဆုချမယ်” လို့ ရဲရဲကြီး အာမခံချက်ပေးမိပါတယ်။

ဆရာတစ်ယောက်ရဲ့ ပင်ပန်းမှု၊ စွန့်လွှတ်ရမှု အစစအရာရာ အားလုံး ဒီနေ့တစ်ရက်ထဲနဲ့တင် ကျေသွားတာမို့ အကောင်းဆုံး ဖြေခဲ့ကြတဲ့ ကိုယ့်ရဲ့ချစ်စွာသော ငပျင်းလေးတွေကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရပါတယ်။ ကလေးတွေ ဖြေနိုင်ဖို့ ဆုတောင်းပေးတဲ့ အစ်မမေဓာဝီကိုလည်း ကျေးဇူးဥပကာရ အထူးတင်မိပါတယ်။ နောက်ဆုံး ဘာသာရပ်မှာလည်း ကလေးတွေ ဟောင်ပြီးထွက်လာနိုင်ဖို့ လမ်းပြကြယ် ဦးဟန်ကြည် အင်တိုက်အားတိုက် ကြိုးစားရင်း ဆရာကောင်းတစ်ယောက်ရဲ့ တာဝန်တွေကျေနိုင်သမျှကျေဖို့ အားသွန်နေမိပါကြောင်း။     ။ 


 

2 comments:

ကျောက်အောင်နက် said...

ဆရာဟန် တို့ ဟောင်ပြီးရင်းအဟောင်ခံနေရပြီပေါ့လေ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာတစ်ယောက်ရဲ့ စေတနာမေတ္တာကို အထင်းသားမြင်တွေ့ရစေပါတယ်.. ကျွန်မလည်း ဆရာမလုပ်ခဲ့ဖူးတာမို့ ဆရာတစ်ယောက်ရဲ့ ရင်ထဲကို ထွင်းဖောက်နားလည် ခံစားမိရပါတယ်..
ပိုစ့်လေးအတွက် ကျေးဇူးပါ။ ပီတိတွေ မျှဝေခံစားသွားပါတယ်.

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger