Wednesday, 23 March 2011

ချစ်သောမေမေ . . .

REENOEMAN ရဲ့ဘလော့ကို သွားလည်ရင်း သူ့အမေက သူ့ကိုယတြာခြေခိုင်းတဲ့ အကြောင်းဖတ်မိတယ်။ အဲဒီပို့စ်ကိုဖတ်ရင်း ကိုယ့်မေမေကို လွမ်းလိုက်တာလေ။
 
ကိုယ်တို့မိသားစုမှာ မိဘနှစ်ပါးရယ် ကိုယ့်ညီမရယ် စုစုပေါင်း သားအမိ၊ သားအဖ လေးယောက်ပဲရှိတာပါ။ အဲဒီလေးယောက်က အုပ်စုနှစ်စုကွဲနေလေရဲ့။ ကိုယ်နဲ့ ကိုယ့်မေမေနဲ့က တစ်ဂိုဏ်း၊ ကိုယ့်ညီမလေးနဲ့ ကိုယ့်ဖေဖေနဲ့က တစ်ဂိုဏ်းပါ။ ကိုယ်တို့သားအမိက အသားညိုညို ပိန်ပိန်ပါးပါးတွေ၊ ကိုယ့်ညီမတို့ သားအဖက ဖြူဖြူ၀၀တွေ။ ကိုယ်တို့ကြိုက်တာက ရိုးရာဂီတ ကျေးလက်ဂီတ တင်တင်မြတို့ ဆရာမြို့မငြိမ်းတို့။ သူတို့သားအဖ ခံစားကြတာက ရော့ခ်တို့ အော်လ်တာတို့။ ဘယ်လိုမှ မတူတဲ့ မိသားစုနှစ်တွဲပါ။ သူတို့ သီချင်းနားထောင်ကြရင် ကိုယ်တို့သားအမိ အပြင်ထွက်နေရသလို ကိုယ်တို့နားထောင်ရင်လည်း သူတို့သားအဖ နားပိတ်ထားကြပါတယ်။

ကိုယ်အမှားတစ်ခုခုလုပ်မိရင် ကိုယ့်အဖေက ကိုယ့်မေမေကို “မင်းသားကို ဆုံးမဦး” လို့ ပြောတတ်သလို ကိုယ့်ညီမ အပြစ်တစ်ခုခုလုပ်ရင်လည်း ကိုယ့်မေမေက ကိုယ့်ဖေဖေကို ”ရှင့်သမီး ကြည့်ပြောဦးနော်” လို့ ပြောလေ့ရှိပါတယ်။ အဖေတူသမီးနဲ့ အမေတူသားဖြစ်နေကြပြန်တော့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်နဲ့တော့လည်း အဆင်ပြေလို့နေပါသေးရဲ့။
 
 
 
နည်းနည်းမှမတူတဲ့မောင်နှမ . . .
(ကိုယ်ဒုတိယနှစ် ညီမက ဆယ်တန်းတုန်းကပါ)

ကိုယ့်ဖေဖေနဲ့ ကိုယ့်မေမေက ပုံစံမတူရုံသာမက စိတ်ပိုင်းဆိုင်ရာလည်း မတူကြပြန်ပါ။ ကိုယ့်မေမေက ထက်ထက်မြက်မြက်နဲ့ တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်မျိုးနဲ့ အကွက်မြင်တတ်လွန်းသလို ကိုယ့်ဖေဖေက အမြဲပြုံးပြုံးရွှင်ရွှင်နဲ့ အေးအေးဆေးဆေးနေတတ်လွန်းသူပါ။ ကိုယ့်မေမေက ညီအစ်မသုံးယောက်ထဲမှာ အကြီးဆုံး၊ ဖေဖေက မောင်နှမ ခုနစ်ယောက်တဲမှာ အငယ်ဆုံးဖြစ်နေပြန်တော့ ပုံစံချင်း စရိုက်ချင်း မတူကြတာ ဆန်းတော့မဆန်းပါ။ ဒါပေမယ့် စိတ်ရင်းသဘောရင်းကောင်းပြီး ရိုးသားတာ၊ သူများကို ကူုညီတတ်တာ၊ သနားတတ်တာတွေကျပြန်တော့လည်း နှစ်ယောက်လုံး တစ်စိတ်တစ်ဝမ်းတည်း ရှိနေပြန်ပါတယ်။
 
ကိုယ်အရွယ်ရောက်လာတဲ့ အချိန်ရောက်တော့ ကိုယ့်ဖေဖေနဲ့ မေမေတို့ ရန်အကြီးအကျယ်ဖြစ်တာ တစ်ခါမှမတွေ့ဖူးပါ။ တစ်ခုခုကို မကျေမလည်ဖြစ်ကြရင် မေမေက မီးဖိုထဲမှာ ဖေဖေက ဧည့်ခန်းထဲမှာထိုင်ပြီး တစ်ယောက်ကိုတစ်ယောက်မကြားအောင် မကျေမနပ်နဲ့ တတွတ်တွတ်ပြောနေကြတာမျိုးပဲ တွေ့ဖူးပါတယ်။ အဲဒီလို အချိန်မျိုးဆိုရင်တော့ ထုံးစံအတိုင်း ကိုယ်က မေမေ့အနား၊ ညီမလေးက ဖေဖေ့အနားမှာပေါ့။


တစ်ရက်မှာတော့ မီးဖိုနံရံမှာ “ကြောင်လျှာသီး”လို့ မြေဖြူနဲ့ရေးထားတာတွေလို့ မေမေ့ကိုမေးကြည့်တော့ “ကြောင်လျှာသီးချက်လို့ နင့်အဖေက ပွစိပွစိပြောနေလို့ နောက်တစ်ခါမချက်ဖြစ်အောင် နံရံမှာရေးထားတာ”တဲ့။ တော်တော်ပြောင်မြောက်တဲ့ တိုက်ကွက်ပါပဲ။ လက်နက်မဲ့နည်းစံနစ်လို့များ ပြောရမလားမသိပါ။


ကိုယ့်မေမေက ကိုယ့်ကို ကျားကျားလျားလျား ဖြစ်စေချင်တာပါ။ ဒါကျပြန်တော့ ကိုယ့်ဖေဖေနဲ့ သဘောထားချင်းသွားတူပါတယ်။ ဖေဖေပြောနေကျစကားက “ငါ့သားရာ ယောက်ျားပဲ ဒေါင်ကျကျ ပြားကျကျပေါ့” တဲ့။ ကိုယ်က ခပ်ငယ်ငယ်က ပိန်ပိန်ပါးပါး ပေါင်၁၀၀တောင်မပြည့်တတ်သေးတဲ့ လူဖလံလေး။ စာကလွဲလို့ ကျန်တာဘာမှ မသိတဲ့ ခပ်တုံးတုံး ငတိလေးဆိုတော့ မေမေက သူဖြစ်စေချင်တဲ့ ပုံစံမျိုးမဟုတ်လို့ သိပ်တော့စိတ်တိုင်းကျတယ်မထင်ပါ။ ဆယ်တန်းစာမေးပွဲဖြေတော့ နောက်ဆုံးဘာသာဖြေတာ အားမရတာကြောင့် အိမ်ရောက်တော့ မေမေ့ရှေ့မှာ ငိုမိပါတယ်။ ကိုယ့်မေမေက အားပေးမယ့်အစား ဘာပြောတယ်မှတ်လဲ။ “ကောင်းတယ်” တဲ့ “နင်ဂုဏ်ထူးအများကြီးပါရင် ဆေးကျောင်းတက်နေဦးမယ်”တဲ့ ”အခုလိုဂုဏ်ထူးပြုတ်သွားတော့ ငါတက်စေချင်တဲ့ သစ်တောတို့ စက်မှုတို့ တက်ရတာပေါ့”တဲ့။ မေမေငယ်ငယ်က အဲဒီလိုင်းတွေကို တက်ချင်ပေမယ့် ညီမတွေကို ငဲ့ပြီးဒေသကောလိပ်ကိုဆက်မသွားတော့ဘဲ အဝေးသင်နဲ့ဘွဲ့ယူခဲ့တာကြောင့် ကိုယ့်ကိုသူ့ကိုယ်စား တက်စေချင်တာပါတဲ့။ ကိုယ့်မှာ ဆက်ငိုရအခက် မေမေ့ကိုပဲ ရန်လုပ်ရအခက်ဖြစ်ရပါလေရော။


ဆယ်တန်းအောင်စာရင်းထွက်တော့ ကိုယ့်မေမေဆုတောင်း မပြည့်ပဲ ကိုယ်အားမရခဲ့တဲ့ နောက်ဆုံးဘာသာပါ ဂုဏ်ထူးထွက်ပါလေရော။ အဲဒီနေ့က မေမေ့မျက်နှာကြည့်ရတာ ၀မ်းသာရအခက် ၀မ်းနည်းရအခက် ဆိုတဲ့ မျက်နှာမျိုးပါ။ ကိုယ့်မှာ အမှတ်စာရင်းမကျမချင်း ဆေးကျောင်းသာမတက်ရရင်ဆိုတဲ့ အတွေးဆိုးကြီးဝင်ပြီး ညတိုင်းအိပ်မက်ဆိုတွေ မက်ယူရတဲ့အထိပါ။ အမှတ်စာရင်းထွက်လာတော့ ကိုယ်အားမရခဲ့တဲ့ လူမှုရေးဘာသာမှာ အမှတ်၈၀ကျော်ရတာတွေ့မှပဲ တ၀က်စိတ်သက်သာရာရပါတော့တယ်။ တက္ကသိုလ် ၀င်ခွင့်တွေလျှောက်တော့ ဆေးကျောင်းမလျှောက်ရဘူးလို့မတားတော့ပါ။ တားလည်းမရမှန်းသိလို့ထင်ပါရဲ့။ ကိုယ်လည်း မေမေစိတ်ချမ်းသာအောင် ဒုတိယဦးစားပေးကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မလျှောက်တော့ဘဲ စက်မှုတက္ကသိုလ် တတိယဦးစားပေးကို သစ်တောတက္ကသိုလ် လျှောက်ပေးလိုက်ပါတယ်။ လျှောက်သာလျှောက်ရတယ် ကံဆိုးလွန်းလို့ ဆေးကျောင်းမမီရင် အဲဒီကျောင်းတွေတက်နေရမှာတော့ တွေးရင်းကြောက်တာပါပဲ။


ကိုယ်တို့ဆယ်တန်းဖြေပြီးတော့ တက္ကသိုလ်တွေက မဖွင့်သေးဘဲ ပိတ်ထားလိုက်တာ နှစ်နှစ်လောက်ထိုင်နေရပါတယ်။ ကိုယ့်သူငယ်ချင်းတွေကတော့ စစ်ဆေးတက္ကသိုလ်တွေတက်ကုန်ကြပါတယ်။ ကိုယ်တစ်ယောက်ပဲ ပေပြီးစောင့်နေတော့ တစ်ချို့က ကိုယ့်ကိုခပ်ကြောင်ကြောင်ထင်ကြပါလေရော။ ကိုယ့်မေမေကတော့ အားပေးပါတယ်။ ကိုယ်လည်း အဲဒီနှစ်နှစ်လုံး အအားမနေပဲ ဆယ်တန်းတွေစာသင်လိုက် နေ့လည်ပိုင်းမှာ နယ်ကျောင်းတစ်ကျောင်းမှာ လုပ်အားပေးကျောင်းဆရာသွားလုပ်လိုက်နဲ့ အချိန်ဖြုန်းနေလိုက်ပါတော့တယ်။ နှစ်နှစ်ကျော်ကြာလို့ တက္ကသိုလ်ဝင်ခွင့်တွေပြန်ကျလာတော့ သူများတွေလက်ထဲမှာ ၀င်ခွင့်တွေရောက်ပေမယ့် ကိုယ့်လက်ထဲတော့ ရောက်မလာသေးပါ။ မတတ်သာတဲ့အဆုံး မေမေ့ကိုဖွင့်မေးတော့မှပဲ အေး ငါသိမ်းထားတယ်ဆိုပြီး ဆေးတက္ကသိုလ်(မန္တလေး)သို့ တက်ရောက်ခွင့်ပြုသည်ဆိုတဲ့ ဖြတ်ပိုင်းလေးထုတ်ပေး ပါတော့တယ်။ ကိုယ့်မှာ မေမေစိတ်ညစ်မှာ စိုးတာကြောင့် သူ့ရှေ့မှာ အူမြူးတဲ့ဟန်တောင် မပြရဲပါ။


ကိုယ်ဆေးကျောင်းတက်တဲ့ နောက်နှစ်မှာပဲ စက်မှုတက္ကသိုလ်တွေကို ဖျက်သိမ်းပြီး GTC လုပ်လိုက်ပါတော့တယ်။ အဲဒီတော့မှ ကိုယ်က မေမေ့ကို ဘယ်လိုလဲဆိုတဲ့ အကြည့်နဲ့ကြည့်တော့ ဘာမှမပြောဘဲ ရယ်ကျဲကျဲ လုပ်နေပါတော့တယ်။ ဒါတင်မကဘဲ ကိုယ့်ညီမကိုပါ ဆေးကျောင်းလျှောက်ခိုင်းလိုက်ပါသေးတယ်။ အဲဒီလို မေမေပါ။

ကိုယ်တို့မိသားစု . . .
(ငပလီမှာ ၁၀ရက်လောက်နေခဲ့တဲ့ ကိုယ့်အရောင်ပါ)


ကိုယ်ဆေးကျောင်းမတတ်ခင် စောင့်နေရချိန်မှာ မေမေက ဗေဒင်မေးပါတယ်။ ချစ်စရာကောင်းလှတဲ့ အဲဒီဗေဒင်ဆရာက ကိုယ့်ကို အိမ်ထောင်ကျရင်ကျ မကျရင်ထောင်ကျကိန်းမြင်တယ်လို့ ဟောလွှတ်လိုက်တော့ မေမေ့ခမျာနေမထိထိုင်မထိဖြစ်ပြန်ပါတော့တယ်။ ပေးလိုက်တဲ့ယတြာကလည်း ကိုယ့်ခန္ဓာကိုယ်ကို သွေးထွက်အောင်လုပ်ရမယ်တဲ့။ အဲဒီယတြာကို ကိုယ့်ကိုချေခိုင်းတော့ အလကားသက်သက် အသားအနာမခံနိုင်တဲ့ကိုယ်က အကြောက်အကန်ငြင်းမိပါတယ်။ ပြောလည်းနားမထောင်တာသိသွားတဲ့ မေမေက ဘာမှထပ်မပြောတော့ပါ။ ကိုယ်လည်း မေမေမေ့သွားလောက်ပြီအထင်နဲ့ ဖာသိဖာသာပဲ နေလိုက်ပါတယ်။ ညနေပိုင်းဘောလုံးကန်ရင်း ငုတ်နဲ့ခလုတ်တိုက်မိတာကြောင့် ခြေထောက်ပြဲသွားတာကို မေမေမြင်တော့မှ “ကောင်းတယ် ယတြာကျေသွားပြီ” လို့ ကောက်ခါငင်ခါ ပြောပါတော့တယ်။ တော်တော်လည်း အမှတ်သည်းခြေကြီးတဲ့ ကိုယ့်မေမေပါ။

 
ကိုယ့်မေမေက တော်တော်ခေတ်မီတဲ့အမေပါ။ ကိုယ်အရွယ်ရောက်ကတည်းက မိန်းကလေးတွေအကြောင်းကို ကိုယ့်ကိုယ်ပြောပြပါတော့တယ်။ ကြာတော့ ကိုယ့်မှာကိုယ်တိုင်ရည်းစားမထားရဘဲနဲ့ မိန်းမတွေအကြောင်းကို နားလည်သွားတဲ့အထိပါ။ ဒါတင်မက မိန်းကလေးသူငယ်ချင်းတွေထားဖို့ တိုက်တွန်းပါတယ်။ သူ့အကြောင်းပြချက်က ရှင်းရှင်းလေးပါ။ မိန်းကလေးသူငယ်ချင်းတွေနဲ့ပေါင်းတော့ သူတို့အကြောင်းသိသွားပြီး တော်ရုံတန်ရုံနဲ့ ရင်မခုန်တတ်တော့ဘူးတဲ့။ သိပ်မှန်တဲ့ အယူအဆပါ။ အခုလည်း ကိုယ့်ကျောင်းသားမိဘတွေကို ကိုယ်က အဲဒီလို အကြံပေးလေ့ရှိပါတယ်။ ညီမလေးကိုလည်း ကိုယ့်ဖေဖေက ယောက်ျားလေးတွေအကြောင်း မခြွင်းမချန်ပြောထားတာပါ။ ဒီတော့ ကိုယ်တို့မောင်နှမဟာ အဲဒီဘက်မှာ စဉ်းစားဆင်ခြင်နိုင်တဲ့ အသိတွေ ၀င်လာပါတော့တယ်။


ကိုယ်ဆေးကျောင်းသားဖြစ်တော့လည်း အဲဒီဗေဒင်ဆရာက တစ်စခန်းထပါသေးတယ်။ ထုံးစံအတိုင်း မိန်းမရကိန်းမြင်ပြန်ပြီပေါ့။ အားအားရှိတိုင်း ကိုယ့်ကိုမိန်းမပေးစားချင်နေတဲ့ ဗေဒင်ဆရာပဲ ထင်ပါရဲ့။ သူကသာဟောနေပါတယ် ကျောင်းရောက်တာတောင် မဲမဲသဲသဲ ငချိတ်ကိုယ်တော်ကြီးကို ကြိုက်မယ့်သူမရှိလို့ ကိုယ့်မှာ သစ်ငုတ်တိုက သစ်ငုတ်တိုပါပဲ။ အဲဒီလိုဟောတယ်လို့ ပြောတော့ ကိုယ်စိတ်တိုလိုက်တာလေ။ စွံတောင်မစွံတဲ့ ပုဂ္ဂိုလ်ကြီးကို မိန်းမရမယ်ဟောတာ စဉ်းစားသာကြည့်ပေတော့။ ဒီတစ်ခါ ထပ်ပေးတဲ့ ယတြာက ခပ်ဆန်းဆန်းပါ။ မှောက်အိပ်ပြီး ရေချိုးရပါမယ်တဲ့။ ကြံကြံဖန်ဖန်ပေးလိုက်တဲ့ အဲဒီယတြာကို ချေဖို့အသာထား စိတ်တောင်မကူးချင်ပါ။ အကျောက်အကန်ငြင်းမိပေမယ့် ကိယ့်ဖေဖေက “မင်းမေမေ စိတ်ချမ်းသာအောင် လုပ်ပေးလိုက်ပါကွာ” ဆိုတာကြောင့် ကိုယ့်မှာ စိတ်ပျက်လက်ပျက်နဲ့ ချေပေးရပါတော့တယ်။


ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူးတဲ့။ အိပ်ယာအောက်မှာ မင်းသမီးဓာတ်ပုံထားပြီး ခုနစ်ရက်အိပ်ရပါဦးမတဲ့။ ဒီလောက်ကလေးကလားဆန်တဲ့ ယတြာကြီးကိုတော့ ထပ်မချေနိုင်တော့ပါ။ ကိုယ့်မေမေက ဘာမှထပ်မပြောတော့တာ ကိုယ့်စိတ်ထဲမှာ မသင်္ကာတာကြောင့် တစ်ညသားမှာ ကိုယ့်အိပ်ယာအောက်ကိုလှန်ကြည့်တော့ နန္ဒာလှိုင်ရဲ့ ပိုစတာကြီး ရောက်နေပါရောလား။ ဒါနဲ့ မေမေ့ကို “ဒီဝန်ကြီးများကတော်ပုံတော့ မထားပါနဲ့မေမေရာ ကျန်တဲ့ပုံလေးထားပေးပါ”လို့ လေပြော့လေးနဲ့ တောင်းပန်ရပါတော့တယ်။


တကယ်ဆို ကိုယ့်မေမေက ခေတ်ပညာတတ်ဘွဲ့ရပါ။ လယ်ထဲမှာထမင်းပို့ရင်း စာကျက်ပြီး ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးပါအောင် ဖြေခဲ့တာပါ။ ဒီလောက်ခေတ်ပညာတတ်တဲ့ အမေဖြစ်ပေမယ့် သားသမီးအရေးနဲ့ပတ်သက်ရင် အဲဒီခေတ်ပညာတွေ တွေးခေါ်ဆင်ခြင်နိုင်စွမ်းတွေ ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်ပါတော့တယ်။ သားဇော၊ သမီးဇောဆိုတာ ဒါပဲဖြစ်မယ်ထင်ပါရဲ့လို့ အခုလို အရွယ်ရောက်လာမှပဲ စဉ်းစားမိရင်း မေမေ့ကို လွမ်းမိရပါတော့တယ်။


ကိုယ့်မေမေ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။     ။

9 comments:

အလွမ်းမြို့လေး said...

ပြန်လည်လာရောက် အားပေးသွားတယ်။ ဆက်လက်အားပေးနေမယ်။ ပျော်ရွှင်ပါစေရှင်

sosegado said...

ဆေးကျောင်းသား၊ ဆရာဝန် အမေ နှင့် ယတြာ အကြောင်းဖတ်သွားပါတယ်၊
နန္ဒာလှိုင်အပေါ်မှာ အိပ်ဘူးတာပေါ့၊ ဟဟ

Sunny said...

မိဘတွေကတော့ ဒီလိုပါပဲနော်.. ဆရာနဲ့ ဆရာ့ညီမက အပေါ်ပုံမှာတော့ ရုပ်ချင်းဆင်သားပဲ.. ဒုတိယပုံမှာတော့ သိပ်မပြောတတ်ဘူး.. ဆရာ့ပုံက သိပ်မမြင်ရဘူးလေ.. :)

rose said...

ကိုပာန်ကြည်တို့ မိသားစု အကြောင်း လာဖတ်သွားတယ်။ ခိခိ... "ကြောင်လျှာသီး" လို့ နံရံမှာ ကိုပာန်ကြည့် မိခင်က ဖခင်ကို ရေးထားတာလေး ဖတ်ပြီး တော်တော် သဘောကျလို့ ပြုံးနေမိတယ်း)

ကိုပာန်ကြည်က ရည်မှန်းချက် ကြီးပြီး ပညာ ထူးချွန်တယ်နော်။

ကိုပာန်ကြည့် မိဘတွေ သားသမီးကို ပုံသွင်းပုံလေးက ရိုးသား ပွင့်လင်းပြီး ချစ်စရာ ကောင်းတယ်။ ယတြာ ချေနည်းတွေကို ဖတ်ပြီး တခွိခွိနဲ့ ရယ်နေမိတယ်း))

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟဟ. ဆရာဟန်က ဒီလိုလား ဒါဆိုရင် နန္ဒာလှိုင်နဲ့ ဘာလိုလိုဖြစ်ခဲ့တာပေါ့နော်..း)
ဆရာဟန့်အမေက သဘောကောင်းပြီး သားသမီးတွေကို ချစ်ခင်လွန်းတဲ့ပုံရတယ်..
ကံကောင်းလိုက်တာ မိသားစု ပျော်ပျော်ရွှင်ရွှင် နေခဲ့ရတာ ဘာနဲ့မှ လဲလို့မရတဲ့ အရာတွေဘဲပေါ့နော်။ ဒါနဲ့ ပေါင် ၁၀၀ တောင်မပြည့်တဲ့သူက ခုတော့ ၂ဆဖြစ်သွားပြီ မဟုတ်လား ဟိဟိ

ဝေဒကျောက် said...

ဗေဒင်က မှန်လိုက်တာ...အဲဒီဗေဒင်ကို မိန်းမရအောင် သွားအကူအညီတောင်းအုန်းမှ

မောင်မျိုး said...

ကြည်နူးစရာပဲ အဖေ အမေ အကြောင်းဖတ်ရတိုင်း ကြည်နူးပျော်ရွှင်မိတယ် သူတို့ချစ်ခြင်းတွေက သားသမီးတိုင်းကို အေးချမ်းစေတာကိုးး) ယတြာကတော့ စွမ်းပါ့နော့် ဟဟား

Han Kyi said...

@အလွမ်းမြို့လေး - ကျေးဇူးပါ ပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်
@ကိုဆိုဆီ - အထင်မလွဲပါနဲ့ဗျာ မေမေက တခြားပုံပြောင်းပေးလိုက်ပါတယ်
@sunny - အင်း...မမြင်ရဆို ဆရာ့အရောင်က သပိတ်ကို ကတ္တရာသုတ်ထားတဲ့ အရောင်ဖြစ်နေတာကိုး
@rose - အင်း ကိုယ်တို့ ပညာတွေတတ်လာတာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်တာ မိဘတွေကျေးဇူးပါလေ ထမင်းတစ်လုပ်စားတိုင်း မိဘကျေးဇုးကို အောက်မေ့ပါတယ်
@မချော - အဲလောကိေ်လဲ မပို့လိုက်ပါနဲ့လေ အခုမှ ပေါင်၁၆၀ ၀န်းကျင်လေးပဲ ရှိသေးတာပါ
@ကိုကျောက် - အဲဒီဗေဒင်ဆရာကို ကျွန်တော်မသိဘူးနော် မေမေပဲသိတာ
@မောင်မျိုး - မှန်လွန်းလို့ ဗေဒင်ဆရာကို လိုက်ရှာပြီး ကျည်ပွေ့နဲ့ ကန်တော့ချင်နေတာ

နမ်းမဝ(အဖြူရောင်နတ်သမီး) said...

သူများ မိသားစုလေးကိုကြည့်ပြီး ကိုယ့်မိသားစုလေးကို ပြန်သတိရသွားတယ်...။

ကြိုက်ရင်ပေါ့လေ . . .